အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း။ ၂၇
စီမံခန့်ခွဲသူဝူနှင့် လူစုထွက်ခွာသွားပြီးနောက် အပြင်ဘက်၌ အခြေအနေကို အကဲခတ်နေကြသော ရွာသားများသည်လည်း ခြံဝင်းအတွင်းသို့ တိုးဝှေ့ဝင်ရောက်လာကြရာ တစ်ခဏချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။
အထူးသဖြင့် စားပွဲပေါ်တွင် တင်ထားသော နှစ်ကျပ်သားခန့်ရှိသည့် တလက်လက်တောက်ပနေသော ငွေတုံးများကို မြင်လိုက်ရသည့်အခါ လူအများမှာ မျက်စိကျိန်းမတတ် ဖြစ်သွားကြပြီး တံတွေးများကို အသာအယာ မျိုချလိုက်ကြရသည်။
"အာယွမ်အမေရေ... ဒီနေ့တော့ မင်းတို့မိသားစုက ကုမိသားစုရွာအတွက် တကယ့်ကို မျက်နှာပွင့်စရာပဲ။ ချန်စံအိမ်တော်က စီမံခန့်ခွဲသူဝူကိုယ်တိုင် ငွေတွေလာပေးတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာကြီးပဲနော်"
"ဟုတ်ပါ့... အာယွမ်ကတော့ ကံကောင်းလိုက်တာ။ ဒီလောက်များတဲ့ ငွေတွေနဲ့ဆိုရင် အိမ်ကြီးအိမ်ကောင်း ဝယ်လို့ရသလို မယားတောင် အများကြီး ယူလို့ရသေးတယ်"
"ချန်စံအိမ်တော်က တကယ့်ကို သဘောထားကြီးတာပဲ။ ငွေစင် ၅၀ တောင် ပေးသွားတယ် ငါ့တစ်သက်မှာ ဒီလောက်များတဲ့ ငွေမျိုး တစ်ခါမှ မမြင်ဖူးဘူး"
"မင်းတင်မကဘူး ငါလည်း မမြင်ဖူးပါဘူး။ အဲဒီတုန်းက ခွေးအကိုက်ခံရတာ ငါသာဆိုရင် သိပ်ကောင်းမှာပဲ..."
အချို့သောသူများမှာမူ သူတို့၏ လောဘဇောတိုက်နေသော အကြည့်များကို ဖုံးကွယ်မထားနိုင်တော့ဘဲ ဖုံးဖိ၍မရသည့် လောဘစိတ်များဖြင့် ငွေစင်များကို စိုက်ကြည့်နေကြသည်။
"အဖိုးကြီး... ဘာတွေ ကြောင်နေတာလဲ"
ကုယွမ်၏ မိခင်ဖြစ်သူမှာ အခြေအနေမှာ မဟန်တော့ကြောင်း ရိပ်မိလိုက်သဖြင့် ကုယွမ်၏ဖခင်ကို တံတောင်နှင့် အသာတို့လိုက်သည်။ ထိုအခါမှ ကုတန်ရှန်းသည် သတိပြန်ဝင်လာပြီး ရှေ့သို့ အလောတကြီး တိုးသွားကာ ငွေစင်များကို စုစည်း၍ သိမ်းဆည်းရန် ပြင်လိုက်တော့သည်။
"အစ်ကိုတန်ရှန်း... ငါ့ကို ငွေအချို့လောက် ချေးပါဦးလား"
နွမ်းဖတ်နေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပြောင်တိုက်ကာ ပြုံးနေသော လူတစ်ယောက်က ကုတန်ရှန်း၏ ပုခုံးကို အားပါပါဖြင့် ပုတ်လိုက်ရင်း ပြောလာသည်။
"အစ်ကိုလည်း သိတဲ့အတိုင်း ငါက ကုလောင်စန်းပဲလေ။ အခုထိ အသက်က ကြီးလာပြီ အိမ်ထောင်လည်း မကျသေးဘူး။ ငါတို့က ညီအစ်ကိုတွေလို အတူကြီးပြင်းလာပြီး အမြဲတမ်း ရင်းနှီးခဲ့ကြတာပဲ မဟုတ်လား။ အစ်ကို့ညီလေး တစ်သက်လုံး လူပျိုကြီးဘဝနဲ့ အထီးကျန်နေမှာကိုတော့ အစ်ကိုလည်း မကြည့်ရက်ပါဘူးနော်"
ထိုသို့ပြောပြီးနောက် ကုတန်ရှန်း၏ အဖြေကိုပင် မစောင့်တော့ဘဲ စားပွဲပေါ်ရှိ ငွေစင်များဆီသို့ လက်လှမ်းကာ ဆွဲယူရန် ကြိုးပမ်းလိုက်တော့သည်။ ကြည့်ရသည်မှာ သူသည် ငွေတစ်တုံးတည်းကိုသာ ရည်ရွယ်ခြင်းမဟုတ်ဘဲ အများအပြားကို ဆွဲယူရန် ကြံစည်နေပုံပင်။
ဖြောင်း…
"ကုလောင်စန်း... မင်း ငွေချေးတာက ဒီလိုပုံစံမျိုးလား"
ကုတန်ရှန်းသည် သူ၏လက်ကို ပုတ်ထုတ်လိုက်ပြီး မျက်နှာမှာ အေးစက်သွားကာ "ဒီငွေတွေက ငါ့သား အသက်နဲ့ရင်းပြီး ရခဲ့တာတွေပဲ။ မင်းကို ငါက ဘာဖြစ်လို့ ချေးရမှာလဲ" ဟု ပြောလိုက်သည်။
"ဘာဖြစ်လို့ ချေးရမှာလဲ ဟုတ်လား"
ကုလောင်စန်းသည် ရိုက်ခံလိုက်ရသဖြင့် နီရဲသွားသော သူ၏လက်ကို ပွတ်သပ်ရင်း ချက်ချင်းပင် မကျေမချမ်း ဖြစ်သွားကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်တော့သည်။
"မင်းတို့မိသားစုကို ငါ့အဖေ အမဲလိုက်တုန်းက ဝက်ခြေထောက်တစ်ချောင်း ပေးခဲ့ဖူးလို့ပေါ့ကွ"
"ဘာလဲ ကုတန်ရှန်း... အခု မင်းတို့မှာ ငွေတွေရှိလာတော့ ကျေးဇူးတွေကို ကန့်လန့်တိုက်ပြီး ငါတို့လို ဆင်းရဲတဲ့ အိမ်နီးချင်းတွေကို အထင်သေးချင်တာလား"
"ပေါက်ကရတွေ မပြောနဲ့"
ကုတန်ရှန်းက ဆဲပြောလိုက်သည်။
"ကုလောင်စန်း... မင်းမှာ ဒါမျိုးပြောဖို့ မျက်နှာရှိသေးတယ်ပေါ့လေ။ အဲဒီဝက်ခြေထောက်က ငါ့ငွေနဲ့ငါ ဝယ်ခဲ့တာလေ။ တန်ရာတန်ကြေးနဲ့ အရောင်းအဝယ် လုပ်ခဲ့တာပဲ။ မင်းပါးစပ်ထဲကျမှ ဘယ်လိုဖြစ်ပြီး လက်ဆောင်ပေးတာ ဖြစ်သွားရတာလဲ"
"ပြီးတော့ မင်း ဘာလို့ မိန်းမမရတာလဲဆိုတာ မင်းကိုယ်မင်း မသိဘူးလား။ အလုပ်အကိုင်မရှိ ပျင်းရိနေလို့ပေါ့။ ဘယ်လိုအိမ်မျိုးက မင်းလိုလူကို သမီးပေးစားမှာလဲ။ မင်းအဖေဆီက အမဲလိုက်ပညာသာ အမွေမရခဲ့ရင် မင်း ငတ်သေနေတာ ကြာလှပြီ"
ပတ်ဝန်းကျင်ရှိ လူများမှာမူ တိတ်ဆိတ်နေကြသော်လည်း သူတို့၏ အကြည့်များမှာ စားပွဲပေါ်ရှိ ငွေစင်များနှင့် ကုတန်ရှန်းတို့အုပ်စုကြားတွင် ကူးချည်သန်းချည် ဖြစ်နေကြသည်။ အကယ်၍ ကုလောင်စန်းသာ အမှန်တကယ် ငွေချေးနိုင်ခဲ့လျှင် သူတို့လည်း အနည်းငယ်လောက် ချေးယူနိုင်မည်လားဟု စောင့်ကြည့်နေကြခြင်းပင်။
"မင်းတို့မိသားစုမှာ ဒီလောက် ငွေတွေ အများကြီးရှိနေတာပဲ။ ငါ့ကို နည်းနည်းပါးပါး ချေးတာ ဘာဖြစ်သွားမှာလဲ"
ကုလောင်စန်းသည် မျက်လုံးများကို ပြူးကြည့်ကာ ကုတန်ရှန်း၏ နှာခေါင်းကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်သည်။
"ကုတန်ရှန်း... ငါ မင်းကို ပြောလိုက်မယ်။ ငါ စကားအများကြီး မပြောချင်ဘူး။ မင်း ချေးချင်
သည်ဖြစ်စေ မချေးချင်သည်ဖြစ်စေ ဒီနေ့တော့ ငါ့ကို ပေးရမှာပဲ။ မဟုတ်ရင်တော့..."
"မဟုတ်ရင် ဘာဖြစ်မှာလဲ"
ကုယွမ်သည် သူ၏ရှေ့သို့ တိုးထွက်လာပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်တော့သည်။
ကုယွမ်ကို မြင်လိုက်ရသောအခါ ကုလောင်စန်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အလိုအလျောက် လည်ပင်းကျုံ့သွားသော်လည်း သူ၏လည်ပင်းကို ပြန်လည်တင်းထားရင်း ပြောလိုက်သည်။
"အာယွမ်... မင်းက မင်းရဲ့ လူကြီးသူမကို ဒီလိုလေသံနဲ့ စကားပြောတာလား။ ဘာလဲ... လူတွေအားလုံး ရှေ့မှာ ငါ့ကို ရိုက်မလို့လား"
ကုယွမ်က မျက်မှောင်ကြုတ်ကာ ဘာမှပြန်မပြောဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ ကုလောင်စန်းမှာ ပို၍ပင် ရဲတင်းလာပြီး ရင်ဘတ်ကိုကော့ကာ ခေါင်းကို မော့လိုက်ရင်း
"ဟွန်း... မင်းက ရိုက်နိုင်တယ်ဆိုပါစို့။ ငါက ရွာလူကြီးနဲ့ မျိုးနွယ်စု အကြီးအကဲတွေကို ခေါ်ပြီး တရားစီရင်ခိုင်းမယ်ဆိုတာကို မင်းယုံလား။ ဒီ ကုမိသားစုရွာမှာ မင်းလို လူငယ်လေးတစ်ယောက်က လူမိုက်ဆန်ဆန် သောင်းကျန်းနေတာကို သူတို့က ခွင့်ပြုထားမယ်လို့ ငါမယုံဘူး"
ကုလောင်စန်းက ရွာလူကြီးနှင့် အကြီးအကဲများကို တိုင်တန်းမည်ဟု အော်ဟစ်လိုက်သောအခါ ကုတန်ရှန်းနှင့် ဇနီးဖြစ်သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
ရွာလူကြီးဆိုသည်မှာ ကုမျိုးနွယ်စု၏ ခေါင်းဆောင်ပင်။ ထိုဇနီးမောင်နှံနှစ်ဦး၏ အမြင်တွင် ရွာလူကြီးနှင့် အကြီးအကဲများမှာ သူတို့၏ အရှင်သခင်များကဲ့သို့ပင်။ မျိုးနွယ်စု ဘိုးဘွားရိပ်သာ၌ အစည်းအဝေးပြုလုပ်ကာ မျိုးနွယ်စုစည်းကမ်းများကို အကောင်အထည်ဖော်တိုင်း လူအများမှာ ကြောက်လန့်တုန်လှုပ်ကြရသည်။
ထို့ပြင် ကုလောင်စန်းမှာ ရွာလူကြီး၏ တူအရင်း တစ်ယောက်လည်း ဖြစ်သည်။ ရွာလူကြီးသည် ကုလောင်စန်းကို သာမန်အားဖြင့် အရေးမလုပ်သော်လည်း သူတို့နှင့် ယှဉ်လျှင်မူ ကုလောင်စန်းမှာ ပို၍ ရင်းနှီးသော ဆွေမျိုးတော်စပ်သူဖြစ်ရာ ပြဿနာဖြစ်လာပါက သူတို့သာ အထိနာမည်မှာ အသေအချာပင်။
"ငွေချေးတဲ့လူတွေက ဒီလောက်အထိ မျက်နှာပြောင်တိုက်ပြီး ရဲတင်းနေကြတာကို ကြည့်ပြီး ငါ တကယ့်ကို အံ့သြမိတယ်။ ဒီနေ့တော့ မျက်စိပွင့်သွားတာပဲ"
ကုယွမ်က လှောင်ပြောင်လိုက်သည်။ ကျန်ရှိသော ရွာသားများ၏ အမျိုးမျိုးသော အမူအရာများကို ကြည့်ခြင်းအားဖြင့် ထိုသူများမှာလည်း အခွင့်အရေးကို စောင့်ဆိုင်းနေကြသူများဖြစ်ကြောင်း သိရှိလိုက်သဖြင့် အေးစက်စွာ ပြုံးလိုက်မိသည်။
"သေလိုက်စမ်း"
သူသည် စကားအရှည်ကြီး မပြောတော့ဘဲ ကုလောင်စန်း၏ ဝမ်းဗိုက်ကို အားပါပါဖြင့် ကန်ထုတ်လိုက်ရာ ကုလောင်စန်းမှာ လွင့်ထွက်သွားတော့သည်။
ကုလောင်စန်းမှာ နာကျင်လွန်းသဖြင့် ဝမ်းဗိုက်ကို ဆုပ်ကိုင်ကာ ချက်ချင်းပင် အော်ဟစ်
တော့သည်။
"အား... သူ ငါ့ကို ရိုက်နေပြီ ကယ်ကြပါဦး မင်းလို ကောင်စုတ်က လူကို ရိုက်ရဲတယ်ပေါ့လေ၊ ငါ့ဦးလေး ရောက်လာတဲ့အခါကျရင် မင်း နောင်တရစေရမယ်"
သို့သော် သူ၏ အော်ဟစ်သံမှာ ကြာရှည်မခံလိုက်ပေ။ ကုယွမ်က ရှေ့သို့ လှမ်းတက်လိုက်ပြီး သူ၏ ပါးကို နှစ်ချက်ဆင့်၍ ရိုက်လိုက်ရာ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ ထွက်လာပြီး သွားများပင် လှုပ်သွားကာ စကားပင် မပြောနိုင်တော့ဘဲ ကြောင်အသွားတော့သည်။
"ငါ သောင်းကျန်းနိုင်သလား မသောင်းကျန်းနိုင်ဘူးလားဆိုတာ မင်းဆုံးဖြတ်ရမှာလည်းမဟုတ်ဘူး။ ငါကိုယ်တိုင် ဆုံးဖြတ်မှာလည်း မဟုတ်ဘူး"
ကုယွမ်သည် ရှေ့သို့တစ်လှမ်းတိုးကာ သူ၏ရင်ဘတ်အင်္ကျီစကို ဆုပ်ကိုင်လိုက်ပြီး ဖြူဖွေးသောသွားများကို ပေါ်အောင် ဖြဲပြလျက် "ဒါပေမဲ့ မင်းကတော့ ဒီနေ့ ကံဆိုးတော့မယ်ဆိုတာကို ငါ အာမခံရဲတယ်" ဟု ပြောလိုက်သည်။
ယနေ့တွင် စီမံခန့်ခွဲသူဝူသည် ငွေစင်ငါးဆယ် ပေးအပ်သွားခဲ့ရာ ၎င်းမှာ အလွန်များပြားသော ပမာဏဖြစ်သည်။ သာမန်တောရွာသားများအတွက်မူ ၎င်းမှာ ကောင်းချီးတစ်ရပ် ဖြစ်
နိုင်သော်လည်း တစ်ခါတစ်ရံတွင် ကောင်းသောအရာများက ဆိုးသောအရာများအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။ ဤမျှများပြားသော ငွေကြေးပမာဏသည် ကြီးမားသော ပြဿနာများကိုပါ တစ်ပါတည်း သယ်ဆောင်လာနိုင်သည်။
ယခုမြင်တွေ့နေရသည့်အတိုင်းပင် စည်းစိမ်ဥစ္စာသည် လူတို့၏လောဘကို လှုံ့ဆော်ပေးနိုင်ရာ အချို့သောသူများမှာ မဟုတ်မမှန်သော စိတ်ထားများဖြင့် ဂဏာမငြိမ် ဖြစ်နေကြပြီဖြစ်သည်။ သို့သော် ကုယွမ်အတွက်မူ ဤအခြေအနေမှာ ကိုင်တွယ်ရန် လွယ်ကူသည်။
သူ ဘာမှပင် မလုပ်ရသေးမီမှာပင် ကြက်တစ်ကောင်က သူ့အလိုလို ပြေးထွက်လာခဲ့သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ"
ကုယွမ်က သူ့ကို သတ်ပြရမည့် ကြက်တစ်ကောင်အဖြစ် သတ်မှတ်လိုက်သည်ကို ကုလောင်စန်း မသိရှိသော်လည်း ထိုခဏ၌ သူသည် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
ဖူးရောင်နေသော ရုပ်ဆိုးလှသည့်မျက်နှာနှင့် နှာခေါင်းသွေးများ စီးကျနေသော ကုလောင်စန်းကိုကြည့်ကာ ကုယွမ်က ပို၍ပင် ရွံရှာမိပြီး
"မင်းက ငွေချေးချင်တာ မဟုတ်လား။ ငါ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"
ချွင်…
ပြောပြောဆိုဆိုပင် သူသည် လက်ထဲရှိ ဓားရှည်ကို ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်။
တလက်လက်တောက်ပနေသော ဓားသွား၏ အေးစက်သော အလင်းရောင်ကြောင့် ကုလောင်စန်းမှာ ဝမ်းဗိုက်အတွင်းမှ ဗြောင်းဆန်သွားကာ ကြောက်စိတ်များ ပြင်းထန်စွာ ဝင်ရောက်လာသဖြင့် အလျင်အမြန်ပင် အသနားခံတော့သည်။
"မလုပ်ပါနဲ့ အာယွမ်... မဟုတ်ပါဘူး... ဆရာယွမ် ကျွန်တော့်ကို အသက်ချမ်းသာပေးပါဗျာ။ ကျွန်တော်က သုံးစရာလေး နည်းနည်းလောက် လိုချင်လို့ပါ။ ဒီလောက်အထိ လုပ်စရာ မလိုပါဘူး မဟုတ်ဘူးလား"
ပတ်ဝန်းကျင်ရှိ လူများသည်လည်း ထိတ်လန့်သွားကြပြီး အမြန်ပင် နောက်သို့ဆုတ်သွားကြရာ မည်သူမျှ ကြားဝင်စွက်ဖက်ရန် မဝံ့ရဲကြတော့ချေ။
"အာယွမ်... ဒါကတော့..."
ကုယွမ်၏ဖခင်က တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မိခင်ဖြစ်သူက ဆွဲတားလိုက်ပြီး ဒေါသတကြီးဖြင့် "အဖိုးကြီး... ရှင် ဘာလုပ်တာလဲ အကယ်၍ အဲဒီ ကုလောင်စန်းသာ အောင်မြင်သွားရင် နောက်ထပ် လူတွေကော ငွေလာမချေးဘူးလို့ ထင်နေလား။ အားလုံးကသာ လာချေးသွားကြရင် အဲဒီလူတွေက ပြန်ဆပ်မယ်လို့ ရှင်ထင်နေတာလား"
"ဒါ့အပြင် ဒါက ငွေချေးတာမှ မဟုတ်တာ ဒါက ဗြောင်ကျကျ လုယက်နေတာပဲလေ"
"ဒါပေမဲ့ အာယွမ်က သူ့ကို သတ်လိုက်ရင် ပြဿနာကြီးလိမ့်မယ်..."
ဖခင်ဖြစ်သူက စိုးရိမ်တကြီး ရှင်းပြသည်။
အခန်း။ ၂၈
"ငါ ဘာကိုမှ ဂရုမစိုက်ဘူး။ ငါသိတာ တစ်ခုကတော့ ငါတို့မိသားစု ငတ်ပြတ်တော့မယ့်အချိန်မှာ ဘယ်သူမှ လာမကူညီခဲ့ကြဘူး ဆိုတာပဲ။ အခု ငါတို့မှာ ငွေရှိလာတော့မှ လာလုကြတယ်ပေါ့။ အရင်တုန်းက မင်းတို့ ဘယ်ရောက်နေကြလဲ။ ဒီငွေတွေက ငါ့သားရဲ့ အသက်နဲ့ရင်းပြီး ရထားတာ။ ဘယ်သူပဲဖြစ်ဖြစ် ဒီငွေကို လာယူတယ်ဆိုတာ ငါ့သားရဲ့ အသက်ကို လာနှိုက်တာနဲ့ အတူတူပဲ။ အဲဒီလိုလူမျိုး သေသွားရင်တောင် ထိုက်တန်တယ်"
ထိုသို့ပြောဆိုရင်း ကုယွမ်၏မိခင်သည် ဘေးပတ်ဝန်းကျင်ရှိ လူများကို အေးစက်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
မဟုတ်မမှန် ကြံစည်ရန် ပြင်နေသော အချို့သူများမှာမူ မျက်နှာပျက်သွားကြပြီး အနေရခက်သွားကြတော့သည်။
ထိုစဉ် အပြင်ဘက်မှ "မျိုးနွယ်စုခေါင်းဆောင် လာပြီ" "မြန်မြန်... လမ်းဖယ်ပေးကြ" ဟူသော အော်ဟစ်သံများနှင့်အတူ ဆူညံသံများ ထွက်ပေါ်လာသည်။
တောင်ဝှေးကို အားပြုလျက် သပ်ရပ်သော မုတ်ဆိတ်မွေးများရှိသည့် လူကြီးတစ်ဦးသည် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်။ ကုယွမ်သည် ဓားရှည်ကို ကိုင်စွဲကာ ပိုင်းခုတ်ရန် ပြင်
နေသည်ကို မြင်သောအခါ သူက အလောတကြီး အော်ဟစ်လိုက်သည်။
"ရပ်လိုက်စမ်း"
သို့သော် ကုယွမ်သည် ထိုစကားကို နားမယောင်ဘဲ လက်ကို မြှောက်ကာ ပိုင်းချလိုက်ရာ ဓားအလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားတော့သည်။
ဖျတ်….
ကုလောင်စန်းသည် သူ၏လက်မောင်းဆီမှ အေးစက်သော ခံစားချက်တစ်ခုကို ဦးစွာ ခံစားလိုက်ရပြီးနောက် စူးရှသော နာကျင်မှုက ချက်ချင်းပင် လိုက်ပါလာသည်။
သူ ငုံ့ကြည့်လိုက်သောအခါ သူ၏လက်တစ်ဖက်မှာ တံတောင်ဆစ်မှ ပြတ်တောက်သွားပြီး သွေးများ ပန်းထွက်နေသည်ကို တွေ့လိုက်ရသည်။ တစ်ပြိုင်နက်တည်းမှာပင် ပြင်းထန်လှသော နာကျင်မှုဝေဒနာသည် ဒဏ်ရာမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတော့သည်။
"အား... ငါ့လက်... ငါ့လက်ကြီး"
ကုလောင်စန်းသည် မျက်လုံးများ ပြူးထွက်သွားကာ ပြတ်တောက်သွားသော လက်မောင်းကို ဆုပ်ကိုင်လျက် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အဆက်မပြတ် အော်ဟစ်နေတော့သည်။
ကုယွမ်သည် ထိုအခါမှ ဓားရှည်ပေါ်တွင် ပေကျံနေသော သွေးများကို အေးအေးလူလူပင် ခါထုတ်လိုက်ပြီး ဓားအိမ်အတွင်းသို့ ပြန်ထည့်သွင်းလိုက်တော့သည်။
ထို့နောက် သူသည် ရင်ဘတ်အတွင်းမှ ကြေးပြားအချို့ကို နှိုက်ယူကာ ကုလောင်စန်း၏ ကိုယ်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်း ငွေချေးချင်တယ် ဆိုတာ ဒါမျိုးလား။ ဒါတွေ အားလုံးက မင်းအတွက်ပဲ။ နောက်လည်း ပြန်ဆပ်နေဖို့ မလိုတော့ဘူး။ အခုရော... မင်း ကျေနပ်ပြီလား"
ကုလောင်စန်း၏ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသောအခါ လူအများမှာ တိတ်ဆိတ်သွားကြပြီး အသက်ပင် ပြင်းပြင်းမရှုဝံ့ကြတော့ချေ။
"မင်း... မင်းလို ကောင်စုတ်လေးက ဒီလောက်အထိ ရဲတင်းလှချည်လား"
တောင်ဝှေးကို အားပြုထားသော အဘိုးအိုမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ကုယွမ်ကို လက်ညှိုးထိုးကာ စိုက်ကြည့်လျက် "ရွာလူကြီးဖြစ်တဲ့ ငါ့ရှေ့တင် လူကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ။ မင်း စိတ်ထဲမှာ ငါ့ကို မျိုးနွယ်စုခေါင်းဆောင်လို့ရော အသိအမှတ်ပြုသေးရဲ့လား။ မျိုးနွယ်စု စည်းကမ်းတွေကိုရော လေးစားမှု ရှိသေးရဲ့လား။ မင်းကို မျိုးနွယ်စု စည်းကမ်းတွေနဲ့အညီ ငါ အခုချက်ချင်း အပြစ်ပေးမယ်ဆိုတာ မင်းယုံလား" ဟု ဟိန်းဟောက်လိုက်သည်။
သူနှင့်အတူ ပါလာသော ရွာသားအချို့မှာလည်း ကုယွမ်ကို ရန်လိုသော အမူအရာဖြင့် စိုက်
ကြည့်နေကြသော်လည်း ကုယွမ်၏ လက်ထဲတွင် ဓားရှိနေသဖြင့် မဆင်မခြင်တော့ မပြုမူရဲကြချေ။
"အဘိုးကြီးကု..."
ကုယွမ်သည် ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်ရင်း "ကုလောင်စန်းက ဘယ်လိုလူစားမျိုးလဲဆိုတာ အဘိုးလည်း အသိဆုံးပဲ မဟုတ်လား" ဟု ပြောလိုက်သည်။
"သူက အဘိုးနဲ့ ဘယ်လိုတော်စပ်သလဲ။ ငါတို့မိသားစုကရော အဘိုးနဲ့ ဘယ်လိုပတ်သက်သလဲ။ အကယ်၍ ငါသာ အဘိုးပြောတာကို နားထောင်ခဲ့မယ်ဆိုရင် ဒီနေ့ ငါတို့ပဲ အထိနာရမှာပဲ"
"မင်း... မင်းကတော့..."
ရွာလူကြီး ကုချွန်းကျိသည် ဒေါသကြောင့် နှုတ်ခမ်းမွေးများ တလှုပ်လှုပ်ဖြစ်နေပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း ကုယွမ်ကပင် စကားဖြတ်ပြောလိုက်ပြန်သည်။
"အမှန်အတိုင်းပြောရရင် ကုလောင်စန်း အခုလို ဖြစ်သွားတာက သူ့ထိုက်နဲ့သူ့ကံပါပဲ။ သူက ချန်စံအိမ်တော်ကနေ ငါ့ကိုပေးထားတဲ့ လျော်ကြေးငွေတွေကို ဗြောင်ကျကျ လုယက်ဖို့ ကြိုးစားခဲ့တာလေ။ ဒီလိုလူမျိုးကို သတ်ပစ်လိုက်ရင်တောင် တရားမျှတမှု ရှိနေဦးမှာပဲ။ တကယ်လို့ ချန်စံအိမ်တော်က စီမံခန့်ခွဲသူဝူသာ သိသွားမယ်ဆိုရင်တောင် သူက လက်ခုပ်တီးပြီး ကြိုဆိုနေဦးမှာ"
"အဘိုးရဲ့ မျက်နှာကို ထောက်ထားလို့သာ သူ့လက်တစ်ဖက်ကိုပဲ ငါ အပြစ်ပေးလိုက်တာ။ အမှန်ဆိုရင် အဘိုးက ငါ့ရဲ့ ကြင်နာမှုကိုတောင် ကျေးဇူးတင်သင့်တာပေါ့"
ပတ်ဝန်းကျင်ရှိ လူများမှာ မျက်လုံးအပြူးသားဖြင့် နားထောင်နေကြပြီး ကုယွမ်သည် မျိုးနွယ်စုခေါင်းဆောင်ကို ဤမျှအထိ ရဲရဲဝံ့ဝံ့ ပြန်လည်ပြောဆိုလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။
ထို့အပြင် စကားအပြောအဆိုမှာလည်း အလွန်ပင် စီကာပတ်ကုံး ရှိသည်။ ဤသူမှာ ယခင်က စကားပြောနှေးကွေးပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သော ကုယွမ် အစစ်ဟုတ်ရဲ့လားဟု သံသယဝင်စရာပင်။
ချန်စံအိမ်တော်နှင့် စီမံခန့်ခွဲသူဝူဟူသော စကားလုံးများကို ကြားလိုက်ရသည့်အခါ ဒေါသထွက်နေသော ကုချွန်းကျိသည်လည်း တိတ်ဆိတ်သွားတော့သည်။ ထိုအချိန်တွင်ပင် အနားရှိ လူတစ်ယောက်က ဖြစ်ပျက်ခဲ့သမျှကို သူ၏နားထဲသို့ အပြေးအလွှား ကပ်၍ ပြောပြလိုက်လေတော့သည်။
ချန်စံအိမ်တော်မှ စီမံခန့်ခွဲသူဝူကိုယ်တိုင် ကုယွမ်ထံ လာရောက်တောင်းပန်ခဲ့သည်ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် ကုချွန်းကျိ၏ မျက်ခွံများမှာ သိသိသာသာပင် တလှုပ်လှုပ် တုန်ခါသွားတော့သည်။
ရွာလူကြီးဖြစ်သလို မျိုးနွယ်စုခေါင်းဆောင်လည်း ဖြစ်သည့်အားလျော်စွာ သူသည် ခရိုင်မြို့ရှိ ချန်စံအိမ်တော်၏ သြဇာအာဏာအကြောင်းကို ကောင်းစွာ ကြားဖူးနားဝရှိသည်။ ချန်မိသားစု၏ အိမ်ထောင်ဦးစီးဆိုလျှင် ခရိုင်ဝန်မင်းကိုယ်တိုင်ပင် ရိုရိုသေသေ ဆက်ဆံရသည်။
ငွေစင်များကိုသာ မြင်ပြီး အမြင်ကျဉ်းမြောင်းလှသော ရွာသားများနှင့်မတူဘဲ သူသည် အခြေအနေအရပ်ရပ်ကို ပိုမိုကျယ်ပြန့်စွာ တွေးတောနိုင်စွမ်း ရှိသည်။
သာမန် တောသားတစ်ယောက်က ချန်စံအိမ်တော်လို အသိုင်းအဝိုင်းမျိုးကို ဘယ်လိုလုပ် အကျပ်ရိုက်အောင် ဖိအားပေးနိုင်မှာလဲ။
ထို့ကြောင့် စီမံခန့်ခွဲသူဝူ ကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်ရခြင်းမှာ တစ်စုံတစ်ရာသော အကြောင်းရင်း ခိုင်ခိုင်လုံလုံ ရှိရပေမည်။
အနည်းဆုံးတော့ အချက်တစ်ခုမှာ အသေအချာပင်။ ၎င်းမှာ သူ၏ရှေ့မှောက်ရှိ ကုယွမ်သည် မည်သို့မျှ သာမန်လူတစ်ယောက် မဟုတ်တော့ကြောင်းနှင့် ချန်စံအိမ်တော်ကိုယ်တိုင်ပင် ကုယွမ်ကို ရန်မစလိုတော့ခြင်းပင်။
"ဟွန်း... ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ"
ဤသို့ တွေးတောမိပြီးနောက် ကုချွန်းကျိသည် မြေပြင်ပေါ်ရှိ ကုလောင်စန်းကို ဒေါသတကြီး တစ်ချက်စိုက်ကြည့်ကာ စကားတစ်ခွန်းကို ပြတ်ပြတ်သားသား ပစ်ထုတ်လိုက်ပြီးနောက် အနားရှိသူများ၏ အကူအညီဖြင့် ညှိုးငယ်သော မျက်နှာထားဖြင့် ထွက်ခွာသွားတော့သည်။
ကုယွမ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ အတိအကျ မသိပေမဲ့ ချန်စံအိမ်တော်ကတောင် လက်လျှော့လိုက်တဲ့လူကို ငါက ဘာလို့ ဒီအရှုပ်ထုပ်ထဲ ကိုယ်တိုင် ခြေစုံပစ်ဝင်ရမှာလဲ။
ကုလောင်စန်း၏ ကိစ္စမှာလည်း သူ့ဘာသာ ပြဿနာရှာခဲ့ခြင်းဖြစ်ရာ ကုယွမ်၏ အပြစ်ပေးခြင်းကို ခံရသည်မှာ ထိုက်တန်သည်။
မည်သို့ပင်ဆိုစေကာမူ ဤကောင်မှာ သူ၏ မြေးအရင်း မဟုတ်သည်ဖြစ်ရာ သေသွားလျှင်ပင် သူ နှမြောတသ ဖြစ်နေမည် မဟုတ်ပေ။
ထို့အပြင် ယခုလည်း သေသွားသည်မှ မဟုတ်ဘဲ။
ကုယွမ်၏ အပြုအမူမှာ အလွန်အမင်း ရက်စက်လွန်းသည်ဟု ပြောရမည်ပင်။
ဟက်...
ရွာထိပ်ရှိ ဘိုးဘွားရိပ်သာမှ အဖုအထစ်များလှသော သစ်ပင်ကြီးပေါ်တွင် နှစ်ပေါင်းများစွာအတွင်း ကြိုးဆွဲချ အပြစ်ပေးခံရသူပေါင်း ဆယ်ဂဏန်းထက်မနည်း ရှိခဲ့ဖူးသည်။
ရွာအနောက်ဘက်ရှိ မြစ်ထဲတွင်လည်း ဝက်လှောင်အိမ်နှင့် ထည့်၍ နှစ်သတ်ခံရသူများအပါအဝင် လူသေအလောင်းများနှင့် ပစ္စည်းအမျိုးမျိုး၏ နောက်ဆုံးနားခိုရာ ဖြစ်ခဲ့ဖူးသည်။ အကယ်၍ ယခုအချိန်တွင် မြစ်ထဲ၌ ငါးသွားမျှားမည်ဆိုလျှင် လူသေကောင်အချို့ကိုပင် ဆွဲတင်မိနိုင်ခြေ ရှိသည်။
ကုယွမ်က လက်တစ်ဖက်ကိုသာ ဖြတ်တောက်လိုက်ခြင်းမှာ ရွာလူကြီး၏ အမြင်တွင်မူ ပြောပလောက်သည့် ကိစ္စရပ်တစ်ခု မဟုတ်တော့ချေ။
မျိုးနွယ်စုခေါင်းဆောင်က စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ကုလောင်စန်းနှင့် ရွာသားအချို့မှာ မှင်တက်သွားကြပြီး ရွာလူကြီး အဘယ်ကြောင့် ဤသို့ ပြုမူသွားသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သို့သော် ပါးနပ်သော အချို့သူများမှာမူ အကြောင်းရင်းကို ရိပ်မိသွားကြပြီး အချင်းချင်း တိုးတိုးတိတ်တိတ် ပြောဆိုရင်း ကုယွမ်ကို ကြောက်လန့်တကြား တစ်ချက်ကြည့်ကာ အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။
ဆွန်းကျန့် တစ်ယောက်သာလျှင် ကုယွမ်ကို အားကျအတုယူဖွယ်ရာ တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။
ကုယွမ်သည် လက်တစ်ဖက်ကို ဦးစွာဖြတ်တောက်လိုက်ပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကိုပင် မတုန်မလှုပ်ဘဲ ရင်ဆိုင်ကာ လူအများကို အံ့သြတုန်လှုပ်စေခဲ့သည်မှာ တကယ့်ကို အံ့မခန်းပင် ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ သူသည် မုဆိုးမဆွန်း၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
မူလက အော်ဟစ်ဆဲဆိုနေခဲ့သော ကုလောင်စန်းမှာမူ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး မည်သူမျှ သူ့ကို အရေးမစိုက်တော့သည်ကို မြင်သောအခါ ကြောင်အသွားတော့သည်။
မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင်ပင် ဤကိစ္စထဲသို့ ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲတော့လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
အထူးသဖြင့် ကုယွမ်သည် ယခုအချိန်တွင် သူ့ကို အပြုံးဖျော့ဖျော့ဖြင့် ကြည့်နေပြီး ဓားရိုးကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ပွတ်သပ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ ရန်ငြိုးများကြားမှပင် ထိတ်လန့်ကြောက်ရွံ့မှုများ တိုးဝင်လာပြီး ကုယွမ်က တစ်စုံတစ်ခု ထပ်မံပြုလုပ်မည်ကို စိုးရိမ်လာတော့သည်။
သူ၏အမြင်တွင် လက်ရှိ ကုယွမ်မှာ ရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။
"မင်း... မင်း ဘာလုပ်မလို့လဲ။ အနားမလာနဲ့"
သူ၏မျက်နှာမှာ အလွန်အမင်း ဖူးရောင်နေသဖြင့် မျက်လုံးပင် ကောင်းကောင်းဖွင့်မရတော့ချေ။ သူသည် အသိစိတ်မဲ့စွာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မြေပြင်ပေါ်ရှိ ပြတ်တောက်သွားသော လက်မောင်းကို ကောက်ယူကာ ခွေးဆိုးဆယ်ကောင် လိုက်နေသည့်အလား ခြံဝင်းတံခါးမှ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။
ကုယွမ်သည် သူ့ကို မတားဆီးခဲ့ပေ။
ယနေ့ လူအများရှေ့တွင် ပြသခဲ့သော သတိပေးချက်နှင့် ယခင်က တုန်းကွေ့နှင့် ဆွန်းအာတို့၏ ရလဒ်များကိုပါ ထည့်တွက်လိုက်ပါက ကုယွမ်သည် သူကိုယ်သူ ရက်စက်ပြီး ကလဲ့စားချေတတ်သူအဖြစ် အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ နောင်တွင် မည်သူမျှ ဤငွေစင်များကို လောဘတက်ရဲတော့မည် မဟုတ်ကြောင်း သူ ယုံကြည်သည်။
အစဉ်အမြဲ အေးဆေးတည်ငြိမ်ခဲ့ကြသော အိမ်နီးချင်းများမှာ ယနေ့တွင် အဘယ်ကြောင့် လောဘနောက်သို့ လိုက်ပါသွားကြသည်ကို သူ နားလည်သည်။
၎င်းမှာ အခြေအနေအရပ်ရပ် ခက်ခဲနေခြင်း၊ ဆောင်းရာသီအတွက် အိမ်တွင် ရိက္ခာမရှိခြင်းနှင့် ငတ်ပြတ်မည်ကို စိုးရိမ်နေကြစဉ် ကုယွမ်၏ မိသားစုထံ၌ ငွေအမြောက်အမြား ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် လောဘစိတ်များ အလိုအလျောက် ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။
လူတို့သည် ငတ်မွတ်ခါနီးအချိန် သို့မဟုတ် အသက်ရှင်သေဆုံးခြင်းနှင့် ရင်ဆိုင်နေရချိန်တွင် အရှက်တရား၊ ကိုယ်ကျင့်တရားနှင့် ယခင်က ရင်းနှီးခဲ့သော ပတ်သက်မှုများသည်ပင် အရေးမပါတော့သည့်အလား ဖြစ်သွားတတ်ကြသည်။
ဤအချက်မှာ နားလည်ပေးနိုင်စရာ ရှိသလို ကုယွမ်ကိုယ်တိုင်လည်း သဘောပေါက်သည်။
ဒါပေမဲ့ နားလည်ပေးနိုင်တယ်ဆိုတာက တစ်ပိုင်းပေါ့။ ဒီလူတွေ ခံစားနေရတဲ့ ဒုက္ခတွေက ကါ့ကြောင့် ဖြစ်လာတာမှ မဟုတ်တာ... ငါက ဘာဖြစ်လို့ အဲဒီလူတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လိုက်ထမ်းပေးနေရမှာလဲ"