အခန်း (၇၂၄-၇၂၆)
Vol. 49 Ch. 724-726
အခန်း (၇၂၄) - ခွန်လွန်တောင်ကြားသို့ သွားခြင်း
~ကောင်းကင်ဓားဂိုဏ်းချုပ်သည် ဖုန်းဝူချန်၏ အကြောင်းကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
ဖုန်းဝူချန်ကို စော်ကားမိသူများအတွက် လျှောက်လှမ်းစရာ တစ်လမ်းတည်းသာ ရှိ၏။ ထိုလမ်းသည်ကား သေလမ်းပင် ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဓားဂိုဏ်းချုပ်သည် ကုန်းမိသားစု ခေါင်းဆောင်တို့နှင့် ယခင်ကတည်းက ခင်မင်ရင်းနှီးမှု အချို့ ရှိထားသည့်တိုင်အောင် အနည်းငယ်မျှ ညှာတာထောက်ထားမည် မဟုတ်ပေ။ ဤအခိုက်အတန့်၌ သူ၏ ခေါင်းထဲတွင် အခြားအရာများကို တွေးတောနေရန် အချိန်မရှိတော့ချေ။
“ဝှစ်...”
“ဖူး...”
ကောင်းကင်ဓားဂိုဏ်းချုပ်၏ တိုက်ခိုက်မှုက အနည်းငယ်မျှ ညှာတာမှု ကင်းမဲ့နေသည်။ ဟွမ်မိသားစု ခေါင်းဆောင်၏ ရင်ဘတ်ကို မျက်တောင်တစ်ခတ်အတွင်း ဖောက်ထွင်းသွားပြီး နေရာတွင်ပင် ရက်စက်စွာ အဆုံးစီရင်ပစ်လိုက်လေ၏။
“သေစမ်း”
ကောင်းကင်ဓားဂိုဏ်းချုပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ ပုံရိပ်က ဟင်းလင်းပြင်ထဲတွင် လျှပ်တစ်ပြက် ဆက်တိုက် ကူးပြောင်းသွားသည်။
“ဖူး... ဖူး... ဖူး...”
ကောင်းကင်ဓားဂိုဏ်းချုပ်က ပြင်းလှသော အမြန်နှုန်းဖြင့် ဆက်တိုက် တိုက်ခိုက်နေ၏။ အမြန်နှုန်းက လျင်မြန်လွန်းလှရာ ကျင့်ကြံခြင်း အဆင့်နိမ့်သူများ အနေဖြင့် သူ၏ ပုံရိပ်ကိုပင် မမြင်လိုက်ရချေ။ သို့သော် သွေးအိုင်ထဲတွင် လဲကျသွားသော ရုပ်အလောင်းများကိုတော့ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ကျူး၊ ဝူ၊ လျို စသည့် မိသားစု ခေါင်းဆောင်များ အားလုံး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရတော့၏။
“ကောင်းကင်ဓားဂိုဏ်းချုပ်... ကျွန်တော့်ကို ချမ်းသာပေးပါ”
ကုန်းမိသားစု ခေါင်းဆောင်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ငိုယို တောင်းပန်လိုက်၏။
“ဟွန့်... မင်းတို့ကောင်တွေ ဆေးဧကရာဇ်ကို စော်ကားမိလို့ ငါပါ သေရမလို ဖြစ်သွားခဲ့တာကို... အခု အသက်ရှင်ချင်သေးတယ်ပေါ့လေ”
ကောင်းကင်ဓားဂိုဏ်းချုပ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး အနည်းငယ်မျှ ညှာတာခြင်း မရှိတော့ချေ။
“ဖူး...”
သူ၏ ပုံရိပ်က ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားပြီး ကုန်းမိသားစု ခေါင်းဆောင်၏ ဦးခေါင်းတည့်တည့်သို့ သူ၏ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။ ပြင်းလှသော စွမ်းအားများကြောင့် ကုန်းမိသားစု ခေါင်းဆောင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့၏။
မိသားစု ခေါင်းဆောင်များ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်ကို ကြည့်ကာ အခြား အကြီးအကဲများမှာ ကြောက်လွန်းသဖြင့် အသက်ရှူသံပင် မထွက်ရဲကြတော့ချေ။
ရွှမ်မုမြို့ တစ်ခုလုံး အကြီးအကျယ် ကမောက်ကမ ဖြစ်သွားတော့၏။ လူအများအပြားမှာ ကြောက်လွန်းသဖြင့် မျက်ရည်များ၊ နှပ်များ ရောယှက်ကာ ငိုယိုနေကြပြီး သတ္တိနည်းသူ အချို့ဆိုလျှင် ပြဿနာထဲ ပါသွားမည်ကို စိုးရိမ်သဖြင့် မြို့ထဲမှပင် ထွက်ပြေးသွားကြတော့သည်။
“ကောင်းကင်ဓားဂိုဏ်းချုပ်... ကျွန်တော်က အဆင့် (၅)...”
ဆရာကြီးလီက သူ့ထံသို့ ဒေါသတကြီး ပြေးဝင်လာသော ကောင်းကင်ဓားဂိုဏ်းချုပ်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သို့သော် ကံဆိုးစွာဖြင့် သူ၏ စကားများ ဆုံးခန်းတိုင်အောင် မပြောလိုက်ရဘဲ ဤဘဝတွင် နောက်ထပ် စကားပြောခွင့် လုံးဝ မရတော့ချေ။
“ဝုန်း...”
ကောင်းကင်ဓားဂိုဏ်းချုပ်၏ လက်ဝါးရိုက်ချက်က ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျရောက်လာပြီး ဆရာကြီးလီ၏ ခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားတော့သည်။
“မင်းလည်း သေရမယ်”
ကောင်းကင်ဓားဂိုဏ်းချုပ်၏ ရက်စက်သော အကြည့်များက ကျန်းဝူဖုန်းထံသို့ ရောက်ရှိသွားပြီး ဒေါသတကြီး အော်ဟစ်ကာ ရူးသွပ်စွာ ပြေးဝင်သွားလေ၏။
“အစစ်အမှန်ယွမ် အကာအကွယ်”
အလွန်အမင်း ထိတ်လန့်နေသော ကျန်းဝူဖုန်းက အပူတပြင်း အော်ဟစ်လိုက်ပြီး စွမ်းအင် အကာအကွယ် တစ်ခုကို ဖန်တီးရန် သူ၏ အစွမ်းကုန် ကြိုးစားလိုက်၏။
ကျန်းဝူဖုန်းသည် အပြင်းအထန် ဒဏ်ရာရထားပြီ ဖြစ်ရာ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ကောင်းကင်ဓားဂိုဏ်းချုပ်ကို ယှဉ်နိုင်စွမ်း မရှိချေ။
“ဝုန်း...”
“ဒက်...”
“ဖူး...”
လက်ဝါး တစ်ချက်တည်းနှင့် စွမ်းအင် အကာအကွယ်ကြီး ပြိုကွဲပျက်စီးသွားပြီး ကျန်းဝူဖုန်းမှာ သွေးများ ပန်းထုတ်ကာ နောက်သို့ လွင့်စင်ထွက်သွားတော့သည်။ ထိတ်လန့်ဖွယ် စွမ်းအားများက သူ၏ ကိုယ်တွင်း အင်္ဂါများကို အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးပစ်လိုက်ရာ နေရာတွင်ပင် သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
စက္ကန့်သုံးဆယ်ပင် မပြည့်လိုက်ချေ။ ကျန်းဝူဖုန်းနှင့် အခြားသော အစွမ်းထက် ပညာရှင်များ အားလုံး ကောင်းကင်ဓားဂိုဏ်းချုပ်၏ လက်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရတော့၏။
သူတို့ အကူအညီ လှမ်းတောင်းခဲ့သော သူများက သူတို့ကို ကယ်တင်ပေးမည့်အစား ရက်စက်စွာ ပြန်လည် သတ်ဖြတ်သွားလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မတွေးထားခဲ့မိချေ။ သို့သော် နောင်တရရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ဓားဂိုဏ်းချုပ်၏ လုပ်ရပ်က ရက်စက်လွန်းသော်လည်း နေရာတွင် ရှိနေသူတိုင်းက သူ ဘာကြောင့် ဤသို့ လုပ်ရသည်ကို နားလည်နိုင်ကြသည်။
“ဆေးဧကရာဇ် အရှင်... သူတို့ အားလုံးကို ကျွန်တော် ရှင်းလင်းပြီးပါပြီ”
ကောင်းကင်ဓားဂိုဏ်းချုပ်က ဖုန်းဝူချန်၏ ရှေ့သို့ လျှပ်တစ်ပြက် ပြန်လည် ရောက်ရှိလာပြီး အလွန်တရာ ရိုသေကျိုးနွံသော ဟန်ပန်ဖြင့် အစီရင်ခံလိုက်၏။
ဖုန်းဝူချန်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်၏။
“ကောင်းကင်ဓားဂိုဏ်းရဲ့ ကိစ္စတွေ ဘယ်လိုနေလဲ”
ကောင်းကင်ဓားဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် အားကိုးရာမဲ့သည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး အားမလိုအားမရ ပြုံးကာ ဖြေလိုက်သည်။
“အဆင့် (၇) ဆေးပညာရှင် ရှီအန်းကို စော်ကားမိထားတော့ သူက ဘယ်လိုလုပ် အလွတ်ပေးမှာလဲ။ မကြာသေးခင်ကမှ ကောင်းကင်ဓားဂိုဏ်းကို တိုက်ခိုက်ဖို့ ပညာရှင်တွေကို လွှတ်လိုက်သေးတယ်။ ကြည့်ရတာ သူက ကျွန်တော်တို့ ဂိုဏ်းကို ဖြည်းဖြည်းချင်း နှိပ်စက်ချင်နေတဲ့ပုံပဲ”
“ရှီအန်းက အဆင့် (၇) ဆေးပညာရှင် တစ်ယောက် ဖြစ်နေတော့ အစွမ်းထက် ပညာရှင် တော်တော်များများနဲ့ အသိအကျွမ်းတွေ ရှိနေတယ်။ ကောင်းကင်ဓားဂိုဏ်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာ ကျွန်တော်တောင် မသိတော့ပါဘူး။ ဒါကြောင့် ဆေးဧကရာဇ် အရှင်က ကူညီဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။ ဒီရန်ငြိုးကို ပြေလည်အောင် ဖြေရှင်းပေးရင် ရပါပြီ”
ကောင်းကင်ဓားဂိုဏ်းချုပ်က တောင်းပန်လိုက်၏။ ဤသည်မှာ ရှားပါးသော အခွင့်အရေး တစ်ခုဖြစ်ရာ သူ သေချာပေါက် လက်လွတ်ခံမည် မဟုတ်ချေ။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ကောင်းကင်ဓားဂိုဏ်းချုပ်ထံသို့ ကမ်းပေးလိုက်ပြီး ခပ်ဟဟ ပြုံးရင်း ပြောလိုက်၏။
“ဒီ ကျန်းမိသားစုရဲ့ ကျောက်စိမ်းပြားကို ယူသွားပြီး သူ့ကို သွားရှာလိုက်ပါ။ ပြေလည်သွားရင် ကျောက်စိမ်းပြားကို လူကြုံနဲ့ ပြန်ပေးလိုက်”
“ကျန်းမိသားစုရဲ့ ကျောက်စိမ်းပြား ဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ ကောင်းကင်ဓားဂိုဏ်းချုပ်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုများ အပြည့် ဖုံးလွှမ်းသွားတော့သည်။
“ဆေးဧကရာဇ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ... အရမ်းကို ကျေးဇူးတင်ပါတယ်”
ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးယောက်တို့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသံများပင် တုန်ယင်နေပြီး အထပ်ထပ် ကျေးဇူးတင်စကား ဆိုနေကြသည်။
“ခင်ဗျားတို့ ရောက်လာတာနဲ့ အတော်ပဲ... နေရာ နည်းနည်း ရွှေ့ကြတာပေါ့။ ကျွန်တော် သိချင်နေတဲ့ မေးခွန်းတချို့ ရှိလို့ ခင်ဗျားတို့ကို မေးရဦးမယ်”
ဖုန်းဝူချန်က ခပ်အေးအေးပင် ပြောလိုက်၏။
“ဆေးဧကရာဇ်က ခွန်လွန်တောင်ကြား အကြောင်း သိချင်လို့လား”
ကောင်းကင်ဓားဂိုဏ်းချုပ်သည် ဖုန်းဝူချန် ဝူကျိနယ်မြေသို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို သခင်လေးကုန်းထံမှ ကြားသိထားပြီး ဖြစ်သည်။
ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်ရာ ကောင်းကင်ဓားဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။
“ကောင်းကင်ဓားဂိုဏ်းကို ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ဂိုဏ်းထဲမှာ ခွန်လွန်တောင်ကြား အကြောင်း မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်း စာအုပ်တစ်အုပ် ရှိပါတယ်”
ဖုန်းဝူချန်က သဘောတူလိုက်ရာ ကောင်းကင်ဓားဂိုဏ်းချုပ်မှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
သို့သော် ထိုအချိန်မှာပင် လျိုချင်းယန်နှင့် သူ၏ အဖွဲ့ ရောက်ရှိလာရာ ကောင်းကင်ဓားဂိုဏ်းချုပ်၏ မျက်နှာထား နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်၏။
“သခင်လေးကျန်းပါလား”
ကောင်းကင်ဓားဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးယောက်တို့ အလွန်တရာ အံ့အားသင့်သွားကြသည်။ ထိုအခါမှသာ ကျန်းကျွင့်လန် ပါလာကြောင်းကို သူတို့ သတိထားမိသွားကြခြင်း ဖြစ်သည်။
“ကောင်းကင်ဓားဂိုဏ်းချုပ်... ခွန်လွန်တောင်ကြား အကြောင်း ခင်ဗျား သိထားသမျှ အကုန် ပြောပြပါ”
ကျန်းကျွင့်လန်က အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ကောင်းကင်ဓားဂိုဏ်းချုပ်က ရိုသေစွာ ပြန်ဖြေလိုက်သည်။
*
ကောင်းကင်ဓားဂိုဏ်းသို့ သွားရာလမ်း တစ်လျှောက်တွင် ဂိုဏ်းချုပ်က ဖုန်းဝူချန်တို့ကို သူသိထားသမျှ အားလုံး ပြောပြခဲ့ပါ၏။
ဂိုဏ်းသို့ ရောက်ရှိသည်နှင့် ဂိုဏ်းချုပ်က ရှေးဟောင်း စာအုပ်များကို ချက်ချင်း သွားယူကာ ဖုန်းဝူချန်အား ဖတ်ရှုစေသည်။
“ဆေးဧကရာဇ်... ခွန်လွန်တောင်ကြားကို သွားမယ့် ဆေးဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် မသိပေမယ့်... ရှေးဟောင်း စာအုပ်တွေထဲမှာတော့ ခွန်လွန်တောင်ကြားက ပျောက်ကွယ်သွားတာ ကြာပြီလို့ မှတ်တမ်းတင်ထားတယ်။ ဝူကျိနယ်မြေက လူတိုင်း အဲဒီနေရာဟာ လူသူကင်းမဲ့ပြီး သဲကန္တာရ တစ်ခုလို ဖြစ်နေပြီ ဆိုတာ သိကြတယ်”
ကောင်းကင်ဓားဂိုဏ်းချုပ်က ရှင်းပြလိုက်၏။
ရှေးဟောင်း စာအုပ်များထဲရှိ မှတ်တမ်းများနှင့် ဂိုဏ်းချုပ်၏ စကားများမှာ မိစ္ဆာနဂါးနတ်ဘုရားထံမှ ဖုန်းဝူချန် ကြားသိခဲ့ရသော အချက်အလက်များနှင့် အတိအကျပင် တူညီနေသည်။
ခွန်လွန်တောင်ကြားသည် သမိုင်းကြောင်း၏ မြစ်ရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ရှေးဟောင်း စာအုပ်များတွင် မှတ်တမ်းတင်ထားသော အချက်အလက်များက အလွန် နည်းပါးလှရာ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများအတွက် သဲလွန်စ သိပ်မရှိလှချေ။
ကောင်းကင်ဓားဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်တို့ အဖွဲ့သည် ခွန်လွန်တောင်ကြားရှိရာသို့ အလျင်စလို ခရီးဆက်ခဲ့ကြသည်။
ခွန်လွန်တောင်ကြားသည် ဝူကျိနယ်မြေ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အတော်လေး အလှမ်းဝေးသော နေရာတစ်ခု ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဖုန်းဝူချန်တို့ အဖွဲ့၏ စွမ်းအားများက မြင့်မားနေပြီ ဖြစ်ရာ ခရီးသွားရန် အချိန်များစွာ ပေးစရာ မလိုတော့ချေ။
ခွန်လွန်တောင်ကြား... ။
ဤနေရာသည် အဆုံးအစမဲ့ ကျယ်ပြောလှသော တောင်တန်းကြီး တစ်ခု ဖြစ်သော်ငြား အသက်ဓာတ် ကင်းမဲ့နေသော တောင်တန်းကြီး တစ်ခုသာ ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် လွင်တီးခေါင် ဖြစ်ပြီး အထီးကျန် ဆန်လွန်းလှကြောင်း သိသာလှ၏။
ဤနေရာတွင် ဘာမှ မရှိချေ။ သေခြင်းတရားကဲ့သို့ တိတ်ဆိတ် ငြိမ်သက်မှုများသာ ကြီးစိုးနေသည်။
“အစ်ကိုဖုန်း... ရှေးဟောင်း စာအုပ်တွေထဲမှာတော့ ခွန်လွန်တောင်ကြားက အရင်တုန်းက အခုလို လွင်တီးခေါင်ကြီး မဟုတ်ဘူးလို့ မှတ်တမ်းတင်ထားတယ်။ ဘာကြောင့် ဒီလို ပျောက်ကွယ်သွားရလဲ ဆိုတာကိုတော့ မသိရပေမယ့်... ရှေးဦး ကမ္ဘာဦး စွမ်းအားတွေနဲ့တော့ ပတ်သက်နေလောက်တယ်”
လျိုချင်းယန်က ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်ရင်း ခန့်မှန်း ပြောဆိုလိုက်၏။
“အသက်ဓာတ် အရိပ်အယောင်လေး တစ်ခုတောင် မရှိဘူး။ သေခြင်းတရား လိုပဲ တိတ်ဆိတ်နေတယ်။ ပြီးတော့ ဝိညာဉ်စွမ်းအင်ကလည်း အရမ်းကို ပါးလွှာလွန်းတယ်။ ကျွန်တော်တို့ ဘာကိုမှ အာရုံခံလို့ မရဘူး... ဒီနေရာက တကယ်ကို မရှိတော့တဲ့ အတိုင်းပဲ”
ကျန်းကျွင့်လန်က ခေါင်းကို ခပ်ဖွဖွ ယမ်းရင်း တီးတိုးရေရွတ်လိုက်သည်။
ထိုအခါ၊ ဖုန်းဝူချန်က ပြန်ပြောလိုက်သည်။
“ငါသိထားသလောက်ကတော့... အရင်တုန်းက ခွန်လွန်တောင်ကြားမှာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး လုံးဝ ပျက်စီးသွားခဲ့တာတဲ့။ အဲဒီအချိန်တုန်းက ခွန်လွန်တောင်ကြားဟာ ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေပြီး ကျင့်ကြံဖို့အတွက် သန့်စင်တဲ့ နေရာတစ်ခု ဖြစ်ခဲ့တာ။ နတ်ပြည်လို နေရာမျိုးပေါ့”
“စစ်ပွဲကြီး တစ်ခု ဟုတ်လား”
ပေတိုယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်၏။
“စစ်ပွဲကြီးတစ်ခု ဖြစ်ခဲ့တယ် ဆိုရင်တောင်... နှစ်တွေ ဒီလောက် ကြာသွားပြီးမှတော့ ခွန်လွန်တောင်ကြားက ဒီလိုပုံစံကြီး ဖြစ်သွားဖို့ မဖြစ်နိုင်ဘူး မဟုတ်လား”
“ငါတို့ ခွဲပြီး လိုက်ရှာကြည့်ရအောင်။ ဒီနေရာက တစ်ခုခုတော့ ထူးဆန်းနေတယ်။ သတိထားကြဦးနော်”
ဖုန်းဝူချန်က လေးနက်စွာ သတိပေးလိုက်၏။ တစ်ချိန်တည်းမှာပင် ဖျက်ဆီးခြင်း စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ထိုရှေးဦး ကမ္ဘာဦး စွမ်းအားကို အသုံးပြုကာ အခြား ရှေးဦး စွမ်းအားများ၏ တည်ရှိမှုကို အာရုံခံနိုင်ရန် ကြိုးစားလိုက်တော့သည်။
လူအုပ်ကြီး လူစုခွဲလိုက်ကြပြီး ခွန်လွန်တောင်ကြား အတွင်းသို့ ဝင်ရောက်သွားကြသည်။
ခွန်လွန်တောင်ကြား တစ်ခုလုံး သေခြင်းတရားကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေပြီး ငရဲပြည် ကိုယ်တိုင် ရောက်နေသည့်အလား ထင်မှတ်ရ၏။ ဤနေရာသို့ ခြေချလိုက်သည်နှင့် အလွန်တရာ နေရထိုင်ရ ခက်လာပြီး သေခြင်းတရား၏ အရိပ်အယောင်များက အချိန်တိုင်း လွှမ်းခြုံထားသည့်အလား ခံစားရကာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေတော့သည်။
“ဝူမီးတောက်က ရှေးဦး ကမ္ဘာဦး စွမ်းအားတွေရဲ့ တည်ရှိမှုကို အာရုံခံနိုင်စွမ်း ရှိတယ်။ ခွန်လွန်တောင်ကြားရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝအရ ဆိုရင် ဒီနေရာမှာ ရှေးဦး စွမ်းအားတွေ တကယ်ပဲ ရှိနေနိုင်တယ်”
ဖုန်းဝူချန်က စိတ်ထဲမှ ခန့်မှန်းတွေးတောနေမိသည်။
သို့သော် ဖုန်းဝူချန် စိတ်ပျက်သွားရသည်မှာ ဖျက်ဆီးခြင်း စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်ထားသည့်တိုင်အောင် မည်သည့်အရာကိုမျှ အာရုံမခံနိုင်သေးခြင်းပင် ဖြစ်သည်။
ဤနေရာတွင် ရှေးဦး ကမ္ဘာဦး စွမ်းအားများ တကယ် ရှိမရှိ ဆိုသည်မှာ ယခုတိုင် အဖြေမထွက်သေးသော မေးခွန်းတစ်ခုသာ ဖြစ်နေပါတော့၏။
အခန်း (၇၂၅) - ထူးဆန်းသော အဖြစ်အပျက်
~ခွန်လွန်တောင်ကြား... ငှက်များပင် အနားမသီချင်လောက်အောင် ခြောက်ကပ်နေသော နေရာတစ်ခု။ သစ်ပင် သစ်ရွက် တစ်ပင်တစ်ရွက်မျှပင် မရှိချေ။ ယနေ့တွင်မူ ဤစွန့်ပစ်ခံ မြေကွက်လပ်ကြီးက ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများကို ကြိုဆိုနေသည်။
သူတို့သည် ပတ်ဝန်းကျင်ကို လေ့လာရန် အရပ်မျက်နှာ အသီးသီးသို့ လူစုခွဲလိုက်ကြ၏။ သို့သော် လွင်တီးခေါင်ဖြစ်ပြီး သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည့် အရာများမှလွဲ၍ ဘာကိုမျှ မတွေ့ရှိခဲ့ကြပေ။
“ဘာမှ မတွေ့ဘူးဗျာ”
လျိုချင်းယန်နှင့် မြောင်ချင်းချင်းက ပြိုင်တူ ခေါင်းယမ်းရင်း ပြောလိုက်ကြသည်။
“နန်းတော်သခင်... ဒီဘက်မှာလည်း ဘာမှ မရှိပါဘူး”
ပေတိုယန်ကလည်း ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်၏။
“အသက်ဓာတ် အရိပ်အယောင်လေး တစ်ခုတောင် မရှိတဲ့ ဒီသေခြင်းတရား မြေပြင်ကြီးကို လာရတာက ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ”
ကျန်းကျွင့်လန်က ညည်းတွားလိုက်သည်။ သူလည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။
ဖုန်းဝူချန်ကလည်း ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။
“ငါလည်း ဘာမှ ရှာမတွေ့ဘူး”
ဖျက်ဆီးခြင်း စွမ်းအားများကို အသုံးပြုကာ ရှာဖွေခဲ့သော်လည်း ဖုန်းဝူချန် အနေဖြင့် လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။
“နန်းတော်သခင်... ကျွန်တော်တို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားရမယ် ထင်တယ်”
ယီထျန်းချင်းက အကြံပြုလိုက်၏။
“ဒီတစ်နည်းပဲ ရှိတော့တယ်”
ဖုန်းဝူချန်က ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ တခြား ရွေးချယ်စရာ လမ်းမရှိတော့ချေ။
ရှေးဦး ကမ္ဘာဦး စွမ်းအားအတွက်ဆိုလျှင် ခွန်လွန်တောင်ကြားက ငရဲပြည် ကိုယ်တိုင် ဖြစ်နေပါစေဦး... ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများက ယနေ့ ဒီနေရာကို မဖြစ်မနေ ဖြတ်ကျော်သွားမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ဝုန်း...”
တောင်ကြား အတွင်းပိုင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ဖုန်းဝူချန်က ဝူမီးတောက်ကို လှုံ့ဆော်လိုက်ပြီး ရှေးဦး ကမ္ဘာဦး စွမ်းအားကို လမ်းတစ်လျှောက်လုံး အာရုံခံကြည့်နေသည်။
တောင်ကြားထဲသို့ ပို၍ ဝင်ရောက်လာလေလေ သေခြင်းတရား၏ အငွေ့အသက်များက ပိုမို လေးလံလာလေလေ ဖြစ်ပြီး မရဏကမ္ဘာသို့ သွားရာ လမ်းပေါ်တွင် လျှောက်လှမ်းနေရသည့်အလား ခံစားနေကြရ၏။
ကောင်းကင်ယံက တဖြည်းဖြည်း မည်းမှောင်လာသည်နှင့်အမျှ ခွန်လွန်တောင်ကြားကြီးက ပိုမို ကြောက်စရာကောင်းလာသည်။ သေခြင်းတရားများ လွှမ်းခြုံထားပြီး ကျောချမ်းဖွယ်ရာ ထူးဆန်းနေကာ ငရဲပြည်ထက်ပင် ပို၍ ပြင်းလှသော ကောင်းနေတော့၏။
အနည်းဆုံးတော့ ငရဲပြည်မှာဆိုလျှင် အဖြူနှင့် အမည်း သေမင်းတမန်များ၊ လမ်းပျောက်နေသော ဝိညာဉ်များနှင့် အရိုင်းတစ္ဆေများကို မြင်တွေ့နိုင်သေးသည်။ သို့သော် ဤနေရာတွင်တော့ ဘာဆိုဘာမျှ မရှိချေ။
ဖုန်းဝူချန်၏ ဝူမီးတောက်သာ မရှိခဲ့ပါက လျိုချင်းယန်နှင့် အခြားသူများ အနေဖြင့် ရှေ့ဆက်ရန် အလွန်တရာ နေရထိုင်ရ ခက်ခဲနေမည်မှာ အသေအချာပင် ဖြစ်သည်။
“အစ်ကိုဖုန်း... တစ်ယောက်ယောက်က ကျွန်တော်တို့ စောင့်ကြည့်နေသလို ခံစားရလို့ပါလား”
လျိုချင်းယန်က အသံကို နှိမ့်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးလိုက်၏။
“အစ်ကိုလျို... ပေါက်ကရတွေ လျှောက်မပြောပါနဲ့ရှင်”
မြောင်ချင်းချင်းက ကြောက်ကြောက်လန့်လန့်နှင့်.. ဝင်ပြောလိုက်၏။
“မပြောနဲ့တော့... ငါလည်း အဲဒီလိုပဲ ခံစားနေရတယ်”
နန်းကုန်းကျန့်က လေးနက်သော လေသံဖြင့် ထောက်ခံလိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်နေသည်။
ယဲ့ထျန်းဝေကလည်း တိုးညှင်းစွာ ရေရွတ်လိုက်၏။
“အရပ်မျက်နှာ အားလုံးကနေ ငါတို့ကို စောင့်ကြည့်နေသလိုမျိုးပဲ။ ဒါပေမဲ့ သူတို့ကိုကျတော့ မြင်ရတာလည်း မဟုတ်ဘူး။ တကယ်ကို ထူးဆန်းတဲ့ ခံစားချက်ပဲ... ဒါက စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာများလား”
သူတို့ တစ်တွေတည်းသာ မဟုတ်ပေ။ ဖုန်းဝူချန် ကိုယ်တိုင်လည်း ဤထူးဆန်းပြီး ကျောချမ်းဖွယ်ကောင်းသော ခံစားချက်ကို ရရှိနေသည်။
“အားလုံးပဲ သတိထားကြ။ ယဲ့ထျန်းဝေ... အနောက်ဘက်ကို သေချာ ကြည့်ထား။ ပေတိုယန်နဲ့ ယီထျန်းချင်းက ဘေးဘက်တွေကို ဂရုစိုက်”
ဖုန်းဝူချန်က လေးနက်တည်ကြည်စွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
လူအုပ်ကြီးက ရိုသေစွာ ခေါင်းညိတ်လိုက်ကြ၏။
ဤအခိုက်အတန့်၌ လေထုက စတင် တင်းမာလာပြီး ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ၏ မျက်နှာထားများမှာ အလွန်တရာ မှုန်ကုပ် လေးနက်နေကြသည်။
ခွန်လွန်တောင်ကြား၏ အတွင်းပိုင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာလေလေ သေခြင်းတရား၏ အငွေ့အသက်များက ပို၍ လေးလံလာပြီး ဝိညာဉ်စွမ်းအင်များကို လုံးဝ အာရုံခံ၍ မရတော့ရာ သူတို့၏ စိုးရိမ်ပူပန်မှုများက ပိုမို ပြင်းထန်လာသည်။
ကောင်းကင်ယံက တဖြည်းဖြည်း မည်းမှောင်လာပြီး ခွန်လွန်တောင်ကြားကြီးကို အမိုက်မှောင်များ ဖုံးလွှမ်းသွားရာ ပိုမို လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားပြင်းသော အသွင်ကို ဆောင်လာတော့၏။
သေချာသည်က ဤအရာအားလုံးသည် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များသာ ဖြစ်နိုင်သည်။ ခွန်လွန်တောင်ကြားတွင် မည်သည့် အန္တရာယ်မှ မရှိဘဲ သေခြင်းတရား၏ အငွေ့အသက်များ ရှိနေခြင်းကြောင့်သာ ဤကဲ့သို့ နေရထိုင်ရ ခက်သော ခံစားချက်များ ဖြစ်ပေါ်လာခြင်းလည်း ဖြစ်နိုင်လေ၏။
“ထူးဆန်းတယ်... ဒီလောက်ထိ ဝင်လာတာတောင်မှ ဝူမီးတောက်က ရှေးဦး ကမ္ဘာဦး စွမ်းအားရဲ့ တည်ရှိမှုကို အာရုံမခံနိုင်သေးဘူး”
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ အလွန်တရာ စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်သည်။
“အစ်ကိုဖုန်း... ကြည့်ရတာ ဝူမီးတောက်က အစ်ကိုကို လိမ်လိုက်တာ ထင်တယ်။ ဒီနေရာကနေ မြန်မြန် ထွက်သွားရအောင်... အရမ်း အန္တရာယ်များတဲ့ပုံပဲ”
လျိုချင်းယန်က ဤကျိန်စာသင့်နေသော နေရာမှ အမြန်ဆုံး ထွက်သွားချင်နေသည့်ဟန်ဖြင့် ပြောလိုက်၏။
သို့သော် လျိုချင်းယန်၏ စကားအဆုံးမှာပင် သူ၏ မျက်နှာအမူအရာက ရုတ်တရက် တောင့်တင်းသွားသည်။ သူ၏ ခြေအောက်ရှိ မြေပြင်ကြီးက လေထဲတွင် အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားတော့၏။ လျိုချင်းယန် တစ်ယောက် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ အောက်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျသွားတော့သည်။
“အစ်ကိုဖုန်း... ကယ်ပါဦးဗျို့”
လျိုချင်းယန်က အထိတ်တလန့် အော်ဟစ်လိုက်၏။ သူ အလွန်အမင်း ကြောက်လန့်သွားသဖြင့် အချိန်မီ မတုံ့ပြန်နိုင်တော့ဘဲ ကောင်းကင်သို့ ချက်ချင်း ပျံမတက်နိုင်ခဲ့ချေ။
“သတိထား”
ဖုန်းဝူချန်က အော်ဟစ်လိုက်ပြီး အဝေးမှနေ၍ လက်ကို လှမ်းဆန့်ကာ လျိုချင်းယန်ကို အတင်းအကျပ် အပေါ်သို့ ပြန်ဆွဲတင်လိုက်၏။ ယီထျန်းချင်းနှင့် အခြားသူများလည်း အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားကြသော်လည်း အချိန်မီ ပျံသန်းနိုင်ခဲ့ကြသည်။
“ဘာ... ဘာဖြစ်သွားတာလဲ”
လေ့ထျန်းကျွယ်က သူ၏ ခြေအောက်ကို အံ့အားသင့်စွာဖြင့် ငုံ့ကြည့်လိုက်၏။
ယဲ့ထျန်းဝေနှင့် အခြားသူများ အားလုံးလည်း လုံးဝ တအံ့တဩဖြစ်သွားကြပြီး အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ကာ အလွန်အမင်း အံ့အားသင့်နေကြတော့သည်။
“တောင်... တောင်ကြီး ပျောက်သွားပြီ”
လျိုချင်းယန်က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ သူ၏ ကျောပြင် တစ်ခုလုံးတွင် ချွေးအေးများက ထိန်းမရအောင် စီးကျနေ၏။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ ရပ်နေခဲ့သော တောင်ထွတ်ကြီးမှာ သူတို့၏ မျက်စိရှေ့တွင်ပင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ မျက်တောင်အနည်းငယ် ခတ်အတွင်းမှာပင် ဧရာမ တောင်ကြီးမှာ အသံတစ်သံမျှ မထွက်ဘဲ အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထူးဆန်းလိုက်တာ။ အလွန်အမင်းကို ထူးဆန်းလွန်းလှသည်။
ဖုန်းဝူချန်နှင့် အဖွဲ့မှာ အောက်ဘက်ရှိ မြင်ကွင်းကို ကြည့်ကာ တအံ့တဩဖြစ်ကြောင်အမ်းနေကြ၏။ သူတို့၏ နှလုံးသားများထဲတွင် ငြိမ်သက်အောင် မနည်း ကြိုးစားရလောက်သည့် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည်။
သို့သော် ပို၍ ထူးဆန်းသည်မှာ သူတို့ ရပ်နေခဲ့သော တောင်ကြီး တစ်ခုတည်းသာ ပျောက်ကွယ်သွားခြင်း ဖြစ်ပြီး ကျန်တောင်ထွတ်များ အားလုံးမှာ အနည်းငယ်မျှပင် ထိခိုက်ပျက်စီးခြင်း မရှိခဲ့ပေ။
အချိန် မည်မျှ ကြာသွားသည် မသိချေ။ နောက်ဆုံးတွင် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ သတိပြန်ဝင်လာကြတော့၏။
“အစ်ကိုဖုန်း... ဘာ... ဘာတွေ ဖြစ်သွားတာလဲ”
လျိုချင်းယန်က ထိတ်လန့်တကြား မေးလိုက်၏။ သူ၏ အသံများမှာ အပြင်းအထန် တုန်ယင်နေ၏။
“ငါလည်း မသိဘူး”
ဖုန်းဝူချန်က ခေါင်းယမ်းလိုက်သည်။ မိစ္ဆာနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များထဲတွင်ပင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။
တောင်ကြီးသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ လျိုချင်းယန်၏ ရုတ်တရက် အော်ဟစ်သံသာ မရှိခဲ့ပါက ဖုန်းဝူချန် ကိုယ်တိုင်လည်း လုံးဝ သတိထားမိခဲ့မည် မဟုတ်ပေ။
တောင်ကြီး တည်ရှိခဲ့သော နေရာ၏ အောက်ဘက်တွင် ဘာဆိုဘာမျှ မရှိတော့ချေ။ အစအနလေး တစ်ခုပင် ရှာမတွေ့နိုင်တော့ပေ။ ယခုလေးတင် သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းက ရှင်းပြ၍ မရနိုင်လောက်အောင် ဆန်းကြယ်လွန်းပြီး သရဲခြောက်ခံရသည်ထက်ပင် ပို၍ ကြောက်စရာကောင်းလှ၏။
“ခုနက ပျောက်သွားတဲ့ တောင်ကြီးက တဖြည်းဖြည်း တိုက်စားခံလိုက်ရပြီး ပြာတွေအဖြစ် ပြောင်းသွားသလိုပဲ”
ကျန်းကျွင့်လန်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။ ဤမျှ ထူးဆန်းသော အဖြစ်အပျက်မျိုးကို သူ တစ်ခါမှ မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ဖူးချေ။
ထိုကျောချမ်းဖွယ်ရာ ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သူကမျှ အဖြေ မပေးနိုင်ခဲ့ကြပေ။
“ခွန်လွန်တောင်ကြားက အရမ်းကို ထူးဆန်းတယ်။ ပေါ့ပေါ့ဆဆ မနေကြနဲ့။ ဘယ်မှ မရွေ့သေးဘဲ သေချာ အကဲခတ်ကြည့်ကြတာပေါ့”
ဖုန်းဝူချန်က လေးနက်သော မျက်နှာထားဖြင့် အမိန့်ပေးလိုက်၏။
ထိုပြင်းလှသော မြင်ကွင်းကို မြင်လိုက်ရပြီးနောက် မည်သူကမျှ အခြား တောင်တန်းများအနီးသို့ မသွားရဲကြတော့ချေ။ ထို့ကြောင့် သူတို့သည် ဟင်းလင်းပြင် အလယ်တွင်သာ ရပ်တန့်နေပြီး ရှေ့သို့ ဆက်မသွားကြတော့ပေ။
ဤအခိုက်အတန့်၌ သူတို့၏ စိုးရိမ်ပူပန်မှုများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်မှာ ယုံမှားဖွယ် မရှိချေ။
သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှု... ခွန်လွန်တောင်ကြားကြီးက အလွန်အမင်း တိတ်ဆိတ်နေပြီး ဖုန်းဝူချန်တို့ အဖွဲ့သည် အသက်ရှူရန်ပင် မေ့လျော့နေကြသည်။
နှလုံးခုန်သံများမှလွဲ၍ အခြား မည်သည့် အသံမျှ မကြားရတော့ချေ။
ထိုသို့ဖြင့် ညတစ်ညသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့တော့၏။ သူတို့သည် တစ်စုံတစ်ရာ သဲလွန်စ ရနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် ညလုံးပေါက် စောင့်ကြည့်နေခဲ့ကြသော်လည်း ဘာမှ ထူးခြားမလာခဲ့ချေ။ ခွန်လွန်တောင်ကြားကြီးက သေခြင်းတရားကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေဆဲပင် ဖြစ်၏။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် မိုးလင်းသည်အထိ ထိုအတိုင်းသာ နေခဲ့ကြသည်။
“နန်းတော်သခင်... အခု ဘယ်လိုလုပ်ကြမလဲ။ တစ်ခုခုများ တွေ့သေးလား”
ယဲ့ထျန်းဝေက မေးလိုက်၏။ မိုးလင်းလာပြီဖြစ်ရာ သူတို့၏ အကြောက်တရားများလည်း အနည်းငယ် လျော့ကျသွားပုံ ရသည်။
ဖုန်းဝူချန်က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေသည်။
“ဘာမှ မတွေ့ဘူး”
ကြံ့ခိုင်ခိုင်မာသော တောင်ကြီး တစ်လုံးက ဘာကြောင့် အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားရသနည်း။ ပြီးတော့ ဤမျှ လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်သော ဖြစ်စဉ်မျိုးက ဘာကြောင့် ဖြစ်ပေါ်လာရသနည်း ဆိုသည်ကို ဖုန်းဝူချန် လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
“ဒီမှာပဲ နေခဲ့ကြ... ဘယ်မှ မသွားနဲ့ဦး”
ဖုန်းဝူချန်က ပြောလိုက်ပြီးနောက် အခြား တောင်တစ်လုံးဆီသို့ ပျံသန်းသွားသည်။
“အစ်ကိုဖုန်း... သတိထားနော်”
မြောင်ချင်းချင်းက စိုးရိမ်တကြီးဖြင့် ကမန်းကတန်း သတိပေးလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့် ဖုံးလွှမ်းနေသည်။
“သေချာ အာရုံစိုက်ပြီး ကြည့်ထားကြ”
ယီထျန်းချင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး ဖုန်းဝူချန်ကို မမှိတ်မသုန် စူးစိုက်ကြည့်နေသည်။
ဖုန်းဝူချန်က သူ၏ လက်ဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး တောင်၏ ကျောက်နံရံကို ထိတွေ့လိုက်၏။
အချိန်အတော်ကြာသည်အထိ တောင်ကြီးမှာ ဘာမှ ထူးခြားမလာဘဲ ငြိမ်သက်နေဆဲပင်။
“တကယ်တော့ ဘာကြောင့်ပါလိမ့်”
ဖုန်းဝူချန်မှာ အဖြေရှာမရအောင် ဖြစ်နေရသည်။
သို့သော် ဖုန်းဝူချန်က သူ၏ လက်ကို ဖြည်းညင်းစွာ ပြန်ရုပ်လိုက်သည့် အခိုက်အတန့်မှာပင် ထိုကျောချမ်းဖွယ်ရာ မြင်ကွင်းကြီးက နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်လာပြန်သည်။
“တောင်ကြီး ပျောက်သွားပြန်ပြီဟေ့”
လျိုချင်းယန်က ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
သူတို့ မျက်စိရှေ့ရှိ ဧရာမ တောင်ကြီးမှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားနေ၏။ အသံတစ်သံမျှ မထွက်ဘဲ တဖြည်းဖြည်း တိုက်စားခံနေရသည့်အလား ပျောက်ကွယ်သွားနေခြင်း ဖြစ်သည်။ မျက်တောင်အနည်းငယ် ခတ်အတွင်းမှာပင် တောင်ကြီး တစ်ခုလုံး အစအနပင် မကျန်အောင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှုများ အပြည့် ဖုံးလွှမ်းသွားရ၏။
ခမ်းနားထည်ဝါလှသော တောင်ကြီးသည် သူ၏ မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သော်ငြား ဖုန်းဝူချန်အနေဖြင့် မည်သည့်အရာကိုမျှ အာရုံခံ သိရှိနိုင်ခြင်း မရှိခဲ့ပေ။
အခန်း (၇၂၆) - ထူးဆန်းသော ခံစားချက်
~လျှို့ဝှက်ဆန်းကြယ်လှသော ဖြစ်စဉ်ကြီးက ရှင်းပြ၍ မရနိုင်လောက်အောင် ဆန်းကြယ်လွန်းလှသည်။
ညင်သာစွာ ထိတွေ့လိုက်ရုံမျှဖြင့် ဖုန်းဝူချန်က ဧရာမ တောင်ကြီးကို ပျောက်ကွယ်သွားစေခဲ့သည် မဟုတ်ပါလော။
ဖုန်းဝူချန်က စွမ်းအားပြင်းသော နတ်ဘုရား စွမ်းရည် တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ပင် ဖြစ်နေ၏။
“ကောင်းကောင်းမွန်မွန် ရှိနေတဲ့ တောင်ကြီးက အကြောင်းပြချက် မရှိဘဲ ပျောက်ကွယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”
အံ့အားသင့်နေမှုမှ ရုတ်တရက် သတိပြန်ဝင်လာပြီးနောက် ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ရေရွတ်လိုက်၏။
စကားပြောနေရင်း သူ၏ ပုံရိပ်က အခြား တောင်ထွတ်တစ်ခု၏ ရှေ့သို့ လျှပ်တစ်ပြက် ရောက်ရှိသွားပြီး လျိုချင်းယန်နှင့် အခြားသူများလည်း အလျင်အမြန် လိုက်ပါသွားကြသည်။
ဖုန်းဝူချန်က သူ၏ လက်ဝါးကို ထပ်မံ ဆန့်ထုတ်လိုက်ပြီး တောင်၏ ကျောက်နံရံကို ညင်သာစွာ ထိတွေ့လိုက်၏။ သူ၏ အာရုံစူးစိုက်မှု အားလုံးကို အပြည့်အဝ အသုံးပြုကာ သေချာ အကဲခတ်နေတော့၏။
ထင်သည့်အတိုင်းပင် ဖြစ်သည်။
ဖုန်းဝူချန် ထိတွေ့လိုက်သော တောင်ထွတ်တိုင်းက အဆုံးတွင် လျှို့ဝှက်ဆန်းကြယ်စွာ လွင့်စင်ပျောက်ကွယ်သွားကြသည်။
အလင်းရောင် အောက်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းက ပို၍ပင် အံ့မခန်း ဖြစ်နေ၏။
သေချာသည်က ဤအရာမှာ ဖုန်းဝူချန်ကြောင့် လုံးဝ မဟုတ်ချေ။ ထိုမျှ ကြောက်စရာကောင်းသော နတ်ဘုရား စွမ်းရည်မျိုး သူ့ထံတွင် မရှိသေးပေ။
ဤသည်မှာ လုံးဝ ပြိုကွဲပျက်စီးခြင်း အခြေအနေ တစ်ခုသာ ဖြစ်သည်။
“နန်းတော်သခင်... တစ်ခုခုများ တွေ့သေးလားဗျ”
ယီထျန်းချင်းက မေးလိုက်၏။
ဖုန်းဝူချန်က ခေါင်းယမ်းပြလိုက်သည်။ ဒုတိယအကြိမ် ကြိုးစားမှုကလည်း အချည်းနှီးသာ ဖြစ်သွားခဲ့သည်။
“အစ်ကိုဖုန်း... ဒီလောက် ထူးဆန်းတဲ့ အဖြစ်အပျက်က ရှေးဦး ကမ္ဘာဦး စွမ်းအားတွေနဲ့များ ပတ်သက်နေမလား”
လျိုချင်းယန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အဖြစ်အပျက်က ရှင်းပြ၍ မရနိုင်လောက်အောင် ဆန်းကြယ်လေလေ သူတို့ ပို၍ သိချင်စိတ် ပြင်းပြလာလေလေ ဖြစ်၏။
“မဖြစ်နိုင်ဘူး ထင်တယ်။ တကယ်လို့ ရှေးဦး ကမ္ဘာဦး စွမ်းအားသာ ဆိုရင် နန်းတော်သခင်ဆီမှာ ဝူမီးတောက်နဲ့ ဖျက်ဆီးခြင်း စွမ်းအားတွေ ရှိနေတာပဲ... အာရုံမခံနိုင်စရာ အကြောင်း မရှိဘူး။ ဒါက သဘာဝရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်စဉ် တစ်ခုခုများလား”
ယဲ့ထျန်းဝေက ခေါင်းယမ်းရင်း မှတ်ချက်ချလိုက်သည်။
“ကောင်းကင်ဓားဂိုဏ်းက ရှေးဟောင်း စာအုပ်တွေထဲမှာတော့ ဒီလို သဘာဝ ဖြစ်စဉ်မျိုး အကြောင်း မှတ်တမ်းတင်ထားတာ မရှိပါဘူး။ ပြီးတော့ ဂိုဏ်းချုပ်ကြီးကလည်း ခွန်လွန်တောင်ကြားမှာ အဲဒီလို ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူးလေ”
မြောင်ချင်းချင်းကလည်း ဝင်ပြောလိုက်၏။
ဖုန်းဝူချန်က ဘာမှ ဝင်မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ပြောသလို ဖြစ်နိုင်ခြေ ရှိနေသောကြောင့်ပင် ဖြစ်သည်။
“ဒီမှာက လေးလံလွန်းတဲ့ သေခြင်းတရား အငွေ့အသက်တွေကလွဲရင် တခြား ဘာမှ မရှိတဲ့ပုံပဲ။ ညလုံးပေါက်လည်း ဘာအန္တရာယ်မှ မဖြစ်ခဲ့ဘူးလေ။ ဒါကြောင့် ပိုပြီး နက်ရှိုင်းတဲ့ နေရာအထိ သွားကြည့်ရအောင်”
ဖုန်းဝူချန်က ပြောလိုက်၏။
စကားအဆုံးတွင် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် တောင်ကြား၏ အတွင်းပိုင်းဆီသို့ ချက်ချင်း ခရီးဆက်ခဲ့ကြတော့သည်။
“ဝှစ်...”
ဖုန်းဝူချန်တို့ အဖွဲ့ ထွက်ခွာသွားပြီး မကြာမီမှာပင် အရိပ်မည်း တစ်ခုက သူတို့ ရှိနေခဲ့သော နေရာတွင် လျှပ်တစ်ပြက် ထွက်ပေါ်လာ၏။
“လူသားတွေ ခွန်လွန်တောင်ကြားကို ခြေမချတာ နှစ်ပေါင်း ရာနဲ့ချီ ကြာနေပြီပဲ။ ဒီကောင်လေးတွေက ဒီမှာ လာဘာလုပ်ကြတာလဲ။ ပြီးတော့ ဟိုလူငယ်လေးက ဘယ်သူလဲ။ ဘာဖြစ်လို့ သူ့ဆီမှာ ရှေးဦး ကမ္ဘာဦး စွမ်းအားတွေ ရှိနေရတာလဲ”
အရိပ်မည်းက မျက်မှောင်အနည်းငယ် ကြုတ်ကာ နားမလည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
ထိုလူ ပေါ်လာသည်ကို ဖုန်းဝူချန်တို့ အဖွဲ့ လုံးဝ သတိမထားမိခဲ့ကြပေ။
“အဲဒီ ကောင်လေးက သာမန် မဟုတ်ဘူး။ လူတွေ ထောင်နဲ့ချီတဲ့ နှစ်တွေ တစ်လျှောက်လုံး လိုက်ရှာနေခဲ့တဲ့ ဝူမီးတောက်က သူ့လက်ထဲမှာ ရှိနေတာပဲ”
ဟင်းလင်းပြင်ထဲမှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အခြား ပုံရိပ်တစ်ခု ထပ်မံ ပေါ်လာပြန်၏။
“အဲဒါက တကယ့် ရှေးဦး ကမ္ဘာဦး ဝူမီးတောက်လား”
ပထမဆုံး ရောက်လာသူက အံ့အားသင့်စွာ မေးလိုက်သည်။
“သေချာတာပေါ့”
နောက်မှ ရောက်လာသူက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
“ဝူမီးတောက်က အရမ်းကို ကြောက်စရာကောင်းတယ်။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေတောင် သူ့အနားကို မကပ်ရဲကြဘူး။ ဒါပေမဲ့ ဒီကောင်လေးက ဝူမီးတောက်ကို ကျင့်ကြံနိုင်တယ်ဆိုတော့... သူက လုံးဝ သာမန် မဟုတ်ဘူးဆိုတာ သေချာတယ်”
“ဟွန့်... သူက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဝူမီးတောက်နဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားက ငါ့ဟာပဲ”
ပထမလူက အေးစက်စွာ ပြောလိုက်ပြီး နောက်လူကို ရက်စက်သော အကြည့်ဖြင့် စူးစိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏။
“မင်းသာ ငါနဲ့ လာလုရဲရင် မင်းကိုပါ သတ်ပစ်မယ်”
“ဒါကတော့ စောင့်ကြည့်ရမှာပေါ့”
နောက်မှ ရောက်လာသူက ကြောက်ရွံ့မှု အနည်းငယ်မျှ မပြဘဲ မောက်မာစွာ ပြန်ပြောလိုက်သည်။
စကားအဆုံးတွင် ထိုလူ၏ ပုံရိပ်က ဟင်းလင်းပြင်ထဲသို့ လွင့်စင်ပျောက်ကွယ်သွားပြီး နောက်ဆုံး စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့၏။
“မင်းကို ငါ သတိပေးခဲ့မယ်... မြွေမသေဘဲ တုတ်မကျိုးစေနဲ့။ ဒီကောင်လေးကလည်း ရှေးဦး ကမ္ဘာဦး စွမ်းအားအတွက် ခွန်လွန်တောင်ကြားကို လာတာ သေချာတယ်။ ပြီးတော့ အဲဒီ စွမ်းအားတွေကို လိုချင်နေတဲ့ သူတွေက တစ်ပုံကြီးပဲကွ”
“ငါ ဘာလုပ်ရမယ် ဆိုတာကို မင်း လာသင်ပေးစရာ မလိုဘူး”
ပထမ လူငယ်က အေးစက်စွာ ပြန်ပြောလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် အန္တရာယ်များသော အရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။
ထို့နောက် ထိုလူလည်း လျှပ်တစ်ပြက် ပျောက်ကွယ်သွားလေရာ ထိုနေရာတွင် မည်သူကမျှ မရှိခဲ့ဖူးသည့်အလား တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
ခွန်လွန်တောင်ကြား အတွင်းရှိ ရှေးဦး ကမ္ဘာဦး စွမ်းအားကို လာရောက် ရှာဖွေသူများမှာ ဖုန်းဝူချန်တို့ အဖွဲ့ တစ်ခုတည်း မဟုတ်ကြောင်း ရှင်းလင်းစွာ ပေါ်လွင်နေလေ၏။
နာရီဝက်ခန့် အကြာတွင် ဖုန်းဝူချန်တို့ အဖွဲ့သည် ခွန်လွန်တောင်ကြား၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ဤနေရာတွင်လည်း လွင်တီးခေါင် ဖြစ်နေဆဲပင် ဖြစ်ပြီး ပန်းတစ်ပွင့်၊ သစ်ပင် တစ်ပင်မျှပင် အရိပ်အယောင် မတွေ့ရချေ။
ဤနေရာရှိ သေခြင်းတရား အငွေ့အသက်များက အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်ပြီး အသက်ရှူကြပ်လုမတတ် ဖြစ်နေလေ၏။
“အစ်ကိုဖုန်း... ဒီမှာက အသက်ရှူရတာတောင် အရမ်း ခက်နေပြီ။ ရှေးဦး ကမ္ဘာဦး စွမ်းအားက တကယ်ပဲ ရှိနိုင်ပါ့မလား”
မြောင်ချင်းချင်းက နာကျင်နေသော မျက်နှာထားဖြင့် မေးလိုက်၏။ သူမ၏ အဆုတ်ထဲသို့ သေခြင်းတရား အငွေ့အသက်များကိုသာ ရှူသွင်းနေရသည့်အလား ခံစားနေရပြီး အလွန်တရာ နေရထိုင်ရ ခက်ခဲနေ၏။
ဖုန်းဝူချန်က ပတ်ဝန်းကျင်ကို လေးနက်စွာ မျက်စိကစားကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီလို ကြောက်စရာကောင်းတဲ့ နေရာမျိုးမှာ ရှေးဦး ကမ္ဘာဦး စွမ်းအားတွေ တကယ်ပဲ ပုန်းကွယ်နေနိုင်တယ်။ ငါတို့ တစ်ခုခုများ သဲလွန်စ ရမလား မျှော်လင့်ရတာပဲ”
ခွန်လွန်တောင်ကြား၏ အပြင်ဘက်ပိုင်းမှ စတင်ကာ ဝူမီးတောက်နှင့် ဖျက်ဆီးခြင်း စွမ်းအားများကို အသုံးပြု၍ အာရုံခံလာခဲ့သော်လည်း အနက်ရှိုင်းဆုံး နေရာသို့ ရောက်သည်အထိ သေခြင်းတရား အငွေ့အသက်များ ပိုမို ပြင်းထန်လာသည်မှလွဲ၍ အခြား မည်သည့် အရာကိုမျှ အာရုံမခံမိခဲ့ချေ။
“အာရုံခံတဲ့ နည်းလမ်းက အလုပ်မဖြစ်တဲ့ပုံပဲ... တခြား နည်းလမ်း စဉ်းစားမှ ရတော့မယ်”
ပေတိုယန်က အကြံပြုလိုက်၏။
ထို့နောက် ပေတိုယန်က ဖုန်းဝူချန်ဘက်သို့ လှည့်ကာ ဆက်ပြောလိုက်သည်။
“နန်းတော်သခင်... ခွန်လွန်တောင်ကြားမှာ ရှေးဦး ကမ္ဘာဦး စွမ်းအားက တကယ်ပဲ ရှိနေမယ်ဆိုရင်... ဒီကို ဘယ်သူမှ ခြေမချဖူးဘူး ဆိုတော့... ကျွန်တော်တို့ရဲ့ စွမ်းအားတွေကို သုံးပြီး သူ့ကို နှိုးဆွလိုက်ရင်ရော။ အဲဒီလို လုပ်ရင်များ သူ ထွက်လာမလား”
“အဲဒါ ဖြစ်နိုင်တယ် အစ်ကိုဖုန်း”
လျိုချင်းယန်ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
မည်သည့်အရာကိုမျှ အာရုံမခံနိုင်သလို ခွန်လွန်တောင်ကြား အတွင်းတွင် ရှေးဦး ကမ္ဘာဦး စွမ်းအား ရှိကြောင်း သက်သေပြရန် အခြား နည်းလမ်းလည်း မရှိတော့ချေ။ ထို့ကြောင့် သူတို့တွင် ရှေးဦး ကမ္ဘာဦး စွမ်းအားကို အသုံးပြုကာ တောင်ကြားထဲတွင် အိပ်မောကျနေသော အရာကို နှိုးဆွရန်သာ ရွေးချယ်စရာ ရှိတော့သည်။
သေချာသည်က ထိုစွမ်းအားများ တကယ် ရှိမရှိကိုတော့ ဖုန်းဝူချန် ကိုယ်တိုင်လည်း မသေချာပေ။
“ဝီ... ဝီ...”
ဖုန်းဝူချန်က ဖျက်ဆီးခြင်း စွမ်းအားများကို အပြည့်အဝ လှုံ့ဆော်လိုက်၏။ သွေးရောင် အလင်းတန်းကြီး တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပေတစ်သောင်းကျော် ကျယ်ပြန့်သော ဟင်းလင်းပြင်ကြီးကို လွှမ်းခြုံသွားတော့၏။ ထိတ်လန့်ဖွယ် စွမ်းအင်များက အရပ်လေးမျက်နှာသို့ လျင်မြန်စွာ ဖြာထွက်သွားရာ ခွန်လွန်တောင်ကြား တစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားသည်။
ဖျက်ဆီးခြင်း စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်သဖြင့် ဖုန်းဝူချန်၏ အရှိန်အဝါသည် ထျန်းကျီဘုံ အဆင့် (၃) သို့ ချက်ချင်း ရောက်ရှိသွားပြီး သူ၏ စွမ်းအားများက အလွန်တရာ ကြမ်းတမ်းနေလေ၏။
အသက်ဓာတ် ကင်းမဲ့နေသော တောင်တန်းကြီးများ ကြားတွင် ထိုအံ့မခန်း စွမ်းအားကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
“ဒီကောင်လေးက တကယ်ကို အံ့မခန်းပဲ။ ဒီလောက် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားမျိုးက ထိပ်ဆုံး ငါးခု စာရင်းဝင်လောက်တယ်။ ဒီကောင်လေးက တကယ်တော့ ဘယ်သူများလဲ”
အမှောင်ထုထဲတွင် ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သူက မျက်မှောင်အနည်းငယ် ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။ ဖုန်းဝူချန်၏ နောက်ခံကို သူ အလွန်တရာ သိချင်နေတော့၏။
“ဒီနည်းလမ်းက ရှေးဦး ကမ္ဘာဦး စွမ်းအားတွေကို တကယ်ပဲ ဆွဲထုတ်နိုင်ပါ့မလား”
လျှို့ဝှက်ဆန်းကြယ်သူက စိတ်ထဲမှ တွေးတောနေသော်လည်း အပြင်သို့ ထွက်မလာခဲ့ချေ။
ဖျက်ဆီးခြင်း စွမ်းအားကြီးက ခွန်လွန်တောင်ကြား၏ ပေတစ်သောင်းကျော် ကျယ်ပြန့်သော တောင်တန်းကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဆူပွက်နေသော စွမ်းအင်လှိုင်းများကြောင့် တောင်ကြား၏ အထက် ကောင်းကင်ယံတွင် ကန်းဖုန်း လေဓားသွားများပင် ဖြစ်ပေါ်လာတော့၏။
ဖုန်းဝူချန်က ဟင်းလင်းပြင် အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တန့်နေပြီး မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်ကို အသေအချာ အာရုံခံနေသည်။
အချိန် မည်မျှ ကြာသွားသည် မသိချေ။ ဖုန်းဝူချန်က တစ်စုံတစ်ရာကို ဖမ်းဆုပ်မိသွားသည့်အလား မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။
ဖျက်ဆီးခြင်း စွမ်းအားများကို ချက်ချင်း ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် တွေဝေမှု၊ အံ့အားသင့်မှုနှင့် လေးနက်တည်ကြည်မှုများ ရောယှက်ကာ ပေါ်ထွက်လာ၏။ အလွန်တရာ ရှုပ်ထွေးနေသော ခံစားချက်များ ဖြစ်သည်။
“တစ်ခုခု တွေ့လိုက်တာလား”
ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သူမှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
လျိုချင်းယန်နှင့် အခြားသူများလည်း ဖုန်းဝူချန်၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာကို သတိထားမိလိုက်ကြပြီး တစ်ခုခု အာရုံခံမိသွားကြောင်း ခန့်မှန်းလိုက်ကြ၏။
“အစ်ကိုဖုန်း... တစ်ခုခု တွေ့လို့လား”
လျိုချင်းယန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
“အရမ်းကို ထူးဆန်းတဲ့ ခံစားချက်ပဲ”
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်၏။
“ထူးဆန်းပြီး ခပ်ဖျော့ဖျော့ အရှိန်အဝါ တစ်ခုကို ငါ အာရုံခံမိလိုက်တယ်။ ဒါပေမဲ့... အဲဒီ အရှိန်အဝါက တကယ် မရှိသလိုလည်း ခံစားရတယ်။ စိတ်ထင်ယောင်ထင်မှား ဖြစ်နေသလိုပဲ။ ဒါပေမဲ့... အဲဒီ ခပ်ဖျော့ဖျော့ အရှိန်အဝါက နေရာတိုင်းမှာ ရှိနေသလိုလည်း ခံစားရပြန်တယ်။ တကယ်ကို ဆန်းကြယ်တဲ့ ခံစားချက်ပဲ”
ဖုန်းဝူချန်၏ စကားကို ကြားသောအခါ လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ ထိုအရာက တကယ် ရှိနေတာလား... မရှိဘူးလား။
“နန်းတော်သခင်... စိတ်ထင်ယောင်ထင်မှား ဖြစ်တာများလား”
လေ့ထျန်းကျွယ်က မေးလိုက်၏။
ဖုန်းဝူချန်က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေသည်။
“မဟုတ်ဘူး... ဒီ ခပ်ဖျော့ဖျော့ အရှိန်အဝါက အရမ်းကို ထူးခြားတယ်။ သူ တကယ် ရှိနေတယ်ဆိုတာကို ငါ သေချာပေါက် ပြောရဲတယ်”
“ဘယ်သူလဲ”
ဖုန်းဝူချန် စကားပြောနေစဉ်မှာပင် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိသွားပြီး အေးစက်စွာ ဟစ်အော်လိုက်၏။ သူ၏ အကြည့်များက မလှမ်းမကမ်းရှိ ကောင်းကင်ယံဆီသို့ လျှပ်တစ်ပြက် ရောက်ရှိသွားတော့၏။
“ကောင်လေး... မင်းက ရှေးဦး ကမ္ဘာဦး စွမ်းအားကို တကယ် အာရုံခံနိုင်တာပဲ”
သူစိမ်းတစ်ယောက်၏ အေးစက်ပြီး လှောင်ပြောင်နေသော အသံတစ်သံက လေထဲတွင် ပျံ့လွင့်လာတော့၏။