အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း(45) ဖောက်သည်၏လျို့ဝှက်ချက်
ကောရွှေတို့ ကြောင်အမ်းနေချိန်မှာပင် ဘဏ်ဝန်ထမ်းက ယောင်ပင်းအား စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပေးလာပြန်သည်။
“လူကြီးမင်း၊ လူကြီးမင်းက ငွေသွင်းငွေထုတ်ကို မကြာခဏအများကြီးလုပ်ဆောင်လေ့ရှိတာကြောင့် ကျွန်မတို့ရဲ့ ပလက်တီနမ်ကတ်ကို လျှောက်ထားဖို့ အကြံပြုချင်ပါတယ်၊
ဒါဆိုရင် လူကြီးမင်းအနေနဲ့ ငွေအမြောက်အမြား သွင်းတာ ထုတ်တာပဲဖြစ်ဖြစ်လုပာဆောင်နိုင်ပြီး ဖုန်းနဲ့ ကြိုတင်ချိန်းဆိုထားရုံနဲ့ အားတဲ့အချိန်မှာ လာယူလို့ ရပါတယ်၊ ပိုပြီးတော့လည်း အဆင်ပြေမြန်ဆန်တာပေါ့”
“ပြီးတော့ လူကြီးမင်းနဲ့ ကိုက်ညီမဲ့ ငွေကြေးစီမံခန့်ခွဲမှု ထုတ်ကုန်အချို့လည်း ရှိပါသေးတယ်၊
အကျိုးအမြတ်က တစ်သန်းကျော်အထိ ရှိနိုင်ပြီးတော့ ဒါက ဒီနယ်ပယ်မှာ အမြင့်ဆုံးပါပဲ၊ လူကြီးမင်း အနေနဲ့ စဉ်းစားကြည့်လို့ ရပါတယ်”
*
ထိုဝန်ထမ်းသည်က ယောင်ပင်းအပေါ် အလွန်ပင် စိတ်အားထက်သန်နေခဲ့သည်။
ကောရွှေ၊ ကုရှောက်နှင့် လုရှောက်တို့ကတော့ မယုံကြည်နိုင်သည့် အကြည့်များဖြင့် ကြည့်နေကြလေ၏။
အထူးသဖြင့် ကောရွှေပင်။
ယောင်ပင်းက ဆင်းရဲတဲ့ အရှုံးသမားတစ်ယောက်ဆိုတာ ရှင်းနေတာပဲကို။ ဘာလို့ သူက ငွေသွင်းငွေထုတ်တွေ ခဏခဏ အများကြီး လုပ်နေရတာလဲ။
ပြီးတော့ ပလက်တီနမ်ကတ် ဟုတ်လား။ တစ်သန်းကျော်တန်တဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေတောင် အကြံပေးနေတယ်လား။
သူတို့ ကြားတာ မမှားပါဘူးနော်။
ယောင်ပင်းမှာ ပိုက်ဆံ ဘယ်လောက်တောင် ရှိနေလို့လဲ။
သုံးသိန်းထက်တောင်ပိုနေတာလား။
“ပြောစမ်းပါ.. သူ့အကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်တောင် ရှိနေလို့ မင်းက ဒီလောက်အထိ မျက်နှာချိုသွေးနေရတာလဲ”
ကောရွှေသည် မခံမရပ်နိုင်ဖြစ်လာပြီး ဝန်ထမ်း၏ မိတ်ဆက်စကားကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။
“ငါတို့လည်း ပိုက်ဆံထုတ်ဖို့ စောင့်နေတာ၊ မင်းရဲ့ အပိုစကားတွေကြောင့် ငါတို့ အချိန်တွေ ကြန့်ကြာနေပြီ”
ကောရွှေသည်က ယောင်ပင်း၏ ရှေ့တွင် အမြဲတမ်း အထက်စီးမှ နေလိုသူ ဖြစ်ပေသည်။
ယခင်က ယောင်ပင်း၏ ဆုံးမခြင်းကို ခံခဲ့ရသော်လည်း ကောရွှေ၏ မျက်လုံးထဲတွင်တော့ ယောင်ပင်းသည် ဆင်းရဲသား အရှုံးသမားတစ်ယောက်သာ ဖြစ်ပြီး တစ်သက်လုံး အစေခံလုပ်ရမည့် သူဖြစ်ပေသည်။
ကောရွှေ၏ စိတ်ထဲတွင် သူနှင့် ယောင်ပင်းအကြား သူသည်သာလျှင် လူအများ၏ အလေးပေးခြင်းကို ခံရမည့်သူ ဖြစ်ပေသည်။
ထိုဝန်ထမ်းက ယောင်ပင်းအပေါ် စိတ်အားထက်သန်ပြီး ယဉ်ကျေးပျူငှာနေခြင်းမှာ ကောရွှေကို အလွန်ပင် နေရခက်စေပေသည်။
“လူကြီးမင်း၊ ကျွန်မမှာ ဖောက်သည်တွေရဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်၊ သူတို့ရဲ့ ငွေစာရင်းကို ထုတ်ပြောပြဖို့ မလိုအပ်ပါဘူး”
ဝန်ထမ်း၏ အပြုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာသို့ ပြောင်းလဲသွားတော့သည်။
“တကယ်လို့ လူကြီးမင်း အလုပ်ကိစ္စ ဆောင်ရွက်ချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး တိုကင်နံပါတ်ယူပြီး အလှည့်ကျစောင့်ပါဦး”
ကောရွှေ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။
“မင်း.. ဒါက ဘယ်လို အမူအရာမျိုးလဲ၊ မင်းတို့ မန်နေဂျာကို ခေါ်လိုက်စမ်း၊ ငါ မင်းကို တိုင်စာပို့မယ်”
ကောရွှေ တကယ်ပင်ဒေါသထွက်နေသည်ကို မြင်သောအခါ ကုရှောက်နှင့် လုရှောက်တို့က သူ့ကို ဘေးသို့ အမြန်ဆွဲခေါ်သွားပြီး ယောင်ပင်းရှိနေချိန် ပြဿနာမရှာရန် တိုးတိုးတိတ်တိတ် ဖျောင်းဖျလိုက်ကြလေ၏။
ယောင်ပင်းကို အရှက်ခွဲဖို့ရန် အခွင့်အရေး အများကြီး ရှိနေသေးသည်။
သူတို့ ဘေးသို့ ဆုတ်ခွာသွားပြီးနောက် ကျန်းရှောင်ပေ၏ အမေသည် တုန်တုန်ရင်ရင်ဖြင့် အနားသို့ ချဉ်းကပ်လာကာ အံ့ဩတကြီး မေးလိုက်သည်။
“ရှောင်ပင်း၊ မင်းမှာ တကယ်ပဲ ပိုက်ဆံတွေ အများကြီး ရှိတာလား၊ ဒါတွေက မင်းအမေဆီက ယူလာတာလား၊ အဲဒါတွေကို ပြန်ပေးလိုက်ပါ၊
ရှောင်ပေက ပြောဖူးတယ်၊ မင်းအမေက မင်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာတာ လွယ်တာမဟုတ်ဘူးတဲ့၊ သူ့ရဲ့ တစ်သက်လုံး စုဆောင်းထားတဲ့ ပိုက်ဆံတွေကို မင်း ဒီလိုမျိုး အကုန်မခံပါနဲ့..”
ယောင်ပင်းသည်က ဆင်းရဲသော မိသားစုမှ အထက်တန်းကျောင်းသားတစ်ဦးသာ ဖြစ်သဖြင့် ဤမျှသော ငွေအမြောက်အမြား ရှိနေလိမ့်မည်ဟု သူမ မထင်မိချေ။
“အန်တီ စိတ်မပူပါနဲ့၊ ဒီပိုက်ဆံတွေက ကျွန်တော့်အမေဆီက ယူထားတာ မဟုတ်ပါဘူး၊ ကျွန်တော် ရိုးရိုးသားသား ရှာထားတဲ့ ပိုက်ဆံတွေပါ”
ကျန်းရှောင်ပေ အမေ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများကို မြင်သောအခါ ယောင်ပင်း၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာပြီး သူမကို စိတ်ချစေရန်ပြောလိုက်ပေသည်။
“အန်တီက ပိုက်ဆံ အပူတပြင်း လိုနေတာပဲလေ၊ ဒါကို အရင်ဆုံး ဖြေရှင်းလိုက်ရအောင်၊ ဒီပိုက်ဆံတွေကို ကျွန်တော်သုံးစရာမလိုသေးပါဘူး”
အကြိမ်ကြိမ့ကတိပေးပြီးနောက် ကျန်းရှောင်ပေ၏ အမေမှာ သံသယအနည်းငယ် ရှိနေသေးသော်လည်း သဘောတူလိုက်ရပေသည်။
နောက်ဆုံးတော့ သူမသည်က အသက်ကယ်ရန် ပိုက်ဆံ လိုအပ်နေသည် မဟုတ်ပါလား။ထို့ကြောင့် ထပ်မံ ငြင်းဆိုရန် မဖြစ်နိုင်တော့ချေ။
သူမ သဘောတူသည်ကို မြင်သောအခါ ယောင်ပင်းလည်း စိတ်သက်သာရာရသွားပြီး နောက်နေ့တွင် ငွေထုတ်ယူရန် ကောင်တာ၌ ချိန်းဆိုလိုက်ပေသည်။
ထို့နောက် ကျန်းရှောင်ပေ၏ အမေကို တွဲ၍ ဘဏ်အပြင်ဘက်သို့ လှမ်းထွက်ခဲ့ကြလေသည်။
“အန်တီ၊ ခဏလေးဦး”
သူတို့ သမဝါယမအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်နှင့် ကောရွှေ၊ ကုရှောက်နှင့် လုရှောက်တို့က အမီလိုက်လာကြတော့သည်။
ကောရွှေက ကျန်းရှောင်ပေ၏ အမေနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဂရုစိုက်ဟန်ဖြင့် မေးမြန်းလိုက်၏။
“အန်တီ၊ အခု အိမ်ကို ရောင်းလိုက်ပြီဆိုတော့ အန်တီ ဘယ်မှာ နေမှာလဲ”
“အဲဒါကို မင်း စိတ်ပူစရာ မလိုပါဘူး”
ယောင်ပင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော်က အဲဒီအိမ်ကို တကယ်သုံးစရာမလိုအပ်ပါဘူး၊ အန်တီ အဲဒီမှာပဲ ဆက်နေလို့ ရပါတယ်၊ ဒါမှမဟုတ် ဒီလိုလုပ်ပါလား၊
ကျွန်တော့်အမေကလည်း တစ်ယောက်တည်း နေတာဆိုတော့ အန်တီက ကျွန်တော့်အမေနဲ့ အတူတူနေပြီး တစ်ဦးကိုတစ်ဦး စောင့်ရှောက်ပေးလို့ ရတာပေါ့”
ယောင်ပင်းသည် ကျန်းရှောင်ပေ၏ လျှို့ဝှက်ချက်များမှာ ဟောင်ထျန်းချိုင် ပြောကြားချက်များထက် ပိုမိုများပြားလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားပေသည်။
ထို့ကြောင့် သူ ကျန်းရှောင်ပေ၏ အမေကို ကာကွယ်ရမည်ပင်။
ဖြစ်နိုင်လျှင် သူမထံမှ သဲလွန်စအချို့ပင် ရရှိနိုင်ပေလိမ့်မည်။
ကျန်းရှောင်ပေ၏ အမေက အမြန်ပင် ငြင်းဆိုလိုက်သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ရှောင်ပင်း၊ မင်းက အန်တီ့အိမ်ကို ဈေးကောင်းပေးပြီး ဝယ်ပေးတာနဲ့တင် အန်တီ့ရဲ့ အခက်အခဲကို ကယ်တင်ပေးလိုက်တာ၊
အန်တီ မင်းကို အများကြီး ကျေးဇူးတင်ပါတယ်၊ မင်းရဲ့ မိသားစုကို ဘယ်လိုလုပ် ထပ်ပြီး ဒုက္ခပေးလို့ ဖြစ်မှာလဲ”
ကျန်းရှောင်ပေ၏ အမေမှာ ယောင်ပင်းကို အလွန်ပင် ကျေးဇူးတင်နေမိသည်။
ပို၍ အရေးကြီးသည်မှာ ယခင်က ယောင်ပင်း၏ ငွေကြေးအခြေအနေကို သံသယဝင်ခဲ့မိသည့်အတွက် သူမ စိတ်မကောင်း ဖြစ်မိပေသည်။
အိမ်တစ်လုံးတည်းကို ကောရွှေနှင့် သူ၏အဖွဲ့က တစ်သိန်းသာ ပေးသည့်အပြင် ဈေးကိုလည်း အတင်းနှိမ်ခဲ့ကြသည်။ ယောင်ပင်းကတော့ တိုက်ရိုက် သုံးသိန်းပေးသည့်အပြင် သူမကိုလည်း ထိုအိမ်မှာပင် ဆက်နေခွင့် ပေးခဲ့ပေသည်။
ကွာခြားချက်မှာ ထင်ရှားလှပေသည်။
ယောင်ပင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အန်တီ၊ ဒါက အသက်ကယ်ဖို့ ပိုက်ဆံလို့ ပြောခဲ့တယ်နော်၊ အန်တီ နေမကောင်းလို့လား”
ဒါက ကျန်းရှောင်ပေ ပြောခဲ့တဲ့ အရေးပေါ်အခြေအနေလား။
သူမအမေရဲ့ ရောဂါကို ကုသဖို့ ပိုက်ဆံရှာနေတာများလား။
“ဒါက ရောဂါဟောင်းပါ”
ကျန်းရှောင်ပေ၏ အမေက ခါးသီးသော အပြုံးဖြင့် ခေါင်းခါပြလိုက်သည်။
“ဒါပေမဲ့ အန်တီ အိမ်ရောင်းတာက ရောဂါကုဖို့ မဟုတ်ပါဘူး၊ အဲဒါက..”
“အန်တီ!”
သူမ စကားမဆုံးမီမှာပင် ကောရွှေသည် သူမရှေ့သို့ အတင်းတိုးဝင်လာတော့သည်။
သူက သူမ၏ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။
“အန်တီ၊ ကျွန်တော်က ရှောင်ပေရဲ့ ရည်းစားပါ၊ အန်တီ စိတ်မရှိဘူးဆိုရင် ကျွန်တော့်အိမ်မှာ လာနေလို့ ရပါတယ်၊ ကျွန်တော့်အိမ်က ကြီးလည်းကြီးတယ် ကျယ်လည်းကျယ်တယ်၊ အန်တီ့အတွက် လုံလောက်မှာပါ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကောရွှေ့အိမ်မှာ နေပါ၊ ကောရွှေ့အိမ်က ဗီလာအကြီးကြီးပဲ၊ အစေခံတွေလည်း ရှိတော့ အန်တီ သက်သောင့်သက်သာ နေရမှာပါ”
“အတိအကျပဲ၊ ကောရွှေ့အိမ်မှာ နေတာက ဒီကောင်ရဲ့ အိမ်မှာ နေတာထက် အဆတစ်ရာမက သက်သောင့်သက်သာ ရှိမှာပါ”
*
ကျန်းရှောင်ပေ၏ အမေမှာ လုံးဝ ကြောင်အမ်းသွားတော့သည်။
ခုနလေးတင်မှ မောက်မာရိုင်းစိုင်းပြီး ဂရုမစိုက်သကဲ့သို့ ပြုမူနေကြသော ချမ်းသာသည့် လူငယ်သုံးဦးမှာ အဘယ်ကြောင့် ရုတ်တရက် ဤမျှအထိ စိတ်အားထက်သန်သွားကြသနည်းဆိုသည်ကို သူမ နားမလည်နိုင်တော့ချေ။
“ကောင်းပြီ၊ အခုပဲ ပြန်ကြရအောင်”
ကောရွှေက ဆက်မပြောတော့ဘဲ ကျန်းရှောင်ပေ၏ အမေကို ကားပေါ်သို့ ဆွဲတင်လိုက်လေသည်။
ကုရှောက်နှင့် လုရှောက်တို့ကလည်း ဝိုင်းကူကြသည်။
သူတို့ သုံးဦးက ကျန်းရှောင်ပေ၏ အမေကို ကားထဲသို့ ဆွဲထည့်လိုက်ပြီးနောက် ကောရွှေက ယောင်ပင်းအား လှမ်းခေါ်လိုက်သည်။
“ဒီနေရာက မြို့ထဲနဲ့ ဝေးတယ်၊ ငါတို့ မင်းကို တစ်ခါတည်း လိုက်ပို့ပေးမယ်လေ”
ယခင်နှင့် ယှဉ်လျှင် သူတို့၏ အမူအရာမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားသွားတော့သည်။
ယောင်ပင်းက မငြင်းဆိုဘဲ သူတို့နှင့်အတူ ကားပေါ်သို့ တက်လိုက်သည်။
ယောင်ပင်း၏ မေးခွန်းကို ကျန်းရှောင်ပေ၏ အမေ ပြန်ဖြေမည့်အချိန်တွင် ကောရွှေက အလျင်အမြန် ဖြတ်ပြောလိုက်ခြင်းဖြစ်၍ တစ်ခုခု မှားယွင်းနေသည်ဟု ယောင်ပင်း ခံစားမိသည်။
ကောရွှေနှင့် သူ၏အဖွဲ့က မည်သည့်အရာများကို ကြံစည်နေကြောင်းကို သူ ကြည့်ချင်သေးသည်။
ကျန်းရှောင်ပေ၏ အမေနှင့် ယောင်ပင်းတို့ ကားပေါ်သို့ တက်သွားသည်ကို မြင်သောအခါ ကောရွှေက ကုရှောက်နှင့် လုရှောက်တို့ကို မျက်စိမှိတ်ပြလိုက်ပြီးနောက် အိမ်ဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်။
ကားက ဗီလာတစ်လုံး၏ ရှေ့တွင် ရပ်တန့်သွားတော့သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ထိုနေရာတစ်ခုလုံးမှာ ချမ်းသာသူများသာ နေထိုင်နိုင်သော ဗီလာများဖြင့် ပြည့်နှက်နေပေသည်။
“အန်တီ.. ဒါ ကျွန်တော့်အိမ်ပဲ၊ အန်တီ ဒီမှာပဲ ဆက်နေပါ၊ အန်တီ့ကို အကောင်းဆုံး အစားအသောက်တွေနဲ့ ဧည့်ခံပါ့မယ်”
ယောင်ပင်းက ပတ်ဝန်းကျင်ကို အကဲခတ်နေသည်ကို သတိထားမိသောအခါ ကောရွှေသည် သူတို့ရှေ့ရှိ ဗီလာကို ဂုဏ်ယူစွာဖြင့် လက်ညှိုးထိုးပြလိုက်သည်။
“အခုတလော မြို့ပြကျေးရွာတွေ ဖျက်သိမ်းခံရတော့ ကျွန်တော်တို့ မြို့ထဲက အိမ်ဈေးတွေက မိုးပေါ်ပျံနေတာ၊ ကျွန်တော်တို့ ဗီလာရဲ့ တန်ဖိုးကလည်း နှစ်ဆလောက် တက်သွားပြီ”
“နှစ်ဆ ဟုတ်လား၊ ဒါဆို သန်းသုံးဆယ်လောက် ရှိတာပေါ့”
“ကောရွှေ့ရဲ့ ဗီလာမှာ နေရတာက တချို့လူတွေရဲ့ ခွေးအိမ်မှာ နေရတာထက် အများကြီး ပိုကောင်းလိမ့်မယ်”
*
အခန်း(46)
ကုရှောက်နှင့် လုရှောက်တို့က တစ်ယောက်တစ်ပေါက်နှင့် ယောင်ပင်းကို နှိမ့်ချပြောဆိုနေကြလေ၏။
ယောင်ပင်းမှာတော့ သူတို့၏ စကားများကို လုံးဝ သတိမထားမိသကဲ့သို့သာ ရှိနေခဲ့သည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် သူက ပြန်လှည့်၍ မေးလိုက်သည်။
“ဒါက ယင်ပင်းလမ်း မဟုတ်ဘူးလား”
“အိုး ဒါက ယင်ပင်းလမ်းဆိုတာတော့ မင်း သိတာပဲ”
“ဒါက ချမ်းသာတဲ့လူတွေ နေတဲ့နေရာလေ၊ ယင်ပင်းလမ်းဆိုတာ တကယ့်ကို အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ နေတဲ့နေရာပဲ၊ မင်းက ဘာလို့ ယင်ပင်းလမ်းအကြောင်း မေးနေတာလဲ၊ အဲဒီမှာ ဗီလာဝယ်ချင်လို့လား”
ကုရှောက်နှင့် လုရှောက်တို့၏ စကားများမှာ လှောင်ပြောင်သံများဖြင့် ပြည့်နှက်နေတော့သည်။
သူတို့၏ မျက်လုံးထဲတွင် ဤနေရာမှာ ချမ်းသာသူများအတွက်သာ ဖြစ်ပြီး ယောင်ပင်းကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးက မေးခွန်းထုတ်နေခြင်းမှာပင် ဟာသတစ်ခု ဖြစ်နေပေသည်။
ယောင်ပင်းသည် သူတို့၏ လှောင်ပြောင်မှုများကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။
“ယင်ပင်းလမ်းမှာ ယင်ပင်းစံအိမ် အိမ်ရာရှိတယ် မဟုတ်လား”
ကောရွှေနှင့် အခြားနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ်၊ ယင်ပင်းလမ်းမှာ ယင်ပင်းစံအိမ် ရှိတယ်၊ မင်းက ဘာလို့ မေးနေတာလဲ၊ ယင်ပင်းစံအိမ်မှာ အခန်းတစ်ခန်းရဲ့ ဈေးနှုန်းက ဘယ်လောက်လဲဆိုတာ မင်းသိလား၊ သိရင် မင်း လန့်သေသွားလိမ့်မယ်”
“အင်း”
“
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီးပြောလာခဲ့သသ်။
“ငါ့မှာ ယင်ပင်းစံအိမ်မှာ အိမ်တစ်လုံး ရှိတယ်လေ”
*
ကောရွှေ ဖုန်းနံပါတ်တစ်ခုကို နှိပ်ပြီးနောက်သည် စပီကာကို ဖွင့်လိုက်သည်။
“ဟယ်လို၊ ကျွန်တော်တို့ ယင်ပင်းစံအိမ်က အိမ်ရာတွေကို ကြည့်ချင်လို့ပါ”
ဖုန်းအခြားတစ်ဖက်မှ ချိုသာသော အမျိုးသမီးအသံတစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။
“လူကြီးမင်း ဒီနေရာမှာ အိမ်ရာကြည့်ရှုဖို့အတွက် တစ်ပတ်ကြိုတင်ပြီး ချိန်းဆိုထားရပါမယ်”
ကောရွှေသည် ကုရှောက်နှင့် လုရှောက်တို့ကို မျက်စိမှိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော့်အတွက် ကြိုတင်ချိန်းဆိုပေးပါ”
ယောင်ပင်းကို အရှက်ခွဲနိုင်မည်ဆိုလျှင် တစ်ပတ်စောင့်ရသည်မှာ ပြဿနာမဟုတ်ချေ။
ဖုန်းထဲမှ ချိုသာသောအသံက ဆက်ပြောလေသည်။
“ကောင်းပါပြီ လူကြီးမင်းတို့ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်လေး ပေးပါဦး၊ ကျွန်မ မှတ်သားထားပေးပါ့မယ်”
ကောရွှေက ယောင်ပင်းအပါအဝင် လူအတော်များများ၏ နာမည်ကို တစ်ဦးချင်းစီ ပေးလိုက်ပေသည်။
သို့သော် သူက ယောင်ပင်း၏နာမည်ကို တမင်တကာ နောက်ဆုံးမှ ပြောခဲ့၏။
ပထမပိုင်းတွင် ထိုအမျိုးသမီးသည် နာမည်များကို အစဉ်လိုက် မှတ်သားနေခဲ့သော်လည်း ကောရွှေက ယောင်ပင်း၏ နာမည်ကို ပြောလိုက်သည့်အခါတွင်တော့ ရုတ်တရက် ရေးမှတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ပို၍ချိုသာစွာ ပြောလိုက်တော့သည်။
“တကယ်လို့ မစ္စတာ ယောင်ပင်းသာ ပါမယ်ဆိုရင်တော့ ကြိုတင်ချိန်းဆိုထားဖို့ မလိုပါဘူး လူကြီးမင်းတို့ တိုက်ရိုက်လာရောက် ကြည့်ရှုနိုင်ပါတယ်”
ကောရွှေ ကြောင်အမ်းသွားတော့သည်။
ယင်ပင်းစံအိမ်တွင် အိမ်ရာကြည့်ရှုရန် တစ်ပတ်ကြိုတင် ချိန်းဆိုရမည်ကို သူ သိထားပြီးသား ဖြစ်ပေ၏။
သို့သော် အဘယ်ကြောင့် တစ်ဖက်လူက ယောင်ပင်း၏ နာမည်ကို ကြားရုံမျှဖြင့် တိုက်ရိုက်လာကြည့်နိုင်သည်ဟု ပြောရသနည်း။
“ယောင်ပင်း ပါနေရင် ဘာလို့ ကြိုတင်ချိန်းဆိုဖို့ မလိုတာလဲ”
ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ကောရွှေက မေးလိုက်၏။
“ဘာဖြစ်လို့လဲဆိုတော့ မစ္စတာ ယောင်ပင်းက ကျွန်မတို့ရဲ့ အိမ်ပိုင်ရှင်တစ်ဦး ဖြစ်လို့ပါ”
ချိုသာသောအသံရှင်က စိတ်ရှည်စွာ ရှင်းပြလာသည်။
“ကျွန်မတို့ဆီမှာ အိမ်ပိုင်ရှင်တွေက သူငယ်ချင်းတွေကို မိတ်ဆက်ပေးမယ်ဆိုရင် ကြိုတင်ချိန်းဆိုဖို့ မလိုဘူးဆိုတဲ့ မူဝါဒ ရှိပါတယ်၊ ဒါ့အပြင် မစ္စတာ ယောင်ပင်းက ငွေအကျေပေးချေထားသူ ဖြစ်တာကြောင့် ကျွန်မတို့ရဲ့ ဦးစားပေး ခံစားခွင့်အားလုံးကိုလည်း ရရှိထားပါတယ်”
ဖုန်းထဲမှ အသံမှာ အလွန်ပင် ချိုသာနေဆဲ ဖြစ်သော်လည်း ကောရွှေမှာတော့ လုံးဝ ဆွံ့အသွားတော့သည်။
ယောင်ပင်းက သူတို့ရဲ့ အိမ်ပိုင်ရှင်ထဲကတစ်ယောာ် ဟုတ်လား။
ယောင်ပင်းမှာ ယင်ပင်းစံအိမ်က အိမ်တစ်လုံး တကယ် ရှိနေတာပဲ။
ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။
ယခုအခါ ကောရွှေတင်မက ကုရှောက်နှင့် လုရှောက်တို့ပါ ကြောင်အမ်းသွားကြလေ၏။ ကုမိသားစုနှင့် လုမိသားစုမှာ ကောရွှေ၏ မိသားစုထက်ပင် အခြေအနေ ပိုကောင်းကြပြီး အနည်းငယ် ကြိုးစားလျှင် အထက်တန်းလွှာထဲသို့ ရောက်ရှိနိုင်သည့် အခြေအနေရှိသည်။
သို့သော် သူတို့ပင်လျှင် အိမ်ဝယ်ချင်လျှင်ပင် သူတို့၏ မိဘများကို အားကိုးရမည် မဟုတ်ပါလား။
ယခုတွင်တော့ သူတို့နှင့် အသက်ရွယ်တူ ယောင်ပင်းက ယင်ပင်းစံအိမ်တွင် အိမ်တစ်လုံး ဝယ်ထားသည်ဟုဆိုလာသည်။ ထို့အပြင် ငွေအကျေလည်း ပေးထားသည်တဲ့လား။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် ယင်ပင်းစံအိမ်ရှိ အိမ်များသည် တစ်စတုရန်းမီတာလျှင် တစ်သိန်း နှစ်သောင်းခန့် ပေးရပြီး အသေးဆုံး ဗီလာတစ်လုံးပင် သန်း သုံးဆယ်၊ လေးဆယာ ခန့် တန်ကြေးရှိကြောင်း သူတို့ စုံစမ်းထားခဲ့ကြသည်။
ယောင်ပင်းက အဲဒီလောက် ပိုက်ဆံတွေကို တကယ်ကြီး လက်ငင်းငွေသားနဲ့ ပေးချေနိုင်တာလား။
ကောရွှေက အရှုံးမပေးလိုသေးဘဲ ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“ဒါဆို မေးပါရစေ၊ မစ္စတာ ယောင်ပင်း ဝယ်ထားတာက အိမ်အသေးစားလေးလား ဒါမှမဟုတ်..”
ချိုသာသောအသံက ယဉ်ကျေးစွာ ပြန်ဖြေ၏။
“စိတ်မရှိပါနဲ့.. မစ္စတာ ယောင်ပင်း ဝယ်ထားတာက ပန်းခြံပါတဲ့ ဗီလာတစ်လုံးပါ၊ မစ္စတာ ယောင်ပင်း အနားမှာ ရှိနေတာလား ရှိနေတယ်ဆိုရင်တော့ အမြန်ဆုံး လာခဲ့ပေးဖို့ ပြောပေးပါဦး၊ ကျွန်မတို့ဘက်က အိမ်လွှဲပြောင်းပေးဖို့ လူအဆင်သင့် ရှိနေပါတယ်”
ကောရွှေ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ ကုရှောက်နှင့် လုရှောက်တို့သည်လည်း တိတ်ဆိတ်သွားကြလေ၏။
လေထုမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေတော့သည်။
ကောရွှေ၏ အရင်က ပြည့်လျှံနေသော အထက်စီးဆန်သည့် ခံစားချက်များမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဖုန်းခေါ်ဆိုမှုကို ကောရွှေကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ဖုန်းထဲမှ လူမှာ ယောင်ပင်း ငှားထားသော လူဖြစ်ရန် မဖြစ်နိုင်တော့ချေ။
အကယ်၍ သုံးသိန်းက ကောရွှေကို အံ့အားသင့်စေခဲ့သည်ဆိုလျှင် ယင်ပင်းစံအိမ်မှ ဤဗီလာကြီးကတော့ သူ့ကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ပေးလိုက်ခြင်း ဖြစ်ပေသည်။
ကောရွှေတစ်ယောက် ထိုခံစားချက်ကို မည်သို့ ဖော်ပြရမှန်းပင် မသိတော့ချေ။
ဖုန်းထဲမှ ချိုသာသောအသံက ထပ်မံ မေးလိုက်ပြန်သည်။
“လူကြီးမင်း တခြား ကူညီပေးစရာ ရှိပါသေးသလား”
“မရှိတော့ပါဘူး၊ ကျေးဇူးပါ!”
ကောရွှေ နောက်ဆုံး၌ သတိပြန်ဝင်လာပြီး ဖုန်းကို အမြန်ပင် ချလိုက်တော့သည်။
သူသည်က ယောင်ပင်းကို အရှက်ခွဲရန်အတွက်သာ အိမ်ရာကြည့်ချင်သည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ယခုတွင်တော့ ထိုးနှက်ချက်ကိုသာ အပြင်းအထန် ခံလိုက်ရသဖြင့် ကောရွှေမှာ လုံးဝ စိတ်ဓာတ်ကျသွားပြီး အိမ်ရာကြည့်ရန်ပင် စိတ်မပါတော့ချေ။
နောက်ထပ် တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာပြန်သည်။
ယောင်ပင်းက တည်ငြိမ်စွာ ပြောလိုက်၏။
“ဘာလဲ၊ ငါနဲ့အတူ အိမ်ရာသွားကြည့်ချင်သေးလို့လား”
ယခုအချိန်တွင်တော့ သူ သေသေချာချာသိရှိသွားချေပြီ။
သူ၏ အမည်ဖြင့် ယင်ပင်းစံအိမ်တွင် ပန်းခြံပါသော ဗီလာတစ်လုံး အမှန်တကယ် ရှိနေချေပြီ။
သူသာ မြေအောက်ကမ္ဘာကို ဆက်လက် ဖွံ့ဖြိုးအောင် လုပ်ဆောင်နေသရွေ့ သူ၏ တကယ့်ပိုင်ဆိုင်မှုနှင့် ချမ်းသာကြွယ်ဝမှုမှာ အံ့အားသင့်ဖွယ်နှုန်းဖြင့် တိုးတက်လာလိမ့်မည်။
ယခုဆိုလျှင် သူသည်က သန်းပေါင်းများစွာ တန်ကြေးရှိသော ဗီလာတစ်လုံးကို ပိုင်ဆိုင်ထားပြီး ဘဏ်အကောင့်ထဲတွင်လည်း တစ်သန်းကျော် ရှိနေပြီ ဖြစ်ပေသည်။
စနစ်မျက်နှာပြင်တွင်လည်း သူ မလဲလှယ်ရသေးသော မြေအောက်နန်းတော်ဟောင်းတစ်ခုနှင့် မြေအောက်လောကသုံးငွေ သန်း (၁၀၀) ကျန်ရှိနေသေးသည် မဟုတ်ပါလား။
သူ, ယောင်ပင်းသည်က ယခုအချိန်တွင် ကောရွှေတို့ကဲ့သို့ လူမျိုးများ၏ အထက်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့လေပြီ။
သို့သော် ယခု ကောရွှေတို့နှင့် ရင်ဆိုင်ရချိန်တွင် ယခင်ကျန်းရှောင်ပေကို ကောရွှေ ခေါ်ဆောင်သွားစဉ်ကဲ့သို့ ကောရွှေကို အနိုင်ယူပြီး ခြေဖဝါးအောက် နင်းချေလိုသော စိတ်ဆန္ဒမျိုး သူထံတွင် မရှိတော့ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ အလွန်ပင် တည်ငြိမ်နေခဲ့သည်။
သူ တည်ငြိမ်နေရခြင်းမှာ ဤလောကတွင် ကောရွှေထက် သာလွန်သော ပိုမိုအင်အားကြီးသော ပုဂ္ဂိုလ်များနှင့် ပိုမိုကျယ်ပြန့်သော လောကကြီး ရှိနေကြောင်း သူ သိရှိသွားသောကြောင့် ဖြစ်ပေသည်။
သူ လျှောက်လှမ်းရမည့်လမ်းမှာ အလွန်ပင် ဝေးကွာလွန်းပေ၏။
တည်ငြိမ်မှု မရှိသူများမှာ ကောရွှေနှင့် သူ၏အဖွဲ့သာ ဖြစ်လိမ့်မည်။
ယောင်ပင်းက ယင်ပင်းစံအိမ်သို့ လိုက်ခဲ့ရန် ဖိတ်ခေါ်သည်ကို ကြားသောအခါ ကောရွှေက ချက်ချင်းပင် ငြင်းဆိုလိုက်တော့သည်။
“ငါ.. ငါ ရုတ်တရက် တစ်ခုခုလုပ်ဖို့ သတိရသွားလို့၊ အိမ်ကို အရင်ပြန်ရမယ်”
ကုရှောက်:
“ငါ့အမေက အိမ်မှာ ထမင်းစားဖို့ ဖုန်းဆက်ခေါ်နေတာကို အခုမှ သတိရတယ်”
လုရှောက်ကလည်း ပြောလာသည်။
“ငါ့အမေလည်း ငါ့ကို ထမင်းစားဖို့ ခေါ်နေတယ်၊ အတူတူ ပြန်ကြရအောင်!”
တစ်မိနစ်ပင် မပြည့်မီမှာပင် ခုမတိုင်ခင်လေးတင်မှ မောက်မာနေကြသော သခင်လေးသုံးဦးမှာ ယောင်ပင်းနှင့် ကျန်းရှောင်ပေအမေ၏ ရှေ့မှ လုံးဝ ပျောက်ကွယ်သွားကြတော့သည်။
ယခုအခါ ယောင်ပင်းနှင့် ကျန်းရှောင်ပေ၏ အမေသာ ကျန်ရစ်တော့၏။
ကျန်းရှောင်ပေ၏ အမေသည် ယောင်ပင်း၏ လက်ကို ဆုပ်ကိုင်ကာ အလေးအနက်ဖြင့် ပြောလိုက်ပေသည်။
“ရှောင်ပင်း၊ ဒီနေ့အတွက် မင်းကို အများကြီး ကျေးဇူးတင်ပါတယ်၊ မင်းသာ မရှိရင် အန်တီ ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး”
ကောရွှေနှင့် အခြားနှစ်ဦးမှာ သူမ၏ အိမ်ကို ဈေးနှိမ်ပြီး ဝယ်ရန် ကြံစည်ထားကြကြောင်း သူမ သိရှိပေသည်။
သို့သော် သူမသည်က ပိုက်ဆံကို အပူတပြင်း လိုအပ်နေပြီး ဝယ်မည့်သူရှာမတွေ့သဖြင့် သူတို့၏ အမြတ်ထုတ်မှုကို ခံရုံသာ တတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ကံကောင်းစွာဖြင့် ယောင်ပင်း ပေါ်လာခဲ့ပေသည်။
ယောင်ပင်းက ဝယ်သူရှာမရသော ပြဿနာကို ဖြေရှင်းပေးခဲ့သည့်အပြင် သူမကို အရှက်ခွဲခဲ့သော ထိုလူငယ်များကိုလည်း ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ပေသည်။ သူမအနေဖြင့် ယောင်ပင်းအပေါ် ကျေးဇူးတင်စိတ်များသာ ပြည့်နှက်နေတော့သည်။
“ရပါတယ် အန်တီ”
ယောင်ပင်းက ယဉ်ကျေးစွာ ပြောလိုက်ပြီးနောက် အဓိက အကြောင်းအရာသို့ ချက်ချင်းပင် ဝင်လိုက်ပေသည်။
“အန်တီက ဆေးကုဖို့ ပိုက်ဆံ အပူတပြင်း လိုနေလို့ အိမ်ရောင်းတာလို့ ပြောခဲ့တယ်နော်၊ ဒါပေမဲ့ အန်တီ့ကို ကုဖို့ မဟုတ်ဘူးလို့လည်း ပြောခဲ့တယ်၊ ဒါဆိုရင် အန်တီက ဘယ်သူ့ကို ကုချင်တာလဲ”
ကျန်းရှောင်ပေက ကောရွှေနှင့် တွဲနေရခြင်းမှာ သူမတွင် အလွန်ပြင်းထန်သော အခက်အခဲများ ရှိနေသောကြောင့်သာဖြစ်ကြောင်း သူမ ယခင်က ပြောခဲ့ဖူးသည်။
ထိုအခက်အခဲမှာ သူမ၏ အမေနှင့် သက်ဆိုင်လိမ့်မည်ဟု ယောင်ပင်း ယူဆမိခဲ့သည်။
မမျှော်လင့်ဘဲ ကျန်းရှောင်ပေ အမေ၏ ပြောစကားအရ သူမသည်က သူမကိုယ်တိုင် ဆေးကုရန် ပိုက်ဆံရှာနေခြင်း မဟုတ်သည့်ပုံပင်။
“ရှောင်ပင်း၊ မင်းက အန်တီ့ကို အများကြီး ကူညီပေးခဲ့တာဆိုတော့ အန်တီ မင်းကို ဖုံးကွယ်မထားတော့ပါဘူး”
ကျန်းရှောင်ပေ၏ အမေက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် ပြောလာသည်။
“ရှောင်ပေက နေမကောင်းဖြစ်နေတာ၊ ဒါကြောင့် ပိုက်ဆံ အပူတပြင်း လိုအပ်နေခဲ့တာလေ”
ကျန်းရှောင်ပေက နေမကောင်းဘူး ဟုတ်လား။
သူမအတွက် ပိုက်ဆံ အပူတပြင်းလိုနေတာလား။
ယောင်ပင်း ကြောင်အမ်းသွားတော့သည်။ ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ယောင်ပင်းက အလျင်အမြန် မေးလိုက်၏။
“အန်တီ၊ အခု ရှောင်ပေ ဘယ်မှာလဲ”