← Chapters

ဧကရာဇ်ရီ

Vol. 86-89 Ch. 1291

ဧကရာဇ်ရီ

Vol. 86-89 Ch. 1291

“ဝင်ရိုးစွန်း နေမီးတောက်”

ထိုသိုင်းကွက် ပေါ်လာသည်ကိုမြင်ပြီး လူတိုင်း ထိတ်လန့်ကာ မယုံသင်္ကာ ဖြစ်သွားကြသည်။ အကြောင်းမှာ ထိုသိုင်းကွက်သည် အတိတ်အခါက အင်မော်တယ် ဧကရာဇ်တစ်ပါး၏ မှော်သိုင်းကွက် ဖြစ်နေသောကြောင့်ပင်။

ဤနေမီးတောက်အောက်၌ နိုင်ငံများ ရှင်းလင်းခံခဲ့ရသည်။ အတိတ်အခါက အင်မော်တယ် ဧကရာဇ်သည် ဤသိုင်းကွက်ကိုသုံး၍ နိုင်ငံတစ်နိုင်ငံအား ဖျက်ဆီးခဲ့သည်။

လက်ချောင်းလေးတစ်ချောင်း လှုပ်ရှားရုံမျှနှင့် စည်ပင်သာယာသော နိုင်ငံတစ်နိုင်ငံအား ပြာကျအောင် လုပ်နိုင်လေသည်။ ဤသည်မှာ ဝင်ရိုးစွန်း နေမီးတောက်၏ အစွမ်းပင်။

ဖျက်ဆီးကိန်းက ကြောက်စရာကောင်းလှသည်။ ၎င်းသိုင်းကွက်သည် ရှေးခေတ်နှင့် ယခုခေတ်သစ်အထိ ပြိုင်စံရှားသော လူသတ်သိုင်းကွက် ဖြစ်သည်။ နတ်ဘုရားများအားလုံး အသတ်ခံရနိုင်သလို မည်သူမှ မခုခံနိုင်ချေ။

ထို့ကြောင့် အင်မော်တယ် ဧကရာဇ်အား လောက၏ ကြောက်စရာအကောင်းဆုံးလူများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ကြသလို သူ၏ နာမည်ဂုဏ်သတင်းကလည်း နှစ်နှင့်ချီ၍ ကျော်စောခဲ့သည်။

ယနေ့ခေတ်အခါအထိ သူသည် လောက၏ လေးစားခြင်းခံရသော ပုဂ္ဂိုလ်အဖြစ် လေးစားခံရဆဲ ဖြစ်သည်။ သူသည် မရေတွက်နိုင်သော နှစ်များစွာက သေဆုံးသွားခဲ့သော်လည်း မရေတွက်နိုင်သော ဒဏ္ဍာရီလာများနှင့် အောင်မြင်မှုများကို ချန်ထားရစ်ခဲ့သဖြင့် လောကကြီးက သူ့အား အထင်ကြီး လေးစားကြပြီး အထိမ်းအမှတ် ကျောက်တိုင်ပင် စိုက်ထူထားလေသည်။

ယုရှန်းဝမ်က သူတော်စင်သခင် တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း သူတော်စင်သခင်အဆင့်အား တိုက်ခိုက် နိုင်သည့် အကြောင်းရင်းကို ယခုအခါတွင်မှ သူတို့အားလုံး နားလည်သိရှိသွားကြသည်။ ထိုအကြောင်းရင်းမှာ ဝင်ရိုးစွန်း နေမီးတောက် သိုင်းကွက်ကြောင့်ပင်။

အတိတ်အခါက ဒဏ္ဍာရီလာ အင်မော်တယ် ဧကရာဇ်၏ အစွမ်းထက်သော လူသတ်သိုင်းကွက် မိမိ၌ ရှိနေပါက သူတော်စင်သခင် တစ်ပိုင်းအဆင့်နှင့် သူတော်စင်သခင်အဆင့်အား သတ်နိုင်ခြင်းက ဖြစ်နိုင်ပေသည်။

*ဒီတစ်ခါတော့ ယဲ့ဖန် တကယ် သေတော့မယ် ထင်တယ်*

ဤသည်ကိုမြင်သော် ဒုတိယမင်းသား စိတ်အေးသွားပြီး ရက်စက်သော အမူအရာမျိုး ပြန်ပေါ်လာသည်။

“သူ့ကိုမသတ်နဲ့၊ ငါ ဒီမျိုးမစစ်ကောင်ကို အရှင်ဖမ်းပြီး မြို့တော်ကို ပြန်ခေါ်သွားမယ်၊ ပြီးမှ ခမည်းတော်ရဲ့ အမိန့်ကို စောင့်မယ်”

ယဲ့ဖန်သည် ညီလာခံခန်းမ၌ သူ့ခမည်းတော်အား စော်ကား ပြောဆိုခဲ့သည်။ သူ့ကိုသာ အရှင်ပြန်ဖမ်း နိုင်ခဲ့မည်ဆိုလျင် သူ၏ ခမည်းတော် သေချာပေါက် ပျော်သွားပေလိမ့်မည်။ ယဲ့ဖန်၏ နိမ့်ကျသော အသက်ကို အသုံးချ၍ သူ၏ ထီးနန်းဆက်ခံခွင့် ပိုခိုင်မာအောင် လုပ်ချင်နေ၏။

မီးတောက်များက လေထဲမှ ကျဆင်းလာပြီး အပူလှိုင်းများ တလိမ့်လိမ့် ပျံ့လွင့်နေသဖြင့် လူတိုင်း သူတို့၏ စိတ်ဝိညာဉ်ပါ လောင်ကျွမ်းတော့မည်ဟု ခံစားမိနေပြီး ကြောက်လန့်သော အမူအရာများ ဖြစ်နေကြသည်။

ထိုစဉ် ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုး ပြုံးလာ၏။ ကြောက်လန့်ရမည့်အစား ပျော်နေသည့်ပုံပင်။

*ဒီမြင်ကွင်းက ကြောက်ဖို့ကောင်းတယ်လေ*

*ဒီကောင်က ဘယ်လိုမိစ္ဆာမျိုးလဲ၊ သူ သေရတော့မှာ သိသာနေတာကို ဘာလို့ အခုထိ ပြုံးနိုင်နေသေးတာလဲ*

*ဒါမှမဟုတ် ဒီကောင်က သူ့ကံကြမ္မာကို လက်ခံသွားတာလား*

“ဝုန်း ဝုန်း”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်အား မီးတောက်များက ဝါးမျိုသွားသည်။ ဟိုတယ်တစ်ခုလုံး ပူလောင်လာပြီး ဤအပူလိုင်းကြောင့် လောင်ကျွမ်းပျက်စီးကာ လူသတ်လိုစိတ်များ ပျံ့လွင့်လာသည်။

“မင်းကို ဒီသိုင်းကွက်နဲ့ သတ်ခဲ့လို့ မင်း ဂုဏ်ယူနေသင့်တာ”

ယုရှန်းဝမ်က မောက်မာသော မျက်နှာထားနှင့် ဂရုမစိုက်သလို ပြောလိုက်သည်။

*သေပြီ*

*ယဲ့ဖန် သေပြီ*

*ဒီအင်ပါယာရဲ့ နတ်ဆိုးက ယုရှန်းဝမ်ရဲ့ လက်ထဲမှာ သေသွားပြီဆိုတော့ တစ်နိုင်ငံလုံး ထိတ်လန့်လာ လောက်တယ်*

သို့သော် လူတိုင်း ယဲ့ဖန် သေပြီဟု ထင်နေကြချိန်တွင် ပြောင်းလဲမှု ဖြစ်လာလေသည်။ ဝင်ရိုးစွန်း နေမီးတောက် သိုင်းကွက်မှ မီးတောက်များသည် တစ်နေရာသို့ အရူးအမူး ဦးတည်သွားပြီး တဖြည်းဖြည်း သေးငယ်လာကာ ယဲ့ဖန်၏ ဝါးမျိုခြင်း ခံလိုက်ရသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

အဆိုပါ မြင်ကွင်းကြောင့် လူတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

*ဝါးမျိုလိုက်တာလား*

*နှစ်ပေါင်းများစွာ နံပါတ်တစ် လူသတ်သိုင်းကွက်လို့ ခေါ်တဲ့ သိုင်းကွက်က အဲ့လူရဲ့ ဝါးမျိုတာကို တကယ် ခံလိုက်ရ တာလား*

*မယုံနိုင်စရာပဲ*

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

အတိတ်က အင်မော်တယ် ဧကရာဇ်သည် ရှေးနတ်ဘုရား ကျင်းဝူမျိုးနွယ်ကို တစ်ကိုယ်တည်း ယှဉ်ပြိုင်ခဲ့ပြီး နတ်ဘုရား သားတော် ကိုးယောက်ကို သတ်ဖြတ်ခဲ့သည်။ သို့သော် ကျင်းဝူမျိုးနွယ်သည် ငြိမ်နေခဲ့ပြီး ကျင်းဝူ ဘုရင်ပင် ဘာအသံမှ မထွက်ရဲခဲ့ချေ။ သူသည် အလွန် သန်မာပြီး ကြောက်စရာ ကောင်းခဲ့သောကြောင့် တစ်လောကလုံး ပွက်လောရိုက်သွားလေသည်။

ထို့နောက်တွင်မူ ကျင်းဝူမျိုးနွယ်သည် မကောင်းသော အရာများကို ရှောင်ရှားရန်အတွက် မျိုးနွယ်တစ်ခုလုံး နေရာရွှေ့ပြောင်းသွားခဲ့ပြီး လုံးဝ ပျောက်ကွယ်သွားကာ ဘယ်သောအခါမှ ပြန်ပေါ်မလာတော့ချေ။

ကျင်းဝူမျိုးနွယ်သည် မျိုးနွယ်တိုင်း လေးစား၍ အရိုအသေပေးရသော မျိုးနွယ် ဖြစ်သည်။ သူတို့သည် ဤလောက၏ သက်တမ်းအရင့်ဆုံး မျိုးနွယ်များ ဖြစ်ပြီး ယန်စွမ်းအင်အား ထိရောက်စွာ အသုံးချနိုင်သည့် အစောပိုင်း သက်ရှိမျိုးနွယ် ဖြစ်လေသည်။ သာမန် ကျင်းဝူမျိုးနွယ်တစ်ယောက်ပင် အေးအေးလူလူ သွားလာနိုင်သဖြင့် ကျင်းဝူ နတ်ဘုရား သားတော်ဆယ်ယောက်ဆိုလျင် ပြောနေစရာ မလိုတော့ပေ။

သို့သော် ကျင်းဝူ နတ်ဘုရား သားတော် ဆယ်ယောက်လုံးသည် အင်မော်တယ် ဧကရာဇ်အား ဒေါသထွက်အောင် လုပ်ခဲ့သဖြင့် ခေါင်းဖြတ်ခံခဲ့ရပြီး နောက်ဆုံးသော ကျင်းဝူ နတ်ဘုရားသားတော် တစ်ပါးက သန့်စင်သော ကျင်းဝူဘုရင်၏ မျိုးဆက် မရှိတော့မည်စိုး၍ အောက်ကျို့ကာ တောင်းပန်ခဲ့ရသည်။

ထိုလူအား ဟုန်ရီဟု ခေါ်ဆိုပြီး နှောင်းလူများက ဧကရာဇ်ရီဟု သိကြလေသည်။ ထို့သို့ ကြောက်စရာကောင်းသော လူ တီထွင်ထားသော လူသတ်သိုင်းကွက်သည် နိုင်ငံတစ်နိုင်ငံလုံးကို ဖျက်ဆီးနိုင်သည့်အပြင် နတ်ဘုရား သားတော်များကိုပင် သတ်နိုင်ခဲ့သော်လည်း ယဲ့ဖန်ကို မသတ်နိုင်ခဲ့ပါတကား။

မည်သူမှ ဤရလဒ်ကို မယုံနိုင်ပါ။ ဤသည်မှာ မဖြစ်နိုင်ချေ။ သို့သော် သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းက သူတို့အား ရူးအောင် လုပ်နေ၏။

“ငါ့သိုင်းကွက်ကိုသုံးပြီး ငါ့ကို တိုက်ချင်တယ်ပေါ့လေ၊ မင်းက တော်တော် သတ္တိကောင်းတယ်လို့ ပြောရမှာပဲ”

ယဲ့ဖန်က မချိုမချဉ် ပြုံးနေသည်။ ယုရှန်းဝမ်သည် ဝင်ရိုးစွန်း နေမီးတောက်ကို သင်ယူနိုင်စွမ်း ရှိသည်က သူ့အတွက် အနည်းငယ် အံ့ဩစရာ ကောင်းခဲ့ကြောင်း ဝန်ခံရပေမည်။

ထိုဘဝက သူသည် တာအိုသဘောတရားများနှင့် မျိုးဆက်များ မထားခဲ့ပေ။ သူ့စကားကို ကြားသော် လူတိုင်း မျက်လုံးပြူးသွားကြသည်။

*ယဲ့ဖန်ရဲ့ သိုင်းကွက်တဲ့*

*ယဲ့ဖန် ဘာပြောချင်တာလဲ*

ယုရှန်းဝမ်က ယဲ့ဖန် ပြောလိုက်သည့်စကားကို လုံးဝ မကြားပေ။ သူသည် ထိတ်လန့်မှင်တက်နေပြီး ယဲ့ဖန်အား သစ်သားရုပ်တုသဖွယ် ငြိမ်၍ ကြည့်နေမိသည်။

*ဝင်ရိုးစွန်း နေမီးတောက်ကို သူ တကယ် ဝါးမျိုလိုက်တာပဲ*

*ဒါ ဘယ်လို ဖြစ်ရတာလဲ*

ဝင်ရိုးစွန်း နေမီးတောက်သည် တာအိုသဘောတရားကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ပြောကြသည့် လူသတ် သိုင်းကွက် ဖြစ်သော်လည်း သူ့ရှေ့မှ လူငယ်လေး၏ ဝါးမျိုခြင်း ခံလိုက်ရသည်တဲ့လား။

ဤမြင်ကွင်းက လူတစ်ယောက် ပင်လယ်ရေကိုသောက်က နေကို ဝါးမျိုနေသည်ကို ကြည့်နေရသကဲ့သို့ ကြောက်စရာ ကောင်းလှပေသည်။

“မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

ယုရှန်းဝမ်သည် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ ကြောက်လန့်နေသည်။ ယခုအခါတွင်မှ သူ ကြောက်စိတ်ဟူသော အရာကို သိရှိလာ၏။

*ရှုံးပြန်ပြီ*

*သုံးကြိမ်လုံး မအောင်မြင်ခဲ့ဘူး*

သူသည် သူတော်စင်သခင်အဆင့်ကိုပင် သတ်နိုင်ခဲ့သော်လည်း ဤလူငယ်လေးကိုမူ ဘာမှမလုပ်နိုင်ခဲ့ပေ။ သူ့အတွက် ဤအဖြစ်က အကြီးမားဆုံးသော လှောင်ပြောင်ခံရမှုပင်။

သူ မယုံနိုင်ပါ။ ယဲ့ဖန်က ပြုံး၍ အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ဒီလောကထဲမှာ ဝင်ရိုးစွန်း နေမီးတောက်ကို သင်ယူနိုင်မယ့်လူ ရှိသေးဦးမယ်လို့ ငါ ထင်မထားမိလို့ ငါ နည်းနည်းတော့ အံ့ဩမိတယ်၊ ဒါပေမဲ့ မင်းရဲ့ ဝင်ရိုးစွန်း နေမီးတောက်က အမှိုက်ဆန်လွန်းနေတာ စိတ်ပျက်စရာပဲ”

*အမှိုက်ဟုတ်လား*

ယုရှန်းဝမ် ဒေါသူပုန်ထသွားသည်။ ဤဝင်ရိုးစွန်း နေမီးတောက်ကို သင်ယူနိုင်သူဟူ၍ သူ တစ်ဦးတည်းသာ ရှိသည်။ သို့ရာတွင် ယဲ့ဖန်က သူ့သိုင်းကွက်အား အမှိုက်ဟု ခေါ်ဆိုနေ၏။

*သူ ဘာလို့ ဒီလို ပြောတာလဲ*

ထိုစဉ် ရင်းနှီးသော်လည်း နှိုင်းယှဉ်မရသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။ ယဲ့ဖန် လက်ဝါးဖြန့်လိုက်ပြီးနောက် လက်ဝါးပေါ်၌ ရွှေရောင် မီးတောက်တစ်ခု တောက်လောင်လာလေသည်။ သူ၏အပြုံးက ထူးဆန်း၍ ဟန်ပန်က ထည်ဝါလှသည်။ သူက ရှေ့သို့ တစ်လှမ်းထိုးလာပြီး ပြောလာသည်။

“ဒီနေ့ ငါ မင်းကို တကယ့် ဝင်ရိုးစွန်း နေမီးတောက်ရဲ့ အစွမ်းကို မြည်းစမ်းခိုင်းမယ်”

*ဘာ*

ထိုစကားအဆုံး၌ အားလုံး အုတ်အုတ်ကျွတ်ကျွတ် ဖြစ်သွားသည်။

*ဒီကောင်က ဝင်ရိုးစွန်း နေမီးတောက်ကို သိနေတာလား*

“မဖြစ်နိုင်ဘူး ဧကရာဇ်ရီ မသေခင်က ဘာမျိုးဆက်မှ မချန်ခဲ့ဘူး၊ မင်း ဝင်ရိုးစွန်း နေမီးတောက်ကို ဘယ်က တတ်မှာလဲ”

ယုရှန်းဝမ်က မယုံနိုင်သလို ဖြစ်ကာ ထိတ်လန့်နေ၏။ လောကထဲ ဤသို့သော တိုက်ဆိုင်မှုမျိုး အဘယ်မှာ ရှိနိုင်မည်နည်း။ သူတို့ခေါ်ဆိုနေသော ဧကရာဇ်ရီက လက်ရှိယဲ့ဖန် ဖြစ်ကြောင်း မည်သူက တွေးမိမည်နည်း။

“မသာက အများကြီး သိစရာ မလိုဘူး”

ယဲ့ဖန် ဒေါတသကြီး အော်ဟစ်လိုက်ပြီးနောက် သူ့လက်ဝါးပေါ်မှ မီးတောက်က ရုတ်တရက် အရှိန်ဟုန်ပြင်းပြင်း တောက်လောင်လာပြီး ရှေးဟောင်း နတ်ဆိုးတစ်ကောင် အသက်ပြန်ဝင်လာပြီး လောကထဲ ရောက်ရှိ လာသလိုပင်။

ရုတ်တရက် ယဲ့ဖန်က လက်ကိုမြှောက်လိုက်သည်။ ထိုအခါ လက်ထဲမှ မီးတောက်သည် နေလုံးလေးအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင် အလင်းတန်း ဖြာကျလာကာ ဟိုတယ်တစ်ခုလုံး တုန်ခါလာသည်။ ထိုအခါ ပရိသတ်များ အားလုံး ချက်ချင်း ထွက်ပြေးကြလေသည်။

“မြန်မြန်ပြေးကြ”

ပိုင်ရွှယ်သည် သတိလက်လွတ်ဖြစ်သော လီဝေ့နှင့် ကျုံးဝမ်ကို အလျင်အမြန် ဆွဲ၍ ဟိုတယ်အပြင်သို့ ထွက်ပြေး လေသည်။

မကြာခင်မှာပင် ဟိုတယ်တစ်ခုလုံး ပြိုကျလာ၏။ သို့သော် လူတိုင်းသည် သူတို့ရှေ့မှ နတ်ဘုရားနှင့် တူနေသည့် ယဲ့ဖန်ကိုသာ ကြည့်နေမိသည်။

*လူတစ်ယောက်က လက်တစ်ဖက်နဲ့ နေတစ်စင်းကို ကိုင်ထားတယ်*

*ဒါ မယုံနိုင်စရာပဲ*

*သမိုင်းထဲမှာတောင် ဧကရာဇ်ရီတစ်ပါးတည်းပဲ ဒီလိုလုပ်နိုင်တယ်လို့ ပြောထားတာ*

*မဟုတ်မှလွဲရော ဧကရာဇ်လီက တကယ် မျိုးဆက်ချန်ခဲ့ပြီးတော့ ငါတို့ရှေ့က ယဲ့ဖန်က သူ့မျိုးဆက်များလား*

*ဒီလိုပဲ ဖြစ်ရမယ်၊ အဲ့ဒါကလွဲရင် ပိုကောင်းတဲ့ ရှင်းပြချက်မျိုး မရှိတော့ဘူး*

ယဲ့ဖန်၏ ဝင်ရိုးစွန်း နေမီးတောက်က ယုရှန်းဝမ်ထက် အဆတစ်ရာမက ပိုစွမ်းကြောင်း သူတို့ ခံစားမိသည်။ ယုရှန်းဝမ်၏ ဝင်ရိုးစွန်း နေမီးတောက်နှင့် ယှဉ်လျင် ၎င်းက တောက်ပ‌သော နေတစ်စင်းနှင့်တူပြီး ဘယ်အရာကမှ မယှဉ်နိုင်ချေ။

ဤမြင်ကွင်းက သူတို့၏ စိတ်ထဲ၌ စွဲထင်ကျန်ရစ်လာ၏။ နတ်ဘုရားတစ်ပါးက နေကိုကိုင်ဆောင်၍ လောကအား ထိတ်လန့်အောင် လုပ်ခဲ့လေပြီ။

ထိုအခိုက်တွင် မိုးမြေတုန်ခါလာပြီး ဥပဒေသများ ကျယ်ပြန့်လာသည်။ သေးငယ်သော နေလုံးလေးထံမှ မီးတောက်များက လေဟာနယ်ကို လောင်ကျွမ်းစေသဖြင့် အနက်ရောင် ဟင်းလင်းပြင်များ ဖြစ်ပေါ်လာရသည်။

“ဝင်ရိုးစွန်း နေမီးတောက်”

ယဲ့ဖန်သည် ရှေသို့လမ်းလာပြီး လက်ထဲမှ နေလုံးကို ယုရှန်းဝမ်ထံ ပစ်လွှတ်လိုက်သည်။ ထိုအခါ တစ်လောကလုံး ပူလောင်လာပြီး နေရောင်ခြည်က စူးရှစွာ ဖြာထွက်လာ၏။ ထိုအခိုက်တွင် ယဲ့ဖန်သည် နတ်ဘုရားတစ်ပါးနှင့် တူနေပြီး သူ့အား အဘယ်အရာကမှ မတားနိုင်သည့်ပုံပင်။

“ဒါက ဝင်ရိုးစွန်း နေမီးတောက်အစစ်ကိုး”

ယုရှန်းဝမ်သည် စွဲလမ်းနေဟန်ဖြင့် သူ့ထံသို့ တစ်စတစ်စ နီးကပ်လာသည့် နေလုံးအား‌ ငေးကြည့်ကာ နေရာ၌ ရပ်နေမိသည်။

နေမင်းထက် ပိုလင်းလက်၍ တာအိုစွမ်းအင်ထက် ပိုအစွမ်းထက်သည်။ ဤသည်မှာ ဝင်ရိုးစွန်း နေမီးတောက်၏ စွမ်းအား အစစ်ပင်။

ကြောက်စရာကောင်းသော ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး နေလုံးက နျူကလီးယာဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲကာ ကောင်းကင်ထက်အထိ မိုပုံသဏ္ဌာန် တိမ်တိုက်များ ဖြစ်ပေါ်လာသည်။

လူတိုင်း လိပ်ပြာလွင့်ကာ  ကြက်သေ သေနေကြသည်။

“အတိတ်တုန်းက ဧကရာဇ်ရီက ဒီသိုင်းကွက်နဲ့ နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးခဲ့လို့ သက်ရှိပေါင်း သန်းတစ်ရာ့ငါးဆယ် သေသွားပြီး တစ်လောကလုံးကို ပွက်လောရိုက်သွားခဲ့တာ”

“အဲ့အချိန်တုန်းက ဧကရာဇ်ရီ သုံးခဲ့တဲ့ နေလုံးက မြို့တစ်မြို့စာလောက် ကြီးတာ”

လူတိုင်း ကြက်သေ သေနေကြသည်။

*ဒါက ဝင်ရိုးစွန်း နေမီးတောက်အစစ်ပဲ*

နှစ်ထောင်သောင်းချီအကြာ၌ ဤသို့သော မှော်ဆန်သည့် သိုင်းကွက်မျိုး လောက၌ ပြန်လည် ပေါ်ထွက် လာခြင်းအား သူတို့ မျက်ဝါးထင်ထင် တွေ့ရလိမ့်မည်ဟု ထင်မထားမိချေ။ မယုံနိုင်စရာ ကောင်းလှပေသည်။

ဟိုတယ်တစ်ခုလုံး ပြာကျသွားပြီး ဘာအပျက်အစီးမှ မကျန်ခဲ့ချေ။ ယုရှန်းဝမ်သည်လည်း ပျောက်ဆုံးနေပြီး ပြာဖြစ်သွားလောက်လေသည်။ ဒုတိယမင်းသားနှင့် အခြားသူများ ထိတ်လန့်ကာ ဘာမှမပြောရဲချေ။

*ဒီမိစ္ဆာက ဘယ်သူလဲ*

“ဒုတိယမင်းသား ပြေးပါတော့”

သူ၏လက်အောက်ငယ်သားတစ်စုက ယဲ့ဖန်ကို မတားနိုင်မှန်း ရိပ်မိသဖြင့် သူတို့ အော်ဟစ်ကာ သတိပေးလာ၏။ ဝူရှန်းဝမ်တောင်မှ ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရသဖြင့် သူတို့က မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ဧကရာဇ်ရီ၏ မျိုးဆက်၊ ဤနောက်ခံတစ်ခုကပင် သူတို့အား သွေးပျက်အောင် လုပ်နိုင်ပေသည်။ ဒုတိယ မင်းသားသည် နေရာ၌ ရပ်မြဲရပ်၍ မျက်စိရှေ့မှ မြင်ကွင်းအား ငေးကြည့်နေမိသည်။

သူ့အရှေ့မှလူသည် ဧကရာဇ်ရီ၏ မျိုးဆက်တဲ့လား။ နောင်တရနေသည်။ သူ့စိတ်ထဲ၌ အတောမသတ်နိုင်သော နောင်တရစိတ်များ ပေါ်ထွက်လာသည်။ အကြောင်းမှာ ယနေ့ သူ၏ သေနေ့စေပြီဟု သူ ရိပ်မိလိုက် သောကြောင့်ပင်။

ယဲ့ဖန်က ဧကရာဇ်ရီ၏ မျိုးဆက်ဖြစ်နေသဖြင့် သူတို့ ဤနေရာမှ ထွက်ပြေးရန်ပင် မစဉ်းစားဝံ့တော့ချေ။

*နိုင်ပြီ*

လီဝေ့နှင့် ကျုံးဝမ်တို့က အံ့ဩသော မျက်နှာများနှင့် ငေးကြည့်နေကြသည်။ ယဲ့ဖန် အမှန်တကယ် နိုင်သွားခဲ့ပြီး ယုရှန်းဝမ်ကဲ့သို့သော ကျော်ကြားသောလူတောင်မှ သူ့ကို မတားဆီးနိုင်ခဲ့ချေ။

ဧကရာဇ်ရီ၏ မျိုးဆက်၊ မည်မျှ မြင့်မြတ်ထည်ဝါလိုက်သည့် ဂုဏ်ပုဒ်နည်း။

*သူ အမြဲ မောက်မာပြီး ပြိုင်ဘက်ကင်းခဲ့တာကို မအံ့ဩတော့ဘူး၊ ဒီလောကထဲမှာ သူ့ကို တားနိုင်တဲ့လူ မရှိဘူးပဲ*

*လက်စသက်တော့ သူက ဧကရာဇ်ရီရဲ့ မျိုးဆက် ဖြစ်နေတာကိုး*

“ဒုန်း”

ထိုအခိုက်တွင် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဒုတိယမင်းသား ဒူးထောက်ကျ သွားခြင်းပင်။

All Chapters