ဒီနေ့ မင်း ဒီမှာ သေရမယ်
Vol. 86-89 Ch. 1289
“တစ်နေ့နေ့တော့ ငါ နင့်ကို လက်စားချေနိုင်ပြီး နင့်ကို နှိပ်စက်နိုင်ပါစေလို့ ဆုတောင်းနေတာ၊ ကံကောင်းချင်တော့ ဒီနေ့ ငါ လုပ်ချင်တာကို လုပ်နိုင်ပြီလေ၊ ဟားဟားဟား”
ကူးယောင် လက်စားချေနိုင်ပြီဖြစ်သဖြင့် ရုတ်တရက် ထရယ်လေသည်။
*အခု လုံးဝ လက်စားချေနိုင်ပြီ*
*ငါ ပိုက်ဆံ တစ်သန်းရမယ့်အပြင်ကိုမှ ဒီကောင်မကို မီးပုံထဲ တွန်းချနိုင်ပြီ၊ မကောင်းဘူးလား*
“နင် … နင် အတည်ပြောနေတာလား”
ကျုံးဝမ် မယုံနိုင်သော အမူအရာ ဖြစ်လာရသည်။ သူမအခင်ဆုံးသူငယ်ချင်းက သူမကို မုန်းတီးနေသည်တဲ့လား။
“နာရီဝက်နေရင် ငါ အတည်ပြောနေတာ ဟုတ်လား၊ မဟုတ်လား နင် သိလာမှာပါ၊ အဲ့အချိန်ကျရင် နင် ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက်မှာ ဗလက္ကာရ အလုပ်ခံရတော့မှာလေ ဟီးဟီး”
ကျုံးဝမ်တစ်ယောက် ယောက်ျားတစ်ယောက်၏ ဖျက်ဆီးခြင်း ခံရတော့မည်ကို တွေးရုံနှင့်တင် ကူးယောင် ပျော်သလို ခံစားမိလာ၏။
ကျုံးဝမ်က ဖြူစင်မှုကို အသက်တမျှ တန်ဖိုးထားကြောင်း သူမ သိထားသည်။ အကယ်၍ သူမမချစ်သော ယောက်ျားတစ်ယောက်က သူမကို စော်ကားလာပါက သူမဘဝက သေသည်ထက် ဆိုးရွားသွားပေလိမ့်မည်။ သူမ သတ်ပင် သတ်သေလောက်သည်။
သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်လောက်ကြောင်း ကူးယောင် ကောင်းကောင်းကြီး သိပါသည်။ ထိုသို့ သိနေသောကြောင့် သူမ စိတ်လှုပ်ရှားလာပြီး တုန်ယင်လာလေသည်။
“ခွမ်း”
ကျုံးဝမ်၏ လက်ထဲမှ ဝိုင်ခွက်က ကြမ်းပြင်ပေါ် လွတ်ကျသွားသည်။ သူမအမူအရာက ထုံထိုင်းလာ၏။ ယနေ့ည ညစာစားပွဲသည် ကစားပွဲတစ်ခုသာ ဖြစ်ပြီး တစ်စုံတစ်ယောက်က သူမကို ထိခိုက်အောင် လုပ်ချင်နေကာ သူမ အခင်ဆုံးသူငယ်ချင်းက ကြံရာပါဖြစ်ကြောင်း သူမ ယခုမှ နားလည်သွားရသည်။
“ဖြောင်း ဖြောင်း ဖြောင်း”
ထိုစဉ် လက်ခုပ်သံ ထွက်ပေါ်လာသဖြင့် လူတိုင်း၏ အာရုံက အသံလာရာသို့ ရောက်ရှိသွားသည်။ လှောင်ပြုံးတစ်ခု နှင့်အတူ လူတစ်ယောက် တစ်လှမ်းချင်း လှမ်းလာ၏။
ထိုသူသည် ခမ်းနားသော ဝတ်စုံနှင့် နောက်ဆုံးပေါ် သန်းချီတန်သည့် နာရီကို ပတ်ထားပြီး အနောက်တိုင်း လူကြီး လူကောင်း တစ်ယောက်အသွင် ပေါ်နေသည်။
ထိုအခိုက်တွင် သူ၏ ဉာဏ်များသော မျက်လုံးတစ်စုံက ကျုံးဝမ်အပေါ် ကျရောက်နေပြီး သူမအား ကိုယ်လုံးတီးနှင့် မြင်လိုက်ရသကဲ့သို့ သူ၏ မျက်လုံးထဲမှ တောက်လောင်နေသော စိတ်ဆန္ဒက ဖုံးဖိမရချေ။
ထိုလူကိုမြင်သော ကျုံးဝမ်၏ ခန္ဓာကိုယ်လေး ရုတ်တရက် ယိမ်းယိုင်သွားပြီး မျက်နှာတစ်ပြင်လုံး ဖြူရော် လာလေသည်။
*အဲ့အမှိုက်ကောင်ပဲ*
ယနေ့ည သူမ ကံဆိုးပြီဖြစ်ကြောင်း သိလိုက်လေသည်။
“ဒုတိယမင်းသားလား”
ခန်းမထဲမှလူများသည် ဒုတိယမင်းသားကို တွေ့သည်နှင့် ချက်ချင်း အံ့ဩဟန် ပြလာပြီး တအံ့တဩ ပြောဆိုသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။
*ဒီနေ့ ညစာစားပွဲကို ကျင်းပတဲ့လူက အင်ပါယာရဲ့ ဆက်ဆံသူ အလောင်းအလျာတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒုတိယ မင်းသား ဖြစ်နေတာလား*
လူတိုင်း စဉ်းစားကြည့်ရုံနှင့်တင် မယုံနိုင်ကြချေ။
*ဘယ်လိုလုပ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးက ရှုကျိုးမှာ ပေါ်လာတာလဲ*
*ဘာမှလည်း မကြားမိပါဘူး*
ထိုအခိုက်တွင် ဤပွဲသို့ တက်ရောက်လာသည့် အမျိုးသားများနှင့် အမျိုးသမီးများသည် သူ့ထံမှ မျက်နှာသာ ပေးမှု ရရှိရန် စဉ်းစားနေကြသည်။ တစ်ဖက်လူသည် အင်ပါယာ၏ ထိပ်ဆုံး၌ ရပ်တည်နေသည့် လူတစ်ယောက် ဖြစ်သည်။ အကယ်၍ သူသာ တစ်ခုခု ဖြစ်သွားပါက သူတို့အသက်ကို စိုးရိမ်ရပေမည်။
ထိုစဉ် လူတိုင်း ဒူးထောက်၍ ဒုတိယမင်းသားအား ဦးညွှတ်ကာ တလေးတစား အရိုအသေ ပေးကြလေသည်။ ဒုတိယမင်းသားမှာမူ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်၌ ရှိသင့်သော ဝင့်ကြွားထည်ဝါ၍ မောက်မာဟန် ပြနေသည်။
“ဒုတိယမင်းသား”
ကူးယောင်သည် ဒုတိယမင်းသားနားသို့ နှစ်လိုသော အမူအရာနှင့် ကပ်သွားလေသည်။ ဤသို့သော လူမျိုး၏ ခုတင်ပေါ် သူမ တက်နိုင်ပါစေဟု မျှော်လင့်မိသော်လည်း ဒုတိယမင်းသားက သူမအား ငဲ့ပင်မကြည့်ဘဲ သူမ သူငယ်ချင်းကိုသာ သဘောကျသွားခဲ့သည်။ ထို့ကြောင့်ပင် သူမ ကျုံးဝမ်ကို မုန်းတီးရသည့် အကြောင်းရင်းတစ်ခု ထပ်တိုးလာသည်။
ဒုတိယမင်းသားက သူမကို အသာကြည့်လာလေသည်။
“မင်း လုပ်တာ ကောင်းတယ်၊ စိတ်မပူနဲ့ ငါ မင်းကို ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး”
ထိုစကားကိုကြားသော် ကူးယောင်သည် မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ပြောလိုက်သည်။
“ဒုတိယမင်းသားကို ကူညီနိုင်တာနဲ့တင် ကျွန်မဘဝက ကံကောင်းနေပါပြီ”
ချက်ချင်းဆိုသလိုပင် ဒုတိယမင်းသားက အဆက်မပြတ် တုန်ယင်နေသော ကျုံးဝမ်ပေါ် အာရုံရောက်သွားပြီး သရော်ပြုံး ပြုံးလိုက်သည်။
“ငါ တစ်ခါပဲ ပြောမယ် မင်း ဒီည ငါနဲ့ အိပ်ကိုအိပ်ရမယ်”
သူသည် ပါးစပ်ဟလိုက်သည်နှင့် မောက်မာတင်စီးသော စကားများသာ ထွက်လာသည်။
“မဟုတ်လို့ကတော့ ငါ လက်အောက်ငယ်သားတွေကို မင်းနဲ့အိပ်ခိုင်းလိုက်မယ််”
ဒုတိယမင်းသားသည် ရက်စက်ကြမ်းကြုတ်လှသည်။ လူတိုင်း ပြုံးစစ ဖြစ်သွားပြီး အခြားသူ၏ ကံဆိုးခြင်းကို ကျေနပ်ကာ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု ထင်မှတ်နေသည်။
*ဒီအင်အားကြီးတဲ့လူရဲ့ ပစ်မှတ်ထားတာခံရပြီဆိုတော့ မင်းကိုယ်မင်း ကံဆိုးပြီလို့သာ မှတ်လိုက်တော့*
လူတိုင်း၏ လှောင်ပြောင် အထင်သေးသော အကြည့်များနှင့် ပါးစပ်က ထုတ်မပြောသော်လည်း သူတို့ ဘာပြောမလဲ ရိပ်မိနေသောကြောင့် ကျုံးဝမ်၏ မျက်နှာ ပြာနှမ်းလာသည်။
*ဒီည သူမကံဆိုးမိုးမှောင်ကျလေပြီ*
*ငါ သနားပြီး စိတ်ပျော့သွားခဲ့လို့ ကူးယောင်ကို ခွင့်လွှတ်ပေးခဲ့မိတာ၊ ငါ အဲ့တာကို နောင်တရတယ်*
*ငါ ဒီကို လာခဲ့မိတာကိုလည်း နောင်တရတယ်*
*ငါ သတ္တိမရှိခဲ့သောကြောင့် ယဲ့ဖန်နှင့် ရှေ့ဆက်မတိုးနိုင်ခဲ့တာကို ပိုနောင်တရတယ်*
*အနည်းဆုံးတော့ အဲ့အချိန်က ငါ ဖြူစင်ပြီး သန့်စင်ခဲ့သေးတယ်*
*ဒါပေမဲ့ အခုတော့ ငါက ဒုတိယမင်းသား ဖျက်ဆီးတာကို ခံရတော့မယ်၊ ငါ မသန့်ရှင်းတဲ့ မိန်းမတစ်ယောက် ဖြစ်လာတော့မှာဆိုတော့ ဘယ်လိုလုပ် ယဲ့ဖန်နဲ့ ထိုက်တန်တော့မှာလဲ*
သူမ ယဲ့ဖန်အတွက် ရည်ရွယ်ထားခဲ့သောအရာအား အခြားသူက လုယူသွားတော့မည်ကို တွေးမိပြီး သူမနှလုံးသား တဆစ်ဆစ် နာကျင်လာရသည်။
သူမ သေရမည့်အချိန်ကို မစောင့်ဆိုင်းနိုင်တော့ပါ။ ယခု သူမ သေသာသေလိုက်ချင်တော့သည်။ သူမ ထိုစိတ်ကူးကို တွေးမိသည့်အချိန်မှစ၍ ဆက်တိုက် သေချင်နေမိသည်။
အနည်းဆုံးတော့ သူမ သေသွားလျင် ဖြူစင်နေမြဲ ဖြစ်ပြီး သူ့အပေါ် သစ္စာစောင့်သိကြောင်း ပြနိုင်ပေမည်။ သူ့စိတ်ထဲတွင် သူမက အမြဲ အပြစ်ကင်းစင်နေပေလိမ့်မည်။
ထိုသို့စဉ်းစားပြီးနောက် ကျုံးဝမ်၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပြီး တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
“ယဲ့ဖန် နောက်ဘဝကျရင် ကျွန်မ ရှင့်မိန်းမအဖြစ် နေနိုင်ဖို့ သတ္တိမွေးပါ့မယ်”
သို့သော ထိုအခိုက်တွင် ငရဲမှထွက်လာသောသကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ငါလည်း တစ်ခါပဲ ပြောမယ်၊ ဒီည မင်း ဒီမှာ သေကိုသေရမယ်”
ထိုအသံ ထွက်ပေါ်လာသောအခါ ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
“ဘယ်သူလဲ၊ ဘယ်သူက ဒီလောက် အတင့်ရဲတာလဲ၊ မင်းကများ ဒုတိယမင်းသားကို ဒီလိုပြောရဲတယ်လား”
ပရိသတ်များကြား၌ ဆူညံပွက်လောရိုက်လာပြီး ဘေးဘီသို့ လှည့်ကြည့်၍ အသံလာရာကို လိုက်ရှာကြသည်။ ထိုအခါ သာမန်အဝတ်အစားကိုသာ ဝတ်ထားသည့် ယောက်ျားတစ်ယောက် အခန်းတံခါးဝ၌ ရပ်နေပြီး ထီမထင်သော အပြုံးမျိုး ပြုံးနေသည်ကို တွေ့လိုက်ရသည်။ သူသည် အရပ်ရှည်ကာ ပိန်ပါး၍ အထက်စီး ဆန်လှသည်။
သူ၏ အဝတ်အစားကို မြင်ပြီးနောက် အားလုံးသည် အံ့ဩသော အမူအရာမှ အထင်သေးကဲ့ရဲ့သော အမူအရာ ဖြစ်သွားလေသည်။
*ဒီဆင်းရဲသားက ဘယ်ကလာတာလဲ၊ သပ်ရပ်တဲ့ ဝတ်စုံတစ်စုံတောင် မတတ်နိုင်ဘဲနဲ့ ဘာလို့ အရှက်ကွဲခံပြီး ဒီညစာစားပွဲမှာ ပေါ်လာသေးတာလဲ*
*ပြီးတော့ ပိုပြီးတော့ အဓိပ္ပာယ်မရှိတာက သူက ဒုတိယမင်းသားကိုတောင် ခြိမ်းခြောက်ရဲတာလား*
ကျုံးဝမ် ထိတ်လန့်ကာ တုန်ယင်သွားပြီး ယဲ့ဖန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ သူ ရောက်လာလိမ့်မည်ဟု သူမ ထင်မထားမိပါ။
*ငါ ဆုတောင်းနေတာကို သူ ကြားသွားတာများလား*
ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန်ကို မြင်လိုက်ရသည့် အခိုက်မှာပင် ကျုံးဝမ်၏ မရပ်မနား ခုန်နေသော နှလုံးသားက ချက်ချင်း ငြိမ်ကျသွားသည်။
ရန်သူအား ကြောက်စိတ်ပေါ်လာအောင် လုပ်နိုင်ခြင်း၊ သူ့လက်အောက်ငယ်သားများ၏ လေးစားခြင်းနှင့် သူ၏ အဖက်မတန်စွာ ပြုမူပြောဆိုတတ်သော ဟန်ပန်များက သူမစိတ်ထဲ၌ ဒီရေလှိုင်းသဖွယ် ပြန်ပေါ်လာ၏။ ထို့နောက် သူမ ဝမ်းသာစိတ်ဖြင့် ငိုကြွေးမိသည်။
*ဒီလူက ငါ့ရဲ့ စောင့်ရှောက်သူများလား၊ ဘာလို့ ငါ သူ့ကို အလိုအပ်ဆုံးအချိန်တိုင်း အမြဲ ပေါ်လာတာလဲ*
လူအုပ်ကြားထဲမှ လီဝေ့၊ ဝမ်ကျီဟောင်နှင့် ဟွမ်ထျန်းချန်တို့အားလုံး တွေဝေသွားသည်။ သူတို့ ယဲ့ဖန်နှင့် ဆုံရလိမ့်မည်ဟု ထင်မထားမိပါ။
ယဲ့ဖန်ကို တွေ့လိုက်ရသည်နှင့် သူက ဒုတိယမင်းသားကို ရန်လိုနေ၏။
*ဟာသပဲ*
*ဒါက ဒုတိယမင်းသားလေ*
*လက်ရှိဧကရာဇ်ရဲ့သား၊ တော်ဝင်မျိုးနွယ်တွေထဲက အမြင့်မြတ်ဆုံးလူ၊ ဒီလိုလူကို စိန်ခေါ်ရဲတယ်လား*
*မင်း ရူးနေပြီလား*
လီဝေ့ သတိလစ်မတတ် ဖြစ်သွားရသည်။
*ဘာလို့ ဒီလူက အမြဲ အတင့်ရဲရတာလဲ၊ ပြီးတော့ သူ ရန်စတဲ့လူတွေက တဖြည်းဖြည်း ပိုကြောက်ဖို့ကောင်းတဲ့ လူတွေချည်းပဲ*
*အရင်တုန်းက လူတွေက ထားပါတော့၊ အခု ဒီလူက နောက်လို့ရတဲ့လူ မဟုတ်ဘူးလေ*
ဒုတိယမင်းသားသည် ဆယ်စက္ကန့်မျှ မှင်တက်နေပြီးနောက် သူ့ရှေ့သို့ ပေါ်လာသည့် ယဲ့ဖန်က သူ့ကို စိန်ခေါ်ရဲလိမ့်မည်ဟု ထင်မထားမိပါ။
မကြာခင်မှာပင် သူ ပြဿနာကို သတိထားမိသွားလေသည်။ သူ ကူးယောင်အား ကျုံးဝမ်တစ်ယောက် ငါးစာကို ချိတ်မိလာစေရန် ခိုင်းခဲ့သော်လည်း ယဲ့ဖန်က ကျုံးဝမ်ကို အသုံးချ၍ သူ့ကို ပြန်ဖမ်းသွားလေသည်။
သူ ထိုသို့တွေးမိသွားသည်နှင့် ချက်ချင်း မျက်နှာမည်းမှောင်လာ၏။ ချက်ချင်းဆိုသလိုပင် သူသည် မချိုမချဉ် မျက်နှာပေးနှင့် ပြောလိုက်သည်။
“အိုး … ဒါ ငါတို့ရဲ့ ယဲ့ဘုရင်ကြီး မဟုတ်လား၊ မင်း မြို့တော်ကနေ ခွေးလိုပြေးသွားတော့ ငါက သေပြီမှတ်နေတာ”
ယဲ့ဘုရင်ဟူသော စကားက အားလုံးကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ လူအုပ်ထဲမှ လူများအားလုံး မှင်တက်ကာ ကြောက်လန့်လာ၏။
*ငါတို့ ဘာကြားလိုက်တာလဲ*
*ဒီလူက ယဲ့ဘုရင်လား*
အထူးသဖြင့် လီဝေ့နှင့် အခြားသူများပင်။ သူတို့ စိတ်ဖောက်ပြန်လုမတတ် ကြောက်လန့်သွားလေသည်။
*လူကြီးမင်းယဲ့က ယဲ့ဘုရင်လား*
လီဝေ့၏ မျက်နှာအမူအရာက အဆိုးဆုံးပင်။ အကြောင်းမှာ သူမသည် တစ်ခါက ယဲ့ဘုရင်အတုကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သော်လည်း တကယ့် ယဲ့ဘုရင်အစစ်က သူမဘေး၌ ရှိနေလိမ့်မည်ဟု ထင်မထားမိပါ။
“ယဲ့ဘုရင်လား၊ သူ ထွက်မပြေးဘူးလား၊ သူက ဘယ်လိုတောင် ပေါ်လာရဲတာလဲ”
“ကျွတ်စ် ကျွတ်စ် ဝတ်ထားတာလည်း စုတ်ပြတ်နေတာပဲ၊ ဒီအတောအတွင်း ထွက်ပြေးရတာ ခက်ခဲမယ် ထင်တယ်”
“ယဲ့ဘုရင်သာဆိုတယ် ဘာမှလည်း ထူးခြားပုံ မပေါ်ပါဘူး”
အစ၌ လူတိုင်းသည် ထိတ်လန့်သွားသော်လည်း လျင်မြန်စွာ ပြန်တည်ငြိမ်လာသည်။
*ယဲ့ဘုရင်ဆိုတော့ ဘာဖြစ်လဲ၊ အင်ပါယာရဲ့ ဖိနှိပ်မှုအောက်မှာ ခေါင်းတောင် မဖော်နိုင်ဘဲ ထွက်ပြေးနေရတာကို၊ ဘာတွေများ တော်နေလို့လဲ*
ထို့ကြောင့် လူတိုင်း၏ မျက်နှာပေါ်မှ အထင်သေးဟန်များက ပိုမို ပီပြင်လာပြီး လှောင်ရယ်သံများ ထွက်ပေါ် လာသည်။ အစ၌ သူတို့သည် ဖြတ်သွားသော ကြွက်ကို မြင်လိုက်ရသကဲ့သို့ အသည်းအသန် အော်ဟစ်ပြီးမှ လူတိုင်း၏ မျက်လုံးတွင် သရော်ဟန်များ ပေါ်လာသည်။
*ဒုတိယမင်းသားကိုတောင် ရန်စရဲတယ်ဆိုတော့ တော်တော် သတ္တိကောင်းတာပဲ*
ကူးယောင်သည်လည်း မှင်တက်နေ၏။
*ယဲ့ဘုရင်လား၊ ဒီလူက ရက်စက်တဲ့ ယဲ့ဘုရင်လား*
ယဲ့ဖန်က ပြန်မဖြေဘဲ ကျုံးဝမ်အနားသို့ လျှောက်သွားလေသည်။ သူမ သဘောတူတူ၊ မတူတူ သူမအား ခါးမှဆွဲဖက်ကာ အလေးအနက် ပြောလိုက်သည်။
“ငါ့ညီကို ထိခိုက်အောင် လုပ်တယ်၊ ငါ့မိန်းမကို အနိုင်ကျင့်တယ်၊ အဲ့နှစ်ခုလုံးအတွက် အပြစ်ပေးတဲ့အနေနဲ့ မင်း ဒီနေ့ သေကိုသေရမယ်”
*ရူးနေပြီပဲ*
လူတိုင်း ကြက်သေ သေသွားကြသည်။
*ဒီအမျိုးသမီးက ယဲ့ဖန်ရဲ့ မိန်းမ ဖြစ်နေတာလား၊ အနောက်ဘက်ကနေ နေထွက်လာတာလား*
*ဒီလိုလှပတဲ့ မိန်းကလေးက ဘာတွေများ မကောင်းတာ လုပ်ထားမိလို့ ဒီအပြစ်သားကို ချစ်မိသွားတာလဲ၊ သူ ဦးနှောက်များ ချောင်နေတာလား*
ထိုအခိုက်တွင် မရေတွက်နိုင်သော မျက်လုံးများက ယဲ့ဖန်အပေါ် အားကျမုန်းတီးသော အကြည့်များဖြင့် ကြည့်လာ ကြသည်။ ကျုံးဝမ်၏ အမျိုးသားက ဒုတိယမင်းသား ဖြစ်နေလျင် သူတို့ နားလည်နိုင်ပါသည်။ သို့သော် ယဲ့ဖန် ဖြစ်နေခြင်းက နွားချေးပုံပေါ် ပေါက်နေသော ပန်းအဖြစ်နှင့် တူနေ၏။
“မင်း သူနဲ့ အိပ်ပြီးပြီလား”
ဒုတိယမင်းသား၏ မျက်နှာက မည်းမှောင်လာသည်။ ယဲ့ဖန်၏ နောက်စကားကို သူ မသိချင်ယောင် ဆောင်ထားမိသည်။
သူ သေချာစုံစမ်းထားပြီးသား ဖြစ်သည်။ ယဲ့ဖန်နှင့် ကျုံးဝမ်က ဟိုလိုလို သည်လိုလို ဖြစ်နေသော်လည်း သူတို့သည် တစ်ခါမှ ခြေခြေမြစ်မြစ် ဆက်ဆံရေးမျိုး မရှိသလို ဆက်ဆံရေးပင် မတည်ဆောက်နိုင်ခဲ့ပေ။ ထို့ကြောင့်သာ သူ ကျုံးဝမ်နှင့် ပတ်သက်ချင်စိတ် တဖွားဖွား ဖြစ်လာရသည်။
သူ ယဲ့ဖန်ကို ကြာခိုသည်ဖြစ်အောင် လုပ်ချင်ခဲ့ပြီး ယဲ့ဖန်အား လူရယ်စရာအဖြစ် ပြုလုပ်ချင်လေသည်။ သို့သော် ယခုအခါ၌ ယဲ့ဖန်က ကျုံးဝမ်က သူ့မိန်းမဟု ပေါ်ပေါ်တင်တင် ဝန်ခံနေ၏။
*ဒါဆို သူတို့ အဲ့ဒါ လုပ်ပြီးသွားပြီလို့ ပြောချင်တာလား*
ဒုတိယမင်းသားသည် သူ့ကိုယ်သူ လင်ငယ်ဖြစ်သွားသည်ဟု ခံစားမိသွားသည်။ ယဲ့ဖန်၏ စကားကြောင့် အခြားသော အမျိုးသားများ ရင်ကွဲသွားလေသည်။
*ဘယ်လိုလုပ် ဒီလို မိန်းမလှလေးက ဒီကောင့်ဆီမှာ ပါသွားရတာလဲ*
*ဘာအကြောင်းကြောင့်လဲ*
*ဘာဥပဒေ ရှိလို့လဲ*
ကျုံးဝမ်သည်လည်း ရှက်စိတ်ကြောင့် မျက်နှာနီမြန်းကာ အံကိုကြိတ်၍ ယဲ့ဖန်ကိုမော့ကြည့်နေ၏။ သူမစိတ်ထဲတွင်မူ ကျိတ်၍ ဆူပူနေမိသည်။
*လူဆိုးကြီး*
ဒုတိယမင်းသား၏ စိတ်ထဲတွင် ရန်လိုစိတ်နှင့် ဒေါသစိတ်များ ဟုန်းခနဲ တောက်လောင်လာပြီး ကျုံးဝမ်အား ခက်ထန်စွာ စိုက်ကြည့်လေသည်။
“ငါက အင်ပါယာရဲ့ မင်းသား၊ အနာဂတ် ဧကရာဇ်လောင်း၊ မင်းက ငါ့လို မြင့်မားတဲ့လူကို ငြင်းပြီး လမ်းဘေးက ကြွက်လိုကောင်ကို လက်ခံတယ်ပေါ့လေ၊ မင်းက အဆင့်နိမ့်တဲ့ ခွေးမပဲ”
ကျုံးဝမ်က သူ့ကို အရှက်ခွဲလိုက်ခြင်းပင်။
“ဟုတ်တယ် သူက ခွေးမပဲ၊ သူက အေးစက် မာကျောချင်ယောင်ဆောင်နေတာ၊ တော်တော် အကြောမာတဲ့ကောင်မ၊ သူ့ပုံစံက ကြည့်ကောင်းပင်မယ့် တအား ဈေးပေါတာပဲ”
ကူးယောင်ကလည်း အလွန် ရွံရှာသောအကြည့်ဖြင့် ဝင်ပြောလေသည်။
“အစက ငါတစ်ယောက်တည်း မင်းနဲ့ ပျော်ပါးဖို့ စိတ်ကူးခဲ့တာ၊ ဒါပေမဲ့ အခုတော့ … ငါ့လူတွေကိုပါ တစ်ယောက်ချင်းစီ မင်းနဲ့ ပျော်ပါးခိုင်းဖို့ ဆုံးဖြတ်လိုက်ပြီ”
ဒုတိယမင်းသား၏ မျက်နှာက အလွန် အန္တရာယ်များသယောင် ပေါ်လာသည်။ ထို့နောက် သူက ယဲ့ဖန်အား အလွန် ရန်လိုစွာ ကြည့်လိုက်သည်။
“အမှိုက်ကောင် ဒီနေ့ မင်းမိန်းမကို မင်းရှေ့မှာ ငါ ကစားပြမယ်၊ မင်း ဘယ်လိုနေမလဲ ကြည့်ရသေးတာပေါ့”
သူသည် အင်ပါယာ၏ ဒုတိယမင်းသားဖြစ်ပြီး မည်သူမှ သူ့စကားကို မလွန်ဆန်ရဲသော်လည်း ယဲ့ဖန်က သူ့ကို ပေါ်တင် အရှက်ခွဲခဲ့သည်။ ထိုသို့ဖြစ်လာမှတော့ သူ ယဲ့ဖန်ကို မြေကြီးထဲ ရောက်သည်အထိ နင်းချေရပေမည်။
“ဟားဟား …”
သို့သော် ယဲ့ဖန် အသာရယ်၍ လက်ကိုဆန့်တန်းလိုက်သည်။ လူတိုင်း စိုးရိမ်သွားပြီး ယဲ့ဖန် လက်နက်ထုတ် တော့မည်ဟု ထင်လိုက်ကြသည်။ သို့သော် ယဲ့ဖန်က စီးကရက်ဘူးကိုထုတ်ကာ တစ်လိပ်ကိုမီးညှိ၍ ရှိုက်ဖွာသည် ကိုသာ တွေ့လိုက်ရသည်။
ယဲ့ဖန်က ဆေးလိပ်ငွေ့ကို အသာရှူထုတ်ပြီးနောက် မျက်နှာကျက်ကို အေးအေးလူလူ မော့ကြည့်လေသည်။
“ငါ မင်းကို ငါးမိနစ် အချိန်ပေးမယ်၊ မင်း ခေါ်နိုင်သမျှ လူတွေခေါ်လိုက်၊ ငါးမိနစ်ကျော်ရင် မင်း သေရမယ်”
*သောက်ကျိုးနည်း*
*ဒုတိယမင်းသားကို ငါးမိနစ်ကျော်ရင် သတ်မယ် ဟုတ်လား*
ထိုအခါ လူတိုင်း ဝါးလုံးကွဲမတတ် ရယ်မောလာသည်။
“ဟားဟားဟား ငါ အခု ဘာကြားလိုက်တာလဲ၊ ဒုတိယမင်းသားကို ငါးမိနစ်အတွင်း သေရမယ် ဟုတ်လား၊ ဟား … ငါ မရတော့ဘူးကွာ၊ ရယ်ရလွန်းလို့ မျက်ရည်တောင် ထွက်တယ်၊ ငါ သူ့ကို ဘီအဆင့် ပေးတယ်ကွာ”
“ဟေ့ကောင် ဒုတိယမင်းသားက ချမ်းသာပြီး အာဏာရှိတယ်၊ မင်းက ဘာရှိလို့လဲ၊ ကြက်အူချောင်းလေး တစ်ချောင်းနဲ့ ဥနှစ်ဥပဲ ရှိတာမလား၊ မင်းကို ဘယ်သူက ဒီလိုသတ္တိမျိုး ပေးတာလဲ”
“ဟေ့ ဟေ့ တာဝန်ခံ မရှိဘူးလား၊ ဘယ်လိုလုပ် သူတောင်းစားကို ဝင်ခွင့်ထွက်ခွင့် ပေးနေတာလဲ၊ သူက စိတ်ဖောက်နေတဲ့ ဆင်းရဲသားပဲ”
“ရယ်ရတယ်ကွာ”
“ဒါက အင်ပါယာရဲ့ ဒုတိယမင်းသားလေ၊ စောင့်ရှောက်သူ မရှိဘဲ ခရီးထွက်လာမယ် ထင်လား”
“အင်ပါယာရဲ့ ဆက်ခံသူ အလောင်းအလျာရဲ့ စောင့်ရှောက်သူက ဘယ်လောက် ကြောက်စရာ ကောင်းမလဲဆိုတာ ပြောနေစရာတောင် မလိုတော့ဘူး”
ဒုတိယမင်းသားကလည်း မတတ်သာဟန်ဖြင့် ခေါင်းခါလေသည်။
“အာဏာရှိတဲ့လူကို ရန်စမိရင် ဘာဖြစ်လာမလဲဆိုတာ မင်းသိအောင် ငါ ပြရမယ်နဲ့တူတယ်”
ထိုသို့ပြောနေစဉ်မှာပင် ထူးဆန်းသော အရိပ်တစ်ခုက သတိမပေးဘဲ ရောက်လာပြီး ယဲ့ဖန်ရှေ့သို့ လှစ်ခနဲ ရောက်သွားသည်။
သူသည် သန်မာ၍ ကြံ့ခိုင်ကာ ကြမ်းကြုတ်ပြီး ဖိအားများလှသည်။
“သူတော်စင်သခင်အဆင့်ကိုတောင် သတ်ရဲတဲ့ ယုရှန်းဝမ် မဟုတ်လား”
အားလုံး ဆူညံသွားပြီး ထိုလူအိုကြီးအား ကြောက်လန့်တကြား ကြည့်လာကြသည်။ အကြောင်းမှာ သူသည် ရှေးယခင်ကတည်းက ယခုအထိ နှစ်ယောက်မရှိခဲ့သော အကျော်ဇေယျ ဖြစ်သောကြောင့်ပင်။ သူသည် ဘုရင်အဆင့်နှင့် သူတော်စင်သခင်အဆင့်အား သတ်ခဲ့ဖူးသည်။
*ယဲ့ဖန်တော့ သေပြီပဲ*
*ယုရှန်းဝမ်က သူတော်စင်သခင်အဆင့်ကိုတောင် သတ်နိုင်တာ၊ ယဲ့ဘုရင်လေးဆို ဘာပြောကောင်းမလဲ*
“အရူးပဲ သူက ဒုတိယမင်းသားကို အကွက်ချချင်နေတာ၊ ဒါပေမဲ့ အဆုံးကျတော့ သူပဲ ကိုယ့်ရှူးကိုယ်ပြန်ပတ်ပြီ”
ကူးယောင်က ပျော်ရွှင်နေသော မျက်နှာထားဖြင့် ပြုံးကာ ပြောလေသည်။ ယခင်က သူမအပေါ် ယဲ့ဖန်၏ စော်ကား ပြောဆို တိုက်ခိုက်မှုများကို တွေးမိပြီး ယဲ့ဖန် ရှစ်ပိုင်းပိုင်းခံရသည်ကို မြင်ရရန် သူမ မစောင့်နိုင်တော့ပေ။
ရုတ်ချည်းဆိုသလိုပင် ဖော်မပြနိုင်သော နတ်ဘုရားစွမ်းအင်များ ပါဝင်သည့် လက်သီးတစ်လုံးက ယဲ့ဖန်၏ မျက်နှာပေါ် ကျရောက်လာ၏။
ဒုတိယမင်းသားသည်လည်း စဉ်းလဲစွာ ပြုံးနေသည်။ ယဲ့ဖန်၏ ထီမထင်သော ဟန်ပန်ကို သူ သဘောမကျပါ။ ထို့ကြောင့် သူ ယဲ့ဖန်ကို သွေးအလိမ်းလိမ်းနှင့် ကြမ်းပြင်ပေါ် ဒူးထောက်ကာ သူ့အား တောင်းပန်စေချင်နေသည်။
“ဖြောင်း”
သို့သော် ယဲ့ဖန် သေပြီဟု သူတို့ တွေးနေချိန်၌ ရိုက်သံတစ်သံ ထွက်ပေါ်လာပြီး ယဲ့ဖန်၏ လက်ဝါးက တားဆီးမရနိုင်သော လက်သီးချက်အား အသာတကြည် တားဆီးလိုက်နိုင်သည်ကို သူတို့ တွေ့လိုက်ရသည်။ ပတ်ဝန်းကျင် အခြေအနေ အေးခဲသွားပြီး လူတိုင်း ကြောက်လန့်သွားကြသည်။
*ဒါ … ဒါ တကယ် ဖြစ်နေတာ မဟုတ်ဘူးမလား*
“ဒါက …”
ဒုတိယမင်းသားသည်လည်း နားဝေတိမ်တောင် ဖြစ်သွားပြီး မယုံနိုင်သလို ဖြစ်နေ၏။
*ဒါက သူတော်စင်သခင်အဆင့်ကိုတောင် သတ်နိုင်တဲ့ မိစ္ဆာအိုကြီးလေ၊ သူ့လက်သီးချက်ကို ဘယ်သူမှ တားလို့ မရတာ*
*ဒါကို ယဲ့ဖန်က လက်တစ်ဖက်တည်းနဲ့ တားလိုက်တာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“မင်း”
ယုရှန်းဝမ်တောင်မှ အံ့အားသင့်သွားရသည်။ အင်ပါယာတွင်း၌ သူ့လက်သီးချက်အား တားဆီးနိုင်သည့်သူ များများစားစား မရှိပေ။ သို့သော် မနူးမနပ်အရွယ် ကောင်လေးက သူ့လက်သီးကို တားလိုက်နိုင်မည်ဟု သူ လုံးဝ ထင်မထားမိချေ။
“ငါ့ညီကို ထိခိုက်အောင် လုပ်ခဲ့တာ မင်းလား”
ယဲ့ဖန်က သူ့အား သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြည့်လာသည်။