အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း။ ၃၃
စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့မှာ တောင်ခြေရင်း၌ တည်ရှိပြီး မလှမ်းမကမ်းတွင် တောင်တန်းကြီးများ အသွယ်သွယ် တည်ရှိနေသည်။
မြို့၏ လမ်းမများပေါ်တွင်မူ အမျိုးမျိုးသော ကုန်သည်ငယ်များနှင့် ဈေးသည်များမှာ သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြသဖြင့် အတော်ပင် စည်ကားသည်။ ပေါက်စီ၊ အသားမုန့်နှင့် ဝမ်တန်တို့၏ မွှေးရနံ့များမှာ လမ်းတစ်လျှောက် ပျံ့လွင့်နေသည်။ ကုယွမ်သည် မနက်စာ စားပြီးခဲ့ပြီ ဖြစ်သော်လည်း သွားရည်ကျစရာ ထိုအစားအစာများကို မြင်သောအခါ ဝယ်ယူမြည်းစမ်းကြည့်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
ထို့အပြင် တောကောင်များဖြစ်သော တောကြက်၊ ယုန်၊ မြေခွေးနှင့် တောဝက်စသည့် သားကောင်များကို ပုခုံးပေါ်ထမ်းကာ ဝယ်သူကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသော မုဆိုးအချို့ကိုလည်း တွေ့ရသည်။
ကုယွမ်သည် မလှမ်းမကမ်းရှိ မုဆိုးအချို့ကို အကဲခတ်ရင်း ချဉ်းကပ်သွားရန် ပြင်လိုက်စဉ်မှာပင် သူ၏ အိတ်ကပ်ထဲသို့ တိုးဝင်လာသော လက်တစ်ဖက်ကို ရုတ်တရက် လှမ်း၍ ဖမ်းချုပ်လိုက်သည်။
ငုံ့ကြည့်လိုက်သည့်အခါ သူ၏ မေးစေ့လောက်သာရှိသော မျောက်တစ်ကောင်ကဲ့သို့ အသားမည်းမည်းနှင့် ပိန်လှီသော ကောင်လေးတစ်ယောက် ဖြစ်နေသည်။ သူသည် ဟောင်းနွမ်းစုတ်ပြတ်ပြီး မနှစ်မြို့ဖွယ် အနံ့အသက်များ ထွက်နေသော အဝတ်အစားပါးပါးကို ဝတ်ဆင်ထားသည်။
ကုယွမ်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် "သူခိုးလား" ဟု မေးလိုက်သည်။
"တောက် ငါ မဟုတ်ဘူးနော်။ ဘာလို့ ငါ့ကို လာဖမ်းတာလဲ။ ငါက ကလေးဆိုပြီး မင်းက မဟုတ်မတရား စွပ်စွဲလို့ရမယ် ထင်နေတာလား"
အသက် ၁၃ နှစ်၊ ၁၄ နှစ်ခန့်သာ ရှိသေးသော ဤသူခိုးမှာ လက်ပူးလက်ကျပ် မိနေသော်လည်း အနည်းငယ်မျှ ကြောက်လန့်ဟန် မရှိချေ။ ထို့ပြင် သူက လည်ပင်းကို မတ်ထားပြီး ခြိမ်းခြောက်လိုက်သေးသည်။
"မင်း အခုချက်ချင်း လက်မလွှတ်ရင် ငါ အော်ဟစ်ပြီး အကူအညီတောင်းလိုက်မှာနော်"
ထိုသူခိုးလေးမှာ ရုန်းကန်နေသော်လည်း ကုယွမ်၏ လက်မှာ သံမဏိညှပ်ကဲ့သို့ ခိုင်မြဲလှသဖြင့် ကောင်လေး၏ လက်ကောက်ဝတ်မှာ လွတ်မြောက်ရန် အခွင့်အရေး လုံးဝမရှိချေ။
သို့သော်လည်း ကုယွမ်သည် မလှမ်းမကမ်းတွင် ရန်လိုသော အမူအရာဖြင့် ချဉ်းကပ်လာသည့် အမျိုးသား နှစ်ဦးကို သတိပြုမိလိုက်သည်။ တစ်ယောက်မှာ လက်နက်တစ်ခုကို ထုတ်တော့မည့်အလား သူ၏ခါးဆီသို့ လက်လှမ်းနေရာ သိသာသည်မှာ ထိုကောင်လေး၏ အပေါင်းအဖော်များပင်။
လမ်းသွားလမ်းလာများမှာ ထိုမြင်ကွင်းကို မြင်သောအခါ တမင်ရှောင်ကွင်းသွားကြပြီး အချို့မှာမူ ကုယွမ်ကို အံ့သြသလို ကြည့်ကာ ရပ်ကြည့်နေကြသလို အချို့မှာလည်း ဝိုင်းအုံ၍ ကြည့်ရှုသူများအဖြစ် စုရုံးလာကြတော့သည်။
ဘုန်း….
ကုယွမ်က ကောင်လေး၏ခြေထောက်ကို ကန်ချလိုက်ရာ ထိုသူခိုးလေးမှာ နာကျင်လွန်းသဖြင့် မျက်နှာရှုံ့မဲ့ကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားတော့သည်။ သူ၏အခြားလက်တစ်ဖက်တွင် ကိုင်ဆောင်ထားသော ချွန်ထက်သည့် သံစူးလေးမှာလည်း တချွင်ချွင်နှင့် မြေပေါ်သို့ ပြုတ်ကျသွားသည်။
"မင်းက သူခိုးတစ်ယောက်ဆိုမှတော့ ဒီတစ်ဝိုက်က အခြေအနေတွေကို သိတဲ့ လူမိုက်လေးတစ်ယောက် ဖြစ်ရမယ် ဟုတ်တယ်မလား"
ကုယွမ်က မေးလိုက်သည်။
ဤသူခိုးလေးမှာ မြေအောက်လောကနှင့် ဆက်နွှယ်နေသည့် လူ့အဖွဲ့အစည်း၏ အောက်ခြေလူတန်းစားမှ ဖြစ်ကြောင်း ကုယွမ် သိရှိထားသည်။ ထိုသို့သော လောကတွင် နယ်မြေခွဲခြားမှုများနှင့် လိုက်နာရမည့် စည်းကမ်းအချို့ ရှိတတ်ကြသည်။ ကုယွမ်မှာ လူစိမ်းတစ်ဦးဖြစ်နေသည့်အပြင် ငယ်လည်းငယ်သေးသဖြင့် လမ်းမပေါ်၌ ယခုကဲ့သို့ အာရုံစိုက်ခံရခြင်းမှာ အံ့သြစရာမဟုတ်ပေ။
သူခိုးလေးက စူးစိုက်ကြည့်နေသော်လည်း ပြန်မဖြေချေ။ ကုယွမ်သည်လည်း သူ့ကိုရော၊ ချဉ်းကပ်လာသည့် သူ၏အပေါင်းအဖော်နှစ်ဦးကိုပါ ဂရုမစိုက်ဘဲ အိတ်ကပ်ထဲမှ ငွေစင်တစ်ခုကို ထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်ပြီး
"ဒီမြို့က မြွေဖမ်းသမားတစ်ယောက်ကို ရှာပေးစမ်း။ ဝါရင့်တဲ့သူဆိုရင် ပိုကောင်းမယ်။ ဒီအလုပ်ကို သေချာလုပ်ပေးရင် မင်းအတွက် ဆုလာဘ်တွေ အများကြီး ထပ်ပေးမယ်"
ခေတ္တမျှ ရပ်လိုက်ပြီးနောက် သူက ဆက်ပြောသည်။
"အကယ်၍ မင်း မလုပ်ပေးနိုင်ရင်တော့ ငါ့ငွေကို ငါပြန်ယူရလိမ့်မယ်။ ပြီးရင် ငါ့အိတ်ထဲကို နှိုက်ခဲ့တဲ့ မင်းရဲ့လက်ချောင်းတွေကိုလည်း စွန့်လွှတ်ဖို့ ပြင်ထားလိုက်။ လုပ်နိုင်မလား။ မလုပ်နိုင်ရင် တခြားတစ်ယောက်ကို ငါရှာလိုက်မယ်"
"လုပ်နိုင်ပါတယ် လုပ်နိုင်တာပေါ့ခင်ဗျ"
သူခိုးလေးသည် သူ၏ခြေထောက်မှ နာကျင်မှုကိုပင် မေ့သွားပြီး ငွေစင်ကို ငတ်မွတ်နေသော ခွေးတစ်ကောင်ကဲ့သို့ အတင်းခုန်အုပ်လိုက်သည်။ ထို့နောက် ငွေစင်ကို သွားဖြင့် ကိုက်ကြည့်ကာ အစစ်မှန်းသေချာသွားသောအခါ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီး ခေါင်းတညိတ်ညိတ်နှင့် ပြုံးဖြီးလျက်
"ဆရာ... စိတ်ချပါ။ ဒီလမ်းပေါ်က ကိစ္စမှန်သမျှ ကျွန်တော် အကုန်နှံ့စပ်ပါတယ်။ ဒီအလုပ်ကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ အပိုင်ဖြစ်စေရမယ်လို့ အာမခံပါတယ်" ဟု ပြောတော့သည်။
ဟိုဘက်မှ အမျိုးသားနှစ်ဦးမှာမူ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခါးမှ ဓားများကို လွှတ်လိုက်ကာ ကုယွမ်ကို မသိချင်ယောင်ဆောင်ရင်း သူတို့၏ မူလနေရာများသို့ ပြန်သွားကြသည်။
"စကားတွေ အများကြီး ပြောမနေနဲ့တော့ လမ်းပြစမ်း"
ကုယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ဤကဲ့သို့သော သူမျိုးများကို သနားညှာတာပြနေ၍ မရပေ။ မဟုတ်ပါက နောက်ဆက်တွဲ ပြဿနာများသာ ပိုတိုးလာမည်ဖြစ်ကြောင်း သူ ကောင်းစွာ သိထားသည်။
"ဟုတ်ကဲ့ပါ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."
သူခိုးလေးမှာမူ ကုယွမ်၏ ခပ်ထန်ထန် အမူအရာကို ဂရုမစိုက်ဘဲ မြို့၏ အနောက်မြောက်
ဘက်ထောင့်ရှိ ရပ်ကွက်တစ်ခုဆီသို့ ယုံကြည်မှုအပြည့်ဖြင့် လမ်းပြကာ ခေါ်ဆောင်သွားသည်။
ဤနေရာမှာ မြို့စွန်ဘက်ကျသဖြင့် လူသူအနည်းငယ် ဆိတ်ငြိမ်ပြီး ဟောင်းနွမ်းသောအိမ်များသာ အများစုရှိသည်။
သူခိုးလေးသည် ကုယွမ်ကို ဟောင်းနွမ်းသော ခြံဝင်းတစ်ခုရှေ့သို့ ခေါ်ဆောင်လာပြီးနောက် တံခါးကို သူ့ဘာသာတွန်းဖွင့်ဝင်သွားကာ အော်ဟစ်လိုက်သည်။
"ဟေ့... အဘိုးကြီး ရှိလားဗျ။ လူတစ်ယောက် ခင်ဗျားကို လာရှာနေတယ် မြန်မြန်ထွက်ခဲ့ဦး"
သူ၏ အပြောအဆိုမှာ ရိုင်းစိုင်းလှသော်လည်း အခန်းထဲသို့မူ ကိုယ်တိုင်ဝင်ရဲပုံမရချေ။
ကုယွမ်က စူးစမ်းကြည့်လိုက်သည့်အခါ ခြံဝင်း၏ ထောင့်အသီးသီးတွင် အိုးအမျိုးမျိုးရှိနေသည်ကို သတိပြုမိလိုက်ပြီး အချို့မှာ အုတ်ကြွပ်ပြားများဖြင့် ဖုံးအုပ်ထားသည်။ ချမ်းအေးလှသော ဆောင်းရာသီဖြစ်သော်လည်း အချို့အိုးများထဲမှ မြွေခေါင်းအချို့မှာ ပြူထွက်နေပြီး သူတို့နှစ်ဦးကို စူးစိုက်ကြည့်နေကြသည်။
"ဟင်း... ငါလို မိသားစုမရှိ ဆွေမျိုးမရှိတဲ့ လူပျိုကြီးအဘိုးကြီးကို ဘယ်သူကများ အရေးတယူ လာရှာနေရတာလဲ"
မှောင်မည်းနေသော အခန်းထဲမှ အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဝတ်လစ်စလစ်ဖြစ်လုနီးပါး ဟောင်းနွမ်းစုတ်ပြတ်သော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မျက်နှာသေနှင့် ခါးကုန်းကုန်း အဘိုးအိုတစ်ဦး ထွက်လာသည်။ ထိုအဘိုးအိုမှာ မျက်စိတစ်ဖက်သာ ရှိတော့ပြီး ကျန်မျက်စိတစ်ဖက်မှာမူ မျက်လုံးအိမ်ဟောင်းလောင်းဖြစ်ကာ အတွင်း၌ မျက်လုံးမရှိတော့ချေ။ သို့သော် ကျန်ရှိသော မျက်စိတစ်ဖက်မှာမူ စူးရှအေးစက်လှပြီး သူခိုးလေးကို လျစ်လျူရှုကာ ကုယွမ်ကိုသာ စိုက်ကြည့်နေသည်။
"လူငယ်လေး... မင်း ငါ့ကို ဘာကိစ္စနဲ့ လာရှာတာလဲ"
ကုယွမ်က ထိုမေးခွန်းကို ချက်ချင်းမဖြေဘဲ အိတ်ထဲမှ ကြေးပြားအချို့ကို ထုတ်ကာ သူခိုးလေးကို ပေးလိုက်ရင်း ပြန်ရန် အရိပ်အယောင်ပြလိုက်သည်။
"ကဲ... မင်း သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ ဆရာ နောက်လည်း ဒီလိုအလုပ်တွေရှိရင် ကျွန်တော့်ကိုသာ အမြဲသတိရလိုက်ပါဗျာ"
သူခိုးလေးမှာမူ ဘာကိုမျှ ဂရုမစိုက်ဘဲ ငွေရသဖြင့် ဝမ်းသာအားရနှင့် ထွက်ခွာသွားတော့သည်။
ခြံဝင်းထဲတွင် ကုယွမ်နှင့် အဘိုးအိုတို့ နှစ်ဦးတည်းသာ ကျန်ရှိတော့သည့်အခါ ကုယွမ်က ရိုသေစွာ လက်အုပ်ချီနှုတ်ဆက်လိုက်ရင်း "အဘိုး... ကျွန်တော် တစ်ခုလောက် မေးမြန်းစုံစမ်းချင်လို့ပါ" ဟု ပြောလိုက်သည်။
"ဘာကိစ္စလဲ... မြွေတွေနဲ့ ပတ်သက်တာလား"
အဘိုးအိုသည် ကုယွမ်ကို ကြည့်ရင်း အထဲသို့ ဖိတ်ခေါ်ခြင်း မပြုဘဲ တံခါးဝမှာပင် ရပ်နေသည်။
"ဟုတ်ပါတယ်"
ကုယွမ်က ခေါင်းညိတ်ပြရင်း "စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့ အနီးတစ်ဝိုက်မှာ မြွေအမျိုးအစား ဘယ်နှစ်မျိုးလောက် ရှိလဲဆိုတာရယ် သူတို့ရဲ့ အလေ့အထနဲ့ ထူးခြားချက်တွေကို သိချင်လို့ပါ" ဟု မေးလိုက်သည်။
"မင်းက ဘာလို့ သိချင်ရတာလဲ"
အဘိုးအို၏ လေသံမှာ အေးစက်မြဲ အေးစက်နေဆဲပင်။
"ပြီးတော့ မင်းရဲ့ကျောပိုးအိတ်ထဲမှာ ဘာတွေ ပါလာတာလဲ"
ကုယွမ် ခေတ္တမျှ မှင်တက်သွားသော်လည်း မကြာမီမှာပင် ရယ်မောလိုက်သည်။
"အဘိုးရဲ့ အာရုံခံစားမှုက တကယ့်ကို ထူးကဲတာပဲ ဒါကိုတောင် သတိထားမိတယ်ပေါ့"
ကျိ…ကျိ…ကျိ….
ပြောပြောဆိုဆိုပင် သူ၏ ကျောပိုးအိတ်ထဲမှ ပြောင်လက်နေသော အနက်ရောင် ကြွက်ကြီးတစ်ကောင် ထွက်လာပြီး ကုယွမ်၏ ပုခုံးပေါ်သို့ တွားတက်လာသည်။ ၎င်းသည် ကုယွမ်၏ ဆံပင်တစ်စုကို ဆုပ်ကိုင်ထားရင်း အဘိုးအိုကို သတိကြီးစွာဖြင့် ကြည့်ကာ အသံပြုနေသည်။ သိသာသည်မှာ ထိုကြွက်ကြီးသည်လည်း ဤသာမန်ကာလျှံကာ အဘိုးအိုကို အန္တရာယ်ရှိသူဟု မှတ်ယူထားပုံရသည်။
ထိုအနက်ရောင် ကြွက်ကြီးမှာ ပုံမှန်ထက် များစွာကြီးမားပြီး ကြောင်တစ်ကောင်ခန့် ရှိသည်။ သူ၏ ထက်မြက်ပြောင်လက်နေသော ခြေသည်းများနှင့် သွားများမှာ မြင်ရသူကို ကျောချမ်းစေလောက်သည်။ ဤကြွက်မှာ ကုယွမ်၏ ဝိညာဉ်အဖော်ဖြစ်သော သံမဏိသွားကြွက် အားဟွမ်ပင်။
"သံမဏိသွားကြွက်လား"
အားဟွမ်ကို မြင်လိုက်ရသော်လည်း အဘိုးအို၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သို့သော် သူ၏ လေသံထဲတွင်မူ အံ့သြမှု အနည်းငယ် ပါဝင်နေသည်။
"မင်းက ဒီလိုသတ္တဝါမျိုးကိုတောင် မွေးထားတာလား"
"အဘိုးက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ"
ကုယွမ်က ပြုံးရင်း အားဟွမ်၏ ချောမွေ့သော အမွေးအမှင်များကို ပွတ်သပ်ပေးလိုက်ကာ
"အမှန်အတိုင်း ပြောရရင် ကျွန်တော်က ငယ်ငယ်ကတည်းက တိရစ္ဆာန်လေးတွေနဲ့ အချိန်ဖြုန်းရတာကို ဝါသနာပါတာပါ။ စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့နားက တောင်တွေထဲမှာ အဆိပ်ရှိတဲ့ သတ္တဝါတွေနဲ့ သားရဲတွေ ပေါတယ်လို့ ကြားလို့ မြွေတစ်ကောင်လောက် ရှာမွေးဖို့ အဘိုးဆီကနေ အကြံဉာဏ် လာတောင်းတာပါ။ မြွေမွေးရတာက လွယ်ပေမဲ့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံမျိုးဖြစ်အောင် သင်ယူဖို့ကတော့ အတော်လေး ခက်ခဲလို့ပါ"
"အဘိုးက မြွေဖမ်းသမားတစ်ယောက် ဖြစ်ပေမဲ့လည်း မြွေတွေကို တကယ်ချစ်မြတ်နိုးတဲ့သူ တစ်ယောက်ဆိုတာ ကျွန်တော် မြင်နိုင်ပါတယ်။ မဟုတ်ရင် ဒီခြံထဲမှာ မြွေတွေအများကြီးကို ဒီလိုမျိုး ဂရုတစိုက် မွေးထားမှာ မဟုတ်ဘူးလေ"
ကုယွမ်က ခြံဝင်းအတွင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အလေးအနက် ဆက်
ပြောသည်။
"ဒါကြောင့် အဘိုးအနေနဲ့ ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်မလားလို့ မျှော်လင့်မိတာပါခင်ဗျာ"
အခန်း။ ၃၄
"ကဲ... အထဲဝင်ပြီး ထိုင်ပါဦး"
ကုယွမ်က ပွင့်ပွင့်လင်းလင်း ပြောဆိုသည့်အပြင် ဝါသနာတူ တစ်ယောက်ဖြစ်နေသည်ကို တွေ့ရသောကြောင့် အဘိုးအို၏ သဘောထားမှာ သိသိသာသာ ပျော့ပြောင်းသွားပြီး ကုယွမ်အပေါ် ထားရှိသော သံသယအကြည့်များမှာလည်း လျော့ပါးသွားတော့သည်။
စကားလုံးများက လိမ်ညာနိုင်သော်လည်း အချို့သောအရာများကိုမူ ဖုံးကွယ်၍မရပေ။ ကုယွမ်၏ သံမဏိသွားကြွက်မှာ သန့်ရှင်းသပ်ရပ်ကာ ဝဖြိုးနေသည့်အပြင် ကုယွမ်နှင့်လည်း အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသည်မှာ သိသာသည်။ ၎င်းက ကုယွမ်သည် တိရစ္ဆာန်များကို အမှန်တကယ် ချစ်မြတ်နိုးပြီး ကောင်းမွန်စွာ စောင့်ရှောက်တတ်သူဖြစ်ကြောင်း သက်သေပြနေသည်။
အဘိုးအိုသည် မြွေများနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ခြင်းကြောင့် လူသူနှင့်ကင်းကွာပြီး တစ်သီးပုဂ္ဂလဆန်သော စရိုက်ရှိသော်လည်း မြွေများနှင့်မူ အလွန်ပင် ရင်းနှီးကျွမ်းဝင်လှသည်။ တောရိုင်းတိရစ္ဆာန်များသည် အန္တရာယ်ရှိနိုင်သော်လည်း လူသားများထက် ပို၍ ရိုးသားဖြူစင်တတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
အကယ်၍ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမည်ဆိုပါက ၎င်းတို့က ခံစားသိရှိနိုင်ပြီး ပြန်လည်၍ သစ္စာရှိကြပေလိမ့်မည်။ ကုယွမ်က သံမဏိသွားကြွက်အပေါ် ကောင်းမွန်စွာ ဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့် သူသည် အနည်းဆုံးတော့ လူဆိုးတစ်ယောက် မဟုတ်နိုင်ကြောင်း အဘိုးအိုက ယူဆလိုက်ခြင်းပင်။
"ဒီခြံထဲမှာ မြွေအမျိုးအစား ၁၉ မျိုး ရှိတယ်"
နှစ်ဦးသား ထိုင်မိကြသောအခါ အဘိုးအိုက ကုယွမ်၏ အစောပိုင်း မေးခွန်းကို ပြန်ဖြေပေးသည်။
"ဒီမြွေအများစုကို စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့ ဘေးပတ်ပတ်လည်က တောင်တွေထဲကနေ ဖမ်းလာတာ။ အချို့မြွေတွေကတော့ အဆိပ်အရမ်းပြင်းတယ် ဥပမာ ခြေလှမ်းငါးလှမ်းမြွေ၊ ငွေကွင်းမြွေ၊ သံခေါင်းမြွေ၊ ဝါးစိမ်းမြွေနဲ့ အမောက်ပါမြွေတို့ပေါ့။ အဲဒီထဲမှာ အကြောက်ရဆုံးကတော့ အမောက်ပါမြွေပဲ။ သူ့ရဲ့အဆိပ်က သွေးထဲရောက်သွားတာနဲ့ ချက်ချင်းသေစေနိုင်တယ်။ သိုင်းဆရာတစ်ယောက်တောင် အကိုက်ခံရရင် ချက်ချင်း အသက်ပျောက်သွားနိုင်တယ်"
ပြောပြောဆိုဆိုပင် အဘိုးအိုသည် အနီးရှိ မြွေအိုးတစ်လုံးကို ဖွင့်လိုက်သည်။ သူက အချက်ပြလိုက်သည်နှင့် နီညိုရောင်ရှိသော အဆိပ်ပြင်းမြွေတစ်ကောင်သည် တွားသွားထွက်လာပြီး အဘိုးအို၏ လက်မောင်းပေါ်သို့ တွားတက်သွားတော့သည်။
ထိုမြွေမှာ သွယ်လျပြီး ထူးခြားချက်မှာ ၎င်း၏ဦးခေါင်းပေါ်တွင် အမောက်ကဲ့သို့သော အရိုးဖုတစ်ခု ပါရှိနေခြင်းပင်။
ရှူး... ရှူး...
ထိုအချိန်တွင် အမောက်ပါမြွေသည် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည် ကုယွမ်ကို သတိပြုမိသွားကာ ကိုယ်အထက်ပိုင်းကို ကြွ၍ လျှာတသတ်သတ်ဖြင့် ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေတော့သည်။
"အဘိုးရဲ့မြွေက တကယ့်ကို အထင်ကြီးစရာပဲဗျာ"
ကုယွမ်သည် အမောက်ပါမြွေကို သေချာစွာ စူးစမ်းကြည့်ရှုရင်း အလိုလို ခေါင်းညိတ်မိသွားသည်။
သူသည် အမောက်ပါမြွေကို ယခင်က တစ်ခါမျှ မမြင်ဖူးသော်လည်း ဝိညာဉ်အဖော် နှစ်ကောင်ကို မွေးမြူထားသူဖြစ်ရာ အကဲခတ်တတ်သည့် အမြင်ရှိသည်။ ဤမြွေ၏ အကြေးခွံများ ဖုံးလွှမ်းထားသော ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်လှသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ စူးစိုက်ကြည့်နေရုံမျှဖြင့် ထိတ်လန့်စရာကောင်းလှရာ ၎င်းမှာ မည်မျှအထိ အန္တရာယ်ရှိသည်ကို ခန့်မှန်းနိုင်သည်။
ကုယွမ်က ဤမြွေ၏ အဆင့်မှာ အနည်းဆုံးတော့ သူ၏ သံမဏိသွားကြွက်နှင့် အဆင့်တူသော အပြာရောင် လက်ရွေးစင်အဆင့်တွင် ရှိမည်ဟု ယူဆလိုက်သည်။ ၎င်းမှာ သူ၏ ကျောသံမဏိကင်းမြီးကောက်နှင့်ပင် ယှဉ်နိုင်သော အဆင့်မြင့် ဝိညာဉ်သားရဲတစ်ကောင်ပင်။
ဤကဲ့သို့သော ဝိညာဉ်အဖော်မျိုးကိုသာ ကျွမ်းကျင်စွာ အသုံးချနိုင်ပါက ထိပ်တန်းသိုင်းဆရာတစ်ဦးနှင့်ပင် အစွမ်းချင်း တူညီနိုင်သည်။ သူ၏ ကင်းမြီးကောက်မှာ ဒဏ်ရာများ ပြန်လည်သက်သာလာပြီဖြစ်ရာ ၎င်းမှာ ကုယွမ်၏ လျှို့ဝှက်လက်နက်ပင်။ ထိုကင်းမြီးကောက်ရှိနေသရွေ့ ကုယွမ်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေသည်။ ယန်ဟန်ကဲ့သို့သော ထိပ်တန်းသိုင်းဆရာတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် သူ ကြောက်ရွံ့နေစရာ မလိုတော့ချေ။
ကြည့်ရသည်မှာ အဘိုးအိုမှာလည်း စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့ရှိ လူမသိသူမသိ ပုန်းအောင်းနေသော ပညာရှင်တစ်ဦးပင်။
ရှေ့မှ အမောက်ပါမြွေကို ကုယွမ် စိတ်ဝင်စားမိသော်လည်း ၎င်း၏ အဓိကစွမ်းအားမှာ အဆိပ်ဖြစ်ကြောင်း သူသိရှိထားသည်။ သူ အမှန်တကယ် လိုလားနေသည့်အရာမှာ ဤအစွမ်းမျိုး မဟုတ်ပေ။ ထို့ပြင် သူ၏ ကင်းမြီးကောက်ရှိ အဆိပ်မှာလည်း ဤမြွေထက် မလျော့သည်ဖြစ်ရာ စွမ်းရည်ချင်း ထပ်တူကျနေသဖြင့် သူ့အတွက် သိပ်ပြီး အဓိပ္ပာယ်မရှိလှချေ။
ကုယွမ်က သိပ်ပြီး စိတ်ဝင်စားပုံမပြသည်ကို မြင်သောအခါ အဘိုးအိုမှာ အနည်းငယ် အံ့သြသွားပုံရသည်။ သူသည် အမောက်ပါမြွေ၏ အကြေးခွံများကို အသာအယာ ပွတ်သပ်ပေးရင်း ဆက်ပြောပြသည်။
"ကျန်တဲ့မြွေအများစုကတော့ သာမန်မြွေတွေပါပဲ။ ဆောင်းတွင်းမှာ အိပ်စက်အနားယူတတ်ကြတယ်။ ဆောင်းခိုလေ့မရှိတဲ့ မြွေတွေထဲမှာတော့ မျက်ခုံးဖြူမြွေဘုရင်၊ ပန်းနီမြွေပွေး၊ အကြေးခွံနက်စပါးအုံးနဲ့ ပါးစပ်ကြီးမြွေတို့ ပါဝင်တာပေါ့... အချို့က အဆိပ်မပြင်းပေမဲ့ ကိုယ်ထည်ကြီးမားပြီး တောဝံပုလွေတွေကိုတောင် သတ်နိုင်စွမ်းရှိတယ်။ အချို့ကတော့ ပုန်းကွယ်တဲ့နေရာမှာ ကျွမ်းကျင်ပြီး မြက်တောတွေ၊ သစ်ပင်တွေကြားမှာဆိုရင် လုံးဝရှာမတွေ့နိုင်ဘူး။ တချို့ကျပြန်တော့ ကိုယ်ထည်သေးငယ်ပေမဲ့ ရစ်ပတ်ညှစ်သတ်နိုင်စွမ်းကတော့ အရမ်းကြီးမားတယ်..."
ကုယွမ်၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး အလျင်အမြန်ပင် စကားဖြတ်ပြောလိုက်သည်။
"နေပါဦးအဘိုး အစောကပြောတဲ့ ကိုယ်ထည်သေးပေမဲ့ ရစ်ပတ်တဲ့အား အရမ်းကောင်းတဲ့မြွေက ဘယ်လိုမျိုးလဲဗျ"
အဘိုးအိုသည် အမောက်ပါမြွေကို အိုးထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ထရပ်ကာ ခြံဝင်းထဲရှိ အုတ်ကြွပ်ပြားတစ်ခုကို မလိုက်သည်။ မကြာမီမှာပင် မီးခိုးရောင်သန်းသည့် ထူးဆန်းသော မြွေတစ်ကောင်က အိုးထဲမှ တွားထွက်လာတော့သည်။
ထိုမြွေမှာ ကြည့်ရသည်မှာ အလွန်ထူးဆန်းလှသည်။ အရှည်မှာ ခြောက်ပေကျော်ရှိသော်လည်း ၎င်း၏ အတုတ်ဆုံးအပိုင်းမှာပင် ကုယွမ်၏ လက်သန်းလောက်သာ ရှိသည်။ သွယ်လျလှသော ကိုယ်ထည်နှင့် ယှဉ်လျှင် ၎င်း၏ ဦးခေါင်းမှာ အနည်းငယ် ပိုကြီးနေသည်။ ခြုံငုံကြည့်လိုက်ပါက ကြိုးတစ်ချောင်းနှင့်ပင် ဆင်တူသည်။
"ဒါက ပါးစပ်ကြီးမြွေလို့ ခေါ်တယ်"
အဘိုးအိုက ရှင်းပြသည်။
"ဒီမြွေမှာ အဆိပ်မရှိဘူး ဒါပေမဲ့ သူ့ကိုယ်ထည်ထက် အဆပေါင်းများစွာ ကြီးမားတဲ့ သားကောင်တွေကို ဝါးမြိုနိုင်သလို ရစ်ပတ်နိုင်တဲ့အားကလည်း အံ့မခန်းပဲ။ ဒီတစ်ကောင်ဆိုရင် တောယုန်တစ်ကောင်ကို နှစ်ပိုင်းပြတ်သွားအောင် ရစ်ပတ်ပြီး ဖျစ်ညှစ်ခဲ့ဖူးတယ်"
"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မုဆိုးတစ်ယောက်ရဲ့ လက်မောင်းကို ဒီမြွေက ရစ်ပတ်မိသွားတာ ဘယ်လိုမှ ရုန်းမထွက်နိုင်ဘူး။ နောက်ဆုံး သူ့အဖော်က ဓားမနဲ့ မြွေခေါင်းကို ရိုက်ခွဲမှသာ လွတ်ခဲ့တာ။ ဒါပေမဲ့ အဲဒီမုဆိုးရဲ့ လက်မောင်းကတော့ အကုန်ကြေမွသွားလို့ ဖြတ်ပစ်လိုက်ရတယ်"
ကုယွမ်သည် ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရင်း သူ၏မျက်ဝန်းများမှာ ပိုမိုတောက်ပလာသည်။ ရစ်ပတ်နိုင်စွမ်း ကောင်းမွန်ခြင်း၊ ခိုင်ခံ့ပြီး အင်အားကြီးသော ကိုယ်ထည်ရှိခြင်းနှင့် ရစ်ပတ်ညှစ်သတ်ခြင်းကိုသာ အဓိကထား၍ အမဲလိုက်ခြင်း... ဤပါးစပ်ကြီးမြွေမှာ သူ အမှန်
တကယ် လိုအပ်နေသည့် အရာပင်။
"အဘိုး... ဒီမြွေကို ကျွန်တော့်ကို ပေးနိုင်မလား"
ခေတ္တမျှ စဉ်းစားပြီးနောက် ကုယွမ်သည် အိတ်ထဲမှ ငွေစင်အချို့ကို ထုတ်လိုက်သည်။
"ဈေးနှုန်းကိုတော့ အဘိုးစိတ်ကြိုက် ပြောနိုင်ပါတယ်။ အကယ်၍ ဒီငွေနဲ့ မလုံလောက်ဘူးဆိုရင်လည်း ကျွန်တော် ထပ်တိုးပေးပါ့မယ်"
"ငွေတော့ မလိုပါဘူး"
အဘိုးအိုသည် ကုယွမ်၏လက်ထဲရှိ ငွေစင်များကို ကြည့်ပင်မကြည့်ဘဲ စိတ်မပါသလို လက်ဝှေ့ယမ်းပြကာ "ငါက အိုမင်းနေတဲ့ အဘိုးကြီးတစ်ယောက်ပဲ။ ဒီလောက်များတဲ့ ငွေတွေကို ဘာလုပ်ရမှာလဲ" ဟု ပြောလိုက်သည်။
"ငါက အိုလာပြီ။ ဒီမြွေတွေကိုလည်း ကောင်းကောင်းမစောင့်ရှောက်နိုင်တော့ဘူး။ ငါ့ဆီမှာ ဆက်ရှိနေရင် သူတို့ပဲ ဒုက္ခရောက်မှာ။ မင်းက သဘောကျတယ်ဆိုရင်လည်း ယူသွားလိုက်ပါ။ သူ့ကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်လို့သာ ကတိပေးခဲ့ရင် ရပြီ"
"ဒါကတော့..."
ကုယွမ်သည် အဘိုးအိုထံမှ အလကားမယူလိုသဖြင့် ဖျောင်းဖျရန် ပြင်လိုက်သော်လည်း အဘိုးအို၏ အထီးကျန်ဆန်လှသော မျက်နှာပေးကို မြင်လိုက်ရသည့်အခါ ဘာမှထပ်မပြောတော့ပေ။ အဘိုးအိုအတွက်မူ ဤမြွေများသည် သူငယ်ချင်း သို့မဟုတ် မိသားစုဝင်များကဲ့သို့ ဖြစ်နေသဖြင့် ငွေပေးခြင်းမှာ သူ့ကို စော်ကားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကုယွမ်က ထိုမြွေကို ကောင်းမွန်စွာ စောင့်ရှောက်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကတိပေးခဲ့သည်။
...
မကြာမီမှာပင် ကုယွမ်သည် အိုးတစ်လုံးကို မလျက် အဘိုးအို၏အိမ်မှ ထွက်လာခဲ့သည်။ သူသည် တည်းခိုခန်းရှိ သူ့အခန်းသို့ ပြန်ရောက်သောအခါ တံခါးကို လုံခြုံအောင် ပိတ်လိုက်သည်။
ကုယွမ်သည် အိုးအဖုံးကို ဖွင့်လိုက်သည်။ ပါးစပ်ကြီးမြွေက ခေါင်းပြူထွက်လာသည်နှင့် သူက မြွေခေါင်းကို အမြန်ဖမ်းချုပ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် မြွေအမြီးကို ညှစ်ကာ အပြင်သို့ ဆွဲထုတ်လိုက်သည်။ ဝိညာဉ်အဖော်အဖြစ် ယဉ်ပါးအောင် ပြုလုပ်ရန် ပထမဦးဆုံး လိုအပ်ချက်မှာ ၎င်းကို အမိအရ ဖမ်းဆီးနိုင်ရန် ဖြစ်သည်။ ဝိညာဉ်အဖော် စနစ်အရ ဖမ်းဆီးထားသော တိရစ္ဆာန်သည် ပြန်လည်ခုခံနိုင်ခြင်း သို့မဟုတ် ထွက်ပြေးနိုင်ခြင်း မရှိသည့် အခြေအနေသို့ ရောက်ရှိနေရမည် ဖြစ်သည်။
ကုယွမ်၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသောအခါ ပါးစပ်ကြီးမြွေသည် စတင်ရုန်းကန်တော့သည်။ ၎င်း၏ကိုယ်ထည်မှာ လက်သန်းခန့်သာ တုတ်သော်လည်း ရုန်းကန်သည့်အားမှာ မယုံနိုင်လောက်အောင်ပင် ကြီးမားသည်။ ထို့ပြင် ၎င်း၏ မီးခိုးဖြူရောင် အကြေးခွံများမှာ အလွန်မာကျောပြီး ချောကျိနေသဖြင့် ဖမ်းရသည်မှာ အတော်ပင် ခက်ခဲလှသည်။
ကုယွမ်သည် သိုင်းဆရာတစ်ဦး ဖြစ်လာပြီးနောက် ခွန်အားများ များစွာတိုးတက်လာခဲ့သော်လည်း ယခုအခါတွင်မူ လက်ထဲမှ မြွေ လွတ်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် အပြင်းအထန် ရုန်းကန်ပြီးနောက် ပါးစပ်ကြီးမြွေမှာ အားကုန်သွားကာ ကုယွမ်၏လက်ထဲတွင် ငြိမ်သက်သွားတော့သည်။
[သင်သည် ပါးစပ်ကြီးမြွေ (အပြာရောင်အဆင့်) ကို ဖမ်းဆီးရမိထားပါသည်။ ဝိညာဉ်အဖော်အဖြစ် ယဉ်ပါးအောင် ပြုလုပ်လိုပါသလား]
လက်ရွေးစင်အဆင့် ဖြစ်နေတာပဲ... ကုယွမ်က အံ့သြသွားကာ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
"ယဉ်ပါးအောင် လုပ်မယ်"