အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း။ ၃၇
ဩဇာအာဏာကြီးမားသော မျိုးရိုးကြီးများမှ ဆင်းသက်လာသူများကို ကုယွမ် မနာလိုဖြစ်
မိသည်မှာ အမှန်ပင်။ ထိုသူတို့သည် သိုင်းပညာကို စတင်သင်ယူသည်နှင့်တစ်ပြိုင်နက် မနက်တိုင်း၌ ဆေးဖက်ဝင် အစားအစာများကို သုံးဆောင်ကြရသည့်အပြင် ကျင့်စဉ်တိုးတက်စေရန် ဝိညာဉ်ဆေးလုံးများ၏ အကူအညီကိုပင် ရရှိကြသေးသည်။ ဤသာလွန်ချက်တစ်ခုတည်းနှင့်တင် သူကဲ့သို့သော သာမန်သိုင်းသမားများထက် မိုင်ပေါင်းများစွာ ရှေ့သို့ ရောက်ရှိနေကြခြင်းပင်။
သိုင်းလောက၌ အမည်ကျော်မျိုးရိုးစုများမှ ထွက်ပေါ်လာသော သိုင်းပညာရှင်များမှာ အဘယ်ကြောင့် အများစုဖြစ်နေရတာလဲဟူသော အချက်မှာ ယခုအခါ ရှင်းလင်းနေတော့သည်။
သိုင်းပညာနည်းစနစ်တွေနဲ့ ဆရာသမားတွေရဲ့ လမ်းညွှန်မှုပိုင်းမှာ သာလွန်နေတာတွေကို ခဏ ဖယ်ထားဦး... စားသောက်မှုပုံစံမှာတင် သူတို့လို သာမန်သိုင်းသမားတွေအတွက်က ဗိုက်ဝဖို့တောင် ခဲယဉ်းနေတာလေ။ ဒီတော့ ကျင့်စဉ်တွေ တိုးတက်လာအောင် ဘယ်လိုလုပ်ပြီး စွမ်းဆောင်နိုင်ပါ့မလဲ။
ဗိုက်က ဆာလောင်နေရတဲ့ကြားထဲ ဘယ်လိုနည်းနဲ့များ ကျင့်ကြံနိုင်မှာလဲ။
စားဝတ်နေရေးကို ပြည့်စုံအောင် မဖြည့်ဆည်းနိုင်ပါက အားအင်နှင့် သွေးသားများ ဆုတ်ယုတ်လာမည်ဖြစ်ရာ ထိုအခြေအနေ၌ အတင်းအဓမ္မ ကျင့်ကြံခြင်းမှာ သူ့ကိုယ်သူ သေကြောင်းကြံစည်ခြင်းနှင့်သာ တူပေလိမ့်မည်။
"ကံကောင်းတာက ငါက သာမန်သိုင်းသမားတစ်ယောက်ဖြစ်ပေမဲ့ ငွေသုံးပြီး အဆင့်မြှင့်တင်နိုင်တဲ့ ကစားသမားတစ်ဝက်လောက်တော့ ဖြစ်နေလို့ပဲ"
ကုယွမ်သည် ကျင့်ကြံခြင်းကို ရပ်နားလိုက်ပြီး သူ၏အိတ်ထဲမှ နှစ်ပေါင်းများစွာ သက်တမ်းရှိသော အဝါရောင်နွယ်ပင်ဥတစ်ခုကို ထုတ်ယူကာ ဆေးကြောသန့်စင်၍ ဝါးစားလိုက်သည်။
ဤအရာမှာ အရသာ မကောင်းလှသော်လည်း အာနိသင်မှာမူ အံ့မခန်းသည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ ပူနွေးသော အရှိန်အဝါတစ်ခု စီးဆင်းလာသောအခါ သူသည် ဓားရှည်ကို ဆွဲထုတ်၍ ဝိညာဉ်မြွေဓားသိုင်းကို တစ်ဖန်ပြန်လည် လေ့ကျင့်တော့သည်။
ညဉ့်နက်သန်းခေါင်တိုင်အောင် မနားတမ်း လေ့ကျင့်ပြီးနောက်တွင်မူ သူသည် အားအင်ကုန်ခမ်းလျက် အိပ်ရာပေါ်၌ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့၏။
သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်သည် ရေဆန်၌ လှေလှော်နေရသကဲ့သို့ပင် ဖြစ်ရာ ရှေ့သို့ မတိုးပါက နောက်သို့သာ ဆုတ်သွားပေလိမ့်မည်။
ကုယွမ်သည် ဝိညာဉ်အဖော်စနစ်မှ ရရှိသော သံမဏိသွားနှင့် မြွေရစ်ပတ်ခြင်းစွမ်းရည်များကြောင့် လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း သူသည် သူ့ကိုယ်သူ မေ့လျော့ခြင်းမရှိဘဲ စနစ်တစ်ခုတည်းအပေါ်၌သာ လုံးလုံးလျားလျား မှီခိုခြင်းမပြုခဲ့ချေ။
စနစ်သည် စနစ်မျှသာ။ သုကိုယ်တိုင်ကလည်း ခိုင်မာစွာ ကျင့်ကြံအားထုတ်ရန် လိုအပ်သည်။ တိုးတက်မှုမှာ နှေးကွေးနေစေကာမူ ရရှိလာသော အကျိုးကျေးဇူးများမှာ လက်တွေ့ကျပြီး ပိုမိုခိုင်မာသည်။
ထို့ပြင် တိုးတက်မှုသည် မည်မျှပင် နှေးကွေးစေကာမူ ရေစက်များစွာ ကျဖန်များလျှင် ကျောက်စိုင်ကိုပင် ပေါက်စေနိုင်သည်ဖြစ်ရာ ကြိုးစားမှုတိုင်းအတွက် ဆုလာဘ်များကို အမြဲပင် ရရှိနိုင်မည်ပင်။
ဂျွတ်... ဂျွတ်...
နံနက်ခင်းတွင် ကုယွမ်သည် နားထဲ၌ စူးရှလှသော အသံတစ်ခုကြောင့် နိုးလာခဲ့ရ၏။
သူ၏ ဘေးနားတွင်မူ အားဟွမ်သည် တစ်နေရာရာမှ ခိုးယူလာခဲ့သော သံတုံးတစ်တုံးကို အားပါတရ ဝါးစားနေလေရာ မာကျောလှသော ထိုသံတုံးပေါ်၌ သွားရာများစွာ ထင်ကျန်နေသည်ကို မြင်ရသူအဖို့ သွားကျိန်းစရာပင် ကောင်းလှတော့သည်။
သို့သော်လည်း အားဟွမ်၏ သွားများနှင့် သံတုံးတို့ ပွတ်တိုက်သံမှာမူ နားခံရခက်သည်။
ပါးစပ်ကြီးမှာမူ ကုယွမ်၏ လက်မောင်းတွင် ရစ်ပတ်ထားပြီး ဘာမျှမသိသည့်ဟန်ဖြင့် တည်ငြိမ်နေ၏။ သူ၏ တောက်ပသော မျက်ဝန်းများဖြင့် ကုယွမ်ကို စိုက်ကြည့်နေသည်မှာ ချစ်စရာကောင်းလှပြီး မီးခိုးဖြူရောင် ကိုယ်ထည်မှာမူ ကြိုးတစ်ခွေကဲ့သို့ပင်။
အားဝူမှာမူ ကိုယ်ထည်ကြီးမားသဖြင့် အများသူငါ မရိပ်မိစေရန် ကုယွမ်က အပြင်ဘက်ရှိ မြင်းဇောင်း၌သာ နေစေခဲ့၏။
ကုယွမ်သည် ထိုအကောင်ငယ်လေးနှစ်ကောင်ကို ဂရုမထားတော့ဘဲ မျက်နှာသစ်ရန် ထလိုက်သည်။
ညဉ့်နက်သည်အထိ အားသွန်ခွန်စိုက် ကျင့်ကြံခဲ့သဖြင့် အလွန်ပင် ပင်ပန်းနွမ်းနယ်ခဲ့သော်လည်း တစ်ညတာ အနားယူပြီးနောက်တွင်မူ လန်းဆန်းတက်ကြွကာ ခန္ဓာကိုယ်တစ်ခုလုံး အင်အားများ ပြည့်ဝနေတော့သည်။
နံနက်စာ သုံးဆောင်ရန် အောက်ထပ်သို့ ဆင်းလာသောအခါ ယန်ဟန်၊ ရှရှုရွှယ်နှင့် ယန်ကျန်းဖေးတို့မှာ ပြန်လည်ရောက်ရှိနေကြပြီး အတူတကွ နံနက်စာ သုံးဆောင်နေကြသည်ကို တွေ့ရှိလိုက်ရ၏။
ကုယွမ်သည် ထိုသူတို့အား တစ်ချက်မျှ ကြည့်လိုက်သော်လည်း အံ့သြခြင်းမရှိဘဲ ကျိုးကျန်းနှင့် စကားလက်ဆုံပြောဆိုရင်း နံနက်စာကိုသာ အေးအေးဆေးဆေး သုံးဆောင်နေလိုက်သည်။
နံနက်စာ သုံးဆောင်ပြီးနောက် တည်းခိုခန်းဝင်းအတွင်း၌ ကုန်လှည်းများပေါ်သို့ ကုန်စည်များ တင်ဆောင်ကြပြီးလျှင် လှည်းမောင်းသမားများကလည်း မြင်းများအား ပဲနှင့် မြက်ခြောက်များ ကျွေးမွေးလျက် ပေ့လျန်ခရိုင်သို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
သို့သော်လည်း ကုန်သည်အဖွဲ့ စတင်ထွက်ခွာတော့မည့် အချိန်၌ ကုယွမ်သည် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ချက်ချင်း သတိပြုမိလိုက်၏။
ရှရှုရွှယ် စီးနင်းရမည့် မြင်းလှည်းအတွင်း၌ တစ်စုံတစ်ယောက် ရောက်ရှိနေနှင့်ပြီ ဖြစ်သည်။
ထိုသူမှာ ရှရှုရွှယ် မဟုတ်ဘဲ ဆံပင်နှင့် မုတ်ဆိတ်ဖြူများဖြင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်နေသည်။
ထိုအဘိုးအိုသည် အသက်အရွယ် ကြီးသော်လည်း မျက်နှာမှာ သွေးရောင်လွှမ်း၍ နီမြန်းနေကာ မျက်ဝန်းများမှာလည်း တောက်ပနေ၏။ သူ၏ ထံမှ သိမ်မွေ့သော ဆေးရနံ့များ ထွက်ပေါ်နေသည့်အပြင် စွန်းထင်းမှုမရှိသော ဝတ်ရုံဖြူကို ဆင်မြန်းထားသဖြင့် လောကီလူသားတို့နှင့် မတူဘဲ ထူးခြားမြင့်မြတ်သော အသွင်အပြင်ကို ဆောင်နေသည်။
အဘိုးအို၏ မျက်နှာမှာ တည်ငြိမ်အေးဆေးလှပြီး ဘေးဘက်တွင်လည်း အလုပ်အကျွေးပြုရန် အစေခံနှစ်ဦး လိုက်ပါလာကြသဖြင့် အထင်ကြီးဖွယ်ရာ ကောင်းနေသည်။
ထို့ပြင် ယန်ဟန်၊ ရှရှုရွှယ်နှင့် ကျန်ရှိသောသူများသည် ထိုအဘိုးအိုအပေါ် အလွန်အမင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြရုံမျှမက အဘိုးမိုဟု ရိုသေစွာ ခေါ်ဝေါ်သမုတ်လျက် ရှိခိုးဦးချမတတ် အရိုအသေပေးနေကြသည်ကို တွေ့ရ၏။
သူမ၏ မြင်းလှည်းကို ဖယ်ပေးလိုက်ရသော်လည်း ရှရှုရွှယ်သည် အမျက်ထွက်ခြင်းမရှိဘဲ အလုပ်အကျွေးပြုရန် အစေခံမနှစ်ဦးအား ထိုအဘိုးအိုကို ကောင်းစွာ ပြုစုရန် ညွှန်ကြားလိုက်ပြီးလျှင် သူမကိုယ်တိုင်မှာမူ ယန်ဟန်တို့နှင့်အတူ မြင်းစီး၍သာ လိုက်ပါလာတော့သည်။
ကုယွမ်သည် ဝတ်ရုံဖြူနှင့် ထိုအဘိုးအိုကို တစ်ချက်မျှ လှမ်းကြည့်မိရာ အဘိုးအိုသည် ချက်ချင်းပင် သိရှိသွားပြီး ပြန်ကြည့်၏။ ကုယွမ်သည် ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ခေါင်းငုံ့လိုက်ရ၏။
အဘိုးမိုဟု ခေါ်ဝေါ်ကြသော ထိုဝတ်ရုံဖြူနှင့် အဘိုးအိုသည် ကုယွမ်အား နိမ့်ကျသော သိုင်းသမားတစ်ဦးမျှသာ ဖြစ်သည်ဟု မြင်သဖြင့် အရေးတယူ မရှိလှဘဲ အနားရှိ လူငယ်အား လက်ကာပြကာ လိုက်ကာကို ပိတ်ခိုင်းလိုက်သဖြင့် အများသူငါ၏ အမြင်မှ ကွယ်ပျောက်သွားသည်။
"ယန်ဟန်တို့လို လူမျိုးတွေကတောင် ဒီလောက်အထိ ရိုသေနေရတာရယ် တစ်ပါးသူရဲ့ အကြည့်ကို ချက်ချင်း သိရှိနိုင်တဲ့ ထက်မြက်လှတဲ့ အာရုံခံစားမှုရယ်ကို ကြည့်ရင် ဒီအဘိုးအိုက ဘယ်သူများပါလိမ့်။ တကယ့်ကို သာမန်မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ..."
ကုယွမ်သည် တွေးတောနေမိသော်လည်း ဤအဘိုးအိုသည် အလွန်အမင်း အစွမ်းထက်သော ပညာရှင်တစ်ဦး ဖြစ်သူဟု သေချာပေါက်ပြောနိုင်သည်။
ကုယွမ်သာမက ကျိုးကျန်းနှင့် အသက်ကြီးပိုင်းဖြစ်သော ကော်ကျင်းတို့သည်လည်း ထိုအဘိုးအို၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဇဝေဇဝါ ဖြစ်နေကြကုန်၏။
သို့သော်လည်း ယန်ဟန်တို့သည် အဘိုးမို၏ အထုပ္ပတ္တိကို ကုယွမ်တို့အား ရှင်းလင်းပြောကြားခြင်း အလျှင်းမပြုချေ။ ထွက်ခွာရန် အမိန့်ပေးပြီးနောက် ကုန်သည်အဖွဲ့သည် ဖြည်းညှင်းစွာ စတင်ရွေ့လျားလျက် စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့မှ ထွက်ခွာလာခဲ့ကြသည်။
ကုန်သည်အဖွဲ့ ထွက်ခွာသွားပြီးနောက်တွင်မူ စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့အတွင်းမှ လူအချို့ ထွက်ပေါ်လာပြီး ကုန်သည်အဖွဲ့၏ နောက်သို့ တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါလာကြတော့သည်။
...
"ဟင်း... တစ်စုံတစ်ယောက် နောက်က လိုက်နေတာလား"
စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့မှ ထွက်ခွာလာပြီး မကြာမီမှာပင် ကုယွမ်သည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်၏။
ကုန်သည်အဖွဲ့၏ နောက်တွင် အားဟွမ်မှာ ရှိနေနှင့်ပြီးဖြစ်ရာ ၎င်းသည် စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ကုယွမ်အား သတင်းပေးပို့သည်။
ဝိညာဉ်အဖော် သုံးကောင်အနက် အားဟွမ်မှာ အသိဉာဏ်အမြင့်ဆုံးဖြစ်ပြီး သူ၏ဆိုလိုရင်းကို အရှင်းလင်းဆုံး ဖော်ပြနိုင်သူဖြစ်သဖြင့် ကုယွမ်က ၎င်းကို ကုန်သည်အဖွဲ့၏ နောက်ယောင်ခံအဖြစ် အထူးတလည် တာဝန်ပေးထားခြင်းပင်။
အားဟွမ်၏ ပြောပြချက်အရ လူအချို့သည် ကုန်သည်အဖွဲ့၏ နောက်သို့ တိတ်တဆိတ် လိုက်ပါလာကြကြောင်း၊ သူတို့သည် အစပိုင်းတွင် အကွာအဝေးတစ်ခုကို ထိန်းထားပြီး ကျော်တက်ရန် ရည်ရွယ်ချက် မရှိကြကြောင်းကို ကုယွမ် သိလိုက်ရသည်။
သို့သော် ယခုအခါ ကုန်သည်အဖွဲ့သည် စိမ်းလဲ့မိုးကုတ်စက်ဝိုင်းမြို့နှင့် ဝေးကွာလာပြီး လူသူမနီးသော တောရိုင်းဒေသအတွင်းသို့ ရောက်ရှိလာချိန်တွင်မူ ထိုနောက်ယောင်ခံလိုက်လာသူများသည် ရုတ်တရက် အရှိန်မြှင့်တင်လာကြတော့သည်။
ကုယွမ်သည် စိတ်ကို တည်ငြိမ်အောင်ထား၍ သတိဝီရိယကို အမြင့်ဆုံးသို့ မြှင့်တင်ထားလိုက်သော်လည်း အပြင်ပန်းတွင်မူ ကျိုးကျန်းနှင့် စကားစမြည်ပြောဆိုနေသည့်ဟန်ဖြင့်သာ အေးအေးဆေးဆေး နေနေသည်။
မကြာမီမှာပင် ကုန်သည်အဖွဲ့က လမ်းကွေ့တစ်ခုသို့ ရောက်ရှိသွားချိန်၌...
ရုတ်တရက်ဆိုသလို
ရွှီး... ရွှီး... ရွှီး
လမ်း၏ ညာဘက်ခြမ်းရှိ ထူထပ်လှသော တောအုပ်အတွင်းမှ မြားမိုးရွာသလို ပစ်ခတ်လိုက်ရာ ကုန်သည်အဖွဲ့ဝင် အများအပြားကို တိုက်ရိုက် ထိမှန်သွားတော့သည်။
နာကျင်စွာ အော်ဟစ်သံများနှင့်အတူ အချို့မှာ ခန္ဓာကိုယ် သို့မဟုတ် ခြေလက်များတွင် မြားဒဏ်ရာများ ရရှိသွားကြ၏။ ကံမကောင်းသူအချို့မှာမူ ဦးခေါင်းကို မြားမှန်သဖြင့် ဘာသံမျှပင် မထွက်နိုင်ဘဲ နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။
ဤကဲ့သို့သော မမျှော်လင့်ထားသည့် အခြေအနေကြောင့် တစ်ဖွဲ့လုံး ခေတ္တမျှ မှင်တက်သွားပြီးမှ သတိပြန်ဝင်လာကြတော့သည်။
"ရန်သူ တိုက်ခိုက်နေပြီ အားလုံး သတိထားကြ"
ယန်ဟန်သည် ဒေါသတကြီးဖြင့် အော်ဟစ်ကာသတိပေးရင်း သူ၏ လက်ချောင်းများကို ခါထုတ်လိုက်ရုံမျှဖြင့် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော မြားအချို့ကို လွယ်လင့်တကူ ပယ်ထုတ်လိုက်သည်။
သို့သော် ကုယွမ်သည် တစ်စုံတစ်ခုကို သတိပြုမိလိုက်၏။ ယန်ဟန်မှာ ဒေါသထွက်နေပုံရသော်လည်း သူ၏ မျက်ဝန်းများမှာမူ တည်ငြိမ်အေးဆေးလျက် ရှိနေသည်။ အံ့အားသင့်သွားသည့် အရိပ်အယောင် လုံးဝမရှိဘဲ ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားသည့်အလားပင်။
ချွင်... ချွင်... ချွင်
ကုန်သည်အဖွဲ့ဝင်များအားလုံးမှာ လက်နက်စွဲကိုင်ထားသူများ ဖြစ်ကြသဖြင့် သတိဝင်လာသည်နှင့်တစ်ပြိုင်နက် ဓားများကို ဆွဲထုတ်ကာ ကုန်လှည်းများ၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် ပြန်လည်ခုခံရန် ပြင်ဆင်ကြတော့သည်။
ကြိုတင်ပြင်ဆင်မှု ရှိသွားသည့်အတွက် မြားများ၏ အန္တရာယ်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။
ဗုန်း…..
ကုယွမ်သည် လက်ကောက်ဝတ်ကို လှည့်လိုက်ကာ ပြေးဝင်လာသော မြားတစ်စင်းကို သူ၏ ဓားရှည်ဖြင့် လွယ်လင့်တကူ ပယ်ချလိုက်ပြီးလျှင် ကျိုးကျန်းနှင့် ကုန်လှည်း၏ နောက်ကွယ်၌ အကာအကွယ် ယူလိုက်သည်။
ကျိုးကျန်းမှာ ကိုယ်လုံးကိုယ်ထည် ကြီးမားသူဖြစ်သဖြင့် အကာအကွယ်ယူရန် အလွန်ပင် ကောင်းမွန်သည်။
ကျိုးကျန်းက သူ့ကို စိုက်ကြည့်လိုက်သော်လည်း စကားပြောရန် အချိန်မရှိချေ။ သူသည် လက်ထဲရှိ ပုဆိန်တိုကို တင်းတင်းဆုပ်ကိုင်ထားပြီး လက်ဖဝါးများတွင် ချွေးများ စိုရွှဲလျက် ရှေ့ရှိ တောအုပ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေတော့သည်။
မကြာမီမှာပင် မြားပစ်ခတ်မှုများ ရပ်တန့်သွားသည်။
လူတစ်စုသည် တောအုပ်အတွင်းမှ ထွက်ပေါ်လာပြီး နှစ်ဖွဲ့ခွဲကာ ကုန်သည်အဖွဲ့တစ်ခုလုံးကို ဝိုင်းရံ၍ ပိတ်ဆို့လိုက်ကြသည်။
အခန်း။ ၃၈
ထိုလူစုသည် ဖရိုဖရဲနိုင်လှသော အဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း တစ်ဦးချင်းစီမှာမူ ဓား၊ လှံ စသည့် လက်နက်ကိုယ်စီ စွဲကိုင်ထားကြပြီး ယုတ်မာရက်စက်သော အငွေ့အသက်များ ဖုံးလွှမ်းလျက် ရှိနေကြကုန်၏။
သူတို့အဖွဲ့အား လူနှစ်ဦးက ဦးဆောင်လာလေရာ တစ်ဦးမှာ ကျားကဲ့သို့သော ကျောပြင်နှင့် ဝက်ဝံကဲ့သို့သော ခါးအချိုးအစားရှိသည့် ပြည့်ဖြိုးတောင့်တင်းလှသော ထိပ်ပြောင်နှင့် လူသန်ကြီးတစ်ဦးဖြစ်ပြီး သရဲခေါင်းဓားမကြီးကို ကိုင်ဆောင်ထားသည်။ ယခုအခါ ဆောင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် အဝတ်တစ်ထည်တည်းကိုသာ ဝတ်ဆင်ထားပြီး သူ၏ ကြွက်သားများမှာမူ သံမဏိတုံးများကဲ့သို့ ဖောင်းကြွနေတော့သည်။
သူသည် ရိုးရိုးကာကာ ရပ်နေရုံမျှဖြင့်ပင် ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ်နေသဖြင့် လူအုပ်ကြား၌ ကြက်အုပ်အလယ်မှ ဟင်္သာကဲ့သို့ပင် ထင်ရှားပေါ်လွင်နေသည်။
အခြားတစ်ဦးမှာမူ ပိန်လှီသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လခြမ်းကွေးဓားကို ကိုင်ဆောင်ထားကာ သူ၏ မျက်ဝန်းများမှာ မြွေဆိုးတစ်ကောင်ကဲ့သို့ ကောက်ကျစ်ရက်စက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ငါက ကျောက်စိမ်းအိုးမျှော်စင်ရဲ့ အုပ်ချုပ်ရေးမှူး ယန်ဟန်ပဲ"
ယန်ဟန်သည် ရှေ့သို့ အနည်းငယ် တိုးထွက်လိုက်ပြီးနောက် ထိုထိပ်ပြောင်ခေါင်းနှင့် လူသန်ကြီးကို ကြည့်ကာ ဒေါသကို ထိန်းချုပ်လျက် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်းက လေနက်ဓားပြအဖွဲ့ရဲ့ ခေါင်းဆောင် သံမဏိကျားမဟုတ်ဘူးလား"
"မှန်တယ်... ငါပဲ"
ထိပ်ပြောင်ခေါင်းနှင့် လူသန်ကြီးက ပြုံးလိုက်ရာ ဖြူဖွေးလှသော သွားများမှာ အစီအရီ ပေါ်ထွက်လာတော့သည်။
“မင်းဖြစ်နေမယ်မှန်း ငါသိသားပဲ။ ဒီနေရာက လေနက်ခံတပ်ရဲ့ နယ်မြေဆိုတာ ငါသိတာပေါ့။ ဒါပေမဲ့ အရင်က ငါတို့ ကျောက်စိမ်းအိုးမျှော်စင်က ဒီလမ်းကို ဖြတ်သန်းတိုင်း လမ်းအခွန်တွေကို အစဉ်တစိုက် ပေးဆောင်ခဲ့ကြတာပဲ မဟုတ်ဘူးလား”
ယန်ဟန်သည် အေးစက်လှသော အကြည့်များဖြင့် စိုက်ကြည့်လျက် “ငါက လောကဝတ်ထုံးတမ်းတွေကို နားလည်တဲ့သူဖြစ်သလို လေနက်ခံတပ်ကလည်း ငွေကိုပဲ အဓိကထားပြီး လူ့အသက်ကို ရန်မရှာတတ်ဘူးဆိုတာ သိထားပြီးသားပါ။ အဲဒါကို ဘာဖြစ်လို့ အခုကျမှ သံမဏိကျားက အဲဒီထုံးတမ်းစဉ်လာတွေကို ချိုးဖောက်ရတာလဲ”ဟု မေးလိုက်သည်။
"ထုံးတမ်းစဉ်လာ ဟုတ်လား"
သံမဏိကျားက အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးလျှင် "ထုံးတမ်းစဉ်လာဆိုတာ ဘာလဲ။ ဒီနယ်မြေအတွင်းမှာတော့ ငါပြောသမျှက ထုံးတမ်းစဉ်လာပဲ" ဟု ပြောလိုက်သည်။
ထို့နောက် သူက ခနဲ့တဲ့တဲ့ အပြုံးဖြင့် "မင်းတို့ ကျောက်စိမ်းအိုးမျှော်စင်က ဩဇာအရမ်းကြီးမားပါတယ်။ အရင်ကဆိုရင်တော့ ငါလည်း ရန်မစဝံ့ပါဘူး။ ဒါပေမဲ့ အခုတော့... ဟီးဟီး..."
သူသည် စကားကို အဆုံးမသတ်ဘဲ သရဲခေါင်းဓားမကြီးကို ဝေ့ယမ်းလိုက်ရာ ထူးဆန်းလှသော အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် သူက "ညီနောင်တို့... အကုန်လုံးကို သတ်ပစ်ကြ။ ဘယ်သူက လူအများဆုံး သတ်နိုင်မလဲ။ ငါက ဆုလာဘ်တွေ အများကြီး ပေးမယ်။ အဲဒီ မိန်းမပျိုလေးကိုတော့ ငါ့အတွက် ချန်ထားခဲ့ဖို့ မမေ့နဲ့ဦး" ဟု အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ ခေါင်းဆောင်"
"ဟားဟား... ခေါင်းဆောင်ကတော့ တကယ်ကို အလှအပကို မြတ်နိုးတတ်သူပဲ"
"ဟီးဟီး... စကားတွေ အများကြီး မပြောနဲ့တော့။ ခေါင်းဆောင်က အမိန့်ပေးပြီးမှတော့ ဒီမိန်းမပျိုလေးကို ဘယ်သူမှ ထိခိုက်အောင် မလုပ်စေနဲ့။ ခေါင်းဆောင် အရင်မြည်းစမ်းပြီးမှ ငါတို့လည်း တစ်လှည့်စီ ဆက်ကြတာပေါ့"
"သတ်ကြဟေ့"
...
ဝံပုလွေများ၊ ကျားများကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသော တောပုန်းဓားပြတစ်အုပ် စီးနင်းဝင်ရောက်လာသည်ကို မြင်သောအခါ ကုန်သည်အဖွဲ့ဝင် အများအပြားမှာ ကြောက်ရွံ့တုန်
ရင်ကာ ခြေဖျားလက်ဖျားများပင် မမြဲတော့ချေ။ သို့သော် အချို့မှာမူ အံတင်းတင်းကြိတ်လျက် ဓားရှည်များကို ဆွဲကိုင်ကာ ရင်ဆိုင်ရန် ပြင်ဆင်ကြသည်။
ခဏချင်းမှာပင် တိုက်ခိုက်သံများနှင့် အော်ဟစ်သံများမှာ ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့၏။
ဇွက်…
ကုယွမ်သည်လည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ သူ၏ ဓားရှည်အား မြွေလျှာသဖွယ် လျင်မြန်စွာ ထိုးသွင်းလိုက်ရာ ဓားပြတစ်ဦး၏ လည်ချောင်းကို တိုက်ရိုက် ထိုးဖောက်သွားသည်။ ဓားကို ပြန်လည်ဆွဲထုတ်လိုက်သည့်အခါတွင်မူ ရဲရဲနီသော သွေးပူများမှာ ပန်းထွက်လာတော့၏။
ချွင်….
လူတစ်ဦးအား သတ်ဖြတ်ပြီးသော်လည်း ကုယွမ်သည် မျက်တောင်တစ်ချက်မျှ မခတ်ချေ။ သူ၏လက်မှာ တည်ငြိမ်နေပြီး ဓားအလင်းတန်းကို ဝေ့ယမ်းကာ ဘယ်ဘက်မှ ဝင်ရောက်လာသော ဓားချက်ကို အလိုအလျောက်ပင် ခုခံလိုက်ရာ သတ္တုချင်း ထိမှန်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ရန်သူက အကွက်ပြောင်းရန်ပင် အချိန်မရလိုက်မီ ကုယွမ်သည် ရှေ့သို့ တစ်လှမ်းတိုးကာ ဓားဖျားဖြင့် ထိုဓားပြ၏ မျက်နှာတစ်ခုလုံးကို လှီးဖြတ်ပစ်လိုက်၏။ သွေးစင်းများမှာ မျက်နှာအနှံ့ ပြန့်ကားသွားပြီးနောက် ထိုဓားပြသည် သွေးနှင့် ဦးနှောက်ပျစ်များ ရောထွေးစီးကျလျက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားတော့သည်။
"ဒီကောင်လေးက တကယ်ကို ရက်စက်တာပဲ။ သူ့ဓားကလည်း အဆိပ်ပြင်းလှချည်လား။ ညီနောင်တို့... ဝိုင်းတိုက်ကြဟေ့"
ထိုမြင်ကွင်းကို မြင်သောအခါ အနီးနားရှိ ဓားပြအချို့မှာ ထိတ်လန့်သွားကြသော်လည်း အချို့မှာမူ ဒေါသကြောင့် မျက်လုံးများ နီမြန်းလျက် အတူတကွ စုပေါင်းကာ ပြေးဝင်လာကြသည်။
ရွှီး... ရွှီး... ရွှီး
သို့သော်လည်း ကုယွမ်သည် သူ၏ဓားကို လျင်မြန်ဖြတ်လတ်စွာ ဝေ့ယမ်းလျက် ရှိနေသည်။ သူ၏ ဓားအလင်းတန်းမှာ ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ ကခုန်နေပြီး ပြတ်သားရက်စက်သည်။ ခဏချင်းအတွင်းမှာပင် သူ၏လက်ချက်ဖြင့် ဓားပြ နောက်ထပ် ငါးဦးမှာ အသက်
ပျောက်သွားရတော့သည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ဓားပြအများအပြားမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ကုယွမ်နှင့် ဝေးရာသို့ မသိမသာ ဆုတ်ခွာသွားကြကုန်၏။ ဓားပြများသည်လည်း လူသားများသာ ဖြစ်ကြရာ သဘာဝအရ ကြမ်းတမ်းရက်စက်ပြီး သတ္တိရှိလှသည်ဆိုစေဦးတော့ သေရမည်ကိုမူ ကြောက်ရွံ့တတ်ကြသည်သာ ဖြစ်သည်။
လူအချို့ကို သတ်ဖြတ်ပြီးနောက်တွင်လည်း ကုယွမ်သည် တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိနေသည်။ သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ကွပ်မျက်သူတစ်ဦးကဲ့သို့ပင် သူ၏ဓားအောက်ရှိ ဓားပြများမှာ သားသတ်သမား၏ ဓားအောက်မှ ဝက်များကဲ့သို့ တစ်ဦးပြီးတစ်ဦး လဲကျကုန်သော်လည်း သူ၏ စိတ်နှလုံးမှာမူ ဂယက်ထခြင်း အလျှင်းမရှိချေ။
ရှေ့နောက်ဝဲယာမှ ပြောင်ပြောင်တင်းတင်းနှင့် တိတ်တဆိတ် တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ဓားပြတစ်ဦး၏ လည်ချောင်းကို သာသာယာယာ လှီးဖြတ်လိုက်ပြီးနောက် ကုယွမ်သည် အတွေးအမြင်သစ်တစ်ခုကို ရရှိလိုက်သည်။
"ဪ... ဝိညာဉ်မြွေဓားသိုင်းကို ဒီလိုမျိုး အသုံးချရတာကိုး..."
မည်မျှပင် ထူးကဲလှပသော ဓားသိုင်းနည်းစနစ်ဖြစ်စေကာမူ သွေးမစွန်းဖူးဘဲ လက်တွေ့တိုက်ပွဲ အတွေ့အကြုံ မရှိပါက ၎င်း၏ အနှစ်သာရကို အပြည့်အဝ နားလည်သဘောပေါက်ရန်နှင့် ထိပ်တန်းအဆင့်သို့ ရောက်ရှိရန်မှာ အလွန်ပင် ခဲယဉ်းသည်။
ကုယွမ်သည် ယခင်ကပင် ဝိညာဉ်မြွေဓားသိုင်း၏ အခြေခံသဘောတရားကို ရိပ်စားမိခဲ့သော်လည်း အတွေ့အကြုံနှင့် လက်တွေ့တိုက်ပွဲ ဗဟုသုတ လိုအပ်နေခဲ့ခြင်းပင်။ ယခုအခါ ထိုဓားပြများကို အသုံးချ၍ သူ၏ ဓားကွက်များကို စမ်းသပ်စစ်ဆေးခွင့် ရလိုက်သည့်
အခါ သူ၏ဓားသိုင်းပညာမှာ ရေထဲရှိ ရေမြှုပ်ကဲ့သို့ပင် အားလုံးကို စုပ်ယူကာ ပြန့်ကားလာပြီး လျင်မြန်စွာ တိုးတက်လာကာ ပိုမိုကျွမ်းကျင် ထက်မြက်လာတော့သည်။
"ဒီကောင်လေးက သိုင်းပညာသင်တာ တစ်လလောက်ပဲ ရှိသေးတာ မဟုတ်လား။ သူ့ဓားသိုင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပါးနပ်နေရတာလဲ"
ကုယွမ်၏ စွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရသောအခါ ရှရှုရွှယ်နှင့် ယန်ကျန်းဖေးတို့မှာ များစွာ အံ့အားသင့်သွားကြကုန်၏။
သူတို့နှစ်ဦးစလုံးမှာ ရိုးတွင်းခြင်ဆီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားသူများ ဖြစ်ကြပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝကြသော်လည်း ယခုအခြေအနေကို ကိုင်တွယ်ရသည်မှာ မလွယ်ကူလှချေ။ အဓိကအချက်မှာ သူတို့ ဝတ်ဆင်ထားသော အဖိုးတန်ဝတ်စုံများကြောင့် ဓားပြများ၏ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ဝိုင်းရံခြင်းကို ခံနေရသောကြောင့်ပင်။ ဝဲယာနှစ်ဖက်စလုံးကို ခုခံကာကွယ်နေရသဖြင့် အတော်ပင် အားစိုက်နေရသည်။
သူတို့အနေဖြင့် ကုယွမ်နှင့် ကျန်ရှိသူများသည် ကျင့်စဉ်နိမ့်ပါးသူများဖြစ်၍ ယခုကဲ့သို့ ရှုပ်ထွေးလှသော အခြေအနေ၌ အချိန်အနည်းငယ်မျှ ခံနိုင်ရည်ရှိပြီး ရန်သူ၏ တိုက်စစ်အချို့ကို ခွဲဝေယူပေးနိုင်လျှင်ပင် တော်လှပြီဟု မှတ်ထင်ထားခဲ့ကြခြင်းပင်။
မမျှော်လင့်ထားဘဲ ကျိုးကျန်းနှင့် ကော်ကျင်းတို့၏ စွမ်းဆောင်ရည်မှာ သာမန်မျှသာ ရှိသော်လည်း ကုယွမ်၏ စွမ်းဆောင်ရည်မှာမူ သူတို့၏ မျက်လုံးများကိုပင် ပြူးသွားစေတော့သည်။
သိုင်းပညာသင်ကြားသည်မှာ မကြာသေးသော လူသစ်တစ်ဦးမျှသာ ဖြစ်သော်လည်း သူ၏ဓားကို ကိုင်တွယ်ပုံမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ဓားသမားကြီးတစ်ဦးကဲ့သို့ပင် ပြတ်သားရက်စက်လှပြီး ဆုတ်ခြင်း၊ တက်ခြင်းတို့မှာလည်း စနစ်တကျ ရှိသည်။
ဓားပြများကို သတ်ဖြတ်ရာတွင်လည်း တည်ငြိမ်အေးဆေးလှရာ ကြက်တစ်ကောင်ကို သတ်နေသကဲ့သို့ပင်။ သူ၏ဓားချက်ကြောင့် သေဆုံးသွားသော ဓားပြများမှာ အလွန်ပင် ကြောက်မက်
ဖွယ်ကောင်းလှရာ အချို့မှာ ခေါင်းပြတ်နေပြီး အချို့မှာ နှလုံးကို ထိုးဖောက်ခံထားရကာ အချို့မှာမူ မျက်နှာအရေခွံတစ်ခုလုံး လှီးဖြတ်ခံထားရသည်။
ဤမြင်ကွင်းမှာ အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းသည်။
"ညီလေးကုက ဒီလောက်တောင် အစွမ်းထက်နေတာလား"
ကျိုးကျန်းသည် သူ၏ပုဆိန်ကို ဝေ့ယမ်းလျက် ရက်စက်သော ဓားပြနှစ်ဦးအား မနည်းတွန်းလှန်နေရစဉ် ကုယွမ်က ဓားပြများကို တစ်ဦးပြီးတစ်ဦး ခုတ်ပိုင်းနေသည်ကို လှမ်းမြင်လိုက်ရရာ မျက်လုံးများပင် ပြူးထွက်မတတ် အံ့သြသွားတော့သည်။
"ဟေ့လူကလေး... ငါနဲ့ ယှဉ်ကြည့်စမ်း"
ကုယွမ်မှာ အားကောင်းသော ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း ရိပ်စားမိသွားသောကြောင့် ကိုက်အနည်းငယ်အကွာမှ လူရိပ်တစ်ခုသည် ချောက်ကမ်းပါးကို ခုန်ကူးသည့် ကျားသစ်တစ်ကောင်ကဲ့သို့ ပြေးဝင်လာသည်။ ထိုသူ၏ အရှိန်အဟုန်မှာ အလွန်ပင် လျင်မြန်လှသဖြင့် စကားသံမှာ အဝေးမှ စတင်သော်လည်း စကားဆုံးသည့်အခါတွင်မူ အနားသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေပြီ ဖြစ်သည်။
ရွှီး….
လခြမ်းကွေးဓားသည် လေထုကို ထိုးခွဲလျက် လေထဲတွင် တဝီဝီအော်မြည်သွားတော့၏။
နှင်းဖြူရောင် ပိုးဖဲကြိုးတစ်မျှင်ကဲ့သို့ စူးရှသော ဓားအလင်းတန်းသည် ကြည့်ရုံမျှဖြင့်ပင် ကိုယ်လက်မွေးညင်းများ ထောင်ထသွားစေပြီး ကုယွမ်၏ လည်ပင်းဆီသို့ ဦးတည်ခုတ်ပိုင်းလာသည်။
"ပညာရှင်တစ်ယောက်ပဲ"
ကုယွမ်သည် ဦးရေပြားများ ထုံကျင်သွားပြီး နှလုံးမှာလည်း တင်းကျပ်သွားတော့သည်။
ထိုအရေးကြီးသော အခိုက်အတန့်တွင် သူသည် နောက်သို့ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းတို့ကို မပြုဘဲ ရှေ့သို့ပင် တစ်လှမ်းတိုးလိုက်၏။ သူ၏ ခြေဖဝါးမှ စတင်ဖြစ်ပေါ်လာသော ခွန်အားလှိုင်းသည် ခြေထောက်ကြွက်သားများမှတစ်ဆင့် အလွှာလိုက် အလွှာလိုက် ပိုမိုအားကောင်းလာပြီးနောက် ခါးတွင် တင်းကျပ်စွာ စုစည်းသွားကာ ကျောရိုးတိုင်ကို ဆန့်ထွက်သွားစေသည်။ ထိုမှတစ်ဆင့် ကြီးမားလှသော ခွန်အားများကို ထုတ်လွှတ်လိုက်ပြီး သူ၏ဓားရှည်အား အားကုန်လွှဲ၍ ခုတ်ပိုင်းလိုက်တော့သည်။
ချွင်…..
ပြင်းထန်လှသော ဓားအလင်းတန်းသည် လျှပ်စီးလက်သကဲ့သို့ တောက်ပစွာ ပေါက်ကွဲထွက်ပေါ်လာပြီး အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်။
ချွင်….
ဓားနှင့် လခြမ်းကွေးဓားတို့ ထိပ်တိုက်တွေ့ဆုံသွားရာ နားကွဲမတတ် သတ္တုချင်းထိခတ်သံ ထွက်ပေါ်လာတော့သည်။
ထိခတ်မိသည့် နေရာမှ ပြင်းထန်သော လေပွေများ ပတ်ဝန်းကျင်သို့ လွင့်စင်သွားပြီး ကုယွမ်၏ ဆံပင်များနှင့် ဝတ်ရုံစများကို လွင့်ခါသွားစေသည်။
ကုယွမ်သည် ညည်းညူသံတစ်ချက် ထွက်ပေါ်သွားပြီး သူ၏လက်ကောက်ဝတ်၌ ပြင်းထန်သော နာကျင်မှုနှင့် ထုံကျင်မှုကို ခံစားလိုက်ရသည်။ ၎င်းမှာ တိုးဝင်လာသော ကြီးမားသည့် ခွန်အားလှိုင်းကြောင့်ပင်။
သူ၏ ဓားရှည်မှာလည်း ထိုဖိအားအောက်တွင် ခံနိုင်ရည်ရှိရန် ရုန်းကန်နေရသကဲ့သို့ တုန်ခါနေပြီး ဝီဝီဟူသော အသံများ ထွက်ပေါ်နေတော့သည်။
သို့သော်လည်း ကုယွမ်သည် ဤတိုက်ကွက်ကို အောင်မြင်စွာ တောင့်ခံနိုင်ခဲ့သည်။
ထို့ပြင် ယခုအသုံးပြုလိုက်သော ဓားကွက်မှာ ဝိညာဉ်မြွေဓားသိုင်းထဲမှ နည်းစနစ်တစ်ခု မဟုတ်ချေ။
ဝိညာဉ်မြွေဓားသိုင်းသည် လျင်မြန်ဖြတ်လတ်ပြီး ရက်စက်လှသော ဓားအရှိန်အဟုန် ရှိသော်လည်း အခြေခံအားဖြင့် အဆင့်နိမ့်သော သိုင်းပညာတစ်ခုသာ ဖြစ်သဖြင့် အကန့်အသတ်များ ရှိနေသည်။ သာမန်သိုင်းသမားများအတွက် လုံလောက်သော်လည်း ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်မျိုးကို ရင်ဆိုင်ရန်မှာ မလွယ်ကူလှဘဲ ထိပ်တိုက်ရင်ဆိုင်ရန် ပို၍ပင် မဖြစ်နိုင်ချေ။
သို့သော်လည်း ကုယွမ်၏ ယခုတိုက်ကွက်မှာ ဝိညာဉ်မြွေဓားသိုင်း၏ အနှစ်သာရကို သူ၏ ကိုယ်ပိုင်သိမြင်မှုများနှင့် ပေါင်းစပ်ကာ အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မသိစိတ်မှ ထုတ်ဖော်လိုက်သော အဆင့်မြင့်တိုက်ကွက်တစ်ခုပင်။