ဒဏ္ဍာရီကို ဟာသဖြစ်အောင် လုပ်မယ်
Vol. 86-89 Ch. 1296
“ဟဲ့ကောင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ တွေ့ဆုံပွဲမှာ နင် ဘယ်လိုတောင် မဆင်မခြင် လုပ်ရဲတာလဲ၊ နင် သေချင်နေတာလား”
ယဲ့ဖန်ဘေးမှ မြူဆွယ်တတ်သော အမျိုးသမီးက လှောင်ရယ်၍ ယဲ့ဖန်ကို အထင်သေးသလို ကြည့်လာသည်။ ယဲ့ဖန်က သူမကို အေးအေးလူလူ ပြန်ကြည့်လိုက်သည်။
“မင်းအပူ မပါဘူး”
ယဲ့ဖန်ထံမှ မတူသလို မတန်သလို အပြောခံလိုက်ရသဖြင့် ကျိုးချင်းရုံ၏ မျက်နှာ အေးစက်သွားပြီး သုန်မှုန်စွာ ပြုံးကာ ခေါင်းတညိတ်ညိတ် လုပ်လေသည်။
“ကောင်းပြီလေ၊ နင် ဆက်ပြီး မောက်မာနေလိုက်၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ပေါ်လာရင် နင် ဘယ်လို သေမလဲ ကြည့်ရသေးတာပေါ့”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးမှ အေးစက်မှုက ပိုသိပ်သည်းလာ၏။
“မင်း နောက်တစ်ခွန်း ထပ်ပြောရဲလို့ကတော့ ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်”
အလွန် တင်စီးလွန်းလှပေ၏။ လက်ရှိတွင် ယဲ့ဖန် စိတ်အခြေအနေ မကောင်းပါ။ သူ၏ ပန်းတိုင်က အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား ဖြစ်သော်လည်း တစ်ယောက်ယောက်က သေချင်နေပါက သူတို့ကို သူ တမလွန်ပို့ပေးရန် ဝန်မလေးပါ။
“နင်”
ကျိုးချင်းရုံ မျက်နှာပျက်သွားပြီး ဒေါသ ပိုတိုးလာ၏။ သူမ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ယဲ့ဖန်၏ အကြည့်ကြောင့် သူမ ဆက်ပြောရန် ကြောက်လန့်သွားရသည်။
ချက်ချင်းဆိုသလိုပင် သူမသည် အေးစက်စက် မျက်နှာပေးဖြင့် ဘေးသို့ ထွက်သွားသည်။ သို့သော် သူမမျက်နှာ၌ မကျေမချမ်းဖြစ်ဟန်များ ပြည့်နှက်နေ၏။
ထိုစဉ် လွှမ်းမိုးနိုင်ပြီး ခံ့ညားထည်ဝါသော လူတစ်ယောက်က ပြင်းထန်သော စွမ်းအင်နှင့်အတူ စံအိမ်ထဲမှ ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ နဂါးတစ်ကောင် ကိန်းဝပ်နေသလား ထင်မှတ်ရသည်အထိ ထည်ဝါ လှသည်။
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို ဂါဝရပြုပါတယ်”
လူတိုင်း မတ်တပ်ရပ်ကာ လက်သီးနှစ်ဖက်ကို ဆုပ်၍ ကျိုးနွံသော အမူအရာဖြင့် ဦးညွှတ် နှုတ်ဆက်လေသည်။ ဤအင်ပါယာ၏ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားနှင့် တွေ့ဆုံရချိန်တွင် သူတို့သည် နှိမ့်ချ၍သာ နေနိုင်ပေသည်။
ဤသည်မှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ ခွန်အား၊ ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်ပြီး သူ၏ ဒဏ္ဍာရီဆန်သော အတွေ့အကြုံများက သူ့အား လောကကို အထက်စီးဖြင့် ကြည့်နိုင်အောင် ပြုလုပ်ပေးလေသည်။
သို့သော် ယဲ့ဖန်က တစ်စက်ကလေးမှ မလှုပ်ပေ။
“ဟဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ရောက်နေပြီလေ၊ နင် ဘာလို့ မတ်တပ်ရပ်ပြီး အရိုအသေ မပေးတာလဲ၊ အရမ်း ရိုင်းတာပဲ”
ထိုစဉ် ကျိုးချင်းရုံက ပြောစရာခေါင်းစဉ် ရသွားပြီး လူကြားအောင် ပြောလိုက်သည်။ ထိုအခါ ယဲ့ဖန်ထံသို့ အကြည့်များစွာ ကျရောက်လာ၏။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြသည်။ လူတိုင်း မတ်တပ်ရပ်၍ အရိုအသေ ပေးသော်လည်း ယဲ့ဖန်က တိတ်ဆိတ်စွာ ထိုင်နေပြီး မာနကြီးဟန်ဖြင့် မျက်လုံးမှိတ်ကာ ဘေးလူများကို အဖက်မလုပ်ဘဲ အနားယူနေသည်။
“အရမ်း မောက်မာလွန်းတယ်၊ ခုနကလည်း ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ဝမ်ယွဲ့တောင်ထိပ်ပေါ် ပျံတက်လာတယ်၊ အခုလည်း လူကြီးမင်းကို တွေ့တာတောင် အရိုအသေ မပေးဘူး”
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ရောက်လာတာတောင် အရိုအသေ မပေးဘူးဆိုတော့ တော်တော် ရိုင်းပျတာပဲ၊ ဒီကောင်ရဲ့ ဇစ်မြစ်က ဘာလဲ”
အစပိုင်း၌ ယဲ့ဖန်က လူသစ်ဖြစ်၍ စည်းကမ်းများကို နားမလည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုပုံအရ တစ်ဖက်လူသည် စည်းကမ်းများကို နားမလည်ခြင်း မဟုတ်ဘဲ အထင်အမြင်သေးခြင်းသာ ဖြစ်လေသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား ပေါ်ပေါင်တင်တင် ရန်စလိုက်ခြင်းပင်။
ထို့ကြောင့် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည်လည်း ယဲ့ဖန်အား အံ့ဩသလို ကြည့်လာပြီး မျက်မှောင်ကြုတ် သွားသည်။
“မင်း ဘယ်သူလဲ၊ ငါ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ပေါ်လာတာတောင် မင်းက မတ်တပ်ထမရပ်ဘူးဆိုတော့ မင်း ဘာက အရေးပါမှန်း မသိဘူးလား”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားဘေးနားမှ တာအိုလမ်းစဉ် လိုက်စားသော လူငယ်တစ်ယောက်က ငေါက်ငမ်း လေသည်။
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကိုတောင် အထင်သေးနေရင် မင်းက ဒဏ္ဍာရီလာ သူတော်စင်သခင်လား”
ဘုရင်အဆင့်တစ်ယောက်ကလည်း လှောင်ရယ်လာသည်။
“ကောင်းကင်က ဘယ်လောက် မြင့်မားလဲ မသိတဲ့ကောင်ပဲ၊ အဲ့လိုမသိတဲ့လူက ယဲ့ဖန်တစ်ယောက်တည်း ရှိတယ်လို့ ထင်နေတာ၊ နင်က ဘာကောင်လဲ”
ကျိုးချန်ရုံက ထပ်ပြောလာသည်။ သူမစကားက ပို၍ ကောက်ကျစ်လာပြီး အေးစက်စက် အငွေ့အသက်မျိုး ထုတ်ဖော်နေသည်။
ထိုအခါ လူတိုင်းက ယဲ့ဖန်ကို ရန်လိုသော အကြည့်မျိုး ကြည့်လာ၏။ သူတို့ အလွန် မကျေမနပ် ဖြစ်နေကြသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် တစ်နိုင်ငံလုံး လေးစားရသည့်လူ ဖြစ်သည်။
သို့သော် ယဲ့ဖန်က အလွန် ရိုင်းပျကာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို မသိကျိုးကျွန် ပြုထားသဖြင့် သူတို့ အလွန် ဒေါသထွက်နေကြသည်။
ယဲ့ဖန်က မျက်လုံးပြန်ဖွင့်ကြည့်ကာ ဘေးဘီအား ဂရုမစိုက်သလို တစ်ချက် ဝေ့ကြည့်လိုက်ကာ ထီမထင်ဟန် ပြုံးလိုက်သည်။ သူတို့အား အထင်သေး ရွံရှာနေပုံ ရသည်။
“မင်း သေချင်နေတာပဲ”
ကျူးဝမ်ဟောင် ချက်ချင်း ဒေါပွသွားသည်။ သူတို့ကို ထပ်ခါထပ်ခါ ရန်စနေသဖြင့် သူ ထပ်၍ သည်းမခံနိုင် တော့ပေ။
“မရိုင်းပျနဲ့”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ကျူးဝမ်ဟောင်ကို လှည့်အော်ငေါက်၍ လက်ဝှေ့ယမ်းလိုက်သည်။
“အားလုံးပဲ ကိုယ့်နေရာမှာ ကိုယ်ထိုင်ကြပါ”
ကျူးဝမ်ဟောင် မကျေမနပ်နှင့် နောက်ဆုတ်လိုက်ရသည်။ သို့သော် သူသည် အန္တရာယ်ပေးလိုသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်နေ၏။ သူ့ဆရာ၏ အဆင့်အတန်းသည် အလွန် မြင့်မားပြီး ဤအင်ပါယာ၏ ဧကရာဇ်ပင် ယဉ်ယဉ်ကျေးကျေး ပြောဆိုရသော်လည်း သူ့ရှေ့မှလူက အလွန် မောက်မာ နေသဖြင့် မကျေမနပ် ဖြစ်ရသည်။
ကျိုးချင်းရုံသည် ကျိတ်ရယ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်မှစ၍ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ယဲ့ဖန်ကို မုန်းတီးသွားပြီဖြစ်ကြောင်း သူမ သိလိုက်သောကြောင့်ပင်။
*ဒီကောင်တော့ သေပြီပဲ*
ချက်ချင်းဆိုသလိုပင် သူမက ယဲ့ဖန်ကို ရန်စသော အကြည့်ဖြင့် မျက်လုံးများက ဤသို့သော စကားမျိုး ပြောသယောင် ပေါ်နေသည်။
*ဟဲ့ကောင် မိန်းမတစ်ယောက်ကို ရန်မစနဲ့၊ ရန်စလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်က နင် တွေးကြည့်နိုင် မှာတောင် မဟုတ်ဘူး*
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ဒါ ခင်ဗျားရဲ့ ကိုယ်ပွားခန္ဓာကိုယ်လား၊ ဘာလို့ အဆုံးမသတ်နိုင်တဲ့ သူတော်စင် စွမ်းအင်တွေကို ခံစားနေရတာလဲ၊ မသိရင် တကယ့် ခန္ဓာကိုယ်အစစ် ရောက်နေသလိုပဲ”
နဂါးရိုင်းဘုရင်က အသံကိုနှိမ့်၍ မေးလေသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရှေ့၌ နဂါးရိုင်းဘုရင်သည် မရိုင်းပျဝံ့ဘဲ ဂျူနီယာသဖွယ် ရိုရိုကျိုးကျိုး မသိသည်ကို မေးမြန်းလေသည်။
ဟဲရှန်းနှင့် အခြားသူများလည်း ထောက်ခံလေသည်။ သူတို့သည်လည်း ထိုသို့ခံစားမိသဖြင့် ဖိအားကို ခံစားမိကာ နေရခက်နေ၏။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ပြန်ပြောသည်ကို မစောင့်ဘဲ ကျူးဝမ်ဟောင်က ဂုဏ်ယူစွာ ပြောလေသည်။
“ဘာလို့လဲဆိုတော့ ကျုပ်ဆရာက ကောင်းကင်ကျင့်စဉ်ကို ကျင့်ကြံလို့လေ၊ ကိုယ်ပွားကို သုံးယောက်အထိ ပွားလို့ရပြီး မူလခန္ဓာကိုယ်ရဲ့ ခွန်အား သုံးပုံတစ်ပုံကို အသုံးချလို့ ရတယ်၊ အဲ့ဒါကြောင့် ရှုကျိုးကို အေးအေးဆေးဆေး လာရဲတာပေါ့”
“ဒီလိုကိုး”
လူတိုင်း နားလည်သွားကာ အံ့ဩမှင်တက်သွားကြသည်။
*ဒီကျင့်စဉ်က တကယ်ပဲ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ကျင့်စဉ်ပဲ၊ ကိုယ်ပွားသုံးခုတောင် ပြောင်းနိုင်တဲ့အပြင် တကယ့် ကိုယ်အစစ်ရဲ့ ခွန်အား သုံးပုံတစ်ပုံကိုပါ သုံးနိုင်တယ်၊ သူတို့သာ ရန်သူကို ပေါင်းတိုက်ရင် ရန်သူဘက်က တော်တော် အထိနာမှာပဲ*
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် သူတော်စင်သခင်အဆင့်သို့ တက်လှမ်းနိုင်ပြီးကတည်းက သူ့ခွန်အား သည် ကြောက်စရာကောင်းလောက်သည့် အတိုင်းအတာအထိ ရောက်သွားခဲ့သည်။
“အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အင်ပါယာရဲ့ ပြိုင်ဘက်ကင်း စစ်နတ်ဘုရား ဖြစ်ထိုက်ပါပေတယ်၊ သူ့ခွန်အားက တိုင်းတာမရဘူးပဲ၊ ခင်ဗျားသာ အင်ပါယာကို စောင့်ရှောက်ပေးရင် အင်ပါယာက တစ်သက်လုံး အေးချမ်းနေမှာပါ”
“ဟုတ်တယ် ခင်ဗျားက အင်ပါယာထဲမှာ အသန်မာဆုံးလူပဲ၊ အဲ့ယဲ့ဘုရင်ဆိုတာက ဟာသသက်သက်ပဲ”
“အဲ့ငကြောက်ကို စစ်နတ်ဘုရားနဲ့ မယှဉ်စမ်းနဲ့၊ အခု သူ မျက်နှာတောင် လာမပြရဲဘူးလေ၊ လိပ်လို အခွံထဲ ဝင်အောင်းနေတာ၊ အမှိုက်ကောင်ပဲ”
လူတိုင်း ပါးစပ်ဟလိုက်သည်နှင့် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကိုသာ ချီးမွမ်းကြပြီး ယဲ့ဖန်ကို ပြစ်တင် ဝေဖန်ကြသည်။
“တကယ်တော့ ယဲ့ဘုရင်လည်း ဒီအခြေအနေကို ရောက်နိုင်ပါတယ်၊ အချိန်အတိုင်းအတာ တစ်ခုလောက်ပဲ လိုတာ”
သို့သော် ထိုအခိုက်တွင် လူအုပ်ထဲမှ အခါအခွင့်မသင့်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် အလွန် ထူးဆန်းလှပြီး ယောက်ျားအသံနှင့် မိန်းမအသံ ရောနေသဖြင့် ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် ပြိုင်တူ စကားပြောလာသည်ဟု ထင်မှတ်ရလေသည်။
လူတိုင်း တအံ့တဩနှင့် လှမ်းကြည့်လိုက်သောအခါ ထောင့်နား၌ ထိုင်နေသည့် အနက်ရောင်ဝတ်စုံနှင့် ကြေးနီရောင် မျက်နှာဖုံး တပ်ထားသူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
*တောင်တစ္ဆေပါလား*
ယဲ့ဖန်သည်လည်း တောင်တစ္ဆေအား မယုံသင်္ကာစိတ်တစ်ချို့ဖြင့် ကြည့်လိုက်မိသည်။ ဤနေရာ၌ သူ့အတွက် ပြောပေးမည့် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။
သို့သော် တောင်တစ္ဆေက ဤသို့ ပြောလာသော်လည်း မည်သူမှ မဝေဖန်ရဲပါ။ အကြောင်းမှာ သူ၏ ခွန်အား ကြောင့်ပင်။ သူသည် ဘုရင်အဆင့်သုံးယောက်အား သတ်ဖြတ်၍ ဝါးစားရဲသည့် ထူးဆန်းသော လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ တွေ့ဆုံပွဲ၌ ယဲ့ဖန်ကို ချီးမွမ်းရဲပြီး စစ်နတ်ဘုရားနှင့် ယှဉ်ရဲသည့် သတ္တိမျိုးက မည်သူ၌ ရှိနိုင်မည်နည်း။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက သူ့အား သေချာကြည့်၍ ပြုံးလိုက်သည်။
“တောင်တစ္ဆေ ပြောတာမှန်တယ်၊ ဒီလောကြီးက ဖြစ်ထွန်း စည်ပင်တဲ့ လောကကြီး ဖြစ်သလို အားကြီးတဲ့ နိုင်ငံတွေ အများကြီး ရှိတယ်၊ သိုင်းပညာရှင်တွေဆိုတာလည်း တစ်ချိန်တည်း ပေါ်ထွက်လာနေတာ”
“ကျုပ်တော့ အဲ့လို မပြောနိုင်ဘူး၊ ဒီကျယ်ပြောတဲ့ လောကကြီးမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်ဆိုပင်မယ့် တော်တော်များများက ပြီးရင် ပြုတ်ကျကုန်တာပဲလေ၊ စစ်နတ်ဘုရားလို ဒီအခြေအနေမျိုးနဲ့ အသက်အရွယ်မရွေး လေးစားခံရမယ့်လူက ထပ်မရှိနိုင်ဘူး”
တစ်စုံတစ်ယောက်က ချက်ချင်း အမွှမ်းတင်စကား ပြောလေသည်။ လူတိုင်း ခေါင်းညိတ် ထောက်ခံကြသည်။ ဤလောက၌ ပါရမီရှင်များ ပြတ်လပ်ခြင်း မရှိသော်လည်း အသက်ရှင်ကျန်သူများကိုသာ ပါရမီရှင်များဟု အများက သိကြပြီး ကျရှုံးသွားသူများအား မည်သူက နာမည်ပင် မှတ်မိနေပါမည်နည်း။
“ဟုတ်တယ် စစ်နတ်ဘုရားက အခုချိန်အထိ လောကမှာ ပြိုင်ဘက်ကင်းတဲ့လူပဲ၊ သူ အခုထိ တစ်ပွဲမှ မရှုံးဖူး သေးဘူး၊ သူက နိုင်ငံပေါင်းစုံက လူတွေနဲ့ ယှဉ်ပြိုင်ဖို့ တကယ် အရည်အချင်း ရှိတယ်”
“ဒါပေါ့ စစ်နတ်ဘုရားက ဒီလောက် အံ့ဩစရာကောင်းပြီး ပြိုင်ဘက်ကင်းလို့ ကျော်ကြားတာကို၊ ယဲ့ဘုရင်သာ ပေါ်လာရဲရင် တစ်ချိန်လုံး ဆန်ပြုတ်သောက်နေရာမှာ၊ လုံးဝ ပြိုင်ဘက် မဟုတ်ဘူး”
လူအများက မျက်နှာလို မျက်နှာရ အမူအရာနှင့် မြှောက်ပင့် ပြောဆိုနေကြသည်။ တစ်ဖက်က တောင်တစ္ဆေကမူ အထင်သေးဟန်ဖြင့် လှောင်ရယ်လေသည်။
“ခင်ဗျားက ဘာကို ရယ်တာလဲ”
ထိုစဉ် အသံတစ်သံ ထွက်လာသဖြင့် တောင်တစ္ဆေ နောက်လှည့်ကြည့်လိုက်သောအခါ ချောမောသော လူငယ်တစ်ယောက်က သူ့အနောက်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်မှာ ယဲ့ဖန်ပင်။
“ငါ အဓိပ္ပာယ် မရှိဘူးထင်လို့ ရယ်လိုက်ရုံလေးပါ”
တောင်တစ္ဆေက ယခုထိ အထင်သေးနေပုံ ရကာ ယဲ့ဖန်ကို ပြန်ကြည့်နေသည်။
“တကယ် အဓိပ္ပာယ် မရှိဘူး”
ယဲ့ဖန် သူ့ဘေး၌ ဝင်ထိုင်လိုက်သည်။ တောင်တစ္ဆေသည် ရုတ်တရက် မပျော်မရွှင် ဖြစ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။
“ငါ မင်းကို ဒီမှာ ထိုင်ခွင့်ပေးလို့လား”
သူသည် တစ်ယောက်တည်း နေခြင်းနှင့် အသားကျနေပြီး အခြားသူများနှင့် တစ်ခါမှ အဆက်အဆံ မလုပ်ပေ။ ထို့ကြောင့် ယဲ့ဖန်၏ အရောဝင်ခြင်းကို သူ အလွန် စက်ဆုပ်နေ၏။
“ဘာဖြစ်လို့လဲ၊ တစ်ယောက်နဲ့ တစ်ယောက်က တွေ့ရတာ ရေစက်ပဲကို၊ ခင်ဗျားက မျက်လုံးထဲ ကြည့်လို့ အဆင်ပြေတယ်လို့ ထင်တာပဲ”
*ဒါပေမဲ့ ငါတော့ အဆင်ပြေတယ် မထင်ဘူး*
တောင်တစ္ဆေက ထိုသို့ပြန်ပြောချင်သော်လည်း ပြန်ထိန်းလိုက်ရသည်။ ပထမအချက်မှာ ယဲ့ဖန်က သူ့ကို ခြိမ်းခြောက်သော ခံစားမှု ပေးစွမ်းနေသောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ တွေ့ဆုံပွဲ၌ ပြဿနာ မဖြစ်ချင်၍ ဖြစ်လေသည်။ သူ ကြောက်လန့်၍ မဟုတ်ပေ။
“ဒါ အစပဲ ရှိသေးတယ်၊ ပိုပြီးတော့ အဓိပ္ပာယ် မရှိတာက ခဏနေ ဖြစ်လာလိမ့်မယ်”
ထိုစဉ် ယဲ့ဖန်၏ မျက်လုံးက အေးစက်တောက်ပလာသည်။ ထိုစကားကြောင့် တောင်တစ္ဆေ ပဟေဠိ ဖြစ်သွား ရသည်။
မျက်နှာဖုံးအောက်မှ တောင်တစ္ဆေ မျက်မှောင်ကြုတ်သွားသည်။ ယဲ့ဖန်ထံမှ ရန်လိုမှုကို သူ ခံစားမိနေ၏။
“ငါ တစ်ခါမှ မတိုက်ရသေးတော့ ဘယ်သူက သန်မာလဲ အားနည်းလဲ ပြောဖို့ခက်တယ်”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက လက်ကာပြ၍ တည်ငြိမ်၍ နှိမ့်ချယဉ်ကျေးသော ဟန်ပန်ဖြင့် ပြောလိုက်သည်။ ဤပုံစံကြောင့် ယဲ့ဖန် အရေးမပါသလို ခံစားလိုက်ရသည်။
*ဒီလူက အမြဲ စိတ်ကောင်းထားပြီး မြင့်မြတ်သယောင် ဆောင်နေတာပဲ၊ သူ သူတော်ကောင်းယောင် ဆောင်တာကြီးက များလွန်းတယ်*
“ဘာလို့ စစ်နတ်ဘုရားက နှိမ့်ချနေတာလဲ၊ ခင်ဗျားသာ လှုပ်ရှားလိုက်ရင် ယဲ့ဖန်ကို ကြက်သတ်သလို၊ ခွေးသတ်သလို သတ်နိုင်မှာပဲ၊ သူ့ညီကိုတောင် ခင်ဗျား ဖမ်းထားနိုင်တာ၊ ဘယ်လောက်ပဲ တွေးကြည့်ကြည့် သူ့ညီထက်တော့ သူ ပိုမသန်မာနိုင်ပါဘူး၊ သူ ထွက်ပြေးတာ အံ့ဩစရာ မရှိဘူး”
“ဟုတ်တယ် ခင်ဗျားက အင်ပါယာအတွက် ဂုဏ်ဆောင်စရာတွေ သယ်လာပေးတာ၊ အခြားနိုင်ငံတွေက အင်အားစုတွေကို ရှင်းထုတ်ပြီး ကျုပ်တို့ အင်ပါယာရဲ့ ဂုဏ်ကျက်သရေကို တိုးစေခဲ့တာ၊ ဒါကြောင့် ဘယ်နိုင်ငံမှာ လာအနိုင်မကျင့်ရဲတာ”
“ဒါပေမဲ့ ယဲ့ဖန် လုပ်ခဲ့တာဆိုတော့ ကပ်ဆိုးတစ်ခုပြီး တစ်ခု သယ်ဆောင်လာပြီး အင်ပါယာထဲက အသက်တွေကို ဖျက်ဆီးပစ်တာပဲ၊ ဘာအောင်မြင်မှုကိုမှ သယ်ဆောင်မလာဘူး၊ ခင်ဗျားနဲ့ လုံးဝကို ယှဉ်လို့မရတာ”
လူတိုင်း မြှောက်ပင့်၍ မျက်နှာချိုသွေးနေစဉ်တွင် ယဲ့ဖန်က ရုတ်တရက် ကောင်းကင်ကို မော့ကြည့်ကာ သရော်သလို ပြောလိုက်သည်။
“အဲ့ဒါ တကယ် လာတော့မှာလား”
*ဟမ်*
တောင်တစ္ဆေသည်လည်း မှင်တက်သွားသည်။
*သူ ဘာပြောချင်တာလဲ၊ ဘယ်သူ ရောက်လာမှာလဲ*
ထို့နောက် တောင်တစ္ဆေ၏ အံ့ဩနေသော အကြည့်အောက်မှာပင် ယဲ့ဖန်က မတ်တပ်ထရပ်၍ အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရားထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သူ သတ်ချင်သော လူနှစ်ယောက် ပေါ်လာပြီ ဖြစ်သဖြင့် သတ်ဖြတ်ခြင်း စတင်နိုင်ပေတော့မည်။
လက်ရှိတွင် ယဲ့ဖန်သည် လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်နေပြီး ဤလူ ဘာလုပ်ချင်နေသလဲ မည်သူမှ မသိကြချေ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားပြီး ယဲ့ဖန်ထံသို့သာ အကြည့်ရောက်နေ၏။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင်မှ ယဲ့ဖန်ကို စိုက်ကြည့်နေမိသည်။ ထိုစဉ် ယဲ့ဖန်က အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရားရှေ့ တည့်တည့်၌ ရပ်လိုက်ပြီး သရော်ပြုံး ပြုံးကာ ပြောလိုက်သည်။
“မင်းရဲ့ ရှုံးပွဲမရှိ ဒဏ္ဍာရီက ဒီနေ့ ဟာသ ဖြစ်လာလိမ့်မယ်”