အခန်း (၁၅၇-၁၅၉)
Vol. 11 Ch. 157-159
အခန်း(၁၅၇)
“ ရွှီး ”
ကြွက်ဘုရင်၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက သူ၏ မျက်လုံးထဲမှာ မြန်ဆန်စွာ စုဝေးသွားသည်။ အဝါရောင်အလင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ တစ်လက်မခန့် ရှည်လျားသော ရောင်ခြည်တန်းအလင်းနှစ်ခုက ကြွက်ဘုရင်၏ မျက်လုံးထဲမှ ပျံသန်းထွက်သွားသည်။ ထိုရောင်ခြည်တန်းအလင်းထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိသည်။ တစ်စုံတစ်ယောက်က ထိုရောင်ခြည်တန်းဖြင့် ထိမှန်သွားလျှင် ခန္ဓာကိုယ်ထုတ်ချင်းပေါက်သွားလိမ့်မည်။
ယင်းက ကြွက်ဘုရင်၏ မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော စက္ခုရောင်ခြည်တော်ဖြစ်သည်။
" ဘန်း "
ရောင်ခြည်တန်းအလင်းနှစ်ခုသည် ကြွက်ဘုရင်၏ မျက်လုံးထဲမှ ထွက်သွားပြီး မနှိုင်းယှဉ်သာသော ချွန်ထက်မှုဖြင့် သီရှီထျန်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ရောင်ခြည်တန်းအလင်းနှစ်ခု ဖြတ်သန်းသွားသည့်နေရာတိုင်း လေက တဝီဝီ မြည်သွားသည်။ သီရှီထျန်သည် သူ၏ ကျားလက်သည်းဖြင့် ရောင်ခြည်တန်းအလင်းနှစ်ခုပေါ်သို့ ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာသည်။ သွေးစက်တချို့က ရုတ်တရက် မြေကြီးပေါ်သို့ ကျဆင်းသွားသည်။
“ ဝေါင်း ”
သီရှီထျန်၏ မျက်လုံးက အေးစက်နေသည်။ သူ၏ ကျားလက်သည်းတစ်ခုက ကြွက်ဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ခြည်တန်းအလင်းနှစ်ခုဖြင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ သူ၏ ကျားလက်သည်းက အလွန်သန်စွမ်းသော်လည်း ယင်းက စက္ခုရောင်ခြည်တော်၏ အဖျက်စွမ်းအားကို အပြည့်အဝ မတောင့်ခံနိုင်ခဲ့ပေ။ သွေးထွက်နေသော အပေါက်နှစ်ပေါက်က သူ၏ ကျားလက်သည်းပေါ်မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း ယင်းက သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ဖြစ်သည်။ ထိုစဉ် သူ၏ တခြားကျားလက်သည်းက အနက်ရောင်သတ္ထုအလင်းကို ထုတ်လွှတ်လိုက်သည်။ မြန်ဆန်သော အလျင်နှင့်အတူ ကျားလက်သည်းက ကြွက်ဘုရင်၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည်။
" ကျွီ… ကျွီ "
ထိုလက်သည်းက ဖော်မပြနိုင်အောင် လေးလံသည်။ ထိုထဲမှာ ပမာဏများပြားသော မိစ္ဆာချီက ကိန်းအောင်းနေသည်။ သို့ဖြစ်၍ ကျားလက်သည်းက ကြွက်ဘုရင်၏ ဦးခေါင်းပေါ်သို့ ကျဆင်းသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော အင်အားက ထွက်ပေါ်လာပြီး ကြွက်ဘုရင်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။ ချက်ချင်းဆိုသလိုပင် အဝါရောင်အလင်းလွှာတစ်ခုက ကြွက်ဘုရင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ကျားလက်သည်းကို ခုခံတားဆီးလိုက်သည်။
“ ဘန်း ”
ကြွက်ဘုရင်၏ ခုခံကာကွယ်မှုက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။ သို့သော်လည်း ယင်းက ဒေါသထွက်နေသော သီရှီထျန်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကို မည်သို့ခုခံနိုင်မည်နည်း။ ကြွက်ဘုရင်၏ ဦးခေါင်းက မြေကြီးထဲသို့ နစ်ဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးနှင့် ကိုယ်တွင်းအင်္ဂါများက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး ပြင်းထန်သော ခေါင်းမူးဝေခြင်းကို ခံစားမိသွားသည်။
“ ကြောက်စရာပဲ… ကြောက်စရာကောင်းလိုက်တာ… ဒီကျားနက်က အရမ်းသန်မာတယ်… အဆင့်ချိုးဖြတ်သွားပြီးတဲ့နောက် ငါ့ရဲ့ ခုခံကာကွယ်မှုက အရင်ကထက် အများကြီး ပိုသန်မာလာတယ်… ဒါတောင် သူ့ရဲ့ တိုက်ခိုက်မှုကို ငါမခုခံနိုင်ဘူး… ငါဆက်ပြီး တိုက်ခိုက်လို့ မဖြစ်ဘူး… မဟုတ်ရင် ဒီနေရာမှာ ငါက ကြွက်သေဖြစ်သွားလိမ့်မယ်… ငါ့အသက်က အရေးကြီးဆုံးပဲ… ဒီနေရာမှာ ဘာလို့ ငါ့ဘဝကို အဆုံးရှုံးခံရမှာလဲ ”
ကြွက်ဘုရင်၏ အသိစိတ်က ရူးသွပ်သွားသည်။ သူ၏ ဦးခေါင်းက မြေကြီးထဲမှာ နစ်ဝင်နေပြီး အဆုံးမဲ့သော အကြောက်တရားက သူ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို ဖုံးလွှမ်းနေသည်။ သီရှီထျန်၏ ကျားလက်သည်းရိုက်ချက်ကြောင့် သူ၏ ရဲစွမ်းသတ္တိက လေထဲမှာ ပျောက်ကွယ်သွားသည်။
သူက နောက်ထပ် စဉ်းစားမနေဘဲ သူ၏ ကြွက်လက်သည်းများကို လေထဲမှာ အမြန်ဝှေ့ယမ်းလိုက်သည်။ သူက အားသွန်ခွန်စိုက် မြေကြီးတူးလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ဧရာမတွင်းပေါက်တစ်ခုက သူ့အောက်မှာ ထွက်ပေါ်လာသည်။
ကြွက်ဘုရင်၏ ခန္ဓာကိုယ်က တွင်းထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသည်။ သူက မြေအောက်ထဲသို့ ထွက်ပြေးရန် ကြိုးစားချင်သည်။
ထိုအရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ လျှပ်တစ်ပြက်အတွင်းမှာ ကြွက်ဘုရင်က မြေအောက်ထဲသို့ ထွက်ပြေးသွားသည်။
“ ငမိုက်သား… မင်းက ဘယ်ကိုပြေးချင်တာလဲ… ဒီနေ့ မင်းက ကောင်းကင်ဘုံပေါ် တတ်ပြေးမယ်ဆိုရင်တောင် ငါက ကောင်းကင်ဘုံအထိ မင်းကို လိုက်ဖမ်းမယ်… မင်းက ငရဲပြည်ကို ဆင်းပြေးမယ်ဆိုရင်လည်း ငါက ငရဲပြည်အထိ လိုက်ဖမ်းမယ်… ”
ဤအခိုက်အတန့်မှာ သီရှီထျန်၏ အသံက ဖော်မပြနိုင်အောင် အေးစက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။ သူ့အရှေ့မှ ဧရာမတွင်းပေါက်ကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။
ထိုကြွက်ကို သူအသက်ရှင်ခွင့်မပေးနိုင်ပေ။ ၎င်းက သူ့ကို ထပ်ခါထပ်ခါ ရန်ပြုခဲ့သည်။ အကယ်၍ ယနေ့ ၎င်းကို သူမသတ်လျှင် သူ့ရင်ထဲမှ အမုန်းတရားက ငြိမ်းသတ်သွားလိမ့်မည် မဟုတ်ချေ။ ၎င်းက အနာဂတ်မှာ သူ့အတွက် ပြဿနာကြီး ဖြစ်လာနိုင်၏။
ယခင်တစ်ခေါက် သူတို့တွေ့ဆုံခဲ့စဉ်မှာ ၎င်းက ဝိညာဉ်သားရဲတစ်ကောင်မျှသာ ဖြစ်သည်။ ယခု ၎င်းက မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာသည်။ အကယ်၍ ၎င်းက ထိုအတိုင်း ဆက်ပြီး သာမန်လာမည်ဆိုလျှင် သူက မည်သည့်အန္တရာယ်မှ မရှိနိုင်သော်လည်း သူ့ဘေးနားမှ လူများက အန္တရာယ်ရှိလာနိုင်သည်။
သူ၏ ညီမလေးနှင့် ပြန်တွေ့ဆုံပြီးနောက် ထိုသို့အန္တရာယ် နောက်တစ်ကြိမ် ဖြစ်ပေါ်လာမည်ကို သူခွင့်ပြုလိမ့်မည် မဟုတ်ချေ။
“ မင်းက ကောင်းကင်ဘုံပေါ် တတ်ပြေးမယ်ဆိုရင်တောင် ငါက ကောင်းကင်ဘုံအထိ မင်းကို လိုက်ဖမ်းမယ်… မင်းက ငရဲပြည်ကို ဆင်းပြေးမယ်ဆိုရင်လည်း ငါက ငရဲပြည်အထိ လိုက်ဖမ်းမယ်… ”
ထိုစကားက ကြွက်ဘုရင်ကို မိုးဆုံးမြေဆုံးအထိ သူလိုက်ဖမ်းပြီး သတ်ပစ်မည်ဟု အဓိပ္ပာယ်ရသည်။ ယင်းက ကြွက်ဘုရင်ကို သတ်ပစ်ရန် မည်မျှအထိ သူစိတ်ဆုံးဖြတ်ထားကြောင်း ဖော်ပြနေသည်။
သီရှီထျန်သည် စကားဆုံးသည်နှင့် ရုတ်တရက် ရွေ့လျားသွားပြီး ကြွက်ဘုရင်တူးထားသော ဧရာမတွင်းပေါက်ထဲသို့ ခုန်ဆင်းသွားသည်။ ကြွက်ဘုရင်တူးထားသော အပေါက်က အလွန်ကြီးမားလေရာ သူ၏ ခန္ဓာကိုယ် ဝင်ဆံ့သည်။ ဤအခိုက်အတန့်မှာ သီရှီထျန်၏ ခန္ဓာကိုယ်က အရွယ်ရောက်ပြီးသော ကျားတစ်ကောင်၏ အရွယ်အစားအထိ ပြန်ကျုံ့သွားသည်။ သို့ဖြစ်၍ သူက ကြွက်ဘုရင်နှင့် အရွယ်အစားတူသွားသည်။
ဧရာမတွင်းပေါက်သည် သီရှီထျန်၏ ခန္ဓာကိုယ် လွတ်လပ်စွာ ရွေ့လျားသွားရန် လုံလောက်သည်။
သီရှီထျန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ကြွက်ဘုရင်၏ အနောက်သို့ နီးကပ်စွာ လိုက်သွားသည်။ သူက မြေအောက်ထဲသို့ တိုက်ရိုက် ဆင်းသွားသည်။ သူက ကြွက်ဘုရင်ကို မသတ်နိုင်မချင်း လုံးဝ လက်မလျော့မည့်ဟန် ရသည်။
“ ကျွီ… ကျွီ ”
တိုက်ပွဲသည် သိပ်မကြာမြင့်ခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်းမှာ တိုက်ပွဲဒီရေက ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်မှ ကြွက်များသည် သူတို့၏ အရှင်မင်းကြီး ထွက်ပြေးသွားကြောင်း မြင်သောအခါ သူတို့သည်လည်း ဤနေရာမှာ နောက်ထပ် ဆက်မနေဝံ့ကြတော့ချေ။ သူတို့က “ တကျွီကျွီ ” အော်လိုက်ကြပြီး အစောနက သူတို့ထွက်လာခဲ့သော တွင်းပေါက်များထဲသို့ ပြန်ဝင်သွားကြသည်။ ဤသည်မှာ ဒီရေက မြန်ဆန်စွာ ပြန်ကျသွားသည့်အလားပင်။
အရေအတွက်ထောင်သောင်းချီသော ကြွက်များက တွင်းပေါက်များထဲသို့ အလုအယက် ပြန်ဝင်သွားကြသည်။ ထိုမြင်ကွင်းက အံ့ဩဖွယ်ကောင်းသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အစောနက ဤနေရာကို ထူထဲစွာ ဝိုင်းရံထားကြသော ကြွက်အုပ်စုက မည်သည့်သဲလွန်စမှမကျန်ဘဲ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ဘေးပတ်ဝန်းကျင်က ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤသည်မှာ အစောနက အဖြစ်အပျက်က အိမ်မက်တစ်ခု ဖြစ်သည့်အလားပင်။
အကယ်၍ သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ခြင်းသာ မဟုတ်လျှင် အရေအတွက်များပြားသော ကြွက်များက အစောနက ဤနေရာမှာ ရှိနေခဲ့ကြောင်း မည်သူမှ ယုံကြည်နိုင်ကြမည် မဟုတ်ချေ။
“ ရှောင်ပိုင်… စောစောက ကျားနက်က တကယ်ပဲ နင့်ရဲ့ အကိုကြီးလား ”
မိန်းကလေးသည် အံ့အားသင့်စွာ မျက်တောင်တဖျပ်ဖျပ်ခတ်၍ ကျားဖြူလေးကို ကြည့်လိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများက ပုံမှန်အတိုင်း ကြည်လင်ရှင်းလင်းနေသည်။
“ ဟုတ်တယ်… သူက ငါ့ရဲ့ အကိုကြီး… ငါမမှားဘူး ”
ကျားဖြူလေးက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး လုံးဝ သေချာသော လေသံဖြင့် ပြောသည်။
" အကိုကြီးနဲ့ ငါက အတူတူ ကြီးပြင်းလာခဲ့တာ… ဘယ်လိုလုပ် ငါမှားနိုင်မှာလဲ… အကိုကြီးက အရွယ်အစား အကြီးကြီးဖြစ်လာပေမဲ့ အကိုကြီးရဲ့ အရှိန်အဝါကတော့ အရင်အတိုင်း ရှိနေတုန်းပဲ ”
“ အကိုကြီးရဲ့ အရှိန်အဝါကို ငါအရမ်းနှစ်သက်တာ… အခုထိ ငါမှတ်မိနေသေးတယ်… မေမေ အပြင်ထွက်သွားတဲ့အခါတိုင်း အကိုကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အိပ်စက်ရတာကို ငါသဘောကျတယ် ”
သူစကားပြောနေစဉ် မျှော်လင့်သော အရိပ်အယောင်နှင့် လိုချင်တောင့်တသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။ သူက အတိတ်ကို ပြန်လည်လွမ်းဆွတ်နေဟန် ရ၏။
“ ကျားဖြူလေး… နင့်ရဲ့ အကိုကြီးက အရမ်းသန်မာတဲ့ပုံပဲ… အခု နင့်ရဲ့ အကိုကြီးကို ရှာတွေ့သွားပြီဆိုတော့ တခြားလူတွေ နင့်ကို အနိုင်ကျင့်မှာကို နောက်ထပ် ကြောက်နေစရာမလိုတော့ဘူး ”
မိန်းကလေးသည် ရှောင်ပိုင်ကို ကြည့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ ပြုံးသည်။ သူက ရှောင်ပိုင်၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ရှောင်ပိုင်သည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ဇိမ်ခံလိုက်သည်။ ဝမ်းသာပျော်ရွှင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အမဖေးဖေး… ငါ့အကို ပြန်ရောက်လာတဲ့အခါ နင် ရှောင်ပိုင်ကို ဆက်ပြီး အဖော်ပြုပေးဦးမှာလား… အနာဂတ်မှာ ရှောင်ပိုင်က အကိုကြီးကို ခေါ်သွားပြီး အဲ့ဒီလူဆိုးကောင်တွေကို သွားချမှာ… သူတို့က ငါ့မေမေကို အနိုင်ကျင့်ရဲတယ်ဆိုရင် သူတို့ကို လုံးဝ အလွတ်မပေးဘူး ”
ရှောင်ပိုင်က မျှော်လင့်သော မျက်ဝန်းဖြင့် မိန်းကလေးကို ကြည့်လိုက်သည်။
“ နင့်ရဲ့ အကိုကြီးက ကြွက်တွေကို လိုက်ဖမ်းဖို့ မြေအောက်ထဲ ဆင်းသွားတယ်… သူအဆင်ပြေပါ့မလား ”
မိန်းကလေးသည် သူနှင့်မနီးမဝေးမှ ဧရာမတွင်းပေါက်ကို လှမ်းကြည့်လိုက်သည်။ တွင်းပေါက်က လုံးဝ မည်းမှောင်နေလေရာ အလွန်ကြောက်စရာကောင်းသည်။ ဤသည်မှာ မကောင်းဆိုးဝါးတစ်ကောင်ကောင်က တွင်းပေါက်ထဲမှ အချိန်မရွေး ခုန်ထွက်လာတော့မည့်အလားပင်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
သူ၏ စိုးရိမ်မှုက အကျိုးအကြောင်းသင့်သည်။ ကုန်းမြေပေါ်တွင် ကျားက အမှန်တကယ်ပင် သားရဲဘုရင်ဖြစ်သည်။ သို့သော်လည်း မြေအောက်ထဲတွင်မူ ကျားက သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ပြင် ယင်းက တိရိစ္ဆာန်များကြားမှ သာမန်တိုက်ပွဲမဟုတ်ပေ။ ယင်းက အံ့ဖွယ်မှော်စွမ်းရည်များကို ပိုင်ဆိုင်ထားသော မိစ္ဆာသားရဲများ၏ အစွမ်းထက်တိုက်ပွဲ ဖြစ်သည်။ သို့ဖြစ်၍ မိစ္ဆာသားရဲများသည် သားရဲဘုရင်များကို ရှိန်နေမည် မဟုတ်ပေ။ သူတို့က အချိန်မရွေး တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်ကြသည်။
သို့ဖြစ်၍ မြေအောက်ထဲမှာ ကျားနက် အခြေအနေမဟန်မည်ကို သူစိုးရိမ်သည်။
“ ဘာမှမဖြစ်ပါဘူး… အကိုကြီးက အဲ့ဒီကြွက်ဆိုးကို သေချာပေါက် အနိုင်ယူပစ်မှာပါ ”
မိန်းကလေးက ယုံကြည်မှုသိပ်မရှိသော်လည်း ရှောင်ပိုင်က သူ၏ အကိုကြီးအပေါ် အပြည့်အဝ ယုံကြည်ထားသည်။ သူစကားပြောလိုက်သည့်အခါ စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ရှောင်ပိုင်ရဲ့ အကိုကြီးက ဒီလောကမှာ အံ့ဩစရာအကောင်းဆုံး… အကိုကြီးက ဒီလောကမှာ အသန်မာဆုံး ”
သူက အတိတ်မှ အကြောင်းကို ပြန်တွေးတောလိုက်သည်။ သူနှင့် ဒုတိယအကိုက မေမေကျားဖြူ၏ ဘေးမှာ နို့စို့နေကြစဉ် အကိုကြီးက သူ၏ ရုပ်ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေရန် အဆက်မပြတ် လေ့ကျင့်နေခဲ့သည်။ ထို့ကြောင့် အကိုကြီး၏ ခန္ဓာကိုယ်က သူတို့ထက် ပိုမိုမြန်ဆန်စွာ ဖွင့်ဖြိုးလာခဲ့သည်။ အကိုကြီးက တောင်ထွတ်ပေါ်မှာ ရပ်လိုက်ပြီး ဟိန်းဟောက်လိုက်သည့်အခါ တောအုပ်ထဲမှ ကျေးငှက်များနှင့် တိရိစ္ဆာန်များက ကြောက်လန့်သွားကြပြီး အဝေးသို့ ထွက်ပြေးသွားကြသည်။
အကိုကြီးသည် ငယ်စဉ်ကတည်းက သူတို့မလုပ်ဆောင်နိုင်သော အရာအများကြီးကို လုပ်ဆောင်နိုင်ခဲ့သည်။
ထိုအချိန်ကတည်းက ကျားဖြူလေးသည် သူ၏ အကိုကြီးအပေါ် သူ့နှလုံးသားထဲမှ ကြည်ညိုလေးစားခဲ့သည်။
ထိုသို့တွေးမိသောအခါ ရှောင်ပိုင်က ခေါင်းလှည့်လိုက်ပြီး ဧရာမတွင်းပေါက်ကို စိုက်ကြည့်လိုက်သည်။ မျှော်လင့်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် သူ၏ အကိုကြီး ထိုတွင်းပေါက်ထဲမှ အမြန်ဆုံး ထွက်လာရန် သူမျှော်လင့်နေသည်။
အခန်း(၁၅၈)
“ ငမိုက်သား… မင်းမလွတ်နိုင်ဘူး… မင်း ကောင်းကင်ပေါ်ကို ပြေးရင် ငါ ကောင်းကင်အထိ လိုက်မယ်… မင်း မြေအောက်ထဲ ပြေးရင် ငါ မြေအောက်ထဲထိ လိုက်မယ်… ဒီနေ့ မင်းဘယ်ကိုပြေးမလဲ ငါကြည့်မယ် ”
မိန်းကလေးနှင့် ကျားဖြူလေးက အပေါ်မှာ စကားပြောနေကြစဉ် အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက မြေအောက်ထဲမှာ ထွက်ပေါ်လာသည်။ ဧရာမကြွက်တစ်ကောင်သည် အားကြိုးမာန်တတ် အမြန်တွင်းတူးနေ၍ အရှေ့မှ ပြေးနေသည်။ သူက လျှပ်စီးပမာ အလျင်ဖြင့် မြေအောက်ထဲမှာ ထွက်ပြေးနေသည်။ သူ၏ အမူအရာမှာ ထိတ်လန့်ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။
ကြွက်များသည် တွင်းတူးရန် မွေးဖွားလာသော သတ္တဝါများ ဖြစ်ကြသည်။ ထုံးစံအားဖြင့် ကြွက်ဘုရင်သည် တွင်းတူရာတွင် သာမန်ကြွက်များထက် ပိုပြီးသာလွန်သည်။ သူက တွင်းတူးပြီး ပြေးနေသည့်တိုင် ယင်းက သူ၏ အလျင်အပေါ် နည်းနည်းမှ သက်ရောက်မှုမရှိပေ။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
သူ့အနောက်တွင် ကြွက်ဘုရင်နှင့် အရွယ်အစားတူညီသော ကျားနက်တစ်ကောင်က နီးကပ်စွာ လိုက်ဖမ်းနေသည်။ အမှောင်ထဲ၌ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက မှိတ်တုတ်မှိတ်တုတ် ထွန်းလင်းနေသည်။ သူ၏ မျက်လုံးထဲမှာ မထူးမခြားနားမှုနှင့် အေးစက်မှုဖြင့် ပြည့်နှက်နေသည်။
ကျားနက်က သူ့အရှေ့မှ ပုံရိပ်ကို စိုက်ကြည့်နေစဉ် အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။
ကျားနက်သည် ကြွက်ဘုရင်ကို အသည်းအသန် လိုက်ဖမ်းနေသော်လည်း အလျင်လိုပုံမပေါ်ချေ။ သူက ကြွက်ဘုရင်ကို လိုက်ဖမ်းရန် အစွမ်းအကုန် အသုံးမပြုထားကြောင်း ထင်ရှားပေသည်။ သူက ကြွက်ဘုရင်၏ အနောက်ကို အေးအေးဆေးဆေး လိုက်ဖမ်းနေသည်။ ယင်းက ထူးဆန်းသည်။
ပိုပြီးထူးဆန်းသည်မှာ ရံဖန်ရံခါ သူက ခြိမ်းခြောက်သော စကားများကို ပြောသည်။ ဤသည်မှာ ကြောင်က ကြွက်ကို လိုက်ဖမ်းနေသည့်အလားပင်။ သို့သော်လည်း လက်တွေ့မှာ ကျားက ကြွက်ကို လိုက်ဖမ်းနေသည်။
ယင်းက အမှန်တကယ် ရယ်စရာကောင်း၏။
စက်ကရာ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ဖြတ်ပြေးသွားသည်။ သူက စိတ်ထဲမှာ ကိုယ့်ဘာသာ တွေးလိုက်သည်။
“ ကြွက်တွေကို အရင်က ငါမြင်ဖူးတယ်… ဒါပေမဲ့ ဒီလောက် ထူးဆန်းတဲ့ ကြွက်တစ်ကောင်ကို အရင်က ငါမမြင်ဖူးဘူး… သူ့ရဲ့ ခုခံကာကွယ်မှုက တကယ်အံ့ဩစရာပဲ… ပြီးတော့ သူ့ဆီမှာ မျက်လုံးကနေ ရောင်ခြည်ပစ်လွှတ်နိုင်တဲ့ မွေးရာပါသဘာဝစွမ်းရည်လည်း ရှိတယ်… ငါ့အထင်မမှားရင် ဒီကြွက်က ကံကြမ္မာကောင်းတစ်ခုခုနဲ့ တွေ့ကြုံခဲ့တာ ဖြစ်ရမယ်… သူ့ကို ငါမသတ်ခင် သူ့ရဲ့ လျှို့ဝှက်ချက်ကို ငါဖော်ထုတ်ရမယ် ”
သူ့အရှေ့မှာ အသည်းအသန် ထွက်ပြေးနေသော ကြွက်ဘုရင်ကို ကြည့်နေစဉ် စက်ကရာ၏ စိတ်ထဲမှာ အတွေးများစွာ ထွက်ပေါ်လာသည်။ သူ၏ အမြင်အရ ကြွက်ဘုရင်၏ မွေးရာပါသဘာဝစွမ်းရည်က “ စက္ခုရောင်ခြည်တော် ” ဖြစ်သည်။ သို့ဆိုလျှင် အံ့ဖွယ်ကောင်းသော ခုခံကာကွယ်မှုကို မည်သည့်နေရာမှ သူရရှိခဲ့သနည်း။
ယခင်တစ်ခေါက်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သူသည် ကြွက်အားလုံး၏ ခန္ဓာကိုယ်က အဝါရောင်ထွန်းလင်းနေကြောင်း မြင်တွေ့ခဲ့သည်။ ထူးဆန်းသော ထိုအလင်းရောင်ကြောင့် သူတို့၏ ခုခံကာကွယ်မှုက ပုံမှန်ထက် ဆယ်ဆ သို့မဟုတ် အဆနှစ်ဆယ် ပိုပြီးအားကောင်းသွားသည်။
တစ်စုံတစ်ယောက်၏ ခုခံကာကွယ်မှုကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သောအရာက သေချာပေါက် သာမန်ပစ္စည်း မဖြစ်နိုင်ပေ။ ထို့ပြင် သူ၏ သုံးသပ်မှုအရ ယင်းက တစ်ကြိမ်သုံးရတနာ မဟုတ်ပေ။ ယင်းအစား ထပ်ခါတလဲလဲ အသုံးပြုနိုင်သော ရတနာ ဖြစ်သည်။
အရူးပင်လျင် ထိုရတနာက တန်ဖိုးကြီးမားသော ပစ္စည်းဖြစ်ကြောင်း သိနိုင်ပေသည်။ သို့ဖြစ်၍ သူက ကြွက်ဘုရင်နောက်သို့ လိုက်ဖမ်းနေသော်လည်း သူ့ကို ချက်ချင်း သတ်ပစ်ရန် အလျင်မလိုပေ။
ယင်းအစား သူက ကြွက်ဘုရင်၏ အနောက်မှ နီးကပ်စွာ လိုက်ဖမ်းနေရင်း သူ့ကို ဆက်တိုက် ဖိအားပေးသည်။ ထို့ကြောင့် ကြွက်ဘုရင်သည် အန္တရာယ်က သူ့အနောက်မှ အမြဲတမ်း ထက်ကြပ်မကွာ လိုက်လာနေကြောင်း ခံစားမိသွားသည်။
ထိုသို့အခြေအနေမျိုးမှာ ထိတ်လန့်ချောက်ချားနေသော ကြွက်ဘုရင်သည် သီရှီထျန်၏ အကြံအစည်ကို မတွေးမိနိုင်ပေ။ သူက သူ့ကို ဘေးကင်းလုံခြုံမှုပေးနိုင်မည့် နေရာဆီသို့ ဦးတည်သွားရန် မသိစိတ်မှ ရွေးချယ်လိမ့်မည်။
ယင်းက သီရှီထျန်လိုချင်သော အခြေအနေအတိအကျပင် ဖြစ်၏။ အကယ်၍ အခြေအနေက သူမျှော်လင့်ထားသကဲ့သို့ မဖြစ်လာလျှင်ပင် သူက ကြွက်ဘုရင်ကို အမြန်ဖမ်းဆီးပြီး သူ့ကို ချက်ချင်း သတ်ပစ်နိုင်ပေသည်။ သို့ဖြစ်၍ သူ့မှာ မည်သည့်ဆုံးရှုံးစရာမှ မရှိပေ။
မှန်ပေသည်။ ထိုတွက်ချက်မှုကို ကြွက်ဘုရင်က လုံးဝ မသိပေ။
“ ကျားနက်… မင်း ဘယ်လောက်ထိ ဒီဘုရင်နောက်ကို လိုက်နေမှာလဲ… ရပ်လိုက်တော့… ဒီဘုရင်က ရှုံးတာကို ဝန်ခံတယ်… ဒီနေ့ မင်းငါ့ကို လွှတ်ပေးမယ်ဆိုရင် ဒီဘုရင်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို နောက်ထပ် ရန်မပြုတော့ဘူးလို့ ကတိပေးတယ် ”
ကြွက်ဘုရင်သည် အားကြိုးမာန်တတ် တွင်းတူးနေရင်း မြန်ဆန်စွာ ထွက်ပြေးနေသည်။ ရံဖန်ရံခါ သူက အနောက်လှည့်၍ သီရှီထျန်ကို ကြည့်လိုက်သည်။ နက်ရှိုင်းသော အကြောက်တရားက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အလွန်ကြောက်နေသောကြောင့် အသနားခံရန်ပင် တုံ့ဆိုင်းမနေပေ။ ကြွက်ဘုရင်၏ မျက်လုံးထဲမှာ အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ သီရှီထျန်က သူ့နောက်သို့ ဇွဲကောင်းစွာ လိုက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ သူက မြေအောက်ထဲသို့ပင် လိုက်လာဝံ့သည်။
“ ဟွန့်… အခုမှ အရှုံးဝန်ခံတော့ရော ဘာထူးမှာလဲ… နောက်ကျသွားပြီ… မင်းဘယ်ကိုပဲ ထွက်ပြေးပြေး ငါက ရေဆုံးမြေဆုံး လိုက်ဖမ်းပြီး မင်းအသက်ကို နုတ်ယူပစ်မယ် ”
သီရှီထျန်သည် စိတ်မယိမ်းယိုင်သွားပေ။ သူက ယခင်အတိုင်း စိတ်ဓာတ်ပြတ်သားစွာ အနောက်မှ လိုက်ဖမ်းသည်။
ယင်းကို ကြွက်ဘုရင်ကြားသောအခါ သူနှင့် သီရှီထျန်ကြားမှာ ပြေလည်ရန် မည်သည့်အခွင့်အရေးမှ မရှိတော့ကြောင်း ချက်ချင်း သူသိလိုက်သည်။ သူ၏ နှလုံးက တင်းကျပ်သွားပြီး စိတ်ဓာတ်ပြတ်သားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အံကြိတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောသည်။
“ ကောင်းပြီ… အဲ့ဒါလုပ်ဖို့ မင်းငါ့ကို တွန်းအားပေးခဲ့တာပဲ… အဲ့ဒီနေရာကို ရောက်သွားတဲ့အခါ မင်း ငါ့နောက်ကို ဆက်လိုက်ရဲမလား ငါကြည့်မယ် ”
ကြွက်ဘုရင်က ဆုံးဖြတ်ချက်ချလိုက်ဟန် ရ၏။
အရှေ့သို့ တစ်ဖြောင့်တည်း ပြေးသွားနေသော သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဘေးသို့ လှည့်လိုက်ပြီး အမြန်တွင်းတူးလိုက်သည်။ သူက လမ်းကြောင်းပြောင်းလိုက်ပြီး ခက်ခက်ခဲခဲ တွင်းတူးလိုက်သည်။ သို့တိုင် သူက အလွန်မြန်ဆန်နေဆဲပင်။
“ လမ်းကြောင်းပြောင်းသွားပြီ ”
ယင်းကို သီရှီထျန်မြင်သောအခါ အလင်းရောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ဓာတ်တတ်ကြွသွားပြီး ကြွက်ဘုရင်နောက်သို့ နီးကပ်စွာ လိုက်သွားသည်။
ဤအခိုက်အတန့်မှာ ကြွက်ဘုရင်က နောက်ထပ် စကားမပြောတော့ဘဲ အစွမ်းအကုန်သုံး၍ တွင်းတူးလိုက်သည်။ အခြားတစ်ဖက်မှာတော့ စက်ကရာက သူ့နောက်သို့ မနှေးလွန်း မမြန်လွန်း လိုက်ဖမ်းသည်။ ထိုသို့ဖြင့် မြေအောက်လောကထဲမှာ ပြေတမ်းလိုက်တမ်း မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။
ကြွက်ဘုရင်သည် မီတာတစ်သောင်းရှည်လျားသော တွင်းတစ်ခုကို အမှန်တကယ် တူးလိုက်သည်။
သို့သော်လည်း ကြွက်ဘုရင်က အဆက်မပြတ် တွင်းတူးနေစဉ် ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းက ပြောင်းလဲသွားသည်။
“ ဒါက ပုံမှန်မဟုတ်ဘူး… ဒီက မြေကြီးက သာမန်မြေကြီးနဲ့ အရမ်းကွာခြားတယ်… အဲ့ဒါက ကျောက်တုံးနဲ့ ပိုပြီးဆင်တူတယ်… ဒါပေမဲ့လည်း သာမန်ကျောက်တုံးနဲ့ နည်းနည်း ကွာခြားတယ် ”
သီရှီထျန်၏ မျက်လုံးက ရုတ်တရက် လေးနက်သွားသည်။ သူက ကြွက်ဘုရင်နောက်သို့ လိုက်သွားရင်း တွင်းတူးထားသော အပေါက်ကို သေချာကြည့်လိုက်သည်။ သူကြည့်လိုက်သည့်အခါ ဤနေရာက အစောနက နေရာနှင့် ကွဲပြားနေကြောင်း သတိထားမိသွားသည်။
အစောနက ကြွက်ဘုရင် တွင်းတူးလိုက်သည့်အခါ နူးညံ့သော မြေကြီးသာ ထွက်ပေါ်လာ၏။ သို့သော်လည်း ယခု တွင်းတူးလိုက်သည့်အခါ မြေကြီးအစား မာကျောသော ကျောက်တုံးများ ထွက်ပေါ်လာသည်။
ထိုကျောက်တုံးများသည် သာမန်ကျောက်တုံးများ မဟုတ်ကြချေ။ ယင်းတို့က သံမဏိကဲ့သို့ မာကျောသည်။ တွင်းပေါက်၏ ဘေးနံရံများတွင် ထူးဆန်းသော စွမ်းအင်အမျှင်တန်းတချို့ ထွက်ပေါ်နေသည်။ ယင်းက အလွန်ထူးဆန်းသည်။ ထိုစွမ်းအင်က ဝိညာဉ်စွမ်းအင်နှင့် အတော်လေး ဆင်တူသည်။ ကျောက်တုံးများက ကြည်လင်သော အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေသည်။ သို့ဖြစ်၍ မူလက မည်းမှောင်နေသော တွင်းပေါက်က ခပ်မှိန်မှိန် ထွန်းလင်းသွားသည်။
ဤနေရာက သတ္ထုတွင်းတစ်ခု ဖြစ်ဟန်ရ၏။ ယင်းက ထူးဆန်းသည်။
ထို့ပြင် ကြွက်ဘုရင်သည် သူ၏ လက်သည်းများကို အသုံးပြု၍ ဤမျှမာကျောသော ကျောက်တုံးကို တွင်းပေါက်ဖြစ်အောင် တူးနိုင်သည်။ ထိုသို့စွမ်းရည်က အလွန်အံ့ဩစရာကောင်းသည်။
“ အဲ့ဒီကြွက်က တွင်းတူးတဲ့နေရာမှာ တကယ်ပညာရှင်ပဲ… သူက ဒီလောက်မာကျောတဲ့ ကျောက်တုံးမှာတောင် တွင်းတူးနိုင်တယ်… ဒါပေမဲ့ ဒီကျောက်တုံးက သာမန်ကျောက်တုံးမဟုတ်ဘူး… ကြည့်ရတာ အဲ့ဒါက ဝိညာဉ်ကျောက်တုံးနဲ့ ဆင်တူတယ်… ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး မဟုတ်ဘူး… အဲ့ဒီအစား ထူးခြားတဲ့ သတ္ထုပစ္စည်းတစ်ခု ဖြစ်မယ်ထင်တယ် ”
သီရှီထျန်သည် ဘေးပတ်ဝန်းကျင်မှ ကျောက်တုံးများကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ထိုကျောက်တုံးများက အလွန်မာကျောပြီး ယင်းတို့ထဲမှာ ဝိညာဉ်စွမ်းအား ကိန်းအောင်းနေသည်။ သို့သော်လည်း သူက ကျောက်တုံးများထံမှ ဝိညာဉ်စွမ်းအားကို မစုပ်ယူနိုင်ပေ။ ထို့ကြောင့် ယင်းတို့က ဝိညာဉ်ကျောက်တုံးများ မဖြစ်နိုင်ပေ။ ထို့ပြင် ယင်းတို့က အလွန်မာကျောပြီး အစိမ်းရောင်နှင့် အဝါရောင်အလင်းကို ထုတ်လွှတ်နေသည်။
အကယ်၍ သူ့အထင်မမှားလျှင် ယင်းက လက်နက်သန့်စင်ခြင်းတွင် အသုံးပြုနိုင်သော သတ္ထုအမျိုးအစားတစ်ခု ဖြစ်နိုင်သည်။
သူက ကြွက်ဘုရင်နောက်သို့ လိုက်ဖမ်းရန် အလျင်မလိုပေ။ ထူးဆန်းသော ထိုကျောက်တုံးများက မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း သီရှီထျန်က ယင်းတို့ကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်သည်။ ဖြစ်နိုင်သည်မှာ အနာဂတ်၌ ယင်းတို့က သူ့အတွက် အသုံးဝင်လာနိုင်သည်။
“ ခရက် ”
ထိုအခိုက်အတန့်မှာ အသည်းအသန် ထွက်ပြေးနေသော ကြွက်ဘုရင်က သူ၏ ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်း၍ သူ့အရှေ့မှ မာကျောသော ကျောက်တုံးကို တူးလိုက်သည်။ ထူးဆန်းသော ကျောက်တုံးအပိုင်းအစများက သူ့အနောက်တွင် ပြန့်ကျဲသွားသည်။ ရုတ်တရက် သူ၏ လက်သည်းက ကျောက်တုံးတစ်ခုပေါ်သို့ ကျဆင်းသွားသည့်အခါ ကြွပ်ဆပ်သောမြည်သံ ထွက်ပေါ်လာသည်။ ထိုမြည်သံထဲမှာ လေခိုနေသောအသံ ပါဝင်နေသည်။ နောက်အခိုက်အတန့်မှာ လက်သီးဆုပ်အရွယ်အစားရှိသော အပေါက်တစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
“ ရောက်ပြီ ”
ကြွက်ဘုရင်က ဝမ်းသာပျော်ရွှင်သွားသည်။ သူက ကြွက်လက်သည်းများကို အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော ကြွင်းကျန်ပုံရိပ်များက သူ၏ အရှေ့မှ တောင်နံရံပေါ်မှာ ထွက်ပေါ်လာသည်။ တောင်နံရံသည် အလွန်မာကျောသော်လည်း သူ၏ လက်သည်းချက်များအောက်မှာ အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရသည်။ သူက မြန်ဆန်စွာ တွင်းတူးနေစဉ် သူ့အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။
သူ့အရှေ့မှ ကျောက်တုံး၏ တစ်စိတ်တစ်ပိုင်းကို တူးပြီးနောက် သူက ရုတ်တရက် မျက်လုံးဝင်းလက်သွားသည်။ သူ၏ အရှေ့တွင် ထွက်ပေါ်လာသည်မှာ အလွန်ကျယ်ပြောသော နယ်မြေတစ်ခု ဖြစ်သည်။ နယ်မြေထဲတွင် မည်သည့်ကျောက်တုံးတစ်တုံးမှ မရှိပေ။
“ ဟား ဟား… ကျားနက်… ဒီတစ်ကြိမ် မင်းငါ့ကို မသတ်နိုင်တော့မှာ ငါစိုးရိမ်တယ်… ငါအရင်ထွက်သွားတော့မယ် ”
ကြွက်ဘုရင်က ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ပြောသည်။ သူ၏ မျက်လုံးထဲမှာ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ သူက အနောက်မှ ပြေးလိုက်လာနေသော စက်ကရာကို လှောင်ပြောင်လိုက်သည်။ ရယ်မောသံများကြားမှာ သူ၏ ဧရာမခန္ဓာကိုယ်က အရှေ့သို့ တိုက်ရိုက် ပြေးသွားသည်။ မည်သည့်နေရာဆီသို့ သူထွက်ပြေးသွားမှန်း မသိရသော်လည်း ကြွက်ဘုရင်က မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားသည်။
“ ထွက်ပြေးချင်တယ်လား ”
သီရှီထျန်က အရှေ့သို့ ခုန်အုပ်လိုက်သည်။ သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ရက်စက်ကြမ်းကြုတ်သော ဖိအားက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး အရှေ့သို့ ကျဆင်းသွားသည်။ ကြွက်ဘုရင်နောက်သို့ သူလိုက်ဖမ်းတော့မည့်အချိန် သူ့အရှေ့မှ မြင်ကွင်းကို မြင်တွေ့သွားသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ရပ်တန့်သွားစေသည်။ မယုံကြည်နိုင်မှုနှင့် အံ့ဩမှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်လာသည်။
သူက စိတ်ဓာတ်ခိုင်မာသူဖြစ်သော်လည်း ထိုမြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားဆဲပင်။
" ဘယ်လိုလုပ်… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မြေအောက်ထဲမှာ ဘယ်လိုလုပ် ဒီလိုနေရာ ရှိနေတာလဲ… ဒါက… မယုံကြည်နိုင်စရာပဲ ”
အခန်း(၁၅၉)
သူ့အရှေ့မှ မြင်ကွင်းကို မြင်သွားသောအခါ စက်ကရာ၏ အသိစိတ်ထဲ၌ အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။ ယခုအချိန်မှာ သူက ကြွက်ဘုရင်နောက်သို့ လိုက်ဖမ်းရန် မစဉ်းစားနိုင်တော့ပေ။
စက်ကရာကို မည်သည့်အရာက ထိုသို့ဖြစ်စေသနည်း။
သူ့အရှေ့မှ မြင်ကွင်းက အမှန်တကယ်ပင် သူ၏ စိတ်ကူးထားမှုထက် လုံးဝ ကျော်လွန်နေသည်။
သူ့အရှေ့တွင် ဖော်မပြနိုင်အောင် အလွန်ကျယ်ပြောသော မြေအောက်လောကတစ်ခု ရှိသည်။ နယ်မြေသည် အလွန်အမင်း ကျယ်ပြောသည်။ အကြည့်တစ်ချက်ဖြင့် ယင်း၏ အဆုံးသတ်ကို မမြင်နိုင်ပေ။ ယင်းက ပြီးပြည့်စုံသော မြေအောက်လောက ဖြစ်သည်။ သို့မဟုတ် ယင်းက ကမ္ဘာငယ်တစ်ခုဖြစ်သည်။
ထိုမြေအောက်လောကထဲတွင် ထူထဲသော မီးခိုးငွေ့အလွှာတစ်ခုက အပေါ်မှာ လွင့်မျောနေသည်။ မီးခိုးငွေ့သည် မလွင့်ပြယ်သွားပေ။ ယင်းက သေခြင်းတိတ်ဆိတ်မှုနှင့် ချောက်ချားဖွယ်ကောင်းသော ခံစားမှုကို ပေးသည်။
ထို့ကြောင့် ဤနေရာတွင် လေထုက အလွန်တင်းကျပ်နေသည်။ စက်ကရာသည် အထဲသို့ မဝင်ရသေးသော်လည်း ထိုမြေအောက်လောကထဲမှ နေရာတိုင်းမှာ ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါရှိကြောင်း အာရုံခံစားမိသည်။
အကယ်၍ သူက အနည်းငယ် အနားတိုးသွားမည်ဆိုလျှင်ပင် အသက်ရှူကျပ်မှုကို ခံစားသွားရလိမ့်မည်။ သူက မြေအောက်လောကထဲသို့ မဝင်ရောက်ရသေးသော်လည်း ထိုသို့ခံစားမှုမျိုး ရရှိနေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သူ၏ မျက်စိအရှေ့မှ ထိုနေရာက မည်မျှထူးခြားဆန်းကြယ်ပြီး ချောက်ချားဖွယ်ကောင်းကြောင်း မြင်နိုင်ပေသည်။
ယေဘုယျအားဖြင့်ဆိုရသော် သူ့အရှေ့မှ မြင်ကွင်းအများစုကို မီးခိုးရောင်အငွေ့က ဖုံးကွယ်ထားသည်။ သို့တိုင် ရှေးဟောင်းဧရာမကျောက်တံခါးတစ်ချပ်က သူ့အရှေ့မှာ ရှိနေကြောင်း မသဲမကွဲ သူမြင်နိုင်သည်။ ကျောက်တံခါးပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်အဆောင်များ ရှိနေဟန် ရ၏။ ယင်းက ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။
မြူခိုးထု၏ အလယ်တွင် အလွန်မြင့်မားသော ရှေးဟောင်းမျှော်စင်တစ်ခု ရှိ၏။ ရှေးဟောင်းမျှော်စင်က မြေကြီးထဲမှ မြှောက်တတ်နေပြီး အလွန်ကြီးမားကျယ်ပြောသည်။ ထူးဆန်းသည်မှာ မြူခိုးက တခြားနေရာများကို ဖုံးကွယ်ထားသော်လည်း ရှေးဟောင်းမျှော်စင်ကိုတော့ မဖုံးကွယ်နိုင်ပေ။ မြူခိုးက အလွန်ထူထဲပြီး တရွေ့ရွေ့ လွင့်မျောနေသော်လည်း မျှော်စင်နားကို လုံးဝ မချဉ်းကပ်နိုင်ပေ။
ထို့ကြောင့် သီရှီထျန်က ရှေးဟောင်းမျှော်စင်ကို ရှင်းလင်းစွာ မြင်နိုင်ခြင်းပင်။
ရှေးဟောင်းမျှော်စင်သည် လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ပြည့်နှက်နေပြီး ရှေးကျသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ မျှော်စင်မှာ အထပ်ကိုးထပ် ပါရှိသည်။ မျှော်စင်၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသင်္ကေတတချို့ ရှိသည်။ အဝေးမှ လှမ်းကြည့်လျှင် ဧရာမသားရဲတစ်ကောင်က မြေကြီးပေါ်မှာ မတ်တတ်ရပ်နေပြီး အကန့်အသတ်မဲ့အရှိန်အဝါကို ထုတ်လွှတ်နေဟန် ရ၏။
မယုံကြည်နိုင်စရာပဲ… ။
“ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဒီလိုအရာရှိနေတယ်လား… ရှေးဟောင်းမျှော်စင်ရဲ့ အသွင်သဏ္ဍာန်ကို ကြည့်ရတာတော့ အဲ့ဒါ ဒီနေရာမှာ တည်ရှိနေတာ နှစ်ပေါင်းအတော်ကြာပြီထင်တယ်… အဲ့ဒါက ရှေးခေတ်ကနေ ဆင်းသက်လာတဲ့ အမွေအနှစ်တစ်ခုလား ”
သီရှီထျန်သည် သူ၏ အရှေ့မှ မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းကို အချိန်တော်တော်ကြာ စိုက်ကြည့်လိုက်သည်။ သူက ထိုမြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွားသည်။ ယင်းက သူ့အမြင်မှာ ရှေးဟောင်းအမွေအနှစ်တစ်ခု ဖြစ်သည်။ ကျောက်တံခါးနှင့် ရှေးဟောင်းမျှော်စင်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအုတ်ဂူ၏ အရှိန်အဝါနှင့် တစ်ထပ်တည်း တူညီသည်။
ယင်းက အချိန်မြစ်၏ နှစ်ပေါင်းများစွာ တိုက်စားခံခဲ့ရသော လက္ခဏာ ဖြစ်သည်။ ယင်းက ရှေးကျပြီး အကန့်အသတ်မဲ့သည်။
သူ၏ ခန့်မှန်းမှုအရ ထိုအမွေအနှစ်ထဲမှာ လျှို့ဝှက်ချက်အကြီးကြီးတစ်ခု ရှိရမည်။ ဖြစ်နိုင်သည်မှာ ရှေးခေတ်မှ လျှို့ဝှက်ချက်များကို ဤနေရာမှာ မြှုပ်နှံထားသည်။
“ ဒီနေရာက အရမ်းကြောက်စရာကောင်းတယ်… ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားအရ ဒီနေရာကို ငါခြေမချနိုင်ဘူး… တကယ်လို့ မဆင်မခြင် အထဲ ငါဝင်သွားမယ်ဆိုရင် ဒီနေရာမှာ ငါသေဆုံးသွားနိုင်တယ် ”
လူတိုင်းသည် သဘာဝအလျောက် စူးစမ်းသိလိုကြသည်။ သီရှီထျန်သည်လည်း ချွင်းချက်မဟုတ်ပေ။ သို့သော်လည်း ထိုအမွေအနှစ်ထဲမှာ ဖော်မပြနိုင်သော ခြိမ်းခြောက်မှုက ကိန်းအောင်းနေသည်ဟု သူ့စိတ်ထဲမှာ ခံစားနေမိသည်။ ယင်းက သူ့အသက်ကို အန္တရာယ်ပေးနိုင်သည်။
သူက ယခုမှ မိစ္ဆာသားရဲတစ်ကောင်မျှသာ ရှိသေးသည်။ ရှေးဟောင်းမျှော်စင်နားသို့ ချဉ်းကပ်သွားရန်မဆိုထားနှင့် ကျောက်တံခါးကိုပင် သူမဖွင့်နိုင်လောက်ပေ။
သူက အားနည်းလွန်းသည်။
ရှေးဟောင်းအမွေအနှစ်၏ အရှေ့တွင် မိစ္ဆာသားရဲတစ်ကောင်ဖြစ်သော သူက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ သေးငယ်သော မတော်တဆမှုတစ်ခုကပင် သူ၏ အသက်ကို နုတ်ယူသွားနိုင်သည်။
သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သီရှီထျန်သည် သူ၏ အသက်ကို အမြဲတမ်း တန်ဖိုးထားသည်။ သူ၏ မျက်စိအရှေ့မှ ရှေးဟောင်းအမွေအနှစ်ကို သူစိတ်ဝင်စားသော်လည်း ထိုအတွက်ဖြင့် သူ၏ အသက်ကို မစွန့်စားနိုင်ပေ။
သူက ခေါင်းလှည့်လိုက်သည်။ သူ့အကြည့်က မနီးမဝေးမှ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ ကျောက်တိုင်သည် ဖော်မပြနိုင်အောင် အလွန်ရှည်လျားသည်။ ယင်းက မြေကြီးပေါ်မှာ ရှေးဟောင်းဓားတစ်လက်ကဲ့သို့ ထောင်မတ်နေသည်။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ကျောက်တိုင်ထံမှ ထွက်ပေါ်နေသည်။
ရှေးဟောင်းကျောက်တိုင်ပေါ်တွင် ထူးဆန်းသော စကားလုံးတချို့ကို ရေးထွင်းထားသည်။ သီရှီထျန်သည် အစွမ်းအကုန်သုံး၍ ကျောက်တိုင်ကို ကြည့်လိုက်သည်။ သို့သော်လည်း မကြာမီ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ရှေးဟောင်းကျောက်တိုင်ပေါ်မှ စာလုံးများက အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းတို့ကို သူမသိပေ။ ထိုသို့ရှေးဟောင်းစာလုံးများကို တစ်ခါမှ သူမမြင်ဖူးပေ။ ရှေးဟောင်းစာလုံးများကို ကျောက်တိုင်ပေါ်မှာ ရေးထွင်းထားသည်။ သို့သော်လည်း ယင်းတို့က အသက်မဲ့နေသော စာလုံးများ မဟုတ်ကြပေ။ ယင်းအစား ထိုစာလုံးများထဲမှာ စိတ်ဝိညာဉ်ရှိနေဟန် အောက်မေ့ရသည်။ စာလုံးတစ်လုံးစီမှာ အံ့ဖွယ်ကောင်းသော စွမ်းအားက ကိန်းအောင်းနေသည်။
“ ဒီနေရာက လောလောဆယ် ငါခြေချနိုင်တဲ့နေရာ မဟုတ်ဘူး… အနာဂတ်မှာ ငါပိုပြီးသန်စွမ်းလာမှပဲ ဒီရှေးဟောင်းအမွေအနှစ်ထဲမှာ မြှုပ်ကွယ်နေတဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းဖော်ထုတ်နိုင်လိမ့်မယ် ”
စက်ကရာက ဆုံးဖြတ်ချက်ပြတ်သားစွာ ခေါင်းခါလိုက်သည်။ ထူးဆန်းသော မြေအောက်လောကကို မမျှော်လင့်ဘဲ ရုတ်တရက် သူရှာတွေ့သွားသောကြောင့် သူ၏ အသိစိတ်ကို မဆုံးရှုံးသွားခဲ့ပေ။ သူက ရှေးဟောင်းနယ်မြေထဲသို့ မဆင်မခြင် မဝင်ရောက်သွားပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ကိုယ်ပိုင်ခွန်အားကို ကောင်းမွန်စွာ သူနားလည်သည်။
သူက ရှေးဟောင်းမျှော်စင်ထံမှ တိတ်တဆိတ် အကြည့်ပြန်ရုပ်လိုက်သည်။ ထို့နောက် သူက ကြွက်ဘုရင်ထွက်သွားသော ဦးတည်ရာသို့ ကြည့်လိုက်သည်။ ကြွက်ဘုရင်က မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားကြောင်း သူမြင်တွေ့သွားသည်။
ကြည့်ရသည်မှာ ကြွက်ဘုရင်က ဤနေရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်ဟန် ရ၏။
အစတွင် ကြွက်ဘုရင်သည် သီရှီထျန်ကို ဤနေရာဆီသို့ တမင်မျှားခေါ်လာခဲ့သည်။ သူက သီရှီထျန် စိတ်လွတ်သွားပြီး အမွေအနှစ်နယ်မြေထဲ ဝင်ရောက်သွားရန် မျှော်လင့်နေသည်။ ထိုနည်းဖြင့်ဆိုလျှင် သူက အမွေအနှစ်နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ချေးငှား၍ သီရှီထျန်ကို ဒဏ်ရာရစေလိမ့်မည်။
“ ဟွန့်… အနံ့ဆိုးကြွက်… မင်းပြေးတာ မြန်လို့ပေါ့ ”
သီရှီထျန်က နှာခေါင်းရှုံ့လိုက်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက အေးတိအေးစက် လေသံဖြင့် ပြောသည်။
“ ဒါပေမဲ့ ဒီရှေးဟောင်းအမွေအနှစ်ကို ရှာတွေ့သွားတာက ငါ့အတွက် ကြီးမားတဲ့ အကျိုးအမြတ်ပဲ… ဒီတစ်ကြိမ် မင်းကံကောင်းသွားတယ်လို့ မှတ်ပါ ”
ကြွက်ဘုရင်ကို သူလွှတ်မပေးချင်ပေ။ သို့သော်လည်း မြေအောက်လောကက အလွန်ရှုပ်ထွေးသည်။ ယခု ကြွက်ဘုရင်က မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားလေရာ ၎င်းကို သူလိုက်ရှာရန် မလွယ်ကူပေ။ သို့ဖြစ်၍ ဤနေရာမှာ နောက်ထပ် ဆက်နေရန် မလိုအပ်တော့ပေ။
သူက အနောက်လှည့်လိုက်ပြီး အစောနက သူလျှောက်လာခဲ့သော လမ်းကြောင်းအတိုင်း လျှောက်သွားသည်။ ထို့နောက် သူက ကျားလက်သည်းကို မြှောက်လိုက်ပြီး သူ၏ ဦးခေါင်းပေါ်မှ မြေကြီးကို တိုက်ခိုက်လိုက်သည်။
" ဗုန်း "
အားကောင်းသော တိုက်ခိုက်မှုကြောင့် မြေကြီးနှင့် ကျောက်တုံးများက အောက်သို့ ပြိုကျလာကြသည်။ အမွေအနှစ်နယ်မြေဆီသို့ ဦးတည်နေသော လမ်းကြောင်းက မျက်စိတစ်မှိတ်အတွင်းမှာ တားဆီးပိတ်ဆို့ခံလိုက်ရသည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ သူဆင်းလာခဲ့သော လမ်းကြောင်းအတိုင်း အပေါ်သို့ ပြန်တတ်သွားသည်။
မြေအောက်ထဲမှ ကြွက်အုပ်စုအတွက် သူ၏ ခေါင်းထဲမှာ ပြီးပြည့်စုံသော အစီအစဉ်တစ်ခု ရှိသည်။
“ ငါ့ညီမလေး အပေါ်မှာ ဘယ်လိုနေနေလဲ မသိဘူး… ဒီတစ်ကြိမ် အဲ့ဒီကြွက်နောက်ကို ငါလိုက်သွားတာ အချိန်ကြာသွားတယ်… သူဘာမှမဖြစ်ဖို့ ငါမျှော်လင့်တယ် ”
စက်ကရာသည် မြေကြီးပေါ်မှ ကျားဖြူလေးအကြောင်း ပြန်စဉ်းစားမိသောအခါ မြေအောက်ထဲမှာ ဆက်မနေချင်တော့ပေ။ သူက အမြန်ဆုံး အလျင်နှင့်အတူ မြေကြီးပေါ်သို့ ပြန်တတ်သွားသည်။ မည်သို့ဖြစ်ပါစေ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် အန္တရာယ်မျိုးစုံ ရှိသည်။
ကျားဖြူလေး၏ စွမ်းရည်အရ သူက ထိုအန္တရာယ်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူက ဤနေရာသို့ ပြေးမလာခင် ခြိမ်းခြောက်သတိပေးသော ဟိန်းသံကို ထုတ်လွှတ်ခဲ့သော်လည်း မည်သည့်မတော်တဆမှုမှ မဖြစ်စေရန် သူကိုယ်တိုင် အနားမှာရှိနေခြင်းက ပိုကောင်းလိမ့်မည်။
ကျားဖြူလေးအကြောင်း စဉ်းစားမိသွားသည့်အခါ သီရှီထျန်၏ နှလုံးသားထဲမှာ သံသယတချို့ ထွက်ပေါ်လာသည်။
“ ငါ့ညီမလေးက ဘယ်လို ပြန်လွတ်လာတာလဲ… ပြီးတော့ ဘာလို့ ဟိုလူသားမိန်းကလေးက ညီမလေးနဲ့ အတူရှိနေတာလဲ… ငါ့အမေနဲ့ ညီငယ်ညီမငယ်ကို မသေမျိုးကျင့်ကြံသူတွေက ဖမ်းခေါ်သွားခဲ့တာကို ငါ့မျက်စိနဲ့ သေချာမြင်ခဲ့တာပါ… မဖြစ်ဘူး… အဲ့ဒါကို ရှင်းရှင်းလင်းလင်း ငါမေးရမယ် ”
လမ်းတစ်လျှောက်တွင် ထိုအကြောင်းကို သူတွေးလိုက်သည့်အခါ သူ့နှလုံးသားထဲမှ သံသယများက သူ့ကို စိုးရိမ်ကြောင့်ကြစေသည်။ သူ့ညီမလေး၏ ပြန်ရောက်လာမှုက သူတို့အဖမ်းခံရပြီးနောက် ဖြစ်ပျက်ခဲ့သော ကိစ္စများကို သူ့အား အတိအကျ အဖြေပေးနိုင်လိမ့်မည်။
မေမေကျားဖြူနှင့် သူ၏ ညီလေးတို့ မည်သို့ဖြစ်ပျက်ခဲ့ကြောင်း သူသိချင်သည်။
မေးခွန်းအများကြီးက သူ၏ စိတ်ထဲမှာ ဆက်တိုက် ထွက်ပေါ်လာသည်။
အတိတ်၌ ဖြစ်ပျက်ခဲ့သောအရာက သူ၏ နှလုံးသားထဲမှာ ဆူးတစ်ချောင်းပမာ ရှိနေသည်။ ထိုဆူးက သူ့နှလုံးသားထဲမှာ နက်ရှိုင်းစွာ စူးဝင်နေသည်။ ထိုအကြောင်းကို ပြန်တွေးလိုက်သည့်အခါတိုင်း သူ၏ နှလုံးသားက စူးရှနာကျင်လာသည်။ သူ့မိသားစု ဖမ်းခေါ်ခံသွားရသည်ကို အကူအညီမဲ့စွာ ကြည့်နေရသော ခံစားချက်ကို မည်သည့်အခါမှ သူမေ့ပစ်နိုင်မည် မဟုတ်ပေ။
ထိုအဖြစ်အပျက်က သူ့အား အမြန်ဆုံး ပိုပြီးသန်မာလာစေရန် တွန်းအားပေးသည်။ သူက ထိုသို့အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ဖြစ်ပေါ်လာမည်ကို ခွင့်မပြုနိုင်ပေ။
ထိုသို့အခြေအနေကို တားဆီးရန်မှာ နည်းလမ်းတစ်ခုတည်း ရှိသည်။
ယင်းက သူပိုပြီးသန်မာလာရန် ဖြစ်သည်။
“ အမဖေးဖေး… ဘာလို့ အကိုကြီးက ပြန်မရောက်လာသေးတာလဲ… သူသွားတာ အရမ်းကြာနေပြီ… သူတစ်ခုခုများ ဖြစ်နေတာလား ”
ကျားဖြူလေးသည် မြေကြီးထဲမှ ဧရာမတွင်းပေါက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ မျှော်လင့်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။ သူရင်းနှီးကျွမ်းဝင်သော ပုံရိပ်က ထိုဧရာမတွင်းပေါက်ထဲမှ ချက်ချင်း ခုန်ထွက်လာရန် သူမျှော်လင့်နေသည်။ သူစကားပြောလိုက်သည့်အခါ သူ၏ အသံထဲမှာ စိုးရိမ်ပူပန်သော စိတ်ခံစားမှု ပါဝင်နေသည်။
“ ဘာမှမစိုးရိမ်ပါနဲ့ ရှောင်ပိုင်… နင့်ရဲ့ အကိုကြီးက ဒီလောကမှာ အသန်မာဆုံးလို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား… အဲ့ဒီကြွက်က နင့်ရဲ့ အကိုကြီးကို အနိုင်မယူနိုင်ပါဘူး… သူက မကြာခင် ပြန်ထွက်လာတော့မှာပါ ”
မိန်းကလေးသည် ကျားဖြူလေး၏ ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပြုံးလိုက်သည်။ သူက ရှောင်ပိုင်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ ရံဖန်ရံခါ သူသည်လည်း ဧရာမတွင်းပေါက်ထံသို့ လှမ်းကြည့်လေ့ရှိသည်။
အကြောင်းအရင်းကို သူမသိသော်လည်း ကျားနက်က ကြွက်ဘုရင်ကို တစ်ချက်တည်းဖြင့် အမှောက်သိပ်နိုင်ခဲ့ကြောင်း မြင်လိုက်ရပြီးနောက် ကျားနက်အပေါ် သူသည်လည်း ယုံကြည်မှုရှိသွားသည်။
အမှန်မှာ သူက ကျားဖြူလေးကိုသာ နှစ်သိမ့်ပေးနေခြင်း မဟုတ်ပေ။ သူက သူ့ကိုယ်သူလည်း နှစ်သိမ့်ပေးနေသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကြွက်ဘုရင်ကို မြင်တွေ့ပြီးနောက် ဤနေရာမှ တိရိစ္ဆာန်များက ယခင်က သူမြင်ခဲ့ဖူးသော တိရိစ္ဆာန်များနှင့် ကွဲပြားခြားနားနေကြောင်း သူနားလည်သွားသည်။ သူတို့အားလုံးက ဉာဏ်ရည်မြင့်မားကြပြီး ရက်စက်ကြမ်းကြုတ်ကြသည်။
သို့ဖြစ်၍ အကယ်၍ သူသာ ဤနေရာမှာ သတိပေါ့ဆမည်ဆိုလျှင် အချိန်မရွေး အသက်အန္တရာယ်ကြုံရနိုင်သည်။ သီရှီထျန်၏ ခွန်အားက သူ့အား ဘေးကင်းလုံခြုံမှုကို ခံစားရစေသည်။
“ ရှောင်ပိုင် ”
မိန်းကလေးက သူ့ဘာသာ အတွေးနစ်မွန်းနေစဉ် အော်ခေါ်သံက ဧရာမတွင်းပေါက်ထဲမှ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ “ ဝှစ် ”ဟူသော မြည်သံနှင့်အတူ အနက်ရောင်ပုံရိပ်တစ်ခုက မြေကြီးထဲမှ ချက်ချင်း ခုန်ထွက်လာသည်။ တစ်ချိန်တည်းမှာ ကြမ်းတမ်းသော လေပြင်းက သူတို့အပေါ်သို့ တိုက်ခတ်လာသည်။
ယင်းကို ကျားဖြူလေး မြင်သွားသောအခါ သူက မျက်လုံးပြူးကျယ်သွားပြီး ဝမ်းသာပျော်ရွှင်သွားသည်။ သူက အရှေ့သို့ အမြန်ပြေးသွားသည်။ သူက ပြေးသွားနေရင်း အော်ခေါ်လိုက်သည်။
“ အကိုကြီး… ဘာလို့ အဲ့လောက်တောင် ကြာနေတာလဲ… အကိုကြီးက ရှောင်ပိုင်ကို မလိုချင်တော့လို့ ထားခဲ့ပြီလားလို့တောင် တွေးနေတာ ”
သူက စကားပြောနေရင်း သီရှီထျန်၏ ဘေးသို့ ပြေးသွားပြီး သူ၏ ခြေထောက်ပေါ်မှာ မှီလိုက်သည်။ သီရှီထျန်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အနွေးဓာတ်ကို ကျားဖြူလေးက ဝမ်းသာပျော်ရွှင်စွာ ခံစားလိုက်သည်။
“ ဟား… ဟား ”
သီရှီထျန်က တွင်းပေါက်ထဲမှ ခုန်ထွက်လာသည်။ ရှောင်ပိုင်ကို မြင်သွားသောအခါ သူ၏ မျက်လုံးထဲမှ အေးစက်မှုနှင့် မောက်မာထောင်လွှားမှုက ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့ပြင် ရှားပါးသော သိမ်မွေ့ညင်သာမှုက ထွက်ပေါ်လာသည်။
သူက ရှောင်ပိုင်ကို ပြုံးပြလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ မင်းက ငါ့ရဲ့ ညီမလေးလေ… ငါက ဘာလို့ မင်းကို မလိုချင်ရမှာလဲ… တစ်ယောက်ယောက်က မင်းကို ထိခိုက်နာကျင်အောင် လုပ်ရဲရင် အဲ့ဒီသူက မိစ္ဆာပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ငါသီရှီထျန်က သူ့ကို အပြတ်ရှင်းပစ်မယ် ”
သူ၏ ပထမစကားက နူးညံ့သည်။ ယင်းထဲမှာ အကိုတစ်ယောက်၏ ချစ်ခင်ကြင်နာမှုဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူ၏ ဒုတိယစကားက အလွန်အေးစက်သည်။ တစ်ဖက်လူက မည်မျှသန်စွမ်းပါစေ သို့မဟုတ် သူ့မှာ မည်မျှကြီးမားသော နောက်ခံရှိပါစေ သူ၏ မိသားစုဝင်များကို ထိခိုက်နာကျင်အောင် ပြုလုပ်ဝံ့လျှင် ထိုသူကို လုံးဝ သူအလွတ်ပေးမည် မဟုတ်ချေ။
သူ့မိသားစုဝင်များက သူ၏ ပြောင်းပြန်နဂါးအကြေးခွံ ဖြစ်သည်။ မည်သူမှ ယင်းကို မထိနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ယင်းကို သွားထိမည်ဆိုလျှင် သူ၏ ကြီးမားသော အမျက်ဒေါသကို ခံစားရလိမ့်မည်။ ထိုအဖြစ်အပျက်သည် အတိတ်မှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ ထိုသို့အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာမည်ကို သူခွင့်မပြုပေ။
“ အကိုကြီး… ရှောင်ပိုင် အရမ်းပျော်တာပဲ ”
ရှောင်ပိုင်သည် ခေါင်းမော့လိုက်ပြီး သီရှီထျန်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာသည်။
သီရှီထျန်၏ စကားက ကျားဖြူလေး၏ နှလုံးသားကို လှုပ်ခတ်စေခဲ့ကြောင်း ထင်ရှားပေသည်။