← Chapters

မသေချင်ဘူး

Vol. 86-89 Ch. 1299

မသေချင်ဘူး

Vol. 86-89 Ch. 1299

ဤမြင်ကွင်းကိုကြည့်ပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရိမ်မှလူတိုင်း ကြောက်လန့်ကာ ‌အော်ဟစ်နေကြသည်။ ဘုရင် အဆင့်များ ဖြစ်ကြသည့် တောင်တစ္ဆေနှင့် အခြားသူများပင် မျက်နှာထား လေးနက်လာ၏။

ဤတိုက်ကွက်က သာမန်လူများကို အသာလေး သတ်ပစ်နိုင်ကြောင်း သူတို့ ခံစားမိသလို အလွန်အမင်း ကြောက်လန့်ဖွယ် ကောင်းပေသည်။

လက်ရှိတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်မှ လူတိုင်းသည် စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ဒုတိယဘိုးဘေး၏ လက်ဝါးချက်ကြောင့် သူတို့ပါ ရိုက်နှက်ခံရမည်ကို စိုးရိမ်နေသလိုပင်။

တစ်ယောက်နှင့် နှစ်ယောက် ယှဉ်ရမည် ဖြစ်သောကြောင့် ယဲ့ဖန် နိုင်လိမ့်မည်ဟု သူ မယုံနိုင်ပါ။ သို့သော် ယဲ့ဖန်က တုတ်တုတ်မှမလှုပ်ချေ။ သူ့ခေါင်းပေါ် ကျလာမည့် ဧရာမ လက်ဝါးပြာကိုသာ သုန်မှုန်သော မျက်နှာထားဖြင့် မော့ကြည့်နေ၏။

“ဘာ ... ဒီကောင် ရှောင်တောင် မရှောင်ဘူးလား”

အလန့်တကြား အော်ဟစ်နေသံများ ထွက်ပေါ်နေ၏။ ယဲ့ဖန်က တကယ်ပင် နေရာ၌ ရပ်မြဲရပ်နေသည်။ သူ ဘာကိုများ တွေးတောနေသနည်း။

“သိပြီ သူက သေရတော့မယ်ဆိုတာ သိလို့ ခေါင်းမာမာနဲ့ သေမယ့်အစား သေခြင်းတရားကို လက်ခံလိုက်တာ ပိုကောင်းမယ်လို့ တွေးနေတာ ဖြစ်မယ်”

ကျိုးချင်းရုံက ဟက်ဟက်ပက်ပက် ရယ်မောနေပြီး စိတ်လှုပ်ရှားမှုကြောင့် ဆွေ့ဆွေ့ခုန်မတတ် ဖြစ်နေ၏။ သူမ အလွန် ပျော်ရွှင်နေ၏။

*ဒီသေနာကောင်တော့ အချိန်မရွေး သေတော့မှာပဲ*

ထိုစဉ် ယဲ့ဖန်က လက်ကို မြှောက်လိုက်ပြီး ကောင်းကင်မှ ကျလာသည့် ထိုလက်ဝါးချက်ကို ခုခံမည့်ပုံဟန် ပေါ်နေသည်။

*မကောင်းတော့ဘူး*

တိုက်ရိုက်ထုတ်လွှင့်ခြင်းမှ ကြည့်နေသည့် ယုံကြည်သူများ ရုတ်တရက် မျက်နှာဖြူရော်ကာ စိတ်လေးလာ ကြသည်။

ယဲ့ဖန်က မျှော်စင်သခင်၏ အပြင်းထန်ဆုံး သိုင်းကွက်ကို လက်ဖြင့် အသာအယာ ခုခံရန် ပြင်လိမ့်မည်ဟု သူတို့ ထင်မထားကြပါ။

မျှော်စင်သခင်၏ နတ်ဆိုးလက်ဝါးအကြောင်းကို သူတို့အားလုံး ကြားဖူးသည်။ သူ၏ လက်ဝါးချက်အောက်၌ မိစ္ဆာများစွာ သေကြေခဲ့ပြီး လောကထဲမှာ မိစ္ဆာများအားလုံးကို ကြောက်လန့်စေခဲ့သည်။ ယဲ့ဖန်က ဤလက်ဝါးချက် အကြောင်း မသိဘဲ ခုခံရန် ကြံစည်နေခြင်းက အလွန် သွေးကြီးလွန်းသည်။

“အရူး မင်းမှာ တော်‌တော်ကောင်းတဲ့ ဦးနှောက် ရှိတာပဲ၊ လူအိုကြီးက နည်းနည်းလေး လှည့်စားလိုက်တာနဲ့ အရူးလုပ် ခံနေရပြီ”

ဒုတိယဘိုးဘေးက ဂုဏ်ယူစွာ ရယ်မောလိုက်သည်။ ယဲ့ဖန်အား သူ့ကို တိုက်ခိုက်လာစေရန် လှည့်စားလိုက် သည်နှင့် သူ့ခွင်ထဲသို့ ဝင်လာလေပြီ။

ယဲ့ဖန် ရှောင်တိမ်းမည်ကို သူ စိုးရိမ်ခဲ့ရသည်။ ထိုသို့လုပ်ခဲ့ပါက သူ့အချိန်ကုန်ရုံသာ ဖြစ်လာလိမ့်မည်။ မထင်မှတ်ဘဲ ယဲ့ဖန်က အလွန် တုံးအကာ ထိပ်တိုက် ရင်ဆိုင်ခုခံရန် ပြင်ဆင်လာ၏။

သူ၏ နတ်ဆိုးလက်ဝါးသည် တစ်ခါမှ လွဲချော်ခဲ့ခြင်း မရှိသလို ယခုတစ်ခါလည်း လွဲချော်မည် မဟုတ်ပါ။

“ဝုန်း ဝုန်း”

ကြောက်စရာကောင်းသော အသံများက ပဲ့တင်ထပ်ကာ ထွက်ပေါ်နေသည်။ ဧရာမ အပြာရောင် လက်ဝါးက အောက်သို့ အရှိန်ဖြင့် ကျဆင်းလာပြီး ဝမ်ယွဲ့တောင်ထိပ်တစ်ခုလုံးကို အုပ်မိုးလုနီးပါး ဖြစ်လာသည်။ တောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး အချိန်မရွေး ပြိုကျလာနိုင်ချေ ပြလာ၏။

“သေလိုက်တော့”

လူတစ်စုက စိုးရိမ်သော မျက်လုံးများဖြင့် ဧရာမ လက်ဝါးကို ကြည့်နေကြသည်။ ထိုစဉ် အင်တာနက်ပေါ်မှ ကြည့်နေသည့် လူများသည်လည်း တိတ်ဆိတ်နေ၏။ ထိုအခိုက်တွင် အသက်ရှူသံကိုပင် ကောင်းကောင်း ကြားနေရသည်။

မျှော်စင်သခင်သည် မိစ္ဆာများကို ဖိနှိပ်သည့်လူဖြစ်ပြီး ယဲ့ဖန်က အင်ပါယာ၏ အရက်စက်ဆုံး နတ်ဆိုး ဖြစ်လေသည်။ မျှော်စင်သခင် လုံးဝ အနိုင်ယူနိုင်မည်လား ဆိုသည်ကို သူတို့ မျှော်လင့်စောင့်စားနေကြသည်။

“ဒီလိုသေရတာ ပျင်းစရာကြီးကွာ၊ ယဲ့ဘုရင်ဆိုတဲ့‌ကောင်က ဒီ့ထက်မပိုတဲ့ပုံပဲ”

“ပြီးသွားပြီ၊ အဲ့မျိုးမစစ်ကောင် သေသွားပြီ၊ ဘာမှကြည့်စရာ မလိုတော့ဘူး”

ဒုတိယဘိုးဘေးက အထင်သေးသလို ကြည့်လိုက်ပြီး နောက်လှည့်ကာ ထွက်သွားရန် ပြင်လေသည်။

“ငါ မင်းကို သွားခွင့်ပေးလား”

ရုတ်ချည်းဆိုသလိုပင် တစ်လောကလုံး၏ မကျေနပ်ချက်ကို စုပြုံရရှိထားသည်ဟု ထင်မှတ်ရ‌သော အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအခါ လှည့်ထွက်သွားရန် ပြင်နေသည့် ဒုတိယဘိုးဘေး ချက်ချင်း တန့်ခနဲ ဖြစ်သွားပြီး အံ့ဩနေသော မျက်လုံးများဖြင့် အောက်သို့ ငုံ့ကြည့်လေသည်။

ထိုအခါ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက လူတိုင်း၏ ရှေ့မှောက်သို့ ပေါ်ထွက်လာတော့သည်။ ဧရာမ လက်ဝါးချက်သည် ယဲ့ဖန်၏ စုတ်ဖြဲခြင်း ခံလိုက်ရပြီး ပျက်စီးကိန်းတစ်ခု ဖြစ်ပေါ်လာတော့မယောင် ခံစားလိုက် ရသည်။

သူ့မျက်နှာက လေးနက်နေပြီး ခန္ဓာကိုယ်မှ အနက်ရောင် နတ်ဆိုးမီးတောက်များ တောက်နေကာ အသက်ရှူ လိုက်တိုင်း ရေခဲငွေ့များ ထွက်နေသဖြင့် နတ်ဆိုးဘုရင်တစ်ပါး အသက်ရှူနေသည်ဟု ထင်မှတ်ရကာ တစ်လောကလုံး အေးခဲသွားသည်ဟု ထင်မှတ်မှားရလေသည်။

လူတိုင်း ကြက်သီးထသွားကြသည်။ ဤမြင်ကွင်းက အလွန် နတ်ဆိုးဆန်လွန်းသဖြင့် သူတို့ တစ်ဒင်္ဂမျှ လက်မခံနိုင် ဖြစ်သွားသည်။

ယဲ့ဖန်သည် သူ၏ နတ်ဆိုးလက်ဝါးကို ဟန့်တားလိုက်ရုံသာမက နတ်ဆိုးဆန်သော အသွင်အပြင်ကိုပါ ထုတ်ဖော် နေ၏။

*နတ်ဆိုးလက်ဝါးနဲ့တောင် ဒီနတ်ဆိုးကို မထိန်းနိုင်ဘူးလား*

ဒုတိယဘိုးဘေး သူ့မျက်နှာ ပူလောင်လာသလို ခံစားလိုက်ရသည်။ အစက ယဲ့ဖန် သေချာပေါက် သေမည်ဟု သူ တွေးထားခဲ့သဖြင့် လေကြီးလေကျယ် ပြောခဲ့သည်။ ယခု ထိုသူက သူ့မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ အရှက်ခွဲ သွားလေသည်။

ယဲ့ဖန်က အလွန် အေးစက်မာကြောသော အမူအရာနှင့် သူ့ကို မော့ကြည့်လေသည်။

“မိစ္ဆာမျှော်စင်ရဲ့ မျှော်စင်သခင်က ဒီလောက်ပဲလား”

ဒုတိယဘိုးဘေးသည် မိစ္ဆာမျှော်စင်၏ အရှင်သခင် ဖြစ်သော်လည်း ယဲ့ဖန်သည် နတ်ဆိုးဧကရာဇ် ဖြစ်သည်။ ဒုတိယ ဘိုးဘေးက မိစ္ဆာနတ်ဆိုးများကို ဖိနှိပ်နိုင်သော်လည်း နတ်ဆိုးဧကရာဇ်ကိုမူ ဖိနှိပ်နိုင်မည် မဟုတ်ပါ။ အကြောင်းမျာ သူ၏ နတ်ဆိုးအားလုံး၏ အရင်းအမြစ် ဖြစ်ကာ နတ်ဆိုးအားလုံး၏ ခေါင်းဆောင် ဖြစ်သောကြောင့်ပင်။

“မင်း”

ဒုတိယဘိုးဘေး ချက်ချင်း ဒေါကန်လာ၏။ မည်သူမှ သူ့ကို ဤသို့ မစော်ကားရဲခဲ့ပေ။ ထို့နောက် သူ့မျက်နှာတွင် မကျေနပ်ဟန်များ ပေါ်ထွက်လာပြီး အမုန်းတရားက ပိုမို ပီပြင်လာ၏။

“ငါ မင်းကို တစ်ခါနဲ့ မသတ်နိုင်ရင် ဆယ်ခါ၊ အခါတစ်ရာ၊ အခါတစ်ထောင်မက သတ်မယ်ကွာ”

“ရွှစ်”

ထိုစကားအဆုံး၌ ဒုတိယဘိုးဘေးထံသို့ လေပြင်းတစ်ချက် တိုက်ခိုက်လာသည်။ ဒုတိယဘိုးဘေး ချက်ချင်း ကြက်သေ သေသွားလေသည်။

လူတိုင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ မျက်လုံးတွင်း၌ သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားသည်။ ဒုတိယဘိုးဘေး၏ လက်မောင်းတစ်ဖက် ပြတ်ထွက်ကာ သွေးများ ပန်းထွက်လာသည်ကို လူတိုင်း တွေ့လိုက်ရလေသည်။

*တစ်ချက်တည်း*

*ယဲ့ဖန်က တစ်ချက်တည်းနဲ့ ဒုတိယဘိုးဘေးရဲ့ လက်တစ်ဖက် ပြတ်အောင် လုပ်နိုင်တာပဲ*

*သူတော်စင်သခင်အဆင့်ရဲ့ လက်မောင်းကိုလေ*

ယဲ့ဖန်သည် မလှမ်းမကမ်း၌ ရပ်နေပြီး တဖြည်းဖြည်း လှည့်ကြည့်လာ၏။ သူ့မျက်လုံးတွင် အထင်သေးရိပ်များ ပေါ်နေပြီး အမူအရာက ဂရုမစိုက်သည့်ပုံပင်။ ဤလျှပ်တပြက် လှုပ်ရှားမှုနှင့် အမူအရာက နတ်ဆိုးဧကရာဇ်၏ တည်ငြိမ်၍ လွှမ်းမိုးနိုင်သော ဩဇာကို ပြသနေသည်။

သက်ရှိများအားလုံးကို ဖျက်ဆီးနိုင်ပြီး လောက၌ သူသာလျင် ပြိုင်ဘက်ကင်းနေသလိုပင်။ ဤသို့သော တင်စီးဟန်၊ ဤသို့သော အမူအရာက ထောင်သောင်းချီသော တိုက်ပွဲများကို မဖြတ်ကျော်ဘဲ အလောင်းများ တောင်လိုပုံ၍ သွေးချောင်းစီးအောင် မလုပ်နိုင်ဘဲနှင့် ဖြစ်ပေါ်လာအောင် လုပ်နိုင်သည့် ဟန်ပန် အမူအရာ မဟုတ်ချေ။

“မင်း လုပ်နိုင်မယ်ထင်ရင် စမ်းကြည့်လိုက်လေ”

အေးစက်သော စကားလုံးနှင့် ယဲ့ဖန်၏ နတ်ဆိုးဆန်သော သဘာဝက ရုတ်တရက် မုန်တိုင်းထန်တော့မတတ် ပြင်းထန်လာ၏။

“မင်း သေသင့်တယ်ကွာ”

ဒုတိယဘိုးဘေး ဒေါသဖုံးကာ ကောင်းကင် တုန်လှုပ်စေလောက်မည့် အော်သံမျိုးနှင့် အော်ဟစ်လာပြီး တောင်တန်းများ လှုပ်ခါလာသည်။

ထိုစဉ် ကြည့်နေသည့်လူတိုင်း ထိတ်လန့်တုန်လှုပ်ရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ဆယ်မိုင်ကျော်အတွင်းမှ တောင်များ ကောင်းကင်ပေါ်သို့ တစ်လုံးပြီးတစ်လုံး ကြွတက်လာသည်။

ဒုတိယဘိုးဘေး၏ ဆွဲငင်အားအောက်၌ တောင်ဆယ်လုံးကျော်က ကောင်းကင်ထက်သို့ ပြိုင်တူ မြောက်တက် လာလေသည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော နည်းလမ်းပင်။

လူတိုင်း ထိတ်လန့်ချောက်ချားသွားသည်။ သူတော်စင်သခင်အဆင့်၌ သာမန်အဆင့်အတန်းဖြင့် မတိုင်းတာ နိုင်သော ကောင်းကင်ကို ဖျက်ဆီး၍ ပထဝီမြေကြီးကို ဖျက်ဆီးနိုင်သည့် ခွန်အားမျိုး ရှိသည်ဟူသော စကားက မှန်နေလေသည်။

“ယဲ့ဖန် ဒီနေ့က မင်းသေရမယ့်နေ့ပဲကွ”

ဒုတိယဘိုးဘေးက ကြုံးဝါး၍ လက်ကိုမြှောက်ကာ လက်သီးသဏ္ဌာန် ပြုလုပ်လိုက်သည်။ ထိုအခါ တောင်တစ်လုံးက ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ပစ်ဝင်သွားသည်။

“ဝုန်း ဝုန်း”

လေတိုးသံများ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန် တောင်နှင့် ပစ်တိုက်ခံရသောကြောင့် ဆယ်မီတာကျော်မျှ လွင့်ထွက် သွားလေသည်။

သို့သော် သူသည် ဟန်ချက်ထိန်း၍ ရှေ့သို့ ပြန်ပြေးတက်ကာ ချက်ချင်း လက်သီးဖြင့် ပြန်ထိုးနှက်လိုက်သည်။ ထိုအခါ ကြီးမားသော တောင်ကြီးသည် ယဲ့ဖန်၏ လက်သီးချက်ကြောင့် အက်ကွဲ ပျက်စီးသွားလေသည်။

လက်ရှိတွင် သူသည် ပြိုင်စံရှား‌သော နတ်ဘုရားတစ်ပါးလိုပင်။ သို့သော် ဒုတိယဘိုးဘေးက အပြုံးကြီး ပြုံးနေ၏။

“မင်း ဘယ်လောက်ခံမလဲ ငါ ကြည့်ရသေးတာပေါ့”

ထို့နောက်တွင်မူ ဒုတိယတစ်လုံး၊ တတိယတစ်လုံး၊ တောင်များအားလုံး ယဲ့ဖန်ထံသို့ ဆက်တိုက် ဝင်ရောက် လာသည်။ ဒုတိယဘိုးဘေး၏ ရည်ရွယ်ချက်မှာ သိသာပေသည်။ ယဲ့ဖန်အား သူ အသားပြားကဲ့သို့ ဖြစ်သွားရန် လုပ်ချင်နေခြင်း ဖြစ်သည်။

ယဲ့ဖန် နောက်ဆုတ်လိမ့်မည်ဟု လူတိုင်း ထင်ထားသော်လည်း ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

ယဲ့ဖန်သည် ဆက်တိုက် ဝင်တိုက်ခံနေရသော်လည်း နောက်ဆုတ်မည့်အစား ခွေးရူးသဖွယ် ထပ်ခါထပ်ခါ ပြေးဝင်နေ၏။ ရှေ့သို့ပြေးတက်ကာ အကြိမ်ကြိမ် လက်သီးဖြင့် ထိုးနှက်တိုက်ခိုက်လေသည်။

ပေတစ်ထောင်ကျော် မြင့်မား၍ လေးလံသော တောင်ပေါင်း ဆယ်လုံးကျော်သော်လည်း အဘယ်ကြောင့် ဤလူ၏ ခြေလှမ်းများကို ရပ်တန့်ရန် ခက်ခဲနေရသနည်း။

မီတာ တစ်ရာ၊ ငါးဆယ်၊ နှစ်ဆယ်၊ ဆယ်မီတာ။

အားလုံး၏ ချောက်ချားနေသော အကြည့်အောက်၌ ယဲ့ဖန်က တဖြည်းဖြည်း နီးကပ်လာသည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများ တတောက်တောက် စီးကျနေသော်လည်း သူ့မျက်လုံးထဲတွင် ဒုတိယဘိုးဘေး တစ်ဦးတည်းသာ ရှိလေသည်။

လူသတ်ချင်စိတ်များက တစ်ဟုန်ထိုး တိုးပွားနေ၏။ ဤလူ သွပ်သွပ်ခါအောင် ရူးနေလေပြီ။ တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ ကြည့်နေသည့်လူများလည်း တိတ်ဆိတ်နေသည်။ ဤလူက သူတို့၏ အတွေးအမြင်ကို တစ်ခါပြန်၍ ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

ယဲ့ဖန်၏ စူးရှခိုင်မာသော အကြည့်ကို မြင်ပြီး ဒုတိယဘိုးဘေး သွေးပျက်လာ၏။ တစ်ဖက်လူ၏ သူ့အား သတ်ချင်နေစိတ်ကို သူ ခံစားမိနေသည်။ သူ့ကို မသတ်ရသေးသရွေ့ လက်လျှော့မည့်ပုံ မပေါ်ချေ။

သူ မသိမသာ ကြောက်လန့်လာ၏။ တစ်နည်းအားဖြင့် ဆိုရလျင် ယဲ့ဖန် ထိုသို့လုပ်နိုင်လိမ့်မည်ဟု သူသည်လည်း ခံစားမိနေလေသည်။

“မဖြစ်နိုင်ဘူး ငါ မင်းကို မရှုံးနိုင်ဘူးကွ”

ဒုတိယဘိုးဘေးက မိုးခြိမ်းသံသဖွယ် ကျယ်လောင်စွာ ကြုံးဝါး၍ နတ်ဆိုးလက်ဝါးဖြင့် ယဲ့ဖန်ကို ဆက်လက် ရိုက်ချလေသည်။

သူ ယဲ့ဖန်ကို တစ်စစီ ဖြစ်အောင် လုပ်ချင်နေ၏။ မျှော်စင်သခင်ဟူသော သူ၏ ဂုဏ်သိက္ခာကို သက်သေပြန်ရန် ယဲ့ဖန်၏ သွေးကို အသုံးချချင်နေသည်။ ဤလောက၌ သူ အနိုင်မယူနိုင်သော နတ်ဆိုးဟူ၍ မရှိပေ။

“ဝုန်း ဝုန်း”

ပေါက်ကွဲသံတိုင်းက ကျယ်လောငင်၍ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလေသည်။ ယန်စွမ်းအင်များ ပါဝင်နေသည့် လက်ဝါးချက်က ယဲ့ဖန်ထံသို့ ဆက်တိုက် ကျရောက်နေ၏။

ယဲ့ဖန်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ပြည့်နှက်လာသည်။ သို့သော် သူသည် မရပ်မနား ပို၍အားပါသော လက်သီးချက်များဖြင့် ထိုးနှက်လာသည်။

သူ့စိတ်ထဲတွင် သတ်ရန်ဟူသော အတွေးတစ်ခုသာ ရှိသည်။ လက်သီးချက်က ပိုပို၍ ပြင်းထန်လာပြီး မြင်ကွင်းက ကြောက်မက်ဖွယ် ကောင်းလာလေသည်။

*ဒီလူ ရူးနေပြီ*

*သူ့ကို သွားဆွမိလို့ကတော့ ရန်သူကို မသတ်ရမချင်း ရပ်မှာမဟုတ်ဘူး*

အစပိုင်း၌ နတ်ဆိုးလက်ဝါးက သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ဖြစ်ပေါ်လာအောင် လုပ်နိုင်သော်လည်း နောက်ပိုင်းတွင် သူက နတ်ဆိုးလက်ဝါးကို ပြန်လည်၍ ချေဖျက်လာနိုင်၏။

ရုတ်ချည်းဆိုသလိုပင် သူသည် ဒုတိယဘိုးဘေးနှင့် နှစ်မီတာမျှသာ ကွာဝေးတော့သည်။ အနီးကပ် တိုက်ပွဲ ဖြစ်လာပေတော့မည်။ ဒုတိယဘိုးဘေး ခေါင်းမွေးထောင်လာသည်။ အစပိုင်း၌ သူ့လက်ဝါးချက်များက မြန်ဆန်သော်လည်း တဖြည်းဖြည်း နှေးကွေးလာပြီးနောက် ပရမ်းပတာ ဖြစ်လာလေသည်။

“ဂျွတ်”

လက်ဝါးတစ်ခုလုံး ကြေမွသွားပြီး အသားများ လန်ထွက်လာသည်။ အရိုးများ ကျိုးကြေကာ လက်ဝါးတစ်ခုလုံး ရစရာ မရှိတော့ချေ။

ယခုအခါတွင် ယဲ့ဖန် သတ်ဖြတ်ရမည့်အချိန်သို့ ရောက်လာလေသည်။ သူ၏ လက်သီးချက်များက ဒုတိယ ဘိုးဘေးထံသို့ မိုးစက်သဖွယ် အဆက်မပြတ် ကျရောက်လာသည်။

“ရပ်လိုက် ရပ်လိုက်”

မျှော်စင်သခင်သည် မျက်လုံးကျွတ်ကျမတတ် အော်ဟစ်နေသည်။ သူ၏ လက်မောင်းများက သိသိသာသာ လျင်မြန်စွာ ပျက်စီးလာသည်ကို လူတိုင်း မြင်နေရလေသည်။

အရိုးအစနအနများနှင့် အသားစများက ကောင်းကင်ထက်၌ လွင့်စဉ် ကျဆင်းနေပြီး ငယ်သံပါအောင် အော်ဟစ်သံက ပဲ့တင်ထပ်ကာ ထွက်ပေါ်နေသည်။ သူ၏ မျက်နှာတွင် မယုံနိုင်ဟန်နှင့် ကြောက်စိတ်များ စိုးမိုး ထင်ဟပ်နေ၏။

အောက်ဘက်မှ လူများသည်လည်း ကြက်သေ သေနေကြသည်။ မိစ္ဆာနတ်ဆိုးများကို ဖိနှိပ်ခဲ့သော မျှော်စင်သခင်က သူ့ရှေ့မှလူထံ၌ ထိုးကြိတ်ခံနေရပြီး ငယ်သံပါအောင် အော်ဟစ်နေသည်တဲ့လား။

ဤမြင်ကွင်းက အိပ်မက်ဆန်လွန်းလှသည်။ သို့သော် ဤသည်မှာ အိပ်မက်ဆိုး၏ အစပင် ရှိပေသေးသည်။ လက်ရှိတွင် ယဲ့ဖန်က နတ်ဆိုးတစ်ကောင်သဖွယ် ပြုမူနေပြီး မျှော်စင်သခင်ကို မသတ်နိုင်မချင်း လက်လျှော့မည့်ပုံ မပေါ်ပေ။

လက်သီးတစ်ချက်တိုင်းက ပိုအားပြင်းလာ၏။ လက်မောင်းများ ပျက်စီးသွားပြီးနောက် ခန္ဓာကိုယ် အပေါ်ပိုင်းသို့ ဦးတည်လာသည်။

ဒုတိယဘိုးဘေး ဆက်တိုက် နောက်ဆုတ်နေရပြီး သွေးအန်နေရလေသည်။ အချိန်တိုအတွင်း၌ သူ့လက်မောင်း နှစ်ဖက်လုံး ပျက်စီးသွားတော့သည်။ အပြတ်အသတ် ဖိနှိပ်ခံနေရခြင်းပင်။

“ယဲ့ဖန် မင်း ငါ့ကိုသတ်ရင် မင်းမိန်းမတွေ ကောင်းကောင်းနေရမယ် မထင်နဲ့”

ဒုတိယဘိုးဘေးက ဒဏ်ရာရထားသော ကျားနာကဲ့သို့ နာနာကျင်ကျင် အော်ဟစ်လေသည်။ ယဲ့ဖန် မျက်မှောင်ကြုတ် သွားပြီး လူသတ်ချင်စိတ်က ပိုပြင်းထန်လာ၏။

“မင်းက ငါ့ကို ခြိမ်းခြောက်နေတာပဲ”

ဒုတိယဘိုးဘေး တုန်ယင်သွားပြီး သူ မပြောသင့်သော စကားကို ပြောလိုက်မိကြောင်း ရိပ်မိသွားလေသည်။

“ဒီလိုဆိုတော့လည်း သေဖို့မစဉ်းစားနဲ့တော့”

All Chapters