နာမည်ကြီးလာခြင်း
Vol. 86-89 Ch. 1292
“ဒုတိယမင်းသား ခင်ဗျား”
လက်အောက်ငယ်သားများက ဒုတိယမင်းသားကို မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။ ဒုတိယမင်းသား မည်မျှ မာနကြီးကြောင်း သူတို့ သိပါသည်။ သူတို့ မယုံနိုင်သော အချက်မှာ ဤသို့ မာနကြီးသော ပုဂ္ဂိုလ်က ယဲ့ဖန်ရှေ့၌ ဒူးထောက် လိုက်ခြင်းပင်။
သူသည် သူ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို စွန့်ပစ်လိုက်ပြီး ယဲ့ဖန်ရှေ့၌ ခွေးတစ်ကောင်သဖွယ် ဒူးထောက်ကာ တုန်ယင်နေ၏။
“မင်း … မင်း အင်ပါယာရဲ့ မျက်နှာကို ထိခိုက်အောင် လုပ်တယ်”
“တော်ဝင်မျိုးနွယ်က မင်းကြောင့် အရှက်ကွဲရပြီကွ”
“အဓိပ္ပာယ် မရှိလိုက်တာ၊ မုန်းတီးဖို့ကောင်းတယ်၊ ငါ ဘုရင်တစ်ပါးလို ရိုသေရတဲ့လူကကွာ”
ထိုလက်အောက်ငယ်သားများသည် ဒေါသတကြီး ပြောဆိုကာ မျက်ရည်ကျနေကြသည်။ သူတို့သည် ဒုတိယ မင်းသားအား ဘုရင်သဖွယ် သဘောထား၍ သူ့အား ပုလ္လင်ပေါ်တက်နိုင်ရန် သူတို့ အသက်ကိုပင် ရင်း၍ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
သူတို့၏ စိတ်ထဲတွင် သူတို့၏ ဘုရင်သည် နိုင်လိုမင်းထက် ပြုမူနိုင်သော်လည်း အင်အားကြီးမား၍ အရှုံးမပေး တတ်သော လူစားမျိုး ဖြစ်ရမည်ဟု မှတ်ယူထားကြသည်။ သူတို့ သေရမည်ဆိုလျင်တောင်မှ ထိုသို့သော ဘုရင်မျိုးအတွက် ရက်ရက်ရောရော အသက်ပေးဝံ့ပါ၏။ သို့သော် ယနေ့ ဒုတိယမင်းသားက သူတို့ကို စိတ်ပျက် စေခဲ့သည်။
“ယဲ့ဖန် ငါ့ကို အသက်ချမ်းသာပေးပါ၊ ငါ့လက်ထဲမှာ စစ်အင်အား သုံးသောင်း ရှိတယ်၊ ငါ အဲ့ဒါအားလုံးကို မင်းကို ပေးနိုင်တယ်၊ ငါ မင်းရဲ့ စစ်မှုရေးရာ အကြံပေးအဖြစ် အမှုထမ်းပြီး ငါ့အဖေနဲ့ အင်ပါယာတစ်ခုလုံးကို မင်း ရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်ပါတယ်၊ တော်ဝင်စစ်တပ်အကြောင်း ငါ့ထက် ဘယ်သူမှ ပိုမသိပါဘူး”
ဒုတိယမင်းသားက ယဲ့ဖန်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ သူ့ပုံစံက စိတ်လှုပ်ရှားနေသည့်ပုံပင်။
“အရှက်မရှိလိုက်တာ”
“ဆန်ကုန်မြေလေး”
“မင်း ငရဲကိုပဲ သွားလိုက်ပါတော့လား”
လက်အောက်ငယ်သားများသည် အလွန်အမင်း ဒေါသထွက်ကာ အော်ဟစ်ဆဲဆိုနေကြသည်။
*သတ္တိမရှိလိုက်တာ*
သူ အသက်ရှင်ရန်အတွက် ဖခင်နှင့် အင်ပါယာတစ်ခုလုံးကို သစ္စာဖောက်ရဲလေသည်။ အတော်လေး လွန်သွား လေပြီ။
ကျုံးဝမ် ဆက်တိုက် ခေါင်းယမ်းနေမိသည်။ ဒုတိယမင်းသားက ယဲ့ဖန်နှင့် ယှဉ်ပြိုင်ရဲသည့် သတ္တိမျိုး မည်သည့်နေရာက ရလာသလဲ သူမ မသိတော့ပါ။
*သူက ထိုက်တန်လို့လား*
ဒုတိယမင်းသားက ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသည်ကိုကြည့်ပြီး ဤသို့သော လူမျိုးကို ယဲ့ဖန် သတ်လိုက်လျင် ယဲ့ဖန်လက် ညစ်နွမ်းရုံသာ ရှိမည်ဟု သူမ ခံစားမိနေ၏။
အခြားသူများလည်း ထိုနည်းတူ ခံစားမိသည်။ အစောပိုင်းက သူတို့ ဒုတိယမင်းသားကို လေးစား အားကျမိ သော်လည်း ယခု သူတို့အားလုံး အထင်သေးသွားကြသည်။
ဤသတ္တိကြောင်သော လူက ယောက်ျားတစ်ယောက်တဲ့လား။
“မင်းက ငါ့မိန်းမကို လိုချင်တာလား”
ယဲ့ဖန်က သူ့အား မတူမတန်ဟန်ဖြင့် ငုံ့ကြည့်လေသည်။ ထိုစကားကို ကြားသော် ကျုံးဝမ် ခေါင်းငုံ့သွားပြီး ရှက်စိတ်ကြောင့် မျက်နှာတစ်ပြင်လုံး နီမြန်းလာ၏။
“ငါ အမှားလုပ်ခဲ့မိပါတယ်၊ နောက်ဆို ငါ မမလေး ကျုံးဝမ်ကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး၊ မင်း ငါ့ကို အခွင့်အရေး ပေးသရွေ့ ငါ အစွမ်းကုန် ကြိုးစားပြုပြင်ပါ့မယ်”
ဒုတိယမ်းသားက အလျင်အမြန် ပြန်ပြောလေသည်။ သူ၏ စိုးရိမ်တုန်လှုပ်နေသော အမူအရာနှင့် ပျာယာခတ် နေသော မျက်လုံးများက သူ မည်မျှ စိတ်မသက်မသာ ဖြစ်နေကြောင်း ပြသနေသည်။
အစောပိုင်းက ဒုတိယမင်းသားအား ရက်စက်သော ခွေးအဟု ပြောလျင် ယခု ဒုတိယမင်းသားသည် အမြီးနှံ့၍ သနားခံနေသော ခွေးတစ်ကောင်နှင့် တူလေ၏။
လူတိုင်း အကြီးအကျယ် အံ့ဩနေကြသည်။ ဤသို့ မျက်နှာ အပြောင်းအလဲက မြန်လွန်းနေသည် မဟုတ်ပါလော။
“ငါ့နေရာမှာ မင်းဆိုရင် မင်းရော ငါ့ကို ခွင့်လွှတ်မှာလား”
ယဲ့ဖန် သရော်လိုက်သည်။ ထိုစကားကို ကြားသော် ဒုတိယမင်းသား ချက်ချင်း တုန်ယင်သွားပြီး အမှန်အတိုင်း ပြောလိုက်သည်။
“မင်း ငါ့အကူအညီ လိုလာမှာပါ၊ မင်း ငါ့ကို ယုံကြည်လိုက်ပါ”
“ငါ မင်းအကူအညီ မလိုအပ်ဘူး၊ ငါ လိုချင်တာက ပိုင်ကျန့်ချင်းမှာ ဘာမှမရှိတော့တာကိုပဲ”
ယဲ့ဖန် သူ့ကို ဂရုမစိုက်သလို ကြည့်နေသည်။ ပိုင်ကျန့်ချင်းအား ပိုင်ရွှယ်၏ ဝေဒနာကဲ့သို့ ဘာမှမရှိတော့ဘဲ လှောင်ပြောင်မှုများ ခံစားရသည့် နာကျင်မှုမျိုးကို သူ ခံစားစေချင်နေ၏။
“မင်းနဲ့ အရင်စမယ်၊ ပြီးရင် သူ့သမီး၊ နောက်ပြီးရင် သူ့ကိုယ်လုပ်တော်တွေ၊ သူနဲ့ ပတ်သက်တဲ့လူတိုင်း ငါ့လက်ထဲမှာ သေရမယ်”
ယဲ့ဖန်က ခြေထောက်ကို မြှောက်၍ အားဖြင့် နင်းချလိုက်သောအခါ ဂျွတ်ဟူသော အသံနှင့် ဒုတိယမင်းသား၏ ညာဘက် ခြေထောက်ရိုး ကျိုးသွားလေသည်။
“အား ….”
အော်သံနှင့်အတူ ဒုတိယမင်းသား၏ ခြေသလုံး ကျိုးကြေသွားသည်ကို အားလုံး မြင်လိုက်ရသည်။ ခြေထောက် အလယ်က ယဲ့ဖန်ကြောင့် တဆတ်ဆတ် တုန်နေသေးသည်။ လူတိုင်း ချောက်ချားသွားကြသည်။
*ဒီနတ်ဆိုးက နောက်နေတာ မဟုတ်ဘူးပဲ၊ သူ တကယ် တော်ဝင်မျိုးနွယ် တစ်ခုလုံးကို သုတ်သင်ဖို့ ကြံစည်နေ တာပါလား*
*မင်းသားကို သတ်မယ်ဆိုတော့ ဒီလူက တော်ဝင်မျိုးနွယ်တစ်ခုလုံးနဲ့ ရန်သူဖြစ်ဖို့ ကြံစည်ထားခဲ့ပြီးသားပဲ*
“ဖြောင်း”
ဒုတိယမင်းသား၏ မျက်နှာကို သူ အားဖြင့် တဖြောင်းဖြောင်း ရိုက်လေသည်။ ဒုတိယမင်းသား၏ သွားများ ကျွတ်ထွက်ကာ မျက်နှာ ရောင်ကိုင်လာပြီး ပါးစပ်ထောင့်မှ သွေးများကြောင့် ဒုတိယမင်းသားပုံစံက အော်ဂလီ ဆန်စရာ ကောင်းနေသည်။ သို့သော် နာကျင်မှုကြောင့် သူ တစ်ခွန်းတောင် မဟနိုင်ချေ။
“ဒါ တော်ဝင်မင်းသားရဲ့ မျက်နှာတဲ့လား စိတ်ပျက်စရာပဲ”
ဘေးနားမှ ပိုင်ရွှယ်သည် သရော်ရင်း ကင်မရာဖြင့် ရိုက်ကူးနေသည်။ အကယ်၍ သူမသာ ဒါကို အင်တာနက်ပေါ် တင်လိုက်ပါက အင်ပါယာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာ အသေအချာပင်။
ဒုတိယမင်းသား ဒူးထောက်လိုက်ကတည်းက သူမ စတင်၍ ရိုက်ကူးထားခဲ့သည်။ တော်ဝင်မိသားစုက မည်မျှ အရေးမပါကြောင်း အင်ပါယာတစ်ခုလုံးအား သူမ သိစေချင်နေသည်။
ပိုင်ရွှယ် အလွန် ပျော်ရွှင်နေ၏။ အကြောင်းမှာ ပိုင်ကျန့်ချင်း ဤဗွီဒီယိုကိုသာ မြင်သွားပါက ရူးမတတ် ဖြစ်သွားမည် ဖြစ်ကြောင်း သူမ သိနေသောကြောင့်ပင်။
သူ၏ ကလေးတစ်ယောက် သေသွားချိန်၊ သို့မဟုတ် သေမတတ် နှိပ်စက်ခံရချိန်နှင့် မသေခင် ခွေးသဖွယ် တောင်းပန်နေသည်ကို အင်ပါယာတစ်ခုလုံး မြင်သွားလျင် တော်ဝင်မိသားစု မည်သို့ မျက်နှာ ပြဝံ့မည်နည်း။
“ငါ သရဲဖြစ်သွားရင်တောင် မင်းကို အလွတ်မပေးဘူး”
ဒုတိယမင်းသားသည် ယဲ့ဖန် သူ့ကို အလွတ်ပေးမည် မဟုတ်ကြောင်း သိသွားသဖြင့် အလွန် မကျေနပ် မုန်းတီးဟန်ဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်လာ၏။
“မဟုတ်ဘူး မင်း သရဲဖြစ်သွားရင်တောင်မှ ငါ မင်းကို ဆက်ပြီး နှိပ်စက်နေမှာ”
ယဲ့ဖန်က ရက်စက်စွာ ပြုံးလိုက်သည်။ ငရဲတစ်ခုလုံးမှ ငရဲသားများအားလုံး သူ့ကြောင့် ငရဲခံနေရချိန်တွင် ဒုတိယမင်းသားအား သူ မည်သို့ သရဲဖြစ်ခွင့် ပေးမည်နည်း။ သရဲတစ္ဆေလေးတစ်ကောင်က ငရဲဘုရင်ကို အနိုင်ယူနိုင်ပါမည်လော။
“မင်း ဥပဒေကို လျစ်လျူရှုတယ်၊ မင်း အာဏာပိုင်ကို စိန်ခေါ်တယ်၊ မင်းက မောက်မာတယ်၊ မင်း ဘာလုပ်ချင် နေတာလဲ”
ဒုတိယမင်းသား ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ ဤသို့သော လူမျိုးကို သူ တစ်ခါမှ မမြင်ဖူးပါ။ ငွေနှင့်လည်း ဆွယ်၍မရ၊ ခြိမ်းခြောက်၍လည်း မရပေ။ သူ၏ တည်ရှိမှုကိုက ဖျက်ဆီးမှုနှင့် လူသတ်ခြင်းအတွက် သီးသန့် ဖြစ်တည်နေသည့်ပုံပင်။
“ငါ ဘယ်တော့မှ ဥပဒေကို မလိုက်နာဘူး၊ ဥပဒေကို ငါ ဖန်တီးတာ၊ လိုအပ်လာရင် ငါ အဲ့ဥပဒေကို ချိုးဖောက်မှာပဲ”
ယဲ့ဖန်က ဒုတိယမင်းသား၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ဖိကာ အထက်စီးဖြင့် ပြောလိုက်သည်။
“အခုလောလောဆယ်တော့ ငါ အင်ပါယာရဲ့ ကောင်းကင်ကို ထိုးဖောက်မယ်”
ထူးဆန်းသော အသံတစ်သံနှင့်အတူ ဒုတိယမင်းသား၏ ဦးခေါင်းက ယဲ့ဖန်၏ လက်ထဲသို့ ပါသွားပြီး သွေးများ ပန်းထွက်လာ၏။
*သေသွားပြီ*
*ဒုတိယမင်းသား သေသွားပြီ*
ဤမြင်ကွင်းက စိတ်မွန်းကြပ်လှသည်။ ယဲ့ဖန်သည် ဒုတိယမင်းသားကို တကယ် သတ်လိုက်ပြီး ဧကရာဇ်အား အရှက်ခွဲလိုက်လေပြီ။ ယခုအချိန်မှစ၍ သူသည် အင်ပါယာတစ်ခုလုံး၏ လူထုရန်သူ ဖြစ်သွားလေပြီ။
*ဒီလူက တကယ် အင်ပါယာကို ထိုးဖောက်နေတာပဲ*
ဘေးပတ်လည်မှလူများအားလုံး ခေါင်းမွေးထောင်ကာ မျက်နှာ ပြာနှမ်းလာကြသည်။ သူတို့ ကြောက်လန့် မှင်တက် နေ၏။
*ဒီလူက နတ်ဆိုးပဲ*
*ဒုတိယမင်းသားကိုတောင်မှ သတ်ရဲတယ်ဆိုတော့ ဒီလောကမှ သူ မသတ်ရဲတဲ့လူ ရှိသေးရဲ့လား*
ထိုစဉ် ယဲ့ဖန်၏ အကြည့်က ကူးယောင်ပေါ် ရောက်လာသည်။ ကူးယောင် ချက်ချင်း မြေကြီးပေါ် လဲကျကာ မျက်ရည်များ ဒလဟော စီးကျလာပြီး ကျုံးဝမ်ကို ကြည့်ကာ အသနားခံလေသည်။
“ကျုံးဝမ် ငါ့ကို နောက်ထပ် အခွင့်အရေးလေး ပေးပါဦး၊ ငါ နောက်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး၊ ငါ ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်”
“ငါတို့က သူငယ်ချင်းတွေလေ၊ ငါတို့က အခင်ဆုံး သူငယ်ချင်းတွေလေဟာ”
အင်ပါယာ၏ ထိပ်ဆုံး၌ ရပ်တည်နေခဲ့သော ဒုတိယမင်းသားက ယဲ့ဖန်၏ လက်ထဲ၌ သေသွားလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားမိပါ။ ယဲ့ဖန်က ယုရှန်းဝမ်ကို သတ်လိုက်သည့် အချိန် ရောက်လာမှသာ သူမ ထင်ခဲ့သော အာဏာအင်အားက အစစ်အမှန် အင်အားရှေ့၌ အားနည်းလွန်းနေကြောင်း သိလိုက်ရသည်။
သူမ မသေချင်ပါ။ သူမ သေရတော့မည်ကို သိသော်လည်း ကျုံးဝမ်က သူမတို့၏ သံယောဇဉ်ဟောင်းကို မှတ်မိနေဦးမည်ဟု မျှော်လင့်ပြီး သူမ နောက်ဆုံးအကြိမ် ကြိုးစားချင်နေသေးသည်။
ယဲ့ဖန်က ကျုံးဝမ်ကို လှမ်းကြည့်လေသည်။ ကျုံးဝမ်က ယဲ့ဖန်ကို ပြန်ကြည့်၍ ဆုံးဖြတ်ချက်ချလိုက်သည်။
“ငါ ယဲ့ဖန်ရဲ့ စကားကိုပဲ နားထောင်မယ်”
သူမ ယဲ့ဖန်ကို ထပ်စိတ်ပျက်သွားအောင် မလုပ်နိုင်တော့ပါ။ ယဲ့ဘုရင်၏ အမျိုးသမီး ဖြစ်ချင်လျင် စိတ်နှလုံး နူးညံ့နေ၍ မဖြစ်ပေ။ နတ်ဆိုး၏ အမျိုးသမီးက စုန်းမကဲ့သို့ မာကြောမှ ဖြစ်ပေမည်။
ယခု သူမ မလုပ်နိုင်သေးသော်လည်း ယဲ့ဖန်အတွက် သူမ အစွမ်းကုန် ကြိုးစားချင်စိတ် ရှိပါသည်။ သူမစကားက ကူးယောင်အတွက် သေမိန့် ချမှတ်လိုက်သလိုပင်။
“အရင်တစ်ခါကတည်းက ငါ မင်းကို သတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတာကို မင်း သိလား၊ မင်းအသက်ကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့တာ ကျုံးဝမ်ပဲ၊ သူက မင်းကို အခင်ဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်ထားခဲ့တာ၊ မင်းက သူ့ကို ဒီလို ပြန်ပေးဆပ်တာလား”
“ဘာ”
ထိုစကားကို ကြားသောအခါ ကူးယောင် အံ့ဩသွားသည်။ ထိုညက ကျုံးဝမ် သူမအပေါ် လက်လျှော့လိုက်သည်ဟု သူမ ထင်နေခဲ့သည်။
ထိုအခါက သူမ ကျုံးဝမ်ကို လုံးဝ အရှက်ခွဲခဲ့သေးသည်။ ကျုံးဝမ် သူမကို လျစ်လျူရှုသည့်အချက်အား နားလည်နိုင်ပါသည်။ သို့သော် ကျုံးဝမ်က သူမ အခင်ဆုံးသူငယ်ချင်းကို အဆုံးထိ စိုးရိမ်ပေးလိမ့်မည်ဟု သူမ ထင်မထားမိပါ။ ထိုအချိန်က သူမ ကျုံးဝမ်ကို မည်သို့ ဆွဲချရမလဲဟုသာ စဉ်းစားနေခဲ့သည်။
“မင်းပြောကြည့် မင်း သေသင့်တယ် ထင်လား”
ယဲ့ဖန်က ပြုံး၍ မေးလိုက်သည်။
“ငါ ... သေသင့်တယ်”
ကူးယောင်သည် ထိုသို့ပြောပြီးနောက် မျက်ရည်ကို ထိန်းမရတော့ချေ။ မှားခဲ့သည်။ သူမ အမှားကြီး မှားခဲ့သည်။ သူမ၏ မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူမ အခင်ဆုံး သူငယ်ချင်းအောင် ထိခိုက်အောင် ကြိုးစား ခဲ့မိသည်။
ပြန်စဉ်းစားကြည့်လျင် သူမ ကျုံးဝမ်ကို အမြဲ မနာလိုခဲ့သော်လည်း ကျုံးဝမ်က သူမကို အကြိမ်ကြိမ် ကူညီခဲ့သည်။ သူမက အရှက်ခွဲခဲ့သော်လည်း စကားလုံး အချို့နှင့် အလွယ်တကူ ယုံစားနေခဲ့သေးသဖြင့် ထိုအချက်က ကျုံးဝမ် သူမကို မည်မျှ ယုံကြည်ကြောင်း ပြသနေသည်။ သို့ရာတွင် ထိုအရာအားလုံးကို သူမလက်ဖြင့် ဖျက်ဆီးခဲ့မိလေပြီ။
“ဒါဆိုလည်း သေလိုက်တော့”
ယဲ့ဖန်သည် အရေးမပါသော စကားများ ထပ်ပြောမနေတော့ဘဲ လက်တစ်ဖက်ကိုဆန့်ကာ သူမလည်ပင်းကို ညှစ်၍ တစ်ခါတည်း လည်ပင်းချိုးကာ သတ်ပစ်လိုက်သည်။ အလွန် သေသပ်လှပြီး ခံစားချက် တစ်စက်ကလေးမှ မပေါ်ပေ။
တစ်ဖက်လူ နောင်တရသော်လည်း သူ တစ်စက်ကလေးမှ သနားမည် မဟုတ်ပါ။ ခွင့်လွှတ်ခြင်းက ဘုရားသခင်၏ တာဝန်သာ ဖြစ်ပြီး သူ၏တာဝန်က ကူးယောင်ကို ဘုရားသခင်နှင့် တွေ့ဆုံရန် ပို့လွှတ်ခြင်းသာ ဖြစ်လေသည်။
“ငါ တောင်းပန်ပါတယ် ...”
ကူးယောင်သည် မသေခင်၌ ကျုံးဝမ်ကိုလှမ်းကြည့်၍ နောင်တမျက်ရည်များဖြင့် တောင်းပန်စကား ဆိုခဲ့သည်။ ကျုံးဝမ်သည်လည်း တရှုံ့ရှုံ့ ငိုနေကာ ဆက်မကြည့်ရက်တော့သဖြင့် မျက်လုံး မှိတ်ထားမိသည်။
ထိုည၌ ဒုတိယမင်းသားကို ယဲ့ဖန် သတ်လိုက်သည့် ဗွီဒီယိုက ဝက်ဆိုက်ဘ်ပေါင်းများစွာ၌ တက်လာပြီး တစ်ညတည်းနှင့် သိမ်းဆည်းကြည့်ရှုသူ သန်းသုံးဆယ် ကျော်ခဲ့လေသည်။
ဒုတိယမင်းသား သေဆုံးမှုနှင့် သူ မသေခင် ရယ်ချင်စရာကောင်းသော ပုံစံတို့က နာမည်ကြီး သတင်းစာများ၏ မျက်နှာဖုံးများ ဖြစ်ခဲ့ပြီး လူတော်တော်များများက ဟာသပင် လုပ်ခဲ့သည်။
ကောလာဟလများအရ ဧကရာဇ် ဒေါသထွက်ပြီး ဒုတိယမင်းသားနှင့်အတူ ခရီးထွက်သွားသော လက်အောက် ငယ်သားများကို သတ်ခဲ့သည့်အပြင် သူတို့၏ မျိုးဆက်ကိုးဆက်ကိုပါ သတ်ခဲ့သည်ဟု ဆိုလေသည်။ သူ အနှစ်သက်ဆုံး ရွှေရောင်အိုးကိုပင် ခွဲခဲ့သေးသည်။
ယဲ့ဖန်ကို ဖမ်းဆီးခိုင်းသည့် အမိန့်များက နိုင်ငံအနှံ့ ပျံ့နှံ့လာ၏။
“ယဲ့ဖန်ကို သတ်နိုင်တဲ့ ဘယ်သူမဆို နယ်မြေတစ်ခု အပိုင်စားရပြီး စစ်သည်အင်အား တစ်သိန်းကျော် ရမယ်၊ အရှင်သခင်လို့ပဲ ဂုဏ်ပုဒ် ချီးမြှင့်ခံရမယ်”
ကျုံးဝမ်က ယဲ့ဘုရင်၏ မိန်းမဟူသော သတင်းကလည်း အနုပညာနယ်ပယ်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
“အခြားယောက်ျားသာဆိုရင် ငါ့နတ်မိမယ်နဲ့ မထိုက်တန်ဘူးလို့ တွေးမိမှာ၊ ဒါပေမဲ့ အဲ့လူက ယဲ့ဘုရင် ဖြစ်နေတော့ ငါ လက်ခံသွားပြီ”
“ဒီစုံတွဲရဲ့ အရည်အချင်းက လိုက်ဖက်လွန်းတယ်”
“ဘုရင်တစ်ပါးနဲ့ နတ်မိမယ်တစ်ပါး၊ ဒါက တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပဲ၊ ခွေးမျက်နှာလို ဒုတိယမင်းသားက ကျုံးဝမ်ကို လိုချင်နေခဲ့တာက ဟာသပဲ”
“မင်းတို့မြင်လား၊ ဒါ တော်ဝင်မျိုးနွယ်ရဲ့ စရိုက်ပဲ၊ ယဲ့ဘုရင် တော်ဝင်နန်းတော်ကနေ ထွက်သွားချင်တာ အံ့ဩစရာ မရှိတော့ဘူးပဲ၊ သူက သူတို့နဲ့ အင်အားချင်း မပေါင်းချင်တာနဲ့တူတယ်”
တော်ဝင်မျိုးနွယ်က နာမည်ဆိုးနှင့် ကျော်ကြားနေပြီး အင်တာနက်ပေါ်၌ ယဲ့ဖန်ကို ထောက်ခံသံများ ထွက်ပေါ် နေ၏။
သူတို့သည် ယဲ့ဖန်၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှု၌ ထပ်မံ၍ ကျဆုံးသွားလေသည်။ သူ၏ အမျိုးသမီးကို ကယ်တင်ရန် တော်ဝင်အင်ပါယာ၏ အင်အားကို မကြောက်ရွံ့ဘဲ အင်ပါယာ၏ မင်းသားကို ခေါင်းဖြတ်သတ်ခဲ့သည်။ ဤသည်ကမှ တကယ့် ယောက်ျားစစ်စစ်ပင်။
ထိုသတင်းနှစ်ခုကြောင့် လူတိုင်း ထိတ်လန့်နေစဉ်တွင် အင်တာနက်ပေါ်၌ တတိယမြောက် သတင်း ထွက်ပေါ် လာပြီး အကြီးအကျယ် ထိတ်လန့်သွားစေတော့သည်။
အင်တာနက်ပေါ်မှ ရှာဖွေမှုစာရင်း၏ ထိပ်ဆုံး၌ ရှိနေသော နာမည်ကြီးသတင်းသုံးခုလုံးမှာ ယဲ့ဖန်နှင့် ပတ်သက်သော သတင်းများ ဖြစ်လေသည်။ တတိယမြောက် သတင်းမှာ ပို၍ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလေသည်။
ထိုသတင်းမှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား အင်ပါယာသို့ ပြန်ရောက်လာသည့် သတင်းပင်။