← Chapters

ရှေးဟောင်းလူမျိုးစု

Vol. 3 Ch. 29

ရှေးဟောင်းလူမျိုးစု

Vol. 3 Ch. 29

စုမင်က အတွင်းပိုင်းသို့ ဖြည်းဖြည်းချင်းနှင့် ဂရုတစိုက် ဝင်လာခဲ့သည်။ လမ်းသွားရင်း သတိအပြည့်နှင့် ရှေ့ဆက်မတိုးခင်တိုင်း လုံခြုံမှုရှိမရှိကို သေချာအောင် စစ်ဆေး၏။ ဦးချိုကို ကိုင်ကာ ရှေ့ဆက်သွားနေရင်း ကိုယ်ထဲမှ ချီစွမ်းအင်ကို နှိုးဆွထားလိုက်၏။ သွေးကြော ၁၁ ခုလုံး၏ စွမ်းအားအပြည့်နှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။

အန္တရာယ်ရှိသည့်အခါ သို့မဟုတ် လ၏အတောင်ပံများ ရုတ်တရက် ပြန်ရောက်လာသည့်အခါ အလွယ်တကူ ပုန်းအောင်းနိုင်ရန် လမ်းတစ်လျှောက် ပုန်းခိုနိုင်မည့် နေရာများလည်း ရှာထားခဲ့သေး၏။

စုမင်က မသိသေးသည့်အရာများကို သိလိုစိတ် ပြင်းပြနေသော်လည်း သတိနှင့်ပြန်ပြီး ထိန်းချုပ်ထားသည်။ အထူးသဖြင့် သူရောက်နေသည့်နေရာသည် အန္တရာယ်များ၍ စိတ်လိုက်မာန်ပါ မလုပ်ဖို့ အထူးလိုအပ်တယ်။

သူရှေ့ဆက်လျှောက်လာသည်နှင့် ဂူက ပိုအေးလာခဲ့သည်။  လမ်းဆုံများ များပြား လာသည်နှင့်အမျှ စုမင်ကလည်း အရှိန်ကို တင်လာခဲ့လိုက်သည်။

သူ့ပတ်ပတ်လည်မှာ မှောင်မိုက်နေသည်။  နံရံတွင် အက်ကြောင်းရာ အများအပြား ရှိနေ၏။  ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ အပူဒဏ်ခံခဲ့ရ၍ ဖြစ်မည်။ သို့သော် စုမင်မှာ မကြာသေးခင်က ပေါ်လာသည့် အက်ကြောင်းများကိုလည်း သတိထားမိခဲ့သည်။ အသစ်ပေါ်လာသည့် အက်ကြောင်းများမှာ နံရံပေါ်ရှိ တခြားအက်ကြောင်းများနှင့် အရောင်ကွဲလွဲနေ၏။

'ထူးဆန်းတာပဲ၊ ဒီအက်ကြောင်းတွေဟာ မကြာသေးခင်ကမှ ပေါ်ထွက်လာခဲ့တာ။ နံရံပေါ်မှာ အက်ကွဲကြောင်း အသစ်တွေထွက်ပေါ် လာစေတာက ဘယ်လို စွမ်းအားမျိုး ဖြစ်မလဲ”

စုမင်ရဲ့ခေါင်းထဲ၌ အဖြေတစ်ခု ပေါ်လာသည်။

“ပြင်းထန်တဲ့ အပူချိန်ကနေ ရုတ်တရက် အေးသွားတာကြောင့်များ ဖြစ်မလား၊ မှန်းဆမရနိုင်တဲ့ စွမ်းအင်တွေကို ပေါက်ကွဲထွက်လာတာကြောင့်လား”

စုမင် ခေါင်းကုတ်လိုက်သည်။ လေးလေးနက်နက် မစဉ်းစားသော်လည်း မှတ်တော့ မှတ်ထား လိုက်သည်။

အချိန်မည်မျှကြာအောင် လမ်းလျှောက်နေခဲ့မှန်း မသိသော်လည်း အတော်ကြာပြီဟုတော့ ခံစားမိသည်။ ရုတ်တရက် စုမင် ရပ်လိုက်၏။ သူ့ရှေ့၌ ဂူမှာ သိသိသာသာကြီး ကြီးမားလာ၏။ အတွင်းပိုင်း ကျလေ ဂူက ပိုကျယ်ဝန်းလာလေ ဖြစ်နေသည်။

'ငါဂူရဲ့ အတွင်းဘက်ကျတဲ့ အပိုင်းထဲကို ရောက်ပြီလား”

စုမင် ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ဖြည်းဖြည်းချင်း ရှေ့ဆက် လျှောက်လာခဲ့၏။  သိပ်မကြာခင် သူ့ရှေ့မှဂူမှာ ပိုပြီး ကျယ်ဝန်းလာ၏။ လမ်းဆုံးရောက်သွားသည့်အခါ အသက်ပြင်းပြင်း ရှူရင်း မြင်သမျှ တွေ့သမျှကို စိတ်မှာ အသေမှတ်ရင်း စတင် စဉ်းစားကြည့်၏။

စုမင်ရှေ့က ဂူ‌ပေါက်သည် သူတို့ မျိုးနွယ်စု၏ ရွာအရွယ်အစားခန့် ရှိသည်။ ပတ်ပတ်လည်တွင်လည်း ဒါဇင်နှင့်ချီသည့် အပေါက်များစွာ ရှိနေ၏။ စုမင်က ထိုအပေါက်များထဲမှ တစ်ပေါက်မှ ဝင်လာခဲ့ခြင်း ဖြစ်သည်။

စုမင်မှာ နှုတ်ဆိတ်လျက် ရှေ့တိုးလိုက်ချိန် မျက်ဝန်း‌များ တောက်ပသွားသည်။ သူက ဂူထဲမှ တခြားအပေါက်ငယ်လေးများကို လိုက်ကြည့်၏။ ထို့နောက် မျက်လုံးကို မှေးပြီး ရှေ့ကိုတိုးကာ အပေါက်တစ်ပေါက်စီ၏ အဝ‌များတွင် ရပ်ပြီး အနံ့ခံကြည့်၏။

စုမင် အပေါက်သေးသေးလေး အားလုံးကို ကျော်ဖြတ်ပြီးနောက် တစ်ပေါက်ကို စူးစိုက်ကြည့်၏။  တွန့်ဆုတ်ခြင်းမရှိဘဲ တွားသွား ဝင်သွားလိုက်သည်။ အားလုံးထဲတွင် ဤဂူပေါက်တခုတည်းမှသာ သွေးညှီနံ့ရနေခဲ့ခြင်း ဖြစ်သည်။

လ၏အတောင်ပံများက ယခုအပေါက်မှ ပျံသန်းလာခဲ့မှန်း သိသာလှသည်။

စုမင် သွားနေရင်း ခဏရပ်ပြီး စဉ်းစားကြည့်၏။ စဉ်းစားမိသည်နှင့် သူက ဦးချိုအား အသုံးပြုကာ ဘေးဘက်နံရံမှ ကျောက်တုံးကြီးတစ်တုံးကို ဖြတ်ထုတ်လိုက်သည်။ ကျောက်တုံးမှာ ဥမင်ဝရဲ့ အကျယ်လောက် ရှိပေလိမ့်မည်။

မပြောပလောက်အောင် ဒုက္ခရောက်သော်လည်း စုမင်ကတော့ ရှေ့ဆက်နေရင်း အရွယ်တူ ကျောက်တုံးတွေကို ထပ်ကာ ဖြတ်ထုတ်နေခဲ့၏။

ကျောက်တုံးများ ဖြတ်ထုတ်ယူပြီး၊ ဘေးဘက်တွင် အသေအချာ နေရာချထားလိုက်၏။

တဖြည်းဖြည်း စုမင် အရှိန်က ပိုမြန်လာသည်။ သို့သော် သတိကတော့ အပြည့် ထားနေဆဲပင်။   သူ တောင်အောက်ခြေအထိ တဖြည်းဖြည်း ရောက်လာမှန်း သိသာလှသည်။ ထို့ကြောင့်သာ ဂူ၏အရွယ်အစားက ပိုကြီးမားကျယ်ဝန်းလာခြင်း ဖြစ်သည်။ စုမင် အောက်ကို ဆက်သွားနေလိုက်၏။  စုမင်မှာ အချိန်မည်မျှကြာကြာ ကုန်ဆုံးသွားမှန်း သတိမရမိ၊ အရှေ့တွင် အနီဗရာင် အလင်းကို မြင်ရမှသာ သူ့ကိုယ်သူ သတိထားမိလိုက်၏။

အနီရောင်အလင်းမှာ မီးတောက်နှင့်တူသော်လည်း အမျိုးအမည် အတိအကျကို သူမခွဲခြားနိုင်ပေ။

မီး‌တောက်နှင့်တူသည့် အနီရောင်အလင်းကို မြင်လိုက်သည့်အခါ စုမင် သွားနေသည့်အရှိန်ကို လျှော့ချလိုက်၏။ ရင်ဘတ်မှာ တဒုန်းဒုန်း ခုန်နေသည်။ သူ့စိတ်ထဲတွင် ဂူအဆုံးသတ် ရောက်ခါနီးပြီဟု ခံစားနေရသည်။ အဆုံးသတ်နှင့် နီးလာလေ သူ့ကိုယ်တွင်းမှ သွေးများ ဆူပွက်လာလေ ဖြစ်သည်။ ၎င်းခံစားချက်မှာ စုမင်နှင့် အစိမ်းသက်သက်တော့ မဟုတ်ပေ။

နံရံပေါ်ရှိ ကျောက်များတွင် ကုတ်ရာခြစ်ရာ အများအပြား ရှိနေ၏။ ကိုက်ဖြတ်ရာများ ထင်နေသည့် ကျောက်တုံးများလည်း ရှိနေသည်။  လက်ရှိ ပတ်ဝန်းကျင် အနေအထားမှာ ထူးဆန်းလွန်း၍ စုမင်တယောက် စိတ်လှုပ်ရှားနေမိသည်။ ဘာပဲဖြစ်ဖြစ် စုမင် ရပ်ရန်တော့ မကြိုးစား။ တစ်နည်းပြောရလျှင် အနီရောင် အလင်းဆီသို့ ဆက်လက် ဦးတည်သွားလိုက်၏။

၎င်းမှာ အမှန်တကယ်ပင် ဥမင်လိုဏ်ခေါင်း အဆုံးသတ်နေရာ ဖြစ်သည်။ ရှေ့တွင် ဆက်သွားစရာ လမ်းမကြီးအစား ထုံးကျောက်ဂူကြီး တစ်ခုရှိနေသည်။  စုမင် သတိကြီးကြီး ထားလိုက်၏။  သူက ထွက်ပေါက်မှာရပ်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။

ကြည့်လိုက်သည်နှင့် မိုးကြိုးပစ်ခံရသလို ကြက်သေသေသွားခဲ့သည်။ ထို့နောက် အလိုလို နောက်ပြန်ဆုတ်မိပြီး အသက်ပြင်းပြင်း ရှူလိုက်မိ၏။

ဂူထဲတွင် ဧရာမမြစ်ဝှမ်းကြီး ရှိနေသည်။ မြစ်ဝှမ်းထဲတွင် ဆူးများကဲ့သို့ ချွန်မြထက်မြက်နေသည့် ကျောက်စက်မိုးမျှော်များ အများအပြား ရှိနေသည်။ တစ်နည်းဆိုရလျှင် တောင်ကုန်းလေးများနှင့်ပင် တူနေသေး၏။ ချွန်မြနေသည့် ဆူးချွန်များမှာ အဖြူရောင်သန်း နေပြီး ဂူထဲ၌ အေးစက်သည့် လေအေးများကို တိုက်ခတ်နေစေ၏။  ဂူထဲမှ အအေးဓာတ်မှာ ရေခဲမှတ်ပင် ရောက်နေလောက်သည်။

ထိုမျှနှင့် စုမင် မအံ့ဩသေး။  စုမင် လုံးဝ အံ့အားသင့်သွားသည်က မြစ်ဝှမ်းထဲရှိ ဆူးချွန်များအောက်တွင် ရှိနေသည့် အရာကြောင့် ဖြစ်သည်။

၎င်းမှာ မျိုးနွယ်စုတစ်ခု၏ တည်နေရာ ဖြစ်သည်။ ကျောက်သားဖြင့် တည်ဆောက်ထားသည့် မရေမတွက်နိုင်အောင် များပြားလှသည့် အိမ်များ။ ကတုတ်ကျင်းများနှင့် စောင့်ကြည့်မျှော်စင်များ ရှိနေသည်။ စုမင်တို့မျိုးနွယ်စု၏ ထမင်းအိုးကဲ့သို့ အိုးများ ပြန့်ကျဲနေသည်ကို တွေ့ရ၏။

အိမ်တိုင်း အပြင်ဘက် နံရံတိုင်းတွင် အလျှံတညီးညီး တောက်လောင်နေသည့် မီးတောက် ပန်းချီကား‌‌များကို ချိတ်ဆွဲထား၏။ ကျောက်နှင့် ဆောက်လုပ်ထားသည့် အိမ်အားလုံးမှာ ကြီးမားပြီး လက်ရာက သေသပ်သည်။ နက်မှောင်တောင် မျိုးနွယ်၏ အိမ်များနှင့် ယှဉ်လျှင် ပို၍ အဆင့်တန်းမြင့်သည့်ပုံ ပေါ်နေသည်။

စုမင် မြင်နေရသည့်အထဲတွင် ကျောက်တုံးများနှင့် ခင်းထားသည့် လမ်းများပင် ပါသေး၏။  ကျောက်လမ်းကျဉ်းကျဉ်း တချို့ပေါ်တွင် ကျောက်တုံး သေးသေးလေးများ ရှိနေကြ၏။ စုမင် အချိန် အတော်ကြာကြာ လေ့လာကြည့်သော်လည်း မည်သည့်အတွက်ကြောင့် ကျောက်သား စင်္ကြံလမ်းများ ဖောက်လုပ်ထားရသည်ကို မတွေးတတ်အောင် ရှိနေ၏။

၎င်းမှာ သာမန်မျိုးနွယ်စု တစ်ခု မဟုတ်သလို အဆင့်အတန်းမြင့်သည့် မျိုးနွယ်စုတစ်ခုလည်း မဟုတ်ပေ။

စုမင် အကြည့်များက မျိုးနွယ်စုကျေးရွာ၏ အစွန်းဘက် အိမ်များထံ ကျရောက်သွားသည်။ အိမ်များမှာ လျှို့ဝှက်ဆန်းကြယ်သည့် အင်အားတစ်ခုကြောင့် အလယ်မှ ထက်ခြမ်းခွဲ ခံထားရသလို ဖြစ်နေသည်။ မြစ်ဝှမ်းရှိ တချို့အိမ်များသာ မပျက်မစီး ကျန်ရှိနေသည်။

ကျန်သည့်တစ်ဝက် ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိနိုင်။

လူမျိုးစုများ စုပြီးနေသည့် အနေအထားမျိုး ဖြစ်နေ၍ ပိုပြီး ထူးခြား‌နေသည်။ စင်္ကြံလမ်းမှလွဲလို့ တခြားနေရာများမှာ အမှိုက်ပုံကဲ့သို့ ပွထနေပြီး တောင်ပေါ်က ကျောက်သားအိမ်များနှင့် နည်းနည်းလေးမှ မတူဘဲ တစ်မျိုး ဖြစ်နေသည်။

စုမင် အသက်ရှူ မြန်လာ၏။  သူ့ရှေ့မှ မြင်ကွင်းကို တအံ့တ ငေးကြည့်ရင်း တစ်ချိန်က အကြီးအကဲ ပြောခဲ့ဖူးသည်ကို သတိရလာသည်။

“မီးတောက် မာန်မျိုးနွယ်စု ဒဏ္ဍာရီ”

တဖြည်းဖြည်းနှင့် သူ့ခေါင်းထဲတွင် လောကအနှံ့ ခြေဆန့်နေကြသည့် မျိုးနွယ်စုကြီး တစ်ခုကို မြင်ယောင်လာ၏။

အိမ်များကို ကျောက်တုံးများနှင့် ဆောက်လုပ်ထားပြီး နံရံပေါ်တွင် မီးတောက် သင်္ကေတများ ချိတ်ဆွဲထားသည်။ ထိုသင်္ကေတမှာ ၎င်းတို့ မျိုးနွယ်စုကို ကိုယ်စားပြုသည့် သင်္ကေတ ဖြစ်သည်။

ဒဏ္ဍာရီ စကားများအရ တစ်နေ့တွင် လူမျိုးစုအတွင်း အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ ထိုမျိုးနွယ်စုအား အမည်မသိ အင်အားတစ်စုမှ အစိတ်စိတ်အမြွှာမြွှာ ခွဲခြမ်းလိုက်သည့်အတွက် ကွဲကာနေထိုင်ခဲ့ရ၏။ အမည်မသိအင်အားစုသည် ၎င်းမျိုးနွယ်စုတည်ထားသည့် အရပ်ဒေသတွင်ပင် မျိုးနွယ်ဝင်များနှင့် အကြီးအကဲ အဖွဲ့ဝင်များအား ဖျက်ဆီးခဲ့ပြီး ခွဲခွာရန် အတင်းအကြပ် ဖိအားပေးခံကြ၏။

မျိုးနွယ်ဝင် အနည်းငယ်က နက်မှောင်တောင်တွင် သွားရောက် ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

'ဒါက ဒဏ္ဍာရီတစ်ခု မဟုတ်ဘူးပေါ့”

စုမင်က သူ့ရှေ့မှ ထူးဆန်း၍ မယုံနိုင်စရာ မြင်ကွင်းကို ကြည့်နေ၏။

မျိုးနွယ်စုတစ်ခုလုံးကို ကြည့်ရင်း အလယ်ဗဟိုသို့ ကြည့်လိုက်မိသည့်အခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြန်သည်။

အလယ်တွင် ပို၍ ထူးဆန်းအံ့ဩဖွယ်ကောင်းသည့် အရာတစ်ခု ရှိနေပြန်သည်။

၎င်းမှာ အလွန်တရာ ကြီးမားလှတဲ့ ဧရာမသစ်ပင်ကြီးတပင် ဖြစ်သည်။ တစ်ပင်လုံး ရဲရဲနီနေပြီး မီးရောင်နှင့်တူသည့် အလင်းတစ်မျိုးကို ထုတ်လွှင့်ပေးနေ၏။ ဥမင်ထဲရှိစဉ် စုမင် မြင်ခဲ့ရသည့် အနီရောင်အလင်းမှာ ထိုအပင်ကြီးထံမှ ထွက်လာသည့်အလင်း ဖြစ်သည်။

သစ်ပင်ကြီးက အရွယ်ရောက်ပြီး ယောက်ျားသား တစ်ဒါဇင်၏ ကိုယ်ခန္ဓာ အရွယ်အစားလောက် လုံးပတ် ကြီးမားသည်။ အမြစ်များက မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေကြ၏။ အနက်မည်မျှအထိ ထိုးဖောက်‌ဝင်ရောက်နေသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

သစ်ပင်၏ ပင်စည်ကိုသာ အသေအချာ မြင်ရ၏။  အပင်ထိပ်ပိုင်းက ဥမင်ထိပ်မှ ထိုးထွက်နေသည်။ သူမြင်နေရတာဆို၍ အပင်၏ တစ်စိတ်တစ်ပိုင်းလောက်သာ ဖြစ်သည်။

'မဟူရာမီး‌တောင်မှာ အပင်ပေါက်နေပါရော့လား '

စုမင် အပင်ကြီးကို စူးစိုက်ကြည့်လိုက်၏။ ထို့အခိုက် စုမင်မှာ သူရင်းနှီးကျွမ်းဝင်နေသည့် ထူးခြားဆန်းကြယ်သော အလှတရားနှင့် ပွင့်လန်းနေသည့် အနီရောင်ပန်းများကို မြင်တွေ့လိုက်ရ၏။

ပန်းနီများကို ကြည့်ရင်း တောထဲမှ နွံအိုင်ထဲ မြင်ခဲ့ရသည့် ထူးဆန်းလှသော မြင်ကွင်းအကြောင်းကို သတိရလာမိသည်။

စုမင်မှာ တိတ်တဆိတ်နှင့် အချိန်၏ တိုက်စားမှုအောက် လုံးဝ မြေမြှုပ်သင်္ဂြိုဟ် ခံလိုက်ရသည့် မျိုးနွယ်စုကြီးကို ငေးကြည့်နေမိသည်။ စုမင်ရဲ့ရင်ထဲ ရုတ်တရက် ဝမ်းနည်း ကြေကွဲလာ၏။ သက်ပြင်းချပြီး မဟာမာန်မျိုးနွယ်ရှစ်စုထဲမှ တစ်ခုဖြစ်သည့် မီးတောက် မာန်မျိုးနွယ်စု၏ အလယ်ကိုခုန်ချပြီး ရပ်လိုက်လေသည်။ ၎င်းမီးတောက် မာန်မျိုးနွယ်သည် မာန်နတ်ဘုရားနဲ့‌ပင် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် မျိုးနွယ်စု ဖြစ်သည်။

“ဒါဖြင့်ရင် လရဲ့အတောင်ပံတွေ ဆိုတာလည်း ဒဏ္ဍာရီထဲမှာ ရေးထားသလိုပဲ ဖြစ်ရတယ်။ သူတို့က မီးတောက်မာန်မျိုးနွယ်စု အကြီးအကဲရဲ့ မန္တန်အောက်မှာ ထာဝရရှင်သန်ခြင်း ဆုထူး ပြည့်ဝပြီး အသွင်ပြောင်းခဲ့ရတဲ့ သူတွေပဲ နေမယ်။ ဒါပေမဲ့ ... မယုံနိုင်စရာ ကောင်းလိုက်တာ။ ဘယ်လိုကြောင့် အဲဒီလို မန္တန်မျိုးက ရှိနေရတာလဲ။ အင်း ... မီးမာန်မျိုးနွယ်စု အကြီးအကဲဟာ ဘယ်လောက် အစွမ်းထက်လို့များလဲ”

သားရေစာလိပ်တွင် ဖော်ပြထားသည်မှာ သွေးကြော ကျောက်သား ကျင့်စဉ် ပြီးမြောက် အောင်မြင်ပြီးနောက်  ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ရုပ်နယ်လွန်အဆင့်၏ နောက်တစ်ဆင့်မှာ “ရိုးရေစတေးအဆင့်” ဖြစ်သည်။  ရိုးရေစတေး အဆင့်ပြီးတဲ့ နောက်တစ်ဆင့်ကို ထပ်မံမဖော်ပြထားသော်လည်း ထိုအဆင့်ကျော်လွန်သွားသူများကို ဆရာသခင်ဟုသာ ခေါ်ဆိုကြတော့၏။

စုမင်မှာ သူ့ရှေ့က မျိုးနွယ်စု အပျက်အစီးများကို တိတ်ဆိတ်စွာ ကြည့်ရင်း ရှေ့သို့ဆက်လျှောက်လာခဲ့သည်။

မျိုးနွယ်စုဝင်များကို လုံးဝ မတွေ့ရချေ။ ပြန့်ကျဲနေသည့် အိမ်များနှင့် တချို့ပစ္စည်း ပစ္စယများမှလွဲ၍ အနီးအနားတွင် ဘာမှရှိမနေ။  တိတ်ဆိတ် ငြိမ်သက်မှုက အသက်ရှူကျပ်စရာ ကောင်းလွန်းနေ၏။

စုမင် ကျောက်စရစ်ခဲများ ပြည့်နေသည့် စင်္ကြံလမ်းပေါ် ခြေချလိုက်သည်။ ခြေချလိုက်သည်နှင့် သူ့ခြေထောက် စူးသွားသည်ကို ခံစားလိုက်ရသည်။  စုမင် ခေါင်းကိုငုံ့၍ စင်္ကြံလမ်းကို ကြည့်နေသော်လည်း ၎င်း၏အသုံးဝင်ပုံကို ယခုထိ မသိသေး။ ဖြည်းဖြည်းချင်း ရှေ့ကိုလျှောက်လာချိန် မျက်လုံးထောင့်၌ တစ်စုံတစ်ခု မြင်လိုက်သည်နှင့် ရုတ်တရက် ရပ်လိုက်၏။  ဦးတည်ရာ အရပ်ပြောင်း၍ ခေါင်းလှည့်ကြည့်လိုက်သည့် အချိန် အပေါ်တွင် ချိတ်ဆွဲခံထားရသည့် အလောင်းတစ်လောင်းကို တွေ့လိုက်ရ၏။ ၎င်းနေရာမှာ အလယ် တည့်တည့်မှ ပိုင်းခြားထားသည့် နယ်နိမိတ်တွင် ဖြစ်၏။

လူသေအလောင်းမှာ အိမ်များနှင့် ကွယ်နေ၍ စုမင် ပထမ မမြင်မိခြင်း ဖြစ်သည်။ ယခုတော့ ဒီနေရာတွင် ရပ်နေပြီဖြစ်၍ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရလေပြီ။

အရိုးစုကို တွေ့လိုက်၍ စုမင် မျက်မှောင်ကြုတ်သွားသည်။ ဒီနေရာတွင် တွေ့ရသည့် တစ်ခုတည်းသော အလောင်း ဖြစ်သည်။  အလောင်းနား လျှောက်သွားပြီး အနီးကပ် ကြည့်လိုက်ချိန် စုမင် တုန်လှုပ်သွားလေ၏။

အလောင်းမှာ အလွန်ထူးဆန်း၏။  ၎င်း၏ထိပ်ပိုင်း တစ်ဝက်မှာ လူပုံစံဖြစ်သော်လည်း ရှုံ့တွနေ၏။ အလောင်း အောက်ပိုင်းတစ်ဝက်မှာ ပို၍ ထူးဆန်းနေသေးသည်။ အရည်ပျော်ပြီး သန္ဓေပြောင်းလဲနေသလိုမျိုးပင်။ ပုံမှန်လူတစ်ဦး၏ အရိုးတည်‌ဆောက်ပုံနှင့် လုံးဝမတူပေ။  ကျောဘက်တွင်လည်း အတောင်ပံအရာကြီးက ထင်ထင်ရှားရှား ရှိနေ၏။ အလောင်းကို ကြည့်ရသည်မှာ လ၏အတောင်ပံကောင်များနှင့် အတော်ကလေး တူနေ၏။

ထိုလူမှာ အရှင်လတ်လတ်မှ သန္ဓေပြောင်းလဲသွားခြင်း ဖြစ်ရမည်။ လူစင်စစ်မှ လ၏အတောင်ပံအဖြစ် ပြောင်းလဲသွားခြင်းမှာ အဘယ်မျှအထိ နာကျင်ရမည်ကို မှန်းဆကြည့်၍ ရနိုင်မည်ပင် မဟုတ်ချေ။ သို့သော် အလောင်း၏ မျက်နှာပေါ်တွင် နာကျင်ရိပ် တစိုးတစိမှ ရှိမနေဘဲ လှောင်ပြောင်ရယ်မောခြင်းနှင့် ဂုဏ်ယူနေဟန် ပေါ်နေ၏။

သူ လှောင်ရယ်နေခဲ့တာ ဘယ်သူလဲ မသိ ...

စုမင်၏ ညာဘက်လက် လက်ညှိုးမှာ နံရံပေါ်မှ ကျောက်များကြောင့် စူးသွား၏။ အလောင်းဘေးက နံရံကို မော့ကြည့်လိုက်ချိန် နံရံပေါ်တွင် စာများရေးသားထားသည်ကို တွေ့လိုက်ရ၏။

၎င်းမှာ မာန်မျိုးနွယ်များ၏ ဘာသာစကား ဖြစ်သည်။ စုမင် ထိုစကားစုကို သေချာကြည့်မည် အလုပ် အတောင်ပံ တဖျတ်ဖျတ်ခတ်သံများက ဥမင်လိုဏ်ပေါက်ဝမှ အထဲထိ ပျံလွင့်လာ၏။ အရိုးထဲ စိမ့်တက်သွားစေလောက်သည့် ကြုံးဝါးသံများလည်း ရောယှက် ပါလာသည်။ အတောင်ပံခတ်သံများနှင့် ကြုံးဝါးသံများ ကြားမှ တုန်လှုပ်ချောက်ချားနေသည့် အော်ဟစ်ငိုယိုသံသဲ့သဲ့ကိုလည်း ကြားနေရပြန်သည်။

လရဲ့အတောင်ပံတွေ ပြန်ရောက်လာခဲ့ပြီ။

စုမင်ရဲ့ မျက်နှာထား တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေတော့၏။

***

All Chapters