အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း ၉၅ - ကြယ်များထံမှ ဖိတ်စာ
ဒုတ်... ဒုတ်...
လွင်တီးခေါင်ပြင်သို့ ပြန်ရောက်သည့် ဒုတိယမြောက်နေ့၏ စောစောပိုင်းအချိန်သို့ပင် ရောက်ရှိနေပြီဖြစ်လေသည်။
【လျှို့ဝှက်တာဝန် ပြီးမြောက်ပါသည် - နဂါးကို သတ်ဖြတ်သူ】
【တာဝန် ဆုလာဘ် ရရှိပါသည် - ဂုဏ်ပုဒ် · နဂါးကို သတ်ဖြတ်သူ】
【နဂါးကို သတ်ဖြတ်သူ】 - တပ်ဆင်ထားချိန်တွင် နဂါးအမျိုးအစား မကောင်းဆိုးဝါးများအား ပိုမိုပြင်းထန်သော ထိခိုက်မှုများ ပေးစွမ်းနိုင်မည်ဖြစ်သည်။
ရဲချီယန်က သမ်းဝေလိုက်ကာ အိပ်မပျော်နိုင်ဖြစ်နေမှန်း သူ့ကိုယ်သူ သိလိုက်လေ၏။
သူက ရထား၏ခေါင်မိုးပေါ်သို့ တက်သွားလိုက်သည်။ တစ်ဖက်တစ်ချက်စီတွင် တိုက်ခိုက်လာသင့်သော မကောင်းဆိုးဝါးများမှာ တစ်စုံတစ်ရာသော ဖိအားကို ခံစားမိနေပုံရကာ ငြိမ်သက်စွာ ရပ်တန့်နေကြပေသည်။ ယင်းက နဂါးကတ်ပြား၏ အခြားသော အကျိုးသက်ရောက်မှုတစ်ခု၏ စွမ်းအားပင်ဖြစ်လေ၏။
လရောင်ကို ခံယူရင်း ဗိုက်စင်သီးတစ်လုံးကို စားနေစဉ် ရဲချီယန်က တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားချေပြီ။
"ရပ်နားချိန်က ပိုပိုများလာနေပြီပဲ... ဒီအတိုင်းသာဆက်သွားရင် ရပ်နားချိန်က ၂၄ နာရီပြည့်သွားတဲ့အခါ ငါက မနားတမ်း အလုပ်လုပ်နေရတော့မှာလား"
ယင်းမျှသာမက နောင်တွင် ၂၄ နာရီထက် ကျော်လွန်သွားပါက မည်သို့ဖြစ်လာမည်နည်း။ ဘူတာရုံတစ်ခု မပြီးဆုံးမီမှာပင် သူ့ကို နောက်ဘူတာရုံသို့ အတင်းအကျပ် တွန်းပို့ခံရမည်တော့ မဟုတ်နိုင်ပေ။
မေးကြည့်သင့်သလား။
ရဲချီယန်က သူ၏ မိတ်ဆွေစာရင်းထဲမှ အမည်တစ်ခုကို ကြည့်လိုက်လေ၏။ သို့သော် သူ ဆုံးဖြတ်ချက်မချရသေးမီမှာပင် သီးသန့်မက်ဆေ့ခ်ျတစ်ခုက ရုတ်တရက် ကျလာပေသည်။
【"ဟယ်လို... ရဲချီယန်... မင်း ငါ့ကို မှတ်မိသေးလား"】
ထိုမက်ဆေ့ခ်ျက ရှာယာထံမှမဟုတ်ဘဲ သူမက လူလိမ်မဟု ခေါ်ဆိုသော အင်ပါယာအမိန့်တော် အဖွဲ့အစည်းကို တည်ထောင်သူ ကျူရှင်းထူထံမှ ဖြစ်နေလေသည်။
"သူမလား... ငါ ကတ်ပြားတစ်ခုရလိုက်တာနဲ့ ချက်ချင်းပဲ သူမက လာရှာတယ်ပေါ့၊ သူမများ သိနေတာလား"
ရဲချီယန်က အနည်းငယ် စဉ်းစားလိုက်လေ၏။ အကယ်၍ ထိုသို့သာဆိုလျှင် ဤအမျိုးသမီးက သူသည် ပြီးပြည့်စုံသော ဘုရားစူး ကတ်ပြားတစ်ခုကို ပိုင်ဆိုင်ထားပြီဆိုသည်ကို သိနေမည်လား။ အဖြေကိုမစောင့်ဘဲ ကျူရှင်းထူက နောက်ထပ်မက်ဆေ့ခ်ျတစ်ခုကို ပေးပို့လာပြန်သည်။
【"အင်ပါယာအမိန့်တော် အဖွဲ့အစည်းက မကြာခင် လှုပ်ရှားမှုတစ်ခု လုပ်တော့မယ်၊ ကံကြမ္မာက ပြောပြနေတယ်... မင်းက လူသစ်တစ်ယောက်ဖြစ်ပေမဲ့ ပါဝင်ဖို့ အရမ်းသင့်တော်တယ်တဲ့၊ ကံကြမ္မာက မင်း မအိပ်သေးဘူးဆိုတာကိုလည်း ပြောပြနေတယ်၊ ဒါကြောင့် ပုန်းမနေနဲ့... ငါ့ကို ပြန်စာပို့"】
လှုပ်ရှားမှုတစ်ခု။ အစောပိုင်းက အများသုံး ချက်ဘောက်စ်ထဲတွင် မြင်ခဲ့ရသော စကားလုံးများကို သူ ပြန်လည်တွေးတောလိုက်လေ၏။ ယင်းက တစ်စုံတစ်ရာကို ဝင်ရောက်စီးနင်းခြင်းမျိုး ဖြစ်နိုင်ခြေ ပိုများနေသည် မဟုတ်ပါလော။
【"ကျွန်တော် ဒီမှာရှိပါတယ်၊ ဘယ်လိုလှုပ်ရှားမှုမျိုးလဲ၊ ကျွန်တော်က လူသစ်တစ်ယောက်ပါပဲ... ခင်ဗျားတို့ကို ကူညီနိုင်ချင်မှ ကူညီနိုင်မှာပါ"】
【"မင်း လုပ်နိုင်ပါတယ်၊ လူသစ်... ပထမဆုံး ဘူတာရုံ ၁၀ ခုကို ကျော်ဖြတ်ပြီးသွားတာနဲ့ မင်းက လူသစ်မဟုတ်တော့ဘူးလေ၊ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အဖွဲ့လှုပ်ရှားမှုတစ်ခုမှာ မပါဝင်ဘူးဆိုရင် နှမြောစရာကြီးပေါ့၊ ဒီလှုပ်ရှားမှု ပြီးဆုံးသွားရင် မင်းကို နတ်ဆိုး ကတ်ပြားအသစ်တစ်ခု ပေးမယ်... ဒါကြောင့် လာပြီး ပါဝင်လိုက်ပါ"】
သူ၏ စာတိုက်ပုံးထဲတွင် မေးလ်အသစ်တစ်ခု ပေါ်လာလေ၏။ ဖွင့်ကြည့်လိုက်သောအခါ ကြေးညိုရောင် ကတ်ပြားတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
【ဆော်လမွန် မြို့တော် ဖိတ်စာကတ်】
【ဤကတ်ပြားကို အသုံးပြုပြီးနောက် နောက်ဘူတာရုံမှာ ဆော်လမွန် မြို့တော်ဖြစ်မည်ဖြစ်ပြီး ရထားသည် ထိုနေရာတွင် ၁ ရက်မှ ၁၀ ရက်အထိ ရပ်နားမည်ဖြစ်သည်။】
ယင်းက နေရာစိမ်းတစ်ခုဖြစ်နေပေသည်။ အစကတည်းက သူ သိသည့်နေရာက သိပ်မရှိလှပေ။
သွားသင့်သလား။
လက်ထဲရှိ ဖိတ်စာကတ်ပြားကို ဟိုဘက်ဒီဘက် လှန်လှောကြည့်ရင်း ရဲချီယန်က လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်လေ၏။
【"ကောင်းပါပြီ... ကျွန်တော် သွားပါ့မယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို ပြောပြလို့ရမလား"】
【"အဲဒီမြို့တော်ထဲက အရာတချို့ကို လွှတ်ပေးဖို့ပဲ"】
【"ဘာအရာတွေလဲ"】
【"အချိန်ကျရင် မင်း သိလာမှာပါ၊ ကံကြမ္မာက ပြောပြနေတယ်... မင်းရဲ့ တည်ရှိမှုက ငါတို့ကို ကူညီပေးနိုင်လိမ့်မယ်တဲ့... ဟီးဟီး"】
ပဟေဠိဝှက်တဲ့သူပဲ။ လူလိမ်မလို့ ခေါ်တာလည်း မဆန်းပါဘူးလေ။ ထို့အပြင် သူက ကူညီနိုင်မည်တဲ့လား။ ဘာကို ကူညီရမည်နည်း။
ကြယ်တစ်ထောင်မြို့တော်တွင် ထိုအဆင့်မြင့် အစိုးရရှေ့နေနှင့် ဖန်ဟော့တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ သူ၏စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်လေသည်။ ယင်းက သူ ဝင်ရောက်စွက်ဖက်နိုင်သည့် ကိစ္စမျိုး မဟုတ်ပေ။
【"ကောင်းပါပြီ... ဒါနဲ့ ကျွန်တော် သိပ်နားမလည်တာလေးတစ်ခု ရှိလို့ မေးချင်ပါတယ်"】
မည်သို့ပင်ဆိုစေ သူတို့ စကားပြောနေကြပြီဖြစ်သဖြင့် ရှာယာကို ထပ်မံအနှောင့်အယှက်ပေးမည့်အစား သူမကိုသာ တိုက်ရိုက်မေးမြန်းလိုက်လျှင် ပိုကောင်းပေလိမ့်မည်။ ရဲချီယန်က ရပ်နားချိန်နှင့်ပတ်သက်၍ သူ၏ရှုပ်ထွေးနေမှုများကို မေးမြန်းလိုက်လေ၏။
အဆောက်အအုံတစ်ခု၏ အတွင်းတွင်...
ကျူရှင်းထူက သူမ၏မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်လေသည်။
【"မင်းမှာ ရပ်နားချိန် ၂၄ နာရီရှိလာတဲ့အခါ သိလာမှာပါလို့ အရမ်းပြောချင်ပေမဲ့... ထားလိုက်ပါတော့၊ ကံကြမ္မာက ပြောပြနေတယ်... မင်းက ပဟေဠိဝှက်တဲ့သူတွေကို သိပ်ကြိုက်ပုံမရဘူးတဲ့"】
【"..."】
【"နောက်တာပါ... စိတ်ထဲမထားပါနဲ့၊ မင်းရဲ့မေးခွန်းက အကျုံးဝင်ပါတယ်၊ ရပ်နားချိန် ၂၄ နာရီပြည့်သွားတဲ့အခါ ရထားက နောက်ဘူတာရုံကို ဝင်ရောက်ရမယ့်အချိန် ပြောင်းလဲသွားလိမ့်မယ်၊ မူလက နေ့စဉ် နေ့လယ် ၁ နာရီကနေ ဘူတာတစ်ခုက ထွက်ခွာပြီးနောက် သုံးရက်အတွင်း အချိန်မရွေး ပြောင်းလဲသွားလိမ့်မယ်၊ ဒါ့အပြင် မင်းက အဲဒီမြို့တွေကို စိတ်ကြိုက် ဝင်ထွက်နိုင်ပြီး ရထားကို လွင်တီးခေါင်ပြင်ထဲမှာတောင် ရပ်နားထားနိုင်တယ်"】
ရထားကို လွင်တီးခေါင်ပြင်ထဲမှာ ရပ်နားထားနိုင်တယ်ပေါ့။ ရဲချီယန်၏ အကြည့်များက အဝေးရှိ အဆုံးအစမရှိသော မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်ရှိသွားချေပြီ။ အဲဒီအလွန်မှာ ဘာတွေရှိနေမှာလဲ။
【"ဒီလိုကိုး... ဒါဆို ရပ်နားချိန်ကို တိုက်ရိုက်ဝယ်ယူလို့ရနိုင်မလား"】
【"ဟင်... အိုး မင်းရဲ့ကံက တော်တော်ကောင်းတာပဲ၊ ကုန်သွယ်လို့ရတဲ့ ရပ်နားချိန်ကို ရလာတာလား"】
【"အဲဒီလိုမျိုးပေါ့... အဲဒီဟာက အရမ်းတန်ဖိုးရှိလို့လား"】
【"ဟီးဟီး... ကုန်သွယ်လို့ရတဲ့ ရပ်နားချိန် တစ်နာရီတိုင်းကို ရထားဒင်္ဂါး ၃၀ နဲ့ ရောင်းလို့ရတယ်"】
【"???"】
ဘယ်လောက်။ ၃၀ တဲ့လား။
ဒါဆို အရင်က သူသုံးခဲ့တဲ့ ငါးနာရီက... ရထားဒင်္ဂါး ၁၅၀ တောင် မဖြစ်သွားဘူးလား။ ကျစ်...
【"ဒါက တကယ်ပဲ အဲဒီလောက် ဈေးကြီးတာလား"】
【"သေချာတာပေါ့... ဒါက အရမ်းရှားပါးတဲ့ ကုန်သွယ်လို့ရတဲ့ အထူး မော်ဂျူးလေ... ဟီးဟီး... မင်း အဲဒါကို သုံးလိုက်ရလို့ နှမြောနေတာလား၊ အဲဒီလိုဖြစ်ဖို့ မလိုပါဘူး၊ မင်းရဲ့ ရထားအဆင့် တက်လာတာနဲ့အမျှ ရပ်နားချိန်ရဖို့က ပိုပိုပြီး ခက်ခဲလာလိမ့်မယ်၊ မင်းရဲ့အဆင့် နိမ့်နေတုန်းမှာ တတ်နိုင်သမျှ များများတိုးထားတာက ကောင်းတဲ့ကိစ္စပဲလေ"】
ကျူရှင်းထူက သူ့ကို နှစ်သိမ့်ပေးနေခြင်းမဟုတ်ဘဲ အမှန်တရားကို ပြောပြနေခြင်းသာ ဖြစ်ပေသည်။ သို့သော် ထိုရထားဒင်္ဂါး ၁၅၀ ကို တွေးမိသောအခါ ရဲချီယန်မှာ စိတ်နာသွားဆဲဖြစ်၏။
【"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် နောက်ဘူတာရုံအတွက် ဆော်လမွန် မြို့တော်ကို သွားလိုက်ပါ့မယ်၊ အဲဒီကျရင် ဘယ်နေရာမှာ တွေ့ကြမလဲ"】
【"မလိုပါဘူး"】
【"?"】
【"ကံကြမ္မာက မင်းကို ငါတို့ကို မရည်ရွယ်ဘဲ ကူညီခွင့်ပေးလိမ့်မယ်၊ ဒါကြောင့် မင်း အဲဒီမြို့တော်ထဲကို ဝင်သွားရင်ပဲ လုံလောက်ပါပြီ၊ အထဲရောက်သွားတာနဲ့ မင်းလုပ်ချင်တာကိုသာ လုပ်ပါ... ငါတို့ကို လိုက်ရှာဖို့ မလိုဘူး၊ မင်း ထွက်ခွာသွားပြီးတဲ့အခါ မင်းကို နတ်ဆိုး ကတ်ပြားတစ်ခု ပေးမယ်"】
မြို့တော်ထဲကို ဝင်သွားရုံနဲ့ပဲ ကူညီပြီးသားဖြစ်သွားတာလား။
ရဲချီယန်က သူ ထိုမျှအထိ စွမ်းဆောင်နိုင်မည်ဟု မထင်ထားပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ယင်းအတွက် ကတ်ပြားတစ်ခု ရရှိမည်ဖြစ်သဖြင့် သူ အရှုံးမပေါ်ပေ။
【"နားလည်ပါပြီ"】
စကားစမြည်ပြောဆိုခြင်း ပြီးဆုံးသွားလေ၏။ အဆုံးအစမရှိသော ကြယ်ပွင့်များက ကျူရှင်းထူ၏ မျက်လုံးများထဲတွင် တဖြည်းဖြည်း ပေါ်ထွက်လာချေပြီ။
သူမက လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီးနောက် သူမ၏ရှေ့ရှိ ကြယ်အိမ်မြှောင်ကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။ ကြယ်ပွင့်များက မှေးမှိန်သွားကာ သူမ၏ မူလမျက်လုံးများကို ဖော်ပြလာပြီး ယခုအခါတွင် အနည်းငယ် ရှုပ်ထွေးနေသည့် အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားပေသည်။
"ငါ အဲဒီ ဘုရားစူး ကတ်ပြားရဲ့ ပိုင်ရှင်ကို ရှာမတွေ့နိုင်သေးဘူးလား... ဟင်း... နားမလည်တော့ဘူး၊ ပြီးတော့... ဟင်..."
ကျူရှင်းထူ၏ ပတ်ပတ်လည်ရှိ ကွဲပြားခြားနားသော ကတ်ပြား အစီအစဉ် တစ်ဒါဇင်ခန့်ထဲမှ နှစ်ခုက မှိန်ဖျော့ဖျော့ တောက်ပနေပေသည်။
"နတ်ဆိုးဆိုတာက သူ ပိုင်ဆိုင်ထားပြီးသား အစီအစဉ်တစ်ခုပဲ၊ ဒါပေမဲ့... နဂါးလား၊ အိုး... အဖွဲ့အစည်းထဲက လူတစ်ယောက်နဲ့ ထပ်တူကျနေတာပဲ... ဟီးဟီး... သူတို့ ကတ်ပြား အစီအစဉ်တစ်ခုအတွက်နဲ့ ရန်မဖြစ်ကြဖို့ မျှော်လင့်ပါတယ်"
သူမ၏စကားများက ထိုသို့ဖြစ်သော်လည်း သူမ၏ ဝမ်းသာအားရဖြစ်နေသော မျက်နှာအမူအရာမှတစ်ဆင့် သူမက ယင်းကို မျှော်လင့်နေပုံရသည်ကို မြင်တွေ့ရန် မခက်ခဲပေ။
"ဒီနဂါးကတ်ပြားကို မောင်လေးရဲကို ပေးလိုက်ရင် အဲဒီနဂါးရူးကြီးက ဒေါသထွက်ပြီး ပေါက်ကွဲသွားမလားပဲ... တော်တော်လေး စိတ်ဝင်စားစရာကောင်းမှာပဲ၊ ဟင်း... ဒါပေမဲ့ အဲဒီနဂါးရူးကြီးက ရှာယာကို မနိုင်ဘူးလေ၊ ထားလိုက်ပါတော့... သူတို့ ရှာယာရဲ့ သတ်ဖြတ်တာကို ခံလိုက်ရရင် ငါ အလုပ်သမားတစ်ယောက် ဆုံးရှုံးရလိမ့်မယ်"
ကျူရှင်းထူက အနည်းငယ် နှမြောတသစွာဖြင့် ခေါင်းခါလိုက်လေ၏။ ကတ်ပြား အစီအစဉ်များက အောက်သို့ သက်ဆင်းလာပေသည်။
၎င်းတို့ထဲတွင် အထူးရွှေရောင်ရင့်ရင့် ကတ်ပြားတစ်ခုက လေထဲတွင် လွင့်မျောနေဆဲဖြစ်လေသည်။ ကြယ်ပွင့်များ ဝန်းရံထားသော ထိုကတ်ပြားပေါ်တွင် ခေါင်းစွပ်ဖြင့် မျက်နှာကို ဖုံးကွယ်ထားသော အမျိုးသမီးတစ်ဦးကို အသက်ဝင်လှပစွာ ရေးဆွဲထားပေသည်။
အကယ်၍ ရဲချီယန်သာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ဤကတ်ပြားက သူ၏ နေရာရွှေ့ပြောင်းအမှတ်အသားနှင့် အနည်းငယ် ဆင်တူနေသည်ကို မြင်တွေ့ရန် ခက်ခဲမည်မဟုတ်ပေ။
(ကျူရှင်းထူလို့နာမည်ပြောင်းထားပါတယ်။ မူရင်းက ပြောင်းသွားလို့)
အခန်း ၉၆ - အိပ်မက်စားသုံးသူ
စကားပြောဆိုမှု ပြီးဆုံးသွားလေ၏။
ရဲချီယန်က တဖြည်းဖြည်းနှင့် အိပ်ချင်လာကာ နွေးထွေးသော သူ၏ရထားတွဲဆီသို့ ပြန်သွားပြီး သက်တောင့်သက်သာရှိလှသည့် ကုတင်ပေါ်တွင် မျက်စိမှိတ်လိုက်လေတော့သည်။
ရထား၏အပြင်ဘက်၊ အဝေးတစ်နေရာတွင် ဂျယ်လီငါးပုံစံ အမည်းရောင်သတ္တဝါများက လွင့်မျောကာ ရထားနောက်သို့ လိုက်ပါလာနေသည်ကို သူ သတိမထားမိခဲ့ပေ။ ရထား၏ အရှေ့ပိုင်းတွင် ချိတ်ဆွဲထားသော နေသာသော အရုပ်လေး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့နေသည့် အမူအရာများ ထွက်ပေါ်နေချေပြီ။
စနစ်၏ အလင်းမျက်နှာပြင်က တိတ်ဆိတ်စွာ ထွက်ပေါ်လာလေ၏။ အသံလွှင့် အချက်ပြမှုမျိုး မရှိခဲ့ပေ။
အသံအားလုံး ရပ်တန့်သွားသည့်အလားပင်။
အလင်းမျက်နှာပြင်ပေါ်တွင် စာတစ်ကြောင်းတည်းသာ ထွက်ပေါ်လာပေသည်။
【အိပ်မက်စားသုံးသူများက ၎င်းတို့၏ စီတန်းလှည့်လည်ခြင်းကို စတင်နေပါပြီ၊ သင်သည် လှပသော အိပ်မက်တစ်ခုအတွင်းသို့ ဝင်ရောက်ရပါမည်။】
【သင် နိုးထလာနိုင်သလို... အမှန်တရားကို သိနေလျှင်တောင်မှ ၎င်း၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားနိုင်သည်။】
————
"အင့်..."
ခေါင်းကိုက်လိုက်တာ။ သူ၏နားထဲတွင် ဆူညံသံများက အဆက်မပြတ် ထွက်ပေါ်နေလေ၏။ ရဲချီယန်က မျက်လုံးများကို ပွတ်သပ်လိုက်ရာ သူ၏ရှေ့မှောက်ရှိ မြင်ကွင်းက မှုန်ဝါးဝါးမှနေ၍ တဖြည်းဖြည်း ရှင်းလင်းလာပေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် ရဲကားဥဩဆွဲသံများက မပြတ်တမ်း ထွက်ပေါ်နေ၏။
"ဒါ ဘယ်နေရာလဲ၊ ငါ ရထားပေါ်မှာ ရှိနေတာမဟုတ်ဘူးလား... အင့်..."
သူ၏မှတ်ဉာဏ်များက အနည်းငယ် မှုန်ဝါးနေလေသည်။
ရဲချီယန်က မသိစိတ်ဖြင့် လက်ကိုဆန့်ထုတ်ကာ လေထဲတွင် ဝေ့ယမ်းလိုက်ပေသည်။
ဘာမှမရှိခဲ့ပေ။
"ငါ ဘာလုပ်နေတာလဲ"
သူက သန်းဝေလိုက်ပြီး အကြောဆန့်ကာ မီးဖိုချောင်ထဲသို့ဝင်၍ စားစရာတစ်ခုခု ပြင်ဆင်လိုက်လေ၏။ ကြက်ဥတစ်လုံးခွဲကာ ပန်ကိတ်တစ်ချပ် ပြုလုပ်လိုက်ပြီးနောက် သေသေချာချာ မျက်နှာသစ်၊ သွားတိုက်လိုက်လေသည်။
မှန်ထဲမှ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ရာ ဆယ်ကျော်သက်အရွယ်လေးသာ ရှိသေးပုံရသဖြင့် ခေါင်းကို ကုတ်ရင်း ဇဝေဇဝါဖြစ်သွားချေပြီ။
"ဟင်... ဒီနှစ် ငါ့အသက် ဘယ်လောက်လဲ"
ဘာလို့ သူ မမှတ်မိရတာလဲ။
သူက ခေါင်းကိုပုတ်လိုက်ရာ နားအူသော လက္ခဏာများက ပို၍ ဆိုးရွားလာလေ၏။
"ထားလိုက်တော့... အရင်စားလိုက်ဦးမှ"
ထမင်းစားပွဲ၌ ထိုင်လိုက်ကာ ကြက်ဥကြော်ကို ကောက်ကိုင်လိုက်စဉ် သူ၏အကြည့်က သေတ္တာတစ်လုံးပေါ်သို့ ရုတ်တရက် ကျရောက်သွားပေသည်။
"ဒါက ဘာလဲ"
သေတ္တာထဲတွင် ကတ်ပြားလေးကတ် ရှိနေလေသည်။ ၎င်းတို့ထဲမှ တစ်ခုက ရွှေရောင်ရင့်ရင့်ဖြစ်ကာ ကျောက်ဆူးတစ်ခုကို ကိုင်ဆောင်ထားသူတစ်ဦး၏ ပုံဖြစ်ပြီး တစ်စုံတစ်ရာကို ပြောရန် ပါးစပ်ဟနေသကဲ့သို့ ရှိနေပေသည်။
သူက မျက်လုံးများကို ပွတ်သပ်လိုက်ရာ အရာအားလုံးက သူ၏ စိတ်ကူးယဉ်မှုသက်သက်မျှသာ ဖြစ်ပုံရပြန်၏။
"ဂိမ်းတစ်ခုခုကရတဲ့ ဆုလေးနဲ့တူတယ်... ဪ ဟုတ်သားပဲ၊ အဲဒါပဲ ဖြစ်ရမယ်မဟုတ်လား၊ ငါ အိပ်ချင်မူးတူးနဲ့ ဇဝေဇဝါ ဖြစ်နေတာနေမှာပါ၊ ကတ်ပြားထဲက ဇာတ်ကောင်တစ်ယောက်က ဘယ်လိုလုပ် လှုပ်ရှားနိုင်မှာလဲ"
ကြမ်းပြင်ပေါ်ရှိ ဝေါလီက သူ၏ဘောင်းဘီစကို ညင်သာစွာ ဝင်တိုက်လိုက်လေသည်။
"ဟင်... ပျက်နေတာလား"
သူက ဝေါလီ၏ဘေးမှ လှည့်ပတ်သွားလိုက်၏။ ရေခဲသေတ္တာထဲမှ အဖြူရောင်သစ်သီးတစ်လုံးကို ယူကာ တစ်ကိုက် ကိုက်လိုက်လေသည်။
"ဒီအသီးနာမည်က ဘာပါလိမ့်... အရသာရှိလိုက်တာ၊ နောက်မှ နည်းနည်းလောက် ထပ်ဝယ်ရမယ်"
"ဒီနေ့ ငါ ဘာလုပ်ရမှာပါလိမ့်"
မနေ့ကရော သူ ဘာလုပ်ခဲ့တာလဲ။
အရက်သောက်ခဲ့တာလား။ သူ မူးနေခဲ့သလိုပဲနော်။
ဟုတ်ပြီ... အရက်နာကျဖြေဆေး။
သူက ဗီရိုများကို မွှေနှောက်လိုက်ပြီး အောက်ဆုံးအထပ်တွင် မှိန်ဖျော့ဖျော့အလင်းရောင်များ တောက်ပနေသော ပုံဆောင်ခဲတစ်ခုကို တွေ့လိုက်ရလေ၏။
"ဒါ အရက်နာကျဖြေဆေးပဲ"
ဤအရာကို သူ မည်သို့မည်ပုံ သေချာပေါက် သိနေသနည်းဆိုသည်ကိုတော့ ရဲချီယန်ကိုယ်တိုင်လည်း မသိခဲ့ပေ။
သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ သက်တောင့်သက်သာမဖြစ်သော သူ၏စိတ်က အနည်းငယ် ပြေလျော့သွားကာ ပါးစပ်ကိုဟပြီး ကိုက်ချလိုက်လေတော့သည်။
ပုံဆောင်ခဲက ကွဲကြေသွားလေ၏။ နားအူသံများ ပျောက်ကွယ်သွားချေပြီ။
သူ၏ မှတ်ဉာဏ်များ ပြန်လည်ရောက်ရှိလာကာ ခေါင်းကိုက်ဝေဒနာလည်း ပျောက်ကွယ်သွားလေတော့သည်။
"ဟူး..."
မျက်လုံးများ ပွင့်လာသောအခါ သရဲစီးခံထားရသကဲ့သို့ ခံစားချက်ကြီးက တကယ့်ကို သည်းခံနိုင်စရာ မရှိပေ။
"ခုနက ဘာကြီးလဲ"
သူက ကုတင်ပေါ်မှ ထလိုက်လေ၏။ ဘုရားစူး ကတ်ပြားနှင့် အခြားသော ကတ်ပြား အစီအစဉ်သုံးခုက လေဟာနယ်ထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်ပေသည်။
ထို့အပြင် သူ၏အိပ်မက်ထဲမှ ဝေါလီက ယခု သူ၏ကုတင်ဘေးရှိ ဝေါလီပင်ဖြစ်လေ၏။ စက်ရုပ်လေး၏ စိုးရိမ်တကြီး အမူအရာကို မြင်လိုက်ရသဖြင့် ရဲချီယန်က လက်ဆန့်ထုတ်ကာ ၎င်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။
"ငါ ဘာမှမဖြစ်ပါဘူး... စိတ်မပူပါနဲ့"
ဝေါလီကို နှစ်သိမ့်ပေးပြီးနောက် ကုတင်ပေါ်မှဆင်းကာ ရထားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ကြည့်လိုက်ပေသည်။
ဂျယ်လီငါးပုံစံ အိပ်မက်သတ္တဝါများက ရထားကို ဝန်းရံထားကြလေ၏။ မှောင်မိုက်သော ညဉ့်ယံအောက်တွင် ၎င်းတို့က လျှို့ဝှက်ဆန်းကြယ်သော အရောင်များဖြင့် ဆိုးရည်ချယ်ထားသကဲ့သို့ ရှိနေပေသည်။
"ကင်းစောင့်က မလှုံ့ဆော်ဘူးလား၊ ဒါဆိုရင် ဒီကောင်တွေက ရန်လိုတဲ့ သတ္တဝါတွေမဟုတ်ဘူးပေါ့... ဒါတွေက အတိအကျ ဘာတွေလဲ"
စောစောက အိပ်မက်က သူ၏မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်၏။ ၎င်းက သူ၏ယခင်အိမ်ဖြစ်သော်လည်း အကြောင်းအရာများက သူ၏ရထားပေါ်ရှိ ပစ္စည်းများကို ရုပ်လုံးဖော်ထားခြင်းသက်သက်မျှသာ ဖြစ်လေသည်။
ဒါဆို အရက်နာကျဖြေဆေးက...
"အတုအယောင် ပုံဆောင်ခဲ..."
ဒွန်ကီဟိုတေးနှင့်အတူ ဘူတာရုံရှိ ဧရာမဘီလူးကြီးထံမှ ရရှိခဲ့သော ပစ္စည်းပင်ဖြစ်၏။ ယနေ့တိုင် အသုံးဝင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက ရထားခေါင်မိုးပေါ်သို့ တက်သွားလိုက်လေသည်။ ဂျယ်လီငါးပုံစံ သတ္တဝါများက ကြောက်ရွံ့သည့်အရိပ်အယောင် မပြဘဲ သူ၏အနီးသို့ ခြေလှမ်းအနည်းငယ် တိုးကပ်လာကြပေသည်။
သူက လက်ဆန့်ထုတ်ကာ ၎င်းတို့ကို ထိတွေ့လိုက်လေ၏။
တစ်ပြိုင်နက်တည်းမှာပင် ရထားစနစ်၏ အလင်းမျက်နှာပြင်က စစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ချေပြီ။
【အိပ်မက်စားသုံးသူ】
【လွင်တီးခေါင်ပြင် သက်ရှိ】
【၎င်းတို့သည် ရထားမောင်းနှင်သူများကို အတိတ်မှ လှပသော အိပ်မက်တစ်ခု ပေးစွမ်းကာ အိပ်မက်ထဲမှ ပျော်ရွှင်မှု အနည်းငယ်ကိုသာ ယူဆောင်သွားကြသည်။】
【လှပသော အိပ်မက်တစ်ခုကို တွေ့ကြုံပြီးနောက် စိတ်စွမ်းအား ပမာဏသည် အချိန်အတိုင်းအတာတစ်ခုအထိ အနည်းဆုံး ၁၀ မှတ် ကျဆင်းသွားမည်ဖြစ်သည်။ လှပသော အိပ်မက်ထဲတွင် နစ်မြုပ်နေချိန် ပိုကြာလေ၊ စိတ်စွမ်းအား ပမာဏ ကျဆင်းမှု ပိုများလေဖြစ်သည်။ အကယ်၍ လုံးဝ နစ်မြုပ်သွားပါက စိတ်စွမ်းအား ပမာဏသည် ၁ အထိ ကျဆင်းသွားမည်ဖြစ်သည်။】
ရဲချီယန်က သူ၏လက်ကို အမြန်ရုတ်သိမ်းလိုက်ကာ သူ၏ ကိုယ်ရေးအချက်အလက်ကို ခေါ်ထုတ်လိုက်လေ၏။
【စိတ်စွမ်းအား - ၁၃၀ (အမှန်တရားနှင့် အတုအယောင်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရခြင်း)】
သူ၏ စိတ်စွမ်းအားပမာဏ ကျဆင်းမသွားသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပေသည်။ လွှမ်းမိုးမှု မခံရမီ သူ စောစောစီးစီး နိုးထလာခဲ့ပုံရလေသည်။
ဒါပေမဲ့ ဤအိပ်မက်စားသုံးသူဆိုသည်များက အတိအကျ ဘာတွေလဲ။
လွင်တီးခေါင်ပြင် သက်ရှိတွေတဲ့လား။ ၎င်းတို့က ရထားနောက်သို့ အဆက်မပြတ် လိုက်ပါနေသော မကောင်းဆိုးဝါးများနှင့် လုံးဝ ကွဲပြားခြားနားပုံရလေသည်။
၎င်းတို့က ဤအဆုံးအစမရှိသော လွင်တီးခေါင်ပြင်၏ စစ်မှန်သော ဌာနေသက်ရှိများ ဖြစ်နေမလား။
အိပ်မက်စားသုံးသူများက သူ၏ အထိအတွေ့ကို သဘောကျပုံရပေသည်။ ၎င်းတို့ထဲမှ တစ်ကောင်က အုပ်စုထဲမှ ပျံထွက်လာကာ ရဲချီယန်၏ လက်အနီးသို့ ညင်သာစွာ ဆင်းသက်လာပြီး ရှင်းပြ၍မရနိုင်သော ရင်းနှီးကျွမ်းဝင်မှုဖြင့် သူ၏လက်ဝါးကို ပွတ်သပ်လိုက်ကာ ၎င်း၏အုပ်စုထံသို့ ပြန်သွားလေတော့သည်။
၎င်းတို့က အရှိန်တင်လာကြချေပြီ။ ပျော့ပျောင်းပုံရသော ဤသတ္တဝါများက သူ၏ လက်ရှိရထားအမြန်နှုန်းကို အလွယ်တကူ ကျော်လွန်သွားကြလေ၏။
ရဲချီယန်က ခေါင်မိုးပေါ်တွင် ထိုင်လျက် သူ၏လက်ဝါးကို ငုံ့ကြည့်လိုက်သည်။ ၎င်းတွင် စိန်ပုံစံ ပုံဆောင်ခဲလေးတစ်ခုက သိမ်မွေ့စွာ လွင့်မျောနေပေသည်။
【အိပ်မက်စားသုံးသူ၏ အိပ်မက်ပုံဆောင်ခဲ】
【အိပ်မက်ထဲမှ လွတ်မြောက်လာသော သင့်၏အမြန်နှုန်းက ၎င်းတို့၏ စိတ်ကူးထက် ကျော်လွန်နေပြီး သင့်၏အရှိန်အဝါက ၎င်းတို့၏ သဘောကျမှုကိုပင် ရရှိခဲ့သည်။ အိပ်မက်စားသုံးသူများက သင့်ကို စူးစမ်းလိုကြသော်လည်း ဤအဆုံးအစမရှိသော လွင်တီးခေါင်ပြင်တွင် ရထားရော ၎င်းတို့ပါ မည်သူကမျှ ရပ်တန့်၍မရနိုင်ပေ။ ထို့ကြောင့် သင်သည် အိပ်မက်စားသုံးသူများ၏ အာရုံစိုက်မှုနှင့် ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သည်။】
【၎င်းကို အသုံးပြုပါ။ သင်သည် တွန်းလှန်၍မရနိုင်သော အိပ်မက်ဆိုး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် သင် ထိတွေ့ခဲ့သော အိပ်မက်စားသုံးသူက သင့်ကို ကူညီရန် ရောက်လာလိမ့်မည်။】
သူက ပုံဆောင်ခဲလေးကို လက်ဝါးထဲတွင် ဆုပ်ကိုင်ထားလိုက်လေ၏။ မိုးကုတ်စက်ဝိုင်းအနီးသို့ ရောက်ရှိနေပြီဖြစ်သော အိပ်မက်စားသုံးသူ အုပ်စုကြီးကို ကြည့်ရင်း ရဲချီယန်က ဘာတွေးရမှန်း မသိတော့ပေ။
လှပသော အိပ်မက်များကို ယူဆောင်လာပေးကာ မည်သည့် ရန်လိုမှုမျှမရှိသော်လည်း တစ်စုံတစ်ယောက်ကသာ လှပသော အိပ်မက်ထဲတွင် နစ်မွန်းသွားပါက ၎င်းတို့၏ စိတ်စွမ်းအား ပမာဏကို စားသုံးပစ်မည့် မျိုးစိတ်တစ်ခု... တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသော မျိုးနွယ်စုပင် ဖြစ်လေသည်။
"ဒါပေမဲ့... ဒါကလည်း အကျိုးအမြတ်တစ်ခုလို့ သတ်မှတ်လို့ရပါတယ်လေ ဟုတ်တယ်မလား"
သူက ရှင်းပြ၍မရနိုင်စွာပင် အိပ်မက်စားသုံးသူတစ်ကောင်၏ ခင်မင်ရင်းနှီးမှုကို ရရှိခဲ့ပြီး ၎င်းတို့ကို ဆင့်ခေါ်နိုင်သော ဤပုံဆောင်ခဲကိုလည်း ရရှိခဲ့လေသည်။ အကြောင်းရင်းကိုတော့ သူ နားမလည်ခဲ့ပေ။
သူက ရထားတွဲဆီသို့ ပြန်သွားလိုက်လေ၏။ အိတ်ဆောင်နာရီကို ထုတ်ယူကြည့်လိုက်သည်။ နာရီပေါ်ရှိ အချိန်က နံနက် ၅ နာရီ ၅ မိနစ် ဖြစ်နေချေပြီ။
ဆိုလိုသည်မှာ သူ အိပ်ပျော်သွားသည်မှာ သိပ်မကြာသေးဘူးဆိုသည့် သဘောပင်ဖြစ်လေသည်။ သို့သော် ယခု ရဲချီယန်က လုံးဝ အိပ်မချင်တော့ပေ၊ တကယ်တော့ သူက ပုံမှန်ထက်ပင် ပို၍ နိုးကြားနေလေ၏။
"ဒါနဲ့... သူတို့နဲ့ ကြုံခဲ့ရတာ ငါတစ်ယောက်တည်း ဖြစ်မနေလောက်ဘူးမလား"
သူက ချက်ဘောက်စ်ကို ခေါ်ထုတ်ကြည့်လိုက်ရာ အထဲတွင် ဘာမှမရှိဘဲ ဗလာဖြစ်နေလေ၏။ ပုံမှန်အားဖြင့် အချိန်မရွေး ချက်ဘောက်စ်ထဲတွင် စကားပြောကာ အတင်းတုတ်နေကြသော ညဉ့်ငှက်အချို့ အမြဲတမ်းရှိနေတတ်ပေသည်။
ယခုကဲ့သို့ ပျောက်ဆုံးနေခြင်းက အခြားသူများလည်း အိပ်မက်စားသုံးသူများနှင့် ကြုံတွေ့ခဲ့ရသည်ကို ညွှန်ပြနေခြင်းပင်ဖြစ်လေသည်။
အဲဒီအိပ်မက်က... ရိုးရိုးသားသားပြောရလျှင် လူတော်တော်များများက အတုအယောင်ဖြစ်မှန်း သိနေလျှင်တောင်မှ ရုန်းထွက်မရနိုင်ဘဲ ၎င်းထဲတွင်သာ နစ်မြုပ်နေရန် ရွေးချယ်ကြပေလိမ့်မည်။
နောက်ဆုံးတွင် သူတို့၏ စိတ်စွမ်းအား ပမာဏမှာ အိပ်မက်စားသုံးသူ မျိုးစိတ်၏ အပြည့်အဝ စားသုံးခြင်းကို ခံလိုက်ရပေလိမ့်မည်...