← Chapters

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း (၁၅၄-၁၅၆)

Vol. 11 Ch. 154-156

အခန်း(၁၅၄)

ကျားဖြူလေးက မျက်တောင်တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။ သားရဲဘုရင်တစ်ပါးအနေနှင့် သူ၏ အာရုံခံနိုင်မှုက အလွန်ထက်ရှသည်။ သူက မမြင်နိုင်သော အန္တရာယ်များ၏ ချဉ်းကပ်လာမှုကို ခံစားသိရှိနိုင်သည်။ သူက ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးကြည့်ရှုနေ၏။ တစ်ချိန်တည်းမှာ သူက မိန်းကလေးကို သူ၏ ခံစားမှုအကြောင်း ဖော်ပြသည်။

‘ ကြည့်ရတာ တစ်စုံတစ်ခုက ငါတို့ကို ပစ်မှတ်ထားနေတဲ့ပုံပဲ ’

စဉ်းစားတွေးတောသော အကြည့်က မြေခွေးဖြူလေး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သတိကြီးစွာထား၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ယခုအချိန်မှာ သူ့ကိုယ်သူကာကွယ်ရန် ခွန်အားအများကြီး မရှိပေ။ အကယ်၍ သူသာ ယခုအချိန် အန္တရာယ်တစ်စုံတစ်ရာဖြင့် တွေ့ကြုံလျှင် သနားစရာကောင်းသော မြေခွေးလေးဖြစ်သွားလိမ့်မည်။ သူက တိတ်တဆိတ် သတိထားလိုက်ပြီး သူ၏ နားရွက်များကို မြင့်မြင့်ထောင်လိုက်သည်။ သူ၏ စိတ်အာရုံကို ဘေးပတ်ဝန်းကျင်သို့ ဖြည်းဖြည်းချင်း ဖြန့်ကြက်လိုက်သည်။

“ အင်း… ဒီက သစ်ပင်ကြီးတွေနဲ့ မြက်ပင်တွေက ငါ့ကို ပြောတယ်… ဒီနေရာမှာ အန္တရာယ်ရှိတယ်တဲ့… သူတို့က ငါတို့ကို ဒီကနေ အမြန်ထွက်သွားစေချင်တယ် ”

စိုးရိမ်ကြောင့်ကြသော အရိပ်အယောင်က မိန်းကလေး၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက သူ၏ လက်မောင်းထဲမှ ကျားဖြူလေးနှင့် မြေခွေးဖြူလေးကို တင်းကျပ်စွာ ဖက်လိုက်သည်။ သူက မည်မျှသာလွန်ထူးခြားပါစေ အသက်ဆယ့်ရှစ်နှစ် မပြည့်သေးသော ကလေးမလေးတစ်ယောက်သာ ဖြစ်သည်။

“ ဒီနေရာကနေ မြန်မြန် ထွက်သွားကြရအောင် ”

သူက စကားဆုံးသည်နှင့် ခြေလှမ်းမြန်မြန် လျှောက်လိုက်သည်။ သူ၏ ခြေဖဝါးအောက်တွင် ဖိနပ်များက အလွန်ဆိုးဝါးစွာ ဆုတ်ပြဲနေပြီး နောက်ထပ် ဝတ်ရန် မသင့်တော်တော့ပေ။ သူ၏ ရှည်လျားပြီး ဖြူဖွေးသော ခြေထောက်များက အလွန်ဆွဲဆောင်မှုရှိသည်။ ဤသည်မှာ မိုးမြေ၏ အနှစ်သာရက ခြေထောက်များထဲမှာ စုစည်းနေသည့်အလားပင်။

“ ကျွီ… ကျွီ… ”

ထိုအခိုက်အတန့်မှာ ထူးဆန်းသော အော်သံများက ဘေးပတ်ဝန်းကျင်မှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ထိုအော်သံက နားဝင်စူးရှသည်။ ယင်းကို ကြားလိုက်သည့်အခါ တစ်စုံတစ်ယောက်သည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်မှုကို အလိုအလျောက် ခံစားမိသွားလိမ့်မည်။

သူတို့၏ ခြေဖဝါးအောက်မှ မြေကြီးက အော်သံနှင့်အတူ ဆက်တိုက် တုန်ခါသွားသည်။ ဤသည်မှာ မြစ်ရေက ဒလဟော မြှောက်တတ်လာသည့်အလားပင်။ မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ ဘေးပတ်ဝန်းကျင်မှ သစ်ပင်ကြီးများနှင့် ပန်းပင်များက စတင်တုန်ယင်သွားကြသည်။

ဤသည်မှာ ငလျင်က ဤနေရာ၌ ရုတ်တရက် ဖြစ်ပေါ်လာသည့်အလားပင်။

“ အမဖေးဖေး… ရှောင်ပိုင်ကြောက်တယ် ”

ကျားဖြူလေး၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင် ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ သူက လအနည်းငယ်သာ ကြီးပြင်းလာရသေးသော ကျားပေါက်လေး ဖြစ်သည်။ သူက ထိုသို့အခြေအနေကို တစ်ခါမှ မတွေ့ကြုံဖူးပေ။ သူက ကျားလက်သည်းကို ဆန့်ထုတ်လိုက်ပြီး မိန်းကလေး၏ ရင်ဘက်ပေါ်မှ အဝတ်အစားကို ဖမ်းဆုပ်လိုက်သည်။ သူက ဘေးဘီသို့ ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ သူ၏ တမူထူးခြားသော အာရုံခံနိုင်စွမ်းကြောင့် ကပ်ဘေးတစ်ခုက သူတို့ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေကြောင်း သူခံစားမိသွားသည်။ အန္တရာယ်အငွေ့အသက်က ဤဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သဏ္ဍာန်မဲ့သော ဖိအားက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားသည်။

“ မကြောက်ပါနဲ့… ငါတို့အဆင်ပြေသွားမှာပါ ”

မိန်းကလေးသည် ဘေးဘီကို ကြည့်လိုက်လေရာ မျက်နှာဖြူဖျော့သွားသည်။

“ ဝုန်း ”

ကျယ်လောင်သော မြည်သံများကြားတွင် ဧရာမတွင်းပေါက်များက ဘေးပတ်ဝန်းကျင်မှ မြေကြီးပေါ်မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ တွင်းပေါက်များ ထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော ကြွက်များက မြေကြီးထဲမှ ပြေးထွက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အဆုံးမဲ့သော ကြွက်ဒီရေလှိုင်းက မြေကြီးထဲမှ ပေါ်လျှိုးလာသည်။

သူတို့က ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဤဧရိယာကို မြန်ဆန်စွာ ဝိုင်းရံလိုက်ကြသည်။

“ ကြွက်တွေ များလှချည်လား… ဘာလို့ ကြွက်တွေ အဲ့လောက်များနေတာလဲ ”

မိန်းကလေးက အံ့ဩထိတ်လန့်စွာ အော်လိုက်သည်။ အရေအတွက်များပြားသော ကြွက်များက မြေကြီးထဲမှ အစုလိုက်အပြုံလိုက် ပြေးထွက်လာကြသည်။ သူတို့တစ်ကောင်စီက သွေးဆာလောင်သော မျက်လုံးနှင့်အတူ မိန်းကလေးကို စူးစိုက်ကြည့်နေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က ဤဧရိယာကို စက်ဝိုင်းသဏ္ဍာန် ဝိုင်းရံလိုက်ကြသည်။

ကြွက်များသည် ဤဧရိယာ၏ အတွင်းနှင့်အပြင်ကို အလွှာသုံးလွှာစီ ဖွဲ့စည်းထားကြသည်။ သူတို့က အရေအတွက်များပြားလေရာ တစ်စုံတစ်ယောက်ကို ဦးရေပြားစပ်ဖျင်းဖျင်း ခံစားသွားရစေရန် လုံလောက်သည်။ ထိုသို့ဝိုင်းရံမှုက လေထုကိုပင် တင်းကျပ်စေသည်။ ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းသည်။

“ အို မကောင်းတော့ဘူး… ကြွက်တွေက အများကြီးပဲ… အခု ငါတို့ဒုက္ခရောက်ပြီ… ကြွက်တွေ ဒီလောက်များတာ သူတို့ဆီမှာ သေချာပေါက် ဘုရင်ရှိရမယ် ”

သတိထားသော အရိပ်အယောင်က မြေခွေးဖြူလေး၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ လက်ရှိအခြေအနေကို စဉ်းစားမိသောအခါ သူက မျက်မှောင်ကြုတ်သွားသည်။

“ ကျွီ… ကျွီ… အရှင်မင်းကြီး ကြွချီလာတာကို ကြိုဆိုပါတယ် ”

ကြွက်များသည် မိန်းကလေးပေါ်သို့ ချက်ချင်း မခုန်အုပ်ကြပေ။ ယင်းအစား သူတို့က ဤဧရိယာကို ဝိုင်းရံလိုက်ကြပြီး မိန်းကလေး၏ အရှေ့မှ အကြီးမားဆုံး တွင်းပေါက်ကို ကြည်ညိုလေးစားစွာ စိုက်ကြည့်နေကြသည်။ ရုတ်တရက် အလွန်အားကောင်းသော အရှိန်အဝါက တွင်းပေါက်ထဲမှ ထွက်ပေါ်လာသည်။ ကြွက်များသည် ထိုအရှိန်အဝါကို ခံစားမိသောအခါ မြေကြီးပေါ်မှာ ချက်ချင်း ဝပ်တွားလိုက်ကြသည်။

“ ဝုန်း ”

ပုံမှန်ကြွက်တစ်ကောင်ထက် ဆယ်ဆပိုကြီးမားသော ကြွက်တစ်ကောင်သည် မြေကြီးထဲမှ ခုန်ထွက်လာသည်။ ထိုကြွက်သည် အပြင်သို့ ရောက်သွားသည်နှင့် တွင်းပေါက်အရှေ့မှာ ရိုသေလေးစားစွာ ဝပ်တွားလိုက်သည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။ ထိုကြွက်သည် ကြွက်ဘုရင်ထံမှ ကြွက်စစ်သူကြီးဘွဲ့ ချီးမြှောက်ခံထားရသော ဧရာမကြွက်မှလွဲ၍ တခြားမဟုတ်ပေ။

“ ကြိုဆိုပါတယ်… အရှင်မင်းကြီး ”

ဧရာမကြွက်က ကျယ်လောင်စွာ အော်လိုက်သည်။

“ ဒုန်း… ဒုန်း… ”

မြေကြီးက အကြိမ်ရေအနည်းငယ် တုန်ခါသွားသည်။ အဝါရောင်အလင်း ထွန်းလင်းသွားသည့်အခါ ဧရာမကြွက်တစ်ကောင်က မြေကြီးထဲမှ ခုန်ထွက်လာသည်။ ထိုကြွက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြွက်အားလုံးက ခေါင်းငုံ့ထားလိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ ကြည်ညိုလေးစားသော အရိပ်အယောင် ရှိသည်။

ကြွက်ဘုရင်… ။

မှန်ပေသည်။ ကြွက်ဘုရင်က အပြင်သို့ ထွက်လာသည်။

“ ကျွီ… ကျွီ ”

ကြွက်ဘုရင်သည် တွင်းပေါက်ထဲမှ ထွက်လာပြီး မြေကြီးပေါ်မှာ ရပ်လိုက်သည်။ သူက မိန်းကလေးကို ကြည့်လိုက်ပြီး မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက နှာခေါင်းတရှုပ်ရှုပ် လုပ်လိုက်ပြီး အနံ့ခံလိုက်သည်။ မကြာမီ ဆွဲမက်ယဇ်မူးသော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက စိတ်လှုပ်ရှားစွာ ပြောသည်။

“ မွှေးလိုက်တဲ့အနံ့… လူသားရဲ့ လတ်ဆတ်တဲ့အနံ့ကို ငါရတယ်… အရမ်းမွှေးတာပဲ… လူ့အသားက တခြားအသားတွေထက် ပိုပြီးအရသာရှိတယ် ”

သူက စကားပြောနေရင်း တံတွေးမျိုချလိုက်သည်။ သူ့မျက်လုံးထဲတွင် သူ့အရှေ့မှ မိန်းကလေးသည် စကားပြောနိုင် လမ်းလျှောက်နိုင်သော အသားတုံး ဖြစ်သည်။ သူက အဝေးမှပင် မိန်းကလေးထံမှ အမွှေးနံ့ကို ခံစားမိသည်။ ယခင်က သူစားသုံးခဲ့ဖူးသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထက်ပင် ပိုပြီးမွှေးသည်။ သို့ဖြစ်၍ သူက မိန်းကလေးကို ဝါးမျိုရန် မစောင့်နိုင်တော့ပေ။

“ ငါ့နားမလာနဲ့နော်… မဟုတ်ရင် ငါနင့်ကို တုတ်ချောင်းနဲ့ ရိုက်ပစ်မှာ ”

ကြွက်ဘုရင်က လူသားဘာသာစကားဖြင့် ပြောလေရာ မိန်းကလေးက ယင်းကို ရှင်းရှင်းလင်းလင်း နားလည်သည်။ သို့ဖြစ်၍ သူက ကြောက်လန့်တုန်လှုပ်သွားသည်။ သူက အနီးနားမှ သစ်သားတုတ်ချောင်းကို အမြန်ကောက်ယူလိုက်ပြီး အော်ပြောလိုက်သည်။

သူ့နှလုံးသားထဲ၌ ကြောက်စိတ်ဖြင့် ပြည့်နှက်နေစဉ် မိန်းကလေးက စိတ်ထဲမှာ အမြန်တွေးတောလိုက်သည်။

‘ အဲ့ဒီကြွက်တွေက ငါ့ကို တကယ်စားကြလိမ့်မယ်… ငါဘယ်လိုလုပ်ရမလဲ… ရှောင်ပိုင်ရဲ့ အကိုကို ငါမရှာပေးရသေးဘူး… ဖိုးဖိုးက ငါ့ကို ဘယ်လိုကျင့်ကြံရမလဲ သင်မပေးခဲ့ဘူး… ဒီလောက်များတဲ့ ကြွက်တွေကို ဘယ်လိုလုပ် ငါအနိုင်ယူနိုင်မှာလဲ ’

သူက သဘာတရားနှင့် ရင်းနှီးပြီး သန့်ရှင်းစင်ကြယ်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ သူက ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းခံထားရသူ ဖြစ်သည်။ သို့သော်လည်း သူက တစ်ခါမှ မကျင့်ကြံဖူးသော သာမန်လူဖြစ်သည်။ များသောအားဖြင့် တောအုပ်ထဲမှာ သူလမ်းလျှောက်သည့်အခါ တိရိစ္ဆာန်များသည် သူ၏ အရှိန်အဝါကို အာရုံခံမိသွားပြီး သူ့အနားသို့ အလိုအလျောက် ချဉ်းကပ်လာကြလိမ့်မည်။

သို့သော်လည်း ဤနေရာတွင် ထိုကြွက်များက တမူထူးခြားသည်။ သူတို့၏ နှလုံးသားထဲမှာ ကြောက်ရွံ့ရိုသေမှုရှိသည်။ သူတို့က ကြွက်ဘုရင်အပေါ် ကြောက်ရွံ့ရိုသေပြီး ကြွက်ဘုရင်၏ စကားကိုသာ နားထောင်ကြသည်။ ထို့ပြင် ကြွက်ဘုရင်က သူ့ကို မြန်နိုင်သမျှမြန်မြန် စားချင်နေသည်။

ဤအခိုက်အတန့်မှာ သူက အကူအညီမဲ့မှုကို ခံစားမိသွားသည်။

“ ငါဘာလုပ်သင့်လဲ ”

မိန်းကလေးဆီမှာ မည်သည့်ကျင့်ကြံခြင်းမှ မရှိပေ။ ကျားဖြူလေးက သားရဲဘုရင်တစ်ပါးဖြစ်သော်လည်း ငယ်ရွယ်သေးသည်။ သူ့ဆီမှာ သားရဲဘုရင်အရှိန်အဝါ မရှိသေးပေ။ အကယ်၍ သူ့ဆီမှာ သားရဲဘုရင်အရှိန်အဝါရှိလျှင်ပင် ယင်းက မိစ္ဆာသားရဲတစ်ကောင်ဖြစ်သော ကြွက်ဘုရင်၏ အရှေ့မှာ အသုံးမဝင်ပေ။

မြေခွေးဖြူလေးသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ခါးသီးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ငါ့ရဲ့ အသက်ဓာတ်က ထိခိုက်ဒဏ်ရာရထားတာတောင် ငါနောက်တစ်ကြိမ် ထပ်ပြီး စွန့်စားတိုက်ခိုက်ရတော့မှာလား… ဒီအတိုင်းဆိုရင် ငါ့ရဲ့ ဒဏ်ရာက ဘယ်တော့မှ ပျောက်ကင်းမှာလဲ ”

မြေခွေးဖြူလေးက စိတ်ထဲမှာ ခါးသီးစွာ ရယ်လိုက်သည်။

“ ကျွီ ကျွီ… မင်းက ဒီသစ်သားတုတ်ချောင်းနဲ့ ငါ့ကို တားဆီးချင်တာလား… ဟား ဟား… ရယ်စရာကောင်းလိုက်တာ… မင်း နာနာခံခံနဲ့ ငါ့ကို စားခွင့်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်… ဒီလောက်မွှေးလိုက်တဲ့ အသား… ငါမစောင့်နိုင်တော့ဘူး ”

ယင်းကို ကြွက်ဘုရင်ကြားသောအခါ သူက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက နှာခေါင်းတရှုပ်ရှုပ်လုပ်ကာ မိန်းကလေးဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားသည်။

“ ဂရား ”

မိန်းကလေး၏ လက်မောင်းထဲမှ ကျားဖြူလေးသည် အောက်သို့ ခုန်ဆင်းလိုက်ပြီး မြေကြီးပေါ်မှာ ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်အမွှေးအားလုံးက ထောင်မတ်သွားစဉ် သူက အဝေးမှ ချဉ်းကပ်လာနေသော ကြွက်ဘုရင်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူက ကလေးဆန်သော ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

သူက အမှန်တကယ်ပင် ကျားဖြူဖြစ်သည်။ သူက အရွယ်မရောက်သေးသော်လည်း သူထုတ်လွှတ်လိုက်သော ကျားဟိန်းသံထဲမှာ သားရဲဘုရင်အရှိန်အဝါ ငါးဆယ်ရာခိုင်နှုန်းမှ ခြောက်ဆယ်ရာခိုင်နှုန်းအထိ ပါဝင်နေသည်။

ယင်းက ခြိမ်းခြောက်သော ဟိန်းသံဖြစ်သည်။

“ ကျွတ် ကျွတ်… ကျားဖြူလေးပါလား… သိပ်ကောင်းတယ်… မင်းလို ကြောင်ပေါက်စလေးကို ငါက ကြောက်မယ်ထင်နေလား… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက ကျားနက်ကို ငါရန်မစနိုင်ပေမဲ့ ဒီနေ့ မင်းကို ငါစားပစ်ပြီး ငါ့ရဲ့ ဒေါသကို ဖြေမယ် ”

ကျားဖြူလေးကို မြင်သောအခါ ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်သော အကြည့် ထွက်ပေါ်လာသည်။ သီရှီထျန်ကို စဉ်းစားမိသောအခါ သူက ကျားများအပေါ် အလိုအလျောက် စက်ဆုပ်ရွံရှာသွားသည်။

“ ကျားနက်ကို ငါမစားနိုင်မှတော့ ကျားဖြူကို အရင်စားပစ်မယ်… သေလိုက်တော့ ”

အေးစက်စက်အလင်းက ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး ကျားဖြူလေး၏ အရှေ့မှာ ပြန်ပေါ်လာသည်။

သူထွက်ပေါ်လာသည့်အခိုက် သူ၏ ဧရာမခန္ဓာကိုယ်မှ သယ်ဆောင်လာသော ဖိအားက ကျားဖြူလေး၏ အရှိန်အဝါကို ဖိနှိပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှ လေထုက တင်းကျပ်သွားသည်။

“ ဟား ဟား ”

ကြွက်ဘုရင်က ထူးဆန်းစွာ အော်ရယ်လိုက်သည်။ သူက အရွယ်အစားကြီးမားသော ကြွက်လက်သည်းကို ဆန့်ထုတ်လိုက်ပြီး ကျားဖြူလေး၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။ ကြီးမားသော ဖိအားအောက်မှာ ကျားဖြူလေးက မလှုပ်ရှားနိုင်တော့ပေ။ သူက အောက်သို့ တဖြည်းဖြည်း ကျဆင်းလာနေသော ကြွက်လက်သည်းကို ကြည့်နေစဉ် ကြောက်ရွံ့မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

နောင်တရမှုနှင့် လွမ်းဆွတ်သော အရိပ်အယောင်လည်း သူ့မျက်လုံးထဲမှာ ရှိသည်။

သူက အနောက်လှည့်လိုက်ပြီး မိန်းကလေးကို မခွဲခွာချင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“ အမဖေးဖေး… ရှောင်ပိုင် အမနဲ့ နောက်ထပ် အတူမရှိနိုင်တော့ဘူး ”

မိန်းကလေးသည် ကျားဖြူလေး၏ မျက်လုံးထဲမှ စိတ်ပျက်မှုနှင့် လွမ်းဆွတ်မှုကို မြင်တွေ့သွားသည်။ ဆန္ဒမရှိသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ရှောင်ပိုင်ကို မထိနဲ့ ”

သူ၏ အော်သံက စူးရှသော်လည်း ယင်းက မည်သည့်အကူအညီမှ မဖြစ်စေပေ။

“ ကျွတ် ကျွတ်… ငါက ဒီကျားဖြူလေးပဲ စားမှာမဟုတ်ဘူး… မင်းကိုလည်း စားပစ်မှာ… ဘာမှမစိုးရိမ်ပါနဲ့… မင်းတို့နှစ်ယောက်စလုံး ငါ့ဗိုက်ထဲမှာ ပြန်တွေ့ဆုံနိုင်ကြမှာပါ ”

ကြွက်ဘုရင်သည် မိန်းကလေး၏ အော်သံကို လုံးဝ ဂရုမစိုက်ပေ။ သူ၏ ကြွက်လက်သည်းက မရပ်တန့်သွားဘဲ ကျားဖြူလေး၏ ဦးခေါင်းပေါ်သို့ ဆက်ပြီး ကျဆင်းသွားသည်။

“ နင်က သေချင်နေတာပဲ ”

အခန်း(၁၅၅)

ထိုအခိုက်အတန့်မှာ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မိန်းကလေး၏ သိမ်မွေ့နူးညံ့သော အရှိန်အဝါက ရုတ်ချည်း ပြောင်းလဲသွားသည်။ ယင်းက ယခင်ကနှင့် လုံးဝ ခြားနားသွားသည်။

ယင်းက အေးတိအေးစက် အရှိန်အဝါဖြစ်သည်။ မဟုတ်ပေ။ ယင်းကို အေးစက်မှုဟု ရိုးရှင်းစွာ မပြောနိုင်ပေ။ ယင်းကို “ အကြင်နာမဲ့ ”ဟု ပြောလျှင် ပိုပြီးမှန်ကန်လိမ့်မည်။ ယင်းက မထူးမခြားနားအရှိန်အဝါ၊ အကြင်နာမဲ့သော အရှိန်အဝါ ဖြစ်သည်။

ထိုသို့အရှိန်အဝါက မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုမထူးမခြားနားမှုက ဤလောကထဲမှ မည်သည့်အရာကိုမှ စိတ်မဝင်စားသော မထူးမခြားနားမှု ဖြစ်သည်။ ဤသည်မှာ သူက ဤလောကထဲမှ မည်သည့်အရာကိုမှ သောက်ဂရုမစိုက်သည့်အလားပင်။ မည်သည့််အရာမှ သူ့မျက်လုံးထဲမှာ မရှိပေ။ ဟာလာဟင်းလင်းသာ ရှိ၏။ အကြင်နာမဲ့သော အရှိန်အဝါသည်တော့ မည်သည့်စိတ်ခံစားချက်မှ မရှိခြင်းကို ဆိုလိုသည်။ ထိုသို့အရှိန်အဝါက အမှန်တကယ် ထူးဆန်းသည်။

မိန်းကလေး၏ အရှိန်အဝါ ပြောင်းလဲသွားသည်နှင့် သူ၏ မျက်လုံးထဲ၌ အကြင်နာမဲ့သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်မှ အမူအရာက မထူးမခြားနားမှုသို့ ပြောင်းလဲသွားသည်။ ဤသည်မှာ မိန်းကလေးက တခြားပုဂ္ဂိုလ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ထိုမြင်ကွင်းက အလွန်ထူးဆန်းသည်။ ယင်းက လူအများကို အရိုးထဲမှ ခိုက်ခိုက်တုန်အောင် ချမ်းအေးသွားစေနိုင်သည်။

မိန်းကလေး၏ အကြင်နာမဲ့သော အကြည့်က ကြွက်ဘုရင်ပေါ်သို့ ကျရောက်သွားသည့်အခါ အန္တိမအအေးဓာတ်က ကြွက်ဘုရင်၏ နှလုံးသားထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ ဤသည်မှာ သူ့နှလုံးက ချက်ချင်း အေးခဲသွားတော့မည့်အလားပင်။ ထို့ကြောင့် ကျားဖြူလေး၏ ဦးခေါင်းပေါ်သို့ ကျရောက်တော့မည့် သူ၏ လက်သည်းက လေထဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။

“ ဘာဖြစ်သွားတာလဲ… ဘာကြီးလဲ… စောစောက သူက သာမန်လူတစ်ယောက်ဆိုတာ သေချာပါတယ် ”

ကြွက်ဘုရင်သည် သူ့အရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

" ဟွန့် "

အကြင်နာမဲ့သော မိန်းကလေးက ရိုးရှင်းစွာ လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သဏ္ဍာန်မဲ့အင်အားတစ်ခုက ကြွက်ဘုရင်ကို ဝင်ဆောင့်သွားသည်။ ကြွက်ဘုရင်သည် အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အဝေးသို့ လွင့်စင်သွားသည်။

“ ဘန်း ”

သူက သူ့အနောက်မှ ကြွက်အုပ်စုပေါ်သို့ ကြမ်းတမ်းစွာ ပြုတ်ကျသွားသည်။ အရေအတွက်တစ်ရာကျော်သော ကြွက်များက ကြွက်ဘုရင်၏ ခန္ဓာကိုယ်အောက်မှာ အသားပြားဖြစ်သွားကြသည်။

“ ဆိုးလိုက်တာ ”

အကြင်နာမဲ့သော မိန်းကလေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ့ကိုယ်သူ စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။ သူက အေးစက်စက် ပြောသည်။

“ ဒီခန္ဓာကိုယ်က အရမ်းအားနည်းမယ်လို့ ငါမမျှော်လင့်ထားဘူး… ငါ့ရဲ့ စွမ်းအားတစ်မျှင်ကိုတောင် မထုတ်သုံးနိုင်ဘူး… ဆိုးလိုက်တာ ”

သူက သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေဟန် ရ၏။ သူက ကိုယ့်ကိုယ်ကိုယ်ပင် အကြင်နာမဲ့သော လေသံဖြင့် ပြောသည်။

အဝေးသို့ လွင့်စင်သွားသော ကြွက်ဘုရင်ကို ကြည့်လိုက်လေရာ သူက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ အစောနက သူ၏ တိုက်ခိုက်မှုသည် ကြွက်ဘုရင်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ရန် ရည်ရွယ်သည်။ သို့သော်လည်း ကြွက်ဘုရင်က သူ၏ တိုက်ခိုက်မှုအောက်မှာ မသေဆုံးသွားခဲ့ပေ။ ထို့ကြောင့် သူက အနည်းငယ် အံ့ဩသွားသည်။

“ ဝေါင်း ”

အကြင်နာမဲ့သော မိန်းကလေးက နောက်ထပ် တိုက်ခိုက်မှုကို ပြုလုပ်တော့မည့်အချိန် အဝေးတစ်နေရာ၌ ကမ္ဘာမြေတုန်ဟီးစေမည့် ကျားဟိန်းသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ကျားဟိန်းသံက မိုးကောင်းကင်အထိ ပျံတတ်သွားပြီး အလွန်ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ပေါ်လျှိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက တောင်ပိုင်းမြေရိုင်းဒေသ ထက်ဝက်ကျော်ကို ဖုံးလွှမ်းသွားသည်။

ထိုကျားဟိန်းသံထဲမှာ အလွန်နက်ရှိုင်းသော ဒေါသနှင့် စိုးရိမ်ကြောင့်ကြမှု ရှိသည်။ ထို့ပြင် အလွန်အားကောင်းသော သတိပေးမှုလည်း ရှိသည်။

ကျားဟိန်းသံသည် မိုးကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး လေထဲမှာ အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ လွှမ်းမိုးဗိုလ်ကျသော ကျားရဲအရှိန်အဝါကြောင့် တောအုပ်ထဲမှ ငှက်များနှင့် တိရိစ္ဆာန်များက ထိတ်လန့်တုန်ယင်သွားကြသည်။ ငှက်အများအပြားသည် သစ်ပင်များပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားကြသည်။ တိရိစ္ဆာန်အများအပြားသည် မြေကြီးပေါ်မှာ ဝပ်တွားလိုက်ကြပြီး အဆက်မပြတ် တုန်ယင်နေကြသည်။

“ အမ် ”

အကြင်နာမဲ့သော မိန်းကလေးသည် ကျားဟိန်းသံကို ကြားပြီးနောက် နောက်ထပ် တိုက်ခိုက်တော့မည့် သူ၏ လက်ကို ရပ်တန့်လိုက်သည်။ သူက မတိုက်ခိုက်တော့ပေ။ ထို့ပြင် အကြင်နာမဲ့သော အရှိန်အဝါနှင့် မထူးမခြားနားမှုက သူ၏ ခန္ဓာကိုယ်ပေါ်မှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။

သူက ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။ နောက်တစ်ကြိမ် သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါ အကြင်နာမဲ့သော မိန်းကလေးက ယခင်အခြေအနေသို့ ပြန်ရောက်သွားသည်။ နွေးထွေးကြင်နာပြီး သိမ်မွေ့ညင်သာသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပြန်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော နွေးထွေးကြင်နာမှုက သတ္တဝါအများအပြားကို သူ့အနားသို့ အလိုအလျောက် ချဉ်းကပ်စေရန် ဆွဲဆောင်နေသည်။ အစောနက အကြင်နာမဲ့သော မိန်းကလေးနှင့် နှိုင်းယှဉ်သော် ယခုက တခြားလူတစ်ယောက်ဖြစ်သည်။

အကယ်၍ သူတို့သာ ယင်းကို ကိုယ်တွေ့မမြင်ခဲ့ရလျှင် အေးစက်ပြီး အကြင်နာမဲ့သော အကျင့်စရိုက်နှင့် နွေးထွေးပြီး သိမ်မွေ့ကြင်နာသော အကျင့်စရိုက်က ခန္ဓာကိုယ်တစ်ခုတည်းမှာ တည်ရှိနေလိမ့်မည်ဟု မည်သူယုံကြည်မည်နည်း။

“ အမ် ”

မိန်းကလေးသည် မျက်လုံးဖွင့်လိုက်ပြီးနောက် ဘေးဘီကို စစ်ဆေးကြည့်လိုက်သည်။ သူ၏ အကြည့်က ကြွက်ဘုရင်ပြုတ်ကျသွားသော နေရာဆီသို့ ကျရောက်သွားသည့်အခါ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ စောစောက ငါဘာဖြစ်သွားတာလဲ… ရှောင်ပိုင်… ရှောင်ပိုင်… နင်အဆင်ပြေရဲ့လား ”

စောစောက မည်သို့ဖြစ်ပျက်သွားခဲ့ကြောင်း သူမမှတ်မိသောကြောင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူက ဘေးသို့ လှည့်လိုက်ပြီး ကျားဖြူလေးကို ကြည့်လိုက်သည်။ သူက အရှေ့သို့ အမြန်ပြေးသွားပြီး ကျားဖြူလေးကို သူ၏ လက်မောင်းထဲမှာ ထပ်မံ ပွေ့ဖက်ထားလိုက်သည်။

‘ အို ဘုရားရေ… အရမ်းကြောက်စရာကောင်းတာပဲ… ဒီမိန်းကလေးက ဘယ်သူလဲ… စောစောက အရှိန်အဝါက အရမ်းကြောက်စရာကောင်းလိုက်တာ… အဲ့ဒါက ငါခုခံနိုင်တဲ့အရာ မဟုတ်ဘူး ’

ထိုအခိုက်အတန့်မှာ မြေခွေးဖြူလေး၏ နှလုံးသားထဲ၌ အံ့ဩထိတ်လန့်မှု ထွက်ပေါ်လာသည်။ မိန်းကလေး၏ အံ့ဖွယ်ထူးဆန်းသော အပြောင်းအလဲကို အစမှအဆုံးအထိ ရှင်းလင်းစွာ သူမြင်တွေ့ခဲ့သည်။ အစက သူသည် သူ၏ အသက်ဓာတ်ကို ဂရုမစိုက်ဘဲ ထိုကြွက်အုပ်စုကို အတတ်နိုင်ဆုံး ရင်ဆိုင်တိုက်ခိုက်မည်ဟု တွေးခဲ့သည်။ သို့သော်လည်း ထိုမျှကြီးမားသော အပြောင်းအလဲတစ်ခု ထွက်ပေါ်လာမည်ဟု သူမမျှော်လင့်ထားပေ။

အကြင်နာမဲ့သော မိန်းကလေးအဖြစ် ပြောင်းလဲသွားသည့်အခိုက် သူ့ထံမှ ထုတ်လွှတ်လိုက်သော အေးစက်စက်အရှိန်အဝါက သူ့နှလုံးကိုပင် ရေခဲအဖြစ် ပြောင်းလဲသွားစေနိုင်ဟန် ရသည်။ ဤသည်မှာ တစ်ဖက်လူက သူ့ကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည့်အလားပင်။

ထိုခံစားချက်ကြောင့် မြေခွေးဖြူလေးက တုန်ယင်သွားသည်။

မည်သည့်ကျင့်ကြံခြင်းစွမ်းအားမှ မရှိသော မိန်းကလေးက ယခု သူ၏ မျက်လုံးထဲမှာ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်အဖြစ် ပြောင်းလဲသွားသည်။ သူက တစ်ဖက်လူကို သာမန်မိန်းကလေးတစ်ယောက်ဟု နောက်ထပ် မသတ်မှတ်ဝံ့တော့ပေ။

“ ပြီးတော့ စောစောက ကျားဟိန်းသံ… မဟုတ်မှ သူတကယ် ရောက်လာတာလား ”

မြေခွေးဖြူလေးက ခေါင်းမော့လိုက်ပြီး ကျားဟိန်းသံ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

အမှန်တကယ်ပင် အရွယ်အစားကြီးမားသော ဧရာမကျားနက်တစ်ကောင်က လျှပ်စီးပမာ အလျင်ဖြင့် ဤနေရာဆီသို့ အမြန်ပြေးလာနေသည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ တောအုပ်ထဲ၌ အနက်ရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားကြောင်းသာ မြင်ရ၏။ အဝေးသို့ သူပြေးသွားသည်နှင့် အနက်ရောင်အကြွင်းအကျန်ပုံရိပ်များက သူ့အနောက်မှာ ကျန်ရစ်ခဲ့သည်။ သူက မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်စုံတစ်ယောက်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားနိုင်သည်။

“ ကျားဟိန်းသံလား… စောစောက ကျားဟိန်းသံကို ဘယ်သူထုတ်ဖော်လိုက်တာလဲ… ဘာလို့ ငါ့နှလုံးက စူးအောင့်ပြီး နာကျင်နေတာလဲ ”

စက်ကရာသည် သူ၏ အမြန်ဆုံးအလျင်ဖြင့် တောအုပ်ထဲမှာ ပြေးလွှားနေသည်။ ခြိမ်းခြောက်မှုပါရှိသော အန္တရာယ်အလင်းက သူ၏ ကျားမျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက အကြမ်းပတမ်း လှုပ်ခတ်နေသည်။

အစောနက ကျားဖြူလေး၏ ဟိန်းသံကို သူကြားသွားသည့်အခိုက် သူ့နှလုံးသားက စူးအောင့်နာကျင်လာသည်။ ထိုနာကျင်မှုသည် သူ၏ မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးရတော့မည့် နာကျင်မှုမျိုး ဖြစ်သည်။ ယင်းက အရိုးခိုက်ခိုက်တုန်အောင် နာကျင်ရသည်။

ထို့ကြောင့် သူက ကျားဟိန်းသံထွက်ပေါ်လာသော အရပ်ဆီသို့ အရူးအမူး ပြေးသွားနေရင်း ခြိမ်းခြောက်သတိပေးသော ဟိန်းသံကို ထုတ်လွှတ်ခဲ့သည်။ ထိုဦးတည်ရာအရပ်ဆီမှာ သူ၏ မိသားစုဝင်တစ်ယောက်က အန္တရာယ်ကျရောက်နေကြောင်း ယခု သူသေချာသွားသည်။

သူက အမြန်ပြေးသွားနေရင်း ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်သည်။

“ အဲ့ဒါ ဘယ်သူလဲ… သူက တကယ်ပဲ ဘယ်သူလဲ… အဲ့ဒီကျားဟိန်းသံကို ငါရင်းနှီးတယ်လို့ ခံစားရတယ်… အဲ့ဒါ ကျားမျိုးနွယ်စုက ဖြစ်ရမယ်… ငါ့မှာ မိသားစုဝင်ဆိုလို မေမေကျားဖြူနဲ့ ညီငယ်ညီမငယ်ပဲ ရှိတယ်… ဒါပေမဲ့ သူတို့က မသေမျိုးကျင့်ကြံသူတွေရဲ့ ဖမ်းဆီးခံခဲ့ရတယ်… မဟုတ်မှ သူတို့ပြန်လွတ်မြောက်လာတာလား ”

ဖြစ်နိုင်ခြေအမျိုးမျိုးက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဖြစ်နိုင်သည်မှာ သူတို့က မသေမျိုးကျင့်ကြံသူများ၏ လက်ထဲမှ အမှန်တကယ် လွတ်မြောက်လာကြသည်လော။ သို့သော်လည်း သီရှီထျန်က ထိုဖြစ်နိုင်ခြေကို သူ့ခေါင်းထဲမှ ချက်ချင်း ထုတ်ပယ်လိုက်သည်။

မသေမျိုးကျင့်ကြံသူများက မည်မျှအစွမ်းထက်ကြောင်း သူကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသည်။ အထူးသဖြင့် သူ့မိသားစုကို ဖမ်းဆီးသွားသော မသေမျိုးကျင့်ကြံသူများက လေလွင့်ကျင့်ကြံသူများ မဟုတ်ကြချေ။ သူတို့က နာမည်ကျော်ဂိုဏ်းတစ်ဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ မိစ္ဆာသားရဲမဟုတ်ကြသော မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်က မည်သို့ကြောင့် ထိုကျင့်ကြံသူများ၏ လက်ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။

အကြောင်းအရင်းက မည်သို့ဖြစ်ပါစေ သီရှီထျန်သည် အစောနက ကျားဟိန်းသံကို ထုတ်လွှတ်ခဲ့သော ကျားအား အမြန်ဆုံး မြင်တွေ့ရန် သူမစောင့်နိုင်တော့ပေ။

သူ၏ နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုကြောင့် ဤအခိုက်အတန့်မှာ သူ၏ အလျင်က အကန့်အသတ်သို့ ရောက်ရှိသွားသည်။

လှိုဏ်ဂူထဲမှာ သူကျင့်ကြံနေစဉ် သူ့နှလုံးသား ဂနာမငြိမ်ဖြစ်လာခြင်းက ထိုကျားဟိန်းသံ၏ ပိုင်ရှင်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြောင်း သူခန့်မှန်းနိုင်သွားသည်။

ထို့ကြောင့်ပင် သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ထွက်လာခဲ့ပြီး တောင်ပိုင်းမြေရိုင်းဒေသထဲမှာ လှည့်ပတ်လျှောက်သွားနေခဲ့သည်။ အစောနက သူ၏ နေရာသည် ကျားဟိန်းသံ ထွက်ပေါ်လာခဲ့သော အရပ်နှင့် သိပ်မဝေးပေ။ သူ၏ မြန်ဆန်လွန်းသော အလျင်ကြောင့် အသက်ရှူချိန်အနည်းငယ်အတွင်းမှာ သူက ထိုအဖြစ်အပျက်နေရာဆီသို့ ရောက်ရှိသွားသည်။

ကျား၏ မျက်လုံးသည် အလွန်စူးရှသည်။ သူက အရာအားလုံးကို အဝေးမှ ချက်ချင်း မြင်တွေ့သွားသည်။

အရေအတွက်အလွန်များပြားသော ကြွက်အုပ်စုက ဧရိယာငယ်တစ်ခုကို တင်းကျပ်စွာ ဝိုင်းရံထားသည်။ သူတို့က အရေအတွက်ထောင်သောင်းချီသည်။ ထိုကြွက်အုပ်စုထဲတွင် အရွယ်ရောက်ပြီးသော ကျားတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သည့် ဧရာမကြွက်တစ်ကောင်ရှိသည်။ ဧရာမကြွက်သည် အံတင်းတင်းကြိတ်၍ ရပ်နေသည်။ သူ၏ အရှေ့တွင် မိန်းကလေးတစ်ယောက်၊ ကျားဖြူတစ်ကောင်နှင့် မြေခွေးဖြူတစ်ကောင် ရှိသည်။

ဧရာမကြွက်က အန္တရာယ်ပေးမည့် အရှိန်အဝါကို ထုတ်လွှတ်နေသော်လည်း သူက မိန်းကလေးအနားသို့ မဆင်မခြင် မချဉ်းကပ်ဝံ့ပေ။ ကြောက်ရွံ့သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။

မိန်းကလေး၏ ရုတ်တရက် အပြောင်းအလဲက သူ့အား အတော်လေး ကြောက်ရွံ့စေသည်။ အကယ်၍ သူ၏ အဓိကအားသာချက်က ခုခံကာကွယ်မှုမဟုတ်လျှင် အစောနက သူသည် ထိုတိုက်ခိုက်မှုအောက်မှာပင် ချက်ချင်း ကြွက်သေဖြစ်သွားလိမ့်မည်။

သူမတ်တတ်ပြန်ထလိုက်သည့်အခါ မိန်းကလေး၏ အရှိန်အဝါက ရုတ်တရက် ပြန်ပြောင်းလဲသွားကြောင်း မြင်တွေ့သွားသည်။ ယခု ထိုမိန်းကလေးက သာမန်လူသားတစ်ယောက် ပြန်ဖြစ်သွားသည်။ သို့သော်လည်း စောစောက အတွေ့အကြုံကြောင့် သူက မဆင်မခြင် မတိုက်ခိုက်ဝံ့ပေ။ သူ၏ သေခြင်းရှင်ခြင်းကို တခြားတစ်ယောက်က အဆုံးအဖြတ်ပေးနိုင်သော စောစောက အခြေအနေသည် အမှန်တကယ် ကြောက်စရာကောင်းသည်။

“ မဟုတ်ဘူး… နောက်တစ်ကြိမ် ငါစမ်းသပ်ကြည့်ရမယ်… ငါ့မှာ နတ်ဘုရားအလင်းရဲ့ အကာအကွယ်ရှိနေတာပဲ… တကယ်လို့ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် တွင်းတူးပြီး မြေအောက်ထဲ ငါထွက်ပြေးနိုင်တယ် ”

ကြွက်ဘုရင်သည် တစ်ခဏ တုံ့ဆိုင်းနေပြီးလျှင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်ဆောင့်လိုက်ပြီး အရှေ့သို့ ခုန်အုပ်လိုက်သည်။ အဝါရောင်သတ္ထုအလင်း ထွန်းလင်းနေသော ကြွက်လက်သည်းနှစ်ခုက လေထဲမှာ ဆန့်တန်းသွားသည်။ ယင်းတို့က အလွန်ကြောက်စရာကောင်းသည်။

သို့သော်လည်း ကြွက်ဘုရင်ဆီမှာ အကြံအစည်တစ်ခု ရှိသည်။ သူ၏ ကြွက်လက်သည်းများက မိန်းကလေးထံ မဟုတ်ဘဲ သူ့လက်မောင်းထဲမှ ကျားဖြူလေးပေါ်သို့ ဦးတည်သွားသည်။

“ ငမိုက်သား… မင်းအတင့်ရဲလှချည်လား ”

ကြွက်လက်သည်းများက အပေါ်သို့ မြှောက်တတ်သွားပြီး ကျားဖြူလေး၏ ဦးခေါင်းပေါ်သို့ ထပ်မံ ကျဆင်းသွားသည်။ ကြွက်လက်သည်းများက လျှပ်စီးပမာ မြန်ဆန်သည်။ မိန်းကလေးသည် အကူအညီမဲ့စွာ ကြည့်နေရုံမှတပါး တခြားဘာမှမတတ်နိုင်ပေ။ ကြည်လင်သော မျက်ရည်စက်များက သူ၏ မျက်လုံးထဲမှ စီးကျလာသည်။ သူ၏ မျက်လုံးထဲမှာ အကူအညီမဲ့မှုဖြင့် ပြည့်နှက်နေသည်။

သို့သော် ထိုအခိုက်အတန့်မှာ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက ကောင်းကင်ဘုံအင်အားကဲ့သို့ ပေါ်ထွက်လာသည်။ အချင်းမီတာတစ်ထောင် ကျယ်ဝန်းသော ဧရိယာထဲ၌ မြေကြီးက အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ ကြီးမားသော ငလျင်တစ်ခုက ဤနေရာမှာ ထွက်ပေါ်လာသည့်အလားပင်။

ဘေးပတ်ဝန်းကျင်မှ သစ်ပင်ကြီးများနှင့် ပန်းပင်များက လှုပ်ခါသွားကြပြီး သစ်ရွက်များနှင့် ပွင့်ချပ်များက ကြွေကျမြေခသွားကြသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ဤနေရာတစ်ခုလုံးကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။ ဤနေရာမှ လေထုသည်ပင် အေးခဲသွားဟန် ရသည်။

အခန်း(၁၅၆)

ထိုအခိုက်အတန့်မှာ ကြွက်ဘုရင်သည် ပြင်းထန်သော အင်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါက်ကွဲသွားကြောင်း ခံစားမိသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ ထိုအင်အား ကျဆင်းလာသည့်အခိုက် သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ အင်အားက တအိအိလှုပ်ခတ်သွားသည်။ တစ်ကြိမ်လှုပ်ခတ်သွားတိုင်း ယင်း၏ အဖျက်စွမ်းအားက ပိုပြီးအားကောင်းသွားသည်။

“ ကျွီ… ကျွီ ”

ကျားဟိန်းသံက ကျားဖြူလေးပေါ်သို့ ခုန်အုပ်တော့မည့် ကြွက်ဘုရင်၏ ခန္ဓာကိုယ်ကို မြေကြီးပေါ်သို့ အကြမ်းပတမ်း ပြုတ်ကျသွားစေသည်။ “ ဗုန်း ”ဟူသော မြည်သံနှင့်အတူ သူက အောက်သို့ ပြုတ်ကျသွားသည်။ မြေကြီးက တုန်ယင်သွားစဉ် အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က ပင့်ကူအိမ်သဖွယ် အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

ပြုတ်ကျသည့် အရှိန်အဟုန်က ပြင်းထန်သော်လည်း ကြွက်ဘုရင်၏ ခန္ဓာကိုယ်က မြေကြီးနှင့် ထိတွေ့သွားသည့်အခါ အဝါရောင်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရုတ်တရက် ထွန်းလင်းသွားသည်။ ထိုအလင်းရောင်ကြောင့် သူ့အောက်မှ မြေကြီးက အတွင်းဘက်ထဲသို့ ကြီးမားစွာ ချိုင့်ဝင်သွားသော်လည်း သူ၏ ခန္ဓာကိုယ်က ကြီးကြီးမားမား ဒဏ်ရာမရရှိသွားပေ။

တစ်စုံတစ်ယောက်က ထိုချိုင့်ခွက်ကို လှမ်းကြည့်လျှင် ကြွက်ဘုရင်က မြေကြီးထဲမှ ပြန်တတ်လာနေကြောင်း မြင်ရလိမ့်မည်။ သူက ခေါင်းယမ်းလိုက်သည်။ စိတ်ရှုပ်ထွေးသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အစောနက အင်အားသက်ရောက်မှုက မသေးငယ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ သူက မည်သို့ဖြစ်ပျက်သွားကြောင်း ယခုထိ သေချာနားမလည်သေးပေ။ သူက ဘေးပတ်ဝန်းကျင်ကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။

“ ဝေါ ”

ကြမ်းတမ်းသော လေပြင်းက အဝေးမှ တိုက်ခတ်လာသည်။ ဘေးပတ်ဝန်းကျင်မှ သစ်ပင်ကြီးများက ပြင်းထန်စွာ လှုပ်ခါသွားကြသည်။ သဲမှုန်နှင့် ကျောက်တုံးများက မြေကြီးပေါ်မှ မြှောက်တတ်သွားကြသည်။ ဖုန်လုံးများနှင့် မီးခိုးလုံးများကြောင့် ဘေးပတ်ဝန်းကျင်မှ သတ္တဝါများက မျက်လုံးဖွင့်ရန် ခက်ခဲသွားကြသည်။

“ ဗုန်း ”

အနက်ရောင်ပုံရိပ်တစ်ခုသည် ကြွက်များ၏ အလယ်သို့ အကြမ်းပတမ်း ခုန်ဆင်းလာသည်။ သေးငယ်သော အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ထွက်ပေါ်လာသည်။

ကျားနက်တစ်ကောင်… ။

ဧရာမကျားနက်တစ်ကောင်က မြေကြီးပေါ်သို့ ရုတ်တရက် ဆင်းသက်လာသည်။ အလွန်သိပ်သည်းသော သားရဲဘုရင်အရှိန်အဝါက ထိုကျားနက်၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသည်။ အရှိန်အဝါက အလွန်ထင်ရှားသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက အပြင်းအထန် လှုပ်ခတ်နေသည်။ ခရမ်းရောင်ဘုရင်စာလုံး တစ်ကြိမ်လှုပ်ခတ်သွားတိုင်း ဘေးပတ်ဝန်းကျင်မှ လေထုက တင်းကျပ်သွားပြီး အန္တရာယ်အရှိန်အဝါက ထွက်ပေါ်လာသည်။

သူ၏ ကျားမျက်လုံးထဲမှ ထုတ်လွှတ်နေသော အလင်းရောင်က အလွန်စူးရှလေရာ သာမန်သတ္တဝါများက သူ့အကြည့်ကို မခုခံနိုင်ကြချေ။ အားနည်းသော သတ္တဝါများဆိုလျှင် နေရာမှာတင် ကြောက်လန့်တုန်လှုပ်သွားကြလိမ့်မည်။ သူထွက်ပေါ်လာသည့်အခိုက် ကြီးမားသော ဖိနှိပ်ချုပ်ချယ်မှုက ဧရိယာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ထိုကျားနက်သည် ဤနေရာသို့ အမြန်ပြေးလွှားလာသော သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။

သီရှီထျန်က နေရာမှာရပ်နေစဉ် သူ၏ အကြည့်က မိန်းကလေး၏ လက်ထဲမှ ကျားဖြူလေးပေါ်သို့ စွဲမြဲစွာ ကျရောက်သွားသည်။ ထို့နောက် စိတ်လှုပ်ရှားသော အကြည့်က သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တတိယညီမလေး… မင်းက တတိယညီမလေး ”

သီရှီထျန်၏ အသံက တုန်ယင်နေသည်။ ကျားဖြူလေးကို မျက်တောင်မခတ်တမ်း သူစိုက်ကြည့်နေစဉ် သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်သွားသည်။

တတိယညီမလေး… ။

ယင်းက မမှားနိုင်ပေ။ ဤနေရာသို့ သူချဉ်းကပ်လာနေစဉ်မှာဖြစ်စေ သို့မဟုတ် ဤနေရာသို့ သူရောက်လာသည့်အချိန်မှာဖြစ်စေ ကျားဖြူလေးထံမှ အရှိန်အဝါကို ရှင်းလင်းစွာ သူခံစားမိသည်။ ထိုကျားဖြူလေးသည် သူ၏ ညီမလေး ဖြစ်သည်။ ထိုခံစားချက်က ဖော်မပြနိုင်အောင် အလွန်ထူးဆန်းသည်။

ယင်းက သူတို့၏ သွေးမျိုးဆက်ဆက်သွယ်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူတို့မွေးဖွားလာကတည်းက အမျိုးအစားတူညီသော သွေးက သူတို့၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသည်။ သူတို့ကြားမှာ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါ ရှိသည်။ သို့ဖြစ်၍ သူ့အထင်က မမှားနိုင်ပေ။

ထို့ကြောင့် ကျားဖြူလေးကို သူမြင်လိုက်သည့်အခိုက် သီရှီထျန်၏ နှလုံးသားထဲမှာ ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။

သူတို့က လအနည်းငယ်သာ အတူတကွ နေထိုင်ခဲ့ကြသော်လည်း သူတို့ကြားမှ မောင်နှမသံယောဇဉ်က ဤအခိုက်အတန့်မှာ အပြည့်အဝ ပေါ်လျှိုးလာသည်။ ယင်းက ယခင်ဘဝမှာ တစ်ခါမှ သူမခံစားခဲ့ဖူးသော ခံစားချက်ဖြစ်သည်။

“ အကိုကြီး… နင်က အကိုကြီး… ငါက ရှောင်ပိုင်လေ ”

ထိုအခိုက်အတန့်မှာ ကျားဖြူလေးသည်လည်း သီရှီထျန်ကို မြင်တွေ့သွားသည့်အခါ ဝမ်းသာပျော်ရွှင်သွားသည်။ သူက လွမ်းဆွေးသတိရသော လေသံဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားသည်။ သူက မိန်းကလေး၏ လက်မောင်းထဲမှ အတင်းရုန်းထွက်သွားသည်။ သူက မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်ပြီး သီရှီထျန်ဆီသို့ ပြေးသွားသည်။ သူက အဖြူရောင်ကျားလက်ဖဝါးနှစ်ခုဖြင့် သီရှီထျန်၏ ခြေထောက်တစ်ချောင်းကို ဖက်လိုက်သည်။

သူခေါင်းမော့လိုက်သည့်အခါ ပုလဲလုံးအရွယ်ခန့် ကြီးမားသော မျက်ရည်စက်များက သူ၏ မျက်လုံးထဲမှ စီးကျလာသည်။ လွမ်းဆွတ်သတိရသော အငွေ့အသက်က သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

ကျားဖြူလေးက ဤအတောအတွင်း သူကြိတ်မှိတ်သည်းခံခဲ့သော လွမ်းဆွေးမှုအားလုံးကို ယခုအချိန်မှာ ဖွင့်ထုတ်လိုက်ဟန် ရ၏။

“ အကိုကြီး… နင်သိလား… မေမေနဲ့ ဒုတိယအကိုကို အဲ့ဒီလူဆိုးတွေက ဖမ်းခေါ်သွားကြတယ် ”

ကျားဖြူလေးက ဝမ်းနည်းကြေကွဲစွာ ငိုကြွေးရင်း ပြောသည်။ သူက အလွန်ဝမ်းနည်းနေပုံပေါ်သည်။

“ ရှောင်ပိုင်… ခဏ ဘေးဖယ်နေဦး… အကိုကြီး ဒီကြွက်စုတ်တွေကို အရင်ဖြေရှင်းပြီး မင်းအတွက် လက်စားချေပေးမယ် ”

သီရှီထျန်က သူ၏ ကျားလက်ဖဝါးကို မြှောက်လိုက်ပြီး ရှောင်ပိုင်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ သူက တစ်ခါမှ မပြောဖူးသော သိမ်မွေ့ညင်သာသော လေသံဖြင့် ရှောင်ပိုင်ကို နှစ်သိမ့်ပေးလိုက်သည်။ သူက စကားဆုံးသွားသည်နှင့် အရှေ့သို့ ခေါင်းလှည့်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်သွားသည်။ သူ့အကြည့်က အားနည်းသော သတ္တဝါများကို အရိုးခိုက်ခိုက်တုန်အောင် ချမ်းစိမ့်သွားစေရန် လုံလောက်သည်။ သူ၏ စူးရှသော အကြည့်က ချိုင့်ခွက်ထဲမှ တွားသွားထွက်လာသော ကြွက်ဘုရင်ပေါ်သို့ ကျရောက်သွားသည်။

“ အင်း… အကိုကြီး… အဲ့ဒီကြွက်ကြီးက အရမ်းဆိုးတယ်… သူက ရှောင်ပိုင်ကို စားချင်နေတယ် ”

မျက်ရည်က ကျားဖြူလေး၏ ပါးပြင်ပေါ်မှာ စီးကျနေစဉ် သူက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သူက နူးညံ့သော အသံဖြင့် ပြောသည်။

“ ဘာမှမပူနဲ့… အကိုကြီးက အခုပဲ မင်းအတွက် လက်စားချေပေးမယ် ”

သီရှီထျန်က လေးနက်စွာ ပြောသည်။

ရှောင်ပိုင်သည် သီရှီထျန်၏ ခြေထောက်ကို အင်တင်တင်ဖြင့် လွှတ်ပေးလိုက်ပြီး မိန်းကလေး၏ ဘေးသို့ ပြန်သွားသည်။ သူက သီရှီထျန်ကို မျှော်လင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ ကျားဖြူလေး၏ ဘေးမှ မိန်းကလေးသည် သူ့အရှေ့မှ မမျှော်လင့်ထားသော အပြောင်းအလဲကြောင့် အံ့ဩဆွံ့အသွားသည်။ ယခု သူက ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူက သူ့အရှေ့မှ ဧရာမကျားနက်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ မည်သူမှ သတိမထားမိသည်မှာ မြေခွေးဖြူလေးသည်လည်း သီရှီထျန်ကို မြင်သွားသောအခါ အံ့ဩသွားသည်။ ထို့နောက် အတွေးနက်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ငမိုက်သား… အရင်တစ်ခေါက်က မင်းကံကောင်းလို့ အသက်ရှင်သွားခဲ့တာ… ဒါတောင် မင်းက နောက်တစ်ကြိမ် ထပ်လာပြီး ဒီဘုရင်ရဲ့ ညီမကိုတောင် မကောင်းကြံစည်ရဲတယ်… ဒီနေ့ မင်းကို သေချာပေါက် ငါသတ်ပစ်မယ်… မင်း ကောင်းကင်ဘုံပဲ တတ်ပြေးပြေး မြေအောက်ထဲပဲ ထွက်ပြေးပြေး ဒီနေ့ မင်းရဲ့ အသက်ကို သေချာပေါက် ငါနုတ်ယူပစ်မယ် ”

စက်ကရာသည် ကြွက်ဘုရင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ၏ စကားလုံးတစ်လုံးစီမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

သူက အစကတည်းက ကြွက်ဘုရင်ကို မုန်းတီးသည်။ ကြွက်ဘုရင်က တစ်ချိန်လုံး မြေအောက်ထဲမှာ ပုန်းအောင်းနေသောကြောင့် မဟုတ်လျှင် သူက မည်သည့်အရာကိုမှ ဂရုစိုက်မနေဘဲ ထိုကြွက်ဘုရင်ကို အပြတ်ရှင်းပစ်လိမ့်မည်။ ကြွက်ဘုရင်၏ အံ့ဖွယ်ကောင်းသော ခုခံကာကွယ်မှုက သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေသည်။ ထို့ပြင် သူက မြေအောက်ထဲမှ မည်သည့်အချိန်မဆို ထွက်ပေါ်လာနိုင်ပြီး ပြန်ပျောက်ကွယ်သွားနိုင်သည်။ ထိုသို့ရန်သူတစ်ယောက်ကို လွှတ်ထားပေးလျှင် သူက ညဘက်မှာ ကောင်းကောင်း အိပ်ပျော်နိုင်လိမ့်မည် မဟုတ်ချေ။

ပိုပြီးအရေးကြီးသည်မှာ မုန်းစရာကောင်းသော ထိုကြွက်ဘုရင်က သူ့ညီမလေးကို သတ်ပစ်ရန် ကြိုးစားနေကြောင်း ယခု သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်လိုက်ရသည်။ သူ၏ မိသားစုဝင်များသည် သူ့အတွက် ပြောင်းပြန်နဂါးအကြေးခွံ ဖြစ်သည်။ ယင်းကို မည်သူမှ မထိနိုင်ပေ။

ထို့ကြောင့် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ကြွက်ဘုရင်ပေါ်သို့ တောင်ကြီးတစ်တောင်နှယ် ဖိချလိုက်သည်။

သေးငယ်သော ထိုကြွက်များက သားရဲဘုရင်တစ်ပါးဖြစ်သော မိစ္ဆာကျား၏ အရှိန်အဝါကို မည်သို့ခုခံနိုင်ကြမည်နည်း။

“ ကျွီ… ကျွီ ”

ရက်စက်ကြမ်းကြုတ်သော အလင်းက ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အမွှေးအားလုံးက ဆူးချွန်သဖွယ် ထောင်မတ်သွားကြသည်။ သူက သီရှီထျန်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူက တံတွေးမျိုချလိုက်ပြီး အော်ပြောလိုက်သည်။

“ ဟွန့်… ကျားနက်… ငါက မင်းကို ကြောက်တယ်လို့ ထင်နေတာလား… ငါမင်းကို ပြောလိုက်မယ်… အခု ငါလည်းပဲ မိစ္ဆာသားရဲတစ်ကောင် ဖြစ်သွားပြီ… မင်းငါ့ကို အလွယ်တကူ သတ်နိုင်မှာမဟုတ်ဘူး ”

သူ၏ အသံက စူးရှသည်။ သို့သော်လည်း မည်သူနားထောင်ပါစေ သူ၏ အသံက အနည်းငယ် တုန်ယင်နေကြောင်း ပြောနိုင်ပေသည်။ သီရှီထျန်၏ မိစ္ဆာအရှိန်အဝါက အလွန်ကြောက်စရာကောင်းသည်။ ကျားနက် ထွက်ပေါ်လာသည့်အခိုက် မြေကြီးက ပြင်းထန်စွာ တုန်ယင်သွားသည်။ အရှိန်အဝါချင်း အားပြိုင်လျှင် သူက သီရှီထျန်၏ ပြိုင်ဘက်မဟုတ်ပေ။

“ ဟွန့်… မင်းငါ့ကို ကြောက်တာ မကြောက်တာ ငါမသိချင်ဘူး… ငါလိုချင်တာ မင်းရဲ့ အသက်ပဲ… သေလိုက်စမ်း ”

စက်ကရာသည် ယဉ်ကျေးမနေပေ။ သူ၏ အေးစက်စက်အသံက ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားသည့်အခါ အနက်ရောင်ကျားလက်သည်းက ရုတ်တရက် အပေါ်သို့ မြှောက်တင်သွားသည်။ ကျားလက်သည်းပေါ်တွင် အနက်ရောင်အလင်းစက်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။

မိစ္ဆာအရှိန်အဝါက အချက်ပြမီးခိုးငွေ့ပမာ ကောင်းကင်ပေါ်သို့ တလူလူ ပျံတတ်သွားသည်။ သူ၏ အနောက်ခြေထောက်နှစ်ချောင်းကို မြေကြီးပေါ်သို့ ကန်ဆောင့်လိုက်သည်။ ထိုအခါ ကြီးမားသော အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။

သူက အရှေ့သို့ ခုန်လိုက်လေရာ အနက်ရောင်ပုံရိပ်များက သူ့အနောက်မှာ ကျန်ရစ်နေခဲ့သည်။ သူက မြှောက်တင်ထားသော ကျားလက်သည်းကို ကြွက်ဘုရင်၏ ဦးခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။ ချွန်ထက်သော ကျားလက်သည်းပေါ်တွင် အေးစက်စက် အနက်ရောင်အလင်း ထွန်းလင်းသွားသည်။

သူ၏ အရှိန်အဝါက အလွန်ရက်စက်ကြမ်းကြုတ်လေရာ သူက တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးမျိုချင်နေပုံပေါ်သည်။ မိစ္ဆာအရှိန်အဝါက ကောင်းကင်ပေါ်မှာ အနက်ရောင်တိမ်တိုက်တစ်ခုပမာ စုဝေးသွားနေစဉ် အကန့်အသတ်မဲ့သော အရှိန်အဝါက ကြွက်ဘုရင်ပေါ်သို့ ရူးသွပ်စွာ ကျဆင်းသွားသည်။

“ မိစ္ဆာကျား… ငါမင်းကို မကြောက်ဘူး… စက္ခုရောင်ခြည်တော် ”

ကြွက်ဘုရင်က ကျယ်လောင်စွာ အော်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ္တိမွေးလိုက်သည်။ သူအော်လိုက်သည်နှင့်တစ်ပြိုင်နက် အဝါရောင်အလင်းက ကြွက်ဘုရင်၏ မျက်လုံးများထဲမှာ မြန်ဆန်စွာ သိပ်သည်းသွားသည်။ ထို့ပြင် အချိန်ကြာသွားသည်နှင့်အမျှ အဝါရောင်အလင်းက ပိုပိုပြီး အားကောင်းလာသည်။ သေးငယ်သော လှိုင်းဂယက်တချို့ပင် ကြွက်ဘုရင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

All Chapters