← Chapters

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀-၇၃၂)

Vol. 49 Ch. 730-732

အခန်း (၇၃၀) - သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်

~အချိန်တွေက မျက်တောင်တစ်ခတ် အတွင်းမှာတင် လ တစ်လတောင် ကုန်လွန်သွားခဲ့တော့၏။

တစ်လအကြာတွင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကြီးသည် အတော်လေး အခြေတကျ ဖြစ်လာခဲ့သည်။

နဂါးနတ်ဘုရား နန်းတော်၊ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုတို့ ဦးဆောင်သော နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကြီးတွင် ကြယ်တာရာနယ်မြေ၊ အနောက်ပိုင်းဒေသ၊ ဝင်္ကပါပင်လယ်နယ်မြေနှင့် ဝူကျိနယ်မြေတို့မှ အင်အားကြီး အဖွဲ့အစည်း အသီးသီး ပါဝင်လာကြလေ၏။

ကြယ်တာရာနယ်မြေကို လေလံရုံနှင့် ထျန်းတောက်ဂိုဏ်းတို့က ကိုယ်စားပြုသည်။

အနောက်ပိုင်းဒေသကိုတော့ ရှန်ဝူဂိုဏ်းက ကိုယ်စားပြု၏။

ဝင်္ကပါပင်လယ်နယ်မြေကို ဆန်းလော့ခန်းမ၊ ကျန်းမိသားစုနှင့် ကောမိသားစုတို့က ကိုယ်စားပြုသည်။

သန့်ရှင်းသော နေမင်းဂိုဏ်းမှာ အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီ ဖြစ်ပြီး ကျူးကော့မိသားစုမှာလည်း ကျူးကော့လျန်ချန်နှင့် နတ်ဘုရား ဘုရင် နန်းတော်တို့၏ ပတ်သက်မှုကြောင့် အထီးကျန်ဖြစ်ကာ ဖယ်ကြဉ်ခံထားရသည်။

ဝူကျိနယ်မြေကိုတော့ ကောင်းကင်ဓားဂိုဏ်းက ကိုယ်စားပြုသည်။

အရပ်မျက်နှာ အသီးသီးမှ အချိန်မီ အကူအညီ ပေးနိုင်ရန်အတွက် ဖုန်းဝူချန်က နယ်မြေများကြားတွင် ကူးပြောင်းရေး အခင်းအကျင်းများကို တည်ဆောက်ထားခဲ့လေ၏။

အင်အားစုပေါင်းများစွာ ပါဝင်လာသဖြင့် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကြီးသည် အပြည့်အဝ ရင့်ကျက်လာခဲ့ပြီ ဖြစ်ပြီး ဝူကျိနယ်မြေ တစ်ခုလုံး၏ အင်အားများကို စုစည်းထားနိုင်သဖြင့် အလွန်တရာ အစွမ်းထက်လာခဲ့တော့၏။

ထို့အပြင် ဝူကျိနယ်မြေ၏ ဒေသအသီးသီးမှ အစွမ်းထက် အလွတ်သိုင်းသမား တစ်ထောင်နီးပါးခန့်ကလည်း မဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာကြပြီး နဂါးနတ်ဘုရား နန်းတော်တွင် အခြေချ နေထိုင်ကြသည်။

ခမ်းနားထည်ဝါသော နဂါးနတ်ဘုရား နန်းတော်ကြီးသည် ယခုအခါ လူဦးရေ တစ်ထောင့်ငါးရာကျော်ဖြင့် အင်အားကြီး အဖွဲ့အစည်း တစ်ခု၏ ဟန်ပန်ကို အပြည့်အဝ ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်၏။

ထျန်းကျီဘုံ ပညာရှင် (၁၃) ယောက်၊ ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် ခုနစ်ရာကျော်နှင့် ကျန်လူများ အားလုံးမှာ ထျန်းယွမ်ဘုံ အဆင့်တွင် ရှိနေကြသည်။ ဤကဲ့သို့သော အင်အားစုကြီးဖြင့် နဂါးနတ်ဘုရား နန်းတော်ကို ကြယ်တာရာနယ်မြေ၏ ထိပ်သီး အင်အားစုကြီးတစ်ခုအဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်၏။

လက်ရှိ နဂါးနတ်ဘုရား နန်းတော်သည် လွန်ခဲ့သော တစ်လကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။

နဂါးနတ်ဘုရား နန်းတော်သို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများကို စီမံအုပ်ချုပ်ရန် လွယ်ကူစေရန်အတွက် အခြေခံ ရာထူးများကိုလည်း ဖန်တီးသတ်မှတ်ထားခဲ့၏။

သေချာသည်က ဖုန်းဝူချန်သည် နန်းတော်သခင် ဖြစ်ပြီး မည်သူကမျှ အငြင်းပွားဖွယ် မရှိချေ။

အစောင့်အရှောက် ရာထူးမှာ လစ်လပ်နေဆဲ ဖြစ်ပြီး ထျန်းရှန်းဇီက ပထမအကြီးအကဲ၊ ရှားယွင်ရွှမ်က ဒုတိယအကြီးအကဲနှင့် ဟန်ခွန်းက တတိယအကြီးအကဲ ဖြစ်လာကြသည်။

အခြား ရာထူးများကိုမူ မသတ်မှတ်ရသေးချေ။

...

အေးချမ်းငြိမ်သက်ခြင်း။

ဝူကျိနယ်မြေ တစ်ခုလုံး အေးချမ်းငြိမ်သက်သော အချိန်ကာလ တစ်ခုကို ဖြတ်သန်းနေရစဉ် ယနေ့တွင်တော့ မရေမတွက်နိုင်သော ပါရမီရှင်များကို စိတ်လှုပ်ရှားသွားစေမည့် သတင်းတစ်ခုက ဝူကျိနယ်မြေ တစ်ခုလုံးသို့ ဝုန်းခနဲ မီးတောက်သွားတော့၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားသစ်များ ခေါ်ယူနေပြီ ဖြစ်လေသည်။

မှန်သည်။ ထျန်းကျီ တိုက်ကြီး၏ နာမည်အကြီးဆုံးနှင့် အမြင့်မြတ်ဆုံး ကျောင်းတော်ကြီးက ကျောင်းသားသစ်များ စတင် လက်ခံနေပြီ ဖြစ်လေ၏။

ဝင်ခွင့် သတ်မှတ်ချက်က အလွန်တရာ မြင့်မားလှပြီး အဆင့် (၇) ဝိညာဉ်သိုင်း မရှိသူ မည်သူမဆို လုံးဝ ဝင်ခွင့်မရှိချေ။ ထိုအချက်ကပင် အနိမ့်ဆုံးနှင့် အခြေခံအကျဆုံး သတ်မှတ်ချက်သာ ဖြစ်ပေသေးသည်။

ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရှိ ကျောင်းသားတိုင်းသည် ထူးကဲသော ပါရမီရှင်များချည်းသာ ဖြစ်ကြသည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် အစွမ်းထက် ကျင့်စဉ်များနှင့် သိုင်းကွက်များကို ထောက်ပံ့ပေးနိုင်စွမ်း ရှိ၏။ ကျောင်းတော် စတင် တည်ထောင်ကတည်းက ပါရမီရှင်ပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျောင်းသားတိုင်း၏ စွမ်းအားများက အလွန်တရာ ကြောက်စရာကောင်းလှသည်။

မြောက်ပိုင်း ဆန်းကြယ် နယ်မြေ၏ ဧရာမ အင်အားစုကြီး တစ်ခုအနေဖြင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် တိုက်ကြီးပေါ်တွင် အမြင့်မြတ်ဆုံး အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားပြီး ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်လောက်အောင် စွမ်းအားပြင်းသော အင်အားစုကြီး တစ်ခု ဖြစ်သည်။

နတ်ဘုရား ဘုရင် နန်းတော် ကိုယ်တိုင်ပင်လျှင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို အတိုင်းအတာ တစ်ခုအထိ ရိုသေလေးစားရလေ၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် မရေမတွက်နိုင်သော ပါရမီရှင်များကို မွေးထုတ်ပေးခဲ့သည်။ သူတို့သည် ကျောင်းတော်မှ ဘွဲ့ရပြီး ထွက်ခွာသွားကြသော်ငြား အကယ်၍ ကျောင်းတော်သာ အခက်အခဲ တစ်ခုခုနှင့် ကြုံတွေ့ရပါက ပြန်လာ၍ ကူညီရန် တာဝန်ရှိသည်ဟု အားလုံးက ခံယူထားကြ၏။

ထိုအင်အားစုကြီး မည်မျှ ကြောက်စရာကောင်းမည်ကို စိတ်ကူးကြည့်ရုံဖြင့်ပင် သိနိုင်သည်။

သေချာသည်က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ အစွမ်းထက်မှုကြောင့် ကျောင်းသားသစ် ခေါ်ယူရာတွင် သတ်မှတ်ချက်များက အလွန်အမင်း မြင့်မားလှသည်။ အနိမ့်ဆုံး သတ်မှတ်ချက် ဖြစ်သော အဆင့် (၇) ဝိညာဉ်သိုင်း အပြင် မိမိကိုယ်ပိုင် စွမ်းအား၊ သိုင်းပညာအပေါ် နားလည်သဘောပေါက်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းတွင် ထိုးထွင်းသိမြင်နိုင်စွမ်း စသည်တို့ကိုလည်း ထည့်သွင်း စဉ်းစားကြ၏။

အရေးအကြီးဆုံး သတ်မှတ်ချက်ကတော့ ကျင့်ကြံခြင်း အဆင့်သည် အနည်းဆုံး ထျန်းယွမ်ဘုံ အဆင့် (၈) သို့ ရောက်ရှိထားရမည် ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ ဝင်ခွင့်ရရန် ဆိုသည်မှာ အလွန်တရာ ခက်ခဲလှသော ကိစ္စတစ်ခု ဖြစ်သည်။ အသိအကျွမ်းများ၊ အဆက်အသွယ်များက လုံးဝ အသုံးမဝင်ဘဲ မိမိ၏ ကိုယ်ပိုင် စွမ်းရည်ပေါ်တွင်သာ အပြည့်အဝ မူတည်နေလေ၏။

သို့သော် နောက်ထပ် အရေးကြီးသော သတ်မှတ်ချက်တစ်ခုကတော့ အသက် (၁၆) နှစ်မှ (၁၈) နှစ် အတွင်း ရှိသူများသာ လျှောက်ထားခွင့် ရှိခြင်း ဖြစ်သည်။

ပါရမီရှင် အများစုအတွက် အသက် (၁၆) နှစ်နှင့် (၁၈) နှစ် ကြားတွင် ထျန်းယွမ်ဘုံ အဆင့် (၈) သို့ ရောက်ရှိရန် ဆိုသည်မှာ အတော်လေး ခက်ခဲလှသော စိန်ခေါ်မှုကြီး တစ်ခု ဖြစ်၏။

ဤတစ်ကြိမ်တွင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ဆရာလေးယောက်ကို ဝူကျိနယ်မြေသို့ စေလွှတ်ကာ ကျောင်းသားသစ်များ ခေါ်ယူစေခဲ့သည်။ သူတို့သည် ဝူကျိနယ်မြေ အတွင်းရှိ အဓိက ဒေသ အသီးသီးသို့ ခွဲ၍ သွားရောက်ကြခြင်း ဖြစ်၏။

သတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ဝူကျိနယ်မြေ အနှံ့အပြားမှ ပါရမီရှင်များ အားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး စာရင်းသွင်းရန် အလုအယက် ဖြစ်နေကြတော့သည်။

ကြယ်တာရာနယ်မြေရှိ လေလံရုံသို့ ရောက်လာသူမှာ ကျောင်းတော်၏ အလွန် လှပချောမောသော ဆရာမလေး ရှန်ကွမ်းယွင်ယွင် ဖြစ်၏။ အသက် (၃၅)၊ (၃၆) နှစ်ခန့် ရှိပြီး မြောက်ပိုင်း ဆန်းကြယ် နယ်မြေ၏ အလှဆုံး ဆရာမအဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။

ရှန်ကွမ်းယွင်ယွင်ကြောင့်ပင်လျှင် ပါရမီရှင် သခင်လေးများစွာသည် မိသားစုနှင့် အင်အားစုများ၏ ထောက်ပံ့မှုကိုပင် စွန့်လွှတ်ကာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ ဝင်ရောက်ရန် ဆန္ဒရှိနေကြသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ နတ်မိမယ်လေး တစ်ပါးအလား လှပလွန်းသော ရှန်ကွမ်းယွင်ယွင်ကို နေ့တိုင်း မြင်တွေ့ခွင့် ရချင်သောကြောင့်ပင် ဖြစ်သည်။

အမျိုးသမီး ဆရာမ တစ်ဦး ဖြစ်သော်ငြား သူမ၏ ကျင့်ကြံခြင်းက ထျန်းကျီဘုံ အဆင့် (၅) သို့ ရောက်ရှိနေပြီး သူမ၏ စွမ်းအားများက အလွန်တရာ ကြောက်စရာကောင်းလှသည်။

ရှန်ကွမ်းယွင်ယွင်သည် ကျောင်းတော်မှ ကျောင်းသား ခုနစ်ယောက်နှင့်အတူ ကြယ်တာရာနယ်မြေ လေလံရုံသို့ ရောက်ရှိနေပြီ ဖြစ်ရာ တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက် ဆူညံပွက်လောရိုက်နေတော့၏။

ယခင်ကလည်း ကျောင်းသားသစ် လာရောက် ခေါ်ယူသော ဆရာတိုင်းသည် ကြယ်တာရာနယ်မြေ လေလံရုံသို့သာ အမြဲ လာရောက်လေ့ ရှိကြသည်။

လင်းမိုယန်၊ ပိုင်လီဟန်နှင့် အခြား အကြီးအကဲများက သူမကို အလွန်တရာ ရိုသေလေးစားစွာဖြင့် ကြိုဆိုကြပြီး အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲကြချေ။

ရှန်ကွမ်းယွင်ယွင် ရောက်ရှိလာမှုကြောင့် ကြယ်တာရာမြို့တော် တစ်ခုလုံး လူများဖြင့် ပြည့်ကျပ်နေပြီး လမ်းလျှောက်ရန်ပင် ခက်ခဲနေသည်။ နယ်မြေ အနှံ့အပြားမှ ကျင့်ကြံသူများ အားလုံး စုရုံးရောက်ရှိလာကြပြီး အများစုမှာ ရှန်ကွမ်းယွင်ယွင်၏ နတ်မိမယ်လေး တစ်ပါးအလား လှပလွန်းသော အလှတရားကို တစ်ခဏမျှဖြစ်စေ မြင်တွေ့ခွင့် ရရန်အတွက် ရောက်လာကြခြင်း ဖြစ်သည်။

လေလံရုံမှ အစောင့်များ အားလုံးကို ထုတ်ကာ လုံခြုံရေး ယူထားသော်ငြား အလှလေးကို မြင်တွေ့ချင်သော လူအုပ်ကြီး၏ ပြင်းပြသော ဆန္ဒကိုတော့ မတားဆီးနိုင်ကြပေ။

“ဆရာမ ရှန်ကွမ်းကို ငါ မြင်လိုက်ရပြီဟေ့။ သူက တကယ့်ကို လူ့ပြည်ဆင်းလာတဲ့ နတ်မိမယ်လေးပဲ... သူ့ကိုသာ ဇနီးအဖြစ် ရမယ်ဆိုရင် ချက်ချင်း အသေခံလိုက်ရလည်း တန်တယ်ကွာ”

“သူ့အလှက တကယ်ကို ရင်သပ်ရှုမောစရာပဲ... နှစ်တစ်ရာမှာ တစ်ခါမှ မြင်ရခဲတဲ့ အလှမျိုးပဲ”

“ဆရာမ ရှန်ကွမ်းက အသက်ရှူရပ်သွားမတတ် လှတာပဲကွာ”

လေလံရုံ အပြင်ဘက်တွင် ဆူညံသံများက နားကွဲမတတ် ထွက်ပေါ်နေပြီး အမျိုးသားများစွာမှာ သွားရည်ကျမတတ် ဖြစ်နေကြတော့သည်။

“ဥက္ကဋ္ဌလင်းနဲ့ အကြီးအကဲ သုံးယောက်... ဒီတစ်ခါလည်း ခင်ဗျားတို့ရဲ့ အကူအညီကို လိုအပ်ပြန်ပြီ”

လေလံရုံ၏ ကျယ်ဝန်းသော ဧည့်ခန်းမကြီး အတွင်း၌ ရှန်ကွမ်းယွင်ယွင်က ခပ်ဟဟ ရယ်ရင်း ယဉ်ကျေးပျူငှာစွာ ပြောလိုက်၏။

ရှန်ကွမ်းယွင်ယွင်သည် အစိမ်းရောင် ပိုးသားဂါဝန်လေးကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော အသားအရေကို ပိုင်ဆိုင်ထားသည်။ သူမ၏ နူးညံ့သော ပါးပြင်လေးများပေါ်တွင် ပန်းနုရောင် သန်းနေပြီး အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းလှ၏။ သူမ၏ လှုပ်ရှားမှုတိုင်းက ဂုဏ်ကျက်သရေ ရှိပြီး အထက်တန်းကျလှကာ သူမ၏ အပြုံးလေးက လူတွေရဲ့ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်စွမ်း ရှိပါသည်။ ကောက်ကြောင်း အချိုးအစား ပြေပြစ်လှသော သူမ၏ ခန္ဓာကိုယ်လေးက အမျိုးသားများအတွက် သေစေနိုင်လောက်အောင် ပြင်းထန်သော ဆွဲဆောင်မှု တစ်ခုပင် ဖြစ်၏။

ဤမျှ လှပလွန်းသော မိန်းမချောလေး တစ်ယောက်သည် အမျိုးသားများ၏ အားကျမြတ်နိုးမှုကို ရရှိသလို အမျိုးသမီးများ၏ မနာလို ဝန်တိုမှုများကိုလည်း အပြည့်အဝ ရရှိထားသူ ဖြစ်သည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ဆရာမ တစ်ဦး ဖြစ်သော်ငြား ရှန်ကွမ်းယွင်ယွင်သည် အလွန်တရာ ယဉ်ကျေးပျူငှာပြီး မိမိ၏ ရာထူးအဆင့်အတန်းကို အားကိုးကာ အခြားသူများကို အထင်သေးခြင်းမျိုး လုံးဝ မရှိခဲ့ချေ။

လင်းမိုယန်က ပျော်ရွှင်စွာ ပြုံးရင်း ပြန်ပြောလိုက်၏။

“ဆရာမ ရှန်ကွမ်းက အရမ်း အားနာလွန်းနေပါပြီ”

“ဆရာမ ရှန်ကွမ်း... ဒီနှစ်အတွက် နေရာ ဘယ်နှစ်နေရာ ပါလာလဲဟင်”

ဟု ပထမအကြီးအကဲ ပိုင်လီဟန်က ယဉ်ကျေးစွာ မေးလိုက်သည်။

“နေရာ (၁၂) နေရာပါ။ အရင်နှစ်တွေကထက် နှစ်နေရာ ပိုများပါတယ်”

ရှန်ကွမ်းယွင်ယွင်က ပြုံးရင်း ဖြေလိုက်၏။

ထိုအခါ၊ နျဲ့ဖုန်းယွင်က ခပ်အေးအေး ဝင်ပြောလိုက်သည်။

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ သတ်မှတ်ချက်တွေက အရမ်း မြင့်လွန်းတော့... အရင်က ပေးခဲ့တဲ့ နေရာ (၁၀) နေရာတောင် ဘယ်တုန်းကမှ မပြည့်ခဲ့ဖူးဘူး။ အခု ပိုများလာလည်း... အလကား ဖြစ်သွားဖို့ပဲ များပါတယ်”

လင်းမိုယန်ကို ကြည့်ကာ ရှန်ကွမ်းယွင်ယွင်က ပြုံးရင်း မေးလိုက်၏။

“ဥက္ကဋ္ဌလင်း... ထောက်ခံပေးချင်တဲ့ ပါရမီရှင်များ ရှိလားဟင်”

“တစ်ယောက်တော့ ရှိတယ်။ အရမ်းကို အစွမ်းထက်တာ။ သူက ကိုယ်ပိုင် အင်အားစု တစ်ခုတောင် တည်ထောင်ထားပြီးပြီ။ ဒါပေမဲ့ သူက ကျောင်းတော်ရဲ့ သတ်မှတ်အသက်ထက် ကျော်နေပြီ။ ဒီနှစ်ဆို အသက် (၂၀) ပြည့်ပြီ ထင်တယ်”

လင်းမိုယန်က ပေါ့ပေါ့ပါးပါး ပြုံးရင်း ဖြေလိုက်၏။

“ကိုယ်ပိုင် အင်အားစု တည်ထောင်ထားတယ် ဟုတ်လား”

ရှန်ကွမ်းယွင်ယွင် အနည်းငယ် တအံ့တဩဖြစ် အံ့အားသင့်သွားပြီးနောက် သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

“ဥက္ကဋ္ဌလင်း... သူက ဘယ်သူများလဲ သိလို့ရမလား”

“ဖုန်းဝူချန်လေ... သူက အခု နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင်ပဲ”

လင်းမိုယန်က တိုတိုတုတ်တုတ်ပင် ဖြေလိုက်၏။

“နှမြောစရာပဲနော်”

ရှန်ကွမ်းယွင်ယွင်က ခေါင်းညိတ်လိုက်ပြီး အသက်ကန့်သတ်ချက် ကျော်နေပြီဟု ကြားလိုက်ရသဖြင့် စိတ်ဝင်စားမှု လျော့ကျသွားပုံ ရသည်။

“ဥက္ကဋ္ဌလင်း... ဖုန်းဝူချန်ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ”

လင်းမိုယန်၏ ချီးကျူးစကားများကို ကြားပြီးနောက် ကျောင်းသားတစ်ယောက်က မနေနိုင်ဘဲ လှမ်းမေးလိုက်၏။

“ထျန်းကျီဘုံ အဆင့် (၁) ပါ”

လင်းမိုယန်က ပြုံးရင်း ဖြေလိုက်သည်။

“အို... ထျန်းကျီဘုံ အဆင့် (၁) ဟုတ်လား”

ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်ကို ကြားလိုက်ရသောအခါ ရှန်ကွမ်းယွင်ယွင်မှာ အံ့အားသင့်သွားတော့၏။

“အသက် (၂၀) နဲ့ ထျန်းကျီဘုံ အဆင့် (၁) ကို ရောက်နေတာလား...ဘုရားရေ”

ကျောင်းသားများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြပြီး အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။

အခန်း (၇၃၁) - ပြင်းထန်သော သတ်မှတ်ချက်

~အသက် (၂၀) အရွယ်ဖြင့် ထျန်းကျီဘုံသို့ ရောက်ရှိနေခြင်းမှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် အတွင်း၌ပင် ထိုအဆင့်အတန်းမျိုးသို့ ရောက်ရှိနေသည့် ကျောင်းသားများ သိပ်မရှိလှချေ။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး ပညာရေး အဖွဲ့အစည်း တစ်ခုအဖြစ် ကျော်ကြားပြီး ကျောင်းသားတိုင်းသည် ပါရမီရှင်များ ဖြစ်ကြသော်လည်း အသက် (၂၀) မတိုင်မီ ထျန်းကျီဘုံသို့ တက်လှမ်းနိုင်သူမှာ လက်ချိုးရေတွက်၍ ရလောက်အောင် နည်းပါးလှသည်။

အသက် (၂၀) မတိုင်မီ ထျန်းကျီဘုံသို့ ရောက်ရှိခြင်းသည် စွမ်းအားပြင်းသော ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း သေချာပေါက် သက်သေပြနေလေ၏။ တိုက်ကြီး တစ်ခုလုံးတွင် ထိုကဲ့သို့သော လူမျိုးမှာ ဖီးနစ်ငှက်၏ အမွေးအတောင်နှင့် ချီလင်၏ ဂျိုများကဲ့သို့ ရှားပါးလွန်းလှသည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်တွင် ထျန်းကျီဘုံသို့ ရောက်ရှိနေသော ကျောင်းသားများ ရှိကောင်း ရှိနိုင်သော်လည်း သူတို့ အများစုမှာ အသက် (၂၀) ကျော်နေကြပြီ ဖြစ်သည်။

“ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှု အမြန်နှုန်းက ကျွန်တော်တို့ ကျောင်းတော်က သရဲတစ်ကောင်နဲ့တောင် ယှဉ်နိုင်တယ်”

“ဒီ ဖုန်းဝူချန်က ဘယ်အင်အားစုကြီးကလဲ... သူ့ရဲ့ ပါရမီနဲ့ဆိုရင် ကျွန်တော်တို့ ကျောင်းတော်ကို ရောက်လာခဲ့ရင် ဒုတိယ အတော်ဆုံး နေရာကိုတောင် ရလောက်တယ်”

“ဥက္ကဋ္ဌလင်းက ပေါက်ကရတွေ လျှောက်ပြောနေတာများလား”

ကျောင်းသား အချို့မှာ အလွန်တရာ အံ့အားသင့်နေကြပြီး မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

“ဥက္ကဋ္ဌလင်း... ဒီ ဖုန်းဝူချန်ရဲ့ နောက်ခံက ဘာလဲ။ ဘာဖြစ်လို့ သူက ဒီလောက်တောင် ကောင်းကင်ဘုံကို အာခံနိုင်တဲ့ ပါရမီမျိုး ပိုင်ဆိုင်ထားရတာလဲ”

ရှန်ကွမ်းယွင်ယွင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ သူမ၏ သိချင်စိတ်များ နောက်တစ်ကြိမ် လှုံ့ဆော်ခံလိုက်ရပြီ ဖြစ်၏။

လင်းမိုယန်က ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်ပြီး ခပ်ဟဟ ပြုံးရင်း ပြန်ဖြေလိုက်သည်။

“သူက တိုက်ကြီးရဲ့ အနောက်ဘက် ယန်ဟော့ အင်ပါယာက ဖုန်းမိသားစုက လာတယ်ဆိုတာလောက်ပဲ ကျွန်တော် သိပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိပါဘူး”

လင်းမိုယန် ကိုယ်တိုင်လည်း ဖုန်းဝူချန်၏ အကြောင်းများကို အများကြီး ပြောမပြရဲချေ။

“ဒီလိုကိုး”

ရှန်ကွမ်းယွင်ယွင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“ကျွန်မ အခွင့်အရေး ရရင် သူ့ကို တကယ် တွေ့ချင်မိတယ်”

သူမ၏ လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်လိုက်ပြီးနောက် ရှန်ကွမ်းယွင်ယွင်က ဆက်ပြောလိုက်သည်။

“ဥက္ကဋ္ဌလင်း... သူတို့ကို အထဲဝင်ခိုင်းလိုက်ပါ”

လင်းမိုယန်က ခေါင်းညိတ်ပြလိုက်ရာ အစောင့်တပ်မှူးက အမိန့်အတိုင်း ချက်ချင်း သွားရောက် လုပ်ဆောင်သည်။

လေလံရုံ အပေါက်ဝတွင် အသင့်စောင့်ဆိုင်းနေကြသော မျိုးဆက်သစ် ပါရမီရှင် အများအပြားမှာ အစောင့်တပ်မှူး ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် ဆူညံပွက်လောရိုက်သွားကြတော့၏။

အပြင်ဘက် လမ်းမကြီးပေါ်တွင် လူများဖြင့် ပြည့်ကျပ်နေပြီး ခြေချစရာ နေရာပင် မရှိတော့ချေ။ စာရင်းလာသွင်းသော ပါရမီရှင်များနှင့် သူတို့၏ ဆွေမျိုးများသာမက ရှန်ကွမ်းယွင်ယွင်၏ နတ်မိမယ်လေး တစ်ပါးအလား လှပသော မျက်နှာလေးကို တစ်ခဏမျှဖြစ်စေ မြင်တွေ့ခွင့် ရရန် ရောက်လာကြသူများပါ ရောနှောနေသည်။

“ထျန်းယွမ်ဘုံ အဆင့် (၈) ကို ရောက်နေတဲ့သူတွေ ဝင်ခဲ့ကြ”

အစောင့်တပ်မှူးက လေးနက်သော လေသံဖြင့် အော်ဟစ် အသိပေးလိုက်၏။

ထျန်းယွမ်ဘုံ အဆင့် (၈) သို့ ရောက်ရှိနေသော ပါရမီရှင်များ အားလုံး လေလံရုံ အတွင်းသို့ အလုအယက် ပြေးဝင်သွားကြ၏။ ပထမဆုံး ဝင်ခွင့်ရလျှင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ ဝင်ခွင့်ရရန် သေချာသွားပြီဟုပင် ထင်မှတ်နေကြသည့်အလား ဖြစ်နေသည်။

စာရင်းလာသွင်းသော ပါရမီရှင် အရေအတွက်မှာ မနည်းလှချေ။ ရာဂဏန်းခန့် ရှိသော်လည်း အားလုံးကတော့ ထျန်းယွမ်ဘုံ အဆင့် (၈) သို့ ရောက်ရှိမနေကြပေ။

ကံစမ်းကြည့်မလို့လား။ ရုပ်ရည်လေး သန့်ပြန့်နေရင် ရှန်ကွမ်းယွင်ယွင်က လက်ခံလောက်တယ်လို့ ထင်နေတာလား။

နေ့ခင်းကြောင်တောင် အိပ်မက် မက်နေလိုက်ကြ။

ဧည့်ခန်းမကြီး အတွင်းသို့ ရောက်သည်နှင့် ပါရမီရှင်များ အားလုံး ချက်ချင်း ငြိမ်သက်သွားကြသော်လည်း သူတို့၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများကိုမူ မဖုံးကွယ်နိုင်ကြချေ။

ဤ ပါရမီရှင် ရာဂဏန်းခန့်သည် ကြယ်တာရာနယ်မြေရှိ အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ လာရောက်ကြသူများ ဖြစ်ပြီး ထိုအထဲတွင် ထျန်းတောက်ဂိုဏ်းမှ မိုချင်းယွင်လည်း ပါဝင်နေသည်။

မိုချင်းယွင်သည် ထျန်းတောက်ဂိုဏ်း၏ ဂိုဏ်းချုပ်လေး ဖြစ်ပြီး ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် တစ်ယောက်လည်း ဖြစ်သည်။ ယခုနှစ်တွင် အသက် (၁၈) နှစ်သာ ရှိသေးသော်လည်း သူ၏ ကျင့်ကြံခြင်းက ကောင်းကင်ဘုံလူသား အဆင့် (၁) သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ စွမ်းအားမှာ တကယ်ကို အစွမ်းထက်လှသည်။

မိုချင်းယွင်သည် ကြယ်တာရာနယ်မြေတွင် အတော်လေး နာမည်ကြီးသူ ဖြစ်ပြီး တိုက်ခိုက်ရေး အရူးအမူး ဝါသနာပါသူ တစ်ဦး ဖြစ်ကာ ကြယ်တာရာနယ်မြေ၏ ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းကင်ဘုံ သားတော်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

ရှန်ကွမ်းယွင်ယွင်၏ အကြည့်များက ပါရမီရှင် တစ်ယောက်ချင်းစီကို ဖြတ်ပြေးသွားပြီးနောက် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ခပ်ဟဟ ရယ်ရင်း ပြောလိုက်၏။

“အဆင့် (၇) ဝိညာဉ်သိုင်း ရှိရမယ့်အပြင် ထျန်းယွမ်ဘုံ အဆင့် (၈) ကိုလည်း ရောက်ရှိထားရမယ် ဆိုတာကို မင်းတို့ အားလုံး သိပြီးသား ဖြစ်မယ်လို့ ငါ ယုံကြည်ပါတယ်။ မင်းတို့ဆီမှာ ပါရမီ ရှိနေရင်တောင်မှ ထျန်းယွမ်ဘုံ အဆင့် (၈) ကို မရောက်သေးဘူး ဆိုရင်တော့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ဝင်ခွင့် ရမှာ မဟုတ်ပါဘူး”

“ဆရာမ ရှန်ကွမ်း... အဆင့် (၇) ရဲ့ အထွတ်အထိပ်ဆိုရင်ရော လက်မခံဘူးလား။ ကျွန်တော် အဆင့်တက်ဖို့ နည်းနည်းလေးပဲ လိုတော့တာပါ။ ဒီတစ်ခါသာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ဝင်ခွင့် မရရင် နောက်ထပ် တစ်နှစ်လောက် စောင့်နေရဦးမှာမို့လို့ပါ”

လူတစ်ယောက်က အပူတပြင်း လှမ်းမေးလိုက်၏။

“မရဘူးဆိုရင် မရတာပဲ။ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ငါတို့ ပြောင်းလဲလို့ မရဘူး။ နောက်နှစ်မှပဲ ပြန်လာခဲ့လိုက်ပါ”

တပည့်တစ်ယောက်က အေးစက်စွာ ဝင်ပြောလိုက်ပြီး အနည်းငယ်မျှ ညှာတာခြင်း မရှိဘဲ ငြင်းပယ်လိုက်၏။

“ဆရာမ ရှန်ကွမ်း...”

ထိုလူငယ်က ရှန်ကွမ်းယွင်ယွင်ကို အသနားခံသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။

“တောင်းပန်နေလည်း အလကားပဲ... စည်းမျဉ်းက စည်းမျဉ်းပဲ။ ဆရာမတွေ ကိုယ်တိုင်တောင် မင်းကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”

အခြား တပည့်တစ်ယောက်ကလည်း အလွန်အမင်း မောက်မာစွာဖြင့် ထပ်မံ ငြင်းပယ်လိုက်၏။

ထိုအချိန်မှာပင် လေလံရုံမှ အစောင့်တပ်မှူးက ခန်းမကြီး အတွင်းသို့ ဝင်လာပြီး လင်းမိုယန်ကို ရိုသေစွာ အစီရင်ခံလိုက်၏။

“ဥက္ကဋ္ဌကြီး... ချီဟွမ်နဲ့ တခြား စစ်သည်တော်တွေက ဥက္ကဋ္ဌကြီးနဲ့ တွေ့ခွင့် တောင်းနေပါတယ်”

“သူတို့ကို အထဲ ဝင်ခိုင်းလိုက်”

လင်းမိုယန်က အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ခွင့်ပြုလိုက်၏။

ယနေ့သည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားသစ်များ ခေါ်ယူနေသော နေ့ဖြစ်သဖြင့် လေလံပွဲများကို တစ်ရက် ရပ်နားထားပြီး လေလံရုံ အတွင်းသို့ ဝင်ရောက်မည်ဆိုပါက ဥက္ကဋ္ဌနှင့် အကြီးအကဲများ၏ ခွင့်ပြုချက်ကို မဖြစ်မနေ ရယူရမည် ဖြစ်သည်။

ယခင်နှစ်များကဆိုလျှင် အထူး အဆင့်အတန်း မရှိသူ မည်သူ့ကိုမဆို လင်းမိုယန်က တိုက်ရိုက် ငြင်းပယ်လေ့ ရှိ၏။

သို့သော် ယခု ချီဟွမ် ရောက်လာချိန်တွင် လင်းမိုယန်က ချက်ချင်း ခွင့်ပြုလိုက်သဖြင့် ရှန်ကွမ်းယွင်ယွင်နှင့် ကျောင်းသား ခုနစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

ချီဟွမ်ဆိုတာ တကယ်တော့ ဘယ်သူလဲ။ ပြီးတော့ လင်းမိုယန်က သူ့ကို ဘာလို့ ဒီလောက်တောင် အလေးထားရတာလဲ။

ရှန်ကွမ်းယွင်ယွင်၏ အံ့အားသင့်နေသော မျက်နှာထားကို သတိထားမိလိုက်သောအခါ လင်းမိုယန်က ခပ်ဟဟ ပြုံးရင်း ရှင်းပြလိုက်၏။

“ချီဟွမ် ဆိုတာ နဂါးနတ်ဘုရား နန်းတော် စစ်သည်တော်တွေရဲ့ ခေါင်းဆောင်ပဲ။ ဖုန်းဝူချန်ရဲ့ လက်အောက်ငယ်သား တစ်ယောက်ပေါ့”

“ကြည့်ရတာ ဥက္ကဋ္ဌလင်းနဲ့ ဖုန်းဝူချန်က ဆက်ဆံရေး တော်တော်လေး ကောင်းတဲ့ပုံပဲ”

ရှန်ကွမ်းယွင်ယွင်က ခပ်ဟဟ ရယ်ရင်း မှတ်ချက်ချလိုက်သည်။

“ဥက္ကဋ္ဌလင်း၊ အကြီးအကဲ သုံးယောက်နဲ့ ဆရာမ ရှန်ကွမ်း... အနှောင့်အယှက် ပေးမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်။ ကျွန်တော်တို့ အချိန်အများကြီး မယူပါဘူး... ခဏလေးနဲ့ ပြီးသွားမှာပါ”

ချီဟွမ်က လက်နှစ်ဖက် ဆုပ်ကာ ကာ ယဉ်ကျေးစွာ ပြောလိုက်၏။

“ချီဟွမ်... အရမ်း အားနာမနေပါနဲ့”

လင်းမိုယန်က ပြုံးရင်း ပြန်ပြောလိုက်၏။

“ရပါတယ်... ကိစ္စမရှိပါဘူး”

ရှန်ကွမ်းယွင်ယွင်ကလည်း ခပ်ဟဟ ရယ်ရင်း ပြောလိုက်ပြီး ကျောင်းသားများနှင့်အတူ ချီဟွမ်တို့ကို အကဲခတ်နေသည်။

“ဥက္ကဋ္ဌလင်း... နန်းတော်သခင်က ဆေးမြစ်တချို့ အလိုရှိနေတယ်။ ဘယ်လောက်များများ ရရ အကုန်ယူမယ်တဲ့”

ချီဟွမ်က လင်းမိုယန်ထံသို့ စာရင်းတစ်ခုကို ကမ်းပေးလိုက်၏။ ထိုစာရင်းပေါ်တွင် ဆေးမြစ် အမည်များ အစီအရီ ရေးမှတ်ထား၏။

စာရင်းပေါ်ရှိ ဆေးမြစ် နာမည်များကို မြင်လိုက်ရသောအခါ လင်းမိုယန်မှာ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။

“ဆေးဧကရာဇ်က အဆင့် (၇) ဆေးပညာရှင် ဖြစ်သွားပြီပဲ”

“အဆင့် (၇) ဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးမြစ်တွေပါလား”

ရှန်ကွမ်းယွင်ယွင်က ထိုစာရင်းကို မတော်တဆ တွေ့လိုက်ရပြီး တိတ်တဆိတ် အံ့အားသင့်သွားမိသည်။

“ခဏလေး စောင့်ပါဦး”

နျဲ့ဖုန်းယွင်က ပို၍ပင် အံ့အားသင့်နေပြီး ဆေးမြစ်များကို ကိုယ်တိုင် သွားယူရန် ထွက်သွားတော့သည်။

“ဒီ ဖုန်းဝူချန်က တကယ်တော့ ဘယ်သူများလဲ”

ရှန်ကွမ်းယွင်ယွင်၏ သိချင်စိတ်များက ပို၍ပို၍ ပြင်းပြလာလေ၏။ လေလံရုံ တစ်ခုလုံးက နဂါးနတ်ဘုရား နန်းတော်အပေါ် အလွန်တရာ ရိုသေလေးစားစွာ ဆက်ဆံနေသည်ကို သတိထားမိလိုက်သည်။ ရိုသေလေးစားသည်ဟု ဆိုရုံမျှဖြင့်ပင် လုံလောက်မည် မထင်တော့ချေ။

နျဲ့ကျုံးက ချီးကျူးစကား ဆိုလိုက်၏။

“ထျန်းယွမ်ဘုံ အဆင့် (၇) ကို ရောက်နေတာတောင်မှ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ဝင်ခွင့်မရဘူး ဆိုတော့... တိုက်ကြီးရဲ့ နံပါတ်တစ် ကျောင်းတော်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ”

ထိုစဉ်၊ ဟွမ်ယန်က ထိုလူငယ်လေး၏ ပခုံးကို ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်။

“ညီလေး... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ဝင်ခွင့်မရလို့ စိတ်ဓာတ်မကျပါနဲ့။ မင်း နဂါးနတ်ဘုရား နန်းတော်ကို ဝင်လို့ ရပါသေးတယ်။ ဘယ်သိမလဲ... မနက်ဖြန်လောက်ကျရင် မင်း ထျန်းယွမ်ဘုံ အဆင့် (၈) ကိုများ တက်လှမ်းသွားနိုင်မလား”

“တကယ်လားဟင်”

လူငယ်လေးက မျှော်လင့်ချက် မျက်ဝန်းများဖြင့် ဟွမ်ယန်ကို မေးလိုက်၏။

“လုံးဝ အလိမ်အညာ မရှိဘူး။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က မင်းကို အလိုမရှိပေမယ့် နဂါးနတ်ဘုရား နန်းတော်ကတော့ အဲဒီလောက်ကြီး သတ်မှတ်ချက် မမြင့်ပါဘူး။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို မယှဉ်နိုင်ဘူး ဆိုရင်တောင် မင်း တစ်ယောက်တည်း ကျင့်ကြံနေတာထက်စာရင်တော့ ပိုကောင်းမယ် မဟုတ်လား”

ဟွမ်ယန်က ယုံကြည်မှု အပြည့်ဖြင့် ပြန်ပြောလိုက်၏။

ထို့နောက် ဟွမ်ယန်က ရှန်ကွမ်းယွင်ယွင်ကို တစ်ချက် ကြည့်လိုက်သည်။

“ဆရာမ ရှန်ကွမ်း... သူက ဆရာမတို့ လက်မခံတဲ့သူဆိုတော့ ကျွန်တော် လုခေါ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဆရာမ ရှန်ကွမ်း စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်”

ရှန်ကွမ်းယွင်ယွင်က စကားမပြောဘဲ ခေါင်းကို ခပ်ဖွဖွ ယမ်းပြလိုက်၏။

“ဟုတ်ကဲ့ပါ... ကျွန်တော် နဂါးနတ်ဘုရား နန်းတော်ကို ဝင်ပါ့မယ်”

လူငယ်လေးက အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ချက်ချင်း သဘောတူလိုက်၏။ သူ၏ မျက်ဝန်းနက်များထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ အပြည့် ရှိနေသည်။

ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေတွင်ပင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ သူ့ကို ရက်စက်စွာ ငြင်းပယ်ခဲ့သည်။ သူ့ကို လက်မခံခဲ့သည့်အတွက် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် နောင်တရသွားစေရန် သူ သေချာပေါက် ကြိုးစား ကျင့်ကြံမည်ဟု လူငယ်လေးက စိတ်ထဲမှ ကြိတ်၍ သံန္နိဋ္ဌာန် ချလိုက်တော့သည်။

ဟွမ်ယန်သည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများ၏ မျက်စိရှေ့တွင်ပင် လူငယ်လေးကို သိမ်းသွင်းလိုက်သော်ငြား သူ၏ လုပ်ရပ်တွင် အနည်းငယ်မျှ မလေးမစား လုပ်ခြင်းမျိုး မပါဝင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျောင်းတော်က ထိုလူငယ်ကို အလိုမရှိခဲ့သောကြောင့်ပင် ဖြစ်ပါ၏။

“ဘယ်သူ့ကိုမဆို အလွယ်တကူ လက်ခံနေတယ်ဆိုတော့... ကြည့်ရတာ နဂါးနတ်ဘုရား နန်းတော်ကလည်း သိပ်အထင်ကြီးစရာ မကောင်းလောက်ပါဘူး။ ဥက္ကဋ္ဌလင်း ပြောသလောက် ဖုန်းဝူချန်ကလည်း အဲဒီလောက် အစွမ်းထက်မယ် မထင်ဘူး”

ကျောင်းသား တစ်ယောက်က မထီမဲ့မြင် သရော်လိုက်၏။

ထိုကျောင်းသား၏ စကားကြောင့် လင်းမိုယန်နှင့် အခြားသူများ၏ အိုမင်းသော မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြတော့သည်။

ချီဟွမ်၊ နျဲ့ကျုံးနှင့် အခြားသူများ၏ အကြည့်များကလည်း ထိုကျောင်းသားထံသို့ အလိုအလျောက် ရောက်ရှိသွားကြတော့၏။

အခန်း (၇၃၂) - တစ်ခုခု ဖြစ်သွားပြီ

~ကျောင်းသား၏ စကားတစ်ခွန်းကြောင့် ဧည့်ခန်းမကြီး အတွင်းရှိ လေထုမှာ ချက်ချင်းပင် တစ်မျိုးတစ်ဘာသာ ပြောင်းလဲသွားသည်။ ချီဟွမ်နှင့် လွမ်ရှန်း အပါအဝင် အစောင့်အရှောက် လေးယောက်၏ မျက်နှာများမှာ ရေခဲတမျှ အေးစက်သွားကြတော့၏။

"ချုံယွင်... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်စမ်းနဲ့"

ရှန်ကွမ်းယွင်ယွင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်းကို စောင်းကာ ချုံယွင်ကို တိုးညှင်းစွာ ဆူပူလိုက်၏။

သူသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသား တစ်ယောက် ဖြစ်သည်မှန်သော်လည်း နဂါးနတ်ဘုရား နန်းတော်ကို ဤသို့ အထင်မသေးသင့်ချေ။ တိုက်ကြီး၏ ထိပ်သီး ကျောင်းတော်ကြီး တစ်ခုအနေဖြင့် ဂုဏ်ကျက်သရေရှိသော အဖွဲ့အစည်း တစ်ခုနှင့် ကိုက်ညီသည့် ယဉ်ကျေးမှုနှင့် အမူအကျင့်များကို ပြသရမည်သာ ဖြစ်သည်။

ရှန်ကွမ်းယွင်ယွင်၏ ဆူပူမှုကို ခံလိုက်ရပြီးနောက် ချုံယွင်က စကားဆက်မပြောတော့သော်လည်း သူ၏ မျက်နှာပေါ်ရှိ မာနတရားနှင့် မျက်ဝန်းထဲမှ မထီမဲ့မြင်ပြုမှုများကတော့ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။

ချီဟွမ်နှင့် အခြားသူများ အတွက်တော့ ချုံယွင်၏ သရော်စကားများက ဖုန်းဝူချန်ကို စော်ကားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူတို့ကို စော်ကားလျှင် သည်းခံနိုင်သော်ငြား ဖုန်းဝူချန်ကို စော်ကားလာခြင်းကိုမူ လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိချေ။ နဂါးနတ်ဘုရား နန်းတော်၏ နန်းတော်သခင် ဖြစ်သည့်အပြင် ဖုန်းဝူချန်သည် သူတို့၏ ဒုတိယ မိဘသဖွယ် ဖြစ်ပြီး သူတို့၏ နှလုံးသားထဲရှိ ဖုန်းဝူချန်၏ နေရာကို မည်သူကမျှ အစားမထိုးနိုင်ပေ။

ထို့အပြင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် ဖုန်းဝူချန်သည် လင်းမိုယန်နှင့် အခြားသူများ၏ အလွန်တရာ ရိုသေလေးစားမှုကို ရရှိထားသူ ဖြစ်၏။ ချုံယွင်က သူတို့၏ မျက်စိရှေ့တွင်ပင် ဖုန်းဝူချန်ကို ပေါ်တင် စော်ကားနေသည်ကို သူတို့ မည်သို့လျှင် လက်ပိုက်ကြည့်နေနိုင်မည်နည်း။

"တကယ်ပဲ တောင်းပန်ပါတယ်။ ချုံယွင်က စကားပြောရင် နည်းနည်း ဗြုန်းဆန်တယ်။ ခင်ဗျားတို့ စိတ်ထဲ မထားဘူးလို့ မျှော်လင့်ပါတယ်"

ရှန်ကွမ်းယွင်ယွင်က ကမန်းကတန်း တောင်းပန်လိုက်၏။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ဆရာမ တစ်ဦးထံမှ တွေ့ရလေ့ရှိသော မောက်မာသည့် ဟန်ပန်မျိုး သူမထံတွင် အနည်းငယ်မျှ မရှိချေ။

အကယ်၍ အခြားသူ တစ်ယောက်သာ ဆိုလျှင် တောင်းပန်ဖို့ နေနေသာသာ ကျောင်းသားထက်ပင် ပို၍ အထင်သေးသော အမူအရာများကို ပြသလာမည်မှာ အသေအချာပင် ဖြစ်သည်။

ချီဟွမ်က ချုံယွင်ကို စူးစိုက်ကြည့်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်၏။

"အစားကို ဖြစ်သလို စားလို့ရပေမယ့် စကားကိုတော့ လျှောက်ပြောလို့ မရဘူးကွ။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ ကျောင်းသား တစ်ယောက်အနေနဲ့ လေးစားမှုဆိုတာကို မင်း သိသင့်တယ်။ ကျောင်းတော်ကို အရှက်မခွဲစမ်းပါနဲ့။ ဆရာမ ရှန်ကွမ်းရဲ့ မျက်နှာကြောင့် ဒီကိစ္စကို ငါ အရေးမယူတော့ဘူး"

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ကြီးမားလှသော ဂုဏ်သတင်း အရှိန်အဝါ ရှိနေသည့်တိုင်အောင် ချီဟွမ်သည် အနည်းငယ်မျှ မကြောက်ရွံ့နေဘဲ သူ၏ လေသံက အလွန်တရာ ပြတ်သားနေသည်။ ရှန်ကွမ်းယွင်ယွင်က ကြိုတင် တောင်းပန်ထားခြင်းသာ မရှိခဲ့ပါက ချီဟွမ်နှင့် အခြားသူများက ချုံယွင်ကို ဤမျှ လွယ်လွယ်ကူကူ အလွတ်ပေးမည် မဟုတ်ချေ။

သို့သော် ချီဟွမ်၏ စကားကို ကြားလိုက်ရသောအခါ ချုံယွင်၏ ရင်ထဲတွင် ဒေါသများ ဒီရေအလား တက်လာပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ သို့တိုင်အောင် ရှန်ကွမ်းယွင်ယွင်၏ ရှေ့တွင်တော့ သူ ပေါက်ကွဲထွက်ရန် မရဲခဲ့ချေ။ ချုံယွင်၏ ဘေးရှိ အခြား ကျောင်းသား တစ်ယောက်ကလည်း သူ၏ အင်္ကျီလက်စကို လှမ်းဆွဲကာ ရမ်းသမ်း မလှုပ်ရှားရန် အချက်ပြလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ချီဟွမ်သည် ကောင်းကင်ဘုံလူသား အဆင့် (၇) သို့ ရောက်ရှိနေပြီး စွမ်းအား ကြီးမားသူ တစ်ဦး ဖြစ်သည်။ ကောင်းကင်ဘုံလူသား အဆင့် (၅) တွင်သာ ရှိသေးသော ချုံယွင်သည် ချီဟွမ်အတွက် လုံးဝ ပြိုင်ဘက် မဟုတ်ချေ။

ချီဟွမ်က အရေးမယူတော့သဖြင့် လင်းမိုယန်နှင့် အခြားသူများအားလုံး သက်ပြင်းချနိုင်သွားကြသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ဖြစ်နေသည် မဟုတ်ပါလော။

ချီဟွမ်သည် သွေးပူလွယ်ပြီး ရမ်းသမ်း လုပ်တတ်သူ တစ်ယောက် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ အစွမ်းထက်မှုကို သူ ကြားဖူးထားပြီး ကိုယ်တိုင် မရောက်ဖူးလျှင်တောင် တိုက်ကြီး၏ ထိပ်သီး အင်အားစုကြီး တစ်ခုအဖြစ် သူ အသိအမှတ် ပြုထားသည်။

ထို့ကြောင့် သိပ်မကြီးမားသော ပြဿနာများအတွက် ချီဟွမ် အနေဖြင့် အကြီးအကျယ် ရှုပ်ထွေးအောင် မလုပ်ပါချေ။ အထူးသဖြင့် ရှန်ကွမ်းယွင်ယွင် ကိုယ်တိုင် တောင်းပန်ထားပြီး ဖြစ်ရာ ဤကိစ္စကို ဆက်လက် အရေးယူရန် အကြောင်းပြချက် မရှိတော့ပေ။ ရှန်ကွမ်းယွင်ယွင်ကို မလေးမစားလည်း မလုပ်နိုင်ပါပေ။

'နဂါးနတ်ဘုရား နန်းတော်က ငါထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေတဲ့ပုံပဲ'

ရှန်ကွမ်းယွင်ယွင်က စိတ်ထဲမှ ကြိတ်၍ တွက်ချက်လိုက်၏။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ အစွမ်းထက်မှုကို လူတိုင်း သိကြသည် မဟုတ်ပါလော။ သို့သော် ချီဟွမ်က ဤမျှ ပြတ်သားနေပြီး ကျောင်းတော်ကိုပင် အနည်းငယ်မျှ ကြောက်ရွံ့ပုံ မပေါ်သည်ကို မြင်လိုက်ရသောအခါ သူမ၏ သိချင်စိတ်များက ပို၍ ပြင်းပြလာတော့သည်။

ထိုအချိန်မှာပင် နျဲ့ဖုန်းယွင်သည် ဆေးမြစ်များကို ယူဆောင်လာပြီး သိုလှောင်ကွင်း တစ်ကွင်းကို ချီဟွမ်ထံသို့ ကမ်းပေးလိုက်၏။ ချီဟွမ်က ခပ်အေးအေးပင် နှုတ်ဆက်လိုက်၏။

"ဆရာမ ရှန်ကွမ်း... အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဆက်လုပ်ကြပါဗျာ။ ဥက္ကဋ္ဌလင်း... ကျွန်တော်တို့ သွားလိုက်ပါဦးမယ်"

"ညီလေး... သွားကြစို့"

ဟွမ်ယန်က ပြုံးရင်း ပြောလိုက်ပြီး ပါရမီရှင် လူငယ်လေးကို ဆွဲခေါ်သွားသည်။ ထွက်မသွားမီ သူက ချုံယွင်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သေး၏။ ဟွမ်ယန်က ပြုံးကာ ဆက်ပြောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံခြင်းကို သေချာ ကြိုးစားပါ။ မင်းရဲ့ ပါရမီနဲ့ဆိုရင် သူတို့ကို လုံးဝ ရှုံးမှာ မဟုတ်ဘူးကွ"

ဟွမ်ယန် ရည်ညွှန်းလိုက်သော သူတို့ ဆိုသည်မှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများကို ဆိုလိုခြင်းပင် ဖြစ်သည်။ ထွက်ခွာသွားစဉ်မှာပင် သူက ထိုကျောင်းသားများကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးရင်း ပြောလိုက်၏။

"မင်းတို့တွေ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ဝင်ခွင့် မရရင်... နဂါးနတ်ဘုရား နန်းတော်ကို လာခဲ့လို့ ရတယ်။ မင်းတို့ကို အပြင်ကနေ ငါ စောင့်နေမယ်နော်"

'သေစမ်း... မင်းတို့ မှတ်ထားလိုက်'

ချုံယွင်၏ ရင်ထဲတွင် ဒေါသများဖြင့် ပွက်ပွက်ဆူနေသော်လည်း အံကြိတ်ကာ မျိုသိပ်ထားရသဖြင့် ရူးသွပ်သွားမတတ် ဖြစ်နေသည်။

"ရမ်းသမ်း မလုပ်နဲ့။ ဒီနေရာက ဝူကျိနယ်မြေ ကြယ်တာရာမြို့တော်ကွ... အင်မော်တယ် လက်နက် စံအိမ်ရဲ့ နယ်မြေထဲမှာ ရောက်နေတာ"

ကျောင်းသား တစ်ယောက်က အသံကို နှိမ့်ကာ သတိပေးလိုက်၏။

ရှန်ကွမ်းယွင်ယွင်က ချုံယွင်၏ ဒေါသများကို ရိပ်မိသွားပုံ ရသည်။ သူမ၏ လှပသော မျက်ဝန်းလေးများက ချုံယွင်ထံသို့ လျှပ်တစ်ပြက် ရောက်ရှိသွား၏။ အေးစက်သော အကြည့်တစ်ချက်ကြောင့် ချုံယွင်၏ နှလုံးသားမှာ ကျောချမ်းသွားရကာ သူ၏ ဒေါသများလည်း ချက်ချင်း လွင့်စင်သွားတော့သည်။

ကျောင်းသားသစ် ခေါ်ယူခြင်းကို ဆက်လက် ပြုလုပ်နေစဉ် ပါရမီရှင် ရာဂဏန်းကျော် အနက် အများစုမှာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိကြချေ။ အချို့က အဆင့် (၇) ဝိညာဉ်သိုင်း ရှိသော်လည်း ထျန်းယွမ်ဘုံ အဆင့် (၈) သို့ မရောက်ရှိကြပေ။ အချို့က ထျန်းယွမ်ဘုံ အဆင့် (၈) သို့ ရောက်ရှိနေသော်လည်း အဆင့် (၇) ဝိညာဉ်သိုင်း ပါရမီ မရှိကြချေ။

"မိုချင်းယွင်... အဆင့် (၇) ဝိညာဉ်သိုင်း ပါရမီ ရှိပြီးတော့ ကျင့်ကြံခြင်းကလည်း ကောင်းကင်ဘုံလူသား အဆင့် (၁) ကို ရောက်နေတာပဲ။ မဆိုးဘူး... နောက်ဆုံးတော့ အရည်အချင်း ပြည့်မီတဲ့ သူတစ်ယောက်ကို တွေ့ရပြီ"

ရှန်ကွမ်းယွင်ယွင်၏ ရင်သပ်ရှုမောဖွယ် မျက်နှာလေးပေါ်တွင် နောက်ဆုံးတော့ ဆွဲဆောင်မှုရှိသော အပြုံးလေးတစ်ခု ထွက်ပေါ်လာသည်။

"ဆရာမ ရှန်ကွမ်းကို ကျေးဇူးတင်ပါတယ် ဗျာ"

မိုချင်းယွင်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့၏။

"သခင်လေးမိုလို့ ပြောရမယ်... သူက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို သေချာပေါက် ဝင်ခွင့်ရမယ် ဆိုတာ ငါ သိနေတယ်"

အတူတူ လာရောက်ကြသော အခြား ပါရမီရှင်များမှာ အားကျမှုနှင့် မနာလိုမှုများဖြင့် ပြည့်နှက်သွားကြသည်။

"မင်းက ထျန်းယွမ်ဘုံ အဆင့် (၄) လေးနဲ့ စာရင်းလာသွင်းတာလား။ ပြီးတော့ မင်း... ထျန်းယွမ်ဘုံ အဆင့် (၈) ကို မရောက်ရင် လာလျှောက်မနေနဲ့"

ထိုအချိန်မှာပင် ချုံယွင်က ပါရမီရှင် တစ်ယောက်ကို ကြိမ်းမောင်းလိုက်၏။ အစောပိုင်းက ဒေါသများ မပြေပျောက်သေးကြောင်း ရှင်းလင်းစွာ ပေါ်လွင်နေ၏။

"ကျွန်တော်က အဆင့် (၄) အင်းကွက် ပညာရှင်/ အဆောင် ပညာရှင် ပါဗျ"

"ကျွန်တော်... ကျွန်တော်လည်း အဆင့် (၄) ဆေးပညာရှင်ပါ"

"ကျွန်တော်က အဆင့် (၃) ပါ"

ထျန်းယွမ်ဘုံ အဆင့် (၈) သို့ မရောက်ရှိကြသူများမှာ သူတို့၏ အခွင့်အရေးကို လက်လွတ်သွားမည် စိုးသဖြင့် သူတို့၏ အထူး အဆင့်အတန်းများကို အလုအယက် ထုတ်ဖော်ပြောဆိုလာကြသည်။

"အဆင့် (၄) ဟုတ်လား..."

ချုံယွင်နှင့် အခြားသူများမှာ အခိုက်အတန့်မျှ တအံ့တဩဖြစ်သွားကြတော့၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ကျောင်းသားသစ် ခေါ်ယူရာတွင် ဤကဲ့သို့သော အထူး အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အနည်းဆုံး အဆင့် (၃) အထိ ရောက်ရှိရန် လိုအပ်သည်။ ကျောင်းတော်သည် ဤအထူး ပညာရပ်များကို အလွန်တရာ အလေးထားသည်။ ငယ်ရွယ်စဉ်မှာပင် အဆင့် (၃) သို့ ရောက်ရှိနိုင်ခြင်းက တကယ်ကို အံ့မခန်း ဖြစ်နေတော့၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ပါရမီရှင်များ အားလုံးကို စမ်းသပ် စစ်ဆေးပြီးသွားချိန်တွင် နေရာ (၁၂) နေရာအနက် (၈) ယောက်သာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ အောင်မြင်စွာ ဝင်ခွင့်ရသွားခဲ့သည်။ ကျန်လူများ အားလုံးမှာ အရည်အချင်း မပြည့်မီသဖြင့် ပယ်ချခံလိုက်ရ၏။ ရက်စက်လှသော အမှန်တရားနှင့် ပြင်းထန်လွန်းသော သတ်မှတ်ချက်များကြောင့် ပါရမီရှင် အများအပြားမှာ အကြီးအကျယ် စိတ်ပျက်အားငယ် သွားကြတော့သည်။

"ကြည့်ရတာ ငါတို့ နဂါးနတ်ဘုရား နန်းတော်ကိုပဲ သွားရတော့မယ် ထင်တယ်"

"နဂါးနတ်ဘုရား နန်းတော်ကလည်း ကောင်းပါတယ်။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို ပိုသဘောကျပေမယ့်... ငါတို့နဲ့ ရေစက်မပါဘူး ဆိုတော့လည်း နှမြောစရာပဲ"

"ငါ အရွေးမခံရတာပဲ ကောင်းပါတယ်။ နဂါးနတ်ဘုရား နန်းတော်က ပိုတောင် ကောင်းသေးတယ်။ ငါ ဆုံးဖြတ်လိုက်ပြီ... နဂါးနတ်ဘုရား နန်းတော်ကိုပဲ သွားမယ်ကွာ"

အောင်မြင်မှု မရခဲ့သော ပါရမီရှင်များမှာ အချင်းချင်း တီးတိုး ရေရွတ်နေကြသည်။

နေရာ (၁၂) နေရာ ပါလာသော်လည်း (၈) ယောက်သာ ခေါ်ယူနိုင်ခဲ့သဖြင့် ရှန်ကွမ်းယွင်ယွင်မှာ အတော်လေး စိတ်ပျက်သွားမိသည်။

'ကျောင်းတော်က သတ်မှတ်ချက်တွေကို နည်းနည်းလျှော့မှ ရတော့မယ်။ ထျန်းယွမ်ဘုံ အဆင့် (၇) ရဲ့ အထွတ်အထိပ် ဆိုရင်တောင် လုံလောက်နေပါပြီ'

အစောပိုင်းက လုခေါ်သွားခြင်း ခံလိုက်ရသော ပါရမီရှင် လူငယ်လေးအတွက် အနည်းငယ် နှမြောတသ ဖြစ်သွားရင်း ရှန်ကွမ်းယွင်ယွင်က စိတ်ထဲမှ တီးတိုးရေရွတ်လိုက်၏။

"ဆရာမ ရှန်ကွမ်း... ပြဿနာ တက်ပြီဗျို့"

ကျောင်းသားသစ် ခေါ်ယူခြင်း ပြီးဆုံးသွားသည့် အချိန်မှာပင် ကျောင်းသား တစ်ယောက်က ကမန်းကတန်း ပြေးဝင်လာပြီး အော်ဟစ်လိုက်၏။

"ဘာဖြစ်တာလဲ... မင်းတို့တွေ ပြဿနာ သွားရှာပြန်ပြီလား"

ရှန်ကွမ်းယွင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူမက လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး လှပသော မျက်နှာလေးမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားကာ ဆူပူလိုက်၏။

"ဆရာမ ကိုယ်တိုင် အဲဒီကို သွားကြည့်တာ ပိုကောင်းမယ် ထင်တယ်။ ကျန်းချူ ဒဏ်ရာရသွားပြီ... ငါတို့ မြန်မြန် မသွားရင် ပြဿနာ ကြီးသွားလိမ့်မယ်"

ထိုစကားကြောင့် ကျောင်းသားလေး၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ပြန်ပြောလိုက်၏။

"ကျန်းချူ ဒဏ်ရာရသွားတယ် ဟုတ်လား"

ကျောင်းသား အချို့၏ မျက်နှာများ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားကြတော့သည်။

"ရိုင်းစိုင်းလှချည်လား... ဘယ်သူကများ ဒီလောက် သတ္တိကောင်းပြီး သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ"

ချုံယွင်မှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။

"သူ ဘယ်မှာလဲ... ငါ့ကို အခုချက်ချင်း ခေါ်သွားစမ်း"

ရှန်ကွမ်းယွင်ယွင်က အပူတပြင်း အော်ဟစ်လိုက်၏။

"ကြယ်တာရာမြို့တော် အပြင်ဘက် မလှမ်းမကမ်းမှာပါ"

ကျောင်းသားက ချက်ချင်း ပြောလိုက်ပြီး ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများကို အချိန်ဆွဲမနေဘဲ ဦးဆောင် ခေါ်သွားတော့သည်။

လင်းမိုယန်နှင့် အကြီးအကဲ သုံးယောက်တို့မှာ အချင်းချင်း တစ်ချက် အရိပ်အကဲ..ကြည့်လိုက်ကြပြီးနောက် အနောက်မှ လိုက်ပါသွားကြ၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသား တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ရဲသည်ဆိုတော့... ထိုလူက ဘယ်လောက်တောင် သတ္တိကောင်းနေမည်နည်း။

All Chapters