← Chapters

အပိုစကားများ ပြောဆိုခြင်း

Vol. 86-89 Ch. 1286

အပိုစကားများ ပြောဆိုခြင်း

Vol. 86-89 Ch. 1286

သို့သော် ထိုအသံအဆုံး၌ ကူးယောင် ဒယိမ်းဒယိုင်ဖြစ်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်ကို သူတို့ တွေ့လိုက် ရသည်။

“ဒါက …”

လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားလေသည်။ သူတို့ ယဲ့ဖန် ဘာလုပ်လိုက်သလဲ မမြင်လိုက်ပေ။

*ဘာလို့ ကူးယောင်က လဲကျသွားတာလဲ*

“အလကားကောင် မင်းကများ မိန်းကလေးတစ်ယောက်ကို ရိုက်တယ်ပေါ့လေ၊ မင်း ဘယ်လိုယောကျ်ားမျိုးလဲ”

လျှိုရှုက ထရပ်၍ ယဲ့ဖန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ငေါက်လေသည်။ သူသည် မိန်းမလှလေးကို ကယ်တင်သော သူရဲကောင်းသဖွယ် ဝင်ပါ၍ ကြီးကြယ်ခမ်းနားသော သူ၏ ပုံရိပ်ကို တည်ဆောက်ချင်နေ၏။

သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က သူ့ကို လှမ်းကြည့်လာသည်။ ထိုအကြည့်က လျှိုရှုအား ခန္ဓာကိုယ်ရှိ ချွေးပေါက် တိုင်းမှ ချွေးများ ထွက်လာစေပြီး ခိုက်ခိုက်တုန်လာစေသည်။

*သူက ဆင်းရဲသား မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အကြည့်မျိုး ရှိနေတာလဲ*

မြင့်မြတ်ထည်ဝါခြင်း၊ လွှမ်းမိုးနိုင်ခြင်း၊ ကြောက်စရာကြောင်းခြင်း၊ ထက်မြက်ခြင်း၊ မောက်မာ၍ မာနကြီးခြင်း၊ သက်ရှိအားလုံးကို အထင်သေးခြင်း စသည့် အရာအားလုံး ယဲ့ဖန်၌ ရှိနေသည်။

“မင်းပြောပုံအရဆို ငါ သူ့ကို ရိုက်လို့ ငါက အလကားကောင်ပေါ့၊ သူ ငါ့ကို ရိုက်ဖို့လုပ်တာကတော့ ငါနဲ့ ထိုက်တန်တယ်ပေါ့၊ အဲ့လိုလား”

ယဲ့ဖန်က တစ်လုံးချင်း ပြောနေပြီး တစ်ကိုယ်လုံးက ရေခဲထုသဖွယ် အေးစက်နေသဖြင့် လူတိုင်းအား ချမ်းစိမ့်သွား စေသည်။

လျိုရှု ချွေးပြန်နေပြီး စကားပြောရဲသည့် သတ္တိ မရှိတော့ချေ။ သားရဲရိုင်းတစ်ကောင်က သူ့အား စူးစိုက်ကြည့် နေသည်ဟု ခံစားမိနေသည်။ သူသာ ထပ်ပြောလိုက်ပါက ယဲ့ဖန် သူ့ကို ချက်ချင်း စုတ်ဖြဲလောက်သည်။

ထိုအခိုက်တွင် ယဲ့ဖန်က သူ့အာရုံကို ကူးယောင်ဘက် လှည့်လိုက်ပြီး အထင်သေးသော အပြုံးနှင့်အတူ ပြောလေသည်။

“မင်းရည်းစားရဲ့ စီးတာက ရထားပျံလို့ပဲ ကြားဖူးတာမလား၊ မင်းကိုယ်တိုင် မျက်လုံးနဲ့ တပ်အပ် မြင်ဖူးလို့လား၊ မင်းကိုယ်တိုင်ရော လိုက်စီးကြည့်ဖူးလား”

ထိုစကားကို ကြားသော် ကူးယောင်လည်း အံ့ဩသွားပြီးမှ ယွမ်ဟုန်ကို အသည်းအသန် လှည့်ကြည့်လိုက်သည်။

“ချီးပဲ ငါ မင်းနဲ့ ကစားနေတာကွ”

ယွမ်ဟုန်သည် သူ လိမ်ထားသမျှ ပေါ်သွားသည်ကိုမြင်ပြီး ချက်ချင်း ဒေါပွသွားသည်။

“ဟုတ်တယ် ကျွီယန်ပုလဲက အတုပဲ၊ ရထားပျံဆိုတာလည်း အတုပဲ၊ မင်းကို ဘယ်သူက ပိုက်ဆံမက်ဖို့ ပြောလဲ၊ မင်းသာ ပိုက်ဆံ မမက်ရင် ငါ ဘယ်လိုလုပ် မင်းကို အိပ်ရာပေါ်ရောက်အောင် လှည့်စားနိုင်မှာလဲ၊ မင်း အပြစ်တင်ချင်ရင်လည်း လောဘကြီးတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်”

“နင် … နင် အရှက်မရှိပါလား”

ကူးယောင် အလွန် ဒေါသထွက်သွားပြီး မျက်ရည်ကျလာကာ လက်ကိုမြှောက်၍ ပါးရိုက်ရန် ပြင်လိုက်သည်။

“ဖြောင်း”

ယွမ်ဟုန်က သူမအား နောက်ပြန်ရိုက်ချက်ဖြင့် ပါးချကာ သရော်လေသည်။

“ခွေးမ မင်းကများ ငါ့ကို ပါးချချင်နေတာလား၊ မင်းနဲ့ ကစားရတာကို ငါ ပျင်းလာတာနဲ့ အတော်ပဲ၊ ဘိုင့်ဘိုင်”

လူတိုင်း မှင်တက်သွားကြသည်။ ကိစ္စများက ဤသို့ ဖြစ်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိကြပါ။ ယဲ့ဖန် ပြောသော စကားများက အမှန် ဖြစ်နေ၏။ သို့သော် ကျွီယန်ပုလဲက အတုဖြစ်ကြောင်း သူ မည်သို့ သိနေသနည်း။ ထို့အပြင် ထိုလူက လူလိမ်သူခိုးဖြစ်ကြောင်း သူ ဘယ်လိုလုပ် သိနေရသနည်း။ မယုံနိုင်စရာပင်။

ထိုစဉ် ယွမ်ဟုန်က ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ အပြုံးတစ်ဝက်နှင့် ပြောလာ၏။

“ခွေးမသား ငါ မင်းကို မှတ်ထားမယ်၊ ငါတို့ တစ်ကွေ့ကွေ့တော့ ပြန်တွေ့ဦးမှာပါ”

“ငါ မင်းကို သွားလို့ရပြီ ပြောလို့လား”

ယဲ့ဖန်က ထိုင်ခုံ၌ လက်ပိုက်၍ ထိုင်နေပြီး သူ့အား အေးစက်စွာ ကြည့်နေသည်။ ယွမ်ဟုန်က အထင်သေးစွာ နှာမှုတ်သံ ပြုကာ သရော်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“မင်း ဘာစကား ပြောတာလဲ”

“မင်း ခိုးသွားတဲ့ ပိုက်ဆံအိတ်တွေ ထားခဲ့”

ယဲ့ဖန်က စားပွဲပေါ် လက်နှစ်ဖက်လုံးတင်၍ စူးရှသော မျက်လုံးများဖြင့် ပြောလိုက်သည်။ ထိုအခိုက်တွင် ကြွက်နှင့် ကစားနေသော ကြောင်တစ်ကောင်လိုပင်။

ဤအချိန်၌ အမျိုးသမီးများသည် ယဲ့ဖန်၌ သူနှင့် မလိုက်ဖက်သော ခံ့ညားချောမောမှုရှိနေသည်ဟု မြင်လာကြ သည်။

“ဘာ … ဘာပိုက်ဆံအိတ်လဲ”

ယွမ်ဟုန်၏ မျက်နှာတွင် ကြောက်စိတ် ပြည့်နှက်လာလေသည်။

*ဒီကောင်က ဘယ်သူလဲ၊ ဘယ်လိုလုပ် အားလုံးကို သိနေတာလဲ*

“ဟန်ဆောင်မနေနဲ့တော့၊ မင်း တံခါးကိုဖြတ်ပြီး ဝင်လာကတည်းက အဲ့လူတွေရဲ့ ပိုက်ဆံအိတ်ကို ခိုးထားတာ၊ ပြီးတော့ မင်းအခုထိ အဲ့ဒါတွေကို မင်းကိုယ်ပေါ်မှာပဲ ဝှက်ထားတာလေ၊ လိမ်ညာတာက မင်းရဲ့ အချိန်ပိုင်းအလုပ်ပဲ၊ ခိုးဝှက်တာကမှ မင်းကျွမ်းကျင်တဲ့ အလုပ်ပဲ”

ယဲ့ဖန်က အပြုံးနှင် ပြောလိုက်သည်။ ယွမ်ဟုန် ဤတံခါးမှ ထွက်သွားသည်နှင့် အများပြည်သူ၏ ပြစ်တင် ဝေဖန်ခြင်း ခံရမည့် ပစ်မှတ် ဖြစ်သွားနိုင်ပေသည်။

အဆင့်မြင့် အရာရှိကြီး တစ်ယောက်၏ သားနှင့် လူဆင်းရဲ၌ မည်သူက ပြစ်မှုကျူးလွန်သည်ဟု ပိုသံသယဝင်စရာ ကောင်းနေသလဲ။

လျိုရှုသည် သူ့ပိုက်ဆံကို အလျင်အမြန် ပြန်ရှာပြီးနောက် ချက်ချင်း မျက်နှာ မည်းမှောင်သွားကာ အော်ဟစ် လိုက်သည်။

“သူ့ကိုတားကြစမ်း”

“ယီးပဲ ဘယ်သူ ငါ့ကို တားနိုင်သလဲ ကြည့်ကြသေးတာပေါ့”

ယွမ်ဟုန်သည်လည်း ပေါက်ကွဲလာပြီး ဓားကိုထုတ်ကာ အနားကပ်လာသည့် လူတိုင်းကို ဓားယမ်းပြလေသည်။

“ဟာ”

ယွမ်ဟုန် ဓားထုတ်လိုက်သည်ကို မြင်ပြီး လူတိုင်း ချောက်ချားကာ ထောင့်နားသို့ရောက်အောင် ဆုတ်သွား ကြသည်။ ဤသည်ကိုမြင်သော် ယွမ်ဟုန်က ပို၍ ဂုဏ်ယူသွားပြီး ငေါက်ငမ်းလေသည်။

“လာလေ ငါ မင်းတို့ကို သွေးထွက်အောင် လုပ်ပစ်လိုက်မယ်”

ကူးယောင် နားဝေတိမ်တောင် ဖြစ်နေ၏။

*ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ၊ ငါ့ရည်းစားက လူလိမ် ဖြစ်နေတဲ့အပြင် သူခိုးပါ ဖြစ်နေတာလား*

ထိုအချိန်တွင် ယဲ့ဖန်သည် စားပွဲ၌ ထိုင်မြဲထိုင်နေပြီး အေးအေးလူလူ ဝိုင်သောက်ကာ အရှေ့မှမြင်ကွင်းကို မမြင်သယောင် ပြုမူနေသည်။

“ဟေ့ကောင် မင်းက ငါ့ကို အထင်သေးတာလား”

ထိုအခါ ယဲ့ဖန်က သူ့ကို လျစ်လျူရှုထားသည်ကို မြင်ပြီး ယွမ်ဟုန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များ ပြည့်နှက် လာသည်။

“အဟက် …”

ယဲ့ဖန်၏ အပေါ်နှုတ်ခမ်း မသိမသာ တွ့န်သွားပြီး သရော်ပြုံး ပြုံးလေသည်။

“ငါ့မျက်လုံးထဲမှာ မင်းက ပုရွက်ဆိတ်လောက်ပဲ ရှိတယ်၊ မင်းကို အထင်သေးတယ်လို့ ဘယ်ပြောလို့ရမလဲ၊ ဘာလို့လုဲဆိုတော့ ငါ မင်းကို မြင်မှမမြင်ရတာ”

“ကောင်းပြီလေ ဒါဆိုလည်း သေပေတော့ကွာ”

ယွမ်ဟုန် အရှက်ကွဲသလို ခံစားလိုက်ရပြီး ဒေါသတကြီး ယဲ့ဖန်၏ ရင်ဘတ်ကို ဓားဖြင့် ပြေးထိုးလေသည်။ ထိုအခိုက်တွင် လျိုရှု၊ ကူးယောင်နှင့် အခြားသူများ၏ မျက်လုံးတွင် မျှော်လင့်ချက် အရိပ်အယောင် ဖြတ်ပြေး သွားသည်။

ထိုအခါ ယဲ့ဖန် လှုပ်ရှားလာသည်။ သူသည် ယွမ်ဟုန်၏ ဓားကိုင်ထားသော လက်ကို ရုတ်တရက် ဖမ်းချုပ်၍ အားဖြင့် ဆောင့်ချလိုက်သည်။ ထို့နောက် ယွမ်ဟုန်၏ ဓားကို ပြန်ယူ၍ လွှဲယမ်းလိုက်လေသည်။

“ဝှစ်”

သွေးသံတရဲရဲနှင့် လက်တစ်ဖက်နှင့် စားပွဲပေါ် ပြတ်ကျလာသဖြင့် ဖြူဖွေးသော စားပွဲခင်းပင် အနီရောင် သန်းလာ၏။

“အား…”

ယွမ်ဟုန်၏ အသက်ခံရတော့မည့် ဝက်တစ်ကောင်သဖွယ် အော်ဟစ်နေသော အသံက တစ်ခန်းလုံးသို့ ပဲ့တင်ထပ် လာသည်။ ထိုအချိန်တွင် လူတိုင်း ထိတ်လန့်သွားကြသည်။

*မြတ်စွာဘုရား … ရက်စက်လိုက်တာ*

လူတိုင်း တစ်ကိုယ်လုံး တုန်ယင်လာ၏။

*အကြောက်အလန့်မရှိဘူး*

*အသည်းမာလိုက်တာ*

*ယဲ့ဖန်ရဲ့ သက်တောင့်သက်သာ ပုံစံက ဒါ ပထမဆုံးအကြိမ် မဟုတ်မှန်း သိသာနေသလိုပဲ*

“သူက အသုံးမကျဘူးလို့ နင် မပြောခဲ့ဘူးလား*

သူဌေးသမီးက တံတွေးကို မနည်းမျိုချကာ ကူးယောင်အား မယုံနိုင်သလို ကြည့်လာသည်။

*နင်ပြောတာ ဒီလူမှ ဟုတ်ရဲ့လား*

လူတိုင်း သူမကို မယုံသလို ကြည့်လာကြသည်။

*ဘာမှသုံးစားမရဘူး ဟုတ်လား၊ နင့်အရှေ့က ဒီလို ရက်စက်တဲ့လူက ဘယ်သူကြီးလဲ*

“ငါ …”

ကူးယောင် အံ့ဩနေ၏။ သူမသည်လည်း ဘာတွေဖြစ်နေသလဲ သိချင်နေပါသည်။ ယဲ့ဖန်သည် အားနည်းပြီး ဆင်းရဲသား တစ်ယောက်နှင့် တူပါသော်လည်း အဘယ်ကြောင့် ရုတ်တရက်ကြီး ရက်စက်သော လူအဖြစ် ပြောင်းလဲသွားရသနည်း။ ယုံနိုင်ဖွယ် မရှိချေ။

“အား အား အား …”

ယွမ်ဟုန်၏ ငယ်သံပါအောင် အော်ဟစ်နေသံက သူ၏ ဝေဒနာနှင့် ယဲ့ဖန်၏ ရက်စက်မှုကို ဖော်ပြနေသည်။

“နားညည်းလိုက်တာ”

ယဲ့ဖန် အေးတိအေးစက် ခနဲ့လိုက်ပြီး သူ့ကိုမကာ တတိယထပ်၏ ပြတင်းပေါက်မှနေ၍ အပြင်သို့ ပစ်ထုတ် လိုက်သည်။ အော်သံက တိခနဲ ရပ်တန့်သွားလေသည်။ လူတိုင်း ယဲ့ဖန်ကို တအံ့တဩ ငေးကြည့်လာ၏။

*လူ … လူသတ်လိုက်တာလား*

*ဒီကောင်က အားလုံးရှေ့မှာ လူသတ်လိုက်တာလား*

အရိုးကွဲမတတ် အေးစက်ခြင်းက သူတို့၏ နှလုံးသားထဲ၌ ထွက်ပေါ်လာလေသည်။ ယဲ့ဖန်ကမူ တည်ငြိမ်စွာ ဝိုင်ပြန်သောက်နေ၏။

ထိုစဉ် လူတစ်ယောက်က အခန်းထဲသို့ ရုတ်တရက် ဝင်လာပြီး ကျွမ်းပင်းအား ချက်ချင်း နှုတ်ဆက်လေသည်။

“ဆရာကျွမ်း ကျွန်တော့အစ်ကိုရဲ့ နေရာကို ဒီလောက် ကြာနေတာတောင် ဘာလို့မ လာသေးတာလဲ၊ ကျုပ်အစ်ကိုကို အထင်သေးတာလား”

“ကျောက်ရှင်းယဲ့”

လျိုရှု ထိတ်လန့်တကြား ထအော်လေသည်။

“မင်း သူ့ကို သိတာလား”

“ငါ ဘယ်လိုလုပ် သူ့ကို မသိဘဲ နေမလဲ၊ သူ့သူဌေး ဝမ်ကျီဟောင်လေ၊ သူက အကောင်းအဆိုး အကုန်လုပ်တယ်၊ ရှုကျိုးက ဖျော်ဖြေရေးခန်းမ တစ်ဝက်ကျော်လောက်ကို သူ ပိုင်တာ၊ သူ့နောက်ခံက အရမ်း နက်ရှိုင်းတယ်”

လျိုရှုက စိတ်လှုပ်ရှားစွာ ပြောပြလေသည်။

“ဒီကျောက်ရှင်းယဲ့က ဝမ်ကျီဟောင်ရဲ့ နံပါတ်တစ် တပည့်ပဲ၊ အစ်ကိုကျွမ်းက ဒီလိုလူမျိုးနဲ့ သိနေမယ်လို့ ထင်မထားမိဘူး၊ သူက တကယ် အံ့ဩဖို့ကောင်းတာပဲ”

ဤလူ၏ ရုတ်တရက် ဝင်ရောက်လာခြင်းကြောင့် အားလုံး၏ ရင်ထဲမှ ကြောက်စိတ်က အတော်လေး ပြေလျော့ သွားပြီး သူတို့၏ အာရုံက ဤဩဇာရှိသောလူထံ ပြောင်းလဲကျရောက်သွားသည်။

“အစ်ကိုကျောက် ခင်ဗျား ဘာတွေ ပြောနေတာလဲဗျာ၊ ကျွန်တော် အခုတလော အရမ်း အလုပ်များနေလို့ မလာဖြစ်တာပါ”

ကျွမ်းပင်းက ရယ်မောနေသည်။ သူ့မျက်နှာပေါ်မှ ဂုဏ်ယူဟန်က စကားလုံးနှင့်ပင် မဖော်ပြနိုင်ပေ။ တစ်ချိန်  တည်းမှာပင် သူက ယဲ့ဖန်ကို ရန်ဆောင်သလို ကြည့်လိုက်သည်။

သူ၏ဖခင်သည် အဖွဲ့အစည်းတစ်ခု၌ အလုပ်လုပ်နေပြီး လျိုရှုဖခင်၏ သူဌေးလည်း ဖြစ်သဖြင့် သူ့တွင် ရှုကျိုး၌ ဩဇာ အနည်းငယ် ရှိလေသည်။

“ဒါနဲ့ စကားမစပ် အစ်ကိုကျောက် သူခိုးတစ်ယောက်က ကျုပ်တို့ဆီကနေ ပစ္စည်းခိုးသွားလို့ ကျုပ်တို့ သူ့ကို လွှင့်ပစ်လိုက်တယ်၊ အဲ့ဒါ …”

ကျွမ်းပင်းက မရဲတရဲ ပြောလိုက်သည်။

“စိတ်မပူနဲ့ ငါ့တာဝန်ထားလိုက်၊ သေသေရှင်ရှင် မင်းနဲ့ ဘာမှမပတ်သက်စေရဘူး”

ကျောက်ရှင်းယဲ့က အထက်စီးဖြင့် ပြောလေသည်။ ထို့နောက် ကျောက်ရှင်းယဲ့က လျိုရှုအား ဘာမှပြောဘဲ ငါးဆယ် ရာခိုင်နှုန်း လျှော့ဈေးပေးလိုက်ပြီး ကျွမ်းပင်းနှင့် ဝိုင်အနည်းငယ် သောက်ကာ ပြန်ထွက်သွားလေသည်။

“သေချာပါတယ် အစ်ကိုကျွမ်းက မျက်နှာကြီးလို့ ကျောက်ရှင်းယဲ့လို လူကတောင် မျက်နှာချို လာသွေးရတာပဲ”

လျိုရှုနှင့် အခြားသူများက ချက်ချင်း အနားကပ်၍ ကျေနပ်အောင် ပြောဆိုလာကြသည်။ သူတို့သည် အသိ အကျွမ်းများ ဖြစ်သော်လည်း နေရာမတူကြပေ။ ကျွမ်းပင်းလိုလူမျိုးနှင့် သူတို့က ယှဉ်၍ မရနိုင်ပါ။ ကျွမ်းပင်းနှင့် ကျောက်ရှင်းယဲ့တို့ အလွန် ရင်းနှီးသည်ကိုမြင်ပြီး သူတို့ ချက်ချင်း အားကျလာ၏။

“ဒီလိုပဲ နည်းနည်း ရင်းနှီးသွားတာပါ”

ကျွမ်းပင်းက နှိမ့်ချသလို ပြောသော်လည်း သူ့မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသောဟန်က ဖုံးဖိမရပေ။ ကောင်းကင်မှ ကြယ်တာရာနှင့်တူသော ကျွမ်းပင်းကို ကြည့်ပြီးနောက် ထောင့်နား၌ တစ်ကိုယ်တည်း ဝိုင်သောက် နေသော ယဲ့ဖန်ကို လှမ်းကြည့်ကာ အားလုံး၏ အကြည့်များက အူမြူးဟန် ပေါ်လာသည်။

ကျွမ်းပင်းသည် ကျောင်းတက်နေစဉ်ကတည်းက ကျုံးဝမ်ကို ပိုးပမ်းခဲ့ကြောင်း သူတို့ သိထားပါသည်။ သို့သော် ကျုံးဝမ်က သူ့အား ငြင်းခဲ့သော်လည်း ယခု ပိုက်ဆံနှင့် အာဏာမရှိသော ဆင်းရဲသားကို ရွေးချယ်ထားသည်။ သူမက အနည်းငယ် ဈေးပေါသည်ဟု ဆိုရပေမည်။

စင်္ကြံလမ်း၌ လျိုရှုနှင့် လူငယ်တစ်ချို့က အပြင်ထွက်ကာ ဆေးလိပ်သောက်နေ၏။ သို့သော် သူတို့သည် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက် လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမဘေး၌ အရပ်ပုပုနှင့် လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့် အမျိုးသားက သူမခါးကို ဖက်ကာ ညစ်ကျယ်ကျယ် ပြုံးနေသည်။

“အိုး … ခွေးကို ကစားခွင့်ပေးနေတဲ့ပုံပဲ”

လျိုရှုက ထိုစကားကို ပေါ်တင် ထုတ်ပြောလေသည်။

“မင်း ဘယ်သူ့ကို ပြောနေတာလဲ”

လူလတ်ပိုင်းအရွယ် အမျိုးသားက လျိုရှုကို ရုတ်တရက် စူးစိုက်ကြည့်လာ၏။ သူ့ထက် ခေါင်းတစ်လုံး ပိုပုသော လူကို ကြည့်ပြီး လျိုရှု၏ မျက်နှာတွင် အထင်သေးဟန်များ ပြည့်နှက်လာလေသည်။

“ခင်ဗျားကို ပြောနေတာ ဘာဖြစ်လဲ”

“ယီးပဲ”

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါပွသွားပြီး ခြေထောက်ကို မြှောက်၍ လျိုရှု၏ ပိတ်ကန်လိုက်သဖြင့် လဲကျကာ လူးလိမ့်သွားသည်။

“ခင်ဗျား သေချင်နေတာပဲ”

လျိုရှုနှင့် လူငယ်များ မှင်တက်သွားပြီး ဘာမှမပြောဘဲ ပြေးတက်လာပြီး ထိုလူကို ဝိုင်းချုပ်ကာ ထိုးနှက်လေသည်။

“ရန်မဖြစ်ကြပါနဲ့၊ ထိုးတာကို ရပ်လိုက်ပါတော့”

ဆွဲဆောင်မှုရှိသော မိန်းကလေးက အော်ဟစ်၍ တားဆီးလေသည်။ လျှိုရှုတို့ကို သူမ မတားနိုင်သည်ကို မြင်သော် ချက်ချင်း ထွက်ပြေးလေသည်။ တစ်ယောက်ယောက်ကို သွားခေါ်ခြင်းဖြစ်မှန်း သိသာလှသည်။ ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက သတိလစ်သွားလေပြီ။

“ဖွီ သောက်ဂျပု မင်းကများ ဒီသခင်လေးကို စိတ်မကြည်အောင် လုပ်ရဲတယ်ပေါ့လေ၊ မင်း မောက်မာရဲဦးမလား ကြည့်ကြသေးတာပေါ့”

လျိုရှုနှင့် လူငယ်များက ပြိုင်တူ တံတွေးထွေး၍ အခန်းထဲသို့ အားရကျေနပ်စွာ ပြန်လာကြသည်။

“နင်တို့နှစ်ယောက် ဘာလို့ အဲ့လောက် ကြာနေတာလဲ”

“ငါ့ကို ရန်လာစတဲ့ အရူးနဲ့ တိုးနေလို့ပါ၊ အခုတော့ သူ့ကို ကြမ်းပြင်ပေါ် မှောက်သွားအောင် သိပ်ခဲ့ပြီ”

လျိုရှုက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဒါပေမဲ့ သူ့ကောင်မက တစ်ယောက်ယောက်ကို သွားခေါ်နေသလိုပဲ”

“မကြောက်နဲ့ ငါရှိနေရင် ဒီဘားက ဘယ်သူမှ မင်းကို ဘာမှမလုပ်နိုင်ဘူး”

ကျွမ်းပင်းက သူ့ရင်ဘတ်သူပုတ်၍ အာမခံလေသည်။ သူ့စကားအဆုံး၌ အားလုံးက ကျွမ်းပင်းကို အားကျသလို ကြည့်လာကြသည်။

*လွှမ်းမိုးနိုင်ပြီး အထက်စီးဆန်တယ်၊ ဒါကမှ တကယ့်ယောကျ်ားပဲ*

“အစ်ကိုကျွမ်းက မိုက်တယ်ဗျာ”

လျိုရှုက ကျွမ်းပင်းကို လက်မထောင်ပြလေသည်။ သူ စိတ်ကြည့်နေ၏။

“မိုက်တယ်လား ရူးမိုက်တာလားဆိုတာ အခု ပြောဖို့ခက်တယ်”

ရုတ်တရက် ရေအေးလောင်းချလိုက်သကဲ့သို့သော အသံတစ်သံ ထွက်လာသည်။ လူတိုင်း ယဲ့ဖန်ကို စူးစိုက် ကြည့်လာ၏။

“ဘာလဲ မင်းက သေချင်နေတာလား”

လျိုရှုက ပြေးသွားပြီး သူ့အင်္ကျီကော်လံကို ချက်ချင်း ဆွဲလေသည်။ ယဲ့ဖန်သည် အင်္ကျီကော်လံကို အဆွဲခံထား ရသော်လည်း သူ့အား တည်ငြိမ်စွာ ပြန်ကြည့်နေ၏။ သူ့မျက်လုံးများက ထူးဆန်းလှသည်၊ အထင်သေး၍ သနားဟန် ပေါ်နေသည်။

“ငါး”

“မင်း ဘာပြောလိုက်တာလဲ”

“လေး”

လူတိုင်း အံ့ဩသွားသည်။

*ယဲ့ဖန် ဘာလုပ်နေတာလဲ၊ နံပါတ်စဉ် ရေနေတာလား*

“သုံး နှစ် တစ်”

တစ်ဟူသော စကားသံအဆုံး၌ အခန်းတံခါး ဝုန်းခနဲ ပွင့်သွားလေသည်။

All Chapters