ကြေကွဲစွာငိုရှိုက်သံ
Vol. 3 Ch. 30
တိတ်ဆိတ်ငြိမ်သက်နေသည့်ဂူထဲ မျိုးနွယ်စု အပျက်အစီးများကြား တောင်ပံခတ်သံများက မုန်တိုင်းတစ်ခုပမာ ဝုန်းဒိုင်းကြဲ မင်းမူနေကြတော့၏။ စုမင်၏ မျက်ဝန်းများမှာ တုန်လှုပ်ချောက်ချားမှုကြောင့် တောက်ပနေသော်လည်း လုံးဝ မလှုပ်ရှားရဲသေးပေ။
သူ့နားထဲတွင် တောင်ပံခတ်သံများ ကြားနေရသော်လည်း ဥမင်လိုဏ်ခေါင်း၏ အရှည် ဘယ်လောက် ရှိသည်ကို စုမင် ကောင်းကောင်းသိသည်။ အသံကို အရင်ဆုံး ကြားရသော်လည်း လ၏အတောင်ပံများ ဂူထဲ အမှန်တကယ် ရောက်မလာခင် အချိန်အနည်းငယ် ရသေးသည်။
အချိန်မှာ အများကြီး မဟုတ်သော်လည်း စုမင် ထွက်ပြေးဖို့အတွက်တော့ လုံလောက်သည်။
စုမင် နည်းနည်းမှ တွန့်ဆုတ်မနေ။ အလောင်း မှီလျက်ရှိသည့် နံရံပေါ်မှ စာစုများကို ကြည့်လိုက်၏။
'အဘယ်ကြောင့် ငိုကြွေး နေပါသနည်း...
အိုဘယ့် ကောင်းကင်ပြာ “
၎င်းမှာ နံရံပေါ်တွင် ထွင်းထုထားသည့် ပထမဆုံးစာစု ဖြစ်သည်။ ၎င်းလက်ရေးတွင် အင်အားကြီးမှုနှင့် ယောက်ျားပီသမှုတို့ ပြည့်စုံနေပြီး မောက်မာမှုများနှင့် ရန်လိုမှုများလည်း ပြည့်နှက်နေပြန်သည်။ ထိုစကားလုံးများကို မြင်တွေ့ရချိန် စုမင်မျက်လုံးများ ကျဉ်းမြောင်းသွား၏။
စုမင်က စာကြောင်းရဲ့အဓိပ္ပာယ်ကို အမှန်တကယ် နားမလည်ပေ။ ၎င်း၏ ပျမ်းမျှ ဆိုလိုရင်းကိုသာ ခြုံငုံသိ၏။ ထိုအချက်များမှလွဲ၍ စာသားများမှ အထီးကျန်ဆန်မှုနှင့် သီးခြားဖြစ်တည်မှု အရိပ်အယောင်များကို ခံစားနေရပြန်၏။
'အဘယ်ကြောင့် ငိုကြွေးနေပါသနည်း... အိုဘယ့် ကောင်းကင်ပြာ'
စုမင် ရေရွတ်လိုက်သည်။ ထို့နောက် နံရံပေါ်မှ တခြားစာကြောင်းများကို ဆက်ကြည့်လိုက်၏။
“မာန်ကို ရယူလိုတဲ့ဆန္ဒဟာ
အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့တယ်
သွေးကိုမီးတောက်မှာ လောင်ကျွမ်းခံလို့
စိတ်လိုလက်ရ
မိုးကောင်းကင်ကို ပြာချ
အဆုံးမရှိတဲ့ ဒီလောကမှာ တိမ်တွေကနေ
မီးတောက်လ ဖြစ်ပေါ်လာခဲ့တာကအ မှန်ဖြစ်ခဲ့လျှင်
ငါ့ကိုယ်ထဲကသွေးတွေကို လောင်ကျွမ်းစေလို့
ငါအသေအချာ တွေးဆပါ့မယ်
အများဆုံး ကိုးခု
ကျန်တစ်ခုဟာ ဥပဒေ
မီးတောက်မာန်သွေးကိုထွန်းညှိလို့
ကိုးကို ကိုးကွယ်
ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုင်နိုင်စွမ်းပေးပါ”
“ကောင်းကင်ကို အုပ်စိုးနိုင်သူမှသာလျှင် ငါ့ကိုသေအောင် သတ်နိုင်စွမ်းလိမ့်မယ်”
အောက်တွင် ထွင်းထုထားသည့် စကားလုံးများမှာ လူတစ်ဦးတစ်ယောက်တည်းက ထွင်းထုထားခြင်း ဖြစ်သော်လည်း ဝမ်းနည်းကြေကွဲနေသည့်ဟန် ရှိသည့် စာသားများ မဟုတ်ပေ။ ၎င်းတို့မှာ စုမင်အတွက် နားလည်ရန် ခက်ခဲသည့် စကားလုံးများ ဖြစ်လာကြ၏။
“မီးတောက် မာန်သွေးကိုထွန်းညှိလို့ ကိုးကို ကိုးကွယ် ငါတို့အား မီးတောက်မာန်ရဲ့ အာဏာကုန် ပိုင်ဆိုင်နိုင်စွမ်း ပေးပါ”
စုမင် မျက်မှောင်ကြုတ်လိုက်သည်။ စာသားများက အတော် နားလည်ရခက်သည်။ စုမင် နောက်တစ်ခေါက် ထပ်ဖတ်သော်လည်း ဆိုလိုရင်းကို အကြမ်းဖျင်းလောက်သာ နားလည်လေ၏။
သူ စဉ်းစားနေစဉ် ကြုံးဝါးသံကြီးများနှင့် တောင်ပံခတ်သံများက ပိုမို ကျယ်လောင်လာပြီး၊ ပဲ့တင်ထပ်လာသည့် ဥမင်ထဲမှ လှိုက်သံများက သူ့နားထဲ ဝင်ရောက်လာသည်။ စုမင် အချိန်ဆွဲမနေတော့ဘဲ ဥမင်လိုဏ်ခေါင်းရှိရာသို့ အမြန် ပြေးသွား၏။
မျက်စိတစ်မှိတ်အတွင်း သူ ဥမင်ထဲ ရောက်နှင့်သည်။ သူ ရပ်နေချိန် စူးစူးရှရှအသံများက ပိုမို ရှင်းလင်းလာသည်။ စုမင် ပြန်လှည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် မျိုးနွယ်စုအား တစ်ခေါက်ထပ်မံ ကြည့်ရှုပြီးသည်နှင့် ဥမင်ထဲ ခပ်မြန်မြန် ပြေးဝင်သွားလေ၏။
သူ ပြေးနေရင်း ကြုံးဝါးအော်မြည်သံ အတိုးအကျယ်ကိုလည်း အာရုံစိုက်ထားသည်။ ဥမင်ထဲ အတော်လေး ခရီးပေါက်သွားချိန် စုမင် ရပ်တန့်လိုက်ပြီး သူ့ဘေးမှ နံရံပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်အောင် အပေါက်ဖောက်နေတော့၏။
အက်ကွဲကြောင်းမှာ မကြီးသော်လည်း စုမင်ကိုယ်ကလည်း သေးသေးလေးသာ ဖြစ်၍ ဝင်ရသည်မှာ အခက်အခဲမရှိပေ။ အထဲကိုတွားသွား ဝင်ပြီးသည်နှင့် အထဲတွင် ထိုင်လိုက်ပြီး အသက်ရှူ မှန်အောင် ထိန်းညှိလိုက်၏။ နံရံကို ကွယ်ကာစရာ နေရာတစ်ခုအဖြစ် အသုံးပြုပြီး အက်ကွဲရာမှတစ်ဆင့် ချောင်းကြည့်လိုက်သည်။ သူ ရင်များ အရမ်း တုန်ခါနေလေသည်။
စုမင်က ဝင်လေထွက်လေ ကြာမြင့်ချိန်နှင့် အချိန်ကို မှတ်ထားလိုက်၏။ အသက် ၁၀ ရှိုက် ရှုပြီးချိန် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထလာ၏။ အနီရောင် မြုမှုန် ထူထူထပ်ထပ်များက တစ်ဟုန်ထိုး ဝင်ရောက်လာသည်ကို တွေ့ရ၏။ မြူမှုန် အခိုးအငွေ့များကြားမှ အနီရောင် အရိပ်များမှာ ကျယ်လောင်သော ကြုံးဝါးသံကြီးနှင့် ပျံသန်းလာကြလေ၏။
အနီရောင် အရိပ်များမှာ လရဲ့အတောင်ပံများ ဖြစ်ကြသည်။ ဤမျှ အကွာအဝေး နီးနီးလေးမှ လရဲ့အတောင်ပံများကို မြင်တွေ့နေရခြင်းက စုမင်ရင်ကို အခုန်မြန်စေသည်။ သို့သော် သူ တစ်လက်မမျှ မရွေ့ပေ။ အလင်းရောင် ပြန်ဟပ်မည်စိုး၍ မျက်လုံးများကို ခပ်ဟဟလေးသာ ဖွင့်ထားလိုက်၏။
လရဲ့အတောင်ပံများ အလုံးအရင်းနှင့် ဥမင်ထဲ ဝင်လာကြသည်။ အက်ကြောင်းအစွန်းနှင့် ဝင်တိုက်မိသည့် တစ်ကောင်ဆိုလျှင် စုမင်ထိုင်နေသည့် နေရာနှင့် နည်းနည်းလေးသာ ဝေး၏။
စုမင်က ဦးချိုကို ညာလက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ့ လက်ဆစ်များပင် အဖြူရောင် သမ်းလာ၏။ ထိုအချိန်အခိုက်အတန့်၌ သူ့နှလုံးခုန်သံပင် သူ မခံစားမိပေ။ စိတ်ဖိစီးစရာ ကောင်းလွန်းသော ထိုအခြေအနေကြား စိတ်ကို အေးဆေး ငြိမ်သက်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားလိုက်သလိုပင်။
အက်ကြောင်းအား ဝင်တိုက်မိသည့် လရဲ့အတောင်ပံကို စုမင်ကြည့်လိုက်၏။ ၎င်းအကောင်ကြီး၏ ကြောက်စရာမျက်နှာနှင့် တဖျပ်ဖျပ်လှုပ်နေသည့် တောင်ပံများကို ကြည့်နေရင်း လရဲ့အတောင်ပံက ပျံသန်းထွက်ခွာသွားသည်။ စုမင်က သတိ တစ်ချက်လေးမှ မလွတ်ခဲ့။ ဘာမှမဖြစ်သော်လည်း သူက ပို၍ စိုးရိမ်လာမိ၏။
ထိုအချိန် စိတ်ပျက်အားငယ်မှု အပြည့်နှင့် ငိုရှိုက်သံသဲ့သဲ့ကို စုမင် ကြားလိုက်ရ၏။ အက်ကွဲကြောင်းမှ ချောင်းကြည့်လိုက်သည့်အခါ မျိုးနွယ်စုဆီမှ လရဲ့အတောင်ပံများ ဖမ်းလာသည့် လူတချို့၏အရိပ်များကို မြူတွေကြားမှ မြင်လိုက်ရ၏။
စုစုပေါင်း ကိုးယောက်တိတိ ရှိသည်။
ကိုးယောက်လုံး ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အကုန်လုံး ဝေ့ကြည့်သည့်အခါ ကြေကွဲမှုများ၊ အားငယ်မှုများနှင့် ပြည့်နှက်နေသည့် အဖြူရောင်ဝတ် မိန်းကလေးချောလေးကို တွေ့လိုက်ရ၏။
'' သူပဲ”
စုမင်မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အဖြူရောင်ဝတ် မိန်းကလေးမှာ သူနှင့် လေ့ချန် ရင်ပြင်တွင် ဆုံခဲ့ရသည့် နဂါးနက်တောင် မျိုးနွယ်စုမှ မိန်းကလေး ပိုင်လင်း ဖြစ်နေသည်။ စုမင် ငြိမ်သက်သွား၏
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ များမကြာမီ လိုဏ်ခေါင်းထဲမှ အသံများ ဆိတ်ငြိမ်သွား၏။ အခိုးအငွေ့များပင် လုံးဝပျောက်ကွယ်သွားပြီ ဖြစ်၏။ သွေးလွှမ်း လမှာ ကောင်းကင်ထက်မှ ကွယ်ပျောက်သွားသည်နှင့် လရဲ့အတောင်ပံများမှာ အသိုက်အမြုံများဆီ ပြန်ဝင်ကြပြီး နောက်တစ်ကြိမ် အိပ်စက်ရန် ပြင်နေကြ၏။
ပူပြင်းလှသော အပူလှိုင်းတစ်ခုက အအေးဓာတ်ကို အစားထိုးပြီး ဥမင်တစ်လျှောက်လုံး ပျံ့နှံ့လာ၏။ နံရံပေါ်က အက်ကြောင်းပင် တဖြည်းဖြည်းနှင့် ပူလာ၏။ ကျလိကျလိ အသံများနှင့်အတူ သူ့မျက်စိရှေ့၌ နောက်ထပ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်ကို တပ်အပ်မြင်လိုက်ရ၏။
'ဒီလိုနဲ့ အက်ကွဲကြောင်းတွေ ဖြစ်ကုန်တာပဲ'
စုမင် အလျင်အမြန် မတ်တတ်ရပ်ပြီး အက်ကွဲကြောင်း အဝဆီ ချဉ်းကပ်သွား၏။ လိုဏ်ခေါင်းအတွင်း၌ မြူခိုးများ တဖြည်းဖြည်း ပါးလျသွားပြီ။ မျိုးနွယ်စုရှိသည့်ဘက်မှ အပူလှိုင်းမှာ သူ့အားလာရောက် တိုက်ခိုက်နေသည်မို့ တစ်ကိုယ်လုံး ချွေးများနှင့် ရွဲနစ်နေ၏။
မြေပြင်ပေါ်မှ ကျောက်ခဲများ ပိုပူလာသည်။ သူ သူရပ်နေသည့် နေရာမှာ ခြေဖဝါးများကို တတိတိ လောင်ကျွမ်းစေသလို ပူပြင်းလာသည်ကို သတိထားမိ၏။ မကြာခင် သူလည်း အပူရှိန်ကို တောင့်ခံနိုင်တော့မည် မဟုတ်မှန်း သဘောပေါက်လိုက်သည်။
ဒီနေရာမှ ထွက်သွားရမလား ဒါမှမဟုတ် နေရမလား စဉ်းစားလိုက်၏။
စုမင်၏မျက်နှာပေါ် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ရှိနေ၏။ သနားစရာ ညည်းညူသံများက လိုဏ်ခေါင်းထဲထိ ပျံ့နှံ့လာ၏။ ထိုအသံများကိုကြားရသည့် မည်သူမဆို တုန်လှုပ်မိမှာ ဓမ္မတာဟု ခံစားမိလိုက်သည်။
“ငါလေ့ချန်နဲ့ အတူပေါင်းပြီး ရင်ပြင်မှာ သူမကို လိမ်ခဲ့ပြီးပြီ။ ငါ့ရဲ့ကိုယ်ကျင့်တရားက သူမကို ဒီအတိုင်း ထားပစ်ခဲ့လိုက်ဖို့ကို ခွင့်မပြုဘူး”
စုမင်မှာ ယခုထက်တိုင် ရိုးသားဖြူစင်သည့် ကောင်လေးတစ်ယောက် အဖြစ် ရှိနေတုန်းပင်။ စုမင် လေပူများကို တစ်ဝကြီးရှူသွင်းလိုက်ပြီး လိုဏ်ခေါင်းအဆုံးသို့ ပြေးသွားလိုက်၏။
“ကယ်နိုင်လျှင် ကယ်လိုက်မယ်။ မကယ်နိုင်တော့လည်း အနည်းဆုံးတော့ နောင်တ မရတော့ဘူးပေါ့”
ဦးချိုကို ကိုင်ထားသည့် စုမင်၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက်တို့နှင့် ခိုင်မာပြတ်သား နေသည်။ သူ လိုဏ်ခေါင်းအဆုံးသို့ ရောက်လေလေ ရူးစရာကောင်းလောက်သည့် အရှိန်က တရိပ်ရိပ်နှင့် ထိုးတက်လာလေ ဖြစ်၏။
ကံကောင်း ထောက်မစွာပင် ရှေ့မှ အကွာအဝေးမှာ သိပ်မလိုလှတော့။ မကြာခင် စုမင် လိုဏ်ခေါင်းအဆုံးသတ်ဆီ ရောက်လာ၏။ နံရံပေါ်မှ အပူရှိန်ကို ဂရုမပြုနိုင်အားဘဲ နံရံတွင် ကိုယ်ကိုကပ်၍ အတွင်းသို့ ချောင်းကြည့်လိုက်၏။
သူ့မျက်လုံးမှာ ခပ်မှိန်မှိန် မျှော်လင့်ချက်နှင့် တောက်ပလာသည်။ စုမင်မှာ အသက်ရှိနေသေးသည့် လူခုနစ်ယောက်ကို တွေ့လိုက်ရ၏။ ၎င်းတို့မှာ မြစ်ဝှမ်းထဲရှိ မျိုးနွယ်စုပျက်ကြီး၏ထိပ်တွင် တည်ထားသည့် ချွန်ထက်ထက် မိုးမျှော်ကျောက်စက်များပေါ်တွင် ရုန်းကန်နေကြ၏။ မိုးမျှော်ကျောက်စက်ခုနစ်ခုက ၎င်းဝမ်းဗိုက်အား နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ထားပြီး သွေးများက တစက်စက် စီးကျနေသည်။ ၎င်းတို့မှာ မသေသေးသော်လည်း အသက်ဓာတ်မှာ ကိုယ်ခန္ဓာမှ တဖြည်းဖြည်းချင်း ထွက်သွားနေသည်ကို ခံစားနေရ၏။ လူခုနစ်ယောက်စလုံး ယောက်ျားသားများ ဖြစ်ကြ၏။
စုမင် ၎င်းတို့အားအနီးကပ်ကြည့်မှ စိတ်သက်သာရာရသွားသည်။ တော်သေးသည်။ သူသိတဲ့လူ တစ်ယောက်မှ မပါ။ ၎င်းတို့မှာ နက်မှောင်တောင်မှ လူများ မဟုတ်မှန်း မြင်ရုံနှင့် သိသာ၏။
၎င်းတို့၏အနီးအနားရှိ အခြားချွန်ထက်သည့် ကျောက်စက်ပန်းဆွဲများမှာ အရည်ပျော် ကျနေ၏။ အရည်များက ကျောက်ရည်ပူများအဖြစ် မြစ်တစ်ခုလို အသွင်ပြောင်းပြီး မြေပြင်ကို ဖုံးလွှမ်းနေတော့၏။
ထိုမြင်ကွင်းကို ကြည့်ပြီး စုမင် အသက်ပြင်းပြင်း ရှူသွင်းမိ၏။ နောက်ဆုံး သူ ကျောက်စက်ပန်းဆွဲများ၏ ရည်ရွယ်ချက်ကို နားလည်သွားပြီ ဖြစ်သည်။
“ဒီနေရာဟာ တကယ်ကို ထူးဆန်းတယ်။ ဖြစ်နိုင်တာက လရဲ့အတောင်ပံတွေ နိုးထမှုနဲ့ ထွက်ခွာမှုဟာ ကျောက်စက်ပန်းဆွဲတွေနဲ့ ပတ်သက်မှု ရှိနေလောက်တယ်”
လရဲ့အတောင်ပံများ ထွက်ခွာသွားစဉ်က ဘာကြောင့်မှန်းမသိ ချွန်ထက်သော ကျောက်စက်ပန်းဆွဲများအဖြစ် ခဏတာ အသွင်ပြောင်းသွားကြသည်။ လရဲ့အတောင်ပံများ ပြန်လာသည့်အခါ ကျောက်ရည်ပူများအဖြစ် ပြန်လည် ပြောင်းလဲသွား၏။
''အခုငါတွေ့နေရတဲ့ ကျောက်စက်ပန်းဆွဲ ပမာဏနဲ့ဆိုရင် သူတို့ အရည်ပျော်သွားတဲ့အခါ မြစ်ဝှမ်းတစ်ခုလုံး ပြည့်သွားမှာပဲ။ မျိုးနွယ်စုဟာ ကျောက်ရည်ပူတွေ အောက်မှာ နောက်တစ်ခါ ပြန်လည် ဖုံးကွယ် ခံထားရလိမ့်မယ်”
စုမင် ခေါင်းကိုမော့ပြီး မျိုးနွယ်စု အလယ်ရှိ အနီရောင်ပင်စည်ကြီးကို ကြည့်လိုက်၏။
အပင်မှာလည်း အလွန်ပူပြင်းသည့် အပူရှိန်အောက် မြစ်ဝှမ်းထဲသို့ အရည်ပျော်ကျသွားမည့် လက္ခဏာရပ်များ ပြသနေ၏။ သစ်ပင်ကြီးမှာ ထူးဆန်းစွာ လှုပ်ရမ်းနေသည်။ အကယ်၍ စုမင်သာ အသေအချာ ကြည့်မည်ဆိုလျှင် သစ်ပင်ပတ်လည်၌ အနီရောင်လိုင်းများ ရှိနေသည်ကို သူ မြင်ရမည် ဖြစ်၏။
တစ်ခါတစ်ရံ ၎င်း၏ အစိတ်အပိုင်းများမှာ ပြုတ်ကျလာ၏။ ၎င်းမှာ လရဲ့အတောင်ပံများ ဖြစ်ကြလေသည်။
သို့သော် သစ်ပင်ဆီ ပြန်လာကြသည့် လရဲ့ အတောင်ပံများ မျက်နှာပေါ်တွင် ရက်စက်သည့် အရိပ်အယောင်များ မရှိတော့ပေ။ ထိုအစား နာကျင်တိတ်ဆိတ်မှုနှင့် ဝမ်းနည်းမှုအသွင်များ ပြောင်းလဲနေကြ၏။ ၎င်းတို့ ဆက်မအော်တော့ဘဲ တိတ်တိတ်လေး ငိုနေတာနှင့် တူတော့သည်။ လရဲ့အတောင်ပံ တချို့မှာ လက်ဟန်ခြေဟန်များနှင့် အချင်းချင်း ပြနေကြ၏။ ဝမ်းနည်းနေရင်းကြားမှ ၎င်းတို့မှာ လက်သည်းများကို မြှောက်ပြီး လက်သည်းများကြားမှ သွေးတို့ကို ဖယ်ရှားနေကြ၏။ လက်သည်းများကို သန့်ရှင်းပြီးနောက် သွေးများ မရှိတော့ပေ။
“လရဲ့အတောင်ပံတွေက သစ်ပင်ထဲကို တွားသွား ဝင်သွားကြပါလား အဲဒါ ဘာလုပ်တာပါလိမ့်'
သူ သစ်ပင်ကြီးကို စူးစိုက်စွာ ကြည့်နေ၏။ သူ စဉ်းစားနေတုန်း အပူရှိန်မှာ ပိုမို မြင့်တက် လာသလို ခံစားလိုက်ရသည်။ သူ ထိုနေရာတွင် အချိန်ကြာကြာ ထပ်မနေနိုင်တော့။
'ငါသူ့ကိုရှာမတွေ့ဘူး ... ဆိုးလိုက်တာ'
စုမင် ခေါင်းခါယမ်းလိုက်၏။ သူ အကောင်းဆုံး ကြိုးစားခဲ့သည်။ သူ ထွက်ခွာခါနီး ဆဲဆဲ ရပ်တန့်လိုက်သည်။
သူ့အကြည့်က မြစ်ဝှမ်း၏ အလယ်ဗဟိုတွင် တည်ရှိနေသော အနီရောင်အပင်မှ အကိုင်းတစ်ခုပေါ် ကျရောက်သွား၏။ သစ်ပင်ပေါ်တွင် မျက်နှာနှစ်ခု ပေါ်နေသည်။ တစ်ယောက်ကို သူမသိ။ နောက်တစ်ယောက်မှာ ပိုင်လင်း ဖြစ်၏။
ပိုင်လင်း မျက်ဝန်းများမှာ အသက်ရှင်ဖို့ လုံးဝလက်လျှော့ထားသလို အသက်ကင်းမဲ့နေ၏။ ထိုအချိန်အခိုက်အတန့်လေး၌ သူမမှာ ကြေကွဲနေသည့် အလှလေးနှင့် တူလေသည်။
စုမင်က သူမမျက်နှာကို ကြည့်ပြီး အောက်ဘက်တွင် တဖြည်းဖြည်း မြင့်တက်လာသည့် ကျောက်ရည်ပူများကို ကြည့်လိုက်၏။ ကျောက်စက်ပန်းဆွဲ အများစုမှာ အရည်ပျော်နေပြီ ဖြစ်သလို မျိုးနွယ်စုထဲမှ အိမ်များ၏ ခါးတစ်ဝက်လောက်ထိ မြင့်တက်နေပြီလည်း ဖြစ်သည်။
မြစ်ဝှမ်းထဲ သေချာမြင်နိုင်သည်ဆို၍ အိမ်များ၏ ခေါင်မိုးများသာ ရှိ၏။ ခေါင်မိုးများပင် အနီရောင် တောက်တောက် ဖြစ်နေကြပြီ။
“လရဲ့အတောင်ပံတွေဟာ သွေးလွှမ်းလထွက်တဲ့ အချိန်မှာ ထွက်ပေါ်လာတယ်။ ဒါပေမဲ့ ဒီနေရာက အခြေအနေနဲ့ ဆက်စပ်ကြည့်ရလျှင် သူတို့ဟာ ဒီနေရာက အပူရှိန်နဲ့လည်း ဆက်စပ်မှု ရှိလိမ့်မယ်။ သူတို့ဟာ အပူကို တကယ် ကြောက်ကြတယ်။ ဒါကြောင့် ဒီနေရာ အေးလာတဲ့အခါ ထွက်သွားပြီး အမဲလိုက်ကြတာပဲ”
“သူတို့ ပြန်ရောက်လာသည့်အခါ အားလုံး သစ်ပင်ထဲသို့ ဝင်သွားကြ၏။ တစ်ယောက်မှ အပြင်မှာ မရှိတော့ဘူး။ ဒါက ငါ့ရဲ့လောလောဆယ် သီအိုရီပဲ”
စုမင်မှာ ကမူးရှူးထိုး မလုပ်တတ်သော်လည်း သူ့မျက်ဝန်းများက တောက်ပနေသည်။
''ငါသူ့ကို ကယ်တင် နိုင်လောက်တယ်... ဒါပေမဲ့ ငါနည်းနည်းတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုတယ်”
စုမင် သစ်ပင်ကို ကြည့်နေသလို ရံဖန်ရံခါ မြစ်ဝှမ်းထဲမှ ကျောက်ရည်ပူတို့၏ မြင့်တက်လာမှု အတိုင်းအတာကိုလည်း ကြည့်နေမိသည်။
ခဏအကြာ ထိုနေရာမှ အပူရှိန်မှာ ထပ်တိုးလာပြန်သည်။ စုမင် ဆက်တိုက် ချွေးများ ရွှဲနစ်နေ၏။ သူ့ အရေပြားမှာ ငိုနေသလိုလို၊ ကွဲထွက်တော့မလိုလို ဖြစ်နေ၏။ သွေးကြော ၁၁ ကြောကို ပျံ့နှံ့ဖြာဆင်းစေလိုက်သည့် အခါ ကိုယ်ခန္ဓာထဲမှ ချီစွမ်းအင်များ ပွက်ပွက် ဆူလာ၏။ စုမင် ခုန်ချလိုက်သည်။
မျက်စိတစ်မှိတ် အတွင်း စုမင်မှာ မြစ်ဝှမ်းထဲရှိ ခေါင်မိုးပေါ် ခြေချလိုက်၏။ သူခြေချလိုက်ချိန် တရှဲရှဲမြည်သံများကို ကြားလိုက်ရ၏။ အဖြူရောင် မီးခိုးငွေ့များက သူ့ခြေထောက်အောက်မှ ထွက်လာ၏။ စုမင် မရပ်နားသေး။ နောက်ထပ် ဆက်ခုန်၏။ အကြိမ်အနည်းငယ် ခုန်ကျော်ပြီးနောက် ထူးဆန်းလှသည့် အနီရောင်သစ်ပင်နား ရောက်လာ၏။
သစ်ပင်ကြီးနား ရောက်ခါနီးဆဲဆဲ၊ ပိုင်လင်းဘေးမှ အမည်မသိ မိန်းကလေးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး တုန်ယင်သွားသည်ကို တွေ့လိုက်ရ၏။ ချက်ချင်း သူမခန္ဓာကိုယ်မှာ အရိုးပုံကြီး ဖြစ်သွား၏။
ကြည့်ရသည်မှာ သူမနှင့်သစ်ပင်ကြီး တစ်သားတည်း ပေါင်းစပ်သွားသလိုပင်။ သူမ၏ အသက်ဓာတ်နှင့် အရိုးအရေများမှာ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု၏ စုပ်ယူခြင်းကို ခံလိုက်ရလေ၏။
***