အခန်း (၁၀၂၁-၁၀၂၃)
Vol. 69 Ch. 1021-1023
အခန်း (၁၀၂၁) အန်ပေါင်း သို့မဟုတ် စာအိတ်နီ
နတ်မယ်နှင့် ကိစ္စရှင်းပြီးနောက် လုယန်အပြင်ထွက်သည်။ ယွမ်မုန်ုမုန်နှင့်တွေ့သည်။
"မင်္ဂလာနှစ်သစ်ပါ ဒုခါင်းဆောင်"
ထိုသို့ပြောပြီးနောက် ယွမ်မုန်မုန်က လက်ဝါးဖြန့်သည်။ လုယန်ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ကြည့်နေသည်။ လုယန် တွေးရခက်သွားသည်။
"ဒုခေါင်းဆောင်၊ နှစ်သက်ကူးငွေလက်ဆောင်ပေးရမယ်လေ"
ယွမ်မုန်မုန် နည်းနည်းရှက်နေဟန်ဖြင့် ခပ်တိုးတိုးပြောသည်။ ထိုစကားမျိုးကို ထုတ်ပြောရသည်မှာ နည်းနည်းအနေခက်သည်။
"နှစ်သစ်ငွေလက်ဆောင်...နေပါဦး၊ ကျင့်စဉ်အဆင့်အရဖြစ်ဖြစ် အသက်အရွယ်အရဖြစ်ဖြစ် စဉ်းစားကြည့်ရင် မင်းကပဲငါ့ကို နှစ်သစ်လက်ဆောင်ပေးသင့်တာမဟုတ်လား"
"ဒါပေမယ့်နင်က ဒုခေါင်းဆောင်လေ။ ငါက တ-ခေါင်းဆောင်ပါ"
ယွမ်မုန်မုန်က တည်ကြည်ဖြောင်မတ်သည့်မျက်နှာဖြင့် ကြေညာသည်။
"ငါ..."
ယွမ်မုန်မုန်စကားကြောင့် လုယန် ပြောစရာစကားရှာမတွေ့နိုင်အောင် ဖြစ်သွားသည်။ မတတ်သာတော့သဖြင့် နှစ်သစ်ငွေလက်ဆောင်ပေးလိုက်ရသည်။
ငွေက သိပ်မများပါ။ စေတနာက အဓိကကျသည်။
"ရှောင်လု၊ မင်္ဂလာနှစ်သစ်ပါ"
ကန်ထန်လည်း ရောက်လာသည်။ လုယန်ကို နှစ်သစ်ငွေလက်ဆောင်ပေးသည်။
"ခဏနေဦး၊ ဒါလေးစားကြည့်"
ယွမ်မုန်မုနန်က ကန်ထန်ကို စက္ကူထုပ်တစ်ထုပ်ပေးသည်။
"ဒါကဘာလဲ"
ကန်ထန် စက္ကထုပ်ကိုဖြေသည်။ နေကြာစေ့၊ မြေပဲဆံနှင့် ဖရဲသီးသကြားလုံးလို စားစရာလေးများပါသည်။
"နှစ်သစ်ကူးချိန်မှာ စားသင့်တာလေးတွေ ငါကြိုတင်လေ့လာထားတာလေ"
ယွမ်မုန်မုန်က ထိုသရေစာများပြင်ဆင်ဖို့ ဘယ်ဆိုင်မှနေရာစေ့ မြေပဲစေ့များက အရသာရှိသည်ကို အာရုံစိုက်လေ့လာပြီး ကိုယ်တိုင်လုပ်တတ်အောင် သင်ထားခဲ့သည်။
"ဒုခေါင်းဆောင်၊ နင်လည်းစားပါ"
လုယန်ကိုလည်း တစ်ထုပ်ပေးသည်။
"ကျေးဇူးပါ"
လုယန် နေကြာစေ့တစ်စေ့ စားလိုက်သည်။ သိပ်သည်းသည့် ဝိညာဉ်စွမ်းအင်များ သူ့ငယ်ထိပ်သို့ ချက်ချင်းတက်လာသည်။
"ဒီနေကြာစေ့တွေ ဘယ်ကရတာလဲ"
လုယန် အံ့အားသင့်သွားသည်။ ထိုမျှသေးငယ်သည့် နေကြာစေ့ထဲတွင် ပါဝင်သည့် ဝိညာဉ်စွမ်းအင်က များလွန်းနေသည်။
"ဪ... ဆေးစိုက်ခင်းထဲမှာ နေရာတစ်ခုရှင်းလင်းပြီး နေကြာတွေ မြေပဲတွေစိုက်ထားတာပါ။ ထိပ်တန်းဝိညာဉ်ကျောက်နဲ့ အဟာရပုံမှန်ဖြည့်ပေးတယ်။ ထိုက်ယိရေစင်နဲ့ ရေဓာတ်ဖြည့်ပေးတယ်။
ပြီးတော့ ဆေးဘုရင်လေးတွေကလည်း ဂရုစိုက်ပေးကြတယ်"
ယွမ်မုန်မုန်က ပုံမှန်လေသံဖြင့်ပြောသည်။ သူသည် အပျင်းထူပြီး စိုက်ပျိုးရေးကို လျစ်လျူရှုထားသည့် ကျင့်ကြံသူမျိုးမဟုတ်။ အစားအသောက်အရည်အသွေးကို ဂရုစိုက်သည်။ ကိုယ်တိုင်စိုက်ပျိုးမှသာ အရည်အသွေးအမြင့်ဆုံး အစားအသောက်ကိုရမည်ဟု ယုံကြည်ထားသူဖြစ်သည်။
လက်တွေ့တွင်လည်း သူ့ယုံကြည်ချက်က မှန်ကန်သည်။ တစ်ခြားဘယ်နေကြာစေ့မှ သူ့နေရာကြာစေ့ကို မီနိုင်မည်မဟုတ်။
ထိပ်တန်းဝိညာဉ်ကျောက်များသုံး၍ နေကြာစိုက်သည်။ လုယန်လို ချမ်းသာသူတစ်ယောက်ပင် ထိုအကြောင်းတွေးရုံဖြင့် ကြက်သီးထမိသည်။
...အမယွမ်က မင်းကို မုန်ဖို့းတွေတွေပေးတာ အဲလိုနေရာမှာ သုံးဖို့အတွက်ပဲလား..."
"အရသာရှိတာလေးတွေ ငါ့မှာလည်း ရှိပါတယ်။ ငါကိုယ်တိုင်စိုက်ထားတာ။ ဒါကို နှစ်သစ်လက်ဆောင်လို့ သတ်မှတ်လိုက်ပေါ့"
ယွမ်မုန်မုန်က လုယန်ကို နေကြာစေ့ပေးနေသဖြင့် နတ်မယ်ကလည်း အကြောမခံ။
လေထဲမှ ရွှေပန်းသီးတစ်လုံး မှော်အစွမ်းဖြင့်ကောက်ယူပြီး လုယန်ကိုပေးသည်။
"မင်္ဂလာနှစ်သစ်ပါ ဒုခေါင်းဆောင်။ ဒါနင့်အတွက် နှစ်သစ်လက်ဆောင်ပါ"
မသေမျိုးတစ်ယောက်၏ ကောင်းချီး။ လက်အောက်ငယ်သားများကို အလေးထားသည့် အင်ပါယာအရှင်မ၏လက်ဆောင်ဖြစ်သည်။
သူ့ကိုကိုအတော်အလေးထားသည်ဟု လုယန်ခံစားနေရသည်။
"ကျေးဇူးပါနတ်မယ်"
ပန်းသီးကိုလက်ခံယူလိုက်သည်။ လတ်ဆတ်သည့်အမွှေးနံ့ကို ရှူရိုက်လိုက်သည်။ နတ်မယ်ကိုယ်တိုင် စိုက်ပျိုးထားသည်ဆိုသော်လည်း သစ်သီးတစ်လုံးသာဖြစ်၍ ဘာမှပြဿနာမရှိလောက်ဟု သူတွေးသည်။
"ဘယ်အချိန်ကတည်းက ခင်ဗျား ပန်းသီးတွေစစိုက်ခဲ့တာလဲ"
လုယန် စပ်စုလိုက်သည်။ ယွမ်မုန်မုန် ဆေးစိုက်ခင်းတွင် နေကြာစိုက်သည်မှာ မဆန်းလှ။ သူသွားမကြည့်ဖြစ်၍သာ မသိခြင်းဖြစ်သည်။ သို့သော် နတ်မယ်က သူ့သိစိတ်နယ်မြေတွင် နေထိုင်သူဖြစ်သည်။ ပန်းသီးကို ဘယ်လိုစိုက်သည်မသိ။
"ဘာပန်းသီးလဲ။ ဒါက ထာဝရအရိယဖလသန္ဓေပါ။ နင်ဒါကိုစားလိုက်တာနဲ့ အရိယဖလသန္ဓေရလာလိမ့်မယ်"
နတ်မယ်က စိတ်အားထက်သန်စွာပြောသည်။
လုယန် တုန်လှုပ်သွားသည်။ လက်ထဲမှပန်းသီးလွတ်ကျမတတ်ဖြစ်သွားသည်။
အရိယဖလသန္ဓေရဖို့ ထိုမျှလွယ်ကူသလော...
ထိုအကြောင်းသာ အပြင်လောကသို့ ပေါက်ကြားသွားလျှင် ကူးဖြတ်ခြင်းအဆင့်များ ရူးသွားကြလောက်သည်။
နတ်မယ်က ဝင့်ကြွားသည့်လေသံဖြင့် ရယ်သည်။
"ဒါကိုစားတဲ့လူတိုင်း ထာဝရအရိယဖလသန္ဓေရမယ်လို့ နင်ထင်နေတာလား။ နင်တစ်ယောက်ပဲ ရနိုင်တာပါ ဒုခေါင်းဆောင်"
"ကျုပ်မစားဘူး"
လုယန်က မြင့်မြင့်မှန်းထားသည်။ မသေမျိုးတစ်ဝက်အဆင့်လောက်ကို သူမမျှော်မှန်း။ မသေမျိုးဖြစ်ချင်သည်။ အထူးသဖြင့် နတ်မယ်အမြဲတမ်းအနိုင်ကျင့်မခံရသည့် မသေမျိုးတစ်ယောက်ဖြစ်ချင်သည်။
ဤအရိယဖလသန္ဓေကို သူစားလိုက်လျှင် သူ့ဘဝတစ်ခုလုံး နတ်မယ်လက်ထဲ ထိုးအပ်လိုက်သလို ဖြစ်သွားမည်။
သိုသော် နတ်မယ်သည် ပေးပြီးသားပစ္စည်းကို ပြန်ယူလေ့မရှိ။ လုယန်ဘယ်လောက်ပြောပြော ပြန်ယူမည်မဟုတ်။
လုယန် သက်ပြင်းချ၍ စိတ်မပါ့တပါဖြင့် ယာယီသိမ်းထားလိုက်ရသည်။
"အမယွမ်ရော ဘယ်လိုလဲ"
"ရှောင်ကျိက အိမ်ပြန်သွားတယ်။ နှစ်သစ်ကူးတစ်ရက်နေ့မှ ပြန်လာမယ်တဲ့"
ယွမ်မုန်မုန်က နေကြာစေ့အခွံခွာရင်းပြောသည်။
"မင်းရော မပြန်ဘူးလား"
"အင်း..နှစ်သစ်ကူးတစ်ရက်နေ့ကျရင် ငါလည်းပြန်ဖို့စဉ်းစားထားပါတယ်"
"ဪ...ဟုတ်ပါပြီ"
"နှစ်သစ်ကူးချိန်ခံစားချက်တွေကြောင့် သီချင်းတစ်ပုဒ်ရေးဖို့ စိတ်ကူးရလာပြီ။ ငါသွားနှင့်တော့မယ်"
နှစ်သစ်ကူးချိန်မှာပင် ကန်ထန်က ကျင့်ကြံဖို့မမေ့။
တာအိုလမ်းစဉ်ဂိုဏ်းတွင် နှစ်သစ်ကူးချိန်ကို လုယန်နှင့်ယွမ်မုန်မုန်တို့ ပထမဆုံးအကြိမ် ဆင်နွှဲဖူးခြင်းဖြစ်သည်။ နှစ်ယောက်သား တောင်အောက်သို့ဆင်းကြသည်။
မင်္ဂလာနှစ်သစ်အတွက် လှည့်လည်နှုတ်ဆက်နေသည့် မုန်ကျင်းကျိုးနှင့်တွေ့သည်။
လုယန်ကိုမြင်သည်နှင့် မုန်ကျင်းကျိုးမျက်လုံးများ စေတနာရိပ်လွှမ်းလာသည်။
"ပျော်စရာနှစ်သစ်ဖြစ်ပါစေ လောင်လု၊ ရော့...မင်းအတွက် နှစ်သစ်ငွေလက်ဆောင်"
"သွားစမ်းပါကွာ"
လုယန်က ရယ်မော၍ ကန်တော့မည့်ဟန်လုပ်သည်။ မုန်ကျင်းကျိုးက အသာအယာရှောင်တိမ်းသည်။
ခဏစနောက်နေကြပြီးနောက် လုယန်က မေးသည်။
"မင်းဘာလို့အိမ်မပြန်တာလဲ"
မုန်ကျင်းကျိုးက မျက်ခွံလှန်ကြည့်၍
"ငါ့ဘိုးဘေးက ဗုဒ္ဓနိုင်ငံမှာ သေလုမျောပါး အရိုက်ခံရပြီးနောက်ပိုင်း အတော်လေးအယူသည်းလာတယ်လေ။ ကံဆိုးတာတွေပါလာမှာစိုးလို့ ငါ့ကိုအိမ်မပြန်လာနဲ့လို့ပြောတယ်"
လုယန်လည်း စိတ်ပျက်လက်ပျက်ခေါင်းခါသည်။
"ဒီအသက်အရွယ်နဲ့ဆို မုန်ကျင်းဇီက အကျိုးသင့်အကြောင်းသင့် စဉ်းစားနိုင်သင့်တာပေါ့။ သူဘာလို့ ဒါမျိုးအယူသည်းနေတာလဲ။ ဗုဒ္ဓနိုင်ငံမှာ အရိုက်ခံရတာက သူကံဆိုးလို့ပါ။ ဘာလို့များ ငါတို့အမှားလိုလို ပြောနေတာလဲ"
"ဟုတ်ပါ့ကွာ"
မုန်ကျင်းကျိုးကလည်း အပြည့်အဝထောက်ခံသည်။ ဗုဒ္ဓနိုင်ငံတွင် သူတို့နှစ်ယောက် ဘာမှသိပ်မဖြစ်ခဲ့။ နှလုံးမဲ့ဂိုဏ်းမှ ကူးဖြတ်ခြင်းအခြေခံအဆင့်တစ်ယောက်သာ ရောက်လာသည်။ ဘာမှကြီးကျယ်ဆန်းပြားသည်မဟုတ်။
လုယန်လည်း ကိုယ့်အကြောင်းကို နှစ်ခါပြန်သုံးသပ်သည်။ ထိုကိစ္စသည် ဘာမှသိပ်အရေးမကြီးလှဟု ယူဆသည်။ ယွမ်မုန်မုန်ကို သူလှည့်မေးသည်။
"ညီမမုန်မုန်၊ တကယ်လို့မင်းသာ ဗုဒ္ဓနိုင်ငံမှာ ကူးဖြတ်ခြင်းအခြေခံအဆင့်တစ်ယောက်နဲ့ မင်းတွေ့ခဲ့ရင် ပြဿနာကြီးတစ်ခုလို့ တွေးမှာလား"
ယွမ်မုန်မုန်က နေကြာစေ့ဝါးရင်း ခဏစဉ်းစားသည်။
"ဘာမှမ၀ကြီးကျယ်ပါဘူး"
ယွမ်မုန်မုန်က သူနှင့်တစ်သဘောတည်းရှိသဖြင့် လုယန် ခေါင်းငြိမ့်လိုက်သည်။ သူ့အတွေး မှန်သည်ဟု ယူဆသည်။ လောင်မုန်ကို ဖျောင်းဖျသည်။
"လူကြီးတွေက အသက်အရွယ်ရလာရင် နည်းနည်းအယူသည်းလာတတ်တယ်။ နားလည်ပေးလိုက်ပါကွာ"
"အင်း..."
မုန်ကျင်းကျိုး သက်ပြင်းချသည်။ မျိုးဆက်သစ်တစ်ယောက်အနေဖြင့် အကြီးအကဲများ၏ဆန္ဒကို လိုက်လျောရုံသာရှိသည်။
အရိုးရိုင်းက နှစ်သစ်ကူးပွဲကျင်းပဖို့ အရိုင်းနယ်မြေသို့ပြန်သွားသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင်မရှိ။
စုယီရန်နှင့် ချင်ယန်ယန်တို့နှစ်ယောက်လုံး တာအိုလမ်းစဉ်ဂိုဏ်းသို့လာ၍ နှစ်သစ်ကူးသည်။ လီဟော်ရန်မိသားစုက ပျော်ပျော်ရွှင်ရွှင် ပေါက်စီများလုပ်နေကြသည်။
အတိအကျပြောရလျှင် ပေါက်စီအော်တိုလုပ်ပေးနိုင်သည့် မှော်ပစ္စည်းတစ်ခုတီထွင်ဖို့ စမ်းသပ်လေ့လာနေကြခြင်းဖြစ်သည်။
လုယန်နှင့်ယွမ်မုန်မုန် လာလည်သည်ကိုမြင်သည်နှင့် အားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ သို့သော် လုယန်ကြာကြာမနေရဲ။ နတ်မယ်ပါ ပေါက်စီလုပ်ဖို့ စိတ်ကူးပေါ်လာမည်ကို စိုးရိမ်သည်။
သို့သော် ကံကောင်းသည်။ ထိုမျှကြီးကျယ်ခမ်းနားသည့် အခါသမယတွင် နတ်မယ်က ပေါက်စီလုပ်ဖို့ စိတ်ကူးမရှိ။ ရှေးဟောင်းရိုးရာတစ်ခုအကြောင်းသာ စားမြုံ့ပြန်နေသည်။
"ဒါနဲ့..နှစ်သစ်ချိန်ရောက်ရင် ပေါက်စီထဲမှာ ကြေးပြားတွေဝှက်တဲ့ ဓလေ့တစ်ခုရှိတယ်မဟုတ်လား။ ကြေးပြားပါတဲ့ပေါက်စီကိုစားမိရင် ကံကောင်းတယ်လို့ ပြောကြတယ်လေ။
ငါနှစ်သစ်ကူးပေါက်စီတွေလုပ်ရင် ပေါက်စီတစ်လုံးမှာ ကြေးပြားတစ်ခု မသိအောင်ထည့်တယ်။ ပြီးရင် ဒီကြေးပြားတွေ့တဲ့လူကို တစ်နှစ်လုံး ငါးရုစိုက်ပေးမယ်လို့ ပြောလိုက်တယ်။
ဒါပေမယ့် ထူးဆန်းဆယ်။ ပေါက်စီအားလုံး စားလို့ကုန်သွားပေမယ့် ယင်ထန်တို့လေးယောက်လုံး အဲဒီ့ကြေးပြားကို ဘယ်သူမှမတွေ့ကြဘူး"
လုယန်တွေးနေသည်။ နတ်မယ်၏ကြေးပြားကိုတွေ့ပါသည်ဟု ဘယ်သူမှထုတ်ပြောမည်မဟုတ်။ သူဆိုလျှင်လည်း ကြေးပြားကို အံကြိတ်၍သာ မျိုချလိုက်မည်။
"ဒါပေမယ့် ငါ့ပေါက်စီတွေက ကြယ်သန္ဓေအစာသွပ်ထားတာဆိုတော့ ကြေးပြားကို ကြယ်သန္ဓေနဲ့များ မှားပြီးစားမိကြသလားတော့မသိဘူး"
************************************
အခန်း (၁၀၂၂) ရိုးရာဓလေ့များ
ယွမ်မုန်မုန်ကို ထောင်ယော်ယဲ့ဆီ ခေါ်သွားဖို့ လုယန်ရည်ရွယ်ခဲ့သည်။ သို့သော် သူတို့တောင်ပေါ်မတက်မီ မြူကင်းတောင်တပည့်များက တောင်ခြေတွင်စုဝေးနေကြသည်ကို မြင်လိုက်ရသည်။
အချင်းချင်းပြောဆိုရယ်မောနေကြသည်။ ထောင်ယော်ယဲ့လည်း ပါသည်။
"ညီမထောင်၊ မင်းတို့ တေင်ခြေမှာဘာလုပ်နေကြတာလဲ"
တွေးမရဖြင့် လုယန်မေးလိုက်သည်။
"ပျော်စရာနှစ်သစ်ဖြစ်ပါစေ အကိုလုနဲ့ အမယွမ်။ နှစ်သစ်ရောက်လာပြီဆိုတော့ ကျွန်မတို့ အကြီးစားသန့်ရှင်းရေးလုပ်နေတာလ"
"တောင်ခြေမှာအားလုံးရပ်ပြီး အကြီးစားသန့်ရှင်းရေးလုပ်တယ်ပေါ့"
"ဆရာရှိတယ်လေ"
ထောင်ယော်ယဲ့က ပြုံး၍ပြောသည်။
ရုတ်တရက် ပြင်းထန်သည့် စွမ်းအင်ရောင်တစ်ခု တောင်ထိပ်မှ ထိုးထွက်လာသည်။ အပြင်ဘက်သို့ ဆက်တိုက်ဖြန့်ကျက်သွားသည်။ ဖုန်မှုန့်များစွာ လွင့်ပျံထွက်လာသည်။
"ကြည့်ပါ၊ ဆရာက ခြောပြစ်ကင်းခန္ဓာစွမ်းအားနဲ့ သန့်ရှင်းရေးလုပ်နေတာ။ ပုံမှန်ဆို သူ့ရဲ့မြူကင်းနယ်မြေစွမ်းအားကို ထိန်းချုပ်ထားရတယ်။ အခု နှစ်သစ်သန့်ရှင်းရေးလုပ်တဲ့အချိန် မြူကင်းနယ်မြေစွမ်းအားကို ထုတ်လွှတ်လိုက်တော့ ဖုန်မှုန့်တွေအားလုံး ရှင်းသွားတာပေါ့။
အခု တစ်တောင်လုံး သန့်ရှင်းသွားပြီလေ"
မသေမျိုးခန္ဓာတစ်ခုကို ထိုနည်းလမ်းဖြင့် အသုံးချပုံမျိုး လုယန် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အတော်အဆင့်အတန်းမြင့်သည်။
"အဆင်ရောပြေရဲ့လား"
"ပြေပါတယ်။ ဂိုဏ်းထဲကအမတွေပြောကြသလိုပေါ့။ နှစ်စဉ်နှစ်တိုင်း ကျွန်မတို့မြူကင်းတောင်က အသန့်ရှင်းဆုံးပဲ"
ထိုစကား ယုတ္တိကျသည်ဟု လုယန်တွေးသည်။ တစ်ခြားဘယ်တောင်ထိပ်မှ ဆဋ္ဌမအကြီးအကဲလောက် သေချာသန့်ရှင်းရေးလုပ်နိုင်မည်မဟုတ်။
"အဲ..ဒါနဲ့ ..ကောင်းကင်ဂိတ်တောင်ထိပ်မှာ သန့်ရှင်းရေးလုပ်မယ့်လူ ဘယ်သူမှမရှိဘူးထင်တယ်"
လုယန် ပြန်သတိရလာသည်။ နှစ်သစ်ချိန်တွင် သန့်ရှင်းစင်ကြယ်မှုသည် တကယ်အရေးကြီးကြောင်း သူနားလည်သည်။
"လုပ်နေတဲ့လူတွေ ရှိပါတယ်"
နတ်မယ်က ပြောသည်။ လုယန်ကို စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်။ နှစ်သစ်ချိန်တွင် ပျော်စေချင်သည်။
"ကောင်းကင်ဂိတ်တောင်ထိပ်က ငါတို့ထွက်လာတော့ အရှက်မဲ့(ထာဝရအရှင်)က ထာဝရဂိုဏ်းချုပ်တို့လူစုကိုဦးဆောင်ပြီး သန့်ရှင်းရေးလုပ်နေကြတယ်၊
သူတို့ဆန္ဒအလျောက်လုပ်တာလား ရှောင်ယွမ်က ခိုင်းထားတာလားတော့ မသိဘူး"
ထာဝရဂိုဏ်းမှ သခင်လျို၊ သခင်ကောင်းတို့အပါအဝင် အားလုံးကို ယွမ်ကျိက သရဲဝိညာဉ်အဖြင့် သန့်စင်ခဲ့သည်။ အားလုံး သူ့အမိန့်ကို နာခံရသည်။
"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့"
လုယန် စိတ်သက်သာရာရသွားသည်။ နှစ်သစ်ချိန်ကို သူအပြည့်အဝပျော်နိုင်တော့မည်။
"ဖျောင်း ဖျောင်း ရွှီး ရွှီး"
နှစ်သစ်သည် ဗျောက်အိုးနှင့် မီးပန်းများမပါလျှင် ပွဲမစည်နိုင်။ နှစ်သစ်အကြိုနေ့နီးလာသည်နှင့် တာအိုလမ်းစဉ်ဂိုဏ်း၏ ပွဲတော်ပတ်ဝန်းကျင်က ပို၍သက်ဝင်လှုပ်ရှားလာသည်။
တစ်ချို့ဂိုဏ်းအမများက မီးရှူးကျည်နှစ်ခုကို တစ်ဘက်စီကိုင်၍ လေထဲတွင် လှည့်ပတ်ပျံသန်းသည်။ မီးစာကြိုးကုန်မှ လက်လွှတ်လိုက်သည်။
"ဝှီး"
မီးကျဉ်တစ်ခု လုယန်ဦးခေါင်းထက်မှ ဖျတ်သန်းသွားပြီး မလှမ်းမကမ်းတွင် ပေါက်ကွဲသွားသည်။
နောက်ထပ် တဝှီးဝှီးအသံများ ဆက်ထွက်လာသည်။ မရေမတွက်နိုင်သည့် မီးရှူးကျည်များ ပျံသန်းလာသည်။ တစ်ချိုက ဘယ်ဘက်မှ တစ်ချို့ကညာဘက်မှ ဖြတ်သန်းသွားပြီး အဆက်မပြတ်ပေါက်ကွဲသံများ ထွက်လာသည်။
ထိုအချိန်ကျမှ လုယန်မြင်သည်။ ဘေးဘယ်ညာနှစ်ဘက်တွင် ဂိုဏ်းညီအကိုမောင်နှမများစွာ စုဝေးနေသည်။ ကျောက်စိမ်းတံဆိပ်များထဲမှ မီးကျဉ်ထောင့်များ ဆွဲထုတ်၍ အချင်းချင်းပစ်နေကြသည်။ နားကွဲမတတ်ပေါက်ကွဲသံများ သူတို့ဘေးပတ်လည်တွင် ဆူညံနေသည်။
မီးကျဉ်များက သာမန်ပြင်းအားသာရှိသည်။ ချီအဆင့်ကျင့်ကြံသူလောက်ကိုသာ သေစေနိုင်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် စိတ်ကြိုက်သုံးစွဲနိုင်သည်။ ဂိုဏ်းဝင်တို့၏ အင်္ကျီကိုပင် ထိခိုက်ခြင်းမရှိ။
တစ်ချို့ဂိုဏ်းတူအကိုများက မီးကျဉ်ပျံသန်းနှုန်းကို နှေးသည်ဟု ခံစားရသည်။ လက်နှစ်ဘက်ကို အားကုန်လွှဲယမ်းပြီး တစ်ဘက်မှအုပ်စုဆီ ပစ်ပေါက်သည်။ တစ်ဘက်ကလည်း ထိုနည်းတူ တုံ့ပြန်သည်။
တစ်ချို့က ခွေးခြေခုံများအောက်တွင် မီးကျဉ်များစွာစုစည်းထားပြီး ထိုင်သည်။ မီးကျဉ်များကို မီးစထိသည်နှင့် ပေါက်ကွဲထွက်၍ ကောင်းကင်သို့မြှောက်တက်သွားကြသည်။
ခွေခြေခုံများလည်း ကောင်းကင်တွင် ပေါက်ကွဲထွက်သွားသည်။ ခမ်းနားသည့် မီးပန်းလွှတ်ပွဲတစ်ခုနှင့် တူနေသည်။
..ငါမြင်ဖူးတဲ့ မီးကျဉ်မီးပန်းလွှတ်ပွဲတွေနဲ့ မတူသလိုပါလား...
လုယန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ မီးကျည်လွှတ်ရုံမဟုတ်။ တာအိုလမ်းစဉ်ဂိုဏ်းက တိုက်ပွဲအသွင်နီးပါး ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
"အဲဒါအတော်အဆင်ပြေသားပဲ"
ယွမ်မုန်မုန် ပျော်ရွှင်စွာရယ်မောနေသည်။ သူ့မျက်လုံးတွင် မီးပန်းအလင်းရိပ်များ ထင်ဟပ်နေသည်။
"ငါငါခန္ဓာကိုယ်ဖောက်ခွဲသလောက်တော့ အားမပြင်းဘူး"
"မင်းခန္ဓာကိုယ်ဖောက်ခွဲသလောက်သာ အားပြင်းရင်လည်း ပြဿနာတက်ကုန်မှာပေါ့"
လုယန် သူ့ဘာသာတီးတိုးရေရွတ်သည်။
"မတက်ပါဘူး"
နတ်မယ် တစ်စခန်းထလာပြီး ဩဝါဒခြွေသည်။
"ဟိုအရင်က နှစ်သစ်ကူးနေ့တွေဆိုရင် ပွဲစည်သွားအောင် အမြဲတမ်း ငါလေးငါးခါလောက်တော့ ခန္ဓာကိုယ်ဖောက်ခွဲတယ်။ နောက်တော့ အဲဒါက ရိုးရာဓလေ့တစ်ခုဖြစ်လာတယ်လေ။
လူတွေက ငါ့ကိုကိုးကွယ်ကြတယ်။ ငါ့ဂုဏ်သရေကို အတုခိုးချင်ကြတယ်။ နှစ်သစ်မှာ ပျော်ချင်ကြတာလည်း ပါတာပေါ့။ ဒါပေမယ့် သူတို့က ငါခန္ဓာကိုယ်ဖောက်ခွဲသလောက်တော့ ပွဲစည်အောင်ဘယ်လုပ်နိုင်မလဲ။
ဒါကြောင့် သူတို့က မီးရှူးမီးပန်းတွေကို အစားထိုးသုံးကြတာ"
"ဒါဆို နှစ်သစ်မှာ ခန္ဓာကိုယ်ဖောက်ခွဲတာက ရှေးအကျဆုံး ရိုးရာအစဉ်အလာပေါ့"
"ဟုတ်တယ်လေ။ ငါ့ဩဇာဘယ်လောက် လွှမ်းမိုးခဲ့သလဲ နင်သိပြီမဟုတ်လား"
နတ်မယ်က ကြွားလုံးထုတ်သည်။
"အခုလုပ်နေတဲ့ နှစ်သစ်ကူးပွဲက ငြီးငွေ့စရာပဲ။ ဟိုရှေးခေတ်ကအတွေ့အကြုံမျိုး နင်လက်တွေ့သိရအောင် ငါခန္ဓာကိုယ်တစ်ခါလောက် ဖောက်ခွဲပြရမလား"
"မလိုပါဘူး မလိုပါဘူး"
လုယန် ထိတ်လန့်တကြား တားဆီးလိုက်သည်။ နတ်မယ် ခန္ဓာတစ်ကြိမ်ဖောက်ခွဲလျှင် တာအိုလမ်းစဉ်ဂိုဏ်းတစ်ခုလုံး ကောင်းကင်သို့ မြောက်တက်သွားလိမ့်မည်။
"ဘုန်း ဘုန်း ရွှီး"
ကောင်းကင်တစ်ခုလုံး ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ နဂါးအော်သံ ခြင်္သေ့ဟောက်သံများ ပြည့်နေသည်။
လုယန် ခေါင်းမော့ကြည့်သည်။ အံ့ဩရပြန်သည်။ သူ့ဂိုဏ်းတူအကိုအမများက အသွင်ပြောင်းပညာဖြင့် နဂါးနှင့်ခြင်္သေ့များအသွင်ပြောင်း၍ ကောင်းကင်တွင် အပြင်းအထန်တိုက်ခိုက်နေကြသည်။ မီးကျဉ်မီးပန်းများကို အရံလက်နက်အဖြစ်သုံးသည်။
မြင်ကွင်းက သက်ဝင်လှပသည်။ ရေပွက်ပုံရိပ်ထဲတွင် ဇာတ်လိုက်နှင့်ဗီလိန် နောက်ဆုံးရင်ဆိုင်တွေ့သည့်အခန်းကို ထိုတိုက်ပွဲပုံရိပ်မျိုး ထည့်သွင်းသင့်သည်။
"ဘာလို့ နဂါးနဲ့ခြင်္သေ့တွေ နှစ်သစ်ကူးချိန်မှာ ကကြတာလဲ"
ထိုအချက်သည် သူသိထားသည့် နှစ်သစ်အစဉ်အလာနှင့် လုံးဝကွဲပြားနေသည်။
"အဲ..ဟိုဟာကလဲ ခြင်္သေ့ပဲလား"
နဂါးနှင့်ခြင်္သေအုပ်စုထဲမှ ထူးခြားသည့် ခြင်္သေ့တစ်ကောင်ကို သူသတိထားမိလိုက်သည်။ မီတာ သုံးဆန်ခန့်ရှည်သည်။ ကြောက်စရာအသွင်မျိုးရှိသည်။ မျက်လုံးများက လုံးဝန်သည်။ အမွေးအမျှင်များက တိမ်နီရောင်ဖြစ်သည်။ ဦးချိုတစ်ချောင်းတည်းသာပါသည်။ သူကခုန်နေပုံက အတော်ထူးခြားသည်။
အတိအကျပြောရလျှင် အတော်ပျော်ရွှင်နေဟန်ဖြင့် သူ့လျှာကိုထုတ်၍ ဦးခေါင်းကိုလှုပ်ပြီး ကနေခြင်းဖြစ်သည်။
ထိုနတ်ဆိုးသားရဲက လုယန်ကြည့်နေသည်ကို သတိထားမိသဖြင့် သူ့ဆီပျံဆင်းလာသည်။ လုယန်ကိုစိုက်ကြည့်ပြီး လူ့ဘာသာစကားဖြင့်ပြောသည်။
"မင်းငါ့ကို မြင်ရလား"
"မင်းကဘယ်သူလဲ"
လုယန် လန့်သွားသည်။ မေးလာသည့်စကားက ဘယ်လိုကြီးမှန်းမသိ။
"အား...အဲဒါ ညံသားရဲမဟုတ်လား"
နတ်မယ်က ထိုသတ္တဝါ၏ဇစ်မြစ်ကို ချက်ချင်းသိသည်။
"ညံသားရဲ...အချိန်မသေမျိုး အချိန်အရိယဖလစွမ်းအားနဲ့ မွေးထားတဲ့သတ္တဝါလား"
လုယန် ပြန်သတိရလာသည်။ နတ်မယ် ညံသားရဲအကြောင်း နည်းနည်းပြောဖူးသည်။ အမယွမ်ကလည်း ညံသားရဲဖမ်းရန် ကြိူးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်းပြောဖူးသည်။
"ဟုတ်တယ်၊ အချိန်မသေမျိုးဖန်တီးခဲတဲ့ နတ်ဆိုးသားရဲပဲ။ အတော်ထူးခြားတယ်။ သူက အချိန်စီးကြောင်းထဲမှာနေတယ်။ နှစ်တိုင်း နှစ်သစ်ကူးချိန်မှာပဲ ပေါ်လာတယ်။
ပြီးရင် အချိန်ကို နောက်နှစ်သစ်အကြိုနေ့ထိ ခုန်ကူးသွားတယ်။ အမြဲတမ်း အဲလိုလည်ပတ်နေတာ။ နှစ်သစ်ကူးတယ်ဆိုတဲ့ စကားကလည်း အဲဒါကြောင့်ပဲ ပေါ်လာတာ။
သူတို့က ပျော်စရာပတ်ဝန်းကျင်မျိုးကို သဘောကျတယ်။ နှစ်တိုင်း လူသားတွေ နှစ်သစ်ကူးပွဲကျင်းပရင် သူတို့လည်း လူတွေကြားထဲခိုးဝင်ပြီး ပျော်ကြတယ်။
ဒီတစ်ခါ ငါတို့ဂိုဏ်းရဲ့ ပွဲတော်က ခါတိုင်းထက် အသံပိုကျယ်လို့ သူအာရုံခံမိတာဖြစ်မယ်။ အရိယဖလနဲ့ ဆက်နွယ်နေတဲ့သားရဲဆိုတော့ မသေမျိုးတွေပဲ သူ့ကိုမြင်နိုင်တယ်"
"ဪ...မင်းက ညံသားရဲလား"
အကျိုးအကြောင်း သိရပြီးဖြစ်၍ လုယန်မစိုးရိမ်တော့။
"မင်းက မသေမျိုးလား..မဟုတ်သေးဘူး။ မင်းက ဝိညာဉ်ပြောင်းအဆင့်ပဲ ရှိတာပါ"
ညံသားရဲ အံ့အားသင့်သွားသည်။ မသေမျိုးများသာ သူတို့ကိုမြင်နိုင်စွမ်းရှိသည်။ ယခု ဤသေမျိုးက ဝိညာဉ်ပြောင်းအဆင့်သာရှိသည်။ သူ့ကိုဘယ်လိုမြင်နိုင်သည်မသိ။ သူညံသားရဲဖြစ်ကြောင်းလည်း သိနေသည်။
ဒုခေါင်းဆောင် ဘာတွေလုပ်နေတာလဲ...
ယွမ်မုန်မုန် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် လုယန်ကိုလှည့်ကြည့်သည်။ လုယန်က မမြင်နိုင်သည်အရာတစ်ခုကို စကားပြောသည့်ပုံမျိုး လုပ်နေသည်။ သရုပ်ဆောင်နေသည်က အတော်ပီပြင်သည်။
"ဒုခေါင်းဆောင်က အဲလောက်တောင် ကလေးဆန်သေးတာလား။ ငါဆို ဆယ့်ခြောက်နှစ်ပြည့်ကတည်းက ဒါမျိုးတွေမလုပ်တာ့ဘူး"
****************************************
အခန်း (၁၀၂၃) ညံသားရဲ
"ဒီသေမျိုးက နည်းနည်းထူးဆန်းတာပဲ"
ညံသားရဲက ခနိုးခနဲ့လေသံဖြင့်ပြောသည်။ ပင်ကိုစရိုက်ကပင် စပ်စုလိုစိတ်များပြီး ပျော်တတ်သည့် သားရဲမျိုးဖြစ်သည်။ မဟုတ်လျှင် နှစ်တိုင်း လူအုပ်ကြားထဲဝင်ရောပြီး ကခုန်ကြမည်မဟုတ်။
ညံသားရဲက တစ်ချက်မာန်သွင်းအော်ဟစ်၍ လုယန်ကို ခုန်အုပ်သည်။ လုယန်က လက်မောင်းတွင် အားအပြည့်ထည့်၍ ရိုက်ချသည်။ ရုပ်ခန္ဓာ တိုးတက်ခဲ့ပြီဖြစ်၍ အနီးကပ်တိုက်ခိုက်ရသည်ကို သူအတော်အားရကျေနပ်နေသည်။
"ငါမင်းကို မကြောက်ဘူးကွ"
နှစ်ယောက်သား လုံးထွေးသတ်ပုတ်ကြသည်။ ညံသားရဲက လုယန်ကို အပေါ်စီးမှအုပ်မိုး၍ မျက်နှာတည့်တည့် အော်ဟစ်ဟိန်းဟောက်သည်။ လုယန်ကိုယ်ပေါ်သို့ တံတွေးရည်များကျလာသည်။
"ဝိညာဉ်သုံးပါးမီးတောက်...ထွီ"
လုယန်က ရန်သူကိုအငိုက်ဖမ်းဖို့ မီးတောက်စစ်ကို ပါးစပ်မှထုတ်လွှတ်တတ်အောင် သင်ယူထားသည်။ သို့သော် ညံသားရဲနှင့်တိုက်ခိုက်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူး။
မီးတောက်စစ်အပူရှိကြောင့် ညံသားရဲ၏ လည်ဆံမွှေးများ တွန့်လိပ်ညိုမည်းသွားသည်။ လုယန်က သားရဲကိုလှဲချပြီး အထက်စီးနေရာယူသည်။
လူနှင့်သားရဲ၏ ကြမ်းတမ်းသည့်တိုက်ပွဲက ခန့်မှန်း၍မရ။ ရှုပ်ထွေးသည့် နည်းဗျူဟာများ ပါဝင်နေသည်။
သို့သော် ညံသားရဲကို မြင်နိုင်သူများအတွက်သာ ဆိုလိုခြင်းဖြစ်သည်။
"ဒုခေါင်းဆောင်၊ ဘာလို့မြေပေါ်မှာ လူးလှိမ့်နေတာလဲ"
ယွမ်မုန်မုန် နားမလည်နိုင်အောင် ဖြစ်နေသည်။ နှစ်သစ်ငွေလက်ဆောင်သည် မကောင်းဆိုးဝါးဝိညာဉ်များကို အနိုင်ယူနိင်ယူရန် သုံးသည့်သွေမျိုးဖြစ်သည်။ ဒုခေါင်းဆောင် နှစ်သစ်ကူးငွေလက်ဆောင် အရနည်း၍ ကျိန်စာမိသွားခြင်းလားမသိ။
"ငါညံသားရဲတစ်ကောင်နဲ့ တိုက်ခိုက်နေတာ။ မင်းသူ့ကိုမမြင်နိုင်ဘူး"
လုယန် ပြန်ပြောသည်။ ထို့နောက် ညံသားရဲက သူ့ကိုတွန်းလှဲပြီး အပေါ်စီးသို့ရောက်သွားပြန်သည်။
"မင်းကဒဏ္ဍာရီညံသားရဲမဟုတ်လား။ တစ်ခြားတိုက်ခိုက်နည်းလေး ပြောင်းတိုက်လို့မရဘူးလားကွ"
လုယန် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ့ကိုယ်သူ ကမ္ဘာဦးအရိုင်းလူသားတစ်ယောက်လို ခံစားနေရသည်။ သူ့အပေါ် တံတွေးရည်များ အဆက်မပြတ်ကျနေသည်။
"တိုက်ပွဲရှုံးတိုင်းလည်း စစ်ပွဲမရှုံးဘူး။ မင်းနည်းလမ်းပြောင်းရင် ငါလည်းနည်းလမ်းပြောင်းမှာပေါ့"
"ထွီ...ထွီ"
ဘယ်သူမှ အနီးကပ်တိုက်ပွဲတွင် အကြောမခံချင်ကြ။ တစ်ခြားနည်းလမ်းပြောင်းမသုံးကြ။ ရုပ်ခန္ဓာစွမ်းအားနှင့် အနီးကပ်တိုက်ကွက်များဖြင့်သာ တိုက်ခိုက်ကြသည်။
လုယန်အခြေအနေကိုကြည့်၍ တမင်ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း ယွမ်မုန်မုန် သိလိုက်သည်။ အမှန်တကယ် မမြင်ရသည့်ရန်သူနှင့် တိုက်ခိုက်နေခြင်းဖြစ်မည်။
ညံသားရဲရှိမည့်နေရာကို စိတ်မှန်းဖြင့် ထိကိုင်ကြည့်ရန် သူကြိုးစားသည်။ သို့သော် သူ့လက်က လေဟာနယ်ကိုသာဖြတ်သွားသည်။ ဘာကိုမှ မထိ။
အချိန်အရိယဖလမှ ဖန်တီးထားသည့် ညံသားရဲ၏ ပင်ကိုယ်ဗီဇသည် အချိန်စွမ်းအားနှင့် ဆက်စပ်နသည်။ ဖြစ်တည်မှုဘုံနယ်မြေ လုံးဝကွဲပြားသည့် သက်ရှိအဖြင့် အသွင်ပြောင်းလဲခဲ့ပြီးဖြစ်သည်။
"ဒုခေါင်းဆောင်၊ ငါဘာကူညီပေးရမလဲ"
"မလိုဘူး။ ဒီကောင့်ကို ငါနိုင်ကိုနိုင်ရမယ်"
လုယန်၏ သွေးကြောများ ဖောင်းကားလာသည်။ ဤညံသားရဲကို အနိုင်ယူမည်ဟု သူဆုံးဖြတ်လိုက်သည်။
နတ်မယ်က သိစိတ်နယ်မြေတွင် ခုန်လိုက်ပေါက်လိုက်ဖြင့် လုယန်ကို စိတ်ဓာတ်ခွန်အားပေးနေသည်။ ညံသားရဲနှင့် တိုက်ခိုက်ခြင်းသည်။ ရိုးရာနှစ်သစ်ပွဲတော်၏ ဓလေ့တစ်ခုဖြစ်သည်။
လုယန်နှင့်ညံသားရဲ သူတစ်ပြန်ကိုယ်တစ်ပြန် အကျိတ်အနယ် တိုက်ခိုက်နေသည်။ ထိုစဉ် ရုတ်တရက် အနီရောင်တိမ်တိုက်တစ်ချို့ မိုးကုတ်စက်ဝန်းတွင် ပေါ်လာသည်။
တာအိုလမ်းစဉ်ဂိုဏ်းဆီ လျင်မြန်စွာ ရွေ့လျားလာသည်။
အနီးသို့ရောက်လာချိန်တွင် ထိုအရာသည် တိမ်တိုက်များမဟုတ်ဘဲ ညံသားရဲအုပ်ကြီးဖြစ်ကြောင်း လုယန်သိလိုက်ရသည်။
ခေါင်းဆောင်ညံသားရဲက တောင်ကုန်းငယ်တစ်ုခုစာ အရွယ်အစားရှိသည်။ ညံသားရဲမျိုးနွယ်၏ခေါင်းဆောင်ဖြစ်၍ ကြောက်စရာစွမ်းအင်ဖိအား ထွက်ပေါ်နေသည်။
ညံခေါင်းဆောင်ကိုမြင်သည်နှင့် ညံသားပေါက်က လုယန်ကို ဆက်မတိုက်ခိုက်ရဲတော့ဘဲ စိတ်မပါလက်မပါဖြင့် ဘေးသို့တွန်းလိုက်သည်။
"ခေါင်းဆောင်၊ ကျုပ်က ကလေးမဟုတ်တော့ပါဘူး။ ကျုပ်ဘာမှနားမလည်ဘူးလို့ ထင်နေလား။ ဒီမှာ မဟာနတ်ဆိုးတစ်ယောက်ရှိတယ်ဆိုတာက အလိမ်အညာတွေပဲ။ ကျုပ်ဒီကိုရောက်တာ အတော်ကြာပြီ။ ဘာနတ်ဆိုးမှမတွေ့ဘူး"
"ရူးလိုက်တဲ့ကောင်"
ညံခေါင်းဆောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မဟာနတ်ဆိုးကိုတွေ့ရင် ငါတောင်လွတ်အောင်ပြေးနိင်ဖို့ မသေမချာဘူး။ သူနဲ့တွေ့ပြီးရင် မင်းဒီလိုဆင်ပြီး လည့်ပတ်ခုန်ပေါက်နေနိုင်ဦးမယ်ထင်နေလား"
ညံခေါင်းဆောင်က ညံသားပေါက်၏လည်ပင်းကိုကိုက်ဆွဲပြီး နောက်ကျောပေါ်သို့ ပစ်တင်လိုက်သည်။
ဘာကြောင့်မှန်းမသိ။ ညံခေါင်းဆောင်က အသေးစိတ်ပြောမပြသော်လည်း 'မဟာနတ်ဆိုး'ဆိုသည်မှာ အမယွမ်ကိုရည်ညွှန်းခြင်းဖြစ်မည်ဟု လုယန်အလိုလိုခံစားမိလာသည်။
သူ့မျက်စိရှေ့တွင် အမယွမ်ကို အပုပ်ချနာမည်ဖျက်သည်မှာ ဒေါသထွက်စရာကောင်းသည်။
အမယွမ်သည် လူကောင်းဖြစ်သည်။ ကိုယ်ပိုင်ကျင့်စဉ်နည်းများ သင်ပေးသည်။ သူအန္တရာယ်ကြုံလျှင်လည်း ကူညီဖို့အပြေးရောက်လာသည်။ ထိုကဲ့သို့လူမျိုးက မဟာနတ်ဆိုး ဘယ်လိုဖြစ်နိုင်မည်နည်း။
"ဟ...သူက ငါတို့ကို မြင်ရတာလား"
ထိုအချိန်ကျမှ လုယန်ရှိနေသည့်အဖြစ်ကို ညံခေါင်းဆောင် သတိထားမိသည်။ မြေပေါ်သို့ ဆင်းလာသည်။ သေးငယ်သည့် လုယန်၏သဏ္ထာန်က ကြီးမားသည့် သူ့အညိုရောင်မျက်လုံးသူငယ်အိမ်တွင် အရိပ်ထင်နေသည်။
"ဒီကောင်လေးက စိတ်ဝင်စားစရာပဲ။ မင်းက မသေမျိုးတစ်ယောက်ရဲ့ ကောင်းချီးရထားတာဖြစ်မယ်"
ညံခေါင်းဆောင်သည် လောကအတွေ့အကြုံစုံသည်။ သူတို့ကိုအာရုံနိုင်စွမ်းရှိသည့် သေမျိုးများရှိကြောင်းသိသည်။ ထိုလူများသည့် မသေမျိုးများ ကောင်းချီးပေးထားသည့် ကံထူးရှင်များသာဖြစ်သည်။
"သူ့လည်ပင်းမှာဆွဲထားတာ ငါတို့သခင်ဆီက သစ်သားတံဆိပ်မဟုတ်လား"
ညံခေါင်းဆေင် လုယန်ရင်ဘတ်မှထွက်ပေါ်နေသည့် စွမ်းအင်ရောင်ကို ခံစားမိသည်။
"ဒါကိုပြောတာလား။ အဲဒါ ဓာတ်ငါးမျိုးဂိုဏ်းကလူတစ်ယောက် ကျုပ်ကိုပေးထားတာပါ"
လုယန် သစ်သားတံဆိပ်ကို ထုတ်ပြသည်။ လောကသစ်ပင်၏ အစိတ်အပိုင်းဖြစ်သည်။
"ငါတို့သခင်ရဲ့ မသေမျိုးခန္ဓာပဲ..."
သစ်သားတံဆိပ်ကိုကြည့်၍ ညံခေါင်းဆောင် အတွေးနစ်သွားသည်။
ယခင်ညံခေါင်းဆောင်ဟောင်းထံမှ သူတို့သခင်၏မသေမျိုးခန္ဓာမြှုပ်နှံထားသည့် တည်နေရဦကို သူသိထားသည်။
"ခဏနေဦး၊ ကျုပ်လူတစ်ယောက် သွားခေါ်ဦးမယ်"
ထိုညံခေါင်းဆောင်သည် အချိန်မသေမျိုးကို မမြင်ဖူးသော်လည်း သစ်သားတံဆိပ်မှစွမ်းအားကို အာရုံခံနိုင်ကြောင်း လုယန်သိလိုက်သည်။ ထို့ကြောင် လီဟော်ရန်ကို ချက်ချင်းသွားခေါ်သည်။
"သူ့ကိုကြည့်ပါ။ တစ်ခုခုရင်းနှီးနေသလိုမျိုး ခံစားရလား"
ညံခေါင်းဆောင် မျက်မှောင်ကျုံ့သွားသည်။ ဘာကြောင့် ထိုလူငယ်က တစ်ခြားလူတစ်ယောက်ကို သွားခေါ်လာမှန်းမသိ။
"ငါက ဘယ်လိုခံစားရမှာလဲ။ ဒီလူက ငါတို့ကိုတောင် မမြင်နိုင်ဘူးလေ"
လုယန် မျက်မှောင်ကျုံ့သွားသည်။ လီဟော်ထံမှ ဘာမှမခံစားဟု ညံခေါင်းဆောင်က ပြောနေသည်။
"အဲ..ဒါနဲ့..မင်းက ငါတို့ကိုလည်း မြင်နိုင်တယ်။ ငါတို့သခင်ရဲ့ သစ်သားတံဆိပ်လည်းရထားတယ်ဆိုတော့ ကံရေစက်ရှိတဲ့သဘောပဲ။ ငါတို့ကိုမြင်နိုင်တဲ့လူဆိုတာ ရှားတယ်။
ဒီတော့ ငါတို့မင်းကို ခရီးတစ်ခေါက်လိုက်ပို့ပါ့မယ်"
အချိန်မသေမျိုးအကြောင်း ညံခေါင်းဆောင်မစဉ်းစားတော့။ ထိုသို့စဉ်းစားနေရခြင်းသည့် ပျော်ပျော်နေတတ်သည့် သူတို့ညံမျိုးနွယ်သဘာဝနှင့်လည်း မကိုက်ညီ။ သီးခြားနယ်ပယ်တစ်ခုမှ သက်ရှိများဖြစ်၍ တစ်ခြားသတ္တဝါများနှင့်လည်း သူတို့မဆက်သွယ်နိုင်ကြ။
လုယန်လို ကံထူးရှင်မျိုးကို တွေ့လာရသဖြင့် ကောင်းကောင်းဆက်ဆံသင့်သည်။
"ဒါက..."
"လာပါ၊ ဒါက လူတွေအများကြီး လိုချင်တိုင်းမရကြတဲ့ အခွင့်အရေးနော်"
လုယန်ကို ငြင်းပယ်ခွင့်မပေးတော့ဘဲ ညံခေါင်းဆောင်က သူအင်္ကျီကော်လာကိုကိုက်၍ ကျောကုန်းပေါ်ပစ်တင်သည်။
ပုံမှန်အားဖြင့် သူတို့နှင့်စကားပြောနိုင်သည့် သတ္တဝါမျိုးကို တစ်ခါမှမတွေ့ဖူးကြ။ ထို့ကြောင့် ညံမျိုးနွယ်များ အတော်ပျော်ရွှင်နေကြသည်။ ဘေးပတ်လည်တွင်ဝိုင်းအံ့၍ စကားများအဆက်မပြတ်ပြောနေသည်။
"ညီလေး၊ မင်း ဘယ်မသေမျိုးနဲ့ တွေ့ခဲ့တာလဲ"
"အဲဒီမသေမျိုးက မင်းကို ဘယ်လိုတွေ့ခဲ့တာလဲ"
"မနှစ်ကရော ငါတို့လာတာ မင်းမြင်လား"
"ဘာလို့ နှစ်သစ်ကူးနေကြီးမှာ တိုက်ခိုက်နေကြတာလဲ။ ဘယ်သူနိုင်သွားလဲ"
"တော်တော့ တော်တော့။ ပါးစပ်ပိတ်ထားကြ။ ငါပျံတက်တော့မယ်"
ညံခေါင်းဆောင်က အော်ဟစ်လိုက်သည်။ သူ့အသွင်သဏ္ဌာန်လည်း သလင်းသားလို ကြည်လင်လာသည်။
လုယန် ထူးဆန်းသည့် အခြေနေတစ်ခုသို့ ရောက်လာသည်။ အဆုံးစမဲ့ရေစီးကြောင်းတစ်ခု သူ့ဆီတိုးဝင်လာသဖြင့် မျက်လုံးမဖွင့်နိုင်အောင်ဖြစ်နေသည်။
မျက်လုံးတစ်ဘက်ကို အတင်းကြိုးစား၍ဖွင့်ကြည့်သည်။ အချိန်စီးကြောင်းထဲသို့ ရောက်နေခြင်းဖြစ်ကြောင်း နားလည်လာည်။ သူ့အတိတ်ပုံရိပ်များ ဘေးတစ်ဘက်တစ်ချက်စီတွင် ပေါ်လာည်။
တာအိုလမ်းစဉ်ဂိုဏ်းသို့ ဝင်သည်။ အခြေတည်အဆင့်တွင် ကျားနတ်ဆိုးကိုသတ်သည်။ ထာဝရဂိုဏ်းသို့ သူလျှိုဝင်သည်။ ထာဝရနတ်မယ်ကို အသက်သွင်းသည်။ ကောင်းကင်ရုံတော်ဂိုဏ်းကိုတည်ထောင်သည်....
နောက်ဆုံး ယနေ့ညကြုံခဲ့သည့် နှစ်သစ်အကြိုနေ့မြင်ကွင်းများပေါ်လာသည်။
အဆုံးတော့မည်ဟု သူထင်လိုက်သည်။ သို့သော် နောက်ထပ်ပုံရိပ်များ ဆက်ပေါ်လာသည်။
ထိုပုံရိပ်များက အတော်မှုန်ဝါးသည်။ ပုံရိပ်တစ်ခုကိုသာ သူကောင်းကောင်းမြင်ရသည်။
ထိုပုံရိပ်တွင် လောကအလုံပိတ်သေတ္တာ ဖြေးညှင်းစွာပွင့်သွားသည်။ အဆုံးစမဲ့တောက်ပနေသည့် ကြယ်ကောင်းကင်ပေါ်ာလသည်။
"ဘုန်း"
ညံခေါင်းဆောင်က အချိန်စီးကြောင်းထဲမှ ထွက်လိုက်သည်။ ဘေးပတ်လည်မှပုံရိပ်အားလုံး ပျောက်ကွယ်သွားသည်။