← Chapters

အဘယ်ကြောင့် ငိုကြွေးနေပါသနည်း... အိုဘယ့် ကောင်းကင်ပြာ…

Vol. 3 Ch. 31

အဘယ်ကြောင့် ငိုကြွေးနေပါသနည်း... အိုဘယ့် ကောင်းကင်ပြာ…

Vol. 3 Ch. 31

ရုတ်တရက် မြင်လိုက်ရသည့် ဖြစ်ရပ်ကြောင့် စုမင်မှာ အံ့အားသင့်သွားသော်လည်း အရှိန်ကိုတော့ မရပ်တန့်လိုက်ပေ၊၊ ထိုအစား သူက ပိုပြီး မြန်မြန် ပြေးနေခဲ့၏။ စုမင်၏ ပင်ကိုစရိုက်ကိုယ်က ထိုအတိုင်းပင်။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ဆိုသည့်အတိုင်း စကတည်းက ဝေးဝေးနေလျှင်‌နေ မနေလျှင် ပြီးဆုံးသည်အထိ လုပ်ကိုင်တတ်လေသည်။

သူ သစ်ပင်အနီး ရောက်သွားသည့်အခါ လက်လျှော့ထားသည့် ပိုင်လင်း၏ မျက်ဝန်းများ သူ့အပေါ် ကျရောက်လာသည်။  သူမက စုမင်ကိုကြည့်ရင်း မှင်တက်နေ၏။ သူမ ငေးကြည့်နေရင်း မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာ‌လေသည်။

စုမင်က တွန့်ဆုတ်ခြင်း မရှိဘဲ အပင်နား ကပ်သွား၏။  ဦးချိုကိုင်ထားသည့် ညာလက်ကို မြှောက်လိုက်ပြီး အပင်ကို အားကုန် စိုက်ချလိုက်သည်။ အပင်၏အသားထဲသို့ ဦးချို တစ်ဝက်နီးနီး စိုက်ဝင်သွားသည့်အခါ သွေးနှင့်တူသည့် အနီရင့်ရင့် အရည်များ ထွက်လာ၏။ အထဲမှ ဝူးဝူးဝါးဝါး အော်သံကြီးလည်း ထွက်ပေါ်လာလေသည်။

၎င်းမှာ ဒေါသတကြီး အော်ဟစ်လိုက်သည့် အသံကြီး ဖြစ်၏။ အသံမှာ အလွန်စွမ်းအား ကြီးမားလွန်း၍ မြစ်ဝှမ်းတစ်ခုလုံး သိမ့်သိမ့်တုန်သွားလေသည်။

စုမင် မျက်နှာ သွေးဆုတ် ဖြူလျော်သွားသော်လည်း မျက်လုံးများက အေးခဲနေသည်။ အပင်ကို ဦးချို စိုက်ဝင်သွားသည်နှင့် အောက်ဘက်သို့ ဖိကာ ဆွဲချလိုက်၏။ အပင်တွင် အက်ကြောင်းရာကြီးတခု ပေါ်လာလေသည်။ အက်ကွဲကြောင်းမှ လေအေးများ စိမ့်ထွက်လာလေ၏။

အက်ကွဲကြောင်းက ပိုင်လင်းအနားတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။  အက်ကွဲကြောင်းကို ဆွဲခွဲလိုက်သည်နှင့် စုမင်မှာ ပိုင်လင်း၏ ကိုယ်လေးကို တွေ့လိုက်ရ၏။  စုမင်မှာ တုံ့ဆိုင်းမနေဘဲ အပင်ထဲ လက်ထည့်ပြီး ပိုင်လင်း၏ လက်မောင်းကို ဖမ်းဆွဲလိုက်၏။ ထို့နောက် ခပ်တိုးတိုး မာန်သွင်းသံနှင့်အတူ သူမအား ဆွဲထုတ်ယူလိုက်လေ၏။

တစ်ချက်မရုံနှင့် စုမင်က ပိုင်လင်းအား အပင်ထဲမှ အောင်မြင်စွာ ခေါ်ထုတ်နိုင်ခဲ့၏။

ပိုင်လင်း ထိတ်လန့် သွားသည်။ သူမက စုမင်အား မှင်တက်သလို ကြည့်နေပြီး သူခေါ်သည့်အတိုင်း ပါလာခဲ့သည်။ သူမပါးပြင်များ မျက်ရည်များ ကျဆင်းလာ၏။ ထိုအခိုက်အတန့်လေး၌ စုမင်၏မျက်နှာမှာ သူမရင်ထဲတွင် သံမှိုစွဲရိုက်ထားသလို ခိုင်မြဲစွာ ထင်ကျန်သွားခဲ့လေ၏။

ပိုင်လင်းကို လက်မှာ ဆုပ်ကိုင်ထားရင်း စုမင် နောက်ပြန်လှန်ချလိုက်၏။  သူ့ရင်ဘတ်မှာ တဒုန်းဒုန်း တုန်ခါနေသည်။  သူထွက်သွားခါနီး ဆူဆူညံညံ အော်ဟစ်သံများက ပိုမို ကျယ်လောင်လာပြီး မြစ်ဝှမ်းတစ်ခုလုံး ပျံ့နှံ့နေတော့၏။ သစ်ပင်ပေါ်ရှိ အက်ကွဲကြောင်းထဲမှ လရဲ့အတောင်ပံ အများအပြား ထွက်လာကြသည်။ အက်ကွဲကြောင်းမှ ထွက်လာသည်နှင့် ၎င်းတို့မျက်နှာပေါ်မှ ၀မ်းနည်းမှုများ အထီးကျန်ဆန်မှုများ ပျောက်ဆုံးသွားပြီး ရူးသွပ်မှုများနှင့် သွေးသားဆာလောင်မှုများ ပြန်လည် ပြည့်လျှမ်းလာခဲ့၏။

စုမင် ခေါင်းနားပန်းကြီးသွားပြီး နောက်ဆုတ်လိုက်သည်။  လရဲ့အတောင်ပံ အရေအတွက်မှာ အလွန်များပြားလွန်းနေသည်။ ၎င်းတို့မှာ သိပ်သိပ်သည်းသည်းနှင့် စီတန်းရှိနေကြ၏။ သူနှင့်ပိုင်လင်းတို့ရှိရာဆီ အကောင်ရေ ထောင်ချီပြီး ထိုးဆင်းလာတော့မလို စုမင် ခံစားလိုက်ရသည်။  လရဲ့အတောင်ပံ အရေအတွက်မှာ သစ်ပင်ထဲ၌ ပို၍ပင် များပြားနေသေးသည်။

သို့သော် လရဲ့အတောင်ပံများ သူတို့နောက် လိုက်တော့မည့်အချိန်လေး၌ အပူလှိုင်းများက ၎င်းတို့အပေါ် ဖြတ်သန်းသွားလေသည်။ ၎င်းတို့၏မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။ ၎င်းတို့အထဲမှ တချို့မှာ အေးခဲသွားပြီး ကျောက်ရည်ပူ‌များထဲ ထိုးကျသွား၏။ တချို့မှာ ကျောက်တုံးကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။ ပေါက်ကွဲထွက်သွားရာ နေရာတွင် သွေးစသွေးနများလည်း မတွေ့ရသလို အသားစိုင်များလည်း ရှိမနေချေ။ ၎င်းတို့ ပျက်သုဉ်းသွားသည့် နေရာမှ အေးစက်သည့် လေပြင်းတစ်ဝှေ့သာ ပေါ်ထွက်လာနေ၏။

မီးလျှံ မာန်မျိုးနွယ်ဝင်များမှ ထာဝရရှင်သန်သူ လရဲ့အတောင်ပံများ အဖြစ် ပြောင်းလဲသွားကြသည့် ဒဏ္ဍာရီမှာ တကယ်ဖြစ်ခဲ့သော ဖြစ်ရပ်မှန်ဖြစ်ခဲ့သည်။ မူလ၌ ၎င်းတို့မှာ မီးကို လုံးဝ ကြောက်စရာ မလိုခဲ့ကြသော်လည်း လရဲ့ အတောင့်ပံများ ဖြစ်သွားချိန်မှစ၍ ထူးဆန်းသော သန္ဓေပြောင်းလဲမှုများကို ကြုံတွေ့ရပြီး  မီးကို ကြောက်သွားကြရလေသည်။

'' ကြည့်ရတာ သူတို့ကိုယ်က ရေခဲလို အေးစက်နေမှာ အမှန်ပဲ"

စုမင် မျက်လုံးများ ကျဉ်း‌မြောင်းသွားသည်။ သူနောက်ဆုတ်လိုက်သည်နှင့် အနီးအနားရှိ လိုဏ်ခေါင်း ထွက်ပေါက်တစ်ခုဆီ ပိုင်လင်းအား ဘက်လက်နှင့် တွန်းပို့ပေးလိုက်၏။

"ဘာလို့ ကြောင်တောင်တောင် လုပ်နေတာလဲ ... ပြေးလေ"

စုမင် အသံကိုကြားမှ  ပိုင်လင်းတယောက် အိပ်မက်ဆိုးမှ နိုးထနိုင်သွားသူ တစ်ယောက်ပမာ အသိပြန်လည်လာသည်။ ဥမင်လိုဏ်ခေါင်း အဝသို့ ရောက်ချိန် သူမ စုမင်ကို လည်ပြန်ကြည့်၏။ သူမ စကား ပြောခါနီးဆဲဆဲ ...

''ပြေး"

စုမင် ဥမင်လိုဏ်ခေါင်း အဝဆီ ပြေးသွား၏။   ကျောက်ရည်ပူများမှာ မျိုးနွယ်စု၏ အိမ်အတော်များများကို နစ်မြုပ်လိုက်ပြီး ဖြစ်သည်။ မမြုပ်သေးသည့် ခေါင်မိုးများပင် လက်တစ်ဆုပ်လောက်သာ ကျန်တော့၏။

ပိုင်လင်း၏ မျက်နှာလည်း ဖြူဖျော့သွားသည်။  သူမ ထပ်မံ၍ တွေဝေမနေတော့။ သူမ ပြန်လှည့်ပြီး လိုဏ်ခေါင်းရှိရာဆီ ပြေး၏။  သူမရဲ့ခြေထောက်များ နာကျင်နေသော်လည်း လျစ်လျူရှုထားလိုက်သည်။ သူမစိတ်ထဲ တစ်ခုတည်း‌သော ရှိနေသည့် အတွေးမှာ ယခုနေရာမှ လွတ်မြောက်ဖို့သာ ဖြစ်၏။

စုမင်တယောက် ဘယ်ဘက် ခေါင်မိုးပေါ် ခုန်ချပြီးသည်နှင့် ဥမင်လိုဏ်ခေါင်းဆီ တည့်တည့်ပြေး၏။  သူ့နောက်၌ များစွာသော လရဲ့အတောင်ပံများ အော်ဟစ်ဆူညံ နေသော်လည်း လိုက်မလာရဲကြပေ။ သစ်ပင်မှ ထွက်နေသည့် ဝူးဝူးဝါးဝါး အော်သံငိုသံများက တောင်ပံများကို ပိုပြီး ဆောက်တည်ရာမရ ဖြစ်စေသည်။ အကောင်အနည်းငယ်က အပူရှိန်ကို ဂရုမစိုက်ဘဲ စုမင်ထံတည့်တည့်ကြီး တိုးဝင်လာကြ၏။

စုမင် ခန္ဓာကိုယ်ထဲမှ ချီများ ပွက်ပွက်ဆူလာသည်။  သူ့သွေးကြော (၁၁) ခုကလည်း ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ဖြာဆင်းလာ၏။  လရဲ့အတောင်ပံများ သူ့ထံဝင်လာသည့်အချိန် လက်ထဲမှ ဦးချိုကိုလွှဲယမ်းပြီး ဥမင်လိုဏ်ခေါင်းဆီ တစ်ဟုန်ထိုး ပြေး၏။ ထိုအရာအားလုံး အချိန်တိုလေးအတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စုမင် ဥမင်လိုဏ်ခေါင်းဆီ ရောက်လာသည့်အခါ နောက်မှလိုက်လာသည့် လရဲ့အတောင်ပံများ အစိတ်စိတ် ကွဲထွက်၍ ကျောက်ရည်ပူထဲ ပြုတ်ကျသွားတော့၏။

စုမင်၏ နှလုံးခုန်သံမှာ အလွန်မြန်ဆန်နေသော်လည်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ အရာအားလုံး စီစဉ်ထားသည့်အတိုင်း ဖြစ်သွားခဲ့ခြင်းပင်။  အကယ်၍ သူသာ အချိန်အနည်းငယ် စောင့်ခဲ့ပါက ဘာမှမလုပ်ရသေးခင် ကျောက်ရည်ပူများ ပိုများလာပြီး ကိစ္စအားလုံး ဤမျှလောက် ချောချောမွေ့မွေ့ ပြီးစီးသွားမည် မဟုတ်ပေ။ အနောက်က လိုက်ဖမ်းမည့် လရဲ့ အတောင်ပံ အရေအတွက်ကလည်း သည့်ထက် ပိုများဦးမည်။

ဥမင်ထဲ ခြေချလိုက်သည်နှင့် သူ့ခြေဖဝါးကို မီးအပူလောင်သွားသည်။ သို့တိုင် စုမင် မှာ လုံးဝ မရပ်တန့်။ ပို၍ပင် အရှိန်ကို မြှင့်ပြီး ပြေးလိုက်၏။

အနောက်တွင် လရဲ့အတောင်ပံများ အသံစုံပြုကာ ဟစ်အော်နေကြသော်လည်း စုမင် နောက်ကိုတော့ လိုက်မလာရဲကြချေ။ ရဲဘော်ရဲဘက်များ ဤမျှလောက် တားနေသည့်ကြားမှ ဥမင်ကို ဖြတ်ပြီး လိုက်လာနိုင်သည့် အကောင်တချို့လည်း ရှိသည်။ ၎င်းတို့က စုမင်‌နောက်သို့ အသည်းအသန် ပြေးလွှားလာကြ၏။

'လရဲ့အတောင်ပံတွေက အပူကို ကြောက်တယ်.... အဲဒါကြောင့် သူတို့တွေ သစ်ပင်ထဲက ထွက်မလာဝံ့ကြတာ။ ဒါပေမဲ့ငါတို့ အပြင်နဲ့နီးလေလေ အပူချိန် လျော့နည်းလေလေ ဖြစ်မှာ'

စုမင်နောက်၌ အော်သံများ တဖြည်းဖြည်း မကြားရတော့ ...

"နောက်က လိုက်လာတဲ့လရဲ့ အတောင်ပံတွေ အကုန်လုံးကို သတ်ပစ်ရမယ်။ တစ်ကောင်မှ ကျန်ခဲ့လို့ မဖြစ်ဘူး"

စုမင် ဝင်လာစဉ်က ဖြတ်တောက်ထားခဲ့သည့် ကျောက်တုံးကြီးကို ကြည့်လိုက်သည်။ သူ ကျောက်တုံးကြီးရှိရာသို့ ပြေးသွား၏။  ဦးချိုကို လက်ကကိုင်ပြီး လှည့်ကြည့်လိုက်ချိန် ရက်စက်ကြမ်းကြုတ်သည့် မျက်နှာထားများနှင့် သူ့ဆီ ပျံသန်းလာနေသည့် လရဲ့အတောင်ပံ လေးကောင်ကို တွေ့လိုက်ရ၏။ ၎င်းတို့၏ တောင်ပံခတ်သံများ တဖြည်းဖြည်း ပို၍ ကျယ်လောင် လာလေသည်။

စုမင်မျက်နှာမှာ ဖျော့တော့နေသော်လည်း ၎င်း၏မျက်ဝန်းများမှာ အေးဆေး တည်ငြိမ်လွန်းလှ၏။  လရဲ့အတောင်ပံလေးကောင် သူ့နား ရောက်ခါနီး စုမင်တယောက် ကျောက်တုံးကြီးကို ကန်လိုက်၏။

ယခင်ကတည်းက သူ ကျောက်တုံးကြီးကို တိုင်းတာထားခဲ့သည်။ ၎င်းမှာ ခန့်မှန်းခြေအားဖြင့် ဥမင်လိုဏ်ခေါင်းနှင့် အရွယ်အစား အတူတူသာ ဖြစ်၏။ စုမင်မှာ ကိုယ်တွင်းရှိသမျှ ချီ စွမ်းအင်အားလုံးကို ခြေထောက်တွင် စုစည်းပြီး ကျောက်တုံးအား ကန်လိုက်၏။ ကျောက်တုံးကြီးမှာ လွင့်ပျံသွားပြီး ဥမင်လိုဏ်ခေါင်းအား တံခါးတစ်ချပ်ပမာ ပိတ်ဆို့လိုက်သလို ဖြစ်သွားလေသည်။

စုမင်မှာ အမြဲတစေ အတွက်အချက်တော်သူ ဖြစ်၏။ သူ တွက်ချက်ထားသည့်အတိုင်းဆို ကျောက်တုံးသည် လရဲ့အတောင်ပံလေးကောင်အား တံခါးဝတွင် ယာယီအားဖြင့် ထိန်းထားနိုင်လိမ့်မည်။ ကျန်တစ်ကောင်ကို လက်ထဲမှဦးချိုနှင့် လိုဏ်ဂူထဲမှ အပူရှိန်ကို အခွင့်ကောင်းယူကာ သတ်ပစ်ရမည်။

သို့သော် လရဲ့အတောင်ပံများမှာ အလွန် လျင်မြန်လှ၍ စုမင် တွက်ချက်ပြီး ကန်ထုတ်လိုက်သည့် ကျောက်တုံးမှာ နှစ်ကောင်ကိုသာ အောင်အောင်မြင်မြင် တားဆီးလိုက်နိုင်၏။ ကျန်နှစ်ကောင်မှာ အတားအဆီးများကို ကျော်လွှားပြီး သူ့ဆီ ပြေးဝင်လာသည်။

စုမင် မျက်မှောင်ကြုတ်ပြီး ရှေ့သို့ ချက်ချင်း ပြေးသွား၏။ တောင်ပံနှစ်ကောင်ကို သတ်နိုင်ခဲ့လျှင်ပင် သူလည်း ဒဏ်ရာရမှာ သေချာသည်။  သူ့တွင် သည့်ထက် ပိုကောင်းသည့် အစီအစဉ် ရှိ၏။

သူပြေးနှုန်းအတိုင်း နောက်မှထပ်ကြပ်မကွာ လိုက်လာသည့် လရဲ့အတောင်ပံများ အရှိန်နှုန်းမှာလည်း တိုးလာသည်။ လက်ရှိနေရာမှ ပေ ၁၀၀ အတွင်း နောက်ထပ် အရွယ်တူ ကျောက်တုံးတစ်တုံး ရှိနေ၏။

သူ ကျောက်တုံး ဘေးကနေ ဖြတ်ပြေးရင်း ယခင် အတွေ့အကြုံအတိုင်း ကျောက်တုံးကို ကန်လိုက်၏။ ပြင်းထန်လှသည့် မြည်သံနှင့် ကျောက်တုံးမှာ လွင့်ပျံသွားပြီး  ဥမင်ကို ပိတ်ဆို့သွားပြန်သည်။ ၎င်းတို့ထဲမှ တစ်ကောင်ကို ပိတ်ဆို့ထားလိုက်စဉ် နောက်တစ်ကောင်က လွတ်မြောက်လာပြန်သည်။

နောက်တစ်ကောင်က စုမင်ဆီ တစ်ဟုန်ထိုး ပြေးဝင်သွား၏။ စုမင် မျက်ဝန်းထဲမှ စိမ်းစိမ်းဝါးဝါး အကြည့်များက ပို၍ စူးရှလာသည်။  သူ နောက်ဆုတ် မသွားဘဲ လက်ထဲမှ ဦးချိုကို ဆုပ်ကိုင်ကာ ရှေ့သို့ တိုးလိုက်၏။

လူသားနှင့် စက်ဆုပ်ရွံရှာဖွယ် သတ္တဝါတို့ ဥမင်လိုဏ်ခေါင်းထဲ တိုက်ခိုက်ကြတော့၏။ အကယ်၍ စုမင်သာ မာန်ကျင့်ကြံခြင်း လမ်းစဉ်ကို မလျှောက်လှမ်းနိုင်ခဲ့လျှင် ယခုလို ပြန်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သို့သော် လက်ရှိအချိန်၌ သူသည် သွေးကြော (၁၁) ကြော ပျံ့နှံ့ဖြာဆင်းနေသူဖြစ်ပြီး လက်ထဲတွင်လည်း ချွန်မြထက်ရှနေသည့် ဦးချိုကို လက်နက်အဖြစ် ကိုင်ဆောင်ထား၏။ ယခုတိုက်ပွဲတွင် လက်ဦးမှု ရထားသူ ဖြစ်သည်။

စုမင် လရဲ့အတောင်ပံကို  ဦးချိုနဲ့ခုတ်ပြီး ချက်ချင်း နောက်သို့ ခုန်ထွက်လိုက်၏။ သို့သော် ထိုသတ္တဝါ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာက ချက်ချင်းဆိုသလို ပြန်ကောင်းသွား၏။ အသက်နှင့်နီးသည့် အရိပ်အယောင်မျိုးကို အသာထား ... မဆိုစလောက်လေး တွန့်သွားသည်ပင် မရှိခဲ့။

စုမင် မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ဒဏ်ရာမြန်မြန် မကျက်ဘဲ နောက်ထပ် ဒဏ်ရာများရအောင် ထပ်မံ ခုတ်ဖြတ်ပေးလိုက်၏။ ထို့နောက် အလျင်အမြန်ပင် ထွက်ပြေးလိုက်သည်။ သူ့နောက်မှ လိုက်လာသည့် လရဲ့အတောင်အပံများ အဆီးအတားသဖွယ် ဖြစ်စေရန် ပြေးနေရင်း ဥမင်လိုဏ်ခေါင်းအတွင်း သူ ထွင်းဖြတ်ထားခဲ့သည့် ကျောက်တုံးများကို မြင်မြင်သမျှ ကန်ထုတ်ခဲ့လိုက်၏။

ကျောက်တုံးများကို ကန်ထုတ်နေရင်း စုမင်မှာ သူ့အမြန်နှုန်းကို ဂုဏ်ယူနေခဲ့၏။ အသက်ရှူကြိမ်ရေ အနည်းငယ်အတွင်း ဥမင်လိုဏ်ခေါင်းထဲမှ ဖြတ်သန်းလာနိုင်ခဲ့ပြီး အပေါက်ငယ်များ အများအပြားရှိသည့် ဂူသို့ ရောက်အောင် လာနိုင်ခဲ့၏။

"ငါ ... ငါ ဒီမှာ"

သူရောက်သွားသည့်အခါ အသံတိမ်တိမ်ကလေးနှင့် ခေါ်လိုက်သံကို စုမင် ကြားလိုက်ရ၏။

ဖြူဖျော့ကာ ကြောက်လန့် တုန်လှုပ်နေသော မျက်နှာထားနှင့် အပေါက်လေး တစ်ခုထဲ ပုန်းအောင်းနေသည့် ပိုင်လင်းကို တွေ့လိုက်ရ၏။ သူမကိုယ်လေး တဆတ်ဆတ် တုန်ရင်နေလေသည်။ ဒီနေရာကို အစောကြီးထဲက ရောက်နေသော်လည်း ထွက်ပေါက်ကို မသိဘဲ ရှိနေ၏။ မဆင်မခြင်လည်း မပြုရဲပေ။ နောက်တစ်ခါ လရဲ့အတောင်ပံများနှင့် တိုးနေမည်ကိုလည်း စိုးရိမ်နေမိသည်

စုမင် မျက်မှောက်တွင် ရှိနေသည့် ပိုင်လင်းမှာ ရင်ပြင်တွင် မာနကြီးကြီး ဉာဏ်များတတ်သည့် ကောင်မလေး တစ်ယောက် မဟုတ်တော့။ ထိုအစား ကြောက်လန့်နေသည့် သတ္တဝါငယ်လေးနှင့် တူ၏။  သူမမျက်ဝန်းထဲမှ စိုးရိမ်မှုများကို မြင်လိုက်ရသည့်အခါ စုမင်တယောက် ရယ်မောလိုက်၏။

“နင် ... ဘယ်လိုလုပ် ရယ်‌နေနိုင်သေးတာလဲ"

ပိုင်လင်းတယောက် အတော်ကလေး စိတ်လှုပ်ရှားနေခဲ့သည်။ သူမ ဆက်ပြောမည်အလုပ် စုမင်က သူမအနားသို့ အလျင်အမြန် ချဉ်းကပ်လာပြီး သူ မလက်‌မောင်းကိုဆွဲကာ အနီးအနားရှိ အပေါက်ငယ်တခုထဲသို့ ဝင်သွားလိုက်၏။

"ဒါ ထွက်ပေါက်လား"

သူမက သူ့အား လေသံလေးနှင့် ခပ်တိုးတိုးမေးလိုက်၏။ ဘာကြောင့်မှန်းမသိ ... စုမင်ကို မြင်ပြီးသည့်နောက် ပိုင်လင်း၏ ကြောက်ရွံ့မှုများ လျော့နည်းသွားလေသည်။

စုမင် ခေါင်းညိတ် လိုက်သည်။  သူ ပိုင်လင်းရဲ့လက်ကို ဆုပ်ကိုင်ထားပြီး မြန်နှုန်းအပြည့်နဲ့ ဥမင်လိုဏ်ခေါင်းဆီ ပြေးသွား၏။  ပိုင်လင်းရဲ့‌ မောဟိုက်နေသံလေးကို အတိုင်းသား ကြားနေမိ၏။  သူမ မောဟိုက်သံလေးမှာ အလွန်နားထောင်၍ ကောင်းသည်။  စုမင် နှလုံးခုန်သံများ မြန်ဆန်လာသည်။ ပြေးနေရသောကြောင့်လား သို့မဟတု် လက်ဖဝါးပေါ်မှ နူးညံ့ပျော့ပျောင်းလွန်းသည့် အထိအတွေ့ကြောင့်လား စုမင် မသိ။

ပိုင်လင်း ဘာမှထပ်မပြောတော့။ အန္တရာယ်ပြွန်းသည့် ဥမင်လိုဏ်ခေါင်းများကို ဖြတ်သန်း သွားစဉ် သူမလက်ကလေးအား စုမင်ကို ကိုင်တွယ်ခွင့်ပေးထားခဲ့၏။ သူမလည်း စုမင်နှင့်ထပ်တူ ရင်တွေ တဖြည်းဖြည်း ခုန်လာသည်။ ထိုခံစားမှုက သူမ၏ စိုးရိမ်မှုနှင့် စိတ်ပျက်အားငယ်မှုများကို ပျောက်ကွယ်သွားစေခဲ့၏။

သို့သော် တိတ်ဆိတ်မှုက ကြာရှည်မခံခဲ့ပေ။  မကြာမီ စုမင်မှာ ပိုင်လင်းအား ဆေးဝါးများကို နိုင်စီးငြှိမ်းသတ်ခြင်း လုပ်သည့်နေရာသို့ ခေါ်လာခဲ့၏။ ထိုနေရာသို့ ရောက်သည်နှင့် စုမင်က သူမလက်ကိုလွှတ်ပြီး ဦးချိုနှင့် မြေကြီးပေါ်တွင် အပေါက်ငယ်လေးများ ဖောက်နေ၏။ အပေါက်ငယ်များမှ မီးတောက်များ ထွက်ပေါ်လာသည်။ ထိုသို့လုပ်နေစဉ်အတွင်း တစ်ခုခုကို စဉ်းစားနေသလို မျက်မှောင်လည်း ကြုတ်နေသေး၏။

သိပ်မဝေးလှသည့်နေရာရှိ ဒယ်အိုးအောက်တွင်လည်း မီးတောက်လောင်နေသည်။ ပိုင်လင်းက စုမင် လုပ်ကိုင်နေသမျှကို ရင်တမမနှင့် ကြည့်နေ၏။

ယခုအချိန်ထိတိုင် ပိုင်လင်းမှာ အိပ်မက်တစ်ခုလို ခံစားနေရဆဲ။  လရဲ့အတောင်ပံများ ဖမ်းဆီး‌ ခေါ်ဆောင်ခြင်း ခံရစဉ် သူမ စိတ်ဓာတ်ကျနေခဲ့သည်။ သို့သော် စုမင်ရောက်ရှိလာပြီးနောက် ဖြစ်ခဲ့သည့် အဖြစ်အပျက်များက အိပ်မက်,မက်နေသလို ခံစားနေရလေသည်။

ထိုအချိန် နားကွဲလုမတတ် ကျယ်လောင်လွန်းလှသည့် စိခနဲစစ်ခနဲ အော်မြည်သံများ ဥမင်ထဲမှ ထွက်ပေါ်လာ၏။ အော်သံများမှာ အချိန်နှင့်အမျှ ပိုမိုအားကောင်း ကျယ်လောင်လာ၏။ ၎င်းတို့က အလွန် လျင်မြန်စွာ ချဉ်းကပ်လာနေကြသည်။  ပိုင်လင်းက တုန်တုန်ယင်ယင်နှင့် စုမင်နား အလိုလို တိုးကပ်သွား၏။  သူမ ရှေ့ဆက်မတိုးရသေးခင်  စုမင်က သူမ လက်ကိုဆွဲပြီး အပေါက်ငယ်လေးများကို ဖြတ်ကျော်ကာ ဥမင်ဘက်ကို လှည့်ကြည့်လိုက်၏။

သိပ်မကြာခင် တစတစ ကျယ်လောင်လာသော အော်မြည်သံများနှင့်အတူ ရက်စက်ကြမ်းကြုတ်ဟန်ရှိသည့် လရဲ့အတောင်ပံသုံးကောင် ပျံသန်းလာလေ၏။  ပိုင်လင်းတယောက် တုန်ယင်သွားသည်။   သူမ နောက်ဆုတ်မည်အလုပ် စုမင်က ဦးချိုကို ထုတ်လိုက်၏။ ရှိသမျှ မီးလမ်းကြောင်းများကို ဆက်သွယ်ပေးလိုက်ပြီး ဒယ်အိုးထံ စီးဆင်းနေသည့် မီးတောက်လမ်းကြောင်းအားလုံးကို ဖွင့်ချလိုက်လေတော့၏။

မီးပင်လယ်တခုအလား အလွန်ပူပြင်းလှသည့် ကန့်လန့်ကာသဖွယ် မီးတောက်များ ချက်ချင်း တောက်လောင်လာ၏။ သူတို့နှစ်ဦးထံ အလျင်အမြန် ပျံသန်းလာနေသော လရဲ့အတောင်ပံ သုံးကောင်မှာ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။  ငိုကြွေးမြည်တမ်းသံများ လေထုထဲ ပျံ့နှံ့သွား၏။ အကောင်သုံးကောင်စလုံး မြေကြီးပေါ်ကျပြီး အစိတ်စိတ် ကွဲထွက်သွား၏။ ၎င်းတို့ကွဲကြေသွားချိန် အရှိန်ပြင်းပြင်းနှင့် ထွက်လာသည့် လေအေးများကြောင့် ခန္ဓာကိုယ်အကြွင်းအကျန်များ ရောယှက်၍ မီးထဲ ပါသွားလေသည်။  စုမင်၏ မျက်နှာမှာ မီးအလင်းရောင်အောက်တွင် တည်ကြည်လေးနက်နေ၏။  သူ့နောက်တွင် ရပ်နေသော ပိုင်လင်းမှာ သူ့ကိုကြည့်ပြီး ကြောက်အားပိုလာတော့၏။

"သူတို့ ... သူတို့က မီးကို ကြောက်တာလား"

ပိုင်လင်းက ခဏအကြာတွင် ခပ်တိုးတိုးလေး မေးလိုက်၏။

"သူတို့ အသက်ရှိစဉ်ကာလမှာ မီးဟာ သူတို့ရဲ့ ဂုဏ်ကျက်သရေပဲ။ သူတို့ လရဲ့အတောင်ပံတွေ အဖြစ် ပြောင်းလဲသွားတဲ့အခါ သူတို့ရဲ့အသိစိတ်နဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားရုံ သာမက သူတို့ရဲ့ ဂုဏ်ကျက်သရေကိုလည်း ဆုံးရှုံးခဲ့ရတယ်"

“ဂုဏ်ကျက်သရေ ဆုံးရှုံးပြီးတဲ့နောက် သူတို့က မီးကိုကြောက်သွားကြတာ မဟုတ်ဘူး။ သူတို့က မီးရဲ့အပေါ်မှာ အပြစ်လုပ်ထားသလို ခံစားခဲ့ရတာ။ သူတို့ဟာ မီးကြောင့်ရှင်သန်ပြီး မီးကြောင့်ပဲ သေကျေကြရတယ်”

စုမင်မှာ မျိုးနွယ်စုပျက်ကြီးတွင် ရှိခဲ့စဉ် နံရံပေါ် မြင်ခဲ့ရသည့် စာတစ်ကြောင်းကို သတိရမိသွား၏။

"အဘယ်ကြောင့် ငိုကြွေးနေရပါသနည်း အိုဘယ့် ကောင်းကင်ပြာ"

***

All Chapters