သန်မာတာပဲ
Vol. 86-89 Ch. 1287
အနက်ရောင် ကုတ်အင်္ကျီကို ဝတ်ကာ ပါးစပ်၌ ဆေးပြင်းလိပ်ကို ခဲထားသည့် မုတ်ဆိတ်မွေးများ ရှိပြီး မျက်လုံးထောင့်၌ အမာရွတ်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဦးဆောင်၍ အနက်ရောင် ဝတ်စုံနှင့် လူတစ်စုနှင့်အတူ ဝင်လာသည်။
ကျောက်ရှင်းယဲ့က ခေါင်းကိုငုံ့ကာ ထိုလူအနောက်မှ လိုက်လာ၏။
*ဝမ်ကျီဟောင်ပါလား*
လူတိုင်း ထိတ်လန့်သွားသည်။ သူတို့အရှေ့မှ ပုဂ္ဂိုလ်သည် ရှုကျိုး၏ အကြီးဆုံးလူမိုက် ဝမ်ကျီဟောင်မှလွဲ၍ အခြားသူ မရှိနိုင်ပေ။
“မြတ်စွာဘုရား ဝမ်ကျီဟောင်တောင်မှ အစ်ကိုကျွမ်းကို ကိုယ်တိုင် လာနှုတ်ဆက်တာပဲ၊ အရမ်း ပျူငှာတာပဲ”
လူတိုင်း ထိတ်လန့်သွားပြီး ဝမ်ကျီဟောင်က ကျွမ်းပင်းကို တွေ့ရန်လာသည်ဟု တွေးမိနေကြသည်။ ဘေးဘက်မှ ကူးယောင်သည်လည်း ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ကျွမ်းပင်းအား တအံ့တဩ ကြည့်နေသည်။ ထို့နောက် သူမအကြည့်က နူးညံ့ပျော့ပျောင်းလာပြီး ကျွမ်းပင်းကို စားချင်သယောင် ပေါ်လာသည်။
ဤသို့သော တသီးတသန့်ဆန်သည့် အမျိုးသားမျိုးက အမျိုးသမီးများအား လုံခြုံသလို ခံစားရစေသည်။ ကျွမ်းပင်းသာ ကျုံးဝမ်ကို စိတ်ထဲ ရှိမနေပါက သူမ ပစ်ဝင်မိလောက်သည်။
ကျွမ်းပင်းတစ်ယောက်တည်းသာလျင် မျက်မှောင်ကြုတ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ခံကို သူသာ သိလေသည်။ သူ့အဖေ၌ ဝမ်ကျီဟောင် မျက်နှာချိုသွေးရမည့် အရည်အချင်းမျိုး မရှိပါ။ ဘယ်လိုလုပ် တစ်ဖက်လူက သူ့အဆင့်အတန်းကို နှိမ့်ချ၍ ဂျူနီယာတစ်ယောက်နှင့် ရင်းနှီးအောင် အရင် စခြေလှမ်းမည်နည်း။
သို့သော် ယဉ်ကျေးမှုအရ ကျွမ်းပင် သူ့ကို နှုတ်ဆက်လိုက်သည်။
“ဟဲလို သူဌေးဝမ် …”
ကျွမ်းပင်း စကားစလိုက်သည့်အခိုက်မှာပင် ဝမ်ကျီဟောင်က သူ့အား စိတ်မရှည်စွာ တွန်းထုတ်၍ ခက်ထန်သော မျက်လုံးများဖြင့် ဘေးပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သည်။
“ခုနက ငါ့ညီကို ဘယ်သူ ရိုက်လိုက်တာလဲ၊ ထရပ်လိုက်စမ်း”
“သူ့ညီလား …”
ထိုအခိုက်တွင် လူတိုင်း မှင်တက်သွားလေသည်။ တစ်ဖက်လူက ရင်းနှီးမှု ထူထောင်ရန် လာရောက်ခြင်း မဟုတ်ဘဲ ရန်ရှာရန် ရောက်လာသတဲ့လား။
လျိုရှုနှင့် အခြားသူများ ပြိုင်တူ တုန်လှုပ်လာကြသည်။ ဝမ်ကျီဟောင်အနောက်မှ လိုက်လာသော ဆွဲဆောင်မှု ရှိသည့် မိန်းကလေးကို မြင်လိုက်ရသည်နှင့် သူတို့ မကောင်းသော ခံစားချက်များ ရလာ၏။ ယခု တစ်ဖက်လူ၏ စကားက သူတို့၏ လာရင်းရည်ရွယ်ချက်ကို အတည်ပြုနေသည် မဟုတ်ပါလော။
*သွားပြီ*
*ငါတို့တော့ သွားပြီ*
ဆွဲဆောင်မှုရှိသော မိန်းကလေးက ရုတ်တရက် လျိုရှုအား လက်ညှိုးထိုးလာသည်။ လျိုရှု မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာပြီး ကျွမ်းပင်းအား အသနားခံသလို ကြည့်လေသည်။
“အစ်ကိုကျွမ်း ကျွန်တော့်ကို ကယ်ပါဦးဗျာ”
တစ်ဖက်လူသည် ဝမ်ကျီဟောင် ဖြစ်ပြီး သူ့မိသားစုနောက်ခံက ဆယ်ဆ တိုးပွားလာလျင်တောင်မှ သူ တစ်ဖက်လူကို မယှဉ်နိုင်ပါ။
လူတိုင်း ထိတ်လန့်သွားလေသည်။
*လျိုရှုတို့ ရိုက်လိုက်မိတာ ဝမ်ကျီဟောင်ရဲ့ ညီဖြစ်နေတာပါလား*
ရှုကျိုး၌ မြေအောက်လောက၏ နာမည်အကြီးဆုံးလူက ဝမ်ကျီဟောင် ဖြစ်ကြောင်း မည်သူ မသိဘဲ ရှိမည်နည်း။ သူ၏ ညီငယ်ကို သွားထိပါးခြင်းက သေလမ်းရှာနေခြင်းသာ မဟုတ်ပါလော။
ကျွမ်းပင်းသည် လျိုရှုနှင့် အခြားသူနှစ်ယောက်အား ဝမ်ကျီဟောင်၏ ညီကို သွားရိုက်နှက်ခဲ့သဖြင့် အရူးဟု ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။
သို့သော် ကျွမ်းပင်းက လေကြီးထားမိပြီးသားဖြစ်သဖြင့် သတ္တိမွေးကာ ပြောလိုက်ရသည်။
“သူဌေးဝမ် ကျွန်တော်က ကျွမ်းကျန်းကောရဲ့သား ကျွမ်းပင်းပါ။ ကျွန်တော့် သူငယ်ချင်းတွေက တစ်ဖက်လူက ခင်ဗျားရဲ့ ညီမှန်း မသိခဲ့လို့ပါ၊ သူဌေးဝမ်ကို ကျွန်တော့်မျက်နှာထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါရစေ”
“ဖြောင်း”
ဝမ်ကျီဟောင်က ကျွမ်းပင်း၏ စကားကို ပါးရိုက်ခြင်းဖြင့် ပြန်တုံ့ပြန်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကျိန်ဆဲလိုက် လေသည်။
“မင်းဘိုးဘေးတွေကိုပဲ သွား-ိုးလိုက်၊ ကျွမ်းကျန်းကောက ကြက်ဖကြီးလား၊ ငါ မျက်နှာသာပေးဖို့ ထိုက်တန် လို့လား”
ကျွမ်းပင်း ဒယိမ်းဒယိုင် ဖြစ်သွားကာ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားလေသည်။ သူ့မျက်နှာက ဒေါသကြောင့် နီရဲလာ၏။ အရှက်ကွဲခြင်း။ လုံးဝ အရှက်ကွဲခြင်းပင်။ ကူးယောင်နှင့် အခြားသူများ ကြောက်လန့်ကာ ငိုကြွေးလုနီးပါး ဖြစ်သွားရသည်။
*ကျွမ်းပင်းကိုတောင်မှ မျက်နှာသာ မပေးရင် ငါတို့တော့ ဇာတ်သိမ်းပြီ မဟုတ်လား*
ထိုအခိုက်တွင် လူတိုင်းသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး အားလုံး မယုံနိုင်သော မျက်နှာပေးဖြင့် ယဲ့ဖန်ကို လှည့်ကြည့် လာကြသည်။
*သူ စတန့်ထွင်တာလား ရူးနေတာလား ပြောဖို့ခက်တယ်၊ အခုလေးတင် မောက်မာနေတဲ့ လျိုရှုက အရူး ဖြစ်သွားပြီ မဟုတ်လား*
*ဒါပေမဲ့ ဒီလူက ဘယ်လိုလုပ် သိနေတာလဲ၊ သူ အခန်းအပြင်ကို လုံးဝ မထွက်ရသေးတာကို လျိုရှုနဲ့ အခြားသူတွေက ဝမ်ကျီဟောင်ရဲ့ ညီကို ရိုက်လာတာကို သူ ဘယ်လိုလုပ် သိနေတာလဲ၊ သူ ရေတွက်လိုက်တဲ့ အချိန်မှာပဲ သူတို့တွေက ဘာလို့ အတိအကျ ရောက်လာရတာလဲ*
*ဘာမှန်းမသိတဲ့ ဟောကိန်းလိုပဲ*
*ဒီလူက ဘယ်သူလဲ*
ထိုအခိုက်တွင် သူတို့အရှေ့မှ ယဲ့ဖန်သည် မမြင်နိုင်သော မြူခိုင်းသဖွယ် ဖြစ်လာသည်ဟု သူတို့စိတ်ထဲ၌ ခံစားမိလာ၏။
“အဲ့ကောင်တွေရဲ့ ခြေထောက်တွေကို ချိုးပစ်ပြီးတော့ ကျန်တဲ့လူတွေအားလုံးကို ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျက်ခိုင်းလိုက်”
ဝမ်ကျီဟောင် ရက်စက်သော အမူအရာဖြင့် ပြောလေသည်။
*ငါ့နယ်မြေမှာ ငါ့ညီကို ရိုက်နှက်ခဲ့တာတောင် မျက်နှာသာပေးဖို့လာပြောနေသေးရလား*
ယနေ့ ဘယ်လို အသက်ရှင်နေထိုင်မလဲ မသိသည့် ဤအရူးများအား သူဟူသော ဝမ်ကျီဟောင်အား ရန်စလျင် မည်သို့ ဖြစ်လာမလဲ ဆိုသည်ကို သိစေချင်နေသည်။
“ကျွမ်းပင်း ငါတို့ကို ကယ်ပါဦး ကျေးဇူးပြုပြီး”
ထိုအခါ ကူးယောင်နှင့် အခြားသူများအားလုံးက ကျွမ်းပင်းအား အကူအညီ လှည့်တောင်းကြလေသည်။ လက်ရှိတွင် ကျွမ်းပင်းတစ်ဦးတည်းသာလျင် သူတို့၏ ကယ်တင်ရှင် ဖြစ်ပေသည်။
သို့သော် ကျွမ်းပင်းက အံကြိတ်ကာ ခေါင်းငုံ့၍ ငြိမ်နေသည်။ ဝမ်ရီဟောင်က သူ မျက်နှာသာပေးမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးသလို ယခု သူ ထပ်ပြောမိလျင် တစ်ဖက်လူ ထပ်ရိုက်လာအောင် လုပ်မိရုံသာ ရှိပေမည်။ ဤသည်ကို မြင်သော အားလုံး၏ နှလုံးသားများ အေးခဲသွားသည်။
ကျွမ်းပင်း ရပ်ကြည့်နေရန် စဉ်းစားထားကြောင်း သူတို့ ရိပ်စားမိသွားလေသည်။ ထိုအခါ မိန်းကလေး တော်တော်များများ အော်ငိုလာလေသည်။ သူတို့အားလုံးသည် သာမန်လူများ ဖြစ်၏။ သူတို့ ဘယ်လိုလုပ် ဤသို့သော ရန်ပွဲမျိုးကို မြင်ဖူးမည်နည်း။ သူတို့အားလုံး ကြောက်လန့်ကာ မျက်နှာ ဖြူရော်လာသည်။
“ဝမ်ကျီဟောင် ဟုတ်လား”
ထိုစဉ် ယဲ့ဖန် မတ်တပ်ထရပ်လာပြီး ဝမ်ကျီဟောင်အား တည်ငြိမ်စွာ ကြည့်လေသည်။
“ငါ အခြားသူတွေကို ဂရုမစိုက်ဘူး ဒါပေမဲ့ ငါ မင်းကို သူတို့နှစ်ယောက်ကို ထိခွင့်မပေးနိုင်ဘူး”
သူ ပိုင်ရွှယ်နှင့် ကျုံးဝမ်ကို ဆိုလိုခြင်း ဖြစ်သည်။
*ဘာ*
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားပြီး ထင်ယောင်ထင်မှား ဖြစ်လေသလားဟု ထင်မိသွားကြသည်။
*ဒီကောင်က ဝမ်ကျီဟောင်ရဲ့ နာမည်အပြည့်အစုံကို ခေါ်ပြီး သတိပေးရဲတယ်လား*
“မင်း ရူးနေပြီလား”
ကျွမ်းပင်းက ယဲ့ဖန်ကို အသည်းအသန် အော်ငေါက်လိုက်သည်။ တစ်ဖက်လူသည် ရှုကျိုး၏ လူမိုက်များထဲတွင် ရက်စက်ခြင်းကြောင့် အကျော်ကြားဆုံးလူဖြစ်သည်။ ယဲ့ဖန်က အလွန် ရန်စောင်နေသဖြင့် မည်သို့ အသက်ရှင် နိုင်ဦးမည်နည်း။
*ဒီအရူးက ဘယ်ကလာတာလဲ၊ သေချင်နေတာလား*
*ဝမ်ကျီဟောင် ဒေါသထွက်ပြီးနေတာကို မမြင်ဘူးလား၊ အခုလိုအချိန်ကြီးမှာ သူက မချေမငံ ပြောရဲနေ သေးတယ်၊ သူသာ ဝမ်ကျီဟောင်ကို ဒေါသထွက်အောင် ဆွလိုက်မိရင် ငါတို့အားလုံးကို သတ်သွားလောက်တယ်*
“မင်း … မင်း ငါ့ကို သတိပေးနေတာလား”
ဝမ်ကျီဟောင်က နှုတ်ခမ်းကို လျှာဖြင့်သပ်၍ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စူးရှ၍ ရန်များသော အကြည့်များဖြင့် ကြည့်နေသည်။
“သတိပေးတာ ဟုတ်လား၊ မဟုတ်ဘူး မဟုတ်သေးဘူး …”
ယဲ့ဖန်က ခပ်သွက်သွက် လက်ကာပြလိုက်ပြီးနောက် သရော်၍ ပြောလိုက်သည်။
“ငါ မင်းကို အမိန့်ပေးနေတာ*
“ဝိုး”
ဆူညံပွက်လောရိုက်သွားသံ ထွက်ပေါ်လာ၏။ လူတိုင်း သူ့အား အရူးသဖွယ် ကြည့်လာကြသည်။
*ဝမ်ကျီဟောင်ကို အမိန့်ပေးတာ ဟုတ်လား၊ ဒီကောင် ဘယ်ကနေ သတ္တိရလာတာလဲ*
သူတို့အားလုံး အလွန် မှင်တက်သွားကြသည်။ မူလ၌ ဤကိစ္စသည် မကျေနပ်ရုံမျှသာ ဖြစ်သော်လည်း ယခု သေဆုံးခြင်းဖြင့်သာ အဆုံးသတ်သွားလောက်သည်။
“ယဲ့ဖန် ခွေးမသား မင်း သေချင်တယ်ဆိုရင်လည်း ငါတို့ကို ဆွဲမထည့်နဲ့ကွ”
ကျွမ်းပင်း ဒေါသတကြီး အော်ငေါက်လေသည်။ သူ ရူးမတတ် ဖြစ်နေ၏။ ဤလူက ဝမ်ကျီဟောင်အား ပေါ်တင် ရန်စရဲသဖြင့် ဝမ်ကျီဟောင်က သူတို့ကို မည်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
“အရူး နင် ဘာပြောနေသလဲ သိရဲ့လား”
ကူးယောင်သည်လည်း အလျင်အမြန် ဝင်ပြောလာပြီး ဝမ်ကျီဟောင်ကို လှည့်ပြောလေသည်။
“သူဌေးဝမ် ကျွန်မတို့ ဒီလူနဲ့ ဘာမှမပတ်သက်ပါဘူး”
*အမိန့်ပေးတာ ဟုတ်လား*
ထိုစကားကြောင့် လူတိုင်း အထင်သေးသော အကြည့်မျိုး ဖြစ်လာကြပြီး ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ဖြစ်လာသည်။
*ကျွမ်းပင်းတောင် ဝမ်ကျီဟောင်ကို ရန်မစရဲတာ မင်းက ဘာမို့လို့လဲ*
“ကောင်းပြီလေ … မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
ဝမ်ကျီဟောင်က ဒေါသတကြီး ငေါက်ငမ်းလိုက်ပြီး လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
“ဒီကောင့်ကို ပင်လယ်ထဲ ပစ်ချပြီး ငါးမန်းစာကျွေးလိုက်”
ထွားကြိုင်းသော လူနှစ်ဆယ်ကျော်က ဓားအိမ်မှ ဓားများကို ဆွဲထုတ်၍ ယဲ့ဖန်ထံ လျှောက်လာကြသည်။
“ဟမ့် …”
ယဲ့ဖန်က ခနဲ့သံ ပေး၍ လှစ်ခနဲ ပြေးတက်ကာ တိုက်ခိုက်လေတော့သည်။ နှစ်မိနစ်ပင် မပြည့်သေးသော အချိန် အတွင်း၌ လူမိုက်တစ်စုသည် ခန်းမထဲ၌ နာကျင်စွာ အော်ဟစ်ညည်းညူလာ၏။ သူတို့၏ ခြေလက်များ ကျိုးပဲ့နေ လေသည်။
“ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လျိုရှုနှင့် အခြားသူများ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဓားကိုင်ထားတဲ့ လူနှစ်ဆယ်ကျော်ကို ဒီလူက တကယ် အနိုင်ယူလိုက်တာလား*
အစ၌ သူတို့သည် ယဲ့ဖန်အား တိုက်ခိုက်ရေး၌ တော်ရုံသင့်ရုံမျှ ကျွမ်းကျင်သည်ဟု ထင်ခဲ့သော်လည်း ယခုအခါ၌ ယဲ့ဖန်က တော်ရုံသင့်ရုံ ကျွမ်းကျင်ခြင်း မဟုတ်ဘဲ အတိုက်အခိုက် အလွန်ကျွမ်းကြောင်း သိလိုက်ရလေသည်။
တစ်ချက်ကြည့်ရုံနှင့် လူဖျင်းနှင့်တူသည်ဟု ထင်ရသော လူက ဓားကိုင်ထားသော လူနှစ်ဆယ်ကျော်ကို တစ်ယောက်တည်း အနိုင်ယူလိုက်သည်တဲ့လား။ ဤသို့သော အရာမျိုးမှာ တီဗွီထဲ၌သာ မြင်ဖူးသော အရာ ဖြစ်လေသည်။
တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး မျက်လုံးတိုင်းက ယဲ့ဖန်ပေါ် ကျရောက်နေပြီး သရဲသဘက်ကို တွေ့လိုက်ရ သကဲ့သို့ မယုံနိုင်သလို ကြည့်နေကြသည်။
*ဒီလူက သန်မာတာပဲ*
ဝမ်ကျီဟောင် အလွန်ဒေါသထွက်ကာ မျက်နှာ သုန်မှုန်နေ၏။ သူသည် ပစ္စတိုသေနတ်ကို ထုတ်ကာ ယဲ့ဖန်ကို ချိန်လာ၏။
“မျိုးမစစ်လေး မင်း အတိုက်အခိုက် တော်တာကိုတော့ ငါ သဘောကျတယ်၊ ဒါပေမဲ့ မင်းက ငါ့လက်ထဲက သေနတ်ကို ယှဉ်နိုင်ပါ့မလား”
“သေနတ် ဟုတ်လား၊ ငါ ဒီလိုကစားစရာမျိုးနဲ့ မကစားဖြစ်တာ ကြာနေပြီ”
ယဲ့ဖန်က စနောက်သလို ပြောလိုက်သည်။
*ကစားစရာ ဟုတ်လား*
လူတိုင်း ကြက်သေ သေကာ မယုံနိုင်ဟန်ဖြင့် ခေါင်းခါလိုက်မိသည်။
*ရူးနေပြီ ဒီကောင် တကယ် ရူးနေပြီ*
“ဒါဆိုလည်း သေလိုက်တော့ကွာ”
ဝမ်ကျီဟောင်က ခက်ထန်စွာ ပြောလိုက်ပြီးနောက် သေနတ်မောင်းကို ဆွဲရန် ပြင်လေသည်။ သို့သော် သူ သေနတ်မောင်းကို ဆွဲနေသည့်အချိန်မှာပင် တံခါးက ဝုန်းခနဲ ပွင့်လာပြန်၏။
လူတိုင်း ထိတ်လန့်တကြား ကြည့်လိုက်သောအခါ တည်ကြည်သော လူလတ်ပိုင်းအရွယ် ဒေါသူပုန်ထနေသော ပုံစံဖြင့် သပ်ရပ်စွာ ဝတ်ဆင်ထားသော သက်တော်စောင့်တစ်ဖွဲ့နှင့်အတူ မာန်ပါပါ ဝင်လာသည်။
ထိုလူကိုမြင်သော ဝမ်ကျီဟောင် တောင့်ခနဲ ဖြစ်သွားပြီး သေနတ်ကို အလျင်အမြန် သိမ်း၍ မျက်နှာလုပ်သော အပြုံးနှင့် ခွေးသဖွယ် မျက်နှာချိုသွေးလေသည်။
“သ … သူဌေးဟွမ် ဘာကိစ္စကြောင့် ဒီရောက်လာတာလဲ”
အားလုံး အံ့ဩသွားပြီး တည်ကြည်သော လူလတ်ပိုင်းအရွယ် အမျိုးသားအား တအံ့တဩ ကြည့်နေကြသည်။ ဝမ်ကျီဟောင်ကိုတောင်မှ ဤမျှ ရိုကျိုးသွားအောင် လုပ်နိုင်သော ဤလူ၏ နောက်ခံက ဘာဖြစ်မလဲ သူတို့ သိချင်နေသည်။
သို့သော် ထိုလူက ကျွမ်းပင်းကို ဝမ်ကျီဟောင် ဆက်ဆံခဲ့သသဲ့သို့ ဝမ်ကျီဟောင်အား ဘေးသို့ ကြမ်းကြမ်းတမ်းတမ်း တွန်းထုတ်ကာ လျစ်လျူရှုလာ၏။
သက်တော်စောင့်တစ်ဖွဲ့နှင့်အတူ လာသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် ယဲ့ဖန်ရှေ့သို့ လျှောက်သွားပြီး ကိုးဆယ်ဒီဂရီ အရိုအသေပေးလေသည်။ သူ့အနောက်မှ သက်တော်စောင့်များကလည်း ထိုနည်းတူ အရိုအသေ ပေးလာသည်။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သော နှုတ်ဆက်သံက အခန်းတစ်ခုလုံးသို့ ပဲ့တင်ထပ် သွားသည်။
“ဆရာယဲ့”
ရောက်လာသူမှာ ဟွမ်ထျန်းချန်ပင်။
“အိ”
လူတိုင်း ကျောချမ်းသွားပြီး ဤမြင်ကွင်းအား မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။
*ဝမ်ကျီဟောင်ကိုတောင် ပေါ်တင် မသိချင်ယောင်ဆောင်တဲ့လူက အခု ဒီဆင်းရဲသားကို ဦးညွှတ်ပြီး အရိုအသေ ပေးနေတာလား*
*ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ*
ကူးယောင်၏ မျက်နှာ ဖြူရော်သွားပြီး လက်ရှိ ယဲ့ဖန်အား အချိန်ပိုင်းအလုပ်သမားဟူသော ပုံစံနှင့် ဆက်စပ် ကြည့်၍ မရတော့ပေ။ လက်ရှိတွင် ယဲ့ဖန်က ထူးဆန်း၍ လက်လှမ်းမမီနိုင်သောလူဟု သူမ ခံစားမိနေသည်။
နောင်တဟူသောအရာက သူမနှလုံးသားတွင်း၌ ပျံ့နှံ့လာ၏။ လူတိုင်း ပြောစရာစကားမဲ့နေပြီး တစ်ခန်းလုံး အသံပိတ် ခလုတ်ကို နှိပ်ထားသကဲ့သို့ တိတ်ဆိတ်ကာ တစ်ယောက်ချင်းစီ၏ အသက်ရှူသံကိုပင် ကြားနေရသည်။
ကျွမ်းပင်းသည် မူလ၌ အံ့ဩစရာကောင်းသူဟု အများက ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် အရူးတစ်ယောက် ဖြစ်လာရသည်။ ယဲ့ဖန်မှာမူ လူတိုင်းက သူ့ကို အရူးဟု ထင်ခဲ့သော်လည်း သူသာလျင် တကယ် အံ့ဩစရာ ကောင်းသူ ဖြစ်နေသည်ကို သိလိုက်ရသည်။
ဝမ်ကျီဟောင်၏ မျက်နှာ ပြာနှမ်းသွားပြီး အသက်ရှူမှားကာ ချွေးပြန်လာ၏။ ယဲ့ဖန်က ဟွမ်ထျန်းချန်ကို တစ်ချက်ကြည့်ကာ ဘာမှမပြောချေ။
ယဲ့ဖန်၏ လျစ်လျူရှုခြင်း ခံရသောကြောင့် ဟွမ်ထျန်းချန် ရှက်သွားသော်လည်း ယဲ့ဖန်ကို သူ ဒေါသမထွက်ရဲပေ။ ထို့ကြောင့် သူသည် ဝမ်ကျီဟောင်နှင့် အခြားသူများကို သဲအိတ်သဖွယ် သဘောထား၍ သုန်မှုန်သော မျက်နှာနှင့် ဒေါသကို လွှဲချလေသည်။
“ဆရာယဲ့ကို ဘယ်သူ စော်ကားရဲတာလဲ”
သူသည် ရှုကျိုးတစ်ခုလုံး၏ အင်အားကို အသုံးချပြီး တစ်ညလုံး ရှာဖွေခဲ့ပြီးမှ ယဲ့ဖန် ဤနေရာ၌ ရှိနေသည်ဟု သိခဲ့ရသဖြင့် မရပ်မနား အပြေးလာခဲ့ရသည်။ ဝမ်ကျီဟောင် တစ်ကိုယ်လုံး အေးစက်သွားပြီး ရဲဆေးတင်ကာ ပြောလိုက်သည်။
“သူဌေးဟွမ် ကျုပ် … သူက ခင်ဗျားမိတ်ဆွေမှန်း ကျုပ် မသိလိုက်လို့ပါ”
“ဝမ်ကျီဟောင် ဝမ်ကျီဟောင်၊ ငါတို့ဟွမ်မိသားစုရဲ့ အသက်သခင် ကျေးဇူးရှင်ကို မင်းမို့လို့ ရန်စရဲတယ်၊ မင်း သေချင်နေပြီနဲ့တူတယ်”
ဟွမ်ထျန်းချန်က အံကြိတ်၍ တစ်လုံးချင်း ပြောလိုက်သည်။ သူ အလွန် ဒေါကန်နေကြောင်း သိသာလေသည်။
“အသက် … အသက်သခင် ကျေးဇူးရှင်လား
ဝမ်ကျီဟောင် အံ့အားသင့်ကာ တစ်ကိုယ်လုံး တုန်ယင်လာ၏။
*ဒီကောင်က ဟွမ်မိသားစုရဲ့ ကျေးဇူးရှင်လား*
ရုတ်တရက် သူ့စိတ်ထဲ၌ မျှော်လင့်ချက်မဲ့သော ခံစားချက် ပေါ်ထွက်လာပြီး သူ ကံဆိုးပြီဖြစ်ကြောင်း ရိပ်စား လိုက်မိသည်။