အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇) လူပုံအလယ်သို့ ထွက်ပေါ်လာခြင်း
လင်မိသားစု၏ ကျယ်ဝန်းလှသော အိမ်ရှေ့ကွင်းပြင်အတွင်း၌ လင်မိသားစုဝင် အများအပြားနှင့်အတူ မြူတိမ်ဆောင်မှ အစွမ်းထက် ကျင့်ကြံသူအချို့ စုရုံးရောက်ရှိနေကြသည်။
ထိုအချိန်တွင် လူတိုင်းမှာ မိမိတို့နောက်ကျောဘက်မှ ထွက်ပေါ်လာသော စကားသံကြောင့် အံ့သြမှင်သက်သွားကြပြီး အသံလာရာဆီသို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိကြသည်။ ထိုစကားပြောလိုက်သူမှာ ပိန်ပါးသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် လူငယ်တစ်ဦးဖြစ်ပြီး သူတို့ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
“ချင်လဲ့”
“ဒါ အမှန်တကယ်ပဲ ချင်လဲ့ပါလား”
“သူ... သူ နောက်ဆုံးတော့ ပါးစပ်ဟပြီး စကားပြောပြီဟေ့”
လင်မိသားစုဝင် အများအပြားမှာ အံ့သြတုန်လှုပ်နေသော မျက်နှာများဖြင့် ဟစ်အော်လိုက်ကြသည်။ လူတိုင်းက ချင်လဲ့ကို ပထမဆုံးအကြိမ် တွေ့ဖူးသကဲ့သို့ ဖြစ်နေကြသည်။
လွန်ခဲ့သော ငါးနှစ်တာ ကာလပတ်လုံး ဤလူငယ်သည် အမြဲတမ်း လျစ်လျူရှုခံခဲ့ရပြီး လူအ,တစ်ယောက်ကဲ့သို့ နှိမ်ချဆက်ဆံခြင်းကိုသာ ခံခဲ့ရသည်။ သို့သော် လင်မိသားစု အတိဒုက္ခနှင့် ရင်ဆိုင်နေရချိန်တွင် သူသည် ပထမဆုံးအကြိမ်အဖြစ် မားမားမတ်မတ် ရပ်တည်လိုက်ပြီး တုကျောက်လန်ကို အပြင်းထန်ဆုံး စကားလုံးများဖြင့် ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
လင်ယွီရှီး၏ မျက်လုံးများမှာ ရုတ်တရက် ဝင်းလက်တောက်ပလာပြီး လက်ရှိအချိန်တွင် ချင်လဲ့ကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေမိသည်။ သူမ၏ နှလုံးသားတစ်ခုလုံးမှာလည်း အတိုင်းအဆမရှိ လှုပ်ခတ်သွားရသည်။
"ငါ့ရဲ့ အမှောင်မိုက်ဆုံး အချိန်တွေမှာ နင် နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီ။ နင့်ရဲ့ ကျောပြင်က ငါ့အတွက် တစ်ဖက်သတ် မားမားမတ်မတ် ရပ်တည်ပေးနေပြန်ပြီ" လင်ယွီရှီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ထိုပိန်ပါးသော ကျောပြင်သည် သူမ၏ စိတ်အစဉ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပြီ ဖြစ်သည်။
“သူပဲ... သူက တကယ်တော့ လူအ မဟုတ်ဘူး။ လူအ,ဆိုတာ... တကယ်တော့ ငါကိုယ်တိုင်ပဲ” လင်ရွှမ်းရွှမ်း၏ လှပပြီး အပြစ်ကင်းသော မျက်နှာထက်တွင် ဖော်ပြမရနိုင်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။ နောင်တ၊ အပြစ်ရှိစိတ်နှင့် မိမိကိုယ်ကိုယ် ရှက်ရွံ့စိတ်တို့မှာ ရောထွေးနေတော့သည်။
အံ့သြမှင်သက်နေသော အကြည့်ပေါင်းများစွာအောက်တွင် ချင်လဲ့သည် လမ်းဖယ်ပေးထားသော လင်မိသားစုဝင်များကြားမှ ကွင်းပြင်အလယ်သို့ လျှောက်လှမ်းလာပြီး တုကျောက်လန်၏ ရှေ့တွင် ရပ်လိုက်သည်။
သူ၏ မျက်လုံးများထဲရှိ အသက်မဲ့သော အကြည့်များ ပျောက်ကွယ်သွားပြီးနောက် ၎င်းနေရာတွင် ကြည်လင်တောက်ပသော အလင်းတန်းများ အစားထိုးဝင်ရောက်လာသည်။ ထူးခြားခန့်ညားသော သူ၏ မျက်နှာနှင့် ပေါင်းစပ်လိုက်သည့်အခါ လက်ရှိ ချင်လဲ့မှာ အနှိုင်းမဲ့ ခန့်ညားချောမောနေတော့သည်။ လူတိုင်းမှာ သူတို့၏ မျက်စိရှေ့တွင် တောက်ပသော အလင်းတန်းတစ်တန်း ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
“...သည်မ... နင် ဘယ်သူ့ကို လူအ,လို့ ခေါ်နေတာလဲ။ နင့်ရဲ့ တန်ဖိုးမရှိတဲ့ မျိုးစေ့နှစ်စေ့ကရော ဘယ်မှာလဲ” သူက အေးစက်စွာ ပြုံးရင်း တုဟန်နှင့် တုဖေးကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အမျက်ထွက်နေသော ထိုသားအမိ သုံးဦးကို လျစ်လျူရှုကာ သူက ဆက်ပြောလိုက်သည်။ “မျိုးမစစ်တွေက မွေးလာတဲ့ သားသမီးတွေက များသောအားဖြင့် ဦးနှောက်မဖွံ့ဖြိုးကြဘူးဆိုတဲ့ ကောလာဟလက အမှန်ပဲ ထင်တယ်”
သူ၏ စကားကြောင့် တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ ထိုသားအမိ သုံးဦးကို ကြည့်ရသည်မှာ ဒေါသကြောင့် လူရုပ်ပင် မပေါက်တော့ပေ။
“ဒီလောက်အထိ အဆိပ်ပြင်းတဲ့ ပါးစပ်... ဒါ တကယ်ပဲ ချင်လဲ့လား။ ဘုရားရေ... သူ ရူးသွားတာလား”
“သူက စကားပြောတတ်တာပဲဟ”
“ဒီကောင် တုဟိုင်ထျန်း ဒီမှာရှိနေတာကို သိရဲ့လား။ သူတော့ တကယ် ရူးသွားပြီ ထင်တယ်”
လူအများအပြားမှာ တိုးတိုးတိတ်တိတ် ဝေဖန်နေကြသည်။ စကားပြောတတ်သွားသော ချင်လဲ့နှင့် အကျွမ်းတဝင် မရှိသေးသဖြင့် လူတိုင်းမှာ အံ့သြမှင်သက်နေကြခြင်း ဖြစ်သည်။
“မင်းကို ငါ သတ်မယ်... မျိုးမစစ်ကောင်”
ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ အထိ ကျင့်ကြံထားသော တုဟန်၏ မျက်လုံးများမှာ ရုတ်တရက် နီရဲလာပြီး ဒေါသထွက်နေသော ခွေးရူးတစ်ကောင်ကဲ့သို့ ပြေးဝင်လာတော့သည်။
သူ၏ ညာဘက်လက်တွင် ရွှေရောင်အလင်းတန်းများ လှည့်ပတ်နေပြီး လက်ငါးချောင်းကို ငှက်တောင်ပံအလား ထူးဆန်းစွာ ကွေးလိုက်သည်။ ချင်လဲ့အနားသို့ ရောက်ခါနီးတွင် သူက ဟိန်းဟောက်လိုက်ရာ လှိုင်းထန်နေသော ဝိညာဉ်စွမ်းအင်များသည် စာကလေးခန့်ရှိသော ရွှေရောင်ဝိညာဉ်ငှက်တစ်ကောင်အဖြစ် ပေါင်းစည်းသွားပြီး ချင်လဲ့၏ ရင်ဘတ်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။
လင်ယွီရှီးမှာ စိတ်လွတ်သွားမတတ် ထိတ်လန့်သွားပြီး သတိပေးလိုက်မိသည်။ “ချင်လဲ့... သတိထား။ အဲဒီ ရွှေရောင်ဝိညာဉ်ငှက်က အဆင့်ငါး ဝိညာဉ်လက်နက်ပဲ။ လျိုရန်ရဲ့ ခြောက်မြှောင့်ဒိုင်းနဲ့ အဆင့်တူတူပဲ”
ရွှေရောင်ဝိညာဉ်ငှက်သည် တုဟိုင်ထျန်းက တုဟန်အတွက် ရှာဖွေပေးထားသော ဝိညာဉ်လက်နက် ဖြစ်သည်။ သာမန်အချိန်တွင် ၎င်းမှာ လက်ပတ်တစ်ကွင်းအလား တုဟန်၏ ညာဘက်လက်အင်္ကျီအတွင်း၌ ဝှက်ထားလေ့ရှိသည်။ တိုက်ပွဲအတွင်း သတိထားမိရန် ခက်ခဲပြီး ရန်သူကို မမျှော်လင့်ဘဲ အလစ်အငိုက် တိုက်ခိုက်နိုင်သော လက်နက်ဖြစ်သည်။
တုဟန်က ရွှေရောင်ဝိညာဉ်ငှက်ကို တိုက်ရိုက် စတင်အသုံးပြုလိုက်သဖြင့် လင်ယွီရှီးမှာ အလွန်စိုးရိမ်သွားရသည်။ ၎င်းလက်နက် မည်မျှ ကြောက်စရာကောင်းသည်ကို သူမ ကောင်းကောင်းသိသဖြင့် ချင်လဲ့ ဒုက္ခရောက်မည်အား ကြောက်နေမိသည်။
တုဟိုင်ထျန်း၏ တင်းမာလှသော မျက်နှာမှာလည်း ချင်လဲ့၏ စကားကြောင့် ဒေါသထွက်နေသော်လည်း သူ၏ အဆင့်အတန်းအရ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ခြင်း မပြုနိုင်ပေ။ တုဟန် ပြေးဝင်သွားသည်ကို မြင်ရသည့်အခါ သူသည် ရင်ထဲမှ ကျေနပ်နေပြီး တုဟန်အနေဖြင့် ချင်လဲ့ကို တစ်ခါတည်း သတ်ပစ်နိုင်ရန် မျှော်လင့်နေမိသည်။
အံ့သြစရာကောင်းသည်မှာ ရဲ့ရန်ချိုးသည်လည်း တုဟန်ကို တားဆီးခြင်း မပြုဘဲ ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေခြင်း ဖြစ်သည်။ သူက အခြေအနေကို ဆက်လက် လေ့လာချင်နေပုံရသည်။
သူ၏ အမြင်တွင် ချင်လဲ့သာ လင်ယွီရှီး ပြောသကဲ့သို့ နတ်ဆိုးဝံပုလွေတောင်တွင် အခြေအနေကို ပြောင်းလဲပေးနိုင်သူ အမှန်ဖြစ်ပါက တုဟန်၏ တိုက်ကွက်အား ကာကွယ်ရန် ခက်ခဲမည် မဟုတ်ပေ။
အကယ်၍ လင်ယွီရှီးက လိမ်နေသည်ဆိုလျှင် လင်မိသားစုတစ်ခုလုံးက သစ္စာဖောက်များသာ ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် ချင်လဲ့ အသတ်ခံရလည်း ထိုက်တန်သည်ဟု သူက ယူဆထားသည်။
“ဖျစ်... ဖျစ်... ဖျစ်”
လူတိုင်း၏ အကြည့်အောက်တွင် ချင်လဲ့ မြှောက်လိုက်သော ဘယ်ဘက်လက်ရှိ ရုပ်တုတွင် လျှပ်စီးတန်းများ စုစည်းလာပြီး ကြီးမားသော မိုးကြိုးကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
တုဟန်၏ ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ရွှေရောင်ငှက်သည် ထိုမိုးကြိုးကွန်ရက်ထဲသို့ တိုးဝင်သွားသည်နှင့် လျှပ်စီးများ၏ ထိမှန်မှုကို ခံရပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
တုဟန် တုံ့ပြန်ရန် အချိန်မရမီမှာပင် ချင်လဲ့သည် တုဟန်၏ ဘေးနားသို့ ရုတ်တရက် ရောက်ရှိလာပြီး မိုးကြိုးများ ရစ်ပတ်နေသော ညာလက်သီးဖြင့် တုဟန်၏ ရင်ဘတ်ကို အားရပါးရ ထိုးနှက်လိုက်တော့သည်။
တုဟန်၏ မျက်နှာမှာ အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး ဝိညာဉ်စွမ်းအင်များကို အသည်းအသန် ပြန်လည်စုစည်းလိုက်သည်။ သူသည် ချင်လဲ့၏ လက်သီးအား ခုခံရန်အတွက် သူ၏လက်ပေါ်တွင် ရွှေရောင်တိမ်တိုက် အနည်းငယ်ကိုသာ ဖန်တီးနိုင်လိုက်သည်။
“ဝုန်း”
လက်သီးချင်း ထိမိသံမှာ မိုးခြိမ်းလိုက်သကဲ့သို့ ကျယ်လောင်လှသဖြင့် လူတိုင်း၏ နားထဲတွင် တစီစီ မြည်သွားရသည်။
တုဟန်၏ လက်ပေါ်ရှိ ရွှေရောင်တိမ်တိုက်မှာ မိုးကြိုးဒဏ်ကြောင့် ချက်ချင်း ပေါက်ကွဲသွားပြီး ကြယ်ပွင့်လေးများအလား လွင့်စင်သွားတော့သည်။ အပြာရောင် လျှပ်စီးတန်းများသည် ပိုမို ပြင်းထန်လာပြီး တုဟန်၏ လက်သီးမှတစ်ဆင့် သူ၏ တစ်ကိုယ်လုံးသို့ လျှပ်စီးမြွေများအလား ရစ်ပတ်သွားတော့သည်။
၎င်းပြင် သူ၏ ခန္ဓာကိုယ်မှာ သံချပ်ကာ စစ်ရထားတစ်စင်းဖြင့် တိုက်မိလိုက်သကဲ့သို့ အနောက်သို့ လွင့်စင်သွားပြီး ခြေဖျားများပင် မြေကြီးနှင့် မထိတော့ပေ။
“ဘုတ်”
သူသည် မိမိကိုယ်ကိုယ် မထိန်းနိုင်ဘဲ တုဖေး၏ လူနာထမ်းစင် ဘေးနားအထိ လွင့်ထွက်သွားသည်။ သူသည် ထိုထမ်းစင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားပြီး ဒဏ်ရာရထားသော တုဖေးအား တိုက်မိလိုက်သဖြင့် တုဖေးမှာလည်း နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။
“ဒါ တကယ်ပဲ ချင်လဲ့လား။ ငါ့မျက်စိတွေများ မှားနေတာလား”
“ငါ မှတ်မိသေးတယ်... ငါ သူ့ကို လူအ,လို့ အမြဲ ဆဲခဲ့တာ။ သူ မကြားခဲ့ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်”
“ဘုရားရေ... ဒါက ချင်လဲ့ရဲ့ တကယ့်ရုပ်ပုံလွှာပဲလား”
လင်မိသားစုဝင် အားလုံးသည် ချင်လဲ့ကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ထူးဆန်းသော သတ္တဝါတစ်ကောင်အလား ဝိုင်းကြည့်နေကြသည်။
အထူးသဖြင့် လင်ရွှမ်းရွှမ်း ဖြစ်သည်။ သူမသည် ချင်လဲ့ကို ကြည့်ရင်း ရှုပ်ထွေးလှသော ခံစားချက်များဖြင့် သွားများအား တင်းတင်းကြိတ်ထားမိသည်။
ရဲ့ရန်ချိုးသည်လည်း ခေတ္တမျှ မှင်တက်သွားသည်။ ချင်လဲ့၏ အစွမ်းကြောင့် သူလည်း အံ့သြသွားရသဖြင့် လင်ယွီရှီး၏ စကားများသည် အမှန်တရား ဖြစ်နိုင်ကြောင်း သူ စတင် စဉ်းစားမိလာတော့သည်။
လူတိုင်း၏ အံ့သြနေသော အကြည့်အောက်တွင် ချင်လဲ့က ရပ်တန့်မသွားပေ။ သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်အလား တုဟန်ဆီသို့ ဆက်လက် ပြေးဝင်သွားသည်။ တုဟန် ဝိညာဉ်စွမ်းအင် ပြန်မစုစည်းနိုင်မီ ထိုနေရာတွင်ပင် အသေသတ်ရန် ကြံစည်နေပုံရသည်။
ဤကဲ့သို့ ပြင်းထန်၊ ကြမ်းတမ်းပြီး ရူးသွပ်လှသော အရှိန်အဝါကြောင့် လူတိုင်း၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားရသည်။
ချင်လဲ့ တိုက်ခိုက်မှု မစတင်မီက သူသည် နူးညံ့သိမ်မွေ့ပြီး မိန်းကလေးတစ်ယောက်ကဲ့သို့ အားနည်းပုံ ပေါက်နေခဲ့သည်။
သို့သော် သူ တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် သူသည် ကြမ်းတမ်းလှသော ရှေးဦးသားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရသည်။ ထိုသို့သော ကြမ်းတမ်းရူးသွပ်မှု၊ မိုးခြိမ်းသံများနှင့် လျှပ်စီးတန်းများသည် သူ၏ အားနည်းသော ပထမအထင်အမြင်နှင့် အလွန်အမင်း ကွဲပြားလွန်းသဖြင့် လူတိုင်း မှင်တက်နေကြရခြင်း ဖြစ်သည်။
သူတို့သည် စောစောက အေးဆေးတည်ငြိမ်နေသော ချင်လဲ့နှင့် ယခု ကြမ်းတမ်းနေသော ချင်လဲ့မှာ လူတစ်ယောက်တည်း ဟုတ်ပါ့မလားဟုပင် သံသယဝင်လာကြတော့သည်။
“မျိုးမစစ်လေး။ မင်း သေချင်နေတာပဲ”
ချင်လဲ့ ပြေးဝင်လာသည်ကို မြင်ရသည့်အခါ တုကျောက်လန်၏ ဆံပင်များမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံလာသည်။ သူမက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ခရမ်းရောင် အလင်းတန်းများ ပေါ်ထွက်လာကာ ချင်လဲ့အား သတ်ရန် ပြင်လိုက်သည်။
၎င်းကို မြင်သည့်အခါ လင်ချန်ယဲ့က အော်ဟစ်လိုက်ပြီး တုကျောက်လန်ဆီသို့ ပြေးဝင်သွားသည်။
တုဟိုင်ထျန်း၏ မျက်နှာမှာလည်း ယုတ်မာသောအပြုံးနှင့်အတူ အေးစက်နေပြီး သူကိုယ်တိုင် ဝင်ပါရန် ပြင်လိုက်သည်။
လင်ယွီရှီး၊ လင်ရွှမ်းရွှမ်း၊ လင်ချန်ကျိနှင့် ကျန်လင်မိသားစုဝင်များမှာလည်း အော်ဟစ်လိုက်ကြသဖြင့် တစ်ကွင်းလုံး ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်လုနီးပါး ဖြစ်သွားရသည်။
“အားလုံး ရပ်စမ်း”
ထိုအချိန်တွင် ရဲ့ရန်ချိုး၏ ရက်စက်ပြီး အေးစက်လှသော အသံ ဟိန်းထွက်လာသည်။ သူသည် သရဲတစ်ကောင်အလား ချင်လဲ့၏ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ချင်လဲ့၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် သူက တုဟိုင်ထျန်းကို အကြည့်စူးစူးဖြင့် စိုက်ကြည့်လိုက်သည်။
ထိုလက်များ သူ၏ ပုခုံးပေါ်သို့ ရောက်လာသည်နှင့် ချင်လဲ့သည် ကြီးမားသော တောင်ကြီးတစ်လုံးက သူ့ကို ဖိထားသကဲ့သို့ ခံစားလိုက်ရပြီး ခြေထောက်များမှာလည်း ခဲဆွဲထားသကဲ့သို့ လေးလံသွားကာ လှုပ်ရှားမရတော့ပေ။ ထို့ကြောင့် သူသည် တုဟန်ကို လိုက်လံတိုက်ခိုက်ခြင်းအား လက်လျှော့လိုက်ရတော့သည်။
သူသည် တုဟန်၏ ဘေးတွင် ရပ်နေသော အနက်ရောင် ပန်းပဲပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ခါးကုန်းကုန်း အလတ်တန်းစား လူကြီးကို အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။
ချင်လဲ့သည် စောစောက လူအုပ်ကြားထဲတွင် ပုန်းအောင်းနေရင်း အခြေအနေကို အေးဆေးစွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ တုကျောက်လန်၏ ဘေးတွင် နောက်ထပ် ပန်းပဲပညာရှင်တစ်ဦး ရှိနေသည်ကို သူ တွေ့လိုက်ရသဖြင့် ဤလူသည် ဆေးတောင်က ဝင်္ကပါအား ဖျက်ဆီးခဲ့သူ ဖြစ်ရမည်ဟု သူ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် တုမိသားစုအပေါ် အလွန်အမင်း ရွံရှာသွားခဲ့ရသည်။
နောက်ပိုင်းတွင် တုမိသားစု၏ မဟုတ်မတရား စွပ်စွဲမှုများကြောင့် လင်ယွီရှီး၏ မျက်လုံးများ နီမြန်းလာသည်ကို မြင်ရသည့်အခါ သူသည် ဝမ်းနည်းကြေကွဲမှုနှင့်အတူ ရင်ထဲက ဒေါသအား မထိန်းနိုင်တော့ပေ။ နောက်ဆုံးတွင် သူသည် ထပ်မံ အောင့်အည်းမထားနိုင်တော့ဘဲ လက်စားချေသည့်အနေဖြင့် တုမိသားစုကို ပြန်လည် စော်ကားလိုက်ခြင်း ဖြစ်သည်။
တုဟန်က သူ့ကို ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ၎င်းက သူ၏ ရင်ထဲက ဒေါသကို လုံးဝ ပေါက်ကွဲသွားစေခဲ့ခြင်း ဖြစ်သည်။
“ဘယ်သူပဲ လှုပ်လှုပ်... စည်းကမ်းထိန်းသိမ်းရေးဌာနက အပြစ်ပေးတာကို ခံရမယ်” ရဲ့ရန်ချိုးက အေးစက်စွာ အော်ဟစ်လိုက်သည်။
စည်းကမ်းထိန်းသိမ်းရေးဌာန ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော အခြေအနေမှာ အံ့သြဖွယ်ကောင်းလောက်အောင် ချက်ချင်း ငြိမ်သက်သွားတော့သည်။
လင်ချန်ယဲ့တို့အဖွဲ့သာမက တုဟိုင်ထျန်းကိုယ်တိုင်ပင် နောက်သို့ ဆုတ်သွားရပြီး သူ၏ မျက်နှာမှာ ဒေါသကြောင့် တုန်ရီနေသော်လည်း မည်သူမှ မိုက်ရူးရဲဆန်စွာ မလှုပ်ရှားရဲကြတော့ပေ။
“လင်မိသားစုနဲ့ တုမိသားစုကြားက ပြဿနာတွေကို ငါ စိတ်မဝင်စားသလို ဂရုလည်း မစိုက်ဘူး” အခြေအနေ ငြိမ်သက်သွားပြီးနောက် ရဲ့ရန်ချိုးက အော်ပြောလိုက်သည်။ သူက မျက်မှောင်ကြုတ်လျက် နှစ်ဖက်စလုံးကို အေးစက်စွာ ကြည့်ကာ ဆက်ပြောသည်။ “ငါ ဒီကို လာရတဲ့ အကြောင်းရင်းက လင်မိသားစုဟာ ရေခဲပြင်နန်းတော်နဲ့ ပူးပေါင်းပြီး မြူတိမ်ဆောင်ကို သစ္စာဖောက်သလား ဆိုတာကို စုံစမ်းဖို့ပဲ”
သူ စကားပြောနေစဉ် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ကျင့်ကြံသူများသည် လူစုခွဲလိုက်ကြပြီး သူတို့၏ အကြည့်များဖြင့် မည်သူမျှ မလှုပ်ရှားရန် သတိပေးနေကြသည်။
လူအုပ်ကြီးမှာလည်း မိမိတို့နေရာသို့ ပြန်သွားကြပြီး လင်မိသားစုနှင့် တုမိသားစုမှာလည်း တစ်ဖက်နှင့်တစ်ဖက် ထပ်မံ တိုက်ခိုက်၍မရအောင် ခွဲထုတ်ခြင်း ခံလိုက်ရသည်။
ကွင်းပြင်အလယ်တွင် ချင်လဲ့နှင့် ရဲ့ရန်ချိုးတို့သာ ကျန်ရစ်တော့သည်။
ရဲ့ရန်ချိုးက ချင်လဲ့၏ ပုခုံးကို ကိုင်ထားဆဲ ဖြစ်သဖြင့် ချင်လဲ့မှာ လှုပ်ရှား၍မရသေးပေ။ ထိုစဉ် သူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “တော်ပြီ... ကျွန်တော် ထပ်မတိုက်တော့ဘူး။ လွှတ်ပေးတော့”
ထိုအချိန်တွင် တုဟန်မှာ ပြန်လည် ထရပ်လိုက်သည်။ သူ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေပြီး ချင်လဲ့ကို ရန်ငြိုးရန်စများ၊ မုန်းတီးမှုများဖြင့် အကြည့်စူးစူး စိုက်ကြည့်နေတော့သည်။
ရဲ့ရန်ချိုးသည် ချင်လဲ့ကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် လက်အား လွှတ်ပေးလိုက်ကာ အေးစက်စွာ မေးလိုက်သည်။ “ရေခဲပြင်နန်းတော်ရဲ့ တံဆိပ်ပါတဲ့ ဒီ သွေးကြောတစ်ရာဆေးလုံးတွေနဲ့ ပင်လယ်ဖွင့်ဆေးလုံးတွေဟာ တကယ်ပဲ မင်းရဲ့ ပစ္စည်းတွေလား။ ဒါမှမဟုတ် လင်မိသားစု ခေါင်းဆောင်ရဲ့ ပစ္စည်းတွေလား”
“ကျွန်တော့်ဟာတွေပါ” ချင်လဲ့က ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
“မင်း ဒါတွေကို ဘယ်ကရတာလဲ” ရဲ့ရန်ချိုးက ဆက်မေးသည်။
“အာတိတ်တောင်တန်းထဲက ချိုင့်ဝှမ်းတစ်ခုထဲမှာပါ။ ရေခဲပြင်နန်းတော်က လူတချို့ကို သတ်ပြီး တိုက်ပွဲကနေ ရလာတဲ့ ပစ္စည်းတွေပါ” ချင်လဲ့က ဖြေလိုက်သည်။
“မင်းမှာ သက်သေရှိလား” ရဲ့ရန်ချိုးက မျက်လုံးများကို မှေးကြည့်ကာ မေးလိုက်သည်။
ချင်လဲ့က မျက်မှောင်ကြုတ်လျက် ခဏတာ စဉ်းစားလိုက်သည်။ ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး သူ၏ ရင်ဘတ်ထဲမှ မြူတိမ်ပုံစံပါသော အဝိုင်းပုံ ကျောက်စိမ်းပြားကို ထုတ်ယူကာ ရဲ့ရန်ချိုးထံသို့ ပေါ့ပေါ့ပါးပါးပင် ကမ်းပေးလိုက်သည်။ ၎င်းက အလုပ်ဖြစ်ပါ့မလားဟု မသေချာသဖြင့် သူက မေးလိုက်သည်။ “ဒါက သက်သေပြဖို့ လုံလောက်လား”
အခန်း (၄၈) မြူတိမ်တံဆိပ်ပြား
ချင်လဲ့သည် ဤမြူတိမ်ကျောက်စိမ်းပြားကို တုကျဲထံမှ စောစောပိုင်းက ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က တုကျဲက သူ့ကို အသေအချာ ပြောပြခဲ့သည်မှာ ဤကျောက်စိမ်းတံဆိပ်ပြား ရှိရုံနှင့် မြူတိမ်ဆောင်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရမည်ဖြစ်ပြီး အမာခံအဖွဲ့ဝင်တစ်ဦး ချက်ချင်း ဖြစ်လာနိုင်သည်ဟု ဆိုသည်။
ဤတံဆိပ်ပြားရှိလျှင် လင်ရွှမ်းရွှမ်း သို့မဟုတ် လင်ယွီရှီးတို့ကဲ့သို့ အသက်နှစ်ဆယ်မပြည့်မီ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်သို့ ရောက်ရှိရန် ကြိုးစားစရာမလိုဘဲ မြူတိမ်ဆောင်သို့ ဝင်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
ထိုအချိန်က တုကျဲက နောက်ထပ် ဖြည့်စွက်ပြောခဲ့သည်မှာ နောင်တစ်ချိန်တွင် ချင်လဲ့အနေဖြင့် မြူတိမ်ဆောင်သို့ ရောက်ရှိလာပြီး ဤကျောက်စိမ်းပြားကို ထုတ်ပြသည့်အခါ သူတို့က ၎င်းကို ပြန်လည်သိမ်းဆည်းကောင်း သိမ်းဆည်းနိုင်သည်ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ဤကျောက်စိမ်းပြားသည် ကိုယ်ပိုင် သမိုင်းကြောင်းအနည်းငယ် ရှိနိုင်သည်မှာ ထင်ရှားလှသည်။
ချင်လဲ့အနေဖြင့် သူနှင့် တုကျဲတို့အဖွဲ့ ရေခဲပြင်နန်းတော်မှ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည့် စွန့်စားခန်းမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း သက်သေပြရန်မှာ သူ၏စကားများသာ ရှိပေသည်။ သူစဉ်းစားမိသမျှ တစ်ခုတည်းသော သက်သေမှာလည်း ဤကျောက်စိမ်းပြားသာ ဖြစ်နေတော့သည်။
အမှန်စင်စစ် သူကိုယ်တိုင်လည်း ဤကျောက်စိမ်းပြားက တစ်စုံတစ်ယောက်ကို အမှန်တကယ် ယုံကြည်လာအောင် ဆွဲဆောင်နိုင်ပါ့မလားဆိုသည်ကို မသေချာပေ။ ထို့ကြောင့် ၎င်းကို ရဲ့ရန်ချိုးထံ ကမ်းပေးလိုက်ပြီးနောက် သူ၏ရင်ထဲတွင် သံသယအချို့ ရှိနေခဲ့သည်။
ထို့ကြောင့် သူသည် ရဲ့ရန်ချိုး၏ တုံ့ပြန်မှုကို အနီးကပ် စောင့်ကြည့်နေမိသည်။
ရဲ့ရန်ချိုးမှာ အစဉ်သဖြင့် တင်းမာပြီး အေးစက်သူတစ်ဦး ဖြစ်သည်။ သူသည် ကျောက်စိမ်းပြားကို ပေါ့ပေါ့ပါးပါးပင် လက်ခံလိုက်ပြီးနောက် အနီးကပ်ကြည့်ရှုရန် ရှေ့သို့ငုံ့လိုက်စဉ်မှာပင် ရုတ်တရက် မှင်တက်သွားတော့သည်။
သူ၏လက်ထဲတွင် ကျောက်စိမ်းပြားကို ကိုင်ထားရင်း သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားပုံရပြီး မည်သည့်အသံမျှ မထွက်ဘဲ အတန်ကြာအောင် မလှုပ်မယှက် ရပ်နေမိသည်။
လင်မိသားစုဝင်များမှာလည်း စိုးရိမ်တကြီးဖြင့် ရဲ့ရန်ချိုးကို စောင့်ကြည့်နေကြသည်။ သူတို့အားလုံးမှာ အသက်ကိုအောင့်ထားကြပြီး ချင်လဲ့အနေဖြင့် လင်မိသားစုမှာ အပြစ်မရှိကြောင်းနှင့် ရေခဲပြင်နန်းတော်နှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်း သက်သေပြနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
လင်ချန်ယဲ့၊ လင်ယွီရှီး၊ လင်ရွှမ်းရွှမ်းနှင့် ကျန်ရှိသူအားလုံး၏ အကြည့်များမှာ ရဲ့ရန်ချိုးထံတွင်သာ စုပြုံကျရောက်နေပြီး အတူတူပင် စိုးရိမ်ပူပန်နေကြရသည်။
“ဆရာကြီး...”
အချိန်အတန်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမျှ မရှိသဖြင့် ရဲ့ရန်ချိုး၏ လက်အောက်ခံ ခန်းမသခင်တစ်ဦးက တိုးတိုးလေး ခေါ်လိုက်မိသည်။
ထိတ်လန့်ခြင်းနှင့် သံသယဖြစ်ဖွယ် အကြည့်များကြားတွင် ရဲ့ရန်ချိုးမှာ နောက်ဆုံး၌ သတိပြန်ဝင်လာသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် ကျောက်စိမ်းပြားကို တုဟိုင်ထျန်းရှိရာဘက်သို့ စကားတစ်လုံးမျှ မဆိုဘဲ မြှောက်ပြလိုက်သည်။ ထိုကျောက်စိမ်းပြားပေါ်ရှိ မြူတိမ်ပုံစံကို သူတို့ မြင်တွေ့နိုင်ရန် ပြသလိုက်ခြင်း ဖြစ်သည်။
တုဟိုင်ထျန်းသည် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ၏မျက်နှာထားမှာ ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားပြီး ဟစ်အော်လိုက်သည်။
“မြူတိမ်တံဆိပ်ပြားလား။ မဖြစ်နိုင်တာ။ ဒါက ဘယ်လိုလုပ် မြူတိမ်တံဆိပ်ပြား ဖြစ်နိုင်မှာလဲ”
မြူတိမ်တံဆိပ်ပြားဆိုသည့် စကားလုံး ထွက်ပေါ်လာသည်နှင့် မြူတိမ်ဆောင်မှ ကျင့်ကြံသူတိုင်း အံ့အားသင့်သွားကြရသည်။ အလွန်အမင်း အံ့သြတုန်လှုပ်နေသော အကြည့်ပေါင်းများစွာမှာ ချင်လဲ့ထံသို့ ချက်ချင်း ရောက်ရှိလာတော့သည်။
မြူတိမ်ဆောင်မှ ကျင့်ကြံသူတိုင်းမှာ မြူတိမ်တံဆိပ်ပြား၏ မူလဇစ်မြစ်နှင့် ၎င်းက မည်သည်ကို ကိုယ်စားပြုကြောင်း အသေအချာ သိကြသည်။
မြူတိမ်တံဆိပ်ပြားများကို မြူတိမ်ဆောင်၏ အရှင်သခင်ဟောင်း တုရှီရှုံ၏ တောင်းဆိုချက်အရ အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် နှစ်ခုသာ တည်ရှိသည်။ သူသည် ၎င်းတို့ကို သူ၏သားနှစ်ယောက်အတွက် အထူး ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်။
တုရှီရှုံသည် မြူတိမ်ဆောင်ကို သူ၏လက်ဖြင့် အစမှအဆုံး တည်ဆောက်ခဲ့သူဖြစ်ပြီး လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် အမှောင်အသူရာ နန်းဆောင်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။
ယခင်က သူ မြူတိမ်ဆောင်ကို ပထမဆုံးအကြိမ် စွန့်ခွာပြီး အမှောင်အသူရာ နန်းဆောင်သို့ သွားရောက်စဉ်က သူ၏သားကြီး တုမိုသာ ရှိသေးသည်။ သူ၏ဇနီးမှာ ကျင့်ကြံမှုအဆင့် နိမ့်ပါးသဖြင့် သူနှင့်အတူ အမှောင်အသူရာ နန်းဆောင်သို့ လိုက်မသွားနိုင်ခဲ့ပေ။ ထို့ကြောင့် သူ၏ဇနီးနှင့် တုမိုကို မြူတိမ်ဆောင်၌သာ ထားခဲ့ရသည်။
သူသည် အမှောင်အသူရာ နန်းဆောင်အတွက် နှစ်ပေါင်းများစွာ အသက်စွန့် အမှုထမ်းခဲ့သည်။ သူသည် အောက်ပိုင်းစစ်မြေပြင်တွင် သေသည်အထိ တိုက်ပွဲဝင်ခဲ့သည်ဟူသော ကောလာဟလများပင် ထွက်ပေါ်ခဲ့ဖူးသည်။
ထိုအချိန်က တုမိုမှာ ငယ်ရွယ်သေးသဖြင့် မြူတိမ်ဆောင်ကို မထိန်းကျောင်းနိုင်ခဲ့ဘဲ အရှင်သခင်ရာထူးမှာ လစ်လပ်နေခဲ့သည်။
ထို့ပြင် တုရှီရှုံ တိုက်ပွဲတွင် ကျဆုံးသွားပြီဟူသော ကောလာဟလများကြောင့် မြူတိမ်ဆောင်အတွင်း၌ အရှင်သခင်ရာထူးအား ရယူရန် ကြိုးပမ်းမှုများနှင့် အန္တရာယ်များစွာ ပေါ်ပေါက်ခဲ့ပြီး တုမို၏ အသက်ကိုပင် ရန်ရှာခဲ့ကြသည်။
နောက်ပိုင်းတွင် တုရှီရှုံမှာ အောက်ပိုင်းစစ်မြေပြင်မှ အသက်ရှင်ရုံသာမက တပ်မှူးရာထူးကိုပင် ရရှိခဲ့သည်။ ထို့နောက် သူသည် မြူတိမ်ဆောင်သို့ ချက်ချင်း ပြန်လာပြီး သူ့အား သစ္စာဖောက်သူ အားလုံးကို သတ်ဖြတ်လိုက်သည်။ ထို့နောက်တွင် သူသည် မြူတိမ်ဆောင်၌ ခေတ္တမျှ နေထိုင်ခဲ့ရာမှ သူ၏ဒုတိယသား တုကျဲကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
တုကျဲကို မွေးဖွားခြင်းမှာ တုရှီရှုံအတွက် အတိုင်းထက်အလွန် ဝမ်းမြောက်စရာ ဖြစ်ခဲ့ပြီး အမှောင်အသူရာ နန်းဆောင်မှ ပန်းပဲပညာရှင်တစ်ဦးကို မြူတိမ်တံဆိပ်ပြား နှစ်ခု ပြုလုပ်စေကာ သူ၏သားများအား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဤထူးခြားလှသော မြူတိမ်တံဆိပ်ပြား နှစ်ခုမှာ သူ၏သားများအပေါ်ထားရှိသည့် ကြီးမားသော မေတ္တာတရားများနှင့် ပြည့်နှက်နေသည်။ ဤတံဆိပ်ပြားမှာ မြူတိမ်ဆောင်၏ အထူးကျင့်စဉ်များအား လေ့ကျင့်သူများအတွက် စွမ်းအားတိုးမြှင့်ပေးနိုင်ရုံသာမက သူ၏အရှိန်အဝါကိုလည်း ကိုယ်စားပြုပြီး မြူတိမ်ဆောင်တွင် ပြိုင်ဘက်ကင်းသော အဆင့်အတန်း၏ အမှတ်အသားလည်း ဖြစ်သည်။ ၎င်းမှာ မြူတိမ်ဆောင်အောက်ရှိ သစ္စာမရှိသော ကျင့်ကြံသူများအတွက် ခြောက်လှန့်သည့် လက်နက်တစ်ခုလည်း ဖြစ်ပေသည်။
လက်ရှိအချိန်သို့ ပြန်ကြည့်လျှင် သူ၏သားကြီး တုမိုမှာ ဝိညာဉ်ပေါက်ဖွားခြင်းအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဝိညာဉ်ထင်ရှားခြင်းအဆင့်သို့ တက်လှမ်းရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။ ၎င်းပြင် သူသည် မြူတိမ်ဆောင်၏ အရှင်သခင်အဖြစ် အခိုင်အမာ ရပ်တည်နေနိုင်သည်မှာ အတန်ကြာပြီဖြစ်သဖြင့် မြူတိမ်တံဆိပ်ပြားကို အသုံးမပြုတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ဤမြူတိမ်တံဆိပ်ပြားမှာ အုပ်ချုပ်သူ၏ အမှတ်အသားတစ်ခုမျှသာ ဖြစ်လာခဲ့သည်။
တုမိုနှင့် တုကျဲတို့သာလျှင် မြူတိမ်တံဆိပ်ပြားကို ပိုင်ဆိုင်ကြပြီး ၎င်းမှာ ထိုညီအစ်ကို နှစ်ယောက်၏ ထူးခြားသော ကိုယ်စားပြုမှုလည်း ဖြစ်သည်။ သူတို့က တစ်စုံတစ်ယောက်ကို ခိုင်းစေလိုလျှင် ဤတံဆိပ်ပြားကို ပြသလိုက်ရုံဖြင့် အရာအားလုံး ပြီးမြောက်ပေသည်။
ယခုအခါ တုမိုမှာ မြူတိမ်ဆောင်၏ အရှင်သခင် ဖြစ်နေပြီဖြစ်သဖြင့် မြူတိမ်တံဆိပ်ပြားကို အရှင်သခင်၏ အမိန့်ပေးတံဆိပ်ပြားဟုလည်း လူသိများလာခဲ့သည်။
“ငါ အသေအချာ စစ်ဆေးပြီးပြီ။ ဒါက တကယ်ပဲ မြူတိမ်တံဆိပ်ပြားပဲ” ရဲ့ရန်ချိုးသည် တုဟိုင်ထျန်း၏ ဟစ်အော်သံများကို လျစ်လျူရှုလိုက်ပြီး ဝမ်းသာအားရ ဖြစ်နေကြသော လင်မိသားစုဝင်များကြားတွင် ချင်လဲ့အား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အေးစက်သော မျက်လုံးများမှာလည်း နောက်ဆုံးတွင် ပျော့ပျောင်းသွားသည်။ “ဒီမြူတိမ်တံဆိပ်ပြားက တုကျဲရဲ့ ပစ္စည်းပေါ့ ဟုတ်လား။ သူက မင်းကို သူ့ရဲ့ မြူတိမ်တံဆိပ်ပြားကို ငှားပေးတယ်ဆိုရင်တော့ ဒါဟာ မင်းနဲ့ ရေခဲပြင်နန်းတော်ကြားမှာ ဘာပတ်သက်မှုမှ မရှိနိုင်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။ မင်းပြောတဲ့ စကားတွေက အမှန်တရားဖြစ်ပြီး အဲဒီ ဝိညာဉ်ဆေးလုံးတွေဟာ တကယ်ပဲ ရေခဲပြင်နန်းတော်က ကျင့်ကြံသူတွေဆီက ရလာတဲ့ ပစ္စည်းတွေ ဖြစ်ရမယ်”
ထိုစကားများ ရဲ့ရန်ချိုး၏ ပါးစပ်မှ ထွက်လာသည်နှင့် လင်မိသားစုဝင် အားလုံးမှာ စိတ်သက်သာရာရသွားသော မျက်နှာများ ဖြစ်သွားကြသည်။ နောက်ဆုံးတွင်တော့ သူတို့၏ စိုးရိမ်ပူပန်မှုများမှာ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။
ချင်လဲ့၏ ရင်ထဲတွင်လည်း အံ့သြမှုများ ဖြစ်ပေါ်လာသည်။ တုကျဲ ပေးခဲ့သော ဤကျောက်စိမ်းပြားက ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ၎င်းက ရဲ့ရန်ချိုး၏ သံသယအားလုံးကို မျက်စိတစ်မှိတ်အတွင်း လုံးဝ ကင်းစင်သွားစေခဲ့သည်။
လက်ရှိအချိန်အထိ သူသည် မြူတိမ်တံဆိပ်ပြားက အမှန်တကယ် မည်သည်ကို ကိုယ်စားပြုကြောင်း မသိသေးပေ။
“ဆရာကြီး... ကျွန်တော် တစ်ခု သတိရသွားပြီ” ရဲ့ရန်ချိုး၏ လက်အောက်ခံ ခန်းမသခင်တစ်ဦး၏ မျက်လုံးများမှာ ဝင်းလက်လာပြီး ရုတ်တရက် ပြောလိုက်သည်။ “မကြာခင်က ကျွန်တော် အကြီးအကဲ ဟန်ဆီကို သွားလည်တုန်းက သူပြောတာ ကြားခဲ့ရတယ်။ အာတိတ်တောင်တန်းထဲမှာ လင်မိသားစုက လူငယ်တစ်ယောက်က ရေခဲပြင်နန်းတော်က ယန်ကျီချန်းရဲ့ လက်ထဲကနေ သူ့သား ဟန်ဖုန်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တယ်တဲ့။ သူက အဲဒီအတွက် အကျိုးပြုမှတ် ၁၂၀၀ တောင် ဆုချခံခဲ့ရသေးတယ်။ ဆရာကြီး သိတဲ့အတိုင်း ဟန်ဖုန်းနဲ့ တုကျဲတို့က အမြဲတမ်း ပေါင်းကြတာလေ၊ သူတို့က အပြင်ကို အတူတူ အမဲလိုက် ထွက်လေ့ရှိကြတယ်...”
“ဆရာကြီး... ကျွန်တော့်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်မိတာလေး ရှိပါတယ်။ ခန်းကျိ ပြောတာကို ကြားခဲ့ဖူးတယ် ထင်တယ်” နောက်ထပ် တစ်ဦးကလည်း သူ၏ အမြင်ကို ပြောလိုက်သည်။
ရဲ့ရန်ချိုးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ချင်လဲ့ကို အကဲခတ်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။ “မင်းက အဲဒီ လင်လဲ့ ဆိုတဲ့ တစ်ယောက်ပေါ့၊ ဟုတ်လား”
ချင်လဲ့က အေးစက်စွာ ပြုံးရင်း ခေါင်းညိတ် အတည်ပြုလိုက်သည်။
သူ၏ နောက်ဘက်တွင် ရှိနေသော လင်ချန်ကျိနှင့် လင်ရွှမ်းရွှမ်းတို့မှာ ဤသတင်းကို ကြားရသည့်အခါ ပြောမပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ မျက်လုံးများမှာ ဝင်းလက်လာပြီး ချင်လဲ့၏ ကျောပြင်ကို စိုက်ကြည့်နေမိကြတော့သည်။
မြူတိမ်ဆောင်၏ ကင်းစောင့်များက သူတို့ကို အိမ်ရှေ့တံခါးပင် ဝင်ခွင့်မပေးဘဲ တမင်သက်သက် ဒုက္ခပေးခဲ့သည့် နေ့အား သူတို့ မှတ်မိနေဆဲ ဖြစ်သည်။ လင်ရွှမ်းရွှမ်းမှာလည်း သူတို့၏ နှောင့်ယှက်မှုကို အတော်ကြာအောင် ခံခဲ့ရသည်။
ထိုအရေးကြီးသော အချိန်တွင် လင်လဲ့ဆိုသည့် နာမည်ကသာ သူတို့ကို ထိုဘေးဒုက္ခမှ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ခန်းကျိသည် လင်လဲ့အတွက် သူ၏ ကိုယ်ပိုင်ကင်းစောင့်များကို ရိုက်နှက်ပြီး အရှက်ခွဲခဲ့သည်။
အကြီးအကဲ ဟန်ချင်းယွီသည် လင်လဲ့ကြောင့် သူတို့အား လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ပြီး လင်မိသားစု၏ နှစ်နှစ်စာ အခွန်ကိုပင် ကင်းလွတ်ခွင့် ပေးခဲ့သည်။
သူတို့ မြူတိမ်ဆောင်မှ ပြန်ရောက်ကတည်းက မိသားစုတစ်ခုလုံးမှာ ဤလျှို့ဝှက်ဆန်းပြားလှသော လင်လဲ့ကို ရှာဖွေနေခဲ့ကြသည်။ ကံမကောင်းစွာဖြင့် သူတို့ ရှာတွေ့ခဲ့သည်မှာ အိပ်ရာထဲ လဲနေသော လင်လဲ့သာ ဖြစ်သည်။
သူတို့သည် ချင်လဲ့ကို သံသယဝင်ခဲ့ဖူးသော်လည်း မိမိတို့၏ ထင်မြင်ချက်မှာ ရယ်စရာကောင်းလှသည်ဟု ယူဆကာ ချက်ချင်းပင် ပယ်ဖျက်ခဲ့ကြသည်။ မြူတိမ်ဆောင်က တစ်စုံတစ်ခု မှားယွင်းသွားခြင်းသာ ဖြစ်မည်ဟု သူတို့ ယူဆထားကြပြီး ၎င်း၏ နောက်ဆက်တွဲ ရလဒ်အတွက်ပင် စိုးရိမ်နေခဲ့ကြသည်။
ယခုအခါ ရဲ့ရန်ချိုးနှင့် ကျန်မြူတိမ်ဆောင် ကျင့်ကြံသူများ၏ ရှင်းပြချက်ကို ကြားလိုက်ရပြီး မြူတိမ်တံဆိပ်ပြားနှင့် ချင်လဲ့၏ အေးစက်သော အပြုံးအား မြင်တွေ့လိုက်ရသည့်အခါ လင်မိသားစုကို အတိဒုက္ခမှ ကယ်တင်ပေးခဲ့သူမှာ ချင်လဲ့မှတစ်ပါး အခြားသူမဟုတ်ကြောင်း သူတို့ နောက်ဆုံး၌ နားလည်သွားကြတော့သည်။
ညီအစ်မ နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် အရောင်များ တောက်ပလာသည်။ သူမတို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး လင်ရွှမ်းရွှမ်း၏ မျက်လုံးများမှာမူ အနည်းငယ်ပင် နီမြန်းလာတော့သည်။
အခြားတစ်ဖက်တွင်မူ တုမိသားစုမှ တုဟိုင်ထျန်းနှင့် တုကျောက်လန်တို့၏ မျက်နှာများမှာ မည်းမှောင်နေပြီး သူတို့သည် ချင်လဲ့ကို နေ့ခင်းကြောင်တောင် သရဲမြင်လိုက်ရသကဲ့သို့ အံ့သြထိတ်လန့်သော အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့ မည်မျှပင် ကြံစည်ပါစေ သူတို့ နှိမ်ချဆက်ဆံခဲ့သော လူအ,က ဤကဲ့သို့ အရေးကြီးသော အချိန်တွင် သတိပေးချက်မရှိဘဲ ပေါ်လာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။ ၎င်းပြင် သူသည် သူတို့၏ စွပ်စွဲချက်များကို ချေဖျက်ပေးလိုက်ရုံသာမက မြူတိမ်ဆောင်ရှိ အရှိန်အဝါ အကြီးမားဆုံးသော တုမိသားစုနှင့်လည်း မည်သို့မျှ မသိဘဲ ပတ်သက်နေသဖြင့် လင်မိသားစု ပျက်စီးလုနီးပါး အခြေအနေမှ လုံးဝ ပြောင်းလဲသွားစေခဲ့သည်။
“နတ်ဆိုးဝံပုလွေတောင်က ကိစ္စနဲ့ ပတ်သက်ရင်တော့...” ချင်လဲ့၏ အသံမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ သူသည် ရဲ့ရန်ချိုး၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ စကားကို မယုံကြည်ဘူးဆိုရင် လျိုရန်ရဲ့ အစီရင်ခံစာအတွက် နောက်ထပ် ငါးရက် ခြောက်ရက်လောက် စောင့်ပေးပါ။ သူ မြူတိမ်ဆောင်ကို ရောက်ဖို့ အများဆုံး ခြောက်ရက်ပဲ ကြာမှာပါ။ အခုအချိန်မှာ ကောင်းယွီလည်း ကောင်းမိသားစုဆီ ပြန်ရောက်နေလောက်ပြီ။ သူတို့ကိုလည်း ကျွန်တော်တို့အတွက် သက်သေအဖြစ် မေးမြန်းလို့ ရပါတယ်”
“အကြီးအကဲရဲ့... ကျွန်မတို့ အပြစ်မရှိကြောင်း သက်သေပြဖို့ အချိန်လေး ပေးပါဦး” လင်ယွီရှီးကလည်း ရိုးသားစွာ တောင်းပန်လိုက်သည်။
ရဲ့ရန်ချိုးသည် မျက်လုံးများကို မှေးကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ “လင်မိသားစုဝင်တွေကို လွှတ်ပေးလိုက်ကြ”
သူ၏ စကားကြောင့် လင်မိသားစုဝင် အားလုံး စိတ်သက်သာရာရသွားကြသည်။ သူသည် သူတို့ကို သစ္စာဖောက်များအဖြစ် မမြင်တော့ကြောင်း သိလိုက်ရသဖြင့် ဤသဘောထား ပြောင်းလဲမှုမှာ လင်မိသားစုအတွက် အလွန်ပင် အရေးကြီးလှသည်။
“စောစောက ငါတို့ မှားယွင်းခဲ့တာတွေကို ခွင့်လွှတ်ပါဦး ညီလေး”
“ဟုတ်ပါတယ်၊ ငါတို့တွေ အရမ်း အလျင်စလို ဖြစ်သွားခဲ့ကြတယ်။ တကယ် တောင်းပန်ပါတယ်”
ရဲ့ရန်ချိုး၏ လက်အောက်ခံများက လင်ရှင်း၊ လင်ရှောင်နှင့် ကျန်သူများ၏ အနှောင်အဖွဲ့များကို ဖြည်ပေးလိုက်ကြသည့်အခါ သူတို့အားလုံးမှာ ရှက်ပြုံးများ ပြုံးရင်း ထပ်ခါတလဲလဲ တောင်းပန်နေကြသည်။
သူတို့သည် ချင်လဲ့၏ စကားများကို ရင်ထဲကနေ ယုံကြည်သွားကြပြီ ဖြစ်သဖြင့် သူတို့၏ သဘောထားမှာ အကြီးအကျယ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
“မင်းပြောတာ အမှန်ဆိုရင်တော့... ဖုန်းမိသားစုကို ခွင့်မလွှတ်နိုင်ဘူး” ရဲ့ရန်ချိုး၏ လက်အောက်ခံ ဌာနမှူးတစ်ဦးက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဖုန်းပင်ကတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။ သူက ဘယ်လိုတောင် ရေခဲပြင်နန်းတော်နဲ့ ပူးပေါင်းပြီး လင်မိသားစုကို ဒီလောက်ယုတ်မာတဲ့ နည်းလမ်းနဲ့ မဟုတ်မတရား စွပ်စွဲရဲတာလဲ။ မြူတိမ်ဆောင်က သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
“မြူတိမ်ဆောင်ကို ဆက်သွယ်ဖို့ သိန်းငှက်သဝဏ်လွှာ ပို့လိုက်စမ်း။ လျိုရန် ပြန်ရောက်တာနဲ့ ဒီကိစ္စကို ငါ့ဆီ ချက်ချင်း အစီရင်ခံဖို့ ပြောလိုက်” ရဲ့ရန်ချိုးက အေးစက်စွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါခင်ဗျာ” ကျင့်ကြံသူတစ်ဦးက အမိန့်ကို လက်ခံလိုက်ပြီး သူ၏ လက်အောက်ခံကို ချက်ချင်း ခိုင်းစေလိုက်ရာ မကြာမီမှာပင် မီးခိုးရောင် အရိပ်သိန်းငှက်တစ်ကောင်မှာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
“ဒီမြူတိမ်တံဆိပ်ပြားကို မင်းဆီမှာပဲ ပြန်သိမ်းထားလိုက်ပါ” ရဲ့ရန်ချိုးသည် အမိန့်ပေးတံဆိပ်ပြားကို ချင်လဲ့ထံ ပြန်ပေးလိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “မင်းပြောတာ အမှန်ဆိုရင်တော့ ဖုန်းမိသားစုဟာ လင်မိသားစုကို အကွက်ကျကျ ထောင်ချောက်ဆင်ဖို့အတွက် လင်မိသားစုကို အကြီးအကျယ် မုန်းတီးနေရမယ်။ တစ်ဖက်မှာလည်း သူတို့က ငါတို့တွေကို အဆုံးအဖြတ် မှားယွင်းစေပြီး လင်မိသားစုကို ကံဆိုးမိုးမှောင်ကျအောင် လုပ်ချင်နေတာ။ အခြားတစ်ဖက်မှာတော့ သူတို့တွေက ဒီအခွင့်အရေးကို သုံးပြီး ရေခဲပြင်နန်းတော် နယ်မြေထဲမှာ အခြေချဖို့နဲ့ သူတို့ရဲ့ ကျင့်ကြံမှုကို အသစ်ကနေ ပြန်စဖို့အတွက် ပြောင်းရွှေ့သွားကြတာပဲ”
“ဟုတ်ပါတယ်၊ အဲဒီလိုပဲ ဖြစ်ရမယ်” ချင်လဲ့က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။
“အကြီးအကဲတု... ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားမှာ တခြား ဘာထင်မြင်ချက် ရှိသေးလဲ” ရဲ့ရန်ချိုးသည် တုဟိုင်ထျန်းဘက်သို့ လှည့်ကြည့်ကာ အေးစက်သော အကြည့်များဖြင့် မေးလိုက်ရာ သူ၏ လေသံမှာ အပြစ်တင်သည့် လေသံမျိုး ဖြစ်နေသည်။
တုဟိုင်ထျန်း၏ အကြည့်များမှာ မရေရာမှုများဖြင့် မည်းမှောင်နေပြီး သူက မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြောလိုက်သည်။ “ဒါက စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ကိစ္စပဲလေ၊ ကျွန်တော့်မှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ အကြီးအကဲရဲ့က ဒီလျှို့ဝှက်ချက်ကို အလင်းပြနိုင်မှာပါ။ ကျွန်တော် ဒီကို လာရတဲ့ အကြောင်းရင်းက ကျွန်တော့်ရဲ့ ဝမ်းကွဲညီမနဲ့ တူတွေကို တုမိသားစုဆီ ပြန်ခေါ်သွားဖို့ပဲ။ ဒါပါပဲ”
သူသည် တုကျောက်လန်၊ တုဟန်၊ တုဖေးနှင့် ကျန်သူများကို ကြည့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ လင်မိသားစုက ငါတို့တွေကို မကြိုဆိုတဲ့ပုံပဲ။ ဒါကြောင့် မင်းတို့တွေ ငါနဲ့အတူ အိမ်ကို ပြန်လိုက်ခဲ့ကြပြီး အဲဒီမှာပဲ ခဏနေလိုက်ကြ။ ငါ မြူတိမ်ဆောင်အတွက် တုမိသားစုကနေ ထွက်သွားခဲ့တာ တော်တော်ကြာပြီ၊ အိမ်ကို ပြန်ဖို့ အခွင့်အရေး သိပ်မရခဲ့ဘူး။ ဒါကြောင့် မင်းတို့နဲ့အတူ လိုက်ခဲ့ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ဦးမယ်”
တုကျောက်လန်နှင့် ကျန်သူများမှာ စကား ပြန်မပြောဘဲ တိတ်ဆိတ်နေကြသည်။ လင်မိသားစု၏ ရွံရှာမုန်းတီးသော အကြည့်များအောက်တွင် သူတို့သည် တုဟိုင်ထျန်းနှင့်အတူ လင်မြို့လေးမှ အရှက်တကွဲ စွန့်ခွာသွားကြတော့သည်။