အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း ၁၃၁ - ဤမျှသာလော
"သောက်ကျိုးနည်း..."
ကောင်းကင်ယံရှိ ဧရာမ မျက်နှာကြီးက ရုတ်တရက် ဟစ်အော်လိုက်သဖြင့် အိုးယန်မှာ ချက်ချင်း ကျောက်ရုပ် ဖြစ်သွားလေ၏။
သူ အသိဉာဏ် ပွင့်လင်းစေခဲ့သော သက်ရှိ များသည် သူ၏ စကားကို နားထောင်မည် မဟုတ်ကြောင်း အိုးယန် သိထားပြီး ဖြစ်ပေသည်။
ထို့ကြောင့် ဤ ကမ္ဘာငယ်လေး ကို အသိဉာဏ် ပွင့်လင်းစေပြီးနောက် ဤ ကမ္ဘာငယ်လေး တွင် အသိစိတ် ရှိနေပြီဖြစ်ကြောင်း အိုးယန် သိရှိလိုက်လေ၏။
သူက အသစ်မွေးဖွားလာသော ကမ္ဘာ့အသိစိတ် နှင့် စကားပြောချင်ရုံ သက်သက် ဖြစ်သော်လည်း ထိုအသိစိတ်က သူ့ကို ချက်ချင်း 'ဖေဖေ' ဟု ခေါ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ယခင်က သူ အသိဉာဏ် ပွင့်လင်းစေခဲ့သော သက်ရှိ များ အားလုံးမှာ ပုန်ကန်တတ်ကြသဖြင့် ရုတ်တရက် သူ့ကို 'ဖေဖေ' ဟု ခေါ်လာခြင်းက အိုးယန်ကို အနည်းငယ် အနေရခက်စေခဲ့လေ၏။
အိုးယန် ပင်လျှင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပြီး သူ့ကိုယ်သူ လက်ညှိုးထိုးကာ မေးမြန်းလိုက်ပေသည်။
"မင်း ခုလေးတင် ငါ့ကို ခေါ်လိုက်တာလား..."
"ဖေဖေ..."
အသစ်မွေးဖွားလာသော ကမ္ဘာ့အသိစိတ် သည် အနည်းငယ် ထုံထိုင်းပုံရပြီး ၎င်း၏ အတွေးများကို ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်း မရှိသဖြင့် အိုးယန်ကို ကျယ်လောင်စွာ ထပ်မံ အော်ခေါ်လိုက်ရုံသာ တတ်နိုင်တော့၏။
အသစ်မွေးဖွားလာသော ကမ္ဘာ့အသိစိတ် သည် သူ့ကို အမှန်တကယ် ခေါ်နေခြင်း ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် အိုးယန်သည် သူ၏ လက်ကို အောက်ချလိုက်ပေသည်။
သောက်ကျိုးနည်း... ဤကိစ္စနှင့် ပတ်သက်၍ သူ မည်သူ့ကို သွားတိုင်ရမည်နည်း။
သူသည် အကြောင်းပြချက် မရှိဘဲ ရုတ်တရက် ဖခင် တစ်ယောက် ဖြစ်သွားခြင်းပင်။
သူ၏ ဘေးရှိ အစိမ်းရောင် ဝတ်ရုံရှင် သည် အိုးယန်၏ အင်္ကျီလက်ကို ဆွဲကိုင်ကာ ငိုကြွေးလျက် အော်ဟစ်လိုက်လေ၏။
"ငါ့ရဲ့ ကမ္ဘာငယ်လေး ကို မင်း ဘာလုပ်လိုက်တာလဲ... ဘာလို့ ဒီလို ဖြစ်သွားရတာလဲ..."
"ဖြန်း..."
အိုးယန်သည် လှည့်ပင် မကြည့်ဘဲ အစိမ်းရောင် ဝတ်ရုံရှင် ၏ မျက်နှာကို နောက်ထပ် ပါးတစ်ချက် ရိုက်ချလိုက်ပေသည်။
အစိမ်းရောင် ဝတ်ရုံရှင် သည် ချက်ချင်း သတိဝင်လာပြီး မတရား အနိုင်ကျင့်ခံရသော ချွေးမလေး တစ်ယောက်ကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်ကာ အိုးယန်ကို နာကြည်းစွာ ကြည့်နေလေ၏။
ကမ္ဘာငယ်လေး သည် လီတိုက်ပိုင် ၏ ကမ္ဘာငယ်လေး ထဲမှ ခိုးယူလာခဲ့ခြင်း ဖြစ်ပေသည်။
ကမ္ဘာငယ်လေး ကို ရရှိရန်အတွက် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားအားထုတ်ခဲ့ရလေ၏။
တစ်နေ့တွင် ထိုကမ္ဘာငယ်လေးသည် အိုးယန်ကို အကျိုးပြုသွားလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မထင်မှတ်ထားခဲ့ချေ။
လီတိုက်ပိုင်... လီတိုက်ပိုင်...
မင်းကြောင့်သာ မဟုတ်ရင်...
မင်းသာ အင်မော်တယ် တစ်ပါးကို သတ်ဖို့ အတင်း မတောင်းဆိုခဲ့ရင် ငါ ဒီလို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး...
မင်းက တကယ်ပဲ အင်မော်တယ် တစ်ပါးကို သတ်ပစ်ခဲ့ပြီး အဲဒါက ငါ့ကို ဒီလို ဖြစ်သွားစေခဲ့တာပဲ...
သောက်ကျိုးနည်း... သောက်ကျိုးနည်း...
အစိမ်းရောင် ဝတ်ရုံရှင် ၏ ခန္ဓာကိုယ်သည် အမည်းရောင် ချီ များဖြင့် လွှမ်းခြုံလာပြီး သူ၏ မူလက ကြည်လင်နေသော မျက်လုံးများမှာ သွေးကဲ့သို့ နီရဲလာခဲ့ပေသည်။
သူ၏ ကျောပြင်တွင် ချမ်းစိမ့်စိမ့် ဖြစ်သွားသည်ကို ခံစားလိုက်ရသဖြင့် အိုးယန်သည် ချီ များ ပေါက်ကွဲထွက်နေသော အစိမ်းရောင် ဝတ်ရုံရှင် ကို ကြည့်ရန် လှည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရှေ့သို့ လျှောက်သွားလိုက်လေ၏။
"ဖြန်း..."
နောက်ထပ် ကြီးမားသော ပါးရိုက်ချက် တစ်ချက်က လုံးဝ ရူးသွပ်တော့မည့်ဆဲဆဲ ဖြစ်နေသော အစိမ်းရောင် ဝတ်ရုံရှင် ၏ မျက်လုံးများကို ပြန်လည် ကြည်လင်လာစေခဲ့ပေသည်။
"ဘာလဲ... မင်းရဲ့ ချီ တွေကို ပေါက်ကွဲထွက်ချင်နေတာလား... ပြီးတော့ မိစ္ဆာ အဖြစ် ပြောင်းလဲပြီး လူဆိုးကြီး တစ်ယောက် ဖြစ်လာမယ်... ပြီးရင် မင်းရဲ့ စွမ်းအားတွေ အများကြီး တိုးလာပြီး နောက်ဆုံးမှာ လက်စားချေတဲ့ အနေနဲ့ ငါ့ကို သတ်ပစ်မယ်ပေါ့ ဟုတ်လား..."
အိုးယန်က အစိမ်းရောင် ဝတ်ရုံရှင် ကို ပြုံးလျက် မေးမြန်းလိုက်လေ၏။
အစိမ်းရောင် ဝတ်ရုံရှင် က အလျင်အမြန် ရှင်းပြလိုက်ပေသည်။
"ငါ မဟုတ်ဘူး... ငါ မလုပ်ပါဘူး... ငါ လီတိုက်ပိုင် ကို နာကြည်းနေတာပါ... အားလုံးက သူ့အမှားပဲ... သူကြောင့်သာ မဟုတ်ရင် ငါ အခုလို ဖြစ်နေမှာ မဟုတ်ဘူး..."
လီတိုက်ပိုင် အကြောင်း ပြောလိုက်သည်နှင့် အစိမ်းရောင် ဝတ်ရုံရှင် ၏ မျက်လုံးများ ထပ်မံ ဖရိုဖရဲ ဖြစ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင် ချီ များ ပြန်လည် ထွက်ပေါ်လာခဲ့ပေသည်။
"ဖြန်း..."
ကြည်လင်ပြတ်သားသော အသံတစ်ခုက အစိမ်းရောင် ဝတ်ရုံရှင် ၏ မျက်လုံးများကို တစ်ဖန် ပြန်လည် ကြည်လင်လာစေခဲ့လေ၏။
ဖရိုဖရဲ ဖြစ်နေခြင်းမှ ကြည်လင်မှု သို့ ရောက်ရှိရန် လိုအပ်သည်မှာ ကြီးမားသော ပါးရိုက်ချက် တစ်ချက်နှင့် ပို၍ပို၍ ဖောင်းအစ်လာသော မျက်နှာတစ်ခုသာ ဖြစ်ပေသည်။ အစိမ်းရောင် ဝတ်ရုံရှင် သည် သူ၏ တစ်သက်တာလုံးတွင် ယနေ့လောက် ပါးရိုက်ခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးလောက်ချေ။
အိုးယန်သည် အနည်းငယ် နာကျင်နေသော သူ၏ လက်ဖဝါးကို ပွတ်သပ်လိုက်လေ၏။ ဤလူငယ်၏ အရေပြားမှာ အတော်လေး ထူထဲလှသည်။ သူ သူ့ကိုအကြိမ်ပေါင်းများစွာ ရိုက်ခဲ့ရသဖြင့် သူ၏ ကိုယ်ပိုင် လက်ပင် နာကျင်လာခဲ့ပြီ ဖြစ်ပေသည်။
သူ ရုတ်တရက် ဖခင် တစ်ယောက် ဖြစ်လာခြင်းနှင့် ပတ်သက်၍ အိုးယန်သည် သူ၏ သား ကို တစ်ခဏမျှ မည်သို့ပြောရမည်ကို မသိဖြစ်နေသဖြင့် သူ၏ သားကို အရင် ထွက်သွားရန်သာ လက်ဝှေ့ယမ်း ပြနိုင်တော့လေ၏။
အစိမ်းရောင် ဝတ်ရုံရှင် ၏ ကော်လာ ကို ဆွဲကိုင်ကာ အိုးယန်က မေးမြန်းလိုက်သည်။
"စောစောက မင်းပြောခဲ့တဲ့ ရူးသွပ်နေတဲ့ ဓားဝိညာဉ် က ဓားထဲမှာ ရှိနေတုန်းပဲလား... ဒါမှမဟုတ် မင်းကိုယ်တိုင်ပဲလား... စကားကို လှည့်ပတ် မပြောနဲ့... မဟုတ်ရင် မင်းကို အခုချက်ချင်း ငါ ခုတ်ပိုင်းပစ်မယ်..."
အစိမ်းရောင် ဝတ်ရုံရှင် သည် တောက်ပမှု ကင်းမဲ့နေသော မျက်လုံးများဖြင့် အိုးယန်ကို ကြည့်လိုက်လေ၏။ ယခုအခါ သူ့တွင် ဘာမှ မကျန်တော့ဘဲ အိုးယန်ကြောင့် သူ၏ အစီအစဉ်များ အားလုံး အချည်းနှီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် သူ၏ ကမ္ဘာငယ်လေး ကို အိုးယန်က သိမ်းယူသွားခဲ့ပြီး သူ အလေးစားဆုံး အင်မော်တယ် ၏ ဘေးတွင် ရပ်တည်ချင်သော သူ၏ ဆန္ဒပင်လျှင် ပျက်စီးသွားခဲ့ပြီ ဖြစ်လေ၏။
အိုးယန်၏ လက်ထဲရှိ အစိမ်းရောင် ဝတ်ရုံရှင် သည် ပျောက်ကွယ်သွားမည့် အရိပ်အယောင်များ စတင် ပြသလာပြီး အစိမ်းရောင် ဝတ်ရုံရှင် ၏ ခန္ဓာကိုယ်ကို အသိဉာဏ် ပွင့်လင်းစေရန် အသုံးပြုခဲ့သော စစ်မှန်သောချီ များပင်လျှင် အိုးယန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့ပေသည်။
သောက်ကျိုးနည်း... ဤလူငယ်၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က ထိုမျှလောက်ပင် ညံ့ဖျင်းနေသည်လား... သူ သေဆုံးသွားတော့မည်လော ဟု အိုးယန် တွေးလိုက်မိလေ၏။
ထိတ်လန့်မှုနှင့် ဒေါသများကြားတွင် အိုးယန်သည် အစိမ်းရောင် ဝတ်ရုံရှင် ကို ကယ်တင်ရန် ကြိုးစားသည့်အနေဖြင့် သူ့ကို နောက်ထပ် ပါး ဒါဇင်ပေါင်းများစွာ ရိုက်လိုက်လေ၏။
သို့ရာတွင် အသက်ရှင်လိုစိတ် လုံးဝ ဆုံးရှုံးသွားပြီဖြစ်သော အစိမ်းရောင် ဝတ်ရုံရှင် သည် ဆက်လက် တုံ့ပြန်နိုင်စွမ်း မရှိတော့ဘဲ သူ၏ ပုံရိပ်မှာ တဖြည်းဖြည်း လေလွင့် ပျောက်ကွယ်သွားလေသည်။
"လီတိုက်ပိုင် ဘယ်မှာရှိလဲ ဆိုတာ ငါ သိတယ်..."
အိုးယန်က အစိမ်းရောင် ဝတ်ရုံရှင် ကို ပြောဆိုလိုက်သည်။
အိုးယန်သည် ဤနည်းလမ်းကို အသုံးပြု၍ အစိမ်းရောင် ဝတ်ရုံရှင် ၏ ပျောက်ကွယ်သွားလိုသော မျှော်လင့်ချက်ကို နှိုးဆွပေးချင်ခဲ့ခြင်း ဖြစ်လေ၏။ မည်သို့ပင်ဆိုစေ သူ၏ ကိုယ်ပိုင် ရှောင်ပိုင် သည် လီတိုက်ပိုင် ၏ လူဝင်စား ဖြစ်သဖြင့် ဤသို့ ပြောခြင်းမှာ ပြဿနာ မရှိချေ။
သို့ရာတွင် အစိမ်းရောင် ဝတ်ရုံရှင် ၏ ခန္ဓာကိုယ်မှာ ပွင့်လင်းမြင်သာလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
အစိမ်းရောင် ဝတ်ရုံရှင် သည် အိုးယန်ကို အသက်ကင်းမဲ့နေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောဆိုလိုက်ပေသည်။
"ဟီးဟီး... ရှောင်ပိုင်... အဲဒါကို မေ့လိုက်ကြရအောင်... အိုးယန်... ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံကြသေးတာပေါ့..."
ဤစကားကို ပြောပြီးနောက် အစိမ်းရောင် ဝတ်ရုံရှင် ၏ ခန္ဓာကိုယ်သည် အလင်းစက်လေးများ အဖြစ် ချက်ချင်း ပြောင်းလဲသွားကာ အိုးယန်၏ အရှေ့တွင် ပျောက်ကွယ်သွားလေတော့၏။
ဒီအတိုင်းပဲ သူ ထွက်သွားခဲ့ပြီလား...
အိုးယန်သည် ကော်လာ ကို ဆွဲကိုင်ထားသည့် အနေအထားအတိုင်း ရှိနေဆဲဖြစ်ပြီး အစိမ်းရောင် ဝတ်ရုံရှင် သူ၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် နောင်တ အချို့ကို ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေ ဤလူငယ်သည် ပါးရိုက်ရတာ အတော်လေး လွယ်ကူလှပေသည်။
အိုးယန်သည် မတ်တတ်ရပ်ကာ အဝေးတွင် မလှုပ်ရဲဘဲ ဆောင့်ကြောင့်ထိုင်နေသော ဝက်အူချောင်းခွေး လျန်ကျိုက် ကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး လျန်ကျိုက် ကို လက်ယပ်ခေါ်လိုက်လေ၏။
လျန်ကျိုက် ၏ မျက်လုံးများ တောက်ပသွားပြီး အိုးယန်ထံသို့ ပြေးလာကာ လျှာထွက်လျက် အမောတကော ဖြစ်နေပြီး အမြီးကို အရူးအမူး ခါယမ်းနေပေသည်။
"ဖြန်း..."
ဝက်အူချောင်းခွေး ၏ မျက်နှာပေါ်တွင် တုံးတိတိ အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
အိုးယန်က လက်ကို မြှောက်လိုက်ပြီး သူ၏ နောင်တမှာ ပိုမို ကြီးမားလာခဲ့သည်။ ခွေးတစ်ကောင်ကို ပါးရိုက်ရသည့် ခံစားချက်မှာ အစိမ်းရောင် ဝတ်ရုံရှင် ၏ မျက်နှာကို ပါးရိုက်ရသည်နှင့် လုံးဝ ကွာခြားလှပေသည်။
ထို့ပြင် အိုးယန်၏ ပါးရိုက်မှုကြောင့် မိန်းမောသွားသော ဝက်အူချောင်းခွေး လျန်ကျိုက် သည် ထိုနေရာတွင် ကြောင်တောင်တောင် ရပ်နေလေ၏။ ဤအခိုက်အတန့်တွင် ဝက်အူချောင်းခွေး လျန်ကျိုက် ၏ အကြည့်များက အိုးယန်၏ ခါးပတ်ပေါ်သို့ ကျရောက်သွားပြီး ယခုအခါ ထိုနေရာတွင် ချည်နှောင်ခံထားရရန် ၎င်း အလွန်အမင်း ဆန္ဒရှိနေပေသည်။
အနည်းဆုံးတော့ သူ မကြိုက်သော ပါးရိုက်ချက် များကို ခံရမည် မဟုတ်ချေ။
"မင်းက လီတိုက်ပိုင် ရဲ့ လက်ထဲက ဓားအိမ် ဆိုရင် ခုလေးတင် အဲဒီ အစိမ်းရောင် ဝတ်ရုံရှင် က အတိအကျ ဘာလဲ..."
ဝက်အူချောင်းခွေး လျန်ကျိုက် ကို စိုက်ကြည့်ရင်း အိုးယန်က မေးမြန်းလိုက်လေ၏။
လျန်ကျိုက် သည် သခင်၏ မေးခွန်းကို ကြားလိုက်ရသဖြင့် ချက်ချင်း ပြန်လည်ဖြေကြားလိုက်ပေသည်။
"သတင်းပို့ပါတယ်... အဲဒီလူက ကျွန်တော့်ကို ဖန်တီးခဲ့တဲ့သူ ဖြစ်ရမယ်... သူ ဘယ်လိုလုပ် ဓားဝိညာဉ် ဖြစ်လာလဲ ဆိုတာကိုတော့ ကျွန်တော် မသိဘူး..."
ဝက်အူချောင်းခွေး က အိုးယန်ကို ရိုးသားစွာ သတင်းပို့လိုက်ပြီး အရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်လေ၏။
အိုးယန်က မေးစေ့ကို ပွတ်သပ်ကာ မေးမြန်းလိုက်ပေသည်။
"သူ အတိအကျ ဘာလုပ်ချင်ခဲ့တာလဲ... ဘာလို့ ဒီလောက် ကြီးကျယ်တဲ့ အစီအစဉ်ကြီး တစ်ခုကို ဖန်တီးခဲ့တာလဲ..."
ဝက်အူချောင်းခွေး က ခေါင်းခါလျက် ပြောဆိုလိုက်လေသည်။
"သခင်... အချိန်တွေ အရမ်း ကြာသွားပြီ... ကျွန်တော့်ရဲ့ မူလ နာမည်ကိုတောင် ကျွန်တော် မေ့နေပြီ... သူ တကယ် ဘာကြံစည်ချင်ခဲ့လဲ ဆိုတာ ကျွန်တော် တကယ် မသိဘူး..."
"သူတို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဆိုတာ ရှင်းနေတာကို... လီတိုက်ပိုင် နာမည်ကို ကြားတာနဲ့ သူက ရူးသွားသလို ဖြစ်ပြီး အဲဒီလောက် အမုန်းတရား ကြီးမားနေတာ ဘာဖြစ်လို့လဲ..."
အိုးယန်က ဝေခွဲမရစွာ ရေရွတ်လိုက်ပေသည်။
ဝက်အူချောင်းခွေး သည် ဒုက္ခရောက်နေသော အိုးယန်ကို သတိထား၍ ကြည့်ကာ တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။
"သခင်... ကျွန်တော် သိလောက်မယ် ထင်တယ်..."
အိုးယန်က ဝက်အူချောင်းခွေး ကို ကြည့်လိုက်ရာ ဝက်အူချောင်းခွေး လျန်ကျိုက် က ၎င်း၏ ခွေးမျက်နှာပေါ်တွင် သက်ပြင်းချလျက် ပြောဆိုလိုက်သည်ကို တွေ့လိုက်ရပေသည်။
"အဆုံးအစမရှိတဲ့ နှစ်ကာလတွေ... အဆုံးအစမရှိတဲ့ အထီးကျန်မှုတွေက တွေးတောတတ်တဲ့ သက်ရှိ တစ်ကောင်ကို အစွန်းတစ်ဖက်ဆီ တွန်းပို့လိမ့်မယ်... ပြီးတော့ အဲဒီ အစွန်းတစ်ဖက်ကနေ တခြား အစွန်းတစ်ဖက်ကို တွန်းပို့ပြီး နောက်ဆုံးမှာ သူတို့ကို လုံးဝ ရူးသွပ်သူတွေ အဖြစ် ပြောင်းလဲသွားစေလိမ့်မယ်..."
အခန်း ၁၃၂ - အင်မော်တယ်
လျန်ကျိုက် ၏ ခွေးမျက်နှာသည် လူ့လောက ကို အကြွင်းမဲ့ နားလည်သွားသည့်အလား အတွေ့အကြုံ ရင့်ကျက်မှု များဖြင့် ပြည့်နှက်နေပေသည်။
ချက်ချင်းပင် လျန်ကျိုက် ၏ ခွေးခန္ဓာကိုယ် တစ်ခုလုံး လေထဲသို့ လွင့်ပျံသွားပြီး သူ၏ ခွေးဖင် မှ ပြင်းထန်သော နာကျင်မှုက ၎င်းအား တမူထူးခြားသော သက်တောင့်သက်သာ ရှိမှုကို ပေးစွမ်းလိုက်လေသည်။
"မင်းက သောက်ခွေး တစ်ကောင်ပါကွာ... ဒီနေရာမှာ ဘယ်လို ဒဿနိကဗေဒ ပညာရှင် မျိုး ဟန်ဆောင်နေတာလဲ..."
အိုးယန်က သူ၏ ခြေထောက်ကို ပြန်ရုပ်ရင်း အထင်သေးစွာ နှာမှုတ်လိုက်လေ၏။
မည်သူကမျှ ခွေးတစ်ကောင်၏ ဆုံးမစကားကို နားထောင်ရသည်ကို မကြိုက်ကြချေ။ အထူးသဖြင့် အိုးယန်ကဲ့သို့ ဉာဏ်ပညာရှိသော သူတစ်ဦးအတွက် ပို၍ပင် မှန်ကန်ပေသည်။
ခြေထောက်ကို ပြန်ရုပ်လိုက်သည်နှင့် အိုးယန်၏ စိတ်ထဲတွင် အရာအားလုံးကို ဆက်စပ်မိသွားပြီ ဖြစ်လေ၏။
အင်မော်တယ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ပိတ်မိနေပြီး အင်မော်တယ် အဖြစ်သို့ တက်လှမ်းချင်နေသော အရူး တစ်ယောက် ဖန်တီးထားသည့် လှည့်စားမှု တစ်ခု သက်သက်သာ ဖြစ်လောက်ပေသည်။
သူ၏ ကိုယ်ပိုင် အင်မော်တယ် အဖြစ်သို့ တက်လှမ်းရေး သက်သက်ဖြင့် သူသည် တစ်နေ့တွင် အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခု ဖြစ်လာရန်အတွက် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြံစည်ရန် တွန့်ဆုတ်မနေခဲ့ချေ။
သူသည် အာဏာကြောင့် မျက်စိကန်းနေသော သနားစရာ ကောင်းသည့် ပိုးကောင် တစ်ကောင် အမှန်တကယ်ပင် ဖြစ်လေ၏။
သို့ရာတွင် အိုးယန်သည် လုံးဝ ထိတ်လန့်မသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် အိုးယန်သည် သူ၏ ညီငယ် ကို ယုံကြည်သောကြောင့် ဖြစ်သည်။ အကယ်၍ ကံကြမ္မာ သားတော် တစ်ဦးအနေဖြင့် သူ၏ ညီငယ် သည် ဤမျှ သေးငယ်သော အခက်အခဲလေး ကိုပင် မကျော်လွှားနိုင်ပါက ကံကြမ္မာ သားတော် ဟူသော ဂုဏ်သတင်းမှာ ပျက်စီးသွားနိုင်လေ၏။
ထို့ပြင် အိုးယန်ကို ကြီးမားသော ယုံကြည်မှု ပေးစွမ်းသည့် အခြားအရာတစ်ခုမှာ ယုံကြည်ရခက်သော ဆရာ ပင် ဖြစ်သည်။
ဟူယန်…
ပြီးခဲ့သည့် အကြိမ်က သေမျိုးလောက သို့ သွားရောက်ခဲ့စဉ်က သူနှင့် သူ၏ ဒုတိယ ညီငယ် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များနှင့် ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ လာရောက်လည်ပတ်မှုတို့ကို ပေါင်းစပ်တွေးကြည့်လိုက်လျှင် ထိုအရာများ အားလုံးသည် သူ၏ ယုံကြည်ရခက်သော ဆရာ စီစဉ်ထားခြင်း ဖြစ်လောက် သည်။
မည်သို့ပင်ဆိုစေ သူ၏ ယုံကြည်ရခက်သော ဆရာ သည် အမှိုက် စနစ် မှ အကဲဖြတ်ချက် နှစ်ဆ ရရှိထားသော သူတစ်ဦး ဖြစ်လေ၏။
သူ၏ ကိုယ်ပိုင် စနစ် သည် အနည်းငယ် အမှိုက်ဆန်သော်လည်း ကြီးမားကျယ်ပြန့်သော စစ်မှန်သောချီ တန်ဖိုးနှင့် အမှန် သို့မဟုတ် အမှား ဖြစ်နိုင်သော စွမ်းရည်ပြသသည့် ဘုတ်ပြား တို့က သူ့ကို အစကတည်းက ပြိုင်ဘက်ကင်း ဖြစ်နေစေဆဲ ဖြစ်ပေသည်။
"အကယ်၍ အဲဒီ အဘိုးကြီး ဒီတစ်ကြိမ် ပြန်လာပါက သူ့ကို တောင်ထိပ်ငယ်လေး ပေါ်က သစ်ပင်တစ်ပင်မှာ သုံးရက်တိတိ ငါ ချိတ်ဆွဲထားမယ်..."
အိုးယန်က ဒေါသတကြီး တွေးလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေလေ၏။
ဇိမ်ခံ နန်းတော် တစ်ခုအတွင်းတွင် သက်လတ်ပိုင်း လူချော တစ်ဦးသည် အိပ်ရာပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ အင်္ကျီမပါဘဲ ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦးကို ထာဝရ ချစ်မြတ်နိုးမည့် အကြောင်း ကတိသစ္စာများ ပြုနေစဉ် ရုတ်တရက် သူ၏ နှာခေါင်း ယားယံလာပြီး နှာချေလိုက်လေ၏။
"ဟတ်ချိုး..."
အိပ်ရာခင်းကို ကိုင်ထားသော မျက်နှာချင်းဆိုင်မှ ဆွဲဆောင်မှုရှိသော အမျိုးသမီးသည် ချက်ချင်းပင် သူမ၏ သွယ်လျသော မျက်ခုံးများကို ပင့်ကာ သက်လတ်ပိုင်း လူချော ကို ဒေါသတကြီး ကြည့်လိုက်ပေသည်။
သက်လတ်ပိုင်း လူချော က သူမကို အလျင်အမြန် ချော့မော့လိုက်လေ၏။
"အချစ်လေး... မင်းက ဆွဲဆောင်မှု အရမ်း ရှိလွန်းလို့ ငါ့ရဲ့ စစ်မှန်သောချီ တွေက နှာခေါင်းထဲကို ထိန်းမရအောင် ပြေးဝင်သွားလို့ နှာချေလိုက်တာပါ... ကံကောင်းလို့ နှာချေရုံပဲ... မဟုတ်ရင် မင်းကို ကြည့်ပြီး ငါ နှာခေါင်းသွေး ထွက်လောက်တယ်..."
ချိုသာသော စကားများမှာ အလွန် ရွံရှာဖွယ် ကောင်းလှသော်လည်း မျက်နှာချင်းဆိုင်မှ ဆွဲဆောင်မှုရှိသော အမျိုးသမီးမှာမူ ထိုစကားများကို သဘောကျသွားပုံ ရလေ၏။ သူမက သူမ၏ လှပသော ဖီးနစ် မျက်လုံးများကို ကျဉ်းကာ သက်လတ်ပိုင်း လူချော ကို ကြည့်ပြီး အိပ်ရာခင်း အောက်မှ ကျောက်စိမ်းရောင် ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ကာ သက်လတ်ပိုင်း လူချော ၏ မေးစေ့ကို ပွတ်သပ်လိုက်ပေသည်။
ချက်ချင်းပင် အခန်းထဲတွင် အချစ်များဖြင့် ပြည့်နှက်သွားပြီး အနီရောင် ကုလားကာများ၊ နူးညံ့သော အိပ်ရာများ၊ နဂါး နှင့် ဖီးနစ် ငှက်တို့၏ အော်မြည်သံများ ပေါ်ထွက်လာတော့လေ၏။
.....
ပြီးခဲ့သည့် အကြိမ်က အင်မော်တယ် လျှို့ဝှက်နယ်မြေ မှ ထွက်ခွာခဲ့ဖူးသော အတွေ့အကြုံ ရှိသဖြင့် အိုးယန်သည် လုံးဝ တွန့်ဆုတ်မနေခဲ့ချေ။ သူသည် လျန်ကျိုက် ကို မြှောက်ကာ ကောင်းကင်သို့ ချိန်ရွယ်ပြီး "ကောင်းကင်ခွေးပျံ အလင်းတန်း" တစ်ခုကို ပစ်ခတ်လိုက်လေ၏။
တိုက်ခိုက်မှု တစ်ချက်အပြီးတွင် အာကာသ သည် စတင် အက်ကွဲလာခဲ့ပေသည်။ ကျေနပ်သွားသော လျန်ကျိုက် သည် အိုးယန်၏ ခါးပတ်တွင် ချည်နှောင်ခံလိုက်ရလေ၏။ ဖြည်းညင်းစွာ ပြန်လည် ကောင်းမွန်လာသော ကောင်းကင်ကို ကြည့်ရင်း အိုးယန်သည် သူ၏ "ဒြပ်စင်ငါးပါး မန္တန် အခြေခံမန္တန်ကျမ်းစာ" ကို ဆွဲထုတ်ကာ လှန်လှောကြည့်လိုက်ပြီးနောက် လက်ခုပ်တီးကာ အော်ဟစ်လိုက်ပေသည်။
"ရေတိုင်..."
သူ၏ ခြေရင်းရှိ ရေကန်ရေသည် အိုးယန်ကို အက်ကွဲနေသော ကောင်းကင်ဆီသို့ မြှောက်တင်ပေးလိုက်လေ၏။
အာကာသ ထဲသို့ ခြေလှမ်းဝင်ရောက်လိုက်ချိန်တွင် ဖော်ပြ၍မရနိုင်သော အလေးချိန်မဲ့ ခံစားချက် တစ်ခုက အိုးယန်ကို ဟန်ချက်ပျက်သွားစေပြီး ခေါင်းစိုက်ကျသွားစေခဲ့ပေသည်။
အထဲသို့ ပြုတ်ကျသွားပြီးနောက် အိုးယန်၏ မျက်လုံးများမှာ လုံးဝ မှောင်မိုက်သွားသော်လည်း နောက်တစ်ခဏတွင် သူ၏ အမြင်အာရုံမှာ ရုတ်တရက် လင်းထိန်လာပြီး သူသည် အခြား ရင်းနှီးမှုမရှိသော နေရာတစ်ခုသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။
ဤနေရာသည် ရင်ပြင် တစ်ခုဖြစ်ပြီး အင်မော်တယ် တိမ်တိုက်များဖြင့် ဝန်းရံထားပေသည်။
ရေတွက်၍မရနိုင်သော လူများသည် ဖျာများပေါ်တွင် ထိုင်ကာ အရှေ့ဘက်သို့ မျက်နှာမူလျက် အဝေးရှိ ကျောက်တုံးကြီး တစ်တုံးကို စိတ်အားထက်သန်သော အမူအရာများဖြင့် ကြည့်နေကြလေ၏။
ထို့ပြင် ကျောက်တုံးကြီး ပေါ်တွင် အင်မော်တယ် ကဲ့သို့သော အမူအရာ ရှိသည့် အဘိုးအို နှစ်ဦးသည် မျက်နှာချင်းဆိုင် ထိုင်ကာ သူတို့၏ အရှေ့ရှိ စစ်တုရင်ခုံ ပေါ်တွင် စစ်တုရင် ကစားနေကြပေသည်။
"စီနီယာအစ်ကို... ဒီနေရာက ဘယ်နေရာလဲ..."
အိုးယန်က ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်ရင်း လက်ကို မြှောက်ကာ သူ၏ ဘေးရှိ လူငယ်တစ်ဦး၏ ပခုံးကို ပုတ်၍ မေးမြန်းလိုက်လေ၏။
သို့ရာတွင် သူ၏ လက်သည် အခြားလူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး အိုးယန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ပေသည်။
"ပုံရိပ်ယောင် လား..."
အိုးယန်က လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ သူ၏ လက်သည် အခြားလူ၏ ခန္ဓာကိုယ်ကို မည်သည့် အဟန့်အတားမျှ မရှိဘဲ ဖြတ်သန်းသွားလေ၏။
သူ သူတို့ကို မြင်နိုင်သော်လည်း သူတို့ကို ထိတွေ့၍ မရချေ။ ဆိုလိုသည်မှာ ယခု သူ၏ အရှေ့တွင် ရှိနေသောအရာသည် မည်သည့်အချိန်က ချန်ရစ်ခဲ့မှန်း မသိသော ပုံရိပ်ယောင် တစ်ခု သက်သက်သာ ဖြစ်သည်။
၎င်းမှာ ပုံရိပ်ယောင် တစ်ခု ဖြစ်နေမှတော့ သူ လိုချင်သလို လုပ်၍ ရနိုင်ပေသည်။
အိုးယန်၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး ဖျာများပေါ်တွင် ထိုင်နေသော လူများကို ဖြတ်ကျော်ကာ ကျောက်တုံးကြီး ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
ကျောက်တုံးကြီး ဆီသို့ ရောက်ရှိချိန်တွင် သူ၏ အရှေ့ရှိ ကျောက်တုံးကြီး မှာ အစစ်အမှန် ဖြစ်ပြီး တက်၍ ရကြောင်း အိုးယန် သတိပြုမိသွားသည်။
သို့ရာတွင် အပေါ်တွင် ထိုင်နေသော ဝဝ နှင့် ပိန်ပိန် အဘိုးအို နှစ်ဦးနှင့် ပတ်သက်၍ အိုးယန်သည် အလိုအလျောက် အန္တရာယ် ရှိသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရလေ၏။
သူက ခေါင်းငုံ့ကာ သူ၏ ရင်ဘတ်ကြား ထဲမှ "ဒြပ်စင်ငါးပါး မန္တန် အခြေခံမန္တန်ကျမ်းစာ" ကို ထုတ်ယူရန် ပြင်လိုက်သော်လည်း အိုးယန်၏ လက်သည် သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားပေသည်။
သူ၏ လက်သည် သူ၏ ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွင်းသွားလေ၏။ သူ ကိုယ်တိုင်လည်း ပုံရိပ်ယောင် တစ်ခု ဖြစ်နေသည်။
ထို့ပြင် သူ၏ ခါးပတ်တွင် မူလက ချည်နှောင်ထားသော လျန်ကျိုက် မှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေ၏။
ဤသည်မှာ အတိအကျ မည်သည့်နေရာကြီးနည်း။
အိုးယန်က ခေါင်းလှည့်ကြည့်လိုက်လေ၏။မရေမတွက်နိုင်အောင် ပြည့်နှက်နေသော လူများသည် ဖျာများပေါ်တွင် ထိုင်ကာ ကျောက်တုံးကြီး ပေါ်ရှိ အဘိုးအို နှစ်ဦးကို စိတ်အားထက်သန်သော မျက်နှာများဖြင့် ကြည့်နေကြပြီး သူတို့ဘာသာ တီးတိုး စကားပြောဆိုနေကြပေသည်။
သူတို့ ဘာပြောနေသည်ဆိုတာကို အိုးယန် မကြားရသော်လည်း ဆူညံပွက်လောရိုက်နေသော အသံများသည် ဒီရေကဲ့သို့ စုဆုံလာပြီး သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့လေ၏။
သူ၏ ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောချီ များကို လှုံ့ဆော်ကာ သူ၏ အရှေ့ရှိ အရာအားလုံးကို တိုက်ရိုက် ပေါက်ကွဲစေချင်ခဲ့ပေသည်။
သို့ရာတွင် သူ၏ ဒန်တျန် အတွင်းရှိ တစ်ချိန်က ကြီးမားကျယ်ပြန့်ခဲ့သော စစ်မှန်သောချီ များသည် ယခုအခါ ပမာဏ အနည်းငယ်သာ ကျန်ရှိတော့ကြောင်း တွေ့ရှိရသဖြင့် အိုးယန် အံ့အားသင့်သွားလေ၏။
"ဒြပ်စင်ငါးပါး အခြေခံမန္တန်ကျမ်းစာ" ကို ထုတ်ယူ၍ မရနိုင်ခြင်း၊ ကြီးမားသော စစ်မှန်သောချီ များကို ဆုံးရှုံးလိုက်ရခြင်းနှင့် သူ၏ ခန္ဓာကိုယ် ပင်လျှင် ပုံရိပ်ယောင် တစ်ခု ဖြစ်လာခြင်းတို့ ဖြစ်ပေါ်နေလေသည်။
အိုးယန်သည် ဧရာမ ကျောက်တုံးကြီး ပေါ်သို့ တက်ရန် လက်နှင့် ခြေ နှစ်မျိုးလုံးကို အသုံးပြုလိုက်လေ၏။ သူ အသက်ရှူရန်ပင် အချိန်မရလိုက်မီ အဘိုးအို နှစ်ဦး စကားပြောနေသည်ကို သူ ကြားလိုက်ရသည်။
"ချောင်းကော မြို့မှာ ဓားအင်မော်တယ် တစ်ပါး ဆင်းသက်လာတယ်..."
"သူ့ကို သတ်လိုက်ရမလား..."
"သူ့ကို သတ်လို့ မရဘူး... သူ့ကို ပေါင်းစပ်လိုက်တာ ပိုကောင်းမယ်..."
"ဘယ်လိုမျိုးလဲ..."
"ဓားတစ်လက်မှာ ဓားအိမ် ရှိရမယ်... ဓားအိမ် ဖြစ်လာမယ့် လူတစ်ယောက် ရှိရမယ်..."
"ဖြစ်နိုင်ပါ့မလား..."
"ဖြစ်နိုင်တယ်..."
အဘိုးအို နှစ်ဦးသည် အေးအေးဆေးဆေး စကားပြောရင်း သူတို့၏ စစ်တုရင် ရုပ်များကို ချထားလိုက်ကြလေ၏။ အိုးယန်သည် သူတို့ကြားရှိ စစ်တုရင်ခုံ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သော်လည်း စစ်တုရင်ခုံ ပေါ်တွင် ဘာမှ မရှိကြောင်း တွေ့ရှိလိုက်ရသည်။
သို့ရာတွင် အဘိုးအို နှစ်ဦးသည် တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ကာ တစ်ခါတစ်ရံ ရယ်မောကြပြီး စစ်တုရင်ခုံ ပေါ်ရှိ မရှိသော စစ်တုရင် ရုပ်များကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ရယ်မောနေကြလေ၏။
အောက်ဘက်မှ မရေမတွက်နိုင်သော ဆူညံပွက်လောရိုက်နေသည့် အသံများသည် ဒီရေကဲ့သို့ စုဆုံလာပြီး အဘိုးအို တစ်ဦးကို မျက်မှောင်ကြုတ်သွားစေခဲ့ပေသည်။ သူက တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။
"တိတ်တိတ်နေစမ်း..."
မူလက ဆူညံပွက်လောရိုက်နေသော အသံများသည် ချက်ချင်း ရပ်တန့်သွားလေ၏။ လူတိုင်းသည် မြေပြင်ပေါ်တွင် ရိုသေစွာ ဒူးထောက်ကာ အဘိုးအို စကားပြောမည့် အချိန်ကို စောင့်ဆိုင်းနေကြပေသည်။
အဘိုးအို သည် လူအုပ်ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ အကြည့်များက သူ၏ အရှေ့ရှိ အစိမ်းရောင် ဝတ်ရုံရှင် တစ်ဦးပေါ်သို့ ကျရောက်သွားလေ၏။ သူ၏ မျက်လုံးများထဲတွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု တောက်ပသွားပြီး သူက မေးမြန်းလိုက်သည်။
"မင်းက ဘယ်သူလဲ..."
ထို အစိမ်းရောင် ဝတ်ရုံရှင် က မတ်တတ်ရပ်လိုက်ရာ အိုးယန်က သူ့ကို မှတ်မိသွားလေ၏။ သူသည် အတိအကျပင် ထို အင်မော်တယ် ကမ္ဘာငယ်လေး ထဲမှ အစိမ်းရောင် ဝတ်ရုံရှင် ပင် ဖြစ်လေသည်။
အစိမ်းရောင် ဝတ်ရုံရှင် သည် သူ၏ အရှေ့ရှိ အင်မော်တယ် ကို ကြည့်ရင်း တုန်ယင်နေသည်။ သူသည် သန့်စင်သော မြေမြတ် ၏ မြေကြီးကိုသာ ရိုသေစွာ နမ်းနေခဲ့ပြီး သူ၏ ရိုးသားသော နှလုံးသားကို အင်မော်တယ် က သတိထားမိလိမ့်မည်ဟု ဘယ်သောအခါမျှ မထင်မှတ်ထားခဲ့ချေ။
"ကျွန်တော့် နာမည် အိုးယဲ့ကျီ ပါ... အင်မော်တယ်..."
အိုးယဲ့ကျီ က တုန်ယင်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်လေ၏။
အိုးယဲ့ကျီ ဟုတ်လော... နာမည်ကို ကြည့်ရုံဖြင့် သူ ဓားသွန်းလုပ်သူ ဆိုသည်ကို သိနိုင်ပေသည်။
"မင်း ငါ့ရဲ့ စစ်တုရင် ရုပ် ဖြစ်ချင်လား..."
ပိန်သော အဘိုးအို သည် သူ၏ မုတ်ဆိတ်မွေးကို သပ်ကာ မေးမြန်းလိုက်သည်။
ထို့ပြင် အိုးယဲ့ကျီ သည် သူ၏ အရှေ့ရှိ အင်မော်တယ် ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်ကာ မတ်တတ်ရပ်၍ နက်ရှိုင်းစွာ ဦးညွတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"ကျွန်တော် ဆန္ဒရှိပါတယ်... အင်မော်တယ်..."
"အင်မော်တယ် လား..."
အဘိုးအို နှစ်ဦးက အင်မော်တယ် များလား ဟု အိုးယန် တွေးလိုက်မိလေ၏။
အိုးယန်သည် သူ၏ အရှေ့ရှိ အဘိုးအို နှစ်ဦးကို အံ့သြစွာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက ဟိုဒီ ဝေ့ဝဲနေလေ၏။ ထို့နောက် သူသည် မတ်တတ်ရပ်နေသော အဘိုးအို ၏ အဝတ်အစား အောက် မြေပြင်ပေါ်တွင် တိုက်ရိုက် လှဲအိပ်လိုက်ပြီး အင်မော်တယ် ၏ အဝတ်အစားများကလည်း အမွေးထူသော ခြေထောက်ကြီး နှစ်ချောင်းကို ဖုံးကွယ်ထားခြင်း ရှိမရှိ ဆိုတာကို သူ ကြည့်ချင်ခဲ့ပေသည်။
တစ်ချက် ကြည့်ပြီးနောက် အိုးယန်သည် သူ၏ မျက်နှာပေါ်တွင် အောင်ပွဲခံသော အပြုံးတစ်ခုဖြင့် ထလာခဲ့လေ၏။
အင်မော်တယ် များသည် သာမန် လူများနှင့် မကွာခြားချေ။
သူတို့တွင် တိရစ္ဆာန် ပုံလေးများပင် ပန်းထိုးထားသေးလေသည်။