အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း ၉၇ - ဆယ့်သုံးခုမြောက် ဘူတာရုံ၊ ဆော်လမွန် မြို့တော်
သူငယ်ချင်းစာရင်းကို ဖွင့်လိုက်ပြီး ရဲချီယန်က ထိုနေရာရှိ အမည်အနည်းငယ်ကို ကြည့်ကာ တွေဝေသွားပြီးနောက် ကျောက်လင်၏ သီးသန့် ချက်ဘောက်စ် မျက်နှာပြင်ကို ဖွင့်လိုက်လေ၏။
သူမှတ်မိတာ မှန်တယ်ဆိုလျှင်။
ကျောက်လင်၏ ယခင်ဘူတာရုံက ကံဆိုးခြင်း ဘူတာရုံပင်ဖြစ်ပေသည်။ ပြီးတော့ သူမကိုယ်တိုင်ကလည်း အတော်လေး ပျော့ညံ့နေလေသည်။ အကယ်၍ ထိုကံဆိုးမှုက လုံးဝမပြီးဆုံးသေးဘဲ နောက်ဆုံးအထိ ပါလာခဲ့ပါက ဤကံဆိုးသောသူလေးသည် အိပ်မက်ထဲတွင် လုံးဝနစ်မြုပ်သွားပြီး နိုးမလာနိုင်တော့ဘူးများ ဖြစ်နေမလား။
သို့သော် သူက အလင်းမျက်နှာပြင်ကို ထိတော့မည့်ဆဲဆဲတွင် သူ၏လက်ချောင်းက လေထဲ၌ ရုတ်တရက် ရပ်တန့်သွားချေပြီ။
အကယ်၍ ယင်းက တကယ့်အိပ်မက်တစ်ခုသာဖြစ်ပါက သူ၏လုပ်ရပ်များက အဓိပ္ပာယ်မဲ့နေပေလိမ့်မည်၊ ထို့အပြင် သူမသာ တကယ်တမ်း နစ်မြုပ်သွားခဲ့ပါက ယင်းက ကျောက်လင်၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်လေသည်။
သူက ဘာလို့ ဒီလောက်တောင် ဝင်စွက်ဖက်နေရမှာလဲ။ သူက သာမန် ဇာတ်လမ်းက မင်းသားများလို မိန်းမမြင်ရင် ငမ်းငမ်းတက် နွားကျမည့်သူ မဟုတ်ပေ။
သူက ခေါင်းခါလိုက်ပြီး သီးသန့် ချက်ဘောက်စ်ကို ပိတ်လိုက်လေ၏။ လူတွေက အမြဲတမ်း သူတစ်ပါးကို အားကိုးနေလို့မရနိုင်ပေ။ ဒီတစ်ခါ သူမ ရှင်သန်မနေနိုင်ခဲ့ဘူးဆိုရင်လည်း ဒါက ကျောက်လင်ရဲ့ ကံဆိုးမှုသာ ဖြစ်ပေတော့မည်။
နံနက် ၈:၃၀။
အိတ်ဆောင်နာရီပေါ်ရှိ အချိန်က ဤအချိန်သို့ ညွှန်ပြနေလေသည်။ ရဲချီယန်က နံနက်စာစား၊ ရေချိုးသန့်စင်ပြီးနောက် ရထားတွဲထဲတွင် အချိန်အတော်ကြာ လေ့ကျင့်ခန်း လုပ်လိုက်လေ၏။ ထို့နောက် ဆော်လမွန် မြို့တော်အတွက် ဖိတ်စာကတ်ကို ထုတ်ယူကာ ညင်သာစွာ ပွတ်သပ်လိုက်ပေသည်။ ရထားမောင်းနှင်သူ၏ အလင်းမျက်နှာပြင်ကို ပွတ်ဆွဲလိုက်လေသည်။
အလင်းမျက်နှာပြင်က ပွင့်ထွက်သွားပြီး ကံကြမ္မာ လမ်းဆုံလမ်းခွက ဤအခိုက်အတန့်တွင် ထွက်ပေါ်လာချေပြီ။
"ဆော်လမွန် မြို့တော် ဖိတ်စာကတ်ကို အသုံးပြု၍ သင်၏ ဆယ့်သုံးခုမြောက် ဘူတာရုံအဖြစ် ဆော်လမွန် မြို့တော်ကို အတည်ပြုလိုက်ပါသည်။"
"ကံကြမ္မာ လမ်းဆုံလမ်းခွကို လှုံ့ဆော်လိုက်ပါပြီ။ ကျေးဇူးပြု၍ အောက်ပါ ဝင်ပေါက်နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ကာ ဆော်လမွန် မြို့တော်သို့ ဝင်ရောက်ပါ။"
"၁။ ဆော်လမွန် မြို့တော် ပင်မတံခါးဝ"
"၂။ စွန့်ပစ်ခံ ငြိမ်းချမ်းရေး ရင်ပြင်"
"ကျေးဇူးပြု၍ ရွေးချယ်ပါ။"
"ငါ ရွေးချယ်စရာ ၁ ကို ရွေးတယ်။"
ရဲချီယန် တွေဝေမနေခဲ့ပေ။ ရွေးချယ်စရာ ၂ က အတော်လေး ထူးခြားပုံရသော်လည်း သူစိမ်းပြင်ပနေရာတစ်ခုသို့ ရောက်ရှိလာချိန်၊ အထူးသဖြင့် သူတစ်ပါး၏ နယ်မြေသို့ ရောက်ရှိချိန်တွင် ဒုတိယရွေးချယ်မှုမှတစ်ဆင့် ဝင်ရောက်ပြီး ဖမ်းဆီးခံရပါက ဒုက္ခရောက်ပေလိမ့်မည်။
ပင်မတံခါးဝမှ ဝင်ရောက်ခြင်းက ပိုမိုဘေးကင်းလုံခြုံကာ သေချာပေါက် မှားယွင်းမည်မဟုတ်ပေ။
"ရွေးချယ်မှု ပြီးဆုံးပါပြီ။"
လေဟာနယ်တစ်ခု ထွက်ပေါ်လာလေ၏။ သူက ၎င်းကို ဖြတ်သန်းသွားလိုက်သည်။ ခမ်းနားထည်ဝါသော လေထဲတွင် လွင့်မျောနေသည့် မြို့တော်ကြီးတစ်ခုကို မြင်လိုက်ရပေသည်။
ဤမြို့တော်ကြီး၏ အထက်တွင် ပုံပန်းသဏ္ဌာန် ထူးဆန်းသော ကျောက်တိုင်အမျိုးမျိုးနှင့် ချိတ်ဆက်ထားသည့် သံကြိုးမြောက်မြားစွာ ရှိနေလေသည်။ ၎င်းတို့က ဘာတွေလဲဆိုတာ ရဲချီယန် မသိခဲ့သော်လည်း ဆော်လမွန် မြို့တော်၏ နယ်နိမိတ်ထဲသို့ သူ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက်... ကြယ်တစ်ထောင်မြို့တော်တွင် ကြုံတွေ့ခဲ့ရသော ခံစားချက်မျိုးက တစ်ဖန် ပြန်လည်ပေါ်ပေါက်လာချေပြီ။
"ငါ နေခဲ့ချင်တယ်"
"ငါ ဆက်ပြီး စွန့်စားမှုတွေ မလုပ်ချင်တော့ဘူး"
"လူတွေက တည်ငြိမ်မှုအတွက် အသက်ရှင်နေကြတာ၊ ငါ ရထားကို စွန့်ပစ်လိုက်သင့်တယ်"
"ဦးနှောက်ဆေးကြောတာလား... ဒီမြို့တော်တွေအားလုံးမှာ ဆင်တူတဲ့စွမ်းရည်တွေ ရှိနေကြတာများလား"
သူက သတိထားလိုက်မိရာ ထိုဦးနှောက်ဆေးကြောသည့်ပုံစံ စွမ်းရည်က တဖြည်းဖြည်း ဆုတ်ခွာသွားလေတော့သည်။
ရဲချီယန်က ဆော်လမွန် မြို့တော်ထဲသို့ သတိထားလျက် ဝင်ရောက်လာခဲ့ပေသည်။ ဤနေရာတွင် ရထားများကို သိမ်းဆည်းထားသည့်ပုံစံက ကြယ်တစ်ထောင်မြို့တော်နှင့် ဆင်တူလေ၏။ ၎င်းတို့နှစ်ခုစလုံးက ရထားများကို သိမ်းဆည်းရန်အတွက် ဥမင်လိုဏ်ခေါင်းပုံစံ သိုလှောင်ခန်းများကို အသုံးပြုကြပြီး အနည်းဆုံး ၃ ရက်စာအတွက် ငွေပေးချေရပေသည်။
"ဆော်လမွန် မြို့တော်ကနေ ကြိုဆိုပါတယ်၊ ချစ်ခင်ရပါသော ရထားမောင်းနှင်သူကြီး... အကူအညီလေးတစ်ခုများ လိုအပ်မလားခင်ဗျာ"
ဘူတာရုံမှ ထွက်လာပြီးနောက် ရဲချီယန်က သူ ဘာဆက်လုပ်ရမည်ကို မသိခဲ့ပေ။ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီ သူ၏ဘေးမှ အနည်းငယ် စူးရှသောအသံတစ်သံ ထွက်ပေါ်လာလေ၏။
သူ ငုံ့ကြည့်လိုက်ရာ အရပ်ပုပုလူတစ်ယောက်က ရဲချီယန် သူ့ကို ရိုက်သတ်လိုက်မည်ကို ကြောက်ရွံ့နေသည့်အလား သူ၏ဘေးတွင် သတိထားလျက် အရိုအသေပေးနေသည်ကို မြင်လိုက်ရပေသည်။
"မင်းက လမ်းပြလား"
"ဟုတ်ကဲ့ပါ၊ ဆော်လမွန် ဒင်္ဂါး တစ်ရာတည်းနဲ့ လူကြီးမင်း သွားချင်တဲ့နေရာတိုင်းကို ကျွန်တော် ပို့ဆောင်ပေးပါ့မယ်"
"ငါ့ကို ငွေလဲတဲ့နေရာဆီ ခေါ်သွားပေး"
"အမိန့်အတိုင်းပါခင်ဗျာ"
ငွေလဲလှယ်ရေးခန်းမရှိ လုပ်ငန်းစဉ်များက ကြယ်တစ်ထောင်မြို့တော်ရှိအတိုင်းပင် ဖြစ်လေသည်။ သူက အများကြီး မလဲလှယ်ခဲ့ဘဲ ဤမြို့တော်၏ ငွေကြေး ဒင်္ဂါး ၂၀၀၀ သာ လဲလှယ်ခဲ့ပေသည်။
ခဏမျှ တွေဝေပြီးနောက် ထိုလူလိမ်မ ကျူးရှင်းထူထံသို့ ဆက်သွယ်လိုက်လေ၏။ ထိုအမျိုးသမီးက စုဝေးရန်မလိုဟု ပြောခဲ့သော်လည်း သူမကို အသိပေးခြင်းက ပိုကောင်းမည်ဟု သူ ခံစားရပေသည်။
ထို့အပြင် အိပ်မက်စားသုံးသူများ၏ အခြေအနေကိုလည်း သူ သိချင်နေခဲ့လေ၏။
"ကျွန်တော် ဆော်လမွန် မြို့တော်ကို ရောက်ပြီ၊ ကျွန်တော် လုပ်ပေးရမယ့်အရာ တစ်ခုခုရှိရင် အကောင်းဆုံး ကြိုးစားပေးပါ့မယ်"
ကျူးရှင်းထူက သူမ၏မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဆန်များထဲရှိ အဆုံးအစမရှိသော ကြယ်များက တဖြည်းဖြည်း မှေးမှိန်သွားလေသည်။ သူမက စနစ်၏ အလင်းမျက်နှာပြင်ပေါ်ရှိ ချက်ဘောက်စ် အကြောင်းအရာကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပေသည်။
"မင်း ဘာမှလုပ်စရာမလိုပါဘူး၊ ဒါမှမဟုတ် မင်း ဘာပဲလုပ်လုပ် အဆင်ပြေပါတယ်... ဟီးဟီး... အဲဒီမှာ နှစ်ရက်လောက် ပျော်ပျော်ပါးပါး နေလိုက်ပါ"
အရင်အဖြေတိုင်းပဲလား။
ရဲချီယန် သိပ်ပြီး မအံ့ဩမိခဲ့ပေ။
"ဟုတ်ပြီလေ... ကျွန်တော် မေးစရာ နောက်တစ်ခုရှိသေးတယ်၊ ခင်ဗျား အိပ်မက်စားသုံးသူတွေအကြောင်း သိလား"
"အိပ်မက်စားသုံးသူတွေတဲ့လား" ကျူးရှင်းထူက အမည်ကို တီးတိုးရေရွတ်လိုက်လေ၏။
"အင်း... ဘာဖြစ်လို့လဲ၊ မင်း သူတို့နဲ့ ကြုံခဲ့ရတာလား၊ တကယ့်ကို ကံကောင်းတာပဲ၊ လူတော်တော်များများက အိပ်မက်စားသုံးသူတွေ ဖန်တီးထားတဲ့ အိပ်မက်တွေထဲမှာ နစ်မြုပ်ဖို့အတွက် သူတို့ကို အသည်းအသန် ရှာဖွေကြပေမဲ့ အရိပ်အယောင်တောင် မတွေ့ရဘူးလေ"
"နစ်မြုပ်တယ်ဟုတ်လား... အဲဒါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်မလာနိုင်ဘူးလား"
"ဖြစ်လာတော့ရော ဘာဖြစ်လဲ၊ လှပတဲ့ အိပ်မက်တစ်ခုထဲမှာ နစ်မြုပ်နေရင်းနဲ့ တဖြည်းဖြည်း ရူးသွပ်သွားတာ ဒါမှမဟုတ် သေဆုံးသွားတာက လူတော်တော်များများအတွက်တော့ လွတ်မြောက်မှုတစ်မျိုးပဲလေ၊ မောင်လေးရဲ... ဒီကမ္ဘာပေါ်က လူအများစုမှာ ဘူတာရုံတိုင်းမှာ ဆင်းပြီးတော့ စူးစမ်းရှာဖွေဖို့နဲ့ ရှင်သန်ဖို့အတွက် သတ္တိနဲ့ စွမ်းရည်တွေ အမြဲတမ်း ရှိမနေကြပါဘူး"
ကျူးရှင်းထူ၏ စကားများက ရဲချီယန်ကို ကြယ်တစ်ထောင်မြို့တော်တွင် တွေ့ခဲ့ရသော မုရှန်းယို့ရန်အပြင် ၎င်းတို့၏ ရထားမောင်းနှင်သူ အမှတ်အသားများကို စွန့်ပစ်ကာ ထိုနေရာတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့ကြသည့် ကျူးကျော်နေထိုင်သူများကို ပြန်လည်တွေးတောမိစေလေ၏။
သူမပြောတာ မှန်ကောင်းမှန်နိုင်မည်လား။
ရှင်သန်မလား ဒါမှမဟုတ် လှပသော အိပ်မက်တစ်ခုထဲမှာ နစ်မွန်းနေမလား။ လူအချို့အတွက်တော့ ၎င်းက ငါးဆယ်-ငါးဆယ် ရွေးချယ်မှုတစ်ခုသာ ဖြစ်ပေသည်။
"သူတို့က လွင်တီးခေါင်ပြင် သက်ရှိတွေဆိုတာ ဘာကိုဆိုလိုတာလဲ၊ သူတို့က ရထားနောက်ကိုလိုက်တဲ့ မကောင်းဆိုးဝါးတွေနဲ့ ကွာခြားလို့လား"
"သေချာပေါက် ကွာခြားတာပေါ့၊ သူတို့က လွင်တီးခေါင်ပြင်ရဲ့ စစ်မှန်တဲ့ ဌာနေသက်ရှိတွေလေ၊ ငါတို့ ရထားမောင်းနှင်သူတွေကမှ အပြင်လူတွေပါ၊ ကဲပါ... မေးခွန်းတွေ အများကြီး မမေးပါနဲ့တော့၊ အတိုချုပ်ပြောရရင် မင်း နိုးလာခဲ့တယ်မလား၊ အခု သေချာလေး အနားယူလိုက်ပါ၊ ဆော်လမွန် မြို့တော်က ကြယ်တစ်ထောင်မြို့တော်လောက် မစည်ကားပေမဲ့ အဲဒီမှာလည်း ပျော်စရာကောင်းတဲ့အရာတချို့ကို မင်း ခံစားနိုင်ပါတယ်... ဟီးဟီး"
စကားပြောဆိုမှု ပြီးဆုံးသွားလေ၏။
ရဲချီယန်က ငွေလဲလှယ်ရေးခန်းမမှ ထွက်လာခဲ့သည်။ အရပ်ပုပု လမ်းပြက အပြင်ဘက်တွင် စောင့်ဆိုင်းနေလေ၏။ သူက လဲလှယ်ထားသော ငွေကြေးများထဲမှ ဒင်္ဂါးတစ်ရာကို ထုတ်ယူကာ လှမ်းပေးလိုက်ပေသည်။
"ကျေးဇူးတင်ပါတယ် လူကြီးမင်း... ကျွန်တော့်နာမည်က ကွစ်ခ်ဖု(တ်) ပါ၊ လူကြီးမင်း ဘယ်ကိုသွားချင်ပါသလဲခင်ဗျာ"
"ဘယ်နေရာဖြစ်ဖြစ်ပါ၊ မင်းပဲ လမ်းညွှန်ပေးလိုက်ပါ"
သူက ဒီနေရာကို ရောက်နေပြီဖြစ်ကာ ဘာမှလုပ်စရာမရှိသဖြင့် ရက်အနည်းငယ်ခန့် အပန်းဖြေလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ မူလကလည်း သူ၏ရည်ရွယ်ချက်က ထိုအတိုင်းပင် ဖြစ်လေသည်။
ဆော်လမွန် မြို့တော်ရှိ ဖျော်ဖြေရေး အဆောက်အအုံများက ကြယ်တစ်ထောင်မြို့တော်လောက် မစည်ကားသော်လည်း ၎င်းက နှိုင်းယှဉ်ချက်အရ ကွာခြားမှုသာ ဖြစ်ပေသည်။
ကွစ်ခ်ဖု(တ်) ၏ ဦးဆောင်မှုဖြင့် ၎င်းတို့က ရထားမောင်းနှင်သူများအတွက် သီးသန့်ဖြစ်သော စားသောက်ဆိုင်တစ်ဆိုင်၏ အဝင်ဝသို့ ရောက်ရှိလာကြလေ၏။ ၎င်းတို့ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် လူပုံစံမပေါက်သော အပြာရောင်အသားအရေနှင့် ချွန်ထက်သော နားရွက်များရှိသည့် သနားစရာကောင်းသော ကလေးအချို့က ရုတ်တရက် ဝိုင်းအုံလာကြပေသည်။
"လူကြီးမင်း... ကျေးဇူးပြုပြီး စားစရာလေး နည်းနည်းလောက် ပေးသနားပါ"
"အစ်ကိုကြီး... ပိုက်ဆံလေးနည်းနည်းလောက် ပေးပါ"
ကွစ်ခ်ဖု(တ်) က ရွံရှာဖွယ်ကောင်းသောဟန်ဖြင့် ရဲချီယန်၏လမ်းကို ပိတ်ဆို့ထားကာ ကလေးတစ်ယောက်ကို ကန်ထုတ်လိုက်လေ၏။
"သွား... သွား... သွားကြစမ်း၊ ရထားမောင်းနှင်သူကြီးရဲ့ လမ်းကို ပိတ်ထားဖို့ ဘယ်သူက ခိုင်းလိုက်တာလဲ၊ ထွက်သွားကြစမ်း၊ ဒီဘက်ကိုကြွပါ လူကြီးမင်း"
စားသောက်ဆိုင်၏ လုံခြုံရေးအစောင့်များက ပြေးထွက်လာကြပြီး ကလေးများကို တုတ်များဖြင့် ရိုက်နှက်မောင်းထုတ်ကြလေတော့သည်။ ထိုကလေးများက လူပုံစံမပေါက်သော်လည်း ရဲချီယန်က မျက်မှောင်ကြုတ်လိုက်ကာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သဘောမကျမိပေ။
"သူတို့တွေက ဘယ်သူတွေလဲ"
"ပျက်စီးယိုယွင်းနေတဲ့ မကောင်းဆိုးဝါးပေါက်စလေးတွေပါ၊ စိတ်မပူပါနဲ့ လူကြီးမင်း... သူတို့က မကြာခင်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်"
ကွစ်ခ်ဖု(တ်) က သူ့ကို ဖားယားယားဖြင့် ပြုံးပြလိုက်လေ၏။ ဤဖားယားမှုက ရဲချီယန်ဆိုသော ပုဂ္ဂိုလ်ရေးကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ရထားမောင်းနှင်သူဆိုသော သူ၏ အဆင့်အတန်းကို ရည်ရွယ်ခြင်းဖြစ်ပေသည်။
သူက ထိုမကောင်းဆိုးဝါးကလေးများ လုံးဝပျောက်ကွယ်သွားသည်အထိ ဆုတ်ခွာသွားသော ကျောပြင်များကို စိုက်ကြည့်နေမိလေသည်။
"ပျက်စီးယိုယွင်းနေတာဟုတ်လား... အဲဒါက ဘာလဲ၊ သူတို့က လူတွေမဟုတ်ဘူးလား"
ကွစ်ခ်ဖု(တ်) က ခေါင်းကုတ်လိုက်ပြီး ၎င်းက သိသာထင်ရှားသည့်အရာတစ်ခုလိုပင် ပြန်ဖြေလေ၏။
"ကျွန်တော်မျိုးက အတိအကျတော့ မသိပါဘူး၊ ဒါပေမဲ့ ဆော်လမွန် မြို့တော် တည်ထောင်ကတည်းက မွေးကင်းစကလေးတချို့က အမြဲတမ်း ဒီလိုမျိုး ဖြစ်နေတတ်တယ်၊ ပြောကြတာကတော့ ရထားမောင်းနှင်သူတွေမဟုတ်တဲ့ ကျွန်တော်တို့ ဌာနေလူမျိုးတွေက မွေးရာပါ ကျိန်စာသင့်နေလို့တဲ့လေ... ဒါကြောင့် တစ်ယောက်ယောက်က ဒီလိုကလေးမျိုး မွေးလာပြီဆိုရင် စွန့်ပစ်လိုက်တာ ဒါမှမဟုတ် ချက်ချင်း သတ်ပစ်လိုက်ကြတာပဲ၊ လူတိုင်းက ဒါကို ပျက်စီးယိုယွင်းမှုလို့ ခေါ်ကြပြီး ကျွန်တော်တို့လည်း ဒါကို ကျင့်သားရနေပါပြီ"
အခန်း ၉၈ - ဆော်လမွန် မြို့တော်အတွင်းမှ အဓိကရုဏ်း
စွန့်ပစ်မလား ဒါမှမဟုတ် သတ်ပစ်မလား။
ဆော်လမွန် မြို့တော်တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာမြင့်နေပြီနည်း။ ဤကဲ့သို့သော ကလေးငယ်မည်မျှလောက် စွန့်ပစ်ခံခဲ့ရမည်နည်း။
ရဲချီယန်က မေးမြန်းခြင်းမရှိသလို ဝင်ရောက်စွက်ဖက်ခြင်းလည်း မပြုခဲ့ပေ။ သို့သော် စားသောက်ဆိုင်ထဲသို့ မဝင်ရောက်ရသေးမီမှာပင်။ လမ်းမပေါ်တွင် ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားနှင့် အမျိုးသမီးတစ်စု ရုတ်တရက် ထွက်ပေါ်လာချေပြီ။
၎င်းတို့က သေနတ်များ ကိုင်ဆောင်ထားကာ လမ်းပေါ်တွင် တစ်စုံတစ်ရာကို ရှာဖွေနေကြလေ၏။ ၎င်းတို့ထဲမှ နှစ်ဦးက ဤဘက်သို့ပင် တိုက်ရိုက် ပြေးလာကြပေသည်။
"ရပ်လိုက်စမ်း"
ထိုနှစ်ဦးထဲမှ အမျိုးသားဖြစ်သူက ရဲချီယန်ကို လှမ်းခေါ်လိုက်လေ၏။
"မင်းက မြို့ထဲကို ခုလေးတင် ဝင်လာတဲ့ ရထားမောင်းနှင်သူလား... မင်းနာမည်က ရဲချီယန်... မင်းရဲ့ နံပါတ်က E-3-1102 ဟုတ်တယ်မလား"
သူ၏ ရထားမောင်းနှင်သူ နံပါတ်နှင့် အမည်ကို သိနေခြင်းက အံ့ဩစရာတော့ မဟုတ်ပေ၊ ဘာပဲဖြစ်ဖြစ် မြို့ထဲသို့ ဝင်ရောက်ပြီးနောက် မှတ်ပုံတင်ရန် သဘာဝကျကျ လိုအပ်လေသည်။ သူ့ကို ရှာတွေ့နိုင်မှတော့ ရဲချီယန်အနေဖြင့်လည်း ငြင်းဆိုနေရန် မလိုအပ်တော့ပေ။
"ငါပဲ... ဘာကိစ္စရှိလို့လဲ"
"ငါတို့က ဆော်လမွန် မြို့တော်ရဲ့ စစ်ဆေးရေးမှူးတွေပဲ၊ သတင်းအချက်အလက်တွေအရ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက ဆော်လမွန် မြို့တော်ကို တိုက်ခိုက်လိမ့်မယ်၊ သူတို့က လာမယ့်ရက်တွေအတွင်း အသုတ်လိုက် ရောက်လာကြမှာ၊ မင်း... မင်းက လူသစ် အဆင့်ကို ခုလေးတင် ကျော်ဖြတ်လာတဲ့ အသုတ်ထဲကလား၊ ဒါက မင်းနဲ့ သက်ဆိုင်ချင်မှ သက်ဆိုင်လိမ့်မယ်... ဒါပေမဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအရ မင်းက အဲဒီ အကြမ်းဖက်အဖွဲ့အစည်းမှာ ပါဝင်ထားခြင်း ရှိမရှိ ဆိုတာကို မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးဖို့အတွက် ငါတို့နဲ့အတူ ဘူတာရုံကို လိုက်ခဲ့ပါ"
သူ၏ အချက်အလက်များကို စစ်ဆေးချင်သည်တဲ့လား။ ရဲချီယန် မျက်မှောင်ကြုတ်လိုက်လေ၏။
"ငါ သဘောမတူဘူးဆိုရင်ကော"
သူ၏ ကိုယ်ရေးအချက်အလက်များထဲတွင် အခြားသူများကို မမြင်စေချင်သော လျှို့ဝှက်ချက်များစွာ ရှိနေသေးသည်၊ ထို့အပြင် သူက ဘာကြောင့် သဘောတူရမည်နည်း။ ပုံမှန်လုပ်ထုံးလုပ်နည်းလား။ ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းမျိုးရှိမှန်း သူ မသိခဲ့ပေ၊ သိခဲ့လျှင်တောင်မှ သူ သဘောတူမည်မဟုတ်ချေ။
စကားပြောနေသော အမျိုးသား စစ်ဆေးရေးမှူးကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။ သူက ခေါင်းကိုမော့လိုက်ကာ သူ၏လက်ထဲရှိ တုတ်က လျှပ်စီးများ တဖျစ်ဖျစ် မြည်ဟည်းသွားပေသည်။
"မိတ်ဆွေ... ငါ သတိမပေးဘူးလို့တော့ အပြစ်မတင်နဲ့နော်၊ မင်းက လူသစ်ရထားမောင်းနှင်သူ တစ်ယောက်ပဲ ရှိသေးတာ၊ စီနီယာတွေကို ဘယ်လို လေးစားရမလဲဆိုတာ မင်း သိသင့်တယ်၊ လူသစ် တစ်ယောက်အနေနဲ့ ငါတို့က မင်းကိုဖမ်းပြီး နှိပ်စက်ရင်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ မင်း လမ်းလျှောက်နိုင်သေးတဲ့အချိန်မှာ ငါတို့နဲ့ လိုက်ခဲ့တာကောင်းမယ်၊ မဟုတ်ရင်တော့... ဟီးဟီး"
"နောက်ဆုံးအခွင့်အရေးပဲ... လိုက်မှာလား၊ မလိုက်ဘူးလား"
စီနီယာတွေ။ လေးစားရမယ်။ ဤကမ္ဘာကြီးတွင်လည်း ကုမ္ပဏီအထက်အောက်ဆက်ဆံရေးလိုမျိုး စီနီယာ ဆိုသည့်အရာမျိုး လုပ်နေကြသေးသည်လား။ ယင်းက အနည်းငယ် မိုက်မဲလွန်းရာ မကျဘူးလော။ စီနီယာ ဟုတ်မဟုတ် ဆိုသည်မှာ ဤကမ္ဘာသို့ ၎င်းတို့ရောက်ရှိလာသည့် အသုတ်အပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်လေသည်။
"ဒီနေ့တော့ ငါထမင်းစားရတော့မယ့်ပုံ မပေါ်ဘူး၊ တောင်းပန်ပါတယ်... ငါ့ရဲ့ အချက်အလက်တွေကို ဘယ်သူ့ကိုမှ အမြင်မခံနိုင်ဘူး... လုံးဝပဲ"
"မင်း သေချင်နေတာပဲ"
ရိုက်ချက်တစ်ချက် ကျဆင်းလာသော်လည်း လေထဲသို့သာ သက်ဆင်းသွားလေ၏။ လျှပ်စီး တောခွေးဖြူ သားရေဖိနပ်ရှည်က လျှပ်စီးများ တောက်ပသွားကာ ကန်ချက်တစ်ချက်က ထိုလူထွားကြီးကို တိုက်ရိုက် လွင့်စင်သွားစေလေတော့သည်။
၎င်းကိုမြင်လိုက်ရသော အခြား စစ်ဆေးရေးမှူးကလည်း သူ၏ လျှပ်စစ်တုတ်ကိုမြှောက်ကာ ရိုက်ချလိုက်ပေသည်။
"ခွေးကောင်... မင်းက ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့... အား"
နှေးလွန်းလှသည်။ လျှပ်စီး တောခွေးဖြူ သားရေဖိနပ်ရှည်၏ အဆင့်မြှင့်တင်မှုဖြင့် ရဲချီယန်၏ အမြန်နှုန်းက ၎င်းတို့ လိုက်မီနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်၏။ ဤ စီနီယာ စစ်ဆေးရေးမှူးဆိုသူများက မြို့ထဲတွင် မနေထိုင်မီ ၎င်းတို့ထဲမှ မည်သူကမျှ အဆင့် ၄ ထက်ကျော်လွန်သော ရထားကို ပိုင်ဆိုင်ထားမည် မဟုတ်ပေ။
ထို့ကြောင့် ၎င်းတို့၏ ကိုယ်ခံစွမ်းအားသို့မဟုတ် စိတ်စွမ်းအားများမှာ အခြေခံအားဖြင့် တိုးတက်လာနိုင်စရာ အကြောင်းမရှိပေ။ တစ်နည်းအားဖြင့်ဆိုရသော် ၎င်းတို့၏ ကိုယ်ပေါ်ရှိ လက်နက်ကိရိယာများမှလွဲ၍ ဤကောင်များက သာမန်လူများနှင့် ဘာမျှကွာခြားမှုမရှိပေ။ ထိုသို့သောလူများက ရထားမောင်းနှင်သူ အများစုကို ကိုယ်စားပြုလေသည်။
ဤနေရာရှိ ရုတ်ရုတ်သဲသဲဖြစ်မှုက အခြား စစ်ဆေးရေးမှူးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားချေပြီ။ ပီပီမှုတ်သံများ ထွက်ပေါ်လာကာ စူးရှပြတ်သားသော အသံများက လေထဲတွင် ပဲ့တင်ထပ်သွားလေ၏။
ရဲချီယန်က စိတ်ထဲမှနေ၍ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ သူက ထိတ်လန့်တကြားဖြစ်နေသော လမ်းပြအပေါ်သို့ ဆော်လမွန် မြို့တော် ငွေစက္ကူ တစ်ရာကို ပေါ့ပေါ့ပါးပါး ပစ်ချပေးလိုက်ပြီးနောက် အရှိန်မြှင့်ကာ လူစည်ကားရာ နေရာသို့ ပြေးထွက်သွားလေတော့သည်။
ဘေးကင်းသော နေရာတစ်ခုကိုရှာဖွေပြီး နေရာရွှေ့ပြောင်းအမှတ်အသားကို တိုက်ရိုက်အသုံးပြုကာ ရထားပေါ်သို့ပြန်၍ ထွက်ခွာရန် သူ ဆုံးဖြတ်လိုက်ပေသည်။ ကျူရှင်းထူ ကတိပေးထားသော အကူအညီအတွက်လား။ သူက ဘူတာရုံထဲသို့ ဝင်ရန်သာလိုသည်ဟု သူမ ပြောခဲ့သည်မဟုတ်လော။ သို့ဆိုလျှင် အကူအညီက ပြီးဆုံးသွားပြီဖြစ်သည်။ ထွက်ခွာပြီးနောက်တွင် ထို လူလိမ်မထံမှ ကတ်ပြားကို သူ တောင်းယူလိုက်ရုံသာ ရှိလေသည်။
သို့တိုင်အောင်။
ရဲချီယန်က ဤမြို့တော်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသဖြင့် အကြိမ်အနည်းငယ် ဖမ်းဆီးခံရလုနီးပါး ဖြစ်ခဲ့လေ၏။ ကံကောင်းထောက်မစွာဖြင့် ဤအစိုးရရှေ့နေများ၏ အရည်အသွေးက တကယ့်ကို ဆိုးရွားလွန်းလှပေသည်၊ သေနတ်ပင်မလိုဘဲ ၎င်းတို့ကို သူ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။
သို့သော် သူ ဘယ်ကိုပြေးရမည်နည်း။ ရဲချီယန်က လမ်းကြားတစ်ခု၏ ထောင့်တစ်နေရာကို တွေ့လိုက်ရလေ၏။ သူက ဝင်ရောက်ပုန်းအောင်းလိုက်ကာ ဘုရားစူး ကတ်ပြားကို အသုံးပြုရန် ပြင်လိုက်ချိန်မှာပင်။
မှောင်ရိပ်ထဲမှ လက်သေးသေးလေးတစ်စုံက ရုတ်တရက် ဆန့်ထွက်လာပြီး သူ၏အဝတ်အစားကို ဆွဲကိုင်လိုက်လေတော့သည်။
"ဘယ်သူလဲ" အီဘိုနီ၏ သေနတ်ပြောင်းဝက မှောင်ရိပ်ဆီသို့ ချိန်ရွယ်သွားချေပြီ။
ကြောက်ရွံ့နေသောအသံလေးက တုန်ရီစွာဖြင့် ထွက်ပေါ်လာပေသည်။ "မ... မပစ်ပါနဲ့"
မှောင်ရိပ်ထဲတွင် စောစောက သူတွေ့ခဲ့ရသော တောင်းရမ်းနေသည့် အပြာရောင်အသားအရေနှင့် ချွန်ထက်သော နားရွက်များရှိသော ကလေးငယ်က ကွေးကွေးလေးဖြစ်နေကာ ဘေးဘက်ရှိ တံခါးတစ်ချပ်ကို ညွှန်ပြနေလေ၏။
"ငါ့ကို ဒီထဲ ဝင်စေချင်တာလား" ကလေးက ခေါင်းညိတ်ပြလေသည်။
"ဟုတ်... လူကြီးမင်းကို ဘယ်သူမှ မတွေ့နိုင်ပါဘူး"
ခဏမျှ စဉ်းစားလိုက်ပြီးနောက် အပြင်ဘက်မှ ပိုမိုနီးကပ်လာသော ခြေသံများကို နားထောင်ရင်း ရဲချီယန်က ဘုရားစူး ကတ်ပြားကို အသုံးပြုမည့် အကြံအစည်ကို ယာယီစွန့်လွှတ်လိုက်လေ၏။ ဘာပဲဖြစ်ဖြစ် ဒီကလေးကို ယခုချက်ချင်း သတ်မပစ်သရွေ့ ဤနေရာတွင် အခြားသူများ ရှိနေသေးသည်မဟုတ်လော။
သို့သော်... ထားလိုက်ပါတော့။ ဤမြို့သို့ရောက်ပြီး တစ်နာရီပင် မပြည့်သေးမီ ဤမျှ အလျင်စလို ထွက်ခွာသွားရခြင်းက အနည်းငယ် ရှက်စရာကောင်းသည်ဟု မခံစားရဘူးလော။
ဘူတာရုံ အသစ်တစ်ခုရဲ့ စွန့်စားခန်းအဖြစ်ပဲ သတ်မှတ်လိုက်တာပေါ့။
ကလေးငယ်နောက်သို့လိုက်ကာ ထိုတံခါးမှတစ်ဆင့် ကွေ့ကောက်သွားလာရင်း ၎င်းတို့က အခြားရပ်ကွက်တစ်ခုသို့ ရောက်ရှိသွားကြလေသည်။
"ဒီဘက်ကို သွားရအောင်" ကလေးငယ်က အခြားဦးတည်ရာတစ်ခုကို ညွှန်ပြလေ၏။
သူက ၎င်း၏နောက်မှ အချိန်အတော်ကြာ လိုက်ပါသွားခဲ့ရာ မူလနေရာမှနေ၍ မီတာ ဒါဇင်ပေါင်းများစွာ အောက်သို့ ဆင်းသက်လာခဲ့ပုံရပေသည်။ မူလက လတ်ဆတ်သောလေက တဖြည်းဖြည်းနှင့် အနည်းငယ် မနှစ်မြို့ဖွယ် ဖြစ်လာချေပြီ။
"ရောက်ပါပြီ" ကလေးငယ်က ရဲချီယန်၏ ဘောင်းဘီကို လွှတ်ပေးလိုက်ကာ ကြောက်ရွံ့ရွံ့ဖြင့် ပြောလေ၏။ "ဒီ... ဒီကို ဘယ်သူမှ မလာကြဘူး... ဘာလို့လဲဆိုတော့ လူတိုင်းက ကျွန်တော်တို့ကို မုန်းကြလို့ပါ"
"..." ဆော်လမွန် မြို့တော်၏ အခြားအစိတ်အပိုင်းများရှိ စည်ကားမှုနှင့် နှိုင်းယှဉ်ပါက ဤနေရာက အပျက်အစီးတစ်ခုနှင့် တူလေသည်။ ထို့အပြင် ဤပျက်စီးယိုယွင်းနေသော အဆောက်အအုံများ၏အောက်တွင် အစိမ်းရောင်အသားအရေနှင့် ချွန်ထက်သော နားရွက်များရှိသည့် မကောင်းဆိုးဝါးများဟု ခေါ်ဆိုကြသော လူ များ ရှိနေကြသည်လား။
"မ... မကြောက်ပါနဲ့ အစ်ကိုကြီး... ကျွန်တော်တို့က မကောင်းဆိုးဝါးတွေ မဟုတ်ပါဘူး... တကယ်ပြောတာပါ"
ရဲချီယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ဆန့်ထုတ်ကာ ကလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်လေ၏။
"မင်းတို့က မကောင်းဆိုးဝါးတွေ မဟုတ်ဘူးဆိုတာ ငါသိပါတယ်... ရော့... ဒါလေး စားလိုက်"
သူက အိတ်ကပ်ထဲမှ သစ်သီးသကြားလုံး နှစ်လုံးကို ထုတ်ယူကာ ကလေးငယ်အား ကမ်းပေးလိုက်ပေသည်။ ကလေးငယ်က သကြားလုံးကို ယူလိုက်သော်လည်း မစားခဲ့ပေ။ ၎င်း၏ မျက်လုံးများထဲတွင် တပ်မက်မှုများ ပြည့်နှက်နေသော်လည်း ထိုတပ်မက်မှုထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေလေ၏။
"ဘာဖြစ်လို့လဲ... မင်းရဲ့ မိသားစုကို ပေးချင်လို့ဆိုရင် ငါ့ဆီမှာ အများကြီး ရှိသေးတယ်"
ကလေးငယ်က ခေါင်းခါလိုက်ကာ နှုတ်ခမ်းကိုကိုက်လျက် တီးတိုးပြောလေသည်။ "ကျွန်တော့်အစ်မက လွန်ခဲ့တဲ့ အချိန်အနည်းငယ်က အပေါ်က လူကြီးတွေပေးတဲ့ သကြားလုံးကိုစားပြီး အဆိပ်သင့်သေဆုံးသွားခဲ့လို့ပါ..."
"......" ၎င်းတို့အပေါ်ထားရှိသော ဤမြို့တော်၏ ရက်စက်ယုတ်မာမှုကို သူ လျှော့တွက်ထားခဲ့ပုံရပေသည်။ တကယ်ပဲ... အဲဒီလောက်လုပ်ဖို့ လိုအပ်လို့လား။ ရဲချီယန် ဘာမှမပြောတော့ပေ။
ကလေးငယ်နောက်သို့လိုက်ကာ သူက ဤကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများဖြင့် ဖွဲ့စည်းထားသည့် ရွာလေးထဲသို့ ဝင်ရောက်သွားလေ၏။ သူ၏ ပတ်ပတ်လည်တွင် တူညီသော အစိမ်းရောင်အသားအရေနှင့် ချွန်ထက်သော နားရွက်များရှိသည့် လူများက အပျက်အစီးများကြားမှနေ၍ သူ့ထံသို့ အကြည့်များ ပစ်လွှတ်နေကြပေသည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် ရွံရှာမှုနှင့် မနာလိုမှုများ ရှိနေသော်လည်း အများဆုံးကတော့ ကြောက်ရွံ့မှုသာ ဖြစ်လေသည်။
"ရောက်ပါပြီ"
၎င်းတို့က နှိုင်းယှဉ်ချက်အရ ပျက်စီးမှုနည်းပါးသော အဆောက်အအုံတစ်ခုရှေ့တွင် ရပ်တန့်လိုက်ကြလေ၏။ အပေါ်သို့ မော့ကြည့်လိုက်ရာ အဆောက်အအုံပေါ်တွင် ရင်းနှီးနေသော အမှတ်အသားတစ်ခုကို ရှင်းလင်းစွာ မြင်တွေ့ရပေသည်။
မျက်နှာမဲ့ သူတော်စင်။
ဒီရွှီ(အင်ပါယာအမိန့်တော်) (အင်ပါယာအမိန့်တော်)အဖွဲ့အစည်းထံမှ ထိုဖိတ်စာကတ်တွင် ဤအမှတ်အသား ပါရှိလေသည်။
"..." သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဝင်လာချေပြီ။ လွန်ခဲ့သည့် နာရီဝက်ခန့်အတွင်း သူကြုံတွေ့ခဲ့ရသည်များက ထို လူလိမ်မ စီစဉ်ထားခြင်းများ ဖြစ်နေမလား။ အကယ်၍ တကယ်သာ ဟုတ်နေမည်ဆိုလျှင်... ၎င်းက အနည်းငယ် မနှစ်မြို့စရာကောင်းလှပေသည်။
အီဘိုနီနှင့် စကိုင်းဟော့က်တို့ကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်လေ၏။ ကျည်ထိုးထားသော သေနတ်ဖြင့် ရဲချီယန်က တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားလေတော့သည်။
အဆောက်အအုံအတွင်းတွင် မျက်နှာဖုံးတပ်ဆင်ထားကာ သာမန်လူသားများကဲ့သို့ အသားအရေနှင့် နားရွက်များရှိသော အမျိုးသမီးတစ်ဦးက ကုလားထိုင်ပေါ်တွင်ထိုင်လျက် သစ်သားငါးရုပ်ကို ညင်သာစွာ ခေါက်နေရာမှ သူမ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပေသည်။ အမျိုးသမီးက မျက်လုံးများကို ဖွင့်လိုက်သော်လည်း သူမ၏ မျက်နှာဖုံးစွပ်ထားသော မျက်နှာက မည်သည့် အမူအရာကိုမျှ အရိပ်အမြွက်ပြသခြင်း မရှိခဲ့ပေ။
သူမက မတ်တပ်ရပ်ကာ ကြိုဆိုသည့်ဟန်ပန်ပြုလုပ်လိုက်ပြီး တံခါးဝတွင် သတိအနေအထားဖြင့် ရပ်နေသော ရဲချီယန်အား ပြောလိုက်လေ၏။
"မင်းက အဲဒီကမ္ဘာကနေ ကောင်းကင်တမန်ကို ကယ်တင်ခဲ့တဲ့ လူသစ်လား... မင်္ဂလာပါ... ငါ့နာမည်က မွန်ရိုးဂျီနာပါ၊ မင်းလိုပဲ ငါကလည်း ကတ်ပြား အစီအစဉ်တွေကို စုဆောင်းတဲ့သူတစ်ယောက်ပေါ့၊ ဒီအဖွဲ့အစည်းရဲ့ လှုပ်ရှားမှုကို ငါက စတင်ခဲ့တာပါ"