ငါနဲ့ လာရှုပ်ချင်တာ သေချာပြီလား
Vol. 86-89 Ch. 1285
“ကြည့်ရတာ သူတို့ ရှင့်ကို မကြိုဆိုတဲ့ပုံပဲ”
ပိုင်ရွှယ်က အားရကျေနပ်ဟန်ဖြင့် ပြောလာသည်။ ယဲ့ဖန်က လက်တစ်ဖက်ဖြင့် ဝိုင်ခွက်ကို ကိုင်ထားပြီး အရေးမစိုက်ချေ။
“နဂါးက ခွေးရိုင်းရဲ့ အကြည့်ကို ဂရုစိုက်တတ်လို့လား”
ကျုံးဝမ်၏ သူငယ်ချင်းများ မှင်တက်သွားကြသည်။ အမြဲတမ်း နူးညံ့သိမ်မွေ့ခဲ့သော ကျုံးဝမ်က ဤသို့ ဒေါသကြီး လိမ့်မည်ဟု သူတို့ ထင်မထားမိကြပေ။
“သွားပြီ ကျုံးဝမ်တော့ အဲ့ကောင်ကြောင့် ဘာကိုမှ မမြင်တော့ဘူး”
ကူးယောင်က မတတ်သာဟန်ဖြင့် သက်ပြင်းချလေသည်။ ထို့နောက် ကူးယောင်က အရပ်ရှည်ရှည်နှင့် ခပ်ချောချောလူကို တိုက်တွန်းသည်။
“လျှိုရှု ငါတို့ ကျုံးဝမ်ကို မီးတွင်းထဲ ခုန်ချခွင့် ပေးလို့မရဘူး”
လျှိုရှုက ခေါင်းညိတ်လေသည်။
“သူ့ကို နောက်မှ ပညာပြတာပေါ့၊ ကောင်းကင်က မြေကြီးနဲ့ ဘယ်လောက် ကွာဝေးပြီး မြင့်မားလဲ သိအောင် လုပ်ရမယ်၊ အဲ့ဒါမှ သူ ကျုံးဝမ်ကို မကပ်ရဲတော့မှာ”
လက်ရှိတွင် ကျုံးဝမ် သူတို့ကို စိတ်ဆိုးနိုင်သော်လည်း သူတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို သိပြီးလျင် သူမ သူတို့ကို သေချာပေါက် ကျေးဇူးတင်မှာပင်။
“မင်း အဆင်ပြေရဲ့လား”
ကျုံးဝမ် ပြန်လျှောက်လာသည်ကို မြင်သောအခါ ယဲ့ဖန်က ပြုံး၍ မေးလိုက်သည်။
“အဆင်ပြေပါတယ်”
ကျုံးဝမ်က ပြုံး၍ ခေါင်းခါလိုက်သည်။
“ဒီနေ့ ကျွန်မ နည်းနည်း ပင်ပန်းနေတယ်၊ ကျွန်မတို့ ပြန်ကြမလား”
“မသွားပါနဲ့၊ ငါ အခုမှ ဒီရောက်လာတာကို မင်းက ဘာလို့ ထွက်သွားမှာလဲ”
ထိုအခိုက်တွင် လျှိုရှုနှင့် အခြားသူများက အနားသို့ ရောက်လာပြီး စဉ်းလဲသော အပြုံးမျိုးနှင့် ကြည့်နေကြသည်။ ဤသည်ကိုမြင်သော် ကျုံးဝမ် စိတ်လေးသွားပြီး သူတို့ ဘာလုပ်ချင်နေသလဲ နားလည်သွားသည်။
“ငါ့နာမည်က လျှိုရှုပါ၊ ဒီမြို့က ဒုတိယမြို့တော်ရဲ့ သား”
လျှိုရှုက မောက်မာစွာဖြင့် သူ၏ အဆင့်အတန်းကို တမင်ထုတ်ပြောလိုက်ပြီး အထင်သေးစွာ ဆက်ပြော လိုက်သည်။
“မင်းက ငန်းသားစားချင်တဲ့ ဖား မဟုတ်လား”
လေထုအခြေအနေက ချက်ချင်း အေးခဲသွားသည်။ လက်ရှိတွင် လူတိုင်းက လျှိုရှုကို တအံ့တဩ ကြည့်လာသည်။ သူ ဤမျှ ပေါ်တင် ပြောလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
လျှိုရှုက လူတိုင်း၏ အံ့ဩသော အကြည့်များကို ဂရုမစိုက်ဘဲ အထင်သေးစွာပြုံး၍ နေသည်။ သူ ယဲ့ဖန်ကို နင်းချေရန် ဆုံးဖြတ်ပြီးကတည်းက မြေကြီးထဲအထိရောက်အောင် နင်းချေပစ်ရမည်။
ထိုအခါ အားလုံးက သရော်ပြုံး ပြုံးလာပြီး ယဲ့ဖန်အား မချိုမချဉ်ပုံစံနှင့် ကြည့်လာသည်။ ယဲ့ဖန် မသိမသာ မျက်မှောင်ကြုတ်သွားပြီး အေးစက်စက် လေသံဖြင့် ပြောလေသည်။
“မင်း ဘာပြောချင်တာလဲ”
“ဘာပြောချင်တာလဲ ဟုတ်လား”
လျှိုရှု၏ အပြုံးက ပို၍ ခက်ထန်လာ၏။
“ပြောချင်တာက မင်းက ကျုံးဝမ်နဲ့ မထိုက်တန်တဲ့ ဖားပဲ၊ ငါ့ကျုံးဝမ်က တော်တယ်၊ လှပတယ်၊ လူမှု ဆက်ဆံရေးလည်း ကောင်းတယ်၊ သူ ဘယ်လောက် ကြည့်ကောင်းပြီး နောက်ခံတောင့်တဲ့ ညီအစ်ကိုတွေကို ငြင်းပယ်ခဲ့လဲ မင်းသိလား၊ မင်းလို အမှိုက်မျိုးက စဉ်းစားမနေနဲ့တော့”
“လျှိုရှု နင် ဘာမဟုတ်တာတွေ ပြောနေတာလဲ”
ကျုံးဝမ် ချက်ချင်း ဒေါသထွက်သွားပြီး ပြန်ပြောချင်သော်လည်း ယဲ့ဖန်၏ ပြန်ဆွဲခြင်း ခံလိုက်ရသည်။
“ပြောလို့ပြီးပြီလား”
ယဲ့ဖန်က ပြုံးမြဲပြုံး၍ ပြောလိုက်သည်။
“ပြီးပြီ”
လျှိုရှု၏ ပြောဆိုပုံက အေးစက်မောက်မာသော်လည်း ယဲ့ဖန် ဒေါသမထွက်သည်ကိုသာ တွေ့လိုက်ရသည်။ ထိုအခါ သူသည် ဝါဂွမ်းကို ထိုးနေရသည်ဟု ခံစားမိသဖြင့် မကျေမနပ် ဖြစ်သွားရသည်။ လူတိုင်း အထင်သေးစွာ ရယ်မောလေသည်။
*ဒီကောင်က တော်တော် အရေထူတာပဲ၊ ဒီလောက် စော်ကားခံရတာတောင် ဘယ်လိုမှမနေဘူး*
“ပြီးရောလေ”
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ပါးစပ်နှင့် လက်ကိုအုပ်ကာ ပြောလိုက်သည်။
“ဒါဆိုလည်း မင်း နောက်ဆို ငါနဲ့ နှစ်မီတာလောက် ခွာပြီး ပြောပါလား၊ မင်း နေ့လယ်က ဘာတွေ စားထားတာတုန်း၊ ဘယ်လိုလုပ် ချီးနံ့ ထွက်နေတာလဲ”
“မင်း”
လျှိုရှု မှင်တက်သွားသည်။ ယဲ့ဖန်က သူ့ကို ဤသို့ ပြန်လည်တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားမိချေ။ ဤသည်က အမြဲ ထက်မြက်နေခဲ့သောသူ့အား ရုတ်တရက် မှင်တက်သွားစေသည်။
ယဲ့ဖန်က သူ့ပါးစပ်ကို နံသည်ဟု ပြောသဖြင့် သူ အရေးမပါသော စကားများ ပြောသည်ဟု ဆိုလိုခြင်းပင်။ အခြားသူများလည်း အံ့အားသင့်သွားကြသည်။ အသုံးမကျသော ငကြောက်ကောင်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ လောင်စာအပြည့်နှင့် တောက်လောင်နေသော မီးအိမ် ဖြစ်နေလေသည်။
ကူးယောင်သည် သူ့စကားကို အခွင့်ကောင်းယူ၍ ရုတ်တရက် ယဲ့ဖန်ကို ငေါက်ငမ်းလိုက်သည်။
“ယဲ့ဖန် နင် ဘယ်လိုပြောလိုက်တာလဲ”
“ငါ ဘယ်လိုပြောတာလဲဆိုတာကို မင်း လိုက်ထိန်းချုပ်ဖို့လိုလား”
ယဲ့ဖန် သူမကို အသာတစ်ချက်ကြည့်လေသည်။
“လျှိုရှု နောက်နေတယ်ဆိုတာကို နင် မသိဘူးလား၊ တွန့်တိုလိုက်တာ၊ နင့်ကိုယ်နင် ယောက်ျားလို့ ပြောဖို့ တန်ရဲ့လား”
ကူးယောင်က လှောင်လေသည်။
“ထားလိုက်တော့၊ အားလုံး အတူတူ ဆုံဖို့ဆိုတာက ရှားပါးတာကို ဘာလို့ ပြဿနာ ရှာနေမှာလဲ”
ထိုအခိုက်တွင် ချောမောသော လူငယ်တစ်ယောက်က ဝင်ပြောလာသည်။ သူသည် ဗြိတိသျှ လူကြီးလူကောင်း တစ်ယောက်သဖွယ် ဝတ်စားထားပြီး ခံ့ညားသော ကိုယ်ဟန် ရှိသဖြင့် အမျိုးသမီးများ သေနိုင်လောက်သည်။
ထိုစဉ် သူသည် တစ်ဖက်လှည့်၍ ညင်သာစွာ ပြုံးလိုက်ပြီး ယဲ့ဖန်ထံ လက်လှမ်းပေးလိုက်သည်။
“ဟဲလို ကျုပ်နာမည်က ကျွမ်းပင်းပါ”
သို့သော် ထိုညင်သာသော အကြည့်၌ မမြင်နိုင်သော အထင်သေးမှု ရှိနေသည်။ ယဲ့ဖန်ကလည်း ထိုအရာကို သတိထားမိသဖြင့် အေးစက်စွာ ပြုံးလိုက်လေသည်။
“ငါနဲ့ လက်ဆွဲနှုတ်ဆက်ရအောင် မင်းက ထိုက်တန်လို့လား”
လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။
“ဘာ … ငါ နားကြားမှားသွားတာလား”
“မင်းက တော်တော် ရယ်စရာကောင်းတယ်လို့ ပြောရမှာပဲ၊ ငါတို့က မင်းကို မုန်းတောင် မမုန်းရသေးဘူး၊ မင်းက မုန်းလာအောင် လုပ်နေပြီလား”
“အင်း … ငါတို့အားလုံးကို ကြည့်လိုက်၊ ငါတို့က အဆင့်အတန်း မြင့်မားတဲ့ အရာရှိတွေရဲ့ သားသမီးဆိုတာ သိသာတယ်၊ ဒါပေမဲ့ ဒီလို အပယ်ခံတွေကိုတော့ သဘောမကျဘူး၊ ဒါပေမဲ့ ဒီအပယ်ခံကတော့ ဘယ်လို နေရမလဲ မသိတဲ့အပြင် မောက်မာနေလိုက်သေးတယ်၊ မိသားစု အသိုင်းအဝိုင်းရဲ့ အရည်အသွေးက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ပေါ် လွှမ်းမိုးနေတာကိုး”
မပေါ့်တပေါ် ဝတ်စားထားသော အမျိုးသမီးတစ်ယောက်က ပုတ်ခတ် ပြောဆိုလာ၏။ အစမှအဆုံးတိုင် ယဲ့ဖန်က မည်သို့သော အမူအရာမှ ဖော်ပြခြင်းမပြုဘဲ သူတို့အား မကြားသယောင် ပြုထားသည်။ ဂြိုဟ်များကို ဝါးမျို၍ လက်ဖျောက်တီးလိုက်ရုံနှင့် နဂါးငွေ့တန်းတစ်ခုကို ဖျက်ဆီးနိုင်သည့် နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်သော သူ၏ ဂုဏ်သိက္ခာအား ဤသေမျိုးများက မည်သို့ နားလည်မည်နည်း။
“ကဲ ထားလိုက်တော့ အထဲဝင်ကြစို့”
ကျွမ်းပင်းက ကြင်နာချင်ယောင်ဆောင်နေသော်လည်း သူ့စိတ်ထဲ၌ သရော်နေ၏။
*တုံးလိုက်တာ၊ သူ့စရိုက်ကိုဒီလောက် မြန်မြန် ဖော်ပြရတယ်လို့၊ သူ့ကို သေအောင်လုပ်ဖို့ ငါ လှုပ်ရှားစရာတောင် မလိုဘူး*
လူတစ်စုသည် ဘားထဲသို့ ဝင်လာပြီး တန်ဖိုးကြီး အခန်းတစ်ခန်းထဲသို့ ဝင်လာကြသည်။
“ဟေ့ဟေ့ ဘယ်သူပဲဖြစ်ဖြစ် အဲ့နားသွားနေ၊ ပြီးတော့ ငါနဲ့ ဝေးဝေးနေ”
“ဒီမှာ မထိုင်နဲ့ ကူးယောင်နားသွားထိုင်”
“ဘာလို့လဲ၊ သူက ဒီလောက် စုတ်စုတ်ပဲ့ပဲ့ ဝတ်ထားတာ၊ သူ့မှာ ရောဂါပိုး ပါမလားဘူးလို့ မပြောနိုင်ဘူးလေ”
ကူးယောင်က မပျော်မရွှင် ပြောလိုက်သည်။ ကျုံးဝမ် နေရာမှာတင် အေးခဲသွားပြီး မျက်နှာက ချက်ချင်း မည်းမှောင် သွားကာ သူမသူငယ်ချင်းများကို တော်တော်လေး စိတ်ပျက်သွားလေသည်။
ယဲ့ဖန်သည် မည်သို့မျှ ပေါက်ကွဲခြင်း မရှိဘဲ သောင်းကျန်းတော့မည့် ကျုံးဝမ်ကို တားကာ သူမကိုဆွဲ၍ ထောင့်နားသို့ သွားထိုင်လိုက်သည်။
ဤသည်ကိုမြင်သော် လူတိုင်း စိတ်ထဲမှနေ၍ ယဲ့ဖန်ကို ငကြောက်ဟု သတ်မှတ်ကာ ဤမျှ စော်ကားခံနေ ရတာတောင်မှ ပြန်မပြောရဲဟု ထင်နေကြသည်။
“ငါ တောင်းပန်ပါတယ်၊ ငါ နောက်ကျသွားတယ်”
ထိုစဉ် ခေါင်းလိမ်းဆီများ ရွှဲနေသော လူငယ်တစ်ယောက် အပြင်မှနေ၍ ဝင်လာသည်။
“တကယ်ပါပဲ ရှင်သာ ထပ်နောက်ကျရင် ကျွန်မတို့ လူပြည့်သွားတော့မှာ”
ကူးယောင် မကျေမနပ် ပြောလိုက်သည်။ ထိုသူက သူမချစ်သူ ယွမ်ဟုန် ဖြစ်လေသည်။ ယွမ်ဟုန်ကိုမြင်သော ယဲ့ဖန် မချိုမချဉ် ပြုံးလိုက်သည်။
“တောင်းပန်ပါတယ်၊ ကားပိတ်နေလို့ပါ”
ယွမ်ဟုန်သည် သတိလက်လွတ် ထိုင်ချလိုက်သော်လည်း နောက်ဆုံးပေါ် တော်ဝင်မိသားစု၏ အထူးရထားပျံ သော့ကို စားပွဲပေါ် တင်လိုက်သည်။ ထိုအခါ လူတိုင်း၏ မျက်လုံးများ အရောင်တောက်လာပြီး အားကျဟန် ပေါ်လာသည်။
၎င်းသည် ပိုက်ဆံနှင့် မဝယ်နိုင်သော တစ်စုံတစ်ရာ ဖြစ်သည်။ ယင်းသည် အဆင့်အတန်းနှင့် ဂုဏ်ပုဒ်သင်္ကေတ ဖြစ်လေသည်။
ကူးယောင်၏ ချစ်သူက တော်ဝင်မြို့တော်မှ အထူးအဆင့်အတန်းရှိပြီး အလွယ်တကူ မရှင်းပြနိုင်သည့် အဆင့်မြင့် အရာရှိဟု သူတို့ ကြားထားသည်မှာ ကြာလေပြီ။
ကူးယောင်သည်လည်း ဂုဏ်ယူသလို ခံစားမိသွားပြီး သူမမျက်နှာပေါ်မှ မာန်တက်နေပုံက စကားလုံးနှင့်ပင် မဖော်ပြနိုင်ပေ။
“အချစ်ကလေး ဒါ ဧကရာဇ်ကိုယ်တိုင် ကိုယ့်မိသားစုကို ဆုချလာတဲ့ ကျွီယန်ပုလဲ လက်ကောက်လေ၊ မင်း သဘောကျရဲ့လား”
ယွမ်ဟုန်က ပြုံးကာ ထုပ်ပိုးထားသော အိတ်တစ်အိတ်ကို ပေးလိုက်သည်။
“တကယ်လား၊ ယွမ်ဟုန် ကျွန်မ ရှင့်ကို သိပ်ချစ်တာပဲ”
ကူးယောင် အလွန် အံ့ဩသွားပြီး ယွမ်ဟုန်ကို အလျင်အမြန် ဖက်ကာ အနမ်းကြမ်းများ ပေးလေသည်။ အမျိုးသမီး တော်တော်များများက အားကျ၍ မနာလိုမုန်းတီးဟန် ပြလာ၏။
ကျွီယန်ပုလဲလုံးသည် ရှားပါးပြီး ဧကရာဇ်ကိုယ်တိုင် ဆုချသော ကျွီယန်ပုလဲက ပို၍ ဈေးကြီးလေသည်။
“ခွီ”
သို့သော် မသင့်လျော်သော ရယ်သံတစ်သံ ထွက်လာ၏။
“မင်းက ဘာရယ်တာလဲ”
ယွမ်ဟုန်က ယဲ့ဖန်ကို မကျေနပ်သော အကြည့်ဖြင့် ကြည့်လာသည်။
“ဘာမှမဟုတ်ပါဘူး”
ယဲ့ဖန်က အလျင်အမြန် လက်ခါပြသော်လည်း သူ၏မျက်နှာပေါ်မှ အထင်သေးသော အပြုံးက ပျောက်မသွားချေ။
“ရုပ်ဆိုးတဲ့လူတွေက တော်တော် ပြဿနာရှာတတ်တယ်၊ အချစ် သူ့ကို အာရုံထားမနေနဲ့ သူ့လို ဆင်းရဲသားက တစ်သက်လုံး ကျွီယန်ပုလဲ ဝယ်ဖို့ မတတ်နိုင်ဘူးလေ”
ကူးယောင်က အညှာအတာမဲ့စွာ သရော်လေသည်။
“ဪ အဲ့လိုကိုး”
ယွမ်ဟုန်သည်လည်း လှောင်ရယ်၍ ယဲ့ဖန်ကို အထင်သေးဟန်ဖြင့် ကြည့်လေသည်။
“ငါ မတတ်နိုင်ဘူးလို့ မင်း သေချာပြောရဲလား”
ယဲ့ဖန် ပြုံးကာ မေးလိုက်သည်။
“နင် တတ်နိုင်လို့လား၊ ကျွီယန်ပုလဲက ဘာမှန်းတောင် နင် သိမယ်လို့ မထင်ဘူး”
ကူးယောင်က သရော်လေသည်။ ယဲ့ဖန် အပြုံးနှင့် ပြောလိုက်သည်။
“ငါ မသိဘူးလို့ ဘယ်သူပြောလဲ၊ ကျွီယန်ပုလဲဆိုတာ ယန်စွမ်းအင် စုဆောင်းတဲ့ နေရာမှာ သုံးတာ မဟုတ်ဘူးလား”
“ယန်စွမ်းအင်ကို စုစည်းတယ်ဟုတ်လား”
ကူးယောင်က ဟားတိုက် ရယ်မောလေသည်။
“အရူး ဘာမှလည်း နားမလည်ဘဲနဲ့ မရှက်ဘူးလား၊ ကျွီယန်ပုလဲက ယန်စွမ်းအင် စုဆောင်းတာထက် ပိုတယ်ဟဲ့”
“ကျွီယန်ပုလဲဆိုတာ ယန်စွမ်းအင်ရဲ့ အဆီအနှစ်ပေါ် အခြေခံပြီး မိုးမြေကနေ ပေါက်ဖွားလာတာ၊ ယန်စွမ်းအင် အဆီအနှစ်နဲ့ နှစ်တစ်ရာနေမှ ပုံသဏ္ဌာန်ဖွဲ့စည်းလာပြီး နှစ်ငါးရာမှ ပုံပေါ်လာတာ။ နှစ်တစ်ထောင်စာ ယန်စွမ်းအင်တွေ စုစည်းနေတာလို့ ပြောလို့ရတယ်၊ စုစည်းထားတဲ့ ယန်စွမ်းအင်ကို စုပ်ယူလိုက်ရင် ခန္ဓာကိုယ်က အားကြီးလာတယ်၊ စိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်ပြီး ခန္ဓာကိုယ်ကို သန့်စင်နိုင်ပြီး အသက်ရှည်တယ်၊ ငါ ပြောတာ မှန်လား”
ယဲ့ဖန် သရော်ပြုံးနှင့်အတူ ပြန်မေးလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း ယဲ့ဖန်ကို တအံ့တဩ ကြည့်လာကြသည်။ ထိုစကားကို ကြားသော် ယွမ်ဟုန်၏ အမူအရာက သိသိသာသာ ပျာယာခတ် သွားသည်။
“သောက်ငမွဲကောင် မင်းသိတော့ရော ဘာဖြစ်လြ၊ မင်း ဝယ်ဖူးလို့လား၊ မင်း မြင်ဖူးလို့လား၊ မင်း ဝယ်လည်း မဝယ်ဖူး၊ မြင်လည်း မမြင်ဖူးဘူးဆိုရင် ဘာလို့ ငါ့ရှေ့ လာဟန်ဆောင်နေတာလဲ”
ကူးယောင် ချက်ချင်း ဒေါသထွက်လာ၏။
*ငမွဲကောင် ဟုတ်လား*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး သရော်ကာ ပြောလိုက်သည်။
“မင်း ငါနဲ့ လာရှုပ်ချင်တာ သေချာပြီလား”
“အဲ့တော့ ဘာဖြစ်လဲ၊ ဒီနေ နင့်ကို ရှင်းရှင်းလင်းလင်း သိသွားအောင် လုပ်ရမယ်၊ နင် ငါ့ကို ဒူးထောက်ပြီး တောင်းပန်၊ မဟုတ်ရင်တော့ နင် ဒီတံခါးကနေ ပြန်ထွက်သွားလို့ မရစေရဘူး”
ကူးယောင် အလွန်အမင်း စိတ်ပျက်သွားပြီး မောက်မာစွာ အော်ငေါက်လိုက်သည်။ သူမမျက်လုံးထဲတွင် ယဲ့ဖန်သည် ဆန်ပျော့ကိုသာ မျက်နှာဖြူနှင့် မထူးခြားနားပင်။ သုံးစားမရ၍ ဆင်းရဲသား ဖြစ်သောကြောင့် သူမ ဒူးထောက် စေချင်လျင် သူ ဒူးထောက်ရပေမည်။
အကယ်၍ သူ ဒူးမထောက်လျင် ယနေ့ည ယဲ့ဖန်ကို ပင်လယ်အောက်ခြေ၌ မြုပ်သွားအောင် သူမ လုပ်ပစ်လိုက် ပေမည်။
လျှိုရှုနှင့် အခြားသူများက ပြုံးတုံ့တုံ့ လုပ်နေကြပြီး ယဲ့ဖန် မည်သို့ စော်ကားခံမလဲ စောင့်ကြည့်နေကြသည်။
“ကောင်းပြီလေ မင်းကိုယ်မင်း အရှက်ခွဲချင်မှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
ယဲ့ဖန် ပြုံးလိုက်ပြီး လက်ကိုဆန့်၍ ကျွီယန်ပုလဲ လက်ကောက်ကို ဆွဲယူကာ ဖျစ်ညှစ်လိုက်သည်။
“ဖောက်”
ကျွီယန်ပုလဲများအားလုံး ချက်ချင်း အမှုန့်ဖြစ်သွားလေသည်။
“နင်ကများ ငါ့ကျွီယန်ပုလဲကို ဖျက်ဆီးရဲတယ်ပေါ့လေ၊ ငါ နင့်ကို သတ်မယ်၊ ငါ နင့်ကို သတ်မယ်”
ကူးယောင် အလွန် ဒေါသထွက်သွားသည်။
“အရူးမ သေချာကြည့်၊ ကျွီယန်ပုလဲက ပျက်စီးသွားရင် ယန်စွမ်းအင် ပေါက်ထွက်လာမှတော့ ဒါပေမဲ့ မင်း ယန်စွမ်းအင်တွေ နည်းနည်းလောက်ပဲ ထွက်လာတာတောင် မြင်လို့လား”
ယဲ့ဖန် သရော်ပြုံး ပြုံးလိုက်သည်။ ထိုစကားကြောင့် ကူးယောင် ချက်ချင်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သတိဝင်ကာ ယွမ်ဟုန်ကို စူးစိုက်ကြည့်လိုက်မိသည်။
“ရှင် ဘယ်လိုရှင်းပြမလဲ”
လူတိုင်း ထိတ်လန့်သွားသည်။
*တကယ် အတုကြီးလား၊ ဧကရာဇ်ကိုယ်တိုင် ဆုချတာလို့ မပြောခဲ့ဘူးလား*
ယွမ်ဟုန် ပျာယာခတ်သွားသော်လည်း ခေါင်းမာနေဆဲပင်။
“အချစ် သူ့မဟုတ်တမ်းတရားတွေကို နားမထောင်နဲ့လေ၊ အင်ပါယာရဲ့ အဆင့်မြင့် အရာရှိတစ်ယောက်ရဲ့ သားဖြစ်တဲ့ ငါက ဒီကောင်ပြောသလို မင်းကို လှည့်စားဖို့ လိုလို့လား”
ထို့နောက် သူက ယဲ့ဖန်ကို မကျေမနပ် ကြည့်လိုက်သည်။
“ငါ့အထင်တော့ ဒီခွေးမသား မနာလိုဖြစ်နေတာပဲ နေမယ်၊ အဲ့ဒါကြောင့် သူ တမင် အခွင့်ကောင်းယူတာ”
ထိုအခါ လူတိုင်း ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လာ၏။
*တော်ဝင်မြို့တော်က အဆင့်မြင့် အရာရှိတစ်ယောက်ရဲ့သား ဖြစ်နေတဲ့ ယွမ်ဟုန်က အကြောင်းမရှိဘဲ ပြောမှာ မဟုတ်ဘူး၊ တော်ဝင်မိသားစုရဲ့ ရထားပျံကို ကားလိုသုံးနေတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် လူတွေကို လှည့်စားဖို့ လိုမှာလဲ*
“မျိုးမစစ်ကောင် နင်ကများ ငါ့ကို လာကစားရဲတယ်ပေါ့လေ”
ကူးယောင်သည် ထိုစကားကြောင့် ချက်ချင်း ပေါက်ကွဲသွားပြီး ယဲ့ဖန်ကို ပေါ်တင် ပါးရိုက်ရန် ကြံစည်လာ၏။ သူမသည် ယဲ့ဖန်အား လေအိတ်သဖွယ် ရိုက်ချင်တိုင်း ရိုက်နိုင်ပြီး ကျိန်ဆဲချင်တိုင်း ကျိန်ဆဲနိုင်မည်ဟု ယူဆ ထားသည်။
“ဖြောင်း”
ကျယ်လောင်သော ပါးရိုက်သံ ထွက်လာသောအခါ လျှိုရှုနှင့် အခြားသူများအားလုံး ချက်ချင်း အားရကျေနပ်သော အမူအရာများ ဖြစ်သွားလေသည်။