အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း ၁၃၃ - ဂိမ်း စတင်ပါပြီ
မတ်တတ်ပြန်ရပ်လိုက်သော အိုးယန်၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အမူအရာတစ်ခု ရှိနေလေ၏။ ဒီနေရာသည် မှတ်တမ်းတင်ထားသော အာကာသ တစ်ခု ဖြစ်လောက်ပေသည်။
ရှေးဟောင်းခေတ်က ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး သူသည် ဘေးလူတစ်ဦးအနေဖြင့် အရာအားလုံးကို ကြည့်ရှုနိုင်လေ၏။
အိုးယန်သည် သူ၏ လက်များကို ပိုက်ကာ သူ၏ အရှေ့ရှိ အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်ရှုနေပြီး သူ အမှန်တကယ် ထိုနေရာတွင် ရှိနေသကဲ့သို့ 5D ရုပ်ရှင် တစ်ကားကို ကြည့်နေရသည့်အလား ဖြစ်နေပေသည်။
ကျောက်တုံးကြီး ၏ ပတ်လည်တွင် လူများ မရေမတွက်နိုင်အောင် ထိုင်နေကြပြီး ကျောက်တုံးကြီး ၏ အပေါ်တွင် အင်မော်တယ် နှစ်ပါးနှင့် စိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေသော အိုးယဲ့ကျီ တို့ ရှိနေကြလေ၏။
"ဒီကောင်လေးက ငယ်ငယ်ကတည်းက တကယ်ကို ရည်မှန်းချက် မရှိခဲ့တာပဲ... သူ့နာမည်ကို ခေါ်လိုက်ရုံနဲ့ သူက တုန်ယင်သွားတဲ့အထိ စိတ်လှုပ်ရှားသွားတယ်လား..."
အိုးယန်သည် နှုတ်ခမ်းတွန့်ကာ အိုးယဲ့ကျီ ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ရွံရှာမှု ကို ခံစားလိုက်ရသည်။
အဘိုးအို နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့ထဲမှ ပိန်သော အဘိုးအို တစ်ဦးက အနည်းငယ် တုန်ယင်နေဆဲဖြစ်သော အိုးယဲ့ကျီ ကို ကြည့်ကာ ပြောဆိုလိုက်လေ၏။
"အိုးယဲ့ကျီ... ချောင်းကော မြို့ကို သွား... အဲဒီကို ဆင်းသက်လာတဲ့ ရှေးဟောင်းဓားအင်မော်တယ် ကို ရှာပြီး သူ့ရဲ့ ဓားအိမ် ဖြစ်အောင် လုပ်... တကယ်လို့ မင်း မလုပ်နိုင်ရင် အဲဒီ ဓား ကို ချိုးပစ်လိုက်..."
"အင်မော်တယ် ရဲ့ အမိန့်အတိုင်းပါ..."
အိုးယဲ့ကျီ သည် ခေါင်းငုံ့ကာ မြေကြီးပေါ်တွင် ပျပ်ဝပ်လိုက်ပြီး သူ၏ အရှေ့ရှိ မြေကြီးကို နမ်းလိုက်ပေသည်။
အင်မော်တယ် ၏ အမိန့်ကို ခံယူရခြင်းက မြေကြီးပေါ်ရှိ ဖုန်ပင်လျှင် ချိုမြိန်သော အရသာ ရှိနေစေလေ၏။
သူ ပြန်ထလာချိန်တွင် ကျောက်တုံးကြီး ပေါ်ရှိ အင်မော်တယ် များသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ပတ်ဝန်းကျင် အရပ်မျက်နှာ အသီးသီးမှ မနာလိုသည့် အကြည့်များက အိုးယဲ့ကျီ သူ၏ ကျောပြင်ကို အလိုအလျောက် မတ်မတ်ထားစေခဲ့ပေသည်။
"အင်မော်တယ် ရဲ့ အမိန့်အတိုင်း... ငါဟာ ဓားအင်မော်တယ် ရဲ့ ဓားအိမ် ဖြစ်လာရမယ်... ဓားသွန်းလုပ်တဲ့ မျိုးနွယ်စု က ငါ့ရဲ့ အမိန့်တွေကို ဦးစားပေးရမယ်... အမိန့်ကို မနာခံတဲ့သူတွေကို သေဒဏ်ပေးမယ်..."
အိုးယဲ့ကျီ သည် သူ၏ ဒန်တျန် မှ ချီ များကို စုစည်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
သူ၏ အသံမှာ တည်ကြည်ပြီး ခမ်းနားနေကာ ယခုလေးတင် တုန်ယင်နေခဲ့သော သူနှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။
ထို့ပြင် သူ၏ ပတ်လည်ရှိ တရားထိုင် ဖျာများပေါ်တွင် ထိုင်နေသော လူများသည် အိုးယဲ့ကျီ ကို မည်သည့် ခုခံမှုမျှ မရှိဘဲ ရိုသေစွာ ဦးညွတ်လိုက်ကြလေ၏။
အင်မော်တယ် စကားပြောပြီးနောက် အိုးယဲ့ကျီ သည် အင်မော်တယ် ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပေသည်။ သူ၏ စကားနှင့် လုပ်ရပ်တိုင်းသည်လည်း အင်မော်တယ် ၏ အလိုဆန္ဒ ကို ကိုယ်စားပြုလေ၏။
အင်မော်တယ် အပေါ် အရူးအမူး ယုံကြည်သူများသည် အရာအားလုံးကို သဘာဝကျသည်ဟုပင် ထင်မှတ်ထားကြပြီး အိုးယဲ့ကျီ သည် အင်မော်တယ် ၏ မျက်နှာသာပေးမှုကို ရရှိရန် အလွန် အထူးခြားဆုံး ပါရမီ ရှိရမည်ဟု ထင်မှတ်ထားကြပေသည်။
ထိုအချိန်ကျမှသာ သူ၏ ယခင်ဘဝက ပိုင်ယွီ၏ ရင်းနှီးသော သူငယ်ချင်း ဟု ခေါ်ဆိုသူမှာ အမှန်တကယ်တော့ အင်မော်တယ် ၏ လက်ထဲရှိ စစ်တုရင် ရုပ် တစ်ခုသာ ဖြစ်ကြောင်း အိုးယန် နားလည်သွားခဲ့လေ၏။
ပိုင်ယွီ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ရန်သာ ဖြစ်ပြီး သူ ထိန်းချုပ်၍ မရနိုင်တော့သည့် အချိန်တွင် သူ့ကို နောက်ကျောမှ ဓားဖြင့် ထိုးရန်ပင် ဖြစ်လေသည်။
ဤကဲ့သို့သော အခြေအနေမျိုး အောက်တွင် ပိုင်ယွီသည် မည်သို့ ဓားအင်မော်တယ် တစ်ပါး ဖြစ်လာပြီး အင်မော်တယ် အားလုံးကို သတ်ဖြတ်နိုင်ခဲ့သနည်း။
အိုးယန်၏ အမြင်အာရုံမှာ ရုတ်တရက် စတင် ပြောင်းလဲလာပြီး ဧရာမ မီးဖို ကြီးတစ်ခုက သူ၏ အရှေ့တွင် ပေါ်လာခဲ့ပေသည်။
အိုးယဲ့ကျီ သည် တစ်ခုခုကို ကျယ်လောင်စွာ အော်ဟစ်နေပြီး သူ၏ မျိုးနွယ်စုဝင် များကို တစ်ခုခု သွန်းလုပ်ရန် ညွှန်ကြားနေလေ၏။
ထို့ပြင် အိုးယဲ့ကျီ သည် မီးဖို ထဲတွင် ပုံပန်းသဏ္ဍာန် ပေါ်လာနေသော ဓားအိမ် တစ်ခုကို စူးရဲစွာ စိုက်ကြည့်နေပေသည်။
"ထက်မြက်တဲ့ ဓား အတွက် ဓားအိမ် တစ်ခု လုပ်ရမယ်... ပြီးတော့ ဓားတာအို အတွက်လည်း ဓားအိမ် တစ်ခု လုပ်ရမယ်... ငါ သူ့ရဲ့ သူငယ်ချင်း ဖြစ်လာနိုင်ပြီး အခွင့်အရေး ရတဲ့ အချိန်မှာ လှုပ်ရှားနိုင်သရွေ့... အင်မော်တယ် ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်နေတဲ့ ဓားအင်မော်တယ် ကို သတ်ဖို့ အင်မော်တယ် ကို သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်..."
အိုးယဲ့ကျီ ၏ အသံသည် အိုးယန်၏ နားထဲသို့ ရောက်ရှိလာခဲ့လေ၏။
ဤစကားများသည် အိုးယဲ့ကျီ ၏ ပါးစပ်မှ ထွက်လာခြင်း မဟုတ်ဘဲ အိုးယဲ့ကျီ ၏ အတွင်းစိတ် အတွေးများ ပင် ဖြစ်ပေသည်။
အိုးယဲ့ကျီ ၏ အတွေးများကို သူ အမှန်တကယ် ကြားနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အိုးယန် အံ့အားသင့်သွားလေ၏။
"ပိုင်ယွီရဲ့ ဓား အတွက် ဓားအိမ် တစ်ခု လုပ်တယ်... ပြီးတော့ ပိုင်ယွီရဲ့ ဓားတာအို အတွက်လည်း လုပ်တယ် ဟုတ်လား... ဒီ ခွေး သံကြိုး နှစ်ချောင်းက တကယ်ကို ခိုင်မာတာပဲ..."
အိုးယန်သည် သက်ပြင်းချကာ တွေးလိုက်လေ၏။
မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားပြန်ပြီး အိုးယဲ့ကျီ သည် ရိုးရှင်းသော အပြုံးတစ်ခုဖြင့် ပိုင်ယွီ၏ ယခင်ဘဝ ဖြစ်သော လီတိုက်ပိုင် ၏ ဘေးတွင် ပေါ်လာခဲ့ပေသည်။ သူ ဘာမှ မပြောသော်လည်း လီတိုက်ပိုင် လိုအပ်သမျှကို အိုးယဲ့ကျီ က ပထမဆုံး အခွင့်အရေးတွင် လီတိုက်ပိုင် ၏ လက်ထဲသို့ ပေးပို့လေ့ ရှိ၏။
ရေခပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်း၊ ရထားလုံး မောင်းခြင်း၊ ဓားဖြင့် ယှဉ်ပြိုင်ခြင်း။
၂၄ နာရီ အိမ်အကူ တစ်ယောက်ကဲ့သို့ သူသည် လီတိုက်ပိုင် နှင့်အတူ အရာအားလုံးကို လိုက်ပါ လုပ်ဆောင်ပေးခဲ့သည်။
ထို့ပြင် လီတိုက်ပိုင် သည်လည်း ရင်းနှီးသော သူငယ်ချင်း တစ်ဦးကဲ့သို့ ဖြစ်နေသော အိုးယဲ့ကျီ အပေါ် တဖြည်းဖြည်း မှီခိုလာခဲ့လေ၏။
သူ၏ စိုးရိမ်ပူပန်မှု မှန်သမျှကို အိုးယဲ့ကျီ က မြင်တွေ့နိုင်ပုံ ရပြီး အိုးယဲ့ကျီ သည် အမြဲတမ်း ပထမဆုံး အခိုက်အတန့် နှင့် အတိအကျ မှန်ကန်သော အချိန်တွင် သူ၏ စိတ်ခံစားမှု ထွက်ပေါက် အဖြစ် အမြဲတမ်း ဆောင်ရွက်ပေးနိုင်လေ၏။
အစပိုင်းတွင် အရိုက်ခံရလျှင် ပြန်မချေပဘဲ အဆဲခံရလျှင် ပြန်မပြောရာမှ နောက်ဆုံးတွင် အတူတကွ ခရီးသွားလာသည့်အထိ ထိုနှစ်ဦးသည် ခွဲခွာ၍မရတော့ချေ။
ဆယ်နှစ်ကျော် အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြီး ဆယ်နှစ်တာ ကာလသည် အိုးယန်၏ အရှေ့တွင် ဆလိုက်ရှိုး တစ်ခုကဲ့သို့ အဆက်မပြတ် လျှပ်တစ်ပြက် ပေါ်လာခဲ့လေ၏။
"အင်မော်တယ် ရဲ့ စကားတစ်ခွန်းအတွက် ဒီလောက် နှစ်တွေ အများကြီး အောင့်ခံနေခဲ့တာ... ဒီ အိုးယဲ့ကျီ က တကယ်ကို အောင်မြင်ဖို့ သူ့ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေ ရှိနေတာပဲ..."
အိုးယန်သည် သူ၏ အရှေ့ရှိ မြင်ကွင်းများကို ကြည့်ကာ စိတ်လှုပ်ရှားမှု အချို့ဖြင့် အော်ဟစ်မပြောဘဲ မနေနိုင်တော့ချေ။
ဆလိုက်ရှိုး ကဲ့သို့သော ပုံရိပ်များသည် တဖြည်းဖြည်း နှေးကွေးလာခဲ့၏။
ထို့ပြင် ပုံရိပ်များထဲတွင် အံ့မခန်း ပါရမီ ရှိသော လီတိုက်ပိုင် သည် အဆက်မပြတ် ခရီးသွားနေပြီး သူ၏ တာအို ကို စတင် နားလည်လာပုံ ရပေသည်။
သူသည် ကောင်းကင်ယံ အထက်တွင် မြင့်မားစွာ ထိုင်ကာ သေမျိုး များ၏ အသက်နှင့် သေဆုံးခြင်းကို ပေါ့ပေါ့ပါးပါး စီစဉ်နေသော အင်မော်တယ် များကို မြင်တွေ့ခဲ့ရလေ၏။
အင်မော်တယ် များ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် မိသားစုများကို ဖြိုခွဲရန်နှင့် ဇနီးနှင့် သားသမီးများကို ဆုံးရှုံးရန် တွန့်ဆုတ်မနေကြသော သေမျိုး များကိုလည်း သူ မြင်တွေ့ခဲ့ရပေသည်။
ကမ္ဘာကြီး တစ်ခုလုံးသည် အင်မော်တယ် များ၏ ကြီးမားသော ဖိအားပေး ခြိမ်းခြောက်မှု အောက်တွင် ရှိနေလေ၏။
သို့ရာတွင် သေမျိုး များသည် မသိနားမလည်ကြဘဲ အင်မော်တယ် များ၏ ဝက်များကဲ့သို့ ကျွေးမွေးပြုစုခြင်းကို ခံနေကြရပြီး သူတို့ လုပ်သမျှ အရာအားလုံးသည် မှန်ကန်သည်ဟုပင် မိုက်မဲစွာ ယုံကြည်နေကြပေသည်။
လီတိုက်ပိုင် နားလည်သွားသည် သူ ဘာလုပ်ရမည်ကို သူ သိသွားခဲ့လေသည်။
သူသည် သေမျိုး များအတွက် အင်မော်တယ် များ မရှိသော ကမ္ဘာတစ်ခုကို ဖန်တီးချင်ခဲ့ပေသည်။
ထိုအချိန်မှစ၍ သေမျိုး များသည် သူတို့၏ ခေါင်းပေါ်တွင် ထက်မြက်သော ဓားတစ်လက် ချိတ်ဆွဲထားခြင်း မရှိတော့ဘဲ သူတို့၏ သေဆုံးမှုကို အမြဲတမ်း ကြောက်ရွံ့နေစရာ မလိုတော့ချေ။
သေမျိုး များကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့် ပေးရန်နှင့် အင်မော်တယ် များက ဤကမ္ဘာကို ဝင်ရောက် စွက်ဖက်ခြင်းမှ တားဆီးရန်အတွက် နောက်ဆုံးတွင် လီတိုက်ပိုင် သည် လှုပ်ရှားခဲ့ပြီး ကောင်းကင်ယံရှိ အင်မော်တယ် များကို ဆန့်ကျင်ရန် သူ၏ ဓားကို ဆွဲထုတ်လိုက်လေ၏။
ငါဟာ လောကကြီးအတွက် အသက်ရှင်သန်ဖို့ အခွင့်အရေး လေးတစ်ခုကို ဖန်တီးပေးမယ့် ဓားတစ်လက် ဖြစ်လာမယ်။
ထို့ပြင် လီတိုက်ပိုင် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် အိုးယဲ့ကျီ လည်း လှုပ်ရှားလိုက်ပေသည်။
ဆယ်စုနှစ်များစွာ နေ့ရောညပါ အတူတကွ ဖြတ်သန်းခဲ့ကြသဖြင့် အိုးယဲ့ကျီ သည် လီတိုက်ပိုင် ၏ ဓားတာအို ကို အလွန် ကောင်းစွာ နားလည်နေခဲ့ပြီ ဖြစ်လေ၏။
၎င်းမှာ ကြာစိမ်း ဓားပညာရပ် ဖြစ်စေ လီတိုက်ပိုင် ၏ အပြစ်ကင်းစင်သော ဓားနှလုံးသား ဖြစ်စေ အိုးယဲ့ကျီ သည် လီတိုက်ပိုင် ၏ အားနည်းချက်များကို ရှင်းလင်းစွာ သိရှိနေပေသည်။
လီတိုက်ပိုင် ၏ မယုံကြည်နိုင်သော အကြည့်အောက်တွင် အမြဲတမ်း သူ၏ ဘေးတွင် ရှိနေခဲ့သော အိုးယဲ့ကျီ သည် ဓားအိမ် တစ်ခုဖြင့် သူ၏ ဓားကို လုယူသွားခဲ့လေသည်။
ထို့ပြင် အိုးယဲ့ကျီ သည် လီတိုက်ပိုင် ၏ အရှေ့တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီး လီတိုက်ပိုင် ၏ အပြစ်ကင်းစင်သော ဓားနှလုံးသား ကို ညစ်ညမ်းစေသော သွေးကျိန်စာ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။
လီတိုက်ပိုင် သည် အင်မော်တယ် များကို မေးခွန်းထုတ်ရန် သူ၏ ဓားကိုပင် မဆွဲထုတ်နိုင်မီမှာပင် အင်မော်တယ် များ ချထားသော စစ်တုရင် ရုပ် ကြောင့် သူသည် ခုနစ်ဆယ် ရာခိုင်နှုန်းခန့် အားနည်းသွားခဲ့ပြီ ဖြစ်သည်။
အင်မော်တယ် များ၏ ကြီးမားကျယ်ပြန့်သော ဖိအားအောက်တွင် ဓားအင်မော်တယ် တစ်ပါး ဖြစ်လာပြီး အင်မော်တယ် အားလုံးကို သတ်ဖြတ်သင့်သော လီတိုက်ပိုင် သည် အိုးယန်၏ အရှေ့တွင် သေဆုံးကာ ပျောက်ကွယ်သွားပြီး လုံးဝ တည်ရှိခြင်း မရှိတော့ချေ။
အိုးယန်သည် လီတိုက်ပိုင် သေဆုံးသွားသော နောက်ဆုံး မြင်ကွင်းကို မျက်မှောင်ကြုတ်လျက် ကြည့်နေလေ၏။
ဒါက မမှန်ဘူး…
ဒါက ငါ နားလည်ထားတဲ့ ရှေးဟောင်း လျှို့ဝှက်ချက် နဲ့ လုံးဝ မကိုက်ညီဘူး။
သူ၏ ယခင်ဘဝက ပိုင်ယွီသည် မသေဆုံးမီနှင့် မပျောက်ကွယ်မီတွင် အင်မော်တယ် အားလုံးကို သတ်ဖြတ်ခဲ့ကြောင်း ငါတို့ ဂိုဏ်းချုပ် က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ။
ငါ့မျက်စိရှေ့မှာ ပြသနေတဲ့ မြင်ကွင်းမှာ ဘာလို့ ပိုင်ယွီက အင်မော်တယ် တစ်ပါးကိုမှ မသတ်နိုင်ခဲ့ရုံသာမက ဘော့စ် ကို စိန်ခေါ်တော့မယ့် အချိန်မှာ သူ့ရဲ့ အသင်းဖော် ရဲ့ နောက်ကျောက ဓားနဲ့ အထိုးခံရပြီး သေသွားရတာလဲ။
ဒီနေရာမှာ ဘယ်အပိုင်းက မှားသွားတာလဲ။
အိုးယန်၏ ပတ်ဝန်းကျင်သည် တဖြည်းဖြည်း မှောင်မိုက်လာပြီး ဤနေရာရှိ အရာအားလုံးသည် အဆုံးအစမရှိသော အမှောင်ထု ၏ ဝါးမျိုခြင်းကို ခံလိုက်ရပေသည်။
ရုတ်တရက် အိုးယန်၏ အရှေ့တွင် ရွှေရောင် ဘောင် တစ်ခု တောက်ပလာပြီး အချိန်အကြာကြီး မမြင်တွေ့ရသော အသုံးမကျသည့် စနစ် သည် ဘုတ်ပြား တစ်ခုကို ပြသလာခဲ့လေသည်...
ဘေးထွက် တာဝန် ဇာတ်လမ်း မီနီဂိမ်း စတင်ပါပြီ - "ငါက ဓားအင်မော်တယ် ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ"
တာဝန် အကြောင်းအရာ - လီတိုက်ပိုင် ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဖြစ်လာအောင် လုပ်ပါ။
တာဝန် ဆုကြေး - မရှိပါ
တာဝန် စတင်ရန် အခြေအနေ - အသက် ငါးဆယ် (အိမ်ရှင်၏ သက်တမ်း - ၁၅၀ နှစ်၊ ၁၃၂ နှစ်သာ ကျန်ရှိတော့သည်)။
ဂိမ်းကို စတင်ချင်ပါသလား။
...
အိုးယန်သည် သူ၏ အရှေ့ရှိ တာဝန် ဘုတ်ပြား ကို ကြည့်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ နှလုံးသားထဲတွင် အဖြေတစ်ခု ရရှိသွားကာ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေ၏။
ရှေးဟောင်းဓားအင်မော်တယ် က အဲဒီလောက်တောင် အထင်ကြီးစရာ ကောင်းလို့လား။
ဒီ ရိုးအတဲ့ ပိုင်ယွီက သူ့ရဲ့ အရင်ဘဝမှာ ငါ မပါဘဲနဲ့ နောက်ကျောကနေ ဓားနဲ့ အထိုးခံရတာလား။
တကယ်ကို အသုံးမကျတဲ့ ကောင်လေးပဲ။
အိုးယန်က တွန့်ဆုတ်မနေဘဲ ပြောဆိုလိုက်လေ၏...
"စတင်စမ်း..."
...
အခုက ငါ့ရဲ့ စွမ်းရည်တွေကို ပြသရမယ့် အလှည့်ပဲ လူတိုင်း...
အခန်း ၁၃၄ - လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ဖြစ်မယ်လို့ ငါ သေချာတယ်
သူက ငါ့ကို ဘယ်လို ဒေါသထွက်အောင် လုပ်ရမလဲ ဆိုတာ တကယ် သိတာပဲ... ဆုကြေး တစ်ခုတောင် မရှိဘူးလား...
ဒီ စနစ် က ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဒီလောက်တောင် ကပ်စေးနှဲနေတာ... တာဝန် တစ်ခုကို ထုတ်ပေးပြီးတော့ အလကား ရဖို့ မျှော်လင့်နေတုန်းပဲလား...
အိုးယန်၏ အမြင်အာရုံမှာ အလျင်အမြန် ပြောင်းလဲနေပြီး မြင်ကွင်း များပြားစွာသည် သူ၏ မျက်လုံးများ အရှေ့တွင် အလင်းတန်း များ မရေမတွက်နိုင်အောင် ဆန့်ထွက်သွားလေ၏။
စနစ် က သူ့ကို အချိန်လိုင်း ကို ပြင်ဆင်စေချင်တာလား။
ဒါက ဘယ်လို မီနီဂိမ်း မျိုးလဲ။ ဒါက သူ့ကို အသက်စွန့်ဖို့ လုံးဝ တောင်းဆိုနေတာပဲ။
သို့ရာတွင် သူ၏ အသက်ကို စွန့်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။ စီနီယာအစ်ကို တစ်ယောက်အနေဖြင့် သူ၏ ဂျူနီယာညီလေး ၏ ကိစ္စများနှင့် ပတ်သက်လာလျှင် သူ ဒီအတိုင်း ရပ်ကြည့်နေရမည်လား။
ကျိန်စာသင့်နေသော စနစ် သည် သူ၏ အသက်ပါသော အချက်ကို လုံးဝ ဆုပ်ကိုင်ထားလေသည်။
အသက် ငါးဆယ် တောင် သူ၏ ဂျူနီယာညီလေး များနှင့် ဂျူနီယာညီမလေး ခြောက်ယောက်ကြားမှာ မျှဝေဖို့ လုံလောက်ပါ့မလားလို့ သူ တွေးမိလေ၏။
အခြားသူများ၏ စနစ် များက သူတို့၏ အိမ်ရှင်များကို အသက်ပိုရှည်အောင် ကြိုးစားပေးကြသော်လည်း သူ၏ အမှိုက် စနစ် မှာမူ သူ အသက်ရှည်လွန်းသွားမည်ကို ကြောက်နေပုံ ရလေသည်။
အိုးယန်သည် သူ၏ အရှေ့ရှိ စွမ်းရည်ပြသသည့် ဘုတ်ပြား ကို ကြည့်ကာ ပြင်းပြင်းထန်ထန် ညည်းတွားလိုက်ပြီး လက်ခလယ် ကိုပင် ထောင်ပြလိုက်လေ၏။
ထို့ပြင် သူ၏ အမြင်အာရုံ တည်ငြိမ်သွားချိန်တွင် အိုးယန်သည် ဧရာမ ကျောက်တုံးကြီး တစ်တုံးအောက်တွင် ရပ်နေပြီး ထိုကျောက်တုံးကြီး အပေါ်ရှိ ဝဝ နှင့် ပိန်ပိန် အဘိုးအို နှစ်ဦးကို လက်ခလယ် ထောင်ပြနေကြောင်း သတိပြုမိလိုက်ပေသည်။
သောက်ကျိုးနည်း။
အဲဒီလောက်တောင် မြန်တာလား။
အိုးယန်သည် သူ၏ လက်ခလယ် ကို အလျင်အမြန် ပြန်ရုပ်လိုက်ပြီး မြေကြီးကို နာခံစွာ ငုံ့ကြည့်နေလိုက်လေ၏။
"အိုးယဲ့ကျီ... မင်းကို ငါ မေးမယ်... မင်းက ငါ့လက်ထဲက စစ်တုရင် ရုပ် တစ်ခု ဖြစ်ချင်လား..."
ပိန်သော အဘိုးအို က အနည်းငယ် မကျေမနပ်ဖြင့် မေးမြန်းလိုက်သည်။
သူသည် အစိမ်းရောင် ဝတ်ရုံရှင် အကြိမ်ကြိမ် ပျပ်ဝပ်နေသည်ကို ကြည့်ရင်း သူ၏ ရိုးသားသော နှလုံးသားကြောင့် မူလက စိတ်လှုပ်ရှားသွားခဲ့ပြီး ထို့ကြောင့်ပင် သူ့ကို အခွင့်အရေး တစ်ခု ပေးခဲ့ခြင်း ဖြစ်ပေသည်။
နှစ်ကြိမ်တောင် မေးရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သလို ထိုလူက သူ့ကို အမည်မသိ လက်ဟန်အမူအရာ တစ်ခုပင် ပြုလုပ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
နာခံစွာဖြင့် အောက်ငုံ့ကြည့်နေစဉ် အိုးယန်၏ နှလုံးသားမှာ တစ်ချက် ခုန်သွားလေ၏။ သူသည် အိုးယဲ့ကျီ ၏ ခန္ဓာကိုယ်ကို အမှန်တကယ် ပူးကပ်ထားပြီး လီတိုက်ပိုင် ကို အမဲလိုက်ရန်အတွက် အင်မော်တယ် ၏ လက်ထဲရှိ စစ်တုရင် ရုပ် တစ်ခု ဖြစ်လာတော့မည်။
ဤမြင်ကွင်းကို သူ ယခုလေးတင် မြင်တွေ့ခဲ့ရပြီး ဖြစ်လေသည်။
အိုးယန် ခေါင်းမော့လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေဟန်ဆောင်ကာ ကျောက်တုံးကြီး ပေါ်ရှိ အင်မော်တယ် ကို ဦးညွတ်၍ ပြောဆိုလိုက်လေ၏။
"အင်မော်တယ် ရဲ့ အမိန့်ကို နာခံပါ့မယ်..."
ပိန်သော အင်မော်တယ် က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဝသော အင်မော်တယ် နှင့် အကြည့်ချင်း ဖလှယ်ကာ ကျောက်တုံးကြီး ပေါ်မှ ပျောက်ကွယ်သွားလေ၏။
ထိုအချိန်ကျမှသာ အိုးယန် မတ်တတ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ မနာလိုသော အကြည့်များကို တစ်ချက်ကြည့်ကာ လှောင်ပြောင်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ကြေညာလိုက်ပေသည်...
"အင်မော်တယ် တွေ ထွက်သွားပြီ...... အခု ငါက လူတိုင်းရဲ့ အဖေ ပဲ..."
စကားများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မနာလိုသော အကြည့်များ ရပ်တန့်သွားကာ မနာလိုမှုမှ အံ့သြမှု ထို့နောက် အိုးယန်၏ စကားတစ်ခွန်းတည်းကြောင့် ဒေါသ အရိပ်အယောင်တစ်ခုသို့ ပြောင်းလဲသွားလေ၏။
အိုးယန်က ဆက်လက်၍ ပြဿနာရှာလိုက်လေ၏။
"မကျေနပ်ဘူးလား... သတ္တိရှိရင် အင်မော်တယ် တွေကို သွားရှာကြလေ..."
ကျားတစ်ကောင်၏ အရှိန်အဝါကို ငှားရမ်းထားသော မြေခွေး တစ်ကောင်ကဲ့သို့ အိုးယန် စကားပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ အနည်းငယ် ဒေါသထွက်နေသော အကြည့်များသည် ချက်ချင်းပင် ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့ အားလုံးသည် အိုးယန်ကို ခေါင်းငုံ့ကာ နာခံမှုကို ပြသလိုက်ကြပေသည်။
စကားဖြင့် အရှက်ခွဲခံရသော်လည်း အင်မော်တယ် များအပေါ် သူတို့၏ ကာလကြာရှည်စွာ ရှိနေခဲ့သော ရိုသေလေးစားမှုက သူတို့ကို မည်သည့် ခုခံမှုမျှ မပြုလုပ်ရဲအောင် တားဆီးထားဆဲ ဖြစ်လေ၏။
အိုးယန်၏ မျက်လုံးများထဲတွင် သက်ပြင်းချမှု အရိပ်အယောင်တစ်ခု တောက်ပသွားသော်လည်း သူက ချက်ချင်းပင် ဆက်ပြောလိုက်ပေသည်။
"အိုးယဲ့ကျီ... အဲဒီနာမည်က တကယ်ကို သာမန်ပဲ...
ဒီနေ့ကစပြီး ငါ့ကို အိုးယန်ကျီ လို့ ခေါ်မယ်... အရင် အိုးယဲ့ကျီ ထက် နည်းနည်း ပိုအစွမ်းထက်တယ်...မင်းတို့ အားလုံး နားလည်လား..."
ပတ်ဝန်းကျင် အရပ်မျက်နှာ အသီးသီးမှ တညီတညွတ်တည်း ထောက်ခံသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
ရုတ်တရက် အိုးယန်၏ အမြင်အာရုံမှာ ထပ်မံ ပြောင်းလဲသွားပြန်ပြီး ဧရာမ မီးဖို ကြီးတစ်ခုက သူ၏ အရှေ့တွင် ပေါ်လာခဲ့ပေသည်။
မီးဖို ထဲတွင် ဖြည်းညင်းစွာ ပုံပန်းသဏ္ဍာန် ပေါ်လာနေသော ဓားအိမ် တစ်ခုသည် အိုးယန်၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့လေ၏။
မြင်ကွင်းသည် အိုးယန် ယခုလေးတင် မြင်တွေ့ခဲ့ရသော ဒုတိယမြောက် မြင်ကွင်း အတိအကျပင် ဖြစ်လေသည်။
တစ်နည်းဆိုရသော် သမိုင်းကို သက်ရောက်မှု ရှိစေနိုင်သော ကြီးမားသည့် ဆုံးဖြတ်ချက် တစ်ခုကို အိုးယဲ့ကျီ ချမှတ်ချိန်တွင်သာ သူသည် အိုးယဲ့ကျီ ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပြီး ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။
"ဒါက အနာဂတ်မှာ လီတိုက်ပိုင် ကို ချုံခိုတိုက်ခိုက်ဖို့ အိုးယဲ့ကျီ အသုံးပြုမယ့် လှည့်ကွက် လား..."
အိုးယန်က သူ၏ အရှေ့ရှိ မီးဖို ကို ကြည့်ရင်း တွေးတောလိုက်လေ၏။
မျိုးနွယ်စုဝင် တစ်ဦးက မီးဖို ထဲသို့ ပစ္စည်း များ ထည့်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရချိန်တွင် အိုးယန်က သူ့ကို တားဆီးလိုက်ပြီး ပြောဆိုလိုက်ပေသည်။
"ဒါက အရမ်း ရုပ်ဆိုးလွန်းတယ်...အရည်ဖျော်ပြီး ပြန်လုပ်... ပုံကြမ်းကို ငါ ဆွဲမယ်..."
အိုးယန်သည် လျန်ကျိုက် ၏ ပုံပန်းသဏ္ဍာန်ကို သူ၏ စိတ်ထဲတွင် ပြန်လည် စဉ်းစားလိုက်ပြီး သူ၏ စုတ်တံ ကို ဝှေ့ယမ်းကာ စက္ကူပေါ်တွင် ကောက်ကွေးနေသော ဝက်အူချောင်းခွေး တစ်ကောင်ကို ဆွဲလိုက်လေ၏။
သူက ၎င်းကို ကြောင်တောင်တောင် ဖြစ်နေသော မျိုးနွယ်စုဝင် ၏ အရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ပစ်ချလိုက်ပြီး ပြောဆိုလိုက်ပေသည်။
"ဒီအတိုင်း ပြန်လုပ်စမ်း..."
"ဒါပေမဲ့... မျိုးနွယ်စု ခေါင်းဆောင်..."
"ငါ့ကို သခင်လေး လို့ ခေါ်စမ်း..."
"ကောင်းပါပြီ မျိုးနွယ်စု ခေါင်းဆောင်... အကယ်၍ သခင်လေး ရဲ့ ပုံဆွဲထားတဲ့ အတိုင်း ဓားအိမ် ကို လုပ်မယ်ဆိုရင် ပစ္စည်း တွေ နည်းနည်း ပိုကုန်လိမ့်မယ်..."
အိုးယန်၏ လက်ရာ ကို ယူထားသော မျိုးနွယ်စုဝင် က ပုံကို ကြည့်ရင်း သူ၏ မျက်နှာတွင် မည်းမှောင်နေသော အမူအယာဖြင့် ပြောဆိုလိုက်လေ၏။
"ကျန်တဲ့ အပိုင်းတွေအတွက် အလှဆင်တာ နည်းနည်း ထည့်လိုက်... ဓားပန်းဖွား လိုမျိုး တစ်ခုခုပေါ့..."
အိုးယန်က ဂရုမစိုက်ဟန်ဖြင့် ပြောဆိုလိုက်သော်လည်း အရာအားလုံးသည် အနာဂတ်နှင့် တိတ်တဆိတ် ကိုက်ညီနေပေသည်။
သမိုင်းကို ၎င်း၏ မူလ နေရာသို့ ပြန်လည် ပြင်ဆင်ခြင်းမှာ မူလက ရည်ရွယ်ချက်မရှိသော ဆုံးဖြတ်ချက် တစ်ခုသာ ဖြစ်လေ၏။
ထို့ပြင် ဓားသွန်းလုပ်သည့် မျိုးနွယ်စု အတွင်းတွင် ကောလဟာလ များ တဖြည်းဖြည်း စတင် ပျံ့နှံ့လာခဲ့ပေသည်။
အိုးယဲ့ကျီ သည် အင်မော်တယ် ၏ အမိန့်ကို လက်ခံရရှိကတည်းက သူသည် ဓားသွန်းလုပ်သည့် မျိုးနွယ်စု ၏ မျိုးနွယ်စု ခေါင်းဆောင် အဖြစ် အလိုအလျောက် ရာထူးတိုး ခံခဲ့ရသော်လည်း ထိုအချိန်မှစ၍ အိုးယဲ့ကျီ တွင် ကိုယ်ရည်ကိုယ်သွေး နှစ်ခွ ဖြစ်လာပုံ ရလေ၏။
တစ်ခါတစ်ရံတွင် သူက သူ၏ နာမည်သည် အိုးယန်ကျီ ဟု ပြောလေ့ရှိပြီး အခြား အချိန်များတွင်မူ အိုးယဲ့ကျီ ဟု ပြောလေ့ရှိပေသည်။
သူသည် များသောအားဖြင့် သူ၏ လုပ်ရပ်များတွင် တောင့်တင်းပြီး သတိကြီးလေ့ ရှိသော်လည်း ရံဖန်ရံခါတွင်မူ သူသည် ထူးဆန်းပြီး ရူးသွပ်သကဲ့သို့ ပြုမူတတ်လေ၏။
အိုးယဲ့ကျီ ၏ ခန္ဓာကိုယ်ထဲတွင် မတူညီသော ဝိညာဉ် နှစ်ခု ရှိနေသကဲ့သို့ ဖြစ်နေပြီး မျိုးနွယ်စုဝင် များကို မကြာခဏ အနေရခက်စေခဲ့ပေသည်။
မျိုးနွယ်စု အတွင်းတွင် ကောလာဟလ များပင် တိတ်တဆိတ် စတင် ပျံ့နှံ့လာခဲ့လေ၏။ အင်မော်တယ် သည် အမိန့်နှင့်အတူ ဆင်းသက်လာပြီးနောက် အိုးယဲ့ကျီ ၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း လွှမ်းမိုးသွားမည်။
တစ်နည်းဆိုရသော် ထို ထူးဆန်းသော ဝိညာဉ် သည် အင်မော်တယ် ၏ အစစ်အမှန် ကိုယ်ပွား ပင် ဖြစ်လေသည်။
ထို့ကြောင့် တောင့်တင်းပြီး သတိကြီးသော အိုးယဲ့ကျီ ၏ အကြံပြုချက်များကို များသောအားဖြင့် အိုးယန်ကျီ ၏ နောက်တွင် ထားလေ့ရှိပေသည်။
ဤသည်က အိုးယန်ကျီ ၏ အစီအစဉ်များကို မကြာခဏ အကောင်အထည်ဖော်ရန် ဖြစ်လာစေခဲ့ပြီး အိုးယဲ့ကျီ ၏ အစီအစဉ်များမှာမူ မကြာခဏ ပေါ့ပေါ့တန်တန်သာ ကိုင်တွယ်ခံရလေ၏။
အင်မော်တယ် ကိုယ်တိုင် ပြုလုပ်သော အစီအစဉ် တစ်ခုသည် အင်မော်တယ် ၏ ပြောရေးဆိုခွင့်ရှိသူ ပြုလုပ်သော အစီအစဉ်ထက် သေချာပေါက် ပိုမို အရေးကြီးပေသည်။
အိုးယန်၏ အကြည့်အောက်တွင် မူလက လှပပြီး ရှုပ်ထွေးသော ဓားရိုး သည် တဖြည်းဖြည်း ရိုးရှင်းလာခဲ့လေ၏။
ဝက်အူချောင်းခွေး ဓားအိမ် သည် မီးဖို ထဲတွင် ဖြည်းညင်းစွာ ပုံပန်းသဏ္ဍာန် ပေါ်လာနေပြီး ရှေးဟောင်း ပုံစံ ဓားပန်းဖွား တစ်ခုနှင့်အတူ ဖြစ်လေ၏။
"အရာအားလုံး ကိုက်ညီနေပြီ..."
အိုးယန်သည် မီးဖို ထဲရှိ ဓားအိမ် နှင့် ဓားပန်းဖွား ကို ကြည့်ရင်း သူ၏ မျက်ခွံများ ပို၍ပို၍ လေးလံလာသည်ကို ခံစားလိုက်ရပေသည်။
စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုက သူ့ကို ဖြည်းညင်းစွာ သတိလစ်သွားစေခဲ့လေ၏။
ဝေဝေဝါးဝါး အခြေအနေတွင် အိုးယန်သည် အိုးယဲ့ကျီ ခြေဆောင့်ကာ ဒေါသတကြီး ကျိန်ဆဲနေသည်ကိုပင် ကြားလိုက်ရပေသည်။
အိုးယန် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ချိန်တွင် ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသော အဖြူရောင် ဝတ်ဆင်ထားသည့် ဓားကျင့်ကြံသူ တစ်ဦး သူ၏ အရှေ့တွင် ရပ်နေကြောင်း တွေ့ရှိလိုက်ရလေ၏။
အိုးယန်သည် အလေ့အကျင့်အရ စွမ်းရည်ပြသသည့် ဘုတ်ပြား ကို ခေါ်လိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ စနစ် ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ချေ။
သူ၏ မျက်နှာချင်းဆိုင်ရှိ အဖြူရောင် ဝတ်ဆင်ထားသော ဓားကျင့်ကြံသူ သည် ပိုင်ယွီနှင့် ဆင်တူသော်လည်း သူ၏ ယေဘုယျ အမူအရာမှာ သူ၏ ဒုတိယ ဂျူနီယာညီလေး ၏ အဆင့်မြင့် တစ်ခုနှင့် ပိုတူနေပေသည်။
မျက်လုံးများမှာ အေးစက်နေပြီး သူ၏ အေးစက်ပြီး တင်းမာသော အရှိန်အဝါ သည် ကိုယ်တိုင် လမ်းလျှောက်နေသော ရေခဲသေတ္တာ တစ်လုံးကဲ့သို့ ဖြစ်နေလေ၏။
"ချွင်..."
ဓားကျင့်ကြံသူ ၏ ဓားရှည်သည် ဓားအိမ်ထဲမှ ထွက်လာပြီး အိုးယန်၏ လည်ပင်းကို ချိန်ရွယ်ထားကာ အဖြူရောင် ဝတ်ဆင်ထားသော ဓားကျင့်ကြံသူ က အေးစက်စွာ ပြောဆိုလိုက်လေ၏။
"မင်းက ဘယ်သူလဲ..."
ဓားဖြင့် ချိန်ရွယ်ခံထားရသော အိုးယန်မှာ ဝေခွဲမရ ဖြစ်သွားပြီးနောက် ဤမြင်ကွင်းသည် သူ၏ ယခင်ဘဝက လီတိုက်ပိုင် နှင့် အိုးယဲ့ကျီ တို့ ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန် ဖြစ်လောက်ကြောင်း ရုတ်တရက် နားလည်သွားလေ၏။
အိုးယန်၏ နှုတ်ခမ်းများ ကွေးတက်သွားပေသည်။
သူ့အပေါ်ရှိ အစိမ်းရောင် ဝတ်ရုံ သည် အနည်းငယ် ပူအိုက်နေသည်ကို ခံစားရသဖြင့် ဓားသွား ကို သူ၏ လည်ပင်းမှ ပေါ့ပေါ့ပါးပါး ဖယ်ရှားလိုက်ပြီး နောက်ပြောင်သည့် လေသံဖြင့် ပြောဆိုလိုက်လေ၏။
"အရမ်းကြီး တင်းမာမနေပါနဲ့...မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါ ပြောမယ့်စကားက သေချာပေါက် အမှန်တရားပဲ..."
အနည်းငယ် မိန်းမောနေသော အဖြူရောင် ဝတ်ဆင်ထားသည့် ဓားကျင့်ကြံသူ ၏ အကြည့်အောက်တွင် သူသည် သူ၏ အစိမ်းရောင် ဝတ်ရုံ ကို ချွတ်ကာ သူ့ကိုယ်ပေါ်တွင် ခြုံလိုက်ပြီး မြက်ပင်တစ်ပင်ကို နှုတ်ရန် ကိုင်းညွတ်ကာ ၎င်းကို ပါးစပ်ထဲတွင် ကိုက်လျက် သူ့ကိုယ်သူ ပြုံးလိုက်လေ၏။
နေရောင်ခြည်သည် အစိမ်းရောင် ဝတ်ရုံ ပေါ်သို့ စောင်းကျနေပြီး သူ၏ ဘေးတွင် ရုတ်တရက် ပေါ်လာသော ဤ အစိမ်းရောင် ဝတ်ရုံရှင် သည် နေရောင်ခြည်ထဲတွင် ရပ်နေသကဲ့သို့ သို့မဟုတ် သူသည် အလင်းရောင်ကို သယ်ဆောင်လာသကဲ့သို့ ဖြစ်နေပေသည်။
ထို့ပြင် ပြုံးနေသော အိုးယန်သည် သူ၏ အရှေ့ရှိ အဖြူရောင် ဝတ်ဆင်ထားသည့် ဓားကျင့်ကြံသူ ကို ကြည့်ကာ ပြောဆိုလိုက်လေသည်...
"ရှောင်ပိုင်... လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ငါတို့တွေက ဆရာတူညီအစ်ကိုတွေ ဖြစ်ခဲ့ကြတယ်လို့ ငါ သေချာ ပြောနိုင်တယ်..."