အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း။ ၂၅
ကုယွမ် တံခါးကိုတွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လိုက်သောအခါ အတွင်း၌ လူသစ်သုံးဦး ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
အဖွဲ့ကို ဦးဆောင်လာသူမှာ ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသော ဝတုတ်တုတ် အဘိုးအိုတစ်ဦးဖြစ်ပြီး အရပ်မမြင့်သော်လည်း မျက်နှာဝိုင်းဝိုင်း၊ အသားအရည် စိုပြည်ပြီး မျက်လုံးများမှာ မှေးစိစိနှင့်မို့ ကြည့်ရသည်မှာ အမြဲတမ်း ပျော်ရွှင်ကြည်နူးနေပုံမျိုး ပေါက်နေသည်။ သို့သော် သူ၏ တည်ငြိမ်လှသော အရှိန်အဝါမှာ သာမန်တောရွာသားတစ်ဦး ပိုင်ဆိုင်နိုင်သည့်အရာမျိုး မဟုတ်ပေ။
သူ၏အနောက်တွင်မူ ခန္ဓာကိုယ် တောင့်တင်းသန်မာပြီး စူးရှသော မျက်လုံးများရှိသည့် အစေခံနှစ်ဦး ပါလာရာ ကြည့်ရုံနှင့်ပင် တစ်ဖက်လူကို ဖြုံသွားစေနိုင်သည့် အငွေ့အသက်မျိုး ရှိနေသည်။
ထိုအချိန်တွင် ကုယွမ်၏ မိဘနှစ်ပါးမှာ ထိုသူကို ပြုံးရွှင်စွာဖြင့် ဧည့်ခံစကားပြောနေကြသည်။ ကုယွမ် တံခါးတွန်းဖွင့်ဝင်လာသည်နှင့် တစ်ပြိုင်နက် ဝတုတ်တုတ် အဘိုးအိုမှာ တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ကုယွမ်ထံသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
ကုယွမ်ကို မြင်မြင်ချင်းတွင် သူသည် ကုယွမ်၏ခါး၌ ချိတ်ဆွဲထားသော ကျောက်စိမ်းအိုးအိမ်တော်၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ သက်သေခံ သံပြားတံဆိပ်ကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများ ခေတ္တမျှ မှေးစိသွားပြီးနောက် ပြုံးရွှင်စွာဖြင့် ထရပ်လိုက်ကာ
"ငါ့မျိုးရိုးက ဝူပါ။ ချန်စံအိမ်တော်ရဲ့ စီမံခန့်ခွဲသူတစ်ယောက်ပဲ။ မင်းက ကုယွမ်... မဟုတ်ဘူး... ဆရာကုပဲ ဖြစ်ရမယ်"
မြေခွေးအိုကြီးပဲ...
အဘိုးအိုကို မြင်မြင်ချင်းမှာပင် ကုယွမ်၏စိတ်ထဲ၌ ထိုအတွေး ချက်ချင်းပေါ်လာသော်လည်း အပြင်ပန်းတွင်မူ ပြုံးလျက် "စီမံခန့်ခွဲသူဝူက အားနာစရာတွေ ပြောနေပါပြီ။ ကျွန်တော် ကုယွမ်ပါပဲ၊ ဆရာလို့ အခေါ်ခံရဖို့တော့ မထိုက်တန်ပါဘူး။ ကုယွမ်လို့ပဲ ခေါ်နိုင်ပါတယ်" ဟု ပြန်ပြောလိုက်သည်။
မြေခွေးကလေးပဲ...
ကုယွမ်၏ အပြုံးကို မြင်လိုက်ရသောအခါ စီမံခန့်ခွဲသူဝူသည်လည်း စိတ်ထဲမှ တိတ်တဆိတ် မျက်မှောင်ကြုတ်သွားမိသည်။
ယခင်က ကုယွမ်သည် ချန်စံအိမ်တော်မှ လွှတ်လိုက်သော ခွေးဆိုးများ၏ အကိုက်ခံရကာ သေလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ထို့နောက်တွင်လည်း စီမံခန့်ခွဲသူဝူ ကိုယ်တိုင် ကုမိသားစုဆီသို့ လာရောက်ကာ တစ်ဖက်က ခြိမ်းခြောက်ကာ တစ်ဖက်က ဖိအားပေးပြီး ထိုကိစ္စကို အစဖျောက်ခဲ့ဖူးသည်။
ထို့ကြောင့် ကုယွမ်နှင့် သူ သို့မဟုတ် သူ၏နောက်ကွယ်ရှိ ချန်စံအိမ်တော်တို့ကြားတွင် နက်ရှိုင်းသော ရန်ငြိုးများ ရှိနေသည်မှာ နှစ်ဖက်စလုံး ကောင်းကောင်းနားလည်ထားသည့် အချက်ပင်။
ကုယွမ်သည် သူ့ကို မြင်မြင်ချင်း ဒေါသတကြီး တုံ့ပြန်ခြင်း သို့မဟုတ် မကျေနပ်သည့် အမူအရာမျိုး ပြသခဲ့မည်ဆိုလျှင် စီမံခန့်ခွဲသူဝူအနေဖြင့် အံ့သြမည်မဟုတ်ပေ။ ၎င်းမှာ သာမန်လူတစ်ယောက်၏ တုံ့ပြန်မှုမျိုးသာ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူ့ကို မြင်လိုက်ရသည့်တိုင် ကုယွမ်သည် ရန်လိုသည့် အရိပ်အယောင်မျှပင် မပြသည့်အပြင် ယဉ်ကျေးပျူငှာစွာဖြင့် ပြုံးပြနိုင်သည်အထိ ဖြစ်နေခြင်းမှာ အလွန်ပင် ထူးဆန်းသည်။
ကုယွမ်၏ ထိုကဲ့သို့သော ပြုမူပုံသည် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိနိုင်သည်။
ပထမတစ်ခုမှာ ဤလူငယ်သည် စိတ်သဘောထား အလွန်ကြီးမြတ်ပြီး အတိတ်က ရန်ငြိုးများကို စိတ်ထဲမထားဘဲ သူနှင့် ချန်စံအိမ်တော်အပေါ် တကယ်ပင် ရန်ငြိုးမရှိတော့ခြင်းပင်။
ဒုတိယတစ်ခုမှာမူ ဤလူငယ်သည် အလွန်ပင် သည်းခံနိုင်စွမ်းရှိပြီး ပင်လယ်ကဲ့သို့ နက်နဲသော စိတ်ထားရှိသူဖြစ်ကာ ချန်စံအိမ်တော်၏ အန္တရာယ်ကို သိရှိထားသဖြင့် ရန်လိုမှုကို ကျွမ်းကျင်စွာ ဖုံးကွယ်ထားခြင်းပင်။
စီမံခန့်ခွဲသူဝူ၏ အမြင်တွင် ပထမဖြစ်နိုင်ခြေမှာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ဒုတိယအချက်သာ ကျန်တော့သည်။
ကုယွမ်သည် ရန်ငြိုးမရှိသည်မဟုတ် ရန်ငြိုးများစွာရှိသော်လည်း ချန်စံအိမ်တော်၏ သြဇာအာဏာကို ကြောက်ရွံ့သဖြင့် ခေတ္တဖုံးကွယ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် အဓိကအချက်မှာ ကုယွမ်သည် ယခုမှ အသက် ၁၇ နှစ်သာ ရှိသေးခြင်းပင်။
ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ဤမျှအထိ တည်ငြိမ်အေးဆေးနေနိုင်ခြင်းကို ကြည့်လျှင် ဤလူငယ်မှာ သာမန်တော့ မဟုတ်ချေ။
...
ဤသို့ တွေးမိလိုက်သောအခါ စီမံခန့်ခွဲသူဝူသည် အားရပါးရ ရယ်မောလိုက်ပြီး "ကောင်းပါပြီ... ဒါဆိုလည်း ငါက မင်းကို ညီလေးကုလို့ပဲ ခေါ်တော့မယ်" ဟု ပြောလိုက်သည်။
စကားပြောနေစဉ်အတွင်း သူသည် လက်ကို တချက်ဖြောင်းခနဲ တီးလိုက်ရာ နောက်မှလိုက်ပါလာသော အစေခံနှစ်ဦးမှာ ချက်ချင်းပင် ရှေ့သို့ တိုးထွက်လာကြတော့သည်။
တစ်ဦးက လက်ရာမြောက်လှသော ဓားအိမ်စွပ်ထားသည့် ဓားရှည်တစ်စင်းကို ကိုင်ဆောင်ထားပြီး ကျန်တစ်ဦးကမူ သစ်သားသေတ္တာတစ်လုံးကို ဖွင့်ပြလိုက်ရာ အတွင်း၌ တလက်လက်တောက်ပနေသော ငွေတုံးများကို တွေ့လိုက်ရသည်။ ငွေပမာဏမှာ အနည်းဆုံး ၅၀ ကျပ်ခန့် ရှိပေလိမ့်မည်။
"ဒါတွေက... တော်တော်များတဲ့ ငွေတွေပဲ..."
ဘေးနားရှိ ကုယွမ်၏ မိဘနှစ်ပါးမှာ ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြပြီး သေတ္တာထဲမှ တောက်ပနေသော ငွေများကို စိုက်ကြည့်နေမိကာ စကားပင် မပြောနိုင်တော့ချေ။
သက်ကြီးရွယ်အို ဇနီးမောင်နှံမှာ ကုမိသားစုရွာတွင်ပင် တစ်သက်လုံး ရုန်းကန်နေထိုင်လာကြသူများ ဖြစ်သည်။ ငွေ ၃၀ ကျပ် နေနေသာသာ ကြေးပြားတစ်ရာကျော်ကိုပင် တွေ့ရခဲလှသဖြင့် ယခုကဲ့သို့ ငွေအမြောက်အမြားကို ရုတ်တရက် မြင်တွေ့လိုက်ရသည့်အခါ အလွန်အမင်း အံ့အားသင့်သွားခြင်းမှာ သဘာဝကျသည်။
ရွာသားများ၏ တုံ့ပြန်မှုကို ကြည့်၍ စီမံခန့်ခွဲသူဝူ၏ အပြုံးမှာ ပိုမိုနက်ရှိုင်းလာပြီးနောက် သူက ပြောလိုက်သည်။
"ညီလေးကုက မကြာသေးခင်ကမှ ဓားသိုင်းကို စတင်လေ့ကျင့်နေတယ်လို့ ကြားမိလို့ ဓားတစ်စင်း လိုအပ်နေမှာပဲ။ ဒီဓားကတော့ အကြိမ်တစ်ရာမက ထုရိုက်သွန်းလုပ်ထားတဲ့ သံမဏိအမျိုးအစားဖြစ်ပြီး ငါတို့ ချန်စံအိမ်တော်ရဲ့ စုဆောင်းမှုတွေထဲက တစ်ခုပဲ။ သံကို ရွှံ့လိုဖြတ်နိုင်တယ်လို့ မဆိုနိုင်ပေမဲ့ အဲဒီအဆင့်နီးပါးပဲ ရှိပါတယ်။ တကယ့်ကို ရှားပါးတဲ့ လက်နက်ကောင်းတစ်ခုဖြစ်လို့ ညီလေးကို လက်ဆောင်ပေးချင်ပါတယ်"
"ဒီငွေ ၅၀ ကျပ်ကတော့ ညီလေးကုအတွက် လျော်ကြေးအဖြစ် ပေးအပ်တာပါ"
စီမံခန့်ခွဲသူဝူက ရိုးသားလှသော အမူအရာဖြင့် ဆက်ရှင်းပြသည်။
"စကားပုံတစ်ခု ရှိတယ်မဟုတ်လား... ရန်ငြိုးကို ဆုပ်ကိုင်ထားတာထက် ဖြေဖျောက်လိုက်တာက ပိုကောင်းတယ်ဆိုတာလေ။ အရင်တစ်ခေါက်က ငါတို့ရဲ့ သခင်လေးက အမဲလိုက်ခွေးတွေကို အချိန်မီ မတားဆီးနိုင်ခဲ့လို့ ညီလေးကု အကိုက်ခံခဲ့ရတာက ငါတို့ရဲ့ အမှားပါပဲ။ သခင်လေးကလည်း အဲဒီကိစ္စအတွက် တော်တော်လေး စိတ်မကောင်းဖြစ်နေပြီး အဲဒီခွေးဆိုးတွေကိုလည်း စီရင်ပြီးပါပြီ။ ဒီနေ့မှာတော့ ညီလေးကို အထူးတောင်းပန်ဖို့ ငါ့ကို စေလွှတ်လိုက်တာပါ"
နောက်ဆုံးတွင် သူက လက်နှစ်ဖက်ကို စုကာ အရိုအသေပြုလိုက်ရင်း "ဒါကြောင့် ဒီဓားနဲ့ ဒီငွေတွေကို ညီလေးကုအနေနဲ့ ကျေကျေနပ်နပ် လက်ခံပေးပါဦး" ဟု ပြောလိုက်တော့သည်။
အကယ်၍သာ သာမန်လူတစ်ယောက်ဆိုလျှင် ချန်စံအိမ်တော်ကဲ့သို့ သြဇာရှိသော မိသားစုထံမှ ဤမျှများပြားသော လျော်ကြေးနှင့် လူကိုယ်တိုင် လာရောက်တောင်းပန်မှုကို ရရှိပါက အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားကြမည်မှာ အသေအချာပင်။ မကျေနပ်ချက် သို့မဟုတ် ရန်ငြိုးများ ရှိနေလျှင်ပင် အခြေအနေအရ မျိုသိပ်လိုက်ကြရပေလိမ့်မည်။ မဟုတ်ပါက ကျေးဇူးမသိတတ်သူဟု အမြင်ခံရနိုင်သောကြောင့်ဖြစ်သည်။
သို့သော် ကုယွမ်ကမူ စိတ်ထဲမှ တလှည့်စီ လှောင်ပြုံးပြုံးနေမိသည်။
စိတ်မကောင်းဖြစ်တယ်…တောင်းပန်တယ်ဟုတ်လား။
ဒီလိုသာဆိုရင် ဘာဖြစ်လို့ စောစောစီးစီး မလုပ်ခဲ့တာလဲ။
ကျောက်စိမ်းအိုးအိမ်တော်မှာ ငါ ဆေးဆရာ ဖြစ်လာတာနဲ့ သိုင်းပညာ စသင်နေတာတွေကို သိသွားလို့သာ သူတို့တွေ ဒီလောက် တန်ဖိုးထားနေကြတာပေါ့။ တကယ်လို့ ငါသာ အရင်ကလို အသုံးမကျတဲ့ ကုယွမ် အတိုင်းပဲ ဆိုရင်တော့... ငါ သေသွားရင်တောင် ဘယ်သူကမှ လှည့်ကြည့်မှာ မဟုတ်တာ ကျိန်းသေတယ်…..
ဤကဲ့သို့ အခွင့်အရေးသမားဆန်သော အပြုအမူမျိုးမှာ ကုယွမ်၏ စိတ်ထဲရှိ အထက်တန်းလွှာ မိသားစုကြီးများအပေါ် ထားရှိသည့် အမြင်နှင့် ထပ်တူကျနေသည်။ ထို့ပြင် သူတို့သည် မနေ့ကပင် တုန်းကွေ့၏အိမ်သို့ လူလွှတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်မူ ကုယွမ် ဓားသိုင်းသင်ယူနေသည်ကိုပင် သိရှိနေကာ ဓားတစ်စင်းကို ရည်ရွယ်ချက်ရှိရှိ လာပေးခြင်းမှာ ချန်စံအိမတော်ဘက်မှ မနေ့ကတည်းက တစ်စုံတစ်ခု ထူးခြားနေပြီဆိုသည်ကို ရိပ်မိသွားပြီး ကုယွမ်၏ နောက်ကြောင်းနှင့် ကျောက်စိမ်းအိုးအိမ်တော်တွင် သူ ဘာတွေလုပ်ဆောင်နေလဲဆိုသည်ကိုပါ အကုန်အစင် စုံစမ်းပြီးသွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
ကုယွမ်အား ဓားတစ်စင်း လက်ဆောင်ပေးခြင်းမှာ တောင်းပန်ခြင်းဖြစ်သလို သူတို့၏ ဩဇာအာဏာကို ပြသခြင်းလည်း ဖြစ်သည်။ ကုယွမ်အနေဖြင့် အလိုက်အထိုက် နေထိုင်ရန် မဟုတ်ပါက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်စေ၊ သိုင်းဆရာဖြစ်စေ သူတို့၏ အင်အားဖြင့် ဖိနှိပ်ရန် လွယ်ကူကြောင်း သွယ်ဝိုက်၍ ခြိမ်းခြောက်လိုက်ခြင်းပင်။
၎င်းအပြင် ကုယွမ်က ဤအကျိုးကျေးဇူးများကို လက်ခံလိုက်ပြီဆိုပါက ဤကိစ္စမှာ ပြီးပြတ်သွားပြီဟု အဓိပ္ပာယ်ရပြီး နောင်တစ်ချိန်တွင် မည်သူမျှ ဤအကြောင်းကို ပြန်လည်မပြောကြေး၊ ပြဿနာမရှာကြေးဟူသော စည်းကမ်းချက်ကို လက်ခံလိုက်ခြင်းပင်။
တကယ်လို့ ကုယွမ်က ငြင်းပယ်ခဲ့မည်ဆိုပါက နှစ်ဖက်စလုံး မျက်နှာပျက်သွားကြပြီး မပြေလည်သော အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။
ကုမိသားစု၏ ခြံစည်းရိုးမှာ တောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသဖြင့် သိပ်မမြင့်လှဘဲ အပြင်မှလူများ အထဲသို့ ကောင်းစွာ မြင်တွေ့နေရသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အပြင်ဘက်ရှိ ရွာသားများကြားတွင်လည်း ပွက်လောရိုက်သွားတော့သည်။
“ကျေးဇူးတင်ပါတယ် စီမံခန့်ခွဲသူဝူ... အမှန်အတိုင်းပြောရရင် ကျွန်တော်က အဲဒီကိစ္စကို စိတ်ထဲတောင် မထားတော့ပါဘူး။ အခုလို အကြီးအကဲက ထုတ်မပြောရင် ကျွန်တော်တောင် မေ့နေလောက်ပါပြီ”
စိတ်ထဲတွင် အတွေးပေါင်းစုံ ရှိနေသော်လည်း အပြင်ပန်း၌မူ ကုယွမ်က အပြစ်ကင်းစင်ဟန်ဖြင့် ပြုံးလိုက်ရင်း
"ဒါပေမဲ့ အခုလို အကြီးအကဲကိုယ်တိုင် လာရောက်တောင်းပန်နေမှတော့ ကျွန်တော်က လက်မခံဘူးဆိုရင် အကြီးအကဲကို စော်ကားရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့် ဒီပစ္စည်းတွေကို ကျွန်တော် အားမနာတမ်းပဲ လက်ခံလိုက်ပါ့မယ်"
စီမံခန့်ခွဲသူဝူ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားပြီး သူ၏ အမူအရာမှာ ပျက်ယွင်းလုနီးပါးပင်။
ရန်ငြိုးတွေ ဒီလောက်ကြီးတာကို ဘာမှမဖြစ်ပါဘူးလို့ အေးအေးဆေးဆေး ပြောထွက်တဲ့ ဒီလူလိမ်လေးကတော့... ဒါကို ယုံတဲ့သူရှိရင် အဲဒီလူက တကယ့်ငတုံးပဲ။ ဒီလောက် မျက်နှာပြောင်ပြောင်နဲ့ လိမ်နိုင်တာကို ကြည့်ရင် ဒီကောင်လေးကတော့ တကယ်ကို သာမန်မဟုတ်ဘူး….
ကိစ္စတွေ အားလုံး ပြီးသွားပြီဖြစ်သဖြင့် စီမံခန့်ခွဲသူဝူသည် ထရပ်လိုက်ပြီး ကုယွမ်နှင့် စကားအနည်းငယ် ထပ်မံပြောဆိုကာ သူ၏ အစေခံနှစ်ဦးနှင့်အတူ နှုတ်ဆက်၍ ထွက်ခွာသွားတော့သည်။
အခန်း။ ၂၆
"အဘိုးကြီးဝူ... ဒီကောင်က အခု ကျောက်စိမ်းအိုးအိမ်တော်ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်နေတယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ ကံကောင်းသွားတဲ့ တောသားတစ်ယောက်ပါပဲ။ အဘိုးကြီးကိုယ်တိုင် သူ့ကို ဒီလောက်အထိ နှိမ့်ချပြီး တောင်းပန်နေဖို့ လိုလို့လား"
သူတို့သုံးဦး ကုမိသားစုရွာမှ ထွက်လာသည်နှင့် အစေခံတစ်ဦးက အနားသို့ တိုးကပ်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။
ထိုသူသည် သူ၏လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်လိုက်ရာ "ဂျောက် ဂျောက်" ဟု အရိုးသံများ ထွက်ပေါ်လာပြီး ရက်စက်သော အပြုံးဖြင့် "တကယ်တော့ အဘိုးကြီးသာ အမိန့်ပေးလိုက်မယ်ဆိုရင် ဒီညပဲ ကျွန်တော်သွားပြီး သူ့လည်ပင်းကို ချိုးပစ်လိုက်မယ်။ သူ့မိသားစုတစ်စုလုံးကို သတ်ပစ်လိုက်ရင် ဒီကိစ္စက အပြီးအပိုင် ရှင်းသွားမှာပဲ မဟုတ်လား" ဟု ပြောလိုက်သည်။
"မင်းသိတာတွေကို ငါက မသိဘူးလို့ ထင်နေတာလား"
စီမံခန့်ခွဲသူဝူက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ ထိုသူ၏ အတွေးထဲတွင် သခင်လေးယွမ်ကျဲကို ဖားယားရင်း သူ့ကိုယ်သူ အသုံးဝင်ကြောင်း သက်သေပြလိုသည့် ဆန္ဒများသာ ရှိနေသည်ကို သူ သိသော်လည်း အထွေအထူး မပြောတော့ဘဲ စကားအနည်းငယ်သာ ပြောလိုက်သည်။
"အဲဒီကောင် သေရမယ်ဆိုတာကတော့ အမှန်ပဲ။ ဒါပေမဲ့ သူက အခု အရေပြားသန့်စင်ခြင်း အဆင့်မှာ အောင်မြင်မှုအဆင့်ကို ရောက်နေပြီး တကယ့် သိုင်းဆရာတစ်ယောက် ဖြစ်နေပြီ။ မင်းတစ်ယောက်တည်းနဲ့တော့ သူ့ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး"
"သိုင်းဆရာ ဟုတ်လား"
ထိုအစေခံမှာ မှင်တက်သွားကာ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက အခုမှ သိုင်းပညာ စသင်တာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
"အရင်ကတည်းက တစ်ယောက်ယောက်ဆီမှာ သင်ထားတာလည်း ဖြစ်နိုင်သလို တခြား ထူးခြားတဲ့ အခွင့်အရေးတစ်ခုခု ရထားတာလည်း ဖြစ်နိုင်တယ်"
စီမံခန့်ခွဲသူဝူကမူ ထိုအချက်ကို သိပ်ပြီး ဂရုမစိုက်လှပေ။ အရေပြားသန့်စင်ခြင်း အောင်မြင်မှုအဆင့်ရှိသော သိုင်းဆရာတစ်ဦးမှာ သူ၏မျက်လုံးထဲတွင် ဘာမှမဟုတ်သေးချေ။
ထို့နောက် သူ ဆက်ပြောလိုက်သည်။
"ဒီနေ့ကိစ္စအတွက် မင်းတို့ ပူနေစရာ မလိုပါဘူး။ နောက်မှ တစ်ယောက်ယောက်က ဒီကိစ္စကို အလိုအလျောက် ရှင်းလင်းသွားလိမ့်မယ်။ မင်းတို့နှစ်ယောက် လုပ်ရမှာက ပါးစပ်ကို ပိတ်ထားဖို့ပဲ။ အကယ်၍ သတင်းတစ်ခုခု ပေါက်ကြားသွားမယ်ဆိုရင်တော့... ငါ ဘာမှမပြောလည်း နောက်ဆက်တွဲကို မင်းတို့ သိကြမှာပါ"
"ဟုတ်ကဲ့ပါ"
စီမံခန့်ခွဲသူဝူ၏ လေသံမှာ အေးဆေးတည်ငြိမ်နေသော်လည်း ထိုသူနှစ်ဦးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး မည်သည့်စောဒကမျှ မတက်ဘဲ ချက်ချင်းပင် ထူးလိုက်ကြတော့သည်။
ခုနက ကုယွမ်၏ အမူအရာကို ပြန်လည် မြင်ယောင်ရင်း စီမံခန့်ခွဲသူဝူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ အမှန်တကယ်တော့ မနေ့က ကုယွမ်သည် တုန်းကွေ့နှင့် ဆွန်းအာတို့၏ ခြေလက်များကို ရိုက်ချိုးလိုက်ကြောင်း သူ သိလိုက်ရကတည်းက ဤအခြေအနေမှာ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေပြီဖြစ်ကြောင်း သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။
မူလက ထိုလူငယ်သည် ဝေးလံသီခေါင်သော ကျေးလက်ဒေသမှ ဆင်းရဲသားတောင်သူတစ်
ဦး၏ သားဖြစ်ရာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အရေးမပါသော သတ္တဝါမျှသာ ဖြစ်ခဲ့သည်။ အစပိုင်းတွင် စီမံခန့်ခွဲသူဝူသည် ဤကိစ္စကို အမှုမထားခဲ့သကဲ့သို့ ထိုကဲ့သို့သော လူငယ်မျိုးကလည်း မည်သည့်အရေးပါသော ကိစ္စရပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
သို့ရာတွင် စိတ်ချရစေရန်အတွက်သာ လူမိုက်နှစ်ဦးကို စေလွှတ်၍ တိတ်တဆိတ် စောင့်ကြည့ခိုင်းထားခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း အလေးတယူ ဂရုပြုခဲ့ခြင်းမရှိပေ။ ချန်စံအိမ်တော်၏ သခင်လေး ချန်ယွမ်ကျဲ ဆိုလျှင်လည်း ဤမျှသေးငယ်သော ကိစ္စမျိုးကို သတိမမူမိတော့သည်မှာ ကြာပြီဖြစ်လိမ့်မည်။
သို့သော် တစ်လကျော်မျှသာကြာသော ကာလအတွင်းမှာပင် ထိုလူငယ်သည် အခြေအနေများကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် အမှန်တကယ် စွမ်းဆောင်နိုင်ခဲ့သည်။ ဤအတောအတွင်း ကုယွမ်၏ လုပ်ဆောင်ချက်များကို စုံစမ်းကြည့်သောအခါ၌လည်းကောင်း ယနေ့ ကုယွမ်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုက်ရသောအခါ၌လည်းကောင်း စီမံခန့်ခွဲသူဝူ သတိထားမိလိုက်သည်မှာ ကုယွမ်သည် လက်ရှိအခြေအနေ၌သာ ရောင့်ရဲတင်းတိမ်နေမည့်သူ မဟုတ်ခြင်းပင်။
အကယ်၍ ရောင့်ရဲတတ်သူသာဆိုပါက သိုင်းပညာကို သင်ယူမှာ မဟုတ်သကဲ့သို့ ကျောက်စိမ်းအိုးအိမ်တော်သို့ ဝင်ရောက်၍ ဆေးပညာကျွမ်းကျင်သူဖြစ်ရန်လည်း ကြိုးစားလိမ့်မည်မဟုတ်ပေ။ အမှန်စင်စစ် သိုင်းပညာသင်ယူခြင်းသည် အာဏာနှင့် ခွန်အားကို ရယူလိုခြင်းပင်။ သုတို့ကဲ့သို့သော အသိုင်းအဝိုင်းအတွက် အာဏာရှိလာသော သာမန်လူတစ်ယောက်ဆိုသည်မှာ မတည်ငြိမ်သော အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။
ပုံမှန်အားဖြင့်ဆိုပါက အထက်လူကြီးများသည် ထိုကဲ့သို့သော လူမျိုးကို သူတို့လက်အောက်သို့ ရောက်ရှိလာစေရန် စည်းရုံးကာ သိမ်းသွင်းလေ့ရှိကြသည်။ သို့သော် ကုယွမ်သည် ချန်စံအိမ်တော်နှင့် နက်ရှိုင်းသော ရန်ငြိုးရှိထားသူဖြစ်ပြီး သည်းခံနိုင်စွမ်းလည်း အလွန်ကြီးမားသူဖြစ်ရာ ၎င်းကို ထိန်းချုပ်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ဤသို့သော အခြေအနေမျိုးတွင် ဖုံးကွယ်နေသည့် အန္တရာယ်ကို အမြစ်ပြတ်အောင် ရှင်းလင်းဖယ်ရှားပစ်ရန်သာ ရှိတော့သည်။
သို့သော် ဤကိစ္စရပ်အားလုံးကို စီမံခန့်ခွဲသူဝူသည် အစကတည်းကပင် ရှင်းလင်းစွာ နားလည်ထားပြီးဖြစ်သည်။ ကုယွမ်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားပါလျက်နှင့် ရန်သူ့အတွက် အင်အားဖြစ်စေမည့် ဓားကောင်းတစ်စင်းနှင့် ငွေဒင်္ဂါး (၅၀) ပေးအပ်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ချန်စံအိမ်တော်သည် ခရိုင်မြို့အတွင်း သြဇာအာဏာကြီးမားသော မိသားစုဖြစ်သည့်အတွက် အနည်းဆုံး အများအမြင်တွင် သိက္ခာရှိအောင် နေပြရန် လိုအပ်သောကြောင့်ပင်။ ရာထူးအဆင့်အတန်းရှိသော သူကဲ့သို့သောသူက ဆင်းရဲသားတောသားလေးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ဂါရဝပြုပြခြင်းကပင် သူ့ကို တန်ဖိုးထားကြောင်း ပြသရာရောက်ပြီး လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
"ဒီလိုအခြေအနေမျိုးမှာ ငါတို့ ချန်စံအိမ်တော်က တခြားသူကို အနိုင်ကျင့်နေပါတယ်လို့ ဘယ်သူက ပြောရဲဦးမှာလဲ"
"သူ သေတာ ရှင်တာကတော့ သူ့ကံကြမ္မာပဲ။ ငါတို့ ချန်စံအိမ်တော်နဲ့ ဘာမှမဆိုင်တော့ဘူး။ ဘာလို့ဆို ငါကိုယ်တိုင်တောင် သူ့ကို တောင်းပန်ပြီးပြီလေ။ ငါတို့ ချန်စံအိမ်တော်က လုပ်တာလို့ ပြောရင်တောင် ဘယ်သူက ယုံမှာလဲ။ ဘယ်သူကရော ယုံရဲမှာလဲ"
...
"အာယွမ်... ဒါတွေက ဘာဖြစ်တာလဲ သားရဲ့"
ကုမိသားစုအိမ်အတွင်း၌ ကုယွမ်၏ မိဘနှစ်ပါးမှာ ယခုထက်တိုင် စိတ်နှင့်ကိုယ် မကပ်ဘဲ မှင်တက်နေကြဆဲပင်။
ယခင်က အထက်စီးဆန်ကာ မောက်မာလှသော စီမံခန့်ခွဲသူဝူသည် ယနေ့တွင်မူ သူတို့ထံ အထူးတလည် လာရောက်တောင်းပန်ရုံမျှမက ငွေစင်အမြောက်အမြားကိုပါ ပျူငှာစွာ ပေးအပ်သွားခဲ့သည်။ ထိုအခြင်းအရာက ဇနီးမောင်နှံနှစ်ဦးကို အလွန်အမင်း ဇဝေဇဝါ ဖြစ်စေခဲ့သည်။
"သားရဲ့ အဆင့်အတန်းက အရင်နဲ့ မတူတော့လို့ပါ အဖေနဲ့အမေ။ သားက အခု ကျောက်စိမ်းအိုးမျှော်စင်ရဲ့ ဆေးပင်ရှာဖွေသူ တစ်ယောက် ဖြစ်သွားပြီလေ"
ကုယွမ်သည် ခေါင်းခါယမ်းလိုက်ရင်း အခြေအနေကို အကျဉ်းချုံး၍ ရှင်းပြလိုက်သည်။ ထို့နောက် သူက "ပြီးတော့ အဖေနဲ့ အမေ... ဒီငွေတွေကို အိမ်မှာထားရင် ဘေးဒုက္ခကို ဖိတ်ခေါ်သလို ဖြစ်နေလိမ့်မယ်။ ဒါကြောင့် သားပဲ သိမ်းထားလိုက်တာက ပိုပြီး စိတ်ချရပါလိမ့်မယ်"
"အာယွမ်..."
ကုယွမ်၏ မိခင်ဖြစ်သူသည် တလက်လက်တောက်ပနေသော ငွေစင်များကို ဂရုမပြုဘဲ သားဖြစ်သူကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"အမေက မိန်းမသားဆိုတော့ လောကကြီးရဲ့ အခြေခံသဘောတရားတွေကို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ ဒီလို မျိုးရိုးကြီး မိသားစုတွေနဲ့ ဆက်ဆံရတာ မလွယ်ဘူးဆိုတာတော့ အမေသိတယ်။ ငါတို့လို သာမန်လူတွေကို သူတို့က ဒီလောက်အထိ အခွင့်အရေးပေးတယ်ဆိုတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်နိုင်ဘူး။ သား... အစစအရာရာ သတိထားနော်"
မိခင်ဖြစ်သူ၏ အမြော်အမြင်ရှိလှသော စကားကြောင့် ကုယွမ် အနည်းငယ် အံ့အားသင့်သွားမိသော်လည်း "စိတ်မပူပါနဲ့ အမေ သား ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်" ဟု ပြန်လည်နှစ်သိမ့်လိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် သူသည် ဓားကို ကောက်ကိုင်လိုက်သည်။
ဤဓားမှာ သုံးပေကျော် ရှည်လျားပြီး ဓားအိမ်ကိုမူ အပြာရောင်သန်းသော သံသားသစ်သားဖြင့် ပြုလုပ်ထားကာ ဆန်းကြယ်လှပသော ပန်းနွယ်ပုံစံများဖြင့် တန်ဆာဆင်ထားသည်။
ချွင်…
ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သောအခါ တလက်လက်တောက်ပနေသည့် ဓားသွားမှာ ကုယွမ်၏ ရုပ်လွှာကို မှန်ချပ်ကဲ့သို့ ထင်ဟပ်စေပြီး မျက်နှာပေါ်ရှိ မွေးညင်းနုလေးများကိုပင် မြင်တွေ့နိုင်စွမ်းရှိသည်။ ပါးလွှာပြီး စူးရှလှသော ဓားသွား၏ အစွန်းပိုင်းမှ စူးရှသော အရှိန်အဝါများပင် သိသိသာသာ ထွက်ပေါ်နေသည်။
"ဓားကောင်းတစ်စင်းပဲ"
ကုယွမ်သည် ဓားကို ဓားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်သည်။
ရှေ့ဆက်၍ သူသည် ဝိညာဉ်မြွေဓားသိုင်းကို လေ့ကျင့်ရန် လိုအပ်နေသည်ဖြစ်ရာ ဤဓားမှာ သူ၏လိုအပ်ချက်နှင့် ကွက်တိပင်။
အကယ်၍ ကုယွမ် ကိုယ်တိုင် သွားရောက်ဝယ်ယူမည်ဆိုပါက ဤမျှ ကောင်းမွန်သည့် ပစ္စည်းမျိုးကို ရရှိရန်မှာ မလွယ်ကူလှချေ။
ချန်စံအိမ်တော်ဘက်မှ ယနေ့တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်ခဲ့သော်လည်း မိခင်ဖြစ်သူ ပြောဆိုခဲ့သကဲ့သို့ပင် မြေခွေးက ကြက်ကို နှစ်သစ်ကူး နှုတ်ဆက်သည်မှာ စေတနာကောင်းနှင့် မဖြစ်နိုင်ကြောင်း ကုယွမ် ကောင်းစွာ သိရှိထားသည်။
သူ၏ အဆင့်အတန်းမှာ ကျောက်စိမ်းအိုးမျှော်စင်၏ ဆေးပင်ရှာဖွေသူအဖြစ် ပြောင်းလဲသွားခဲ့သည်ဆိုသော်ငြား ဆေးပင်ရှာဖွေသူဟူသော ဂုဏ်ပုဒ်မျှဖြင့် ဒေသတွင်း သြဇာကြီးမားလှသည့် ချန်စံအိမ်တော်က ဦးညွှတ်လာရခြင်းမှာ အလွန်ပင် ထူးဆန်းနေသည်။
ထို့ကြောင့် သူ၏ ခွန်အားကို အလျင်အမြန် မြှင့်တင်ရန်မှာသာ အဓိက သော့ချက်ပင်။ အကယ်၍ သူ၏ ခွန်အားသာ လုံလောက်ခဲ့လျှင် တစ်ဖက်လူက မည်မျှပင် ပါးနပ်သော အစီအစဉ်များ သို့မဟုတ် ပရိယာယ်များကို အသုံးပြုပါစေ ဓားတစ်ချက်တည်းဖြင့် အစွမ်းကုန် ဖြေရှင်းနိုင်ပေလိမ့်မည်။
ကုယွမ်သည် တိုတောင်းသော အချိန်ကာလအတွင်း သူ၏ခွန်အားကို အလျင်အမြန် တိုးတက်လာစေရန်အတွက် ကြိုတင်စီမံထားပြီး ဖြစ်သည်။ ၎င်းမှာ မြွေတစ်ကောင်ကို သူ၏ ဝိညာဉ်သားရဲအဖြစ် ယဉ်ပါးစေရန်ပင်။
ကုယွမ်သည် သူ၏ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးသော လျှို့ဝှက်ချက်မှာ သားရဲအရှင်စနစ်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။ ထိုစနစ်၏ အရေးကြီးဆုံး လုပ်ဆောင်ချက်တစ်ခုမှာ ဝိညာဉ်သားရဲ၏ ပါရမီစွမ်းရည်များကို သခင်ဖြစ်သူထံ ပေါင်းစပ်ပေးနိုင်ခြင်းပင်။
တိုက်ဆိုင်စွာပင် သူသည် ရွှေမြွေ ဝိညာဉ်စွမ်းအင်ဝါးမြိုခြင်းကျင့်စဉ်နှင့် ဝိညာဉ်မြွေဓားသိုင်းတို့ကို ရရှိထားခဲ့သည်။ ဤကျင့်စဉ်နှစ်ခုအနက် တစ်ခုမှာ အတွင်းအားကျင့်စဉ်ဖြစ်ပြီး အခြားတစ်ခုမှာ တိုက်ခိုက်ရေးဓားသိုင်း ဖြစ်သော်လည်း ၎င်းတို့တွင် တူညီသောအချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ထိုကျင့်စဉ်နှစ်ခုစလုံးကို ရှေးလူကြီးများက ဝိညာဉ်မြွေများ၏ လှုပ်ရှားမှုများကို အကဲခတ်လေ့လာပြီးမှ ဖန်တီးခဲ့ခြင်းပင်။
အကယ်၍ ကုယွမ်သည် မြွေတစ်ကောင်ကို ယဉ်ပါးစေပြီး ၎င်း၏ ပါရမီစွမ်းရည်များကို ရရှိနိုင်ခဲ့လျှင် ထို့အပြင် ဝိညာဉ်မြွေသားရဲ၏ ဝိသေသလက္ခဏာများကို အစဉ်တစိုက် စောင့်ကြည့်လေ့လာပြီး ၎င်း၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့လျှင် သူ၏ သိုင်းပညာနှစ်ခုစလုံးမှာ ဟန်ချက်ညီညီဖြင့် အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်မည် ဖြစ်သည်။
မြွေတစ်ကောင်ချင်းစီ၏ ပါရမီမှာ ကွဲပြားခြားနားကြသည်ဖြစ်ရာ ကုယွမ်သည် သူနှင့် အသင့်တော်ဆုံးဖြစ်မည့် မြွေတစ်ကောင်ကို စနစ်တကျ ရွေးချယ်ပြီးမှသာ ယဉ်ပါးအောင် ပြုလုပ်ရန် စီစဉ်ထားတော့သည်။