← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁) ပိုင်ချူးရန်က အခြားသူတွေ မလုပ်နိုင်တဲ့အရာတွေကို အမြဲလုပ်နိုင်သူလေ။

အမျိုးသမီးတိုင်းသည် စုရှန်းရွှယ် မဟုတ်နိုင်သကဲ့သို့ အမျိုးသားတိုင်းသည်လည်း ပိုင်ချိုးရန် မဟုတ်ကြပေ။

သူ မည်သို့ပင် တုံ့ပြန်စေကာမူ ဂူဗိမာန် အစီအရင်မှ ဖန်တီးထားသော စုရှန်းရွှယ် အတုသည် ၎င်းအတွက် သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်းသာ ဆက်လက်လုပ်ဆောင်နေသည်။ ပိုင်ချိုးရန်အား ကြည့်ကာ သူမသည် ရုတ်တရက် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြံးပြလာပြီး အလွန်ပင် စိတ်ဆင်းရဲနေဟန်ဖြင့် စင်မြင့်၏ အစွန်းဘက်သို့ လှည့်ထွက်သွားသည်။

ဤမြင်ကွင်းက ပိုင်ချိုးရန်ကို များစွာ ထိမိသွားစေ၏။ "ဟေ့... ခဏလေးနေဦး"

စုရှန်းရွှယ်က သူ့ကို လျစ်လျူရှုထားသဖြင့် ပိုင်ချိုးရန်သည် သူမနောက်သို့ အမြန်ပြေးလိုက်သွားကာ သူမလက်မောင်းကို ဖမ်းဆွဲလိုက်ပြီး သူ့ခြေထောက်ကို အားကုန် ဆန့်ထုတ်လိုက်လေ၏။

ပိုင်ချိုးရန်သည် စုရှန်းရွှယ်အဖြစ် ရုပ်ဖျက်ထားသူကို စင်မြင့်ပေါ်မှ သနားညှာတာမှု ကင်းမဲ့စွာဖြင့် ကန်ချလိုက်တော့၏။

"ငါ မင်းကို ကူညီပေးလိုက်မယ်။ ကျေးဇူးတင်နေစရာ မလိုပါဘူး"

စုရှန်းရွှယ် တိမ်တိုက်များထဲသို့ ပြုတ်ကျသွားသည်ကို မြင်သောအခါ စင်မြင့်၏ အစွန်းတွင် ရပ်နေသော ပိုင်ချိုးရန်က လေးနက်သော မျက်နှာထားဖြင့် ပြောလေသည်။ သို့သော် ရုပ်ဖျက်ထားသော စုရှန်းရွှယ်မှာ ဤမျှလွယ်ကူစွာ အရှုံးပေးမည့် ဇာတ်ကောင်မျိုး မဟုတ်သည်မှာ သေချာသည်။ ပိုင်ချိုးရန်ဆီမှ ကန်ချ ခံလိုက်ရပြီးနောက်၊ သူမ၏ခန္ဓာကိုယ်မှာ လေလျော့သွားသော ပူဖောင်းတစ်ခုကဲ့သို့ ရုတ်တရက် ပိန်လိန်သွားခဲ့၏။ ထိုရာတွင် လူ့အရေခွံတစ်လွှာနှင့် အမည်းရောင် အပေါက်သုံးပေါက်သာ ကျန်ရှိတော့ပြီး လေများ၏ပင့်ဆောင်မှုကြောင့် စင်မြင့်ပေါ်သို့ ပြန်လည်တိုက်ခိုက်လာကာ ပိုင်ချိုးရန်ထံသို့ လိမ့်ဝင်လာ၏။

သူက ဤလူ့အရေခွံကို လက်ဆော့ကာ ဆွဲဖြဲလိုက်ရာ အရေခွံထဲမှ ပြုတ်ကျလာသော တောက်ပနေသည့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ကြည့်ရင်း ပိုင်ချိုးရန် ရင်ထဲမှ ဝမ်းမြောက်မှုတစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။

သူသည် မြေပြင်ပေါ်ရှိ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ကောက်ယူ၍ ရေတွက်ကြည့်ရာ ယခုကျလာသော အရေအတွက်မှာ ယခင်က ဧရာမမြွေကြီးထံမှ ရရှိခဲ့သည်ထက်‌ များစွာပိုများနေကြောင်း တွေ့လိုက်ရ၏။

"ဒီလိုဆိုရင် ခန္ဓာငါးပါး၏ ဆင်းရဲခြင်း စမ်းသပ်မှုက အရင်စမ်းသပ်မှု ခုနစ်ခုကို ရုပ်လုံးပေါ်နေတဲ့ မကောင်းဆိုးဝါးတွေအဖြစ် ဖန်တီးထားတာ ဖြစ်ရမယ်။ ပြီးတော့ အဲဒီ မကောင်းဆိုးဝါးတွေဆီကနေ စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ကျလာတာပဲ။အဆင့်တိုင်းမှာ ပေါ်လာတဲ့ မကောင်းဆိုးဝါးတွေက အရင်အဆင့်တွေထက် ဝိညာဉ်ကျောက်တုံးတွေ ပိုများများ ချပေးတယ်ဆိုတော့ နောက်ဆုံးအဆင့်က ပိုသန်မာလိမ့်မယ်"

ပိုင်ချိုးရန်က တီးတိုးရေရွတ်လေသည်။

"ဟင်း... ခြုံငုံကြည့်ရရင် နောက်ဆုံးစမ်းသပ်မှုဆိုတာ ငါတို့ခေါင်းဆီ ပြန်ကျတာပဲ၊ ပြီးတော့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်မြင့်မြင့် နားလည်နိုင်စွမ်းရှိတယ်။ ကောင်းကင်ကပခဘေးဒဏ်ကို ခုခံနိုင်စွမ်းမရှိရင် နောက်ဆုံးအဆင့်မှာ ကျရှုံးမှာပဲ။ ဒါပေမဲ့ ငါ ပိုစိတ်ဝင်စားတာက၊ ဒီစမ်းသပ်မှုမှာ ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် အများကြီး ထပ်ကျလာဦးမလဲဆိုတာကိုပဲ"

သူသည် ဝိညာဉ်ကျောက်တုံးများကို သေချာစွာ သိမ်းဆည်းလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ သံဓားအသစ်တစ်လက်ကို ထုတ်ယူကာ ကျောက်စိမ်းဖြူစင်မြင့်လမ်း၏ အထက်ပိုင်းဆီသို့ ခပ်သွက်သွက် ပျံသန်းသွား၏။

ကျီရှန်းဂူဗိမာန်၏ အနက်ရှိုင်းဆုံးသောနေရာမှ စမ်းသပ်မှု၏င်မြင့်၊ ဖြူလွလွ ကျောက်စိမ်းစင်မြင့်၏ အဆုံးတွင် နတ်ဘုံနတ်နန်းသဖွယ် ခန့်ညားထည်ဝါလှသော နန်းဆောင်ကြီးတစ်ဆောင်သည် ထည်၀်စွာ တည်ရှိနေ၏။ ထိုနန်းဆောင် အလယ်ရှိ နဂါးပလ္လင်ထက်ဝယ် ဝတ်ရုံနက်ဝတ်ဆင်ထားသူတစ်ဦးသည် ထိုင်နေရင်း အလင်းလုံးမှတစ်ဆင့် ပိုင်ချူးရန်၏ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေ၏။

အလင်းလုံးအတွင်း၌ ပိုင်ချူးရန်သည် ရပ်တန့်မရနိုင်သော ဒုံးပျံယာဉ်အလား ဆက်ကာဆက်ကာ တိုးဝင် လာ၏။ သူ့အား လမ်းတွင် ဆီးကြိုနေသော ရောဂါတိမ်တိုက်များဖြင့် ဖွဲ့စည်းထားသည့် ဝိဉာဉ်ကိုင်ထည်သာရှိသော ဘီလူးကြီးများဖြစ်စေ၊ တမလွန်ဝိညာဉ်လောကမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် နတ်ဆိုးများဖြစ်စေ သူ၏ တိုက်ခိုက်မှုတစ်ချက်ကိုပင် မခုခံနိုင်ကြဘဲ မြေမှုန့်ဘဝသို့ ရောက်ရှိသွားကြရသည်။

ပိုင်ချူးရန်က ပို၍ အစွမ်းထက်လေလေ ဝတ်ရုံနက်နှင့်လူ၏ မျက်လုံးများက ပို၍ တောက်ပလာလေဖြစ်၏။

"ဒီလို အပြစ်အနာအဆာကင်းတဲ့ ခန္ဓာကိုယ်မျိုးကို ငါ ပိုပြီးလိုချင်လာမိပြီ"

၀တ်ရုံနက်နှင့်သည် မသိစိတ်အရ ခပ်တိုးတိုးလေး ရေရွတ်နေမိသည်။ "ဒီခန္ဓာကိုယ်ထဲကို ငါသာ ဝင်ရောက်ပြီး တစ်သားတည်းဖြစ်သွားမယ်ဆိုရင် မြင့်မြတ်တဲ့ အင်ပါယာသစ်တစ်ခု တည်ထောင်ဖို့ မဆိုနဲ့။ အဲ့ဒီတောရိုင်းနယ်မြေတွေကို ပြန်တိုက်ထုတ်ပြီး နယ်မြေဟောင်းတွေကို ပြန်သိမ်းပိုက်နိုင်လောက်ပြီး အင်မော်တယ်လောကမှာတောင် အုပ်စိုးဖို့ဆိုတာ ဘာမှမခက်လောက်တော့ဘူး"

ထိုစဉ် သူ့ ဘေးနားရှိ ဦးခေါင်းခွံကြီးက သူ့အတွေးများအား လှောင်ပြောင်လိုက်သည့်အလား တဟားဟား ရယ်မောလာ၏။

"ကြည့်ရတာ လူသားမျိုးနွယ်က စုပေါင်းအင်ပါယာ တော်ဝင်မျိုးနွယိရဲ့ နောက်ဆုံးမျိုးဆက်က တကယ်တမ်းကျတော့ အမျိုးသားချင်း စိတ်၀င်စားတာနဲ့တူတယ်။ မင်းရဲ့ ဘိုးဘေးဘီဘင်တွေသာ ကောင်းကင်ဘုံကနေ ဒါကို ကြားသွားရင် ဒေါသထွက်ရလွန်းလို့ အငွေ့တောင်ပျံသွားကြမှာပဲ"

သို့သော် ထိုအချိန်တွင် ဝတ်ရုံနက်နှင့်လူ၏ အာရုံအားလုံးမှာ ပိုင်ချူးရန်၏ ခန္ဓာကိုယ်ကို လေ့လာရာတွင်သာ နစ်မြောနေတော့သည်။ ပိုင်ချူးရန်၏ ခွန်အား၊ အရှိန်၊ တုံ့ပြန်မှုနှင့် ခံနိုင်ရည်စသည့် အရာအားလုံးက သူ့ကို ရူးသွပ်မတတ် ဆွဲဆောင်နေသဖြင့် ဦးခေါင်းခွံ၏ လှောင်ပြောင်သံကိုပင် မကြားနိုင်တော့ချေ။

အခန်း (၁၈၂) ပိုင်ချူးရန်က အခြားသူတွေ မလုပ်နိုင်တဲ့အရာတွေကို အမြဲလုပ်နိုင်သူလေ။ [၁]

ပိုင်ချူးရန်သည် မရပ်နားစွာ ရှေ့သို့တက်လှမ်းလာသဖြင့် မိနစ်အနည်းငယ်အတွင်းမှာပင် မီးတောက်စမ်းသပ်ချက်၏ အဆုံးသတ်တံခါးဝသို့ ရောက်ရှိသွားလေ၏။ ဝတ်ရုံနက်နှင့်လူလည်း အဆင့်၏အဆုံးရှိ ကျောက်စာတိုင်ပေါ်တွင် ကြိုတင်ပြင်ဆင်ထားသော စာသားများကို အလျင်အမြန် ပြလာသည်။

နန်းဆောင်အပြင်ဘက်တွင် ရပ်နေသော ပိုင်ချူးရန်လည်း ကျောက်စာတိုင်ပေါ်မှ စာသားများကို မြင်လိုက်ရ၏။

[ဂုဏ်ယူပါတယ် စမ်းသပ်ချက် ရှစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သော ခွန်အားကြီးသူရေ။ မင်းရဲ့ ကျင့်ကြံမှုအရည်အချင်းက အင်မော်တယ်လမ်းစဉ်ကို တက်လှမ်းဖို့ လုံလောက်နေပြီ။ ဒီနန်းဆောင်တံခါးကို ဖွင့်လှစ်ပြီ ကျီရှန်း အမွေအနှစ်ကို လက်ခံရယူလိုက်ပါ]

ပိုင်ချူးရန်၏ ခြေလှမ်းများ ခေတ္တရပ်သွား၏။ ထို့နောက် သူသည် နန်းဆောင်တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို ဝတ်ရုံနက်နှင့်လူ မြင်လိုက်ရ၏။

ယခုအချိန်တွင် သူတို့နှစ်ဦးကြား၌ နန်းဆောင်တံခါးတစ်ချပ်သာ ခြားတော့သည်။ ပိုင်ချူးရန်သာ တံခါးကိုဖွင့်၍ ဝင်လာခဲ့လျှင် ဝတ်ရုံနက်နှင့်လူသည် သူ့ကို တစ်ချက်တည်းဖြင့် အမိဖမ်းရန် အသင့်ရှိနေသည်။ သူ၏ နှစ်ပေါင်းသောင်းချီ ကျင့်ကြံခဲ့သော စိတ်ဝိညာဉ်စွမ်းအားရှေ့တွင် နှစ်ပေါင်းထောင်ဂဏန်းသာရှိသေးသော ပိုင်ချူးရန်သည် မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ဟု သူ အကြွင်းမဲ့ ယုံကြည်နေ၏။

'လာလေ... ဝင်လာစမ်းပါ'

ဝတ်ရုံနက်နှင့်လူမှာ အသက်ရှူအောင့်ကာ အလင်းလုံးကို စူးစိုက်ကြည့်နေသည်။ သို့သော် ပိုင်ချူးရန်သည် စက္ကန့်အနည်းငယ်မျှ ရပ်နေပြီးနောက် ရုတ်တရက် ခေါင်းငုံ့လိုက်လေ၏။ သူသည် ခါးတွင်ချိတ်ထားသော သိုလှောင်အိတ်ကို ဖြည်လိုက်ကာ စမ်းသပ်ချက်အတွင်းမှ ရရှိထားသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးအားလုံးကို သွန်ချလိုက်ပြီး တစ်ခုချင်းစီ ထိုင်ရေတွက်နေတော့သည်။

ဝတ်ရုံနက်နှင့်လူသည် ဒေါသများ ငယ်ထိပ်သို့ ဆောင့်တက်လာသော်လည်း စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ပိုင်ချူးရန် ရေတွက်ပြီးသည်အထိ အောင့်သက်သက်ဖြင့် သည်းခံစောင့်ဆိုင်းနေ၏။

ပိုင်ချူးရန်၏ လှုပ်ရှားမှုများမှာ သင်္ချာစတင်သင်ယူခါစ ကလေးတစ်ယောက်နှယ် အလွန်ပင် နှေးကွေးလှ၏။ သူသည် ကျောက်တုံးများကို တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် ရေတွက်ပြီးနောက် သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သောအခါမှ ဝတ်ရုံနက်နှင့်လူလည်း သက်ပြင်းချနိုင်တော့သည်။

သို့သော် သူ သက်ပြင်းပင် ဆုံးအောင် မချလိုက်ရသေးမီမှာပင် ပိုင်ချူးရန်သည် သူ၏သိုလှောင်အိတ်ကို ပြန်ချိတ်ပြီး လှည့်မကြည့်ဘဲ နောက်ပြန်လှည့်ထွက်သွားလေ၏။

"သူ ဘာလို့ပြန်ထွက်သွားရတာလဲ"

ဝတ်ရုံနက်နှင့်လူသည် ဝေးကွာသွားသော ပိုင်ချူးရန်၏ ကျောပြင်ကိုကြည့်ကာ ကြောင်တောင်တောင်ကြီး ကျန်ရစ်ခဲ့၏။ သူ သတိပြန်ဝင်လာသောအခါ ပလ္လင်လက်တန်းကို ဒေါသတကြီး ရိုက်ချရင်း အော်ဟစ်တော့သည်။

"သူ ရူးနေတာလားဟ။ ငါက ဒီမှာ စောင့်နေတာလေ။ မကောင်းဆိုးဝါးတွေကိုလည်း အကုန်သတ်ပြီးပြီကို ဘာလို့ ပြန်သွားတာလဲ။ ရှေ့ကိုဆက်လာစမ်းပါ။ ငါ့ကို လာတိုက်လေ။ ကျီရှန်းရဲ့ ရတနာတွေက ဒီနန်းဆောင်ထဲမှာ ရှိနေတာကွ"

သို့သော် သူ မည်မျှပင် အော်ဟစ်ပါစေ ပိုင်ချူးရန်ကမူ မကြားနိုင်တော့ပေ။ ပိုင်ချူးရန်၏ ပုံရိပ်သည် တိမ်ပင်လယ်ထဲသို့ ပြန်ဝင်ရောက်ကာ ယခင်က တောင်ကုန်းပေါ်သို့ ပြန်ရောက်ရှိသွားပြီဖြစ်၏။

ပိုင်ချူးရန်သည် တောင်ကုန်းပေါ်တွင် ခေတ္တရပ်ပြီးနောက် နှင်းမြူများထဲသို့ ပြန်လည်ခုန်ဝင်သွားသည်။ သူသည် စမ်းသပ်ချက်၏ တံခါးဝကို ဖြတ်ကျော်ကာ ကျောက်စိမ်းစင်မြင့်အတိုင်း ပြန်တက်သွားပြီး မူလနေရာ၌ မကောင်းဆိုးဝါးတစ်ကောင်နှင့် ထပ်ရင်ဆိုင်လိုက်ပြန်၏။

ယခုတစ်ကြိမ်တွင် ပေါ်လာသော မကောင်းဆိုး၀ါးမှာ အတောင်ပံပါသော မြွေကြီးမဟုတ်သော်လည်း ပိုင်ချူးရန် ရိုက်သတ်လိုက်သောအခါ ယခင်အတိုင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများစွာ ထွက်ကျလာသည်ကို တွေ့လိုက်ရ၏။

"တကယ်ပဲကို"

သူသည် မြေပြင်ပေါ်မှ ဝိညာဉ်ကျောက်တုံးကို ကောက်ယူကာ ကျောက်တုံး၏ တောက်ပနေသော အလင်းရောင်များကြည့်ပြီး ပြုံးလိုက်မိသည်။

"မကောင်းဆိုးဝါးတွေက ပြန်ပြန်ပေါ်တာပဲ။ ဝိညာဉ်ကျောက်တုံးတွေလည်း ထပ်ထွက်လာတော့ ငါ ဘာဆက်လုပ်ရမလဲဆိုတာ ရှင်းသွားပြီ"

သူသည် ဖြူလွလွ ကျောက်စိမ်းစင်မြင့်ကို ကြည့်ကာ ပြတ်သားစွာ ရေရွတ်လိုက်၏။ "ဒီကောင်တွေကို အသေကျုံးပစ်မယ်"

ငါးရက်ခန့် ကြာပြီးနောက်။

လီကျင်းယောင်သည် အခြားဂိုဏ်းတပည့်များကြားမှ ပထမဆုံးအဖြစ် စမ်းသပ်ချက် ခုနစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံးတောင်ကုန်းသို့ ရောက်ရှိလာသည်။ သူမသည် နှင်းမြူထဲမှ ထွက်လာသည်နှင့် ထူးခြားသော အနံ့တစ်ခုကို ရလိုက်၏။

"ထူးဆန်းလိုက်တာ။ ဒီမှာ တစ်ယောက်ယောက်က လက်နက်တွေ သွန်းလုပ်နေတာလား"

လီကျင်းယောင် ပြောရင်းဖြင့် ရှေ့သို့ ကြည့်လိုက်ရာ ပိုင်ချူးရန်သည် မတ်စောက်သော တောင်ကုန်းထက်၌ မီးတောက်အမှတ်အသားတစ်ခုဖြင့် လက်နက်တစ်ခုကို သွန်းလုပ်နေသည်ကို မြင်လိုက်ရသည်။

"စီနီယာဓားဘိုးဘေးလား"

လီကျင်းယောင် အံ့အားသင့်သွားသည်

"ဒီမှာ ဘာလုပ်နေတာလဲဟင်။ နောက်ဆုံးစမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်သေးတာလား။ မဟုတ်မှ ဖြေရှင်းဖို့ အချိန်လိုလို့လား"

"ဪ။ မိန်းကလေးကျင်းယောင်ပါလား"

ပိုင်ချူးရန်က လှည့်ကြည့်လိုက်သည်။ သူကြည့်ရသည်မှာ စိတ်ကြည်လင်နေပုံရ၏။

"မဟုတ်ပါဘူး။ ဒီကရတဲ့ ပစ္စည်းတွေက သိုလှောင်အိတ်ထဲမှာ မဆံ့တော့လို့ ခဏနားပြီး သိုလှောင်အိတ် နှစ်အိတ်လောက် ထပ်လုပ်နေတာပါ”

All Chapters