လေနန်းဆောင်
Vol. 57 Ch. 786
ဇူယွမ် ခန်းမထဲမှ ထွက်ခွာလာသည်ကို မြင်တွေ့ရသည်နှင့် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသော ရိယန်နှင့် ရိချိုးရွှယ်တို့နှစ်ဦး အနားသို့ ရောက်ရှိလာသည်။
"ဇူယွမ်...ဘာဖြစ်တာလဲ။ ချီကျင့်သခင်မက တကယ်ပဲ ရှင့်ကို လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်နေရာ ပေးလိုက်တာလား။" ရိချိုးရွှယ်မှ အလောကြီးစွာ မေးမြန်းလိုက်သည်။
ရိယန်မှာ မုတ်ဆိတ် တပွတ်ပွတ်ဖြင့် ဇူယွမ်ထံမှ အကြည့်မခွာနိုင် ဖြစ်နေရသည်။
"ချီကျင့်သခင်မက ခုနထဲက အဲ့ကိစ္စကို ပြောခဲ့သားပဲ။ သူမက ပြောပြီးသားစကား ပြန်ရုတ်သိမ်းမယ့်သူမျိုးမှ မဟုတ်တာ။" ဇူယွမ်မှ ရယ်မောကာ ပြောလိုက်သည်။
ရိချိုးရွှယ်မှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ "အဲ့ဒါဆို ရှင်ကတကယ်ပဲ လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ဖြစ်လာတော့မှာပေါ့။"
သူမ ယခုထိတိုင် မယုံကြည်နိုင် ဖြစ်နေရသည်။ ထျန်းယွမ်နယ်မြေတွင် လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်နေရာမှာ အုပ်စိုးသူသခင်မ ရာထူးထက်မြင့်ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲ တစ်ဦးဖြစ်သော သူမအဖိုးဖြစ်သူနှင့် တန်းတူညီမျှ ရှိသည်။
အဖိုးဖြစ်သူ ရိယန်မှာ ရင်းမြစ်အခြေတည်အဆင့် ရောက်ရှိနေပြီဖြစ်ပြီး ဤနေရာသို့ ရောက်ရှိလာနိုင်ရန်အတွက် များစွာကြိုးစားခဲ့ရပါသော်လည်း ဇူယွမ်မှာ ယခုမှ ထျန်းယွမ်ရှန်းဟွသို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်း ဖြစ်သည်။
ရိယန်သည်ပင် ကူကယ်ရာမဲ့စွာဖြင့် စကားဆိုလိုက်သည်။ "ဘာလို့ သူမက မင်းကို အဲ့လောက်အလေးထားနေရတာလဲ။"
ဇူယွမ်မှာ ဘာမှမသိဟန်ဖြင့် ခေါင်းကိုတွင်တွင်ခါယမ်းလိုက်သည်။
ရိယန်မှ အနည်းငယ်တွေးကာ စကားဆက်လိုက်သည်။ "ငါထင်တဲ့အတိုင်း ချီကျင့်သခင်မက ကျင်ရှန်းကောင်းကင်ဂိုဏ်းကို ကြည့်မရလို့ပဲနေမှာ။ အဲ့ဒါကြောင့် မင်းကို တမင်နေရာပေးလိုက်တာပဲ။"
"ဘာပဲဖြစ်ဖြစ် မင်းကံက တော်တော်ကောင်းတာပဲကွ ကောင်လေးရ။ ချီကျင့်သခင်မရဲ့ ကျေးဇူးကို မင်းရင်ထဲမှာ သေချာမှတ်ထားရမယ်။"
ရိယန်မှာ သက်ပြင်းချလိုက်မိသည်။ ဇူယွမ်မှာ တစ်ကြိမ်တည်းဖြင့် အမြင့်သို့ ထိုးတက်သွားလိမ့်မည်ဟု မျှော်မှန်းမထားခဲ့ပေ။
ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "ချီကျင့်သခင်မက မနက်ဖြန် ကျွန်တော့်ကို လေနန်းဆောင်ဆီ စပြီးသွားဖို့ ပြောလိုက်တယ်။"
"အင်း...ငါလိုက်ပို့ပေးမယ်။" ရိယန်မှ စကားဆိုလိုက်သည်။
ရိချိုးရွှယ်မှ အနည်းငယ် ခါးသက်နေဟန်ဖြင့် ပြောလိုက်သည်။ "ရှင်က ကျွန်မထက် မြင့်သွားပြီပေါ့လေ။"
"ချိုးရွှယ်လည်း လေနန်းဆောင်ကို သွားမှာလား။" ဇူယွမ်မှာ အံ့အားသင့်သွားရသည်။
ရိယန်မှ ပြုံးရယ်ကာ ရှင်းပြလိုက်သည်။ "ထျန်းယွမ်နယ်မြေမှာရှိတဲ့ လူငယ်တွေ အကုန်လုံးအတွက် နန်းဆောင်လေးခုက အိမ်မက်လို နေရာပဲလေ။ ချိုးရွှယ်အတွက်လည်း တူတူပဲ။ ဒါပေမယ့် ချိုးရွှယ်က အုပ်စိုးသူသခင်မ ဖြစ်သွားလို့ လေနန်းဆောင်မှာ ဘာနေရာမှမယူပဲ ဒီတိုင်းသွားလေ့ကျင့်မှာ။"
"ရှောင်ရွှမ်းစီရင်စုက ကိစ္စတွေကို ဖြေရှင်းဖို့ကတော့ ရိကလန်ကပဲ တာဝန်ယူလိမ့်မယ်။"
"ကျွန်မတင်မဟုတ်ဘူး။ လျိုကျစ်ရွှမ်းလည်း လေနန်းဆောင်ဆီလာမှာ။ ရှင်က လက်ထောက်ခေါင်းဆောင်နေရာရထားတာ သူသိသွားရင် ဘယ်လိုနေမလဲ မသိဘူး...ဟီးဟီး.." ရိချိုးရွှယ်မှ ရယ်မောကာ ပြောလိုက်သည်။
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။ အသိအချို့နှင့်အတူ လေနန်းဆောင်သို့ သွားရောက်ရမည်မှာ ကောင်းသောအရာပင် ဖြစ်သည်။
ရိယန်မှ ပြုံးကာစကားဆိုလိုက်သည်။ "ဇူယွမ်...မင်းမှာ အခုလောလောဆယ် နေစရာ မရှိသေးဘူးမလား။ ငါနဲ့အတူလာနေလေ။"
ဇူယွမ်မှာ နောက်ခံအင်အား မရှိသည့် တစ်ကောင်ကြွက် လူငယ်လေးတစ်ဦး မဟုတ်တော့သဖြင့် ရိယန်မှာ ယခင်ကထက် ပိုမိုခင်မင်စွာ ပြောဆိုဆက်ဆံလာသည်။
လက်ရှိအချိန်၌ ဇူယွမ်မှာ ထျန်းယွမ်နယ်မြေ၏ အလယ်အလတ် အဆင့်အတန်းသို့ ရောက်ရှိနေပြီဖြစ်ပြီး အနာဂတ်တွင် ယခုထက်ပို၍ မြင့်မားလာနိုင်ပေသည်။
ထို့ကြောင့် ရိယန်မှ ပို၍ကောင်းမွန်စွာ ဆက်ဆံလာသည်မှာ ပုံမှန်ပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ ရိယန်..."
ဇူယွမ်မှာ အရိုအသေပေးလျက် ကျေးဇူးတင်လိုက်သည်။
ဇူယွမ်၏ ရိုကျိုးနေမြဲ အပြုအမူကြောင့် ရိယန်မှာ ပို၍ပင် နှစ်ခြိုက်သွားရသည်။
.........
နောက်တစ်နေ့၌
ရိကလန်၏ ပန်းခြံအပြင်ဖက်
အဖြူရောင် ခြင်္သေ့ကြီးတစ်ကောင် မောင်းနှင်လာသော ရထားလုံးတစ်ခုမှာ ကောင်းကင်ထက်မှ တိမ်စိုင်များကို ဖြတ်ကျော်လျက် ထျန်းယွမ်ရှန်းဟွ၏ အနောက်တောင်ဖက်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်ပျံဝဲနေလျက် ရှိသည်။
အချိန်တစ်နာရီမျှ ကြာမြင့်သွားပြီးနောက် အဖြူရောင် ခြင်္သေ့ကြီးမှ စတင်အရှိန်လျှော့ချလိုက်သောအခါ ဇူယွမ်မှာလည်း ရထားလုံးအတွင်းမှ လိုက်ကာစအား မ,တင်လျက် ကြည့်ရှုလိုက်သောအခါတွင် ကျွန်းမျောတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုကျွန်းမျောသည် ယခင်က မြင်တွေ့ခဲ့ဖူးသည်များထက် အနည်းငယ် သေးငယ်ပါသော်လည်း ပတ်ပတ်လည်တွင် ခက်ထန်နေသော မုန်တိုင်းတိမ်စိုင်များက ဝန်းရံထားသည်။
လေကြမ်းများ၏ ပြင်းထန်လှသော တိုက်ခတ်သံများကို အဝေးမှပင် ကြားနေရသည်။
မုန်တိုင်းတိမ်စိုင်များထံမှ ထွက်ပေါ်နေသော အလင်းတန်းများမှာ ၎င်းကျွန်းမျောထံ ဦးတည်နေလျက် ရှိသည်။
"လေ၊ မီး၊ သစ်တော၊ တောင်တန်းဆိုတဲ့ နန်းဆောင်လေးခုထဲမှာ ဒါကလေနန်းဆောင်ရှိတဲ့နေရာပဲ။ ဒီနေရာကို လေပြေကျွန်းလို့ခေါ်တယ်။" ရိယန်မှ စကားဆိုလိုက်သည်။
ဇူယွမ်မှာ အံ့အားသင့်သွားရသည်။
ဤကျွန်းတစ်ခုလုံးသည် လေနန်းဆောင်နှင့်သာ သက်ဆိုင်နေသည်။ ထျန်းယွမ်နယ်မြေ၌ နန်းဆောင်လေးခုမှာ အမှန်တကယ် အရေးကြီးပုံ ရသည်။
ရိယန်မှ လက်အားဝေ့ယမ်းလိုက်သည်နှင့် အဖြူရောင် ခြင်္သေ့ကြီးမှာ ကောင်းကင်ပေါ်မှ ဆင်းသက်လိုက်သည်။ ၎င်းတို့ဖြတ်သန်းလိုက်သည်နှင့်တစ်ပြိုင်နက် မုန်တိုင်းတိမ်စိုင်များမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။
မုန်တိုင်းတိမ်စိုင်များကို ဖြတ်ကျော်လာပြီးနောက် မြင်ကွင်းမှာ ပိုမိုရှင်းလင်းပြတ်သားလာသည်။ တောင်တန်းများမှာ အိပ်ပျော်နေသော နဂါးတစ်ကောင်၏အသွင်အလား တည်ရှိနေပြီး ကြီးမားလှသော သစ်ပင်ကြီးများ ထိုးထိုးထောင်ထောင် နေရာယူထားကြသည်။ သစ်ပင်များ၏ အကိုင်းအခက်များမှာ သတ္ထုများအလား မာကြောမည့်ဟန်ရှိကာ မည်သည့်ရာသီဥတုဒဏ်ကိုမဆို ရင်ဆိုင်နိုင်မည့်ဟန် ရှိသည်။
တောင်တန်းများကြားတွင်မူ မိုးပြာရောင် အဆောက်အဦးများကို မျက်စိတဆုံး မြင်တွေ့နေရပေသည်။
ရိယန်မှာ အဖြူရောင် ခြင်္သေ့ကြီးအား တောင်တန်းအလယ်သို့ ဆင်းသက်ခိုင်းလိုက်သည်။
..........
အပြာရောင် ကျောက်သားများ ခင်းကျင်းထားသော ကွင်းပြင်းတစ်ခုအတွင်း လူအများအပြား စုဝေးနေလျက် ရှိသည်။ ခန့်မှန်းရမည်ဆိုလျှင် အနည်းဆုံး လူတစ်ထောင်ဝန်းကျင်မျှ ရှိနိုင်သည်။
၎င်းတို့မှာ ငယ်ရွယ်တက်ကြွနေကြပြီး လေနန်းဆောင်၏ အဖွဲ့ဝင်များဖြစ်ကြကာ အနိမ့်ဆုံး နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိထားကြသူများ ဖြစ်သည်။
ကွင်းပြင်အတွင်း ထောင်နှင့်ချီသော လူငယ်များမှာ ကိုယ်ပိုင်အစုအဖွဲ့များဖြင့် ရှိနေကြသည်။
၎င်းတို့၏ အရှေ့တွင်မူ ပုံရိပ်နှစ်ခု ရပ်နေကြပြီး ယောက်ျားလေးတစ်ဦးနှင့် မိန်းမငယ်တစ်ဦး ဖြစ်သည်။ ယောက်ျားလေးဖြစ်သူမှာ အရပ်ရှည်ရှည်၊ မျက်ရစ်မပါပဲ ကျဉ်းမြောင်းအေးစက်နေသော မျက်ဝန်းများဖြင့် ထက်မြက်မည့်ဟန် ရှိသည်။
မိန်းမငယ်လေးမှာမူ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အလွန်ကျက်သရေရှိ၍ လှပသည့် အသွင်အပြင်ရှိပါသော်လည်း ရေခဲကြာပန်းလေးတစ်ပွင့်ကဲ့သို့ အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းပုံ ရသည်။
ကွင်းပြင်အတွင်းရှိ လူတိုင်းမှာ ထိုယောက်ျားလေးနှင့် မိန်းကလေးတို့အား လေးစားကြောက်ရွံ့ကြဟန် ရှိသည်။
၎င်းတို့နှစ်ဦးမှာ လေနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်များ ဖြစ်ကြလေသည်။
ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်.....
ဟွမ်းယွမ်ကောင်းကင်ဒေသ၏ နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းတွင် နှစ်ဦးစလုံးမှာ ထိပ်ဆုံးတစ်ရာအတွင်း ပါဝင်ထားကြသူများ ဖြစ်သည်။
ထို့ကြောင့် လေနန်းဆောင် တစ်ခုလုံးမှ ယင်းတို့အား လေးစားမှုရှိကြသည်။
ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်၏ အလယ်တွင် ရွှေရောင်ဝတ်ရုံအား ဆင်မြန်းထားသော တက်ကြွဟန်ရှိသည့် လူတစ်ဦး ရှိသည်။
"ဟားဟား....ဒီနေ့ ငါသတင်းကြားထားတာတော့ လေနန်းဆောင်မှာ တတိယမြောက် လက်ထောက်ခေါင်းဆောင် ရှိလာလိမ့်မယ်တဲ့။ ငါထင်ထားတဲ့အတိုင်းဆိုရင်တော့ ကျင်းထျန်းဖြစ်မယ်ထင်တယ်။"
"အံ့သြစရာတော့ မရှိပါဘူး။ ကျင်းထျန်းက ချီကျင့်သခင်မနဲ့လည်း တွေ့ဖူးတယ်။ သခင်မကလည်း သူ့ကိုအရမ်းသဘောကျတာလေ။ ပြီးတော့ လေနန်းဆောင်မှာ လက်ထောက်ခေါင်းဆောင် နှစ်ယောက်ပြီးရင် အတော်ဆုံးက သူပဲ။ အဲ့ဒါကြောင့် တတိယမြောက် လက်ထောက်ခေါင်းဆောင်နေရာက သူ့အတွက်ပဲ ဖြစ်သင့်တယ်။"
"......"
ရွှေရောင်ဝတ်ရုံနှင့်လူမှာ ထိုစကားများကို ပြုံးစစဖြင့် နားထောင်နေလျက် ရှိသည်။
"မသေချာသေးပါဘူး။ လျှောက်ပြောမနေကြနဲ့။" ကျင်းထျန်းမှ စကားဆိုလိုက်သည်။
သူသည် အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော မိန်းမငယ်လေးအား ငေးမောကြည့်ရှုလိုက်မိသည်။ သူ့အနေဖြင့် ရဲ့ပင်းလင်ကို နှစ်ခြိုက်လာရသည်မှာ အတော်ကြာမြင့်နေပြီဖြစ်ပြီး လက်ထောက်ခေါင်းဆောင်တစ်ဦး ဖြစ်လာပါက သူမနှင့် လိုက်ဖက်စွာ တွဲဖက်နိုင်ပေတော့မည်။
"ဒါပေမယ့် တတိတယမြောက် လက်ထောက်ခေါင်းဆောင်က ဒီကိုလာနေပြီလို့လည်း ငါကြားခဲ့ရတယ်။" စကားသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။
"ထျန်းယွမ်နယ်မြေမှာရှိတဲ့ လူငယ်မျိုးဆက် အကုန်လုံးက နန်းဆောင်လေးခုမှာ ရှိနေပြီးသားလေ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး တစ်ယောက်ယောက်က ပေါ်လာမှာလဲ။"
"ငါကတော့ သဘောမတူနိုင်ဘူး။"
လေနန်းဆောင်မှ အခြားသူများမှာလည်း ခေါင်းများကိုခါယမ်းကာ အော်ဟစ်လိုက်ကြသည်။ "ဟုတ်တယ်။ ငါတို့သဘောမတူဘူး။"
ရဲ့ပင်းလင်မှာ မျက်မှောင်ကျုံ့လျက် လူအုပ်ကြီးအား ကြည့်ရှုလိုက်မိသည်။ တတိယမြောက် လက်ထောက်ခေါင်းဆောင်သည် ကျင်းထျန်းမဟုတ်ပဲ ချီကျင့်သခင်မကိုယ်တိုင် ထောက်ခံထားသူတစ်ဦးဖြစ်ကြောင်း သူမ သတင်းကြားသိခဲ့ရပြီး ဖြစ်သည်။
"ချီကျင့်သခင်မက ပုံမှန်ဆို အဲ့လိုမဟုတ်ပါဘူး။ ဒီတစ်ခေါက်က ဘာဖြစ်လို့များလဲ။"
သူမ နှုတ်ခမ်းအစုံကို ခပ်တင်းတင်း ဖိကိုက်လိုက်မိသည်။ ချီကျင့်သခင်မသည် သူမ အစဉ်အမြဲ လေးစားရသူ ဖြစ်သည်။
ထို့ကြောင့်ပင် သတင်းကြားသိရသောအချိန်၌ ရဲ့ပင်းလင်၏ တည်ငြိမ်နေသောစိတ်မှာ လှုပ်ခတ်သွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည်ပင် ချီကျင့်သခင်မ၏ ထောက်ခံချက် မရရှိခဲ့ဖူးပေ။
"အခုလာမယ့် လက်ထောက်ခေါင်းဆောင်က တကယ်အရည်အချင်းရှိဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင်တော့...."
သူမသည် ချီကျင့်သခင်မ ပုံရိပ်ပျက်စီးစေမည့် မည်သည့်အရာကိုမှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ထိုအချိန်မှာပင် အဖြူရောင် ခြင်္သေ့ကြီးမှာ ကောင်းကင်ထက်မှ ဆင်းသက်လာလေတော့သတည်း....