အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း ၈၃ အတုအယောင် စွဲလမ်းမှု
စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးက ယခင် စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးအဖြစ်သာ ရှိနေဆဲပင်။
အရာအားလုံးက လုံးဝ ပြောင်းလဲသွားခြင်းမရှိသကဲ့သို့ ထင်မှတ်ရလေ၏။
ဦးခေါင်းခွံနှင့် ခေါင်းသုံးလုံးနဲ့လူကို ရှင်းလင်းပြီးနောက် စာအုပ်ထဲတွင် စာကြောင်းသစ်တစ်ကြောင်း ထွက်ပေါ်လာခဲ့သည်။
"သံသရာ လည်ပတ်မှု ပျက်ပြယ်သွားချေပြီ"
သူက အမည်းရောင် မြူခိုးများ ထွက်ပေါ်မနေတော့သည့် ဦးခေါင်းခွံကို မြေပြင်မှ ကောက်ယူလိုက်ကာ ၎င်းကို စစ်ဆေးရန် အလင်းမျက်နှာပြင်ကို ဖွင့်လိုက်လေ၏။
[စွဲလမ်းမှု ဦးခေါင်းခွံ (အဆင့် ၆)]
[လေးဆယ့်ခုနစ်ကြိမ်တိုင်တိုင် သံသရာလည်ပြီးနောက် သူ၏ အမုန်းတရားများကို ထိန်းသိမ်းထားနိုင်ခဲ့သော နာကြည်းချက်များ စုစည်းမှု။ အတွင်းရှိ နာကြည်းချက်များကို ဖယ်ရှားပြီးဖြစ်သော်လည်း အချို့သော စွမ်းရည်များကို ထိန်းသိမ်းထားဆဲဖြစ်ကာ သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ ပစ်မှတ်အားလုံး၏ စိတ်စွမ်းအားကို လျှော့ချပေးနိုင်သည်။]
"နောက်ဆုံးတော့ အကျိုးအမြတ်တစ်ခု ရခဲ့ပြီပဲ" ဟု ရဲချီယန်က ပြုံးလျက် ဆိုလိုက်လေ၏ ။
နှင်းတောထဲတွင် တွားသွားလိုက်၊ လိမ့်ကျလိုက်နှင့် ဤဘူတာရုံသည် သူ့အတွက် ငါးနာရီကျော်မျှ အချိန်ယူလိုက်ရချေပြီ။ ယခုအချိန်အထိ စာအုပ်မှလွဲ၍ သူ၏ တစ်ခုတည်းသော အကျိုးအမြတ်မှာ ဤဦးခေါင်းခွံသာ ဖြစ်ပေသည်။
"ပြီးပြီ၊ ပစ္စည်းသိမ်းဖို့ အချိန်တန်ပြီပေါ့"
ကျွီ... ကျွီ...
သူ အနောက်သို့ လှည့်ပြန်ရန် ပြင်လိုက်ချိန်တွင်ပင် မလှမ်းမကမ်းမှ ရင်းနှီးနေသော ခြေသံများ ထွက်ပေါ်လာလေ၏။
ထိုအရပ်သို့ သူ လှမ်းကြည့်လိုက်သည်။
ခြေထောက်အရိုးတစ်ခုကို ဆုပ်ကိုင်ထားရင်း သူ့ထံသို့ အပြေးအလွှား လာနေသော ဝေါလီကို သူ မြင်လိုက်ရလေ၏ ။
"တိုက်ဆိုင်လိုက်တာ ဝေါလီ၊ မင်းလည်း ဒီကို ရောက်နေတာပဲ။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒါက နောက်ဆုံးအဆင့်ပဲလေ။ ဘူတာရုံထဲက ရတနာသေတ္တာရဲ့ တည်နေရာက ဘယ်လောက်ပဲ ခန့်မှန်းရခက်ခက် ဒီအနီးအနား တစ်ဝိုက်မှာတော့ ရှိနေသင့်တာပေါ့"
ဝေါလီ၏ သတ္တုခေါင်းကို သူက အသာအယာ ပုတ်ပေးလိုက်ကာ ၎င်း မြှောက်ကိုင်ထားသော ခြေထောက်အရိုးကြီးကို ယူလိုက်လေ၏ ။
"ဒီအရာက... ရတနာသေတ္တာများ ဖြစ်နေမလား"
[အဆင့် ၆ ရတနာသေတ္တာ (ဖွင့်၍ရသည်)]
ကောင်းပြီ၊ ဒါက တကယ်ကို ရတနာသေတ္တာပဲ ဖြစ်နေချေပြီ ။
"တော်တယ် ဝေါလီ၊ ဒါကို မင်း ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ။ ပြောရမယ်ဆိုရင် စောစောက မင်း တောင်ပေါ်ကို ပြေးတက်သွားတာလား"
ဝေါလီက ၎င်း၏ စက်လက်သည်းကို ဝှေ့ယမ်းပြလိုက်လေ၏ ။ ၎င်း ဘာပြောနေသည်ကို သူ နားမလည်သော်လည်း ၎င်း၏ မျက်လုံးများအရ ခရီးစဉ်မှာ အထူးပင် ကြမ်းတမ်းခက်ခဲခဲ့ကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။
"ကျေးဇူးပဲ၊ မင်း ပင်ပန်းသွားပြီ။ လာ... ငါတို့ အတူတူ ပြန်ကြရအောင်"
ဝေါလီကို ရထားပေါ်သို့ သူ ပြန်တင်ပေးလိုက်လေ၏ ။
မလှမ်းမကမ်းတွင် ရပ်နေဆဲဖြစ်သော ကျီးကန်းနတ်ဆိုးများကိုလည်း သူ ပြန်လည် ခေါ်ယူလိုက်ချေပြီ။
"ကတ်ပြား အစီအစဉ်... တကယ်ကို အစွမ်းထက်တဲ့ ကိရိယာပဲ။ ဒါတွေသာ မရှိရင် ဒီဘူတာရုံက ဒီလောက် လွယ်ကူနေမှာ မဟုတ်ဘူး"
သွေးဆောင်ဖြားယောင်းခြင်းနှင့် စုန်းမ ။
ဤအရာများမှာ နတ်ဆိုး ကတ်ပြား အစီအစဉ်မှ ကတ်နှစ်ကတ်မျှသာ ဖြစ်လေ၏ ။
အကယ်၍ သူသာ နတ်ဆိုး ကတ်ပြား အစီအစဉ် တစ်ခုလုံးကို တကယ်တမ်း စုဆောင်းနိုင်ခဲ့ပါက ထိုအချိန်တွင် သူ မည်မျှပင် စွမ်းအားကြီးမားလာမည်ကို တွေးကြည့်၍ပင် မရနိုင်တော့ချေ ။
ပို၍ ရဲတင်းစွာ တွေးကြည့်ရလျှင် သူ၏ထံတွင် ဘုရားစူး ကတ်ပြား လည်း ရှိနေသေးသည် မဟုတ်ပါလော ။
ဘုရားစူး ကတ်ပြား ကို အပြည့်အစုံ စုဆောင်းရန် မဖြစ်နိုင်ဟု ဆိုကြသော်လည်း အကယ်၍များ စုဆောင်းနိုင်ခဲ့လျှင်ကော ။
ရဲချီယန်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်လောင်လာလေတော့သည် ။
"ပြန်ဖို့ အချိန်တန်ပြီ"
လမ်းသရဲဆိုင်ကယ်၏ ဟိန်းဟောက်သံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားလေ၏ ။
အတားအဆီး မရှိတော့သဖြင့် သာမန် လေနှင့် နှင်းမုန်တိုင်းမျှက ဤမြေပြင်သုံး စက်ယန္တရား၏ ထိုးဖောက်ဝင်ရောက်မှုကို တားဆီးနိုင်စွမ်း မရှိတော့ပေ။
သူက အရှိန်မြှင့်တင်ကာ အပြင်းနှင်လေတော့သည်။
"အေးလိုက်တာ... အေးလိုက်တာ... ငါ အေးခဲပြီး သေတော့မှာပဲ"
ရထားပေါ်သို့ ပြန်ရောက်သောအခါ ရဲချီယန်မှာ ရေခဲတိုင်တစ်ခုအဖြစ် အေးခဲသွားတော့မလို ခံစားလိုက်ရလေ၏ ။
အပူချိန်ထိန်း ရထားတွဲထဲသို့ ပြေးဝင်သွားကာ စောင်ထဲသို့ သူ၏ တစ်ကိုယ်လုံးကို ထိုးသွင်းလိုက်ချေသည် ။
ပြန်လည် သက်သာလာစေရန် အချိန်အတော်ကြာအောင် ယူလိုက်ရပေသည်။
"ငါ တကယ်ကို မိုက်မဲခဲ့တာပဲ..."
ဝေါလီက သူ၏ဘေးတွင် စိုးရိမ်တကြီးဖြင့် ရပ်နေကာ ၎င်း၏သခင်ကို ခေါင်းလေးစောင်း၍ ကြည့်နေလေ၏ ။
"ဝေါလီ၊ နောက်နောင် ဒီလို နှင်းကျတဲ့ ရာသီဥတုရှိတဲ့ ဘူတာရုံမျိုး ထပ်ကြုံလာရင် ဆိုင်ကယ် ထပ်မစီးဖို့ ငါ့ကို သတိပေးပါဦး"
ဝေါလီက ခေါင်းညိတ်ပြလိုက်ကာ ဗိုက်စင်သီး ဖျော်ရည်တစ်ခွက်ကို ကျွမ်းကျင်စွာ ကမ်းပေးလိုက်လေ၏ ။
"...ထားလိုက်ပါတော့၊ မင်းရဲ့ စေတနာလို့ပဲ သတ်မှတ်လိုက်ပါ့မယ်"
ဖျော်ရည်ကို ယူ၍ ဘေးတွင် ချထားလိုက်သည်။ ရဲချီယန်က သူ ဆုပ်ကိုင်ထားသော ခြေထောက်အရိုးကြီးကို ကုတင်အောက်မှ ဆွဲထုတ်လိုက်လေ၏ ။
"ဒီရတနာသေတ္တာတွေရဲ့ ပုံပန်းသဏ္ဌာန်က ပိုပိုပြီး ခန့်မှန်းရခက်လာတာပဲ"
သူက တိုးတိတ်စွာ ရေရွတ်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်လေသည်။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း"
[ကိုယ်ခံစွမ်းအား - ၇၉ → ၃၉] [စိတ်စွမ်းအား - ၉၅ → ၄၅]
[အဆင့် ၇ ရတနာသေတ္တာ (ဖွင့်၍ရသည်)]
ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ နားထင်များကို ပွတ်သပ်လိုက်လေ၏။
အဆင့် ၇ ရတနာသေတ္တာတစ်ခုအဖြစ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရန် လိုအပ်သော ကိုယ်ခံစွမ်းအားမှာ အမှတ် ၂၀ ထပ်တိုးလာခဲ့ချေပြီ ။
ထို့ပြင် ကနဦးက ခံစားခဲ့ရသော ခုခံမှုမျိုးကို နောက်တစ်ကြိမ် သူ ပြန်လည် ခံစားလိုက်ရပြန်သည်။
သိသာထင်ရှားမှု မရှိသော်ငြားလည်း ၎င်းက အမှန်တကယ်ပင် ထွက်ပေါ်လာခဲ့လေ၏။
"ကိုယ့်ကိုယ်ကိုယ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ဆက်လုပ်ဖို့ လိုအပ်နေပြီလား"
ခေါင်းခါမ်းလိုက်ကာ အခြားသော အတွေးများကို စိတ်ထဲမှ ယာယီ ဖယ်ရှားပစ်လိုက်ပြီး ရတနာသေတ္တာကို စိတ်အားထက်သန်စွာ ဖွင့်လှစ်လိုက်လေတော့သည် ။
ခြေထောက်အရိုး ရတနာသေတ္တာမှာ နှစ်ပိုင်း ကျိုးကြေသွားချေပြီ ။
ဆုလာဘ် အချက်အလက်များမှာ အလင်းမျက်နှာပြင်ပေါ်တွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။
[ရတနာသေတ္တာကို ဖွင့်လှစ်ခြင်း]
[ရရှိသော ရထားဒင်္ဂါး - ၁၄ ပြား]
[ရရှိသောအရာ - ပုံစံကြမ်း · အတုအယောင် စွဲလမ်းမှု]
[ရရှိသောအရာ - (ကုန်သွယ်၍ရသည်) ၁ နာရီ စောထွက်ခွင့် မော်ဂျူး × ၅]
[ရရှိသောအရာ - ရေခဲ မှော်ဝင် · ခြောက်ပြောင်းလှည့် ဗုံးပစ်လောင်ချာ (အဆင့် ၇)]
ဆုလာဘ် သုံးခု ရှိလေ၏။ သူက အစမှစ၍ အသေအချာ ကြည့်ရှုလိုက်သည်။
[ပုံစံကြမ်း · အတုအယောင် စွဲလမ်းမှု] (အဆင့် ၇)
[လိုအပ်သောအရာ - အမှန်တရားနှင့် အတုအယောင် + စွဲလမ်းမှု ဦးခေါင်းခွံ]
[အတုအယောင် အမှန်တရားအား အဆင့်မြင့် အသွင်ကူးပြောင်းခြင်း မှ ရရှိသည်]
ဖန်တီးရန် လိုအပ်သော ပစ္စည်းများမှာ ဤဘူတာရုံရှိ ဘော့စ်နှစ်ကောင်ထံမှ ရရှိသော အရာများဖြစ်ကြောင်း အတိအလင်း ပြသနေပေသည်။ အကယ်၍ သူသာ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ကို မပြုလုပ်ခဲ့ပါက ဤပစ္စည်းနှစ်ခုသည် အတုအယောင် အမှန်တရားကို ဖန်တီးပေးမည် ဖြစ်လေ၏ ။
သူ့ထံတွင် ပစ္စည်းအားလုံး ရှိနေပေသည်။ ဦးခေါင်းခွံမှာ အတော်လေး ကောင်းမွန်သော်ငြားလည်း အသုံးပြုရန်အတွက် သူ သိပ်ပြီး နှမြောမနေခဲ့ပေ။
သူ၏ ရှေ့တွင် လုပ်ငန်းစဉ်ခုံ ကို ဆင့်ခေါ်လိုက်ကာ ပုံစံကြမ်းနှင့် လိုအပ်သော ပစ္စည်းများကို ၎င်းအပေါ်တွင် တင်လိုက်ရာ ထိုအရာနှစ်ခုမှာ တစ်သားတည်း ပေါင်းစည်းသွားလေတော့သည် ။
[ဖန်တီးမှု အောင်မြင်ပါသည်]
[အတုအယောင် စွဲလမ်းမှု (အဆင့် ၇)]
[အတုအယောင် - စိတ်စွမ်းအား အမြောက်အမြားကို အသုံးပြုခြင်းဖြင့် မည်သည့်ပစ်မှတ်ကိုမဆို အတုအယောင် စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီး အတွင်းသို့ ဆွဲသွင်းနိုင်သည်။ စာသားများ ရေးသားခြင်းဖြင့် စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီး အတွင်းရှိ အမှန်တရားကို ပုံပျက်အောင် ပြုလုပ်နိုင်သည်။ ကြာမြင့်ချိန် ၁ မိနစ်။]
[စွဲလမ်းမှု - စိတ်စွမ်းအားကို အသုံးပြုခြင်းဖြင့် ကိုင်ဆောင်သူမှလွဲ၍ သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ ပစ်မှတ်အားလုံး၏ စိတ်စွမ်းအားကို တူညီသော ပမာဏဖြင့် လျှော့ချပေးနိုင်သည်။]
"စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးထဲကို ဆွဲသွင်းတာလား။ ဒါဆို တောင်ထိပ်ပေါ်က တခြားကမ္ဘာထဲက ပန်းချီဆရာ လုပ်ခဲ့သလိုမျိုးပေါ့"
သူက ပထမဆုံး စာမျက်နှာကို ဖွင့်လှစ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ၎င်းအပေါ်တွင် ရေးချလိုက်လေ၏။
"ရထားရှေ့တွင် ရထားဒင်္ဂါး တစ်သိန်း ထွက်ပေါ်လာသည်"
မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။
"တစ်ရာလား"
"တစ်ပြားလား"
"..."
ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် ဤစိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးကို မည်သည့် အတိုင်းအတာအထိ ပုံပျက်အောင် ပြုလုပ်နိုင်သည်ဆိုသည်ကို သူ အကြမ်းဖျင်း သဘောပေါက်သွားချေပြီ။
ဥပမာအားဖြင့် နှင်းပြိုကျစေခြင်း သို့မဟုတ် နှင်းပြင်ထဲတွင် နှင်းဘီလူးတစ်ကောင်ကို လေဟာနယ်ထဲမှ ထွက်ပေါ်လာစေခြင်းတို့မှာ မခက်ခဲလှပေ။
သို့သော် ဤဘူတာရုံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် မည်သို့မျှ မသက်ဆိုင်ပါက အခြေခံအားဖြင့် ၎င်းကို အကောင်အထည်ဖော်ရန် အလွန်ပင် ခက်ခဲလှလေ၏။
သို့သော် ဤစွမ်းရည်၏ အစစ်အမှန် စွမ်းအားမှာ ထိုမျှသာ မကသေးချေ။
အမှန်တကယ် အံ့မခန်းဖြစ်စေသည့်အရာမှာ မည်သည့်အရာကိုမဆို ဤစိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးအတွင်းသို့ ဆွဲသွင်းနိုင်သည့် စွမ်းရည်ပင် ဖြစ်ပေသည်။
တစ်နည်းအားဖြင့် တွေးကြည့်မည်ဆိုလျှင် ဤအရာမှာ ဘုရားစူး ကတ်ပြား၏ နှင်ထုတ်ခြင်းစွမ်းရည်နှင့် ဆင်တူသော ကုန်ကျစရိတ်သက်သာသည့် အမြင့်ဆုံးဗားရှင်းတစ်ခု မဟုတ်ပါလော ။
"ဒါနဲ့ နှင်ထုတ်ခြင်း စွမ်းရည်ပါ ပေါင်းလိုက်မယ်ဆိုရင် ဒါကို ဝှက်ဖဲ နှစ်ခုအဖြစ် သတ်မှတ်လို့ရပြီ မဟုတ်လား"
ရဲချီယန်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်ကာ ဤစာအုပ်နှင့် ပတ်သက်၍ အတော်လေး ကျေနပ်နေမိလေ၏ ။
သူ၏ အကြည့်က ရတနာသေတ္တာထဲရှိ ဒုတိယမြောက် ဆုလာဘ်ဆီသို့ ရွှေ့လျားသွားခဲ့သည် ။
[ (ကုန်သွယ်၍ရသည်) ၁ နာရီ စောထွက်ခွင့် မော်ဂျူး × ၅]
[အသုံးပြုပြီးပါက ထွက်ခွာမည့်အချိန်ကို တစ်နာရီ စော၍ ထွက်ခွာနိုင်သည် (ကုန်သွယ်၍ရသည်) × ၅]
ဤပစ္စည်းမှာ နားလည်ရန် လွယ်ကူလှပေသည်။ ၎င်းမှာ VIP ဦးစားပေး ထွက်ခွာခွင့်ကို ခွဲထုတ်ထားသော ဗားရှင်းတစ်ခုပင် ဖြစ်လေ၏ ။ အားလုံးပေါင်းလိုက်ပါက သူ့ကို ငါးနာရီတိတိ စော၍ ထွက်ခွာနိုင်စေမည် ဖြစ်သည်။
သို့သော် သူ၏ အာရုံကို အမှန်တကယ် ဖမ်းစားသွားသည့်အရာမှာ ကွင်းစကွင်းပိတ်အတွင်းရှိ (ကုန်သွယ်၍ရသည်) ဆိုသော စကားလုံးများပင် ဖြစ်ချေသည်။
"ဒါဆို... ဒီလိုပစ္စည်းမျိုးကို ဝယ်လို့ရတာပေါ့"
သူ့အနေဖြင့် ၎င်းတို့ကို ရောင်းချရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူ၏ လက်ရှိ ဘူတာရုံ ရပ်နားချိန်မှာ မထွက်ခွာမီ ခုနစ်နာရီတိတိ လိုအပ်နေသေးသည်လေ။
ဤငါးခုကို အသုံးပြုပြီးနောက်တွင်ပင် သူ့အတွက် နှစ်နာရီ အချိန်ကျန်နေဦးမည် ဖြစ်လေ၏။
တုံ့ဆိုင်းနေခြင်းမရှိဘဲ သူက အားလုံးကို အသုံးပြုလိုက်ကာ နောက်ဆုံး ဆုလာဘ်ကို လှမ်းကြည့်လိုက်လေတော့သည်။
[ရေခဲ မှော်ဝင် · ခြောက်ပြောင်းလှည့် ဗုံးပစ်လောင်ချာ (အဆင့် ၇)]
[ရေခဲဗုံးများကို ပစ်ခတ်နိုင်သည်။ ပေါက်ကွဲမှုအတွင်း ရောက်ရှိသွားသော ရန်သူများသည် အမြန်နှုန်း လျော့ကျခြင်း အကျိုးသက်ရောက်မှုကို ခံစားရမည်။]
ဖော်ပြချက်မှာ သိပ်မများပြားလှသော်လည်း ၎င်းမှာ အဆင့် ၇ လက်နက်တစ်ခု ဖြစ်သောကြောင့် ၎င်း၏ စွမ်းအားကိုတော့ ယုံမှားသံသယဖြစ်ဖွယ် မလိုတော့ပေ။
အခန်း ၈၄ လီရှောင်ရှန်း၏ တိုက်ခိုက်မှု
"ဗုံးသီး သုံးဆယ်ပဲဆိုတော့ သိပ်မများလှဘူးပဲ"
လက်နက်က အစွမ်းထက်သော်ငြားလည်း ခဲယမ်းမပါလျှင် အသုံးမဝင်လှပေ။
သူက အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ကို စမ်းသပ်ကြည့်ချင်ခဲ့သော်လည်း သူ မျှော်လင့်ထားသည့်အတိုင်းပင် အဆင့် ၇ ပစ္စည်းတစ်ခုအတွက် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ရန် ခုခံမှုက ထပ်မံ ထွက်ပေါ်လာခဲ့ချေပြီ။ သို့သော် ထိုခုခံမှုကို လျစ်လျူရှုကာ အတင်းအကျပ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်နိုင်ကြောင်း ရဲချီယန်က ရှင်းလင်းစွာ သိမြင်လိုက်သော်ငြားလည်း ထိုသို့ပြုလုပ်ရန် သူ၏ ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားတို့မှာ ကန့်သတ်ချက်အသစ်တစ်ခုအထိ ရောက်ရှိသွားရန် လိုအပ်နေပေသည်။
သူ့ကိုယ်သူ ထပ်မံ၍ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း မပြုလုပ်လျှင်ပေါ့။
သူ စမ်းကြည့်သင့်သလား။
ရဲချီယန်၏ လက်က ရင်ဘတ်ပေါ်သို့ ဖိကပ်သွားလေ၏။
ခဏမျှ စဉ်းစားပြီးနောက် လက်ကို ပြန်ချလိုက်လေတော့သည်။
"ထားလိုက်ပါတော့... ကိုယ့်ကိုယ်ကိုယ် ဘာလို့ အဲဒီလောက်တောင် ပင်ပန်းခံနေရမှာလဲ"
အရှုပ်အထွေးများကို စိတ်ထဲမှ ဖယ်ထုတ်ကာ ကုတင်ပေါ်သို့ ပစ်လှဲချလိုက်လေ၏။
လေနှင့် နှင်းမုန်တိုင်းထဲတွင် တောင်ပေါ်၌ သူ အချိန်အတော်ကြာ နေခဲ့ရသည်လေ။
ယခုတော့ သူ အနားယူချင်နေပြီ ဖြစ်သည်။
အခြားကိစ္စများကို နောက်မှ ရှင်းလင်းလို့ ရပေသည်။
ရေခဲခြစ်စားလိုက်၊ ဗိုက်စင်သီး ကို ဝါးစားလိုက်ဖြင့် သူက ချက်ဘောက်စ် မျက်နှာပြင်ကို ပေါ့ပေါ့ပါးပါး ဖွင့်ကာ ချောင်းကြည့်နေလိုက်လေတော့သည်။
——
အဆင့် ၃ သယံဇာတ ဘူတာ
လီရှောင်ရှန်းသည် သူ၏ ရထားအပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေလေ၏။
လူသန်ကြီးအချို့က စက်ယန္တရားတစ်ခုကို မောင်းနှင်ကာ တောထဲမှ သစ်သားများကို ဆက်တိုက် စုဆောင်းပြီး ချိတ်ဆက်ထားပြီးသော သာမန် ရထားတွဲ ခြောက်တွဲဆီသို့ သယ်ယူပို့ဆောင်နေသည်ကို သူ စောင့်ကြည့်နေခဲ့သည်။
သူ၏ မှတ်ဉာဏ်များက လွန်ခဲ့သော နာရီအနည်းငယ် ကြယ်တစ်ထောင်မြို့တော်၌ မဟာမိတ်အဖွဲ့တစ်ခုသို့ သူ ဝင်ရောက်ပြီးခါစ အချိန်သို့ ပြန်လည် ရောက်ရှိသွားချေပြီ။
အနားယူချိန် မရှိသလို ယုံကြည်မှုလည်း ရှိမနေခဲ့ပေ။
သူသည် သယံဇာတ ရေဒါ တစ်ဦးဖြစ်ကြောင်း သိရှိသွားသောအခါ အဖွဲ့ဝင်များက အတွေ့အကြုံရှိ ရထားလက်ထောက် အချို့ကို ရှာဖွေကာ သူ၏ ရထားပေါ်သို့ အတင်းအကျပ် တက်စေပြီး ဘူတာရုံမှ အမြန်ထွက်ခွာရန် စေခိုင်းခဲ့ကြလေ၏။
ထိုလူ၏ မျက်လုံးထဲမှ ရွံရှာစက်ဆုပ်နေသော အကြည့်ကို လီရှောင်ရှန်းမှာ ယခုတိုင် မေ့ဖျောက်၍ မရနိုင်သေးချေ။
၎င်းက သူ့အား အနံ့အသက်ဆိုးများ ထွက်ပေါ်နေသော ပိုးကောင်စုတ်တစ်ကောင်ပမာ သဘောထားနေခြင်းပင်။
ထိုလူသန်ကြီးများက သစ်သားများကို သယ်ယူနေစဉ် တီးတိုး ပြောဆိုနေကြလေ၏။
"ညီအစ်ကိုတို့... ဒီ ရထားမောင်းနှင်သူကို ဘယ်လို ခံစားရလဲဟင်"
"နည်းနည်းတော့ ရွံစရာကောင်းတယ် မဟုတ်လား။ ငါလည်း အဲဒီလို ခံစားရတယ်။ သူ့ကို သွားပြီး ထိုးကြိတ်ပစ်ချင်နေတာ၊ ကြည့်ရတာကိုက အမြင်ကတ်စရာကြီး"
"ရှူး... တိုးတိုးလုပ်ပါ၊ သူ ကြားသွားဦးမယ်။ ဘာပဲဖြစ်ဖြစ် သူက ရထားမောင်းနှင်သူ လေ၊ ငါတို့ထက် အများကြီး အဆင့်အတန်း မြင့်တယ်"
"တောက်... ဘာအသုံးကျမှာလဲ။ ဆယ်နှစ်လောက် အလုပ်လုပ်ပြီးသွားရင် စက်ခေါင်းတွဲ တစ်ခုဝယ်ဖို့ ပိုက်ဆံလုံလောက်သွားမှာပဲ။ အဲဒီအခါကျရင် ငါလည်း ရထားမောင်းနှင်သူ လုပ်မှာပေါ့"
"အဟမ်း... တော်တော့၊ သူ လှမ်းကြည့်နေပြီ"
လက်ထောက်သုံးဦး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု သို့မဟုတ် လေးစားမှု လုံးဝ ရှိမနေခဲ့ပေ။ သူတို့၏ အကြည့်များမှာ ရွံရှာမှုများဖြင့်သာ ပြည့်နှက်နေချေသည်။
ထိုစကားများအားလုံးကို သူ ကြားနေရလေ၏။
သွေးစုပ်ဖုတ်ကောင် ဘယ်ရွန် ၏ နှလုံးသား ကို စားသုံးပြီးနောက် သူသည် သာမန်လူသား တစ်ယောက် မဟုတ်တော့ချေ။ နေ့ဘက်တွင်ပင် သူ၏ အာရုံခံစားမှု အားလုံးမှာ တိုးတက်လာခဲ့ပေသည်။
"ဒီကောင်တွေက ငါ့ကို အထင်သေးရဲတယ်ပေါ့"
လီရှောင်ရှန်း၏ မျက်လုံးများမှာ နီရဲနေလေ၏။
ကြယ်တစ်ထောင်မြို့တော် သို့ ဝင်ရောက်ပြီးကတည်းက သူ၏ ဇာတ်လိုက်အိပ်မက်မှာ ရက်စက်စွာ ရိုက်ချိုးခံလိုက်ရချေပြီ။
သယံဇာတ ရေဒါ မှာ အတွေ့ရအများဆုံး ပါရမီစွမ်းရည် တစ်ခုသာ ဖြစ်နေခဲ့သည်။
သူ ဝင်ရောက်ခဲ့သော မဟာမိတ်အဖွဲ့မှာလည်း သိပ်မကောင်းလှပေ။ သူ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် အခြေခံ သယံဇာတများ စုဆောင်းရန် အတင်းအကျပ် ထုတ်ပယ်ခြင်း ခံလိုက်ရလေ၏။ ဤလက်ထောက်များမှာ လက်ထောက်ဟု အမည်ခံထားသော်လည်း သူတို့၏ ရင်ထဲမှ ရွံရှာမှုများကို ဘယ်သူက မမြင်ဘဲ နေမည်နည်း။
သူ လက်မခံနိုင်ခဲ့ပေ။
"မင်းတို့ ပစ္စည်းတွေ သယ်ဖို့ ဘယ်လောက်ကြာဦးမလဲ"
သူတို့ထဲမှ တစ်ယောက်ထံသို့ လျှောက်သွားကာ လီရှောင်ရှန်းက အေးစက်စွာ မေးမြန်းလိုက်လေ၏။
ထိုလက်ထောက်က ရွံရှာစွာဖြင့် ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားချေသည်။
လူသားတို့၏ အလိုအလျောက် တုံ့ပြန်မှုအရ လူသားဟူသော အဆင့်အတန်းကို သစ္စာဖောက်ခဲ့သည့် လီရှောင်ရှန်းနှင့် ရင်ဆိုင်ရချိန်တွင် ထိုရွံရှာမှုမှာ မည်သို့မျှ လျော့ကျသွားမည် မဟုတ်ပေ။
"ပြီးတော့မယ်... ပြီးတော့မယ်။ ငါတို့ ဒီအပြင်ဘက်မှာ သုံးဘူတာရုံလောက် နေပြီးရင် မြို့ထဲပြန်ပြီး ခဏလောက် နားလို့ရပြီ။ သခင်ကြီး... တခြား ဘာများ လိုသေးလို့လဲ။ မလိုဘူးဆိုရင် ငါ အလုပ်ပြန်လုပ်လိုက်ဦးမယ်"
လက်ထောက်မှာ သူတို့နှစ်ဦးကြား အကွာအဝေးကို ပိုမို ခြားနားစေရန် ကပျာကယာ ထွက်သွားလေတော့သည်။
လီရှောင်ရှန်းက မတ်တတ်ရပ်လျက် လက်ကို မြှောက်လိုက်လေ၏။
"မင်းတို့က ငါ့ကို ဒီလိုလုပ်ဖို့ အတင်းအကျပ် တွန်းအားပေးခဲ့တာပဲ"
လေဟာနယ်ထဲမှ လင်းနို့များ ထွက်ပေါ်လာချေပြီ။
"သူတို့ကို သတ်လိုက်"
"ဒီလင်းနို့တွေက ဘယ်ကရောက်လာတာလဲ"
"ကယ်... ကယ်ကြပါဦး"
"ရထားပေါ် ပြန်ပြေးကြ"
သို့သော် ရထားတံခါးမှာ လုံခြုံစွာ ပိတ်သွားခဲ့ချေပြီ။
လက်ထောက်များ၏ သနားစရာကောင်းသော အခြေအနေကို လီရှောင်ရှန်းက လှောင်ပြောင်သော အကြည့်ဖြင့် စောင့်ကြည့်နေရင်း ရှင်းပြ၍မရသော ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရလေ၏။
သူတို့ အလောင်းများအဖြစ် ပြောင်းလဲသွားသောအခါ လီရှောင်ရှန်းက အနီးသို့ လျှောက်သွားပြီး ခါးကိုင်းကာ နွေးထွေးနေဆဲဖြစ်သော ခန္ဓာကိုယ်များကို သူ၏ အစွယ်များဖြင့် ကိုက်ဖောက်လိုက်လေတော့သည်။
သူက လူသားတို့၏ အသားကို စားနေခြင်း မဟုတ်ဘဲ သူတို့ကို လက်အောက်ခံများအဖြစ် ပြောင်းလဲနေခြင်းပင်။
လက်ထောက်များမှာ ပြန်လည် မတ်တတ်ရပ်လာကြလေ၏။ သူတို့၏ မျက်လုံးများမှာ ဟာလာဟင်းလင်းနှင့် အသက်မဲ့နေကာ လီရှောင်ရှန်း ထိန်းချုပ်ထားသော ကစားစရာ အရုပ်များအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားကြချေပြီ။
လီရှောင်ရှန်းက အောင်ပွဲခံသကဲ့သို့ ရယ်မောလိုက်ကာ ဤအလောင်းများကို လုပ်ဆောင်ချက် အမျိုးမျိုး ပြုလုပ်ရန် ဆက်တိုက် ခြယ်လှယ်နေလေတော့သည်။
"ငါ့ကို ထိန်းချုပ်ချင်တာလား။ ဘယ်တော့မှ မဖြစ်စေရဘူး။ ငါ... လီရှောင်ရှန်းက ဒီကမ္ဘာကြီးရဲ့ ဇာတ်လိုက်ပဲ"
မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခြင်းမှာ ရှောင်လွှဲ၍မရသော ရလဒ်တစ်ခုဖြစ်ပြီး အခြေခံ သယံဇာတများ စုဆောင်းရန် အသုံးချခံရခြင်းကိုလည်း ပြောင်းလဲ၍ မရနိုင်ပေ။
သို့သော် ၎င်းက သူ တုံ့ဆိုင်းနေရန် ရွေးချယ်မည်ဟု ဆိုလိုခြင်း မဟုတ်ချေ။
သူ့ထံတွင် မဟာမိတ်အဖွဲ့ ရှိနေသေးသည်လေ။
ကြယ်တစ်ထောင်မြို့တော် သို့ မရောက်မီကတည်းက သူတို့အားလုံး နေရာတစ်ခုတည်းသို့ သွားရန် သဘောတူခဲ့ကြပြီး ပထမဆုံးနေ့တွင်ပင် အချင်းချင်း တွေ့ဆုံကာ သူနှင့်အတူ မဟာမိတ်အဖွဲ့တစ်ခုတည်းသို့ ဝင်ရောက်ခဲ့ကြသည်။
စကားပုံတစ်ခုရှိသည်လေ၊ မိုင်တစ်ထောင်ရှည်သော တာရိုးကြီးသည် ပုရွက်ဆိတ်အုံလေးတစ်ခုကြောင့် ပျက်စီးသွားနိုင်သည်ဟု။ ရထားမောင်းနှင်သူ အသစ်များအနေဖြင့် သူတို့၏ ရထားအဆင့်မြှင့်တင်ရေး ပစ္စည်းများကို အစောပိုင်း ရထားမောင်းနှင်သူ များက ပိတ်ဆို့ထားခဲ့ကြသည်။
လိုအပ်သော အဆင့်မြှင့်တင်ရေး ပစ္စည်းများကို လဲလှယ်ရယူရန် သူတို့အတွက် အလုပ်လုပ်ပေးရမည် သို့မဟုတ် ထိုမဟာမိတ်အဖွဲ့ကို သူ၏ လက်ထဲတွင် ထိန်းချုပ်နိုင်သည်အထိ အဆက်မပြတ် တက်လှမ်းသွားရမည် ဖြစ်ပေသည်။
ဒါက သူ၏ ရည်မှန်းချက်ပင် ဖြစ်သည်။
သူ စွမ်းဆောင်နိုင်ခြင်း ရှိမရှိ ဆိုသည်မှာကား အခြားကိစ္စတစ်ခု ဖြစ်လေ၏။
"အဆင့်မြင့်မြင့်ကို တက်လှမ်းချင်တဲ့သူတွေက ငါ့ကို မထောက်ခံဘဲ နေမှာမဟုတ်ဘူး။ အော်... ပြီးတော့ အဲဒီ ရဲချီယန်၊ ဟွန့်... အဲဒီ အမြင်ကျဉ်းတဲ့ကောင်၊ ဒီလောက် အစွမ်းထက်တဲ့ မျိုးနွယ်စု ပြောင်းလဲရေး ပစ္စည်းကို တကယ်ကြီး ရောင်းချရက်တယ်ပေါ့။ ဒါက ငါ့အတွက် အဆင်ပြေသွားတာဆိုတော့ သူ့ကို အခွင့်အရေးတစ်ခု ပေးဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး"
——
ရပ်နားချိန် ရေတွက်မှု - [၂:၁၁:၄၃]
"ဟူး..."
အမြင်ကျဉ်းသော ရဲချီယန်မှာ ဝယ်ယူရန် တန်ဖိုးရှိသော ပစ္စည်းများ ရှိမရှိ စစ်ဆေးရန် ကုန်သွယ်ရေး ပလက်ဖောင်း ကို ပေါ့ပေါ့ပါးပါး လှန်လှောကြည့်ရှုနေလေ၏။
"စက်ရုပ် ဖုန်စုပ်စက်လား။ ဝေါလီ က ပိုမြန်တယ်"
"ဘလူးတုသ် နားကြပ်လား။ ငါ့မှာ ဖုန်းတောင် မရှိတာ၊ ဘလူးတုသ် နားကြပ်နဲ့ ဘာလုပ်ရမှာလဲ"
"ဟင်... ပျားအုံလား။ ဒါကိုလည်း ရောင်းဖို့ တင်ထားလို့ ရတာပဲလား"
သူက သိချင်စိတ်ဖြင့် ဖော်ပြချက်ကို နှိပ်ကြည့်လိုက်လေ၏။
[ပျားအုံ (အဆင့် ၂)]
[နေ့စဉ် ပျားလောက်လန်း ၃၀ ကောင် ထုတ်လုပ်ပေးနိုင်သည်။ ပန်းများအနီးတွင် ထားရှိရန် လိုအပ်သည်။ ပျားရည် ထုတ်လုပ်ပေးနိုင်သည်။]
"ပျားရည်တဲ့လား..."
ချိုမြိန်သော အရသာကို ပြန်လည် သတိရသွားကာ စျေးနှုန်းကို သူ ကြည့်လိုက်လေ၏။
သိပ်မစျေးကြီးလှပေ၊ ရထားဒင်္ဂါး ၃ ပြားသာ ဖြစ်ချေသည်။
"ဝယ်လိုက်ပြီ"
အရောင်းအဝယ် အောင်မြင်သွားလေ၏။
သူက စိုက်ပျိုးရေး ရထားတွဲ သို့ သွားကာ ကြီးထွားလာနေသော ဗိုက်စင်သီးပင် ကို ကြည့်ရှုလိုက်ပြီး ပျားအုံကို အတုတ်ဆုံး သစ်ကိုင်းပေါ်တွင် ထားရှိရန် ရွေးချယ်လိုက်လေတော့သည်။
ပျားအုံမှာ ၎င်းအပေါ်သို့ ကျဆင်းသွားကာ မကြာမီမှာပင် ပျားများ ထွက်ပေါ်လာပြီး ရထားတွဲအတွင်းရှိ ပန်းများထံမှ ပန်းဝတ်ရည်များကို စတင် စုဆောင်းကြလေ၏။
"တော်တော် ကြီးတာပဲ"
မေးစေ့ကို ပွတ်သပ်ရင်း ရဲချီယန်က အနီးသို့ တိုးသွားကာ လက်လှမ်း၍ ထိတွေ့လိုက်လေ၏။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်လို့ရမယ် ထင်တယ်"
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း" ဟု တိတ်တဆိတ် ရွတ်ဆိုလိုက်ရာ စွမ်းအားတစ်ခုက ပျားအုံနှင့် အပြင်ဘက်ရှိ ပျားများကို လွှမ်းခြုံသွားလေတော့သည်။
[စိတ်စွမ်းအား - ၁၁၈ → ၁၀၈]
[ပျားအုံ → ပျားအုံကြီး (အဆင့် ၃)]
ပျားများ၏ အသွင်အပြင်မှာ သိမ်မွေ့စွာ ပြောင်းလဲသွားပြီး ပျားအုံမှာလည်း အရွယ်အစား နှစ်ဆ တိုက်ရိုက် ကြီးမားသွားချေပြီ။
"တစ်ခုလုံး တစ်ပြိုင်တည်း အဆင့်မြင့် အသွင်ကူးပြောင်းသွားတာလား။ အင်း... အလားအလာက ကုန်မသွားသေးဘူးဆိုတော့ ဆက်လုပ်ကြည့်ရအောင်"
သူက ဒုတိယအကြိမ် တိတ်တဆိတ် ရွတ်ဆိုလိုက်ပြန်သည်။
[စိတ်စွမ်းအား - ၁၀၈ → ၉၄]
[ပျားအုံကြီး → အပ်ကြီးပျားအုံ (အဆင့် ၄)]
အလားအလာမှာ ကုန်ခမ်းသွားခြင်း မရှိသေးသဖြင့် ရဲချီယန်က အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ကို အကျင့်ပါနေသည့်အတိုင်း ဆက်လက် ပြုလုပ်လိုက်လေ၏။
သို့သော် ထိုအချိန်တွင်ပင် ကောင်းမွန်သောအရာ တစ်ခုခု ဖြစ်ပေါ်လာတော့မည့်အလား ရှင်းပြ၍မရနိုင်သော ခံစားချက်တစ်ခု သူ၏ ရင်ထဲတွင် လှိုင်းထသွားလေတော့သည်။
[စိတ်စွမ်းအား - ၉၄ → ၆၁]
[အပ်ကြီးပျားအုံ → ဧရာမ အပ်ကြီးပျားအုံ (အဆင့် ၆)]
အဆင့် ၄ ကနေ အဆင့် ၆ ကို ခုန်တက်သွားတာလား။
အဲဒီ ခံစားချက်က ဘာကြီးလဲ။