ထရပ်ခြင်း
Vol. 86-89 Ch. 1297
“ဝိုး”
လူတိုင်း ဆူညံပွက်လောရိုက်ကာ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာကြသည်။
*မင်းရဲ့ ရှုံးပွဲမရှိ ဒဏ္ဍာရီက ဒီနေ့ ဟာသ ဖြစ်လာလိမ့်မယ်တဲ့လား*
*ဒါ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို စိန်ခေါ်တာလား၊ ဒီကောင်က ဘယ်သူလဲ၊ ဘယ်လိုတောင် အတင့်ရဲ ရတာလဲ*
*မောက်မာလွန်းတယ်*
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အင်ပါယာကို စောင့်ရှောက်လာတာ ဆယ်စုနှစ်နဲ့ချီနေပြီ၊ ဘယ်သူမှ လာမတိုက်ရဲဘူး၊ သူက လောကကို နတ်ဘုရင်တစ်ပါးလို ကြီးစိုးနေတာ၊ အခု သူက ခန္ဓာကိုယ်ကိုပါ သန့်စင်မွမ်းမံ ပြီးပြီဆိုတော့ သူ့ခွန်အားက မတွေးတတ်လောက်အောင်ပဲ*
*ဒါပေမဲ့ ဒီလူက သူ့ရှေ့မှာ ရန်စရဲတယ်ဆိုတော့ သူ ရူးများနေသလား*
“ခွေးမသား မင်း ဒီကို ပြဿနာရှာဖို့ လာတာပဲ”
ကျူးဝမ်ဟောင် အံကြိတ်နေပြီး အလွန်အမင်း ဒေါသထွက်နေပုံ ပေါ်သည်။ ယခု ပတ်ဝန်းကျင် အခြေအနေက အလွန် ထူးခြားလာသည်။
ယနေ့ တွေ့ဆုံပွဲ၌ ဘယ်ကမှန်း မသိသည့် အရူးတစ်ယောက်က ကိုယ့်သေတွင်း ကိုယ်တူးလာလိမ့်မည်ဟု လူတိုင်း မျှော်လင့်မထားမိကြချေ။
“အရမ်း မောက်မာလွန်းတယ်၊ လူတိုင်းရှေ့မှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို စိန်ခေါ်ရဲတယ်ဆိုတော့ သေခြင်းဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲ သူ မသိဘူးထင်တယ်”
“ဟာသပဲ၊ အင်ပါယာထဲမှာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ တိုက်နိုင်တဲ့လူဆိုလို့ ဆယ်ယောက်တောင် မကျော်တာ၊ ဒီကောင်မှာ အဲ့လို အင်အား ရှိလို့လား၊ တော်တော်များများက ကိုယ့်သေတွင်း ကိုယ်တူးနေတာလို့ ငါ ထင်တာပဲ”
လူတိုင်း အံ့ဩမှင်တက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အရှေ့မှလူသည် အလွန် ရူးမိုက်ပြီး အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရားအား ရောက်လာသည်နှင့် ပေါ်တင် ပုတ်ခတ်စော်ကားကာ သတ်ရန် ပြင်နေ သေးသည်။ ဤသို့သော အပြုအမူက အလွန် မောက်မာလွန်းပေသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား တစ်ဦးတည်းသာလျင် တည်ငြိမ်နေပြီး ယဲ့ဖန်က ပြုံး၍ ကြည့်နေ၏။
“မင်းက ယဲ့ဘုရင်လား”
ထိုစကားက တည်ငြိမ်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံး ကျလာသောကြောင့် လှိုင်းထသလို ဖြစ်သွား လေသည်။ လူတိုင်း ထိတ်လန့် အံ့ဩသွားကြသည်။
*ယဲ့ဘုရင် တကယ် ရောက်လာတာလား*
*သူ ရူးနေတာလား*
*အခု အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက သူတော်စင်သခင်အဆင့် ရောက်ပြီးနေတာကို ယဲ့ဖန်က ပေါ်လာရဲတယ် ဆိုတော့ ဒါ ကိုယ့်သေလမ်း ကိုယ်ဖောက်နေတာပဲ*
တောင်တစ္ဆေနှင့် အခြားသူများအားလုံးသည် ယဲ့ဖန်ထံမှ သူတို့ကို ဖိအား အရှိန်အဝါမျိုး ရနေသည့် အကြောင်းရင်းကို နားလည်သွားကြသည်။ တစ်ဖက်လူက ယဲ့ဘုရင် ဖြစ်နေသည် မဟုတ်ပါလော။
ထိုအခါတွင်မှ လာကြည့်သည့် ဧည့်သည်များအားလုံး သတိဝင်လာကြသည်။
*ဒီကောင်က အရမ်း မောက်မာပြီး ခဏခဏ ရန်စနေတာက ယဲ့ဘုရင် ဖြစ်နေလို့လား၊ သူ ဒီနေ့ ပြဿနာ ရှာဖို့ လာတာလား*
ဤနေရာမှ မည်သူမဆို မထိတ်လန့်ဘဲ မနေနိုင်ကြချေ။ တစ်ယောက်သည် နာမည်ကြီးလာကာစ လူတစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်က ပြိုင်ဘက်ကင်းသော နာမည်ကျော် ပုဂ္ဂိုလ် ဖြစ်လေသည်။ သူတို့ နှစ်ယောက်လုံးအား အင်ပါယာ၏ အသန်မာဆုံးသော လူများဟု ခေါ်ဆိုကြသည်။ သူတို့နှစ်ယောက် တိုက်ခိုက်လျင် မည်သို့သော မီးပွားမျိုး ဖြစ်ပေါ်လာမည်နည်း။
ထိုအခိုက်တွင် လူတိုင်း အသက်အောင့်ထားမိကာ ထိုလူနှစ်ယောက်အား စိုးရိမ်တကြီး ကြည့်နေကြသည်။ မကြာခင် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲ ဖြစ်လာလိမ့်မည်ဟု သူတို့ သိနေကြလေသည်။
“မင်းက ယဲ့ဘုရင် ဖြစ်နေတာကိုး၊ အစတုန်းက မင်းကို အရမ်း သူရဲဘောကြောင်တယ်လို့ ငါ ထင်နေတာ၊ မင်းက ရူးနေတဲ့လူ ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ၊ မင်းက သူတော်စင်သခင်အဆင့် တစ်ယောက်ရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိတာတောင် ပေါ်လာရဲသေးတာလား”
ကျူးဝမ်ဟောင်က တင်းမာသော မျက်နှာထားနှင့်အတူ လှောင်ရယ်လေသည်။
“မင်းလိုလူမျိုးက ငါ့ဆရာနဲ့ ယှဉ်တိုက်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်နေလား”
သူ့စကားကို ကြားသော် ယဲ့ဖန်က အေးတိအေးစက် မျက်လုံးများနှင့် ကျူးဝမ်ဟောင်ကို စိုက်ကြည့်လေသည်။ ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့် အငွေ့အသက်များက သူ့ကို လွှမ်းခြုံလာ၏။
ကျူးဝမ်ဟောင် ထိတ်လန့်သွားကာ အကြီးအကျယ် မျက်နှာပျက်သွားပြီး ဆက်လက်၍ မရယ်နိုင်တော့ချေ။ လက်ရှိတွင် သူသည် သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသည်ဟု ခံစားမိနေ၏။ သူသာ နောက်တစ်ခွန်း ထပ်ပြောလိုက်လျင် သူ့အရှေ့မှ လူထံ၌ အရှင်လက်လက် တစ်စစီ လုပ်ခံရမည်ဟု ခံစားမိနေလေသည်။
“မင်းနာမည်က ကျူးဝမ်ဟောင် ဟုတ်တယ်မလား၊ မင်းဆရာကို ငါ သတ်ပြီးရင် နောက်အလှည့်ကျလာမယ့်လူက မင်းပဲ”
ယဲ့ဖန်၏ လေသံက အေးစက်ကာ သူမတူသော အထက်စီးဆန်မှုများ ပေါ်လွင်နေ၏။ မောက်မာတင်စီး လွန်းပေသည်။ လူတိုင်း ချောက်ချားသွားကြသည်။
*ယဲ့ဖန်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို သတ်ပစ်မယ်လို့ တကယ် ပြောလိုက်တာလား၊ ဒါ နည်းနည်း မပိုလွန်းဘူးလား*
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ရွှံ့လို ပျော့ဖတ်တယ်လို့များ သူ ထင်နေတာလား*
“…”
ကျူးဝမ်ဟောင် အံကြိတ်ထားမိသည်။ သူ ခွန်းတုံ့ပြန်ချင်ပါသော်လည်း သတ္တိမရှိပေ။ သို့သော် သူ့မျက်လုံးတွင်းမှ မကျေမချမ်း ဖြစ်နေသော အရိပ်အယောင်များက ပို၍ သိသာလကာ ယဲ့ဖန်အား ရှစ်ပိုင်းပိုင်းချင်ပုံ ပေါ်နေသည်။
“မင်း လက်မခံဘူးလား”
ယဲ့ဖန် အေးတိအေးစက် ပျက်ရယ်ပြုလိုက်ပြီး ချက်ချင်း လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်။ ထိုအခါ ယန်စွမ်းအင်များက တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
“ဖြောင်း”
ကျယ်လောင်သော အသံနှင့်အတူ ကျူးဝမ်ဟောင် လျှပ်စီးသဖွယ် လွင့်ထွက်သွားသည်ကို လူတိုင်း တွေ့လိုက် ရသည်။ သူ၏ ကြွက်သားများနှင့် အရိုးများအားလုံး ကြေမွလုနီးပါး ဖြစ်ကာ သွေးများ ရွှဲနစ်၍ နံရံနှင့် ဝင်တိုက် သွားလေသည်။
လူတိုင်း မှင်တက်ကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားကြသည်။ ယဲ့ဖန်သည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား ထပ်ခါထပ်ခါ ရန်စနေပြီး ရန်စလာသည့် အကြိမ်တိုင်း ပိုပို၍ အတင့်ရဲလာသည်။ အလယ်ပိုင်း လွင်ပြင် စစ်နတ်ဘုရား၏ အရှေ့၌ သူ့တပည့်ကို ရိုက်နှက်ခြင်းက သေကိုသေမည့် ကိစ္စရပ်ပင်။
ကျူးဝမ်ဟောင်၏ မျက်နှာတစ်ပြင်လုံး ရောင်ကိုင်းစုတ်ပြတ်နေပြီး ခန္ဓာကိုယ်တစ်ဝက်က ကြေမွကာ အရိုးများကို အထင်းသား မြင်နေရသည်။ အသားစများက အပြင်သို့ လွင့်စဉ်နေပြီး မြေကြီးပေါ် လဲနေ၏။ ဘုရင်အဆင့် ဖြစ်သောသူက ရန်သူထံ၌ ယင်ကောင်သဖွယ် အရိုက်ခံလိုက်ရခြင်းက ရှက်စရာ ကောင်းလှသည်။
“ယဲ့ဖန် မင်း တော်တော် မောက်မာနေတယ်ပေါ့လေ”
နောက်ဆုံးတွင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ဒေါသထွက်လာပြီး မျက်နှာထားက အလွန် ကြည့်ရဆိုး လာ၏။
“တော်တော် မောက်မာတယ် ဟုတ်လား”
ယဲ့ဖန် ပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ချက် လှုပ်လိုက်သောအခါ လူနှစ်ယောက် ဖြစ်သွားလေသည်။ ထို့နောက် တစ်ယောက်က ရှေ့တက်၍ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားအား သရော်လေ၏။
“ဒါကမှ တကယ့် မောက်မာမှု အစစ်ပဲ”
လူတိုင်း ကြောက်လန့်ကာ အမူအရာများ လေးလံထိုင်းမှိုင်းလာ၏။ သူတို့အားလုံး မျက်လုံးပြူးကာ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူတို့ အမြင်မှားလေသလားဟု တွေးနေကြသည်။
*ယဲ့ဘုရင်က သူ့ကိုယ်ပွားနဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို တိုက်ချင်နေတာလား*
*မယုံနိုင်စရာပဲ*
*ဒီကောင် ဘာတွေတွေးနေတာလဲ၊ အစကတည်းက သူ့ခန္ဓာကိုယ် အစစ်နဲ့တောင် မနိုင်နိုင်တာ၊ အခု ကိုယ်ပွားနဲ့ပဲ တိုက်ခိုင်းချင်နေတာလား၊ ဒါ သေလမ်းရှာလွန်းမနေဘူးလား*
ဘုရင်အ ဆင့်များသည်လည်း အံ့ဩနေကြသည်။ သူတို့သည် ဟန်ကိုယ့်တတ်သူများ ဖြစ်ပြီး ကြောက်စိတ် ကင်းကာ ခိုင်မာသော စိတ်နှလုံးသား ရှိသည်ဟု ကျော်ကြားကြသည်။ သို့သော် ယဲ့ဖန်နှင့်ယှဉ်လျင် သူတို့ ရှက်ရွံ့သလို ဖြစ်သွားလေသည်။
*သူ့မှာ ပြိုင်ဘက်ကင်းလို့ ခေါ်လို့ရတဲ့ အရာတစ်ခု ရှိတာပဲ*
*ပြိုင်ဘက်ကင်းတဲ့ စိတ်ထား*
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက မတတ်သာဟန်ဖြင့် ခေါင်းခါလေသည်။
“မင်း လေလုံးမထွားသင့်ဘူး၊ မင်းကိုယ်ပွားကို ဖယ်ထားလိုက်၊ ငါ အနိုင်ကျင့်လွန်းတယ်လို့ အခြားသူတွေ ပြောလာမှာကို မလိုချင်ဘူး”
ယုံကြည်မှုရှိကာ မာနကြီးပေသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် ကျုံးကျိုးအင်ပါယာ၏ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ် ဖြစ်ထိုက်ပေ၏။
ထိုအခိုက်တွင် အားလုံးက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို လေးစားသော အကြည့်ဖြင့် ကြည့်လာ ကြသည်။ ထို့အတူ ယဲ့ဖန်အား သရော်သော အပြုံးများဖြင့် ကြည့်လာလေသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ စကားနှင့် အမူအရာများအရ သူ့ကို အလေးမထားကြောင်း သိသာ လှသည်။ သို့သော် ယဲ့ဖန်က အထင်သေးသလို ပြုံးလိုက်သည်။
“မင်းကို သတ်ဖို့က ကိုယ်ပွားနဲ့တင် လုံလောက်တယ်”
“ဘာ”
“ဒီကောင် သေချင်နေတာပဲ၊ ဒီကောင် သေချင်နေတာ”
လူတိုင်း အံ့ဩကာ ဆူညံပွက်လောရိုက်သွားသည်။ ယဲ့ဖန်က သေရန် စိတ်ဆုံးဖြတ်ထားလေသလော။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား မျက်နှာ မည်းမှောင်သွားပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ မင်း သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
နောက်ဆုံးစကားအဆုံး၌ ဝမ်ယွဲ့တောင်ထိပ်တစ်ခုလုံး တုန်ခါသွားပြီး သူတော်စင် အရှိန်အဝါတစ်ခု ပျံ့လွင့်လာသဖြင့် လူတိုင်း ကြောက်လန့်ကာ ဒူးထောက်၍ ခစားလိုသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရသည်။ ဘုရင်အဆင့်များ၏ အမူအရာများလည်း အကြီးအကျယ် ပြောင်းလဲသွားသည်။
*ဒါ သူတော်စင်သခင်အဆင့်ရဲ့ အရှိန်အဝါလား၊ အရှိန်အဝါလေးကတောင် လူတွေကို တော်တော်လေး ဖိအားပေး နိုင်တာပဲ*
ဤသည်ကိုမြင်သော ကျိုးချင်းရုံ ညစ်ကျယ်ကျယ် ရယ်လိုက်သည်။ ယဲ့ဖန်၏ ပုံစံအစစ်အမှန်ကို သိပြီးက တည်းက ယဲ့ဖန် ရန်လိုလာမည်ကိုစိုး၍ သူမ မသက်မသာ ခံစားခဲ့ရသည်။
ယခု အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ အားပြင်းသော အရှိန်အဝါကိုမြင်ပြီးနောက် သူမရင်ထဲမှ သံသယများ ပျောက်ကွယ်သွားရသည်။
*ဒီကောင် သေချာပေါက် သေမှာပဲ*
ဟဲရှန်းသည်လည်း ရက်စက်သော အမူအရာနှင့် ကြည့်နေသည်။ သူ့အမူအရာက အခွင့်အရေးကို စောင့်နေသည့် အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် လှုပ်ရှားရန် အဆင်သင့် ပြင်ထားသည့်ပုံပင်။ ယဲ့ဖန် ရှုံးတော့မည့်ပုံ ပေါ်လာလျင် သူ တုံ့ဆိုင်းခြင်းမရှိဘဲ ယဲ့ဖန်အား သေအောင် ဝင်တိုက်မည် ဖြစ်သည်။
“ဝုန်း”
ရုတ်တရက် ကောင်းကင်ထက်မှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး လူတစ်ယောက် ဆင်းသက်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သက်တန့်သဖွယ် အရောင်အဝါများ ထွက်ပေါ်နေသည်။ အေးချမ်းသော ကြာပန်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေပုံက အလွန် ကျက်သရေရှိကာ ကြည်ညိုဖွယ်ကောင်းနေသည်။
“မျှော်စင်သခင်ပါလား”
နဂါးရိုင်းဘုရင်နှင့် အခြားသူများ ချက်ချင်း မျက်နှာပျက်သွားပြီး ရောက်လာသူအား ကြောက်လန့်တကြား ကြည့်လာကြသည်။
မျှော်စင်သခင်သည် ရှုကျိုး၌ ထုတ်မပြောရဲသည့် နာမည်ဖြစ်သည်။ ကြီးမားသော မိစ္ဆာမျှော်စင်ကို စောင့်ကြပ်၍ ဖမ်းဆီးထားသော မိစ္ဆာများကို သူတစ်ဦးတည်း၏ ခွန်အားဖြင့် ဖိနှိပ်ထားသူ၊ သန်မာ၍ လွှမ်းမိုးနိုင်သောသူ ဖြစ်လေသည်။ မိစ္ဆာမျှော်စင်တွင်း၌ သူတော်စင်သခင်အဆင့် ရှိသည့် မိစ္ဆာတစ်ကောင်ကိုပင် ဖမ်းဆီးထားသည်။
*သူ ဘာလို့ ဒီကို ရောက်လာတာလဲ*
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင်မှ မျက်နှာထား တည်လာသည်။ ဤသို့သော ပုန်းကွယ်နေသည့် မိစ္ဆာအိုကြိးသည် သူ့အတွက် ခေါင်းခဲစရာ ဖြစ်လေသည်။
သူတောင်မှ ပေါ့ပေါ့တန်တန် သဘောမထားဲချေ။ ဤမျှော်စင်သခင်က မိစ္ဆာမျှော်စင်တွင်း၌ ပုန်းအောင်းနေပြီး လောကကြီးနှင့် အဆက်အသွယ်ဖြတ်ကာ နေနေသည်ဟု သူ ကြားဖူးသည်။ အတောမတတ်နိုင်သော အထီးကျန်မှုများနှင့် ရင်ဆိုင်ရသော်လည်း သူ့စိတ်အခြေအနေက မပြောင်းလဲသည့်အတွက် ကြောက်စရာ ကောင်းလှပေ၏။
“နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ”
ယဲ့ဖန်က ယဲ့မိသားစု ဒုတိယဘိုးဘေးအား လှောင်ပြုံးနှင့်အတူ ကြည့်နေလေသည်။
“ငါ ရောက်လာမှာကို မင်း သိနေတာလား”
ဒုတိယဘိုးဘေး မသိမသာ အံ့ဩသွားသည်။
“ဒါပေါ့၊ ကျုပ် ခင်ဗျား သေမှာကို စောင့်နေတာ”
ယဲ့ဖန် ထပ်မံ၍ တင်စီးစွာ ပြောလိုက်သည်။ အားလုံး ပွက်လောရိုက်လာပြန်၏၊
*ယဲ့ဖန်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ ယှဉ်တိုက်ရုံတင် မကဘဲ ရှုကျိုးက အရမ်း ဆန်းကြယ်တဲ့ မျှော်စင်သခင်နဲ့ပါ တိုက်ခိုက်မှာလား*
*ဒီကောင် တကယ် ရူးနေတာလား*
သူတို့ ထင်မထားမိပေ။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား တစ်ဦးတည်းတင် ယဲ့ဖန်အား တမလွန်အား အရောက် ပို့ပေးနိုင်ပြီ ဖြစ်သည်။ သူ့၌ ဘယ်က သတ္တိများရ၍ မျှော်စင်သခင်ကိုပါ ဆက်စိန်ခေါ်ရသနည်း။
“သူတော်စင်သခင်အဆင့်ဆိုတာ ဘုရင်အဆင့်ကို ခွေးသတ်သလို သတ်နိုင်တဲ့ အဆင့်ပဲ၊ သူ့ဆံပင်တစ်မျှင်က နေ၊ လနဲ့ ကြယ်တာရာကို ဖြတ်တောက်နိုင်တယ်၊ ပြီးတော့ ဒါက ကိုယ်ပွားလည်းမဟုတ်ဘူး၊ မူလကိုယ်အစစ်၊ ဒီကောင် ဘယ်ကဘယ်လို သတ္တိတွေရှိနေတာလဲ”
“မျှော်စင်သခင် ရှိလာတာ နှစ်တွေ ကြာလှပြီ၊ သူလည်း ပြိုင်ဘက်ကင်းတာပဲ၊ သူက ကြောက်စရာကောင်းတဲ့ မိစ္ဆာအိုကြီး၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင် သူ့ကို သတိနဲ့ ပြောဆိုရတာ”
လူတိုင်း ကြောက်ရွံ့စိတ် ဖြစ်လာကြသည်.
*မျှော်စင်သခင်က ယဲ့ဖန်ကို သတ်ဖို့လာတာပါလား၊ ဒီလူက ပြဿနာအိုးပဲ၊ သူ တစ်လောကလုံးရဲ့ ရန်သူ ဖြစ်နေပြီ*
“ဟားဟားဟား … ကောင်းတယ်၊ ယဲ့ဖန် မင်းက ငါ့ယဲ့မိသားစုရဲ့ ကလေးတစ်ယောက် ဖြစ်ထိုက်ပါပေတယ်၊ ဒီလို စိတ်သဘောထားက ငါ့ယဲ့မိသားစုဆီကနေ အမွေရထားတာပဲ၊ မင်းက ခေါင်းမာပြီး ကိုယ့်အမျိုး ကိုယ်ပြန်သတ် တာတော့ စိတ်ပျက်ဖို့ကောင်းတယ်၊ ဒီနေ့ ငါ မျိုးဆက်ကို ရှင်းလင်းပစ်ရမယ်”
“ယဲ့မိသားစုရဲ့ ကလေး ဟုတ်လား၊ ခင်ဗျား ကျုပ်ကို ရွံရှာတာ မဟုတ်ဘူးလား”
ယဲ့ဖန် အေးအေးလူလူ ပြောလိုက်သည်။
“ကျုပ်နဲ့ အမျိုးတော်ချင်ရအောင် ခင်ဗျားက ထိုက်တန်လို့လား”
“ကောင်းပြီလေ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”
ဒုတိယဘိုးဘေးက ဒေါသတကြီး ကြိမ်းဝါးလိုက်ပြီးနောက် သူ့လက်ဝါးပေါ်၌ တာအိုစွမ်းအင်တစ်ခု တောက်ပစွာ ပေါက်ထွက်လာသည်။
သူသည် ကြောက်စရာကောင်းသော အမြင်အာရုံတစ်ခုကို အစပျိုးလာသည်။ သူ့ဘေးပတ်လည်၌ ဆူနာမီလှိုင်း သံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင် ပြိုမတတ် ဖြစ်လာကာ ဖိနှိပ်နိုင်သော စွမ်းအင်တစ်ခု ပျံ့လွင့်လာသဖြင့် လူတိုင်း တုန်ယင်လာကြသည်။ ဤဖိအားက သူတို့ကို ဆောက်တည်ရာမရ ဖြစ်စေသည်။
“နေဦး”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ဝင်တားလိုက်ပြီး အေးတိအေးစက် ပြောလာ၏။
“ဒီမိစ္ဆာကောင်က ထပ်ခါထပ်ခါ လူသတ်ပြီးတော့ ကျုပ်တပည့်ကို ထိခိုက်အောင် လုပ်ခဲ့တယ်၊ သူ့အသက်က ကျုပ်အပိုင်ပဲ”
သူ မျှော်စင်သခင်နှင့် မပူးပေါင်းချင်းမှန်း သိသာလှသည်။ ယဲ့ဘုရင်အား ရင်ဆိုင်ရန် အခြားသူနှင့် ပူးပေါင်းရခြင်းက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေသော အရာပင်။ တစ်ဖက်လူက မျှော်စင်သခင် ဖြစ်နေလျင် တောင်မှ သူ စိန်ခေါ်ဝံ့သည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသော အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားပင် ဖြစ်လေသည်။
“သူက ငါ့မျိုးနွယ်ထဲက လူရာချီပြီးတော့ကို သတ်ပစ်တာ၊ သူ့ခေါင်းကိုမှ မရရင် သေသွားရတဲ့ ငါ့မျိုးနွယ်တွေကို ဘယ်လို မျက်နှာပြရမလဲ”
ဒုတိယဘိုးဘေးကလည်း ပါးကိုက်နားကိုက် ပြန်ပြောလာသည်။ လက်ရှိတွင် သူတို့သည် ယဲ့ဖန်အား ကုန်းပေါ်က ငါးသဖွယ် သတ်မှတ်ထားပြီး ဘယ်သူက ငါး၏ ခေါင်းပိုင်းကိုပိုင်ပြီး မည်သူက ငါး၏ အမြီးပိုင်းကို ပိုင်သလဲ ဆွေးနွေးနေကြသည်။
“ငြင်းနေစရာမလိုဘူး၊ နှစ်ယောက်လုံး တက်လာခဲ့”
ယဲ့ဖန်က သူတို့ ပြောနေသည်ကို စောင့်မနေဘဲ ပြေးတက်လာ၏။ ကိုယ်ပွားက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထံ ပြေးဝင်သွားပြီး မူလကိုယ်က ဒုတိယဘိုးဘေးထံ ပြေးဝင်လေသည်။ စစ်ပွဲတစ်ပွဲ စတင်လာ ပေတော့မည်။