← Chapters

မင်းရဲ့ တာအိုရတနာကို အရင်ဖျက်ဆီးမယ်၊ ပြီးရင် မင်းကို သတ်ပစ်မယ်

Vol. 86-89 Ch. 1290

မင်းရဲ့ တာအိုရတနာကို အရင်ဖျက်ဆီးမယ်၊ ပြီးရင် မင်းကို သတ်ပစ်မယ်

Vol. 86-89 Ch. 1290

*ညီတဲ့လား*

“အာ … မင်း ဟိုဆန်ကုန်မြေလေးကို ပြောတာလား၊ ငါ သူ့ကိုယ်ကို နည်းနည်းပဲ ထိုးဖောက်လိုက်တာပါ၊ နည်းနည်းလေးပါပဲ၊ အဲ့ထက်သာ ပိုဆိုးသွားခဲ့ရင် ငါ သူ့ကို တမလွန်ကို ပို့လို့ရနေပြီ”

ယုရှန်းဝမ်က ထူးဆန်းသော မျက်နှာပေးနှင့် အထင်သေးသလို လေသံဖြင့် ပြန်ပြောလာသည်။

“ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ငါ မင်းကို သတ်ပြီးရင် သူ့ကို လိုက်ရှာမှာ၊ ဘာလို့လဲဆိုတော့ ငါ့အိမ်မှာ နဂါးသားရေနဲ့ လုပ်ထားတဲ့ ဆိုဖာသားရေမျိုး လိုနေတာနဲ့ အတော်ပြ”

“မင်းမှာ အဲ့လို အခွင့်အရေး မရှိဘူး၊ ဒီနေ့ မင်း သေကိုသေရမယ်”

ယဲ့ဖန်၏ မျက်ခုံးများ တဆတ်ဆတ် လှုပ်လာပြီး အလွန် ဒေါသထွက်လာ၏။ နတ်ဆိုးနဂါး ဖုရှန်၏ နဂါး သားရေဖြင့် ဆိုဖာ ပြုလုပ်မည်တဲ့လား။ သူက ယဲ့ဖန်၏ စိတ်ရှည်မှုကို ဆွနေခြင်းပင်။ သို့သော် ယဲ့ဖန်သည် ဘယ်သောအခါကမှ စိတ်ရှည်တတ်သူ မဟုတ်ခဲ့ပေ။

ထို့နောက် သူသည် ခြေဆောင့်လိုက်သဖြင့် ကြမ်းပြင် အက်ကွဲသွားပြီး ရှေ့သို့ အရိပ်လေအလား လျင်မြန်စွာ ပြေးတက်သွားသည်။ ရှေးဟောင်း သားရဲတစ်ကောင် ဒေါသတကြီး ပြေးဝင်လာသဖြင့် မြေပြင်တုန်လှုပ်ကာ လေတိုးသံများ ထွက်ပေါ်လာသည်ဟု ထင်မှတ်မှားရသည်။

သို့သော ထိုအခိုက်၌ ယုရှန်းဝမ်က အပြုံးကြီး ပြုံးလာသည်။

“ယဲ့ဖန် သတိထား”

ချက်ချင်းဆိုသလိုပင် လီဝေ့နှင့် ကျုံးဝေ့တို့ ဖြူဖပ်ဖြူရော် မျက်နှာထားနှင့် ပြိုင်တူ အော်ဟစ် သတိပေး လိုက်မိသည်။

“နောက်ကျသွားပြီ”

ဝူရှန်းဝမ်က အားပါးတရ ရယ်မော၍ လက်ထဲမှ တာအို စည်းတံဆိပ်ကို ဖျစ်ညှစ်လိုက်သဖြင့် ကြာပန်းပုံ လေးထောင့်အိုး ရုတ်တရက် ပေါ်လာပြီး ယဲ့ဖန်ပေါ်သို့ ချက်ချင်း ပြုတ်ကျလာသည်။

ဤကြာပန်းပုံ လေးထောင့်အိုး၌ တာအိုစွမ်းအင်များ ပါဝင်နေပုံရပြီး တစ်လောကလုံးအား အထက်စီးဖြင့် ဖိနှိပ်လာသဖြင့် ဘယ်အရာကမှ ၎င်းကို တားဆီးရန် မဖြစ်နိုင်ပေ။ ၎င်း၏ အရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။

“ဒုန်း”

ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ၎င်းက ဝါးမျိုဖုံးအုပ်သွား၏။ ထိုအခါ လီဝေ့နှင့် ကျုံးဝမ်တို့၏ မျက်နှာများ ဖြူရော်သွားပြီး ကြက်သေ သေသွားကြသည်။

“ဟားဟားဟား ယဲ့ဖန် ကြည့်ရတာ ငါ မင်းကို အထင်ကြီးခဲ့မိတယ် ထင်တယ်၊ အစက မင်း ငါ့ကို နည်းနည်း ပျော်စရာ ကောင်းအောင် လုပ်ပေးနိုင်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ မင်းက ဆန်အိတ်လို ပျော့ဖတ်နေမယ်လို့ ထင်မထားမိဘူး”

ယုရှန်းဝမ် အားရကျေနပ်စွာ ရယ်နေ၏။ ဤယဲ့ဖန်သည် နတ်ဆိုးနဂါး ဖုရှန်ထက်ပင် ပိုတော်နေခြင်း မရှိချေ။

“ဒါပဲလား၊ ဒီလိုနဲ့ ပြီးသွားတာလား၊ ယဲ့ဘုရင်က အင်ပါယာထဲမှာ အသန်မာဆုံးလူလို့ ကျော်ကြားတာလေ၊ ဒီအဆင့်လောက်လေးပဲလား၊ ရယ်ရတယ်ကွာ”

“ချီးကို အင်ပါယာထဲမှာ အသန်မာဆုံးလူ၊ သူ့ဘာသာသူ ကြေညာခဲ့တာလို့ ငါ ထင်တာပဲ၊ ဟုတ်တယ်မလား၊ သူက ယုရှန်းဝမ်ဆီမှာ အခုလို့ တစ်ခါတည်း ဖိနှိပ်ခံလိုက်ရတာကို၊ အဲ့ဘွဲ့နဲ့ သူ ထိုက်တန်လို့လား”

“ဒါက ငါ မြင်ဖူးသမျှထဲမှာ ရှက်စရာအကောင်းဆုံး တိုက်ပွဲပဲ၊ ယဲ့ဘုရင်က ဒီနေ့ မင်း ဒီမှာ သေကိုသေရမယ်လို့ အော်ပြီးတာနဲ့ ယုရှန်းဝမ်ဆီမှာ ရှုံးသွားတယ်၊ အရမ်း ရယ်ရတယ်ကွာ၊ ဟားဟားဟား”

ဧည့်သည်များသည်လည်း အထင်သေးသော လှောင်ရယ်သံများနှင့် ပုတ်ခတ် ပြောဆိုလာကြသည်။

*ယုရှန်းဝမ်ဆီမှာ အလွယ်တကူ လှည့်စားခံရပြီး ရှုံးသွားတယ်ဆိုတော့ တော်တော် တုံးအတာပဲ*

*ကြည့်ရတာ ယဲ့ဘုရင်ဆိုတဲ့ကောင်က မဆင်မခြင် ပြောဆိုတတ်တဲ့လူ ဖြစ်နေရုံကလွဲပြီး ဘာမှမဟုတ်ဘူးနဲ့ တူတယ်၊ အဲ့ကောလာဟာလတွေက အမှားတွေပဲ၊ ယဲ့ဘုရင်က အဲ့လောက်လည်း ကြောက်ဖို့ မကောင်းပါဘူး*

“ခွေးမ မင်း ယဲ့ဖန်ကို သိနေတာလား”

ထိုစဉ် ဒုတိယမင်းသားက လီဝေ့အား သုန်မှုန်စွာ ကြည့်လာ၏။ အစောပိုင်းက သူမအသံကို သူ သေချာ ကြားလိုက်ရသည်။

လီဝေ့၏ မျက်နှာ ရုတ်တရက် အေးစက်သွားသည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် ဒုတိယမင်းသား၏ လူများက ပြေးလာပြီး သူမကိုဆွဲခေါ်ကာ ဒုတိယမင်းသား၏ ရှေ့သို့ ပစ်ချလိုက်သည်။

“ဖြောင်း”

ဒုတိယမင်းသားက သူမကို အားထည့်၍ ရိုက်လိုက်သဖြင့် သူမမျက်နှာပေါ်၌ လက်ငါးချောင်းရာ အထင်းသား ပေါ်လာသည်။

“ကျစ် ကျစ် ကျစ် ယဲ့ဖန်က တော်တော် ကံကောင်းတာပဲ၊ သူလည်း လှပတဲ့ မိန်းမပဲ၊ ဒါပေမဲ့ မင်းအတွက်တော့ စိတ်မကောင်းပါဘူး၊ မင်းလည်း ကျုံးဝမ်လို ဒီည ငါနဲ့ ငါ့လူတွေရဲ့ စိတ်ဆန္ဒကို ဖြေဖျောက်ဖို့ အသုံးချခံရမယ့် ကစားစရာ တစ်ခု ဖြစ်လာမှာ”

ဒုတိယမင်းသားက စဉ်းလဲကောက်ကျစ်စွာ ပြုံးနေ၏။ သူ့လူများကလည်း ညစ်ကျယ်ကျယ် ပြုံးနေပြီး ထိုအချိန်ကို စောင့်မျှော်နေကြသည်။

ထိုစကားကိုကြားသော် လီဝေ့၏ မျက်နှာ ဖြူရော်သွားပြီး ကြောက်လန့်ကာ မျက်ရည်များ ကျလာလေသည်။

“ပြီးတော့ မင်းအတွက်ကတော့ ….”

ဒုတိယမင်းသားက သူ့အာရုံကို ထောင့်နားမှ ပိုင်ရွှယ်ထံ ပို့လွှတ်ကာ အပြုံးကြီး ပြုံးလိုက်သည်။

“ငါ့ညီမလေး မင်းဘဝကို သေတာထက်ဆိုးအောင် ရှိသမျှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ပေးမယ်လို့ ငါ အာမခံတယ်”

ပိုင်ရွှယ်သည် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း လူမသိအောင် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူမ စိုးရိမ် တုန်လှုပ်နေပါသည်။

*လူဆိုးကြီး ရှင် ကျွန်မကို ကာကွယ်ဖို့ ကြိုးစားရမှာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ရှင် ဒီလို သေသွားရတာလဲ*

ယုရှန်းဝမ်က ကြာပန်းပုံ လေးထောင့်အိုးထံသို့ လျှောက်သွားသဖြင့် လူတိုင်း၏ အာရုံက သူ့ပေါ် ကျရောက် လာသည်။ အံ့ဩခြင်း၊ အားကျခြင်းနှင့် လေးစားသော အကြည့်များ သူ့ပေါ် ဝဲနေ၏။

ဤလူသည် အင်ပါယာတွင်း၌ နှစ်ပေါင်းများစွာ ကျော်စောခဲ့သူ ဖြစ်သည်။ သူ၏ ဂုဏ်သတင်းက အတိတ်အခါကနေ ယခုအထိ ပြိုင်ဘက်ကင်းနေခဲ့သည်။ သူ၏အနေအထားက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထက် နိမ့်ကျခြင်း မရှိချေ။

ယခု သူက လူသတ်ခြင်းဖြင့်‌ ကျော်ကြားသော ယဲ့ဖန်ကို သတ်နိုင်သဖြင့် လူတိုင်း ထိတ်လန့်သွားကြပြီး အရာအားလုံးကို ရှင်းလင်းနိုင်သည့် သက်ရှိ နတ်ဘုရားဟု ထင်သွားကြလေသည်။

“ငါးမိနစ်အတွင်း ဒီကောင် သွေးအိုင် ဖြစ်လာလိမ့်မယ်”

ယုရှန်းဝမ်က ကြာပန်းပုံ လေးထောင့်အိုးကိုပုတ်၍ ရက်စက်စွာ ပြုံးလာသည်။ အားလုံး အလန့်တကြား ဖြစ်သွားကြသည်။

*ငါးမိနစ်နေရင် လူသတ်သမားလို့ ကျော်ကြားတဲ့လူက ဒီလောကကနေ တစ်သက်လုံး ပျောက်ကွယ် သွားမှာလား*

*ဒါကို ငါတို့အားလုံးက မြင်နေရမှာပေါ့လေ*

ထိုစကားကြောင့် ကျုံးဝမ်သည် ဖြူရော်နေသော မျက်နှာထားနှင့် လဲကျသွားသည်။ သူမကြောင့်ပင်။ ယဲ့ဖန်ကို သတ်လိုက်သည့်လူက သူမပင်။  ယဲ့ဖန်သာ သူမကို ကယ်ရန် မကြိုးစားခဲ့ပါက ဒုတိယမင်းသားကို ရန်စမိမည် မဟုတ်ပါ။

သူမ မချိပြုံး ပြုံးလိုက်မိသည်။ သူမပုံစံက သွေးစွန်းသွားသော နှင်းဆီဖြူလေးလိုပင်။ အကယ်၍ ယဲ့ဖန်သာ သေသွားပါက သူမဘဝ၌ ပျော်စရာက အဘယ်အရာ ရှိနိုင်ဦးမည်နည်း။ အသက်ရှင်နေစဉ်၌ မခွဲအတူတူ ရှိနေပြီး သေမည်ဆိုလျင်လည်း အတူတူ လိုက်သေမည်။ အခြားသူ၏ ဇနီးမယားအဖြစ် နေခြင်းထက် သူနှင့်အတူ လိုက်သေခြင်းက ပို၍ ကောင်းသေးသည်။

ကျုံးဝမ်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျစပြုလာသည်။ သူမ လျှာကိုကိုက်၍ သတ်သေရန် ကြိုးစားနေ၏။ ထိုစဉ် နားကွဲမတတ် အက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

“ဒုန်း”

*ဘာ*

အားလုံး ဆူညံပွက်လောရိုက်သွားသည်။ လူတိုင်း ထိုအသံကျယ်ကြောင့် အံ့ဩသွားပြီး ကြာပန်းပုံ လေးထောင့်အိုးအား ကြည့်လာကြသည်။

*ယဲ့ဘုရင်က အိုးထဲကနေ ဖောက်ထွက်တော့မလို့လား*

“မကြောက်နဲ့ ဒါ သေခါနီး ရုန်းကန်နေတာ၊ သူ့ကို လွှတ်ထားလိုက်ပါ၊ အဲ့လောက် ကြီးမားတဲ့ ကိစ္စ မဟုတ်ပါဘူး”

ယုရှန်းဝမ်က အထင်သေးစွာ ရယ်၍ ပြောလိုက်သည်။ ဤကြာပန်းပုံ လေးထောင့်အိုးသည် မြတ်ဗုဒ္ဓ၏ အသုံးအဆောင် ပစ္စည်းဟု ဆိုရပေမည်။ ၎င်းအား ဗုဓ္ဓ၏ ရောင်ခြည်တော်များနှင့် လွှမ်းခြုံထားဖူးသည်။ ဤအိုးသည် တာအိုစွမ်းအင် ပစ္စည်းအဖြစ် ပြောင်းလဲသွားပြီး ဗုဒ္ဓ၏ ရောင်ခြည်တော်များ ပါဝင်သဖြင့် အလွန် အစွမ်းထက်လေသည်။

“ဒုန်း”

ဒုတိယအကြိမ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ကြာပန်းပုံ လေးထောင့်အိုးသည် ပြင်းထန်စွာ တုန်ယင်လာပြီး အက်ကွဲကြောင်းများ ပေါ်ထွက်ကာ အထဲမှ ပုံမှန်မဟုတ်သော စွမ်းအင်များ ပျံ့လွင့်လာပြီး ပျက်စီးလာတော့မည့်ပုံ ပေါ်လာသည်။

ဤသည်ကိုမြင်သော် ယုရှန်းဝမ်က ချက်ချင်း ငေါက်ငမ်းလိုက်သည်။

“နားညည်းတယ်ကွ”

သူ့ကိုယ်ထဲမှ ယန်စွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး စွမ်းအင်များ ထွက်ပေါ်လာသံက ဒီရေလှိုင်း အသံသဖွယ် ကြားနေရပြီး ကိုယ်ထဲမှ ပုန်းအောင်းနေသော နတ်ဘုရင်တစ်ပါး အချိန်မရွေး နိုးထလာတော့မည်ဟု ထင်မှတ်မှားရသည်။

သူသည် လေးထောင့်အိုးပေါ် လက်တစ်ဖက် တင်လိုက်သည်။ သူ့လက်ဝါး ရွေ့သွားချိန်၌ ယန်စွမ်းအင်များက လေးထောင့်အိုးထဲသို့ စီးဝင်သွားလေသည်။ ကြာပန်းပုံ လေးထောင့်အိုးသည် ဗုဒ္ဓ၏ ရွှေရောင် ရောင်ခြည်တော် များနှင့် ပြည့်နှက်နေကာ ဗုဒ္ဓ ပြန်လည်ရှင်သန်လာတော့မည်ဟု ထင်မှတ်ရလောက်သည်အထိ ဖိအားများ ထွက်ပေါ်လာသည်။

ထို့နောက် အရာအားလုံး တိတ်ဆိတ်သွားသည်။ ဤသည်ကိုမြင်သော် လူတိုင်း ပြန်ပြုံးလာကြသည်။

*ဒီကောင်တော့ လုံးဝ ပွဲသိမ်းပြီထင်တယ်၊ သက်ရှိထင်ရှား ရှိနေတဲ့ ဗုဒ္ဓရဲ့ ဖိနှိပ်တာကို ခံရသလို ဖြစ်နေတာကို၊ ဗုဒ္ဓရဲ့ စွမ်းအင်က အဆုံးအစမဲ့တယ်၊ ယဲ့ဖန်က ဘယ်လိုလုပ် ဖောက်ထွက်လာနိုင်မှာလဲ*

ထိုအခိုက်တွင် လေးထောင့်အိုးထဲမှ တာအိုစွမ်းအင် သဘောတရားများ ပျံ့လွင့်လာပြီး အဆုံးအစမဲ့သော ထည်ဝါမှုမျိုး ထွက်ပေါ်နေသဖြင့် အံ့ဩဖွယ်ကောင်းလှသည်။

“ကျုံးဝမ် မင်း မြင်ပြီလား၊ မင်းလူက … သေသွားပြီးပြီ”

ဒုတိယမင်းသားက အားပါးတရ ပြုံးရယ်လေသည်။

*သေပြီ*

*အဲ့အမှိုက်ကောင် သေသွားပြီ*

*ငါ့လို လာရန်စမှတော့ ဒီလိုပဲ အဆုံးသတ်မှာပေါ့*

*အခု ဘယ်သူက တကယ် သန်မာတဲ့လူလဲဆိုတာကို ကျုံးဝမ် သိလောက်ပြီ*

*ယဲ့ဘုရင်လား၊ ငါ့ရှေ့မှာဆို သူ ဒူးထောက်ရုံပဲ တတ်နိုင်မှာ*

“အဲ့မိန်းမရဲ့ အဝတ်တွေကို သွားချွတ်စမ်း၊ ဒီမင်းသားက သူနဲ့ ဒီနေရာမှာပဲ ပျော်ပါးချင်တယ်”

ဒုတိယမင်းသားက ကောက်ကျစ်ယုတ်မာစွာ ရယ်မောလိုက်သည်။ ထိုစကားကိုကြားသော် ကူးယောင် အလွန် ပျော်သွားလေသည်။

*အဲ့ခွေးမတော့ မသေခင် အရှက်ကွဲပြီ၊ သေတာထက်တောင် ဆိုးဦးမယ်*

မင်းသား၏ လက်အောက်ငယ်သား တစ်စုက ညစ်ကျယ်ကျယ် မျက်နှာပေးဖြင့် ကျုံးဝမ်ထံ လျှောက်သွား ကြသည်။

*ယဲ့ဖန် နောက်ဘဝမှ တွေ့ကြမယ်နော်*

*နောက်ဘဝမှာတော့ ကျွန်မ သေချာပေါက် သတ္တိမွေးပြီး ကျွန်မ ရှင့်ကို ချစ်နေတယ်လို့ ပြောပြပါ့မယ်*

ကျုံးဝမ်သည် မျက်လုံးကို မှိတ်ကာ ကံတရားကို လက်ခံရန် ပြင်ဆင်လေသည်။

“ဝုန်း”

သို့သော် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ဘာကြောင့်မှန်း မသိဘဲ ကြာပန်းပုံ လေးထောင့်အိုးက ရေဆူ၍ အဖုံးပွင့်လုနီးပါး ဖြစ်နေသော အိုးသဖွယ် ဖြစ်လာသည်။ ထို့နောက် အိုးအောက်ခြေမှ အနက်ရောင် မြူခိုးများ ပျံ့လွင့်လာသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ”

ယုရှန်းဝမ်က ထိတ်လန့်တကြား အော်ဟစ်၍ ကြာပန်းပုံ လေးထောင့်အိုးအား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။

*ယဲ့ဖန်က သန့်စင်ခံရသင့်နေပြီကို ဘာလို့ ရုန်းကန်နေတာလဲ*

*ဒါ လုံးဝ အဓိပ္ပာယ် မရှိဘူး*

ကျုံးဝမ်ထံ ပြေးသွားသောလူများသည် ရုတ်တရက် တစ်ယောက်ပြီး တစ်ယောက် တောင့်ခနဲ ဖြစ်သွားကာ နေရာ၌ ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။

ထို့နောက် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ သူတို့အားလုံး ချက်ချင်း ပြာဖြစ်ကာ သေဆုံးသွား ကြလေသည်။

“ဗုဒ္ဓ ဟုတ်လား၊ တကယ်ပဲ ဗုဒ္ဓရှိမယ်ဆိုရင် ငါက သူ ထိန်းချုပ်လို့မရတဲ့ နတ်ဆိုးပဲ”

ကြာပန်းပုံ လေးထောင့်အိုးထဲမှနေ၍ အလွန် ရက်စက်ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း ထိတ်လန့်သွားလေသည်။

*ယဲ့ဖန် မသေသေးဘူးလား*

ထိုအခိုက်တွင် ကြာပန်းပုံ လေးထောင့်အိုးက ပေါက်ကွဲသွားပြီး ဘေးလူများထံသို့ လေပြင်းများ တိုးဝှေ့ တိုက်ခတ် လာ၏။ အကျိုးအပဲ့ အပိုင်းအစများ လွင့်စဉ်လာပြီး ဧည့်သည့်တစ်ချို့ထံ သွားထိမှန်သဖြင့် ထိုသူများ နေရာ မှာတင် သေဆုံးသွားကြသည်။

“ငါ့ရတနာလေး၊ ငါ့ကလေးလေး မဟုတ်ဘူး မဖြစ်ရဘူး …”

ဤသည်ကိုမြင်သော ယုရှန်းဝမ်၏ မျက်လုံးများ မီးတောက်လာပြီး ရင်ထဲ၌ နာကျင်လာသဖြင့် အသက်ပင် မရှူနိုင်တော့ချေ။ ယင်းသည် ကောင်းကင်အဆင့်ထက်ပင် ပိုမြင့်မားသည့် တာအိုရတနာ တစ်ခု ဖြစ်ပြီး ရှာတွေ့ရန် ခက်ခဲပေသည်။ သို့သော် ယခုအခါ၌ ၎င်းပစ္စည်း ပျက်စီးသွားလေပြီ။

လူတိုင်း နှလုံးပေါက်ထွက်မတတ် ကြောက်လန့်လာ၏။

*ယဲ့ဖန် တကယ်ပဲ အသက်ရှင်နေတာလား*

*မယုံနိုင်စရာပဲ*

*ဒါက အရာအားလုံးကို ဖိနှိပ်နိုင်တဲ့ တာအိုပစ္စည်းလေ၊ ဒါပေမဲ့ ယဲ့ဖန်ရဲ့ လက်ချည်းဗလာနဲ့ တိုက်ခိုက်လို့ ပျက်စီး သွားတယ်တဲ့လား*

လူတိုင်း တဆတ်ဆတ် တုန်ယင်လာကြသည်။

*ယဲ့ဘုရင်က တကယ် ကြောက်ဖို့ကောင်းတာပဲ*

ဘေးဘက်မှ ဒုတိယမင်းသားသည်လည်း အံ့ဩနေပြီး မျက်နှာ အမူအရာက အတော်လေး စိတ်ပျက်နေပုံရသည်။ နှစ်ကြိမ် ဆက်တိုက် တိုက်ခိုက်ပါသော်လည်း ယုရှန်းဝမ်က ယဲ့ဖန်ကို မသတ်နိုင်ခဲ့ပေ။ ဤသို့သောအဖြစ်မျိုး ယခင်က တစ်ခါမှ မဖြစ်ခဲ့ဖူးပါ။ ကြာပန်းပုံ လေးထောင့်အိုးက တစ်ခါမှ မလွဲချော်ဖူးချေ။ ယခု သူ ကြောက်လန့်စ ပြုလာ၏။

*ဘာလို့ ဒီကောင်နဲ့ဆို ခြွင်းချက်တွေပဲ ဖြစ်ဖြစ်သွားရတာလဲ*

“မျိုးမစစ်ကောင် မင်းကများ ငါ့တာအိုလက်နက်ကို ဖျက်ဆီးရဲတယ်ပေါ့လေ၊ ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

ဤရတနာသည် သူ့အတွက် အသက်တမျှ တန်ဖိုးရှိလှသော်လည်း ယဲ့ဖန်ကြောင့် ပျက်စီးသွားရသဖြင့် သူ့ကို သတ်လိုက်သည်နှင့် အတူတူပင်။

“ငါ့ညီကို ထိခိုက်အောင် လုပ်ခဲ့တဲ့အတွက် ဒါက လျော်ကြေးပဲ”

ယဲ့ဖန်ရဲ့ မျက်လုံးများက ခက်ထန်နေပြီး ယုရှန်းဝမ်အား လက်ညှိုးထိုးလာ၏။

“အရင်ဆုံး မင်းရဲ့ တာအိုရတနာကို ဖျက်ဆီးမယ်၊ ပြီးရင် မင်းကို သတ်ပစ်မယ်၊ မင်း … သေကိုသေရမယ်”

“ကောင်းပြီလေ မင်း ငါ့ကို ဘယ်လိုသတ်မလဲ ကြည့်ရသေးတာပေါ့”

ယုရှန်းဝမ်က ဟစ်ကြွေး၍ နတ်ဘုရင်သဖွယ် တာအိုစွမ်းအင်များ ပါဝင်သော လက်သီးတစ်လုံးအား ယဲ့ဖန်ထံ ပစ်သွင်းလိုက်သည်။

သူသည် အလွန် ဒေါသထွက်ပြီးနေပြီ ဖြစ်သဖြင့် သူ့တစ်သက်လုံး လေ့ကျင့်ခဲ့သည့် အစွမ်းအထက်ဆုံး သိုင်းကွက်ကို သုံး၍ ယဲ့ဖန်၏ ဦးခေါင်းကို ယူရန် စိတ်ပိုင်းဖြတ်ထားသည်။

လူတိုင်း ထိတ်လန့်သွားကြသည်။ ယုရှန်းဝမ်၏ အစွမ်းအထက်ဆုံး တိုက်ကွက်က အောင်မြင်မလား၊ ကျရှုံးမလား မသိနိုင်ပေ။

“ဝင်ရိုးစွန်း နေမီးတောက်”

ယုရှန်းဝမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မီးတောက်များက ယဲ့ဖန်အား သည်းကြီးမည်းကြီး ဖုံးအုပ်သွား လေသည်။

စာစဉ် ၈၆ ဤတွင် ပြီးပါပြီ။

All Chapters