မင်းကို သေခိုင်းရတာပေါ့
Vol. 86-89 Ch. 1298
*နှစ်ယောက်လုံး တက်လာခဲ့ ဟုတ်လား*
လူတိုင်း လှောင်ရယ်လိုက်လေသည်။
*ဒီလောက် မောက်မာတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ မျှော်စင်သခင်နဲ့ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကို တစ်ချိန်တည်း ရန်စရဲရတယ်လို့ သူ့ကိုယ်သူ ပြိုင်စံရှားလို့များ တကယ် မှတ်နေတာလား*
ကျိုးချင်းရုံ မကျေမနပ်ဟန် ပြရုံသာမက အထင်သေးသလို သရော်လေသည်။
“ချီးဦးနှောက်၊ ခဏနေရင် နင် ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့”
ထိုအခိုက်တွင် ကျူးဝမ်ဟောင်သည် တိုက်ရိုက်ထုတ်လွှင့်ခြင်း ပြုလုပ်ရန် ရုန်းကန်နေ၏။ သို့သော် သူ၏ ဆိုးရွားလှသော အခြေအနေအား လူအများကို မမြင်စေလိုချေ။ ထို့နောက် သူသည် ကင်မရာကို ယဲ့ဖန်ဘက် ချိန်လိုက်သည်။
“သေချာကြည့်ထား၊ မင်းတို့ ယဲ့ဘုရင် အသေခံဖို့ ဒီကို ရောက်လာပြီ”
“ဒီတစ်ခေါက်တော့ သူက ငါ့ဆရာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ ရင်ဆိုင်ရရုံတင် မကဘူး မိစ္ဆာမျှော်စင်ရဲ့ မျှော်စင်သခင်နဲ့ပါ ရင်ဆိုင်ရမှာ၊ သူ အသေပဲ”
ယဲ့ဖန်က သူ့ကို ဤသို့ ဖြစ်အောင် ရိုက်ရဲသဖြင့် ယဲ့ဖန်အား သူ ဓားတစ်သောင်းဖြင့် နုတ်နုတ်စင်းချင်ပါသည်။ ယုံကြည်သူများသည် တိုက်ရိုက်ထုတ်လွှင့်ခြင်းမှနေ၍ စိုးရိမ်တုန်လှုပ်စွာဖြင့် မှုန်ဝါးဝါး ပုံရိပ်ကို ကြည့်နေ ကြသည်။
“ယဲ့ဖန် မင်းအတွက် အဆုံးသတ်က သေခြင်းတရားပဲ ရှိတာကို သိတာတောင် ပေါ်လာရဲသေးတာပဲ၊ မင်းသတ္တိကိုတော့ ငါ လေးစားပါတယ်”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက လှောင်ရယ်၍ ထရပ်လိုက်သည်။
“ငါ့ညီကို ထိခိုက်အောင်လုပ်တယ်၊ ငါ့ကိုယုံကြည်တဲ့လူတွေကို သတ်ဖြတ်ဖျက်ဆီးတယ်၊ မင်း သေကို သေသင့်တယ်”
ယဲ့ဖန်၏ မျက်လုံးများက စူးရှနေပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထံ တန်း၍ တိုက်ခိုက်လိုက်သည်။
“တကယ်ကို ယဲ့ဘုရင်ပဲ”
“ဒါ ဘယ်လိုဖြစ်ရတာလဲ”
“စက်ဆုပ်ဖို့ကောင်းတယ်၊ စက်ဆုပ်ဖို့ကောင်းတဲ့လူတွေ”
“အရှင်ယဲ့ဘုရင် ဝေးဝေးပြေးပါတော့”
ထိုယုံကြည်သူများသည် မျက်ရည်လည်ရွဲ ဖြစ်ကာ နှလုံးသားအား ဓားနှင့် အမွှေခံရသကဲ့သို့ နာကျင်နေကြသည်။ သူတို့၏ အရှင် ယဲ့ဘုရင် ရောက်လာလေပြီ။ သူတို့အတွက် လက်စားချေရန် ဝမ်ယွဲ့တောင်ထိပ်သို့ ရောက်လာပြီး အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် ထိပ်တိုင် ရင်ဆိုင်နေ၏။
သို့သော် သူတို့ မြင်ချင်သည်မှာ ဤအရာ မဟုတ်ပေ။ တစ်ဖက်လူများသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် မျှော်စင်သခင် ဖြစ်နေသည် မဟုတ်ပါလော။ ယဲ့ဖန်တစ်ယောက်တည်းနှင့် ရန်သူ နှစ်ယောက်ကို ရင်ဆိုင်နေရသဖြင့် အနိုင်ရရန် မဖြစ်နိုင်ပေ။
ယဲ့ဖန်အား သူတို့အတွက် လက်စားချေပေးစေချင်ပါသော်လည်း သူတို့ ယဲ့ဖန်ကို အလကားသက်သက် အသက် မစတေးစေလိုပါ။ ဤသည်မှာ အနိုင်မရနိုင်သော တိုက်ပွဲ ဖြစ်သည်။ ယုတ်မာလွန်း၏။ ထိုလူများသည် အလွန် ရွံရှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။
“အရူး ငါ့ဆရာကိုများ လက်ချည်းဗလာနဲ့ ထိပ်တိုက်ရင်ဆိုင်နေတယ်၊ ဒါ သေကြောင်းကြံတာပဲ ဟားဟားဟား”
ယဲ့ဖန်က လက်သီးဖြင့် ထိုးနှက်လာသည်ကိုမြင်ပြီး ကျူးဝမ်ဟောင်က ဟာသတစ်ခုကို ကြည့်လိုက်ရသကဲ့သို့ ကျယ်လောင်စွာ ထရယ်လေသည်။
တောင်တစ္ဆေနှင့် အခြားသူများသည်လည်း ပြိုင်တူ ခေါင်းခါလာကြသည်။ ယဲ့ဖန်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသည်။ တစ်ဖက်လူသည် သူတော်စင်သခင်အဆင့် ဖြစ်ပြီး ကိုယ်ပွား ဖြစ်သော်ငြားလည်း မူလကိုယ်၏ ခွန်အား သုံးပုံတစ်ပုံကို အသုံးပြုနိုင်သည်။ ထို့ကြောင့် မဆင်မခြင်လုပ်လျင် သေရုံသာ ရှိပေမည်။
“အရူး ဒီကောင်က အရူးပဲ”
ကျိုးချင်းရုံ မသေရုံတမယ် ရယ်မောနေ၏။
*ဒီလောက် အချိန်ကြာပြီးမှ ယဲ့ဘုရင်က အရူးတစ်ယောက်မှန်း သိတော့တယ်*
အကယ်၍ သူသာ လက်နက်နှင့် တိုက်ခိုက်လျင် တစ်ဒင်္ဂမျှ အသက်ရှင်နိုင်သေးသည်။ သို့သော် သူက လက်ချည်းဗလာဖြင့်သာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့လေသည်။
အင်ပါယာ၏ နံပါတ်တစ်ဟု သတ်မှတ်ခံရသော ပုဂ္ဂိုလ်အား လက်ချည်းသက်သက်ဖြင့် တိုက်ခိုက်ရန် မည်သူက သူ့ကို သတ္တိပေးစွမ်းထားသနည်း။
“တော်တော် ပျင်းစရာကောင်းတာပဲ၊ အစတုန်းက ငါ မင်းကို နည်းနည်းပါးပါး အံ့ဩအောင် လုပ်နိုင်မယ်လို့ ငါ ထင်ထားခဲ့တာ၊ အခုတော့ မင်းက အခြားသူတွေလိုပါပဲလား”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက မတတ်သာသလို သက်ပြင်းချကာ စိတ်ပျက်ဟန်ဖြင့် ကြည့်နေသည်။ ထို့နောက် ဓားတစ်လက်ကို ထုတ်လိုက်လေသည်။ ထိုဓားသည် အစွမ်းထက်၍ ကြမ်းကြုတ်ပြီး အရပ်မျက်နှာအနှံ့ မိုးခြိမ်းသံများ ထွက်ပေါ်လာစေ၏။ မိုးကြိုး နတ်ဘုရား ဒေါသထွက်ကာ ကောင်းကင်ကို စုတ်ဖြဲ၍ ယဲ့ဖန်၏ လက်သီးကို ထိုးစိုက်လာတော့မည့်ပုံ ပေါ်နေ၏။
“မဖြစ်ရဘူး”
“အရှင်ယဲ့ဖန် နောက်ဆုတ်ပါ”
“မလုပ်နဲ့”
တိုက်ရိုက်ထုတ်လွှင့်ခြင်းဖိုရမ်၌ ယုံကြည်သူတစ်စုသည် အော်ဟစ်ကာ ငိုကြွေးနေကြသည်။ အချို့ဆိုလျင် ယဲ့ဖန်ကို ဓားက ဖြတ်တောက်တော့မည်ဟု ထင်မှတ်ပြီး ဆက်မကြည့်ရက်တော့သဖြင့် မျက်လုံးမှိတ် ထားလေသည်။
“အရင်ဆုံး မင်းရဲ့ ကိုယ်ပွားကို ဖြတ်တောက်မယ်၊ ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ဖျက်ဆီးမှာဆိုတော့ မင်း သေလို့ရပြီ”
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက အလွန် ဂုဏ်ယူစွာဖြင့် အေးအေးလူလူ ပြောလိုက်သည်။
“ဒါဆိုလည်း သေလိုက်တော့ပေါ့”
ယဲ့ဖန် ဒေါသထွက်သွားပြီး သူ့လက်သီးက ပို၍ အားပါလာ၏။ သူသည် ဓားစွမ်းအင်ကို လျစ်လျူရှုကာ အားဖြင့် ထိုးနှက်လေသည်။
“ဝုန်း”
ကျယ်လောင်သော အသံနှင့်အတူ တောတောင်များ ပြိုလဲ၍ မြစ်ချောင်းများ ပျက်စီးလာသလို ဖြစ်လာသည်။
“ဟားဟားဟား ယဲ့ဖန် သေပြီ၊ ယဲ့ဖန် သေပြီ၊ ယဲ့ဖန် ဘယ်လိုတောင် သေသွားတာလဲ”
ကျူးဝမ်ဟောင်က ဟားတိုက်ရယ်မောကာ လှောင်နေသော်လည်း မယုံနိုင်စရာကောင်းသော မြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရသဖြင့် အရယ်ရပ်သွားလေသည်။
ထိုအခိုက်တွင် လူတိုင်းသည် သူတို့အရှေ့မှ လူအား မယုံနိုင်သော အမူအရာဖြင့် ကြည့်နေမိသည်။ လူတိုင်း၏ စိတ်ထဲ၌ “ဒီလူက လူလား၊ သရဲလား” ဟူသော အတွေးကိုသာ တစ်ထပ်တည်း တွေးနေလေသည်။
သူတို့၏ မျက်စိရှေ့တွင် ယဲ့ဖန်သည် ဓားသွားအား လက်သီးဖြင့် ထိုးထားသဖြင့် သွေးများ စိမ့်ထွက်နေပြီး အရိုးကိုပင် မသိမသာ မြင်နေရသည်။ ယင်းသည် ဤဓားက မည်မျှ လွှမ်းမိုးနိုင်ကြောင်း မြင်နိုင်ပေသည်။ သို့သော် အရေးကြီးသော အချက် မဟုတ်ပေ။
တကယ် အရေးကြီးသည်မှာ ဤသို့ လွှမ်းမိုးနိုင်သောဓားကပင် ယဲ့ဖန်အား မသတ်နိုင်သလို ယဲ့ဖန်၏ လက်သီးကိုပင် ပျက်စီးသွားအောင် မလုပ်နိုင်ဘဲ ဒဏ်ရာရရုံမျှသာ လုပ်နိုင်ခြင်းပင်။
*ယုံနိုင်စရာတောင် မရှိဘူး*
*ဒါက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားလေ၊ သူက အင်ပါယာထဲမှာ တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာ အတော်ဆုံးလို့ ကျော်ကြားတာလေ၊ သူ့လူသတ်နည်းလမ်းတွေက အင်ပါယာထဲမှာ သူမတူဘူးလေ*
*ဒါပေမဲ့ ယဲ့ဖန်က လက်သီးလေး တစ်လုံးထဲနဲ့ တားဆီးပစ်လိုက်တယ်*
*ဘုရင်အဆင့်နဲ့ သူတော်စင်သခင်အဆင့်ရဲ့ တိုက်ကွက်ကို ပိတ်ပင်လိုက်တာပဲ*
*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*
*ငါတို့အရှေ့ကလူက ဘုရင်အဆင့် မဖြစ်နိုင်ဘူး*
ထိုအခါတွင်မှ ယဲ့ဖန်ကို အမြဲတမ်း အထင်သေးခဲ့မိကြောင်း လူတိုင်း သတိပြုမိသွားကြသည်။
*ဒီလူလည်း သူတော်စင်သခင်အဆင့်ပဲ*
သို့သော် ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသဖြင့် လူတိုင်း၏ စိတ်ဓာတ်များ အဆုံးအထိ ကျဆင်းသွားသည်။
“ဂျွတ်”
သေးငယ်သော အသံတစ်သံက သဲ့သဲ့ ထွက်ပေါ်လာသော်လည်း ပင်လယ်ထဲသို့ ကျောက်တုံး တစ်တုံး ပြုတ်ကျ သွားသကဲ့သို့ ကျယ်လောင်သွားလေသည်။
လူတိုင်း ထိတ်လန့်မှင်တက်ကာ ရင်တုန်သွားပြီး မျက်နှာတွင် မယုံနိုင်ဟန်များ ဖြစ်ပေါ်လာကြသည်။ သူတို့အရှေ့မှ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် ကိုယ်ပွားဖြစ်သော်လည်း သူ့လက်ထဲမှ ဓားက အစစ် ဖြစ်သည်။
ယဲ့ဖန်က ကောင်းကင်အဆင့် ဓားအား သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့် ဖျက်ဆီးခဲ့သည်။ မဟုတ်သေး သူ၏ ကိုယ်ပွားခန္ဓာကိုယ်နှင့် ဖျက်ဆီးခဲ့သည်ဟု ပြောမှ ပိုမှန်ပေမည်။
ထို့အပြင် ဤဓားသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့်အတူ ပြည်နယ် ဆယ့်ကိုးခုကို ဖြတ်ကျော် သွားလာခဲ့သည့် ဓား ဖြစ်ပေသည်။ ယင်းဓားဖြင့် ရန်သူပေါင်း မည်မျှကို သတ်ဖြတ်ခဲ့လဲ မသိနိုင်သလို နတ်လက်နက်များနှင့် ထက်ရှသော လက်နက်များစွာတို့ကို ဘယ်လောက်များများ ဖျက်ဆီးခဲ့ပြီးသလဲ မသိနိုင်ပါ။
သို့သော် တစ်ခါမှ မပျက်စီးခဲ့ဖူးသော ထိုဓားက ယခု လူတစ်ယောက်၏ လက်သီးကြောင့် ပျက်စီးသွားသည် တဲ့လား။ သူတို့သာ မျက်လုံးနှင့် တပ်အပ် မမြင်ခဲ့ရလျင် ယုံနိုင်မည် မဟုတ်ပါ။
“မင်း”
ထိုအခိုက်တွင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင်မှ ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လာ၏။ လက်ရှိတွင် သူ ကြောက်လန့်စိတ်ကို ခံစားမိနေသည်။ သူ၏ ကောင်းကင်အဆင့် နတ်ဓားအား လက်သီးဖြင့် ဖျက်ဆီးပစ် လိုက်သည်တဲ့လား၊ သူတောင်မှ ထိုသို့ မလုပ်နိုင်ပါ။ ထို့အပြင် ထိုသို့လုပ်လိုက်သည်ကလည်း ယဲ့ဖန်၏ ကိုယ်ပွား ခန္ဓာကိုယ်သာ ဖြစ်နေ၏။
*သူ့ခန္ဓာကိုယ်က နတ်သံမဏိနဲ့ လုပ်ထားလို့လား၊ ဘာလို့ ဒီလောက် မာကြောသန်မာပြီး ဖျက်ဆီးလို့မရတာလဲ*
“မင်းကို သတ်ဖို့ ကိုယ်ပွားနဲ့တင် လုံလောက်တယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ဖန်က စိတ္တဇဆန်သော အမူအရာနှင့် ရယ်ကာ ပြောလိုက်သည်။ ထိုစကားက ကျူးဝမ်ဟောင်အား ခေါင်းမွေးထောင်သွားစေသည်။ နတ်ဆိုးနဂါး ဖုရှန် ပြောခဲ့ဖူးသော စကားကို သူ ပြန်မှတ်မိသွားသောကြောင့်ပင်။
“ဒဏ်ရာ အပြင်းအထန် ရနေတဲ့ ငါ့ခန္ဓာကိုယ်နဲ့တင် မင်းကို သတ်ဖို့ လုံလောက်တယ်”
*တကယ်ပဲကိုး*
*ဒီကောင်တွေရဲ့ မောက်မာပုံနဲ့ ခွန်အားက ချိတ်ဆက်ထားသလိုပဲ*
*တစ်ယောက်က နောက်တစ်ယောက်ထက် ပိုသန်မာပြီး ပိုကြောက်ဖို့ကောင်းတယ်*
ထိုအခိုက်တွင် သူ့စိတ်ထဲ၌ အလွန်တစ်ရာ ကြောက်ဖို့ကောင်းသော အတွေးတစ်ခုကို တွေးလိုက်မိသည်။ ထိုအတွေးမှာ ဤမိစ္ဆာကောင်က သူ့ဆရာ၏ ကိုယ်ပွားခန္ဓာကိုယ်ကို တကယ် သတ်နိုင်မည်လောဟူသော အတွေးပင်။
“တားလိုက်တယ်”
“ယဲ့ဘုရင်က သိပ်သန်မာတာပဲ”
တိုက်ရိုက်ထုတ်လွှင့်ခြင်းအား ကြည့်နေသော ယုံကြည်သူများသည် မျက်လုံးပြူးကာ ထိတ်လန့်တကြား ကြည့်နေ ကြသည်။
တစ်ဖက်တွင်မူ မလှမ်းမကမ်းရှိ ကောင်းကင်ယံ၌ ယဲ့ဖန်နှင့် ဒုတိယဘိုးဘေးတို့ ကမ္ဘာတုန်မတတ်သော တိုက်ပွဲကို ဆင်နွှဲနေကြသဖြင့် ကောင်းကင်ယံ၌ လေဟာနယ် ပျက်စီးကာ တွင်းနက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။
“မြတ်စွာဘုရား ဒါ ဘယ်လိုနည်းလမ်းကြီးလဲ၊ လေဟာနယ်တောင်မှ ပျက်စီးရတယ်၊ မယုံနိုင်စရာပဲ”
“ဒီကောင်က သူတော်စင်သခင်အဆင့်နှင့် ယှဉ်ချနိုင်တယ်ဆိုတော့ သူလည်း သူတော်စင်သခင်အဆင့်ပဲ”
အောက်ဘက်ရှိလူအုပ်ထဲမှ အလန့်တကြား အော်သံ ထွက်ပေါ်လာလေသည်။
“မင်းက တကယ်ပဲ သူတော်စင်သခင်အဆင့်ကိုး”
တစ်ချိန်တည်းမှာပင် ဒုတိယဘိုးဘေးသည် ထိတ်လန့်၍ မယုံနိုင်စွာ ကြည့်လာ၏။
“ကျုပ်က ဘယ်သူ့သားလဲဆိုတာ ခင်ဗျား မေ့နေလား”
ယဲ့ဖန်က ကြမ်းကြုတ်စွာပြုံး၍ ဒုတိယဘိုးဘေးကို ခက်ထန်သော အကြည့်ဖြင့် စိုက်ကြည့်လေသည်။ သူ့စကားကိုကြားသော် ဒုတိယဘိုးဘေးက ထူးဆန်းသော အပြုံးမျိုး ပြုံးလာသည်။
“အိုးရန်ချင်ရွှယ်က တော်ပင်မယ့် ငါ့ယဲ့မိသားစု လက်ထဲမှာ ပျက်စီးရတာပဲ၊ အဲ့ခွေးမ ငါတို့ယဲ့မိသားစု လက်ထဲမှာ ဘယ်လောက် ခံစားခဲ့ရသလဲ မင်း သိလား”
“ငါတို့ အဲ့ညက ဘာလုပ်ခဲ့သလဲ မင်းကို ပြောပြရတာပေါ့၊ ငါတို့ အဲ့မိန်းမကို နှိပ်စက်ဖို့ စစ်သားတစ်ယောက်တောင် သုံးစရာ မလိုခဲ့ဘူး၊ သူ ရူးသွပ်သွားပြီး ထူးထူးဆန်းဆန်း ပျောက်သွားတာပဲ”
“အခု သူ လောကရဲ့ တစ်နေရာမှာ နှိပ်စက်ခံနေရဦးမှာ သေချာတယ်၊ သူချစ်ရတဲ့သားကို ဆုံးရှုံးရတဲ့ နောင်တကို ပိုက်ပီး ထာဝရ အသက်ရှင်နေမှာပေါ့၊ အဲ့ဒါက သေတာထက် ဆိုးတဲ့ဘဝပဲလေ ဟားဟားဟား”
“မင်းတို့ယဲ့မိသားစု သူ ခံစားရတာထက် အဆတစ်ရာ ပြန်ပေးဆပ်ရမယ်”
ယဲ့ဖန်၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူ့မိခင် နှိပ်စက်ခံရသည်ဟူသော စကားကို ကြားသောအခါ သူ့မျက်လုံး၌ ခက်ထန်မှုများနှင့် ပြည့်နှက်လာလေသည်။
သူ၏ မုန်းတီးစိတ်ကို ထိန်းမရတော့ချေ။ ဤလူများကို သူ သတ်ကို သတ်ရမှ ဖြစ်ပေတော့မည်။
“မင်းသဘောပဲ”
ဒုတိယဘိုးဘေးက အထင်သေးစွာပြုံး၍ ဆက်ပြောသည်။
“မင်း ဘာမှမလုပ်နိုင်ဘူး၊ အစကတည်းက မင်း ဘာမှမလုပ်နိုင်သလို အခုလည်း အတူတူပဲ၊ ငါ မင်းကို ပြောဖို့ မေ့နေတာ၊ ငါ့တပည့် ဝူချီဖုန်းက လူစုပြီး ချုံးဝူ လက်ဝှေ့ခန်းမကို သွားနေပြီ၊ ငါ့အမိန့်က ရှိသမျှ ယောကျ်ားတိုင်းကို သတ်ပစ်ဖို့ပဲ”
“မင်းရဲ့ မိန်းမတွေအတွက်ကတော့ … ဟီးဟီး မင်း တော်တော် အမြင်ကောင်းတာပဲ၊ တစ်ယောက်ချင်းစီက တော်တော်ကို လှတာ၊ ငါ မင်းကို သတ်ပြီးတာနဲ့ သူတို့တစ်ယောက်ချင်းစီကို ကောင်းကောင်းကြီး ခံစားဦးမယ်”
ဒုတိယဘိုးဘေးက ညစ်ကျယ်ကျယ် ပြောလိုက်သည်။ သူ၏ မိစ္ဆာကျင့်စဉ်သည် အမျိုးသမီးများအား အသုံးချရခြင်း ဖြစ်သည်။ ယဲ့ဖန်၏ မိန်းမများက သူ့ကို အလွန်တရာမှကို ဆွဲဆောင်နေသည်။
“ဒါဆိုလည်း ငါ မင်းကို အနာကျင်ဆုံးနည်းနဲ့ မြန်မြန်သေအောင် လုပ်ပေးရတာပေါ့”
ယဲ့ဖန်က ရုတ်တရက် ရှေ့တိုးလာသည်။ တစ်ပြိုင်တည်းမှာပင် လေပြင်းကျကာ မိုးခြိမ်းလာ၏။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါကလည်း တစ်ဟုန်ထိုး မြင့်တက်လာသည်။ သူ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း တာအို သဘောတရားက ပြင်းထန်စွာ တုန်ယင်သွားလေသည်။
ကြောက်စရာကောင်းသော ငရဲမှ နတ်ဆိုးတစ်ကောင် တစ်လှမ်းချင်း ထွက်လာပြီး သွေးဆာရက်စက်မှု အပြည့်ဖြင့် သက်ရှိတိုင်းကို သတ်ပစ်တော့မည်ဟု ထင်မှတ်မှားရသည်။
လူတိုင်း ယဲ့ဖန်ကို ကြည့်ပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်သွားကြသည်။ ထိုအခိုက်တွင် လောက၌ နတ်ဆိုး တကယ် ရှိသည်ဟု ယုံကြည်မိသွားလေသည်။
*ငါ့ကို သေခိုင်းမယ် ဟုတ်လား*
ဒုတိယဘိုးဘေးသည် ယဲ့ဖန်၏ စကားကိုကြားပြီး ဒေါသပေါက်ကွဲကာ မျက်နှာ ပြာနှမ်းလာ၏။ မည်သူမှ သူ့ကို ဤသို့ မပြောရဲတော့သဖြင့် ထိုသို့ အပြောခံရသည့် ခံစားချက်ကို မေ့လျော့နေခဲ့သည်.
သူသည် မျှော်စင်သခင်ဖြစ်သည်။ မိစ္ဆာမျှော်စင်ထဲမှ မိစ္ဆာများအားလုံး အရှုံးပေးရသည့် ကြောက်စရာ ကောင်းသော ပုဂ္ဂိုလ် ဖြစ်ပေသည်။ ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေလျင်တောင်မှ သူ့ကို ရန်မစသင့်ပါ။
*သေချင်နေတာပဲ*
*တကယ့်ကို သေချင်နေတာပဲ*
*ကြည့်ရတာ ငါ မင်းကို အေးအေးလူလူ ပေးသေခွင့် ပေးလို့မရတော့ဘူးနဲ့ တူတယ်*
သူ စဉ်းလဲစွာ ပြုံးလိုက်ပြီး ဖျတ်ခနဲ ပြေးတက်ကာ လက်ကိုဖြန့်၍ နတ်ဘုရားစွမ်းအင်များကို လက်ဝါးသို့ ပို့လွှတ်ကာ ယဲ့ဖန်အား ဒေါသတကြီး ထိုးနှက်လိုက်သည်။
“နတ်ဆိုးလက်ဝါး”
သူ၏ ရည်ရွယ်ချက်မှာ ယဲ့ဖန်ကို ချက်ချင်း ရှင်းလင်းရန် ဖြစ်လေသည်။
“ဂျွတ် ဂျွတ် ဂျွတ်”
ထိုအရှိန်အဝါကို တောင့်မခံနိုင်သကဲ့သို့ အက်ကွဲလာသည်။ ဝမ်ယွဲ့တောင်ထိပ်တစ်ခုလုံးတောင်မှ တုန်ခါလာ၏။ ထိုစဉ် ကောင်းကင်ထက်မှ ဧရာမ လက်ဝါးပြာကြီးတစ်ခု ကျဆင်းလာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ၎င်း၌ ကောင်းကင်နှင့် မြေကမ္ဘာကို ဖျက်ဆီးနိုင်သည့် စွမ်းအင်များ ပါဝင်နေပြီး အရာအားလုံးကို ဖိနှိပ်နိုင်သည်ဟု ထင်မှတ်ရလေသည်။