ပါးစပ်ပိတ်ထား
Vol. 86-89 Ch. 1283
အပျော့နည်းနှင့် မရလျင် အကြမ်းနည်းသာ သုံးရပေမည်။ သူ့သမီးကို ကယ်နိုင်မည်ဆိုလျင် သူ ဘာပဲလုပ်ရလုပ်ရ လုပ်မှာပင်။ လူသတ်ရမည်ဆိုလျင်လည်း သတ်မိမှာပင်။
ထိုသက်တော်စောင့်များသည် ချက်ချင်း လက်ကိုခါးပေါ်တင်၍ ယဲ့ဖန်အား အေးစက်စွာ ကြည့်နေ ကြသည်။
လူတိုင်း ထိတ်လန့်သွားလေသည်။ ဟွမ်ထျန်းချန် ဘာလုပ်ချင်နေသလဲ သူတို့ ရိပ်မိသွားကြသည်။ ယခုအခါ၌ ဟွမ်ထျန်းချန် စိတ်လွတ်သွားလေပြီ။ ဤနေရာ၌ လူများစွာ ရှိနေသော်လည်း တစ်စုံတစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခြင်းက တရားမဝင်ပေ။
“ဟေ့ကောင် မင်းကို မောက်မာမနေဖို့ ငါ အကြံပေးလိုက်မယ်၊ ငါ့ဟွမ်မိသားစုက မင်းကို အကူအညီ တောင်းတဲ့အတွက် မင်း ဂုဏ်တောင် ယူရဦးမှာ၊ မင်း ငြင်းရဲရင်တော့ ဟဲဟဲ … မင်းအသက်အတွက် စိတ်မပူရင်တောင် မင်းမိသားစုအသက်ကို တွေးပူသင့်တယ်”
သက်တော်စောင့်တစ်ယောက်က လှောင်ပြောပြော၍ ယဲ့ဖန်အား အထင်သေးသလို ကြည့်လေသည်။
“ဟုတ်လား”
ယဲ့ဖန် နှစ်ကြိမ်မျှ ရယ်မောလိုက်ပြီးနောက် သူ့မျက်နှာတွင် အန္တရာယ်များဟန် ပေါ်လာပြီး ရုတ်တရက် ပေါက်ကွဲလာသည်။
“ဘန်း”
သူ ဒေါသတကြီး ကန်ထုတ်လိုက်သည်။ ထိုအခါ လှောင်ပြောင်စကား ပြောလာသည့် ထိုသက်တော်စောင့်သည် ဆယ်မီတာကျော် လွင့်ထွက်သွားပြီး ကားတစ်စီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားလေသည်။
သူ သေသလား ရှင်သမား မသိရတော့ချေ။ လူတိုင်း မျက်လုံးပြူးသွားပြီး ကြောက်လန့်သလို ခံစားလိုက်ရသည်။
*တစ်ချက်ကန်လိုက်တာ လူတစ်ယောက်က ဆယ်မီတာကျော်လောက်တောင် လွင့်ထွက်သွားတာလား၊ ဒီလူက ဘယ်လို မိစ္ဆာမျိုးလဲ*
ကျန်သက်တော်စောင့်များအားလုံး ကြက်သေ သေသွားကြသည်။ သူတို့၌ သေနတ် ရှိနေတာတောင်မှ ယဲ့ဖန် တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ သူတို့ တစ်ချက်ပစ်လိုက်လျင် လူသေနိုင်လောက်သည် မဟုတ်ပါလော။
*ကြောက်ဖို့ကောင်းတယ်*
*တအား ကြောက်ဖို့ကောင်းတယ်*
“ငါ့ကို ခြိမ်းခြောက်တာလား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်”
ယဲ့ဖန်က ခေါင်းတဆတ်ဆိတ် ငြိမ်လိုက်သည်။ သူ့စကားသံထဲမှ ရန်လိုမှုသည် ငရဲမှ လေအေး တိုက်ခိုက် လာသလိုပင်၊ အသံနှင့်တင် လူတစ်ယောက်၏ နားစည်ကို ခုတ်ပိုင်းနိုင်လောက်သည်ဟု ထင်မှတ်ရသည်။
“ငါ့ကို သွားခွင့်မပေးနိုင်ဘူး ဟုတ်လား၊ ကောင်းတယ်၊ ဒီနေ့ မင်းတို့ ဘယ်သူမှ ထွက်သွားလို့ မရနိုင်ဘူး”
ထိုအခိုက်တွင် ယဲ့ဖန်သည် တစ္ဆေသဖွယ် လှစ်ခနဲ လှုပ်ရှားလေတော့သည်။ စက္ကန့်သုံးဆယ်အတွင်း သွေးများ ပန်းထွက်လာ၏။
စက္ကန့်သုံးဆယ်အတွင်း၌ ဆယ်ယောက်ကျော်သော သက်တော်စောင့်များအားလုံး မြေကြီးပေါ် လဲကျသွားပြီး ညည်းညူနေကြသည်။ သူတို့၏ ခြေလက်များ ကျိုးကြေသွားသဖြင့် ဝေဒနာက မခံမရပ်နိုင်အောင် နာကျင်လှသည်။
လူတိုင်းသည် ကြောက်စိတ် ပြည့်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်လာ၏။
*မိစ္ဆာ*
*ဒီလူက မိစ္ဆာသက်သက်ပဲ*
ယဲ့ဖန် မည်သို့လှုပ်ရှားလိုက်သလဲ သူတို့ မြင်ပင် မမြင်လိုက်ချေ။ ကောင်းမွန်စွာ လေ့ကျင့်ထားသော သက်တော်စောင့်များသည် သေနတ်ထုတ်ချိန်ပင် မရလိုက်ဘဲ ဒဏ်ရာရရှိသွားကြသည်။
ဤသည်ကိုမြင်သော် ဟွမ်ထျန်းချန်၏ နှလုံးသား အေးစက်တောင့်တင်းသွဦးသည်။ ယနေ့ သူ နတ်ဘုရား တစ်ပါးနှင့် ဆုံတွေ့ခဲ့ကြောင်း သူ သိလိုက်သလို ထိုနတ်ဘုရားအား အလွန်အကျွံ ရန်စမိကြောင်း သူ သိလိုက် လေသည်။ ရူးမိုက်သည်။ သူ အလွန်အမင်း ရူးမိုက်ခဲ့မိသည်။
ထိုအခိုက်တွင် ယဲ့ဖန်က နောက်ပြန်လှည့်ကြည့်လာသည်။ ထိုပုံစံက နတ်ဆိုးတစ်ကောင် ပြန်လှည့်ကြည့်လာပုံနှင့် တူပြီး သူ့မျက်နှာက သုန်မှုန်ကာ အန္တရာယ်များပုံ ပေါ်နေသည်။ သူ့မျက်လုံးများက စူးရှကာ ရက်စက်ပေသည်။ သူသည် ဟွမ်ထျန်းချန်အား ခက်ထန်စွာ စူးစိုက်ကြည့်လာ၏။
“မင်းကို ငါ မေးမယ်၊ ဟွမ်မိသားစုကို မင်း ဘယ်လိုသေစေချင်သလဲ”
လူတိုင်း အတွေးထဲ ဗလာဖြစ်သွားလေသည်။
*ဟွမ်မိသားစုကို ခြိမ်းခြောက်တာလား*
*တစ်ယောက်ယောက်က ဟွမ်မိသားစုကို ခြိမ်းခြောက်ရဲတယ်လား*
*မောက်မာပြီး ရဲတင်းလိုက်တဲ့လူပါလား*
ဟွမ်ထျန်းချန်တောင်မှ မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူ ပြန်တုံ့ပြန်ချင်သော်လည်း သူ့မသိစိတ်က သူ့အရှေ့မှ လူငယ်လေးက ထိုသို့လုပ်နိုင်စွမ်းရှိကြောင်း ပြောနေလေသည်။
ဤလူငယ်လေး၌ ပြန်မလှန်နိုင်သော ထည်ဝါလွှမ်းမိုးမှု ရှိသည်။ မျိုးဆက်တစ်ခု၏ အရှင်သခင် ဖြစ်သော ဟွမ်ထျန်းချန်ပင် မခုခံနိုင်ချေ။
“ဒုန်း”
ချက်ချင်းဆိုသလိုပင် ဟွမ်ထျန်းချန်က ယဲ့ဖန်ရှေ့သို့ တန်း၍ ဒူးထောက်ကာ အလွန် ကြံရာမရ ဖြစ်နေသော လေသံဖြင့် တောင်းပန်လေသည်။
“ဆရာ ညှာတာပေးပါ၊ ကျုပ်မှာ ဒီလိုလုပ်ရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့လိုပါ၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”
“ဒုန်း”
ထိုသို့တောင်းပန်ပြီးနောက် ဟွမ်ထျန်းချန်သည် မြေကြီးနှင့် နဖူးကိုတိုက်၍ တောင်းပန်လေတော့သည်။ ယဲ့ဖန်ရှေ့၌ ရှုကျိုးနယ်မြေတစ်ခုလုံးကို ကြောက်လန့်အောင် လုပ်နိုင်သော ဤအရှင်သခင်က မာနကြီးသော သူ့ခေါင်းကို ငုံ့၍ အသနားခံနေ၏။
အခြားသူများ ကြည့်မနေနိုင်တော့ချေ။
“ညီလေး တွန့်တိုမနေပါနဲ့၊ ဟွမ်မိသားစုခေါင်းဆောင်လည်း လှည့်စားခံရတာပါပဲ၊ အဲ့ဒါကြောင့် သူ မင်းကို မယုံခဲ့တာပါ”
“ဟုတ်တယ် ဟုတ်တယ် ဟွမ်မိသားစုခေါင်းဆောင် မှားမှန်း သိနေတာကို မင်းလည်း မြင်နေရတာပဲ၊ သူ ဒူးထောက်ပြီး မင်းကို တောင်းပန်နေပြီလေ၊ မင်းက ဘာလိုချင်နေသေးတာလဲ”
“ဆရာဝန်တစ်ယောက်ရဲ့ နှလုံးသားက မိဘလိုပဲလေ၊ မင်းမှာ ဘာလို့ ဆရာဝန်တစ်ယောက်ရဲ့ ကြင်နာမှုမျိုး မရှိရတာလဲ”
“ပါးစပ်ပိတ်ထား”
ရုတ်တရက် မိုးခြိမ်းသံကဲ့သို့သော အော်ငေါက်သံ ထွက်ပေါ်လာ၏။ တူညီသော စကားတစ်ခွန်းကို ပြောလိုက်ခြင်း ဖြစ်သော်လည်း ယဲ့ဖန်၏ လေသံက ပို၍ ထည်ဝါကာ ဟွမ်ထျန်းချန်၏ လေသံထက် ပိုကြောက်ဖို့ ကောင်းနေသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း အတွေးဗလာ ဖြစ်သွားပြီး မတုန်ယင်ဘဲ မနေနိုင် ဖြစ်သွားရသည်။ သူတို့၏ စိတ်ဝိညာဉ်၏ နက်ရှိုင်းသော တစ်နေရာအထိ မွန်းကြပ်ကြောက်လန့်လာသလို ခံစားလာရသည်။
ယဲ့ဖန်က ပြန်သရော်လိုက်သည်။
“သူ မှားမှန်း သိတာနဲ့ပဲ ကျုပ်ကို သူ စော်ကားပြောဆိုခဲ့တာကို မေ့ပစ်လိုက်ရတော့မှာလား”
“သူ ဒူးထောက်လိုက်တာနဲ့ပဲ ကျုပ်မိသားစုတစ်ခုလုံးကို သတ်ပစ်မယ်လို့ သူ ခြိမ်းခြောက်ခဲ့တာက ပျောက်သွား ရောလား”
“ဆရာဝန်တစ်ယောက်ရဲ့ နှလုံးသားက မိဘလိုပဲ ဟုတ်လား၊ ကျုပ် အသက်ကယ်ပေးပါမယ်လို့ ပြောခဲ့တုန်းက ခင်ဗျားတို့ ကျုပ်ကို ဘယ်လို စော်ကားခဲ့လဲ၊ ကျုပ် ကြင်နာမှုကို သရော်ရွံရှာပြီးမှ အခု ကျုပ်က တွန့်တိုတဲ့လူ ဖြစ်သွားတယ်ပေါ့၊ ကျုပ်နေရာမှာ ခင်ဗျားတို့ထဲက ဘယ်သူက နာကြည်းချက်ကို ကြင်နာမှုနဲ့ တုံ့ပြန်နိုင်သလဲ”
လေထုအခြေအနေက အလွန်အမင်း လေးလံထိုင်းမှိုင်းလာ၏။ လူတိုင်း တစ်ခုခု ပြောချင်နေကြသည်။ သို့သော် သူတို့၏ နှုတ်ခမ်းများ လှုပ်လှုပ်ရွရွ ဖြစ်လာသော်လည်း ဘာမှပြန်ခံမပြောနိုင်သဖြင့် သက်ပြင်းချရုံသာ တတ်နိုင် လေတော့သည်။
အကယ်၍ သူ့နေရာ၌ သူတို့သာ ဖြစ်မည်ဆိုလျင် ယဲ့ဖန်ကဲ့သို့ တူညီသော ဆုံးဖြတ်ချက်ကို ချနိုင်လောက်သည် မဟုတ်ပါလော။ မည်သူက ဤသို့သော လှောင်ပြောင် စော်ကားမှုမျိုးကို သည်းခံနိုင်ပါမည်နည်း။
“အသုံးမကျတဲ့လူတွေ ခင်ဗျားတို့ကို ကျုပ် ပြောလိုက်မယ်၊ ဒီကလေးမလေးရဲ့ သေဆုံးခြင်းက ခင်ဗျားတို့ အားလုံးနဲ့ ပတ်သက်နေတယ်၊ ကျုပ် သူ့ကို ကုသဖို့ ကြိုးစားတာကို ခင်ဗျားတို့အားလုံး တားဆီးခဲ့လို့ ကုသမှု အတွက် အကောင်းဆုံးအချိန်ကို လွဲချော်ခဲ့တာ၊ အခု ကျုပ် ကုချင်စိတ် ရှိရင်တောင်မှ သူ့ကို ကယ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူး”
“ခင်ဗျားတို့ တစ်ယောက်ချင်းစီရဲ့လက်မှာ သူ့ရဲ့သွေးတွေ စွန်းပေသွားပြီ”
ထိုစကားသည် လက်ရှိလူတိုင်း၏ ရင်အား မြားတစ်သောင်းဖြင့် ထိုးစိုက်သွားလို ခံစားသွားရစေသည်။
“ဘယ်လိုလုပ်”
ကြောက်တတ်သည့် အချို့သော မိန်းကလေးများဆိုလျင် ကြောက်လန့်တကြား အော်ဟစ်လာ၏။
“ငါ လူတစ်ယောက်ကို သတ်လိုက်မိတာလား”
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ငါ ဘာတွေ လုပ်မိတာလဲ”
လူအုပ်ကြီးသည် နားဝေတိမ်တောင် ဖြစ်သွားပြီး သူတို့၏ မျက်နှာထက်တွင် နောင်တရစိတ်နှင့် မိမိကိုယ်ကိုယ် အပြစ်တင်စိတ်များ ပေါ်ထွက်လာ၏။ သူတို့ ဟွမ်ယွီလင်းကို တိုက်ရိုက် မသတ်ခဲ့သော်လည်း သွယ်ဝိုက် သောနည်းဖြင့် သူမကို သူတို့ သတ်ခဲ့မိသည်။
“ခုနက ငါ သူ့ကို မကယ်နိုင်ခဲ့ရင် ငါလည်း မင်းတို့လို သူ့ရဲ့သွေးတွေ စွန်းကုန်မှာပဲ”
ယဲ့ဖန်က အထင်သေးသော အပြုံးဖြင့် ဆက်ပြောလေသည်။
“မင်းတို့လုပ်လိုက်တဲ့ အပြစ်အတွက် ငါ့ကို ပေးဆပ်စေချင်တာလား”
“မင်းတို့တွေက သေသင့်တာ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန် ထွက်သွားရန် ပြင်လေသည်။ မည်သူမှ လိုက်မဖမ်းရဲသလို တားလည်း မတားရဲပေ။ သူတို့၌ ထိုသို့ လုပ်ပိုင်ခွင့် မရှိသည်ကို သူတို့ သိသွားကြသည်။ သူတို့အားလုံးက အပြစ်သားများပင်။
“ဆရာ”
ရုတ်တရက် ဟွမ်ထျန်းချန် လှမ်းအော်ခေါ်လာသည်။
“ကျုပ် ဟွမ်ထျန်းချန် အပြစ်ပြေအောင် လုပ်ပါ့မယ်”
“စွပ်”
ဟွမ်ထျန်းချန်၏ လက်ထဲတွင် ဘယ်အချိန်ထဲက ဓားတစ်လက် ကိုင်ထားမှန်း မသိလိုက်ချေ။ ထို့အပြင် သူက ထိုဓားဖြင့် ခန္ဓာကိုယ်ကို အားဖြင့်ထိုးချလိုက်သည်။
လူတိုင်း မှင်တက်သွားသည်။ ဟွမ်ထျန်းချန်က အလွန် ရက်စက်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပါ။ သူ၏ သမီးဖြစ်သူကို ကယ်ရန်အတွက် သူသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန်ပင် တွေဝေမနေခဲ့ပေ။ ယဲ့ဖန်တောင်မှ အံ့ဩသွားရသည်။
“မိသားစုခေါင်းဆောင်”
“ထျန်းချန် ရှင်”
“အနားမလာနဲ့”
ဟွမ်ထျန်းချန် အော်ငေါက်လိုက်ပြီး ယဲ့ဖန်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ကျုပ်အသက်နဲ့ အလဲအလှယ်လုပ်ပါ့မယ်၊ ဆရာ ကျုပ်သမီးကို ကယ်ပေးဖို့ တောင်းဆိုပါရစေ”
“စွပ်”
နောက်ဓားချက်တစ်ချက်အား အားဖြင့် ထိုးစိုက်လိုက်သဖြင့် သွေးများ စီးကျလာ၏။ သို့သော် ယဲ့ဖန်က လှောင်ရယ်မြဲ လှောင်ရယ်၍ ပြန်လှည့်ကာ ပိုင်ရွှယ်ကို ဆွဲ၍ ထွက်သွားလေသည်။
နတ်ဆိုးတစ်ကောင် ဖြစ်သဖြင့် သူသည် လူသားသဘာဝကို စွန့်လွှတ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်ပြီး သူ့၌ မာကြောသော နှလုံးသားရှိရန် လေ့ကျင့်ခဲ့သည်။ သူ့အား အထင်ကြီးလာအောင် ပြုလုပ်ရန် မလွယ်ကူပါ။ သို့သော် ပိုင်ရွှယ်က ရပ်မြဲရပ်၍ ဟွမ်ထျန်းချန်အား စိုက်ကြည့်နေ၏။
“ဘာလို့လဲ စိတ်ပျော့သွားတာလား”
ယဲ့ဖန် အပြုံးဖြင့် မေးလိုက်သည်။
“သူ အရူးဖြစ်နေပင်မယ့် ဖခင်ကောင်းတစ်ယောက်ဆိုတာ သေချာတယ်”
ပိုင်ရွှယ် ခါးသီးစွာ ပြုံးလိုက်သည်။ သူမစကား၌ အလွန် အားကျမှုများ ပါဝင်နေသည်။ သူမအတွက် အသက်ကို စတေးဝံ့သော ဖခင်မျိုး သူမ၌ ရှိရန် မျှော်လင့်ခဲ့သော်လည်း ကံဆိုးစွာပင် သူမ၌ ထိုသို့သော ဖခင်မျိုး မရှိခဲ့ချေ။
“မင်း ကယ်ချင်တယ်ဆိုလည်း ကယ်တာပေါ့”
ယဲ့ဖန်က မတတ်သာဟန်ဖြင့် ခေါင်းခါ၍ ဟွမ်ယွီလင်းထံသို့ လျှောက်သွားလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ”
ယဲ့ဖန် စိတ်ပြောင်းသွားသည်ကို မြင်သည်နှင့် ဟွမ်ထျန်းချန် စိတ်လှုပ်ရှားကာ ချက်ချင်း နဖူးနှင့် မြေကြီးတိုက်၍ ကျေးဇူးတင်စကား ပြောလိုက်သည်။
“မိသားစုခေါင်းဆောင် သွေးတိတ်အောင် လုပ်ပါဦး”
ဘဏ္ဍာထိန်းက ငိုမတတ်အသံဖြင့် ပြောလာသည်။
“ကိစ္စမရှိဘူး ဆရာ့ကို အရင် ကုခိုင်းရမယ်”
ဟွမ်ထျန်းချန်က ခေါင်းမာမာဖြင့် ခေါင်းခါပြလေသည်။ ယဲ့ဖန်၏ ဟွမ်ယွီလင်း၏ မျက်နှာကို ကိုင်ကြည့်ပြီးနောက် သူမ သွေးခုန်နှုန်းကို စမ်းလိုက်သည်။ သူ့အမူအရာက တည်ကြည်လေးနက်နေ၏။
“အစတုန်းက ကျုပ် သူ့ကို ကယ်နိုင်မယ်လို့ ကိုးဆယ်ရာခိုင်နှုန်း သေချာခဲ့တာ၊ အခုတော့ သုံးဆယ် ရာခိုင်နှုန်းပဲ ရှိတော့တယ်၊ ကျုပ် သူ့ကို ကယ်နိုင်၊ မကယ်နိုင်က သူ့အပေါ်ပဲ မူတည်တော့တယ်”
“မဖြစ်ရဘူး”
ထိုစကားကို ကြားသော် ဟွမ်ထျန်းချန် အော်ဟစ်လာပြီး ရင်တုန်လာကာ မျက်ရည်များ စီးကျလာ၏။
*အစတုန်းက ကိုးဆယ်ရာခိုင်နှုန်း သေချာခဲ့တာ၊ ဒါပေမဲ့ ငါ ဝင်တားခဲ့လို သုံးဆယ်ရာခိုင်နှုန်း ဖြစ်သွားတာပဲ*
*ဒါ ငါ့ကြောင့်ဖြစ်တာ*
*ဒါ ငါကိုယ်တိုင် အပြစ်လုပ်ခဲ့မိတာ*
*သူများစကားကိုသာ ငါ နားမယောင်ခဲ့မိရင် အခုလို ရလဒ်မျိုး ဖြစ်လာမှာ မဟုတ်ဘူး*
*ငါ့သမီးသာ သေသွားခဲ့ရင် သေသွားတဲ့ ငါ့မိန်းမကို ငါ ဘယ်လို မျက်နှာပြရမလဲ၊ ငါ ဘယ်လိုမျက်နှာနဲ့ ဒီလောကထဲမှာ အသက်ဆက်ရှင်ရမှာလဲ*
ထို့နောက် ယဲ့ဖန်က လက်ဝါးနှစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ သူ့လက်ဝါးများမှ ရွှေရောင် အလင်းတန်း ထွက်ပေါ်လာ၏။
“မြတ်စွာဘုရား ဒါ ဘာကြီးလဲ”
ဟွမ်ထျန်းချန်နှင့် အခြားသူများ မှင်တက်သွားသည်။
*ဘယ်လိုလုပ် လူတစ်ယောက်ရဲ့ လက်ဝါးက လင်းလာရတာလဲ*
“သူက မှော်ဆရာဝန်မဟုတ်ဘူး၊ သူက နတ်သားပဲ”
လူတိုင်း ကြက်သေ သေသွားကြသည်။ ဤနည်းလမ်းကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ ၎င်းက မှော်ပညာလိုပင်။ ယဲ့ဖန်သည် ဟွမ်ယွီလင်း၏ ခန္ဓာကိုယ်မှ သွေးကြောဆုံမှတ်များကို လက်ဖြင့် ထောက်လိုက်သည်။ ထို့နောက် သွေးကြောဆုံမှတ်များအတွင်းသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်ပြီး သူ၏ ကောင်းကင်ဝိညာဉ်နှင့် ဝိညာဉ် စွမ်းအင်တို့ဖြင့် နောက်ဆုံးထွက်သက်ကို ဆွဲဆန့်ထားလိုက်သည်။
ငါးမိနစ်ကြာပြီးနောက် ယဲ့ဖန် ကုသခြင်းအား ရပ်လိုက်လေသည်။
“အဟွတ် အဟွတ် အဟွတ်”
အပြင်းအထန် ချောင်းဆိုးသံ ထွက်ပေါ်လာ၏။ ဟွမ်ထျန်းချန် မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာ၏။ အကြောင်းမှာမူ ယင်းအသံက သမီးဖြစ်သူ၏ ချောင်းဆိုးသံ ဖြစ်နေကြောင်း သိလိုက်ရသောကြောင့်ပင်
“အီး … ဘာလို့ ငါ့ကိုယ်ပေါ်မှာ သွေးတွေ ပေးနေတာလဲ၊ လန့်လွန်းလို့ သေလောက်တယ်”
ချက်ချင်းဆိုသလိုပင် ဟွမ်ယွီလင်း စကားပြောလာ၏။ သူမအသံက ချိုအီနူးညံ့လှပြီး အားအပြည့်ပင်။ သူမပုံက လုံးဝ သေခါနီးလူနာနှင့် မတူတော့ချေ။
“နတ်ဆေးသမားတော်၊ နတ်ဆေးသမားတော်ပဲ”
လူတိုင်း မှင်တက်သွားကြသည်။ သာမန်လူနာများသည် ပြင်းထန်သော ရောဂါဝေဒနာများမှ ပြန်သက်သာလျင် အလွန် အားနည်းတတ်ကြကြောင်း လူတိုင်း သိပေသည်။ သို့ရာတွင် ဟွမ်ယွီလင်းက နွားတစ်ကောင်ကိုပင် သတ်နိုင်လုနီးနီး အားအင်ပြည့်ဝနေသဖြင့် မယုံနိုင်ဖွယ်ကောင်းလှသည်။
“ဖေဖေ ဘာလို့ သွေးတွေထွက်နေတာလဲ၊ ဖေဖေ့ကို ဘယ်သူ ထိခိုက်အောင် လုပ်တာလဲ”
ထိုစဉ် ဟွမ်ယွီလင်းက ဟွမ်ထျန်းချန်၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကိုမြင်ပြီး ထအော်လေသည်။
“ဘာမှမဖြစ်ပါဘူး ဖေဖေ အဆင်ပြေပါတယ်၊ သမီး အဆင်ပြေသရွေ့ ဖေဖေ အဆင်ပြေတယ်”
ဟွမ်ထျန်းချန်သည် သူ့သမီးအား တင်းကြပ်စွာ ဖက်ထားပြီး မျက်ရည်များက မိုးစက်သဖွယ် ဒလဟော စီးကျလာ၏။ ပျောက်သွားသော အရာကို ပြန်ရလိုက်သော ခံစားချက်ကြောင့် အလွန် ဝမ်းသာ ပျော်ရွှင်နေမိသည်။
*တကယ် ကယ်လိုက်နိုင်တာပဲ*
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
လောရုန်ရွှမ်၏ အမူအရာ တောင့်တင်းသွားသည်။
*ငါတောင် မကုနိုင်တဲ့ ရောဂါကို ဒီကောင်က ကုလိုက်တာလား*
ကျူးတန် အံကြိတ်နေပြီး သူမမျက်နှာတွင် ယဲ့ဖန်ကို အလွန် မုန်းတီးဟန်များ ပေါ်လွင်နေ၏။
“ဆရာ့ကို အရိုအသေ ပေးပါတယ်”
ဟွမ်ထျန်းချန်က ရုတ်တရက် ယဲ့ဖန်ကို ဒူးထောက်ကာ ဦးညွှတ် အရိုအသေ ပေးလာသည်။
“ဖေဖေ ဘာတွေလုပ်နေတာလဲ”
ဟွမ်ယွီလင်း အံ့အားသင့်သွားသည်။ သူမအမြင်တွင် သူမဖခင်သည် အဆင့်အတန်း မြင့်မားသော အရှင်သခင် ဖြစ်ပြီး သူမဖခင်ကသာ ဦးညွှတ် အရိုအသေပေးခြင်း ခံရသူ ဖြစ်ပေသည်။ သို့သော် ယနေ့၌ သူမဖခင်က အခြားသူကို ဒူးထောက်၍ အရိုအသေ ပေးနေသည်တဲ့လား။ ယုံနိုင်ဖွယ် မရှိချေ။
“စကားမပြောနဲ့၊ ကျေးဇူးရှင်ကို မြန်မြန်လာ အရိုအသေ ပေးလေ”
ဟွမ်ထျန်းချန်က ဟွမ်ယွီလင်း၏ ဦးခေါင်းကို အားဖြင့်ဖိ၍ ယဲ့ဖန်ကို အတူတူ အရိုအသေပေးရန် ပြောလိုက်သည်။ ယဲ့ဖန်က သူ့အား ဂရုမစိုက်ဟန်ဖြင့် ကြည့်လာသည်။
“ဒီကိစ္စ ပြီးသွားပြီ၊ ကျုပ် ခင်ဗျားကို အကြံတစ်ခု ပေးလိုက်မယ်”
“သူစိမ်းတစ်ယောက်ရဲ့ မျိုးရိုးနာမည်က တစ်မိသားစုလုံးအတွက် ကပ်ဘေးပဲ၊ ဝံပုလွေကို အိမ်ထဲခေါ်သွင်းရင် တစ်မိသားလုံး ပျက်စီးသွားလိမ့်မယ်”
*ဟမ်*
ဟွမ်ထျန်းချန် ချက်ချင်း မျက်နှာ မည်းမှောင်သွားသည်။ သူသည် ထက်မြက်သူ ဖြစ်သောကြောင့် ယဲ့ဖန်၏ စကားအနက် အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး လောရုန်ရွှမ်နှင့် ကျူးတန်အား ခက်ထန်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ကျူးတန် တုန်လှုပ်သွားပြီး အလန့်တကြား ပြောလိုက်သည်။
“ထျန်းချန် သူ့ရဲ့ အရေးမပါတဲ့ စကားတွေကို နားထောင်မနေပါနဲ့၊ ကျွန်မ ရှင့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာ ရှိတာပါ”
“ငါ ဘာမှမပြောရသေးပါဘူး၊ မင်း ဘာလို့ မင်းကိုမမေးဘဲ ပြောနေတာလဲ”
ဟွမ်ထျန်းချန် လှောင်ရယ်လိုကသ်ည။ ကျူးတန်၏ တုံ့ပြန်မှုက ယဲ့ဖန်၏ စကားကို ပိုအတည်ပြုပေးသလို ဖြစ်သွားသည်။
“ကျွန်မ”
ကျူးတန် မျက်နှာ ပြာနှမ်းသွားသည်။
“လောင်လျန့် ကျူးတန်ရဲ့ လက်ရှိ အိမ်အသုံးစရိတ်တွေနဲ့ အသွားအလာကို သွားစစ်ဆေးစမ်း”
ဟွမ်ထျန်းချန် အော်လိုက်သည်။
“ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်”
ထိုစကားတစ်ခွန်းက ကျူးတန်၏ ရင်ကို လေးလံသွားစေ၏။
*သွားပြီ၊ ပွဲသိမ်းပြီ*
သူတို့ နားမလည်နိုင်သည့်အချက်မှာ ယဲ့ဖန်က သူတို့၏ ပတ်သက်မှုကို အဘယ်ကြောင့် သိနေသလဲ ဆိုတာပင်။
“ဒုန်း”
လောရုန်ရွှမ် ချက်ချင်း ဒူးထောက်သွားပြီး ကြောက်လန့်ကာ မျက်ရည်ကျလာသည်။
“ဟွမ်မိသားစုခေါင်းဆောင်၊ ဒါ ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး၊ အားလုံးကို ကျူးတန်လုပ်တာပါ၊ ကျူးတန်က ကျုပ်ကို သွေးဆောင်ဖြားယောင်းပြီး ခင်ဗျားသမီးကို နေမကောင်းဖြစ်လာအောင် လုပ်ပြီးတော့ ကျုပ်ကို သူ့ကို ကုဖို့ လုပ်ခိုင်းတာပါ၊ ခင်ဗျားသမီးကို ဆေးကုပေးပြီး ဟွမ်မိသားစုအိမ်ထဲ လျောလျောရှူရှူ ဝင်နိုင်အောင်လို့ပါ၊ အားလုံးက သူ့အကြံတွေပါပဲ”
“လောရုန်ရွှမ် နင်ယောက်ျားမှ ဟုတ်သေးရဲ့လား၊ နင် ခုတင်ပေါ်မှတုန်းက ဘာပြောခဲ့လဲ၊ နင့်တစ်သက်လုံး ငါ့အပေါ် ကောင်းပါ့မယ်ဆို၊ အခု နင်က အားလုံးကို ငါ့အပေါ် အပြစ်ပုံချနေပြီလား၊ ကျွန်မက ရှင့်ကို တကယ် ချစ်မိသွား ခဲ့တာ”
ကျူးတန် ဒေါသထွက်သွားပြီး ချက်ချင်း အကုန် ဖော်လေသည်။
“ထွီ အစကတည်းက စိတ်ကောင်းရှိသယောင်ဆောင်နေတဲ့ သောက်ဆရာဝန်၊ ရွံဖို့ကောင်းလိုက်တာ”
“အမှိုက်တွေ၊ နှစ်ယောက်လုံး အမှိုက်ကောင်တွေ၊ ရဲခေါ်လိုက်၊ ရဲခေါ်ပြီး သူတို့ကို ဖမ်းရမယ်”
လက်ရှိလူတိုင်းသည် လှည့်စားခံလိုက်ရသဖြင့် ဒေါပွကာ ပေါ်ပေါ်ထင်ထင် လူရိုက်ချင်လာ၏။ ထိုအခိုက်တွင် ဟွမ်ထျန်းချန် အံကြိတ်ထားရလွန်းသဖြင့် သွားများပင် ကြေချင်လာသည်။ သူသာ ယနေ့ ယဲ့ဖန်နှင့် မတွေ့ခဲ့လျင် သူ့သမီး အသတ်ခံရလောက်သည်။ သူ အရူးတစ်ယောက်သဖွယ် မျက်ကန်းတစ္ဆေ ဖြစ်ခဲ့ရသည်။
“သူတို့ကို ဟွမ်အိမ်တော်ကို ပြန်ခေါ်သွားလိုက်”
ဟွမ်ထျန်းချန် ရဲခေါ်ရန် မရွေးချယ်ခဲ့ပါ။ တရားဥပဒေအရ အပြစ်ပေးခြင်းသည် သူတို့အတွက် သက်သာလွန်း လှသည်။ ဟွမ်ထျန်းချန်က သူတို့ကို သေစေချင်၏။