← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း ၈၁ [အမှန်တရားနှင့် အတုအယောင်]

နစ်မျောခြင်း။

မျက်လုံးကို ဖွင့်ကြည့်လိုက်လေ၏။

တူညီသော နှင်းတောင်၊ တူညီသော တောင်ထွတ်။

ကွာခြားသွားသည်မှာကား...

ဤနေရာတွင် နှင်းဘီလူးများ ရှိမနေဘဲ အမွေးပွဝတ်ရုံထူထူထဲတွင် ပုန်းအောင်းနေသော အရပ်ပုပုလူတစ်ယောက်သာ ရှိနေချေသည်။

"မင်း... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်းက စိတ်ကူးယဉ်ဇာတ်ကောင်လေ၊ ငါ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကနေ ဘယ်လိုလုပ် ထွက်လာနိုင်ရတာလဲ"

ထိုလူက စူးစူးဝါးဝါး အော်ဟစ်လိုက်လေ၏။

သူက နောက်သို့ အသေအလဲ ဆုတ်ခွာသွားကာ သူ၏လက်ထဲမှ အစိမ်းရင့်ရောင် စာအုပ်တစ်အုပ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။

ရဲချီယန်က တည်ငြိမ်စွာ လျှောက်သွားကာ ထိုစာအုပ်ကို ကောက်ယူလိုက်၏။

[အမှန်တရားနှင့် အတုအယောင်]

[ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော အမှတ်အသား။ ထပ်တူကျနေသော အခြားကမ္ဘာတစ်ခု၏ သတ်မှတ်ထားသော ဧရိယာအတွင်း ဖြစ်ပျက်နေသည့် ဇာတ်လမ်းများကို မှတ်တမ်းတင်ထားသည်။ စိတ်စွမ်းအား အမြောက်အမြားကို အသုံးပြုခြင်းဖြင့် အခြားကမ္ဘာ၏ လက်တွေ့အခြေအနေကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်စွမ်းရှိသည်။]

ထိုကမ္ဘာတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ဤစာအုပ်ကြောင့်ပင် ဖြစ်ပေသည်။

စာအုပ်ထဲတွင် အကြောင်းအရာ သိပ်များများစားစား မရှိလှပေ။

ပထမ အခန်းအနည်းငယ်မှာ ခေါင်းသုံးလုံးနဲ့လူ ပြောခဲ့သည့်အတိုင်းပင် ဖြစ်ချေသည်။

သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့ တတိယမြောက် ထောက်ပံ့ရေးစခန်း သို့ သွားရာလမ်းရောက်မှသာ စာသားများက မူလသပ်ရပ်နေမှုမှ ဖရိုဖရဲ ကောက်ကွေးနေသော ပုံစံသို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်လေ၏။

ထို့နောက် အသစ်ဆုံး စာမျက်နှာတွင်မူ သပ်ရပ်သော စာသား နောက်တစ်ပိုဒ် ရှိနေပြန်သည်။

[စူးစမ်းရှာဖွေသူများက ဤကမ္ဘာထဲသို့ ကျူးကျော်ဝင်ရောက်လာကြသည်။ သူတို့က ရထားများကို စီးနင်းကာ ထိုနေရာလွတ်ထဲရှိ အဖိုးတန်ဆုံးသော အရာများကို ရှာဖွေနေကြသည်။]

"ဒါက ငါ့အကြောင်းကို ပြောနေတာလား"

ခေါင်းမော့ကြည့်လိုက်သောအခါ အရပ်ပုပုလူမှာ ထရပ်လိုက်ပြီး ထွက်ပြေးရန် ပြင်နေလေ၏။

သူက သေနတ်ကို မြှောက်ကာ ပစ်ခတ်လိုက်ရာ ကျည်ဆန်က ထိုလူ၏ ဘယ်ဘက်နားရွက်ကို တိကျစွာ ပွတ်တိုက်သွားလေတော့သည်။

"အား"

သွေးများက သူ၏ ပါးပြင်ကို ရွှဲနှစ်သွားစေသည်။

ထိုလူက နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လိမ့်လှိမ့်နေလေ၏။

"မလာနဲ့၊ မင်း... မင်းက ငါ့စိတ်ကူးထဲက ဇာတ်ကောင်ပဲ၊ မင်းက အတုကြီး၊ မင်းက"

"သူ ရူးသွားပြီလား"

ရဲချီယန်က ခေါင်းခါမ်းလိုက်ကာ အမိန့်ပေးလိုက်လေ၏။ လေထဲတွင် ဝဲပျံနေသော ကျီးကန်းနတ်ဆိုး က ပျံသန်းလာကာ ထိုလူ၏ ပခုံးကို ဖမ်းဆုပ်လိုက်ချေပြီ။

"အား... ငါ့ကို အောက်ချပေး၊ ငါ့ကို အောက်ချပေး"

ကျီးကန်းနတ်ဆိုး က ထိုလူကို ဖမ်းဆုပ်ထားရင်း ရဲချီယန် ၏ အရှေ့သို့ ယူဆောင်လာခဲ့သည်။

"ဒီစာကြောင်းကို မင်း ရေးခဲ့တာလား"

အထက်ပါ သပ်ရပ်နေသော စာကြောင်းကို ကြည့်ရင်း ထိုလူ၏ အသံမှာ တုန်ယင်နေကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။

"ငါ... ငါ မင်းကို မပြောပြနိုင်ဘူး၊ ပြင်ပလူ၊ အား"

ဂွပ်...

ကျီးကန်းနတ်ဆိုး က ထိုလူ၏ ပခုံးကို ကြိတ်ချေပစ်လိုက်လေ၏။

မြင်ကွင်းကို ကြည့်ရင်း ရဲချီယန်က တိုးတိတ်စွာ ရယ်မောလိုက်ကာ လက်ဖျောက်တီးလိုက်လေ၏။ ကျီးကန်းနတ်ဆိုး က ၎င်း၏ ခြေသည်းများကို ဖြေလျှော့ပေးလိုက်ရာ ထိုလူမှာ နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

"ကောင်းပြီ... ငါက လူဆိုးမဟုတ်ပါဘူး၊ ငါ့မေးခွန်းတွေကို ဖြေပါ၊ ပြီးရင် မင်းကို လွှတ်ပေးမယ်"

"တကယ်လား"

"သေချာတာပေါ့"

ထိုလူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေကာ သူ၏ လက်နှစ်ဖက်စလုံးမှာ အာရုံခံစားမှု ကင်းမဲ့သွားပြီး နှင်းပြင်ပေါ်တွင် အသုံးမဝင်စွာ တွဲလောင်းကျနေလေ၏။ ရှေ့မှလူ ပြောသော စကားများကို သူ ဘာကြောင့် ယုံကြည်သွားမှန်း သူကိုယ်တိုင်ပင် မသိတော့ပေ။

"ငါ... ငါ ပြောပြမယ်၊ အကုန်ပြောပြမယ်။ ဒီစာအုပ်ထဲက လှပတဲ့ လက်ရေးတွေက ငါ့ဟာမဟုတ်ဘူး၊ စာအုပ်ပေါ်မှာ သူ့ဘာသာ ပေါ်လာတာ။ အဲဒီ ကောက်ကွေးနေတဲ့ စာလုံးတွေကမှ ငါရေးခဲ့တာ။ သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့ ကို လမ်းပျောက်အောင်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် စားခိုင်းခဲ့တာ ငါပဲ၊ နောက်ဆုံး အဲဒီလူသုံးယောက်ကို တစ်သားတည်း ပေါင်းစပ်ပစ်ခဲ့တာလည်း ငါပဲ။ ပြီးတော့... ပြီးတော့ အဲဒီနှင်းဘီလူးဆိုတာလည်း ငါဖန်တီးထားတာ"

သူက သွားကိုက်ထားကာ ရင်ဘတ်အိတ်ကပ်ထဲမှ ပန်းချီကားတစ်ချပ်ကို ပါးစပ်ဖြင့် ဆွဲထုတ်လိုက်လေ၏။

၎င်းတွင် ပုံပန်းသဏ္ဌာန် ထူးဆန်းသော နှင်းဘီလူး အမျိုးမျိုးကို ရေးဆွဲထားသည်။

၎င်းတို့၏ အသွင်အပြင်မှာ အခြားကမ္ဘာတွင် သူမြင်တွေ့ခဲ့ရသော နှင်းဘီလူးများနှင့် တစ်ပုံစံတည်း ဖြစ်လေ၏။

[ပန်းချီဆရာ၏ နှင်းဘီလူး မိသားစု]

[အသုံးမကျသော ပန်းချီဆရာ တစ်ဦး ဖန်တီးထားသည့် မကောင်းဆိုးဝါး ပုံကြမ်း]

"ဒီစာအုပ်က ဘယ်ကရောက်လာတာလဲ"

"ဒီနေရာကပဲ။ အဲဒီနေ့က ငါက စိတ်ကူးဉာဏ်ရဖို့ ဒီနေရာကို လာရင်းနဲ့ ဒီစာအုပ်ကို အမှတ်မထင် တွေ့ခဲ့တာ"

"ငါသိတာ အဲဒီလောက်ပဲ။ ငါ သွားလို့ရပြီလား"

"သေချာတာပေါ့"

ထိုလူ လှည့်ထွက်ကာ သွားရန် ရုန်းကန်နေသည်ကို စောင့်ကြည့်လိုက်လေ၏။

ပခုံးနှစ်ဖက်စလုံး ကျိုးကြေနေသောကြောင့် တောင်အောက်သို့ ရောက်ရန် သူ တတ်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း...

"သွား... သူ့ကို စုန်းမဆီ ပို့ပေးလိုက်"

ကွာ—

ကျီးကန်းနတ်ဆိုး က စူးရှစွာ အော်ဟစ်လိုက်လေ၏။

တောင်ပံများကို ခတ်ကာ ထိုလူ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ပြီး ကောင်းကင်ယံသို့ ပျံသန်းသွားလေတော့သည်။

အော်ဟစ်သံများက အဆုံးအစမရှိ ပဲ့တင်ထပ်သွားကာ အရိုးများ ကျိုးကြေသွားသံနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။

"...ဒါဆို မစ်ရှင် ပြီးသွားပြီပေါ့။ ဒါနဲ့... ငါ ဘယ်လို ပြန်ရမလဲ"

အကယ်၍ သူက နေရာရွှေ့ပြောင်းအမှတ်အသား ၏ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းရည်ကို အသုံးပြုလိုက်လျှင် ရထားပေါ်သို့ တိုက်ရိုက် ပြန်ရောက်သွားနိုင်ပေသည်။

သို့သော် ထိုသို့ဆိုလျှင် သူ၏ လမ်းသရဲဆိုင်ကယ်က တောင်ပေါ်တွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။

ယခုဘူတာရုံမှ သူ ဘာမှ မရသေးဘဲ လမ်းသရဲဆိုင်ကယ်ကိုပါ ဆုံးရှုံးရမည်ဆိုလျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားမည် မဟုတ်ပါလော။

သူ နည်းလမ်းတစ်ခု ရှာရမည်သာ။

"ဒီစာအုပ်ကများ ငါ့ကို ပြန်ပို့ပေးနိုင်မလား"

ထိုလူ၏ ခန္ဓာကိုယ်မှ ခဲတံတစ်ချောင်းကို ကောက်ယူကာ အသစ်ဆုံး စာမျက်နှာတွင် စာတစ်ကြောင်း ရေးချလိုက်လေ၏။

[နှစ်ဖက်ကို ဆက်သွယ်ထားသော တံခါး ပွင့်သွားပြီ။]

နောက်ဆုံး စာလုံးကို ရေးဆွဲပြီးသည်နှင့် သူ ရောက်ရှိနေသော နေရာတွင် ပုံပျက်နေသော အာကာသ လှိုင်းဂယက်များ ထွက်ပေါ်လာလေတော့သည်။

"ကျီးကန်း... သွားစစ်ဆေးချေ"

သူက အခြား ကျီးကန်းနတ်ဆိုး တစ်ကောင်ကို ဆင့်ခေါ်ကာ ၎င်းထဲသို့ ပျံသန်းစေလိုက်လေ၏။ ခဏအကြာတွင် ကျီးကန်းမှာ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီးနောက်မှသာ သူက ၎င်းထဲသို့ လှမ်းဝင်ကာ မူလ ပလက်ဖောင်းကမ္ဘာ သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

"တကယ်ပဲ အလုပ်ဖြစ်တာပဲ။ ဘာပဲဖြစ်ဖြစ် ပလက်ဖောင်း ဆိုတာ လူတွေ ဖြတ်သန်းသွားလာဖို့ နည်းလမ်းတစ်ခုတော့ ရှိရမှာပေါ့"

ဤဘူတာရုံမှာ သူ့အတွက် မခက်ခဲလှပေ။

အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် နတ်ဆိုး ကတ်ပြား အမြောက်အမြား၊ နေရာရွှေ့ပြောင်းအမှတ်အသား တစ်ခုနှင့် အဆင့်မြင့် ကိရိယာများ၏ ပံ့ပိုးမှုများ ရှိနေသောကြောင့်ပင်။

အကယ်၍ ထိုအရာများ မရှိသော အခြားသူတစ်ယောက်သာ ဆိုလျှင်ကော။

သူတို့သည် တတိယမြောက် ထောက်ပံ့ရေးစခန်း၌ နှင်းဘီလူး တစ်ဒါဇင်ခန့်၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားနိုင်ပေသည်။

ထိုမျှမက၊ ဒုတိယမြောက် ထောက်ပံ့ရေးစခန်း၌ တိုက်ခိုက်၍မရသော နှင်းဘီလူး ပထမဆုံး ထွက်ပေါ်လာချိန်တွင်ပင် သူတို့မှာ အကူအညီမဲ့နေနိုင်ချေသည်။

"တစ်ခုခု လိုနေသေးသလို ခံစားရတယ်"

နောက်ကွယ်မှ ကြိုးကိုင်သူကို ရှင်းလင်းပြီးနောက်တွင်ပင် ရဲချီယန်မှာ ဤဘူတာရုံ ပြီးဆုံးသွားပြီဟု မခံစားရသေးပေ။

သူက စာအုပ်ထဲရှိ အကြောင်းအရာများကို လှန်လှောကြည့်လိုက်လေ၏။

နောက်ဆုံးတွင် မည်သည့်အရာ ပျောက်ဆုံးနေသည်ကို သူ မြင်တွေ့လိုက်ရချေပြီ။

"လမ်းပြက ဘယ်မှာလဲ"

အစမှအဆုံးတိုင်အောင် စာအုပ်ထဲတွင် လမ်းပြ နှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ဖော်ပြထားခြင်း မရှိပေ။

ဓာတ်ပုံထဲရှိ စာရွက်ပိုင်းမှာ စာအုပ်၏ အကြောင်းအရာအရ ၎င်းအတွင်း၌ တိုက်ရိုက် ပေါ်လာခြင်းဖြစ်ပြီး ၎င်း၏ အကြောင်းအရာမှာ သူ မြင်တွေ့ခဲ့ရသည်နှင့် ဆင်တူသော်လည်း လမ်းပြနှင့် ပတ်သက်၍ လုံးဝ ဖော်ပြထားခြင်း မရှိချေ။

ရုတ်တရက် သူ၏ လက်ထဲရှိ စာအုပ်ပေါ်တွင် စာတစ်ကြောင်း ထွက်ပေါ်လာလေ၏။

[စာအုပ်ကိုင်ဆောင်သူက ကွဲလွဲမှုကို သတိပြုမိသွားပြီ ဖြစ်သည်။ ကမ္ဘာကြီး၏ သံသရာ စတင်တော့မည် ဖြစ်သည်။ သင်က လမ်းပြ ကို မရှာဖွေနိုင်ပါက သုံးနာရီအတွင်း နှင်းတောင်ပေါ်ရှိ အရာအားလုံး အစမှ ပြန်လည်စတင်လိမ့်မည်။]

"..."

ဟင်...

အကယ်၍ သူသာ ဒီအကြောင်းကို ဆက်မတွေးချင်တော့ဘူးဆိုရင်ကော။

သူတို့က ဘာလို့ သံသရာလည်တဲ့ အကြောင်းအရာကိုပါ ထည့်သွင်းလာရတာလဲ။

"ဒါဆို... ကွင်းကျယ်ကြီး တစ်ခုလုံးကို ပတ်ပြီးတဲ့နောက် နောက်ဆုံးမစ်ရှင်က လမ်းပြကို ရှာဖို့လား"

တကယ်ကို ဒေါသထွက်စရာကောင်းလှပေသည်။

သို့သော်လည်း သဲလွန်စ လုံးဝ မရှိသည်တော့ မဟုတ်ချေ။

ထိုဓာတ်ပုံထဲမှ စာရွက်ပိုင်းကို ပထမဆုံး မြင်တွေ့ခဲ့ရသည့်အချိန်ကို သူ မှတ်မိနေဆဲပင်။

လမ်းပြ ၏ မက်ဆေ့ချ်မှာ တတိယမြောက် ထောက်ပံ့ရေးစခန်း သို့ သွားရန်၊ ၎င်းမှာ ထွက်ပေါက်ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် တစ်ခုခုကို မဖြစ်မနေ ဖျက်ဆီးပစ်ရမည် ဖြစ်ကြောင်းပင်။

သူသည် တတိယမြောက် ထောက်ပံ့ရေးစခန်း သို့ ရောက်ခဲ့ပြီးဖြစ်ကာ ထွက်ပေါက်ကို မတွေ့ခဲ့သလို မဖြစ်မနေ ဖျက်ဆီးရမည့် အရာကိုလည်း မတွေ့ခဲ့ပေ။

သူ တစ်ခုခု လွတ်သွားတာလား။ ဒါမှမဟုတ် အဲဒါက...

ခေါင်းသုံးလုံးနဲ့လူလား။

လမ်းသရဲဆိုင်ကယ် ပေါ်သို့ တက်ကာ မြေပုံကို လိုက်၍ ရဲချီယန် သည် သူ လာခဲ့ရာ လမ်းကြောင်းအတိုင်း တတိယမြောက် ထောက်ပံ့ရေးစခန်း သို့ ပြန်လည် ထွက်ခွာသွားလေတော့သည်။

ထိုနေရာသည် ဤ ပလက်ဖောင်း၏ နောက်ဆုံး အဆင့် ဖြစ်သင့်ပေသည်။

"တော်တော်တော့ အလုပ်ရှုပ်ပေမဲ့ တော်တော်လည်း စိတ်ဝင်စားဖို့ကောင်းတာပဲ"

တကယ်တော့ လူတွေက ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်ရတာကို သဘောကျကြသည်လေ။

ကြယ်တစ်ထောင်မြို့တော် ၏ သက်တောင့်သက်သာ ရှိမှုနှင့် ယှဉ်လျှင်...

အမှန်တကယ်တော့ သူက အချိန်တိုင်း အန္တရာယ်များ ကိန်းအောင်းနေသော နေရာများတွင် စွန့်စားရသည်ကို ပို၍ နှစ်သက်ပေသည်။

အကြောင်းပြချက် တစ်ခုခုကြောင့် တောင်အောက်သို့ ဆင်းရသည်မှာ တက်ရသည်ထက် ပို၍ ခက်ခဲနေချေတော့သည်။

အခန်း ၈၂ ပြစ်ဒဏ်ခတ်ခြင်း သံသရာလည်မှုလား

"နောက်တစ်ခါ နှင်းတောင်တွေကို လာရင်တော့ ငါ မမောင်းတော့ဘူး..."

ပျော့ဖတ်နေသော နှင်းပြင်ပေါ်တွင် ဆိုင်ကယ်မောင်းနှင်ခြင်းမှာ ပြဿနာကို သွားရှာနေခြင်းသာ ဖြစ်ပေသည်။

နောက်ဆုံးတွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရဲချီယန်က ကျီးကန်းနတ်ဆိုးကိုသာ ဆိုင်ကယ်အား နောက်မှ တွန်းခိုင်းလိုက်လေတော့သည်။

တတိယမြောက် ထောက်ပံ့ရေးစခန်းသို့ ပြန်ရောက်ရန် သူ့အတွက် တစ်နာရီခန့် အချိန်ယူလိုက်ရချေပြီ။

နှင်းမုန်တိုင်းက ဆက်လက် တိုက်ခတ်နေဆဲပင်။

တတိယမြောက် ထောက်ပံ့ရေးစခန်း၏ အပြင်ဘက်တွင်မူ ထိုနှင်းဘီလူးများ၏ အလောင်းများမှာ မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိရပေ။

တံခါးကို လုံခြုံစွာ ပိတ်ထားပြီး မီးခိုးခေါင်းတိုင်မှ ချက်ပြုတ်နေသော မီးခိုးငွေ့များက ညင်သာစွာ လွင့်ပျံနေလေ၏။

သူက တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။

ခေါင်းသုံးလုံးနဲ့လူမှာ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေပြီး သူ ရောက်လာသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားချေသည်။

"သခင်ကြီး... နတ်ဆိုးနှင်ထုတ်သူ သခင်ကြီး... ကျွန်တော်တို့ရဲ့ ကျိန်စာကို ဖယ်ရှားပေးနိုင်မလား"

ရဲချီယန်က စကားတစ်ခွန်းမျှ မဆိုဘဲ အခန်း၏ နေရာအနှံ့သို့ အကဲခတ်ကြည့်ရှုလိုက်လေ၏။

မည်းဟောင်းနေသော မီးလင်းဖိုကို အမှတ်မထင် လှမ်းကြည့်လိုက်မိသောအခါ သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်လေတော့သည်။

ပြောရမည်ဆိုလျှင် မီးခိုးခေါင်းတိုင်မှ မီးခိုးများ ထွက်နေသော်လည်း မီးလင်းဖိုတွင်မူ မီးမွှေးမထားပေ။

ဒါက ယုတ္တိတန်ရဲ့လား။

ဤအရာမှာ လုံးဝ ယုတ္တိမတန်ချေ။

"ဒါပဲ"

အီဘိုနီကျည်ဆန်ကို ပြောင်းလဲတပ်ဆင်လိုက်ပြီး အဖြူရောင် ပေါက်ကွဲစေတတ်သော ကျည်ဖူးက မီးလင်းဖိုကို ပစ်ခတ်ကာ အပိုင်းပိုင်းအစစဖြစ်အောင် ဖျက်ဆီးပစ်လိုက်လေ၏။

အပြင်ဘက်မှ နှင်းမုန်တိုင်းသည် အက်ကွဲကြောင်းမှတစ်ဆင့် သစ်သားအိမ်ငယ်လေးအတွင်းသို့ ချက်ချင်း ဝင်ရောက်လာလေတော့သည်။

ပျက်စီးသွားသော မီးလင်းဖိုအတွင်းမှ မှေးမှိန်သော အမည်းရောင်အငွေ့အသက်များ ထွက်ပေါ်နေသည့် ဦးခေါင်းခွံတစ်ခုက လူသံပေါက်ကာ ထွက်ပေါ်လာချေပြီ။

"ဘာလို့ အဲဒီလောက်တောင် အသေအချာ စုံစမ်းချင်နေရတာလဲ"

"အား... နတ်ဆိုး... အဲဒါ နတ်ဆိုးပဲ"

"နေ... နေပါဦး... ဒီအသံက လမ်းပြရဲ့ အသံလား။ မဟုတ်ဘူး... ငါ့အစ်ကိုရဲ့ အသံနဲ့ နည်းနည်း တူနေသလားလို့"

"မင်းရဲ့ အစ်ကိုက နတ်ဆိုးကြီးပဲ"

ရဲချီယန်က ခေါင်းသုံးလုံးနဲ့လူကို လျစ်လျူရှုထားလိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ သန့်စင်သော မြေစွဲကျောက်တုံးမှာ ပူနွေးနေပြီ ဖြစ်လေ၏။

ဤအရာက မကောင်းဆိုးဝါး တစ်ကောင်သာ ဖြစ်ချေသည်။

"မင်းက လမ်းပြလား"

"ဒါမှမဟုတ်... သူ့အစ်ကိုလား"

ဦးခေါင်းခွံက လူတစ်ယောက်ပမာ ခေါင်းညိတ်ပြလိုက်လေ၏။

"ငါက နှစ်ယောက်စလုံးပဲ။ ငါက လမ်းပြ၊ သူ့အစ်ကို၊ ပြီးတော့ သူတို့ ပထမဆုံး စားခဲ့တဲ့ နည်းပြလည်း ဖြစ်သလို... အဲဒီသုံးယောက်ကလွဲရင် ကျန်တဲ့လူတွေ အားလုံးလည်း ဖြစ်တယ်"

အို... မျှော်လင့်မထားသော အကျိုးအမြတ်တစ်ခု ရရှိသွားချေပြီ။

ရဲချီယန်က မျက်ခုံးပင့်လိုက်လေ၏။

သန့်စင်သော မြေစွဲကျောက်တုံးကို ကိုယ်တွင် တင်းကျပ်စွာ ချည်နှောင်ထားရင်း ဦးခေါင်းခွံကို စိတ်ဝင်တစား စောင့်ကြည့်ကာ ဆက်ပြောရန် အချက်ပြလိုက်သည်။

"မင်းစကားက ဘာသဘောလဲ"

ဦးခေါင်းခွံ၏ မှောင်မိုက်နေသော မျက်လုံးအိမ်များမှ အမုန်းတရားအပြည့်ပါသော အကြည့်တစ်ချက်က ထိုလူသုံးယောက်ထံသို့ ရှင်းပြ၍မရနိုင်လောက်အောင် ဦးတည်သွားလေ၏။

"အစကနေ အဆုံးအထိ အဲဒီသုံးယောက်ပဲ လူသားတွေကို စားခဲ့ကြတာ"

ဦးခေါင်းခွံက ဇာတ်လမ်း၏ အခြားဗားရှင်းတစ်ခုကို ပြန်လည်ပြောပြလာလေတော့သည်။

"သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့မှာ လမ်းပြအပါအဝင် စုစုပေါင်း တစ်ဆယ့်ခြောက်ယောက် ရှိခဲ့တယ်။ ကျွန်တော်တို့က ဒဏ္ဍာရီလာ လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ တခြားကမ္ဘာကိုသွားတဲ့ နည်းလမ်းကို ရှာဖွေဖို့ တောင်ထိပ်ကို တက်ခဲ့ကြတာ။ မမျှော်လင့်ဘဲ နှင်းတွေထူထပ်စွာ ကျလာလို့ တောင်က ပိတ်သွားပြီး ကျွန်တော်တို့ ထွက်သွားလို့ မရတော့ဘူး။ အဲဒါကြောင့် ဒုတိယမြောက် ထောက်ပံ့ရေးစခန်းမှာပဲ နေခဲ့ရတယ်"

"အစကတော့ ထောက်ပံ့ရေးစခန်းမှာ ခဏလောက် နေလို့ရမယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ထဲက ဘယ်သူမှ မထင်ထားတာက ညတစ်ညမှာ တစ်ယောက်ယောက်က ကျန်နေတဲ့ ရိက္ခာတွေကို ခိုးစားသွားလို့ သီတင်းနှစ်ပတ်လောက် ခံမယ့် ရိက္ခာတွေက ရုတ်တရက် ကုန်သွားခဲ့တယ်။ ကျွန်တော်တို့မှာ စားစရာလည်း မရှိ၊ တောင်အောက်ဆင်းဖို့ လမ်းလည်း မရှိတော့ဘူး။ လမ်းပြတစ်ယောက်အနေနဲ့ နှင်းမုန်တိုင်းထဲမှာ တောင်အောက်ဆင်းမယ့်လမ်းကို ရှာဖို့ တစ်ယောက်တည်း ထွက်သွားခဲ့တယ်။ ပြီးတော့... ဒီထောက်ပံ့ရေးစခန်းကို ပြန်ရောက်လာတဲ့အချိန်မှာ အားလုံးက ဒီနတ်ဆိုး သုံးကောင်ရဲ့ စားသောက်တာကို ခံလိုက်ရပြီ"

နတ်ဆိုးတွေတဲ့လား။

ရဲချီယန်က လေထဲတွင် ဝဲပျံနေသော ဦးခေါင်းခွံကို တိတ်ဆိတ်စွာ အကဲခတ်လိုက်လေ၏။

ထို့နောက် ခေါင်းသုံးလုံးရှိသော လူ၏ခန္ဓာကိုယ်ကိုလည်း တိတ်တဆိတ် ကြည့်လိုက်သည်။

နတ်ဆိုးတွေအကြောင်း ပြောရမယ်ဆိုရင် ဒီနှစ်ခုကြားမှာ သိပ်ပြီး ကွာခြားမှု ရှိပုံမရဘူး မဟုတ်လား။

နှစ်ခုစလုံးက လုံလောက်အောင်ကို ကြောက်စရာကောင်းနေပေသည်။

"သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မယုံပါနဲ့။ ကျွန်တော်တို့... ကျွန်တော်တို့က ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် မမှတ်မိဘဲ နေမှာလဲ"

"ဟုတ်ပါတယ် သခင်ကြီး။ ဒါက မကောင်းဆိုးဝါး တစ်ကောင်ပါ။ သူ့ကို အမြန်သတ်လိုက်ပါ။ လျှောက်ပြောခွင့် မပေးပါနဲ့"

"ကျွန်တော်တို့က ကိုယ့်သဘောနဲ့ကိုယ် လူစားခဲ့တာ မဟုတ်ပါဘူး... တကယ်ပါ"

ခေါင်းသုံးလုံးက တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောဆိုနေကြရာ သူတို့၏ ဆူညံသော စကားသံများက ဤနှင်းမုန်တိုင်းထဲတွင်ပင် လူကို သက်တောင့်သက်သာ မဖြစ်စေတော့ပေ။

ဦးခေါင်းခွံက အေးစက်စက် ရယ်မောလိုက်လေ၏။

၎င်း၏ မှောင်မိုက်နေသော ပါးစပ်ကို ဖွင့်ဟလိုက်သည်။

"မင်းတို့ မမှတ်မိတာ သေချာတာပေါ့။ ဘာလို့လဲဆိုတော့ ဒါက မင်းတို့ ဒီလိုကြုံရတဲ့ လေးဆယ့်ခုနစ်ကြိမ်မြောက်လေ။ ငါတို့အားလုံး မင်းတို့ရဲ့ စားသောက်တာကို ခံလိုက်ရပြီးတဲ့နောက် ငါတို့ရဲ့ နာကြည်းချက်တွေက ပေါင်းစည်းသွားပြီး ငါဖြစ်လာတာပဲ။ ငါက မင်းတို့ကို ဖမ်းခဲ့တယ်၊ တခြားကမ္ဘာက အရူးတစ်ယောက်ကို ထိန်းချုပ်ပြီး မင်းတို့ကို ဒီလိုအခြေအနေမျိုးနဲ့ ထာဝရ အသက်ရှင်နေစေခဲ့တာ။ ဒါက ပြစ်ဒဏ်ပဲ"

အိုဟို။

အဲဒီလိုကိုး။

ဆိုလိုသည်မှာ ဤကမ္ဘာကို သူ ထိန်းချုပ်ထားသည်ဟု ထင်မှတ်နေသော ထိုလူမှာ အမှန်တကယ်တော့ ကြိုးဆွဲရုပ်လေး တစ်ရုပ်မျှသာ ဖြစ်နေခဲ့သည်ပေါ့။

သနားစရာကောင်းသော ကောင်ပင်။

"ခွေးကောင်... မင်း ငါတို့ကို လိမ်နေတာ"

ခေါင်းသုံးလုံးနဲ့လူမှာ ခလုတ်နှိပ်ခံလိုက်ရသကဲ့သို့ အတိတ်က မှတ်ဉာဏ်များ သူတို့၏ စိတ်ထဲသို့ ဆက်တိုက် ဝင်ရောက်လာလေတော့သည်။

"သောက်ရူးကောင်... သောက်ရူးကောင်။ ဘာလို့ ငါတို့ကို မလွှတ်ပေးရတာလဲ။ ငါတို့က... ငါတို့က မင်းတို့ကို စားခဲ့ရုံလေးပဲဟာ။ ငါတို့လည်း အတင်းအကျပ် ခိုင်းစေခံရတာပါ"

ခေါင်းသုံးလုံးနဲ့လူ၏ ခန္ဓာကိုယ်မှာ ဆက်တိုက် လိမ်ကောက်နေလေ၏။

ဦးခေါင်းခွံက ထူးဆန်းသော ရယ်သံတစ်မျိုးကို ထုတ်လွှတ်လိုက်ချေပြီ။

၎င်းက လေထဲသို့ ပျံတက်သွားကာ ရဲချီယန်နှင့် ခေါင်းသုံးလုံးနဲ့လူကို ငုံ့ကြည့်လိုက်လေ၏။

"မင်းလို ပြင်ပလူတွေက တစ်ကြိမ်ထက်မက ပေါ်လာဖူးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းတစ်ယောက်တည်းကသာ ဒီသံသရာကို ဖြတ်တောက်ဖို့ ဇွတ်လုပ်နေခဲ့တာ။ အဲဒီလိုဆိုမှတော့ သံသရာ စတင်ပြီပေါ့။ ဒီတစ်ကြိမ်မှာတော့ မင်းအပါအဝင် အားလုံးက အမြဲတမ်း ထပ်ခါတလဲလဲ လည်ပတ်နေတဲ့ ဒီကမ္ဘာကြီးရဲ့ အာဟာရသစ်တွေ ဖြစ်လာရလိမ့်မယ်"

ဦးခေါင်းခွံက ပျံသန်းထွက်ခွာရန် ပြင်လိုက်လေ၏။

သို့သော် ထိုအချိန်တွင်ပင် ကျီးကန်း၏ ခြေသည်းများက ၎င်းကို ဖမ်းဆုပ်လိုက်ချေပြီ။

ကျီးကန်းနတ်ဆိုးက ကောင်းကင်ယံတွင် ထွက်ပေါ်လာကာ ထူးဆန်းသော အော်သံတစ်ခုကို ပြုလုပ်လိုက်လေ၏။

"ဟင်... မလုပ်နဲ့။ ငါ့ကို လွှတ်ပေးစမ်း... အား"

အမည်းရောင် မီးခိုးငွေ့များက ကျီးကန်းနတ်ဆိုး၏ ခန္ဓာကိုယ်ထံသို့ လှည့်ပတ်ဝင်ရောက်သွားလေတော့သည်။

သို့သော်လည်း ၎င်းက နတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။

ဤမျှ သေးငယ်သော လှည့်ကွက်လေးက အဓိပ္ပာယ်မဲ့နေချေသည်။

"မင်း တွေးတာတွေ အရမ်းလွန်နေပြီ။ ငါက ဘယ်သံသရာကိုမှ ဖြတ်တောက်ချင်တယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး"

ရဲချီယန်က အနည်းငယ် ပြုံးလိုက်ရာ သူ၏ လက်ထဲရှိ အီဘိုနီသေနတ်ပြောင်းဝမှ အဖြူနှင့် အမည်း အရောင်နှစ်မျိုးစပ် အလင်းတန်းများ စတင်စုစည်းလာလေ၏။

တစ်ချိန်တည်းမှာပင် သူက ကိုယ်ခံစွမ်းအား ၁၀ မှတ်နှင့် စိတ်စွမ်းအား ၁၀ မှတ်ကို အသုံးပြု၍ အဖြူနှင့် အမည်း အရောင်နှစ်မျိုးစပ် သံချပ်ကာဖောက် ပေါက်ကွဲစေတတ်သော ကျည်ဆန်တစ်တောင့်ကို ဖန်တီးလိုက်လေတော့သည်။

သူက လုံးဝ ရူးသွပ်နေပြီး ခန္ဓာကိုယ်များ ကျိုးကြေနေသော ခေါင်းသုံးလုံးနဲ့လူထံသို့ ချိန်ရွယ်လိုက်သည်။

ခလုတ်ကို ဆွဲလိုက်လေ၏။

"ဒါပေမဲ့ ငါသာ သံသရာတစ်ခုခုကို ဖြတ်တောက်ပြီး တစ်ခုခုကို ဖျက်ဆီးရမယ်ဆိုရင် အဲဒါက သူတို့ပဲ ဖြစ်လိမ့်မယ်"

ဒိုင်း—

သေနတ် ပစ်ဖောက်လိုက်လေပြီ။

ကောင်းကင်ယံမှ နှင်းမုန်တိုင်းမှာ ရုတ်တရက် ရပ်တန့်သွားချေသည်။

ခေါင်းသုံးလုံးနဲ့လူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားလေတော့၏။

၎င်း၏ အောက်ပိုင်း ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှာ လေထဲသို့ လွင့်စင်သွားကာ တဖွဲဖွဲ ပြုတ်ကျလာခဲ့သည်။

ကျီးကန်းနတ်ဆိုးက တောင်ပံများကို ဖြန့်ကာ ရွံရှာဖွယ်ကောင်းသော သွေးနှင့် အသားစ မိုးပေါက်များကို ရဲချီယန်အတွက် ကာကွယ်ပေးလိုက်လေ၏။

၎င်း၏ ခြေရင်းတွင် အမည်းရောင် ဦးခေါင်းခွံက ဒေါသတကြီး ဟိန်းဟောက်လိုက်ချေပြီ။

"မင်း... ဘယ်လိုလုပ် ရဲရတာလဲ။ သူတို့ကို ဘယ်လိုလုပ် သတ်ရဲတာလဲ။ သူတို့ရဲ့ ပြစ်ဒဏ်က မပြီးဆုံးသေးဘူး။ သူတော်ကောင်းယောင်ဆောင်နေတဲ့ကောင်... ငါတို့ကိုယ်စား သူတို့ကို မင်းက ဘယ်လိုလုပ် ခွင့်လွှတ်ပေးနိုင်ရတာလဲ"

"ခွင့်လွှတ်တယ်... မင်း တွေးတာတွေ အရမ်းလွန်နေပြီ"

ရဲချီယန်က သေနတ်ပြောင်းဝမှ ထွက်နေသော မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ကာ သန့်စင်သော မြေစွဲကျောက်တုံးကို ထုတ်ယူလိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။

"ငါက သူတို့ကို သတ်ချင်ရုံ သက်သက်ပဲ၊ ပြီးတော့ မင်းကိုလည်း သတ်ချင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်မှ ဒီဘူတာရုံအတွက် ငါ့ရဲ့ တာဝန် ပြီးဆုံးသွားမှာကိုး။ မင်းတို့နှစ်ယောက်ကြားမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး"

အလင်းတန်းများ ဖြာထွက်လာလေ၏။

အမည်းရောင် အငွေ့အသက်ကို ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဦးခေါင်းခွံက ပို၍ နာကျင်စွာ အော်ဟစ်လိုက်လေတော့သည်။

"အား..."

တစ်၊ နှစ်၊ သုံး...

တစ်ဒါဇင်ကျော်ရှိသော အပိုင်းပိုင်းပြတ်နေသည့် လူပုံစံ ဝိညာဉ်များသည် ဤအမည်းရောင် အငွေ့အသက်ထဲမှ လွတ်မြောက်လာခဲ့ကြသည်။

သူတို့၏ နာကြည်းချက်များ ပေါင်းစည်းသွားခြင်းမှာ ထိုသုံးယောက်ကို အပြစ်ပေးရန် ဖြစ်သော်ငြားလည်း...

သို့သော်... အဲဒါက သူတို့ကိုယ်သူတို့လည်း အပြစ်ပေးနေတာ မဟုတ်ဘူးလား။

အပြစ်ပေးသူနှင့် အပြစ်ပေးခံရသူ၊ ဘယ်သူက ထောင်ချောက်မိနေတဲ့သူလဲ။

"ပြီးသွားပြီ။ အခုတော့ ငါ့တာဝန် လုံးဝ ပြီးဆုံးသွားပြီလို့ ထင်တာပဲ"

All Chapters