← Chapters

သူတို့ရောက်ရှိလာခဲ့ပြီ

Vol. 001 Ch. 83

သူတို့ရောက်ရှိလာခဲ့ပြီ

Vol. 001 Ch. 83

ထိုစကားများအား ကြားလျှင် ဟွာဂျီယူနှင့် ရီဖူရှင်းတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အံ့အားသင့် သွားကြသည်။

ဆရာကတော်က ဟွာဂျီယူအား သူနှင့် ပေးစားမည်ကြားလျှင် ရီဖူရှင်း၏ရင်ထဲ နွေးထွေးသွားသည်။ ယနေ့ကား သူမနှင့် ဒုတိယအကြိမ်မျှသာ တွေ့ဆုံခြင်း ဖြစ်သော်လည်း ရီဖူရှင်းက သူမ၏ဆုံးဖြတ်ချက်မှာ ဟွာဖန်းလူကြောင့်ဖြစ်ပြီး ဟွာဂျီယူ၏ ခံစားချက်အား ခံစားနားလည် မိသောကြောင့်လည်း ဖြစ်သည်ဟု သူထင်သည်။ နန်ဒူဝန်ယမ်၏ ဆုံးဖြတ်ချက်တွင် ရီဖူရှင်း၏အရည်အချင်း။ ရုပ်ရည်က အဓိက မကျပေ။

နန်ဒူဝန်ရှန်းကလည်း ထိတ်လန့်သွားသည်။ သို့သော် လျင်မြန်စွာ သတိဝင်လာသည်။ သူက သူ့ညီမမှာ အလွန်နောင်တရသော ဘဝတစ်ခုတွင် နေထိုင်ခဲ့ရကာ သူမ၏သမီးအား သူမကဲ့သို့ မဖြစ်စေလိုသည်ကို သူနားလည်သည်။ ယခု ရီဖူရှင်းက သူ့တွင် အစွမ်းအစများ ရှိကြောင်း သက်သေပြနိုင်ခဲ့ကာ ဝန်ကြီးချုပ်ကျိုကလည်း သူ့အား အရေးပေးသည်။ ထို့ကြောင့် နန်ဒူမိသားစုက ရီဖူရှင်းအား သေချာ စဉ်းစားပေးရမည် ဖြစ်သည်။ နန်ဒူဝန်ယမ်က သည်အခွင့်အရေးအားယူ၍ သူတို့၏အနာဂတ် အဆင်ပြေအောင် ပြုလုပ်ပေးလိုပုံရသည်။ ယမန်နေ့က ရီဖူရှင်းအား သည်နေရာသို့ ဖိတ်ခေါ်ခဲ့ပြီး ကတည်းက သူမက သည်ဆုံးဖြတ်ချက်ကို ချထားပြီးဟန်တူသည်။

နန်ဒူတိုင်နှင့် တခြား လူများအားလုံးက နန်ဒူဝန်ယမ်အား စူးစိုက်ကြည့်နေကြသည်။ တစ်ယောက်က စပြောသည်... “ဝန်ယမ်... နင့်ဆုံးဖြတ်ချက်တွေ လောမနေဘူးလား...”

“ဒွန်ဟိုင်ကျောင်းတော်မှာ သူ့စွမ်းဆောင်ရည်ကို ထူးထူးခြားခြား ပြသနိုင်ခဲ့တယ်ဆိုတာ မှန်တယ်... ဒါပေမဲ့ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က အရမ်း အားနည်းတာရော မဖြစ်နိုင်ဘူးလား... နန်ဒူမိသားစုမှာလည်း အရည်အချင်း အများကြီးရှိတဲ့ လူငယ်တွေရှိတယ်... ငါတို့က ဂျီယူကို သူနဲ့ လက်ထပ်ဖို့ ဘာလို့ လက်ခံရမလဲ...” နောက်တစ်ယောက်က ပြောလိုက်သည်။

လူတိုင်းက သည်ဆုံးဖြတ်ချက်အတွက် သဘောမကျသော မှတ်ချက်များ ချကြသည်။ လူအများအပြားက သူတို့မိသားစုမှ အထူးချွန်ဆုံး မိန်းကလေးအား ကု့ချင်းမိစ္ဆာ၏တပည့်နှင့် ပေးစားမည်ကို သဘောမတူလိုကြပေ။

"ဝန်ယန်... လူတွေပြောတာ နင်ကြားလား... ဂျီယူက ငယ်သေးတယ်... ဆုံးဖြတ်ချက်တွေကို လောဖို့မလိုသေးဘူး...” နန်ဒူတိုင်က ပြောသည်။

"ကျွန်မပြောနေတာက စေ့စပ်ဖို့သတ်သတ်ပဲ... သူတို့ကို အခု လက်ထပ်ရမယ်လို့ မဆိုလိုဘူး...” နန်ဒူဝန်ယမ်က ပြန်ပြောလိုက်သည်။ သူမ၏ဆုံးဖြတ်ချက်ကား ခိုင်မာလှသည်။ ပွင့်လင်းစွာပြောရလျှင် ဟွာဂျီယူ၏ အသက်အရွယ်မှာလည်း မိန်းကလေး တစ်ယောက်အတွက် လက်ထပ်ရန် ငယ်ရွယ်သည်ဟု မသတ်မှတ်နိုင်တော့ပေ။

"ဒါက အတော် အလျင်လိုနေတယ်...” နန်ဒူတိုင်က ခေါင်းယမ်းလျက် ပြောသည်။

"ဂျီယူရဲ့အဖေက သူ့ဆရာပဲ... ဒါကြောင့် သူကလည်း ငြင်းပယ်မှာ မဟုတ်ဘူး... ကျွန်မက ဂျီယူရဲ့အမေပဲ... ကျွန်မကလည်း လက်ခံတယ်... ဂျီယူနဲ့ ဖူရှင်းက တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်း ချစ်နေကြပြီ... ဒါဆို ဒီဆုံးဖြတ်ချက်က အလျင်လိုနေတယ်လို့ ပြောမရဘူး...” သူမ၏အသံက နန်ဒူတိုင်၏ငြင်းပယ်မှုကို သဘောကျပုံမရပေ။

နန်ဒူတိုင်၏မျက်နှာ မှောင်မည်းသွားသည်။ သူက နန်ဒူဝန်ယမ်အား စိုက်ကြည့်လျက် ပြောလိုက်သည်... “ဒါဆို နင်ပြောတာက ဟွာဂျီယူရဲ့ လက်ထပ်မှုက နန်ဒူမိသားစုနဲ့ မဆိုင်ဘူး ပြောတာလား...”

နန်ဒူဝန်ယမ်က ပြန်ပက်လိုက်သည်... “ဦးရီးတော် ပြောနေပုံအရဆိုရင် ဂျီယူရဲ့ လက်ထပ်မှုက နန်ဒူမိသားစုက ဆုံးဖြတ်ရမယ်ပေါ့... သူမအမေ ကျွန်မနဲ့ ဘာမှ မဆိုင်ဘူးပေါ့... အရင်တုန်းက ကျွန်မ မိဘတွေ မရှိတော့လို့ ဦးရီးတော်က ဆုံးဖြတ်ပေးခဲ့တယ်... အခု ကျွန်မက အသက်ရှိနေတယ်... ဦးရီးတော်က ကျွန်မ သမီးအတွက် ဆုံးဖြတ်ပေးမလို့လား...”

ထိုနှစ်များက သူမ၏လက်ထပ်မှုတွင် ပါဝင်ပတ်သက်နေသော နိုင်ငံရေး ရည်ရွယ်ချက် အနည်းငယ်ကို နန်ဒူဝန်ယမ် သိသည်။ သူမ၏သမီးအားလည်း သည်အတိုင်း လုပ်ဆောင်ရန် သူမခွင့်မပြုလိုပေ။

"ဝန်ယမ်... နင်က တော်တော်လွန်နေပြီ...” အကြီးအကဲ တစ်ယောက်က ငေါက်ငမ်းလိုက်သည်... “ဒါက လူကြီးတွေကို ပြောတဲ့ နင့်ရဲ့ အပြုအမူလား...”

"မိန်းကလေး ဝန်ယမ်... သူက ကု့ချင်းမိစ္ဆာရဲ့ တပည့် ဖြစ်နေတာကြောင့်လား... မိန်းကလေးကိုယ်တိုင် မပြည့်ဝခဲ့တဲ့ ဆန္ဒတွေကို ဟွာဂျီယူကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာလား...”  နန်ဒူကူက ပြောလိုက်သည်။

ရီဖူရှင်းက နန်ဒူကူအား ကြည့်လိုက်သည်။ သည်လူကား ဟွာဂျီယူ၏နောက်မှ ကု့ချင်းဥယျာဉ်ထံသို့ နောက်ယောင်ခံလိုက်လာသူ ဖြစ်သည်။ သူက ရီဖူရှင်းအားလည်း သူ့ကို ကျောက်မူနှင့် မယှဉ်နိုင်ဟု ပြောခဲ့သေးသည်။

"ရှင့်ပါးစပ်ပိတ်ထား... ဒါက ရှင်ဝင်ပြောရမယ့် နေရာမဟုတ်ဘူး...” နန်ဒူဝန်ယမ်က အေးစက်စွာ ပြောလိုက်သည်။

"မိန်းကလေးဝန်ယမ်ရဲ့ ကြီးမြတ်မှုကို ကျွန်တော် နားလည်ပါတယ်... မိန်းကလေးက တော်ဝင်သွေးကို ဆက်ခံပြီးတော့ ဘိုးဘေးတွေရဲ့ မျိုးဆက် အစစ်အမှန်ဖြစ်တယ်... မိန်းကလေး ဂျီယူကလည်း ဒီအတိုင်းပဲ... ဒါကြောင့် သူတို့ရဲ့ လက်ထပ်မှုကို အလျင်စလို မဆုံးဖြတ်သင့်တာ ဖြစ်တယ်... ကု့ချင်းမစ္ဆာရဲ့တပည့်က အတော်အစွမ်းအစ ရှိတယ်ဆိုပေမဲ့ ဒါက ဘာမှ မဟုတ်ပါဘူး... ပြီးတော့ ဒီနေရာမှာလည်း ပါရမီရှင်တွေ များစွာ ရှိပါတယ်... မိန်းကလေးက သူတို့တွေကို တစ်ခါမှ ထည့်မစဉ်းစားဘူး ထင်တယ်...”

ရီဖူရှင်း အနည်းငယ် နားလည်လိုက်သည်။ နန်ဒူကူ၏စကားများအရ နန်ဒူဝန်ယမ်မှာ နန်ဒူမိသားစု ထူထောင်သူ၏တိုက်ရိုက်သွေးသား ဖြစ်သည်။ အတိအကျ ပြောရလျှင် သူတို့က တော်ဝင်သွေးကို ဆက်ခံပြီး နန်ဒူဝန်ယမ်နှင့် ဟွာဂျီယူတို့မှာ နန်ဒူမိသားစု၏ မင်းသမီးများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။

"ရှင်ပြောတာ မှန်တယ်... ဒွန်ဟိုင်ကျောင်းတော်က တိုက်ပွဲက ဘာမှ မဟုတ်ဘူး... ကျုပ်က သူ့ရဲ့တကယ့် စွမ်းရည်တွေကို စမ်းသပ်လိုတယ်...” ထိုအခိုက်တွင် နန်ဒူမိသားစုဝင် တစ်ယောက် ရှေ့ကို ထွက်လာသည်။ ထိုလူငယ်က ရီဖူရှင်းအား ကြည့်လိုက်သည်... “မင်း လက်မခံရဲဘူးလား...”

ရီဖူရှင်းက လူငယ်အား ကြည့်လိုက်ပြီး လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။

"မင်းက ဘာကို ဆိုလိုတာလဲ...” လူငယ်က ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်သည်။

"နောက်ဆုတ်စမ်း...” နန်ဒူတိုင် အမိန့်ပေးလိုက်သည်။ လူငယ်က လူအုပ်ထဲသို့ ပြန်ဆုတ်သွားသည်။ နန်ဒူတိုင်က ထပ်ပြောလိုက်သည်... “ဝန်ယမ်... မင်းရဲ့ မိဘတွေက မင်းကို အသက်ငယ်ရွယ်တဲ့အချိန်မှာ ထားခဲ့လို့ ငါက မိသားစုခေါင်းဆောင် အနေနဲ့ အတင်းအကျပ် ယူခဲ့ရတယ်... အတိတ်က အဖြစ်အပျက်တွေကြောင့် မင်းက ငါ့ကို ရန်ငြိုးတွေ ထားနေတယ်ဆိုတာ ငါသိတယ်... ဒါပေမဲ့ ဖြစ်ပြီးခဲ့တာတွေက ဖြစ်ပြီးသွားပြီ... အတိတ်က အကြောင်းအရာတွေကို ငါတို့ ပြောင်းလဲလို့ မရတော့ဘူး... ငါက အတိတ်က ကိစ္စတွေကို ချေဖျက်ပြီးတော့ မင်းကို နောက်နှစ် အနည်းငယ် အတွင်းမှာ ဟွာဖန်းလူနဲ့ ပြန်တွေ့နိုင်ဖို့ ငါစဉ်းစားပေးမယ်... ဒါပေမဲ့ ဟွာဂျီယူနဲ့ ပတ်သက်ပြီးတော့ ငါ့ကို ဆုံးဖြတ်ခွင့် ပေးရလိမ့်မယ်...”

"ဦးရီးတော်က အခုမှ ဟွာဖန်းလူကို စဉ်းစားပေးမှာလား...” နန်ဒူဝန်ယမ်က ပြောလိုက်သည်။ သူမ၏ပုံစံကား အေးစက်နေသည်။ ဟွာဂျီယူ၏ပါရမီမှာ အလွန် ထူးခြား ကောင်းမွန်လှရာ သူမမှာ နန်ဒူမိသားစု တစ်ခုလုံး၏ မျှော်လင့်ချက်အား ထမ်းရွက်ထားရသည်။ ထို့အတူ ကု့ချင်းမိစ္ဆာ၏ တပည့်မှာလည်း အလွန်ထက်မြက်လှကာ ဝန်ကြီးချုပ်ကျိုက အရေးပေးခြင်း ခံရသည်။ နန်ဒူတိုင်က တချို့ကိစ္စများမှာ ပြန်လည် ပြောင်းလဲရန် မဖြစ်နိုင်သည်ကို သိသည်။ တချို့ အကြောင်းအရာ များကလည်း ရှောင်လွှဲရန် မဖြစ်နိုင်ပေ။ အနာဂတ် အဖြစ်အပျက်များအား ပြောင်းလဲရန် တစ်ခုတည်းသော နည်းမှာ ဟွာဂျီယူနှင့် အဆက်ဖြတ်ရန် သို့မဟုတ် ရီဖူရှင်းအား သတ်ဖြတ်ရန် ဖြစ်သည်။ သို့သော် သူက နည်းလမ်းနှစ်ခုလုံးကို လုပ်ရန် မတတ်နိုင်ပေ။

"ဟွာဂျီယူနဲ့ပတ်သက်ပြီး ကျွန်မကပဲ ဆုံးဖြတ်မယ်...” နန်ဒူဝန်ယမ်က လက်မလျှော့ပေ။ သူမကား သူမလုပ်ခဲ့သည်များ အတွက် သူမ၏သမီးကို စတေးရန် ဆန္ဒမရှိပေ။

"ဘယ်လောက် အတင့်ရဲလိုက်သလဲ...” နန်ဒူတိုင်က အော်လိုက်သည်။ သူတို့၏ ခေါင်းဆောင်နောက်တွင် နန်ဒူမိသားစုများ ပိုပို၍ စုစည်းလာကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းက ဟွာဂျီယူတို့ မိသားစုမှာ သည်နန်ဒူမျိုးနွယ်စုအတွင်း မည်မျှ အထီးကျန်လှသည်ကို သိလိုက်သည်။ သူတို့မိသားစုမှာ သွေးအနီးစပ်ဆုံး မျိုးဆက်များ ဖြစ်သော်လည်း သူတို့ကား ယခု သီးခြား အဖြစ်ဆုံးသူများ ဖြစ်နေသည်။

"ဆရာကတော်... ကျွန်တော်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မိသားစု ခေါင်းဆောင်ကို အချိန်နည်းနည်း ပိုပေးသင့်တယ် ထင်တယ်... ဂျီယူနဲ့ ကျွန်တော်က အလျင်မလိုပါဘူး...”  ရီဖူရှင်းက ပြောလိုက်သည်။ သည်အခြေအနေတွင် နန်ဒူဝန်ယမ်က သူမ၏မိသားစု ခေါင်းဆောင်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် မသင့်တော်ပေ။ ရီဖူရှင်း လိုအပ်သည်ကား အချိန်ဖြစ်သည်။

နန်ဒူဝန်ယမ်၏အာရုံက ရီဖူရှင်းထံ ပြန်ရောက်လာသည်။ ရီဖူရှင်းက သူမအား ဦးညွှတ်ကာ ပြောလိုက်သည်... “ဆရာကတော်... ဂျီယူ... ကျွန်တော် သွားတော့မယ်... နောက်တစ်ကြိမ် အကြောင်းသင့်ရင် လာလည်ပါ့မယ်...” ထို့နောက် သူက နန်ဒူတိုင်နှင့် တခြား အုပ်စုများအား ကြည့်ကာ ပြောလိုက်သည်... “ခွင့်ပြုပါဦး...”

ထို့နောက် ရီဖူရှင်းက ထိုနေရာမှ ထွက်ခွာလိုက်သည်။ လူများက သူ့အား လမ်းဖယ်ပေးကြ၏။ သို့သော် လူငယ်များက တီးတိုးတစ်ဖုံ။ ကြားအောင်တစ်မျိုးဖြင့် သူ့အား သရော်ကြသည်... “သူက ရှုံးရမှာ ကြောက်နေတယ် ထင်တယ်... သူ့ရဲ့ နာမည် ကျော်ကြားမှုတွေက အလကားပဲ...”

"ကျောင်းတော်မှာ သူလုပ်ချင်တာ လုပ်တယ်လို့ ကြားတယ်... အခုသူ့ကို ကြည့်ပါလား... ဒီလောက် စွမ်းတဲ့ပုံမပေါ်ပါဘူး...”  နောက်တစ်ယောက်က မှတ်ချက်ချသည်။

ရီဖူရှင်းက ပြုံးလိုက်သည်။ သူက ထိုသူများအား လျစ်လျူရှုထားသည်။ နန်ဒူမိသားစုနှင့် ယခုအချိန် တိုက်ခိုက်ပါက မီးလောင်ရာ လေပင့်သည်နှင့် တူပေတော့မည်။

ရီဖူရှင်း ထွက်ခွာသွားသော် နန်ဒူဝန်ယမ်နှင့် နန်ဒူတိုင်ကား ထိုနေရာတွင် ရပ်နေဆဲပင်။

"ဝန်ယမ်... နင် ခေါင်းအေးအေးထားပြီး စဉ်းစားဖို့လိုတယ်...”  နန်ဒူတိုင်က ပြောလိုက်သည်။

"မလိုအပ်ဘူး... ဒါက ကျွန်မရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ... ကျွန်မရဲ့ ဆန္ဒကို ပြောင်းလဲစရာ မလိုဘူး...” သူမက တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းညီမကို အသိဝင်အောင်ပြောဦး...” နန်ဒူတိုင်က နန်ဒူဝန်ရှန်းအား ပြောပြီး ထိုနေရာမှ ထွက်ခွာသွားသည်။

လူအုပ်ကျဲပါးသွားသည်။ ရီဖူရှင်းက ခြံဝင်းအဝသို့ ပြန်ရာလမ်းတွင် လူငယ် အများအပြားက သူ့အား စိန်ခေါ်ခဲ့ကြသည်။ တချို့က သူ့အား စော်ကားကြသည်။ လူတိုင်းက ရီဖူရှင်းနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိကြသည်။ သို့သော် ရီဖူရှင်းက သူတို့အား လျစ်လျူရှုကာ ထိုနေရာမှ ထွက်ခွာသွားသည်။

နန်ဒူတိုင်က လူအုပ်အား ခေါ်ကာ ထွက်သွားလျှင် နန်ဒူဝန်ယမ်က တိတ်ဆိတ်စွာ ပြောလိုက်သည်... “အတိတ်က သူက ဝန်ကြီးချုပ်ဟွာနဲ့ နီးကပ်ဖို့အတွက် ကြိုးစားဖူးတယ်... အခု ရီဖူရှင်းက ဝန်ကြီးချုပ်ကျိုရဲ့ အလေးပေးမှုကို ရရှိခဲ့တာတောင်မှ သူက ဟွာဂျီယူကို ရီဖူရှင်းနဲ့ လက်မထပ်ခိုင်းဘူး... ရီဖူရှင်းက ဟွာဖန်းလူရဲ့ တပည့်ဖြစ်လို့များအား...”

နန်ဒူဝန်ရှန်းလည်း အနည်းငယ် တွေဝေသွားသည်။ နန်ဒူတိုင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နားမလည်စရာများ ရှိနေကြပုံရသည်။

"အမေ့ကို သမီး... မပြောရသေးတာတွေ ရှိတယ်...” ဟွာဂျီယူက ပြောလိုက်သည်။ ... “အခြားနေ့က မိသားစုခေါင်းဆောင်က ဝန်ကြီးချုပ်ကျိုကို ဖိတ်ခေါ်ပြီးတော့ သမီးရဲ့ ကံကြမ္မာကို ဟောခိုင်းခဲ့တယ်... ဝန်ကြီးချုပ်ကျိုက လက်ခံပြီးတော့ ဟောခဲ့တယ်... သမီးက ဧကရီဘုရင်မဖြစ်ဖို့ ကံပါလာတယ်တဲ့...”

"နင့်ရဲ့ ကံကြမ္မာ...” နန်ဒူဝန်ရှန်း ထိတ်လန့်သွားသည်... “ဝန်ကြီးချုပ်ကျိုက နက္ခတ်ဗေဒဆရာလား...”

"အင်း...” ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။ နန်ဒူဝန်ယမ်ကား အံ့အားသင့် မှင်တက်နေဆဲပင်။ ထို့နောက် သူမက သူမ၏အစ်ကိုဘက်သို့ လှည့်ကာ မေးလိုက်သည်... “အစ်ကိုကော ဘယ်လိုထင်လဲ...”

"ဒါကြောင့်ပဲ အရှင်မင်းကြီးက ဝန်ကြီးချုပ်ကျိုကို ဒီလောက် ယုံကြည်ရတာကိုး...” နန်ဒူဝန်ရှန်းက ရေရွတ်လိုက်သည်... “ငါတစ်ခါတုန်းက ရှေးဟောင်းစာတွေထဲ ဖတ်ဖူးတယ်... နက္ခတ်ဗေဒဆရာတွေက အရမ်းရှားပါးပြီးတော့ လူတစ်ယောက်ရဲ့ အနာဂတ်တွေကို ကြိုဟောနိုင်တယ်တဲ့... ဒါပေမဲ့ သူတို့ရဲ့ တိကျနိုင်စွမ်းက သူတို့ရဲ့ တန်ခိုး အဆင့်အပေါ်မှာ မူတည်တယ် ပြောထားတယ်... ဝန်ကြီးချုပ်ကျိုရဲ့ စွမ်းရည်နဲ့ဆို သူဆိုလိုတာက ဘုရင်မအဆင့်ပဲ ဖြစ်ရမယ်... ဒါပေမဲ့ နက္ခတ်ဗေဒ ဆရာတွေက အနာဂတ်ကိုပဲ ဟောနိုင်တယ်... အနာဂတ်ကို မမြင်နိုင်ဘူး... ပြီးတော့ ဟောထားတဲ့ ကံကြမ္မာက ပြောင်းလဲနိုင်တယ်...”

နန်ဒူဝန်ရှန်း မသိခဲ့သည်ကား ဝန်ကြီးချုပ်ကျို ကိုယ်တိုင်က ဟွာဂျီယူ၏ကံကြမ္မာကို ဟောရာတွင် သူကိုယ်တိုင် သူ၏ဟောချက်အား သံသယ ဝင်ခဲ့သည်ကိုပင်။ သို့သော်လည်း သူမအား ဧကရီဘုရင်မဖြစ်ရန် ကံကြမ္မာပါသည်ဟု ဟောခဲ့သည်မှာ သူမက ရီဖူရှင်းနှင့် ပတ်သက်သည်ကို ဝန်ကြီးချုပ်ကျိုက ခန့်မှန်းမိပြီးမှသာ ဖြစ်သည်။ အမှန်တကယ်တွင်မူ ဝန်ကြီးချုပ်ကျို ခန့်မှန်းခဲ့သော ဟောကိန်းမှာ သူ၏ ခန့်မှန်းချက်မျှသာ ဖြစ်သည်။

ဟွာဂျီယူ ခေါင်းညိတ်လိုက်သည်။ သူမကလည်း ကံကြမ္မာဆိုသည်မှာ ပြောင်းလဲ၍ ရကြောင်း ယုံကြည်သည်။

***

ရီဖူရှင်း ဒွန်ဟိုင်ကျောင်းတော်သို့ ပြန်ရောက်လာပြီးနောက် သူလည်း တခါးပိတ် လေ့ကျင့်တော့သည်။ သူ၏အရည်အချင်းများအား ထုတ်ပြပြီးနောက် ဝန်ကြီးချုပ်ကျို၏ အမိန့်ပြား ရှိနေသော်လည်း နန်ဒူမိသားစုက သူ့ကိုဟွာဂျီယူနှင့် လက်ထပ်ခွင့်ပြုရန် တွန့်ဆုတ်နေဆဲ ဖြစ်သည်။ အခြေအနေက ဤကဲ့သို့ ဖြစ်လာရာ ရီဖူရှင်းက ပိုမို၍ သန်မာလာအောင် ကြိုးစားရုံမှအပ တခြား မည်သို့မှ မတတ်နိုင်တော့။ ရီဖူရှင်းက သူတို့ငြင်းပယ်၍ မရလောက်အောင် ပို၍ စွမ်းအားကောင်းရန် လိုအပ်နေပေသည်။ နောက်နှစ် နွေဦးရာသီသို့ ရောက်လျှင် သူက နန်ဒူနိုင်ငံ၏ နန်းမြို့တော်သို့ သွား၍ ဟွာဂျီယူနှင့်အတူ တန်ဖန်းပွဲတော်သို့ တက်ရောက်မည် ဖြစ်သည်။ သူတို့က ဟွာဖန်းလူအား ကုသရပေမည်။

ရက်များစွာ ဖြတ်ကျော် သွားသော်လည်း ရီဖူရှင်းကား လာဘ်လာဘ ကျောင်းဆောင်၏ အပြင်သို့ ခြေတစ်လှမ်းမှ မချသေးပေ။ သူ၏စွမ်းအင်များမှာလည်း နေ့တိုင်း တိုးမြင့်နေသည်။

တစ်ချိန်တည်းမှာပင် ဒွန်ဟိုင်ကျောင်းတော်ကား ရီဖူရှင်းနှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်။ ရတနာကြယ် ကျောင်းဆောင်တို့နှင့် တိုက်ပွဲအပြီးတွင် ပို၍ ငြိမ်းချမ်းလာသည်ကို တွေ့ရသည်။ ထိုနေ့က ကျောင်းဆောင်နှစ်ခုမှာ ရီဖူရှင်း၏ အရှက်ခွဲခြင်းကို အမှန်အကန် ခံခဲ့ရသည်။ သူတို့က လာဘ်လာဘ ကျောင်းဆောင်နှင့် ထပ်မံ၍ ပြဿနာရှာရန် မတတ်နိုင်တော့ပေ။

သို့သော်လည်း ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများက ရီဖူရှင်းအား အလွယ်တကူ လက်လွှတ်မည် မဟုတ်သည်ကို လူတိုင်းသိကြသည်။ ဖြစ်နိုင်သည်က မုန်တိုင်းမလာမီ လေပြည်သွေးနေခြင်းပင်။

ကျောင်းဝင်းအတွင်း များစွာသော ကောလာဟလများလည်း ပျံ့နှံ့နေသည်။ ပြောကြသည်မှာ ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ ဒွန်ဟိုင်ကျောင်းတော် တစ်ခုလုံးအား ထိန်းချုပ်ရန် ကြိုးစားနေပြီး ကျောင်းဆောင်ခုနစ်ခုက အတူတူတည်ရှိရန် မဖြစ်နိုင်တော့ကြောင်း ပြောနေကြသည်။

မျက်စိတစ်မှိတ် အတွင်းတွင် နှစ်ဟောင်းကုန်ခါနီး အချိန်သို့ ရောက်လာသည်။ ရီဖူရှင်းက ဒွန်ဟိုင်ကျောင်းတော်ကို ရောက်ရှိခဲ့သည်မှာလည်း တစ်နှစ်ပြည့်လုနီးနေပြီ။ သူက သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးတွင်လည်း ကြယ်ခြောက်ပွင့် ကောင်းကင်အဆင့်သို့ တက်ရောက်သွားပြီး ဖြစ်သည်။ သို့သော် ရီဖူရှင်းက ဆက်လက်ကြိုးစား လေ့ကျင့်နေဆဲပင်။ နန်ဒူနိုင်ငံ၏ အဆင့်အတန်းအရ ကောင်းကင်အဆင့်မှာ အလွန် နိမ့်ပါးနေပေသေးသည်။ သူက ဓမ္မအဆင့်သို့ လျင်မြန်စွာ တက်လှမ်းလိုနေကာ နန်ဒူနိုင်ငံတွင် နေရာတစ်နေရာ ရရန် မျှော်လင့်နေသည်။

ရီဖူရှင်း တိတ်ဆိတ်စွာ တန်ခိုးကျင့်နေစဉ် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်နှင့် ရတနာကြယ် ကျောင်းဆောင်မှ တာဝန်ရှိ လူကြီးများက ကျောင်းဂိတ်ပေါက်ကို ရောက်ရှိနေကြသည်။ ထိုကျောင်းဆောင်နှစ်ခုမှ ကျောင်းအုပ်ကြီးနှစ်ဦးပင် ပါဝင်သည်။ ကျောင်းတော်မှ လူတိုင်းက မည်ကဲ့သို့သော ဧည့်သည်များအား ကြိုဆိုရန် ပြင်ဆင် နေကြသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ သည်ကဲ့သို့သော ကြီးမားသော ကြိုဆိုမှုမျိုးကို မည်သူ ထိုက်တန်သနည်း။

***

All Chapters