← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း(၁၆၀)

“ ချွတ် ”

ထိုစဉ် တစ်စုံတစ်ခုကျိုးပဲ့သွားသော မြည်သံက ထွက်ပေါ်လာပြီး မောင်နှမနှစ်ယောက်၏ နွေးထွေးကြင်နာသော စကားဝိုင်းကို နှောင့်ယှက်လိုက်သည်။ တစ်စုံတစ်ယောက်က လှည့်ကြည့်မည်ဆိုလျှင် မိန်းကလေး၏ ခြေဖဝါးအောက်မှ သစ်ကိုင်းခြောက်က ကျိုးပဲ့သွားကြောင်း မြင်ရလိမ့်မည်။ အစောနက မြည်သံသည် ထိုနေရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ အကိုကြီး… ရှောင်ပိုင် အကိုကြီးကို ငါ့ရဲ့ အမနဲ့ မိတ်ဆက်ပေးမယ်… အမက ငါ့အပေါ် အရမ်းချစ်ခင်ကြင်နာတာ… အမကြောင့်မဟုတ်ရင် ရှောင်ပိုင်က ဘယ်တော့မှ အကိုကြီးနဲ့ ပြန်တွေ့ဆုံနိုင်မလဲ မသိဘူး ”

ရှောင်ပိုင်သည် မိန်းကလေးကို မြင်သွားပြီးနောက် သီရှီထျန်ကို မိန်းကလေး၏ အရှေ့ဆီသို့ အမြန်ခေါ်ဆောင်သွားပြီး မိတ်ဆက်ပေးလိုက်သည်။

“ အကိုကြီး… သူက အမဖေးဖေး… အမဖေးဖေး… သူက ငါ့ရဲ့ အကိုကြီး ”

သိမ်မွေ့သော အသံက မိန်းကလေးနှင့် သီရှီထျန်ကြားမှာ ထွက်ပေါ်လာသည်။

သူ့အရှေ့မှ မိန်းကလေးကို တစ်ချက်ကြည့်လိုက်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားက အပေါက်အပြဲများစွာဖြင့် ညစ်ပတ်စုတ်ပြတ်နေကြောင်း သီရှီထျန် သတိထားမိသွားသည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထိုအပေါက်အပြဲများက တောအုပ်ထဲမှ အဆူးချွန်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူခန့်မှန်းနိုင်သည်။

ထိုမိန်းကလေးသည် ဤနေရာသို့ ရောက်လာရန် ခရီးအဝေးကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရကြောင်း သူပြောနိုင်သည်။ သူ၏ ဖိနပ်များက စုတ်ပြဲနေလေရာ ယင်းတို့ကို နောက်ထပ် ဆက်ဝတ်ရန် မသင့်တော်တော့ပေ။ ဖိနပ်၏ အပေါက်များမှတဆင့် သူ၏ ခြေချောင်းများကိုပင် သူမြင်နိုင်ပေသည်။

ရှောင်ပိုင်၏ စကားကို စက်ကရာ ကြားပြီးနောက် မိန်းကလေးအပေါ် ကြည့်သော သူ၏ အကြည့်က အများကြီး နူးညံ့သွားသည်။

သူက မသေမျိုးကျင့်ကြံသူများကိုသာ မုန်းတီးသည်။ ထိုမိန်းကလေးက မည်သည့်ကျင့်ကြံခြင်းမှမရှိသော သာမန်မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်သည်။

ထို့ပြင် သူက ရှောင်ပိုင်ကို ဤနေရာဆီသို့ လာပို့ရန် အခက်အခဲများစွာကို တွေ့ကြုံခဲ့ရသည်။ ထိုကျေးဇူးတရားက အလွန်ကြီးမားသည်။ အရေးကြီးဆုံးမှာ မိန်းကလေး၏ အရှိန်အဝါ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်ဝဲနေသော အရှိန်အဝါက သဘာဝတရားနှင့် လိုက်လျောညီထွေဖြစ်နေဟန် ရ၏။

ထို့ကြောင့် သူက မိန်းကလေးကို စိမ်းကားသည်ဟု မခံစားရပေ။ ထို့ပြင် ထိုအရှိန်အဝါက သူ့ကို စိတ်သက်တောင့်သက်သာ ရှိစေသည်။ သူက မိန်းကလေးအပေါ် မနှစ်မြို့မှု လုံးဝ မခံစားရပေ။

“ ဒီဘုရင်က ရှောင်ပိုင်ရဲ့ အကိုကြီးပဲ… မင်းငါ့ကို သီရှီထျန်လို့ ခေါ်နိုင်တယ် ”

“ ကျွန်မက ဇီဖေးပါ… ရှင်က ရှောင်ပိုင်ရဲ့ အကိုဆိုတော့ ကျွန်မကို ဇီဖေး ဒါမှမဟုတ် ဖေးဖေးလို့ ခေါ်နိုင်ပါတယ် ”

ဇီဖေးအမည်ရသော မိန်းကလေးက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သီရှီထျန်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။

ယင်းကို ကြားသောအခါ သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ ဒီတစ်ကြိမ် မင်းက ရှောင်ပိုင်ကို ငါ့ဆီ လာပို့ပေးခဲ့တယ်… ဒီတော့ ငါသီရှီထျန်က မင်းအပေါ် ကျေးဇူးအကြွေးတင်သွားပြီ… တကယ်လို့ အနာဂတ်မှာ မင်းလိုအပ်တာတစ်ခုခုရှိရင် ငါ့ကို ပြောပါ… အဲ့ဒါက ငါ့ရဲ့ သတ်မှတ်ချက်ထက် မကျော်လွန်ဘူးဆိုရင် ကောင်းကင်ဘုံပဲ တတ်ရတတ်ရ ငရဲပြည်ပဲ သွားရသွားရ ငါလုပ်ပေးမယ် ”

ယင်းက ကတိစကား ဖြစ်သည်။ သီရှီထျန်၏ နှလုံးသားထဲ၌ ထိုသို့ကတိက အလွန်တန်ဖိုးကြီးမားသည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူသည် တခြားလူများကို အလွယ်တကူ မယုံကြည်တော့ပေ။ ထို့ကြောင့် သူက တစ်စုံတစ်ယောက်ကို ကတိပေးပြီးလျှင် ယင်းကို သေချာပေါက် ဆောင်ရွက်လိမ့်မည်။ သူသည် ပြောစကားအတိုင်း လက်တွေ့လုပ်ဆောင်တတ်သူ ဖြစ်သည်။ သို့ဖြစ်၍ သူက မည်သူ့ကိုမှ လွယ်လွယ်ကူကူ ကတိမပေးခဲ့ပေ။

တောင်းဆိုမှုက သူ၏ မူဝါဒကို မလွန်ဆန်သည့်အရာဆိုလျှင် ထိုအရာကို ဖြည့်ဆည်းပေးရန် အကောင်းဆုံး သူကြိုးစားလိမ့်မည်။ သို့ဖြစ်၍ ကတိပေးခြင်းက သီရှီထျန်အတွက်တော့ ကြီးမားသော ကမ္မကို ကိုယ်တိုင်ဖန်တီးခြင်း ဖြစ်သည်။

ယခု သူက ထိုသို့တန်ဖိုးကြီးမားသော ကတိကို ဇီဖေးဟူသော မိန်းကလေးကို ပေးလိုက်သည်။

သို့သော်လည်း လက်ရှိ ဇီဖေးသည် ထိုကတိက မည်မျှတန်ဖိုးကြီးမားကြောင်း နားမလည်ပေ။ နောင်တစ်ချိန်တွင် ခရမ်းရွှေကုန်းမြေသည် သီရှီထျန်၏ ထိုကတိကြောင့် မုန်တိုင်းထန်သွားလိမ့်မည်။

မှန်ပေသည်။ ဇီဖေးက ထိုကတိကို အလေးအနက်မထားပေ။

သူက ရိုးသားစွာ ပြုံးလိုက်သည်။ သူက ခေါင်းခါလိုက်ပြီး ပြောသည်။

“ အကိုသီ… ရှောင်ပိုင်က အကို့ကို အရမ်းတွေ့ချင်နေတာ… ကျွန်မက ရှောင်ပိုင်ကို အဖော်ပြုပေးဖို့ လိုက်လာရုံပါပဲ… အကိုသီ အဲ့ဒါကို အလေးအနက်ထားနေစရာ မလိုပါဘူး ”

ဇီဖေးသည် စေတနာသန့်သန့်ဖြင့် သူလုပ်ဆောင်ခဲ့သော အရာအတွက် အကျိုးအမြတ်မယူချင်ပေ။

ထိုမိန်းကလေးသည် တခြားလူသားများနှင့် အမှန်တကယ် ကွဲပြားသည်။

စက်ကရာက သူ့စိတ်ထဲ၌ ဇီဖေးကို တိတ်တဆိတ် အသိအမှတ်ပြုလိုက်သည်။ သူက ဆက်ပြောသည်။

“ မင်း ရှောင်ပိုင်ကို သဘောကျတယ်ဆိုရင် ငါပြောတာကို လက်ခံပါ… ငါက ရှောင်ပိုင်ရဲ့ အကိုပဲ… မင်းက ရှောင်ပိုင်ကို ငါ့ဆီ ခေါ်ဆောင်ပေးခဲ့တယ်… ငါမင်းအပေါ် ကျေးဇူးအကြွေးတင်သွားပြီ… မင်းလက်ခံခံ လက်မခံခံ ငါ့ရဲ့ စကားကို မပြောင်းလဲဘူး ”

သူက စကားဆုံးသည်နှင့် ခေါင်းလှည့်လိုက်ပြီး ရှောင်ပိုင်ကို ကြည့်လိုက်သည်။

“ ရှောင်ပိုင်… သွားကြစို့… အကို မင်းကို ငါတို့ရဲ့ အိမ်အသစ်ဆီ ခေါ်ဆောင်သွားမယ်… မိန်းကလေးဇီဖေးလည်း လိုက်ခဲ့ပါ ”

သီရှီထျန်သည် စကားဆုံးသည်နှင့် အနောက်လှည့်လိုက်ပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ဦးတည်သွားသည်။

“ အမဖေးဖေး ”

ရှောင်ပိုင်က အော်ခေါ်လိုက်ပြီး ဇီဖေး၏ လက်မောင်းထဲသို့ ရုတ်တရက် ခုန်ဝင်သွားသည်။ ထို့နောက် သူက မိန်းကလေး၏ လက်ကို သူ၏ ဦးခေါင်းဖြင့် ညင်သာစွာ တိုးဝှေ့လိုက်သည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး ပြောသည်။

“ အမဖေးဖေး… အကို့နောက်ကနေ လိုက်သွားရအောင် ”

ဇီဖေးက ခေါင်းညိတ်လိုက်သည်။ သူက သူ၏ လက်မောင်းထဲမှာ ရှောင်ပိုင်နှင့် မြေခွေးဖြူလေးကို ပွေ့ပိုက်ထားလျက် သီရှီထျန်နောက်သို့ လိုက်သွားသည်။ ဇီဖေးက သာမန်လူတစ်ယောက်ဖြစ်ကြောင်း သီရှီထျန် သိသည်။ ထို့ကြောင့် သူက တောအုပ်ထဲမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။

‘ အဲ့ကျားနက်ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက တကယ် ကြောက်စရာပဲ… ငါသူ့ကို မတွေ့တာ လအနည်းငယ်ပဲ ရှိသေးတယ်… အဲ့ဒီတုန်းက သူက ဝိညာဉ်သားရဲတစ်ကောင်ပဲ ရှိသေးတယ်… အခု ငါတို့ ထပ်တွေ့ဆုံတဲ့အခါ သူက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီ… ငါ့ရဲ့ ဘဝတစ်လျှောက်မှာ ဒီလောက်မြန်တဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကို တစ်ခါမှ မမြင်ဖူးဘူး… ဒီကျားနက်က ဘာတွေ ထူးခြားနေတာလဲ… ’

ခရီးတစ်လျှောက်တွင် မြေခွေးဖြူလေးက သီရှီထျန်ကို ရံဖန်ရံခါ ကြည့်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်က သေချာသတိထား၍ ကြည့်မည်ဆိုလျှင် မြေခွေးဖြူလေး၏ မျက်လုံးထဲမှာ အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်နေကြောင်း မြင်ရလိမ့်မည်။ ဤသည်မှာ သူက မယုံကြည်နိုင်စရာကောင်းသော တစ်စုံတစ်ခုကို မြင်လိုက်သည့်အလားပင်။

တခြားလူများက ယင်းကို သတိထားမိကြမည် မဟုတ်ချေ။ သို့သော်လည်း သူကတော့ ယင်းကို သေချာနားလည်သည်။ တစ်နှစ်မပြည့်ခင်မှာတင် မည်သည့်ကျင့်ကြံခြင်းစွမ်းအားမှမရှိသော ကျားတစ်ကောင်က အဆင့်များစွာကို ဆက်တိုက် ချိုးဖြတ်သွားပြီး မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာခဲ့သည်။ ထိုသို့ကျင့်ကြံခြင်းအမြန်နှုန်းက အလွန်အံ့ဩစရာကောင်း၏။ မိစ္ဆာသားရဲဖြစ်လာရန် တစ်နှစ်ဟူသော အချိန်ကာလက သာမန်ကျေးငှက်များနှင့် တိရိစ္ဆာန်များအတွက် မည်သို့မှမဖြစ်နိုင်ပေ။ သာမန်တိရိစ္ဆာန်တစ်ကောင်က မိစ္ဆာသားရဲဖြစ်လာချင်လျှင် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးခြင်း၊ မရီဒျန်ဖွင့်လှစ်ခြင်းနှင့် မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်းကို ဖြတ်ကျော်ရလိမ့်မည်။ တစ်နှစ်ဟူသော အချိန်ကာလက ထိုအတွက် မလုံလောက်ပေ။ ထို့ပြင် တိရိစ္ဆာန်အားလုံးက မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီး မိစ္ဆာသားရဲမဖြစ်လာနိုင်ကြချေ။

သို့သော်လည်း သူ့အရှေ့မှ ကျားနက်သည် မည်သူမှ မလုပ်ဆောင်နိုင်သောအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့သည်။ သူက တစ်နှစ်အတွင်းမှာ မိစ္ဆာသားရဲဖြစ်လာခဲ့သည်။ သို့ဖြစ်လေရာ မြေခွေးဖြူလေးက မည်သို့ကြောင့် မအံ့ဩဘဲ နေမည်နည်း။

‘ ကြည့်ရတာ သူ့အပေါ် ငါ့ရဲ့ စံသတ်မှတ်ချက်က နိမ့်ကျနေသေးတဲ့ပုံပဲ… သူက ငါ့ကိုတောင် အံ့ဩသွားစေတယ် ’

မြေခွေးဖြူလေး၏ စိတ်ထဲမှာ သံသယတချို့ ဖြစ်ပေါ်လာသည်။ သူက မိန်းကလေး၏ လက်မောင်းထဲမှာ လဲလျောင်းနေရင်း သူ့စိတ်ထဲမှာ တွေးတောလိုက်သည်။ သူက ခါတိုင်းကဲ့သို့ မည်သည့်စကားမှမပြောပေ။

“ အကိုကြီး… ငါတို့ ဘယ်သွားနေတာလဲ ”

ရှောင်ပိုင်သည် သူ့အရှေ့မှ သီရှီထျန်ကို ကြည့်လိုက်ပြီး စူးစမ်းလိုစွာ မေးသည်။ သူက ဘေးဘီကို ကြည့်လိုက်ပြီး ဆက်ပြောသည်။

“ ငါနဲ့ အမဖေးဖေးက အကို့ကို ရှာဖို့ ကျားရဲတောင်တန်းက လှိုဏ်ဂူဆီ သွားခဲ့သေးတယ်… ဒါပေမဲ့ အကို့ကို ရှာမတွေ့ခဲ့ဘူး… အကို ဘာလို့ ဒီကို ပြောင်းလာတာလဲ ”

မည်သို့ကြောင့် သူ့အကိုက ကျားရဲတောင်တန်းဒေသမှ ထွက်သွားခဲ့ကြောင်း ကျားဖြူလေး အလွန်သိချင်သည်။

“ ညီမလေး… အကို နောက်ကျရင် မင်းကို ကိစ္စအများကြီး ပြောပြမယ်… မင်းသိထားရမှာက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဘယ်သူမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူးဆိုတာပဲ… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ရောက်တဲ့အခါ မင်းက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ မင်းသမီးလေးဖြစ်လာလိမ့်မယ်… အကိုက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ ဘုရင်ပဲ ”

“ အခုကစပြီး အကိုက မင်းကို ကာကွယ်စောင့်ရှောက်ပေးမယ်… ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး ”

သူက တည်ကြည်လေးနက်စွာ ပြောသည်။ ရှောင်ပိုင်ကို သူမြင်လိုက်သည့်အခိုက် သူ့ကို နောက်ထပ် မည်သည့်အန္တရာယ်မှ မတွေ့ကြုံရအောင် သူကာကွယ်စောင့်ရှောက်ပေးမည်ဟု သူ့စိတ်ထဲမှာ ကျိန်ဆိုလိုက်သည်။

သီရှီထျန်သည် သူ၏ မိသားစုဝင်များ နောက်ထပ် နာကျင်ရမည်ကို ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

“ အကိုကြီး… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက ဘာလဲ ”

“ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက အကို မင်းအတွက် ပြင်ဆင်ပေးထားတဲ့ အိမ်ပဲ… အဲ့ဒီမှာ မင်းက မင်းသမီးလေး ”

“ အကို… ရှောင်ပိုင်လည်း အကို့လို သန်မာလာချင်တယ်… အကို ငါ့ကို သင်ကြားပေးပါ ”

" … "

လမ်းတစ်လျှောက်တွင် ရှောင်ပိုင်သည် သီရှီထျန်ဆီမှာ ပြောစရာကိစ္စအများကြီး ရှိနေကြောင်း သတိထားမိသွားဟန် ရ၏။ ထို့ကြောင့် သူက မေးခွန်းတစ်ခုပြီးတစ်ခု မေးသည်။ ဤအခိုက်အတန့်မှာ သီရှီထျန်က အလွန်စိတ်ရှည်နေသည်။ သူက မေးခွန်းအားလုံးကို ပြန်ဖြေသည်။ အလိုလိုက်ဂရုစိုက်သော အရှိန်အဝါသည်ပင် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်။

အခြားတစ်ဖက်မှာတော့ ဇီဖေးသည် မောင်နှမနှစ်ယောက်ကြားမှ စကားများကို ဂရုတစိုက် နားထောင်နေသည်။ ရံဖန်ရံခါ သီရှီထျန်သည် တောင်ပိုင်းမြေရိုင်းဒေသနှင့်သက်ဆိုင်သော စိတ်ဝင်စားဖွယ်ကိစ္စများကို ပြောသည်။ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးအကြောင်းကိုလည်း ပြောသည်။ မြေခွေးဖြူလေးသည်ပင် နားစွင့်၍ စိတ်ဝင်တစား နားထောင်နေသည်။

ဇီဖေးက သာမန်လူဖြစ်သောကြောင့် လမ်းတစ်လျှောက်တွင် သီရှီထျန်က သူ၏ အလျင်ကို တမင်နှေးကွေးစေသည်။ သူ၏ ခန့်မှန်းမှုအရ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ပြန်ရောက်ရန် တစ်ရက် သို့မဟုတ် နှစ်ရက် ကြာမြင့်လိမ့်မည်။ သို့သော်လည်း သီရှီထျန်သည် အလျင်မလိုပေ။

အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် လေဟုန်စီးမန္တန်ကို အသုံးပြု၍ သူတို့ကို သူနှင့်အတူ ခေါ်ဆောင်သွားနိုင်ပေသည်။ သို့သော်လည်း သီရှီထျန်က ထိုသို့လုပ်ဆောင်ခြင်းကို သဘောမကျပေ။ သူတို့က လမ်းလျှောက်နေရင်း ဘေးပတ်ဝန်းကျင်မှ ရှုခင်းများကိုလည်း ကြည့်ရှုနိုင်လိမ့်မည်။ ပိုပြီးအရေးကြီးသည်မှာ မောင်နှမနှစ်ယောက်က ယခုမှ ပြန်ဆုံကြလေရာ သူတို့ဆီမှာ ပြောစရာစကားအများကြီး ရှိသည်။

မောင်နှမနှစ်ယောက်၏ ပြန်တွေ့ဆုံမှုက အလွန်နွေးထွေးသည်။

သီရှီထျန်၏ နှလုံးသားထဲမှာ မေးခွန်းများစွာ ရှိနေသော်လည်း သူက ဤအခိုက်အတန့်မှာ ဘာမှမမေးမြန်းပေ။ မည်သို့ဖြစ်ပါစေ ထိုအကြောင်းကို အပြင်မှာ မေးမြန်းရန် မသင့်တော်ပေ။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ရောက်သွားသည့်အခါ ထိုအကြောင်းကို မေးမြန်းရန် သူ့ဆီမှာ အခွင့်အရေးအများကြီး ရှိလာလိမ့်မည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

တစ်ရက်နှင့် နေ့တစ်ဝက် ကုန်ဆုံးသွားသည့်အခါ သီရှီထျန်နှင့် တခြားလူများက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

မြင့်မားသော တောင်တစ်လုံးက သူတို့၏ အရှေ့မှာ ရှိနေသည်။ ယင်းက သူတို့၏ အမြင်ကို တားဆီးပိတ်ဆို့ထားလေရာ တောင်အနောက်ဘက်မှ မြင်ကွင်းကို သူတို့မမြင်နိုင်ပေ။

“ ညီမလေး… ဒီဟာက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းပဲ… ငါတို့ရောက်ပြီ ”

သီရှီထျန်က တောင်အရှေ့မှာ ရပ်လိုက်ပြီး ရှောင်ပိုင်ကို နူးညံ့စွာ ပြောသည်။

“ ကျီး ”

ထိုစဉ် ကောင်းကင်ယံတွင် စူးရှသော ငှက်အော်သံက ပဲ့တင်ထပ်သွားသည်။ တစ်စုံတစ်ယောက်သည် ခေါင်းမော့လိုက်လျှင် ဧရာမလင်းတတစ်ကောင်က ကောင်းကင်ယံမှာ မရပ်မနား ပျံဝဲနေကြောင်း မြင်ရလိမ့်မည်။

အခန်း(၁၆၁)

လင်းတ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်ငှက်မွှေးအစုတစ်ခု ရှိသည်။ ယင်းက အလွန်မြင်သာသည်။ သူက လေထဲမှာ ပျံဝဲနေရင်း အလွန်အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ မျက်လုံးများထဲမှ အကြည့်က အလွန်စူးရှသည်။ သူက မြေပြင်ကို ကြည့်နေစဉ် သီရှီထျန်၏ ဘေးမှ ဇီဖေးကို ရုတ်တရက် မြင်သွားသည်။ ချက်ချင်းဆိုသလိုပင် သူက ရိုင်းစိုင်းကြမ်းတမ်းသွားသည်။

“ ကျီး ”

လင်းတက စူးရှကျယ်လောင်သော အော်သံကို ထုတ်လွှတ်လိုက်သည်။ သူက အောက်သို့ ရုတ်တရက် ထိုးဆင်းသွားသည်။ သူ၏ ငှက်လက်သည်းများက ရက်စက်ကြမ်းကြုတ်သော အနက်ရောင်သတ္ထုအလင်းကို ထုတ်လွှတ်နေသည်။ သူက ဇီဖေးပေါ်သို့ ကြမ်းတမ်းစွာ ထိုးသုတ်လိုက်သည်။

“ အား ”

ယင်းကို ဇီဖေးမြင်သောအခါ သူက ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။ ထိတ်လန့်ချောက်ချားမှုက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ လင်းတ၏ လက်သည်းများက သူ့အပေါ်သို့ ကျရောက်လာတော့မည်ဟု သူခံစားမိသွားသည်။ အကယ်၍ ထိုလက်သည်းများသာ သူ့ခေါင်းပေါ်သို့ ကျဆင်းလာမည်ဆိုလျှင် သူ့ဦးခေါင်းက သေချာပေါက် ကွဲထွက်သွားလိမ့်မည်။ သူက ဤနေရာမှာတင် ချက်ချင်း အသက်ဆုံးရှုံးသွားလိမ့်မည်။

“ ယင်းခုန်း… ရပ်လိုက်… အဲ့ဒါက ဒီဘုရင်ဖိတ်ခေါ်ထားတဲ့ အရေးကြီးဧည့်သည်… မရိုမသေမလုပ်နဲ့ ”

ထိုမြင်ကွင်းကို သီရှီထျန် မြင်သွားသောအခါ မောက်မာထောင်လွှားသော အကြည့်က သူ့မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ သူက ဂုဏ်ကျက်သရေကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူ၏ ကျားလက်သည်းကို မြှောက်တင်လိုက်စဉ် မိစ္ဆာချီက ပေါ်လျှိုးလာသည်။ လေထဲတွင် အနက်ရောင်ကျားလက်သည်းတစ်ခုက ချက်ချင်း ဖွဲ့စည်းသွားပြီး ယင်းခုန်း၏ လမ်းကြောင်းကို တားဆီးလိုက်သည်။

ယင်းခုန်း၏ ငှက်လက်သည်းများက အနက်ရောင်ကျားလက်သည်းနှင့် တွေ့ဆုံသွားသည့်အခါ ကျားလက်သည်းထံမှ ကြီးမားသော ခွန်အားကြောင့် သူက အောက်သို့ ပြုတ်ကျသွားသည်။

သို့သော်လည်း ကျားလက်သည်းထဲမှာ ခွန်အားအများကြီး မပါဝင်ပေ။ သူက ဇီဖေးနှင့် အတူလျှောက်လာသောကြောင့် တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်မှာ သူကျရောက်နေသည်ဟု ယင်းခုန်းက အထင်လွဲသွားခြင်းဖြစ်ကြောင်း သီရှီထျန် နားလည်သည်။ ထို့ကြောင့် ယင်းခုန်းက ဇီဖေးကို သတ်ပစ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

“ မိန်းကလေးဇီဖေး… ဘာမှမကြောက်ပါနဲ့… ငါ့ရဲ့ ဒီလက်အောက်ငယ်သားက နည်းနည်း စိတ်ကြီးပြီး မဆင်မခြင်လုပ်တတ်လို့ပါ… မိန်းကလေးဇီဖေးက သဘောထားကြီးကြီးနဲ့ သူ့ကို ခွင့်လွှတ်ပေးပါ ”

သီရှီထျန်သည် ယင်းခုန်းကို တားဆီးပြီးနောက် ဇီဖေးထံသို့ လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ သူက နူးညံ့စွာ ပြောသည်။

“ ကိစ္စမရှိပါဘူး… ရ… ရပါတယ် ”

သို့သော်လည်း ဇီဖေးက ထိတ်လန့်တုန်လှုပ်နေဆဲပင်။

“ အရှင်မင်းကြီး ”

ယင်းခုန်းသည် လေထဲမှာ အကြိမ်ရေအနည်းငယ် ဝဲပျံပြီးလျှင် လေနှင့်အတူ အောက်သို့ ဆင်းသက်လာသည်။ သူက ခေါင်းငုံ့ထားပြီး သူ့ခန္ဓာကိုယ်က တုန်ယင်နေသည်။ စိုးရိမ်ကြောင့်ကြမှုက သူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။ ရှင်းလင်းစွာပင် အစောနက ကိစ္စကြောင့် သီရှီထျန် သူ့အား အပြစ်ပေးမည်ကို ယင်းခုန်းက စိုးရိမ်နေသည်။

“ အင်း ”

စက်ကရာက ယင်းခုန်းကို ကြည့်လိုက်သည်။ သူက ထိုကိစ္စကို နောက်ထပ် မပြောတော့ပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ ချိုင့်ဝှမ်းဆီ ပြန်သွားပြီးတော့ ချီဟောင်၊ စုစုနဲ့ တခြားလူတွေကို အကြောင်းကြားလိုက်ပါ… အပြင်ထွက်လာပြီး ငါ့ညီမလေးကို လာတွေ့ဖို့ သူတို့ကို ပြောလိုက်ပါ ”

သူ၏ လေသံထဲမှာ မေးခွန်းမထုတ်နိုင်သော ဩဇာအာဏာဖြင့် ပြည့်နှက်နေသည်။ သူက အထွတ်အမြတ်ပုဂ္ဂိုလ်တစ်ဦး၏ ကြီးမြတ်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။

အရှင်မင်းကြီးရဲ့ ညီမလား… ။

ယင်းကို ကြားသောအခါ ယင်းခုန်းက မျက်လုံးပြူးသွားသည်။ သူက ခေါင်းမော့လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သူ၏ စူးရှသော မျက်လုံးကြောင့် ဇီဖေး၏ လက်မောင်းထဲမှ ကျားဖြူလေးကို ချက်ချင်း သူသတိထားမိသွားသည်။

ဤနေရာတွင် ကျားဟူ၍ ထိုကျားဖြူလေးသာ ရှိ၏။ ထို့ကြောင့် အရှင်မင်းကြီး၏ ညီမလေးက ထိုကျားဖြူလေးမှလွဲ၍ တခြားမဖြစ်နိုင်ပေ။

ချက်ချင်းဆိုသလိုပင် ကျားဖြူလေးကို ကြည့်သော သူ့မျက်လုံးထဲမှာ ရိုသေလေးစားမှု ထွက်ပေါ်လာသည်။

" ကောင်းပါပြီ အရှင်မင်းကြီး "

ယင်းခုန်းက ခေါင်းညိတ်လိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အမြန်ဦးတည်သွားသည်။

“ သွားကြစို့… ငါတို့လည်း ချိုင့်ဝှမ်းထဲ ဝင်ကြမယ် ”

သီရှီထျန်က ဇီဖေးကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ သူက ချိုင့်ဝှမ်းဆီသို့ ဦးတည်နေသော လှိုဏ်ခေါင်းထဲသို့ အရှေ့မှ ဦးဆောင်ဝင်သွားသည်။ သို့သော်လည်း လှိုဏ်ခေါင်းထဲမှာ သူလမ်းလျှောက်နေစဉ် သူ၏ အကြည့်က ဇီဖေး၏ လက်ထဲမှ မြေခွေးဖြူလေးပေါ်သို့ ကျရောက်သွားသည်။ ထူးဆန်းသော အလင်းရောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်စုံတစ်ခုကို နက်နဲစွာ တွေးတောနေဟန် ရ၏။

လှိုဏ်ခေါင်းထဲမှာ လမ်းကြောင်းအများကြီး ရှိသည်။ ယင်းက ဝင်္ကပါတစ်ခုနှင့် ဆင်တူသည်။ အကယ်၍ တစ်စုံတစ်ယောက်က လမ်းကြောင်းအမှန်ကို မသိထားလျှင် ဤလှိုဏ်ခေါင်းထဲမှာ လမ်းပျောက်သွားနိုင်သည်။

သို့သော်လည်း စက်ကရာသည် ဤလှိုဏ်ခေါင်းကို လွန်စွာ ရင်းနှီးကျွမ်းဝင်သည်။ သူက အရှေ့မှ အေးအေးဆေးဆေး လျှောက်သွားသည်။

ဇီဖေးသည် သူ့အနောက်မှ နီးကပ်စွာ လိုက်သွားနေရင်း ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် ကြည့်ရှုနေသည်။ စူးစမ်းလိုသော အရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။

“ မိန်းကလေးဇီဖေး… ငါမင်းကို တစ်ခုမေးချင်တယ်… မင်းပြန်ဖြေနိုင်မလား ငါမသိဘူး ”

လှိုဏ်ခေါင်းထဲမှာ လမ်းလျှောက်နေစဉ် သီရှီထျန်က ရုတ်တရက် မေးခွန်းမေးသည်။ မကြာခဏဆိုသလို သူ၏ အကြည့်က ဇီဖေး၏ လက်မောင်းထဲမှ မြေခွေးဖြူလေးပေါ်သို့ ကျရောက်သွားသည်။

“ အကိုသီက ဘာမေးချင်တာလဲ ”

သီရှီထျန်၏ စကားကို ကြားသောအခါ ဇဝေဇဝါဖြစ်မှုနှင့် စိတ်ရှုပ်ထွေးမှုက ဇီဖေး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စူးစမ်းသိချင်စွာ ပြောသည်။

သီရှီထျန်က လေးနက်စွာ မေးသည်။

“ ငါမေးချင်တာက မင်းရဲ့ လက်မောင်းထဲက မြေခွေးဖြူလေးအကြောင်းပဲ… သူက ဘယ်ကနေ ရောက်လာတာလဲ… သူ့ကြည့်ရတာ ပုံမှန်မဟုတ်သလိုပဲ ”

မည်သူမှ သတိမထားမိသည်မှာ သီရှီထျန် ထိုသို့မေးလိုက်စဉ် သူ့ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများက ရုတ်တရက် တင်းကျပ်သွားသည်။ သူ၏ မျက်လုံးထဲ၌ ပုန်းကွယ်နေသော ကြောက်ရွံ့မှုတစ်စွန်းတစ်စ ရှိသည်။

မှန်ပေ၏။ သီရှီထျန်က ထိုအမူအရာကို ကောင်းမွန်စွာ ဖုံးကွယ်ထားသည်။ ထို့ပြင် လှိုဏ်ခေါင်းက မည်းမှောင်နေလေရာ မည်သူမှ ယင်းကို သတိမထားမိကြပေ။

သို့သော်လည်း သူ့အကြည့်က မြေခွေးဖြူလေး၏ အနောက်မှ နှင်းကဲ့သို့ ဖြူဖွေးသော အမြှီးနှစ်ချောင်းပေါ်သို့ ကျရောက်သွားသည့်အခါ နက်နဲသိမ်မွေ့သော အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

" အဲ့ဒီမြေခွေးဖြူမှာ အမြှီးနှစ်ချောင်းရှိတယ် "

သူ၏ စိတ်ထဲမှာ အတွေးတစ်ခုက မြန်ဆန်စွာ ထွက်ပေါ်လာသည်။ ဤကုန်းမြေမှာ သူပြန်လည်မွေးဖွားလာပြီးနောက် ဟွာရှား၏ ရှေးဟောင်းဂန္တဝင်ပုံပြင်များက သူနှင့် မစိမ်းကားတော့ပေ။ ဟွာရှား၏ ရှေးဟောင်းဂန္တဝင်ပုံပြင်များထဲတွင် တာ့ကျိက သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။ တာ့ကျိသည် အမြှီးကိုးချောင်း ကောင်းကင်ဘုံမြေခွေးကို ရည်ရွယ်သည်။

ထို့ကြောင့် မြေခွေးဖြူလေး၏ အမြှီးနှစ်ချောင်းကို သူမြင်သွားသောအခါ သူ၏ နှလုံးခုန်သံက ရုတ်တရက် မြန်လာသည်။

“ မြေခွေးဖြူလေးလား ”

ဇီဖေးသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။

“ ကျွန်မက ဒီမြေခွေးကို တောအုပ်တစ်ခုမှာ အမှတ်မထင် တွေ့ခဲ့တာပါ… သူက အရမ်းသနားဖို့ကောင်းတယ်… အကြောင်းအရင်းကို ကျွန်မ မသိပေမဲ့ သူက သစ်ပင်အောက်မှာ သတိမေ့မြောနေတယ်… အခု သူပြန်သတိရလာပြီ… ဒါပေမဲ့ သူက ဘာစကားမှ မပြောဘူး ”

“ အို ”

သီရှီထျန်က အာမေဋိတ်သံ ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူက နောက်ထပ် ဆက်မမေးပေ။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ဇီဖေးကို ခေါ်ဆောင်သွားသည်။

လှိုဏ်ခေါင်းက ရှည်လျားသော်လည်း လှိုဏ်ခေါင်း၏ အခြားထွက်ပေါက်ဆီသို့ သူတို့ရောက်ရန် ဆယ့်ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ မကြာမီ မြင်ကွင်းတစ်ခုက သူတို့အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းက အလွန်သာယာလှပသော မြင်ကွင်း ဖြစ်သည်။

ထိုမြင်ကွင်းထဲတွင် စိမ်းလန်းစိုပြည်သော မြက်ခင်းကုန်းမြေ၊ သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေသော တောအုပ်ကြီးနှင့် ရေတံခွန်တစ်ခု ပါဝင်သည်။ မြက်ခင်းကုန်းမြေ၏ ဘေးပတ်ပတ်လည်ကို တောင်နံရံများက ဝိုင်းရံထားသည်။ သို့ဖြစ်၍ ဤနေရာက ကမ္ဘာငယ်တစ်ခုနှင့် ဆင်တူသည်။

တောင်တန်းများ၊ တောအုပ်များနှင့် ရေကန်များက ဤနေရာမှာ စုဝေးရှိနေကြသည်။ သို့ဖြစ်၍ သန့်ရှင်းလတ်ဆတ်သော လေက သူတို့၏ မျက်နှာပေါ်သို့ တိုးဝှေ့လာသည်။

“ ကြိုဆိုနှုတ်ဆက်ပါတယ် အရှင်မင်းကြီး ”

လှိုဏ်ခေါင်းထဲမှ သူတို့ထွက်လာသည့်အခိုက် ဧရာမပုံရိပ်ငါးခုက သူတို့၏ အရှေ့မှာ တန်းစီရပ်နေကြကြောင်း မြင်တွေ့သွားကြသည်။ သူတို့က သီရှီထျန်ကို မြင်သွားသည်နှင့် ချက်ချင်း ဒူးထောက်လိုက်ကြပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ အသံက အလွန်ကျယ်လောင်လေရာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။

“ အင်း… သူက ဒီဘုရင်ရဲ့ ညီမလေး ရှောင်ပိုင်တဲ့ ”

သီရှီထျန်က ကျားဖြူလေးကို ကြည့်လိုက်ပြီး ပြောသည်။ တစ်ချိန်တည်းမှာ ရှောင်ပိုင်က ဇီဖေး၏ လက်မောင်းထဲမှ ခုန်ဆင်းလာပြီး သီရှီထျန်၏ ဘေးမှာ ရပ်လိုက်သည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သူ့အရှေ့မှ ငါးယောက်ကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။

“ သခင်မလေးကို နှုတ်ဆက်ပါတယ် ”

ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားလူများက ရှောင်ပိုင်ကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

“ အခုကစပြီး… ရှောင်ပိုင်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ မင်းသမီးလေးပဲ ”

" မင်းသမီးလေးကို နှုတ်ဆက်ပါတယ် ”

စက္ကန့်ပိုင်းလေးအတွင်းမှာ သီရှီထျန်က ရှောင်ပိုင်၏ သရုပ်ကို ဤနေရာမှာတင် အတည်ပြုပေးလိုက်သည်။ အနာဂတ်မှာ ရှောင်ပိုင်က မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ မင်းသမီးလေး ဖြစ်လာလိမ့်မည်။ ချိုင့်ဝှမ်းထဲတွင် မည်သူမှ သူ့ကို မရိုမသေပြုလုပ်ဝံ့မည် မဟုတ်ချေ။

မင်းသမီးလေးဖြစ်သွားသော ရှောင်ပိုင်က အကူအညီမဲ့မှုကို ခံစားမိသွားသည်။ သူက ကြောက်ရွံ့သော အမူအရာဖြင့် သီရှီထျန်၏ အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး ပြောသည်။

“ အကိုကြီး… သူတို့က… ”

သူက စကားပြောနေရင်း သူ့အရှေ့မှ ဧရာမသားရဲငါးကောင်ကို ကြည့်လိုက်သည်။ သူက အနည်းငယ် ကြောက်လန့်နေဟန် ရ၏။

“ ဟား ဟား… ရှောင်ပိုင်… သူတို့က ငါ့ရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သားတွေ ”

သီရှီထျန်က စကားပြောနေရင်း ပိုင်စုစုကို ကြည့်လိုက်သည်။ သူက ပြောသည်။

" စုစု လာဦး… ငါမင်းကို ရှောင်ပိုင်ကို လက်လွှဲပေးလိုက်မယ်… မင်းတို့နှစ်ယောက် အချင်းချင်း ရင်းနှီးအောင်နေကြပါ… ပြီးတော့ ချိုင့်ဝှမ်းရဲ့ နေရာအသီးသီးကို လှည့်ပတ်လိုက်ပြပေးလိုက်ပါ… မိန်းကလေးဇီဖေးလည်း သူတို့နဲ့အတူ လိုက်သွားနိုင်ပါတယ် ”

ထိုအခိုက်အတန့်မှာ သီရှီထျန်၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ရှောင်ပိုင်နှင့် တခြားလူများကို သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ချက်ချင်း မခေါ်ဆောင်သွားပေ။ ယင်းအစား သူက အရင်ဆုံး သူတို့ကို ချိုင့်ဝှမ်းကို လှည့်ပတ်ကြည့်ရှုစေသည်။ မှန်ပေသည်။ ထိုသို့လုပ်ဆောင်ရခြင်းက သူ့မှာ အကြံအစည်တစ်ခု ရှိသောကြောင့်ပင်။

တစ်ခဏကြာပြီးနောက် သူ၏ လေသံက ထပ်မံ ပြောင်းလဲသွားသည်။ သူက ဇီဖေးကို ကြည့်လိုက်ပြီး ပြောသည်။

“ မိန်းကလေးဇီဖေး… ငါ မြေခွေးဖြူလေးနဲ့ နှစ်ယောက်တည်း သီးသန့်စကားပြောချင်တယ်… အဆင်ပြေနိုင်မလား ”

“ မြေခွေးဖြူလေးလား ”

ဇီဖေးက အနည်းငယ် အံ့ဩသွားသည်။ သူက သီရှီထျန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

အခန်း(၁၆၂)

သီရှီထျန်၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော အကြည့် ထွက်ပေါ်လာသည်။

“ ဘာမှမစိုးရိမ်ပါနဲ့ မိန်းကလေးဇီဖေး… မြေခွေးဖြူလေးကို ဒီမှာ နေခိုင်းတာက သူ့ကို ဒုက္ခပေးချင်လို့ မဟုတ်ပါဘူး… ငါ့မှာ သူ့ကို မေးစရာကိစ္စလေး ရှိလို့ပါ… မြေခွေးဖြူလေးကို အကြောင်းမရှိဘဲ ထိခိုက်နာကျင်အောင် မလုပ်ဘူးလို့ ငါကတိပေးပါတယ် ”

သူက စကားဆုံးသည်နှင့် မိန်းကလေးဇီဖေးကို မကြည့်တော့ပေ။ ယင်းအစား သူက မြေခွေးဖြူလေးကို ကြည့်လိုက်သည်။

“ အဆင်ပြေပါတယ် ”

ဇီဖေးက တုံ့ဆိုင်းသွားသည်။ သို့သော်လည်း တစ်ခဏကြာ စဉ်းစားပြီးနောက် သူက မငြင်းဆန်တော့ပေ။ သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ့လက်မောင်းထဲမှ မြေခွေးဖြူလေးကို မြေကြီးပေါ်မှာ ညင်သာစွာ ချပေးလိုက်သည်။

ဤအခိုက်အတန့်မှာ မြေခွေးဖြူလေး၏ အကြည့်က အလွန်ထူးဆန်းနေသည်။ သူ၏ မျက်လုံးက ဂနာမငြိမ်ဖြစ်နေပြီး စိတ်မသက်မသာဖြစ်မှုက သူ့မျက်လုံးထဲမှာ မထင်မရှား ထွက်ပေါ်နေသည်။ သီရှီထျန်က ဤနေရာမှာ သူ့တစ်ယောက်တည်းကို ကျန်နေခိုင်းမည်ဟု သူမမျှော်လင့်ထားပေ။

‘ ဖြစ်နိုင်တာက သူက ငါ့ရဲ့ သရုပ်ကို ရှာတွေ့သွားလို့လား… ဒါပေမဲ့ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… အခု ငါက ဒဏ်ရာအပြင်းအထန် ရရှိထားပေမဲ့ ငါ့ရဲ့ အရှိန်အဝါကို သေချာဖုံးထားပါတယ်… အရင်တစ်ခေါက်က ကင်းခြေများတောင်မှာ ငါ့ကို သူမြင်ခဲ့ပေမဲ့ အဲ့ဒါက ငါ့ရဲ့ လူသားအသွင်သဏ္ဍာန်ပဲ… ငါ့ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို သူ့အရှေ့မှာ တစ်ခါမှ ငါမဖော်ပြဖူးဘူး… ဘာလို့ သူက ငါ့ကို တစ်ယောက်တည်း ကျန်နေခိုင်းတာလဲ ’

မြေခွေးဖြူလေးသည် လမ်းတစ်လျှောက်တွင် သီရှီထျန်ကို တိတ်တဆိတ် စူးစမ်းလေ့လာခဲ့သည်။ သူ၏ နှလုံးသားထဲမှ အံ့ဩမှုသည် မည်သည့်အခါမှ ရပ်တန့်မသွားပေ။

တောင်ပိုင်းမြေရိုင်းဒေသအကြောင်းကို ဟိုးယခင်ကတည်းက သူကြားဖူးသည်။ မိစ္ဆာမျိုးနွယ်စုက ပြောကြသည်မှာ ရှေးခေတ်၏ လျှို့ဝှက်ချက်အများအပြားက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မြှုပ်ကွယ်နေသည်။ ဤနေရာသည် လျှို့ဝှက်ဆန်းကြယ်မှုဖြင့် ပြည့်နှက်နေသောနေရာ ဖြစ်သည်။

သီရှီထျန်က ဤသို့နေရာမျိုးမှာ အသက်ရှင်နိုင်ပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကဲ့သို့ နေရာမျိုးကိုပင် ရှာဖွေနိုင်ခဲ့သည်။ သို့ဖြစ်၍ သူက မအံ့ဩဘဲ မနေနိုင်ပေ။

သီရှီထျန်၏ ပြောင်းလဲမှုက အမှန်တကယ် ထိတ်လန့်စရာကောင်းသည်။ အချိန်တိုလေးအတွင်းမှာ သူက ဩဇာအာဏာကြီးမားသော ဘုရင်အရှိန်အဝါကို ပိုင်ဆိုင်သွားသည်။ ထိုအရှိန်အဝါက ယခုအချိန်မှာ အလွန်သေးနုတ်နေသော်လည်း ယင်းက သူ၏ ထက်ရှသော အာရုံခံနိုင်စွမ်းအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

ဇီဖေးနှင့် ရှောင်ပိုင်ကို ပိုင်စုစုနှင့် တခြားလူများက ချိုင့်ဝှမ်းထဲသို့ ခေါ်ဆောင်သွားကြသည်။ သူတို့က အရှေ့သို့ လမ်းလျှောက်သွားနေရင်း ချိုင့်ဝှမ်းထဲမှ အကြောင်းအရာများကို မိတ်ဆက်ပေးကြသည်။

သို့ဖြစ်၍ လှိုဏ်ခေါင်း၏ အရှေ့မှ နေရာတွင် သီရှီထျန်နှင့် မြေခွေးဖြူလေးသာ နှစ်ယောက်တည်း ကျန်ရှိကြတော့သည်။ သူတို့က မျက်နှာချင်းဆိုင်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။

မြေခွေးဖြူလေးသည် သူ့အရှေ့မှ ကျားနက်ကို မကြောက်ပေ။ သူက ကျားနက်ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်နေသည်။

အချိန်တစ်ခဏကြာပြီးနောက် သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူက ပြောသည်။

“ တကယ်လို့ ငါ့အထင်မမှားရင် မင်းက ကင်းခြေများတောင်ပေါ်မှာ ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကောင်းကင်ရနံမြေခွေးဘုရင်ဖြစ်မယ် ”

သီရှီထျန်က လုံးဝ သေချာသော လေသံဖြင့် လေးနက်စွာ ပြောသည်။ သူက စကားဆုံးသည်နှင့် မြေခွေးဖြူလေးကို စူးစိုက်ကြည့်လိုက်သည်။

ယင်းကို ကြားသောအခါ မြေခွေးဖြူလေး၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်ယင်သွားသည်။ သူ့အနောက်တွင် အဖြူရောင်အမြှီးနှစ်ချောင်းက ကခုန်လှုပ်ရှားသွားသည်။ သူစကားပြောလိုက်သည်နှင့် ထူးဆန်းသော အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ နင်ဘယ်လိုလုပ် ခန့်မှန်းမိတာလဲ ”

သူ၏ အသံက သာယာကြည်လင်ပြီး သိမ်မွေ့သည်။ ယင်းက သူ့အသံကြားလိုက်ရသူတိုင်းကို စိတ်သက်တောင့်သက်သာ ရှိစေသည်။ သို့သော်လည်း ထိုစကား၏ အဓိပ္ပာယ်က သီရှိထျန်၏ ခန့်မှန်းမှုကို အတည်ပြုပေးလိုက်သည်။

သူစကားပြောလိုက်သည်နှင့် သံသယအရိပ်အယောင်က မြေခွေးဖြူလေး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ တကယ်လို့ ငါမှတ်မိတာမမှားရင် ငါတို့တွေ နှစ်ကြိမ်ပဲ တွေ့ဆုံဖူးတယ်… ပထမအကြိမ်က ကျားရဲတောင်တန်းဒေသမှာ… နင့်ကို ထျန်းအင်ပါယာရတနာသေတ္တာကို ငါ့ကိုယ်စား ထိန်းသိမ်းပေးဖို့ အကူအညီတောင်းခဲ့တယ်… ဆုလာဘ်အနေနဲ့ စွမ်းအင်စုစည်းဆေးပုလင်းတစ်လုံး ငါပေးခဲ့တယ် ”

ထျန်းအင်ပါယာရတနာသေတ္တာအကြောင်း ပြောသည့်အခါ မြေခွေးဖြူလေး၏ အကြည့်က လေးနက်သွားသည်။

တစ်ဖက်မှာတော့ ထျန်းအင်ပါယာရတနာသေတ္တာအကြောင်း ကြားသောအခါ စက်ကရာက နှလုံးတုန်ယင်သွားသည်။ ထိုကိစ္စက သူ့နှလုံးသားထဲမှာ စိုက်ဝင်နေသော ဆူးတစ်ချောင်း ဖြစ်သည်။ ထျန်းအင်ပါယာရတနာသေတ္တာကို မြေခွေးဖြူလေးက သူ့အား ခဏအပ်နှံသွားခဲ့ခြင်း ဖြစ်သည်။ စွမ်းအင်စုစည်းဆေးတစ်ပုလင်းကိုပင် ဆုလာဘ်အဖြစ် သူ့အား ပေးသွားခဲ့သည်။

အတိတ်တွင် မြေခွေးဖြူလေးက ထျန်းအင်ပါယာရတနာသေတ္တာ၏ တည်ရှိမှုကို ဖုံးကွယ်ချင်သောကြောင့် သူ့ကို အသုံးချခဲ့သော်လည်း ထျန်းအင်ပါယာရတနာသေတ္တာ၏ မူလပိုင်ရှင်က မြေခွေးဖြူလေးဖြစ်ကြောင်း သူမငြင်းနိုင်ပေ။

မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို သူစတင်လျှောက်လှမ်းရာတွင် စွမ်းအင်စုစည်းဆေးလုံးများက သူ၏ အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။ မြေခွေးဖြူလေးကြောင့်မဟုတ်လျှင် သူက မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ထိုမျှမြန်ဆန်စွာ ခြေချနိုင်လိမ့်မည် မဟုတ်ချေ။

မြေခွေးဖြူလေး၏ ခွင့်ပြုချက်မရှိဘဲ ထျန်းအင်ပါယာရတနာသေတ္တာကို သူဖွင့်လှစ်ခဲ့ခြင်းက မှန်ကန်သော လုပ်ရပ်မဟုတ်ကြောင်း သူဝန်ခံသည်။ သို့သော်လည်း ထိုအတွက် သူနောင်တမရပေ။

အဘယ့်ကြောင့်ဆိုသော် စွမ်းအားကို သူလိုချင်သည်။ သူက ပိုပြီးကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ချင်သည်။ သူလိုချင်သော စွမ်းအားက ထျန်းအင်ပါယာရတနာသေတ္တာထဲမှာ ရှိနိုင်သည်။ ထို့ကြောင့် သူက လောကကျင့်ဝတ်ကို မေ့ထားပြီး ထျန်းအင်ပါယာရတနာသေတ္တာကို ဖွင့်လှစ်ခဲ့သည်။ နောက်ဆုံးမှာ သူက အစွမ်းထက်သော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို ပိုင်ဆိုင်သွားသည်။ ယင်းက သူ့ကို ပိုပြီးသန်မာစေလိမ့်မည်။

ထို့ကြောင့် သူနောင်တမရပေ။ သို့သော်လည်း ယခု မြေခွေးဖြူလေးကို သူမျက်နှာချင်းဆိုင်လိုက်သည့်အခါ ရှက်ရွံ့မှုကို သူခံစားမိသွားသည်။ သူ့အပေါ်မှာ တစ်စုံတစ်ခု သူအကြွေးတင်နေသည်ဟု ခံစားရမိသည်။ မည်သို့ဖြစ်ပါစေ သူက တခြားတစ်ယောက်ပိုင်ဆိုင်သော ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ ကိုယ့်သဘောဖြင့် ဖွင့်လှစ်ခဲ့ခြင်း မဟုတ်ပါလော။ ယင်းက သီရှီထျန် မငြင်းဆန်နိုင်သောအရာ ဖြစ်သည်။

“ ဟုတ်တယ်… အဲ့ဒီအချိန်တုန်းက ငါက သာမန်ကျားပေါက်စလေးပဲ ရှိသေးတယ် ”

သီရှီထျန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူမငြင်းပေ။

မြေခွေးဖြူလေး၏ အကြည့်က သိမ်မွေ့ညင်သာသွားသည်။ သူက ဆက်ပြောသည်။

“ ဒုတိယအကြိမ်က ကင်းခြေများတောင်ပေါ်မှာ… ”

“ ဟုတ်တယ်… အဲ့ဒီအချိန်တုန်းက ငါ့အသက်ကို မင်းကယ်တင်ပေးခဲ့တယ် ”

သီရှီထျန်က ခေါင်းညိတ်လိုက်သည်။ သူ၏ အကြည့်က မြဲမြံသည်။

“ ရေတစ်ပေါက်ရဲ့ ကျေးဇူးကို မြစ်လောက် ကြီးမားတဲ့ ပမာဏနဲ့ ပြန်ဆပ်ရမယ်လို့ လူတွေပြောကြတယ်… မင်းက ငါ့အသက်ကို ကယ်တင်ပေးခဲ့တယ်… ငါ မင်းအပေါ် ကျေးဇူးအကြွေးတင်သွားပြီ ”

သူက တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ ကြင်နာမှုကို ကြင်နာမှုဖြင့် ပြန်ဆပ်ရမည်။ မုန်းတီးမှုကို အမုန်းတရားဖြင့် ပြန်ဆက်ဆံရမည်။ အသိဉာဏ်ရှိသော သတ္တဝါအားလုံးဆီမှာ ဆင်ခြင်တုံတရား ရှိသည်။ ကျေးဇူးတရားနှင့် ရန်ငြိုးကို ကောင်းမွန်စွာ ခွဲခြားနိုင်ခြင်းသည် သူ့နှလုံးသား၏ ဆင်ခြင်တုံတရား ဖြစ်သည်။ ထိုကျေးဇူးတရားကို ငြင်းဆန်ရန် သူ့ဆီမှာ မည်သည့်အကြောင်းမှ မရှိပေ။

အကယ်၍ ကင်းခြေများတောင်ပေါ်မှာ မြေခွေးဖြူလေး ထွက်ပေါ်လာပြီး သူတို့ကို မကူညီပေးခဲ့လျှင် သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ထိုကျင့်ကြံသူ၏ လက်ထဲမှာ အသက်ဆုံးရှုံးသွားနိုင်လောက်၏။ သေသည်ထက် အခြေအနေပိုဆိုးဝါးနိုင်သည်မှာ သူက သားရဲထိန်းလည်ပတ်ဖြင့် ထိန်းချုပ်ခံရပြီး တစ်စုံတစ်ယောက်၏ ကျေးကျွန်ဖြစ်သွားလိမ့်မည်။ သို့ဖြစ်၍ ထိုကျေးဇူးတရားက မသေးငယ်ပေ။

“ ကျေးဇူးတရားအကြောင်း အခု ငါမပြောသေးဘူး… ဒါပေမဲ့ ငါသိချင်တာ တစ်ခုရှိတယ်… ငါ နင့်အရှေ့မှာ နှစ်ကြိမ် ထွက်ပေါ်လာခဲ့ပေမဲ့ နှစ်ကြိမ်စလုံးက ငါ့ရဲ့ လူသားအသွင်သဏ္ဍာန်နဲ့ပဲ… ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို နင့်အရှေ့မှာ တစ်ခါမှ ငါမထုတ်ဖော်ခဲ့ဘူး… ငါက ကောင်းကင်ရနံ့မြေခွေးဘုရင်ဆိုတာ နင်ဘယ်လိုလုပ် သိသွားတာလဲ ”

မြေခွေးဖြူလေးသည် စကားဆုံးသည်နှင့် သီရှီထျန်၏ မျက်လုံးများကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူက ထိုကိစ္စကို အလွန်စူးစမ်းသိချင်သည်။

လမ်းတစ်လျှောက်တွင် သူက မည်သည့်စကားမှ မပြောခဲ့ပေ။ သူက ဇီဖေး၏ လက်မောင်းထဲမှာ တစ်ချိန်လုံး ရှိနေခဲ့သည်။ သူက မူမမှန်သော မည်သည့်အပြုအမူကိုမှ မလုပ်ဆောင်ခဲ့ပေ။

သို့သော်လည်း သီရှီထျန်က သူ့ကို အလွယ်တကူ မှတ်မိသွားခဲ့သည်။ သူက ကျင့်ကြံခြင်းလောကတွင် နာမည်ကျော်ကြားသည့် မိစ္ဆာဘုရင်တစ်ပါးဖြစ်သော်လည်း ထိုကိစ္စ၏ နောက်ကွယ်မှ အမှန်တရားကို မစဉ်းစားနိုင်ပေ။ မည်သည့်ဟာကွက်ကို သူထုတ်ဖော်မိခဲ့ကြောင်း မသိပေ။

“ မင်းရဲ့ ကိုယ်ပေါ်က အမွှေးနံ့က အရမ်းထူးခြားတယ် ”

သီရှီထျန်က နူးညံ့စွာ ပြောသည်။

“ အမွှေးနံ့လား ”

ယင်းကို မြေခွေးဖြူလေး ကြားသောအခါ နားလည်သဘောပေါက်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက သတိပြန်ဝင်သွားပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

“ ငါဘယ်လိုလုပ် အဲ့ဒါကို မေ့သွားတာလဲ ”

အမှန်တကယ်ပင် သူက မိစ္ဆာမျိုးနွယ်စုထဲမှာ ကောင်းကင်ရနံ့မြေခွေးဘုရင်ဟူ၍ နာမည်ကျော်ကြားသည်။ “ ရနံ့ ”ဟူသော စကားလုံးက သူ့ကိုယ်ပေါ်မှ ထုတ်လွှတ်နေသော တမူထူးခြားသည့် အမွှေးနံ့ကို ရည်ညွှန်းသည်။ ထိုအမွှေးနံ့က အလွန်ထူးခြားသည်။ သူမွေးလာကတည်းက ထိုအမွှေးနံ့က သူနှင့်အတူ ပါလာခဲ့သည်။ တစ်စုံတစ်ယောက်သည် ထိုအမွှေးနံ့ကို တစ်ခါရှူမိသွားလျှင် သူ့ဘဝတစ်သက် မေ့ပစ်နိုင်တော့မည် မဟုတ်ချေ။

ယင်းက သူ၏ တမူထူးခြားသော လက္ခဏာတစ်ရပ်လည်း ဟုတ်၏။

သူက မိစ္ဆာခန္ဓာကိုယ်သို့ ပြန်ပြောင်းလဲသွားသော်လည်း သူ၏ အမွှေးနံ့က သဘာဝအလျောက် ဆက်လက် ထွက်ပေါ်နေဆဲပင်။ ယင်းက သူ၏ ကိုယ်သင်းနံ့ဖြစ်သည်။ ပုံမှန်အခြေအနေမှာဆိုလျှင် ထိုအမွှေးနံ့ကို သူဖုံးကွယ်နိုင်သည်။ သို့သော်လည်း ယခု သူက ဒဏ်ရာပြင်းထန်စွာ ရရှိထားလေရာ အမွှေးနံ့ကို ဖုံးကွယ်ရန် သူ့မှာ အင်အားမကျန်ရှိတော့ပေ။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ့ခန္ဓာကိုယ်က အမွှေးနံ့ကို ဆက်တိုက် ထုတ်လွှတ်နေခဲ့သည်။

သီရှီထျန်သည် ထိုအမွှေးနံ့အပေါ် လေးနက်သောအမြင် ရှိသည်။ ကျားရဲတောင်တန်းဒေသမှာ ထိုအမွှေးနံ့ကို ပထမအကြိမ် သူရှူမိခဲ့စဉ်က ယင်းက သူ၏ အသိစိတ်ထဲမှာ သံမှိုရိုက်ထားသကဲ့သို့ နက်ရှိုင်းစွာ စွဲမြဲသွားသည်။

ထို့ကြောင့် ကျားဖြူလေးဆီသို့ သူပြေးသွားသည့်အချိန်တွင် ထိုအမွှေးနံ့ကို သူရရှိခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူက ကြွက်ဘုရင်နှင့် တိုက်ခိုက်နေသောကြောင့် ယင်းကို အများကြီး အာရုံမထားခဲ့ပေ။ မြေအောက်ထဲမှ သူပြန်ထွက်လာပြီး ထိုအမွှေးနံ့ကို ထပ်မံ ရှူမိသွားသည့်အခါ သံသယက သူ့နှလုံးသားထဲမှာ စတင်ထွက်ပေါ်လာသည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ သူရောက်သွားသည့်အခါ ထိုမြေခွေးဖြူလေးက သူနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးသော ကောင်းကင်ရနံ့မြေခွေးဘုရင်ဖြစ်ကြောင်း ကိုးဆယ်ရာခိုင်နှုန်းခန့် သူသေချာသွားသည်။

မှန်ပေသည်။ တစ်ဖက်လူ၏ သရုပ်ကို သူသိသွားသည့်အခိုက် စိုးရိမ်ကြောင့်ကြမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက မရိုးရှင်းပေ။

“ ဟုတ်တယ်… မင်းဆီက အမွှေးနံ့ကနေ ငါခန့်မှန်းနိုင်ခဲ့တာ ”

သီရှီထျန်သည် စကားဆုံးသည်နှင့် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက မြေခွေးဖြူလေးကို စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်ပြီး မေးသည်။ သံသယအရိပ်အယောင်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

" ဒါနဲ့ ငါမှတ်မိတာမမှားရင် မင်းက အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးတဲ့ မိစ္ဆာဘုရင်တစ်ပါးမဟုတ်လား… အခု ဘယ်လိုလုပ်… ”

သူက စကားကို အဆုံးထိ ဆက်မပြောသော်လည်း သူ့စကား၏ အဓိပ္ပာယ်က အလွန်ထင်ရှားသည်။

“ ဟွန့်… အဲ့ဒါအားလုံးက နင့်ကြောင့်ပေါ့ ”

ယင်းကို မြေခွေးဖြူလေး ကြားသောအခါ သူက စက်ကရာကို မျက်စောင်းထိုးလိုက်သည်။ မကျေနပ်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ နင့်အသက်ကို ကယ်တင်ဖို့ အဲ့ဒီအနံ့ဆိုးနွား ချင်းယွင်ကို ငါတားဆီးပေးခဲ့တာကြောင့်ပေါ့… အဲ့ဒီနွားက ငါ့နောက်ကို တစ်လလုံးလုံး လိုက်ဖမ်းခဲ့တယ်… ဒါ့အပြင် တခြားတန်ခိုးရှင်တွေကလည်း ထွက်ပေါ်လာကြပြီး ငါ့ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြတယ်… မဟုတ်ရင် ဂုဏ်သိက္ခာကြီးမားတဲ့ ငါမိစ္ဆာဘုရင်က ဒဏ်ရာအပြင်းအထန်ရသွားပြီး မူလခန္ဓာကိုယ်ကို ဘယ်လိုလုပ် ပြန်ပြောင်းသွားမှာလဲ… အဲ့ဒါ နင့်ကြောင့်… ငါ အခုလိုအခြေအနေနဲ့ အဆုံးသတ်သွားတာ နင့်ကြောင့် ”

“ အဲ့ဒါက… ”

ယင်းကို သီရှီထျန်ကြားသောအခါ သူက အနည်းငယ် အံ့ဩသွားသည်။ မြေခွေးဖြူလေး၏ ယခုအခြေအနေက သူနှင့်ပတ်သက်နေမည်ဟု လုံးဝ မမျှော်လင့်ထားပေ။ သူ့ကြောင့် မြေခွေးဖြူလေးက မူလခန္ဓာကိုယ်သို့ ပြန်ပြောင်းသွားခဲ့သည်လော။

All Chapters