အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း။ ၃၉
"ဟင်..."
တစ်ဖက်မှလူမှာ ရှေ့တွင်တွေ့ခဲ့ရသော ပိန်လှီရုပ်ဆိုးသည့် ထိုလူပင်။ သူ၏ မျက်ခုံးများမှာ အေးစက်တင်းမာနေပြီး မျက်နှာပေါ်ရှိ အမာရွတ်များက ရက်စက်ကြမ်းကြုတ်သည့် အသွင်ကို ပိုမိုပေါ်လွင်စေသည်။ သို့သော် ယခုအခါတွင်မူ သူသည် အနည်းငယ် အံ့အားသင့်သွားပုံရ၏။
သူသည် ဓားကိုဝေ့ယမ်းကာ ခွန်အားများ စုစည်း၍ ခုတ်ပိုင်းလိုက်ခြင်းဖြစ်ရာ ထိုဓားချက်မှာ ပြင်းထန်ရက်စက်လှသည်ဟု ဆိုရပေလိမ့်မည်။
ဤခုတ်ချက်မှာ မြင်းတစ်ကောင်ကို ဦးခေါင်းမှ အမြီးတိုင်အောင် နှစ်ခြမ်းခွဲပစ်နိုင်စွမ်း ရှိသည်။
“ဒီဓားရဲ့ အရှိန်အဟုန်တစ်ခုတည်းနဲ့တင် လူတစ်ယောက်ကို အမှုန့်ခြေပစ်လို့ ရနေတာတောင်... ရှေ့ကလူငယ်က ဒါကို ထိပ်တိုက် ပိတ်ဆို့နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
ထိုလူမှာ အံ့သြနေသော်လည်း ကုယွမ်ကမူ တုံ့ဆိုင်းနေခြင်း မရှိချေ။ သူ၏ ခြေလှမ်းများမှာ ခန့်မှန်းရခက်လှပြီး ဝိညာဉ်မြွေတစ်ကောင်ကဲ့သို့ လျင်မြန်လှည့်ဖြားနိုင်လှသည်။ သူ၏ ဓားရှည်မှာလည်း အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ထိုးစစ်ဆင်လာသည်။
ထိုလူသည် ဤဓားချက်ကို အထင်အမြင်သေးစွာဖြင့် လက်ပြန်ခုခံလိုက်၏။ သူ ပိတ်ဆို့နိုင်ခဲ့သော်လည်း ကုယွမ်၏ ဓားကွက်မှာ ရုတ်ချည်းပြောင်းလဲသွားကာ ပြင်းထန်ရက်စက်သော အရှိန်အဟုန်မှ ပျော့ပျောင်း၍ ရှည်လျားသော အရှိန်အဟုန်သို့ ကူးပြောင်းသွားတော့သည်။ ထို့နောက် မတွေးဝံ့စရာကောင်းသော ထောင့်ချိုးတစ်ခုမှနေ၍ လခြမ်းကွေးဓားကို ကျော်ဖြတ်ကာ ထိုလူ၏ ပုခုံးအတွင်းသို့ စိုက်ဝင်သွားသည်။
ဇွက်….
ဓားရှည်မှာ အားစိုက်ရခြင်းမရှိဘဲ ထိုးဖောက်သွားပြီး သွေးပွင့်များ ဖူးပွင့်လာတော့သည်။
"မင်း သေချင်နေပြီပဲ"
ဓားရှည်ဖြင့် အထိုးခံလိုက်ရသော်လည်း ထိုလူသည် နောက်သို့ဆုတ်မသွားဘဲ ရှေ့သို့ပင် တိုးဝင်လာကာ အော်ပြောလျက် လခြမ်းကွေးဓားကို မြှောက်၍ အားကုန်ခုတ်ပိုင်းချလိုက်တော့သည်။
တောက်ပနေသော လခြမ်းကွေးဓားသည် နေ့နှင့်ညကို ပိုင်းခြားလိုက်သည့် လျှပ်စီးတန်းတစ်ခုကဲ့သို့ လေထုထဲတွင် လမ်းကြောင်းတစ်ခု ထင်ကျန်ရစ်စေသည်။ ဓားအလင်းတန်း၏ ရက်စက်မှုနှင့် ထက်မြက်မှုမှာ ရှေ့ရှိ အတားအဆီးမှန်သမျှကို ဖြတ်တောက်ပစ်နိုင်စွမ်း ရှိပုံရသည်။
"ဒါဆိုရင်လည်း ဘယ်သူ အရင်သေမလဲ ကြည့်ကြတာပေါ့"
ကုယွမ်၏ အကြည့်များမှာ ရက်စက်မှုများ ပြည့်နှက်သွားတော့သည်။ သူသည် ရှောင်တိမ်းခြင်း အလျှင်းမပြုဘဲ ရှေ့သို့ တိုးဝင်လိုက်ကာ ထိုလူ၏ ရင်ခွင်အတွင်းသို့ ခန္ဓာကိုယ်ချင်း တိုက်မိအောင် တိုးဝင်လိုက်လေတော့သည်။
တစ်ချိန်တည်းမှာပင် ကုယွမ်သည် ထိုလူ၏ကိုယ်တွင်း၌ စိုက်ဝင်နေဆဲဖြစ်သော ဓားရှည်အတွင်းသို့ ခွန်အားများကို အရှိန်အဟုန်ဖြင့် စီးဆင်းစေလိုက်သည်။ သူသည် ဓားကို အားပြု၍ ဖိနှိပ်တွန်းထုတ်လိုက်ရာ ထိုသူ၏ ဘယ်ဘက်ပုခုံးမှ ညာဘက်ဝမ်းဗိုက်အထိ စောင်းလျက်သား ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားပြီး ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားရသည်။
"အား..."
ထိုပိန်လှီသောလူသည် ဒေါသတကြီး အော်ဟစ်သံတစ်ချက်သာ ထွက်ပေါ်နိုင်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူ၏ဒဏ်ရာမှ သွေးများ အရှိန်အဟုန်ဖြင့် စီးကျလာရုံမျှမက အတွင်းကလီစာများပင် ထွက်ကျလာကာ ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံး သွေးချင်းနီသွားတော့၏။ သူ၏မျက်လုံးများမှာမူ ဒေါသအာဃာတများဖြင့် ပြူးကျယ်လျက်ရှိနေသော်လည်း မည်သည့်အသံမျှ ထပ်မံထွက်ပေါ်မလာတော့ချေ။
"ဒုတိယခေါင်းဆောင်"
"ဒီကောင်လေးက ဒုတိယခေါင်းဆောင်ကို သတ်လိုက်ပြီ"
"ဒုတိယခေါင်းဆောင် သေပြီဟေ့"
လခြမ်းကွေးဓားကို ကိုင်ဆောင်သော ထိုလူမှာ နေရာတင်ပင် ရက်ရက်စက်စက် သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသောအခါ ဓားပြအများအပြားမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားကြတော့သည်။ သူတို့သည် ကုယွမ်အား ကြောက်မက်ဖွယ်ရာ သားရဲတစ်ကောင်ကဲ့သို့ ကြည့်ရှုနေကြပြီး မည်သူမျှ ထပ်မံတိုက်ခိုက်ရန် မဝံ့ရဲကြတော့ချေ။
"တကယ့်ကို သီသီလေးပဲ..."
ကုယွမ်သည် သူ၏ကျောပြင်ကို စမ်းသပ်ကြည့်လိုက်ရာ ရှည်လျားသော ဒဏ်ရာတစ်ခုကို တွေ့ရှိလိုက်ရပြီး ပူနွေးသောသွေးများ စီးကျနေသကဲ့သို့ နာကျင်မှုလှိုင်းများမှာလည်း တရိပ်ရိပ် တက်လာတော့သည်။
အကယ်၍ သူသာ အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိဘဲ ခဏမျှ တုံ့ဆိုင်းသွားခဲ့ပါမူ ထိုဓားချက်က သူ့ကို နှစ်ခြမ်းခွဲပစ်ခဲ့မည်မှာ ဧကန်မလွဲပေ။
"ညီလေး"
လေနက်ဓားပြအဖွဲ့၏ ခေါင်းဆောင် သံမဏိကျားသည် ယန်ဟန်နှင့် အကြိတ်အနယ် တိုက်ခိုက်နေဆဲပင်။
တစ်ဦးက သရဲခေါင်းဓားမကြီးကို ကိုင်ဆောင်လျက် လေထုကို ထိုးခွဲကာ အဆမတန် ပြင်းထန်သော ခွန်အားများဖြင့် တိုက်ခိုက်နေပြီး အခြားတစ်ဦးမှာမူ သံမဏိချောင်းကဲ့သို့ မာကျောသော လက်မောင်းများ၊ အကြောအပြိုင်းပြိုင်းထနေသော လက်ချောင်းများဖြင့် ပြိုင်ဘက်ကင်းသော ရက်စက်မှုများကို ထုတ်ဖော်နေလေရာ ၎င်းမှာ ဖမ်းဆီးချုပ်နှောင်ခြင်း သံမဏိကျင့်စဉ်ပင်။
သူ၏ ဒုတိယခေါင်းဆောင် သေဆုံးသွားသည်ကို သတိပြုမိလိုက်သောအခါ သံမဏိကျားသည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားတော့၏။ သူသည် သရဲခေါင်းဓားမကြီးကို လေပွေတစ်ခုကဲ့သို့ ဝေ့ယမ်းကာ ယန်ဟန်ကို နောက်သို့ ဆုတ်သွားစေပြီးလျှင် အော်ဟစ်၍ အမိန့်
ပေးလိုက်သည်။
"အားလုံးပဲ... အဲဒီကောင်လေးကို ဝိုင်းတိုက်ကြစမ်း သူ့ကို အပိုင်းပိုင်းပြတ်အောင် သတ်ပစ်ကြ"
"တော်လောက်ပြီ"
ထိုခိုက်တွင်ပင် တောအုပ်ထူထပ်သော နေရာမှ လူရိပ်တစ်ခုသည် အေးအေးလူလူပင် ထွက်ပေါ်လာခဲ့သည်။ သူ၏ စကားသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း လူတိုင်း၏ နားထဲတွင်မူ ကွဲကွဲပြားပြား ပဲ့တင်ထပ်သွားတော့၏။
ထိုသူ၏ ခြေလှမ်းများမှာ နှေးကွေးဟန်ရှိသော်လည်း စကားပင် မဆုံးသေးမီမှာပင် ပေပေါင်းများစွာသော အကွာအဝေးကို တစ္ဆေတစ်ကောင်ကဲ့သို့ ဖြတ်ကျော်ကာ အံ့မခန်းသော အရှိန်အဟုန်ဖြင့် တိုက်ပွဲမြေပြင်သို့ ဆိုက်ရောက်လာခဲ့သည်။
"သိုင်းပညာရှင်လား..."
ကုယွမ်၏ မျက်ခုံးများ လှုပ်ခတ်သွားပြီး တစ်စုံတစ်ရာ ထူးခြားတော့မည်ဟူသော အသိက သူ၏စိတ်ထဲတွင် သတိပေးခေါင်းလောင်း ထိုးလိုက်သကဲ့သို့ ဖြစ်သွားကာ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ချမ်းစိမ့်သွားတော့သည်။
အသစ်ရောက်ရှိလာသူမှာ မှောင်မှောက်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ရုပ်ရည်မှာ သာမန်မျှသာဖြစ်ပြီး လက်ထဲတွင်လည်း မည်သည့်လက်နက်မျှ ကိုင်ဆောင်ထားခြင်း မရှိချေ။ သို့သော် သူ၏ မျက်ဝန်းများမှာမူ ရေခဲပြာရောင် သန်းနေပြီး ကြည့်ရသူအဖို့ ရင်ထိတ်ဖွယ်ကောင်းလောက်အောင် အေးစက်စက်နှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ယန်ဟန်ပင်လျှင် အလွန်အမင်း ထိတ်လန့်သွားပြီး သံမဏိကျားနှင့် ဝေးရာသို့ ဆုတ်ခွာလျက် ခုခံရန် ပြင်ဆင်လိုက်ရတော့သည်။
"ဟွန့်..."
ထိုသူသည် ကုယွမ်၊ ယန်ဟန်၊ ရှရှုရွှယ်နှင့် ကျန်ရှိသူများအား ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ဓားပြများဘက်သို့ လှည့်ကာ "အသုံးမကျတဲ့ကောင်တွေ... အားလုံး အသုံးမကျတဲ့ကောင်တွေပဲ" ဟု ပြောလိုက်သည်။
ထို့နောက် သံမဏိကျားကို ကြည့်၍ "သံမဏိကျား... ငါ မင်းကို အထင်ကြီးမိတာ မှားသွားတယ်။ ဒီလို နိမ့်ကျတဲ့ သိုင်းသမား အနည်းငယ်ကိုတောင် မင်း မကိုင်တွယ်နိုင်ဘဲနဲ့ ငါ့ဆီမှာ တပည့်ခံချင်သေးတယ်ပေါ့လေ..."
သံမဏိမျှော်စင်ကြီးတစ်ခုကဲ့သို့ တောင့်တင်းခိုင်မာပြီး ရက်စက်ကြမ်းကြုတ်လှသော သံမဏိကျားသည် ယခုအခါတွင်မူ မျက်လုံးများကို အောက်ချလျက် ရိုသေစွာ ခေါင်းညိတ်ပြနေတော့သည်။ သူသည် သူ၏ဓားနှင့် လက်သီးကို စုစည်း၍ အရိုအသေပြုလိုက်ကာ "ကျွန်တော်မျိုး မစ္စတာဝေကို စိတ်ပျက်အောင် လုပ်မိပါပြီ။ ဒါပေမဲ့ ကျွန်တော့်မှာ အခြားစီစဉ်ထားတာတွေ ရှိပါသေးတယ်။ အခုပဲ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ အချိန်ကျပါပြီ" ဟု နှိမ့်ချစွာ ပြောလိုက်သည်။
သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဓားပြများနှင့် လုံးထွေးနေခဲ့သော ဆေးမြစ်ရှာဖွေသူ ကော်ကျင်းက ရုတ်တရက် တိုက်ခိုက်လာတော့သည်။ သူသည် ရှေ့ရှိ ဓားပြများကို ကျော်လွှားခုန်တက်လိုက်ပြီး ဘာမှမသိဘဲ ဘေးနားတွင် ရှိနေသော ရှရှုရွှယ်ကို ဖမ်းဆီးလိုက်သည်။
ရှရှုရွှယ်က ပြန်လည်ခုခံရန် ကြိုးစားသော်လည်း ကော်ကျင်းက သူမ၏ လက်မောင်းနှစ်ဖက်ကို ဖမ်းကိုင်ကာ ချောက်ဟူသော အသံနှစ်ချက်နှင့်အတူ အဆစ်များကို ဖြုတ်ပစ်လိုက်သဖြင့် သူမ၏ လက်မောင်းများမှာ ကိုယ်ဘေးတွင် အားကိုးရာမဲ့စွာ တွဲလောင်းကျသွားတော့သည်။
"တတိယသခင်မလေး"
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယန်ကျန်းဖေးမှာ ထိတ်လန့်သွားပြီး သူ၏ ဓားရှည်ကို ဝေ့ယမ်းလျက် ကော်ကျင်း၏ လက်မောင်းဆီသို့ ဦးတည်၍ ထိုးစစ်ဆင်လိုက်တော့သည်။
သို့သော် ကော်ကျင်းက ရှရှုရွှယ်ကို လူသားဒိုင်းအဖြစ် အသုံးချလိုက်သဖြင့် ယန်ကျန်းဖေးမှာ ဓားချက်ကို ပြန်လည်ထိန်းလိုက်ရ၏။ ထိုစဉ် ကော်ကျင်းသည် သူ၏ သံစင်ဆေးတံကို လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ဝေ့ယမ်းကာ ဓားရှည်ကို ပယ်ထုတ်လိုက်ရုံမျှမက ယန်ကျန်းဖေး၏ ညာဘက်လက်မောင်းကိုပါ ရိုက်နှက်လိုက်သည်။
ဂျောက်
"အား..."
ယန်ကျန်းဖေးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်မောင်းမှာ ထူးဆန်းသော ထောင့်ချိုးတစ်ခုအတိုင်း လိမ်ကောက်သွားကာ အရိုးတစ်ဆစ်မှာ အသားထဲမှ ဖောက်ထွက်လာပြီး မြေပြင်ပေါ်သို့ ခွေခေါက်ကာ လဲကျသွားတော့သည်။
"ကော်ကျင်း ဆေးမြစ်ရှာဖွေသူတွေထဲမှာ သူလျှိုတစ်ယောက် ရှိနေမယ်မှန်း ငါသိထားပေမဲ့ အဲဒါ မင်းဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားမိဘူး။ မင်း ဆေးမြစ်ရှာဖွေလာတာ ဆယ်စုနှစ်တစ်ခုကျော်တောင် ရှိနေပြီ မဟုတ်လား"
ယန်ဟန်သည် ထိုအခြင်းအရာကို မြင်သောအခါ မျက်ခုံးများ လှုပ်ခတ်သွားပြီး အေးစက်လှသော လေသံဖြင့် အံတင်းတင်းကြိတ်လျက် ခြိမ်းခြောက်လိုက်သည်။
"မင်းရဲ့သားဟာ အခု ကျောက်စိမ်းအိုးမျှော်စင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတာကို မင်းသိရဲ့လား။ တတိယသခင်မလေးရဲ့ ဆံပင်တစ်ပင်လောက်သာ ထိခိုက်ကြည့်စမ်း... မင်းသားကို အပိုင်းပိုင်းအစစ ဖြစ်အောင် ငါလုပ်ပြမယ်ဆိုတာ ယုံလိုက်စမ်းပါ"
"ဒါဆိုရင်တော့ အုပ်ချုပ်ရေးမှူးရန်ကိုပဲ စောင့်ရှောက်ပေးဖို့ အပ်ရမှာပဲ"
အဘိုးကြီးကော်မှာ တည်ငြိမ်သော မျက်နှာထားဖြင့် အေးစက်စွာ ပြောလိုက်၏။
"အဲဒီကလေးက ငါ့မိန်းမ ငယ်ငယ်တုန်းက ဖောက်ပြန်ပြီး ရခဲ့တဲ့ကလေးပဲ ငါနဲ့ ဘာမှမဆိုင်ဘူး။ တကယ်လို့ မင်း လုပ်ချင်တယ်ဆိုရင်တောင် သူ့ကို မြန်မြန်ဆန်ဆန်ပဲ အသက်ပျောက်အောင် လုပ်ပေးလိုက်ပါ။ ဒါက သူ့ကို နှစ်ပေါင်းများစွာ ကျွေးမွေးလာခဲ့တဲ့ ငါ့ရဲ့ကျေးဇူးကို ဆပ်ရာရောက်မှာပါ"
"မင်း…."
ယန်ဟန်၏ မျက်နှာမှာ တဆတ်ဆတ်တုန်သွားပြီး စကားလုံးများ ဆွံ့အသွားတော့သည်။ အဘိုးကြီးကော်၏ စကားများက သူ့ကို လုံးဝ အသာစီးရသွားစေခဲ့၏။
“ဒီအဘိုးကြီးကို ထိန်းချုပ်ထားနိုင်မယ့် တစ်ခုတည်းသော အားနည်းချက်က ပျက်ပြယ်သွားပြီဆိုမှတော့... ငါ ဘာပြောနိုင်ဦးမှာလဲ”
"ဒီအဘိုးကြီးက တကယ့်ကို ရက်စက်တာပဲ"
ကုယွမ်သည်လည်း ဘာပြောရမှန်းမသိဘဲ ပါးစပ်ကလေး ဟသွားတော့သည်။
ဤခရီးတစ်လျှောက်လုံးတွင် အဘိုးကြီးကော်မှာ အမြဲတစေ တိတ်ဆိတ်ငြိမ်သက်နေပြီး အားအင်မရှိသည့်ဟန် ပေါက်နေခဲ့သူဖြစ်သည်။
“ဒီအဘိုးကြီးက အနက်ရှိုင်းဆုံး ဖုံးကွယ်ထားတဲ့ ပညာရှင်တစ်ယောက် ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”
"ဟားဟား... ကောင်းတယ် တကယ့်ကို ကောင်းတယ်"
သံမဏိကျားက လက်ခုပ်တီး၍ ရယ်မောလိုက်ပြီး "ကော်ကျင်း... ကောင်းကောင်းလုပ်နိုင်တယ်။ အဲဒီကောင်မလေးကို ဖမ်းထားလိုက်စမ်း။ ဘယ်သူပဲဖြစ်ဖြစ် တစ်စုံတစ်ခု လှုပ်ရှားဖို့ ကြိုးစားတာနဲ့ သူမရဲ့ ဦးခေါင်းခွံကို ခွဲပစ်လိုက်" ဟု အမိန့်ပေးလိုက်သည်။
"အလွန်ကောင်းတယ် ရှမင်ယန်က သူ့ရဲ့ ဒီသမီးငယ်လေးကို အရမ်း အလိုလိုက်တယ်လို့ ငါကြားဖူးတယ်။ သူမသာ ငါတို့လက်ထဲမှာ ရှိနေရင် ရှမျိုးနွယ်စုခေါင်းဆောင်က ငြိမ်နေလိမ့်မယ်လို့ ငါမယုံဘူး"
သိုင်းပညာရှင်ဖြစ်နိုင်ဖွယ်ရှိသော ထိုသက်လတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြလိုက်ပြီးနောက် ငြိမ်သက်နေဆဲဖြစ်သော မြင်းလှည်းဆီသို့ လှမ်းကြည့်လိုက်ကာ "အဘိုးမို... ဘာလို့လဲ။ အခုထိတောင် လူကိုယ်တိုင် ထွက်မလာသေးဘူးလား" ဟု ပြောလိုက်သည်။
"ဟင်း... ရန်စဆိုတာ ဖွဲ့တာထက် ဖြေတာက ပိုကောင်းပါတယ်လို့ ဆိုရိုးရှိကြတာပဲ... ဝေချွမ်း မင်း ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ"
မြင်းလှည်းအတွင်းမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဝတ်ရုံဖြူကို ဆင်မြန်းထားသော အဘိုးမိုသည် မြင်းလှည်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူ၏ စကားအရ သူသည် ထိုထူးဆန်းသော သက်လတ်ပိုင်း အမျိုးသားကို သိရှိနေဟန် တူသည်။
အခန်း။ ၄၀
"ဟားဟားဟား... ငါနဲ့ ရှမျိုးနွယ်စုကြားက အာဃာတကတော့ ဖြေဖျောက်ဖို့ မဖြစ်နိုင်တော့ဘူး။ ငါက သူ့မိသားစုဝင် အကုန်လုံးကို သတ်ပစ်ဖို့ ကြံစည်နေတာ။ ဒါပေမဲ့ သူကရော... ငါ့ရဲ့ အရေခွံကို ခွာဖို့၊ အကြောတွေကို ဆွဲထုတ်ဖို့နဲ့ အရိုးတွေကို တစ်စစီ ချိုးဖဲ့ဖို့ကလွဲပြီး တခြား ဘာများ တွေးဖူးလို့လဲ"
ဝေချွမ်းက အားရပါးရ ရယ်မောလိုက်သော်လည်း သူ၏ ရေခဲပြာရောင် မျက်ဝန်းများမှာမူ အေးစက်မြဲ တည်ငြိမ်မြဲပင် ရှိနေကာ "အဘိုးမို... ခင်ဗျားကတော့ အရင်အတိုင်းပဲ တကယ့်ကို ဟန်ဆောင်ကောင်းတာပဲ" ဟု အေးစက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါက ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ဖို့ ဒီကိုလာတာ မဟုတ်ဘူး"
"ရှမင်ယန်က မကြာသေးခင်ကမှ အဆင့် ၇ ဝိညာဉ်ဆေးပင်ဖြစ်တဲ့ နဂါးသွေးနွယ်ပင်ကို ရရှိထားတယ်ဆိုတာ ငါသိတယ်။ သူက ခင်ဗျားကို အထူးတလည် ဖိတ်ကြားပြီး နဂါးသွေးဆေးလုံးကို ဖော်စပ်ခိုင်းတာ မဟုတ်လား။ အဲဒီဆေးလုံးနဲ့ သူက သွေးသားပြောင်းလဲခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းပြီး သူ့ရဲ့ အခြေခံကို ခိုင်မာအောင် လုပ်ချင်နေတာပဲ ဒီလိုဆိုရင် သူက နောင်တစ်ချိန်မှာ တကယ့်ကိုပဲ တာအိုအခြေခံကို တည်ဆောက်နိုင်ပြီး ကောင်းကင်ဘုံလူသားအဆင့်ကို ရောက်ရှိဖို့ အခွင့်အရေး ရသွားနိုင်တယ်။ အဲဒီကမှတစ်ဆင့် သူက သူ့ရဲ့ မူလဂိုဏ်းကို ပြန်သွားပြီး ဂိုဏ်းအကြီးအကဲတွေရဲ့ လေးစားမှုကို ခံယူရင်း ကြီးမားတဲ့ အာဏာတွေကို သိမ်းပိုက်နိုင်လိမ့်မယ်"
"ဒါပေမဲ့ သူ အလိုရှိသလို ဖြစ်လာဖို့ကို ငါကတော့ အဖြစ်မခံနိုင်ဘူး"
ဝေချွမ်း၏ မျက်ဝန်းအစုံရှိ ရေခဲပြာရောင်များမှာ ပိုမိုနက်ရှိုင်းလာပြီး ခံစားချက်ကင်းမဲ့သော လေသံဖြင့် ဆက်ပြောလိုက်၏။
"အဘိုးမို... ခင်ဗျားနဲ့ ရှမင်ယန်တို့ဟာ ဂိုဏ်းတူတွေ မဟုတ်ကြပေမဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်မှု ရှိနေတယ်ဆိုတာ ငါသိတယ်။ ရှမင်ယန်က ဆေးဘုရင်တောင်က ဆင်းသက်လာတာဖြစ်ပြီး ခင်ဗျားကတော့ ဆေးဘုရင်တောင်ရဲ့ လက်အောက်ခံ ဆေးပင်တစ်ရာကျောင်းတော်မှာ ပညာသင်ကြားခဲ့တာဖြစ်လို့ ခင်ဗျားတို့နှစ်ယောက်က တော်တော်လေး ရင်းနှီးကြတာပဲ။ ဒါပေမဲ့ ငါအကြံပေးချင်တာကတော့ ဒီတစ်ခါမှာတော့ ဒီလို နွံအိုင်ထဲကို ခြေမချပါနဲ့ဦး။ ဒါက သူနဲ့ ငါ့ကြားက ကိစ္စပဲ တကယ်လို့ ခင်ဗျား အခုပဲ လှည့်ထွက်သွားမယ်ဆိုရင် ငါက အနှောင့်အယှက် မပေးဘူး။ ဒါပေမဲ့ ခင်ဗျားကသာ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ခင်ဗျားကိုပါ သတ်ပစ်ရလိမ့်မယ်"
"ကောင်းကင်ဘုံလူသားအဆင့်ကို တက်လှမ်းမယ်... ဆေးဘုရင်တောင် ဟုတ်လား"
လူအုပ်ကြား၌ ထိုနှစ်ဦး၏ စကားဝိုင်းကို နားထောင်နေသော ကုယွမ်မှာ မအံ့သြဘဲ မနေနိုင်တော့ချေ။
ရှမင်ယန်မှာ သူတို့၏ ခန်းမခေါင်းဆောင်ဖြစ်ပြီး ရှရှုရွှယ်၏ ဖခင်ဖြစ်သည်ကိုမူ သူသိထားပြီးဖြစ်သည်။
သို့သော် ဝေချွမ်း၏ စကားအရ ရှမင်ယန်နှင့် ဝေချွမ်းတို့အကြားတွင် နက်ရှိုင်းလှသော သွေးကြွေးအာဃာတ ရှိနေကြောင်း၊ ရှမင်ယန်က ဤဆေးဖော်စပ်မှုပညာရှင်ကြီး အဘိုးမိုကို ဖိတ်ခေါ်၍ နဂါးသွေးဆေးလုံး ဖော်စပ်ခိုင်းကာ သွေးသားပြောင်းလဲခြင်းအဆင့်၏ အထွတ်အထိပ်သို့ တက်လှမ်းပြီး ကောင်းကင်ဘုံလူသားအဆင့်၏ လမ်းစကို ရှာဖွေနေကြောင်း သိလိုက်ရသည်။
ထို့ပြင် ရှမင်ယန်မှာ ဆေးဘုရင်တောင်၏ တပည့်တစ်ဦး ဖြစ်နေပြန်သည်။
သို့သော် ကုယွမ်၏ အမြင်တွင်မူ ခန်းမခေါင်းဆောင် ရှမင်ယန်မှာ အလွန်ပင် လျှို့ဝှက်နက်နဲပြီး အရေးပါလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသော်လည်း ဝေချွမ်း၏ စကားအရမူ ရှမင်ယန်မှာ ဆေးဘုရင်တောင်၌ သာမန်တပည့်တစ်ဦးမျှသာ ရှိနေပုံပင်။
"ဆေးဘုရင်တောင်ဆိုတာက ဘယ်လို နေရာမျိုးပါလိမ့်။ ဒဏ္ဍာရီထဲကလိုမျိုး မသေမျိုးဂိုဏ်းကြီး တစ်ခုခုများလား..."
ဒါတင်မကသေးဘူး... ကျောက်စိမ်းအိုးမျှော်စင်က တောင်ဘက်နယ်စပ်မှာရှိတဲ့ ပြည်နယ်ခြောက်ခုလုံးမှာ ဆေးဖက်ဝင်အပင်တွေ၊ ဝိညာဉ်ဆေးပင်တွေနဲ့ ဝိညာဉ်ဆေးလုံး အရောင်းအဝယ်ပြုလုပ်တဲ့ လုပ်ငန်းခွဲပေါင်းများစွာ ရှိနေတာလေ။ ပြီးတော့ ဆေးဘုရင်တောင်ရဲ့ အမည်မှာလည်း ဆေးဆိုတဲ့ စကားလုံးက ပါနေသေးတယ်။
အဲဒီအပြင် ဆေးဘုရင်တောင်ရဲ့ တပည့်ဖြစ်တဲ့ ရှမင်ယန်ကိုယ်တိုင်က ကျောက်စိမ်းအိုးမျှော်စင်ရဲ့ ခန်းမခေါင်းဆောင်အဖြစ် တာဝန်ယူထားတာကို ကြည့်မယ်ဆိုရင်... ကျောက်စိမ်းအိုးမျှော်စင်ရဲ့ နောက်ကွယ်က အားကိုးရတဲ့ အာဏာစက်ကြီးက တကယ်ပဲ ဆေးဘုရင်တောင်များ ဖြစ်နေမလား။
ယခုအခါ ကုယွမ်၏ စိတ်ထဲတွင် များပြားလှသော ခန့်မှန်းချက်များဖြင့် ပြည့်နှက်နေတော့သည်။
"ငါ့ကို သတ်မလို့လား"
အဘိုးမိုက ကြောက်ရွံ့သည့် အရိပ်အယောင် အလျှင်းမရှိဘဲ ခပ်ဖွဖွ ရယ်မောလိုက်၏။ သူသည် အလွန်ပင် တည်ငြိမ်အေးဆေးလျက် ရှိနေပြီး "ဝေချွမ်း... မင်းက အဆိပ်နတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ပါးနပ်တဲ့သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါထင်ထားခဲ့တာ။ ဒါပေမဲ့ မင်းဟာ ဒီလောက်အထိ မိုက်မဲလိမ့်မယ်လို့တော့ ငါမမျှော်လင့်ထားဘူး" ဟု ပြောလိုက်သည်။
အဆိပ်နတ်ဘုရားဂိုဏ်း... နောက်ထပ် ထူးခြားဆန်းပြားပြီး အရှိန်အဝါကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုပါလား...
ကုယွမ်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်မိပြန်သည်။
အဘိုးမို၏ စကားကို ကြားလိုက်ရသောအခါ ဝေချွမ်း၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသော်လည်း သူ၏ မျက်နှာမှာမူ ပြုံးလျက်ပင် ရှိနေကာ
"ဘာလဲ... ငါက ခင်ဗျားကို မသတ်နိုင်ဘူးလို့ ထင်နေတာလား" ဟု မေးလိုက်၏။
"မင်းရဲ့ ကျင့်စဉ်အဆင့်က ငါ့ထက် သာလွန်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါက ဒီနေ့အထိ ဘေးကင်းကင်းနဲ့ ရှင်သန်လာနိုင်တာက ငါ့ရဲ့ ဆေးဖော်စပ်တဲ့ ပညာနဲ့ ချမ်းသာကြွယ်ဝမှုကြောင့်ပဲလို့ မင်းထင်နေတာလား"
အဘိုးမိုသည် သူ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ထက်တွင် ဖြူလွလွ မြူခိုးအလွှာများ ပေါ်ထွက်လာတော့သည်။ ထိုမြူခိုးများမှာ သက်ရှိများကဲ့သို့ လှုပ်ရှားနေကြပြီး သူ၏ ခန္ဓာကိုယ်အား ကာကွယ်ပေးထားသည့် အလင်းဒိုင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာသည်။
"မင်းက ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်မက်နေတာပဲ ဖြစ်မှာပါ"
ဒါက ဘာတွေလဲ...
အဘိုးမို၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ဖြူလွလွ အလင်းတန်းများကို ကုယွမ်သည် သံသယများ၊ ဇဝေဇဝါဖြစ်မှုများဖြင့် စိုက်ကြည့်နေမိ၏။
"ဒါက စစ်မှန်သောချီစွမ်းအင်လား... ဒါမှမဟုတ်..."
သိုင်းပညာရှင်တစ်ဦးသည် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်၌ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် သိုင်းပညာရှင်အဆင့်သို့ ချိုးဖျက်၍ တက်လှမ်းနိုင်သည်။
ထိုအဆင့်သို့ ရောက်ရှိပါက အားအင်ကုန်ခမ်းခြင်းမရှိဘဲ တစ်ရှိန်ထိုးပြေးနိုင်သော မြင်းတစ်ကောင်ကဲ့သို့ ခံနိုင်ရည်ရှိရုံမျှမက ကျားနှင့် ကျားသစ်တို့ကိုပင် လက်ဗလာဖြင့် ဆွဲဖြဲနိုင်သော ခွန်အားကို ပိုင်ဆိုင်လာကြသည်။ ထို့ပြင် သူတို့၏ ဝိညာဉ်အာရုံသည် ကောင်းကင်နှင့် မြေကြီးသို့ ဆက်သွယ်မိသွားကာ လောကဓာတ်၏ ချီစွမ်းအင်ကို ဆွဲယူပြီး သူတို့၏ ကိုယ်တွင်းရှိ အားအင်၊ သွေးသားစွမ်းရည်တို့နှင့် ပေါင်းစပ်လျက် စစ်မှန်သောချီစွမ်းအင်ကို မွေးမြူနိုင်ကြသည်။
သာမန်သိုင်းပညာရှင်တစ်ဦးသည် ပြည့်ဖြိုးသော အားအင်နှင့် မာကျောသော အရိုးအဆစ်များကို ပိုင်ဆိုင်ထားသော်လည်း အခြေခံအားဖြင့် ထူးကဲသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် လက်နက်များကိုသာ အားပြု၍ တိုက်ခိုက်ရသဖြင့် ဖျက်ဆီးနိုင်စွမ်းမှာ အကန့်အသတ် ရှိနေပေသေးသည်။
သို့သော် အဇ္ဈတ္တသိုင်းဆရာတစ်ဦးမှာမူ စစ်မှန်သောချီစွမ်းအင်ကို အသုံးချ၍ သုံးပေခန့်အထိ ရှည်လျားသော ဓားအရှိန်အဝါကို ထုတ်လွှတ်နိုင်သလို ခန္ဓာကိုယ်ကို ကာကွယ်ပေးသည့် စစ်မှန်သောဝိညာဉ်အကာအကွယ်ကိုလည်း ဖန်တီးနိုင်စွမ်း ရှိကြသည်။
သူတို့၏ လက်သီးတစ်ချက်သည် သံမဏိများကိုပင် အပိုင်းပိုင်း ကြေမွသွားစေနိုင်၏။
ကျဆင်းနေသော ပန်းပွင့် သို့မဟုတ် သစ်ရွက်တစ်ရွက်ပင်လျှင် သူတို့၏ ချီစွမ်းအင်ကြောင့် နတ်ဘုရားလက်နက်တစ်ခုကဲ့သို့ သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာနိုင်သည်။ သာမန်လူသားတို့၏ အမြင်တွင်မူ ဤသည်မှာ အလွန်ပင် ထူးခြားဆန်းပြားလှသော တန်ခိုးစွမ်းအားတစ်ခုပင်။
သို့သော်လည်း ကုယွမ်၏ အမြင်တွင်မူ ဤသည်မှာ စူပါဟီးရိုးတစ်ယောက်၏ အသေးစား ဗားရှင်းတစ်ခုနှင့် ပို၍ တူနေသည်။
ထိုသို့ဖြစ်သော်လည်း အဘိုးမို၏ ခန္ဓာကိုယ်ပေါ်မှ ဖြူလွလွ အလင်းဒိုင်းမှာ စာအုပ်များထဲ၌ ဖော်ပြထားသော စစ်မှန်သောချီစွမ်းအင်နှင့် များစွာ တူညီခြင်းမရှိကြောင်း ကုယွမ် ခံစားမိနေသည်။
"တိမ်တားမှော်လက်နက်လား..."
ဝေချွမ်းသည် မျက်လုံးများကို မှေး၍ အဘိုးမို၏ ခန္ဓာကိုယ်မှ အလင်းဒိုင်း၏ အရင်းအမြစ်ကို မှတ်မိသွားပုံရပြီး "ခင်ဗျားဆီမှာ ဒီလိုရတနာမျိုး တကယ်ရှိနေတာပဲ" ဟု ရေရွတ်လိုက်၏။
မှော်လက်နက်ဆိုသည်မှာ ကျင့်ကြံသူများက ဝိညာဉ်သံမဏိ၊ ထူးခြားသော ရွှေဓာတ်များ၊ မိစ္ဆာပစ္စည်းများ သို့မဟုတ် ကောင်းကင်နှင့် မြေကြီးမှ ဖြစ်ပေါ်လာသော ရတနာများကို အသုံးချ၍ သွန်းလုပ်ထားခြင်းပင်။ ၎င်းတို့သည် သာမန်လက်နက်များနှင့် ပုန်းကွယ်လက်နက်များထက် များစွာ ပိုမိုအစွမ်းထက်ရုံမျှမက ထူးခြားဆန်းပြားသော စွမ်းရည်အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားကြသည်။
ဥပမာအားဖြင့် ကာကွယ်ရေးအလွှာများ ဖန်တီးခြင်း၊ တိုက်ခိုက်ခြင်း၊ ဝိညာဉ်ကို ဖျက်ဆီးခြင်း၊ မျက်လှည့်များ ဖန်တီးခြင်း၊ ချိပ်ပိတ်ခြင်း၊ ရန်သူကို ဖမ်းဆီးခြင်း သို့မဟုတ် ဆေးဖော်စပ်ခြင်း စသည်တို့ပင်။
ကောင်းကင်ဘုံလူသားအဆင့်ရှိသော ကျင့်ကြံသူများသာလျှင် ဤကဲ့သို့သော အရာမျိုးကို သွန်းလုပ်နိုင်စွမ်း ရှိကြသည်။
ဝေချွမ်းကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော ရတနာမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိချေ။
ဝေချွမ်း၏ မျက်နှာထားမှာ အံ့သြမှုနှင့်အတူ မနာလိုဝန်တိုမှုများ ရောယှက်လျက် ရှုပ်ထွေးသွားသော်လည်း နောက်တစ်ကြိမ် ထပ်မံရယ်မောလိုက်ပြန်ကာ
"မှော်လက်နက် ရှိနေတော့ရော ဘာဖြစ်လဲ။ ခင်ဗျားရဲ့ လက်နက်က ငါ့ရဲ့ အလောင်းစားယင်ကောင် အဆိပ်ပိုးကို တောင့်ခံနိုင်လိမ့်မယ်လို့ ငါမယုံဘူး" ဟု ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူသည် သူ၏ ဝတ်ရုံစကို ခါယမ်းလိုက်ရာ အတွင်းမှ နီရဲသော တိမ်တိုက်တစ်ခုကဲ့သို့ အရာများ ထွက်ပေါ်လာပြီး လူအုပ်ကြီးဆီသို့ အုံနှင့်ကျင်းနှင့် ပျံသန်းသွားတော့သည်။ ၎င်းတို့အနက် အများစုမှာ အဘိုးမိုဆီသို့ ဦးတည်သွားကြ၏။
ဝီ... ဝီ... ဝီ... ဝီ...
ထိုနီရဲသော တိမ်တိုက်များမှာ ခန့်မှန်းရခက်သော လမ်းကြောင်းများအတိုင်း ပျံ့နှံ့သွားသည်။ ကုယွမ်က အာရုံစိုက်၍ ကြည့်လိုက်သောအခါ ၎င်းတို့မှာ အနီရင့်ရောင် ယင်ကောင်များ အုပ်စုလိုက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ထိုယင်ကောင်များမှာ အလွန်ပင် လျင်မြန်လှပြီး လူတစ်ဦးအပေါ်သို့ နားလိုက်သည်နှင့် တစ်ပြိုင်နက် စတင်ကိုက်ခဲတော့သည်။
အကိုက်ခံရသူအချို့မှာ နာကျင်စွာ အော်ဟစ်ကြပြီး မသိစိတ်ဖြင့်ပင် ထိုယင်ကောင်များကို ရိုက်ပုတ်ဖယ်ရှားရန် ကြိုးစားကြသည်။
သို့သော် ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာတော့၏။
ထိုယင်ကောင်များကို ရိုက်ပုတ်၍ သေဆုံးသွားသောအခါ ၎င်းတို့သည် နီနက်ရောင် အရည်များအဖြစ် ပေါက်ကွဲထွက်သွားကြပြီး လူတို့၏ အရေပြားပေါ်သို့ စင်သွားတော့သည်။ ထိုအခါ စီ... စီ...ဟူသော အသံများနှင့်အတူ အသားများမှာ စတင်ပုပ်ပွကာ အရည်ပျော်သွားပြီး အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများအထိ ပေါ်ထွက်လာတော့သည်။
၎င်းမှာ မည်သည့်အဆိပ်ထက်မဆို ပိုမိုကြောက်မက်ဖွယ်ကောင်းသည်။
ချက်ချင်းပင် လူအချို့မှာ ပြင်းထန်သော ဝေဒနာကြောင့် လူးလှိမ့်ကာ အော်ဟစ်နေကြပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြတော့၏။
ဤမြင်ကွင်းကြောင့် ကျန်ရှိနေသူများမှာ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။
ကုယွမ်သည်လည်း အလျင်အမြန်ပင် နောက်သို့ဆုတ်လိုက်ပြီး သူ၏ ဓားအလင်းတန်းကို တိကျစွာ ဝေ့ယမ်းလျက် ပြေးဝင်လာသော အလောင်းစားယင်ကောင် အချို့ကို ပိုင်းဖြတ်လိုက်သည်။
ထိုယင်ကောင်များမှ ထွက်လာသော အရည်များမှာ ဓားပေါ်သို့ စင်ဟပ်သွားရာ အကြိမ်ပေါင်းများစွာ သွန်းလုပ်ထားသော သံမဏိဓားသွားမှာ စီဟူသော အသံနှင့်အတူ အငွေ့ဖြူများ ထွက်ပေါ်လာပြီး ချိုင့်ခွက်ကလေးများ ဖြစ်သွားတော့၏။
ရုတ်တရက် အလောင်းစားယင်ကောင် ခြောက်ကောင်၊ ခုနစ်ကောင်ခန့်မှာ သူ၏ ထံသို့ ထပ်မံပျံသန်းလာပြန်သည်။ ကုယွမ်မှာ သိုင်းပညာရှင်မဟုတ်သလို သူ၏ ဓားသိုင်းမှာလည်း ဘာမျှမတိုးပေါက်နိုင်သော အဆင့်သို့ မရောက်သေးသဖြင့် ထိုယင်ကောင်များကို မနည်းခုခံနေရသည်။ သို့သော် ပိုင်းဖြတ်လိုက်သော ယင်ကောင်များမှ စင်ထွက်လာသော အရည်များမှာ သူ၏ လက်မောင်းပေါ်သို့ မလွဲမသွေ ကျရောက်သွားတော့သည်။
ကုယွမ်၏ နှလုံးသားမှာ တင်းကျပ်သွားတော့၏။ သူသည် ထိုအရည်နှင့် ထိတွေ့မိသော အရေပြားအပိုင်းအစကို လှီးထုတ်ပစ်ရန် ပြင်လိုက်စဉ်မှာပင် အရေပြားနှင့် ထိတွေ့မှုကြောင့် ထူးခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသည်ကို သတိပြုမိလိုက်သည်။
သူသည် မည်သည့်နာကျင်မှုကိုမျှ မခံစားရသလို သူ၏ အရေပြားမှာလည်း အရည်ပျော်သွားခြင်း မရှိချေ။
"ဒါက ငါ့မှာ အဆိပ်တစ်ရာဒဏ်ခံနိုင်ရည်ရှိနေလို့များလား"
ကုယွမ်သည် သက်ပြင်းချလိုက်မိပြီး ထိုစဉ်က အားဝူကို ဆုံးမသွန်သင်နိုင်ခဲ့ခြင်းအတွက် စိတ်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။ အကယ်၍ ထိုစွမ်းရည်သာ မရှိပါက သူသည် မသေဆုံးလျှင်ပင် ဒုက္ခိတဖြစ်သွားနိုင်သည်။