← Chapters

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁-၇၂၃)

Vol. 49 Ch. 721-723

အခန်း (၇၂၁) - ပြင်းထန်သော စွမ်းအား (၂)

~ကောင်းကင်ဓားဂိုဏ်းက သတ္တိမရှိဘူး ဟုတ်လား။

ကုန်းမိသားစု ခေါင်းဆောင်နှင့် ကုန်းမိသားစုဝင်များအပြင် ရွှမ်မုမြို့သူ မြို့သားများ အားလုံး နောက်တစ်ကြိမ် တအံ့တဩဖြစ်သွားကြပြန်သည်။

ဖုန်းဝူချန်သည် ကောင်းကင်ဓားဂိုဏ်းကိုပင် လုံးဝ အရေးမလုပ်ဘဲ လျစ်လျူရှုရဲသည်တဲ့လား။

“သူက တကယ်တော့ ဘယ်သူများလဲ... ကောင်းကင်ဓားဂိုဏ်းကိုတောင် မကြောက်ဘူးတဲ့လား”

“သူက ကောင်းကင်ဓားဂိုဏ်းတောင် ဝင်ပါဖို့ သတ္တိမရှိဘူးလို့ ပြောနေတာလား။ ဒီကောင်လေးက သူ့ရဲ့ စွမ်းရည်လေး နည်းနည်းနဲ့ ကောင်းကင်ဓားဂိုဏ်းကို ရင်ဆိုင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”

“ဘယ်လောက်တောင် မောက်မာလိုက်တဲ့ ကောင်လေးလဲ။ ကောင်းကင်ဓားဂိုဏ်းက ပညာရှင်တွေ ရောက်လာရင် သူ ဘယ်လိုသေမလဲ ဆိုတာ ကြည့်ကြတာပေါ့”

ဖုန်းဝူချန်၏ မောက်မာမှုက သူတို့၏ စိတ်ကူးနိုင်စွမ်းထက်ပင် လွန်ကဲနေတော့၏။

“ကောင်းကင်ဓားဂိုဏ်း ဆိုတာ ဝူကျိနယ်မြေက အင်အားကြီး ဂိုဏ်းတွေထဲက တစ်ခုပဲကွ။ မင်းက ကောင်းကင်ဓားဂိုဏ်းကိုတောင် အထင်သေးရဲတယ်ပေါ့လေ။ ခဏနေရင် မင်း ဘယ်လို သေမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

ဟွမ်မိသားစု ခေါင်းဆောင်က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ သူ၏ ဖြူရော်နေသော မျက်နှာမှာ ကြမ်းတမ်းစွာ ရှုံ့မဲ့နေသည်။

“ခင်ဗျားတို့က တခြား အင်အားကြီး အဖွဲ့အစည်းတွေက ပညာရှင်တွေကို သိတယ်ဆိုရင်လည်း ရပါတယ်။ အကုန်လုံးကို ဒီခေါ်လိုက်ပါ”

ဖုန်းဝူချန်က အနည်းငယ်မျှ တားဆီးခြင်း မရှိဘဲ အေးစက်စွာ ပြောလိုက်၏။

“မောက်မာလိုက်တာ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

လျိုမိသားစု ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသော်လည်း ဘာမှ လုပ်မရသဖြင့် ရင်ထဲတွင်သာ ကြိတ်၍ ခံစားနေရလေ၏။

သို့သော် ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများသည် ဖုန်းဝူချန်ကို ရင်ဆိုင်ရန်နှင့် သူ့ကို ဒေါသတကြီး စူးစိုက်ကြည့်နေရန်သာ အာရုံစိုက်နေကြသဖြင့် လျိုချင်းယန်တို့ အဖွဲ့ထဲတွင် ပါလာသော ကျန်းမိသားစု၏ သခင်လေး ကျန်းကျွင့်လန်ကို လုံးဝ သတိမထားမိကြချေ။

ရွှမ်မုမြို့မှ အင်အားကြီး မိသားစု (၃) ခု၏ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် ကျန်းမိသားစု၏ သခင်လေး ကျန်းကျွင့်လန်ကို ဘယ်လိုလုပ် မမှတ်မိဘဲ နေမည်နည်း။

ကံဆိုးစွာဖြင့် သူတို့ထဲမှ တစ်ယောက်ကမျှ သတိမထားမိခဲ့ကြပေ။ အကယ်၍သာ သတိထားမိခဲ့ပါက သတ္တိ အဆတစ်သန်း ရှိနေစေဦးတော့... သူတို့ လုံးဝ လှုပ်ရှားရဲမည် မဟုတ်ချေ။

တိုက်ခိုက်မှုများ ရပ်တန့်သွားသည်နှင့် ရွှမ်မုမြို့ တစ်ခုလုံး အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြန်၏။

အကူအညီများ မရောက်လာသေးမီ အချိန်အတွင်း ဖုန်းဝူချန်ကလည်း အခွင့်အရေးယူကာ ဝင်မတိုက်သကဲ့သို့ ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများကလည်း သေတွင်းထဲသို့ အတင်း ခုန်ဝင်မည့် အရူးများ မဟုတ်ကြပေ။

“ဝှစ်... ဝှစ်... ဝှစ်...”

မိနစ်အနည်းငယ် အကြာတွင် ဟင်းလင်းပြင်ကို ခွဲထုတ်လာသော အသံများက ရွှမ်မုမြို့၏ တိတ်ဆိတ်မှုကို ရိုက်ချိုးပစ်လိုက်သည်။

အဝေးရှိ ကောင်းကင်ယံမှ ပုံရိပ် (၅) ခုသည် အလွန်တရာ ပြင်းထန်သော အရှိန်အဝါများဖြင့် သူတို့ထံသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာကြ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ထျန်းကျီဘုံ အဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကျန်လေးယောက်စလုံးမှာလည်း ထျန်းကျီဘုံ ပညာရှင်များချည်းသာ ဖြစ်ကြသည်။

“သူတို့ ရောက်လာပြီဟေ့... ဝူဖုန်း မြို့စားမင်းနဲ့ အခြားသူတွေ ရောက်လာကြပြီ”

လျိုမိသားစု ခေါင်းဆောင်၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ လင်းလက်သွားပြီး အကူအညီများ ရောက်လာပြီဖြစ်ရာ လုံးဝ စိတ်အေးသွားတော့သည်။

ဝူဖုန်း မြို့စားမင်း၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ကုန်းမိသားစု ခေါင်းဆောင်လည်း သက်ပြင်းချနိုင်သွား၏။

“ဝူဖုန်း မြို့စားမင်းရယ်... ဝူဖုန်းမြို့က အင်အားကြီး မိသားစု လေးခုရဲ့ ခေါင်းဆောင်တွေ အားလုံး ရောက်လာကြပြီဟေ့”

လူတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ထွက်နေလေ၏။

“ဝူဖုန်း မြို့စားမင်းသာ ဝင်တိုက်ရင်... အဲဒီ မောက်မာတဲ့ ကောင်လေး သေချာပေါက် သေပြီပဲ”

“ဟုတ်တယ်... ဒါက ငါတို့ ရွှမ်မုမြို့ရဲ့ ဒေါသတွေကို ဖောက်ထုတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ အဲဒီ မောက်မာတဲ့ ကောင်လေးကတော့ သေလူနဲ့ အတူတူပါပဲကွာ”

“ဝူဖုန်း မြို့စားမင်းရဲ့ ကျင့်ကြံခြင်းက ကုန်းမိသားစု ခေါင်းဆောင်ထက်တောင် ပိုအစွမ်းထက်သေးတယ်။ အဲဒီ ကောင်လေးကို ရှင်းဖို့အတွက်ဆိုရင် လုံလောက်တာထက်တောင် ပိုနေသေးတယ်”

ရွှမ်မုမြို့သူ မြို့သားများမှာ စိတ်လှုပ်ရှားစွာဖြင့် အုတ်အော်သောင်းနင်း အော်ဟစ်နေကြသည်။

မကြာမီမှာပင် ထိုပုံရိပ် (၅) ခုသည် ရွှမ်မုမြို့၏ အထက် ကောင်းကင်ယံသို့ လျှပ်တစ်ပြက် ရောက်ရှိလာကြ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အခြားသူ မဟုတ်ဘဲ ထျန်းကျီဘုံ အဆင့် (၄) တွင် ရှိနေသော ဝူဖုန်းမြို့၏ မြို့စားမင်း ကျန်းဝူဖုန်းပင် ဖြစ်သည်။

ကျန်လေးယောက်မှာ ဝူ၊ စု၊ ရှန် နှင့် ကျူး မိသားစုတို့မှ ခေါင်းဆောင်များ အသီးသီး ဖြစ်ကြသည်။

ကောင်းကင်ဓားဂိုဏ်းမှာ ရွှမ်မုမြို့နှင့် အတော်လေး အလှမ်းဝေးသော်လည်း သခင်လေးကုန်း၏ ကျင့်ကြံခြင်း အဆင့်အရ ကောင်းကင်ဓားဂိုဏ်းမှ ထိပ်ပိုင်းခေါင်းဆောင်များလည်း မကြာမီ ရောက်ရှိလာတော့မည်ဟု ခန့်မှန်းရသည်။

ကျန်းဝူဖုန်းနှင့် အခြားသူများမှာ အဖြစ်အပျက် အစအဆုံးကို သတင်းရထားပြီး ဖြစ်ရာ ရွှမ်မုမြို့ ဒုက္ခရောက်နေချိန်တွင် သူတို့ သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။

“ထျန်းကျီဘုံ အဆင့် (၄) တဲ့လား... ဒီအနီးအနားမှာ ထျန်းကျီဘုံ ပညာရှင်တွေ ဒီလောက် အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ တကယ် အံ့သြစရာပဲ”

ယဲ့ထျန်းဝေက အံ့အားသင့်စွာ ရေရွတ်လိုက်၏။

လျိုချင်းယန်က ပခုံးတစ်ချက် တွန့်လိုက်ပြီး ရယ်ကာ ပြောလိုက်၏။

“သူတို့က လာအသေခံတာပါဗျာ”

လျိုချင်းယန်နှင့် အခြားသူများက ဖုန်းဝူချန်၏ လုံခြုံရေးအတွက် အနည်းငယ်မျှပင် စိုးရိမ်မနေကြချေ။ ဖုန်းဝူချန် မည်မျှ အစွမ်းထက်ကြောင်းကို သူတို့ထက် ပိုသိသူ မရှိနိုင်ပေ။

“ဆရာကြီးလီ၊ ကုန်းမိသားစု ခေါင်းဆောင်... ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ”

ကျန်းဝူဖုန်းက ထိုသုံးယောက်၏ အပြင်းအထန် ဒဏ်ရာရနေသော အခြေအနေကို ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။

“ဘာမှမဖြစ်ပါဘူး... အချိန်မီ ရောက်လာပေးတဲ့အတွက် မြို့စားမင်းကျန်းနဲ့ မိသားစု ခေါင်းဆောင် လေးယောက်လုံးကို ကျေးဇူးတင်ပါတယ်ဗျာ”

ကုန်းမိသားစု ခေါင်းဆောင်က ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်၏။

“အဲဒီ လူငယ်လေးလား”

ကျူးမိသားစု ခေါင်းဆောင်၏ အကြည့်များက ဖုန်းဝူချန်ကို အကဲခတ်နေသည်။

“ထျန်းကျီဘုံ အဆင့် (၁) ဟုတ်လား”

ဝူမိသားစု ခေါင်းဆောင်က အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် မယုံကြည်နိုင်စွာ ပြောလိုက်၏။

“ခင်ဗျားတို့ သုံးယောက်ပေါင်းတာတောင် ထျန်းကျီဘုံ အဆင့် (၁) က ကောင်လေးကို မနိုင်ဘူးလား”

“သူ့ကို အထင်မသေးနဲ့။ သူက အရှိန်အဝါတွေကို ဖုံးကွယ်ထားတာ... သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ကုန်းမိသားစု ခေါင်းဆောင်ထက်တောင် ပိုအစွမ်းထက်သေးတယ်”

လျိုမိသားစု ခေါင်းဆောင်က မေးရိုးများ တင်းမာနေအောင် အံကြိတ်ကာ ပြောလိုက်ပြီး ဖုန်းဝူချန်ကို ရက်စက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ကုန်းမိသားစု ခေါင်းဆောင်ကလည်း လေးနက်စွာ ဝင်ပြောလိုက်၏။

“ဒီလူက တကယ်ကို အစွမ်းထက်လွန်းတယ်။ မဟုတ်ရင် မြို့စားမင်းကျန်းကို အကူအညီ လှမ်းတောင်းနေစရာ မလိုဘူးလေ”

ထိုအခါ ဆရာကြီးလီကလည်း ဆက်ပြောလိုက်သည်။

“သူ့ရဲ့ တကယ့် စွမ်းအားက ထျန်းကျီဘုံ အဆင့် (၃) ကိုတောင် ရောက်နေမလားပဲ”

“ထျန်းကျီဘုံ အဆင့် (၃) ဟုတ်လား”

ဝူမိသားစု ခေါင်းဆောင် အပါအဝင် သူတို့လေးယောက်စလုံး အကြီးအကျယ် တုန်လှုပ်သွားကြပြီး ဇောချွေးပျံလာကြတော့သည်။

ကျန်းဝူဖုန်းက ဖုန်းဝူချန်ကို စေ့စေ့စပ်စပ် အကဲခတ်နေစဉ်မှာပင် ဤမျက်နှာက သူစိမ်းဖြစ်နေကြောင်း သတိထားမိလိုက်၏။ ဖုန်းဝူချန်ကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ကြောင်း သူ သေချာပေါက် ပြောနိုင်သည်။

လင်းမိုယန်၏ ကြီးကျယ်ခမ်းနားသော မွေးနေ့ပွဲတွင် ဝူကျိနယ်မြေမှ အင်အားကြီး အဖွဲ့အစည်း (၅) ခုကိုသာ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး အခြား အဖွဲ့အစည်းများ မပါဝင်ခဲ့ချေ။ ထို့ပြင် ဖုန်းဝူချန်ကလည်း ဝူကျိနယ်မြေသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ကျန်းဝူဖုန်းနှင့် အခြားသူများက ဖုန်းဝူချန်ကို မမှတ်မိကြခြင်း ဖြစ်လေ၏။

ကျန်းဝူဖုန်းက သူ့ကို အကဲခတ်နေစဉ်မှာပင် ဖုန်းဝူချန်က သူတို့ကို ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“ခင်ဗျားတို့သာ ဝင်ပါမယ်ဆိုရင် ခင်ဗျားတို့ကိုပါ သတ်ပစ်ဖို့ ကျုပ် တွေဝေနေမှာ မဟုတ်ဘူး”

ဖုန်းဝူချန်၏ စကားက အလွန်တရာ မောက်မာပြီး ယုံကြည်မှု အပြည့် ရှိနေသည်။ ကျန်းဝူဖုန်းကို အချိန်မရွေး သတ်ပစ်နိုင်မည့် ဟန်ပန်မျိုး ဖမ်းထား၏။

“ဒီကောင်လေးက တကယ်ကို မောက်မာတာပဲ”

ကျန်းဝူဖုန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။ သူသည် ထျန်းကျီဘုံ အဆင့် (၄) ၏ စွမ်းအားများကို ချက်ချင်း လှုံ့ဆော်လိုက်တော့၏။

မည်သည့် စကားမှ ထပ်မပြောတော့ဘဲ ကျန်းဝူဖုန်းက ဖုန်းဝူချန်ထံသို့ အဝေးမှနေ၍ လက်ဝါးတစ်ချက် လှမ်းရိုက်လိုက်၏။ ကြီးမားကျယ်ပြန့်ပြီး စွမ်းအားပြင်းသော အပြာရောင် လက်ဝါးရာကြီး တစ်ခုက ဖုန်းဝူချန်ထံသို့ အရှိန်အဟုန်ပြင်းစွာ ရိုက်ချလာတော့သည်။

အတွေးတစ်ချက်ဖြင့် နဂါးနတ်ဘုရား လက်အိတ်ကို ခေါ်ယူလိုက်ပြီးနောက် ဖုန်းဝူချန်၏ အရှိန်အဝါများ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်သို့ ထိုးတက်သွားလေ၏။ သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများအားလုံး လက်သီးပေါ်တွင် စုစည်းသွားတော့သည်။

“အင်မော်တယ် လက်နက်... ဒီကောင်လေးဆီမှာ အင်မော်တယ် လက်နက် ရှိနေတာလား”

ကျန်းဝူဖုန်းမှာ မနေနိုင်ဘဲ အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။

“အင်မော်တယ် လက်နက် ဟုတ်လား”

ဆရာကြီးလီနှင့် အခြားသူများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြတော့၏။

ဖုန်းဝူချန်က အနည်းငယ်မျှ တွေဝေမနေဘဲ လက်သီးတစ်ချက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း...”

“ဝီ... ဝီ...”

ရိုးရှင်းသော လက်သီးတစ်ချက်က ဧရာမ လက်ဝါးရာကြီးကို ထိတိုက်သွားသည်။

ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေမည့် ပေါက်ကွဲသံနှင့်အတူ မျက်စိကျိန်းမတတ် တောက်ပသော သွေးရောင် အလင်းတန်းကြီး လျှပ်ပြေးလာတော့သည်။ ရွှမ်မုမြို့ရှိ လူတိုင်း၏ အလွန်တရာ ထိတ်လန့်နေသော အကြည့်များအောက်တွင်ပင် ဧရာမ လက်ဝါးရာကြီးမှာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားတော့၏။

ပြင်းလှသော စွမ်းအားများကြောင့် ကျန်းဝူဖုန်းမှာ ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်သွားရသည်။

လက်သီးတစ်ချက်တည်းနှင့် ထျန်းကျီဘုံ အဆင့် (၄) ပညာရှင် တစ်ယောက်၏ လက်ဝါးရိုက်ချက်ကို အမှုန့်ကြိတ်ပစ်လိုက်သည်တဲ့လား။

ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ။

ဤအခိုက်အတန့်၌ ဝူမိသားစု ခေါင်းဆောင်နှင့် အခြားသူများမှာ အကြောက်တရားဖြင့် ခဲဝင်သွားကြတော့၏။ သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ အပြည့် ဖုံးလွှမ်းနေပြီး စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။

ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရမှသာ ဖုန်းဝူချန် မည်မျှ ကြောက်စရာကောင်းကြောင်းကို သူတို့ နားလည်သွားကြတော့သည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လို စွမ်းအားမျိုးလဲကွာ”

ကျန်းဝူဖုန်း၏ မျက်နှာ ဖြူရော်သွားပြီး ဖုန်းဝူချန်၏ လက်သီးကို အံ့အားသင့်စွာ စိုက်ကြည့်နေမိ၏။ တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်၏ ကြမ်းတမ်းလှသော စွမ်းအားကို သတိထား လေးစားသွားတော့သည်။

ထျန်းကျီဘုံ အဆင့် (၁) ပညာရှင် တစ်ယောက်က ဤမျှ ကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု ကျန်းဝူဖုန်း လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။

“ဝီ... ဝီ...”

ကျန်းဝူဖုန်းက မျက်မှောင်အပြင်းအထန် ကြုတ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် သူ၏ စွမ်းအား အပြည့်ကို စတင် ထုတ်ယူလိုက်၏။ သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများက သမုဒ္ဒရာပြင်ပေါ်မှ ရူးသွပ်နေသော လှိုင်းလုံးကြီးများအလား အဆက်မပြတ် လှိမ့်ဝင်လာတော့၏။

ဖုန်းဝူချန်၏ လက်သီးက သူ့ကို ကြောက်ရွံ့သွားစေခဲ့ပြီ ဖြစ်ရာ သူ အင်အားချန်ထားရဲမည် မဟုတ်တော့ချေ။

“မင်းမှာလည်း စွမ်းရည် တချို့တော့ ရှိသားပဲ။ ကြည့်ရတာ ဆရာကြီးလီ ပြောတာ မှန်တယ်။ မင်းက စွမ်းအားတွေကို ဖုံးကွယ်ထားတာကိုး။ ဒီလိုဆိုမှတော့ ငါ မြို့စားမင်းကျန်းကလည်း ညှာမနေတော့ဘူး”

ကျန်းဝူဖုန်းက ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုကို ခေါ်ယူလိုက်ရာ သူ၏ အရှိန်အဝါများ လျင်မြန်စွာ မြင့်တက်လာတော့၏။

“ညှာတာနေရင် ခင်ဗျား ပိုမြန်မြန် သေရုံပဲ ရှိမယ်။ ခင်ဗျားရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်ကိုသာ ထုတ်သုံးလိုက်စမ်းပါ... အချိန်တွေ ဖြုန်းမနေနဲ့”

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။ သူ၏ စကားလုံးတိုင်းတွင် လူသတ်ချင်စိတ်များ အပြည့် ပါဝင်နေသည်။

“မင်းက သေချင်နေတာပဲ”

ကျန်းဝူဖုန်းက လက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ထဲမှ လှံရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။ သူ၏ စွမ်းအားများ အားလုံးကို လှံထဲသို့ ရိုက်သွင်းလိုက်ရာ အရှိန်အဝါများက အရူးအမူး ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

အခန်း (၇၂၂) - ကျန်းဝူဖုန်း၏ အရှက်တကွဲ ရှုံးနိမ့်ခြင်း

~“မြေကမ္ဘာအဆင့် အဆင့်နိမ့် သိုင်းကွက်... တပ်မတော်ထောင်ချီကို သုတ်သင်ခြင်း”

ကျန်းဝူဖုန်း၏ ဒေါသတကြီး ဟိန်းဟောက်သံက ပေါက်ကွဲထွက်လာ၏။ သူ၏ လှံရှည်ကြီးထံမှ ဆူပွက်နေသော စွမ်းအားများ လျှံကျလာသည်။ မျက်စိကျိန်းမတတ် တောက်ပသော အပြာရောင် အလင်းတန်းများက လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများနှင့်အတူ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတော့သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

“ဝီ... ဝီ...”

အော်ဟစ်သံ အဆုံးတွင် ကျန်းဝူဖုန်းက သူ၏ လှံရှည်ကြီးကို သုံးကြိမ် ဆက်တိုက် ရမ်းခါလိုက်သည်။ အလွန်တရာ စွမ်းအားပြင်းသော အပြာရောင် လှံရိပ်ကြီး သုံးခုက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်တော့မည့် အဖျက်စွမ်းအားများကို သယ်ဆောင်လာပြီး ဖြတ်သန်းသွားရာ ဟင်းလင်းပြင် တစ်လျှောက်ကို တုန်ခါ အက်ကွဲသွားစေတော့သည်။

ထို ကြမ်းတမ်း ရက်စက်သော လှံရိပ်ကြီး သုံးခုက နောက်ဆုံးတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ပေတစ်သောင်းကျော် ရှည်လျားသော ဧရာမ လှံရိပ်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ၎င်း၏ စွမ်းအားက အံ့မခန်း မြင့်တက်သွားပြန်သည်။ မြေကမ္ဘာအဆင့် သိုင်းကွက်၏ စွမ်းအင်က အလွန်တရာ ကြောက်စရာကောင်းလွန်းလှသည်။

ကောင်းကင်ယံရှိ ဖျက်ဆီးခြင်း စွမ်းအားများ အပြည့် ပါဝင်နေသော ဧရာမ လှံရိပ်ကြီးကို ကြည့်ကာ သွေးဆုတ်ဖြူရော်ပြီး ထိတ်လန့်နေကြသော ရွှမ်မုမြို့သူ မြို့သားများ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ စတင် ထင်ဟပ်လာကြသည်။ လှံရိပ်ကြီး၏ ဖျက်ဆီးခြင်း စွမ်းအားသာ ပေါက်ကွဲထွက်သွားပါက ရွှမ်မုမြို့ တစ်ခုလုံးကိုပါ ပြာကျသွားစေနိုင်လောက်သည့်အလား ခံစားနေကြရ၏။

“မြို့စားမင်းကျန်းရဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းကွက်နဲ့ဆိုတော့... အဲဒီ ကောင်လေး သေရင်သေ၊ မသေရင်တောင် အပြင်းအထန် ဒဏ်ရာရတော့မှာပဲ”

“မြို့စားမင်းကျန်း ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ။ ဒီစွမ်းအားက လောကကြီးကိုတောင် ဖျက်ဆီးပစ်နိုင်လောက်တယ်ကွ။ အဲဒီ ကောင်လေး မသေရင်တောင် တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားတော့မှာ”

“ကိုယ့်အဆင့်ကိုယ် မသိဘဲ ရမ်းကားတဲ့ ကောင်တွေရဲ့ နိဂုံးကတော့ သေလမ်းပဲ ရှိတာပေါ့ကွာ”

ရွှမ်မုမြို့ရှိ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားပြီး ကျန်းဝူဖုန်း၏ လက်ချက်ဖြင့် ဖုန်းဝူချန် အသတ်ခံရမည်ကိုသာ အားလုံးက မျှော်လင့်စောင့်စား နေကြသည်။

မိမိထံသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာသော ပြင်းလှသော လှံရိပ်ကြီးကို ကြည့်ကာ ဖုန်းဝူချန်၏ မျက်နှာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိချေ။ ထိုလှံရိပ်ကြီးကို မမြင်လိုက်သည့်အလား၊ သို့မဟုတ် အနည်းငယ်မျှပင် အန္တရာယ် မရှိသည့်အလား တည်ငြိမ်နေသည်။

ရုတ်တရက် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ မျက်စိကျိန်းမတတ် တောက်ပသော သွေးရောင် အလင်းတန်းများက ပေါက်ကွဲထွက်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဆူပွက်နေသည့် စွမ်းအားများက ဒီရေအလား ရိုက်ခတ်လာတော့သည်။ မိုးလုံးပြည့်နေသော အရှိန်အဝါကြီးက အရူးအမူး လှိမ့်ဝင်လာပြန်သည်။

ဖုန်းဝူချန်ထံမှ ထွက်ပေါ်လာသော ဤမျှ ကြီးမားကျယ်ပြန့်ပြီး ကြောက်စရာကောင်းသည့် အရှိန်အဝါကြီးကို ခံစားလိုက်ရသောအခါ ကျန်းဝူဖုန်း၏ မျက်နှာထား နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်၏။ သူက အလွန်အမင်း တုန်လှုပ်စွာဖြင့် စိတ်ထဲမှ တွေးလိုက်မိသည်။

'ဒါက မြင့်မြတ်တဲ့ မြေကမ္ဘာအဆင့် သိုင်းကွက်တစ်ခုရဲ့ အရှိန်အဝါပဲ။ မဟုတ်သေးဘူး... ဒါက အင်မော်တယ် ကျင့်စဉ်ပဲ။ အင်မော်တယ် ကျင့်စဉ်ကွ'

“ရှေးဦး ကမ္ဘာဦး နဂါးနတ်ဘုရား လက်သီး”

ခံစားချက် ကင်းမဲ့နေသော ဖုန်းဝူချန်၏ တိုးညှင်းသော အသံ ထွက်ပေါ်လာသည်။ ထို့နောက် သူက ဟင်းလင်းပြင်ကို လက်သီးဖြင့် အဆက်မပြတ် လျင်မြန်စွာ ထိုးသွင်းလိုက်၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် လက်သီးချက်ပေါင်း ထောင်နှင့်ချီ၍ ပေါက်ကွဲထွက်သွားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော လက်သီးစွမ်းအား လှိုင်းလုံးကြီးများက တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက် ရိုက်ခတ်သွားတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဝီ... ဝီ...”

မျက်စိတစ်မှိတ် အတွင်းမှာပင် လက်သီးချက်ပေါင်း ထောင်နှင့်ချီ၍ ကျန်းဝူဖုန်း၏ လှံရိပ်ကြီးကို အပြင်းအထန် ဝင်ရောက် ဗုံးကြဲတော့၏။ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေမည့် ပေါက်ကွဲသံ ဆက်တိုက် ထွက်ပေါ်လာပြီး နားစည်များပင် ကွဲထွက်မတတ် ဆူညံသွားသည်။ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင် တစ်ခွင်သို့ အဆက်မပြတ် ရိုက်ခတ်နေတော့၏။

“ရှီး... ရှီး...”

“ဒုန်း...”

အခိုက်အတန့် အတွင်းမှာပင် ရူးသွပ်ဖွယ်ရာ ဗုံးကြဲ တိုက်ခိုက်မှုအောက်၌ ကျန်းဝူဖုန်း၏ လှံရိပ်ကြီးမှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အက်ကွဲ စုတ်ပြဲလာသည်။ နောက်ဆုံးတွင်တော့ အစိတ်စိတ်အမွှာမွှာ လုံးဝ ပြိုကွဲပျက်စီးသွားပြီး ပြင်းလှသော စွမ်းအားများလည်း တစ်ပါတည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။

ဧရာမ လှံရိပ်ကြီးသည် ဖုန်းဝူချန်၏ ကြမ်းတမ်းလှသော ခွန်အားသက်သက်ဖြင့်ပင် အမှုန့်ကြိတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ ကျန်းဝူဖုန်းမှာ လုံးဝ ကြောင်အမ်းသွားလေ၏။ သူ၏ မျက်လုံးများ ပြုတ်ကျမတတ် ပြူးထွက်နေပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုများ အပြည့် ဖုံးလွှမ်းသွားသည်။

တအံ့တဩဖြစ်မှု။ နေရာ တစ်ခုလုံး တအံ့တဩဖြစ် တုန်လှုပ်သွားကြတော့၏။

ကုန်းမိသားစု ခေါင်းဆောင်နှင့် ရွှမ်မုမြို့သူ မြို့သားများ အားလုံး အပါအဝင် ပတ်ဝန်းကျင် တစ်ခုလုံး သုသာန်တစပြင်အလား တိတ်ဆိတ် ငြိမ်သက်သွားတော့၏။ အားလုံး လုံးဝ ကြောင်အမ်းနေကြပြီး သူတို့၏ ရင်ထဲတွင် အကြောက်တရားမှလွဲ၍ အခြား မည်သည့် အရာကိုမျှ မခံစားနိုင်ကြတော့ချေ။

ဤအခိုက်အတန့်၌ ရွှမ်မုမြို့သူ မြို့သားများ အားလုံးသည် ပြိုင်ဘက်ကင်း အစွမ်းထက်နေသည့်အလား ထင်မှတ်ရသော ဖုန်းဝူချန်၏ စွမ်းအားများအောက်တွင် အကြောက်တရားဖြင့် ဒူးထောက် အရှုံးပေးသွားကြတော့၏။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လှံရိပ်ကြီး လုံးဝ ပြိုကွဲပျက်စီးကာ လွင့်စင်သွားပြီးနောက် နောက်ဆုံးမှသာ ကျန်းဝူဖုန်းက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

ထျန်းကျီဘုံ အဆင့် (၄) ၏ စွမ်းအားက မည်မျှ ကြောက်စရာကောင်းကြောင်းကို ကျန်းဝူဖုန်း အသေအချာ သိရှိထားလေ၏။ အဆင့် (၄) ၏ ခွန်အားဖြင့် မြေကမ္ဘာအဆင့် သိုင်းကွက်ကို အသုံးပြုလိုက်ခြင်းက မည်မျှ ထိတ်လန့်ဖွယ် ကောင်းကြောင်းကိုလည်း သူ အပြည့်အဝ နားလည်ထားသည်။

သို့တိုင်အောင် ထိုမျှ ပြင်းထန်သည့် စွမ်းအားကြီးက ဖုန်းဝူချန်၏ ရှေ့တွင်တော့ အနည်းငယ်မျှပင် အသုံးမဝင်ဘဲ အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။

ကုန်းမိသားစု ခေါင်းဆောင် အပါအဝင် အခြား မိသားစု ခေါင်းဆောင်များလည်း အကြောက်တရားနှင့် တအံ့တဩဖြစ်မှုများမှ တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာကြတော့သည်။

“ထျန်းကျီဘုံ အဆင့် (၄) ရဲ့ ကျင့်ကြံခြင်းနဲ့ မြေကမ္ဘာအဆင့် သိုင်းကွက်ကို သုံးတာတောင်မှ... အဲဒီ ကောင်လေးက အမှုန့်ကြိတ်ပစ်လိုက်တယ်တဲ့လား”

ကုန်းမိသားစု ခေါင်းဆောင်က အံ့အားသင့်မှုများ အပြည့်ပါသော မျက်နှာထားဖြင့် ပြောလိုက်၏။ သူ၏ မျက်နှာအမူအရာမှာ တောင့်တင်းခဲဝင်နေသည်။

“ငါ တကယ်ကို မယုံနိုင်ဘူးကွာ။ ထျန်းကျီဘုံ အဆင့် (၁) ပညာရှင် တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေရတာလဲ”

ကျူးမိသားစု ခေါင်းဆောင်က အလွန်အမင်း တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ သူ၏ မျက်နှာထားက လူသေတစ်လောင်းအလား သွေးဆုတ် ဖြူရော်နေ၏။

“သူက လူရော ဟုတ်ရဲ့လား”

ဆရာကြီးလီမှာ ထိတ်လန့်တကြားဖြင့် လွှတ်ခနဲ အော်ဟစ်လိုက်မိတော့သည်။

ဖုန်းဝူချန်၏ မိစ္ဆာတစ်ကောင်အလား ပြင်းလှသော စွမ်းအားက သူတို့၏ စိတ်ကူးနိုင်စွမ်းထက် လုံးဝ လွန်ကဲနေတော့၏။ ထျန်းကျီဘုံ အဆင့် (၁) တွင် ရှိနေသူ တစ်ယောက်က ဤမျှ ကောင်းကင်ဘုံကို အာခံနိုင်သော တိုက်ခိုက်ရေး စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

ရွှမ်မုမြို့ တစ်ခုလုံး ချက်ချင်း ဆူညံပွက်လောရိုက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်သံများက ကောင်းကင်သို့ ထိုးတက်သွားတော့၏။

“ဝှစ်...”

ကျန်းဝူဖုန်း အံ့အားသင့် တုန်လှုပ်နေစဉ်မှာပင် ဖုန်းဝူချန်၏ ပုံရိပ်က သူ၏ ရှေ့သို့ တစ္ဆေတစ်ကောင်အလား လျှပ်တစ်ပြက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အရိုးခိုက်မတတ် အေးစက်နေသော အကြည့်များကြောင့် ကျန်းဝူဖုန်းမှာ လူ့ပြည်ဆင်းလာသော မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဝိညာဉ်လွင့်မတတ် လန့်ဖြန့်သွားရတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဖူး... ဖူး...”

လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာသော ဖုန်းဝူချန်က ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို စတင်လိုက်သည်။ သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော လက်သီးများနှင့် ခြေကန်ချက်များက ကျန်းဝူဖုန်းကို အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေတော့၏။ ရုတ်တရက် ဝင်လာသော ထိုးစစ်များကြောင့် ကျန်းဝူဖုန်းမှာ အချိန်မီ မတုံ့ပြန်နိုင်တော့ဘဲ နောက်ဆုံးတွင် သွေးများ အဆက်မပြတ် ပန်းထုတ်လိုက်ရတော့သည်။

“မြို့စားမင်းကျန်း...”

ကျန်းဝူဖုန်း တစ်ယောက် ရက်စက်စွာ အရိုက်ခံနေရသည်ကို ကြည့်ရင်း ဆရာကြီးလီနှင့် အခြားသူများမှာ တစ်ကိုယ်လုံး တုန်ယင်လာကြပြီး ဝိညာဉ်ခန္ဓာပါ လန့်ဖြန့်သွားကြ၏။

ကျန်းဝူဖုန်းသည် ဖုန်းဝူချန်၏ ကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းအားများကို အပြင်းအထန် ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ ထိုသို့သာ မဟုတ်လျှင် ယခုလို အရှက်တကွဲ အခြေအနေမျိုးသို့ ရောက်ရှိသွားမည် မဟုတ်ချေ။

ထျန်းကျီဘုံ အဆင့် (၄) တွင် ရှိနေသော ကျန်းဝူဖုန်း တစ်ယောက် ဖုန်းဝူချန်၏ လက်ချက်ဖြင့် ဤမျှ အသေအလဲ အရိုက်ခံနေရသည်ကို မြင်လိုက်ရသောအခါ ရွှမ်မုမြို့သူ မြို့သားများ အားလုံး လုံးဝ ကြောင်အမ်းသွားကြပြီး မျက်နှာများ တောင့်တင်းသွားကာ ဝိညာဉ်လွင့်နေသော ရုပ်သေးရုပ်များအလား ဖြစ်သွားကြတော့၏။

“ဝုန်း...”

နောက်ဆုံး လက်သီးတစ်ချက် အဝင်တွင်တော့ ကျန်းဝူဖုန်း၏ ခန္ဓာကိုယ်ကြီးမှာ အမြောက်ဆန်တစ်ခုအလား နောက်သို့ လွင့်စင်ထွက်သွားတော့သည်။

ဖုန်းဝူချန်၏ လက်သီးချက်ပေါင်း ဒါဇင်နှင့်ချီ၍ အကြိတ်ခံလိုက်ရသဖြင့် ကျန်းဝူဖုန်းမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်ပြီး ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။

ဖုန်းဝူချန်၏ ရှေ့မှောက်တွင်တော့ ထျန်းကျီဘုံ အဆင့် (၄) ဆိုသည်မှာ အသုံးမကျသော အမှိုက်တစ်စကဲ့သို့သာ ဖြစ်နေသည်။

“နောက်ထပ် ရှိသေးလား။ ရှိရင် ထွက်ခဲ့စမ်း”

ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများကို ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်ကာ ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများမှာ အကြောက်တရား၏ အထွတ်အထိပ်သို့ ရောက်နေကြပြီ ဖြစ်ရာ မည်သူကမျှ အသံမထွက်ရဲကြသလို လှုပ်ရှားရန် ဆိုလျှင်ကား ပြောစရာပင် မလိုတော့ချေ။

ကျန်းဝူဖုန်း ကိုယ်တိုင်တောင် ဤကဲ့သို့ အခြေအနေ ဆိုက်သွားရပြီဆိုတော့ ဘယ်သူကများ ကိုယ့်သေတွင်း ကိုယ်တူးဖို့ ပြေးဝင်ရဲပါမည်နည်း။

ယခု သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် အမြန်ဆုံး ရောက်လာပေးရန်သာ ဖြစ်တော့သည်။

“ဒီလိုဆိုမှတော့...ကျုပ်ကလည်း ညှာမနေတော့ဘူး။ ခင်ဗျားတို့ အသက်ရှင်ရတာ လုံလောက်နေပြီ ဆိုတော့... အခု သွားရမယ့်လမ်းကို သွားကြတော့”

ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်က ပြတ်သားစွာ ပြောလိုက်သည်။

စကားပြောနေစဉ်မှာပင် အရိုးခိုက်မတတ် အေးစက်နေသော လူသတ်ချင်စိတ်များက ဆူပွက်လာပြီး ပတ်ဝန်းကျင်သို့ ဖြာထွက်သွား၏။

ဖုန်းဝူချန်သည် သူ၏ လူသတ်ချင်စိတ်များကို တမင်တကာ ဖိနှိပ်ထားခြင်း မရှိသလို ပိုမို ပြင်းထန်လာအောင် လုပ်နေခြင်းလည်း မဟုတ်ချေ။ ဤ ကြမ်းတမ်း ရက်စက်မှုက သူ၏ သွေးကြောထဲတွင် အစကတည်းက စီးဆင်းနေခြင်းသာ ဖြစ်သည်။

ဤအရှိန်အဝါ တစ်ခုတည်းကပင် ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများကို အထိတ်တလန့် ဖြစ်သွားစေပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားကြတော့သည်။

“ခွေးကောင်လေး... အရမ်းကြီး လေမကျယ်စမ်းနဲ့။ ကောင်းကင်ဓားဂိုဏ်းချုပ် မရောက်လာသေးဘူးကွ”

ဆရာကြီးလီက လေးနက်သော လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။ သူ၏ အိုမင်းသော မျက်နှာမှာ အကြောက်တရားနှင့် ဒေါသတို့ကြောင့် သွေးဆုတ် ဖြူရော်နေ၏။

“ကောင်လေး... မင်းက တကယ်တော့ ဘယ်သူလဲကွ”

အပြင်းအထန် ဒဏ်ရာရနေသော ကျန်းဝူဖုန်းက အပေါ်သို့ မနည်း ပြန်လည် ပျံသန်းလာပြီး ဖုန်းဝူချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“သေတော့မယ့် လူတစ်ယောက်က သိခွင့်မရှိဘူး”

ဖုန်းဝူချန်က မောက်မာစွာဖြင့် ပြန်ဖြေလိုက်၏။

“မင်း...”

ကျန်းဝူဖုန်းမှာ ဒေါသပေါက်ကွဲသွားပြီး မေးရိုးများ တင်းမာနေအောင် အံကြိတ်ထားမိသည်။ သူသည် ဖုန်းဝူချန်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်လောက်အောင် ဖြစ်နေ၏။

“လေလုံးကတော့ ကြီးလှချည်လား”

ထိုအချိန်မှာပင် ဩဇာအာဏာ အပြည့်ပါသော အသံ တစ်သံက ကောင်းကင်ယံထက်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ ၎င်းနှင့်အတူ ခမ်းနား ကြီးကျယ်လှသော အရှိန်အဝါကြီး တစ်ခုက ရွှမ်မုမြို့ တစ်ခုလုံးကို လွှမ်းခြုံလာတော့၏။

“ကောင်းကင်ဓားဂိုဏ်းချုပ်ပဲ”

ထိုအာဏာပါသော အသံကို ကြားလိုက်ရသည်နှင့် ကုန်းမိသားစု ခေါင်းဆောင်၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ ချက်ချင်း ထင်ဟပ်လာသည်။

“ကောင်းကင်ဓားဂိုဏ်းချုပ် ရောက်လာပြီဟေ့။ ငါတို့ လွတ်ပြီ... ငါတို့ လွတ်ပြီကွ”

အခြား မိသားစု ခေါင်းဆောင်များ အားလုံး ဝမ်းသာလုံးဆို့ သွားကြပြီး ရွှမ်မုမြို့သူ မြို့သားများလည်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အဆုံးအစမရှိ အော်ဟစ်နေကြတော့သည်။

“ခွေးကောင်လေး... အခု ကောင်းကင်ဓားဂိုဏ်းချုပ် ရောက်လာပြီဆိုတော့ မင်း ဘယ်လို ဆက်ပြီး မောက်မာနေဦးမလဲ။ မင်း ဘယ်လိုသေမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်ကွ”

ဆရာကြီးလီက ချက်ချင်းပင် ဖုန်းဝူချန်ကို လက်ညိုးထိုးကာ သရော်လိုက်သည်။

“အိုး... ဟုတ်လား”

ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မတွေ့ရချေ။ သူက ဆရာကြီးလီကို မထီမဲ့မြင် တစ်ချက် လှမ်းကြည့်လိုက်သည်။

“ထျန်းကျီဘုံ အဆင့် (၆) တဲ့လား... ဝူကျိနယ်မြေရဲ့ အင်အားကြီး အဖွဲ့အစည်း တစ်ခုဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ”

ယီထျန်းချင်းက အားကျစွာဖြင့် ရေရွတ်လိုက်၏။

ရွှမ်မုမြို့၏ အထက် ဟင်းလင်းပြင်တွင် ပုံရိပ် အချို့ လျှပ်တစ်ပြက် ထွက်ပေါ်လာကြ၏။ သူတို့၏ အရှိန်အဝါများက အလွန်တရာ အစွမ်းထက်နေသည်။

ရောက်လာသူများမှာ အခြားသူများ မဟုတ်ပေ။ ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ကြီးမြတ်သော အကြီးအကဲ သုံးယောက်တို့ပင် ဖြစ်တော့၏။

..

အခန်း (၇၂၃) - မျှော်လင့်ချက် ကင်းမဲ့ခြင်းများ ကျရောက်လာပြီ

~“ကောင်းကင်ဓားဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ခင်ဗျာ”

ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ကြီးမြတ်သော အကြီးအကဲ သုံးယောက်တို့သည် ဟင်းလင်းပြင်ထက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေကြ၏။ ရွှမ်မုမြို့သူ မြို့သားများ အားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးလိုက်ကြသည်။

ဆရာကြီးလီနှင့် သခင်လေးကုန်း အပါအဝင် အခြားသူများကလည်း အလွန်တရာ ရိုသေလေးစားသော မျက်နှာထားများဖြင့် အနီးသို့ ပျံသန်းလာကြသည်။

“ကျွန်တော်တို့ကို ကူညီဖို့ ရောက်လာပေးတဲ့အတွက် ကောင်းကင်ဓားဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”

ကုန်းမိသားစု ခေါင်းဆောင်က လက်နှစ်ဖက် ဆုပ်ကာ ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ အခြားသူများကလည်း ဝိုင်းဝန်း ကျေးဇူးတင်လိုက်ကြ၏။

ကောင်းကင်ဓားဂိုဏ်းချုပ်က ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်၏။

“အားနာစရာ မလိုပါဘူးဗျာ”

“ကောင်းကင်ဓားဂိုဏ်းချုပ်... ဟိုခွေးကောင်လေးပဲ။ ပြီးတော့ ဟိုလူတွေလည်း အပါအဝင်ပဲ”

သခင်လေးကုန်းက ဖုန်းဝူချန်ကို လက်ညိုးထိုးပြကာ ပထမဆုံး ဒေါသတကြီး စွပ်စွဲလိုက်၏။

“ကောင်းကင်ဓားဂိုဏ်းချုပ်... ဒီခွေးမသားလေးက အရမ်းကို မောက်မာလွန်းတယ်။ သူ့ကို အမြန်ဆုံး နှိမ်နင်းပေးပါ”

ဆရာကြီးလီက ဒေါသတကြီးဖြင့် ကပျာကယာ လှမ်း၍ တောင်းဆိုလိုက်၏။

“ဟုတ်တယ် ကောင်းကင်ဓားဂိုဏ်းချုပ်။ ဒီကောင်လေးက သူ့ရဲ့ အစွမ်းထက်တဲ့ အင်အားကို အားကိုးပြီး ကျွန်တော်တို့ကို ဒဏ်ရာရအောင် လုပ်ရုံတင်မကဘူး... ကျွန်တော်တို့ အင်အားကြီး မိသားစု သုံးခုလုံးကိုပါ အမြစ်ပြတ် ခြေမှုန်းချင်နေတာ”

လျိုမိသားစု ခေါင်းဆောင်ကလည်း ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးယောက် ရောက်ရှိလာမှုကြောင့် သူတို့အားလုံး နောက်ခံအင်အား အခိုင်အမာ ရသွားသည့်အလား ခံစားလိုက်ရသည်။ ရင်ထဲတွင် ကြိတ်မှိတ် မျိုသိပ်ထားရသော ဒေါသများ အားလုံးကို အကုန်အစင် ဖောက်ထုတ်လိုက်ကြတော့၏။

“ကောင်းကင်ဓားဂိုဏ်းချုပ်က ထျန်းကျီဘုံ အဆင့် (၆) ကို ရောက်နေတာကွ။ အဲဒီ ကောင်လေးက ဂိုဏ်းချုပ်ကြီးကို နိုင်မယ်ဆိုတာ ငါ လုံးဝ မယုံဘူး”

“ဂိုဏ်းချုပ်ကြီးသာ ဝင်တိုက်ရင် အဲဒီ မောက်မာနေတဲ့ ခွေးမသားလေး သေချာပေါက် သေပြီပဲ။ သူသာ အသက်ရှင်နေသေးရင် ငါ့လျှာ ငါပြန်ကိုက်ဖြတ်ပြီး အသေခံလိုက်မယ်”

“စိတ်ချ... ဂိုဏ်းချုပ်ကြီးက အဲဒီ ကောင်လေးကို ဆက်ပြီး ရမ်းကားခွင့် ပေးထားမှာ မဟုတ်ဘူး”

“အဲဒီ ခွေးကောင်လေးသာ မသေရင်... ငါ့ဘာသာ ကြိုးဆွဲချ သေလိုက်မယ်”

လူအုပ်ကြီးမှာ အလွန်တရာ ဆူညံပွက်လောရိုက်သွားကြပြီး ဖုန်းဝူချန် သေရမည်ဟုသာ တစ်ထစ်ချ တပ်အပ် ပြောဆိုနေကြသည်။ ကောင်းကင်ဓားဂိုဏ်းချုပ်၏ ပြင်းလှသော စွမ်းအားကို အလွန်အမင်း ယုံကြည်နေကြသဖြင့် သူတို့၏ ကိုယ်ပိုင် အသက်များကိုပင် ပေါင်ကြေးထပ်ရဲသည်အထိ ဖြစ်နေကြသည်။

ကောင်းကင်ဓားဂိုဏ်းချုပ်က ကျန်းဝူဖုန်း၊ ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများကို အရင်ဆုံး တစ်ချက် လှမ်းကြည့်လိုက်၏။ သူတို့၏ ပြင်းထန်သော ဒဏ်ရာများကို မြင်လိုက်ရသောအခါ တိုက်ခိုက်သူ၏ စွမ်းအားကို တိတ်တဆိတ် အံ့အားသင့်သွားမိသည်။

သခင်လေးကုန်းသည် ကောင်းကင်ဓားဂိုဏ်းသို့ ကိုယ်တိုင် သွားရောက်ကာ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ရာ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ အနေဖြင့် ဖုန်းဝူချန်၏ ကျင့်ကြံခြင်းက ထျန်းကျီဘုံ အဆင့် (၁) တွင်သာ ရှိကြောင်းကို သေချာပေါက် ကြိုတင် သိရှိထားပြီး ဖြစ်သည်။

ထျန်းကျီဘုံ အဆင့် (၁) ဖြင့် ကုန်းမိသားစု ခေါင်းဆောင်တို့ကို အနိုင်ယူနိုင်ခြင်းက ထားလိုက်ပါတော့။ သို့သော် ထျန်းကျီဘုံ အဆင့် (၄) သို့ ရောက်ရှိနေသော ကျန်းဝူဖုန်း ကိုယ်တိုင် ဖုန်းဝူချန်၏ လက်ချက်ဖြင့် အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရသည် မဟုတ်ပါလော။ ယုံမှားဖွယ်မရှိ ဤကိစ္စက အတော်လေး ထူးဆန်းနေသည်။

သို့သော် ကောင်းကင်ဓားဂိုဏ်းချုပ်က သိချင်စိတ် ပြင်းပြစွာဖြင့် ဖုန်းဝူချန်ရှိရာသို့ လှည့်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏ တည်ငြိမ်နေသော မျက်နှာက မျက်တောင်တစ်ခတ်အတွင်း အကြီးအကျယ် ရှုံ့မဲ့သွားတော့သည်။ သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း နေရာတွင်ပင် ရုတ်တရက် ကျောက်ရုပ်ကြီးပမာ တောင့်တင်းခဲဝင်သွားတော့၏။

သူ၏ မျက်ဝန်းနက်များထဲတွင်လည်း အကြောက်တရားများ လျှပ်တစ်ပြက် ပြည့်နှက်သွားသည်။

တစ်ချက်မျှသာ လှမ်းကြည့်လိုက်ရုံဖြင့် ဂိုဏ်းချုပ်ကြီး၏ ဝိညာဉ်ခန္ဓာမှာ ပျော့ခွေသွားမတတ် အပြင်းအထန် တုန်လှုပ်သွားရသည်။

အကြီးအကဲ သုံးယောက်တို့မှာလည်း ဖုန်းဝူချန်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့၏ အိုမင်းသော မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြ၏။ မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသည့်အလား... မဟုတ်သေးပေ။ မိစ္ဆာထက်ပင် ပို၍ ကြောက်စရာကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည့်အလား အလွန်အမင်း လန့်ဖြန့်သွားကြသည်။

လင်းမိုယန်၏ ကြီးကျယ်ခမ်းနားလှသော မွေးနေ့ပွဲတွင် ဖြစ်ပျက်ခဲ့သည့် ပြင်းလှသော မြင်ကွင်းကြီးများက သူတို့၏ ခေါင်းထဲသို့ အထိန်းအကွပ်မရှိ ပြန်လည် လှိမ့်ဝင်လာကြတော့သည်။

“ကောင်းကင်ဓားဂိုဏ်းချုပ်... အကြီးအကဲ သုံးယောက်။ ခင်ဗျားတို့ အားလုံး ဘာဖြစ်သွားကြတာလဲ”

ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ ထိတ်လန့်နေမှုများကို သတိထားမိလိုက်သောအခါ ကျန်းဝူဖုန်း၏ နှလုံးသားထဲတွင် သိမ့်ခနဲ တုန်လှုပ်သွား၏။ သူ တစ်စုံတစ်ရာကို စတင် ရိပ်မိလာသော်လည်း လက်ခံရခက်နေဆဲဖြစ်သဖြင့် မနေနိုင်ဘဲ မေးလိုက်မိသည်။

ဆရာကြီးလီ၊ ကုန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများကလည်း အခြေအနေ မဟန်တော့မှန်း သတိထားမိလိုက်ကြသည်။ သူတို့၏ ရင်ခုန်သံများ ရပ်တန့်သွားမတတ် ဖြစ်သွားပြီး မျက်နှာပေါ်ရှိ ဝမ်းသာပီတိများလည်း အရိပ်အယောင်ပင် မကျန်တော့အောင် လွင့်စင်သွားကြ၏။ စိုးရိမ်စိတ်ကြောင့် သူတို့၏ အသည်းနှလုံးများ လည်ချောင်းဝသို့ ရောက်လာမတတ် ဖြစ်နေကြတော့၏။

ဆရာကြီးလီနှင့် အခြားသူများလည်း အမှန်တရားကို ရိပ်မိသွားကြပုံ ရသည်။ သူတို့၏ မျက်နှာများထက်တွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များက တဖြည်းဖြည်း ထင်ဟပ်လာကြ၏။

“ကောင်းကင်ဓားဂိုဏ်းချုပ်... အဲဒီ ခွေးကောင်လေးက တကယ်ကို မောက်မာလွန်းတယ်။ သူ့ကို အမြန်ဆုံး သတ်ပစ်လိုက်ပါ”

ဖုန်းဝူချန်ကိုသာ စိမ်းစိမ်းကြည့်ကာ ဒေါသထွက်နေသော ဟွမ်မိသားစု ခေါင်းဆောင်က ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ မျက်နှာပေါ်ရှိ အကြောက်တရားများကို လုံးဝ သတိမထားမိဘဲ အော်ဟစ်လိုက်၏။

“ဖြန်း...”

“ဖူး...”

ဟွမ်မိသားစု ခေါင်းဆောင်၏ စကားအဆုံးတွင်ပင် ကောင်းကင်ဓားဂိုဏ်းချုပ်၏ လက်ဝါးက ဟွမ်မိသားစု ခေါင်းဆောင်၏ ပါးပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။ ကျယ်လောင်ပြတ်သားသော ပါးရိုက်သံ ထွက်ပေါ်လာပြီးနောက် ဟွမ်မိသားစု ခေါင်းဆောင်မှာ သွေးများ ပန်းထုတ်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်ကြီးမှာ မီတာ (၁၀) ကျော် အဝေးသို့ လွင့်စင်ထွက်သွားပြီး ပါးစပ်ထဲမှ သွားနှစ်ချောင်းပင် ကျွတ်ထွက်သွားသည်။ အဖြစ်အပျက်က မျက်တောင် တစ်ခတ်မျှသာ ဖြစ်သွားသည်။

ကောင်းကင်ဓားဂိုဏ်းချုပ်၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကျန်းဝူဖုန်းနှင့် အခြားသူများအားလုံး ဝိညာဉ်လွင့်မတတ် ကြောက်ရွံ့သွားကြတော့သည်။

ဤအခိုက်အတန့်၌ ကျန်းဝူဖုန်းနှင့် ဆရာကြီးလီတို့သည် သူတို့၏ ခန့်မှန်းချက်များ မှန်ကန်နေပြီဖြစ်ကြောင်း အပြည့်အဝ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။

ဤပါးရိုက်ချက် တစ်ချက်က ဟွမ်မိသားစု ခေါင်းဆောင်ကို လုံးဝ ကြောင်အမ်းသွားစေခဲ့ပြီး ရွှမ်မုမြို့သူ မြို့သားများ အားလုံးကိုလည်း အကြီးအကျယ် လန့်ဖြန့်သွားစေခဲ့၏။

ဘာတွေ ဖြစ်နေတာလဲ။

ကောင်းကင်ဓားဂိုဏ်းချုပ်က ဘာဖြစ်လို့ ဟွမ်မိသားစု ခေါင်းဆောင်ကို ရိုက်ရတာလဲ။

ရွှမ်မုမြို့သူ မြို့သားများမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားကြသည်။ အခြေအနေကို နားမလည်နိုင်လောက်အောင် ဖြစ်နေကြပြီး သူတို့၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်နေလေ၏။ ရုတ်တရက် ငိုင်သွားကြသည်။

“ကောင်းကင်ဓားဂိုဏ်းချုပ်... ခင်ဗျား... ဘာလုပ်တာလဲ”

ကြောင်အမ်းနေသော ဟွမ်မိသားစု ခေါင်းဆောင်က ဒေါသကို ကြိတ်မှိတ် ထိန်းချုပ်ရင်း မေးလိုက်၏။

ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးယောက်က သူ့ကို အနည်းငယ်မျှ အာရုံမစိုက်ကြချေ။ သူတို့သည် အထိတ်တလန့်ဖြင့် ရှေ့သို့ လျှပ်တစ်ပြက် ပြေးထွက်သွားကြပြီး ဖုန်းဝူချန်၏ ရှေ့သို့ ရောက်ရှိသွားကြသည်။ ထို့နောက် ကျန်းဝူဖုန်း၊ ရွှမ်မုမြို့သူ မြို့သားများနှင့် အခြားသူများအားလုံး၏ အလွန်အမင်း ထိတ်လန့်နေသော အကြည့်များအောက်တွင်ပင် ဖုန်းဝူချန်ကို လက်နှစ်ဖက် ဆုပ်ကာ ကာ အလွန်တရာ ရိုသေကျိုးနွံစွာဖြင့် အရိုအသေ ပေးလိုက်ကြတော့သည်။

“ဆေးဧကရာဇ် အရှင်ကို ဂါရဝပြုပါတယ် ခင်ဗျာ”

ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးယောက်က ရိုသေစွာဖြင့် ပြိုင်တူ လွှတ်ခနဲ အော်ဟစ် နှုတ်ခွန်းဆက်လိုက်ကြသည်။

ထိုလေးယောက်၏ အလွန်တရာ ရိုသေကျိုးနွံနေသော ဟန်ပန်ကို မြင်လိုက်ရသောအခါ နေရာတွင် ရှိနေသူ အားလုံး လုံးဝ တအံ့တဩဖြစ်ကြောင်အမ်းသွားကြ၏။ သူတို့၏ ဝိညာဉ်သုံးပါးစလုံး ခန္ဓာကိုယ်ထဲမှ ထွက်ပြေးသွားလုမတတ်ပင် ခံစားလိုက်ကြရသည်။

“ဆေးဧကရာဇ် ဟုတ်လား”

ကျန်းဝူဖုန်းနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ ထိုဂုဏ်ပုဒ်ကို သူတို့ တစ်ခါမှ မကြားဖူးခဲ့သလို မည်သည့် အဓိပ္ပာယ်ကို ကိုယ်စားပြုမှန်းလည်း လုံးဝ နားမလည်ကြချေ။

“ဘာ... ဆေးဧကရာဇ်တဲ့လား”

သို့သော် ဆရာကြီးလီအတွက်ကတော့ လုံးဝ ကွဲပြားခြားနားနေသည်။ အဆင့် (၅) ဆေးပညာရှင် တစ်ယောက် အနေဖြင့် ဝင်္ကပါပင်လယ်နယ်မြေတွင် ကျင်းပခဲ့သော ဆေးပညာရှင်များ ညီလာခံသို့ ကိုယ်တိုင် သွားရောက် မတက်ရောက်ခဲ့ရသော်လည်း အခြား ဆေးပညာရှင်များထံမှတစ်ဆင့် ဆေးဧကရာဇ်၏ စွမ်းအားပြင်းလှသော နာမည်ဂုဏ်သတင်းကို သေချာပေါက် ကြားဖူးထားလေ၏။

ဆရာကြီးလီ၏ အလွန်တရာ ထိတ်လန့်ပြီး မယုံကြည်နိုင်သော အော်ဟစ်သံကို ကြားလိုက်ရသောအခါ ကျန်းဝူဖုန်း အပါအဝင် လူတိုင်းက သူ့ထံသို့ လှည့်ကြည့်လိုက်ကြသည်။

“သူ... သူက တကယ်ပဲ ဆေး... ဆေးဧကရာဇ်ပဲ”

ဆရာကြီးလီမှာ အကြောက်တရားဖြင့် တုန်ယင်နေ၏။ သူ၏ အိုမင်းသော မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းများ အပြည့် ဖုံးလွှမ်းသွားပြီး ငရဲပြည် အထပ် (၁၈) သို့ ရုတ်တရက် ကျဆင်းသွားသည့်အလား ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျသွားတော့သည်။

“ဆရာကြီးလီ... ဆေးဧကရာဇ် ဆိုတဲ့ အဆင့်အတန်းက တကယ်တော့ ဘာကြီးလဲ”

ကုန်းမိသားစု ခေါင်းဆောင်က စိတ်မရှည်စွာဖြင့် အပူတပြင်း လှမ်းမေးလိုက်၏။

ဆရာကြီးလီမှာ အလွန်အမင်း ထိတ်လန့်နေသဖြင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီး စကားတစ်ခွန်းမျှပင် မဟနိုင်တော့ချေ။

ဆရာကြီးလီက ဘာမှ ဝင်မပြောသဖြင့် ကျန်းဝူဖုန်းနှင့် အခြားသူများမှာ စိတ်ပျက်အားငယ်စွာဖြင့် ရူးသွပ်သွားမတတ် ဖြစ်နေကြတော့၏။

“ဆေးဧကရာဇ် အရှင်... အရှင် ရောက်နေမှန်း ကျွန်တော် မသိခဲ့ပါဘူး။ ကြီးလေးတဲ့ အမှားတစ်ခု ကျူးလွန်မိတဲ့အတွက် ဖွင့်ဟဝန်ခံပါတယ်။ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ် ခင်ဗျာ”

ကောင်းကင်ဓားဂိုဏ်းချုပ်က ထိတ်လန့်တကြားဖြင့် ကမန်းကတန်း တောင်းပန်လိုက်၏။ သူ၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် ရွှဲရွှဲစိုနေပြီး မခံမရပ်နိုင်အောင် ကြောက်ရွံ့နေ၏။

ဤအခိုက်အတန့်၌ ကောင်းကင်ဓားဂိုဏ်းချုပ်၏ နှလုံးသားထဲတွင် အကြောက်တရားများ အပြည့် ဖုံးလွှမ်းနေသော်လည်း သူ၏ ဒေါသများက ပို၍ပင် ကြီးမားနေသည်။ ကုန်းမိသားစုနှင့် သူတို့၏ မဟာမိတ်များ အားလုံးကို နေရာတွင်ပင် အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် သတ်ပစ်ချင်စိတ်များ ပေါက်ကွဲထွက်နေတော့၏။

အခြားသူများကို စော်ကားမိလျှင် အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်သေးသော်ငြား ဖုန်းဝူချန်ကို စော်ကားမိခြင်းကတော့ လုံးဝ စိတ်ကူး၍ပင် မရနိုင်သော ကိစ္စကြီး ဖြစ်သည်။

“ဆေးဧကရာဇ် အရှင်... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ခင်ဗျာ”

အကြီးအကဲ သုံးယောက်ကလည်း အကြောက်တရားများ အပြည့်ဖြင့် ငိုယိုကာ တောင်းပန်လိုက်ကြသည်။

ယခင်က သူတို့သည် နဂါးနတ်ဘုရား နန်းတော်ထံမှ အကူအညီ တောင်းခံခဲ့ဖူးသော်လည်း ဖုန်းဝူချန်က သဘောမတူခဲ့ချေ။ ထိုကိစ္စကြောင့် ကောင်းကင်ဓားဂိုဏ်းချုပ်၏ ရင်ထဲတွင် မကျေနပ်မှု အချို့ပင် ရှိနေခဲ့သော်ငြား ယခု ဖုန်းဝူချန်၏ ရှေ့မှောက်တွင်တော့ အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲတော့ပေ။

အထူးသဖြင့် ဖုန်းဝူချန်က နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်လိုက်ကြောင်း ကောင်းကင်ဓားဂိုဏ်းချုပ် ကြားသိထားပြီး ဖြစ်ရာ ဖုန်းဝူချန်ကို ပို၍ပင် မစော်ကားရဲတော့ချေ။

ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးယောက်တို့ အထိတ်တလန့် တောင်းပန်နေကြသည်ကို ကြည့်ကာ ရွှမ်မုမြို့သူ မြို့သားများမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။ ဖုန်းဝူချန် သေချာပေါက် သေရမည်ဟု ပေါင်ကြေးထပ်ခဲ့ကြသော ကျင့်ကြံသူများမှာ ယခုအခါ အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားကြတော့၏။

ဖုန်းဝူချန်က ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။

“မသိလို့ လုပ်မိတာဆိုတော့ အပြစ် မယူပါဘူး”

“ဆေးဧကရာဇ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်”

ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးယောက်တို့ နောက်ဆုံးမှသာ သက်ပြင်းချနိုင်သွားကြသည်။ အစပိုင်းက သူတို့သည် နောက်တစ်နေ့ နေထွက်လာသည်ကိုပင် မြင်ခွင့်ရတော့မည် မဟုတ်ဟု စိုးရိမ်နေခဲ့ကြပြီး ကောင်းကင်ဓားဂိုဏ်း တစ်ခုလုံးပါ အမြစ်ပြတ် သုတ်သင်ခံရမည်ကို အပြင်းအထန် ကြောက်ရွံ့နေခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ကောင်းကင်ဓားဂိုဏ်းချုပ်က ဆက်ပြောလိုက်သည်။

“ဆေးဧကရာဇ် အရှင်... အခြေအနေ အလုံးစုံကို ကျွန်တော် အကြမ်းဖျင်း နားလည်ပါပြီ။ စိတ်ချပါ ခင်ဗျာ... အရှင် ကျေနပ်လောက်တဲ့ ရှင်းလင်းချက်တစ်ခုကို ကျွန်တော် ပေးပါ့မယ်”

“ကောင်းပြီလေ”

ဖုန်းဝူချန်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး မငြင်းဆန်ခဲ့ချေ။

ကောင်းကင်ဓားဂိုဏ်းချုပ် နောက်သို့ ချာခနဲ လှည့်ထွက်လိုက်ချိန်တွင် သူ၏ မျက်နှာက ကြမ်းတမ်း ရက်စက်စွာ ရှုံ့မဲ့သွားပြီး ရေခဲတမျှ အေးစက်သော လူသတ်ချင်စိတ်များက ပတ်ဝန်းကျင် တစ်ခွင်သို့ ရိုက်ခတ်သွားတော့သည်။

“အသုံးမကျတဲ့ ခွေးကောင်တွေ... မင်းတို့ သေချင်ရင်လည်း အဝေးကြီးမှာ သွားသေကြ။ ငါ့ကို လာမဆွဲသွင်းနဲ့ကွ။ ဆေးဧကရာဇ်ကို စော်ကားမိပြီဆိုတော့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်ခွင့် ရမှာ မဟုတ်ဘူး”

ကောင်းကင်ဓားဂိုဏ်းချုပ်က ကျန်းဝူဖုန်းနှင့် အခြားသူများကို ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ ဆရာကြီးလီဆိုသည်ကို သူ အနည်းငယ်မျှပင် ဂရုမစိုက်တော့ချေ။

ဆရာကြီးလီက ဘာကောင်မို့လို့လဲ။ ဆေးဧကရာဇ်၏ ရှေ့မှောက်တွင် သူက အညတရ အမှိုက်တစ်စမျှသာ ဖြစ်သည်။

လူသတ်ချင်စိတ်များ အပြည့်ဖြင့် ကြမ်းတမ်း ရက်စက်နေသော ကောင်းကင်ဓားဂိုဏ်းချုပ်ကို မြင်လိုက်ရသောအခါ ကျန်းဝူဖုန်းနှင့် အခြားသူများ၏ ရင်ထဲတွင် မျှော်လင့်ချက်များ လုံးဝ ကင်းမဲ့သွားကြတော့၏။

All Chapters