← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း(၁၆၃)

အတိတ်၌ မြေခွေးဖြူလေးသည် စက်ကရာ၏ အံ့ဖွယ်ကောင်းသော ကျင့်ကြံခြင်းအမြန်နှုန်းနှင့် တခြားဝိညာဉ်သားရဲများထက် သာလွန်သော ဉာဏ်ရည်ကို စိတ်ဝင်စားခဲ့သည်။

ထို့ကြောင့် သူက သီရှီထျန်၏ အနောက်သို့ တစ်ချိန်လုံး လိုက်နေခဲ့သည်။ ကင်းခြေများတောင်ပေါ်တွင် သူက မည်သည့်စိတ်အခြေအနေကို ပိုင်ဆိုင်ထားမှန်း သေချာမသိသော်လည်း အံ့ဖွယ်ကောင်းသော ဝိညာဉ်သားရဲတစ်ကောင်က သူ့မျက်စိအရှေ့မှာ သေဆုံးသွားမည်ကို မလိုလားခဲ့ပေ။

ထို့ကြောင့် သူက တန်ခိုးရှင်ချင်းယွင်ကို တားဆီးရန် အရှေ့ထွက်လာခဲ့သည်။

မှန်ပေသည်။ သီရှီထျန်၏ လက်ထဲမှာ ထျန်းအင်ပါယာရတနာသေတ္တာ ရှိနေခြင်းကလည်း အကြောင်းအရင်းတစ်ခု ဖြစ်သည်။

သူအရှေ့ထွက်လာသည့်အခါ ချင်းယွင်၏ စိတ်အာရုံက သူ့အပေါ်သို့ လုံးဝ ရွှေ့ပြောင်းသွားလိမ့်မည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ချင်းယွင်သည် သီရှီထျန်နှင့် တခြားလူများကို လျစ်လျူရှု၍ သူ့အနောက်သို့ လိုက်ဖမ်းခဲ့သည်။

အစက သူတွေးထားသည်မှာ ချင်းယွင်ကို အဝေးသို့ သူမျှားခေါ်သွားမည်။ သီရှီထျန်တို့အုပ်စု အဝေးသို့ ရောက်သွားသည့်အခါ သူက တန်ခိုးရှင်ချင်းယွင်ကို ခါချပစ်မည်။

သို့သော်လည်း သူမမျှော်လင့်ထားသည်မှာ စက်ကရာ၏ အန္တရာယ်ကို သူဖြေရှင်းပေးပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သော အရာက သူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်သွားသည်။ ချင်းယွင်ဆီမှာ တိမ်ဖောက်လွန်းပျံဟူသော အစွမ်းထက်ပျံသန်းခြင်းဓမ္မရတနာတစ်ခု ရှိနေသည်။ တိမ်ဖောက်လွန်းပျံ၏ အလျင်ကြောင့် ချင်းယွင်ကို ခါချပစ်မည့် သူ၏ မူလအစီအစဉ်က ပျက်စီးသွားသည်။ ထိုလိုက်ဖမ်းမှုက တစ်လကြာမြင့်သွားသည်။

သူတို့ထဲတွင် တစ်ယောက်က မိစ္ဆာဘုရင်တစ်ပါးဖြစ်ပြီး အခြားတစ်ယောက်က ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်တစ်ပါး ဖြစ်သည်။ သို့ဖြစ်၍ သူတို့၏ ပြေးတမ်းလိုက်တမ်းက တခြားပညာရှင်များ၏ စိတ်အာရုံအောက်မှ မည်သို့လွတ်မြောက်နိုင်မည်နည်း။

နောက်ဆုံးမှာတော့ သူက တောင်ထွတ်တစ်ခုပေါ်တွင် တန်ခိုးရှင်သုံးပါး၏ ဝိုင်းရံတိုက်ခိုက်ခြင်းခံလိုက်ရသည်။ ထိုတိုက်ပွဲတွင် မြေခွေးဖြူလေးသည် သူ့မှာရှိသော စွမ်းရည်အားလုံးကို ထုတ်သုံးခဲ့သည်။ နောက်ဆုံးမှာ သူက တန်ခိုးရှင်သုံးပါး၏ အစွမ်းထက်တိုက်ခိုက်မှုများကို တောင့်ခံ၍ ထွက်ပြေးသွားနိုင်ခဲ့သည်။

ထိုတိုက်ပွဲမှ သူလွတ်မြောက်သွားခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်က ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။ ရွေးချယ်စရာ မရှိသည့်အဆုံး သူက မူလခန္ဓာကိုယ်သို့ ပြန်ပြောင်းလဲလိုက်သည်။

ယင်းကို ကြည့်ခြင်းအားဖြင့် ဤတစ်ကြိမ်တွင် သူရရှိခဲ့သော ဒဏ်ရာများက မည်မျှဆိုးဝါးကြောင်း စိတ်ကူးကြည့်နိုင်ပေ၏။

ထို့ကြောင့် သူက သစ်ပင်အောက်မှာ သတိမေ့မြောနေပြီး ဇီဖေးနှင့် တွေ့ဆုံသွားခဲ့သည်။

အနှစ်ချုပ်ဆိုရသော် ဤတစ်ကြိမ် မြေခွေးဖြူလေး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခြင်းက သီရှီထျန်ကြောင့် ဖြစ်သည်။

မြေခွေးဖြူလေးက ဖြစ်စဉ်ကို အကုန်အစင်မပြောပြသော်လည်း သူ့မျက်လုံးထဲမှ အကြည့်မှတဆင့် သီရှီထျန်က ဖြစ်စဉ်ကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။ ကင်းခြေများတောင်ပေါ်မှ အခြေအနေကို သူပြန်တွေးလိုက်သည့်အခါ မြေခွေးဖြူလေး၏ ဤအခြေအနေက သူနှင့်သက်ဆိုင်နေသည်ဟု ခံစားမိသွားသည်။

ယင်းကို စဉ်းစားပြီးနောက် စက်ကရာက မြေခွေးဖြူလေးကို ကြည့်လိုက်ပြီး ပြောသည်။

“ မိန်းကလေးပိုင်ဟူက ကျုပ်ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ ရောက်လာပြီဆိုမှတော့ ဒီနေရာမှာ အေးအေးဆေးဆေး ဒဏ်ရာကုသနိုင်ပါတယ် ”

သူ့စကားဆုံးသွားသည်နှင့် သီရှီထျန်က မြေခွေးဖြူလေးကို ရိုးသားစွာ ကြည့်လိုက်သည်။ ဤဖိတ်ခေါ်မှုက အကျိုးအကြောင်းသင့်သောအရာ ဖြစ်သည်။

အကယ်၍ မြေခွေးဖြူလေးက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းမှာ နေထိုင်မည်ဆိုလျှင် သီရှီထျန်က သူ့ကို ကျေးဇူးပြန်ဆပ်နိုင်လိမ့်မည်။ မည်သို့ဖြစ်ပါစေ မြေခွေးဖြူလေး၏ ဒဏ်ရာများက သူနှင့်သက်ဆိုင်နေသည် မဟုတ်ပါလော။ ဒုတိယအချက်မှာ တစ်ဖက်လူသည် မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည်။ အကယ်၍ သူက ဤအတောအတွင်း တစ်ဖက်လူနှင့် ရင်းနှီးကျွမ်းဝင်မည်ဆိုလျှင် သူပြန်သက်သာလာသည့်အခါ ယင်းက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအတွက် အများကြီး အကျိုရှိလိမ့်မည်။

“ အနည်းဆုံးတော့ နင့်မှာ အသိတရားရှိသားပဲ… နင့်ကြောင့် ငါဒီလိုဖြစ်လာတာ အချည်းနှီးမဟုတ်ဘူးပဲ ”

ယင်းကို ကြားသောအခါ မြေခွေးဖြူလေးက ပျော်ရွှင်သွားသည်။ သူက စိတ်ထဲမှာ သူ့ဘာသာ တွေးတောလိုက်သည်။

‘ ဒီနေရာက ငါ့ကိုယ်ငါ ပြန်အားဖြည့်ဖို့ အရမ်းသင့်တော်တယ်… ပြီးတော့ ဒီနေရာမှာ သီရှီထျန်ရှိနေတော့ ဘာအန္တရာယ်မှ ငါစိုးရိမ်စရာမလိုတော့ဘူး… ဒီနေရာက ဝိညာဉ်စွမ်းအားပေါကြွယ်ဝတယ် ’

ထိုစဉ် မြေခွေးဖြူလေးက ရုတ်တရက် မေးသည်။

“ ထျန်းအင်ပါယာရတနာသေတ္တာက နင့်လက်ထဲမှာ မဟုတ်လား ”

သူ၏ လေသံထဲမှာ ပုံမှန်မဟုတ်သော စိုးရိမ်ကြောင့်ကြမှုတစ်စွန်းတစ်စ ရှိသည်။ သီရှီထျန်က ထျန်းအင်ပါယာရတနာသေတ္တာကို ဖွင့်ရန် ကြိုးစားနေကြောင်း အစကတည်းက သူသိထားသည်။ သို့သော် ထျန်းအင်ပါယာရတနာသေတ္တာကို သီရှီထျန် ဖွင့်နိုင်ပြီလော သို့မဟုတ် မဖွင့်နိုင်သေးသည်လော သူမသိထားပေ။

“ အင်း ”

သီရှီထျန်က ထိုကိစ္စကို မဖုံးကွယ်ပေ။ သူက ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ပြန်ပြောသည်။

“ ထျန်းအင်ပါယာရတနာသေတ္တာက ငါနဲ့အတူ ရှိနေတယ်… တကယ်လို့ အခု မင်းလိုချင်ရင် လှိုဏ်ဂူထဲ ငါပြန်သွားပြီး မင်းအတွက် ယူပေးမယ် ”

“ မလိုပါဘူး… အဲ့ဒါကို လောလောဆယ် နင်ပဲ ဆက်သိမ်းထားလိုက်ပါ ”

အံ့ဩဖွယ်ကောင်းစွာ မြေခွေးဖြူလေးက ထျန်းအင်ပါယာရတနာသေတ္တာကို ချက်ချင်း ပြန်မတောင်းပေ။ ယင်းအစား သူက ထျန်းအင်ပါယာရတနာသေတ္တာကို သီရှီထျန်ဆီမှာ ဆက်သိမ်းထားစေချင်သည်။ သူက တစ်ခဏကြာပြီးနောက် ဆက်ပြောသည်။

“ ဒါပေမဲ့ ဒီချိုင့်ဝှမ်းထဲမှာ ငါကျင့်ကြံပြီး အားပြန်ဖြည့်ချင်တယ်… အဲ့ဒီအတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ လှိုဏ်ဂူတစ်လုံး ငါလိုအပ်တယ် ”

သီရှီထျန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက ယင်းကို မငြင်းဆန်ပေ။

“ အကိုကြီး ”

ထိုအခိုက်အတန့်မှာ သိမ်မွေ့နူးညံ့သော အော်ခေါ်သံက အဝေးမှ ပျံ့လွင့်လာသည်။ တစ်စုံတစ်ယောက်က အသံလာရာဆီသို့ လှမ်းကြည့်လျှင် သေးငယ်သော ကျားဖြူတစ်ကောင်က သူတို့ဆီသို့ မြန်ဆန်စွာ ပြေးလာနေကြောင်း မြင်ရလိမ့်မည်။ သူ့အနောက်တွင် ချီဟောင်နှင့် တခြားလူများက လိုက်ပါလာကြသည်။

“ အကိုကြီး… ချိုင့်ဝှမ်းက အကျယ်ကြီးပဲ… ဒီနေရာက တကယ်ပဲ ငါတို့ရဲ့ အိမ်လား ”

ရှောင်ပိုင်သည် သီရှီထျန်၏ ဘေးသို့ လျှောက်သွားပြီး မျက်တောင်တဖျပ်ဖျပ်ခတ်၍ အပြစ်ကင်းစင်စွာ မေးသည်။

“ အင်း… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက အနာဂတ်မှာ မင်းရဲ့ အိမ်ပဲ… သွားကြစို့… အကိုကြီးက မင်းနေဖို့ နေရာဆီ ခေါ်သွားမယ် ”

သီရှီထျန်၏ အကြည့်က ချက်ချင်း နူးညံ့ပျော့ပျောင်းသွားသည်။ သူက စကားဆုံးသည်နှင့် အရှေ့မှ ဦးဆောင်၍ သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ လျှောက်သွားသည်။ ချီဟောင်နှင့် တခြားလူများက သူ့အနောက်မှ နီးကပ်စွာ လိုက်လာကြသည်။

ကျားဖြူလေးနှင့် သီရှီထျန်၏ ပြန်လည်ဆုံစည်းမှုက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို ချက်ချင်း သက်ဝင်လှုပ်ရှားသွားစေသည်။ ပိုင်ဟူနှင့် ဇီဖေးက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အရေးကြီးဧည့်သည်များ ဖြစ်လာကြသည်။ သူတို့ထဲမှ မည်သူမှ သာမန်မဟုတ်ကြချေ။

သူတို့နှစ်ယောက် အခြေချနေထိုင်ရန်အလို့ငှာ သီရှီထျန်က သူ၏ လှိုဏ်ဂူအနီးအနားတွင် နောက်ထပ် လှိုဏ်ဂူနှစ်လုံးကို ချီဟောင်နှင့် တခြားလူများအား ဖွင့်လှစ်ခိုင်းလိုက်သည်။ လှိုဏ်ဂူတစ်လုံးက ပိုင်ဟူအတွက်ဖြစ်ပြီး နောက်တစ်လုံးက ဇီဖေးနှင့် ရှောင်ပိုင်အတွက် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ရှောင်ပိုင်သည် ဇီဖေးနှင့် မခွဲချင်ပေ။ သူက ဇီဖေးနှင့် အတူတူနေချင်သည်။ သူတို့လမ်းလျှောက်နေစဉ် ပိုင်ဟူ၏ စကားသံကို ကြားလိုက်သည့်အခါ ရှောင်ပိုင်နှင့် ဇီဖေးက အံ့ဩသွားကြသည်။

ပိုင်ဟူ စကားပြောနိုင်သည်ကို သူတို့မအံ့ဩကြပေ။ သူတို့အံ့ဩသွားသည်မှာ သီရှီထျန်က ပိုင်ဟူကို စကားပြောရန် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပိုင်ဟူသည် ဒဏ်ရာပြန်ကုသရန် အလျင်လိုနေသည်။ ထို့ကြောင့် သူက လှိုဏ်ဂူဖွင့်လှစ်ပြီးသည်နှင့် လှိုဏ်ဂူထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။ သူက လှိုဏ်ဂူကို ချိပ်ပိတ်လိုက်ပြီး တံခါးပိတ်ကျင့်ကြံခြင်းကို လုပ်ဆောင်လိုက်သည်။ သူက ဒဏ်ရာများကို အမြန်ဆုံး ပြန်ကုသချင်သည်။

ဤအခိုက်အတန့်မှာ လှိုဏ်ဂူထဲတွင် သီရှီထျန်နှင့် ကျားဖြူလေး နှစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ အပြင်ဘက်မှ ကောင်းကင်သည် တဖြည်းဖြည်း မှောင်ရီသန်းလာသည်။ လရောင်ခြည်သည် လှိုဏ်ဂူ၏ မျက်နှာကြက်အပေါက်မှတဆင့် လှိုဏ်ဂူထဲသို့ ဝင်ရောက်လာသည်။ သို့ဖြစ်၍ လှိုဏ်ဂူထဲမှာ ငွေရောင်ထွန်းလင်းနေသည်။

“ ရှောင်ပိုင်… မင်းကို မသေမျိုးကျင့်ကြံသူတွေက ဖမ်းခေါ်သွားခဲ့တာ မဟုတ်ဘူးလား… ဖမ်းခေါ်ခံရပြီးနောက် ဘာတွေဖြစ်ခဲ့လဲ… ဘာလို့ မင်းတစ်ယောက်တည်း လွတ်မြောက်လာခဲ့တာလဲ… ပြီးတော့ အမေနဲ့ ဒုတိယညီလေး အခု ဘယ်လိုနေကြလဲ ”

ယခု သူတို့နှစ်ယောက်တည်း ရှိနေလေရာ သီရှီထျန်က နောက်ထပ် မြိုသိပ်မထားနိုင်တော့ဘဲ ရှောင်ပိုင်ကို တိုက်ရိုက် မေးသည်။ ထိုမေးခွန်းများက သူ့နှလုံးသားထဲမှာ အချိန်တော်တော်ကြာ ရှိနေခဲ့ခြင်း ဖြစ်သည်။

မသေမျိုးကျင့်ကြံသူများအကြောင်း ပြောသည့်အခါ အေးစက်စက်အလင်းက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အရိုးသားဆုံး ဝန်ခံရလျှင် ယခု သူက မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်ကို ဖမ်းခေါ်သွားခဲ့သော မသေမျိုးကျင့်ကြံခြင်းဂိုဏ်းအကြောင်း အလွန်သိချင်နေသည်။ သူက စိတ်ထဲမှာ လျှို့ဝှက်စွာ ကျိန်ဆိုထားသည်။ ယင်းက မည်သည့်ကျင့်ကြံခြင်းဂိုဏ်းဖြစ်ပါစေ သူတို့ကို သူသိသွားသည်နှင့် အနာဂတ်မှာ သူက ထိုဂိုဏ်းကို သေချာပေါက် ဖျက်ဆီးပစ်လိမ့်မည်။

ထိုအချိန်ကျလျှင် အချိန်အတော်ကြာ သူသိမ်းဆည်းထားခဲ့သော အမုန်းတရားက အပြည့်အဝ ပေါက်ကွဲထွက်လာလိမ့်မည်။

“ အကိုကြီး ”

ယင်းကို ရှောင်ပိုင် ကြားသွားသောအခါ သလင်းကျောက်ပမာ ကြည်လင်သော မျက်ရည်စက်များက သူ၏ မျက်လုံးထဲမှ စီးကျလာသည်။ သူက သီရှီထျန်ကို ကြည့်လိုက်ပြီး စိုးရိမ်တကြီး ပြောသည်။

“ အကိုကြီး… မေမေနဲ့ ဒုတိယအကိုကို အမြန်သွားကယ်ပါ… အဲ့ဒီလူဆိုးတွေက ငါတို့ကို ဝိညာဉ်သားရဲတွေအဖြစ် ပျိုးထောင်ပြီး တခြားလူဆိုးတွေဆီ ရောင်းပစ်မယ်လို့ ပြောကြတယ်… အရမ်းဆိုးတာပဲ… အကိုကြီး… မေမေနဲ့ ဒုတိယအကိုကို သွားကယ်ရမယ်… ”

ကျားဖြူလေးက ရှိုက်ကြီးတငင် အော်ငိုပြီး ဇာတ်ကြောင်းကို ပြတ်တောင်းပြတ်တောင်း ပြောသည်။ သို့သော်လည်း သီရှီထျန်က သေချာဂရုတစိုက် နားထောင်သည်။ မကြာမီ သူက ရှောင်ပိုင်ပြောချင်သောအရာကို အကြမ်းဖျဉ်း နားလည်သွားသည်။ ပိုပြီးသူနားထောင်လေ သူ၏ မျက်လုံးထဲမှ အေးစက်မှုနှင့် ထက်ရှမှုက ပိုပြီးအားကောင်းလာလေ ဖြစ်သည်။ ကြီးမားသော အမုန်းတရားက သူ၏ မျက်လုံးထဲမှာ ပြည့်နှက်နေသည်။

“ ဒီတော့… အဲ့ဒါက သားရဲတစ်သောင်းဂိုဏ်းကို ”

သီရှီထျန်က လေသံမာမာဖြင့် တစ်လုံးချင်း ပြောသည်။ ဤသည်မှာ သူက အံကြိတ်ပြီး စကားပြောနေသည့်အလားပင်။ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက တောက်ပသော ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ လရောင်အောက်တွင် ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။ အကန့်အသတ်မဲ့သော ဒေါသက သူ့နှလုံးသားထဲမှ ပေါ်လျှိုးလာသည်။

လက်စသတ်တော့ ထိုမသေမျိုးကျင့်ကြံသူနှစ်ယောက်က သားရဲတစ်သောင်းဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။ ယင်းက မသေမျိုးကျင့်ကြံခြင်းလောကတွင် အလွန်အင်အားကြီးမားသော ဂိုဏ်းဖြစ်သည်။ သားရဲတစ်သောင်းဂိုဏ်း၏ နာမည်တွင် “ သားရဲ ”ဟူသော စာလုံးက ပါဝင်နေသည်။ ယင်းက ဝိညာဉ်သားရဲများကို ထိန်းချုပ်ခြင်းဖြင့် နာမည်ကျော်ကြားသော ဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်း၏ ဝိညာဉ်ရတနာသည် “ သားရဲတစ်သောင်းအလံတိုင် ”ဟု အမည်ရသော အစွမ်းထက်ဓမ္မရတနာ ဖြစ်သည်။

ဒဏ္ဍာရီအရ ထိုအလံတိုင်ထဲမှာ သားရဲတစ်သောင်း၏ စွမ်းအင်အနှစ်သာရများ ကိန်းအောင်းနေသည်။ ယင်းကို ထိန်းချုပ်လိုက်သည့်အခါ တစ်စုံတစ်ယောက်သည် သားရဲတစ်သောင်းကို ဆင့်ခေါ်နိုင်ပြီး ရန်သူကို တိုက်ခိုက်နိုင်စေလိမ့်မည်။ ထိုသားရဲများထဲတွင် အဆင့်အနိမ့်ဆုံးက မိစ္ဆာသားရဲနယ်ပယ်မှာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုအလံတိုင်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်မည်ဆိုလျှင် တစ္ဆေများက ငိုကြွေးသွားပြီး နတ်ဘုရားများက ကြောက်လန့်သွားလိမ့်မည်။

သို့သော်လည်း အလံတိုင်၏ စွမ်းအားမည်မျှကို ထုတ်လွှတ်နိုင်မည်နည်းက အသုံးပြုသူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် သက်ဆိုင်နေသည်။ ယင်းက သာမန်ကျင့်ကြံသူများ အသုံးပြုနိုင်သောအရာ မဟုတ်ပေ။

ရှောင်ပိုင်၊ မေမေကျားဖြူနှင့် သူ့ညီလေးသည် သားရဲတစ်သောင်းဂိုဏ်းမှ တပည့်နှစ်ယောက်၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ထို့နောက် သူတို့သည် “ ဝိညာဉ်သားရဲဆေးလုံး ”ကို နေ့စဉ် အတင်းအဓမ္မ တိုက်ကျွေးခံခဲ့ရသည်။

ဝိညာဉ်သားရဲဆေးလုံးသည် အလွန်ထူးဆန်းသည်။ ယင်းကို စားလိုက်သည့်အခါ တစ်စုံတစ်ယောက်၏ ဝိညာဉ်အသိဉာဏ်က တဖြည်းဖြည်း တိုးပွားလာလိမ့်မည်။ သို့သော်လည်း ထိုဆေးလုံးမှာ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိသည်။

ယင်းမှာ…

တစ်စုံတစ်ယောက်က ဝိညာဉ်သားရဲဆေးလုံးကို စားသုံးလိုက်မည်ဆိုလျှင် သူတို့က ကျန်ဘဝတစ်လျှောက်၌ မည်သည့်အခါမှ အသွင်မပြောင်းလဲနိုင်တော့ပေ။ သူတို့က မူလသားရဲပုံစံအတိုင်း ဘဝတစ်လျှောက်လုံး ဆက်ရှိသွားလိမ့်မည်။ ထို့ပြင် ဝိညာဉ်သားရဲဆေးလုံးကို တိုက်ကျွေးသည့်အခါ ကျင့်ကြံသူတစ်ယောက်က အနားမှာ ရှိနေပြီး ထူးဆန်းသော ဂါထာမန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိမ့်မည်။ ယင်းကို နားထောင်လိုက်သည့်အခါ ဝိညာဉ်သားရဲသည် ခေါင်းမူးဝေလာပြီး အိပ်ငိုက်လာလိမ့်မည်။ ယင်းက အလွန်ထူးဆန်းသည်။

အခန်း(၁၆၄)

ထိုဂါထာမန္တန်ကို ဝိညာဉ်ထိန်းချုပ်မန္တန်ဟု ခေါ်သည်။ ယင်းက သားရဲတစ်သောင်းဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ယင်းက ဂိုဏ်းအတွက် အလွန်အရေးကြီးသည်။

ဝိညာဉ်ထိန်းချုပ်မန္တန်ဖြင့် နေ့စဉ် ခေါင်းဆေးခံရပြီးနောက် မေမေကျားဖြူက အလွန်ဒေါသကြီးလာကြောင်း ရှောင်ပိုင် နားလည်သွားသည်။

မေမေကျားဖြူသည် ရံဖန်ရံခါ ဒုတိယအကိုနှင့် သူ့ကိုပင် မမှတ်မိတော့ပေ။ ထိုအခြေအနေက ရှောင်ပိုင်ကို စိုးရိမ်ကြောက်လန့်စေသည်။ ဝိညာဉ်သားရဲဆေးလုံးကို စားသုံးပြီးနောက် သူ၏ အသိဉာဏ်က တဖြည်းဖြည်း တိုးပွားလာသည်။ ထို့ကြောင့် ရှောင်ပိုင်က တွေးတောလိုက်သည်။

အကယ်၍ သူတို့က ထိုအတိုင်း ဆက်နေသွားမည်ဆိုလျှင် တစ်နေ့မှာ သူတို့အရွယ်ရောက်လာသည့်အခါ မေမေကျားဖြူကဲ့သို့ ဖြစ်လာကြလိမ့်မည်။

ထို့ကြောင့် ရှောင်ပိုင်သည် သားရဲတစ်သောင်းဂိုဏ်းထဲ၌ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲတစ်ခုကို အခွင့်ကောင်းယူ၍ သားရဲတစ်သောင်းဂိုဏ်းထဲမှ ထွက်ပြေးသွားခဲ့သည်။ သူက တောင်အောက်သို့ ထွက်ပြေးသွားနေစဉ် ဇီဖေးနှင့် အမှတ်မထင် တွေ့ဆုံသွားသည်။

ထို့နောက် သူက ဇီဖေး၏ ကူညီပေးမှုကြောင့် သီရှီထျန်ဆီသို့ ရောက်လာခဲ့သည်။ သို့ဖြစ်၍ ရှောင်ပိုင်၏ လွတ်မြောက်လာမှုတွင် ကံကောင်းမှုက အများကြီး ပါဝင်နေသည်။

သို့မဟုတ်လျှင် ရှောင်ပိုင်က ဤနေရာသို့ ဘေးကင်းလုံခြုံစွာ ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။

“ သားရဲတစ်သောင်းဂိုဏ်းလား… သားရဲတစ်သောင်းဂိုဏ်းကို လွယ်လွယ် ပြဿနာသွားမရှာဖို့ ငါအကြံပေးလိုက်မယ်… မဟုတ်ရင် နင့်ရဲ့ လက်ရှိစွမ်းရည်အရ နင်က သားရဲတစ်သောင်းဂိုဏ်းရဲ့ ဖမ်းဆီးတာခံရလိမ့်မယ်… သားရဲတစ်သောင်းဂိုဏ်းက အရမ်းအစွမ်းထက်တယ်… ငါ့ရဲ့ အထွတ်အထိပ်အခြေအနေမှာတောင် သူတို့ကို ရန်မစရဲဘူး… ဒါပေမဲ့ တစ်ခုတော့ ရှိတယ်… ”

သီရှီထျန်က ဒေါသဖြင့် ပေါက်ကွဲထွက်တော့မည့်အချိန် သိမ်မွေ့နူးညံ့သော အသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက သူ၏ စိတ်အခြေအနေကို ငြိမ်သက်သွားစေသည်။

အဝေးသို့ သူတို့လှမ်းကြည့်လိုက်သည့်အခါ နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော ပိုင်ဟူက သူတို့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေကြောင်း မြင်လိုက်ရသည်။ သူလမ်းလျှောက်နေစဉ် သူ့အနောက်မှ အဖြူရောင်အမြှီးနှစ်ချောင်းက လှုပ်ရှားကခုန်သွားသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်က တမူထူးခြားသော အမွှေးနံ့ကို ထုတ်လွှတ်နေသည်။

ထိုမြေခွေးသည် ကောင်းကင်ရနံ့မြေခွေးဘုရင်မှလွဲ၍ တခြားမည်သူဖြစ်နိုင်မည်နည်း။

ပိုင်ဟူသည် ဘေးဘက်မှ လှိုဏ်ဂူထဲမှာ ကျင့်ကြံနေသည်။ သူက သီရှီထျန်ရှိနေသော လှိုဏ်ဂူထံမှ အလွန်ပြင်းထန်သော ဒေါသအငွေ့အသက်ကို အာရုံခံမိသွားသည်။ ယင်းက သူ့ကို သတိအနေအထားဖြစ်စေသည်။ ထို့ကြောင့် သူက အခြေအနေကို စစ်ဆေးရန် ဤသို့ ရောက်လာခဲ့သည်။

ထူးဆန်းသော အမွှေးနံ့ကို ရှူသွင်းလိုက်သည့်အခါ ဒေါသမီးဟုန် တောက်လောင်နေသော သီရှီထျန်၏ နှလုံးက ရုတ်တရက် ငြိမ်သက်သွားသည်။ ထိုအမွှေးနံ့မှာ စိတ်ကို အေးချမ်းတည်ငြိမ်စေနိုင်သော အကျိုးအာနိသင်တစ်မျိုး ရှိဟန် ရ၏။ ယင်းက သူ၏ စိတ်ခံစားချက်များကို တဖြည်းဖြည်း ငြိမ်သက်သွားစေသည်။

“ မင်းပြောတဲ့ တစ်ခုက ဘာလဲ ”

သီရှီထျန်က ပိုင်ဟူကို စူးစိုက်ကြည့်လိုက်သည်။ သူ့စကား၏ အဓိပ္ပာယ်အပြည့်အစုံကို သူသိချင်သည်။

ပိုင်ဟူက သီရှီထျန်၏ အရှေ့သို့ တည်ငြိမ်စွာ လျှောက်လာပြီး သူ့ကို မထူးမခြားနား ကြည့်လိုက်သည်။ သူက ပြောသည်။

“ နင် မဟာမိစ္ဆာတစ်ကောင် ဖြစ်လာတဲ့အထိ ကျင့်ကြံနိုင်မယ်ဆိုရင် ဒီခရမ်းရွှေကုန်းမြေမှာ ဘာအတားအဆီးမှမရှိဘဲ ရွေ့လျားသွားလာနိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် သားရဲတစ်သောင်းတောင်ဆီ နင်သွားနိုင်လိမ့်မယ်… မဟုတ်ရင် နင့်ရဲ့ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားအရ နင့်လို မိစ္ဆာသားရဲတွေ အကောင်တစ်သောင်းရှိမယ်ဆိုရင်တောင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး ”

“ အဲ့ဒီကို နင်သွားချင်ရင် နင့်မှာ အနိမ့်ဆုံး မိစ္ဆာဘုရင်နယ်ပယ်ရဲ့ စွမ်းအားရှိရမယ်… တကယ်လို့ နင်က အထွတ်အထိပ် မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာမယ်ဆိုရင် နင်ဖြစ်ချင်တဲ့အရာကို စွမ်းဆောင်နိုင်လိမ့်မယ် ”

မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို ဤသို့အဆင့်ခွဲခြားထားသည်။ ယင်းတို့က ဝိညာဉ်သားရဲနယ်ပယ်၊ မိစ္ဆာသားရဲနယ်ပယ်၊ စစ်မှန်သော မိစ္ဆာနယ်ပယ်၊ မိစ္ဆာဘုရင်နှင့် မဟာမိစ္ဆာတို့ ဖြစ်ကြသည်။

နယ်ပယ်တစ်ခုကို ချိုးဖြတ်သွားတိုင်း မိစ္ဆာတစ်ကောင်သည် ယခင်ထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုပြီးသန်မာသွားလိမ့်မည်။ သို့ဖြစ်၍ နယ်ပယ်တစ်ခုနှင့်တစ်ခုကြားမှ ကွာခြားမှုက ဖော်မပြနိုင်အောင် အလွန်ကြီးမားသည်။

သာမန်ဝိညာဉ်သားရဲတစ်ကောင်က အစစ်အမှန် မိစ္ဆာတစ်ကောင်ဖြစ်လာချင်လျှင် အနည်းဆုံး အနှစ်တစ်ထောင်မှ နှစ်ထောင်အထိ ကြာမြင့်နိုင်သည်။ သို့ဖြစ်၍ မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာရန်သည် ကောင်းကင်ဘုံပေါ်သို့ တတ်လှမ်းခြင်းထက် ပိုပြီးခက်ခဲသည်။ မဟာမိစ္ဆာနယ်ပယ်သည်တော့ သာမန်မိစ္ဆာများ စိတ်ကူးမယဉ်နိုင်သော နယ်ပယ်ဖြစ်သည်။ သူတို့က တစ်ဘဝလုံး ကြိုးစားလျှင်ပင် ပါရမီမပါလျှင် မဟာမိစ္ဆာနယ်ပယ်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် အမြင့်ဆုံးအနေနှင့် မိစ္ဆာဘုရင်သာ ဖြစ်လာနိုင်လိမ့်မည်။

သီရှီထျန်သည်လည်း သွေးမျိုးဆက်အမွေအနှစ်ထံမှတဆင့် ထိုအကြောင်းကို အနည်းအကျဉ်း နားလည်ထားသည်။ သို့သော်လည်း သူက အသေးစိတ် မသိထားပေ။ သို့သော် ယင်းက သူ၏ ခန့်မှန်းမှုကို အဟန့်အတားမဖြစ်စေပေ။ ပိုင်ဟူ၏ စကားကြောင့် သူက အံ့ဩသွားသည်။ ချက်ချင်းဆိုသလိုပင် ပြင်းပြသော လိုအင်ဆန္ဒက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက စွမ်းအားကို လိုချင်တပ်မက်လာသည်။ သူက ယခုထက် ပိုပြီးသန်မာလာချင်သည်။

အရှုံးပေးသည်ဟူသော စကားလုံးက သူ၏ အဘိဓာန်ထဲမှာ မရှိပေ။

အနာဂတ်သည် မည်မျှခက်ခဲကြမ်းတမ်းပါစေ ယင်းက သူ၏ ယုံကြည်မှုကို မယိုင်လဲစေနိုင်ပေ။

“ သားရဲတစ်သောင်းဂိုဏ်းအကြောင်း ငါသိချင်တယ် ”

သီရှီထျန်က ပိုင်ဟူကို စူးစိုက်ကြည့်လိုက်သည်။

အကြောင်းအရင်းတချို့ကြောင့် ပိုင်ဟူသည် ထိုသို့အကြည့်ကို မြင်သွားသောအခါ မသိစိတ်မှ ခေါင်းလွှဲလိုက်သည်။ သူက ပြောသည်။

“ သားရဲတစ်သောင်းဂိုဏ်းက အခုချိန်မှာ နင်သိထားသင့်တဲ့အရာ မဟုတ်ဘူး… နင်ပိုပြီးသိလေလေ နင့်အတွက် ပိုပြီးဆိုးဝါးလေပဲ… အတိုချုပ်ပြောရရင် နင့်ရဲ့ လက်ရှိ စွမ်းအားအရ ဒီမိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံး ဒါမှမဟုတ် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးရဲ့ အင်အားနဲ့ဆိုရင်တောင် သားရဲတစ်သောင်းဂိုဏ်းကို လှုပ်ခါပစ်နိုင်မှာ မဟုတ်ဘူး… သားရဲတစ်သောင်းဂိုဏ်းက တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးကို အလွယ်လေး ဖျက်ဆီးပစ်နိုင်တယ်… ဒါကြောင့် ငါ့အမြင်မှာ အခု နင်လုပ်ရမှာက အလုပ်ကြိုးစားပြီး နင့်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ပဲ… နင့်ရဲ့ ပါရမီအရ မိစ္ဆာဘုရင်ဖြစ်လာဖို့ မခက်ခဲပါဘူး ”

သူက စကားပြောနေရင်း စိတ်ထဲမှာ တွေးတောလိုက်သည်။

‘ သူက ဝိညာဉ်သားရဲနယ်ပယ်ကနေ မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာဖို့ တစ်နှစ်တောင် အချိန်မယူခဲ့ရဘူး… အဲ့ဒါ ဘယ်လောက် အံ့ဩဖို့ကောင်းတဲ့ ပါရမီလဲ… မိစ္ဆာသားရဲနယ်ပယ်ကနေ အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး စစ်မှန်တဲ့ မိစ္ဆာတစ်ကောင်ဖြစ်လာဖို့ဆိုရင် သူက အချိန်ဘယ်လောက်ယူရမလဲ မသိဘူး ’

အရိုးသားဆုံး ဝန်ခံရလျှင် ပိုင်ဟူသည်လည်း ယင်းကို စိတ်ဝင်စားသည်။

ယင်းကို သီရှီထျန်ကြားသောအခါ သူ့မျက်လုံးထဲမှ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ရုတ်တရက် သူက ပိုင်ဟူကို စိတ်ဓာတ်ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်ပြီး မေးသည်။

“ ကုချင်းဘယ်လိုတီးရမလဲ မင်းသိလား ”

“ ကုချင်းလား ”

မမျှော်လင့်ထားသော ထိုမေးခွန်းက မြေခွေးဖြူလေး၏ နှလုံးသားထဲ၌ သံသယအမျှင်တစ်ခု ဖြစ်ပေါ်လာစေသည်။

“ အင်း… ကုချင်းတီးခတ်တာကို ငါသင်ယူချင်တယ် ”

စက်ကရာ၏ လေသံထဲမှာ မယိမ်းယိုင်သော ယုံကြည်မှုတစ်မျိုး ပါဝင်နေသည်။

ကုချင်း… ။

ကုချင်းကို သူသင်ယူချင်သည်။

တခြားမိစ္ဆာများသည် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းကို ပျိုးထောင်ရန် အချိန်လိုအပ်ကြလိမ့်မည်။ ယင်းက အနှစ်တစ်ထောင် သို့မဟုတ် အနှစ်တစ်သောင်းဖြစ်နိုင်သည်။ ထိုအချိန်ကျလျှင် သူတို့က တောင်တန်းများနှင့် ပင်လယ်များကို မှောက်လှန်ပစ်နိုင်သော မဟာမိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မည်။ သို့သော်လည်း သူက ထိုမျှနှစ်အကြာကြီး မစောင့်နိုင်ပေ။

သားရဲတစ်သောင်းဂိုဏ်းအကြောင်း ရှောင်ပိုင်၏ ပြောကြားမှုအရ အကယ်၍ သူက ဆယ်စုနှစ်တချို့ သို့မဟုတ် ရာစုနှစ်တချို့ နှောင့်နှေးသွားမည်ဆိုလျှင် သူ၏ ကျားဖြူမေမေနှင့် ညီလေးက တစ်စုံတစ်ခု ဖြစ်သွားနိုင်သည်။ သူတို့က ထိုအတောအတွင်းမှာ မည်မျှခက်ခဲကြမ်းတမ်းသော ဆင်းရဲဒုက္ခများကို တွေ့ကြုံခဲ့ကြမည်နည်း။

ထို့ပြင် သူ့မှာ တခြားမိစ္ဆာများမှာ မရှိသော “ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ” ရှိသည်။

သူက စိတ်ခံစားချက်ခုနစ်မျိုးကို သံစဉ်အဖြစ် အသုံးပြု၍ ဤလောကထဲမှ သက်ရှိအားလုံးကို ငိုကြွေးစေနိုင်သည်။ သူ၏ ကုချင်းအသံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေလိမ့်မည်။

“ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ”က ရှေးဟောင်းစာလိပ်ထဲမှာ ဖော်ပြထားသကဲ့သို့ အမှန်တကယ် အစွမ်းထက်သည်ဆိုလျှင် သူက သားရဲတစ်သောင်းဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသွားလိမ့်မည်။

သို့သော်လည်း ယခု သူ့အရှေ့မှာ အတားအဆီးတစ်ခု ရှိနေသည်။ ယင်းက ကုချင်းဖြစ်သည်။ ကုချင်းကို သူတီးခတ်နိုင်မှသာလျှင် “ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ”အတွက် အခြေခံအုတ်မြစ်ကို သူတည်ဆောက်နိုင်လိမ့်မည်။

သို့ဖြစ်၍ ကုချင်းတီးခတ်နည်းကို သေချာပေါက် သူသင်ယူရမည်။

“ ကုချင်းဘယ်လိုတီးရမလဲ ငါမသိဘူး ”

ပိုင်ဟူက အနည်းငယ် အံ့ဩသွားသည်။ သို့သော်လည်း သူက ခေါင်းခါလိုက်သည်။

သူက မိစ္ဆာဘုရင်တစ်ပါးဖြစ်ပြီး သူ၏ အချိန်အများစုကို ကျင့်ကြံခြင်းမှာသာ အသုံးပြုခဲ့သည်။ သို့ဖြစ်လေရာ ကုချင်းတီးခတ်နည်းကို သင်ယူရန် သူ့မှာ မည်သို့အချိန်ရှိမည်နည်း။ ယင်းက သာမန်သာ ဖြစ်သည်။

“ ကုချင်းဘယ်လိုတီးရမလဲ နင်သင်ယူချင်ရင် လူသားလောကဆီ နင်သွားရလိမ့်မယ်… လူသားလောကမှာ ကုချင်းတီးခတ်နည်းကို သင်ယူဖို့က မခက်ခဲပါဘူး ”

မြေခွေးဖြူလေးက ဆက်ပြောသည်။

“ တကယ်လို့ ငါ့မှာ အရင်လို ကျင့်ကြံခြင်းစွမ်းအားရှိမယ်ဆိုရင် အနီးနားက နယ်မြို့တစ်မြို့ထဲက ကုချင်းပညာရှင်တစ်ယောက်ကို နင့်အတွက် ငါဖမ်းခေါ်လာပေးနိုင်တယ်… ဒါပေမဲ့ လက်ရှိ ငါက အဲ့ဒီလို မလုပ်နိုင်ဘူး ”

သူ၏ အမြင်အရ ကုချင်းပညာရှင်တစ်ယောက်ကို ရှာဖွေခြင်းက အသင့်တော်ဆုံးနည်းလမ်း ဖြစ်သည်။ သို့သော်လည်း လက်ရှိ သူ့အခြေအနေက ထိုသို့လုပ်ဆောင်ရန် မသင့်တော်ပေ။

“ ဒါပေါ့… တကယ်လို့ နင်သာ ဘာလို့ ကုချင်းသင်ချင်တာလဲ ငါ့ကို ပြောပြမယ်ဆိုရင်… ငါ့ဆီမှာ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး ”

စိတ်ဝင်စားသော အလင်းရောင်က မြေခွေးဖြူလေး၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ တစ်ဖက်လူ မျှော်လင့်ချက်ကင်းမဲ့နေချိန်မှာ သူက မျှော်လင့်ချက်ကို ပေးလိုက်သည်။

ပိုင်ဟူ၏ စကားမှတဆင့် သူ့မှာ အကူအညီပေးရန် အမှန်တကယ် နည်းလမ်းရှိပုံရ၏။ သို့သော်လည်း သီရှီထျန်က မည်သို့ကြောင့် ကုချင်းသင်ချင်ကြောင်း သူစူးစမ်းသိချင်၏။

“ မင်းမှာ တကယ်နည်းလမ်းရှိတာလား ”

စက်ကရာက ရုတ်တရက် မျက်လုံးမှေးကျဉ်းလိုက်သည်။ ကျားဖြူမေမေနှင့် သူ့ညီငယ်၏ သတင်းကို ကြားပြီးနောက်၊ သားရဲတစ်သောင်းဂိုဏ်းက မည်မျှအစွမ်းထက်ကြောင်း သိရှိပြီးနောက် သူပိုပြီး သန်မာလာရန် စိတ်အားထက်သန်လာသည်။ ထို့ပြင် ဤတစ်ကြိမ်က ယခင်ကထက် ပိုပြီးပြင်းထန်သည်။ “ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ”ကသာလျှင် သူ့ကို အချိန်တိုလေးအတွင်း အမြန်ဆုံး သန်မာစေနိုင်သည်။

ထို့ပြင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းက မည်မျှအစွမ်းထက်ကြောင်း သူသိသည်။ အတိတ်မှာ သူသည် ကုချင်းအကြောင်း နားမလည်ထားသည့်တိုင် ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်း၏ စွမ်းအားဖြင့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့သည်။

အကယ်၍ သူက ကုချင်းတီးခတ်နည်းကို သင်ယူပြီး သီချင်းတစ်ပုဒ်ကို တီးခတ်လိုက်မည်ဆိုလျှင် မည်သို့သော မြင်ကွင်း ဖြစ်ပေါ်လာမည်နည်း။ ထိုသီချင်းသည် သားရဲတစ်သောင်းဂိုဏ်းအား သူအနိုင်ယူပစ်နိုင်မည့် သူ၏ ယုံကြည်အားကိုးရာ ဖြစ်သည်။

“ မင်းမှာ တကယ်နည်းလမ်းရှိတာလား ”

သီရှီထျန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူက ပိုင်ဟူကို တစ်ခဏကြာ စစ်ဆေးကြည့်ပြီးနောက် မေးသည်။

ပိုင်ဟူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ နင် ငါ့ကို မယုံလည်း ကိစ္စမရှိဘူး… ဒါပေမဲ့ နင့်ရဲ့ လက်ရှိစွမ်းရည်အရ အထွတ်အထိပ် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီး အမြူတေဓာတ်လုံး ဖွဲ့စည်းဖို့က အချိန်တိုလေးအတွင်း လုပ်ဆောင်နိုင်တဲ့အရာ မဟုတ်ဘူး… အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးတဲ့အထိ နင်စောင့်မယ်ဆိုရင် အချိန်အရမ်းကြာသွားမှာ ငါစိုးရိမ်တယ်… ငါက နင်ဘာလို့ ကုချင်းသင်ချင်တာလဲ စိတ်ဝင်စားရုံပါ ”

စက်ကရာသည်လည်း ထိုအချက်ကို ကောင်းကောင်း နားလည်ထားသည်။ အကယ်၍ သူက အသွင်သဏ္ဍာန်ပြောင်းလဲပြီးသည်အထိ စောင့်ဆိုင်းမည်ဆိုလျှင် အချိန်အများကြီး ကြာသွားလိမ့်မည်။

ယင်းက တစ်လ နှစ်လတည်းဖြင့် ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။ သူ၏ မိစ္ဆာစံအိမ်ထဲမှာ ကျင့်ကြံသူရာထောင်ချီ၏ ခန္ဓာကိုယ်များ ရှိသည်။ ယင်းတို့ကို အကုန်အစင် သူသန့်စင်နိုင်သရွေ့ မကြာခင် သူက အထွတ်အထိပ် မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီး သူ့ကိုယ်ပိုင် အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်လိမ့်မည်။

သို့သော်လည်း သူက ကုချင်းတီးခတ်နည်းကို သင်ယူရန် အလွန်ဆန္ဒစောနေလေရာ နောက်ထပ် တစ်နှစ် နှစ်နှစ် မစောင့်နိုင်ပေ။

အခန်း(၁၆၅)

သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။

“ တကယ်တော့ အဲ့ဒါက ဘာမှမဟုတ်ပါဘူး… ငါ့ရဲ့ သက်စောင့်မိစ္ဆာလက်နက်က ကုချင်းဖြစ်နေလို့ပါ… ကုချင်းဘယ်လိုတီးခတ်ရမလဲ ငါသိမှပဲ သက်စောင့်မိစ္ဆာလက်နက်ရဲ့ စွမ်းအားအစစ်အမှန်ကို ငါထုတ်ဖော်နိုင်လိမ့်မယ် ”

သီရှီထျန်သည် စကားဆုံးသွားသည်နှင့် သူ့အတွေးဖြင့် စေခိုင်းလိုက်သည်။ အဖြူရောင်မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကျောက်စိမ်းကုချင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး သူ့အရှေ့မှာ လွင့်မျောသွားသည်။

အဖြူရောင်ကျောက်စိမ်းအလင်းအောက်တွင် ထိုကုချင်းဆီမှာ ကြိုးကိုးချောင်းရှိကြောင်း မည်သူမဆို မြင်နိုင်ပေသည်။ ကျောက်စိမ်းကုချင်း၏ ကိုယ်ထည်သည် လျှို့ဝှက်ဆန်းကြယ်သည်။ ယင်းက မိစ္ဆာအငွေ့အသက်တချို့ကို ထုတ်လွှတ်နေသည်။ ယင်းက သက်ရှိများကို အနားသို့ တိုးကပ်လာရန် မြူဆွယ်နေသည်။

" တင်း… တုံ… တင်း… တုံ… ”

ကြိုးကိုးချောင်းထံမှ သာယာကြည်လင်သော ဂီတသံများက လှိုဏ်ဂူထဲမှာ ပဲ့တင်ထပ်သွားသည်။ တစ်စုံတစ်ယောက်သည် ကုချင်းအသံကို ကြားလိုက်သည့်အခါ သူ့နှလုံးသားထဲမှ စိတ်ခံစားချက်များက အဆပေါင်းများစွာ ပိုပြီးအားကောင်းလာသည်ဟု ခံစားမိသွားကြသည်။ အနက်ရောင်အခိုးအငွေ့က ဘေးပတ်ဝန်းကျင်မှာ ပေါ်လျှိုးလာပြီး ကုချင်းအသံနှင့်အတူ လွင့်မျောသွားသည်။ ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။

“ နင့်မှာ သက်စောင့်မိစ္ဆာလက်နက်တစ်ခု တကယ်ရှိတယ်လား… ပြီးတော့ အဲ့ဒါက ကျောက်စိမ်းကုချင်း… အမ် ဒီကုချင်းက… ”

သီရှီထျန်က ကျောက်စိမ်းကုချင်းကို ထုတ်ပြလိုက်သည့်အခါ ပိုင်ဟူ၏ မျက်လုံးထဲ၌ အံ့ဩမှုဖြင့် ပြည့်နှက်သွားသည်။ သက်စောင့်မိစ္ဆာလက်နက်က မသေမျိုးကျင့်ကြံသူများ အသုံးပြုသော သက်စောင့်ဓမ္မလက်နက်နှင့် အတူတူ ဖြစ်သည်။

တစ်စုံတစ်ယောက်ဆီမှာ လုံလောက်သော ကုန်ကြမ်းပစ္စည်းများရှိလျှင် မည်သူမဆို ယင်းကို သန့်စင်နိုင်သည်။ သို့သော်လည်း မိစ္ဆာမျိုးနွယ်စုထဲတွင် သက်စောင့်မိစ္ဆာလက်နက်ကို သန့်စင်နိုင်သော မိစ္ဆာများက အရေအတွက်အများကြီး မရှိပေ။ ထို့ပြင် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေစုဆောင်းရန်က ပိုပြီးခက်ခဲသည်။

ယေဘုယျအားဖြင့်ဆိုရသော် အသွင်သဏ္ဍာန် မပြောင်းလဲရသေးသော မိစ္ဆာသားရဲတစ်ကောင်သည် သက်စောင့်မိစ္ဆာလက်နက်ကို သန့်စင်နိုင်ဦးလိမ့်မည် မဟုတ်ချေ။ သူ့ဆီမှာပင် သက်စောင့်မိစ္ဆာလက်နက်တစ်ခုသာ ရှိ၏။

သီရှီထျန်က မိစ္ဆာသားရဲနယ်ပယ်မှာသာ ရှိသေးသော်လည်း သူ့ကိုယ်ပိုင် သက်စောင့်မိစ္ဆာလက်နက်တစ်ခုကို သန့်စင်နိုင်ခဲ့ကြောင်း သူသိလိုက်ရသောအခါ မည်သို့ကြောင့် မအံ့ဩဘဲ နေမည်နည်း။

ထို့ပြင်…

ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းကို အပြင်သို့ ထုတ်လိုက်သည့်အခိုက် ထိုကုချင်းက သာမန်မဟုတ်ကြောင်း သူခံစားမိသွားသည်။ ယင်းက အနက်ရောင်အခိုးအငွေ့ကို သူ့ဘာသာ စုပ်ယူနိုင်သည်။ ထိုအနက်ရောင်အခိုးအငွေ့က အလွန်နတ်ဆိုးဆန်ကြောင်း သူခံစားရမိသည်။

ထို့ပြင် သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စလည်း ရှိသည်။ ကုချင်းအသံကို သူကြားလိုက်ရသည့်အခိုက် သူ၏ စိတ်ခံစားချက်များက ပရမ်းပတာ လှုပ်ခတ်သွား၏။

သူ၏ နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံကြောင့်မဟုတ်လျှင် ယင်းက သူ့ကို အခြေအနေဆိုးဝါးစေနိုင်သည်။ အနှစ်ချုပ်ဆိုရသော် ဤကျောက်စိမ်းကုချင်းက သာမန်မိစ္ဆာလက်နက်တစ်ခု မဟုတ်ကြောင်း လုံးဝ သူသေချာသည်။

ကျောက်စိမ်းကုချင်း၏ ကိုယ်ထည်ကို သေချာကြည့်လိုက်သည့်အခါ ပိုင်ဟူ၏ အကြည့်က ရုတ်တရက် အေးခဲသွားသည်။ သူ့နှလုံးသားထဲမှာ အံ့ဩမှုဖြင့် ချက်ချင်း ပြည့်နှက်သွားပြီး သူ့နှလုံးက တဒုန်းဒုန်း ခုန်မြည်သွားသည်။ ထိုကျောက်စိမ်းကုချင်းကို သန့်စင်ထားသောအရာသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို တွေ့ကြုံပြီးနောက် နောက်ဆုံးကျန်ရစ်ခဲ့သော ကျောက်စိမ်းသန္ဓေသား ဖြစ်သည်။

အတိတ်မှာ သီရှီထျန်က ထိုကျောက်စိမ်းသန္ဓေသားကို သိမ်းယူသွားခဲ့ကြောင်း သူ့မျက်စိဖြင့် ကိုယ်တိုင်မြင်ခဲ့သည်။ ကျောက်စိမ်းသန္ဓေသားသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မည်သည့်ထိခိုက်ပျက်စီးမှုမှ မရှိဘဲ တောင့်ခံနိုင်ခဲ့သည်။ သို့ဖြစ်လေရာ ထိုကျောက်စိမ်းသန္ဓေသားက သာမန်ပစ္စည်း မဟုတ်နိုင်ပေ။

အတိတ်မှာ သူက ထိုကျောက်စိမ်းသန္ဓေသားကို လုယူရန် မစဉ်းစားခဲ့ခြင်းမှာ ကျောက်စိမ်းသန္ဓေသား၏ စွမ်းရည်က ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြောင့် ပျက်စီးသွားပြီဟု သူထင်မှတ်ခဲ့သောကြောင့်ပင်။ သူ့အမြင်မှာ ယင်းက သေမျိုးလောကတွင် မြင်တွေ့ရလေ့ရှိသော အရည်အသွေးကောင်းမွန်သည့် ကျောက်စိမ်းတစ်ခုထက် မပိုပေ။

သို့သော်လည်း သီရှီထျန်က ထိုကျောက်စိမ်းသန္ဓေသားကို အသုံးပြုပြီး ကုချင်း၏ ကိုယ်ထည်ကို ဖန်တီးခဲ့လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ကျောက်စိမ်းကုချင်း၏ ကိုယ်ထည်ထဲမှာ မိစ္ဆာအရှိန်အဝါတစ်ခုက တအိအိလှုပ်ခတ်နေကြောင်း မသဲမကွဲ သူခံစားမိသည်။

ရှင်းလင်းစွာပင် ကျောက်စိမ်းသန္ဓေသားက ယင်း၏ စိတ်ဝိညာဉ်ကို အပြည့်အဝ ဆုံးရှုံးသွားလျှင်ပင် ယင်းက ကုချင်းကို သန့်စင်ရန် အကောင်းဆုံး ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်နေဆဲပင်။

ပိုင်ဟူ၏ အမြင်စူးရှမှုအရ သူ့အရှေ့မှ ကျောက်စိမ်းကုချင်းက အထွတ်အထိပ်အဆင့် ဓမ္မလက်နက်တစ်ခုဖြစ်ကြောင်း မည်သို့ကြောင့် သူမမြင်ဘဲ နေမည်နည်း။ ကျောက်စိမ်းကုချင်းပိုင်ရှင်၏ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျနေသောကြောင့်သာ ယင်းက အဆင့်မတတ်နိုင်ခြင်း ဖြစ်သည်။ သို့တိုင် ယင်း၏ စွမ်းအားက မည်သည့်ဓမ္မရတနာထက်မှ မနိမ့်ကျပေ။

ကုချင်းတစ်ခုကို သန့်စင်ရန်အလို့ငှာ ကျောက်စိမ်းသန္ဓေသားက အသင့်တော်ဆုံး ဖြစ်သည်။ ထို့ပြင် ကုချင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုး ရှိနေသည်ဟု သူခံစားမိသည်။ ထိုစွမ်းအားသည် ယခင်က တစ်ခါမှ သူမကြုံဖူးသောအရာဖြစ်သည်။

“ သီရှီထျန်ဆီမှာ တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ် ”

ပိုင်ဟူက သူ့နှလုံးသားထဲမှာ တိတ်တဆိတ် ရေရွတ်လိုက်သည်။

သူက သီရှီထျန်ကို ကြည့်လိုက်ပြီး ပြောသည်။

“ ဒီတော့ နင့်ရဲ့ သက်စောင့်မိစ္ဆာလက်နက်က ကုချင်းပဲ… ကုချင်းကို လက်နက်အဖြစ် အသုံးပြုမယ်ဆိုရင် ဂီတအကြောင်းနဲ့ ကုချင်းတီးခတ်နည်းအကြောင်း တကယ်ပဲ နင်သင်ယူရလိမ့်မယ်… အဲ့ဒါမှ သက်စောင့်မိစ္ဆာလက်နက်ရဲ့ စွမ်းအားအစစ်အမှန်ကို နင်ထုတ်လွှတ်နိုင်မှာ ”

သူက တစ်ခဏ ရပ်လိုက်ပြီးနောက် ဆက်ပြောသည်။

" ကုချင်း ဘယ်လိုတီးရမလဲ ငါမသိဘူး… ကုချင်းတီးခတ်တာကို သင်ယူဖို့ အကောင်းဆုံးနည်းလမ်းက လူသားလောကဆီ သွားတာပဲ ”

“ ဟမ် ”

သီရှီထျန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ နင့်ရဲ့ အခုလက်ရှိ အသွင်သဏ္ဍာန်အရ လူသားလောကဆီ နင်သွားဖို့ အရမ်းခက်ခဲလိမ့်မယ် ”

ပိုင်ဟူက အေးဆေးတည်ငြိမ်စွာ ပြောသည်။

" ဒါပေါ့… စောစောက ငါပြောခဲ့တဲ့အတိုင်းပဲ အကြောင်းအရင်းကို နင်ပြောပြမယ်ဆိုရင် နင့်ရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ငါကူညီပေးမယ် ”

သူက ဝှက်ဖဲတစ်ချပ် သိမ်းထားသော အမူအရာဖြင့် ပြောသည်။ ကြည့်ရသည်မှာ သူက ဤပြဿနာကို ဖြေရှင်းပေးရန် ယုံကြည်မှုရှိဟန် ရ၏။

“ မင်းဘယ်လို ဖြေရှင်းပေးနိုင်မလဲ ”

သီရှီထျန်က စူးစမ်းသိချင်သော အမူအရာဖြင့် မေးသည်။

ပိုင်ဟူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ ငါ့ရဲ့ မြေခွေးမျိုးနွယ်စုမှာ ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’လို့ ခေါ်တဲ့ လျှို့ဝှက်အတတ်ပညာတစ်ခု ရှိတယ်… အဲ့ဒါကို နင်ကျင့်ကြံမယ်ဆိုရင် အမြူတေဓာတ်လုံးကို မဖွဲ့စည်းရသေးရင်တောင် လူသားအသွင်သဏ္ဍာန်ကို နင်ပြောင်းလဲနိုင်လိမ့်မယ်… အဲ့ဒါက လူသားအသွင်ကို အမြဲတမ်း မထိန်းသိမ်းပေးနိုင်ဘူးဆိုပေမဲ့ လူသားလောကဆီ ဝင်ရောက်ဖို့ လုံလောက်ပါတယ် ”

ပိုင်ဟူပြောသော စကားက အမှန်ဖြစ်သည်။ မြေခွေးမျိုးနွယ်စုဆီမှာ ထိုသို့လျှို့ဝှက်အတတ်ပညာ အမှန်တကယ် ရှိသည်။ ယင်းက အလွန်ထူးခြားသည်။ သို့ဖြစ်၍ မြေခွေးမျိုးနွယ်စုထဲတွင် ထိုလျှို့ဝှက်အတတ်ပညာကို အပြင်လူများအား မလွှဲပြောင်းပေးရန် တင်းကျပ်စွာ တားမြစ်ထားသည်။

ဥပမာ မြေခွေးမျိုးနွယ်စု၏ ဒဏ္ဍာရီများအရ အသိဉာဏ်ရှိသော မြေခွေးများကို လူသားများက သူယောင်မယ်များဟု ခေါ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မြေခွေးအများစုသည် လူသားမျိုးနွယ်မှ ကျောင်းတော်သားများကို လေးစားသဘောကျကြသည်။ ထို့ကြောင့်ပင် သူတို့က ကျောင်းတော်သားများနှင့် ချစ်ကျွမ်းဝင်ကြသည်။ သူတို့၏ ပုံပြင်ဇာတ်လမ်းများက အလွန်လှပပြီး လူသိများကျော်ကြားသည်။ သို့ဖြစ်၍ လူသားလောကတွင် သူယောင်မယ်မြေခွေးနှင့် ငယ်ရွယ်တတ်ကြွသော ကျောင်းတော်သား၏ အချစ်ဇာတ်လမ်းများကို မသိသူ ရှားပါး၏။

အမှန်မှာ ကျောင်းတော်သားများနှင့် ချစ်ကျွမ်းဝင်ကြသော မြေခွေးအများစုသည် အမြူတေဓာတ်လုံး မဖွဲ့စည်းရသေးသော မြေခွေးများသာ ဖြစ်ကြသည်။ သူတို့ထဲမှ မည်သူမှ အစစ်အမှန်မိစ္ဆာ မဟုတ်ကြချေ။

အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသော မြေခွေးမိစ္ဆာများသည် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ကြသည်။ ထို့ကြောင့် သူတို့သည် အလွယ်တကူ စိတ်မယိမ်းယိုင်ကြချေ။

ဥပမာ ပိုင်ဟူ၏ အရှေ့၌ ငယ်ရွယ်တတ်ကြွသော ကျောင်းတော်သားတစ်ယောက် ထွက်ပေါ်လာမည်ဆိုလျှင် သူက နှာခေါင်းရှုံ့ပြီး ထိုကျောင်းတော်သားကို အဝေးသို့ ကန်ထုတ်ပစ်လိမ့်မည်။ ပိုင်ဟူ၏ နှလုံးသားထဲတွင် အကယ်၍ တစ်စုံတစ်ယောက်က သူ့ခင်ပွန်း ဖြစ်လာချင်လျှင် အနည်းဆုံး သူ့ထက် ပိုပြီးသန်မာရမည်။ သူ့ထက် ပိုပြီးသန်မာသည့် ပုဂ္ဂိုလ်ကသာလျှင် သူ့နှလုံးသားနှင့် စိတ်ကို တိမ်းညွတ်သွားရန် ပြုလုပ်နိုင်လိမ့်မည်။ သန်မာသည့် ပုဂ္ဂိုလ်ကသာလျှင် သူမှီခိုနိုင်မည့် ပခုံးကို ပေးစွမ်းနိုင်လိမ့်မည်။ သာမန်သေမျိုးတစ်ယောက်က သူ၏ နှလုံးသားကို လှုပ်ခတ်စေရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

လူသားလောကဆီသို့ သွားရောက်ပြီး ကျောင်းတော်သားများနှင့် ချစ်ကျွမ်းဝင်ခဲ့ကြသော သူယောင်မယ်မြေခွေးများသည် ‘ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း ’ လျှို့ဝှက်အတတ်ပညာကို ကျင့်ကြံထားသူများ ဖြစ်ကြသည်။ သူတို့၏ စိတ်က မရင့်ကျက်သေးလေရာ အပြင်လောကအကြောင်း စူးစမ်းသိလိုကြသည်။ သူတို့သည် လျှို့ဝှက်အတတ်ပညာကို ကျင့်ကြံ၍ လူသားလောကဆီသို့ ဝင်ရောက်ကာ သေမျိုးများနှင့် ချစ်ကြိုက်သွားကြပြီး ပုံပြင်အမျိုးမျိုး ချန်ထားခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးသည် ဇာတ်သိမ်းမလှခဲ့ကြပေ။

လျှို့ဝှက်အတတ်ပညာက အံ့ဖွယ်ကောင်းသော်လည်း ယင်းက သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို မတိုးမြှင့်ပေးနိုင်ပေ။ သူတို့က အမြူတေဓာတ်လုံး မဖွဲ့စည်းရသေးသော မိစ္ဆာသားရဲများသာ ဖြစ်ကြသည်။ သို့ဖြစ်၍ အပြင်လောကသို့ သွားရောက်သည့်အခါ သူတို့၏ ကံကြမ္မာက မည်သို့ဖြစ်နိုင်ကြောင်း စိတ်ကူးကြည့်ရုံဖြင့် သိနိုင်ပေသည်။

သို့သော်လည်း အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း၏ မှော်စွမ်းရည်သည် မငြင်းဆန်နိုင်သော အမှန်တရား ဖြစ်သည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသော လျှို့ဝှက်အတတ်ပညာ ဖြစ်သည်။ ပိုင်ဟူသည် မြေခွေးမျိုးနွယ်စု၏ အသန်မာဆုံးပုဂ္ဂိုလ်များအနက် တစ်ယောက် ဖြစ်သည်။ သို့ဖြစ်လေရာ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်း လျှို့ဝှက်အတတ်ပညာကို မည်သို့ကြောင့် သူမသိဘဲ နေမည်နည်း။ ထို့ပြင် ထိုလျှို့ဝှက်အတတ်ပညာက တခြားမိစ္ဆာမျိုးနွယ်စုများပေါ်မှာလည်း အလုပ်ဖြစ်သည်။

မည်သည့်ငှက်ဖြစ်ပါစေ သို့မဟုတ် တိရိစ္ဆာန်ဖြစ်ပါစေ သူတို့က အံ့ဖွယ်လအသွင်ပြောင်းလဲခြင်းကို ကျင့်ကြံမည်ဆိုလျှင် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်လိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့က လူသားလောကဆီသို့ သွားရန် အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသည်အထိ စောင့်ဆိုင်းနေရန် မလိုတော့ချေ။ ထို့ကြောင့် အကယ်၍ သီရှီထျန်က ထိုလျှို့ဝှက်အတတ်ပညာကို ကျင့်ကြံမည်ဆိုလျှင် သူသည်လည်း စောစီးစွာ လူသားဖြစ်လာနိုင်လိမ့်မည်။

“ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်းလား ”

သီရှီထျန်၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။ သူက ပိုင်ဟူကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်ပြီး ပြောသည်။

“ အဲ့ဒီလျှို့ဝှက်အတတ်ပညာက ငါ့ကို လူသားအသွင်သဏ္ဍာန် တကယ်ပြောင်းလဲပေးနိုင်တာလား… လူသားလောကဆီ ငါသွားတဲ့အခါ ငါ့ရဲ့ သရုပ်မှန် ဖော်ထုတ်မခံရဘူး မဟုတ်လား”

အစက သူသည် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲချင်လျှင် အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးသည်အထိ စောင့်ဆိုင်းရမည်ဟု တွေးထင်ခဲ့သည်။ ယခု သူ့အရှေ့မှာ မမျှော်လင့်ထားသော အခွင့်အလမ်းတစ်ခုက ထွက်ပေါ်လာ၏။ သို့ဖြစ်၍ သူက မည်သို့ကြောင့် မစိုးရိမ်ဘဲ နေမည်နည်း။

ယခုအချိန်မှာ သူ့အတွက် အရှားပါးဆုံးက အချိန်ဖြစ်သည်။

သို့မဟုတ်လျှင် အသွင်သဏ္ဍာန်ပြောင်းလဲခြင်း စောသည် နောက်ကျသည်ကို သူဂရုစိုက်နေမည် မဟုတ်ချေ။ သူက အသွင်သဏ္ဍာန်ပြောင်းလဲသွားပြီး လူသားအသွင်သဏ္ဍာန်ရှိလာသည့်အခါ လူသားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မတွေးချေ။ သူ၏ သရုပ်ကို ရှင်းလင်းစွာ နားလည်ထား၏။ မိစ္ဆာသည် မိစ္ဆာဖြစ်သည်။ သူက လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားလျှင်ပင် မိစ္ဆာဟူသော သူ၏ သရုပ်က မပြောင်းလဲသွားပေ။

အတိတ်ဘဝမှာ သူက လူသားတစ်ယောက်ဖြစ်ခဲ့သော်လည်း ဤဘဝမှာ မိစ္ဆာဖြစ်လာခြင်းနှင့်ပတ်သက်၍ မည်သည့်မှားယွင်းမှုကိုမှ သူမခံစားရပေ။ ထို့ပြင် မိစ္ဆာများသည် လူသားများထက် ပိုပြီးရှေးကျကြသည်။ သူတို့က လူသားများထက် အသက်ပိုရှည်ကြသည်။ လူသားအသွင်သဏ္ဍာန်သို့ သူတို့ပြောင်းလဲရခြင်းမှာ လူသားခန္ဓာကိုယ်က ကျင့်ကြံရန် အသင့်တော်ဆုံး တာအိုခန္ဓာကိုယ် ဖြစ်နေသောကြောင့်ပင်။

“ ဟုတ်တယ်… မြေခွေးမျိုးနွယ်စုရဲ့ လျှို့ဝှက်အတတ်ပညာကို နင်ကျင့်ကြံမယ်ဆိုရင် နင်က စောစောစီးစီး လူသားတစ်ယောက်ဖြစ်လာလိမ့်မယ်… ဒါပေမဲ့… ”

ပိုင်ဟူသည် သီရှီထျန်၏ မေးခွန်းကို အတည်ပြုပေးပြီးနောက် အပြောင်းအလဲတစ်ခုကို ရုတ်တရက် အစပျိုးလိုက်သည်။ “ ဒါပေမဲ့ ”ဟူသော စကားလုံးသည် ကြီးမားသော အပြောင်းအလဲတစ်ခု၏ နိဒါန်း ဖြစ်သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ပိုင်ဟူသည် တစ်ခဏ ရပ်ပြီးနောက် ဆက်ပြောသည်။

“ အံ့ဖွယ်လအသွင်ပြောင်းလဲခြင်းက အမြူတေဓာတ်လုံးဖွဲ့စည်းခြင်းရဲ့ စစ်မှန်တဲ့ အသွင်သဏ္ဍာန်ပြောင်းလဲမှု မဟုတ်ဘူး… အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်တဲ့အခါကျရင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခထဲမှာ ပြစ်ချက်တစ်ခု ရှိနေလိမ့်မယ်… အဲ့ဒါက တားမြစ်ချက်ဆိုလည်း ဟုတ်တယ်… လူသားအသွင်သဏ္ဍာန်ကို အမြဲတမ်း မထိန်းသိမ်းနိုင်ဘူး… ”

ယင်းကို သီရှီထျန်ကြားသောအခါ ထူးဆန်းသည်ဟု သူမခံစားရပေ။ လျှို့ဝှက်အတတ်ပညာက လူသားအသွင်သဏ္ဍာန်ကို အမြဲတမ်း ပြောင်းလဲနိုင်စေမည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စုက အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရန် လိုအပ်ဦးမည်လော။ ဤလောကတွင် လုံးဝ ပြီးပြည့်စုံသောအရာဟူ၍ မရှိပေ။

All Chapters