← Chapters

အခန်း (၆၂၇)

Vol. 52 Ch. 627

အခန်း (၆၂၇)

Vol. 52 Ch. 627

ချင်းယင်သည် ဒူးထောက်ထားမြဲဖြင့် ပြောသည်။

“သခင်ကြီးယဲ့လု ကျွန်တော် ဘာမှမသိပါဘူး။ ကျွန်တော်က ကုန်တင်ဖို့အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရုံပါ။ တခြားဘာမှမသိပါဘူး။ အကုန်လုံးက ခေါင်းဆောင်ညွှန်ကြားထားတဲ့အတိုင်း လုပ်ခဲ့ရုံပါပဲ”

“မင်းဘာမှမသိဘူးလား”

ချင်းယင်မှ ပြောသည်။

“ကျွန်တော် ဘာမှမသိပါဘူး”

ယဲ့လုဖုန်း ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း ခေါင်းဆောင်နန်ကိုပဲ စောင့်ကြတာပေါ့”

ထိုစဉ် ချီမုကောသည် နန်ပါးထျန်းနှင့် ထန်ဇီယွဲ့တို့ကို ဦးဆောင်ကာ အထဲဝင်လာသည်။

အနားရောက်သောအခါ ချီမုကောသည် ယဲ့လုဖုန်းကို လက်သီးယှက်အရိုအသေပြုလိုက်သည်။

“သခင်ကြီး နန်ပါးထျန်းကို ခေါ်လာခဲ့ပါပြီ”

ထိုအခါ ယဲ့လုဖုန်း နန်ပါးထျန်းကို လှည့်ကြည့်လိုက်သည်။ နန်ပါးထျန်းသည် စိုးထိတ်နေဟန် အလျဉ်းမရှိဘဲ ယဲ့လုဖုန်းအား အရိုအသေပြုလိုက်သည်။

“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

ထန်ဇီယွဲ့မှလည်း အရိုအသေပြုသည်။

ထို့နောက် နန်ပါးထျန်းသည် လျိုလောင်ကွေ့၏ဘေးတွင် ရပ်လျက် ပြောသည်။

“လောင်လျို ကြည့်ရတာ ခင်ဗျားက ကျုပ်ကို ဒုက္ခပေးဖို့ မအောင့်အီးနိုင်တော့ပုံပဲ”

လျိုလောင်ကွေ့မှ အံကြိတ်လျက် ပြန်ပြောသည်။

“မင်းကသာ ငါ့ကို မအောင့်အီးနိုင်ဘဲ ဒုက္ခပေးနေတာပါ”

သူတို့နှစ်ဦးသည် အပြန်အလှန် စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် အကြည့်ပြန်လွှဲသွားကြသည်။

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို မေးသည်။

“ခေါင်းဆောင်နန် ဒီနေ့ မင်းကို ဘာကိစ္စကြောင့် ဆင့်ခေါ်လိုက်ရသလဲဆိုတာ သိသလား”

နန်ပါးထျန်းသည် တည့်တိုးပင် ပြန်‌ဖြေသည်။

“သိပါတယ်။ ဒီငယ်သားကလည်း သခင်ကြီးကို တင်ပြတော့မလို့ပါပဲ”

“အို”

ယဲ့လုဖုန်းသည် နန်ပါးထျန်းကို မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်သည်။ နန်ပါးထျန်းမှ မည်သို့ဆင်ခြေမျိုး ပေးလာလိမ့်မည်ကို စိတ်‌ဝင်စားနေခဲ့၏။

နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီးယဲ့လု ဒီငယ်သားက မိန်ဂိုဏ်းကို ဖမ်းဆီးဖို့ နည်းလမ်းတစ်ခု တွေးမိခဲ့ပါတယ်။ ကျွန်တော် အဲဒါကို သခင်ကြီးဆီ တင်ပြမလို့ ပြင်ဆင်နေခဲ့တာပါ”

ယဲ့လုဖုန်းသည် မျက်လုံးအိမ်တို့မှေးကျဉ်းထားမြဲဖြစ်၏။

“ဘာနည်းလမ်းလဲ”

“ဒီလိုပါ။ စစ်လက်နက်ပစ္စည်းတွေကို မြောက်ပိုင်းဒေသဆီ ကျိန်းသေပေါက် တင်ပို့ရမှာပဲဆိုတော့ မိန်ဂိုဏ်းသားတွေလည်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို မလွဲမ‌ေသွ ရွေးချယ်ရမှာပဲ။ ဒါပေမဲ့ အခု မျန့်ရွှေမြစ်ကို ပိတ်ထားတော့ မိန်ဂိုဏ်းအတွက် လက်နက်တွေကို မျန့်ရွှေအပြင်ကို တင်ပို့ဖို့ ခက်ခဲနေမှာပါ။ အဲဒါကြောင့် မျန့်ရွှေမြစ်ကို ပြန်ဖွင့်ဖို့ စဉ်းစားလိုက်တာပါ။ မျန့်ရွှေမြစ်ကို ဖွင့်ပြီး ကုန်တင်သင်္ဘောတွေ ထွက်ခွာစေလိုက်ရင် မိန်ဂိုဏ်းက ကျွန်တော်တို့သင်္ဘောတွေနဲ့ ရောနှောပြီး သွားလာဖို့ ကြိုးစားလာပါလိမ့်မယ်။ အဲဒီအခါကျ သင်္ဘောတွေကို စောင့်ကြည့်ပြီး သင်္ဘောတွေကို ခွဲထုတ်ဖို့ပဲ လိုအပ်ပါတော့မယ်။ ဒီအစီအစဉ်က အိုးထဲက လိပ်ကို ဖမ်းဆီးသလိုပါပဲ”

နန်ပါးထျန်းသည် ‘သခင်ကြီးယဲ့လု၊ သခင်ကြီး အခု ကျွန်တော့်ကို ချီးမွမ်းစကားပြောသင့်တယ်'ဟူသော မျက်နှာအမူအရာမျိုးဖြင့် သူ၏အစီအစဉ်ကို ဖြည်းဖြည်းဆေးဆေး တင်ပြလေသည်။

“အဓိပ္ပာယ်မရှိတာတွေ”

ယဲ့လုဖုန်း ဘာမှမတုံ့ပြန်သေးမီ၌ လျိုလောင်ကွေ့သည် မထိန်းချုပ်နိုင်စွာ အော်လိုက်သည်။

“မင်း ကုန်တင်သင်္ဘောတွေကို အသုံးချပြီး မိန်ဂိုဏ်းသားတွေကို မျှားခေါ်ချင်တာဆိုရင် ဘာလို့ ချောင်ကုန်သည်အဖွဲ့ရဲ့သင်္ဘောတွေကိုကျ ထွက်ခွင့်မပေးဘဲ မင်းရဲ့ငါးဖမ်းကုန်သည်အဖွဲ့ကပဲ သင်္ဘောထွက်ရတာလဲ။ မင်းမှာ မသန့်ရှင်းတဲ့ ရည်ရွယ်ချက်တွေရှိနေတာ သိသာနေတာပဲ”

“အာ ခေါင်းဆောင်လျို ဘာလို့ ဒီလိုစကားမျိုးပြောရတာပါလဲ”

ထိုသို့ပြောလျက် နန်ပါးထျန်းသည် အံ့အားထိတ်လန့်ဟန် မျက်နှာအမူအရာကို လုပ်ပြလေသည်။ နန်ပါးထျန်းသည်လည်း သူ၏ ကိုယ်ပိုင်စည်းချက်နှင့် ကောင်းကောင်း သရုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်ပါ၏။ နန်ပါးထျန်းသည် လျိုလောင်ကွေ့ကိုကြည့်လျက် ပြောသည်။

“ခေါင်းဆောင်လျို ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့က လူအင်အားအကန့်အသတ်ရှိတာမို့ စောင့်ကြည့်နိုင်တဲ့ သင်္ဘောအရေအတွက်လည်း အကန့်အသတ်ရှိပါတယ်။ အဲဒါကြောင့် ကျုပ်ရဲ့ကုန်သည်အဖွဲ့က သင်္ဘောတွေကိုပဲ ထွက်ခွင့်ပြုလိုက်တာပါ။ ခင်ဗျားရဲ့ချောင်ကုန်သည်အဖွဲ့က သင်္ဘောတွေက များလွန်းလို့ ကျုပ်တို့စောင့်ကြည့်ဖို့ မတတ်နိုင်ဘူး”

“မင်းက ပေါက်ကရတွေပြောနေတာပဲ။ မင်းစကားတွေက ဒီတိုင်း ဆင်ခြေတွေပဲ”

နန်ပါးထျန်းမှ ပြောသည်။

“သခင်ကြီးယဲ့လု ကျွန်တော်ပြောနေတာအားလုံးက အမှန်တွေပါ”

“အဲဒါက ဘယ်လိုအမှန်တရားမျိုးလဲ။ ကျွန်တော်ကတော့ သူ့သင်္ဘောတွေက မိန်ဂိုဏ်းရဲ့ စစ်လက်နက်ပစ္စည်းတွေကိုတင်ပို့ဖို့ ကူညီပေးဖို့လို့ပဲ ထင်ပါတယ်။ သင်္ဘောတွေကို လျှို့ဝှက်ထွက်ခိုင်းဖို့ စီစဉ်ပြီးတော့မှ ကျွန်တော်တို့သိသွားတော့ ဆင်ခြေတစ်ခု အမြန်ဖန်တီးလိုက်တာပါပဲ။ သခင်ကြီးယဲ့လု သူလျှောက်ပြောတဲ့စကားတွေကို ယုံကြည်လို့မဖြစ်ပါဘူး”

ယဲ့လုဖုန်းသည် စိတ်လွတ်လုနီးပါးဖြစ်နေသည့် လျိုလောင်ကွေ့ကို ကြည့်လိုက်သည်။ ထို့နောက် ဘာကိုမှ အရေးမထားဟန်သော နန်ပါးထျန်းကို ကြည့်လိုက်သည်။

လျိုလောင်ကွေ့ မင်း နန်ပါးထျန်းကို မနိုင်တာ မဆန်းတော့ပါဘူး။

လျိုလောင်ကွေ့၏ စကားများသည် ကချော်ကချွတ်ဖြစ်လာသောကြောင့် ပိုင်မော့ရှန်းမှ ဝင်ပြောသည်။ ပိုင်မော့ရှန်းသည် ဦးစွာ ယဲ့လုဖုန်းကို အရိုအသေပြုလိုက်ပြီးမှ ပြောဆိုသည်။

“သခင်ကြီးယဲ့လု ခေါင်းဆောင်က စိတ်လှုပ်ရှားလွန်းသွားတာကြောင့် ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ဖြစ်သွားတာပါ။ ခေါင်းဆောင်နန်က သူ့ကိုယ်သူ အပြစ်ကင်းကြောင်း အခိုင်အမာပြောနေမှတော့ ကျွန်တော် ခေါင်းဆောင်နန်ကို မေးခွန်းသုံးခု မေးချင်ပါတယ်။ သခင်ကြီး ခွင့်ပြုပေးနိုင်မလား”

ထိုအခါ ယဲ့လုဖုန်းသည် ပိုင်မော့ရှန်းကို မျက်လုံးမှေးကျုံ့ကြည့်လိုက်သည်။

ဒီပိုင်မော့ရှန်းက တကယ်ဉာဏ်ကောင်းတာပဲ။ သူရှိမနေရင် ချောင်ကုန်သည်အဖွဲ့က ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ပခုံးချင်းယှဉ်ရပ်တည်နိုင်မှာ မဟုတ်လောက်ဘူးပဲ။

ယဲ့လုဖုန်း ပြောလိုက်သည်။

“ကောင်းပါပြီ လူကြီးမင်းပိုင်။ မေးပါ”

ပို‌င်မော့ရှန်းသည် နန်ပါးထျန်းကို အရိုအသေပြုလိုက်ပြီးနောက် မေးသည်။

“ခေါင်းဆောင်နန် ကျွန်တော့်ကို မေးခွန်းသုံးခု မေးခွင့်ပေးပါ”

ထိုအခါ နန်ပါးထျန်းသည် ထန်ဇီယွဲ့ကို လှမ်းကြည့်လိုက်သည်။ ထန်ဇီယွဲ့သည် မျက်မှောင်ကြုတ်နေ၏။

ပိုင်မော့ရှန်းက လိမ္မာပါးနပ်တယ်။ ခေါင်းဆောင် ထိန်းနိုင်ပါ့မလား မသေချာဘူး။

ထန်ဇီယွဲ့သည် ထိုသို့အတွေးကြောင့် မျက်မှောင်ကြုတ်နေခဲ့သည်။ သို့သော် ယဲ့လုဖုန်းမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ရာ သူလည်း ဘာမှမတတ်နိုင်ပေ။

ပိုင်မော့ရှန်း မေးခွန်းထုတ်ခြင်းကို မည်သူမျှ မတားဆီးနိုင်သကဲ့သို့ နန်ပါးထျန်းသည် နာခံစွာ ပြန်ဖြေပေးရလိမ့်မည်။ စိတ်မကျေနပ်ကြောင်း‌ ဖော်ပြခြင်းသည် အဖြေမဟုတ်ပေ။

နန်ပါးထျန်းသည် ခဏ‌ကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

“လူကြီးမင်းပိုင် မေးလိုရာ မေးနိုင်ပါတယ်”

ပိုင်မော့ရှန်းမှ ပြောသည်။

“ပထမမေးခွန်းပါ။ ခေါင်းဆောင်နန် ခုနက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သင်္ဘောတွေကို ထွက်ခွင့်ပေးခဲ့တာက မိန်ဂိုဏ်းသား‌ေတွကို ဖမ်းဖို့အတွက်လို့ ပြောခဲ့ပါတယ်။ မိန်ဂိုဏ်းသားတွေကို ဖမ်းဖို့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဆိုရင် ဘာလို့ ကုန်တင်ခကို ၁၀ဆတင်ခဲ့ရတာပါလဲ”

ပထမမေးခွန်းသည် ထောက်ချောက်ပါဝင်၏။

ဟုတ်ပြီ နန်ပါးထျန်း၊ ခင်ဗျားလုပ်ခဲ့တာက မိန်ဂိုဏ်းသားတွေကို ဖမ်းဖို့အတွက်ဆိုရင် ဘာလို့ ဈေးမြှင့်တောင်းတာလဲ။

နန်ပါးထျန်းသည် ခဏမျှစဉ်းစားပြီးနောက် ပြန်ဖြေသည်။

“လူကြီးမင်းပိုင်မေးတဲ့အချက်က တကယ့်ကို အချက်ကျပါတယ်။ ‌ကျုပ်ဈေးမြှင့်တင်ရတဲ့ အဓိကအကြောင်းအရင်းက မိန်ဂိုဏ်းကို စိတ်ရှုပ်ထွေးအောင် လုပ်ဖို့ပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ကျုပ်ရဲ့ငါးဖမ်းကုန်သည်အဖွဲ့က စွန့်စားပြီး သင်္ဘောထွက်တယ်။ အဲဒါကိုမှ ငွေလည်း ပိုမတောင်းဘဲ ပုံမှန်နှုန်းထားနဲ့ ထွက်တယ်ဆိုရင် မိန်ဂိုဏ်းကို လှည့်စားဖို့မပြောနဲ့ သာမန်လူတောင် ယုံကြည်ပါ့မလား”

“အဲဒါကြောင့် ဈေးနှုန်းကို မြှင့်တောင်းခဲ့တာပါ။ သခင်ကြီးယဲ့လုလည်း ဒီလုပ်ရပ်ရဲ့ရည်ရွယ်ချက်ကို ထွင်းဖောက်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ထိုအဖြေသည် သံသယကို များများစားစား လျော့နည်းသွားစေခြင်းမရှိလေရာ လူအုပ်ကြီးသည် မျက်မှောင်ကြုတ်နေကြသည်။

ပိုင်မော့ရှန်း ပြုံးလိုက်ပြီး ပြောသည်။

“ကြည့်ရတာ ခေါင်းဆောင်နန်က သေချာပြင်ဆင်ထားပုံပဲ။ ဒီလိုဆိုမှတော့ ကျွန်တော် ဒုတိယမေးခွန်းကို ဆက်မေးလိုက်ပါမယ်”

“လူကြီးမင်းပိုင် မေးပါ”

“ဒုတိယမေးခွန်းပါ။ ခေါင်းဆောင်နန်က ဒီလုပ်ရပ်က မိန်ဂိုဏ်းကိုဖမ်းဖို့လို့ ပြောခဲ့တာကို အခုလောလောဆယ် ကျွန်တော်တို့ ယုံကြည်လိုက်ပါမယ်– ဒါပေမဲ့ ဒီလိုအစီအစဉ်ကြီးလုပ်ဆောင်မှာကို ခေါင်းဆောင်နန်အနေနဲ့ အရင်ဆုံး သခင်ကြီးယဲ့လုဆီ တင်ပြပြီးမှ လုပ်ဆောင်သင့်တာ မဟုတ်ဘူးလား။ အခုတော့ သခင်ကြီးယဲ့လုကို ကြိုတင်ပြထားရမယ့်အစား လူမိတော့မှ ဒီလိုလုပ်ရတာ မိန်ဂိုဏ်းကိုဖမ်းဖို့ပါလို့ ပြောနေတာ… ဒါက ကိုယ့်ကိုယ်ကိုယ် တာဝန်လွတ်ကင်းအောင် အပြစ်ဖြေနေတာ မဟုတ်ဘူးလား”

လူအုပ်သည် တစ်ညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

မေးတာကောင်းတယ်။

‌ခေါင်းဆောင်လျို မင်းကို ဖမ်းမမိခင်က သခင်ကြီးယဲ့လုကို မတင်ပြဘူး။ ဖမ်းမိတော့မှ တင်ပြတယ်။ ဒါက အရမ်းကိုမှ ဆင်ခြေပေးနေတဲ့ပုံပေါက်မနေဘူးလား။

All Chapters