အခန်း (၁၀၂၄-၁၀၂၆)
Vol. 69 Ch. 1024-1026
အခန်း (၁၀၂၄) အဆင်ပြေမှာပါ
အချိန်စီးကြောင်းမှ ထွက်ပြီးနောက် ညံသားရဲကျောပေါ်တွင် စီးနင်းနေခြင်းဖြစ်ကြောင်း လုယန် သူ့ကိုယ်သူသတိထားမိလာသည်။ ဘေးပတ်လည်တွင် ညံသားရဲတို့အရောင်အသွေးနှင့် တစ်ထပ်တည်းကျသည်။ မီးနီရောင်တိမ်တိုက်များ ဝန်းရံနေသည်။
တိမ်တိုက်လွှမ်းခြုံထားသည့် သားရဲများက လောကတစ်ခွင့်လည့်လည်ကစားနေကြသည်။ သို့သော် သူတို့ကို ဘယ်သူမှမမြင်နိုင်ကြ။
"နတ်မယ်၊ ခင်ဗျားခုနကမြင်ကွင်းကို မြင်လိုက်လား"
လုယန် ရင်ထိတ်နေသည်။ အနာဂတ်တစ်ချိန်ချိန်တွင် လောကသေတ္တာပွင့်မည်။ သို့ဆိုလျှင် မသေမျိုးငါးယောက်၏ အရိယဖလများ အတူစုစည်းမိပြိး လျှို့ဝှက်ရန်သူကို အနိုင်ရခဲ့သည့်သဘောဖြစ်သည်။
သို့မဟုတ် မဟာချန်အင်အားစုများက မသေမျိုးငါးယောက်၏ အရိယဖလများကို စုစည်းနိုင်ခဲ့ခြင်းလည်းဖြစ်နိုင်သည်။
"အမ်..ဘာလဲ။ နင်ဘာပြောလိုက်တာလဲ"
နတ်မယ်လေသံက အိပ်ချင်မူးတူးလေသံဖြစ်သည်။ ကောင်းကောင်းဦးနှောက်ကြည်သေးဟန်မရှိ။
"ခုနကမြင်ကွင်းကို ခင်ဗျားမြင်လိုက်လားလို့ မေးနေတာ"
ထာဝရနတ်မယ် ယနေ့ စိတ်နှင့်ကိုယ်မကပ်သလိုဖြစ်နေသည်ကို လုယန် ဘာမှသိပ်မစဉ်းစားမိ။
"ခုနက ငါ့ပုံရိပ်...အဲ နေဦး၊ ခုနက နင်ဘာမြင်ခဲ့တာလဲ"
အချိန်မသေမျိုးပြောခဲ့သည့်စကားကို သူရုတ်တရက် ပြန်သတိရလာသည်။ အနာဂတ်ကိုကြည့်ချိန်တွင် မြင်ရသည့်မြင်ကွင်းများသည် တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ဟု ပြောသည်။
"လောကသေတ္တာပွင့်တာလေ။ ဘာလဲ။ ကျုပ်တို့မြင်တာချင်း မတူလို့လား"
"ဪ..အတူတူပဲ။ အတူတူပါပဲ။ အချိန်မသေမျိုးက ဒီဖြစ်စဉ်အကြောင်း ပြောဖူးတယ်။ အချိန်စီးကြောင်းထဲ ရောက်ကသွားရင် အတိတ်နဲ့အနာဂတ်ကိုမြင်ရတယ်။
ဖြတ်သန်းခဲ့တဲ့အတိတ်က သေချာတယ်။ ဒါပေမယ့် အနာဂတ်ကတော့ မသေချာဘူး။ မြင်နေရတဲ့အနာဂတ်ဟာ ဖြစ်နိုင်ခြေအများကြီးထဲက တစ်ခုပဲတဲ့"
"ဪ အဲလိုလား"
"ကဲ..ကောင်လေး၊ မင်းအနာဂတ်ကို မြင်ခဲဲ့ရဲ့လား။ မင်းကိုပြောခဲ့သားပဲ။ ငါတို့ညံသားရဲတွေကို တွေ့ဖို့ဆိုတာ လူအများစုမရနိုင်တဲ့ အခွင့်အရေးပါ။...ကဲ မင်းဘာမြင်ခဲ့လဲ. အနာဂတ်မှာ မင်းမဟာကျင့်ကြံသူကြီးဖြစ်နေတာမျိုး မြင်ခဲ့လား။
ဒါမှမဟုတ် မိန်းမတွေအများကြီး ရနေတာမျိုးလား"
ညံခေါင်းဆောင်က ရယ်မော၍မေးသည်။ သူစပ်စုခြင်းမဟုတ်။ စကးပြောစရာအကြောင်းတစ်ခု ရှာခြင်းသာဖြစ်သည်။ လုယန် ခဏစဉ်းစားသည်။ ဤညံခေါင်းဆောင်သည် အသွင်သဏ္ဌာန်က ကြောက်စရာကောင်းနေသော်လည်း စိတ်သဘောထားကောင်းသည်။
ထို့ကြောင့် သူမြင်ခဲ့သည့်ပုံရိပ်အကြောင်း ဖုံးကွယ်ထားစရာလိုမည်မထင်။
"လောကသေတ္တာပွင့်တာကို ကျုပ်မြင်ခဲ့တယ်"
သူ့စကားဆုံးသည်နှင့် ပျံသန်းနေသည့် ညံခေါင်းဆောင် တုံ့ခနဲရပ်သွားသည်။ အရှိန်ပါလာသဖြင့် လုယန်ရှေ့သို့သုံးလေးပတ်လိမ့်ထွက်၍ ညံခေါင်းဆောင်၏ ဦးခေါင်းရှေ့သို့ရောက်မှ ရပ်သွားသည်။
"ဘာရယ်။ မင်းဘာပြောလိုက်တယ်"
ညံခေါင်းဆောင် လုယန်ကို တအံ့တဩကြည့်နေသည်။ သူ့အတွေ့အကြုံအရ အချိန်စီးကြောင်းထဲဝင်၍ အနာဂတ်ကြည့်သူများ၏ မြင်ကွင်းသည် သူတို့ကိုယ်ပိုင်ဘဝနှင့် အမြဲဆက်စပ်နေသည်။
တစ်ခြားညံသတ္တဝါများလည်း မယုံကြည်နိုင်သည့်မျက်နှာမျိုး ဖြစ်နေသည်။
လုယန်မြင်ခဲ့သည့် အနာဂတ်က ဖြစ်နိုင်ခြေတစ်ခုသာဖြစ်သည်။ သို့သော် ထိုဖြစ်နိုင်ခြေလေးသည်ပင် ကြောက်စရာကောင်းလွန်းနေသည်။
လောကသေတ္တာပွင့်သည့်ကိစ္စသည် ဤလူငယ်၏ကံကမ္မာနှင့် ဆက်စပ်နေသလားမသိ။
အနာဂတ်ကာလတွင် ထိုလူငယ် ဘာလုပ်ခဲ့သနည်း...
"လောကသေတ္တာပွင့်တယ်လေ။ အဲဒါဘာဖြစ်လို့လဲ"
လုယန် အူကြောင်ကြောင်ဖြစ်နေသည်။ ဘာကြောင့် ညံသားရဲများ ထိုမျှအံ့ဩနေကြသည်မသိ။
"နတ်မယ်၊ သူတို့ဘာလို့အဲလိုဖြစ်သွားတာလဲ"
"မသိဘူး"
ထိုသို့ဖြစ်စရာအကြောင်းမရှိဟု နတ်မယ်ယူဆသည်။ ပထမဦးစွာ ရှောင်ယန်က သူ့ကိုအသက်သွင်းခဲ့သည်။ ထို့နောက် ယင်ထန်မသေမျိုးနှင့်တွေ့သည်။ နောက်ဘယ်သူနှင့်ထပ်တွေ့ဦးမည်မသိ။ လောကသေတ္တာပွင့်သည့်ကိစ္စနှင့် ရှောင်ယန်ကံကြမ္မာဆက်စပ်နေသည်မှာ ဘာမှထူးဆန်းသည်မဟုတ်။
"မဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး"
ဣန္ဒေပျက်သွားမှန်း ကိုယ့်ကိုယ်ကို သတိထားမိလိုက်သဖြင့် ညံခေါင်းဆောင် အမူအရာပြင်၍ ချက်ချင်းပြန်ပြောသည်။
ညံသားရဲများသည် လွတ်လပ်မှုကို တန်ဖိုးအထားဆုံးဖြစ်သည်။ ထို့ကြောင့် လုယန်လို ထူးခြားသည့် ကံကြမ္မာရှိသူမျိုးနှင့် ကြုံရမည်ကို အကြောက်ဆုံးဖြစ်သည်။ ထိုကံကြမ္မာစက်ဝန်းထဲတွင် သူတို့ပါ ရောပါသွားမည်ကို စိုးရိမ်ကြသည်။
"ဒါနဲ့၊ ခုနက ငါမမေးဖြစ်ဘူး။ မင်းက တာအိုလမ်းစဉ်ဂိုဏ်းကလား"
"ဟုတ်ပါတယ်"
"ဒါဆို ယွမ်ကျိကိုသိလား"
"သိပါတယ်။ ကျုပ်ရဲ့ ဆရာတူအမအကြီးဆုံးပါ"
"ဟားဟားဟား။ အဲလိုကိုး။ ငါတောင်းပန်ပါတယ်ကွာ။ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့"
ညံခေါင်းဆောင် လုယန်ကို အပျော်ခရီးဆက်မပို့ချင်တော့။ ကံကြမ္မာ ဆက်နွယ်မှုပြင်းထန်သည့် လူတစ်ယောက်ဖြစ်သည်။
မဟာနတ်ဆိုး၏ ဆရာတူမောင်လေးဖြစ်သည်။ ဝေးဝေးခွာနေခြင်းကသာ ပိုကောင်းသည်။
ညံသားရဲများ တိမ်နီကိုစီး၍ အမြန်ထွက်ပြေးသွားသည်။ လုယန်တစ်ယေက်သာ ရပ်လျက်ကျန်နေခဲ့သည်။
"နေဦးလေ၊ ကျုပ်ကိုတော့ ပြန်လိုက်ပို့ဦးမှပေါ့"
လုယန် သားရဲအုပ်နောက်သို့ ချက်ချင်းလိုက်သည်။ ညံခေါင်းဆောင်က သူနှင့်အတူ နေ့တစ်ပိုင်းကြာအောင် ပျံသန်းခဲ့ခြင်းဖြစ်သည်။ ဘယ်နေရာကို ခေါ်လာမှန်းလည်းမသိ။
သို့သော် ယွမ်ကျိသည်ပင် အချိန်ခရီးသွားသည့် ညံသားရဲကို မီအောင်မလိုက်နိုင်ခဲ့။ လုယန်က ဘယ်လိုမီနိုင်မည်နည်း။
ခဏအကြာတွင် ညံသားရဲများကို သူမျက်ခြေပြတ်သွားသည်။ ထို့ကြောင့် သူလက်လျှော့လိုက်ရသည်။
"ဒါနဲ့...ဒါကဘယ်နေရာလဲ"
မနီးမဝေးမှ သက်ဝင်လှုပ်ရှားနေသည့် မြို့တော်တစ်ခုကို သူမြင်ရသည်။ လေထဲတွင် ရောင်စုံမီးရှူးမီးပန်းများပြည့်နေသည်။ ရောင်ခြည်စက်ဝန်းများ၊ ကြာပွင့်သဏ္ထာန်များ၊ ဗုဒ္ဓပုတီးကုံးပုံရိပ်များ...အားလုံးက အံ့ဩစရာကောင်းလောက်အောင် လှပကြသည်။
မီးရှူးမီးပန်းပေါက်ကွဲသံများကို သူရပ်နေသည့်နေရာမှ ရှင်းလင်းစွာကြားရသည်။
မြိုတော်ကို အဆုံးအစမဲ့သဲကန္တာရက ဝန်းရံထားသည်။
လုယန် မြေပေါ်သို့ဆင်းပြီး မြို့ဆီလျှောက်သွားသည်။ မြို့တော်ဂိတ်တံခါးအထက်တွင် ရေးထွင်းထားသည့် စာလုံးကြီးများကို မော့ကြည့်သည်။
အနောက်ကောင်းကင်။
........
"အခြေအနေမကောင်းဘူး။ ဒုခေါင်းဆောင်ကို ညံသားရဲကဖမ်းသွားပြီ"
ဒုခေါင်းဆောင် မျက်စိရှေ့မှ ရုတ်တရက်ပျောက်သွားသည်ကို ယွမ်မုန်ုမုန် တွေ့ခဲ့ရသည်။ ညံသားရဲနှင့်တိုက်ခိုက်နေသည်ဟု လုယန်ကြွားလုံးထုတ်ခဲ့သည်ကို ပြန်သတိရလာသည်။ စိုးရိမ်စိတ်ဝင်လာသည်။
"မဖြစ်ဘူး မဖြစ်ဘူး။ ရှောင်ကျိကို အကူအညီသွားတောင်းရမယ်"
ယွမ်မုန်မုန် တာအိုလမ်းစဉ်ဂိုဏ်းမှ ချက်ချင်းထွက်သွားသည်။ လီဟော်ရန်က နေရာတွင်ရပ်လျက် အူတူတူမျက်နှာဖြင့် ကျန်ခဲ့သည်။
လုယန်ဘာကြောင့် ဤနေရာသို့ခေါ်လာသည်ကို သူယခုထိ နားမလည်သေး။
......
"အကိုလုကို ညံသားရဲက ဖမ်းသွားတယ်။ အဲဒါ နှစ်သစ်ရိုးရာဓလေ့များလား"
လုယန်အတွက် စိုးရိမ်နေသဖြင့် ယွမ်မုန်မုန် မက်မွန်လျှို့ဝှက်နယ်မြေသို့ တန်းပြန်သည်။
ရေကန်တစ်ခုအထက်သို့ ရောက်လာသည်။ ရေထဲသို့ ဒိုင်ပင်ထိုးချ၍ ကန်အောက်ခြေအထိ စုန်ဆင်းသွားသည်။
လျှို့ဝှက်မြေက ယွမ်မုန်မုန်ရောက်လာသည်ကို အာရုံခံမိသည်။ ကန်အောက်ခြေတွင် ရေဝဲတစ်ခုပေါ်လာပြီး သူ့ကိုစုပ်ယူသွားသည်။
ဇာတိမြေ၏ မက်မွန်ရနံ့တို့က သူ့ကိုကြိုဆိုနေသည်။ မက်မွန်လျှို့ဝှက်မြေသည် သာယာလှပသည်။ မက်မွန်ပန်းများ နေရာစုံတွင် ပွင့်နေသည်။ မက်မွန်ရနံ့များ လေထဲတွင် သင်းပျံ့နေသည်။
မြစ်ကြေင်းများက သစ်မြစ်များသဖွဲ ဖြာထွက်နေသည်။ ရေမျက်နှာပြင်ပေါ်တွင် သိပ်သည်းသည့်ဝိညာဉ်စွမ်းအင်မြူများ စုစည်းနေသည်။ လျှို့ဝှက်မြေတစ်ခုလုံး၏ စွမ်းအင်သိပ်သည်းမှုက မသေမျိုးငါးးဂိုဏ်းနှင့် တန်းတူအဆင့်ရှိသည်။
"မုန်မုန်"
လျှို့ဝှက်မြေမှလူများ သူ့ကိုပြုံးပြနှုတ်ဆက်ကြသည်။ သူတို့လည်း နှစ်သစ်ကူးပွဲကျင်းပနေကြသည်။
"ညီမနန်အာ။ ရှောင်ကျိဘယ်မှာလဲ"
ယွမ်မုန်မုန် အလောတကြီးမေးလိုက်သည်။
"ရှောင်ကျိလား။ အဘွားနဲအတူရှိမယ်ထင်တယ်။ ဘာတွေလောနေတာလဲ။ သူ့ကိုဘာလို့တွေ့ချင်တာလဲ"
"အရေးကြီးကိစ္စရှိလို့ပါ။ နောက်မှရှင်းပြမယ်"
ယွမ်မုန်မုန်ရောက်သွားချိန်တွင် ယွမ်ကျိက အဘွားဖြစ်သူကို အပြင်လောကမှဇာတ်လမ်းများ အေးအေးလူလူ ပြန်ပြောပြနေသည်။
"မုန်မုန်ပြန်လာပြီလာ။ လာပါ၊ အဘွားနားမှာ လာထိုင်"
သူ့အဘွားက ပြုံး၍လက်ယပ်ခေါ်သည်။
အဘွားဟုခေါ်ရသော်လည်း အသက်နှစ်ဆယ်အရွယ်မျိုးသာဖြစ်သည်။ ဟန်ပန်အမူအရာ အတော်တည်ငြိမ်သည်။
"အဲ...မုန်မုန်၊ နင်ဘာလို့ဒီရောက်လာလဲ"
ယွမ်ကျိက လက်ဖက်ရည်ခွက်ကိုချ၍ နည်းနည်းအံ့ဩသွားဟန်ဖြင့် မေးသည်။
"မင်္ဂလာနှစ်သစ်ပါ အဘွား။ ကျွန်မ အရေးကြီးကိစ္စတစ်ခုရှိလို့ ဒီမှာမနေနိုင်သေးဘူး။...ရှောင်ကျိ၊ ကိစ္စက အရေးကြီးတယ်။ ဒုခေါင်းဆာင်ကို ညံသားရဲက ခေါ်သွားတယ်"
"ဟုတ်လား။ ဘယ်လိုဖြစ်တာလဲ"
"အင်း...ဒုခေါင်းဆောင်နဲ့ငါ မီးပန်းတွေ ကြည့်နေတာ။ သူက ရုတ်တရက်ကြိး မြေပေါ်ကို 'ဘုတ်'ခနဲလှဲချပြီး လူးလှိမ့်နေတယ်။
ပြီးတော့ တစ်ခုခုကို "ဝုန်းခနဲ"ချက်ချင်း တွန်းလှဲလိုက်တယ်။ အဲဒါက ညံသားရဲလို့ သူပြောတယ်။ နောက်တော့ ဘယ်လိုဖြစ်မှန်းမသိဘူး။
သူချက်ချင်းခုန်ထပြီး လီဟော်ရန်ကို သွားခေါ်တယ်။ ပြီးတော့ တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးနေသလို စကားတွေပြောတယ်။
ပြီးတော့ 'ဝှီး'ခနဲ လေပေါ်မြောက်တက်ပြီး ပျောက်သွားတယ်။ တစ်ခုခုက သူ့ကိုဆွဲခေါ်သွားသလိုမျိုးပဲ"
ယွမ်ကျိ လက်ဖက်ရည်ခွက်ကို ပြန်ချသည်။ ယွမ်မုန်မုန်၏ မြည်သံစွဲအလင်္ကာစကားလုံးများကို အရေးမစိုက်ဘဲ တွေးတွေးဆဆဟန်ဖြင့် ပြန်ပြောသည်။
"ဪ...သဘောပေါက်ပြီ။ အဲလိုဖြစ်တာလား။ စိတ်မပူပါနဲ့။ သူအဆင်ပြေမှာပါ"
*********************************
အခန်း (၁၀၂၅) တို့ဟူးအရှင်
"ငါဘာလို့ နှစ်သစ်ကူးချိန်မှာ အနောက်ကောင်းကင်မြို့တော်ကို ရောက်နေတာလဲ"
သူ့မျက်နှာ ကြောင်တက်တက်ဖြစ်နေသည်။ ကျင့်ကြံသူဖြစ်သော်လည်း သူသည် အယူမသီးတတ်။ သို့သော် လက်ရှိအခြေအနေက မင်္ဂလာမရှိဟု ပြောရလောက်အောင် ရှုပ်ထွေးနေသည်။
အစက "အနောက်ကောင်းကင်"ဆိုသည့် စကားကြောင့် သူနားမလည်နိုင်အောင်ဖြစ်ခဲ့သည်။ သို့သော် သူနားလည်လာသည်။ မဟာရှားတော်ဝင်နန်းတော်နှင့် အဆင့်တူဖြစ်သည့် အနောက်မိုးပျံဘုံကျောင်းက ဤအနောက်ကောင်းကင်မြို့တော်ကို အုပ်ချုပ်သည်။
'ညံသားရဲတွေပျံသန်းတဲ့နှုန်းက အဲလောက်တောင်မြန်တာလား။ အနောက်ကောင်းကင်မြို့တော်ကို ခဏလေးနဲ့ရောက်တယ်ပေါ့"
ညံခေါင်းဆောင်ကျောကုန်းပေါ် သူစီးခဲ့ရသည့်အချိန် သိပ်မကြာလိုက်ဟု ထင်မိသည်။
နှစ်သစ်ကူးချိန် အနောက်ကောင်းကင်မြို့တော်သို့ လာလည်ဖြစ်ဖို့ မလွယ်လှ။ ခိုင်ဟွမ်မြို့တော်တွင် သူ့ကိုဆက်ဆံကြပုံကို ပြန်သုံးသပ်ကြည့်လျှင် ဤအနောက်မိုးပျံဘုံးကျောင်းထဲ လှည့်ပတ်လျှောက်ကြည့်လည်း ပြဿနာဖြစ်နိုင်စရာမရှိလောက်။
"ဟုတ်ကဲ့၊ ကျုပ်မြို့ထဲကို တင်ချင်ပါတယ်"
နှစ်သစ်ကူးအကြိုနေ့မှာပင် မြို့တော်ဂိတ်တံခါးကို ပုံမှန်အတိုင်းဖွင့်ထားသည်။ ဗုဒ္ဓကိုယ်တော်များ စောင့်ကြပ်နေသည်။
လုယန်က ကျောက်စိမ်းတံဆိပ်ကို သက်သေခံအဖြစ် ထုတ်ပေးလိုက်သည်။
"လုယန်လား"
တံဆိပ်ပေါ်မှ နာမည်ကြောင့် ဂိတ်စောင့်ကိုယ်တော် အံ့အာသင့်သွားသည်။ ထို့နောက် လုယန်၏မျက်နှာကို သေချာကြည့်သည်။ ပို၍အံ့အားသင့်လာသည်။
ဒဏ္ဍာရီလုယန်များလား...
လုယန် မြို့ထဲသို့ အနှောက်အယှက်မရှိဝင်လာသည်။
"ဗုဒ္ဓနိုင်ငံကထွက်ရင် နည်းနည်းခက်လောက်တယ်။ နယ်စပ်ကနေ ခိုးဖြတ်ရမှာပဲ"
လုယန် သက်ပြင်းချသည်။ တစ်ခြားနည်းလမ်းမရှိ။ အထွက်မှတ်တမ်းသာရှိပြီး အဝင်မှတ်တမ်းမရှိလျှင် ရှင်းပြရခက်မည်။
ညံသားရဲများက သူ့ကို နိုင်ငံအပြင်သို့ အတင်းခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း မဟာရှားအရာရှိများကို ပြောပြလျှင်ပင် ကျန်းပင်ကန်းမှလွဲလျှင် ဘယ်သူမှယုံမည်မဟုတ်။
"အနောက်ကောင်းကင်မြို့တော်က အတော်သာယာတာပဲ"
ရှုခင်းကြည့်ရင်း သူအေးအေးလူလူလျှောက်သွားသည်။ နှစ်သစ်ပွဲတော်ပတ်ဝန်းကျင်က တာအိုလမ်းစဉ်ဂိုဏ်းထက် များစွာပိုအဆင်ပြေသည်။ အနည်းဆုံးတော့ ဤနေရာမှ မီးကျဉ်မီးပန်းများသည် လူမသေမနိုင်။
ကလးများက မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ မီးပန်းများ မီးရှို့နေသည်ကို မြင်ကြရသည်။ မမီးကျည်မီးပန်းမကစားခဲ့ရသည်မှာ အတော်ကြာပြီဖြစ်၍ လုယန်လည်း ကလေးများနှင့်အတူ ဆောင်ကြောင့်ထိုင်၍ မီးပန်းများကို မီးညှိသည်။
တစ်ခါတစ်လေ သုံးပြီးသားမီးပန်းအဟောင်းများကြားမှ မသုံးရသေးသည့် မီးပန်းများရှာတွေ့သည်။ တစ်ခုချင်းလိုက်ကောက်ပြီး လက်ဝါးထဲစုကိုင်၍ ရသာသုံးမျိုးမီးတောက်ဖြင့် မီးညှိသည်။ ထို့နောက် ဘေးသို့လွှင့်ပစ်သည်။ အတော်ပျော်နေသည်။
လေးပင်သည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ မီးကျည်မီးပန်းများစွာ ကောင်းကင်သို့တက်သွားပြိး တစ်ပြိုင်တည်းပေါက်ကွဲသွားသည်။ တောက်ပသည့်မီးပွားများ ဘေးသို့ပြန့်ကျဲသွားသည်။ အော်ဟစ်သံနှင့် ဗုဒ္ဓကျမ်းရွတ်သံများ မြို့တော်တစ်ခုလုံး ဖြေးဖြေးမှန်မှန်ထွက်ပေါ်လာသည်။
နှစ်သစ်ရောက်လာပြီဖြစ်သည်။
ခေါင်းလောင်းသံလာရာဆီ လုယန်လှမ်းကြည့်သည်။ အနောက်မိုးပျံဘုံကျောင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
သူ့သိစိတ်နယ်မြေလည်း ထိုနည်းတူပင် သက်ဝင်လှုပ်ရှားနေသည်။ ဂီတသံများမြိုင်ဆိုင်သည်။ စည်သံများဟိန်းထွက်နေသည်။ ဗျောက်အိုးကွဲသံများ ဆူညံနေသည်။ ထိုအသံများကြားမှာ နတ်မယ်၏ "နှစ်သစ်ရောက်ပြီဟေ့"ဟူသည့် ပျော်ရွှင်စွာအော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။
"ပြီးတော့ ဒုခေါင်းဆောင်၊ နင့်အကြောင်း သိသွားကြပြီ။ ပြေးဖို့ပြင်ထားတော့"
နတ်မယ်က စေတနာဖြင့် သတိပေးသည်။
"ဘာရယ်...နတ်မယ်၊ ခင်ဗျားဘာပြောလိုက်တာလဲ။ ကျုပ်ကောင်းကောင်းမကြားရဘူး"
သိစိတ်နယ်မြေက အသံဗလံများ ဆူညံနေသဖြင့် သူကောင်းကောင်းမကြားရ။
နတ်မယ် ပြောသည့်စကားကို 'နင်...သိသွား...ပြေးဖို့.."လောက်သာ ပြတ်တောင်းပြတ်တောင်းကြားလိုက်ရသည်။
ဗုဒ္ဓအလင်းတစ်ခု ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ ထို့နောက် အလင်းစက်ဝန်းကျုံ့လာပြီး လုယန်ကိုဖုံးအုပ်သွားသည်။
ကိုယ်တော်တစ်ပါးက အော်မီတော်ဖော်ရွတ်၍ ပေါ်လာပြီး လုယန်ကိုပြောသည်။
"ဒကာလုပေါ်လာတာ ကျူပ်တို့အတွက် ဂုဏ်တက်စရာပါပဲ။ အနောက်မိုးပျံဘုံကျောင်းက ထွက်ပြီးမကြိုဆိုမိခဲ့တဲ့အတွက် နားလည်ပေးပါ။ ကျုပ်နဲ့အတူ ဘုံကျောင်းကို ဧည့်သည်အဖြစ်လိုက်ခဲ့ပါလား"
တာအိုလမ်းစဉ်ဂိုဏ်းပါရမီရှင် လုယန် ရောက်လာကြောင်း မြို့တော်ဂိတ်စောင့်ကိုယ်တော်များထံမှ သူသတင်းရခဲ့သည်။ ဘုံကျောင်းအကြီးအကဲတစ်ယောက်အနေဖြင့် လုယန်ကို ကိုယ်တိုင်ထွက်ကြိုသည်မှာ သဘာဝကျသည်။
ထိုစဉ် မျက်နှာတင်းတင်းနှင့် နောက်ထပ်ကိုယ်တော်တစ်ပါး ပျံသန်းရောက်လာသည်။
"ခုန်ချန်း၊ မင်းက အတော်ခြေသွက်တာပဲ"
"ညီတော်ခုန်ရှင်းက ချီးကျူးလွန်းနေပါပြီ"
ခုန်ရှင်းက လှောင်ပြုံးပြုံးသည်။
"ဟား၊ မင်းက လုယန်ကိုအသုံးချပြီး ယဲ့ဇီကျင်းရှိတဲ့နေရာကို စုံစမ်းချင်တာမဟုတ်လား"
ခုန်ချန်းက ခပ်အေးအေးပြန်ပြောသည်။
"မင်းလည်း ဒီလိုပဲမဟုတ်လား ညီတော်"
"ခုန်ချန်း၊ ခုန်ရှင်း၊ မင်းတို့ဒီကို ဘာလို့ရောက်ာတာလဲ"
နောက်ထပ်ကိုယ်တော်တစ်ပါး ရောက်လာပြန်သည်။ အချင်းချင်းစကားပြောနေသော်လည်း သူတို့မျက်လုံးက လုယန်ဆီမှမခွာ။
တစ်ယောက်ပြီးတစ်ယောက် ထပ်ရောက်လာသည့် ဘုံကျောင်းကိုယ်တော်များကိုကြည့်၍ လုယန်မျက်ခုံးလှုပ်လာသည်။
"ကျုပ်က ကျုပ်အကိုနှစ်ရှိတဲ့နေရာကို မသိဘူးလို့ပြောရင် ခင်ဗျားတို့ယုံမှာလား"
"ဟဲဟဲ၊ ဒကာလုက ကျုပ်တို့ဘုံကျောင်းကိုလိုက်ခဲ့ရင်တော့ ယုံကြည်ရမှာပေါ့"
ထိုစကားကြားသည်နှင့် လုယန်ချက်ချင်းနောက်လှည့်ပြေးသည်။ ထိုလူစုသည် သူနှင့်အကိုနှစ်ကြားမှ ပတ်သက်မှုကိုအသုံးချ၍ အမြတ်ထုတ်ဖို့ကြံနေမှန်း သိသာသည်။
ကိုယ်တော်တစ်ယောက်တည်းဆိုလျှင် ရင်ဆိုင်၍ရကောင်းရမည်။ တစ်အုပ်စုလုံးကို သူဘယ်လိုရင်ဆိုင်နိုင်မည်နည်း။ မပြေးလျှင် ဒုက္ခရောက်မည်။
"လိုက်ကြ"
လုယန်ထွက်ပြေးသည်နှင့် အားလုံးလှုပ်ရှားကြသည်။ နတ်စွမ်းအားများပြကြသည်။ ဗုဒ္ဓအလင်းများ ကောင်းကင်သို့ထိုးတက်လာသည်။ အရဟတ်ကျမ်းရွတ်သံများပေါ်လာသည်။ ကွမ်ယင်ဝိညာဉ်ချုပ်မန္တာန်များကြားရသည်။ လောကအရှင်အဆိုအမိန့်များ လွင့်ပျံလာသည်...
အံ့ဖွယ်စွမ်းအင်ရောင်များ ပြည့်လျှံသွားသည်။ အနောက်ကောင်းကင်မြို့တော်တစ်ခုလုံး နေခင်းဘက်လို လင်းထိန်သွားသည်။ သရဲဘုရင်များပင် ချက်ချင်းမီးလောင်ပြာကျသွားသည်။
အကြောင်းမသိသည့် မြို့ခံများက ထိုမြင်ကွင်းကြောင့် လမ်းပေါ်ထွက်လာပြီး ရှိခိုးဦးခိုက်နေကြသည်။ နှစ်သစ်ကူးခေါင်းလောင်းသံနှင့် မီးပန်းပေါက်ကွဲသံများထက်ပင် ပို၍ဆူညံလာသည်။
လုယန် မြေအောင်းပညာဖြင့် မြေကြီးထဲအောင်း၍ နေရာစုံလှည့်ပတ်ပြေးသည်။
"ဒီနှစ်သစ်အကြိုက နည်းနည်းသက်ဝင်လှုပ်ရှားလွန်းမနေဘူးလား"
နှစ်သစ်ကို အေးအေးချမ်းချမ်းသာ သူပျော်ရွှင်ခံစားချင်ခဲ့သည်။ သို့သော် ညံသားရဲများနှင့်တွေ့သည်။ အချိန်စီးကြောင်းထဲရောက်သည်။ ဘုမသိဘမသိ အနောက်မိုးပျံဘုံကျောင်းသို့ရောက်လာသည်။ ကိုယ်တော်တစ်စုက ဝိုင်းဝန်းကြိုဆိုကြသည်။
အဆင့်တူထဲတွင် သူ့အမြန်နှုန်းသည် ပြိုင်ဘက်ကင်းသည်။ ခွန်ဖုန်များပင် သူ့ကိုမီမည်မဟုတ်။
သို့သော် ဤနေရာက မိုးပျံဘုံကျောင်ဖြစ်သည်။ ကောင်းကင်တွင် ဗုဒ္ဓစွမ်းအင်များပြည့်နေသည်။ ခေါင်းသုံးလုံးလက်ခြောက်ခု စွမ်းအားရှိလျှင်ပင် သူမလွတ်မြောက်နိုင်။
"ဒီအတိုင်းတော့မဖြစ်ဘူး။ တစ်ခုခုတော့ ကြံရမယ်"
စိတ်ကူးတစ်ခုရလာသည်။ နံရံမြင့်ပေါ် ခုန်ကျော်ပြီးနောက် သစ်သားကိုယ်ပွားတစ်ခုဖန်တီး၍ အာရုံလွှဲလိုက်သည်။ ထို့နောက် ချင်ဖုန်းဓားကမ္ဘာငယ်ထဲသို့ ဝင်ပုန်းသည်။ ဓားကိုမြေပေါ်သို့ချ၍ သာမန်ဓားတစ်လက်ပုံစံ ရုပ်ဖျက်လိုက်သည်။
ချင်ဖုန်းဓား၏ပုံစံသည် သိပ်မဆန်းပြားလှ။ ဘယ်သူမှ ဓားအဆင့်အတန်းကို သတိထားမိမည်မဟုတ်။
ထင်သည့်အတိုင်းပင်။ ဘုံကျောင်းကိုယ်တော်များ၏ ဝိညာဉ်အာရုံက ထိုနေရာသို့ အကြိမ်ကြိမ်ပျံ့နှံ့လာသည်။ သို့သော် မြေပေါ်ကျနေသည့် သာမန်ဓားတစ်လက်ကို ဘယ်သူမှ သတိမထားမိကြ။
"အဲ..ဒီမှာဓားတစ်လက်ပါလား"
နားနေခန်းကို သိမ်းဆည်းပြီးသည့် ကိုယ်တော်ငယ်တစ်ယောက်က ချုံထဲတွင်လဲလျောင်းနေသည့် သာမန်ဓားတစ်လက်ကို အမှတ်မထင်မြင်သွားသည်။
"ဓားပေါ်မှာ ဘာနာမည်မှလည်းမပါဘူး။ သာမန်လူတစ်ယောက် ကျကျန်ခဲ့တာများလား။ ဒါပေမယ့် ငါတို့ဘုံကျောင်းမှာ ဒီနေ့မြို့ခံဒကာတွေ အစည်းအဝေးလုပ်တာ ရှိလို့လား"
သူတွေးမရ။ ဓားအကြောင်းသူသိပ်မသိသော်လည်း ပျောက်သွာသည့်ပိုင်ရှင်သည် ဤဓားအတွက် သောကရောက်နေမည်ကိုတော့ သူသိသည်။
"တာတန်ခံကိုယ်တော်ကို အပ်လိုက်မှထင်တယ်"
ထိုစကားကြောင့် လုယန်နားလည်လာသည်။ သူအလျင်စလို ပြေးပုန်းခဲ့သဖြင့် ပတ်ဝန်းကျင်ကို သတိမထားခဲ့။ နံရံပေါ်ခုန်ကျော်ချိန်တွင် ဓားထဲသို့ဝင်ပုန်းလိုက်သည်။ ယခု သူရောက်နေသည့်နေရာက အနောက်မိုးပျံဘုံကျောင်းဖြစ်နေသည်။
သို့သော် ထိုကိုယ်တော်လေးကိုလည်း တာဝန်ခံကိုယ်တော်ဆီ ဓားအပ်ခွင့်ပေး၍မဖြစ်။
"ဟဲဟဲ၊ မင်းက စိတ်ကောင်းနှလုံးကောင်းရှိတာပဲ ကိုယ်တော်လေး"
"ဘယ်သူလဲ"
ဗုဒ္ဓကိုယ်တော် လန့်ဖျတ်သွားသည်။
"ဘေးကိုလျှောက်ကြည့်မနေနဲ့။ ငါပြောနေတာကွ"
ကိုယ်တော်လေး မျက်လုံးပြူးသွားသည်။ ထိတ်လန့်လွန်းသဖြင့် ဓားကိုလွှင့်ပစ်မိမတတ်ဖြစ်သွားသည်။
ထိုဓားက စကားပြောနေခြင်းဖြစ်သည်။
"ခင်ဗျား..ခင်ဗျားက ဘယ်သူလဲ။ ဒါ...ဒါက အနောက်မိုးပျံဘုံကျောင်းဆိုတာတော့ ခင်ဗျားသိအောင်ပြောလိုက်မယ်"
"ဟဲဟဲ၊ အဲဒါကို ငါဘာလုပ်ရမှာလဲ။ ဒီဘုံကျောင်းက ငါ့ကိုဘာလုပ်နိုင်မှာလဲ"
"ခင်ဗျားက ဘယ်သူလဲ"
"ငါက ကောင်ကင်တို့ဟူးအရှင်ပါ။ ငါ့နာမည်ကို ကြားဖူးလား ကိုယ်တော်လေး"
ကိုယ်တော်လေး ဇဝေဇဝါဖြစ်သွားသည်။
သူ့မျက်နှာကိုကြည့်၍ ဓားထဲမှသိစိတ်ဝိညာဉ်က ဆွေးမြေ့ရိပ်သန်းသည့်လေသံဖြင့် ပြောသည်။
"မျက်တောင်တစ်ခတ်အတွင်း ခေတ်ပေါင်းမရေမတွက်နိုင်အောင် ကုန်လွန်ခဲ့ပြီ။ သေမျိုးလောကရဲ့ အတိတ်သမိုင်းက မှုန်ဝါးပျောက်ကွယ်သွားပြီ။ နှစ်သန်းပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး နိုးထလာချိန်ရောက်တော့ တစ်ချိန်က ကောင်းကင်ကိုအုပ်ချုပ်ပြီး အမြင့်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့၊ မိုးမြေနှင့် မိတ်ဆွေဖြစ်ခဲ့တဲ့၊ နေလိုလလို တောက်ပခဲ့တဲ့ ငါကောင်းကင်တို့ဟူးအရှင်ကို နောက်ပိုင်းမျိုးဆက်တွေက မသိကြာတော့ပါလား"
********************************
အခန်း (၁၀၂၆) ထူးဆန်းသည့်တို့ဟူးအရှင်
"ကောင်းကင်တို့ဟူးအရှင်..."
ဓားထဲမှစွမ်းအားရှင်၏စကားကြောင့် ကိုယ်တော်လေး အတော်အံ့အားသင့်သွားသည်။ တကယ်ထူးခြားသည့်ပုဂ္ဂိုလ်ဖြစ်သည်။
အတော်ကြာအောင် သူအသဲအသန်စဉ်းစားသည်။ သို့သော် 'တို့ဟူး'နာမည်ပါသည့် ရှေးဟောင်းခတ်စွမ်းအားရှင်မျိုးကို သူစဉ်းစားမရ။
တို့ဟူးအရှင်က သက်ပြင်းရှည်တစ်ချက်ချ၍ အချိန်ကာလ၏ ရက်စက်မှုကို နာကျည်းဟန်၊ သို့မဟုတ် သူအပူအပင်ကင်းကင်းနေထိုင်ခဲ့သည့် ခေတ်ကလကို လွမ်းဆွတ်တမ်းတဟန်ဖြင့် ထပ်ပြောသည်။
"ငါက ကြောင်းကျိုးကံကြမ္မာနဲ့ ပတ်သက်ဆက်နွယ်မှု နက်ရှိုင်းလွန်းနေတာ အတော်ဆိုးတာပဲ။ ဒီနေ့သာ ငါအပြင်ထွက်လိုက်ရင် မသေမျိုးတိုက်ပွဲတစ်ခု ဖြစ်လာမယ်။ ဒီအနောက်မိုးပျံဘုံကျောင်းလေးက အပျက်စီးပုံဘဝရောက်သွားမှာပဲ"
"ဒါ..ဒါဆို ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ"
အမှတ်မထင်ကောက်ရသည့် ဓားတစ်ချာင်းက ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိနေသည်။ သူတုန်လှုပ်လာသည်။ ပြင်းထန်သည့် ကံကြမ္မာဆိုးတစ်ခု လက်ယပ်ခေါ်မိမည်ကို သူကြောက်သည်။
"လောလောဆယ် ကံကြမ္မာစွမ်းအား မသက်ရောက်နိုင်အောင် ဒီမသေမျိုးဓားထဲမှာပဲ ငါနေမယ်။ ကိုယ်တော်လေးသာ ငါ့အကြောင်း ဘယ်သူ့မှမပြောရင် ဘာမှပြဿနာဖြစ်လာစရာမရှိပါဘူး"
"ကောင်းပါပြီ ကောင်းပါပြီ။ ကျူပ်နှုတ်လုံပါတယ်။ အကြီးအကဲအကြောင်း ကျုပ်လုံးဝမပြောပါဘူး"
"အဲလိုဆိုရင်တော့ အကောင်းဆုံးပဲပေါ့"
ဓားထဲမှ နောက်ထပ်စကားသံ ထွက်မလာတော့။ တို့ဟူးကောင်းကင်အရှင် နောက်ထပ်စကားပြောရမည်ကို ပျင်းသွား၍လား၊ သို့မဟုတ် အိပ်ပျော်သွား၍လား မသိတော့။
တို့ဟူးအရှင်နောက်ခံကို သိပြီးနောက် ကိုယ်တော်လေး ဓားလွှင့်ပစ်မည့်အတွေးကို စွန့်ပယ်လိုက်သည်။ ဓားကိုသေချာကိုင်၍ သူ့အခန်းသို့ပြန်သည်။
အခန်းက ကိုယ်တော်လေးငါးခြောက်ယောက် စုအိပ်သည့်နေရာဖြစ်သည်။ သန်းရှင်းသည့်အဝတ်စတစ်ခုချက်ချင်းရှာ၍ ချင်ဖုန်းဓားကိုပတ်ပြီး သူ့ခေါင်းအုံးအောက်တွင် ထားသည်။ ထို့နောက် သူအိပ်လိုက်သည်။
"ရှင်းတင်း၊ မနေ့ညက မင်းသန့်စင်ခန်းသွားတာ ဘာလို့အဲလောက်ကြာတာလဲ"
မနက်ခင်းအိပ်ယာနိုး၍ သူဝတ်ရုံလှဲနေချိန်တွင် သူ့အဖော်က မေးသည်။ မနေ့ညက သူသိပ်အိပ်မပျော်။ ကိုယ်တော်ရှင်းတင်း သန့်စင်ခန်းသွားသည်ကို မှတ်မိသည်။ သို့သော် အတော်ကြာသည်။
"အော်မီတော်ဖော်၊ ဗုဒ္ဓကိုယ်တော်ဟာ မုသားမပြောဘူး"
"အဲဒီတော့"
"ဒီတော့ ငါပြောမပြနိုင်ဘူး"
ရှင်းတင်းက အလေးအနက် တုံ့ပြန်သည်။ တို့ဟူးအရှင်အကြောင်း သူထုတ်ပြော၍မဖြစ်။ မိုးပျံဘုံကျောင်းပျက်စီးသွားနိုင်သည်။ ထို့ကြောင့် သူလျှို့ဝှက်ထားရမည့် ဝတ္တရားရှိသည်။
အိပ်ယာနိုးပြိးနောက် အဝတ်လဲသည်။ မနက်စာနည်းနည်းစားသည်။ ထို့နောက် မနက်ပိုင်းကျမ်းစာရွတ်သင်တန်းများသို့ သွားတက်သည်။ တစ်ခြားအစေခံကိုယ်တော်များနှင့်အတူ ရေသယ်သည်။ ထင်းခွဲသည်။ တံမျက်စည်းလှည်းသည်။
ထို့နောက် ကျင့်ကြံမှုစသည်။
"ကိုယ်တော်လေး၊ မင်းက ဝိညာဉ်ပန်းချီကျင့်စဉ် ကျင့်ကြံတာလား"
မသေမျိုးဓားထဲမှ ရှေးဆန်သည့်စကားသံ ပေါ်လာည်။ ထိုကိုယ်တော်၏ ကျင့်စဉ်အခြေခံကို တို့ဟူးအရှင် သတိထားမိသည်။ ချီပဥ္စမအဆင့်သာရှိသည်။
ကိုယ်တော်လေးရှေ့တွင် အဝါရောင်နတ်ဆိုးချုပ်အရဟတ်ရုပ်ပုံတစ်ုခရှိသည်။ ထိုရုပ်ပုံပေါ် အာရုံစုစည်း၍ ဝိညာဉ်အာရုံလှုံ့ဆော်ဖို့ ကြိုးစားနေသည်။
ကျင့်ကြံသူလောကတွင ဝိညာဉ်အာရုံတိုးတက်ဖို့ ထိုကျင့်စဉ်နည်းလမ်းကို အသုံးများသည်။ မုန်ကျင်းကျိုးလို ဝိညာဉ်အာရုံလှုံ့ဆော်သည့် ဗီဇစိတ်များကို အဆက်မပြတ်ထိန်းချုပ်၍လေ့ကျင့်သူ မရှိသလောက်ရှားသည်။
ကိုယ်တော်လေး လန့်သွားသည်။ ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ ကျင့်ကြံနေသည့် သူ့ညီတော်နောင်တော်များနှင့် သင်ကြားရေးကိုယ်တော်တို့က တို့ဟူးအရှင်၏စကားသံကို မကြားကြောင်း နားလည်လာသည်။
"ကြည့်မနေပါနဲ့။ ဒါက ဝိညာဉ်အာရုံနဲ့ပြောတာ။ တစ်ခြားလူတွေ မကြားပါဘူး"
"ဟုတ်ပါတယ် ကောင်းကင်အရှင်"
"ဒီဝိညာဉ်ပန်းချီက အနိမ့်ဆုံးအဆင့်ပဲ။ ဒီ့ထက်ပိုကောင်းတဲ့ပန်းချီရဖို့ဆို ဘုံကျောင်းအတွက် အကျိုးဆောင်ပြီး ကျိုးဆောင်မှတ်တွေနဲ့ လဲယူဖို့လိုတယ်"
ကိုယ်တော်လေးက ရှက်နေဟန်ဖြင့်ပြုံးသည်။
"ဒါပေမယ့် ဒီနတ်ဆိုးအရဟတ်နှိမ်ပန်းချီတောင် အတော်ကောင်းနေပါပြီ။ ဒါက ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းခဲ့တဲ့ ဝိညာဉ်ပန်းချီလို့ ပြောကြတယ်"
သူ့လက်ထဲမှပန်းချီက မူရင်းမဟုတ်။ မိတ္တူသာဖြစ်သည်။
"ဒါက အာရုံစုဝိညာဉ်ပန်းချီလို့တောင် ခေါ်ဖို့ထိုက်တန်လို့လား"
တို့ဟူးအရှင် ခေါင်းခါသည်။ ကိုယ်တော်လေး၏ ဝိညာဉ်ပန်းချီကို သူအထင်မကြီး။
"ငါနဲ့တွေ့တယ်ဆိုတော့ မင်းနဲ့ငါ ကံရေစက်ချင်းဆုံလို့ပဲ။ ရှေးဟောင်းပုံရိပ်ပန်းချီအစစ်တစ်ခု ငါမင်းကိုပေးမယ်။ နောင်တစ်ချိန် မင်းမျက်နှာပျက်စရာဖြစ်မှာစိုးလို့ပါ"
တို့ဟူးအရှင်က ဝိညာဉ်အာရုံဖြင့် ကိုယ်တော်လေး၏မှတ်ဉာဏ်တွင် ပုံရိပ်တစ်ခုထည့်ပေးလိုက်သည်။
"ဒါက ဘာလဲ"
ကိုယ်တော်လေး မျက်လုံးမှိတ်လိုက်သည်။ တို့ဟူးအရှင်ပေးသည့်ပုံရိပ်က သူ့စိတ်အာရုံတွင်ပေါ်လာသည်။
ရွေနဂါးတစ်ကောင် ကောင်းကင်သို့တက်နေသည်။ အဆင့်မြင့်နဂါးဖြစ်သည်။ ကျမ်းစာအုပ်များထဲတွင် သူမြင်ခဲ့ဖူးသမျှနဂါးများထက် ပိုခံ့ညားထည်ဝါသည်။
နဂါးစစ်က မသေမျိုးလျှပ်စီးများပြည့်နေသည့် ကောင်ကင်တစ်ခုဖန်တီးသည်။ မိုးမြေကို သူ့စိတ်ကြိုက် ပြောင်းလဲနိုင်ဟန်ရှိသည်။
"ဒါက ဗုဒ္ဓဝါဒတည်ထောင်သူ ငါးယောက်ထဲကတစ်ယောက်ပဲ။ ငါနဲ့လေးငါးကြိမ်တွေ့ဖူးတယ်။ ဒီပုံရိပ်ပန်းချီကို ယင်လုန်လို့ ခေါ်လို့ရတယ်"
ဗုဒ္ဓဝါဒ တည်ထောင်သူ။
ထိုစကားကြောင့် ကိုယ်တော်လည်း အကြီးအကျယ်အံ့အားသင့်သွားသည်။ ဗုဒ္ဓဝါဒတည်ထောင်ခဲ့သူသည် လောကအရှင်မဟုတ်လော...
ဘာကြောင့် တို့ဟူးအရှင်က ငါးယောက်ဟု ပြောနေသည်မသိ။
ယင်လုန်အရှင်၏ပုံရိပ်ကို ကိုယ်တော်လေး အာရုံသွင်းသည်။ ဝိညာဉ်အာရုံအပေါ်သက်ရောက်မှုက နတ်ဆိုးနှိမ်အရဟတ်ပုံရိပ်ထက် ပိုသာကြောင်း တွေ့ရသည်။
ပုံမှန်အားဖြင့် ဝိညာဉ်ပန်းချီ၏မူလပုဂ္ဂိလ် ပိုစွမ်းအားကြီးလေ လောကအပေါ်သက်ရောက်မှု ပိုကြီးမားလေဖြစ်သည်။ အာရုံသွင်းသူ၏ ကျင့်စဉ်နည်းလမ်းနှင့် ကိုက်ညီလျင် ဝိညာဉ်အာရုံအပေါ် သက်ရောက်မှုလည်း ပိုအားကောင်းသည်။
ယခုအခြေအနေအရ ထိုနဂါးစစ်သည် ဗုဒ္ဓလမ်းစဉ်နှင့် ဆက်စပ်နေကြောင်း သက်သေခံနေသည်။ ဗုဒ္ဓဝါဒတွင် သူ့အဆင့်အတန်းက အလွန်တရာမြင့်မားသည်။
ဗုဒ္ဓဝါဒတည်ထောင်သူ ပီသသည်။
တို့ဟူးအရှင်သည် ခန့်မှန်းမရအာင် အဆင့်အတန်းမြင့်မားသူဖြစ်မည်ဟု ကိုယ်တော်လေး တွေးမိသည်။ လွယ်လွယ်ပေးလိုက်သည့် ဤဝိညာဉ်ပန်းချီကပင် သူ့အတွေးအမြင်ကို များစွာပြောင်းလဲပေးနိုင်သည်။
"ကောင်းကင်အရှင်။ ဗုဒ္ဓဝါဒတည်ထောင်သူငါးယောက်က ဘယ်သူတွေလဲ"
"မင်းကျင့်စဉ်အဆင့်က နိမ့်လွန်းသေးတယ်။ ရှေးဟောင်းခေတ်ရဲ့ လျှို့ဝှက်ချက်တွေသိဖို့ အချိန်မတန်သေးဘူး"
"ဟုတ်ကဲ့ပါ"
အမှန်ပြောရလျှင် လုယန်လည်း ဝိညာဉ်ပန်းချီအာရုံသွင်းကျင့်စဉ်ကိ ကျင့်ကြံခြင်းဖြစ်သည်။ သို့သော် သူအာရုံသွင်းသည့်အရာက ထာဝရနတ်မယ်ဖြစ်သည်။ ပန်းချီပုံရိပ်မျိုးမဟုတ်။
ထိုဝိညာဉ်ပန်းချီကို အမြဲမပြတ် အာရုံသွင်းထားရသည်။ ထို့ကြောင့်လည်း သူ့ဝိညာဉ်အာရုံက အဆင့်တူများထက် များစွာသာလွန်ခြေင်းဖြစ်သည်။
"ဒါနဲ့...ကိုယ်တော်လေးနာမည်ကို ငါမသိရသေးဘူး"
"ကျုပ်နာမည် ရှင်းတင်းပါ။ အစေခံကိုယ်တော်အဖွဲ့ဝင်တစ်ယောက်ပါ"
"သိပ်ကောင်းတဲ့ ဓမ္မနာမည်ပါလား။ စိတ်ကိုချိုးနှိမ်ပြီး လောကကိုတည်ငြိမ်စေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့"
တို့ဟူးအရှင်ပေးသည့် ရှေးဟောင်းပုံရိပ်ကြောင့် ရှင်းတင်း၏ ဝိညာဉ်အာရုံကျင့်ကြံမှုက တဟုန်ထိုး တိုးတက်လာသည်။
ရက်ပေါင်းများစွာ ဖြတ်ကျော်လာသည်။ ဝိညာဉ်စွမ်းအား တဖြေးဖြေးတိုးတက်လာသည်။ ချီ၊ သန္ဓေ၊ နှင့် စိတ်ဝိညာဉ် ပြောင်းလဲလာသည်။
သူနှင့်နေ့စဉ်ဆက်ဆံနေသည့် တစ်ခြားအစေခံကိုယ်တော်များက နူးညံ့သိမ်မွေ့သည့်ထိုအပြောင်းအလဲကို သတိမထားမိကြ။
တစ်နေ့...သူကျင့်ကြံမှုပြီးဆုံး၍ ကျင့်စဉ်ခန်းထဲမှ ထွက်လာသည်။ ရုတ်တရက် ခဲတစ်လုံးက သူ့နဖူးဆီဦးတည်လွင့်ပျံလာသည်။
ရှင်းတင်း ချက်ချင်းအာရုံခံမိသဖြင့် ခေါင်းကိုစောင်း၍ ရှောင်တိမ်းလိုက်သည်။
"ညီလေးရှင်းတင်း၊ ဒီရက်ပိုင်း မင်းစွမ်းရည်တွေ အတော်တိုးတက်လာပုံပဲ"
ကိုယ်တော်တစ်စုက ခနိုးခနဲ့ပြော၍ ရယ်မောနေသည်။ ထိုအဖွဲ့၏ခေါင်းဆောင်က လက်ထဲတွင် ကျောက်တုံးတစ်ချို့ ကိုင်ထားဆဲဖြစ်သည်။
"အကိုရှင်းချန်"
ရှင်းတင်းက ခပ်အေးအေးပြန်ပြောသည်။ ရှင်းချန် ကျောက်တုံးဖြင့်တမင်ပစ်သည်ကို မသိကျိုးကျွံပြုလိုက်သည်။ ရှင်းချန်စိတ်ထဲ မှန်းချက်မကိုက်သဖြင့် နေမထိထိုင်မသာဖြစ်သွားသည်။
"ဟိုမှာ အကိုရှင်းချန်ပဲ။ သူဒီကိုဘာလာလုပ်တာလဲ"
"မင်းမသိသေးဘူးလား။ သိုင်းကိုယ်တော်အဖွဲ့မှာ မကြာခင် လူရွေးပွဲလုပ်တော့မှာလေ။ သူက အဲဒီ့လူရွေးပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ကျိုးဆောင်မှတ်တွေ လိုက်ပြီးဓားပြတိုက်နေတာ"
"သိုင်းကိုယ်တော်အဖွဲ့က နောင်တော်တစ်ယောက်နဲ့လည်း သူရင်းနှီးတယ်ကြားတယ်။ အဲဒီ့နောက်တော်ကသူ့ကို 'ဆင်မြစ်ကူး'ပန်းချီတစ်ပိုင်း လက်ဆောင်ပေးလိုက်တယ်တဲ့"
"ဘယ်လို၊ ဒဏ္ဍာရီထဲက 'ဆင်မြစ်ကူးပုံရိပ်'ရဲ့ အစိတ်အပိုင်းအစစ်လား။ ငါတို့အစေခံကိုယ်တော်တွေ သက်တမ်းတစ်ဝက်လောက် အလုပ်လုပ်ရင်တောင် ဝယ်ဖို့မတတ်နိုင်တဲ့ ပစ္စည်းမျိုးပဲ။
"ဟုတ်တယ်၊ ညီလေးရှင်းတင်းတော့ ဒုက္ခရောက်တော့မယ်ထင်တယ်"