← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း(၁၅၁)

“ အမဖေးဖေး… ခွန်အားကို မဖြုန်းတီးပါနဲ့တော့… ရက်အနည်းငယ်ကြာသွားပြီ… ဒါပေမဲ့ သူက အခုထိ စကားတစ်လုံးတောင် မပြောဘူး… နင်ထပ်မေးနေလည်း သူက ဘာမှပြောမှာ မဟုတ်ဘူး ”

ကျားဖြူလေးသည် နောက်ဆုံးမှာတော့ ကြည့်မနေနိုင်ဘဲ ဝင်ပြောသည်။ သူက စကားပြောနေရင်း မိန်းကလေး၏ လက်မောင်းထဲသို့ ခေါင်းတိုးဝင်သွားပြီး မြေခွေးလေးကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ ရံဖန်ရံခါ သူ၏ အကြည့်က မြေခွေးလေး၏ အမြှီးနှစ်ချောင်းပေါ်သို့ ကျရောက်သွားသည်။

သူက လွန်စွာ စူးစမ်းသိချင်နေသည်။

မြေခွေးများသည် ရှာတွေ့ရန် မခက်ခဲပေ။ သူတို့အများစုက တောင်တန်း၏ အနက်ပိုင်းထဲမှာ နေထိုင်ကြသည်။ သို့သော်လည်း ဤမြေခွေးသည်တော့ ရှားပါးသည်။ အဘယ့်ကြောင့်ဆိုသော် ရှေးခေတ်ဒဏ္ဍာရီများအရ အဖြူရောင်မြေခွေးများသည် မွေးကတည်းက ဝိညာဉ်အသိဉာဏ်ရှိကြသည်။

ထို့ကြောင့် သူတို့ကို ဝိညာဉ်မြေခွေးများဟုလည်း ခေါ်ကြသည်။ သူတို့သည် မွေးလာကတည်းက မြေခွေးမျိုးနွယ်စုအပေါ် သစ္စာရှိကြသည်။ အဖြူရောင်မြေခွေးသည် ရှားပါးသော မြေခွေးမျိုးစိတ် မဟုတ်ပေ။ သို့သော်လည်း ဤမြေခွေးဖြူဆီမှာ အမြှီးနှစ်ချောင်းရှိသည်။ ယင်းက အလွန်ရှားပါး၏။

သို့သော်လည်း ကျားဖြူလေး၏ သိနားလည်မှုက အကန့်အသတ်ရှိသည်။

ဤလောကတွင် မြေခွေးမျိုးနွယ်စု၏ စစ်မှန်သော ဘုရင်က မြေခွေးဖြူမဟုတ်ဘဲ အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေး ဖြစ်သည်။ အမြီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးသည် မွေးဖွားလာစဉ်တွင် တခြားမြေခွေးများနှင့် သိသိသာသာ ကွဲပြားခြားနားခြင်း မရှိပေ။

သို့သော်လည်း သူစတင်ကျင့်ကြံသည့်အခါ သူ၏ တမူထူးခြားမှုက ထွက်ပေါ်လာသည်။ သူ၏ အနောက်မှာ ဒုတိယမြောက်အမြှီး၊ တတိယမြောက်အမြှီး အစရှိသဖြင့် တစ်ချောင်းပြီးတစ်ချောင်း တိုးပွားလာလိမ့်မည်။ အမြှီးတိုးပွားခြင်းက မည်သည့်အဓိပ္ပာယ်မှမရှိခြင်း မဟုတ်ပေ။ အမြှီးတစ်ချောင်းစီက သူ၏ ကျင့်ကြံခြင်းအခြေခံ နောက်တစ်ဆင့်သို့ မြင့်တတ်သွားခြင်းကို ဆိုလိုသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေး၏ ကျင့်ကြံခြင်းအဆင့်ကို သိလိုလျှင် သူ၏ အမြှီးအရေအတွက်ကို ကြည့်နိုင်သည်။ အမြှီးအရေအတွက်က ပိုများပြားလေ သူ၏ ကျင့်ကြံခြင်းအဆင့်က ပိုမြင့်မားလေ ဖြစ်၏။ ထို့ပြင် ယေဘုယျအားဖြင့် မိစ္ဆာတစ်ကောင်သည် မွေးရာပါသဘာဝစွမ်းရည်တစ်မျိုးတည်းသာလျှင် နိုးထနိုင်၏။

သို့သော်လည်း အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးအတွက်တော့ သူ၏ အမြှီးတစ်ချောင်းစီက မွေးရာပါသဘာဝစွမ်းရည်တစ်ခု ဖြစ်၏။ ယင်းကို ကြည့်ခြင်းအားဖြင့် အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်သည်။ တခြားမိစ္ဆာများဆီမှာ မွေးရာပါသဘာဝစွမ်းရည်တစ်ခုတည်း ရှိနေစဉ် အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးက မွေးရာပါသဘာဝစွမ်းရည်ကိုးခုကို နိုးထနိုင်စွမ်းရှိသည်။

ထို့ကြောင့် အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးမျိုးနွယ်စုကို ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းခံရသော မျိုးနွယ်စုဟုလည်း ခေါ်ကြသည်။

ဒဏ္ဍာရီထဲ၌ ဖော်ပြထားသည်မှာ ကောင်းကင်ဘုံမြေခွေးတစ်ကောင်က အမြှီးကိုးချောင်းအထိ ကြီးထွားလာသည့်အခါ မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားပြီး သဘာဝလွန်စွမ်းရည်များကို ရရှိသွားလိမ့်မည်။

အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးသည် မည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားလာနိုင်ပြီး နေနှင့်လကို ထိန်းချုပ်နိုင်ရုံသာမက စကြာဝဠာကိုပင် ပြောင်းလဲပစ်နိုင်သည်။ ၎င်း၏ သဘာဝလွန်စွမ်းရည်များက ပြိုင်ဘက်ကင်းသည်ဟု ဆိုကြသည်။

ကံမကောင်းစွာပင် အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးများသည် သူတို့၏ တမူထူးခြားမှုကြောင့် မဟာကပ်ဘေးတစ်ခုနှင့် တွေ့ကြုံခဲ့ကြသည်။ သူတို့က မျိုးတုန်းပျောက်ကွယ်လုနီးပါး ရှားပါးသွားကြသည်။ ကောင်းကင်ဘုံမြေခွေးများသည် ရှာဖွေခံရသည်နှင့် မသေမျိုးကျင့်ကြံသူများ၏ လက်ထဲမှ လွတ်မြောက်ရန် မလွယ်ကူတော့ပေ။

ဖေးဖေးက နွေးထွေးကြင်နာစွာ ပြုံးလိုက်သည်။

“ ကိစ္စမရှိပါဘူး… အဲ့ဒါကို ငါခံစားမိပါတယ်… သူက စကားမပြောနိုင်တာ မဟုတ်ဘူး… အဲ့ဒီအစား သူက စကားမပြောချင်ရုံပါ ”

သူက ကျားဖြူလေးကို လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။

“ ရှောင်ပိုင်… ငါတို့လျှောက်လာတာ ခရီးအတော်ပေါက်နေပြီ… နင့်အကိုရဲ့ နေရာဆီ ငါတို့ တဖြည်းဖြည်း နီးကပ်လာနေပြီ ထင်တယ်… ဘာမှစိတ်မပူပါနဲ့… မကြာခင် နင့်အကိုကို ပြန်တွေ့ရတော့မှာပါ ”

ဖေးဖေးသည် ခမ်းနားထည်ဝါသော ဝတ်စုံကို မဝတ်ဆင်ထားပေ။ သူ၏ ရုပ်ရည်သည်လည်း တမူထူးခြားစွာ လှပမနေပေ။ သို့သော်လည်း သူပြုံးလိုက်သည့်အခါ မမြင်နိုင်သော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာ၏။ ဤသည်မှာ သူ၏ ဘေးပတ်ပတ်လည်မှ အရာအားလုံးက သူ့အပြုံးနှင့်အတူ ထွန်းလင်းတောက်ပသွားဟန် ရသည်။

ဥပမာ အနီးနားမှ တောင်ကြားတစ်ခုတွင် ပုန်းအောင်းနေသော ပန်းပင်တစ်ပင်သည် ထူးဆန်းသော စွမ်းအား၏ သက်ရောက်မှုအောက်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ မြန်မြန်ဆန်ဆန် အပွင့်ပွင့်သွားသည်။ ယင်းက အမှန်တကယ် ထူးဆန်းသည်။

တစ်နည်းဆိုရလျှင် အမြန် ပန်းပွင့်ပွင့်သည်ကို မြင်ချင်လျှင် ဖေးဖေးအတွက်တော့ ပြုံးရုံဖြင့် လုံလောက်သည်။

အရေးကြီးသည်မှာ သူက မည်သည့်စွမ်းအားမှ အသုံးမပြုခဲ့ပေ။ ယင်းက သဘာဝအလျောက် ဖြစ်ပျက်သွားဟန် ရ၏။

“ အမဖေးဖေး… ရှောင်ပိုင် အလျင်မလိုပါဘူး ”

ယင်းကို ကြားသောအခါ ကျားဖြူလေးက ခေါင်းခါလိုက်သည်။ သို့သော်လည်း မျှော်လင့်မှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။ သူက တီးတိုးရေရွတ်လိုက်သည်။

“ ငါ့အကို အခု ဘယ်မှာရှိနေလဲ မသိဘူး… သူအဆင်မှပြေရဲ့လား ”

ထိုစကားအရ ကျားဖြူလေးသည် သူ့အကိုကို ပြန်တွေ့ရန် မစောင့်နိုင်တော့ကြောင်း ထင်ရှား၏။

“ ဟီး ဟီး… ”

မိန်းကလေးက နူးညံ့စွာ ရယ်လိုက်သည်။

ထိုအခိုက်အတန့်မှာ သူ၏ ရယ်သံက ရုတ်တရက် ရပ်သွားသည်။ သူက အရှေ့သို့ လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ့ဘေးမှ ချုံပုတ်များကို လှည့်ကြည့်လိုက်သည်။

“ ကျွီ… ကျွီ… ”

ချုံပုတ်ထဲမှ သစ်ရွက်ပွတ်တိုက်သံများ တရစပ် ထွက်ပေါ်လာပြီးလျှင် ထူးဆန်းသော မြည်သံတချို့ ထွက်ပေါ်လာသည်။ ထို့နောက် ချုံပုတ်ပွင့်သွားသည့်အခါ သေးငယ်သော ရွှေရောင်မျောက်နှစ်ကောင်က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။

မျောက်၏ တစ်ကိုယ်လုံးကို ရွှေရောင်အမွှေးများဖြင့် ဖုံးကွယ်ထားသည်။ သူတို့က ရွှေရောင်တလက်လက် တောက်ပနေလေရာ အလွန်ချစ်စရာကောင်းသည်။ သူတို့က မျောက်မျိုးနွယ်စု၏ ရွှေအမွှေးမျောက်များမှလွဲ၍ တခြားမဟုတ်ပေ။

ရွှေအမွှေးမျောက်နှစ်ကောင်တွင် တစ်ကောင်က အထီးဖြစ်ပြီး အခြားတစ်ကောင်က အမဖြစ်သည်။ ကြည့်ရသည်မှာ သူတို့က စုံတွဲဖြစ်ဟန် ရ၏။ မျောက်နှစ်ကောင်သည် ချုံပုတ်ထဲမှ ထွက်လာပြီးလျှင် ဘေးဘီကို ကြည့်လိုက်ကြသည်။ အနီးနားမှ မိန်းကလေးကို မြင်သွားသောအခါ ဝမ်းသာပျော်ရွှင်မှုနှင့် ချစ်ခင်နှစ်သက်သော အကြည့်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့က သူစိမ်းများကို မကြောက်ပေ။ သူတို့က မိန်းကလေးဆီသို့ လျှောက်သွားကြသည်။

ထို့ပြင် သူတို့က လက်ဗလာဖြင့် ရောက်မလာကြချေ။ တစ်ကောင်က မက်မွန်သစ်ကိုင်းတစ်ခတ်ကို လက်ထဲမှာ ကိုင်ထားသည်။ မက်မွန်သစ်ကိုင်းပေါ်တွင် စားချင်စဖွယ်ကောင်းသော အမတမက်မွန်သီးများ ရှိသည်။ တခြားတစ်ကောင်က ငှက်ပျောခိုင်တစ်ခုကို ကိုင်ထားသည်။ သူတို့က မိန်းကလေး၏ အရှေ့သို့ လျှောက်လာကြပြီး ပျော်ပျော်ရွှင်ရွှင် ကခုန်ကြသည်။

ကြည့်ရသည်မှာ သူတို့က မိန်းကလေးကို ထိုသစ်သီးများ စားသုံးစေ၍ ဗိုက်ဖြည့်ပေးချင်ဟန် ရ၏။

ယင်းကို မြင်သောအခါ မိန်းကလေးက မငြင်းပေ။ သူက အံ့ဩသွားပုံလည်း မပြချေ။ ယင်းအစား သူက ရွှေအမွှေးမျောက်နှစ်ကောင်ကို ပြုံးပြလိုက်ပြီး ပြောသည်။

“ ငါ့ကို စားစရာသစ်သီးတွေ လာပေးလို့ ကျေးဇူးတင်ပါတယ် မျောက်ကလေးတွေ ”

သူက စကားဆုံးသည်နှင့် လက်ဆန့်ထုတ်လိုက်ပြီး မျောက်နှစ်ကောင်၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ ကျွီ… ကျွီ ”

မိန်းကလေးက သူတို့ပေးသော စားစရာကို လက်ခံကြောင်း မျောက်နှစ်ကောင် မြင်သောအခါ သူတို့က သစ်သီးများကို မြေကြီးပေါ်မှာ အမြန်ချလိုက်ပြီး ဝမ်းသာပျော်ရွှင်စွာ ခုန်ပေါက်လိုက်ကြသည်။

သို့သော်လည်း သူတို့က ဤနေရာမှာ ကြာကြာမနေကြချေ။ ခဏကြာပြီးနောက် သူတို့က အစောနက သူတို့ထွက်လာခဲ့သော ချုံပုတ်ထဲသို့ ပြန်ဝင်သွားကြသည်။ သူတို့က ခုန်ပေါက်ပြေးနေရင်း မိန်းကလေးကို လှည့်ကြည့်ကြသည်။ ခြေသုံးလှမ်း လှမ်းပြီးသွားတိုင်း သူတို့က အနောက်လှည့်၍ မိန်းကလေးကို ကြည့်ကြလိမ့်မည်။ မကြာမီ သူတို့က ချုံပုတ်ထဲမှာ ပျောက်ကွယ်သွားကြသည်။

မိန်းကလေးသည် ပြုံးလိုက်ပြီး မြေကြီးပေါ်မှ သစ်သီးများကို ကောက်ယူလိုက်သည်။ သူက သန့်ရှင်းသော ရေအနည်းငယ်ကို ရှာဖွေပြီး သစ်သီးများကို ဆေးကြောကာ စားလိုက်သည်။ သူ၏ အပြုအမူက သဘာဝကျသည်။

… … …

“ မသေမျိုးကျင့်ကြံသူတွေအားလုံးက ကြယ်ဝချမ်းသာကြတယ်… အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေက ပိုပြီးကြယ်ဝချမ်းသာကြတယ်… ဒီတစ်ကြိမ်တော့ ငါ့ရဲ့ အခြေခံအုတ်မြစ်က ကြီးကြီးမားမား တိုးမြှင့်သွားလိမ့်မယ် ”

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် အမြဲတမ်း မောက်မာထောင်လွှားပြီး တသီးတခြားနေလေ့ရှိသော စက်ကရာ၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားသော အမူအရာက မကြာခဏ ထွက်ပေါ်လာသည်။ သူက သူ့အရှေ့မှာ စုပုံနေသော ဓမ္မလက်နက်များနှင့် ဓမ္မရတနာများကို ကြည့်လိုက်သည်။ ယင်းတို့က အရောင်တလက်လက် တောက်ပနေကြသည်။ ယင်းတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်အမင်း အားကောင်းပြီး သာလွန်ထူးခြားသည်။

အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားလူများသည် တိုက်ပွဲပြီးသည်နှင့် ချက်ချင်း ထွက်သွားကြသည်။ သူတို့က လီချန်းလန်၏ ခန္ဓာကိုယ်အကြောင်း တစ်ခွန်းမှမဟခဲ့ကြပေ။ သူတို့အားလုံးက အနောက်လှည့်၍ အေးအေးဆေးဆေး ထွက်သွားကြပြီး သီရှီထျန်ကို တစ်ကောင်တည်း ထားရစ်ခဲ့ကြသည်။

သို့ဖြစ်၍ လီချန်းလန်၏ ခန္ဓာကိုယ်နှင့် သူပိုင်ဆိုင်ထားသမျှ ပစ္စည်းအားလုံးက သီရှီထျန်၏ လက်ထဲသို့ ကျရောက်သွားသည်။

လီချန်းလန်ကို သီရှီထျန်တစ်ယောက်တည်းက သတ်ပစ်ခဲ့ကြောင်း အနက်ရောင်မျောက်ဝံဘုရင်နှင့် တခြားမိစ္ဆာသားရဲဘုရင်များက ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည်။ သို့မဟုတ်လျှင် လီချန်းလန်က တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်ပြေးလွတ်မြောက်သွားလိမ့်မည်။ ထို့ကြောင့် သူတို့သည် တိုက်ပွဲ၏ အကျိုးအမြတ်များအကြောင်း မည်သည့်စကားမှ မဟကြပေ။ ထိုသို့မဟုတ်ဘဲ လီချန်းလန်က မိစ္ဆာသားရဲဘုရင်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ သေဆုံးသွားသည်ဆိုလျှင် တိုက်ပွဲ၏ အကျိုးအမြတ်များကို တစ်ယောက်တည်း လက်ဝါးကြီးအုပ်နိုင်တော့မည် မဟုတ်ချေ။

ဤတစ်ကြိမ်တွင် သီရှီထျန်က ရွှေထုပ် ကောက်ရသွားသည်ဟု ဆိုနိုင်ပေသည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။ ထို့ပြင် လီချန်းလန်၏ ဝိညာဉ်ကို သူ၏ ခရမ်းရောင်ဘုရင်စာလုံးထဲသို့ စုပ်ယူလိုက်သည့်အခါ တိုက်ပွဲဝိညာဉ်တစ်ကောင်က ထပ်မံတိုးပွားလာပြီး သူ၏ ဘုရင်စာလုံးက ယခင်ကထက် ပိုပြီးသန်မာသွားလိမ့်မည်။

ထို့ပြင် လီချန်းလန်၏ သိုလှောင်အိတ်ထဲမှာလည်း အဖိုးတန်ပစ္စည်း အများကြီး ရှိသည်။ ယင်းက ကြီးမားသော ရိတ်သိမ်းမှုဖြစ်ကြောင်း သံသယရှိရန် မလိုပေ။

“ ဝိညာဉ်လှေတစ်စင်း… ဓားပျံတစ်ချောင်း… ချပ်ဝတ်တစ်စုံ… ပြီးတော့ အရေအတွက်များပြားတဲ့ ဝိညာဉ်မှော်အဆောင်တွေ… ဒါတွေက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် အဲ့ဒီကျင့်ကြံသူ စုဆောင်းထားတဲ့ ရတနာတွေ ဖြစ်မယ် ”

သီရှီထျန်၏ အကြည့်က သူ့အရှေ့မှ ရတနာများပေါ်သို့ မကြာခဏ ကျရောက်သွားသည်။ ယင်းတို့ထဲတွင် လွင့်မျောတိမ်လှေကို ယခင်က သူမြင်ဖူးသည်။ လီချန်းလန်သည် နောက်ဆုံးအချိန်တွင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်ပြေးရန် လွင့်မျောတိမ်လှေကို ထုတ်သုံးခဲ့သည်။ ထိုဝိညာဉ်လှေသည် သေချာပေါက် ပျံသန်းခြင်းရတနာတစ်ခု ဖြစ်သည်။ ထို့ပြင် နွယ်ချပ်ဝတ်လည်း ရှိသေးသည်။ ယင်း၏ ခုခံကာကွယ်မှုက အလွန်အားကောင်းလေရာ သူ၏ မိစ္ဆာမြူနှင်းဓားသွားသည်ပင် ယင်းကို မဖျက်ဆီးနိုင်ပေ။ ယင်းက အမှန်တကယ်ပင် ရတနာတစ်ခု ဖြစ်သည်။ သို့သော်လည်း မိစ္ဆာမျိုးနွယ်စုဆီမှာ သန်စွမ်းသော ရုပ်ခန္ဓာကိုယ်ရှိသည်။ ထို့ကြောင့် နွယ်ချပ်ဝတ်က သူ့အတွက် တန်ဖိုးအနည်းငယ်သာ ရှိသည်။

ထို့ပြင် ဓားပျံတစ်ချောင်းလည်း ရှိသည်။ သီရှီထျန်က အနီးကပ် သေချာကြည့်လိုက်သည့်အခါ ယင်းက သတ္ထုဒြပ်စင်အထူးပြု အဆင့်မြင့်အဆင့် ဓားပျံတစ်လက်ဖြစ်ကြောင်း သူရှာတွေ့သွားသည်။ ဝိညာဉ်မှော်အဆောင်များထဲတွင် အစွမ်းထက်သော မှော်အဆောင်အားလုံးနီးပါးက လီချန်းလန်၏ အသုံးပြုခြင်းခံခဲ့ရသည်။ ကျန်အားလုံးက သာမန်ဝိညာဉ်မှော်အဆောင်များသာ ဖြစ်ကြသည်။ ယင်းတို့မှာ အများကြီး ချီးမွမ်းစရာမရှိပေ။

“ ရွှတ် ”

သီရှီထျန်သည် ထိုရတနာအားလုံးကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက နူးညံ့သော သားရဲအမွှေးပေါ်မှာ လဲလျောင်းလိုက်သည်။ သူက တိတ်တဆိတ် တွေးတောလိုက်လေရာ နက်နဲသိမ်မွေ့သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒီတစ်ကြိမ် မသေမျိုးကျင့်ကြံသူတွေထဲက ပညာရှင်တစ်ယောက်ကို ငါသတ်ခဲ့တယ်… တောင်ပိုင်းမြေရိုင်းဒေသက မသေမျိုးကျင့်ကြံသူတွေရဲ့ စိတ်အာရုံကို သေချာပေါက် ဆွဲဆောင်သွားလောက်ပြီ… မိစ္ဆာမျိုးနွယ်စုရဲ့ လက်ရှိ အင်အားအခြေအနေအရ အနာဂတ် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သွေးလွှမ်းတိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်ပေါ်လာလိမ့်မယ်… ဒါပေမဲ့ အခု မဒူဆာက မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး စစ်မှန်တဲ့ မိစ္ဆာတစ်ကောင် ဖြစ်လာပြီ… သာမန်အင်အားစုတွေက တောင်ပိုင်းမြေရိုင်းဒေသကို လှုပ်ခါပစ်နိုင်မှာ မဟုတ်ဘူး… ဒါ့အပြင် တောင်ပိုင်းမြေရိုင်းဒေသက မသေမျိုးကျင့်ကြံခြင်းလောကမှာ တည်ရှိတာမဟုတ်ဘဲ သေမျိုးလောကထဲမှာ တည်ရှိတယ်… ဒါကြောင့် လောလောဆယ်မှာ တောင်ပိုင်းမြေရိုင်းဒေသက ဘယ်အန္တရာယ်မှမရှိဘဲ အေးချမ်းနေလိမ့်မယ် ”

စက်ကရာသည် တိတ်တဆိတ် တွေးတောနေရင်း သူ့နှလုံးသားထဲမှာ အစီအစဉ်တစ်ခု ရေးဆွဲနေသည်။

အခန်း(၁၅၂)

“ ဒီအတောအတွင်း ငါ့ကိုယ်ငါ ကာကွယ်နိုင်တဲ့ အင်အားရအောင် ကြိုးစားရမယ်… ပြီးတော့ အခု ငါ့မှာ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း ရှိသွားပြီ… ကုချင်းကို ဘယ်လိုတီးခတ်ရမလဲ ငါသင်ယူရမယ် ”

ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို သူအသုံးပြုခဲ့သော နည်းလမ်းအကြောင်း ပြန်တွေးကြည့်လိုက်သည့်အခါ သီရှီထျန်က ရှက်ရွံ့မှုကို ခံစားမိသွားသည်။ သူက မြို့တတ်လာသော တောသားတစ်ယောက်နှင့် ဆင်တူသည်။ သို့တိုင် သူက ကျောက်စိမ်းကုချင်း၏ အံ့ဖွယ်စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။ အကယ်၍ သူသာ ကုချင်းအကြောင်း နားလည်ပြီး သီချင်းတစ်ပုဒ်ကို တီးခတ်မည်ဆိုလျှင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုကုချင်း၏ စွမ်းအားက မည်မျှသန်စွမ်းသွားမည်နည်း။

အလင်းရောင်က သူ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ အချိန်တိုလေးအတွင်း စွမ်းအားကြီးမားလာနိုင်မည့် နည်းလမ်းအကြောင်း စဉ်းစားလိုက်သည့်အခါ သူက ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို တွေးမိသွားသည်။ ကျောက်စိမ်းကုချင်းပေါ်မှာ အချိန်နှင့် အင်အားကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်သည်ဟု သူစဉ်းစားမိသည်။

“ ဒါပေမဲ့ ကုချင်းတီးခတ်တာကို သင်ယူဖို့ဆိုရင် လူသားလောကဆီ ငါသွားရလိမ့်မယ်… ငါ့ရဲ့ လက်ရှိ အသွင်သဏ္ဍာန်အရ တကယ်လို့ လူသားလောကဆီ ငါသွားမယ်ဆိုရင် မသေမျိုးကျင့်ကြံသူတွေရဲ့ စိတ်အာရုံကို သေချာပေါက် ဆွဲဆောင်မိသွားလိမ့်မယ်… ဒါဆို လူသားဖြစ်လာဖို့ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း မိစ္ဆာကပ်ဘေးဒုက္ခကို ငါဖြတ်ကျော်ပြီးတဲ့အထိ စောင့်ရမှာလား ”

ထိုသို့တွေးမိသောအခါ သူ့နှလုံးက တင်းကျပ်သွားသည်။ အကယ်၍ သူက လူသားအသွင်သို့ ပြောင်းလဲချင်လျှင် အချိန်မည်မျှကြာမြင့်စွာ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း သေချာမသိပေ။ ကြည့်ရသည်မှာ လောလောဆယ်တွင် လူသားလောကဆီသို့ သူသွားရန် မဖြစ်နိုင်သေးပေ။

သူက ခါးသီးစွာ ပြုံးလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်က တဖြည်းဖြည်း မှောင်ရီလာသည်။ နေ့အချိန်မှ ညအချိန်သို့ စတင်ပြောင်းလဲသွားနေ၏။

သူက ထိုအကြောင်းကို နောက်ထပ် မစဉ်းစားတော့ပေ။ သူက ဝမ်းဗိုက်ကို လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်မှ အပေါက်တည်တည့်အောက်မှာ ထားလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်သည်။ သူ၏ စိတ်အာရုံက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို လှည့်ပတ်လိုက်ပြီး အသက်ရှူသွင်းရှူထုတ်ခြင်းကို ပြုလုပ်လိုက်သည်။ တဖြည်းဖြည်း သူ၏ အသက်ရှူသွင်းရှူထုတ်ခြင်းက စည်းချက်ညီလာသည်။ အနက်ရောင်မိစ္ဆာချီတိမ်တိုက်က သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။

ကောင်းကင်ယံမှ လစန္ဒာ၏ အနှစ်သာရသည် ငွေရောင်အလင်းစက်များအသွင်ဖြင့် ကောင်းကင်ပေါ်မှ ဆက်တိုက် ကျဆင်းလာနေသည်။ ယင်းတို့က သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များကို ဖြတ်သန်း၍ ခန္ဓာကိုယ်ထဲမှာ စီးဆင်းသွားသည်။

… … …

“ ကျွီ… ကျွီ… ”

မြေအောက်လောကထဲတွင် အဝါရောင်ဧရာမကြွက်တစ်ကောင်သည် မြင့်မားသော ယဇ်ပလ္လင်တစ်ခု၏ အရှေ့မှာ ရပ်နေသည်။ သူက ယဇ်ပလ္လင်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ပုတီးစေ့ကို ကြည့်နေစဉ် သူ၏ နှုတ်ခမ်းမွှေးများက တုန်ယင်သွားသည်။ ထို့နောက် သူက ထူးဆန်းသော ရယ်သံကို ထုတ်ဖော်လိုက်သည်။

“ ဟား ဟား ဟား… နောက်ဆုံးတော့ ဒီဘုရင်က မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီ… အရမ်းသန်စွမ်းတယ်… ငါ့ခန္ဓာကိုယ်တစ်ခုလုံးမှာ စွမ်းအားတွေနဲ့ ပြည့်လျှံနေတာကို ငါခံစားမိတယ်… ဒီဘုရင်က တကယ့်ပါရမီရှင်ပဲ… "

ကြွက်ဘုရင်က မောက်မာထောင်လွှားစွာ ရယ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုနှင့် မောက်မာထောင်လွှားမှု ရှိသည်။ သူ၏ ယခင်ကြောက်စိတ်က ယခု ပျောက်ကွယ်သွားသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

“ ဂုဏ်ပြုပါတယ် အရှင်မင်းကြီး… နောက်ဆုံးမှာတော့ အရှင်မင်းကြီးက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပါပြီ ”

ဧရာမကြွက်သည် အပေါက်တစ်ခုထဲမှ တိတ်တဆိတ် ခုန်ထွက်လာသည်။ ကြွက်ဘုရင်က ဟက်ဟက်ပက်ပက် ရယ်နေကြောင်း သူမြင်သောအခါ သူ၏ အရှင်မင်းကြီးက မိစ္ဆာသားရဲနယ်ပယ်သို့ အဆင့်ချိုးဖြတ်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူက ဝမ်းသာပျော်ရွှင်သွားသည်။

တောင်ပိုင်းမြေရိုင်းဒေသထဲတွင် မိစ္ဆာသားရဲတစ်ကောင်ရှိသော မျိုးနွယ်စုသာလျှင် အချိန်ကြာကြာ အသက်ရှင်နိုင်ပေသည်။

ယခု ကြွက်ဘုရင်က မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီဖြစ်လေရာ ကြိုမမြင်နိုင်သော အနာဂတ်တွင် သူတို့၏ ကြွယ်မျိုးနွယ်စုက သေချာပေါက် အင်အားကြီးထွားလာလိမ့်မည်။

“ ကျွီ… ကျွီ… ”

“ မဆိုးဘူး… ဒီဘုရင်က မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီ… ဒီတစ်ကြိမ် မြေအောက်လောကမှာ ဘယ်သူက ငါနဲ့ ယှဉ်ပြိုင်ရဲမလဲ ကြည့်မယ် ”

ကြွက်ဘုရင်က မောက်မာထောင်လွှားစွာ ပြောသည်။

“ ဧရာမကြွက်… ဒီတစ်ခေါက် မင်းလုပ်ဆောင်တာ တော်တယ်… မင်းယူဆောင်လာတဲ့ ခြေနှစ်ချောင်းမွန်းစတားကြောင့် ငါအဆင့်ချိုးဖြတ်နိုင်ခဲ့တာ… မင်း ငါ့ရဲ့ လက်အောက်မှာ အမှုထမ်းနေတာ နှစ်တွေအတော်ကြာပြီ… အဲ့တော့ ဒီဘုရင်က မင်းကို မတရားမလုပ်ပါဘူး… နောက်သုံးလအတွင်း မင်းကြိုက်တဲ့အချိန် ဒီကို လာပြီး နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံယူနိုင်တယ်… မင်းပိုပြီးသန်မာလာတဲ့အခါ ငါမင်းကို ကြွက်စစ်သူကြီးရာထူး ပေးမယ် ”

ကြွက်ဘုရင် စကားပြောလိုက်သည့်အခါ သူ၏ ဘယ်နှင့် ညာမှ ရှည်လျားသော နှုတ်ခမ်းမွှေးများက အဆက်မပြတ် တုန်ယင်သွားသည်။ ယင်းတို့က သံမဏိအပ်များကဲ့သို့ မာကျောကြသည်။

“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ”

ဧရာမကြွက်သည် အံ့ဩဝမ်းသာသွားပြီး မျက်လုံးအရောင်တောက်သွားသည်။ သူက မြေကြီးပေါ်မှာ အမြန်ဝပ်တွားလိုက်ပြီး ကြွက်ဘုရင်ကို ဦးချလိုက်သည်။

ကြွက်ဘုရင်က အလွန်စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း အလင်းရောင်တစ်ခုက သူ၏ မျက်လုံးထဲမှာ ရုတ်တရက် ဝင်းလက်သွားသည်။ သူက မေးသည်။

“ ဧရာမကြွက်… မင်းရဲ့ လက်အောက်ငယ်သားတွေကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနားမှာ နေရာချထားစေပြီး ချိုင့်ဝှမ်းထဲက လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်နေဖို့ ငါပြောခဲ့တယ်မလား… အခု ဘာသတင်းထူးလဲ ”

ကြွက်ဘုရင်က ပြောသည်။ အထူးသဖြင့် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအကြောင်း သူပြောလိုက်သည့်အခါ အမုန်းတရားဖြင့် ပြည့်နှက်နေသော အေးစက်စက်အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ကြွက်များသည် လက်စားချေချင်စိတ် ပြင်းပြကြသည်။ ကြွက်ဘုရင်သည်လည်း ချွင်းချက်မဟုတ်ပေ။

ယခင်တစ်ခေါက်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် သူက ကြီးမားသော ဆုံးရှုံးမှုကို တွေ့ကြုံခဲ့ရသည်။ သန်းပေါင်းများစွာသော ကြွက်များက ချိုင့်ဝှမ်းထဲမှာ သေဆုံးသွားကြပြီး ချိုင့်ဝှမ်းထဲမှ သားရဲများ၏ အစာများ ဖြစ်လာကြသည်။ ထို့ပြင် သူဂုဏ်ယူရသော ခုခံကာကွယ်မှုက သီရှီထျန်၏ အစွမ်းထက်တိုက်ခိုက်မှုအောက်မှာ မှေးမှိန်သွားခဲ့သည်။ နောက်ဆုံးမှာ သူက မြေကြီးထဲမှာ တွင်းတူးပြီး အမြှီးကုပ်၍ ထွက်ပြေးခဲ့ရသည်။ ယင်းက သူ့အတွက် ကြီးမားသော အရှက်ရမှု ဖြစ်သည်။

သူသည် တစ်ခါမှ ထိုသို့အစော်ကားမခံခဲ့ရဖူးပေ။ ယင်းကို ဘာမှမဖြစ်သကဲ့သို့ မေ့ပစ်ရန် သူ့အတွက် အလွန်ခက်ခဲပေသည်။

အကယ်၍ ယခင်ကဆိုလျှင် သူက လက်စားချေချင်စိတ်ရှိလျှင်ပင် သီရှီထျန်ကို သွားတွေ့ရန် သတ္တိရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခု သူက အဆင့်ချိုးဖြတ်သွားပြီး မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာသည်။ ယင်းက သူ့ကို ယုံကြည်မှုရှိစေသည်။ သို့ဖြစ်၍ ယခုအချိန်မှာ သူက အတိတ်မှ ရန်ကြွေးကို ဖြေရှင်းရန် ဆန္ဒရှိလာသည်။

ထို့ကြောင့် သူက ဧရာမကြွက်ကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအကြောင်း မေးလိုက်ခြင်းပင်။

ယင်းကို ကြားသောအခါ ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ကြောက်လန့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက တုန်တုန်ယင်ယင် ပြောသည်။

“ အရှင်မင်းကြီး… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ ကျားဘုရင်က အံ့ဩဖို့ကောင်းပါတယ်… အရှင်မင်းကြီးက တံခါးပိတ်ကျင့်ကြံနေတာကြောင့် အဲ့ဒါကို မမြင်နိုင်ခဲ့ပါဘူး… သူတို့က ခြေနှစ်ချောင်းမွန်းစတားတွေ အများကြီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်… အဲ့ဒါ အရမ်းကြောက်စရာကောင်းပါတယ်… ”

လက်စသတ်တော့ သီရှီထျန်တို့အုပ်စုနှင့် မသေမျိုးကျင့်ကြံသူများကြားမှ တိုက်ပွဲကို ဧရာမကြွက်အုပ်စုက မြေကြီးထဲမှာ တွင်းပေါက်များတူး၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ အစတွင် သူတို့က ထိုတိုက်ပွဲမှတဆင့် အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိနိုင်မည်လော သိချင်ကြသည်။ သို့သော်လည်း တိုက်ပွဲက ကမ္ဘာမြေတုန်ဟီးစေသည်အထိ အလွန်ပြင်းထန်လိမ့်မည်ဟု ဧရာမကြွက် မမျှော်လင့်ထားခဲ့ပေ။

ဧရာမကြွက်သည် ယနေ့ထိတိုင်ပင် ထိုတိုက်ပွဲအကြောင်းကို မမေ့နိုင်သေးပေ။ ယင်းကို ပြန်တွေးလိုက်သည့်အခါတိုင်း သူက ကြောက်ရွံ့တုန်လှုပ်သွားသည်။

ကြောက်စရာကောင်းသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

သီရှီထျန်၏ ကျားဟိန်းသံက ရာထောင်ချီသော ကျင့်ကြံသူများ၏ ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေပြီး သူတို့ကို နေရာမှာတင် ချက်ချင်း သေဆုံးစေခဲ့သော မြင်ကွင်းကို သူပြန်တွေးမိသွားသောအခါ ပိုပြီးကြောက်လန့်လာသည်။ ဧရာမကြွက်က သီရှီထျန်ကို အလိုအလျောက် ကြောက်ရွံ့နေသည်။

သူက တစ်ခဏ တွေးတောပြီးနောက် အတိတ်မှာ သူမြင်တွေ့ခဲ့သော အရာအားလုံးကို ကြွက်ဘုရင်အား ပြန်ပြောပြလိုက်သည်။

ယင်းကို ကြားသောအခါ ကြွက်ဘုရင်၏ အမူအရာက ပြောင်းလဲသွားသည်။ မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီးနောက် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသော အကြွင်းမဲ့ယုံကြည်မှုက ချက်ချင်း ငြိမ်းသတ်သွားသည်။ ဤသည်မှာ ရေခဲရေအပြည့်ထည့်ထားသော ရေပုံးကို သူ့ခေါင်းပေါ်သို့ လောင်းချလိုက်သည့်အလားပင်။

“ မသေမျိုးကျင့်ကြံသူတွေက အရမ်းအစွမ်းထက်ကြတယ်… ကျင့်ကြံသူရာထောင်ချီက တိုက်ပွဲတစ်ပွဲတည်းမှာ အစုလိုက်အပြုံလိုက် သေဆုံးသွားကြမယ်လို့ ငါမမျှော်လင့်ထားဘူး… ကြည့်ရတာ လောလောဆယ် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ငါတို့ရန်သွားစလို့ မရသေးဘူး ”

ကြွက်ဘုရင်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအား ပြဿနာရှာမည့် အစီအစဉ်ကို ခဏမေ့ထားလိုက်သည်။ သို့သော်လည်း သူက ယာယီသာ မေ့ထားခြင်း ဖြစ်သည်။ တစ်နေ့ အလုံအလောက် သူသန်စွမ်းလာသည့်အခါ ထိုအစီအစဉ်က ပြန်ပေါ်လာလိမ့်မည်။

“ ဟုတ်ပါတယ်… သူတို့တွေကို လောလောဆယ် ရန်သွားမစတာ ပိုကောင်းမယ်လို့ ကျွန်တော်လည်း ထင်ပါတယ် ”

ဧရာမကြွက်က အမြန်ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။ ထိုရလဒ်သည် သူ့အတွက်လည်း အကောင်းဆုံး ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ကြောက်စရာကောင်းသော ထိုကျားကို သူရင်မဆိုင်ချင်ပေ။

“ ဒါပေမဲ့… ”

ကြွက်ဘုရင်၏ လေသံက ပြောင်းလဲသွားသည်။ သူ၏ သေးငယ်သော မျက်လုံးများက ဟိုရွေ့သည်ရွေ့ လှုပ်ရှားသွားသည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားပြီးလျှင် သူက ပြောသည်။

“ အဲ့ဒီကျင့်ကြံသူတွေက ငါတို့ထင်ထားသလောက် ကြောက်စရာမကောင်းဘူးဆိုတော့ သူတို့ကို အလွတ်ပေးလို့ မဖြစ်ဘူး ”

သူ၏ လေသံထဲမှာ အေးစက်မှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။

သူက ဧရာမကြွက်ကို ကြည့်လိုက်ပြီး ပြောသည်။

“ ငါ့အမိန့်ကို ထုတ်ပြန်လိုက်ပါ… ကြွက်တွေအားလုံးကို တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးရဲ့ မြေအောက်ထဲမှာ လှိုဏ်ခေါင်းတွေ တူးခိုင်းပါ… ငါ့ရဲ့ မြေအောက်ကြွက်တိုင်းပြည်ကို တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးမှာ အမြန်ချဲ့ထွင်ချင်တယ်… ပြီးတော့ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို အမြဲမပြတ် စောင့်ကြည့်ခိုင်းပါ… ကျင့်ကြံသူတွေ တောင်တန်းဒေသထဲ ဝင်လာတာနဲ့ ငါ့ကို ချက်ချင်း သတင်းတင်ပြပါ… ငါတို့တွေ အရင်ဆုံး လက်ဦးမှုယူရမယ်… ဟီး ဟီး… ကျင့်ကြံသူတွေရဲ့ အသားက… တကယ် အရသာရှိတယ် ”

ရုတ်တရက်ဆိုသလို ကြွက်ဘုရင်၏ အမိန့်ပေးမှုကြောင့် မြေအောက်လောကတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကြွက်တစ်ကောင်ပြီးတစ်ကောင်သည် အရပ်မျက်နှာအသီးသီးဆီသို့ ဦးတည်သွားကြပြီး မြေအောက်လှိုဏ်ခေါင်းများကို အားကြိုးမာန်တတ် တူးကြသည်။ သို့ဖြစ်၍ လှိုဏ်ခေါင်းတစ်ခုပြီးတစ်ခုက တောင်ပိုင်းမြေရိုင်းဒေသ၏ မြေအောက်ထဲမှာ ထွက်ပေါ်လာကြသည်။ အကယ်၍ မြေအောက်ထဲမှ အခြေအနေသာ အပြင်ဘက်မှာ ထုတ်ဖော်ခံရမည်ဆိုလျှင် ယင်းက ကြီးမားသော စီမံကိန်းတစ်ခုအဖြစ် သေချာပေါက် သတ်မှတ်ခံရလိမ့်မည်။

တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ကြွက်များသည် ကင်းထောင့်အနေဖြင့် တောင်ပိုင်းမြေရိုင်းဒေသ၏ ဝင်ပေါက်အားလုံးကို စောင့်ကြပ်နေကြသည်။ သူတို့က လှုပ်ရှားမှုတစ်ခုကို မြင်သည်နှင့် အမြန်ဆုံးအလျင်ဖြင့် မြေအောက်ထဲသို့ သွားကာ သတင်းပို့ကြလိမ့်မည်။

ထိုကြွက်များသည် အရေအတွက်များပြားမှုနှင့် အမြန်တွင်းတူးနိုင်သော မွေးရာပါစွမ်းရည်ကို အဓိက မှီခိုအားထားနေကြသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နေ့မှ ညသို့ ကူးပြောင်းခြင်းက ဆယ်ကြိမ်တိုင်အောင် တိတ်တဆိတ် ဖြစ်ပျက်သွားသည်။ ဆယ်ရက်ကုန်ဆုံးသွားသည်။

ထိုဆယ်ရက်အတွင်းမှာ သီရှီထျန်က ကျင့်ကြံခြင်း၌ အထူးစိတ်နှစ်ထားသည်။ သူက မိစ္ဆာစံအိမ်ထဲမှ သွေးချီအနှစ်သာရကို အဆက်မပြတ် ရွှေ့ပြောင်းကာ ယင်းကို သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်စေသည်။ သွေးချီအနှစ်သာရသည် ခန္ဓာကိုယ်ကို အားဖြည့်ပေးရာတွင် အကောင်းဆုံးရတနာ ဖြစ်၏။ သွေးချီအနှစ်သာရတစ်စက်စီက အလွန်တန်ဖိုးကြီးမားသည်။ ယင်းက လူသားခန္ဓာကိုယ်ထဲမှ စစ်ထုတ်ထားသော စွမ်းအင်အနှစ်သာရ ဖြစ်သည်။

သွေးချီအနှစ်သာရတစ်စက်နှင့် ပေါင်းစပ်လိုက်တိုင်း သူ၏ မိစ္ဆာခန္ဓာကိုယ်က တဖြည်းဖြည်း ပိုပြီးသန်မာလာသည်။

ထိုသို့ကျင့်ကြံခြင်းသည် အချိန်ကြာကြာ ပိုပြီးသူကျင့်ကြံလေ ပိုပြီးဈာန်ဝင်စားလေ ဖြစ်သည်။ တဖြည်းဖြည်း ပိုပြီးသန်မာလာသော ခံစားချက်က သူ့ကို ယဇ်မူးစေသည်။ လူသားခန္ဓာကိုယ်ထဲမှ စွမ်းအင်အနှစ်သာရကို မိစ္ဆာချီအဖြစ် သန့်စင်ခြင်းက သူ၏ ကျင့်ကြံခြင်းကို အလွန်မြန်ဆန်စေသည်။ ယင်းက သာမန်မိစ္ဆာသားရဲတစ်ကောင် တစ်ခါမှ စိတ်ကူးမယဉ်ဝံ့မည့် အမြန်နှုန်း ဖြစ်သည်။

… … …

အခန်း(၁၅၃)

ဆယ်ရက်ကြာပြီးနောက် မဖိတ်ခေါ်ထားသော ဧည့်သည်သုံးယောက်သည် တောင်ပိုင်းမြေရိုင်းဒေသ၏ အပြင်ဘက်သို့ ရောက်လာကြသည်။ လူသားတစ်ယောက်နှင့် မိစ္ဆာသားရဲနှစ်ကောင် ဖြစ်ကြသည်။

“ ကျားဖြူလေး… ငါတို့ရောက်ပြီ ”

ဖေးဖေးသည် အကန့်အသတ်မဲ့စွာ ကျယ်ပြောသော တောင်ပိုင်းမြေရိုင်းဒေသကို ကြည့်လိုက်သည်။ စိတ်လှုပ်ရှားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သူ့လက်မောင်းထဲမှ ကျားဖြူလေး၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ အနီးနားက ငှက်တွေကို စောစောက ငါမေးကြည့်ခဲ့တယ်… နင့်ရဲ့ အကိုက အရေအတွက်များပြားတဲ့ ငှက်တွေနဲ့ တိရိစ္ဆာန်တွေကို တောင်ပိုင်းမြေရိုင်းဒေသထဲ ခေါ်ဆောင်သွားတာ သူတို့မြင်လိုက်တယ်တဲ့… တကယ်လို့ ငါ့အထင်မမှားရင် နင့်ရဲ့ အကိုက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ရှိနေလိမ့်မယ်… အခု တောင်ပိုင်းမြေရိုင်းဒေသဆီ ငါတို့ရောက်လာပြီ… ဟေး ရေး… ”

မိန်းကလေးသည် အလွန်ပျော်ရွှင်နေသည်။ ဤခရီးစဉ်သည် တစ်လနီးပါး ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့က သူတို့၏ ပန်းတိုင်ဆီသို့ ရောက်သွားကြသည်။ ထို့ကြောင့် သူက အလွန်စိတ်လှုပ်ရှားပြီး ဝမ်းသာပျော်ရွှင်နေသည်။

“ ကောင်းလိုက်တာ… အကိုနဲ့ ငါတွေ့ရတော့မယ် ”

ကျားဖြူလေးက စိတ်လှုပ်ရှားသော အကြည့်ကို ထုတ်ဖော်လိုက်သည်။ သူက မိန်းကလေး၏ လက်မောင်းထဲမှ အမြန်ခေါင်းတိုးထွက်လာပြီး အကန့်အသတ်မဲ့စွာ ကျယ်ပြောသော တောင်ပိုင်းမြေရိုင်းဒေသကို ကြည့်လိုက်သည်။ မျှော်လင့်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။

“ အင်း… အခု ငါတို့သွားကြစို့ ”

မိန်းကလေးသည် ခေါင်းညိတ်လိုက်ပြီး တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်သွားသည်။ မကြာမီ သူက တောအုပ်ထဲမှာ ပျောက်ကွယ်သွားသည်။ သူ၏ နောက်ကျောကိုပင် မမြင်ရတော့ချေ။

“ သူတို့က တကယ်ကြီး တောင်ပိုင်းမြေရိုင်းဒေသဆီ ရောက်လာတယ်… အဲ့ဒီကျားဖြူလေးက သူ့အကိုကို ရှာနေတယ်လား… မဟုတ်မှ သူတို့ရှာနေတဲ့ ကျားက… သူဖြစ်နေမလား ”

ထိုအခိုက်အတန့်မှာ မည်သူမှ သတိမထားမိသည်မှာ အံ့ဩသော အရိပ်အယောင်က မိန်းကလေး၏ လက်မောင်းထဲ၌ တစ်ချိန်လုံးရှိနေသော မြေခွေးဖြူလေး၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ကျားဖြူလေးကို ကြည့်လိုက်သည်။ သူ၏ နှလုံးခုန်သံက ရုတ်တရက် ပိုမြန်လာသည်။ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ မထင်မရှား ထွက်ပေါ်နေသည်။

မှန်ပေသည်။ ယင်းက စိတ်ရှုပ်ထွေးသော အရိပ်အယောင် ဖြစ်သည်။

မြေခွေးဖြူလေး၏ မျက်လုံးထဲမှ အကြည့်က အလွန်ထူးခြားသည်။ အကယ်၍ ယင်းကို တခြားလူများက ရှာတွေ့သွားမည်ဆိုလျှင် မြေခွေးဖြူလေးက သာမန်မြေခွေးမဟုတ်ကြောင်း အကြည့်တစ်ချက်ဖြင့် သူတို့ပြောနိုင်ကြလိမ့်မည်။ ထို့ပြင် မြေခွေးဖြူလေးသည် အမှန်တကယ်ပင် သာမန်မဟုတ်ပေ။

‘ အဲ့ဒါလည်း ကောင်းပါတယ်… အဲ့ဒါ တကယ်ပဲ သူဆိုရင် သူ့ကို နောက်ထပ် ငါလိုက်ရှာနေစရာ မလိုတော့ဘူး… အရင်တစ်ခေါက်က သူ့ကြောင့်ပဲ ငါ ဆုံးရှုံးမှုကြီးနဲ့ တွေ့ကြုံခဲ့တာ ’

မြေခွေးဖြူလေးက စိတ်ထဲမှာ သူ့ဘာသာ တွေးလိုက်သည်။ သူက စိတ်ဆုံးဖြတ်လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်ပြီး အနားယူလိုက်သည်။

တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သစ်ပင်ကြီးများဖြင့် စိမ်းလန်းစိုပြည်နေသည်။ ပန်းပင်များနှင့် သစ်ပင်များက နေရာတိုင်းမှာ ထူထဲစွာ ပေါက်ရောက်နေသည်။

ထို့ပြင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ ဝိညာဉ်စွမ်းအားသိပ်သည်းမှုက တခြားတောင်တန်းဒေသများထက် အများကြီး ပိုသာလွန်သည်။ တစ်စုံတစ်ယောက်သည် တောင်တန်းဒေသထဲသို့ ဝင်ရောက်သွားပြီး လေကို ရှူသွင်းလိုက်ရုံဖြင့် ကွဲပြားမှုကို သိသိသာသာ ခံစားနိုင်လိမ့်မည်။

လေသည် သန့်ရှင်းလတ်ဆတ်ပြီး ယင်းကို ရှူသွင်းလိုက်သည့်အခါ သက်တောင့်သက်သာရှိမှုကို ခံစားရလိမ့်မည်။ တစ်စုံတစ်ယောက်သည် ဤနေရာမှ လေကို ရှူသွင်းရုံဖြင့် လန်းဆန်းတတ်ကြွသွားလိမ့်မည်။

“ တောင်ပိုင်းမြေရိုင်းဒေသက ဒီကုန်းမြေရဲ့ အရမ်းထူးခြားတဲ့နေရာလို့ ဖိုးဖိုးပြောတာ ငါကြားဖူးတယ်… ဒီနေရာမှာ လျှို့ဝှက်ချက်တွေအများကြီး မြှုပ်နှံထားတယ်… ဒါပေမဲ့ အခုထိ ဘယ်သူမှ အဲဒါတွေကို မဖော်ထုတ်နိုင်သေးဘူး ”

မိန်းကလေးသည် မျက်လုံးကျယ်ကျယ်ဖွင့်၍ ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစွာ ကြည့်နေသည်။ သူက ကြည်ညိုလေးစားသော အမူအရာဖြင့် ပြောသည်။ မိန်းကလေးသည် အစောနက သူပြောခဲ့သော ဖိုးဖိုးကို အလွန်ရိုသေလေးစားကြောင်း ထင်ရှား၏။

“ ဘာလျှို့ဝှက်ချက်လဲ ”

ကျားဖြူလေးက စူးစမ်းလိုစွာ မေးသည်။

ဤတစ်ကြိမ်တွင် မြေခွေးဖြူလေးသည်ပင် နားစွင့်လိုက်သည်။ ရှင်းလင်းစွာပင် သူသည်လည်း ထိုလျှို့ဝှက်ချက်ကို အလွန်စိတ်ဝင်စားသည်။

သို့သော်လည်း မိန်းကလေးက ခေါင်းခါလိုက်ပြီး ပြောသည်။

“ ငါလည်း မသိဘူး… ဖိုးဖိုးပြောတာတော့ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ လျှို့ဝှက်ချက်ကြီးတစ်ခု မြှုပ်ကွယ်နေတယ်တဲ့… အဲ့ဒါက ဘယ်လိုလျှို့ဝှက်ချက်လဲဆိုတာတော့ ငါသေချာမသိဘူး ”

မိန်းကလေးသည် စကားပြောနေရင်း တောင်တန်း၏ အနက်ပိုင်းထဲသို့ လျှောက်သွားသည်။

“ ရွှတ် ”

သူတို့လျှောက်သွားနေသော လမ်းကြောင်း၏ ဘေးတွင် သာမန်လူများ မကြားနိုင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ သေချာဂရုတစိုက် နားမထောင်လျှင် ထိုအသံကို ကြားနိုင်လိမ့်မည် မဟုတ်ချေ။ ကြွက်တစ်ကောင်သည် မြေကြီးထဲမှ တွင်းပေါက်တစ်ခုထဲမှ ခေါင်းတိုးထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက မိန်းကလေးကို ရုတ်တရက် မြင်သွားသောအခါ သူ၏ မျက်လုံးသေးသေးလေးထဲမှာ စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက ခေါင်းလှည့်လိုက်ပြီး တွင်းပေါက်ထဲသို့ ပြန်ဝင်သွားသည်။

ထို့ပြင် ကြွက်လေးသည် မြေအောက်ထဲမှ လှိုဏ်ခေါင်းအများအပြားကို ဖြတ်သန်း၍ ဦးတည်ရာတစ်ခုဆီသို့ မြန်ဆန်စွာ ပြေးသွားနေသည်။

… … …

“ အမ် ”

ထိုစဉ် လှိုဏ်ဂူထဲမှာ ဆယ်ရက်ကြာအောင် မလှုပ်မယှက် လဲလျောင်းနေသော သီရှီထျန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ စူးရှတောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ ပျံဝဲနေသော မိစ္ဆာမြူခိုးက သူ၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ပြန်ဆုတ်သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဂရုတစိုက် စစ်ဆေးကြည့်မည်ဆိုလျှင် ကျား၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အရိပ်အယောင်ရှိနေကြောင်း မြင်ရလိမ့်မည်။

“ စိတ်မသက်မသာဖြစ်မှုကို ဘာလို့ ရုတ်တရက် ငါခံစားမိလာတာလဲ… ငါနဲ့ သက်ဆိုင်တဲ့ တစ်စုံတစ်ယောက် အန္တရာယ်ဖြစ်နေတာလား… ဘာများလဲ ”

သီရှီထျန်က စိတ်ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော်လိုက်သည်။

သူက ကျင့်ကြံခြင်းမှာ ဈာန်ဝင်နေပြီး အဆက်မပြတ် သန်မာလာနေသော ခံစားချက်အပေါ် ယဇ်မူးနေသည်။ သို့သော်လည်း ရုတ်တရက် ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီက တုန်ယင်လာသည်။ စိတ်မသက်မသာဖြစ်သော ခံစားမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထိုခံစားမှုကြောင့် သူက ဆက်ပြီး ကျင့်ကြံရန် စိတ်မပါတော့ပေ။

သူဇဝေဇဝါဖြစ်နေခြင်းက မထူးဆန်းပေ။ မည်သို့ဖြစ်ပါစေ သူ၏ ကျင့်ကြံခြင်းအချိန်က အလွန်တိုတောင်းသည် မဟုတ်ပါလော။ သူက ထိုသို့အခြေအနေကို ယခင်က တစ်ခါမှ မတွေ့ကြုံဖူးပေ။ သို့ဖြစ်လေရာ ယင်း၏ ဆိုလိုရင်းကို မည်သို့သူနားလည်မည်နည်း။ ကျင့်ကြံခြင်းလောကတွင် ထိုသို့အခြေအနေကို အာရုံရခြင်းဟု ခေါ်သည်။ ရိုးရှင်းစွာ ပြောရလျှင် ယင်းက အတိတ်နိမိတ်ရခြင်း ဖြစ်သည်။

အတိတ်နိမိတ်သည် အလွန်အရေးကြီးသည်။ ဆိုးဝါးသော ခံစားချက်ကို သူရရှိလျှင် မကြာခင်မှာ သူက အန္တရာယ်နှင့် တွေ့ကြုံရတော့မည်။ သို့မဟုတ် သူချစ်ခင်ရသော မိတ်ဆွေများက အန္တရာယ်နှင့် တွေ့ကြုံရတော့မည်။ သို့မဟုတ် သူရင်းနှီးကျွမ်းဝင်သော လူများက တစ်စုံတစ်ခုဖြစ်တော့မည်။

ထိုသို့နိမိတ်ရခြင်းသည် အတော်လေး မှန်ကန်သည်။ ယင်းက အမှောင်ထုထဲမှာ ထုတ်လုပ်ပေးသော ခံစားချက် ဖြစ်သည်။ ယင်းက မထွက်ပေါ်လာလျှင် ကိစ္စမရှိပေ။ သို့သော်လည်း တစ်ခါထွက်ပေါ်လာလျှင် ယင်းက အလွန်အရေးကြီးသောကိစ္စ ဖြစ်ရမည်။ ထို့ကြောင့် မည်သူမဆို ထိုသို့ခံစားချက်ရလာသည်နှင့် ယင်းကို အထူးအလေးထားကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ ယင်းကို လျစ်လျူရှုလိုက်လျှင် ကပ်ဘေးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်။

သီရှီထျန်သည် အတိတ်နိမိတ်အကြောင်း အများကြီး မသိပေ။ သို့သော်လည်း သူ၏ နှလုံးက ဂနာမငြိမ်ဖြစ်နေလေရာ သူက ဆက်ပြီး ကျင့်ကြံရန် စိတ်မပါတော့ပေ။

“ ဘာလို့ ထူးဆန်းတဲ့ ခံစားချက်ကို ငါခံစားမိနေတာလဲ… အဲ့ဒါ ဘာအဓိပ္ပာယ်လဲ ”

စက်ကရာက စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။ သို့သော်လည်း မည်သို့သူတွေးပါစေ ထိုခံစားချက်၏ ဇစ်မြစ်ကို မရှာဖွေနိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူက ကျင့်ကြံခြင်းအကြောင်း အနည်းအကျဉ်းသာ သိထားသောကြောင့်ပင်။ မိစ္ဆာလမ်းစဉ်ကို သူလျှောက်လှမ်းခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။ သူက မယုံကြည်နိုင်ဖွယ်ကောင်းသော အလျင်ဖြင့် မိစ္ဆာသားရဲနယ်ပယ်သို့ အဆင့်ချိုးဖြတ်နိုင်ခဲ့သော်လည်း ယင်းက မလုံလောက်သေးပေ။ ကျင့်ကြံခြင်းနှင့်ပတ်သက်သော ဗဟုသုတများကို အနည်းအကျဉ်းသာ သူသိသည်။

သူသည် သွေးမျိုးဆက်အမွေအနှစ်ထံမှ သတင်းအချက်အလက်အများကြီး မရရှိခဲ့ပေ။ ဤသို့အခြေအနေမျိုးကို သွေးမျိုးဆက်အမွေအနှစ်ထဲမှာ မဖော်ပြထားပေ။ ထို့ကြောင့် သူက ဇဝေဇဝါဖြစ်သွားသည်။ အနာဂတ်မှာ ဤအခြေအနေနှင့်ပတ်သက်သော ဗဟုသုတများကို သူရှာဖွေမည်ဟု စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်သည်။ သို့မဟုတ်လျှင် ယင်းက သူ၏ အခြေခံအုတ်မြစ်အပေါ် သက်ရောက်မှုရှိလာလိမ့်မည်။ လျစ်လျူရှုခြင်းသည် သူသဘောကျသောအရာ မဟုတ်ပေ။

“ ထားလိုက်ပါတော့… အခုကြည့်ရတာ ဒီအခြေအနေနဲ့ ငါဆက်ပြီး ကျင့်ကြံလို့ မဖြစ်တော့ဘူး… ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ မိစ္ဆာစံအိမ်ထဲမှာ မိစ္ဆာသန့်စင်ခြင်းမီးဖိုရှိတယ်… မိစ္ဆာသန့်စင်ခြင်းမီးဖိုက ငါ့ရဲ့ ညွှန်ကြားမှုမပါဘဲ သူ့ဘာသာ အလုပ်လုပ်နိုင်တယ်… အဲ့ဒါက နှေးတယ်ဆိုပေမဲ့ သာမန်မိစ္ဆာသားရဲတစ်ကောင်ရဲ့ ကျင့်ကြံမှုအမြန်နှုန်းထက် မလျော့ပါဘူး ”

သီရှီထျန်သည် လဲလျောင်းနေရာမှ ထရပ်လိုက်ပြီး အနောက်လှည့်ကာ လှိုဏ်ဂူအပြင်သို့ လျှောက်သွားသည်။ သူ့နှလုံးသားထဲမှ အမည်မသိ ထိုခံစားချက်ကို ဖြေဖျောက်ရန်အလို့ငှာ သူက ချိုင့်ဝှမ်းထဲမှ ထွက်သွားပြီး တောင်ပိုင်းမြေရိုင်းဒေသထဲမှာ လမ်းလျှောက်ကြည့်ချင်သည်။

သို့မဟုတ်လျှင် ယင်းက သူ၏ ကျင့်ကြံခြင်းကို အနှောင့်အယှက်ပေးနေလိမ့်မည်။ အကယ်၍ သူက ကျင့်ကြံနေရင်း ထိုကိစ္စကြောင့် သွေးချီဖောက်ပြန်သွားမည်ဆိုလျှင် သူက ရူးသွားနိုင်သည်။ သို့ဖြစ်၍ ဤကိစ္စက သူ့အတွက် ပေါ့သေးသေး မဟုတ်ပေ။

သူက ချိုင့်ဝှမ်းထဲမှ နှေးကွေးစွာ ထွက်သွားပြီး ဘေးပတ်ဝန်းကျင်မှ ရှုခင်းများကို လှည့်ပတ်ကြည့်ရှုနေသည်။ ဤသည်မှာ သူက သူ့ကိုယ်ပိုင်နယ်မြေကို စစ်ဆေးကြည့်ရှုနေသည့်အလားပင်။

တောအုပ်ထဲတွင် နံနက်ခင်းနှင်းစက်များက ကြယ်များသဖွယ် ရှိနေသည်။ ယင်းတို့က မြက်ပင်များနှင့် သစ်ရွက်များ၏ အစွန်းမှာ တွဲလောင်းခိုနေကြသည်။ လတ်ဆတ်သော ပန်းရနံ့က လေနှင့်အတူ ပျံ့လွင့်နေသည်။ အရောင်အသွေးစုံလင်သော ပန်းပင်များက နေရာတိုင်းမှာ တိတ်တဆိတ် ပွင့်လန်းနေကြသည်။ တောင်ဇလပ်ပန်းများသည် အစုအဖွဲ့ဖြင့် ရှိနေကြသည်။ ကျေးငှက်များသည် သာယာငြိမ့်ညောင်းစွာ အော်မြည်နေကြသည်။

တောအုပ်ထဲတွင် ယခင်ဘဝ၌ သူမခံစားခဲ့ဖူးသည့် သန့်ရှင်းလတ်ဆတ်သော သဘာဝလေဖြင့် ပြည့်နှက်နေသည်။ ယင်းက သက်ရှိများကို စိတ်သက်တောင့်သက်သာရှိစေပြီး ရွှင်လန်းတတ်ကြွစေသည်။

မှန်ပေသည်။ လမ်းတစ်လျှောက်တွင် လှပသော ထိုမြင်ကွင်းများသာရှိခြင်း မဟုတ်ပေ။ အဆိပ်မြူခိုးများ၊ ရွှံ့ဗွက်အိုင်များနှင့် ဆူးပင်နွယ်ပင်များလည်း ရှိသည်။ ယင်းတို့က ချောက်ချားဖွယ်ကောင်းသော ခံစားမှုကို ပေးသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် မတူညီသော မြင်ကွင်းအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ယင်းက ထူးဆန်းသော လေထုကို ဖြစ်ပေါ်စေသည်။

‘ အမဖေးဖေး… ဘာလို့ ဒီနေရာက ရုတ်တရက် တိတ်ဆိတ်သွားတာလဲ… အဲ့ဒီအတွက် မကောင်းတဲ့ခံစားချက်ကို ငါရနေတယ် ’

ကျားဖြူလေးကို သယ်ဆောင်ထားသော မိန်းကလေးသည် မြူခွေးဖြူလေးနှင့်အတူ တောအုပ်ထဲမှာ လမ်းလျှောက်နေသည်။ အစက သူသည် တောင်တန်းထဲသို့ ဝင်ရောက်ပြီးလျှင် ကျားဖြူလေး၏ အကိုအကြောင်း တိရိစ္ဆာန်ငယ်တစ်ကောင်ကောင်ကို စုံစမ်းမေးမြန်းမည်ဟု စဉ်းစားခဲ့သည်။

သို့သော်လည်း ထူးဆန်းသည်မှာ တောအုပ်ထဲသို့ သူတို့ဝင်ရောက်ပြီးနောက် သိပ်မကြာမီ ထူးဆန်းသော အရှိန်အဝါတစ်ခုက သူတို့၏ အနီးနားမှာ ထွက်ပေါ်လာသည်ဟု သူတို့ခံစားမိသွားကြသည်။

ပိုးကောင်များနှင့် ကျေးငှက်များ၏ အော်သံကို နောက်ထပ် မကြားရတော့ချေ။ တိရိစ္ဆာန်များကိုလည်း မမြင်တွေ့ရတော့ချေ။ ဘေးပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ထိုသို့တိတ်ဆိတ်မှုက အနည်းငယ် ထူးဆန်းပေသည်။

All Chapters