အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
အခန်း (၁၈၇) အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်း
မိနစ်အနည်းငယ်မျှ ကြာပြီးနောက် ပိုင်ချူးရန်သည် ထန်ရော်ဝေနှင့် ဇိုယန်ဖေးတို့အား လက်ရှိအခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်ပြီးနောက် မေးလာ၏။ "ဒါနဲ့ မင်းတို့ဆီမှာ တိုင်းတာရေး ကိရိယာတွေ ပါလာကြရဲ့လား"
"ပါတာပေါ့ ဆရာရယ်။ ကျွန်မကတော့ ဒါမျိုးဆို အမြဲအသင့်ဆောင်ထားတာပဲ"
ထန်ရော့ဝေက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။
"ကောင်းပြီ။ ဒါဆိုရင် အရင်ခဏနားလိုက်ဦး။ အားအင်တွေ ပြည့်သွားပြီဆိုမှ ဆရာ မင်းတို့ကို ဂူထဲ ခေါ်သွားမယ်"
ပိုင်ချူးရန်က သူမ၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ "အထဲရောက်ရင် မကောင်းဆိုး၀ါးတွေကို ငါ တားထားပေးမယ်။ မင်းနဲ့ မိန်းကလေးလီတို့ကတော့ အစီအရင်တွေကို ပုံတူကူးယူဖို့ပဲ အာရုံစိုက်ကြ"
ထန်ရော့ဝေက ခေါင်းညိတ်ပြပြီး ဇိုယန်ဖေးနှင့်အတူ အနားယူကာ စစ်မှန်ချီစွမ်းအင်များ ပြန်လည်ဖြည့်တင်းရန် ပြင်ဆင်လိုက်ကြ၏။ ပိုင်ချူးရန်မှာမူ ဘေးသို့ တိုးသွားကာ လင်းဖန်အား ရွှေဓားသိုင်း လေ့ကျင့်ရာတွင် လိုအပ်သည့် အချက်အလက်များကို စတင်ညွှန်ပြပေးနေတော့သည်။
ထိုအချိန်တွင် ထန်ရော်ဝေ၏ ဘေးနားရှိ လီကျင်းယောင်က သူမအား အလွန်တိုးညှင်းသော အသံဖြင့် လှမ်းခေါ်လာ၏။ "ရော်ဝေ ရော်ဝေ။ ဒီဘက် ခဏလာပါဦး"
သူမ လှည့်ကြည့်လိုက်ရာ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ စီနီယာအစ်မလီသည် သူမအား မျက်စိတစ်မှိတ် ပြနေသည်ကို တွေ့လိုက်ရ၏။ ထန်ရော့ဝေသည် ထရပ်ကာ သူမနှင့်အတူ အဝေးသို့ လိုက်သွားလေသည်။ ဇိုယန်ဖေးက သူမတို့ကို ထူးဆန်းသလို ကြည့်လိုက်သော်လည်း တားဆီးခြင်း မပြုပေ။ အဘယ့်ကြောင့်ဆို ပိုင်ချူးရန် ရှိနေသရွေ့ လီကျင်းယောင်သည် နတ်ဆိုးဂိုဏ်းမှဖြစ်သော်လည်း ဓားဘိုးဘေး၏ မျက်စိအောက်တွင် သူ၏တန်ဖိုးရှိသော တပည့်ကို ရန်ပြုရဲမည် မဟုတ်သောကြောင့်ဖြစ်၏။
ဂူ၏ အနက်ရှိုင်းဆုံး ထောင့်တစ်နေရာသို့ ရောက်သောအခါ လီကျင်းယောင် ရပ်လိုက်သဖြင့် ထန်ရော်ဝေက မေးလိုက်သည်။ "စီနီယာအစ်မလီ။ ကျွန်မကို ဘာပြောမလို့လဲ"
လီကျင်းယောင်းက ပတ်ဝန်းကျင်ကို အကဲခတ်ကာ ယိုမေ့ချောင်သည် သူမ၏ သိုလှောင်အိတ်ကို စီစစ်နေပြီး ကျောခိုင်းထားပြီး သူမဘက်သို့ ကြည့်မနေသည်ကို မြင်ကာမှ လီကျင်းယောင်က ခပ်တိုးတိုးလေး ပြောလိုက်၏။ "ရော်ဝေ... ကိစ္စတွေကတော့ ရှုပ်ကုန်ပြီ။ ကာမသုတြာဂိုဏ်းချုပ် စုရှန်းရွှယ်က တကယ်တမ်းကျ အပျိုစင်တဲ့"
"ဟမ် အဲဒါဘာဖြစ်လို့လဲ"
ထန်ရော့ဝေက မျက်တောင်လေး ခတ်လျက် ထပ်ပြော၏။ "အဲဒါကို ကျွန်မ သိပြီးသားလေ"
"ဘယ်လို။ နင်သိတယ် ဟုတ်လား"
လီကျင်းယောင်က သူမ၏ ပခုံးကို ကိုင်၍ လှုပ်ယမ်းကာ ပြောလာ၏။ "ဒါဆိုရင် ဂိုဏ်းချုပ်စုရှန်းရွှယ်က နင့်ရဲ့ဆရာကို စိတ်ဝင်စားနေတာလည်း သိမှာပေါ့"
"အင်းပေါ့။ ကျွန်မ ဆရာကလွဲရင် အဲ့တာကိုဘေးလူတွေ အကုန်လုံး သိကြတာပဲလေ" ထန်ရော့ဝေက မျက်လုံးသာ လှန်လိုက်မိ၏။
"ဒါဆို နင့်မှာ အဲ့တာနဲ့ပတ်သက်ပြီး ဘာမှပြောစရာ မရှိဘူးလား"
လီကျင်းယောင်က အားမလိုအားမရ ဖြစ်စွာဖြင့် မေးလိုက်သည်။
"ကျွန်မက ဘာတွေပြောစရာရှိရမှာလဲ"
ထန်ရော်ဝေက ခေတ္တစဉ်းစားပြီးမှ ထပ်ပြော၏။ "ဪ။ ဆရာ လူပျိုကြီးဘဝက ကျွတ်တော့မယ်ဆိုတော့ ဂုဏ်ပြုရမှာပေါ့။ ဟုတ်တယ်မလား"
"ငါ ပြောချင်တာ အဲဒါမဟုတ်ဘူး ရောိဝေရဲ့။ နင်ကော စီနီယာ ဓားဘိုးဘေးအပေါ် ဘာစိတ်မှ မရှိဘူးလား"
လီကျင်းယောင်က မျက်ခုံးပင့်ကာ ဆက်ပြော၏။ "အရင်တုန်းက ငါက ဓားဘိုးအေအပေါ် ငါ့ရဲ့ ခံစားချက်တွေကို ပြောပြတုန်းက နင်နည်းနည်း စိတ်မသက်မသာ ဖြစ်သွားတယ် မဟုတ်ဘူးလား။"
ထန်ရော်ဝေ ကြောင်သွားပြီးမှ အတင်းငြင်းလာသည်။ "မဟုတ်ဘူး။ လုံး၀မဟုတ်ဘူး"
လီကျင်းယောင်က သူမကို အထက်အောက် စုန်ဆန်ကြည့်ပြီး ပြောလာ၏။"ဒါဆိုရင် နင်ကော လက်တွဲဖော်ရှာဖို့ မစဉ်းစားဖူးဘူးလား"
ထန်ရော်ဝေသည် သူမ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်၏။ "ကျင့်ကြံမှုတောင် မပြီးမြောက်သေးတာကို ဘယ်လိုလုပ် အိမ်ထောင်ရေးကို စဉ်းစားနိုင်မှာလဲ"
"ငါတော့ နင့်ကို ဘာပြောရမှန်းတောင် မသိတော့ဘူစ"
လီကျင်းယောင်မှာ ဒေါသထွက်ရမလို၊ ရယ်ရမလိုဖြစ်သွားပြီး ဆက်ပြောသည်။ "နင်နဲ့ စီနီယာ ဓားဘိုးဘေးကတော့ တကယ့် ချွတ်စွပ်တွေပဲ။ ဆရာတူတပည့်ဆိုတာ ဒါကိုပြောတာနဲ့တူတယ်"
ထန်ရော်ဝေသည် သူမ၏ ဆရာအပေါ် စိတ်မဝင်စားသည် မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ချို့ယွင်းချက် (ရင်ဘတ်ပြားခြင်း) ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေခြင်းဖြစ်ကြောင်း လီကျင်းယောင် ရိပ်မိသွား၏။ ထို့ပြင် ပိုင်ချူးရန်ကလည်း ထန်ရော်ဝေ၏ ကျင့်ကြံမှု အဆင့်နိမ့်နေသည်ဟု အမြဲနှိမ်ပြောလေ့ရှိရာ ထန်ရော်ဝေ၏စိတ်ထဲတွင် သိမ်ငယ်စိတ် တစ်မျိုးဝင်နေခြင်းလည်း ဖြစ်ပေမည်။
"ဒါနဲ့ စီနီယာအစ်မလီက ဘာလို့ ကျွန်မဆရာကို သဘောကျတာလဲ"
ထန်ရော်ဝေက ပိုင်ချူးရန်ကို တစ်ချက်လှမ်းကြည့်ပြီးမှ မေးသည်။
"သူ့ရဲ့ ဘယ်နေရာကို ကြိုက်တာလဲဟုတ်လား"
လီကျင်းယောင်က ခဏစဉ်းစားကာ ဆက်ပြော၏။
"အင်း။ သူက ချမ်းသာတယ်။ အာဏာရှိတယ်။ ရုပ်ချောတယ်။ ပါရမီရှိတယ်။ အစွမ်းထက်တယ်။ ပါးစပ်က လူတွေရဲ့ အားနည်းချက်ကို လိုက်ဆွတတ်တာရယ်နဲ့ အသက်ကြီးတာရယ်ကလွဲရင် တခြား အားနည်းချက် မရှိဘူး။ ငါကတော့ အဲဒီ နှစ်ခုစလုံးကို ဂရုမစိုက်ဘူး။ ငါ့ရဲ့ စိတ်နေစိတ်ထားကလည်း အဲ့လိုနဲ့ကိုက်တယ်လေ ပြီးတော့ ငါတို့က ကျင့်ကြံသူတွေပဲ။ အသက်ကွာတာက ဘာအရေးလဲ"
လီကျင်းယောင်က သေသေချာချာ စဉ်းစားထားပုံရကာ ထပ်ပြောသည်။
"အရေးကြီးဆုံးကတော့ ပါးစပ်ကသာ ဆိုးတာ စီနီယာပိုင်က လူသားမျိုးနွယ် တစ်ခုလုံးကို အမြဲတမ်းရင်ထဲမှာ ထည့်ထားတတ်တာ။ သူ့ဘေးနားက လူတွေအပေါ်မှာလည်း အရမ်းကောင်းတယ်။ အဲဒါတွေက လက်တွဲဖော် ရွေးချယ်တဲ့နေရာမှာ အမှတ်ပေးရမယ့် အချက်တွေပဲလေ။ တကယ်လို့ ယောက်ျားတစ်ယောက်မှာ ဘာကောင်းကွက်မှမရှိရင် ဂိုဏ်းချုပ်စုလို မိန်းမမျိုးက ဘာလို့သဘောကျမှာလဲ။ ငါပြောတာ ဟုတ်တယ်မလား ရော်ဝေ"
ထန်ရော်ဝေ သေချာစဉ်းစားကြည့်ရာ လီကျင်းယောင် ပြောသည်မှာလည်း ယုတ္တိရှိသည်ကို နားလည်၏။
"ညီမလေး ရော်ဝေ"
ထိုအချိန်တွင် လီကျင်းယောင်က သူမ၏ လက်ဖဝါးကို ပြန်ဆုပ်ကိုင်လာသည်။
"ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား"
ထန်ရော်ဝေက တွန့်ဆုတ်စွာဖြင့် ပြန်ဖြေ၏။ "အဲဒီလိုပဲ ပြောရမှာပေါ့"
"ဒီလိုမှပေါ့"
အခန်း (၁၈၈) အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခြင်း [၁]
လီကျင်းယောင်က ထန်ရော်ဝေ၏ လက်ကို ကိုင်ကာ တည်ကြည်စွာ ပြောလာသည်။ "ဒါဆို နင့်ဆရာနဲ့ ငါ့ကို အောင်သွယ်ပေးစမ်းပါ"
"ဘယ်လို"
ထန်ရော်ဝေ မျက်လုံးလေး ပြူးသွားကာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
"နင့်ဆရာလို သစ်တုံးကြီးကို ငါ့ဘက်ပါလာအောင် ကူညီပေးလို့။ အပြန်အလှန်အနေနဲ့ ငါကလည်း မင်းရဲ့ မဟာမိတ် ဖြစ်လာပေးမယ်။ နောင်တစ်ချိန် နင်ကြိုက်တဲ့သူတွေ့ရင် ငါကလည်း ပြန်ကူညီမှာပေါ့"
ထိုသို့ဖြင့် တခဏကြာပြီးနောက် သူမတို့နှစ်ဦးသည် ဂူအတွင်းမှ ထွက်လာကာ လူအားလုံး၏ရှေ့သို့ ရောက်ရှိလာကြ၏။
"မင်းတို့ ဘယ်တွေသွားနေတာလဲ"
ပိုင်ချူးရန်က မိန်းကလေးနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
"အနားယူလို့ ဝကြပြီလား"
"ဟုတ်။ ၀ပါပြီ" လီကျင်းယောင်နှင့် ထန်ရောိဝေ နှစ်ဦးစလုံးက ခေါင်းညိတ်ကာဖြေကြားလိုက်ကြ၏။
"ဒါဆို သွားကြစို့"
ပိုင်ချူးရန်က အဖွဲ့ကို ဦးဆောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သို့သော် လီကျင်းယောင်နှင့် ထန်ရော်ဝေတို့ကြားရှိ လျှို့ဝှက်သော အကြည့်ချင်း ဖလှယ်မှုကိုမူ သူ သတိမပြုမိလိုက်ပေ။ ဘေးနားရှိ ယိုမေ့ချောင် တစ်ယောက်တည်းသာ ထိုအချက်ကို သတိထားမိလိုက်ပြီးနောက် သူမ၏ မေးစေ့လေးကို ကိုင်ကာ စဉ်းစားဟန် ပြုနေတော့သည်။
———————————
နန်းဆောင်အပြင်ဘက်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုတုန်ခါမှုကြောင့် နန်းဆောင်အတွင်း၌ နှစ်ပေါင်းများစွာ စုပုံနေသော ဖုန်မှုန့်များမှာ ဝတ်ရုံနက်နှင့်လူ၏ ကိုယ်ပေါ်သို့ ကျဆင်းလာသော်လည်း သူကမူ သတိမပြုမိချေ။
၀တ်ရုံနက်နှင့်လူသည် နန်းဆောင်အတွင်းရှိ နဂါးပလ္လင်ပေါ်၌ မှီလျက် ကောင်းကင်ကိုသာ အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေမိ၏။ တစ်ချိန်က တောက်ပခဲ့သော သူ၏ မျက်လုံးများမှာ ယခုအခါ အသက်မဲ့နေပြီး ပိန်လှီလှသော ပုံစံကြောင့် လူသေတစ်ယောက်နှင့်ပင် တူနေတော့သည်။
ပေါက်ကွဲသံများမှာ မြန်ဆန်စွာ ငြိမ်သက်သွား၏။ နန်းဆောင်တံခါးဝသို့ ရောက်ရှိလာသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် တံခါးဝတွင် သိုလှောင်အိတ်ကို သွန်ချသောအသံကိုကြားလိုက်ရပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ အချင်းချင်း ထိခိုက်မိသဖြင့် ထွက်ပေါ်လာသော တချွင်ချွင် အသံများကို ထပ်ကြားရပြန်သည်။
'၁၈၇ ကြိမ်မြောက်...'
ဝတ်ရုံနက်နှင့်လူသည် ဆွံ့အနေမိပြီး နန်းဆောင်အပြင်ဘက်မှ လူ၏လုပ်ရက်ကို စိတ်ကုန်နေမိ၏။
မူလက ဤအဆင့်မြင့် ဝိညာဉ်ကျောက်တုံးများသည် ကျီရှန်းဂူဗိမာန်၏ ပိုင်ရှင်အစစ်မှာ စမ်းသပ်ချက်ကို ကျော်ဖြတ်သူများ အားအင်ပြန်လည် ဖြည့်တင်းနိုင်ရန် ပြင်ဆင်ထားပေးသော ပစ္စည်းများသာပင်။
သို့သော် လွန်ခဲ့သော တစ်လကျော်က ပိုင်ချူးရန်ဆိုသော ထိုလူသည် နန်းဆောင်တံခါးဝ၌ သိုလှောင်အိတ်တစ်ခုကို စတင်ချထားခဲ့ပြီးနောက်တွင်မူ ဤဝိညာဉ်ကျောက်တုံးများမှာ သာမန်ငွေကြေးအလားထင်ရပြီး အောင်ပွဲတွင်ရရှိသောပစ္စည်းများသာ ဖြစ်သွားရတော့၏။
လွန်ခဲ့သော တစ်လအတွင်း ပိုင်ချူးရန်သည် မီးတောက်စမ်းသပ်ချက်ကို အသွားအပြန် ၁၈၇ ကြိမ်တိုင်တိုင် ရှင်းလင်းခဲ့ပြီး ရောက်လာသည့် အကြိမ်တိုင်းတွင်လည်း လူများကို ပိုပို၍ ခေါ်ဆောင်လာခဲ့သည်။
အစပိုင်းတွင် အမျိုးသမီး ကျင့်ကြံသူ တစ်ဦးသာပါသော်လည်း နောက်ပိုင်းတွင် တစ်ယောက်စ နှစ်ယောက်စပါလာကာ အဆုံးတွင် လှိုင်ဂူထဲကိုဝင်လာခဲ့သော အမှန်တရားလမ်းစဉ်နှင့် နတ်ဆိုးဂိုဏ်းတို့မှ လူများအားလုံးကိုပင် ခေါ်ဆောင်လာခဲ့သည်။
စမ်းသပ်ချက်တစ်ခုအတွင်းသို့ လူများစွာ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြသဖြင့် ဂူဗိမာန်၏ ဟင်းလင်းပြင်နှင့် ကူးပြောင်းမှု ယန္တရားများမှာပင် မခံနိုင်ဖြစ်လာပြီး ဂူဗိမာန်၏ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အချိန်မှာ ပို၍ ကြာမြင့်လာရတော့သည်။ ထိုသည်မှာ လူအများအပြား ဝင်ရောက်လာသဖြင့် ဝန်မခံနိုင်ဘဲ ပြန်လည်စတင်နေရသော ဂိမ်းဆာဗာတစ်ခုနှင့်ပင် တူနေတော့၏။
သူ၏ ယခင်လက်အောက်ငယ်သားများနှင့် သူငယ်ချင်းများဖြစ်ကြသော ဤနေရာတွင် ဝိညာဉ်ဘဝဖြင့် ပုန်းအောင်းနေကြသည့် မြေကမ္ဘာအင်မော်တယ်အချို့မှာလည်း လူသားတို့၏ ခန္ဓာကိုယ်ကို သိမ်းပိုက်၍ ထိုအဖွဲ့အတွင်းသို့ ရောနှောဝင်ရောက်ခဲ့ကြသော်လည်း ထိုထူးဆန်းသောလူ၏ ဖော်ထုတ်သတ်ဖြတ်ခြင်းကိုသာ ခံခဲ့ကြရသည်။
သူတို့ခေတ်တည်းက မြေကမ္ဘာအင်မော်တယ် အရေအတွက်မှာ များလှသည် မဟုတ်ပေ။ ထိုအင်မော်တယ်များသည် သူတို့၏ ဝိညာဉ်များကို အနက်ရောင် သလင်းတုံးများအတွင်း၌ ပိတ်လှောင်ထားခဲ့ကြ၏။ သူကဲ့သို့ ဝိညာဉ်စွမ်းအား အလွန်အမင်း အစွမ်းထက်သော အင်မော်တယ် အနည်းငယ်သာလျှင် အခွင့်အရေးကို စောင့်ဆိုင်းရင်း အခြားအရာများပေါ်တွင် ခိုကပ်နေနိုင်ခဲ့ခြင်းဖြစ်သည်။
ပိုင်ချူးရန် သတ်ပစ်လိုက်သော ထိုအင်မော်တယ် အနည်းငယ်မှာ ဤဂူအတွင်းရှိ ခန္ဓာကိုယ် သိမ်းပိုက်နိုင်စွမ်းရှိသော အစွမ်းထက်ကြသည့် မြေကမ္ဘာအင်မော်တယ်များဖြစ်ကြ၏။ ယခုအခါတွင်မူ အသက်ရှိသလား မသိရသော ဦးခေါင်းခွံကြီးကို ဖယ်လိုက်လျှင် ကျီရှန်းဂူဗိမာန်အတွင်း၌ သူတစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
လေထဲမှ ဖယောင်းတိုင်မီးတောက်သဖွယ် ဖြစ်နေသော သူ၏ဝိညာဉ် မပြိုကွဲသွားစေရန်အတွက် အပြင်မှလူများကိုသာ ထိုင်ရေတွက်နေခြင်းဖြစ်၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကိစ္စရပ်များမှာ အနည်းငယ် ကွဲပြားသွားပုံရသည်။ ဝတ်ရုံနက်နှင့်လူမှာ မှိုင်တွေနေစဉ်မှာပင် မထင်မှတ်ထားဘဲ တစ်စုံတစ်ယောက်က နန်းဆောင်တံခါးကြီးကို တွန်းဖွင့်ကာ အတွင်းသို့ လျှောက်ဝင်လာတော့၏။