အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉) အဆင့် ၈
ရဲ့ရန်ချိုးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ကျင့်ကြံသူများသည် မြူတိမ်ဆောင်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း လင်မြို့လေးတွင် ခေတ္တမျှ စခန်းချ နေထိုင်ခဲ့ကြသည်။
လင်မိသားစု၏ အိမ်ရှေ့ကွင်းပြင်၌ ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်ကြီးပြီးနောက် လင်မိသားစုဝင်တိုင်းသည် ချင်လဲ့ကို မြင်သည့်အခါတိုင်း စူးစမ်းလိုစိတ်၊ ကြောက်ရွံ့စိတ်နှင့် နောင်တရစိတ်တို့ ရောပြွမ်းနေသော အကြည့်များဖြင့် ကြည့်တတ်လာကြသည်။
လင်မိသားစုမှ ကျင့်ကြံသူအများအပြားမှာ ချင်လဲ့အပေါ် ကျေးဇူးတင် လေးစားမှုများ ရှိလာကြပြီး လင်ရှင်းနှင့် လင်ရှောင်တို့ဆိုလျှင် ချင်လဲ့ထံသို့ မကြာခဏ လာရောက်ကာ အရက်အတူသောက်ရန်နှင့် အဖော်လုပ်ရန် ဖိတ်ခေါ်တတ်ကြသည်။
တောက်ပလှပစွာ ဝတ်ဆင်ထားသော လင်မိသားစုမှ ရဲတင်းသည့် ပျိုမေအချို့ဆိုလျှင် ချင်လဲ့၏ ကျောက်အိမ်အနားတွင် မကြာခဏ လာရောက် ဝဲလည်နေတတ်ကြသေးသည်။
နေ့စဉ်နေ့တိုင်း ချင်လဲ့က ဆေးဖက်ဝင်တောင်သို့ အသွားအပြန် လုပ်သည့်အခါ လင်မိသားစုဝင်များ၏ အကြည့်များမှာ သူ၏အပေါ်သို့ ကျရောက်နေတတ်ပြီး တစ်ခါတစ်ရံ မြူတိမ်ဆောင်မှ ကျင့်ကြံသူများပင်လျှင် သူ့ကို ပြုံးရွှင်စွာ နှုတ်ဆက်တတ်ကြသည်။
ရုတ်တရက်ဆိုသလိုပင် ချင်လဲ့မှာ လင်မြို့လေးတွင် လူအပြောအများဆုံးနှင့် လူအာရုံစိုက်မှုအခံရဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ရာ လင်ယွီရှီးပင်လျှင် သူ့ကို တစ်ယောက်တည်း သီးသန့်စကားပြောရန် အခက်တွေ့နေရတော့သည်။
လက်ရှိအချိန်တွင် သူက အလွန်ပင် ထင်ပေါ်ကျော်ကြားလွန်းနေသည် မဟုတ်လော။
ငါးရက်အကြာ ညနေခင်းတစ်ခုတွင် သိန်းငှက်သဝဏ်လွှာ တစ်စောင်သည် လင်မြို့လေး၏ ကောင်းကင်ယံထက်တွင် ပေါ်လာပြီး စည်းကမ်းထိန်းသိမ်းရေးဌာန ကျင့်ကြံသူတစ်ဦး၏ ပုခုံးပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုသိန်းငှက်သည် မြူတိမ်ဆောင်မှ သတင်းစကားများကို သယ်ဆောင်လာခြင်း ဖြစ်သည်။
ရဲ့ရန်ချိုးသည် လင်ချန်ယဲ့နှင့် မိသားစုဝင်များရှေ့တွင် ထိုစာကို အဆုံးထိ ဖတ်ရှုလိုက်သည်။ ဖတ်ပြီးသည်နှင့် သူက လင်ယွီရှီးကို ကြည့်ကာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“လျိုရန်က အဖြစ်အပျက် အားလုံးကို ရှင်းပြထားတယ်။ လင်မိသားစုက ဘာမှအမှားမလုပ်ခဲ့ရုံတင်မကဘဲ မြူတိမ်ဆောင်အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး လုပ်ဆောင်ပေးခဲ့တယ်။ အထူးသဖြင့် ချင်လဲ့ပေါ့... မြူတိမ်ဆောင်မှာ သူ့ရဲ့ အကျိုးပြုမှတ်တွေက စုစုပေါင်း သုံးထောင်အထိ ရောက်သွားပြီ။ အဲဒါတွေ အားလုံးကို အကြီးအကဲ ဟန်ချင်းယွီက မှတ်တမ်းတင်ထားပြီးသားပါ”
လင်ချန်ယဲ့၏ ကိုယ်ထဲမှ တင်းမာမှုများ အားလုံး ကင်းစင်သွားပြီး သူက အကြီးအကဲကို ထပ်ခါတလဲလဲ ကျေးဇူးတင် စကားဆိုတော့သည်။ သူ၏ မျက်နှာထက်တွင်လည်း စိတ်သက်သာရာရသွားသော အပြုံးတစ်ခု နောက်ဆုံး၌ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
လင်ယွီရှီး၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး တည်ငြိမ်အေးဆေးစွာပင် ပြန်လည်ပြောကြားလိုက်သည်။ “ကျွန်မတို့ လင်မိသားစုရဲ့ နာမည်ကို ရှင်းလင်းပေးတဲ့အတွက် အကြီးအကဲရဲ့ကို ကျေးဇူးတင်ပါတယ်ရှင်”
“မဟုတ်တာ... ငါကသာ လင်မိသားစုကို ကျေးဇူးတင်ရမှာပါ။ အတိအကျပြောရရင်... ချင်လဲ့ကိုပေါ့” ရဲ့ရန်ချိုးမှာ အစဉ်အတိုင်း အေးစက်နေဆဲ ဖြစ်သည်။ “ငါ့ရဲ့ လက်အောက်ခံ လျိုရန် အသက်ရှင်ခဲ့တာဟာ ချင်လဲ့က နတ်ဆိုးဝံပုလွေဘုရင်ကို ယန်တယ်ဝူနဲ့ တိုက်ခိုက်ခိုင်းခဲ့လို့ပဲ။ အဲဒီလိုသာ မဟုတ်ရင် လျိုရန် အသက်ရှင်မှာ မဟုတ်သလို ကောင်းယွီနဲ့ ကျန်တဲ့သူတွေလည်း အားလုံး အသတ်ခံရမှာပဲ”
သူ ထိုသို့ပြောလိုက်သည့် ခဏမှာပင် လင်မိသားစုဝင်များ၏ ရင်ထဲ၌ ပြောမပြနိုင်သော ခံစားချက်များ ပြည့်နှက်သွားရသည်။
သူတို့ မည်မျှပင် စိတ်ကူးယဉ်တတ်ပါစေ လင်မိသားစုကို ဘေးဒုက္ခအသွယ်သွယ်မှ ထပ်ခါတလဲလဲ ကယ်တင်ပေးခဲ့သူမှာ လွန်ခဲ့သော ငါးနှစ်ပတ်လုံး သူတို့ နှိမ်ချခဲ့သော လူအ ချင်လဲ့ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
အထူးသဖြင့် လင်ရွှမ်းရွှမ်း ဖြစ်သည်။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အလွန်ပင် အပြစ်ရှိသလို ခံစားနေရပြီး ချင်လဲ့ထံသို့ သွားရောက်ကာ တောင်းပန်စကားဆိုရန်ပင် ရှက်ရွံ့နေခဲ့သည်။
“လင်မိသားစုရဲ့ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပေမဲ့ ဖုန်းမိသားစုရဲ့ ယုတ်မာတဲ့ အကြံအစည်ကလည်း အောင်မြင်သွားခဲ့တယ်။ ဖုန်းမိသားစုတစ်ခုလုံး ရေခဲပြင်နန်းတော်ရဲ့ နယ်မြေထဲကို ပြောင်းရွှေ့သွားပြီဆိုတဲ့ သတင်းကို ငါတို့ ရထားတယ်။ အခုအချိန်မှာ သူတို့ကို အရေးယူဖို့ဆိုရင်တော့ အခက်အခဲ နည်းနည်း ရှိနိုင်တယ်” ရဲ့ရန်ချိုးက တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ လင်ချန်ယဲ့ဘက်သို့ လှည့်၍ ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်နှစ်က တုဟိုင်ထျန်းက လင်မိသားစုကို မဟုတ်မတရား စွပ်စွဲခဲ့လို့ မင်းရဲ့ ဇနီးနဲ့ မိသားစုဝင်တွေ အသက်စွန့်ခဲ့ရတဲ့ ကိစ္စကိုလည်း ငါ စုံစမ်းစစ်ဆေးပေးပါ့မယ်။ တုဟိုင်ထျန်းက အကြီးအကဲ တစ်ယောက် ဖြစ်နေရင်တောင်မှ ငါ အမှန်တရားကို ရှာဖွေပြီး လင်မိသားစုအတွက် တရားမျှတမှု ရအောင် လုပ်ပေးပါ့မယ်”
သူ၏ စကားကို ကြားလိုက်ရသည့်အခါ လင်ရွှမ်းရွှမ်းနှင့် လင်ယွီရှီးတို့၏ မျက်လုံးများမှာ နီမြန်းလာပြီး ထိန်းမနိုင်သိမ်းမရအောင် စိတ်လှုပ်ရှားသွားကြသည်။
လင်ချန်ယဲ့နှင့် လင်ချန်ကျိ ညီအစ်ကို နှစ်ယောက်မှာလည်း မည်သို့ပြောရမှန်း မသိအောင် ဖြစ်သွားပြီး ကျေးဇူးတင်စကားကိုသာ ထပ်ခါတလဲလဲ ဆိုနေမိကြတော့သည်။
“ဒါပေမဲ့ တုဟိုင်ထျန်းက ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရမယ်လို့တော့ ငါ အပြည့်အဝ အာမမခံနိုင်ဘူး။ သူက ငါနဲ့ အဆင့်တူတဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေလို့ပဲ။ ဒါပေမဲ့ သူ့ရဲ့ အမိန့်ကို နာခံပြီး အကောင်အထည်ဖော်ခဲ့တဲ့ လက်ပါးစေတွေကတော့ စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ အပြစ်ဒဏ်ကနေ လွတ်မြောက်မှာ မဟုတ်ဘူး။ နောက်ထပ် ဘာပဲဖြစ်လာလာ ကြိုတင်ပြင်ဆင်ထားကြပါ” ရဲ့ရန်ချိုးက ဆက်ပြောလိုက်သည်။
“နားလည်ပါပြီ။ အကြီးအကဲရဲ့ရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ နားလည်ပါတယ်ခင်ဗျာ” လင်ချန်ယဲ့က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ဒါပါပဲ။ ငါတို့ လင်မြို့လေးမှာ နေခဲ့တာ တော်တော်ကြာနေပြီ၊ အခုတော့ ပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ အချိန်ရောက်ပြီ” ရဲ့ရန်ချိုးသည် လင်ချန်ယဲ့၏ ဆက်နေရန် တောင်းပန်မှုများကို ငြင်းပယ်လိုက်ပြီး လက်ရှိကိစ္စများအား စီမံခန့်ခွဲပြီးနောက် သူ၏ လက်အောက်ခံများကို ဦးဆောင်ကာ လင်မြို့လေးမှ ထွက်ခွာသွားတော့သည်။
ထိုနေ့ ညနေခင်းမှာပင်...
ချင်လဲ့သည် ဆေးတောင်ရှိ ဂူထဲမှ ထွက်လာခဲ့ရာ တောင်ခြေတွင် ရပ်နေသော ထူးခြားတင့်တယ်သည့် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ လင်ယွီရှီး ဖြစ်သည်။
သူမသည် ကိုယ်ကျပ် နက်ပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ တည်ငြိမ်မြင့်မြတ်သော အရှိန်အဝါအား အပြည့်အဝ ပေါ်လွင်နေစေသည်။ ရှည်လျားနက်မှောင်သော သူမ၏ ဆံနွယ်များမှာ ရေတံခွန်တစ်ခုအလား ဖြန့်ချထားပြီး သူမ၏ လှပမှုနှင့် တင့်တယ်မှုကို ပိုမို တိုးပွားစေနေသည်။
နေဝင်ဆည်းဆာ အောက်တွင် သူမသည် ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသော နတ်သမီးတစ်ပါးအလား လူအများ၏ စိတ်နှလုံးကို ဖမ်းစားသိမ်းပိုက်နိုင်လောက်အောင် လှပနေပေသည်။
“ဒီနေ့ ဘာလို့ ဒီကို ရောက်နေတာလဲ” ချင်လဲ့က အနားသို့ လျှောက်သွားပြီး သဘာဝကျကျပင် မေးလိုက်သည်။
“အဖေက ဒီနေ့ ညစာစားပွဲ ပြင်ဆင်ထားတယ်လေ။ နင်လည်း လာခဲ့ဖို့ ငါ့ကို ကိုယ်တိုင် ဖိတ်ခိုင်းလိုက်တာ” လင်ယွီရှီးက အဓိပ္ပာယ်ပါပါ မျက်လုံးများဖြင့် ကြည့်ကာ ပြုံးလိုက်သည်။ “လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နင့်ရဲ့ ကျောက်အိမ်ရှေ့မှာ လင်မိသားစုက ငှက်ကလေးတွေ ဝိုင်းနေကြတာလေ။ ငါတောင် နင့်ကို တွေ့ဖို့ အခွင့်အရေး မရခဲ့ဘူး...”
ချင်လဲ့က မရယ်ဘဲ မနေနိုင်တော့ဘဲ ခေါင်းကိုခါယမ်းလျက် စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။ “ဒါကြောင့်မို့လို့ ငါက ကြိုပြီး ကြောက်နေတာပေါ့”
သူ အမှန်တကယ် နိုးထလာပြီးနောက်တွင်ပင် စကားမပြောသော လူအ,တစ်ယောက်အဖြစ် ဆက်လက် ဟန်ဆောင်နေခဲ့ခြင်းမှာ လင်မိသားစု၏ အာရုံစိုက်မှုကို မခံရစေရန်နှင့် သူ၏ ကျင့်ကြံမှုအား အနှောင့်အယှက်ဖြစ်စေမည့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားလိုသောကြောင့် ဖြစ်သည်။
ယခုအခါတွင်မူ သူ လင်မြို့လေးထဲသို့ လှမ်းဝင်လိုက်သည်နှင့် မိသားစုဝင်တိုင်းက သူ့ကို စိုက်ကြည့်ကြပြီး လမ်းတစ်လျှောက်တွင်လည်း မေးခွန်းပေါင်းစုံဖြင့် နှောင့်ယှက်တတ်ကြသည်။ အိမ်ထဲသို့ ပြန်ရောက်သည့်တိုင်အောင် သူ၏ ပတ်ဝန်းကျင်ရှိ မပြီးဆုံးနိုင်သော စကားသံများကြားမှ ငြိမ်းချမ်းမှုကို သူ ရှာမတွေ့နိုင်တော့ပေ။ တစ်ခါတစ်ရံ လင်ရှောင်နှင့် လင်ရှင်းတို့ဆိုလျှင် သူ၏အိမ်ထဲသို့ အတင်းဝင်လာပြီး စကားပြောကာ အရက်သောက်တတ်ကြသေးသည်။
ယခုအခါ လင်ချန်ကျိကပင် ညစာစားပွဲ ပြင်ဆင်နေပြီ ဖြစ်သည်။ ရုတ်တရက်ဆိုသလို သူ၏ အေးဆေးတည်ငြိမ်သော နေ့ရက်များ ထာဝရ ကုန်ဆုံးသွားမည်ကို သူ စိုးရိမ်လာမိသည်။
“သိပ်ပြီး စိုးရိမ်မနေပါနဲ့။ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကလည်း နောက်ပိုင်းကျရင် အေးသွားမှာပါ။ ခဏလောက် စောင့်လိုက်ရင် အားလုံး ပြီးသွားမှာပါ” လင်ယွီရှီးက သူ့ကို နှစ်သိမ့်လိုက်ပြီး အားနာသလို လေသံဖြင့် ဆက်ပြောသည်။ “ငါ့ကြောင့် နင့်ရဲ့ ဘဝလေး အနှောင့်အယှက် ဖြစ်သွားရတာပါ။ လင်မိသားစုရဲ့ ဒီပြဿနာတွေထဲကို နင့်ကို ဆွဲသွင်းလိုက်သလို ဖြစ်သွားတယ်...”
ချင်လဲ့က အေးစက်စွာ ပြုံးလိုက်သည်။ “ဒါက နင့်ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တုမိသားစုက သူတို့ရဲ့ ပန်းပဲပညာရှင်ကို ခိုးသွင်းပြီး ဆေးတောင်ရဲ့ ဝင်္ကပါကို ဖျက်ဆီးဖို့ ကြိုးစားကတည်းက သူတို့က ငါ့ကို စော်ကားပြီးသား ဖြစ်နေတာ။ သူတို့တွေကို စိတ်ချမ်းသာအောင် ထားပေးဖို့ ငါလည်း အစီအစဉ် မရှိဘူး”
“အင်း...နင့်ရဲ့ တကယ့် ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ အခု ဝိညာဉ်သန့်စင်ခြင်းအဆင့် ဘယ်လောက်ကို ရောက်နေပြီလဲ။ ဟိုတုဟန်က အဆင့် ၈ မှာ ရှိနေတာတောင် နင့်ကို ဘာမှ ပြန်မလုပ်နိုင်ဘူးနော်။ နင့်ရဲ့ အဆင့်က တော်တော်မြင့်နေမှာပဲ၊ ဟုတ်တယ်မလား” လင်ယွီရှီးက ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး သူ့ဘက်သို့ တိုးကပ်လာသည်။ သူမက ကြယ်ပွင့်လေးများအလား တောက်ပသော မျက်လုံးများဖြင့် သူ့ကို အကြည့်မလွှဲဘဲ စိုက်ကြည့်နေသည်။
လက်ရှိအချိန်တွင် လင်ယွီရှီးက သူ့ထက် အနည်းငယ် ပိုမြင့်နေသဖြင့် သူမက ထိုကဲ့သို့ ကိုယ်ကို ကိုင်းလိုက်သည့်အခါ သူမ၏ ပြည့်ဖြိုးလှသော နှုတ်ခမ်းလွှာများသည် သူနှင့် လက်သီးတစ်ဆုပ်စာ အကွာအဝေးသို့ ရောက်ရှိလာတော့သည်။
သူမ၏ ဝင်သက်ထွက်သက်မှတစ်ဆင့် ရင်ထဲကို ကြည်လင်လန်းဆန်းသွားစေသော သင်းပျံ့သည့် ရနံ့တစ်ခုက ချင်လဲ့၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး ချင်လဲ့၏ နှလုံးသားကို အနည်းငယ် လှုပ်ခတ်သွားစေကာ သူ၏ ကိုယ်ထဲတွင် အမည်မသိသော မီးတောက်တစ်စ ဟုန်းခနဲ တောက်လောင်သွားရသည်။
“အဆင့် ၇... ဝိညာဉ်သန့်စင်ခြင်း အဆင့် ၇ မှာပဲ ရှိပါသေးတယ်။ အင်း... အဆင့် ၇ ပါ” သူ၏ စကားပြောသံများပင် အနည်းငယ် ထစ်ငေါ့သွားရသည်။
လင်ယွီရှီးက သူ၏မျက်နှာကို စိုက်ကြည့်နေပြီးမှ တခစ်ခစ် ရယ်မောလိုက်တော့သည်။ သူမ၏ မျက်လုံးများထဲတွင်လည်း ရယ်မောမှုများဖြင့် ပြည့်နှက်နေသည်။ “ယုံချင်စရာကြီးနော်”
“နင် ယုံချင်ယုံ၊ မယုံချင်နေလေ” ချင်လဲ့ကိုယ်တိုင်လည်း ရယ်မောလိုက်သည်။ “ငါ့ရဲ့ အပ်စိုက်မှတ်တွေထဲမှာ တခြား စွမ်းအင်တွေ ပြည့်နေတာလေ၊ အဲဒါကြောင့် ဝိညာဉ်စွမ်းအင်တွေက အဲဒီထဲကို စီးဝင်လို့မရဘူး။ အပ်စိုက်မှတ်တွေကို မဖောက်ထွင်းနိုင်သေးသရွေ့ ငါက အဆင့် ၇ မှာပဲ ရှိနေဦးမှာပေါ့၊ မဟုတ်ဘူးလား”
“တခြား စွမ်းအင် ဟုတ်လား” လင်ယွီရှီးက စဉ်းစားဟန်ဖြင့် လင်မြို့လေးရှိရာဘက်သို့ သူနှင့်အတူ လမ်းလျှောက်လာရင်း မျက်မှောင်ကြုတ်ကာ အလေးအနက် တွေးတောနေမိသည်။ ခေတ္တကြာမှ သူမက ဆက်ပြောသည်။ “ကျိုးကြောင်းဆီလျော်အောင် ပြောရရင်တော့ အပ်စိုက်မှတ်တွေကို ဖောက်ထွင်းနိုင်ပြီး စွမ်းအင်တွေကို သိုလှောင်နိုင်သရွေ့ အဆင့် ၈ လို့ သတ်မှတ်လို့ ရတာပဲ မဟုတ်လား။ နင့်ရဲ့ အပ်စိုက်မှတ်ထဲမှာ ရှိနေတာက ဝိညာဉ်စွမ်းအင် မဟုတ်ရင်တောင်မှ အဲဒါက စွမ်းအင်တစ်မျိုးမျိုး ဖြစ်နေသရွေ့ နင့်ရဲ့ အပ်စိုက်မှတ်တွေကို ဖောက်ထွင်းပြီးသားလို့ သတ်မှတ်လို့ ရတယ်လေ၊ ဒါဆိုရင် အဆင့် ၈ ပဲပေါ့...”
သူမက ခေတ္တရပ်ပြီး ဆက်ပြောသည်။ “ဒီလိုလုပ်လေ... နောက်မှ အဆင့်တိုင်းတာတဲ့ ကျောက်တုံးနဲ့ စမ်းသပ်ကြည့်ရအောင်။ နင့်ရဲ့ ဝိညာဉ်စွမ်းအင် ဘယ်လောက်အထိ ကြွယ်ဝသလဲဆိုတာကို ကြည့်ပြီး အကဲဖြတ်လို့ ရတာပဲ”
ချင်လဲ့ စိတ်ဝင်စားသွားသည်။ “တခြား စွမ်းအင်တစ်မျိုးက အပ်စိုက်မှတ်တွေကို ဖောက်ထွင်းထားရင်လည်း အဆင့် ၈ လို့ သတ်မှတ်လို့ ရတာလား။ အဲဒါက ဝိညာဉ်စွမ်းအင်ပဲ ဖြစ်နေစရာ မလိုဘူးလား”
“ဟုတ်တယ်လေ။ အဖေ ပြောဖူးတာ ငါ မှတ်မိသေးတယ်။ တခြား စွမ်းအင်တစ်မျိုးမျိုးကို အသုံးပြုတဲ့ ဝိညာဉ်ကျင့်စဉ်တွေကို လေ့ကျင့်တဲ့သူတွေဟာ အဲဒီစွမ်းအင်ကို သုံးပြီး အပ်စိုက်မှတ်တွေကို ဖောက်ထွင်းပြီး ထူးခြားတဲ့ စွမ်းအင်တွေကို သိုလှောင်နိုင်ကြတယ်တဲ့။ ဒါပေမဲ့ ဒီလိုမျိုး အခြေအနေက တော်တော်လေးကို ရှားပါးပြီး မကြားဖူးသလောက်ပဲ” လင်ယွီရှီးက အလေးအနက် ပြောလိုက်သည်။
ချင်လဲ့၏ မျက်လုံးများ ဝင်းလက်သွားပြီး သူက ရင်ထဲမှနေ၍ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။ “မဆိုးဘူးပဲ။ ဒါဆိုရင် အဆင့်တိုင်းတာတဲ့ ကျောက်တုံးနဲ့ သွားပြီး စမ်းသပ်ကြည့်ကြတာပေါ့”
“ပထမ သခင်မလေး ပြန်လာပြီဟေ့”
“နေကောင်းလား ချင်လဲ့”
“ဟားဟား... ပထမ သခင်မက ချင်လဲ့ကို ကိုယ်တိုင် သွားစောင့်နေတာပါလား။ အားကျစရာ ကောင်းလိုက်တာ”
“သူတို့က စေ့စပ်ထားတဲ့သူတွေပဲလေ၊ အတူတူ ရှိနေကြမှာပေါ့။ မင်းကလည်း မဟုတ်တာတွေ လျှောက်ပြောနေပြန်ပြီ”
ချင်လဲ့နှင့် လင်ယွီရှီးတို့ လင်မြို့လေး၏ အဝင်ဝသို့ ရောက်ရှိလာသည့်အခါ လင်မိသားစုဝင် အများအပြားက သူတို့ကို ချက်ချင်းပင် အော်ဟစ်နှုတ်ဆက်ကြပြီး ပြုံးရွှင်စွာဖြင့် စနောက်နေကြသည်။
ချင်လဲ့က လင်ယွီရှီးကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး သူမ၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုများ ပုန်းအောင်းနေသည်ကို သတိထားမိလိုက်သည်။ သို့သော် သူမက ဒေါသထွက်မနေသည့်အပြင် စနောက်မှုများကိုလည်း စိတ်ထဲထားပုံ မရသဖြင့် ချင်လဲ့မှာ အနည်းငယ် အံ့သြသွားရသည်။
လမ်းတစ်လျှောက်တွင် လူအများ၏ အပြုံးများနှင့် နှုတ်ဆက်မှုများကြားမှ သူတို့နှစ်ဦးမှာ လင်မိသားစု ခန်းမဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။ အလွန်ကောင်းမွန်သော ဟင်းလျာများဖြင့် ပြင်ဆင်ထားသည့် စားပွဲဝိုင်းမှာ အငွေ့တထောင်းထောင်း ထနေဆဲ ဖြစ်သည်။ လင်မိသားစု ညီအစ်ကိုများ၊ လင်ရွှမ်းရွှမ်းနှင့် မိသားစု အကြီးအကဲ လင်ခန်းအန်း တို့ပင် ရှိနေကြပြီး ချင်လဲ့ လျှောက်လာသည်ကို မြင်သည်နှင့် သူတို့မှာ ပြုံးရွှင်စွာဖြင့် ထရပ်ကာ နှုတ်ဆက်ကြတော့သည်။
“မင်းတို့ ရောက်လာတော့မယ့် အချိန်ကို ငါ တွက်ထားပြီးသားမို့လို့ အစေခံတွေကို ကြိုပြင်ခိုင်းထားတာ။ အာ... ချင်လဲ့၊ မင်းရဲ့ အဖိုး ရှိတုန်းက ငါတို့တွေ မကြာခဏ အတူတူ ထိုင်စားခဲ့ကြတာလေ။ မင်းအဖိုး ထွက်သွားပြီးတဲ့နောက်မှာ... ငါ မင်းကို လျစ်လျူရှုခဲ့မိတယ်။ ဒါ ဦးလေးလင်ရဲ့ အမှားပါ။ ဒီနေ့တော့ ငါ့ကိုယ်ငါ အပြစ်ပေးတဲ့အနေနဲ့ အရက်သုံးခွက် သောက်ပါရစေ”
ချင်လဲ့ စကားပြန်မပြောရသေးမီမှာပင် လင်မိသားစု ခေါင်းဆောင်က အရက်ခွက်ကို ကိုင်ကာ သုံးခွက် ဆက်တိုက် မော့ချလိုက်တော့သည်။
“ချင်လဲ့... အရင်တုန်းက ငါ... အရင်တုန်းကပေါ့... ဘာပဲဖြစ်ဖြစ် ဒါ ငါ့အမှားပါ၊ ဒါကြောင့် ငါလည်း ငါ့ကိုယ်ငါ အရက်တစ်ခွက်နဲ့ အပြစ်ပေးပါရစေ။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ”
လင်ရွှမ်းရွှမ်းသည် ခေါင်းကို ငုံ့ထားပြီး သူ့ကို မကြည့်ရဲပေ။ သူမ၏ မျက်နှာထက်တွင် ရှက်ရွံ့မှုနှင့် နောင်တရမှု အရိပ်အယောင်များ ပေါ်ထွက်နေပြီး သူမကလည်း အရက်ကို သောက်လိုက်ကာ စကားမပြောဘဲ ခေါင်းငုံ့ကာ ထိုင်နေတော့သည်။
“လာပါ ချင်လဲ့... ဒီမှာ လာထိုင်ပါ” လင်ချန်ကျိက စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်သည်။ “ယွီရှီးလေး... ချင်လဲ့ကို အမြန်ခေါ်လာခဲ့လေ၊ ဘာလို့ အဲဒီမှာ ရပ်နေတာလဲ”
သူမ၏ မိသားစုဝင်များက ဤမျှအထိ လှိုက်လှိုက်လှဲလှဲ ရှိနေကြသည်ကို မြင်ရသည့်အခါ လင်ယွီရှီးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ “အဖေ... ချင်လဲ့က သူ့ရဲ့ အဆင့်ကို စစ်ဆေးဖို့အတွက် အဆင့်တိုင်းတာတဲ့ ကျောက်တုံးကို ခဏသုံးချင်လို့တဲ့။ ညစာကို နောက်မှ စားကြတာပေါ့”
“ငါ သွားယူပေးမယ်”
လင်ချန်ကျိသည် ရုတ်တရက် ထရပ်ကာ ခန်းမထဲသို့ အပြေးအလွှား သွားယူပြီးနောက် စိန်ပုံသဏ္ဍာန်ရှိသော အဆင့်တိုင်းတာသည့် ကျောက်တုံးကို ချင်လဲ့၏ ရှေ့တွင် ချပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ချင်လဲ့သည် သူ၏ ကျင့်ကြံမှုအဆင့်ကို အလွန်ပင် စိတ်ဝင်စားနေသဖြင့် လင်မိသားစုဝင် အားလုံး ဝိုင်းကြည့်နေသည်ကို ဂရုမစိုက်ဘဲ ကျောက်တုံးပေါ်သို့ သူ၏ လက်ဖဝါးအား တင်လိုက်သည်။ ထို့နောက် သူသည် သူ၏ ဝိညာဉ်စွမ်းအင်ကို အဆင့်တိုင်းတာသည့် ကျောက်တုံးထဲသို့ ဖြည်းညင်းစွာ ထည့်သွင်းလိုက်သည်။
အဆင့်တိုင်းတာသည့် ကျောက်တုံးမှ အပြာရောင် အလင်းတန်းများ ပေါ်ထွက်လာသည်။ ပထမခြောက်တန်းမှာ အလွန်ပင် မြန်ဆန်လှသော်လည်း သတ္တမမြောက် အလင်းတန်းသို့ ရောက်သည့်အခါတွင်မူ သိသိသာသာ နှေးကွေးသွားတော့သည်။
လင်မိသားစုဝင်များမှာ အဆင့်တိုင်းတာသည့် ကျောက်တုံးမှ အပြာရောင် အလင်းတန်းများကို အာရုံစိုက်ကာ ကြည့်နေကြသည်။ အလင်းတန်း တစ်ခုစီမှာ ဝိညာဉ်သန့်စင်ခြင်း အဆင့်တစ်ခုစီကို ကိုယ်စားပြုပြီး ယခုအခါတွင်မူ သတ္တမမြောက် အပြာရောင် အလင်းတန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချင်လဲ့သည် ဝိညာဉ်စွမ်းအင်များကို ဆက်လက် တိုးမြှင့်ပေးလိုက်ရာ သူ၏ မျက်လုံးများမှာ အဆင့်တိုင်းတာသည့် ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင်သာ ရှိနေတော့သည်။ ဝိညာဉ်စွမ်းအင်များ ပိုမို အားကောင်းလာသည်နှင့်အမျှ အခြားသော အပြာရောင် အလင်းတန်းတစ်ခု ထပ်မံ ပေါ်ထွက်လာသည်။ အစပိုင်းတွင် အလွန်ပင် ပါးလွှာပြီး ဝေဝါးနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းမှာ တဖြည်းဖြည်းနှင့် ပိုမို တောက်ပလာတော့သည်။
“ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ ပဲ” လင်ယွီရှီးက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။ “ငါ ပြောသားပဲ မဟုတ်လား။ နင် အဆင့် ၈ ကို ရောက်နေပြီလို့၊ နင့်ကိုယ်နင် မယုံတာလေ။ နင့်ကို ဘာပြောရမှန်းတောင် မသိတော့ဘူး”
အခြားတစ်ဖက်တွင်မူ လင်ချန်ယဲ့နှင့် ကျန်ရှိသူများမှာမူ ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သို့မျှ မထူးခြားသလို ဖြစ်နေကြသည်။ သူတို့၏ အမြင်တွင် ချင်လဲ့က တုဟန်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ကတည်းက သူ အဆင့် ၈ တွင် ရှိနေခြင်းမှာ သဘာဝကျလှပေသည်။ သို့သော် လင်ယွီရှီး၏ အော်ဟစ်လိုက်သံကြောင့် သူတို့ အံ့သြသွားကြရသည်။ “ဒါက ပုံမှန်ပဲ မဟုတ်လား” လင်ချန်ယဲ့က မေးလိုက်သည်။
လင်ယွီရှီးက ချင်လဲ့ စိုးရိမ်နေခဲ့သည့် ကိစ္စကို ရှင်းပြလိုက်သည်။
လင်ချန်ယဲ့မှာ အစပိုင်းတွင် အံ့သြသွားသော်လည်း ချင်လဲ့ဘက်သို့ လှည့်ကာ ရှင်းပြသည်။ “စွမ်းအင်က ဘယ်လိုမျိုးပဲဖြစ်ဖြစ် အပ်စိုက်မှတ်တွေကို ဖောက်ထွင်းနိုင်ပြီး အပြင်ကို ထုတ်လွှတ်နိုင်သရွေ့တော့ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ လို့ သတ်မှတ်လို့ ရတာပါပဲ။ တကယ်တော့ ငါ သိသလောက်ဆိုရင် တခြား စွမ်းအင်တစ်မျိုးမျိုးနဲ့ အိပ်စိုက်မှတ်တွေကို ဖွင့်ပေးနိုင်တဲ့ ဝိညာဉ်ကျင့်စဉ်တွေဟာ အလွန်ပဲ ရှားပါးပြီး အံ့သြဖို့ ကောင်းလှတယ်...”
ချင်လဲ့သည် အဆင့်တိုင်းတာသည့် ကျောက်တုံးပေါ်မှ အဋ္ဌမမြောက် အပြာရောင် အလင်းတန်းကို မြင်တွေ့လိုက်ရပြီး လင်ချန်ယဲ့၏ ရှင်းပြချက်အား ကြားလိုက်ရသည့်အခါမှ နောက်ဆုံး၌ စိတ်အေးသွားတော့သည်။
သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည့်အခါ အဆင့်တိုင်းတာသည့် ကျောက်တုံးပေါ်ရှိ အပြာရောင် အလင်းတန်းများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေသော အဆင့်တိုင်းတာသည့် ကျောက်တုံးကို ကြည့်ရင်း သူက စဉ်းစားဟန်ဖြင့် မျက်လုံးများ ဝင်းလက်လာသည်။
"ငါက ငါ့ရဲ့ ဝိညာဉ်ပင်လယ်ထဲမှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်ကိုပဲ သုံးခဲ့တာလေ။ ဒါတင်တောင် အဆင့် ၈ လို့ ခေါ်ဆိုဖို့ လုံလောက်နေပြီ၊ ငါ့ရဲ့ အပ်စိုက်မှတ်တွေထဲမှာ သိုလှောင်ထားတဲ့ မိုးကြိုးနဲ့ လျှပ်စီးစွမ်းအင်တွေကို အစအနလေးတောင် မသုံးရသေးဘူး။ တကယ်လို့... ငါ့ရဲ့ သွေးကြောမှတ် ၇၂၀ လုံးမှာ ရှိနေတဲ့ မိုးကြိုးနဲ့ လျှပ်စီးစွမ်းအင် အားလုံးကိုသာ ဒီကျောက်တုံးထဲကို ထည့်လိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ မသိဘူး" သူက တွေးနေမိသည်။
သူ တုဟန်နှင့် တိုက်ခိုက်စဉ်က တုဟန်သည် သူ၏ တစ်ချက်တည်းသော တိုက်ကွက်ကို မခုခံနိုင်ခဲ့ခြင်းမှာ သူ့အား အထင်သေးခဲ့ပြီး သူ၏ စွမ်းအားအပြည့်ကို မသုံးခဲ့သောကြောင့်ဟု သူ ထင်ခဲ့သည်။ သူ၏ လျှပ်စီးကွန်ရက်က ရွှေရောင်ဝိညာဉ်ငှက်ကို ဖျက်ဆီးလိုက်သည့်အခါ တုဟန်မှာ အလစ်အငိုက် မိသွားပြီး စိတ်ဓာတ်ကျသွားသဖြင့် တစ်ချက်တည်းနှင့် လွင့်ထွက်သွားခြင်းဖြစ်မည်ဟု သူ ယူဆခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူသည် တုဟန်က အစွမ်းကုန် မထုတ်ခဲ့ခြင်း မဟုတ်ဘဲ သူကိုယ်တိုင်က မူလကတည်းက အလွန်ပင် အစွမ်းထက်နေခြင်းဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူသည် မိမိ၏ တကယ့် စွမ်းအားကို လျှော့တွက်ခဲ့မိခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် မိမိကိုယ်မိမိ သတိမထားမိမီမှာပင် ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ တုဟန်နှင့် အဆင့်တူရှိနေရုံသာမက သူ၏ မိုးကြိုးနှင့် လျှပ်စီးစွမ်းအင်၊ ၎င်းပြင် သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်အစွမ်းတို့ကြောင့် တုဟန်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းမှာ သဘာဝကျလှပေတော့သည်။
အခန်း (၅၀) ကျောပြင်
ညစာစားပွဲဝိုင်းတွင်...
လင်မိသားစုဝင်များသည် ချင်လဲ့အား အလွန်ပင် လှိုက်လှိုက်လှဲလှဲ ဧည့်ခံနေကြပြီး သူတို့အတွက် လုပ်ဆောင်ပေးခဲ့သမျှကို ကျေးဇူးတင်သည့်အနေဖြင့် အရက်သောက်ရန် တစ်ခွန်းပြီးတစ်ခွန်း တိုက်တွန်းနေကြသည်။
လင်ရွှမ်းရွှမ်းသည်လည်း အရက်အနည်းငယ် သောက်ပြီးသည့်နောက်တွင် အနေရခက်မှုများ တဖြည်းဖြည်း လျော့ပါးသွားပြီး ချင်လဲ့ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူမသည် ရုတ်တရက်ဆိုသလို ချင်လဲ့အပေါ် အလွန်အမင်း စိတ်ဝင်စားသွားပုံရသည်။
“တော်ကြပါတော့... အရက်တွေ ထပ်မတိုက်ကြနဲ့တော့” လင်ယွီရှီးက အားလုံး၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် အရက်ထပ်မသောက်စေရန် အော်ဟစ်တားမြစ်လိုက်သည်။
လင်ချန်ယဲ့မှာမူ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး တဟားဟား ရယ်မောလျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီဗျာ... မသောက်တော့ဘူး၊ မသောက်တော့ဘူး”
“ဦးလေးလင်... ကျွန်တော့်အဖိုးအကြောင်း တစ်ခုလောက် မေးပါရစေ” ထိုအချိန်တွင် ချင်လဲ့က သူ၏ အရက်ခွက်ကို ချလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ “ဦးလေးနဲ့ ကျွန်တော့်အဖိုးဟာ မကြာခဏ စကားပြောဖြစ်တယ်လို့ တစ်ခါက ပြောခဲ့ဖူးတယ်နော်... သူ ဦးလေးကို ဘာတွေပြောခဲ့လဲ၊ ပြီးတော့ သူ ဘယ်ကို သွားတာလဲ”
လင်ချန်ယဲ့၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။ ခေတ္တမျှ ကြာပြီးနောက် သူက သက်ပြင်းတစ်ချက်ချကာ ဆိုသည်။ “ချင်လဲ့... ဦးလေး မင်းကို လိမ်မပြောတော့ပါဘူး။ ဦးလေးလည်း မင်းအဖိုးအကြောင်းကို လုံးဝ နားမလည်ခဲ့ဘူး။ စေ့စပ်ပွဲတုန်းက ဦးလေးပြောခဲ့တာတွေက တုမိသားစုကို ရင်ဆိုင်ဖို့အတွက် လျှောက်ပြောခဲ့တဲ့ မုသားစကားတွေပါပဲ။ ဦးလေးဟာ မင်းအဖိုးနဲ့ လုံးဝ ရင်းနှီးတာ မဟုတ်ဘူး။ မင်းက ဦးလေးကို မေးနေပေမဲ့ ဦးလေးလည်း ဘယ်လိုပြန်ဖြေရမှန်း မသိဘူး ဖြစ်နေတယ်”
ချင်လဲ့သည် အဆင့်တိုင်းတာသည့် ကျောက်တုံးကို အသုံးပြုရန်အပြင် သူ၏အဖိုး မည်သည့် နေရာသို့ သွားနေကြောင်း လင်ချန်ယဲ့ထံမှ သိလိုသော မျှော်လင့်ချက်ဖြင့် လင်ယွီရှီးနှင့်အတူ လိုက်လာခဲ့ခြင်း ဖြစ်သည်။ ညစာစားပြီးသည့်တိုင်အောင် ဤကဲ့သို့သော ရလဒ်မျိုးသာ ရရှိခဲ့သဖြင့် သူ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ထိုးဆင်းသွားတော့သည်။
“ကျွန်တော့်အဖိုးက ကျွန်တော့်အတွက် စာတစ်စောင် ချန်ထားခဲ့တယ်။ သူ နှစ်နည်းနည်းလောက် ခရီးသွားမယ်၊ ကျွန်တော် အသက် ၁၇ နှစ် ပြည့်ရင် ပြန်လာခဲ့မယ်တဲ့။ တကယ်လို့ အဲဒီအချိန်အထိ သူပြန်မလာရင်တော့ သူ တစ်ခုခု ဖြစ်သွားပြီလို့ မှတ်လိုက်ပါတဲ့... ကျွန်တော်လည်း အဖိုးရဲ့ အခြေအနေကို သိပ်မသိရပေမဲ့ သူ့မှာ ဘာဘေးအန္တရာယ်မှ မကြုံပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်” ချင်လဲ့က ခေါင်းငုံ့ကာ ပြောလိုက်သည်။
လင်မိသားစု ညီအစ်ကိုများနှင့် လင်ခန်းအန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ တစ်ဖက်သား၏ မျက်နှာထက်တွင် အံ့သြမှုများကို မြင်တွေ့လိုက်ရသည်။
လွန်ခဲ့သော နှစ်နှစ်က ချင်ရှန်း သေဆုံးသွားခဲ့ခြင်းမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။ လင်ချန်ယဲ့က ဆေးတောင်ထဲတွင် ထူးဆန်းသော ဝင်္ကပါကို တွေ့ရှိခဲ့စဉ်က ချင်ရှန်းသည် သေဟန်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းခဲ့ဖူးသည်။ ယခုအခါတွင်မူ ချင်လဲ့၏ စကားများကြောင့် သူ၏ ခန့်မှန်းချက်မှာ အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအချက်က သူတို့ကို အလွန်အံ့အားသင့်စေခဲ့ပြီး ချင်လဲ့နှင့် သူ၏အဖိုး ချင်ရှန်းတို့မှာ လုံးဝ ရိုးရှင်းသူများ မဟုတ်ကြောင်း ခံစားလိုက်ရသည်။
“ချင်လဲ့... မင်းနဲ့ မင်းအဖိုးက ဘာလို့ လင်မြို့လေးကို ရောက်လာခဲ့ကြတာလဲ။ အရင်တုန်းက မင်းတို့ ဘယ်မှာ နေခဲ့တာလဲ” လင်ချန်ယဲ့က မေးလိုက်သည်။
“မသိဘူး... ကျွန်တော် ဘာမှမသိဘူး” ချင်လဲ့က ခေါင်းခါယမ်းလိုက်သည်။ သူ၏ မျက်နှာထက်တွင် အားကိုးရာမဲ့ပြီး စိတ်ပျက်အားငယ်နေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ “ကျွန်တော့်မှာ အသက် ၁၀ နှစ် မတိုင်ခင်က မှတ်ဉာဏ်တွေ လုံးဝ မရှိဘူး။ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေ စတင်တဲ့ အချိန်ကစပြီး အဖိုးနဲ့အတူ လင်မြို့လေးကို ရောက်လာခဲ့တာ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေကိုလည်း ဝေေဝဝါးဝါး ကျင့်ကြံနေတဲ့ အခြေအနေနဲ့ပဲ ဖြတ်သန်းခဲ့တာ။ ကျွန်တော်လည်း အဖိုးကို ပြန်ရှာချင်တယ်၊ ပြီးတော့ အခြေအနေတွေကိုလည်း နားလည်ချင်တယ်”
ချင်လဲ့၏ လက်ရှိ မျက်နှာထားကို မြင်လိုက်ရသည့်အခါ လင်ယွီရှီး၏ ရင်ထဲတွင် ရုတ်တရက် နာကျင်သွားရသည်။ သူမက ထရပ်လိုက်ပြီး ပြောသည်။ “ဒီနေ့ညတော့ ဒီမှာပဲ တော်ကြရအောင်။ ချင်လဲ့... နင်လည်း ပင်ပန်းနေမှာပဲ၊ ငါ အိမ်အထိ လိုက်ပို့ပေးမယ်”
လင်ချန်ယဲ့ထံမှ မည်သည့်အရာကိုမျှ မသိရှိခဲ့ရသဖြင့် ချင်လဲ့မှာ အလွန်ပင် စိတ်ပျက်နေမိသည်။ သူသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ လေးလံသော နှလုံးသားဖြင့် လင်ယွီရှီးနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။
ချင်လဲ့ အရက်များသွားမည်ကို လင်ယွီရှီးက စိုးရိမ်နေသည်။ သူမက သူ၏ ပုခုံးကို တစ်ဖက်လှမ်းဖက်ထားပြီး မှောင်မိုက်နေသော လမ်းတစ်လျှောက်တွင် သူ၏ ကျောက်အိမ်ရှိရာသို့ အတူတူ လျှောက်လှမ်းလာကြသည်။
ကြည်လင်သော လမင်းကြီးအောက်တွင် သူတို့နှစ်ဦး၏ အရိပ်များမှာ ရှည်လျားစွာ ဖြစ်ပေါ်နေပြီး ထိုအရိပ်များမှာ တစ်ခုနှင့်တစ်ခု ထပ်တူကျလျက် ပေါင်းစည်းနေကြတော့သည်။
အိမ်တံခါးဝတွင်မူ လင်ချန်ယဲ့သည် သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ထူးဆန်းသော အကြည့်များဖြင့် စောင့်ကြည့်နေမိသည်။
လင်ချန်ကျိက အနည်းငယ် ပြုံးလိုက်ပြီး စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ “ယွီရှီးလေးကတော့ ချင်လဲ့နဲ့ သူတို့ရဲ့ စေ့စပ်ပွဲဟာ အချိန်ဆွဲဖို့အတွက် လုပ်ထားတဲ့ အကြံအစည်တစ်ခုဆိုတာကို တဖြည်းဖြည်း မေ့သွားပုံရတယ်နော်။ ချင်လဲ့ အသက် ၁၇ နှစ် ပြည့်ရင် အစ်ကိုကြီးနဲ့ ချင်လဲ့တို့က ဒီစေ့စပ်ပွဲကို တစ်ဖက်သတ် ဖျက်သိမ်းလို့ ရတာပဲ။ နောက်ထပ် သုံးလကြာရင် ချင်လဲ့က ၁၆ နှစ် ပြည့်တော့မယ်...”
လင်ချန်ယဲ့မှာ မှင်တက်သွားပြီးမှ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် စကား မပြောဘဲ တိတ်ဆိတ်နေမိသည်။
လင်ရွှမ်းရွှမ်းသည် ဘေးနားတွင် ရပ်နေရင်း ပေါင်းစည်းနေသော အရိပ်နှစ်ခုကို ကြည့်ကာ သူမ၏ ရင်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ "တကယ်လို့သာ အဲဒီတုန်းက ငါက ကန့်ကွက်မနေခဲ့ဘူးဆိုရင် အခု ချင်လဲ့နဲ့အတူ လမ်းလျှောက်နေရမှာက အစ်မကြီး မဟုတ်ဘဲ ငါ ဖြစ်နေမှာလား"
ထိုသို့ တွေးလိုက်မိသည့်အခါ သူမ၏ ရင်ထဲတွင် အားကိုးရာမဲ့မှုနှင့် နာကျင်မှုများ မြင့်တက်လာပြီး ရင်ဘတ်ထဲတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။
“ချန်ယဲ့... ချင်လဲ့က တကယ်တော့ ကောင်းတဲ့ကလေးတစ်ယောက်ပါ။ သူ လင်မိသားစုကိုလည်း အကြိမ်ကြိမ် ကူညီခဲ့ဖူးတယ်။ သူကလည်း ယွီရှီးလေးအပေါ် စိတ်ဝင်စားပုံရတယ်။ ငါ့အထင်တော့ သူနဲ့ ယွီရှီးလေးရဲ့ အိမ်ထောင်ရေးကို... တကယ့် အိမ်ထောင်ရေးအဖြစ် ပြောင်းလဲပေးလိုက်ရင်လည်း ဘာမှ ထိခိုက်စရာ မရှိဘူးလို့ ထင်တယ်၊ မင်း ဘယ်လိုထင်လဲ” လင်မိသားစု အကြီးအကဲ လင်ခန်းအန်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။ “အသေးစိတ်ကို သိတဲ့သူက ငါတို့လောက်ပဲ ရှိတာလေ။ ငါတို့တွေက မကန့်ကွက်ဘူးဆိုရင် ဒီကိစ္စက အောင်မြင်သွားမှာပဲ”
“ဟူး... ချင်လဲ့က အားလုံးက ကောင်းပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းက ဘယ်သူမှ မသိရဘူး ဖြစ်နေတယ်... နောင်တစ်ချိန်မှာ အဲဒါက ပြဿနာကြီး ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်” လင်ချန်ယဲ့က အလွန်ပင် စိုးရိမ်နေမိသည်။
ချင်ရှန်းနှင့် ချင်လဲ့တို့က အဘယ်ကြောင့် လင်မြို့လေးတွင် လာရောက် ပုန်းအောင်းနေကြောင်း သူ မသိပေ။ သို့ရာတွင် ထိုမြေးအဖိုးက လုံးဝ ရိုးရှင်းသူများ မဟုတ်ကြောင်းတော့ သေချာသည်။ သူတို့တွင် ကြီးမားသည့် နောက်ခံသမိုင်းကြောင်းများ ရှိနေနိုင်သည်။
သို့သော် လင်မိသားစုကမူ အင်အား အနည်းငယ်သာ ရှိသော အစုအဖွဲ့လေးပင်။ မည်သို့သော ပြဿနာမျိုးကိုမှ မဖြေရှင်းနိုင်ပေ။ အကယ်၍သာ ချင်လဲ့နှင့် လင်ယွီရှီးတို့၏ အိမ်ထောင်ရေးကြောင့် လင်မိသားစုက ဘေးဒုက္ခများနှင့် ကြုံလာရမည်ဆိုပါက သူ လင်မိသားစုဝင်များကို မည်သို့ မျက်နှာပြရမည်နည်းဟု သူ တွေးနေမိသည်။
မိသားစု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် အဖက်ဖက်က စဉ်းစားရမည်ဖြစ်ပြီး မိသားစုကို နောင်လာမည့် အန္တရာယ်များမှ ကင်းဝေးစေရန် တတ်နိုင်သမျှ ကြိုးစားရမည်ဖြစ်သည်။ သူ အလွန်ပင် ဂရုစိုက်ရပေမည်။
“မင်းရဲ့ စိုးရိမ်မှုကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီကိစ္စကိုတော့ အခြေအနေပေါ် မူတည်ပြီး ထပ်ပြောကြတာပေါ့၊ အခုတော့ သူ့အလိုလို ဖြစ်ပျက်ပါစေဦး” လင်ခန်းအန်းက ထပ်မံ စဉ်းစားလိုက်သည့်အခါ သူ၏ စိတ်မှာလည်း အနည်းငယ် အေးသွားတော့သည်။ လင်ချန်ယဲ့၏ ဂရုစိုက်မှုမှာ မရှိမဖြစ် လိုအပ်ကြောင်း သူ နားလည်လိုက်သည်။
“တကယ်ပဲ... အဖေကလည်း နင့်ကို အရက်တွေ တိုက်နေသေးတယ်၊ သူက နင့်ကို သူတို့လို လူစားမျိုးလို့ ထင်နေတာလား၊ ဟင်း”
ကျောက်အိမ်လေးထဲတွင် လင်ယွီရှီးသည် ချင်လဲ့ကို အိမ်ထဲသို့ ပြန်ပို့ပေးရင်း သူ၏အဖေက ချင်လဲ့အား အရက် အများကြီး မတိုက်သင့်ကြောင်း ညည်းညူနေမိသည်။
“နင် အရင်နားလိုက်ဦးနော်၊ ငါ ရေချိုးဖို့ ရေသွားပြင်ပေးမယ်။ နင်လည်း ကိုယ့်ကိုယ်ကိုယ် သတိထားဦးလေ၊ မသောက်ချင်ရင် မသောက်ပါနဲ့။ သူတို့က နင့်ကို အတင်းတိုက်လို့ ရတာမှ မဟုတ်တာ” လင်ယွီရှီးက သူ့ကို သတိပေးလိုက်သည်။ ချင်လဲ့ ထိုင်လိုက်သည့်အခါ သူမက ရေချိုးခန်းထဲသို့ ဝင်ကာ ရေပိုက်ကို ဖွင့်ပေးလိုက်သည်။ “နင့်အဖိုးအတွက် သိပ်ပြီး စိုးရိမ်မနေပါနဲ့။ သူ ဘာမှ မဖြစ်ပါဘူး၊ နင် အသက် ၁၇ နှစ် ပြည့်ရင် သူ လင်မြို့လေးကို သေချာပေါက် ပြန်လာမှာပါ၊ ဒါကြောင့် စိတ်အေးအေး ထားနော်”
ချင်လဲ့က ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ သူက ခေါင်းခါယမ်းလိုက်ပြီး မည်သို့ ပြောရမှန်း မသိတော့ပေ။
“ချင်လဲ့... ငါ ထင်တာကတော့... နင် ငယ်ငယ်တုန်းက တစ်ခုခု ဖြစ်ခဲ့ပုံရတယ်။ နင့်ရဲ့ မှတ်ဉာဏ်တွေ ခေတ္တ ပျောက်ဆုံးသွားတာ ဖြစ်နိုင်ပေမဲ့ တစ်ချိန်ချိန်မှာတော့ အဲဒါတွေက ရုတ်တရက် ပြန်ပေါ်လာမှာပါ။ အဲဒီအခါကျရင် နင့်ရဲ့ မိဘတွေကို ပြန်ရှာနိုင်မှာဖြစ်သလို နင့်ရဲ့ အမျိုးတွေ ဘယ်မှာရှိလဲဆိုတာကိုလည်း သိရမှာပါ” ရေချိုးခန်းထဲမှနေ၍ လင်ယွီရှီးက နူးညံ့သိမ်မွေ့သော လေသံဖြင့် သူ့ကို နှစ်သိမ့်ပေးနေသည်။
အဘယ်ကြောင့်မှန်းမသိ သူမ၏ နူးညံ့ညင်သာသော အသံကို နားထောင်နေရင်း သူ၏ စိုးရိမ်ပူပန်မှုများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။ အရက်ကြောင့် ဖြစ်ပေါ်နေသော စိတ်ဓာတ်ကျနေသည့် အခြေအနေမှာလည်း ပြေလျော့လာတော့သည်။
“ရေ ပြင်ပေးထားပြီနော်”
လင်ယွီရှီးသည် ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ အနည်းငယ် ပြုံးနေသော်လည်း သူမ၏ မျက်လုံးများမှာမူ အနည်းငယ် အားငယ်နေပုံရသည်။
“ငါ အရင် ပြန်တော့မယ်နော်။ ရေကို အေးအေးဆေးဆေး ချိုးလိုက်ဦး၊ အအေးမပတ်စေနဲ့ဦးနော်” သူမက ခေါင်းငုံ့ထားပြီး အိမ်တံခါးဝသို့ ရောက်သည့်အခါ ချင်လဲ့ကို ကျောပေးလျက် ပြောလိုက်သည်။ “နင့်မှာ မြူတိမ်ဆောင်ရဲ့ အကျိုးပြုမှတ်တွေ အများကြီးရှိသလို မြူတိမ်တံဆိပ်ပြားလည်း ရှိတယ်လေ။ နင် အလိုရှိရင် အချိန်မရွေး မြူတိမ်ဆောင်ရဲ့ အမာခံအဖွဲ့ဝင် ဖြစ်နိုင်တာပဲ။ တကယ်လို့ နင် မြူတိမ်ဆောင်မှာ ကျင့်ကြံမယ်ဆိုရင် ဒီလင်မိသားစုမှာ ကျင့်ကြံတာထက် အများကြီး ပိုပြီး မြန်ဆန်မှာ သေချာပါတယ်။ နင် မြူတိမ်ဆောင်ကို သွားချင်တယ်ဆိုရင်လည်း သွားလိုက်ပါ... အဲဒီနေရာက နင့်ရဲ့ တိုးတက်မှုအတွက် ပိုပြီး သင့်တော်ပါတယ်”
သူမ စကားပြောပြီးသည်နှင့် လင်ယွီရှီး၏ ကျောပြင်လေးမှာ အထီးကျန်စွာဖြင့် အိမ်တံခါးဝမှ ထွက်ခွာသွားတော့သည်။
ချင်လဲ့မှာ မှင်တက်သွားပြီးမှ သတိပြန်ဝင်လာသည်။ သူမ ပျောက်ကွယ်သွားပြီး အတန်ကြာမှ သူက ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။ “အူတူတူလေးပဲ... ငါသာ သွားချင်ခဲ့ရင် အရင်ကတည်းက ထွက်သွားပြီးပြီပေါ့၊ ဘာလို့ အခုအထိ စောင့်နေမှာလဲ...”
ဒုတိယနေ့... ဆေးတောင်ရှိ ဂူထဲတွင်...
ချင်လဲ့သည် သူ၏ ကျင့်ကြံမှုမှ နိုးထလာသည်။ သူသည် သူ၏ စိတ်ဝိညာဉ်ကို အသုံးပြုကာ ဝိညာဉ်နှိမ်နင်းခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်လိုက်ပြီး နံရံပေါ်ရှိ ရှုပ်ထွေးဆန်းကြယ်လှသော အစီရင်များနှင့် တောက်ပစွာ လက်ယှက်နေသော ဝိညာဉ်မျဉ်းကြောင်းများကို စိုက်ကြည့်နေမိသည်။
ဝိညာဉ်မျဉ်းကြောင်း တစ်ကြောင်းစီ၏ အထူအပါးမှာ မတူညီကြဘဲ ဝိညာဉ်စွမ်းအင်၏ အဆင့်အတန်း အမျိုးမျိုးကို ကိုယ်စားပြုနေသည်။ ထိုအချက်က သူ့ကို သူ၏အဖိုး ပြောခဲ့ဖူးသော စကားများကို ရုတ်တရက် သတိရသွားစေသည်။
ဝိညာဉ်အစီရင်များကို ရေးထိုးရန်အတွက် ဝိညာဉ်စွမ်းအင်ကို အလွန်ပင် တိကျစွာ ထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ဝိညာဉ်မျဉ်းကြောင်း တစ်ကြောင်းစီ ပုံဖော်သည့်အခါ အသုံးပြုသည့် ဝိညာဉ်စွမ်းအင်မှာ အလွန်ပင် တိကျရမည်ဖြစ်သည်။ ဝိညာဉ်အစီရင်တစ်ခုတွင် ဝိညာဉ်မျဉ်းကြောင်းပေါင်း ထောင်ချီ၍ ပါဝင်နိုင်ပြီး မျဉ်းကြောင်း တစ်ကြောင်းစီ၏ အလျားနှင့် အနံမှာ အသုံးပြုသည့် ဝိညာဉ်စွမ်းအင် ပမာဏနှင့် တိုက်ရိုက် အချိုးကျနေခြင်း မဟုတ်ပေ။ အကယ်၍ ဝိညာဉ်မျဉ်းကြောင်း တစ်ကြောင်းသာ မှားယွင်းသွားခဲ့လျှင် ဝိညာဉ်အစီရင်တစ်ခုလုံးကို ရေးထိုးခြင်းမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ဝိညာဉ်လက်နက်တစ်လက် ပြုလုပ်သည့်အခါ တစ်ခါတစ်ရံတွင် ဝိညာဉ်အစီရင် အများအပြားကို အဆင့်ဆင့် ထပ်ဆင့်ပြီး ပေါင်းစည်းရန် လိုအပ်တတ်သည်။ ဤအချက်မှာ ဝိညာဉ်မျဉ်းကြောင်းများကို ပိုမို ထိန်းချုပ်နိုင်စွမ်းရှိရန် လိုအပ်ပြီး အလွန်အမင်း တိကျမှန်ကန်မှုကိုလည်း တောင်းဆိုနေပေသည်။ အနည်းငယ်မျှ ဂရုမစိုက်မိရုံဖြင့် ကြီးမားသော ဘေးဒုက္ခ ဖြစ်စေနိုင်ပြီး ဝိညာဉ်လက်နက်မှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အမှိုက်တစ်စအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
“ဝိညာဉ်အစီရင်ကို စိတ်ထဲမှာ မှတ်သားထားလို့ ရပေမဲ့ ရေးထိုးတဲ့အခါမှာတော့ အလွန် တိကျဖို့ လိုအပ်တယ်။ ထူတာ၊ ပါးတာနဲ့ တောက်ပမှု မတူညီတဲ့ အဲဒီ ဝိညာဉ်မျဉ်းကြောင်းတွေဟာ အထူးရေးထိုးတဲ့ နည်းစနစ်တွေ၊ ပညာရပ်တွေနဲ့ ဝိညာဉ်ကျင့်စဉ်တွေကို ကိုယ်စားပြုနေတာပဲ။ တကယ်လို့ တစ်ယောက်ယောက်က နည်းစနစ်ကိုပဲ သိပြီး အဲဒီနဲ့ ကိုက်ညီတဲ့ ဝိညာဉ်ကျင့်စဉ်ကို နားမလည်ရင်တော့ အဲဒါရဲ့ တကယ့် အစွမ်းသတ္တိကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး...”
သူ၏ စိတ်ထဲတွင် ရှိနေသော ဝိညာဉ်ပုံစံ လေးမျိုးကို ပုံဖော်ကြည့်ရင်း ချင်လဲ့က တိတ်ဆိတ်စွာ စဉ်းစားနေမိပြီး တဖြည်းဖြည်းနှင့် လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိလာသည်။
ယနေ့တွင် သူသည် ဝိညာဉ်စုစည်းခြင်း၊ စွမ်းအားမြှင့်တင်ခြင်း၊ ဝိညာဉ်သိုလှောင်ခြင်းနှင့် ကြံခိုင်စေခြင်းဆိုသည့် ဝိညာဉ်ပုံစံ လေးမျိုးလုံးကို အပြည့်အဝ မှတ်သားနိုင်ခဲ့ပြီ ဖြစ်သည်။ သူ မှတ်သားထားသည်မှာ နည်းစနစ်မျှသာ ဖြစ်ကြောင်း သူ သိပေသည်။
၎င်းတို့ကို အမှန်တကယ် ရေးထိုးနိုင်ရန်အတွက်မူ သူသည် ဝိညာဉ်မျဉ်းကြောင်းများ၏ တိကျသော အလျားနှင့် အနံတို့ကို ကျွမ်းကျင်ရန် လိုအပ်ပြီး မျဉ်းကြောင်း တစ်ကြောင်းစီတွင် ဝိညာဉ်စွမ်းအင် မည်မျှပါဝင်သည်ကို သိရှိရန် လိုအပ်သည်။ ဤအချက်မှာ ယခင်ကလို စိတ်ထဲတွင် ပုံဖော်နေရုံနှင့် မရဘဲ ထပ်ခါတလဲလဲ လေ့ကျင့်ရန် လိုအပ်ပေသည်။
“လေ့ကျင့်ရမယ်... လေ့ကျင့်ရမယ်... ဝိညာဉ်အစီရင်တွေကို ရေးထိုးဖို့ လေ့ကျင့်တဲ့အခါ အထူး ဝိညာဉ်တံဆိပ်ပြားတွေ လိုအပ်တယ်။ ငါ့မှာ လေ့ကျင့်ဖို့ ဝိညာဉ်တံဆိပ်ပြားတွေ မရှိဘူး၊ ဒါကြောင့် နည်းလမ်းတစ်ခုခု စဉ်းစားရမယ်...” ချင်လဲ့က သူ၏ မေးစေ့ကို ပွတ်ရင်း စဉ်းစားနေမိသည်။ “အဖိုးက ပန်းပဲပညာရှင် တစ်ယောက်လေ၊ ဒါကြောင့် ငါလည်း အဖိုးလို ပန်းပဲပညာရှင် တစ်ယောက် ဖြစ်လာရမယ်၊ ပြီးတော့ တစ်နေ့ကျရင် အဖိုးရဲ့ သစ်သားပန်းပုရုပ်လိုမျိုး အံ့သြစရာကောင်းတဲ့ ဝိညာဉ်လက်နက်တစ်လက်ကို ငါကိုယ်တိုင် ပြုလုပ်မယ်။ တကယ်လို့ အဖိုး ပြန်လာတဲ့အခါ ငါက ဝိညာဉ်အစီရင်တွေကို ရေးထိုးနိုင်နေပြီဆိုတာကို သိရင် သူ... ဝမ်းသာသွားမှာပဲ၊ ဟုတ်တယ်မလား”
ညနေခင်းတွင် သူ ဆေးတောင်မှ ထွက်လာခဲ့ပြီး လင်မြို့လေးသို့ ရောက်သည့်တိုင်အောင် အလေးအနက် စဉ်းစားနေမိသည်။
ထမင်းစားခန်းထဲတွင် လင်မိသားစုနှင့်အတူ ညစာစားသည့်အခါ လင်ယွီရှီး၏ စိတ်အခြေအနေမှာ ပုံမှန်ထက် အနည်းငယ် စိတ်ဓာတ်ကျနေပြီး သူမ၏ အပြုံးမှာလည်း အနည်းငယ် ဟန်ဆောင်နေရသကဲ့သို့ ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
“ကျွန်တော် ဝိညာဉ်အစီရင်တွေ ရေးထိုးဖို့ လေ့ကျင့်ဖို့အတွက် ဝိညာဉ်တံဆိပ်ပြားတွေ လိုအပ်နေတယ်၊ အဲဒါတွေကို ဘယ်မှာ ရနိုင်မလဲ” ချင်လဲ့က ရုတ်တရက် မေးလိုက်သည်။
“ဝိညာဉ်အစီရင် ရေးထိုးဖို့ ဝိညာဉ်တံဆိပ်ပြား ဟုတ်လား...” လင်ချန်ယဲ့မှာ အံ့သြသွားသည်။ “အဲဒါတွေကို အထူးပစ္စည်းတွေနဲ့ ပြုလုပ်ထားရတာလေ။ လင်မိသားစုမှာက ပန်းပဲပညာရှင်တွေကို ပံ့ပိုးပေးနိုင်လောက်အောင် ချမ်းသာကြွယ်ဝမှု မရှိတော့ ဒီလိုပစ္စည်းမျိုးတွေ သဘာဝအတိုင်း မရှိဘူးပေါ့။ ရေခဲကျောက်မြို့က ပစ္စည်းအရောင်းဆိုင် အချို့မှာတော့ ဝိညာဉ်တံဆိပ်ပြားတွေ ရှိနိုင်သလို မြူတိမ်ဆောင်မှာလည်း သေချာပေါက် ရှိပါတယ်။ ဪ... ဟုတ်သားပဲ၊ မင်းမှာ မြူတိမ်ဆောင်ရဲ့ အကျိုးပြုမှတ်တွေ ရှိတာပဲ၊ အဲဒါတွေကို သုံးပြီး မြူတိမ်ဆောင်မှာ လဲလှယ်လို့ ရတာပဲလေ”
ချင်လဲ့၏ မျက်လုံးများ ဝင်းလက်သွားသည်။
“မြူတိမ်ဆောင်...” လင်ယွီရှီး၏ မျက်လုံးများမှာ မှေးမှိန်သွားပြီး သူမက တွေးလိုက်မိသည်။ "မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ သွားဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"
ထိုသို့ တွေးလိုက်မိသည့်အခါ အမြဲတမ်း အရသာရှိနေသော အစားအစာများမှာ သူမအတွက် ဖယောင်းခဲကို ဝါးနေရသကဲ့သို့ အရသာမဲ့သွားတော့သည်။
“ဦးလေးလင်... ကျွန်တော်က လတ်တလောမှာ မြူတိမ်ဆောင်ကို သွားဖို့ အစီအစဉ် မရှိပါဘူး။ ကျွန်တော် လင်မြို့လေးမှာပဲ အဖိုးပြန်လာမှာကို စောင့်ရဦးမယ်။ ဦးလေး တစ်ယောက်ယောက်ကို ခိုင်းပြီး မြူတိမ်ဆောင်ကို သွားခိုင်းလို့ ရမလား၊ ပြီးတော့ ကျွန်တော့်ရဲ့ အကျိုးပြုမှတ်တွေကို သုံးပြီး ဝိညာဉ်တံဆိပ်ပြားတွေနဲ့ လဲခိုင်းပေးပါဦး” ချင်လဲ့က စဉ်းစားပြီးနောက် ပြုံးလျက် မေးလိုက်သည်။
“ရတာပေါ့” လင်ချန်ယဲ့က ချက်ချင်းပင် သဘောတူလိုက်သည်။ “ဒါက အရမ်းလွယ်ပါတယ်။ ငါ တစ်ယောက်ယောက်ကို ငါ့နာမည် သုံးပြီး မြူတိမ်ဆောင်ကို သွားခိုင်းလိုက်မယ်။ မင်းရဲ့ အကျိုးပြုမှတ်တွေကိုသာ သူတို့ အသိအမှတ်ပြုတယ်ဆိုရင်တော့ ဝိညာဉ်တံဆိပ်ပြားတွေ ရဖို့က အရမ်းလွယ်ပါတယ်၊ ဘာမှ မခက်ခဲပါဘူး”
“ကျေးဇူးတင်ပါတယ် ဦးလေးလင်” ချင်လဲ့က ပြောလိုက်သည်။
ထို့နောက် သူက လင်ယွီရှီးကို ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးများမှာ ရုတ်တရက် နိုးကြားလာသကဲ့သို့ တောက်ပနေသည်ကို တွေ့လိုက်ရသည်။ သူမက သူ့ကို ချိုသာစွာ ပြုံးပြလိုက်ရာ ထိုလှပသော အပြုံးလေးက ချင်လဲ့၏ ရင်ကို လှုပ်ခတ်သွားစေပြီး သူ၏ နှလုံးသားအား ဆွဲကိုင်လိုက်သကဲ့သို့ ခံစားလိုက်ရတော့သည်။