အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း(47) လျှို့ဝှက်ဆန်းပြားသော ကိန်းဂဏန်းများ
ကျန်းရှောင်ပေ၏ ဆေးကုသစရိတ်ပေးရန်အတွက် အိမ်ကို အပူတပြင်း ရောင်းရခြင်းဖြစ်သည်ဟု သူမ၏အမေက ပြောခဲ့ပေသည်။
ယောင်ပင်းသည် ပထမတော့ နားမလည်နိုင်ခဲ့ချေ။
ကျန်းရှောင်ပေမှာ သေဆုံးသွားပြီဖြစ်၍ မည်သို့သော ဆေးကုသမှုမျိုးကို လိုအပ်မည်နည်း။
“ရှောင်ပင်း၊ အန်တီလည်း ရှောင်ပေကို မတွေ့ရတာ ကြာပြီ”
ကျန်းရှောင်ပေ၏အမေက စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြောပြလေသည်။
“လွန်ခဲ့တဲ့ နှစ်ရက်က ကောရွှေက အန်တီ့ကို လာရှာပြီး ရှောင်ပေမှာ ကူးစက်တတ်တဲ့ရောဂါတစ်ခု ဖြစ်နေလို့ ပိုက်ဆံရှာထားဖို့ ပြောသွားတယ်၊
အန်တီလည်း လန့်သွားပြီး အိမ်ရောင်းဖို့ ကြံစည်ခဲ့တာလေ၊ ဒါပေမဲ့ ချက်ချင်းရောင်းဖို့က နည်းလမ်းမရှိဘူးဖြစ်နေတယ်၊ အဲဒါကို ကောရွှေက သူ ကူညီပေးမယ်လို့ ပြောလာတာ..”
ဒါက ကောရွှေရဲ့ လက်ချက်ပဲ။
သူသည်က ကျန်းရှောင်ပေ သေဆုံးသွားသည်ကို သိရှိပြီးသား ဖြစ်ရမည်။ သို့သော်လည်း ကျန်းရှောင်ပေ၏အမေကို လိမ်ညာကာ အိမ်ရောင်းခိုင်းခဲ့သည်။
သူ ဘာကို ကြံစည်နေတာလဲ။
သို့သော်လည်း ကောရွှေ၏ မိသားစုနောက်ခံနှင့် စရိုက်အရ သူသည်က ကျန်းရှောင်ပေ၏အိမ်ကို မျက်စိကျစရာ အကြောင်းမရှိချေ။
အဘယ်ကြောင့် ဤမျှအထိ အားထုတ်ကာ ဝယ်ယူရန် ကြိုးပမ်းနေရသနည်း။
ပြီးတော့ သူက ဘာလို့ ကျန်းရှောင်ပေရဲ့အမေကို သူ့အိမ်မှာ လာနေဖို့ အတင်းအကျပ် ခေါ်နေရတာလဲ။
ယောင်ပင်း၏ စိတ်ထဲတွင် ဒေါသနှင့် သံသယများ ချက်ချင်း ပြည့်နှက်သွားတော့သည်။
သူ ကျန်းရှောင်ပေ၏အမေကို အမှန်အတိုင်း မပြောရက်ခဲ့ချေ ။
အကယ်၍ ကောရွှေက ကျန်းရှောင်ပေတွင် ကူးစက်ရောဂါရှိသည်ဟု လိမ်ညာထားပါက ထိုအချက်ကို အကြောင်းပြ၍ သူမအား ကျန်းရှောင်ပေထံ သွားရောက်တွေ့ဆုံခြင်းကို တားဆီးထားနိုင်ပေလိမ့်မည်။
သို့မဟုတ်ပါက သူမ၏ချစ်ရသော သမီးဖြစ်သူ သတ်သေသွားသည်ဟူသော ထိုးနှက်ချက်ကို သူမ မည်သို့ ခံစားနိုင်ပါ့မည်နည်း။
ယောင်ပင်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ ကျန်းရှောင်ပေနှင့် ပတ်သက်သော လျှို့ဝှက်ချက်ကို သူ မဖော်ထုတ်နိုင်မီအထိ ကျန်းရှောင်ပေ သတ်သေသွားသည့် အမှန်တရားကို သူမ၏အမေအား ပြောပြမည် မဟုတ်ချေ။
“ရှောင်ပေ ဒီလိုဖြစ်ရတာ အန်တီ့ကြောင့်ပါ၊ အန်တီသာ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ရင် သူ ဒီလို နေမကောင်းဖြစ်မှာ မဟုတ်ပါဘူး”
ကျန်းရှောင်ပေ၏အမေက အပြစ်ရှိသကဲ့သို့သော မျက်နှာဖြင့် ပြောလာလေသည်။
“ဆရာဝန်က အန်တီ့ကို ကျောက်ကပ် အစားထိုးဖို့ လိုတယ်လို့ ပြောတယ်၊ ဒါပေမဲ့ အခုထိ လှူမယ့်သူ ရှာမတွေ့သေးဘူး၊
ရှောင်ပေက ဘယ်လိုနည်းနဲ့ သိလာလဲမသိပါဘူး၊ မှောင်ခိုဈေးကွက်မှာ ကျောက်ကပ်တွေ ရှိတယ်၊ ဒါပေမဲ့ ဈေးအရမ်းကြီးတယ်လို့ ပြောတယ်၊
အဲဒါကြောင့် သူက အန်တီ့ရဲ့ရောဂါကုဖို့ နေရာစုံမှာ အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး ပိုက်ဆံရှာနေတာ၊ အန်တီ ရှောင်ပေကို တွေ့ချင်ပေမဲ့ ကောရွှေက သူ့ရောဂါက ကူးစက်တတ်လို့ အခု သီးသန့်ခွဲထားရတယ်လို့ ပြောတယ်၊
ရှောင်ပင်း.. မင်းက အစွမ်းအစရှိတဲ့သူပဲ၊ အန်တီ့ကို ရှောင်ပေနဲ့ တွေ့ခွင့်ရအောင် လုပ်ပေးလို့ ရမလား”
ကျန်းရှောင်ပေအမေ၏ စကားများက ယောင်ပင်း၏ ဦးခေါင်းကို တူနှင့် အထုခံလိုက်ရသကဲ့သို့ ဖြစ်သွားစေပေသည်။
သူ ချက်ချင်းပင် ကြောင်အမ်းသွားတော့သည်။
ကျန်းရှောင်ပေက သူမအမေအတွက် ကျောက်ကပ်တစ်လုံးရဖို့ ဒီလောက်ထိ ပိုက်ဆံရှာဖို့ ကြိုးစားနေခဲ့တာလား။
ဒါက သူမရဲ့ မလွှဲမရှောင်သာတဲ့ အခက်အခဲလား။
သူမ ကောရွှေ၏ လက်အောက်သို့ ရောက်ရှိသွားခြင်းမှာ ယောင်ပင်း၏ မိသားစုအခြေအနေကို သူမ ကောင်းကောင်းသိရှိထားသဖြင့် ယောင်ပင်းကို ပြောပြလျှင်ပင် သူ ကူညီနိုင်မည် မဟုတ်ကြောင်း သူမ သိထားသောကြောင့် ဖြစ်ရမည်။
ထို့ကြောင့် သူမ တစ်ယောက်တည်း ရင်ဆိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။ သူမသည်က သူမကိုယ်သူမ စမ်းသပ်ခံအဖြစ်ပင် အသုံးချခံခဲ့သည်။
အမှန်တရားကို သိရှိသွားသော ယောင်ပင်း၏ နှလုံးသားမှာ ဓားဖြင့် အမွှန်းခံရသကဲ့သို့ နာကျင်သွားခဲ့ရသည်။
သူသည်က ယခင်က သူ၏ ဆင်းရဲမွဲတေမှုနှင့် အစွမ်းအစမရှိမှုတို့ကြောင့် ကျန်းရှောင်ပေကို လုံးဝ လက်လွှတ်လိုက်ရခြင်းအပေါ် နာကျည်းမှုများဖြင့် ပြည့်နှက်လာရသည်။
ယခုအချိန်တွင် သူက ကျန်းရှောင်ပေကို ကူညီနိုင်စွမ်း ရှိနေပြီဖြစ်သော်လည်း ကျန်းရှောင်ပေက သေဆုံးသွားပြီ ဖြစ်ပေသည်။
ဘုရားသခင်က သူ့ကို ဘယ်လိုတောင် ဟာသလုပ်နေတာလဲ။
“ရှောင်ပင်း”
ယောင်ပင်း ငေးငိုင်နေသည်ကို မြင်သောအခါ ကျန်းရှောင်ပေ၏အမေက စိုးရိမ်တကြီး မေးလိုက်သည်။
“မင်းကို ကြည့်ရတာ အဆင်မပြေသလိုပဲ၊ ရှောင်ပေ တစ်ခုခု ဖြစ်လို့လား”
ယောင်ပင်း သတိပြန်ဝင်လာပြီး အမြန်ပင် ခေါင်းခါ၍ ငြင်းဆိုလိုက်သည်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ အန်တီ၊ ကျွန်တော် အခုပဲ အန်တီ့ကို ဆေးရုံတက်ဖို့ စီစဉ်ပေးပါ့မယ်၊ ဆေးရုံမှာ ကျွန်တော့်သူငယ်ချင်းတွေ ရှိပါတယ်၊
ကျွန်တော် သူတို့ကို အန်တီ့အတွက် ကျောက်ကပ် အမြန်ဆုံး အစားထိုးနိုင်အောင် နည်းလမ်းရှာခိုင်းပါ့မယ်၊ ဟုတ်ပြီလား”
နာကျင်မှုနှင့် အပြစ်ရှိစိတ်တို့ကြောင့် ယောင်ပင်းတစ်ယောက် ကျန်းရှောင်ပေ၏အမေကို အစွမ်းကုန် ပြန်လည်ကူညီပေးချင်နေခဲ့သည်။
အကယ်၍ ကျန်းရှောင်ပေ၏အမေကသာ ကျန်းရှောင်ပေ မထမ်းဆောင်နိုင်ခဲ့သော တာဝန်တစ်ခု ဖြစ်ခဲ့လျှင်၊ ထိုတာဝန်ကို ကျန်းရှောင်ပေကိုယ်စား သူ ထမ်းဆောင်ချင်သည်။
ကျန်းရှောင်ပေ၏အမေက ပထမတော့ သဘောမတူဘဲ ငြင်းဆိုခဲ့ပေ။ သို့သော်လည်း ယောင်ပင်းက ကျန်းရှောင်ပေက ဆေးကုသစရိတ် ပေးမည်ဖြစ်ကြောင်း လိမ်ညာပြောဆိုလိုက်သည့်အတွက် ဆေးရုံတက်ရန် သဘောတူလိုက်သည်။
နောက်ရက်အနည်းငယ်အတွင်း ယောင်ပင်းက အရာအားလုံးကို လိုက်လံဆောင်ရွက်ပေးခဲ့ပြီး သူမ ဆေးရုံတက်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးခဲ့ပေသည်။
သူသည်က သူမကို သူ၏အမေနှင့် အခန်းဖော်အဖြစ်ပင် အထူးစီစဉ်ပေးခဲ့သေး၏။
အမေနှစ်ဦးလုံးမှာ ခင်ပွန်းသည်များကို စောစီးစွာ ဆုံးရှုံးခဲ့ရပြီး ဘဝတွင် များစွာ ဒုက္ခရောက်ခဲ့ကြသူများ ဖြစ်လေ၏။ ထို့ကြောင့် အတူနေထိုင်ခြင်းဖြင့် တစ်ဦးကိုတစ်ဦး ကူညီဖေးမရင်း နှစ်သိမ့်မှုများ ရရှိကြလိမ့်မည်။
ကျန်းရှောင်ပေ၏အမေကို နေရာချပေးပြီးနောက် ယောင်ပင်းက ဆေးရုံဒါရိုက်တာထံ သွားရောက်တွေ့ဆုံခဲ့ပေသည်။
ဒါရိုက်တာက ကျန်းရှောင်ပေ၏အမေကို စစ်ဆေးမှုများ ချက်ချင်းပြုလုပ်ပေးမည်ဖြစ်ပြီး သင့်တော်သော ကျောက်ကပ်လှူဒါန်းသူကို ရှာတွေ့သည်နှင့် ခွဲစိတ်မှုကို ချက်ချင်းဆောင်ရွက်ပေးမည်ဟု ပြောခဲ့၏။
ဒါရိုက်တာက ဤမျှအထိ ဂရုတစိုက်ရှိခြင်းမှာ မိုမိသားစု၏ မျက်နှာကို ထောက်ထားခြင်းကြောင့် ဖြစ်ကြောင်း ယောင်ပင်း သိရှိပေသည်။
နောက်ရက်အနည်းငယ်ဆိုလျှင် မိုရှောက်ယောင်၏ မွေးနေ့သို့ ရောက်တော့မည်ပင်။ မိုမိသားစုနှင့် တွေ့ဆုံချိန်တွင် သူသည်က သေချာပေါက် ကျေးဇူးတင်စကားပြောရလိမ့်မည်။
ကျန်းရှောင်ပေ၏အမေကို နေရာချပေးပြီးနောက် ယောင်ပင်းက ကျန်းရှောင်ပေ၏ ကိစ္စရပ်တစ်ခုလုံးကို အစမှအဆုံး ပြန်လည်သုံးသပ်ခဲ့သည်။
ကောရွှေ၊ အစ်ကိုဟောင်၊ မာစတာကျန်းနှင့် ဟောင်ထျန်းချိုင်_
သူတို့အားလုံးက ဤကိစ္စတွင် ပါဝင်ပတ်သက်နေကြသော်လည်း သူတို့သည်က အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်ပေသည်။
အမှန်တရားအားလုံးကို သိရှိထားသူမှာ နောက်ကွယ်မှ တကယ့်လက်မည်းကြီးသာ ဖြစ်ရမည်။
ကျန်းရှောင်ပေ၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် ထိုနောက်ကွယ်မှ လက်မည်းကြီးကို ရှာဖွေရလိမ့်မည်။
ထိုအချိန်မှာပင် ကျန်းရှောင်ပေ၏အမေက ယောင်ပင်းကို လူနာခန်းထဲသို့ ရုတ်တရက် ခေါ်လိုက်ပြီး စာရွက်လေးတစ်ခုကို လေးနက်စွာ ပေးလာကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှောင်ပင်း၊ ဒီစာရွက်လေးက အဲဒီနေ့က ရှောင်ပေ အန်တီ့ဆီလာတုန်းက ပေးသွားတာ၊ အန်တီ အကြာကြီး စဉ်းစားကြည့်ပေမဲ့ အဓိပ္ပာယ်ကို မဖော်နိုင်ဘူး၊ ဒါကြောင့် မင်းပဲ ကြည့်ပေးပါဦး”
ကျန်းရှောင်ပေ သူမကိုယ်သူမ သတ်မသေမီ အမေဖြစ်သူကို ပေးခဲ့သည့် စာရွက်လေးပင်။
ယောင်ပင်း၏ နှလုံးခုန်နှုန်း မြန်လာပြီး ထိုစာရွက်ကလေးကို ချက်ချင်းပင် ဖြန့်ကြည့်လိုက်ပေသည်။
စာရွက်ပေါ်တွင် အာရပ်ကိန်းဂဏန်း လေးလုံးသာ ပါရှိသည် __ ၆၅၀၆။
ယောင်ပင်း ကြောင်အမ်းသွားတော့သည်။
ဒီကိန်းဂဏန်း လေးလုံးက ဘာကို ဆိုလိုတာလဲ။ ဒါက မွေးနေ့လည်း မဟုတ်၊ ရက်စွဲလည်း မဟုတ်သလို၊ အိမ်နံပါတ်လိုမျိုး အရာတွေလည်း မဟုတ်လောက်ဘူး။
“အန်တီ၊ ရှောင်ပေက ဒီစာရွက်ကို ပေးတုန်းက တခြားဘာတွေများ ပြောသွားသေးလဲ”
ယောင်ပင်း လုံးဝ ဝေခွဲမရဖြစ်နေသဖြင့် အခြားသဲလွန်စများ ရှိမရှိ ကျန်းရှောင်ပေ၏အမေကို မေးမြန်းလိုက်သည်။
ကျန်းရှောင်ပေ၏အမေက ခေါင်းခါပြလိုက်သည်။
“ရှောင်ပေက ဒီစာရွက်ကို သေချာသိမ်းထားပါလို့ပဲ ပြောသွားတယ်၊ တခြားဘာမှ မပြောခဲ့ဘူး”
ထူးဆန်းလိုက်တာ။
ကျန်းရှောင်ပေက ဘာမှမပြောဘဲ သူမအမေကို ဒီစာရွက်လေးပဲ ပေးခဲ့တာလား။
အဲဒီစာရွက်ပေါ်က ကိန်းဂဏန်းတွေက ဘာကို ဆိုလိုတာလဲ။
ယောင်ပင်း ကျောင်းသို့ အရင်ဆုံးပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
သူသည်က ကျောင်းသားတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ပညာသင်ကြားခြင်းမှာ သူ၏ အဓိကတာဝန် ဖြစ်ပေသည်။
ကျန်းရှောင်ပေက သူမကိုယ်သူမ သတ်မသေမီ ဤစာရွက်လေးကို သူမအမေကို ပေးခဲ့ပြီး သေချာသိမ်းထားရန် မှာကြားခဲ့သည်ဖြစ်၍ ထိုကိန်းဂဏန်းများက အလွန်အရေးကြီးကြောင်း ဆိုလိုခြင်း ဖြစ်ပေသည်။
ထိုကိန်းဂဏန်းများက မည်သည့်အရာကို ဆိုလိုသနည်းဆိုသည်ကိုတော့ သူ ချက်ချင်း အဖြေရှာမတွေ့နိုင်သေးချေ။
ထို့ကြောင့် သူ့အနေဖြင့် ထိုစာရွက်ပေါ်မှ ကိန်းဂဏန်းများ၏ အဖြေကို ဖြည်းဖြည်းချင်း ရှာဖွေရုံသာတတ်နိုင်တော့သည်။
မွန်းလွဲပိုင်း။
ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း။
အတန်း 6။
ရန်ပိုင်ရှင်းက မျက်နှာပျက်စွာဖြင့် စင်မြင့်ပေါ်တွင် ရပ်နေပြီး အတန်းထဲမှ ကျောင်းသားများကို အေးစက်စွာ စိုက်ကြည့်နေပေသည်။ သူ၏ဘေးတွင် ရပ်နေသူမှာ အတန်း6 မှ အတန်းပိုင်ဆရာ ကျိုးဟိုင်ပေါ် ဖြစ်ပေသည်။
ကျောင်းသားအချို့က ကျောင်းသားတစ်ဦးချင်းစီ၏ စားပွဲအံဆွဲများကို တစ်ခုပြီးတစ်ခု လိုက်လံရှာဖွေနေကြလေ၏။
အတန်းထဲရှိ လေထုမှာ တင်းမာပြီး ဖိအားများနေတော့သည်။
မွန်းလွဲပိုင်း အတန်းမစမီတွင် အတန်းခေါင်းဆောင် လုကျစ်အန်းက သူ၏ Cartier နာရီ ပျောက်ဆုံးသွားကြောင်း ကျိုးဟိုင်ပေါ်ကို ပြောပြခဲ့သည်။
လုကျစ်အန်း၏ ပြောစကားအရ သူသည်က နေ့လယ်စာစားရန် ကန်တင်းသို့ သွားချိန်က ထိုနာရီကို စားပွဲအံဆွဲထဲတွင် သေသေချာချာထည့်ထားခဲ့သော်လည်း အတန်းထဲသို့ ပြန်ရောက်လာချိန်တွင် နာရီက ပျောက်ဆုံးနေခဲ့သည်ဟူ၏။
“ဆရာ၊ အဲဒီနာရီက တန်ဖိုး ငါးသောင်းတောင်မပြည့်ပေမဲ့ ကျွန်တော့်အမေပေးတဲ့ မွေးနေ့လက်ဆောင်မို့လို့ တကယ်ကို ထူးခြားတဲ့ အဓိပ္ပာယ်ရှိပါတယ်၊ အဲဒါကြောင့် ဆရာ ကျွန်တော့်ကို ရှာပေးပါဦး”
လုကျစ်အန်း၏ မျက်နှာမှာ တင်းမာနေခဲ့သည်။
“နာရီကတော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ဒါကို ခိုးတဲ့ကျောင်းသားကိုတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်၊ နောက်ဆုံးတော့ ဒါက မြင့်မြတ်တဲ့ကျောင်းတော်ကြီးလေ၊
ကျွန်တော်တို့ကျောင်းမှာ သူခိုးရှိနေရင် ဒါက ကျွန်တော်တို့ကျောင်းအတွက် အရှက်ရစရာပါပဲ”
လုကျစ်အန်းသည်က ကျောင်းသားကောင်းတစ်ဦးဖြစ်ပြီး ဆရာများ၏ အချစ်တော်လည်း ဖြစ်ပေသည်။
သူ၏နာရီ ပျောက်ဆုံးသွားကြောင်းကို ကြားသိရသောအခါ ကျိုးဟိုင်ပေါ်က ဤကိစ္စကို အလေးအနက်ထားပြီး အတန်းတစ်ခုလုံးကို ချက်ချင်း ရှာဖွေစစ်ဆေးခဲ့သည်။
ကျောင်းသားရေးရာဌာနမှူး ရန်ပိုင်ရှင်းပင်လျှင် အပြေးအလွှား ရောက်ရှိလာခဲ့၏။
ရန်ပိုင်ရှင်းက ဤကိစ္စကို သေချာစုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး လုကျစ်အန်း၏ နာရီကို ခိုးယူသော ကျောင်းသားကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် အပြစ်ပေးရမည်ဟု ကြေညာလိုက်ပေသည်။
နာရီဝက်ခန့် ကြာပြီးနောက်..
ရှာဖွေရေးကို တာဝန်ယူထားသော ကျောင်းသားက လက်ထောင်လိုက်သည်။
“ဆရာ၊ အတန်းခေါင်းဆောင်ရဲ့ နာရီကို ရှာတွေ့ပါပြီ၊ ယောင်ပင်းရဲ့ စားပွဲအံဆွဲထဲမှာပါ”
*
အခန်း(48) တိုက်ပွဲကြီးတစ်ခု စတင်တော့မည်
လူတိုင်း၏ အကြည့်များက ယောင်ပင်းထံသို့ ရောက်ရှိသွားတော့သည်။
ရှာဖွေသည့်ကျောင်းသားက လုကျစ်အန်း၏ ပျောက်ဆုံးနေသော နာရီကို ကိုင်ထားပေသည်။
ထိုနာရီကို ယောင်ပင်း၏ စားပွဲအံဆွဲထဲတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်ပေသည်။
ထို့အပြင် ထိုနာရီကို အံဆွဲ၏ အောက်ဆုံးရှိ စာအုပ်တစ်အုပ်ကြားထဲတွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။
အရာအားလုံးက ယောင်ပင်းမှ လုကျစ်အန်း၏ နာရီကို ခိုးယူခဲ့ကြောင်း ညွှန်ပြနေခဲ့သည်။
ရန်ပိုင်ရှင်းသည် ဒေါသထွက်စွာဖြင့် ယောင်ပင်းကို ဟိန်းဟောက်လိုက်ပေသည်။
“ယောင်ပင်း၊ ထစမ်း!”
ယောင်ပင်းသည် ယခင်က ကျောင်းအုပ်ကြီးရှေ့တွင် သူ့ကို အရှက်ခွဲခဲ့ဖူးသဖြင့် သူ့ဘက်မှ ယောင်ပင်း၏ အမှားကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
ယခုတွင်တော့ ယောင်ပင်းက သူ့ထံသို့ သက်သေကို ကိုယ်တိုင်ပေးအပ်လိုက်ချေပြီ။
ဤတစ်ကြိမ်တွင်တော့ သူသည် ယောင်ပင်းကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်တော့ချေ။
ယောင်ပင်းသည် စကားကိုများစွာ မပြောဘဲ တည်ငြိမ်စွာပင် ထရပ်လိုက်၏။
သူ၏စားပွဲကို ရှာဖွေနေသော ကျောင်းသားများက လုကျစ်အန်း၏ နာရီကို ရှာတွေ့လိုက်သည့်အချိန်တွင် ဤအရာမှာ လုကျစ်အန်း တမင်တကာ ဆင်ထားသည့် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ယောင်ပင်း သိရှိလိုက်သည်။
ယခင်က ကျင်းကျူ KTV တွင် သူ့ဘက်မှ လုကျစ်အန်းကို အရှက်ခွဲခဲ့ဖူးသဖြင့် လုကျစ်အန်းက အငြိုးအတေးထားကာ ကလဲ့စားချေရန် ကြံစည်ခဲ့ခြင်း ဖြစ်ပေသည်။
ယောင်ပင်း ထရပ်လိုက်ချိန်တွင် လုကျစ်အန်းကို တစ်ချက် ကြည့်လိုက်ပေသည်။
လုကျစ်အန်း၏ မျက်နှာမှာ တင်းမာနေဆဲဖြစ်သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ အောင်နိုင်သူတစ်ဦး၏ ကျေနပ်မှုများ ပြည့်နှက်နေသည်။
ပင်းဟိုင် အမှတ်(၁) အထက်တန်းကျောင်းသည်က ကျောင်းသားများ၏ ကိုယ်ကျင့်တရားကို အလွန်အလေးထားပြီး ခိုးမှုနှင့် ပတ်သက်လျှင် လုံးဝ သည်းမခံသောကျောင်း ဖြစ်ပေသည်။
ထို့အပြင် ဤတစ်ကြိမ်တွင် အခိုးခံရသောပစ္စည်းမှာ အလွန်တန်ဖိုးကြီးပေသည်။
ယခုတစ်ကြိမ်တွင်တော့ ယောင်ပင်း ဒုက္ခရောက်တော့မည်မှာ သေချာသည်။
“ယောင်ပင်း၊ မင်း ဘာလို့ လုကျစ်အန်းရဲ့ နာရီကို ခိုးတာလဲ”
ရန်ပိုင်ရှင်းက စားပွဲကို အားဖြင့် ရိုက်ကာ မေးလိုက်သည်။
“ခိုးမှုဆိုတာ အဆိုးဆုံး ရာဇဝတ်မှုပဲ၊ ကျောင်းစည်းကမ်း အပိုဒ် ၅၆ အရ ကျောင်းက မင်းကို..”
ယောင်ပင်းက သူ၏စကားကို ဖြတ်ပြောလိုက်သည်။
“ဆရာ၊ ကျွန်တော် လုကျစ်အန်းရဲ့ နာရီကို မခိုးပါဘူး”
ရန်ပိုင်ရှင်းက ဒေါသတကြီး ရယ်မောလိုက်ပြီးပြောလာခဲ့သည်။
“မင်း မခိုးဘူး ဟုတ်လား၊ မင်း မခိုးဘူးဆိုရင် ဘာလို့ အဲဒီနာရီက မင်းရဲ့ စားပွဲအံဆွဲထဲ ရောက်နေတာလဲ၊ ကောင်းပြီလေ၊
မင်းက လုကျစ်အန်းရဲ့ နာရီကို မခိုးဘူးလို့ ပြောနေမှတော့ မင်းမှာ ဘာသက်သေရှိလဲ၊ မင်း မခိုးဘူးဆိုတာကို ဘယ်လို သက်သေပြမလဲ”
လူတိုင်း၏ အကြည့်များမှာ ယောင်ပင်းထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြန်၏။
ယောင်ပင်းက လုကျစ်အန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံး၌ စကားပြောလိုက်တော့သည်။
“ကျောင်းအုပ်ကြီး၊ ကျွန်တော် ဖုန်းတစ်ချက်လောက် ဆက်ပါရစေ”
ကြည့်ရသည်မှာ ရန်ပိုင်ရှင်းနှင့် လုကျစ်အန်းတို့သည်က ယနေ့ ဤကိစ္စကို အကြီးအကျယ် ဖြစ်သွားအောင် ဆုံးဖြတ်ထားပုံရသည်။
သို့ဆိုပါက သူသည်လည်း အခြေအနေကို ပိုမိုမြင့်တင်ပေးရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။
“ရတာပေါ့၊ မင်း ကြိုက်တဲ့သူဆီကို ဖုန်းဆက်နိုင်တယ်”
“မင်းမှာ ဖုန်းပါလား၊ မပါရင် ငါ့ဖုန်းကို သုံးလေ”
ကျောင်းအုပ်ကြီးက အလွယ်တကူပင် သဘောတူလိုက်ပေသည်။
သူသည်က ယောင်ပင်းကို အသုံးချကာ မိုမိသားစုမှတစ်ဆင့် လူမှုရေးလှေကားထစ်ကို တက်လှမ်းလိုနေသူ ဖြစ်သည်မဟုတ်ပါလား။ ယောင်ပင်း ဒုက္ခရောက်နေသည်ကို မည်သို့ ငြိမ်ကြည့်နေနိုင်ပါမည်နည်း။
ရန်ပိုင်ရှင်းကတော့ မျက်မှောင် အနည်းငယ် ကြုတ်သွားပေသည်။
ကျောင်းအုပ်ကြီးာ ယောင်ပင်းအပေါ်တွင် တစ်ခုခု အလွန်အမင်း စိတ်အားထက်သန်နေသကဲ့သို့ သူ ဝေဝေဝါးဝါး ခံစားနေရ၏။
ကျောင်းအုပ်ကြီးနှင့် ယောင်ပင်းတို့အကြား တစ်စုံတစ်ရာ ပတ်သက်မှုများ ရှိနေသည်လား။
သို့သော် ပြန်လည်စဉ်းစားကြည့်ပြီးနောက် ထိုအတွေးကို သူ ချက်ချင်းပင် ဖယ်ထုတ်လိုက်ပေသည်။
ယောင်ပင်းသည်က သေချာပေါက် ကျောင်းအုပ်ကြီး၏ အမျိုးမဟုတ်ပေ။
ထို့အပြင် ယောင်ပင်းသည်က ကျောင်းပညာရေးမှာရော မိသားစုနောက်ခံမှာပါ ထူးချွန်သူမဟုတ်သဖြင့် ကျောင်းအုပ်ကြီးအနေဖြင့် သူ့ကို အလေးပေးဆက်ဆံစရာ အကြောင်းမရှိချေ။
ကျောင်းအုပ်ကြီးအနေဖြင့် တစ်ဦးတစ်ယောက်ဘက်သို့ ဘက်လိုက်မည်ဆိုလျှင်တောင် ထိုသူမှာ လုကျစ်အန်းသာ ဖြစ်နိုင်ပေသည်။
သို့သော်လည်း လုပ်ထုံးလုပ်နည်းအချို့ကို လိုက်နာရမည်ဖြစ်သဖြင့် သူသည်က သူတို့ကို တားဆီး၍ မရခဲ့ချေ။
မကြာမီ ယောင်ပင်းက ဖုန်းဆက်လိုက်ပြီး အသံတိုးတိုးဖြင့် စကားပြောနေခဲ့သည်။
ထို့နောက် သူ ဖုန်းချလိုက်၏။
အစမှအဆုံးထိ သူ မည်သူ့ထံသို့ ဖုန်းဆက်သည်၊ မည်သည်ကို ပြောသည်ကို မည်သူမျှ မကြားလိုက်ရချေ။
အတန်းထဲရှိ ကျောင်းသားများမှာလည်း တစ်ဦးကိုတစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြတော့သည်။
“ယောင်ပင်း ဘယ်သူ့ဆီ ဖုန်းဆက်လိုက်တာလဲ သိလား”
“ငါလည်း မသိဘူး၊ ဒါပေမဲ့ ယောင်ပင်းရဲ့ မိသားစုက အခြေအနေမကောင်းဘူးလေ၊ ဒီလိုအချိန်မျိုးမှာ ဘယ်သူက သူ့ကို ကူညီမှာလဲ၊
ပြီးတော့ ငါတို့အားလုံးလည်း နာရီက သူ့အံဆွဲထဲမှာ ရှိနေတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြတာပဲ”
လုကျစ်အန်းက နှာခေါင်းရှုံ့လိုက်သည်။
ယောင်ပင်းက အကူအညီ တောင်းနေတာလား။
ဒီလိုအချိန်မျိုးမှာ ဘယ်သူက သူ့ကို ကူညီနိုင်မှာလဲ။
ယခုအချိန်တွင် ယောင်ပင်းကို မည်သူမျှ မကူညီနိုင်ကြောင်း သူ သေချာပေါက် ယုံကြည်နေပေသည်။
သို့သော် မကြာမီမှာပင် လုကျစ်အန်း၏ ယုံကြည်မှုများမှာ လုံးဝပင် ပျက်စီးသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ယောင်ပင်း ဖုန်းဆက်ပြီး ဆယ်မိနစ်ခန့်အကြာတွင် ကျောင်းဝင်းတစ်ခုလုံး၌ ရဲဥဩသံများ ပြင်းထန်စွာ မြည်ဟည်းလာသောကြောင့် ဖြစ်ပေသည်။
စာသင်ခန်းထဲတွင် တစ်ဖန် ဆူညံသွားပြန်သည်။
“ရဲတွေ လာပြီ! ရဲတွေ လာပြီ!”
“မဖြစ်နိုင်တာ၊ ယောင်ပင်း ခုနက ရဲကို ဖုန်းဆက်လိုက်တာလား”
“ယောင်ပင်းက ဝန်ခံလိမ့်မယ်လို့ ငါထင်နေတာ၊ သူက ရဲကို တန်းခေါ်လိုက်တာပဲ၊ တကယ်ကို အံ့သြစရာကောင်းတယ်”
ယောင်ပင်းကို အထင်သေးခဲ့ကြသော ကျောင်းသားများက ယခုအခါ အံ့သြသွားကြတော့သည်။
နောက်ဆုံးတော့ ဤကဲ့သို့သော ကိစ္စမျိုးအတွက် ရဲကို ဖုန်းဆက်ဝံ့သူမှာ ယောင်ပင်း တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
ခေတ္တမျှအကြာတွင် ရဲအရာရှိသုံးဦးသည် အတန်း(6)၏ တံခါးဝသို့ ရောက်ရှိလာကြပေသည်။
လုကျစ်အန်း ကြောင်အမ်းသွားတော့သည်။
ယောင်ပင်း ရဲကို ဖုန်းဆက်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ရဲများ ရောက်လာမည်ဆိုလျှင် အရာအားလုံးက ရှုပ်ထွေးကုန်တော့မည် ဖြစ်ပေသည်။
ရန်ပိုင်ရှင်းမှာ ပို၍ပင် အံ့သြသွားရပေသည်။ အဘယ်ကြောင့်ဆိုသော် ဦးဆောင်လာသော အရာရှိမှာ အခြားသူမဟုတ်ဘဲ ရဲတပ်ဖွဲ့မှ ကပ္ပတိန်ကောင်း ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
ဤကဲ့သို့သော အမှုငယ်လေးတစ်ခုက ကပ္ပတိန်ကောင်းကိုတောင် လှုပ်ခတ်စေခဲ့သည်လား။
ယောင်ပင်းက ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။
“ကပ္ပတိန်ကောင်း၊ ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ”
ရန်ပိုင်ရှင်းသည် ပြုံးရွှင်သော မျက်နှာဖြင့် စာသင်ခန်းတံခါးဝသို့ သွားကာ ကပ္ပတိန်ကောင်းကို နှုတ်ဆက်လိုက်သည်။
“ဒါက ကိစ္စအသေးလေးပါပဲ၊ ရဲတပ်ဖွဲ့ကို အလုပ်ရှုပ်အောင် လုပ်ဖို့ မလိုပါဘူး၊ အထူးသဖြင့် ကပ္ပတိန်ကောင်း ကိုယ်တိုင်..”
ကပ္ပတိန်ကောင်းက သူ့ကို အသိအမှတ်ပြု၍ ခေါင်းငြိတ်ပြလိုက်ပြီး စာသင်ခန်းအတွင်းသို့ လှည့်ကြည့်လိုက်သည်။
“ဒီကိစ္စကို တိုင်ကြားတဲ့သူက ယောင်ပင်းလား”
ကပ္ပတိန်ကောင်းက ရန်ပိုင်ရှင်း ရှိနေသည်ကိုပင် သတိမထားမိသကဲ့သို့ ရှိနေပေသည်။
ရန်ပိုင်ရှင်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကောင်လေးက နားမလည်လို့ပါ၊ ဒီလောက် ကိစ္စသေးသေးလေးကို ရဲခေါ်ရတယ်လို့..”
သူ့စကားမဆုံးမီမှာပင် ကပ္ပတိန်ကောင်းက အေးစက်စွာ ဖြတ်ပြောလိုက်ပေသည်။
“ဘယ်နိုင်ငံသားမဆို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကို ထိပါးခံရရင် ရဲတိုင်ကြားပိုင်ခွင့် ရှိတယ်! အမှုကြီးတာ သေးတာ ခွဲခြားစရာ မလိုဘူး! ခင်ဗျားက ဆရာတစ်ယောက်မဟုတ်ဘူးလား.. ကျောင်းသားတွေကို ပညာသင်ပေးပြီး ပြုစုပျိုးထောင်ပေးရမယ့်သူက ဒီအခြေခံမူကိုတောင် နားမလည်ဘူးလား”
ထိုသို့ပြောပြီးနောက် ကပ္ပတိန်ကောင်းက အရာရှိနှစ်ဦးကို ဦးဆောင်ကာ စာသင်ခန်းအတွင်းသို့ ဝင်သွားတော့သည်။
နေရခက်ခဲမှု..
တိတ်ဆိတ်ခြင်း။
ရန်ပိုင်ရှင်း၏ မျက်နှာမှာ နီမြန်းသွားပြီး လက်နှစ်ဖက်ကို နေရခက်စွာ ပွတ်သပ်နေမိတော့သည်။
ကပ္ပတိန်ကောင်းသည်က သူ့ကို တစ်ချက်မျှ ပြန်မကြည့်တော့ဘဲ အရာရှိနှစ်ဦးကို လုကျစ်အန်းနှင့် ယောင်ပင်းတို့၏ စားပွဲများမှ လက်ဗွေများကို သိမ်းဆည်းရန် ညွှန်ကြားလိုက်ပေသည်။
ရန်ပိုင်ရှင်း ပြောသည်မှာ မှန်ပေသည်။ ဤကဲ့သို့သော အမှုအသေးလေးသည်က ကပ္ပတိန်တစ်ဦး ကိုယ်တိုင်လာရောက်ရန် မထိုက်တန်ချေ။
သို့သော် ရဲစခန်းမှတစ်ဆင့် ရဲကိုတိုင်ကြားသူမှာ ယောင်ပင်းဖြစ်ကြောင်း သူ ကြားသိလိုက်ရသည်။
ပြီးခဲ့သည့်အကြိမ်က ဆင်ခြေဖုန်းရပ်ကွက်ရှိ အိမ်များ ဖျက်သိမ်းစဉ်က သူ ဟောင်ဝမ်ချိုင်နှင့်အတူ လိုက်သွားခဲ့ဖူးသည်။ ထိုအချိန်က ယောင်ပင်းကို ကာကွယ်ပေးခဲ့သူမှာ အဖိုးအိုမို၏ လေးယောက်မြောက် သမီးဖြစ်ပေသည်။
ထိုလေးယောက်မြောက် သမီးသည်က စစ်တပ်ရှိ သူမ၏ အဆက်အသွယ်များကို အသုံးပြု၍ ယောင်ပင်းကို အစွမ်းကုန် ကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။
ယောင်ပင်းနှင့် မိုမိသားစုတို့၏ ဆက်ဆံရေးမှာ မည်မျှ နက်ရှိုင်းသည်ဆိုသည်မှာ ထင်ရှားလွန်းပေသည်။
ထိုအချိန်မှစ၍ သူသည်က လေးယောက်မြောက် သခင်မလေးအညး နားလည်မှုလွဲခြင်းများကို ရှင်းပြရန် အခွင့်အရေး ရှာနေခဲ့သော်လည်း သူမကို တွေ့ခွင့်မရခဲ့ချေ။
ထို့ကြောင့် ယခု ယောင်ပင်းက ကိစ္စတစ်ခု တိုင်ကြားလိုက်ချိန်တွင် သူ ချက်ချင်းပင် ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
ကပ္ပတိန်ကောင်းသည်က ဤအခွင့်အရေးကို အသုံးချကာ ယောင်ပင်းနှင့် သူ၏ကြားမှ နားလည်မှုလွဲမှုများကို ရှင်းလင်းရန် ကြံစည်ထားခဲ့သည်။
ယောင်ပင်းနှင့် ကပ္ပတိန်ကောင်းတို့အကြား ထူးခြားသော ဆက်ဆံရေး ရှိနေသည်ကို လူတိုင်း မြင်နိုင်ပေသည်။
လုကျစ်အန်းလည်း အပါအဝင်ပင်။
ရဲများ ပေါ်လာသည်ကို မြင်လိုက်ရသည့် ခဏမှာပင် လုကျစ်အန်း၏ ချောမောသော မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။
သူသည်က အတန်းထဲတွင် လူမရှိသည့် အချိန်ကို အခွင့်ကောင်းယူကာ နာရီကို ယောင်ပင်း၏ အံဆွဲထဲ ထည့်ခဲ့ပြီးမှ ရှာဖွေခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် နာရီကို ယောင်ပင်း၏ အံဆွဲထဲတွင် ရှာတွေ့ခဲ့သည်။
အရာအားလုံးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့ပေသည်။
သို့ဖြစ်ရာ လုကျစ်အန်းသည်က လက်ဗွေရာများကို ဂရုမစိုက်မိခဲ့ချေ၊
ထို့အပြင် ယောင်ပင်းက ရဲကို ဖုန်းဆက်လိမ့်မည်ဟုလည်း သူ သေချာပေါက် မထင်မှတ်ထားခဲ့ချေ။
သို့သော်လည်း ရဲများက လက်ဗွေများကို စစ်ဆေးလိုက်သည်နှင့် အမှန်တရားက ပေါ်ပေါက်လာတော့မည်။
နာရီပေါ်တွင် ယောင်ပင်း၏ လက်ဗွေများ ရှိလိမ့်မည်မဟုတ်ပါချေ။
သို့သော် ယောင်ပင်း၏ စားပွဲအံဆွဲပေါ်တွင်တော့ သူ၏ လက်ဗွေရာများ ရှိနေပေလိမ့်မည်။
မကြာမီမှာပင် အမှန်တရားက ပေါ်ထွက်လာတော့မည်။
သို့သော် သူသာ ယောင်ပင်းကို မဟုတ်မမှန် စွပ်စွဲခဲ့သည်ဟု ဝန်ခံလိုက်ရပါက လုကျစ်အန်းအနေဖြင့် ကျောင်းတွင် လူတောတိုးဝံ့ပါဦးမည်လား။
သူ ဘာလုပ်သင့်လဲ။
ခဏအတွင်းမှာပင် လုကျစ်အန်းတစ်ယောက် ချွေးများ ပြန်လာတော့သည်။