တွေ့ဆုံပွဲ
Vol. 86-89 Ch. 1295
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဤသည်ကိုမြင်ပြီး လူတိုင်း ကြောက်လန့်သွားကြသည်။
*ဒီလူက သေတွင်းခံတွင်းဝနားကိုတောင် ရောက်နေပြီကို ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်ခွန်အားကို ထုတ်ဖော်နိုင်သေးတာလဲ*
“ယဲ့ဖန်အနားက လူတောင် ဒီလောက် သန်မာနေတယ်ဆိုရင် သူက ဘယ်လောက် သန်မာနေတာလဲ*
*တွေးတောင် တွေးမကြည့်နိုင်တော့ဘူး*
မိုးကောင်းကင် တုန်ယင်လာပြီးနောက် မြူခိုးများ လွှမ်းမိုးကာ တစ်လောကလုံး မည်းမှောင်သွားသည်။ ထို့နောက် လှံတံသည် နတ်ဆိုးထံမှ ပစ်လွှတ်လိုက်သကဲ့သို့ အရှိန်ဖြင့် ထိုးခုတ်ကာ အရာအားလုံးကို ဖျက်ဆီးလေ တော့သည်။ ဤသို့သော တိုက်ခိုက်မှုက သူမတူအောင် ပြင်းထန်လှသည်။
“နောက်ဆုတ်”
ကျူးဝမ်ဟောင်နှင့် အခြားသူများ ချောက်ချားသွားကြသည်။ သူတို့ရှေ့မှ လူသည် မိစ္ဆာတစ်ကောင်သာ ဖြစ်သည်။ ရေကုန်ရေခမ်း တိုက်ခိုက်နေခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ။
ယဲ့ဖန်တစ်ဦးတည်းသာလျင် ကြောက်ဖို့ကောင်းသည်ဟု ထင်ထားသော်လည်း သူ၏ ညီအစ်ကိုကပါ ကြောက်စရာ ကောင်းနေ၏။
ယဲ့ဖန်၏ အဖွဲ့ဝင်များအား ဘယ်သောအခါမှ ရန်စချင်စိတ် မရှိတော့ပါ။ ယခင်က ယဲ့ဖန်လည်း ယခုကဲ့သို့ပင် သေရတော့မည်ဟု ထင်ထားသော်လည်း မသေခဲ့ချေ။
ယခု ဤနတ်ဆိုးနဂါး ဖုရှန်သည်လည်း အားယုတ်ကာ ဘာခွန်အားမှ မရှိတော့ပုံ ပေါက်နေသည်။ သူတို့ရဲ့ ကံတရားတွေကလည်း အတူတူပဲလား။
ကျူးဝမ်ဟောင်နှင့် အခြားသူများသည် ဆုံးဖြတ်ချက်ချပြီးနောက် အသည်းအသန် နောက်ဆုတ်ကြလေသည်။ သူတို့သည် နတ်ဆိုးနဂါး ဖုရှန်အား အားကုန်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့မဟုတ်ပါက သူတို့ သေလမ်း ရှာသလို ဖြစ်သွားပေလိမ့်မည်။
လူဆယ်ယောက်နှင့် သူ့ကို သတ်ရန် မလုံလောက်ပေ။ သို့သော် နတ်ဆိုးနဂါး ဖုရှန်က သူတို့ကို အဘယ်ကြောင့် ထိုသို့သော အခွင့်အရေးမျိုး ပေးမည်နည်း။
သူ၏ မျက်လုံးများက အေးစက်မာကျောနေပြီး အားကုန်သုံးကာ လှံတံဖြင့် လေဟာနယ်ကို စုတ်ဖြဲ၍ အနက်ရောင် မြူခိုးများကို ဒီရေအလား ကောင်းကင်အနှံ့ လွှမ်းမိုးလာစေသည်။
ချက်ချင်းဆိုသလိုပင် တစ်လောကလုံး အကျဉ်းကျသလို ဖြစ်လာ၏။ ကျူးဝမ်ဟောင်နှင့် အခြားသူများသည် ဥပဒေသတစ်ခုက သူတို့ကို ရစ်ပတ်လာကြောင်း ခံစားမိသွားပြီး ချက်ချင်း တုန်လှုပ်လာကြသည်။
“မင်း…“
ကျူးဝမ်ဟောင် အလွန် ကြောက်လန့်နေပြီး လှမ်းလာနေသည့် နတ်ဆိုးနဂါး ဖုရှန်ကို စိုးရိမ်တုန်လှုပ်စွာ ကြည့်နေမိသည်။
“ရွှစ်”
ထိုစဉ် အနက်ရောင် အလင်းတန်းတစ်ခုက လှစ်ခနဲ ဖြတ်ပြေးလာပြီး ကျူးဝမ်ဟောင်၏ ပါးနားမှ ကပ်၍ ဖြတ်သွားကာ သူ့အား သတ်လုနီးပါး ဖြစ်သွားလေသည်။
ထို့နောက် ထိုအနက်ရောင် အလင်းတန်းသည် သူ့အနောက်မှ ဧရာမတောင်ထိပ်သို့ ထိမှတ်သွားပြီး ထိုတောင်ထိပ် တစ်ခုလုံး ပေါက်ကွဲပျက်စီးကာ ပြိုကျသွားသည်။
ကျူးဝမ်ဟောင်၏ ခြေထောက်များ ချက်ချင်း အားနည်းတုန်ချိလာ၏။ သူ့အမူအရာက ပြာနှမ်းနေပြီး သေးထွက် ကျမတတ် ကြောက်လန့်နေလေသည်။ ထိုအလင်းတန်းသာ သူ့ကို ထိမှန်လာပါက သူ ပေါက်ကွဲ သွားလောက်သည်။
*ဒီမျိုးမစစ်ကောင်*
သူ့မျက်နှာတွင် ဇဝေဇဝါ ဖြစ်ဟန်များ ထွက်ပေါ်လာ၏။ ဘုရင်အဆင့်များသည်လည်း ကြက်သီးထကာ ကြောက်လန့်နေကြသည်။ ဤသို့သော လူသတ်သိုင်းကွက်က အလွန် ကြောက်စရာကောင်းလှသည်။ တောင်တစ်လုံးကိုပင် ဖျက်ဆီးနိုင်သဖြင့် သူတို့သာ ထိုသိုင်းကွက်နှင့် တိုက်ခိုက်ခံရပါက သေချာပေါက် တစ်စစီ ဖြစ်သွားလောက်သည်။
“နတ်ဆိုးဧကရာဇ် လက်အောက်မှာ အားနည်းတဲ့လူ တစ်ယောက်မှ မရှိဘူး”
နတ်ဆိုးနဂါး ဖုရှန်၏ မျက်လုံးများက ခက်ထန်နေပြီး ကျူးဝမ်ဟောင်နှင့် အခြားသူများကို လှံတံနှင့် ချိန်ရွယ် လာ၏။ သူ၏ လူသတ်ချင်စိတ်က ပိုပို၍ ပြင်းပြလာသည်။
ဤမြင်ကွင်းကြောင့် ကျူးဝမ်ဟောင်နှင့် အခြားသူများ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။ နတ်ဆိုးနဂါး ဖုရှန်က သူတို့ကို မတိုက်ခိုက်နိုင်အောင် ပြုလုပ်ပြီးသား ဖြစ်နေသည်။ အကယ်၍ ယဲ့ဖန်သာ ရောက်လာပါက မည်သို့သော ရလဒ်မျိုး ဖြစ်လာမည်နည်း။
နောက်ထပ် ကောင်းကင်ပြိုလောက်သည့် တိုက်ကွက် ထွက်ပေါ်လာသလို နတ်ဆိုးနဂါး ဖုရှန် ထပ်မံ၍ သွေးအန် ပြန်သည်။ သို့သော် သူသည် ထိုအရာကို အရေးမစိုက်ဘဲ ကျူးဝမ်ဟောင်နှင့် အခြားသူများကို စူးစိုက်ကြည့် နေသည်။
“အပြစ်သား မင်း မြန်မြန် မရပ်ရင် မင်းကို အပြစ်ပေးရလိမ့်မယ်”
ရုတ်တရက် ကောင်းကင်အနှံ့ ကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာသည်။ နတ်ဆိုးနဂါး ဖုရှန် ထိတ်လန့်သွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။ ထိုအခါ ကောင်းကင်ယံ၌ ကြံ့ခိုင်သော လူတစ်ယောက်က ထည်ဝါစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဖြူဖွေးနေသော ဆံပင်များက ပခုံးအထိ ရေတံခွန်သဖွယ် လွှမ်းခြုံ ထားကာ ဆံပင်များကြား၌ ကြယ်တာရာအချို့ စီးဆင်းနေလေသည်။ သူ၏ မျက်နှာသည် ကျောက်စိမ်းသဖွယ် ကျက်သရေ ရှိကာ ခံ့ညားချောမောသည်။
ကောင်းကင်ယံ၌ ရပ်နေဟန်နှင့် သူ၏ အရှိန်အဝါက သက်တံ့သဖွယ် တောက်ပကာ အရေပြားတိုင်း၌ တာအို သဘောတရားများ ပြည့်လျှံနေသည်ဟု ထင်မှတ်ရသည်။
“ဆရာ”
“စစ်နတ်ဘုရား”
ထိုသူကိုမြင်သော ကျူးဝမ်ဟောင်နှင့် အခြားသူများက လေးစားကြည်ညိုသော မျက်နှာထားများနှင့် အံ့ဩတကြီး အော်ခေါ်ကြလေသည်။
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၊ ခင်ဗျား အဆက်အနွယ်က တော်တော် အရှက်မဲ့တာပဲ၊ နှစ်ယောက်တွဲ တိုက်မယ်လို့ ပြောခဲ့ပင်မယ့် နောက်ဆုံးကျတော့ အဖွဲ့လိုက် ခိုးကြောင်ခိုးဝှက် တိုက်တယ်၊ ခင်ဗျားတို့က မလှည့်စား၍ မနှိပ်စက်ရရင် မနေတတ်ဘူးနဲ့ တူတယ်၊ ဟုတ်တယ်မလား”
နတ်ဆိုးနဂါး ဖုရှန်က သရော်လိုက်သည်။
“အပြောကောင်းသားပဲ”
ထိုစကားကိုကြာပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ မျက်နှာ မည်းမှောင်သွားပြီး မိုးကြိုးစွမ်းအင်များ ပါဝင်နေသော လက်ဝါးချက်ဖြင့် နတ်ဆိုးနဂါး ဖုရှန်ကို ရိုက်ချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး ထိပ်သီး နတ်စွမ်းအင်များက ဖိနှိပ်လာလေသည်။ ၎င်းစွမ်းအင်က သက်ရှိအားလုံးက နင်းချေနိုင်သည်ဟု ထင်မှတ်ရလောက်သည်အထိ ပြင်းထန်လွန်းပေသည်။
ဤသည်ကိုမြင်သော် နတ်ဆိုးနဂါး ဖုရှန်၏ မျက်နှာ အလွန် သုန်မှုန်သွားသည်။ သူ ပြန်တိုက်ချင်သော်လည်း ထိုစွမ်းအင်က သူ့အား ဖိနှိပ်ထားသည်ကို သိလိုက်ရသည်။ ထို့ကြောင့် ထိုလက်ဝါးချက် သူ့ပေါ် ကျလာသည် ကိုသာ ကြည့်နေလိုက်ရတော့သည်။
….
“ယဲ့ဖန် တစ်ခုခုတော့ ဖြစ်ပြီ”
ချုံးဝူ လက်ဝှေ့ခန်းမတွင်း၌ လီဝေ့က အပြေးအလွှား လာသတင်းပို့လေသည်။
“ဘာဖြစ်လို့လဲ”
ငါးကို အစာကျွေးနေသော ယဲ့ဖန်က နောက်လှည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဒီဗွီဒီယိုကို ကြည့်လိုက်”
လီဝေ့က ဆက်သွယ်ရေးကိရိယာအား မသိမသာ စိုးရိမ်တုန်လှုပ်စွာဖြင့် လှမ်းပေးလိုက်သည်။ ထိုအခါ ကျူးဝမ်ဟောင်က သူ့အား ယုံကြည်သူများအား သတ်ဖြတ်နေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။ သူတို့ မည်မျှ တောင်းပန်၍ အသနားခံနေပါစေ သေဘေးမှ မလွတ်နိုင်ပေ။
ထို့အပြင် ကျူးဝမ်ဟောင်သည် ထိုယုံကြည်သူများကို သတ်ရုံသာမက ထိုသူများ၏ မိသားစုများကိုပါ သတ်လေသည်။ သူတို့သည် သတ်လိုက်ခြင်းထက် မသေခင် နှိပ်စက် အရှက်ခွဲခံရသည်။
မိဘများသည် သူတို့၏ သားများ အသတ်ခံရသည်ကို ကြည့်နေရသည်။ ခင်ပွန်းသည်များက သူတို့ ဇနီးသည်များ စော်ကားခံရသည်ကို ကြည့်နေခဲ့ရသည်။ တစ်ဖက်လူ၏ နည်းလမ်းများက ရက်စက်သော်လည်း သူတို့ ဘာမှမတတ်နိုင်ချေ။
“ယဲ့ဖန် တစ်နေ့ ပေါ်မလာရင် သူ့ယုံကြည်သူတွေ တစ်ရက် ငြိမ်းငြိမ်းချမ်းချမ်း မနေစေရဘူး”
ကျူးဝမ်ဟောင်၏ အားပါးတရ ရယ်နေသော မျက်နှာက ဗွီဒီယိုထဲ၌ ပေါ်လာ၏။ ထို့နောက် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက နတ်ဆိုးနဂါး ဖုရှန်အား နတ်သံကြိုးများဖြင့် ချည်နှောင်၍ ခွေးတစ်ကောင်သဖွယ် လမ်းများ၌ လျှောက်ခိုင်းသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
“မင်းတို့မြင်လား၊ ဒီနတ်ဆိုးနဂါးက ယဲ့ဖန်ရဲ့ ညီအစ်ကိုပဲ၊ အခု သူ့ကို ငါ့ဆရာက အနိုင်ယူလိုက်ပြီ၊ ဒါတောင် ယဲ့ဖန်က ပေါ်မလာရဲသေးဘူး”
“ယဲ့ဖန် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ အခြားသူတွေက နင့်ဆီလာ …”
လီဝေ့ စကားစပြောလိုက်သော်လည်း ယဲ့ဖန် ဘယ်အချိန်က ပျောက်သွားမှန်း သူမ မသိလိုက်ပေ။
“သူ ဘယ်ရောက်သွားတာလဲ၊ သူ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားဆီကို သွားတာတော့ မဟုတ်ပါဘူးနော်”
“အရူး”
ပိုင်ရွှယ် ခေါင်းခါ၍ ပြောလိုက်သည်။
“ဟုတ်တယ်၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အလွယ်တကူ ရန်စလို့ရတဲ့သူ မဟုတ်ဘူး၊ အခု သူ ရှုကျိုးကို လာပြီဆိုတော့ သေချာပြင်ဆင်ပြီးမှ လာတာ ဖြစ်ရမယ်၊ ယဲ့ဖန် သူ့ကို လက်စားချေတာက မဆင်မခြင်လုပ်ရာ ကျလွန်းတယ်၊ ရူးမိုက်လွန်းတယ်”
“ညီမက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ပြောနေတာ”
ပိုင်ရွှယ်က လီဝေ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ယဲ့ဖန် ချထားခဲ့သော ငါးစာကို ဆက်ကောက်ယူ၍ ငါးကန်ထဲသို့ ပစ်ချလိုက်သည်။
“သူ့အဆင့်လေးနဲ့ ဒီမိစ္ဆာကို သတ်နိုင်မယ်လို့ ထင်နေတာ၊ ကိုယ့်အရှက်ကိုယ် ခွဲနေတာပဲ”
လီဝေ့သည် ငါးကန်ထဲမှ စွန်းထင်းနေသော သွေးများနှင့် မျောနေသော ငါးသေများကို ကြည့်ကာ ကြက်သီးထ လာရသည်။
ဝမ်ယွဲ့တောင်ထိပ်။ ၎င်းသည် ရှုကျိုး၏ အလှပဆုံးနေရာ ဖြစ်ပြီး အင်မော်တယ်တို့၏ နယ်မြေဟု ကျော်ကြား လေသည်။
ထို့အပြင် ဤနေရာသို့ ခြေချနိုင်ခွင့် ရှိသူသည် ဩဇာကြီးသူများထက် ပိုမို၍ ဩဇာကြီးသော လူများသာ ဖြစ်လေသည်။
သို့သော် လက်ရှိတွင် ဤနေရာသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ယာယီ နေထိုင်ရာ နေရာဖြစ်ပြီး အဖွဲ့အစည်းတိုင်းမှ လူများ လာရောက် လည်ပတ်ကြပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် တွေ့ခွင့်ရရန် မျှော်လင့်ကြသည်။
“အဲ့လူက နဂါးရိုင်းဘုရင် မဟုတ်လား၊ သူ ရှုကျိုးမှာ ရှိနေတာ ဆယ်စုနှစ်နဲ့ ချီနေပြီ၊ ပြီးတော့ သူ့မှာ သန်မာတဲ့ခွန်အားရှိပြီးတော့ ပြိုင်ဘက် နည်းနည်းပဲ ရှိတာလေ”
လူတစ်ယောက် ဝမ်ယွဲ့တောင်ထိပ်ပေါ် လျှောက်လာနေသည်ကိုမြင်ပြီး လူအုပ်ထဲမှ တအံ့တဩ ပြောဆိုသံ ထွက်ပေါ်လာ၏။
သူသည် ရှေးဟောင်းမျိုးနွယ်တစ်ခုမှ ဆင်းသက်လာသူ ဖြစ်ပြီး မျိုးနွယ်၏ သမိုင်းကြောင်း၌ အထူးချွန်ဆုံး ပါရမီရှင်ဟု ကျော်ကြားသည်။ သူသည် နောင်တစ်ချိန်၌ သူတော်စင် ဖြစ်လာနိုင်ချေ ရှိသည်။
သို့သော် ထိုသို့သောလူမျိုးက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် ရင်ဆိုင်ရချိန်တွင် ကျိုးနွံနေပြီး ဝမ်ယွဲ့ တောင်ထိပ် ပေါ်သို့ ပျံမတက်ရဲဘဲ လမ်းသာ လျှောက်နေလေသည်။ ဝမ်ယွဲ့တောင်ထိပ်ပေါ်၌ မြင့်မြတ်သောသူ တစ်ဦးတည်း ရှိပုံ ရသည်။
“ဟဲရှန်းလည်း ဒီရောက်နေတယ်၊ သူက ယုရှန်းဝမ်နဲ့ ပတ်သက်နေတယ်လို့ ပြောတာပဲ၊ ပြီးတော့ သူ့ဇစ်မြစ်က အရမ်း ဆန်းကြယ်တယ်၊ ဒီတစ်ခေါက် ယဲ့ဖန်ကို သတ်မယ့် စစ်ပွဲမှာ ဝင်ပါတာက သူ့ညီအတွက် လက်စားချေတာပဲ ဖြစ်မယ်”
ရထားပျံ စီးလာသည့် အခြားအဘိုးအိုတစ်ယောက်သည်လည်း တောင်ခြေတံခါးရှေ့၌ ရပ်သွားပြီးမှ အမှားမလုပ်ရဲ ဟန်ဖြင့် တောင်ထိပ်ပေါ်သို့ လမ်းလျှောက်တက်သွားလေသည်။
“ရှုကျိုးက အဆန်းကြယ်ဆုံး လူတစ်ယောက် တောင်တစ္ဆေလည်း ရောက်လာတာပဲ၊ သူက ဘုရင့်အဆင့် သုံးယောက်ကို တစ်ညတည်း သတ်ပစ်ပြီး ဝါးစားပစ်လိုက်တယ်လို့ ပြောကြတယ်၊ သူက တောင်ပေါ်မှ ပုန်းနေပြီးတော့ ဘယ်တော့မှ သူ့မျက်နှာ အစစ်ကို မပြဘူး၊ သူ ဒီကို လာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ထို့နောက်တွင် ကြေးနီရောင် မျက်နှာဖုံး တပ်ထားသည့် လူတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ လျှောက်လာသည့် လမ်းတစ်လျှောက်၌ ထိုင်းမှိုင်းသော အငွေ့အသက်များ မျောလွင့်နေပြီး လူတိုင်းအား ကြောက်လန့်သော ခံစားချက် ပေးစွမ်းလေသည်။
ထို့နောက် နာမည်ကျော် အရှင်သခင် လူပေါင်းများစွာ ရောက်လာကြသည်။ အားလုံးက ရိုရိုကျိုးကျိုးနှင့် တောင်ထိပ် ပေါ်သို့ တက်နေကြသည်။ ဤသည်ကိုကြည့်ခြင်းဖြင့် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အင်ပါယာ၌ မည်မျှ နာမည်ကျော်ကြောင်း သိနိုင်ပေသည်။
ပုံမှန်အားဖြင့် မောက်မာတတ်သော ဤလူများက ယခုအခါ၌ ခေါင်းကို ငုံ့ထားကြသည်။ ဤသည်ကိုကြည့်ပြီး ကျူးဝမ်ဟောင်၏ မျက်နှာတွင် ဂုဏ်ယူဟန်များ ပြည့်နေပြီး စိတ်ထဲ၌ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
တစ်နေ့တွင် သူသည်လည်း သူ့ဆရာကဲ့သို့ ဖြစ်လာပြီး အရပ်မျက်နှာအနှံ့မှ လူတိုင်းက ခေါင်းကိုငုံ့၍ သူ့အား အရိုအသေ လာပေးကြပေမည်။
ထိုအခိုက်တွင် လူတစ်ယောက် ပေါ်လာ၏။ သူသည် လူတိုင်းကို လျစ်လျူရှုကာ ဝမ်ယွဲ့တောင်ပေါ်သို့ ပျံတက် သွားသည်။
“ဘာ … ဒီလောက် ရဲတင်းရအောင် အဲ့လူက ဘယ်သူလဲ၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ မြင့်မြတ်မှုကို လျစ်လျူရှုပြီး ဝမ်ယွဲ့တောင်ထိပ်ပေါ်ကို ပေါ်တင် ပျံတက်သွားတာလား”
လူတိုင်း ထိတ်လန့်သွားပြီး ကောင်းကင်ထက်သို့ မယုံနိုင်ဟန်ဖြင့် မော့ကြည့်နေကြသည်။ ချောမောသော လူငယ်တစ်ယောက်ဆိုလျင် ထိတ်လန့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။
“အဲ့လူက ဘယ်သူလဲ၊ ငါ သူ့ကို အရင်တုန်းက တစ်ခါမှ မမြင်ဖူးဘူး၊ သူက သိုင်းပညာရှင်တိုင်း ခေါင်းငုံ့ရတဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို လျစ်လျူရှုရဲတာလား၊ ဒါ မောက်မာလွန်းတယ်၊ ဒါ သေတွင်းတူးနေတာပဲ”
“သူက စည်းကမ်းတွေကို မသိတဲ့ လူငယ်တစ်ယောက်လို့ ငါ ထင်တယ်၊ အဲ့ဒါကြောင့် သူ မဆင်မခြင် လုပ်ရဲနေတာ၊ သူတော့ သွားပြီ၊ ကျူးဝမ်ဟောင်ဆီမှာ သူ နုတ်နုတ်စင်းခံရဖို့ သိပ်မကြာလောက်တော့ဘူး၊ သူက အခြားသူတွေ သူ့ဆရာအပေါ် အထင်သေးတာမျိုးကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး”
ကျူးဝမ်ဟောင်ဟူသော နာမည်ကို ထုတ်ပြောချိန်တွင် လူတိုင်း နေရထိုင်ရခက်သလို ခံစားလိုက်ရပြီး တုန်ယင် လာကြသည်။
လတ်တလော ဤမိစ္ဆာကောင်၏ ရက်စက်သော အပြုအမူများက တရားလွန်နေကာ လူတိုင်းအား တုန်လှုပ် စေသည်။
ထိုအခိုက်တွင် ဟဲရှန်းနှင့် အခြားသူများတောင်မှ မနေနိုင်ဘဲ ယဲ့ဖန်ကို လှမ်းကြည့်လိုက်မိသည်။ သို့သော် ထိုသို့ကြည့်လိုက်သည်နှင့် သူတို့မျက်လုံးတွင် ကြောက်လန့်ဟန်များ စွန်းထင်းလာသည်။ အကြောင်းမှာ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သူတို့ကဲ့သို့ လူမျိုးကိုပင် ဖိနှိပ်နိုင်သော အရှိန်အဝါမျိုး ရှိနေသည်ကို ခံစားမိလိုက် သောကြောင့်ပင်။
*ဒီကောင်လေးက ဘယ်သူလဲ*
မကြာခင်မှာပင် သူတို့အားလုံး၏ မျက်နှာပေးက မချိုမချဉ် ဖြစ်လာ၏။ ယနေ့ တွေ့ဆုံပွဲ၌ သူတို့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဖြစ်ကြောင်း ရိပ်မိလိုက်ကြသည်။
ထိုအခိုက်တွင် ကျူးဝမ်ဟောင်သည်လည်း ယဲ့ဖန် ဝမ်ယွဲ့တောင်ထိပ်သို့ ပျံတက်သွားသည်ကို မြင်လိုက်ပြီး ပွဲကျင်းပရာ အလယ်သို့ လူတစ်စုဖြင့် ရောက်သွားလေသည်။
သူ၏ မျက်နှာက သုန်မှုန်နေပြီး ယဲ့ဖန်အား သတ်ချင်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။ ယဲ့ဖန်၏ မျက်နှာအစစ်ကို မည်သူမှ မသိကြသဖြင့် သူ အသည်းအသန် လိုက်ရှာနေသော ယဲ့ဖန်က သူ့မျက်စိရှေ့သို့ ရောက်လာလိမ့်မည်ဟု သူသည်လည်း ထင်မထားမိပေ။
“ဒီကောင် သေချင်နေတာပဲ”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ လက်အောက်ငယ်သားများသည် ဒေါသထွက်လာပြီး ယဲ့ဖန်ထံသို့ ခက်ထန်သော အမူအရာဖြင့် လျှောက်သွားရန် ပြင်လေသည်။ သို့သော် ကျူးဟောင်ဝမ်က သူတို့ကို တားလိုက်သည်။
“ဒီနေ့ပွဲကို လာတဲ့လူတွေ အများကြီးပဲ၊ အခုချိန်မှာ သူ့ကို သတ်လိုက်ရင် လူတွေက ငါ့ဆရာကို စိတ်သဘောထား ကျဉ်းမြောင်းတယ်လို့ ထင်သွားကြလိမ့်မယ်”
ထို့နောက် သူက အောင့်သက်သက် ပြုံးလိုက်သည်။
“ပွဲပြီးသွားရင် ငါ ဒီအရူးကောင်ကို သေတာထက် ဆိုးအောင် လုပ်ပြမယ်”
ယဲ့ဖန်က လူတိုင်း၏ အကြည့်ကို လျစ်လျူရှုကာ နေရာတစ်နေရာ ရှာ၍ ထိုင်ချလိုက်သည်။ သူ စောင့်နေသည်။ သတ်ဖြတ်ပွဲ စတင်ရန် သူ စောင့်နေခြင်း ဖြစ်လေသည်။