အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း ၁၃၇ - ပြန်လည်ရောက်ရှိခြင်း
အိုးယန်သည် မျက်လုံးကို မှိတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ပြန်ဖွင့်လိုက်ရာ အချိန်တစ်ခဏသာ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရလေ၏။
သူသည် ကောင်းကင်ယံတွင် လွင့်မျောနေသော ပုံရိပ်ယောင် တစ်ခု ထပ်မံ ဖြစ်လာခဲ့ပြန်လေသည်။
သူ၏ အရှေ့ရှိ နေရာသည် စစ်တလင်း တစ်ခု ဖြစ်နေပေသည်။
စစ်တလင်း တစ်ခုဟု ဆိုခြင်းထက် အင်မော်တယ်များ ကျဆုံးခဲ့သည့် နေရာတစ်ခုနှင့် ပိုတူနေလေ၏။
မီးခိုးငွေ့များနှင့် ပြင်းထန်သော မီးတောက်များကို သယ်ဆောင်လာသော ရေတွက်၍မရနိုင်သည့် ဥက္ကာခဲများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်ကြသော်လည်း ဖူးပွင့်လာသော ကြာစိမ်းများ၏ ထိုးဖောက်မှုကြောင့်သာ ပျောက်ကွယ်သွားကြရလေသည်။
ကောင်းကင်ကြီးသည် ဆုတ်ဖြဲခံထားရသည့်အလား ဖြစ်နေပြီး အမာရွတ်များကဲ့သို့ ကြီးမားသော ဓားစိတ်ဆန္ဒ အမှတ်အသား ရေတွက်၍မရနိုင်အောင် ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းထားပေသည်။
ဤနေရာသည် ကြေကွဲဖွယ်ရာ တိုက်ပွဲကြီး တစ်ခုကို ကြုံတွေ့ခဲ့ရပြီးဖြစ်ကာ ဤတိုက်ပွဲသည် ရှေးဟောင်းခေတ်၏ အဆုံးသတ်ကိုလည်း နိမိတ်ပြနေလေ၏။
ကောင်းကင်အောက်တွင် သေးငယ်သော လူသား တစ်ဦး ရပ်နေပေသည်။
အဖြူရောင် ဝတ်ဆင်ထားပြီး သွယ်လျသော ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ သူ၏ အဖြူရောင် ဝတ်ရုံများသည် နှင်းထက်ပင် ဖြူစင်နေပြီး သူ၏ ဓားရှည်မှာ နှင်းခဲကဲ့သို့ ဖြစ်နေလေ၏။
ထိုလူသည် သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ သူ၏ ပတ်လည်တွင် ကြာစိမ်းများ မရေမတွက်နိုင်အောင် ဖူးပွင့်လာခဲ့ပေသည်။
ထိုလူမှာ ဓားအင်မော်တယ် နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သော လီတိုက်ပိုင် ပင် ဖြစ်လေသည်။
အိုးယန်သည် သူ၏ နှလုံးသားထဲတွင် သက်သာရာရသွားသလို ခံစားလိုက်ရပေသည်။ လီတိုက်ပိုင် နှင့် အိုးယဲ့ကျီ တို့သည် သူတို့၏ သမိုင်းကြောင်း လမ်းစဉ်အတိုင်း လိုက်ပါသွားခဲ့ကြပုံ ရလေ၏။
ဆိုလိုသည်မှာ သူသည် ဤ အချိန်လိုင်းကို ပြင်ဆင်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် လီတိုက်ပိုင် ၏ သူငယ်အိမ်များ နေရာတွင် ကြာစိမ်း နှစ်ပွင့်က အစားထိုး ဝင်ရောက်နေပြီး သူ၏ မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားမှုမျှ မရှိဘဲ ကောင်းကင်နှင့် မြေကြီးကြားတွင် မတ်မတ်ရပ်နေသော ထက်မြက်သည့် ဓားတစ်လက်ကဲ့သို့ ဖြစ်နေပေသည်။
သူသည် သေးငယ်သော လူသား တစ်ဦးသာ ဖြစ်သော်လည်း ကောင်းကင်နှင့် မြေကြီးကြားတွင် အလျားလိုက် ထားရှိသော ဧရာမ ဓားကြီး တစ်လက်ကဲ့သို့ ဖြစ်နေလေ၏။
ကောင်းကင်နှင့် မြေကြီးကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည့်အလား ပင် ဖြစ်သည်။
ကောင်းကင်အောက်... ကောင်းကင်အောက်... ကောင်းကင်အောက် ဆိုသည်မှာ မြေကြီး မဟုတ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် လီတိုက်ပိုင် ရှိနေသောကြောင့် ဖြစ်ပေသည်။
လီတိုက်ပိုင် သည် ခေါင်းကို အနည်းငယ် မော့လိုက်ပြီး ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကောင်းကင်ယံသို့ တိုးညှင်းစွာ အော်ဟစ်လိုက်လေ၏။
" အင်မော်တယ်တွေ... လူ့လောကကို ဘယ်သူ ထပ်လာရဲသေးလဲ ..."
ပုံပျက်နေသော လေဝဲကတော့များ ရေတွက်၍မရနိုင်အောင် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာပြီး ဖရိုဖရဲဖြစ်ကာ ဒေါသတကြီး အသံများသည် ကောင်းကင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။
"မောက်မာလိုက်တဲ့ကောင်..."
"မသိနားမလည်တဲ့ ကောင်..."
"သောက်ကျိုးနည်း..."
.....
မူလက မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသော ထို အင်မော်တယ်များသည် ယခုအခါ ကောင်းကင်နှင့် မြေကြီးကြားတွင် ရပ်နေသော ဓားအင်မော်တယ်ကို သေမျိုးများကဲ့သို့ အရူးအမူး ကျိန်ဆဲနေကြလေသည်။
ထို့ပြင် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ပေါက်ကွဲထွက်လာပြီး ဟာရီကိန်း မုန်တိုင်းများ တိုက်ခတ်ကာ လျှပ်စီးလက်ပြီး မိုးခြိမ်းသံများ ကြားတွင် သဘာဝ ဖြစ်စဉ်များစွာ ပြောင်းပြန် ဖြစ်သွားခဲ့ပေသည်။
ထို ပုံပျက်နေသော လေဝဲကတော့များထဲမှ ဧရာမ မျက်လုံးများ ထွက်ပေါ်လာခဲ့သည်။
ထိုအရာများမှာ ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံးများ ပင် ဖြစ်သည်။
တောင်ထိပ်ငယ်လေး တွင် အိုးယန် နှုတ်ယူခဲ့သော ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံး နှင့် နှိုင်းယှဉ်ကြည့်လျှင်...
သူ၏ အရှေ့ရှိ ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံးများသည် အိုးယန် နှုတ်ယူခဲ့သော မျက်လုံးထက် အဆပေါင်း များစွာ ကြီးမားလှပေသည်။
နှိုင်းယှဉ်ကြည့်လျှင် ထိုအရာမှာ ဘတ်စကက်ဘော တစ်လုံးနှင့် ဆန်စေ့ တစ်စေ့ကြား ကွာခြားချက် ကဲ့သို့ ပင် ဖြစ်လေသည်။
လီတိုက်ပိုင် သည် ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံးများ၏ အေးစက်စွာ စိုက်ကြည့်ခြင်းကို ခံနေရသော်လည်း သူက ကျယ်လောင်စွာ ရယ်မောလိုက်ပေသည်။
ယခုအခါ သူသည် ကမ္ဘာကြီး၏ ရန်သူ ဖြစ်လာခဲ့ပြီဖြစ်ပြီး ဘယ်ညာ ဟိုဒီ ကြည့်လိုက်ရာ သူ့တွင် မည်သည့် အကူအညီမျှ မရှိတော့ချေ။
ထို့နောက် သူ ထပ်မံ တွေးလိုက်မိသည် သူ့ထံတွင် သူ ကိုယ်တိုင်နှင့် သူ၏လက်ထဲမှ ဓား ရှိနေသေးပေသည်။
သူသည် သူ၏ ခါးမှ အရက်ဘူးကို ဖြုတ်ကာ တစ်ကျိုက် သောက်လိုက်ပြီး သူ၏ အရှေ့ရှိ သွယ်လျသော ဓားကို ကြည့်ကာ တိုးညှင်းစွာ ရေရွတ်လိုက်လေ၏။
"ငါက ကမ္ဘာကြီးရဲ့ ရန်သူ ဖြစ်လာပြီ ဆိုမှတော့ ဒီနေ့တော့ ငါ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ဖြစ်လာတော့မယ်..."
နောက်ဆုံးတွင် ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံးများသည် ဆက်လက် ထိန်းချုပ်မထားနိုင်တော့ဘဲ လီတိုက်ပိုင် ထံသို့ မိုးကြိုးများ ပစ်ချလိုက်လေတော့သည်။
ထူထပ် များပြားလွန်းလှသော အပြာနှင့် အဖြူရောင် မိုးကြိုးများသည် အာကာသကိုပင် ပုံပျက်သွားစေလုနီးပါး ဖြစ်ပြီး ကျယ်လောင်သည့် ပါးစပ်များ ရှိသော သွေးကဲ့သို့ နီရဲသည့် မိုးကြိုး မြွေများ မရေမတွက်နိုင်အောင် လီတိုက်ပိုင် ထံသို့ ပြေးဝင်လာကြသည်။
ကမ္ဘာပေါ်ရှိ အကြမ်းတမ်းဆုံး လျှပ်စီးများ အားလုံး နီးပါးသည် ဤအခိုက်အတန့်တွင် လီတိုက်ပိုင် ၏ သေးငယ်သော ပုံရိပ်ဆီသို့ ပြေးဝင်လာကြလေသည်။
အလယ်ဗဟို တည့်တည့်တွင် ရှိနေသော လီတိုက်ပိုင် သည် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ကာ သူ၏ အရှေ့တွင် ထားလျက် အလျင်စလို မရှိဘဲ ဓားရေး တစ်ကွက် ကစားပြလိုက်ပြီး တိုးညှင်းစွာ ရွတ်ဆိုလိုက်ပေသည်။
"ဓားတာအို သည် မြစ်တစ်စင်းကဲ့သို့ပင်... မြစ် ရေများသည် ကောင်းကင်မှ ဆင်းသက်လာရမည်..."
ကြာစိမ်း သုံးဆယ့်ခြောက် ပွင့်သည် လီတိုက်ပိုင် ၏ ခြေရင်းမှ မြင့်တက်လာပြီး အမြင့်ဆုံး ဓားစိတ်ဆန္ဒများ ပြည့်နှက်နေသည့် အဆုံးအစမရှိသော ချီများသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော မိုးကြိုး မြွေများကို မျက်စိတစ်မှိတ်အတွင်း ဖယ်ရှားပစ်လိုက်လေ၏။
သူ၏ ခြေရင်းရှိ ကြာစိမ်း သုံးဆယ့်ခြောက် ပွင့်သည် ဓားပျံ သုံးဆယ့်ခြောက် လက် အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ကောင်းကင်ယံရှိ ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံးများဆီသို့ ထိုးဖောက်ဝင်ရောက်သွားပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားပျံ သုံးဆယ့်ခြောက် လက် သည် ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံးများကို ထိုးဖောက်သွားပြီး မွန်းကျပ်သော ညည်းတွားသံ များစွာသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားလေ၏။
ဓားပျံ များ သည် လေယာဉ်များကဲ့သို့ အစိမ်းရောင် လမ်းကြောင်းများကို ဖန်တီးကာ ပျံသန်းသွားကြပေသည်။
လမ်းကြောင်း သုံးဆယ့်ခြောက် ခုသည် အချင်းချင်း ယှက်နွယ်သွားပြီး ကောင်းကင်ယံတွင် ဧရာမ အစိမ်းရောင် ရေတံခွန် ကြီးတစ်ခု ပေါ်လာသကဲ့သို့ ဖြစ်သွားလေ၏။
ထိုအရာနှင့်အတူ ကောင်းကင်ယံရှိ ကောင်းကင်တာအို ပြစ်ဒဏ်ပေး မျက်လုံးများလည်း ပျောက်ကွယ်သွားခဲ့ပေသည်။
မူလက အပြာရောင် သန်းနေသော ကောင်းကင်ကြီးသည် မှိုင်းညို့လာပြီး ကောင်းကင်ယံမှ သွေးမိုးများ ရွာကျလာခဲ့လေ၏။
အင်မော်တယ်များ ကျဆုံးသွားသဖြင့် သဘာဝတရား တွင် ထူးဆန်းသော ဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့ပေသည်။
ကောင်းကင်ကြီးက သွေးမိုးများ ရွာကျကာ ငိုကြွေးနေပြီး ကြီးမားသော ဘေးအန္တရာယ် ကြီး ရောက်ရှိလာတော့မည် ဖြစ်လေသည်။
ကောင်းကင်ကြီးသည် ထူးဆန်းသော ထောင့်တစ်ခုဖြင့် ခေါက်ချိုးကျသွားပြီး မြေကြီးနှင့် တဖြည်းဖြည်း နီးကပ်လာပုံ ရပေသည်။ ကောင်းကင် တစ်ခုလုံးသည် မြေကြီးဆီသို့ ပြုတ်ကျလာနေ၏။
ကောင်းကင်ကြီး ပြိုကျလာပြီ ဖြစ်သည်။
အင်မော်တယ်များသည် ဤကမ္ဘာ တစ်ခုလုံးကို သူတို့နှင့်အတူ မြှုပ်နှံရန် သူတို့၏ နောက်ဆုံး နည်းလမ်းများကို အသုံးပြုလိုက်ကြပေသည်။
နှစ်ပေါင်း မရေမတွက်နိုင်အောင် ကောင်းကင်ယံတွင် မြင့်မားစွာ ထိုင်နေခဲ့ကြသော အင်မော်တယ်များသည် သူတို့ကိုယ်သူတို့ ကျရှုံးခွင့် မည်သို့ ပေးနိုင်မည်နည်း... ထို့ပြင် လူသား မျိုးနွယ် ၏ လက်ချက်ဖြင့် မည်သို့ ကျရှုံးရမည်နည်း။
သူတို့သည် မွေးရာပါ အင်မော်တယ်များ ဖြစ်ကြပြီး ဤကမ္ဘာ၏ အုပ်စိုးသူများ ဖြစ်ကြပေသည်။
သူတို့ သေဆုံးသွားလျှင်တောင်မှ သူတို့သည် ဤကမ္ဘာကြီးကို သေဆုံးခြင်းဆီသို့ သူတို့နှင့်အတူ ဆွဲခေါ်သွားကြမည် ဖြစ်လေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လီတိုက်ပိုင် လည်း ဤအခိုက်အတန့်တွင် သူ၏ ကံကြမ္မာ ကို နားလည်သွားခဲ့ပေသည်။
သူ၏ လက်ထဲရှိ ဓားရှည် လွင့်ထွက်သွားပြီး လီတိုက်ပိုင် သည် ဟာလာဟင်းလင်းပြင် နယ်ပယ် ထဲသို့ ရှေ့တစ်လှမ်း တက်လိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
"ငါလီတိုက်ပိုင် သာမန် လူများ အားလုံးအတွက် ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ပေးရန်... ကောင်းကင်နှင့် မြေကြီး၏ ကျောရိုး ဖြစ်လာရန် ဆန္ဒရှိပါသည်..."
သူ၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် မိုးခြိမ်းသံများစွာ ထွက်ပေါ်လာပြီး နက်နဲသော အဝါရောင် ချီ လမ်းကြောင်းများသည် ဖြည်းညင်းစွာ ဆန့်ထွက်လာကာ ခေါက်ချိုးကျနေသော ကောင်းကင်ကြီးကို ဖြောင့်မတ်သွားစေခဲ့ပေသည်။
ထို့နောက် လီတိုက်ပိုင် ၏ ခန္ဓာကိုယ်သည် စတင် ပျောက်ကွယ်လာပြီး ကြယ်ရောင် စက်လေးများ အဖြစ် ပြောင်းလဲသွားကာ ခေါက်ချိုးကျနေသော ကောင်းကင်ကြီးဆီသို့ ပြေးဝင်သွားကြလေသည်။
ခေါက်ချိုးကျနေခဲ့သော ကောင်းကင်ကြီးသည် တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာခဲ့ပေသည်။
ထို့ပြင် လီတိုက်ပိုင် လုံးဝ မပျောက်ကွယ်မီမှာပင် သူသည် လက်ကို မြှောက်ကာ သူ သေဆုံးသွားမှုကြောင့် အော်ဟစ် ငိုကြွေးနေသော ဓားရှည်ကို ဖမ်းဆုပ်လိုက်ပြီး ဓားပန်းဖွား ကို ဆွဲဖြဲကာ လူ့လောက ဆီသို့ ပစ်ချလိုက်ပြီးနောက် ထူးဆန်းစွာ ခေါင်းလှည့်ကာ အိုးယန် ရှိရာ အရပ်ဆီသို့ အနည်းငယ် ပြုံးပြလိုက်လေ၏။
ထိုအပြုံးက အိုးယန်ကို ကြောက်ရွံ့သွားစေလုနီးပါး ဖြစ်စေခဲ့ပေသည်။
လီတိုက်ပိုင် ၏ အဓိပ္ပာယ်ပါသော အပြုံး... သူ မိမိကို မြင်သွားသလော...
ဓားအိမ် တစ်ခု အိုးယန်၏ အရှေ့တွင် ကျလာခဲ့လေ၏။
ထို ရုပ်ဆိုးသော ဝက်အူချောင်းခွေး ပုံစံ ဓားအိမ် သည် သူ့ကို ပြုံးပြနေသကဲ့သို့ ဖြစ်နေပေသည်။
အိုးယန်သည် သူ၏ အရှေ့ရှိ ဓားအိမ်ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီး အတွေးများစွာသည် သူ၏ စိတ်ထဲတွင် စတင် လည်ပတ်လာခဲ့လေ၏။
ထိုအချိန်ကျမှသာ သူသည် အစကတည်းက ပုံရိပ်ယောင် ဖြစ်လာခဲ့သူဖြစ်ပြီး ယခုအခါ သူသည် ရှေးဟောင်း အင်မော်တယ်များ၏ ခေတ်ကာလတွင် ရောက်ရှိနေကြောင်း အိုးယန် နားလည်သွားခဲ့ပေသည်။
သူ၏ အသုံးမကျသော စနစ် သည် လီတိုက်ပိုင် ၏ ကံကြမ္မာ ကို ပြောင်းလဲရန် သူ့ကို ရှေးဟောင်းခေတ်သို့ ပို့လွှတ်ခဲ့ခြင်း ဖြစ်လေသည်။
အတိတ်က အချိန်လိုင်း ကို သူ့အား ပြင်ဆင်စေရန် ဖြစ်ပေသည်။
စနစ် က သူ့ကို စစ်မှန်သောချီ တန်ဖိုးများသာ ပေးခဲ့သည်မှာ အံ့သြစရာ မဟုတ်ချေ။ အကယ်၍ စနစ် မရှိပါက သူသည် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်နေခဲ့လောက်ပေသည်။
သူ လင်းဖုန်း နှင့် တွေ့ဆုံချိန်တွင် စနစ် က ရှုပ်ထွေးသော ကုဒ်များကို ပြသခဲ့သည်မှာ အံ့သြစရာ မဟုတ်ချေ။
ဆိုလိုသည်မှာ လင်းဖုန်း သည် အချိန်လိုင်း ၏ အပြင်ဘက်မှ အရာတစ်ခု ဖြစ်လေသည်။
ကမ္ဘာကြီး၏ အချိန်လိုင်း ကို ကျော်လွန်နေသောအရာ တစ်ခုကို စနစ် က လုံးဝ မပြသနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သောက်ကျိုးနည်း... ဆိုလိုသည်မှာ မိမိ၏ စနစ် တွင် ကြီးမားသော ပြဿနာ တစ်ခု သေချာပေါက် ရှိနေသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်...
ထို့ပြင် ကြီးမားသော နောက်ခံ ရှိသည့် ကတ် တစ်ကတ်ပင် ဖြစ်ပေသည်...
အိုးယန်သည် သူ၏ အရှေ့ရှိ ဓားအိမ်ကို ကြည့်လိုက်ရာ သူ၏ စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး ဓားအိမ် ကို ခြေကန်လိုက်ရာ သူ၏ ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောချီ စတစ်ခုမှာ ချက်ချင်း ပျောက်ကွယ်သွားလေ၏။
"ဒုတ်... ဒုတ်..."
ကောင်းကင်နှင့် မြေကြီးကြားတွင် ဧရာမ နှလုံးခုန်သံ ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
နှလုံး တစ်ခုက အိုးယန်၏ အရှေ့တွင် ပေါ်လာခဲ့လေ၏။
ထို နှလုံးမှာ လီတိုက်ပိုင် ၏ အပြစ်ကင်းစင်သော ဓားနှလုံးသား ပင် ဖြစ်လေသည်။
ထိုအရာက အိုးယန်ကို မြင်နိုင်သည့်အလား အပြစ်ကင်းစင်သော ဓားနှလုံးသား သည် ပျော်ရွှင်မှုများကို ဖြာထွက်နေပေသည်။
"ဒီလို ဖြစ်ခဲ့တာလား..."
အိုးယန်က ပြုံးလိုက်ပြီး လက်ချောင်းကို မြှောက်ကာ ထို အပြစ်ကင်းစင်သော ဓားနှလုံးသား ကို ညွှန်ပြလိုက်လေ၏။
အိုးယန်က တိုးညှင်းစွာ ပြောဆိုလိုက်ပေသည်။
"ဂျူနီယာညီလေးတို့... အနာဂတ်မှာ မင်းတို့ကို ငါ စောင့်နေမယ်..."
… …
အခန်း ၁၃၈ - ဓားနတ်ဆိုး
ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် အလျင်အမြန် နောက်ဆုတ်သွားပြီး အိုးယန်သည် အချိန်နှင့် လေဟာနယ်ဟင်းလင်းပြင် ၏ ဖရိုဖရဲ စီးဆင်းမှုတစ်ခုထဲတွင် ရပ်နေရသကဲ့သို့ ခံစားလိုက်ရကာ သူ၏ မျက်လုံးများ အရှေ့ရှိ အရာအားလုံးသည် အလင်းတန်းများ ထပ်မံ ဖြာထွက်သွားပြန်လေသည်။
သူ ပြန်လည် ပေါ်လာချိန်တွင် အိုးယန်သည် တက်လှမ်းခြင်းဓားစင်မြင့် ၏ အရှေ့သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
အိုးယန် အဘယ်ကြောင့် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေရသနည်း ဟု တွေးကာ ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့သည် သူ့ကို စူးရဲစွာ စိုက်ကြည့်နေကြလေ၏။
အိုးယန်သည် နှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားချက်တစ်ခု ရရှိခဲ့ပြီး အချိန်အကြာကြီး ကုန်လွန်သွားသကဲ့သို့ ခံစားခဲ့ရကာ သူသည် လီတိုက်ပိုင် ၏ ဘဝ တစ်လျှောက်လုံးတွင် အတူတကွ ဖြတ်သန်းရင်း အချိန်များစွာကို အသုံးပြုခဲ့ကာ သူ၏ အသက် ငါးဆယ် ကို ကုန်ဆုံးခဲ့ရလေ၏။
သို့ရာတွင် ချန်ချန်ရှန်းနှင့် ပိုင်ယွီတို့၏ မျက်လုံးထဲတွင်မူ အိုးယန်သည် မလှုပ်မယှက် ဖြစ်နေခဲ့ပေသည်။
အဖြူရောင် ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသော ပိုင်ယွီကို ကြည့်ရင်း သူသည် အိုးယန်၏ မှတ်ဉာဏ်များထဲမှ လီတိုက်ပိုင် နှင့် ပေါင်းစပ်သွားသကဲ့သို့ ခံစားလိုက်ရလေ၏။
လီတိုက်ပိုင် ၏ ပုံပန်းသဏ္ဍာန်နှင့် အသံတို့သည် သူ၏ အရှေ့ရှိ ပိုင်ယွီနှင့် ဖြည်းညင်းစွာ ထပ်တူကျသွားပေသည်။
ဤသည်မှာ တကယ်ကို အံ့သြဖွယ်ကောင်းလှပေသည်။
အိုးယန်သည် သူ၏ ခြေထောက်ကို မြှောက်ကာ တက်လှမ်းခြင်းဓားစင်မြင့် ပေါ်သို့ တက်လိုက်ပြီး နောက်တစ်စက္ကန့်တွင် သူသည် ခြေတစ်လှမ်းတည်းဖြင့် ထိပ်ဆုံးသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။
သူသည် ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့၏ ဘေးတွင် ရပ်နေလိုက်သည်။
"သောက်ကျိုးနည်း..."
ပိုင်ယွီနှင့် ချန်ချန်ရှန်းတို့သည် သူတို့၏ အရှေ့ရှိ အိုးယန်ကို ဝေခွဲမရသော အမူအရာများဖြင့် ကြည့်လိုက်ကြလေ၏။ သူတို့၏ အမြင်တွင် အိုးယန်သည် ခြေတစ်လှမ်းသာ လှမ်းခဲ့သော်လည်း သူတို့၏ အရှေ့သို့ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
တက်လှမ်းခြင်းဓားစင်မြင့် ၏ အဆင့် ကိုးဆယ့်ကိုး ဆင့်သည် ဓားကျင့်ကြံသူ ကိုးဆယ် ရာခိုင်နှုန်းကို ဖယ်ရှားပြီး ဖြစ်လေ၏။
သောင်းနှင့်ချီသော ဓားကျင့်ကြံသူများသည် ပင်ပန်းနွမ်းနယ်မှုကြောင့် ဖယ်ရှားခံခဲ့ရပြီး ယခုအခါ လူထောင်ဂဏန်း သာ တက်လှမ်းခြင်းဓားစင်မြင့် ၏ ထိပ်တွင် ရပ်နေကြပေသည်။
လေလွင့်ကျင့်ကြံသူများထဲတွင် ဤ လူထောင်ဂဏန်း သည် အလွန် လေးစားခံရသော ပါရမီရှင်များ ဖြစ်ကြသော်လည်း ပါရမီရှင်များပင်လျှင် တက်လှမ်းခြင်းဓားစင်မြင့် ၏ အလွှာ ကိုးဆယ့်ကိုး လွှာကို တက်ရောက်ပြီးနောက် သူတို့၏ စစ်မှန်သောချီများ ကုန်ခမ်းသွားခဲ့ပြီး ပြန်လည် နာလန်ထူရန် ခြေချိတ်ထိုင် ကျင့်ကြံနေကြရလေ၏။
တက်လှမ်းခြင်းဓားစင်မြင့် ကို ဖြတ်သန်းပြီးနောက် လူတိုင်းသည် စစ်မှန်သောချီ ကို ပြန်လည် အသုံးပြုနိုင်ပြီဖြစ်ရာ သူတို့သည် သူတို့၏ ခွန်အားကို အတတ်နိုင်ဆုံး ပြန်လည် ပြည့်ဝလာစေရန် အချိန်ကို သဘာဝကျကျ အသုံးချခဲ့ကြခြင်း ဖြစ်သည်။
"ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့လား..."
အိုးယန်က သူ၏ မျက်နှာကို အကြောင်းပြချက် မရှိဘဲ စမ်းသပ်လိုက်ပြီး စကားနားမထောင်သော ညီငယ် နှစ်ဦးက သူ့ကို အဘယ်ကြောင့် ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေလေ၏။
"စီနီယာအစ်ကို... အစ်ကို ဘယ်လို အပေါ်ကို တက်လာခဲ့တာလဲ..." ချန်ချန်ရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ပေသည်။
"မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား... သေချာပေါက် ငါ လမ်းလျှောက် တက်လာတာပေါ့..."
အိုးယန်က မျက်လုံးလှန်ပြကာ ပြောဆိုလိုက်လေ၏။
ပိုင်ယွီသည် အိုးယန်၏ သဘာဝကျသော အမူအရာကို ကြည့်ကာ အတွေးနက်သွားပြန်လေ၏။
စီနီယာအစ်ကို က ချီစုဆောင်းခြင်းအဆင့် တွင်သာ ရှိနေသော်လည်း သူက အမှန်တကယ်တော့ ဓားတာအို ပါရမီရှင် တစ်ယောက် ဖြစ်နေတာလား။
ရယ်စရာကောင်းသော အတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပိုင်ယွီက ချက်ချင်း ခေါင်းခါလိုက်လေ၏။
စီနီယာအစ်ကို သည် ဓားပညာ ကို မသင်ယူဖူးသူ တစ်ဦး မဟုတ်ချေ။ သူသည် ဓားကျင့်ကြံသူ တစ်ဦး ဖြစ်လာရန်အတွက် သုံးရက်တိတိ ဓားပညာရပ်များ ကို ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ဖူးလေ၏။
သို့ရာတွင် နောက်ဆုံး၌ သူသည် သူ၏ ပေါင်ကို မတော်တဆ ထိုးမိသွားခဲ့ပြီး ချက်ချင်းပင် စိတ်ဓာတ်ကျကာ ကျိန်ဆဲရင်း နောက်ဆုံးတွင် အရှုံးပေးလိုက်လေ၏။
ပိုင်ယွီ၏ အမြင်တွင် စီနီယာအစ်ကို ၏ ဓားတာအို ပါရမီ မှာ အလွန် ဆိုးရွားလှပြီး ဤမျှ ဆိုးရွားသော ဓားတာအို ပါရမီ ရှိသည့် ကျင့်ကြံသူ မျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ဟုပင် ပြောနိုင်ပေသည်။
ဓားတာအို ကို မကျင့်ကြံသော ချန်ချန်ရှန်းပင်လျှင် ဓားချီ ကို ပေါ့ပေါ့ပါးပါး ထုတ်လွှတ်နိုင်သေး၏။
စီနီယာအစ်ကို သည် သုံးရက်တိတိ ကြိုးကြိုးစားစား လေ့ကျင့်ပြီးနောက် သူ၏ ကိုယ်ပိုင် ပေါင်ကိုပင် ဒဏ်ရာရအောင် လုပ်နိုင်သေးသည်။
စီနီယာအစ်ကို က ဘယ်လိုလုပ် တက်လှမ်းခြင်းဓားစင်မြင့် ၏ အလွှာ ကိုးဆယ့်ကိုး လွှာကို ခြေတစ်လှမ်းတည်းဖြင့် တိုက်ရိုက် တက်ရောက်နိုင်ခဲ့သနည်း။
ဥပဒေသ ကို ကနဦး ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော သူပင်လျှင် ဤ တက်လှမ်းခြင်းဓားစင်မြင့် ကို တစ်ဆင့်ချင်း တက်ခဲ့ရလေ၏။
ထိုအရာမှာ ကြီးမားကျယ်ပြန့်သော စစ်မှန်သောချီ ကြောင့် ဖြစ်ပေါ်လာသည့် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲ တစ်ခု ဖြစ်နိုင်ပါသလား...
လောလောဆယ်တွင် ဤ အကြောင်းပြချက် တစ်ခုတည်းကသာ ယုံကြည်နိုင်စရာ ရှိပုံ ရလေ၏။
တစ်ချိန်တည်းမှာပင် သူ၏ ဘေးရှိ ချန်ချန်ရှန်းသည် အောင်ပွဲခံနေသော အိုးယန်ကို လေးစား အားကျစွာ ကြည့်လိုက်ပြီး ချီးကျူးလိုက်ပေသည်။
"စီနီယာအစ်ကို သည် ထူးကဲသော ပါရမီ ရှိလှပေသည်..."
ချန်ချန်ရှန်း၏ မြှောက်ပင့်မှု ကို ရင်ဆိုင်ရချိန်တွင် အိုးယန်သည် လက်ကို ဝှေ့ယမ်းကာ အားလုံးကို ပြုံးလျက် လက်ခံလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေ၏။
ဤနေရာသည် ရင်ပြင် ငယ်လေးတစ်ခု ဖြစ်ပြီး ရင်ပြင် ၏ အဆုံးစွန် နေရာတွင် နန်းတော် ၏ ပင်မ တံခါး ရှိနေသည်။
ရင်ပြင် တစ်လျှောက်တွင် ဖရိုဖရဲ ပြန့်ကျဲနေသော ကျင့်ကြံသူ အားလုံးသည် မတ်တတ်ရပ်ရန် မခိုင်မြဲပုံ ရပြီး မျက်နှာများ ဖြူရော်နေကာ လုံးဝ ပင်ပန်းနွမ်းနယ်နေကြလေ၏။
သူတို့သည် ချင်းယွင်ဂိုဏ်း ၏ ပြစ်ဒဏ်ပေး တောင်ထိပ် မှ စီနီယာအစ်ကိုကြီးများ၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် သုံးရက် သုံးည တိုင်တိုင် မရပ်မနား ဓားဖြင့် တိုက်ခိုက်ခဲ့ရသည့်အလား ဖြစ်နေပေသည်။
အိုးယန်၏ အကြည့်သည် အပြာရောင် ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်ဦးအပေါ်တွင် ရပ်တန့်သွားရာ သူသည် အခြားသူ မဟုတ်ဘဲ လူစုကွဲသွားခဲ့သော ကျောက်ချီယန်စွန်း ပင် ဖြစ်နေလေသည်။
ဤအခိုက်အတန့်တွင် ကျောက်ချီယန်စွန်း ၏ မျက်နှာမှာလည်း ဖြူရော်နေပြီး အလွန်အမင်း ကုန်ခမ်းသွားသော သူ၏ စစ်မှန်သောချီများကို ပြန်လည် ပြည့်ဝလာစေရန် ခြေချိတ်ထိုင်နေပေသည်။
အိုးယန်သည် အလျင်အမြန် လျှောက်သွားကာ ကျောက်ချီယန်စွန်း ၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ရင်းနှီးစွာ ပြောဆိုလိုက်လေ၏။
"မင်း လုပ်နိုင်သေးလား... ခွေးလေး..."
အိုးယန်၏ အသံကို ကြားလိုက်ရသဖြင့် ကျောက်ချီယန်စွန်း သည် မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ ဤ ကံဆိုးစေသောသူ အိုးယန်သည် သူ၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ရွှင်လန်းစွာ ပြုံးနေသည်ကို တွေ့လိုက်ရပေသည်။
ကျောက်ချီယန်စွန်း သည် အလျင်အမြန် မတ်တတ်ရပ်ကာ ထွက်သွားချင်နေခဲ့လေ၏။ ယခု အိုးယန်ကို မြင်လိုက်ရသဖြင့် သူသည် တတ်နိုင်သမျှ ဝေးဝေးသို့သာ သွားချင်နေတော့ပေသည်။
သူသည် အိုးယန်နှင့် နာရီအနည်းငယ်သာ အတူတကွ ရှိနေခဲ့သော်လည်း အိုးယန်သည် သူ၏ နှလုံးသားကို ကြောက်ရွံ့မှုကြောင့် ခုန်ပေါက်လာအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်လေ၏။ သူနှင့် ဤလူငယ်သည် လုံးဝ အဆင်မပြေနိုင်ချေ။
သို့ရာတွင် သူ့ကိုယ်သူ အပြစ်တင်၍ မရနိုင်ချေ။ အိုးယန်နှင့် နေ့တိုင်း နေထိုင်ရမည်ဆိုလျှင် လူတစ်ယောက်၏ ကံကြမ္မာ သည် မည်မျှပင် ကြမ်းတမ်းမည်ကို ကျောက်ချီယန်စွန်း စိတ်ကူးပင် မယဉ်နိုင်ချေ။
ကျောက်ချီယန်စွန်း ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် အိုးယန်က လက်လှမ်းကာ ကျောက်ချီယန်စွန်း ၏ အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး ရယ်မောလျက် ပြောဆိုလိုက်လေ၏။
"အစ်ကို ကျောက်... ဘာလို့ ပြေးဖို့ကြံနေရတာလဲ ... ငါတို့ ညီအစ်ကို နှစ်ယောက်က ချက်ချင်း ရင်းနှီးသွားတာကိုကို... အချိန်တစ်ခု ရှာပြီး လက်ဖက်ရည် သောက်ရင်း စကားပြောကြမယ်ဆို ဘယ်လိုလဲ..."
‘မင်းနဲ့ လက်ဖက်ရည် သောက်ချင်တဲ့သူက သရဲပဲ ဖြစ်လိမ့်မယ်’
ကျောက်ချီယန်စွန်း သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း အတင်းအကျပ် ပြုံးကာ ပြောဆိုလိုက်ပေသည်။
"နောက်နေ့မှပါ... နောက်နေ့မှပါ..."
သို့ရာတွင် အိုးယန်က လုံးဝ လွှတ်မပေးခဲ့ချေ။ အချိန်လိုင်း ကို ပြင်ဆင်ရန် စနစ် ၏ ရှေးဟောင်းခေတ်သို့ ကူးပြောင်းခြင်း ခံရပြီးနောက် အိုးယန်သည် သူ၏ ပြဿနာတက်နေသော စနစ် တွင် ကြီးမားသော ပြဿနာများ သေချာပေါက် ရှိနေကြောင်း သိရှိသွားခဲ့ပြီ ဖြစ်လေသည်။
ယခုအခါ သူ၏ ပထမဆုံး ကနဦး တာဝန် တွင် ကံကြမ္မာရဲ့ သားတော် တစ်ယောက်သာ လိုအပ်တော့လေ၏။ ကျောက်ချီယန်စွန်း အပေါ် သူ၏ ပထမဆုံး အမြင်မှာ သိပ်မကောင်းလှသော်လည်း...
ထိုအချက်က သူ့ကို တာဝန် အရေအတွက် ပြည့်မီစေရန် ကျောက်ချီယန်စွန်း ကို အသုံးချခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
မည်သို့ပင်ဆိုစေ ကံကြမ္မာရဲ့ သားတော်များသည် အမှန်တကယ် တွေ့ရခဲလှပေသည်။ သူ၏ အရှေ့ရှိ ကျောက်ချီယန်စွန်း သာ ထွက်ပြေးသွားပါက သူ နောက်ထပ် တစ်ယောက်နှင့် မည်သည့်အချိန်တွင် ပြန်လည် ဆုံတွေ့မည်ကို မည်သူ သိနိုင်မည်နည်း။
ပထမဆုံးအနေဖြင့် သူသည် စနစ် ၏ ကနဦး တာဝန် ကို ပြီးမြောက်အောင် လုပ်ရမည်။ ထို့နောက် စနစ် တွင် မည်ကဲ့သို့သော မသမာသည့် လုပ်ဆောင်ချက်များ ရှိနေသနည်း ဆိုတာကို ကြည့်ရှုပြီးနောက် သူ့အပေါ်ရှိ ဤ စနစ် ကို ဖယ်ရှားရန် နည်းလမ်း ရှာရမည် ဖြစ်သည်။
သူ ဤသို့ တွေးလေလေ ကျောက်ချီယန်စွန်း အပေါ် အိုးယန်၏ အကြည့်များမှာ ပိုမို စိတ်အားထက်သန်လာလေလေ ဖြစ်ပြီး အိုးယန်၏ အကြည့်များ ပိုမို စိတ်အားထက်သန်လာလေလေ ကျောက်ချီယန်စွန်း မှာ ပိုမို ထိတ်လန့်လာလေလေ ဖြစ်ပေသည်။
အဘယ်ကြောင့် ဤလူငယ်၏ မျက်လုံးများက ယုန် တစ်ကောင်ကို ကြည့်နေသော ကျား တစ်ကောင်၏ မျက်လုံးများနှင့် တူနေရသနည်း။
မဖြစ်ချေ... ငါ သွားမှ ဖြစ်မည်။
ကျောက်ချီယန်စွန်း သည် လက်ဟန် သင်္ကေတများကို ဖန်တီးကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သော်လည်း အစီအရင် တစ်ခုက သူ၏ ခြေရင်းမှ မြင့်တက်လာပြီး သူ၏ မန္တန် ကို ချက်ချင်း နှောင့်ယှက်ပစ်လိုက်လေသည်။
"ဒါက ဘာကြီးလဲ... စိတ်ဝိညာဉ် ဖျက်ဆီးရေး ဝင်္ကပါ လား..."
ကျောက်ချီယန်စွန်း သည် သူ၏ ခြေရင်းရှိ သဲ့သဲ့မျှ မြင်ရသော အစီအရင် ကို ကြောက်လန့်တကြား ကြည့်လိုက်ပေသည်။
" စီနီယာအစ်ကို... ငါရဲ့ စီနီယာအစ်ကို က အရမ်း စိတ်အားထက်သန်နေတာကို... အစ်ကိုက ထွက်သွားချင်တာလား..."
ချန်ချန်ရှန်းသည် အိုးယန်၏ အနောက်မှ ထွက်လာပြီး သူ၏ အရှေ့ရှိ ကျောက်ချီယန်စွန်း ကို ကြည့်ကာ ပြုံးလျက် ပြောဆိုလိုက်လေ၏။
"မည်သည့်အချိန်က... စိတ်ဝိညာဉ် ဖျက်ဆီးရေး ဝင်္ကပါ တစ်ခုကို သူ မသိလိုက်ဘဲ သူ၏ပတ်လည်တွင် မည်သို့ တည်ဆောက်ထားနိုင်ရသနည်း..."
ရုတ်တရက် ကျောက်ချီယန်စွန်း ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ အလွန် သေးငယ်သော စစ်မှန်သောချီ တစ်ခုက သူ၏ ဆံပင်ကို ဖြတ်တိုက်သွားလေ၏။
ကျောက်ချီယန်စွန်း ၏ မျက်နှာအမူအရာမှာ လေးနက်လာခဲ့ပေသည်။ သူသည် ပြုံးနေသော ချန်ချန်ရှန်းကို ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောဆိုလိုက်လေ၏။
"မင်းက ဘယ်သူလဲ... ဘာလို့ ငါ့ရဲ့ ဆံပင်ကို ယူချင်ရတာလဲ..."
ချန်ချန်ရှန်းသည် ကျောက်ချီယန်စွန်း ကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်ပေသည်။ ဤသည်မှာ သူ၏ ပထမဆုံး လွဲချော်မှု ပင် ဖြစ်လေ၏။ ရွှေအမြုတေဖြစ်တည်ခြင်းအဆင့် တွင်သာ ရှိသေးသော ပြိုင်ဘက်က ဤမျှ အကင်းပါးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ချန်ချန်ရှန်းသည် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပေသည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ရုပ်သေးရုပ် ခြောက်ခုက ကျောက်ချီယန်စွန်း နှင့် အိုးယန်တို့ကို ချက်ချင်း ဝိုင်းရံလိုက်လေ၏။ ချန်ချန်ရှန်းက ကျောက်ချီယန်စွန်း ကို ကြည့်ကာ ပြောဆိုလိုက်ပေသည်။
"ကြည့်ရတာ ငါရဲ့ စီနီယာအစ်ကို မှာ ပြောစရာ စကားရှိနေသေးပုံရတယ် ... မထွက်သွားခင် ခဏလောက် စောင့်ပေးပါ့လား..."
ကျောက်ချီယန်စွန်း သည် သူ့ပတ်လည်တွင် ရုတ်တရက် ပေါ်လာသော ကျင့်ကြံသူ ခြောက်ဦးကို ကြည့်လိုက်ရာ သူတို့၏ အရှိန်အဝါ က အခြေတည်စဝိညာဉ်အဆင့် သို့ ဝင်ရောက်ပြီးဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပေသည်။ သူ ချက်ချင်းပင် ချွေးများ ထွက်လာပြီး ထိတ်လန့်နေသော အမူအရာဖြင့် နားလည်မှုလွဲခြင်းကို ရှင်းပြရန်ပါးစပ်ဟလိုက်တော့မည့်ဆဲဆဲတွင်...
ဤအခိုက်အတန့်တွင် ရင်ပြင် ၏ အဆုံးစွန် နေရာရှိ တင်းကျပ်စွာ ပိတ်ထားသော နန်းတော် ၏ ပင်မ တံခါး သည် ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ ပေါက်ကွဲပွင့်ထွက်သွားလေသည်။
စူးရှသော အော်ဟစ်သံ အချို့ ထွက်ပေါ်လာခဲ့ပေသည်။
ဓားကျင့်ကြံသူ တစ်ဦးသည် သူ၏ ဓားပေါ်တွင် ဖရိုဖရဲ ပျံသန်းထွက်လာပြီး ပြန်လည် နာလန်ထူနေကြဆဲဖြစ်သော ဓားကျင့်ကြံသူ များကို ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်...
"ဓားနတ်ဆိုး... ဒါက ဓားနတ်ဆိုး ပဲ... ပြေးကြတော့..."
ဖူး...
ထို ကျင့်ကြံသူ စကားပြော၍ မဆုံးမီမှာပင် သွေးကဲ့သို့ နီရဲသော ဓားချီ တစ်ခုက နန်းတော် ထဲမှ ဆန့်ထွက်လာပြီး သူ၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားလေ၏။
ယခုလေးတင် ဘေးကင်းရာသို့ ထွက်ပြေးလွတ်မြောက်လာခဲ့သော ကျင့်ကြံသူ သည် ချက်ချင်းပင် သကြားလုံး ကဲ့သို့ ဖြစ်သွားပြီး သွေးကဲ့သို့ နီရဲသော ဓားချီ သည် ရေဘဝဲလက်တံ တစ်ခုကဲ့သို့ ထို ကျင့်ကြံသူ ကို နန်းတော် ထဲသို့ ပြန်လည် ဆွဲသွင်းသွားတော့လေသည်။