ခင်ဗျား မြည်းစမ်းရစေရမယ်
Vol. 86-89 Ch. 1300
မြေဆီလွှာ အက်ကွဲကာ ကောင်းကင်တစ်ခုလုံး တုန်ခါလာ၏။ ယဲ့ဖန်၏ လက်သီးချက်တိုင်းတွင် ကြောက်စရာ ကောင်းသော စွမ်းအင်များ ပါဝင်နေသည်။ ယဲ့ဖန်၏ လက်သီးချက်က လေကိုခွင်း၍ အောက်ဘက်သို့ ထိမှန်လာသည်။
မကြာခင်မှာပင် ဝမ်ယွဲ့တောင်ထိပ်ပေါ်၌ တွင်းချိုင့်များ ပွထလာလေသည်။
*ချီးပဲ*
တောင်တစ္ဆေနှင့် အခြားသူများ စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲနေမိသည်။ သူတို့အားလုံး ကြက်သီးတဖြန်းဖြန်း ထနေကြပြီး သေမတတ် ကြောက်လန့်နေသည်။
ထိုအခိုက်တွင် သူတို့အားလုံးသည် ဤပြင်းထန်သော တိုက်ခိုက်မှုတွင် မလွတ်မကင်း ဖြစ်မည်စိုး၍ ထွက်ပြေးကြ လေသည်။
သူတို့ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကမ္ဘာပျက်ကိန်းဆိုက်သည့်နေ့အား မြင်လိုက်ရသလို ဖြစ်သွားပြီး ယဲ့ဖန်ကို ကြည့်နေသော လူတိုင်း၏ အကြည့်၌ ကြောက်စိတ်များ ဖုံးလွှမ်းနေသည်။
ထိုအချိန်မှာပင် ဒုတိယဘိုးဘေးသည် ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး သူ၏ ရွှေရောင်ခန္ဓာကိုယ်က တောင်ထိပ်ပေါ်၌ တွင်းချိုင့်ဖြစ်သွားသည်အထိ ကျဆင်းလာသည်။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ ပြန်လည်၍ တက်လာသော်လည်း သူ့ကိုယ်သူ ယဲ့ဖန်နှင့် ခပ်ခွာခွာဖြစ်ရန် ကြိုးစားနေရသည်။
သို့သော် ထိုအရာအားလုံးက အချည်းနှီးပင်။ ဤနတ်ဆိုးဆန်သော လူက အလွန်အမင်း ရူးသွပ်နေလေပြီ။ ဤမြင်ကွင်းက လူတိုင်းကို ချောက်ချားသွားစေသည်။ ဒုတိယဘိုးဘေးသည် အားမရှိတော့သည်အထိ ထိုးနှက်ခံ ထားရပြီး ကြွေထည်ကဲ့သို့ ဆက်တိုက် အက်ကွဲပျက်စီးနေလေပြီ။
“မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး၊ ငါ့ခန္ဓာကိုယ်ကို နတ်ဆိုးစွမ်းအင်နဲ့ သန့်စင်ထားပြီးလို့ တာအိုစွမ်းအင် ဘက်တောင် ပြောင်းလဲပြီးနေပြီ၊ တာအိုလမ်းစဉ်နဲ့လည်း ပေါင်းစပ်ပြီးပြီ၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ဒုတိယဘိုးဘေးသည် မယုံကြည်ုနိင် ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်သည် အလွန်အမင်း သန်မာပြီး များစွာသော နတ်ဆိုးစွမ်းအင်များ ကိန်းအောင်းနေ၏။ ဆဲလ်တိုင်းတွင် တာအိုသင်္ကေတများ ရေးထိုးထားပြီး ထူးဆန်းသော တာအိုစွမ်းအင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲထားပြီးသား ဖြစ်လေသည်။
သို့သော် သူ၏ တာအိုခန္ဓာကိုယ်က ယဲ့ဖန်၏ လက်သီးချက်အောက်၌ ဘာမှမဟုတ်သလို အသာလေး ဖျက်ဆီးခံ လိုက်ရသည်။ မယုံနိုင်စရာပင်၊ မယုံနိုင်စရာ ကောင်းလွန်းလှသည်။ သူ၏ အသန်မာဆုံးနယ်ပယ်၌ ယဲ့ဖန်ထံတွင် အသာလေး အနိုင်ယူခံလိုက်ရလေသည်။
“နတ်ဆိုးဟုတ်လား၊ တကယ့် နတ်ဆိုးက ဘာလဲ မင်းသိအောင် ပြရတာပေါ့”
ယဲ့ဖန်သည် လေဟာနယ်တွင်း၌ တစ်လှမ်းချင်း လျှောက်လှမ်းလာပီး မျက်လုံးများက အေးစက်လာသည်။ အနက်ရောင် အခိုးအငွေ့များက သူ့ကို ဗဟိုပြု၍ ဘေးသို့ ပျံ့လွင့်လာ၏။
၎င်းသည် အနက်ရောင် သမုဒ္ဒရာသဖွယ် ကောင်းကင်နှင့် နေမင်းကို ဖုံးအုပ်ကာ ရှုကျိုးတစ်ခုလုံးကို လွှမ်းခြုံ သွားသည်။ ထိုအခိုက်တွင် ရှုကျိုးနယ်မြေတစ်ခုလုံး အမှောင်ကျသွားသည်။ လူတိုင်း လေအေး ရှူရှိုက်မိလာပြီး ခေါင်းမွေးထောင်လာကြသည်။
နတ်ဆိုးဖိအား အရှိန်အဝါများ ပျံ့လွင့်နေလေသည်။ ယဲ့ဖန်သည် အချိန်တစ်ခဏလေးအတွင်း ရှုကျိုးနယ်မြေ တစ်ခုလုံးအား အမှောင်တိုက် သွင်းလိုက်လေတော့သည်။ ဤနည်းလမ်းက တကယ်ပင် မယုံနိုင်စရာ ကောင်းလွန်းလှသည်။
ဒုတိယဘိုးဘေး နေရာမှာတင် မှင်တက်မိနေပြီး တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ယင်နေသည်။ ဤအဆုံးအစ မဲ့သော နတ်ဆိုးစွမ်းအင်က သူ့အား တုန်လှုပ်အောင် ပြုလုပ်နေလေသည်။
ဤနတ်ဆိုးစွမ်းအင်အား မိစ္ဆာမျှော်စင်တွင်းမှ နတ်ဆိုးမိစ္ဆာများ၏ စွမ်းအင်များ ပေါင်းလိုက်လျင်တောင်မှ မယှဉ်နိုင်ပါ။ ကြီးမားလွန်းသည်။ ဤသည်ကမှ ကြီးမားသော နတ်ဆိုးစွမ်းအင်ပင်။
လူတိုင်း ကြက်သီးထကာ မျက်မှောင်ကြုတ်နေသည်။ တစ်လောကလုံး မည်းမှောင်နေသဖြင့် သက်ရှိလောကသို့ ငရဲ ရောက်လာသည်ဟု ထင်မှတ်မှားရ၏။
ထိုအခိုက်တွင် မိစ္ဆာမျှော်စင်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ သေချာ နားထောင်ကြည့်မည်ဆိုလျင် မိစ္ဆာနတ်ဆိုးများ၏ အော်ဟစ် ညည်းတွားသံများ ဖြစ်နေသည်ကို သိရပေလိမ့်မည်။
“ဘာဖြစ်တာလဲ၊ မိစ္ဆာမျှော်စင်ထဲက မိစ္ဆာတွေ ဆူညံနေပါလား”
“ဒီလိုအသံမျိုး သူတို့ တစ်ခါမှ မလုပ်ဖူးပါဘူး၊ ဘာတွေ ဖြစ်နေတာပါလိမ့်”
မိစ္ဆာမျှော်စင်နှင့် ဆယ်မိုင်အကွာ၌ နေထိုင်သူများအားလုံး မယုံသင်္ကာ ဖြစ်ကာ မိစ္ဆာမျှော်စင်သို့ လှမ်းကြည့်မိ နေကြသည်။ ထိုမိစ္ဆာနတ်ဆိုးများ ကြောက်လန့်နေကြကြောင်း သူတို့ ခံစားမိနေ၏။
“မင်းက ဘယ်လိုမိစ္ဆာမျိုးလဲ”
ဒုတိယဘိုးဘေး သွေးပျက်ကြောက်လန့်နေ၏။ သူ့ရှေ့မှ လူငယ်လေးသည် သူ ထင်မထားမိသည့် အတိတ်က ကလေးငယ် ဖြစ်ပေသည်။
သူသည် ကိုယ့်ကိုယ်ကိုယ် မိစ္ဆာမျှော်စင်တွင်း၌ နှစ်တစ်သောင်းကြာ တံခါးပိတ် နေထိုင်ခဲ့သည်။ သူ နတ်ဆိုးစွမ်းအင်ကို နေ့ရောညပါ ခံစားရသည်။ သူ အကြိမ်ပေါင်းများစွာ ညှို့ယူခံရသကဲ့သို့ ရူးမတတ် ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် သူ ထိုမိစ္ဆာနတ်ဆိုးစွမ်းအင်ကို အနိုင်ရခဲ့သည်။ ယဲ့ဖန်နှင့် မတွေ့ခင်အထိ ဤလောက၌ သူ့ကို အနိုင်ယူနိုင်မည့် နတ်ဆိုးများ မရှိတော့ဟု သူ ထင်ခဲ့မိသည်။
ထိုစဉ် ကြက်သီးထဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်က ဒုတိယဘိုးဘေး၏ ပခုံးပေါ် လက်တစ်ဖက်တင်၍ အားထည့်လိုက်သည်။
ထိုအခါ သူ၏ လက်သည် ချိတ်ကောက်သဖွယ် ဒုတိယဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားပြီးနောက် ဒုတိယဘိုးဘေးအား ကိုယ်နှစ်ခြမ်း ပြတ်သွားအောင် ဆွဲစုတ်လေတော့သည်။ အလွန် နားမချမ်းသာသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
“အား … အား …”
ထို့အတူ ဒုတိယဘိုးဘေး၏ သေခါနီးဝက်တစ်ကောင်ကဲ့သို့သော အော်သံလည်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။
*မိစ္ဆာမျှော်စင်ရဲ့ မျှော်စင်သခင်က ဒီနတ်ဆိုးဆီမှာ တကယ်ကြီး အသတ်ခံနေရပါလား*
ဤကျုံးကျိုးအင်ပါယာတွင်း၌ ဒုတိယဘိုးဘေး ရှိနေသည်မှာ နှစ်ပေါင်း မရေတွက်နိုင်အောင် ဖြစ်နေသော်လည်း ဤသို့သော ပြိုင်ဘက်မျိုးနှင့် တစ်ခါမှ ရင်မဆိုင်ဖူးပါ။ ယခု သူ လုံးဝ ရှုံးနိမ့်ကာ အသတ်ခံရလုနီးပါး ဖြစ်နေသည်။
*ဒီကောင်က တကယ့်မိစ္ဆာပဲ*
*သူ့ဆီမှာ ဘာတွေဖြစ်ခဲ့တာလဲ*
သူသည်သာမက ကျန်လူများအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။ လောကကို လွှမ်းမိုးနိုင်သည့် ပုဂ္ဂိုလ် တစ်ယောက်က ဤသို့ ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။
ယဲ့ဖန်က တစ်ယောက်တည်းနှင့် သူတော်စင်သခင်အဆင့် နှစ်ယောက်ကို တိုက်ခိုက်အနိုင်ယူခဲ့ပုံက မယုံနိုင် လောက်အောင် ကြောက်စရာကောင်းလှသည်။ ကျိုးချင်းရုံနှင့် ကျူးဝမ်ဟောင်တို့ မှင်တက်နေပြီး စိတ်ထဲ၌ မကောင်းသော ခံစားချက်များ ဖြစ်ပေါ်လာ၏။
“အရှင် ယဲ့ဘုရင်က မယုံနိုင်စရာပဲ၊ သူက သူတော်စင်သခင်အဆင့်တောင် ရောက်နေပြီ”
“ဟားဟားဟား … ခဏခဏ ထိတ်လန့်ရအောင် လုပ်သလို ခဏခဏ အမြင်ကျယ်လာရတယ်ကွာ၊ အရှင် ယဲ့ဘုရင်က တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်ပဲ”
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်၌ ဆူညံနေပြီး လူတိုင်း အံ့အားသင့်နေကြသည်။ သို့ရာတွင် ပို၍ ထိတ်လန့်ဖွယ် ကောင်းသော အဖြစ်က ရောက်လာရန် ကျန်နေသေး၏။
ယဲ့ဖန်သည် ဒေါသထွက်နေသော သားရဲတစ်ကောင်သဖွယ် တစ်စုံတစ်ယောက်အား ဝါးမျိုတော့မတတ် လက်သီးဖြင့် ဆက်လက် ထိုးနှက်လေသည်။ ပြင်းထန်လေးလံသော လက်သီးများက ဒုတိယဘိုးဘေးထံ ကျရောက် လာသည်။
မြေပြင်တစ်ခုလုံး ဆက်လက် အက်ကွဲလာကာ ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ ဒုတိယ ဘိုးဘေးသည် အထိုးခံရတိုင်း ဆက်တိုက် နောက်သို့ လွင့်ထွက်နေသည်။
ခန္ဓာကိုယ်မှ အစိတ်အပိုင်းတိုင်း ပျက်စီးလာပြီး သွေးများ ပန်းထွက်လာ၏။ ယဲ့ဖန်က သူ့ကို သဲအိတ်အဖြစ်သို့ မရောက်မချင်း သတ်ဖြတ်ခြင်းအား ရပ်တန့်မည့်ပုံ မပေါ်ပေ။ ဤမြင်ကွင်းက သွေးထွက်သံယိုများကာ ရက်စက် လှသည်။
ကျူးဝမ်ဟောင်နှင့် ကျိုးချင်းရုံတို့ ပြိုင်တူ တုန်ယင်နေပြီး မျက်နှာ ဖြူရော်လာကြသည်။
*ဒီလူရဲ့ လက်သီးက တာအိုစွမ်းအင်ကိုတောင် ချိုးဖောက်ပြီး မျှော်စင်သခင်ရဲ့ ကျင့်ကြံခြင်းကိုပါ ထိခိုက်အောင် လုပ်နိုင်တာပဲ၊ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုတည်းကို မှီခိုရုံနဲ့တင် ရက်ရက်စက်စက် သတ်နိုင်နေတာပဲ*
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မယုံနိုင်သော အကြည့်အောက်၌ ဒုတိယဘိုးဘေး၏ ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲ သွားလေသည်။
သို့သော် သူသည် ဒေါသထွက်နေသေးပုံပေါ်ပြီး အလောင်းရှိရာ နေရာအား အားနှင့် ဆက်လက် ထိုးနှက်နေသည်။ အသံက ပိုမိုကျယ်လောင်လာပြီး ကြောက်စရာကောင်းလာ၏။
သူသည် ရူးသွပ်နေဟန်ဖြင့် ဝမ်ယွဲ့တောင်ထိပ်တစ်ခုလုံး ပျက်စီးသည်အထိ ထိုးနှက်နေသဖြင့် တောင်ထိပ် တစ်ခုလုံး ပြိုကျသွားသည်။
ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော ဝမ်ယွဲ့တောင်ထိပ်သည် ယခု ယဲံဖန်၏ လက်သီးချက် များအောက်၌ ပြိုကျသွားလေပြီ။
ကြည့်နေသူတိုင်း၏ လေထုအခြေအနေက အေးခဲသွားပြီး လူတိုင်း ချောက်ချားကာ နဖူးမှ ချွေးစေးများ စီးကျလာသည်။
ဒုတိယဘိုးဘေးကို တစ်စစီဖြစ်အောင် ထိုးနှက်တိုက်ခိုက်နိုင်သဖြင့် ယဲ့ဖန်က မယုံနိုင်လောက်အောင် သန်မာမှန်း သိသာလှသည်။
ယဲ့ဖန် ဝမ်ယွဲ့တောင်ထိပ်တစ်ခုလုံးကို ပြိုကျပျက်စီးအောင် လုပ်နေပုံကို ကြည့်နေရင်းနှင့် နတ်ဆိုးတစ်ကောင်ကို ထိုင်ကြည့်နေမိသလို ခံစားရလာသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ လက်အောက်ငယ်သားများ ချက်ချင်း ကြောက်လန့်လာကြပြီး မျက်နှာပြာနှမ်းကာ ကတုန်ကယင် ဖြစ်လာကြသည်။
ယဲ့ဘုရင်၏ ခွန်အားက သူတို့ ထင်ထားသည်ထက် ကျော်လွန်နေသည်။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် တန်းတူ တည်ရှိနေသည့် လူတစ်ယောက်က ယဲ့ဖန်ထံ၌ အသတ်ခံလိုက်ရသည်။ ဤသည်က သူတို့အား စိတ်ဓာတ်ကျကာ မျှော်လင့်ချက် မဲ့သွားစေသည်။
“ယဲ့ဖန် မင်း ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တဲ့အတွက် မင်းကို ဓားတစ်သောင်းနဲ့ ခုတ်ဖြတ်ပစ်မယ်ကွ”
ရုတ်တရက် ကောင်းကင်ထက်တွင် သွေးအရိပ်တစ်ခု ဖွဲ့စည်းဖြစ်ပေါ်လာပြီး ယဲ့ဖန်အား မကျေနပ်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အံကြိတ်နေ၏။
ဒုတိယဘိုးဘေး၏ ခန္ဓာကိုယ်က ပျက်စီးသွားသော်လည်း သူ့၌ သူမတူသော စွမ်းအင်များ ရှိနေသောကြောင့် သွေးစွမ်းအင်နှင့် အသွင်တစ်ခု ပြောင်းလဲနိုင်ခဲ့သည်။ လက်ရှိတွင် သူ ရူးမတတ် ဖြစ်နေလေသည်။
“ငါ မင်းကို မိစ္ဆာမျှော်စင်မှာ စောင့်နေမယ်၊ မင်း မလာလို့ကတော့ ငါ မင်းရဲ့ ယုံကြည်သူအားလုံးကို အရှင်လတ်လတ် ယဇ်ပူဇော်ပစ်မယ်”
သူသည် အော်ဟစ် ကြုံးဝါးပြီးသည်နှင့် နေရာမှ ပျောက်ကွယ်သွားလေသည်။ မိစ္ဆာမျှော်စင်သို့ ပြန်ပြေးသွားမှန်း သိသာပေသည်။ ထိုနေရာသည် သူ၏ အိမ်ကွင်းဖြစ်ပြီး နတ်ဆိုးများ၏ အင်အားကို အသုံးချကာ ယဲ့ဖန်ကို ဝိုင်းတိုက်နိုင်ပေမည်။ ဤသည်ကိုမြင်သော် လူတိုင်း မှင်တက်သွားကြသည်။
*မျှော်စင်သခင် တကယ် ရှုံးသွားလို့ ရှက်ရှက်နဲ့ ပြန်ပြေးရပါလား*
ဤမြင်ကွင်းက လက်တွေ့မဆန်လွန်းသဖြင့် သူတို့ ယုံရခက်နေသည်။
“ခွေးသူခိုး”
ယဲ့ဖန် အေးစက်မောက်မာစွာ လှောင်ရယ်လေသည်။ သို့သော် သူ၏ အထင်အမြင်သေးသော အမူအရာက သူ့ယုံကြည်သူများကို ရူးမတတ် ဖြစ်သွားစေသည်။
“မင်းတို့ မြင်ပြီလား၊ ဒါ ယဲ့ဘုရင်ပဲ၊ လောကမှာ ကျော်ကြားနေတဲ့ မျှော်စင်သခင် ဖြစ်ရင်တောင်မှ သူ့မျက်လုံးထဲမှာ ဘောင်မဝင်ဘူးကွ”
“မျှော်စင်သခင်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်တယ်၊ ယဲ့ဘုရင်ရဲ့ နတ်ဆိုးခန္ဓာကိုယ်မှာ လောကမှာ ပြိုင်ဘက်ကင်းပဲ၊ ဘယ်သူ စိန်ခေါ်ရဲလဲကွ”
“ငါ့ဘုရင်က ကျောက်စိမ်းဧကရာဇ်နဲ့ အဆင့်အတူတူပဲကွ၊ သက်တော်ရာကျော် ရှည်ပါစေဗျို့”
တိုက်ရိုက်ထုတ်လွှင့်ခြင်းမှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်နေသည်။ ထိုစဉ် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထံသို့ ယဲ့ဖန် အကြည့်ရောက်လာသည်။
လူတိုင်း ကြောက်လန့်သွားသည်။
*ဒီကောင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနဲ့ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေတာလား*
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ မျက်နှာထား မည်းမှောင်သွားသည်။ ယဲ့ဖန်၏ မူလခန္ဓာကိုယ် အစစ်ကသာ တိုက်ခိုက်လာပါက သူ လုံးဝ ခုခံနိုင်မည် မဟုတ်ပါ။
*ဒီကောင်ကလည်း သူတော်စင်သခင်အဆင့် ဖြစ်နေတာကို ယုံရခက်တယ်*
*အင်ပါယာထဲမှာ ငါ မသိတဲ့ သူတော်စင်သခင်အဆင့်တစ်ယောက် ဘယ်လိုလုပ် ရှိနေတာလဲ*
*သူ ဘယ်ကနေ ပေါ်လာတာလဲ၊ ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ*
သို့သော် မထင်မှတ်ထားဘဲ ယဲ့ဖန်၏ မူလကိုယ်က နေရာ၌ မလှုပ်မယှက် ရပ်နေသည်။ လူတိုင်း ကြက်သေ သေသွားသည်။ ယဲ့ဖန်သည် ဝင်ပါရန် အစီအစဉ်မရှိဘဲ သူ၏ကိုယ်ပွားကိုသာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် တိုက်ခိုက်စေသည်။
*ဘယ်လိုတောင် မောက်မာတာလဲ*
*သူ့ကိုယ်ပွားက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ ကိုယ်ပွားကို အနိုင်ယူနိုင်မယ်လို့ တကယ် ထင်နေတာလား*
ဤသည်ကိုမြင်သော် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ မျက်နှာက ပို၍ မည်းမှောင်သွားသည်။ ရှုံးနိမ့်ခြင်းထက် ပို၍ အရှက်ကွဲရသော ခံစားချက်မှာ တစ်ဖက်လူက သူ့ကို အလေးမထားခြင်းပင် ဖြစ်လေသည်။
သူက မည်သူနည်း။ သူသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားဖြစ်ပြီး ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ် ဖြစ်သည်။ တစ်လောကလုံးက အံ့ဩလေးစားရသူ ဖြစ်လေသည်။ ယခု ယဲ့ဖန်က သူ့ကို အရှက်အရဆုံး နည်းလမ်းဖြင့် နင်းချေနေ၏။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ သွားများ ကြေလုမတတ် ဖြစ်လာပြီး သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
ရုတ်တရက် ယဲ့ဖန်ပြောခဲ့သော စကားတစ်ခွန်းကို သူ ပြန်သတိရသွားသည်။
“မင်းရဲ့ ရှုံးပွဲမရှိ ဒဏ္ဍာရီကို ဟာသဖြစ်အောင် လုပ်ပစ်မယ်”
“ငါ့ဘဝမှာ တစ်ခါမှ မရှုံးဖူးဘူး၊ ဒီနေ့လည်း အတူတူပဲကွ”
ထိုသို့ပြောပြီးနောက် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အရှိန်အဝါ နှင့်အတူ ဆာလောင်နေသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ ချက်ချင်း ပြေးတက်လာလေသည်။
သူ အဘယ်စကားကိုမှ ဆိုမနေတော့ဘဲ ယဲ့ဖန်၏ နဖူးအား ပြင်းထန်သော လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဤလက်သီးချက်သည် ကောင်းကင်ယံကိုပင် ဖောက်ခွဲနိုင်လောက်သည်ဟု ထင်မှတ်ရသည့် အရှိန်ဖြင့် ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်။
ထိုစဉ် ယဲ့ဖန်က ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်သည်။
“ဒီနေ့ မင်းကို ရှုံးနိမ့်ခြင်း အရသာကို မြည်းစမ်းခိုင်းမယ်”