အခန်း (၇၃၃-၇၃၅)
Vol. 49 Ch. 733-735
အခန်း (၇၃၃) - အလွန်တရာ အံ့အားသင့်ဖွယ်ရာ
~“ဝုန်း... ဝုန်း... ဝုန်း...”
“ဝီ... ဝီ...”
ကြယ်တာရာမြို့တော်နှင့် မလှမ်းမကမ်း နေရာတစ်ခုတွင် လူသုံးယောက်၏ ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ပြင်းထန်သည့် စွမ်းအားများက တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်သွားပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးကို အဆက်မပြတ် တုန်ခါသွားစေတော့သည်။
သူတို့ထံမှ ပေါက်ကွဲထွက်လာသော အစွမ်းထက် အရှိန်အဝါများအရ သုံးယောက်စလုံးမှာ ကောင်းကင်ဘုံလူသား အဆင့်တွင် ရှိနေကြကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ ဤသည်က နှစ်ယောက် တစ်ယောက် ပူးပေါင်းတိုက်ခိုက်နေသော တိုက်ပွဲဖြစ်၏။
ထိုနှစ်ယောက်စလုံးမှာ ကောင်းကင်ဘုံလူသား အဆင့် (၉) တွင် ရှိနေကြသော်ငြား ပြိုင်ဘက်ကို လုံးဝ မလွှမ်းမိုးနိုင်သည့်အပြင် အပြင်းအထန် ဖိနှိပ်ခံနေရသည်။
ပြင်းထန်သော တိုက်ပွဲကြောင့် ထိုနှစ်ယောက်မှာ ဒဏ်ရာအသီးသီး ရရှိနေကြတော့၏။
“ဒိုင်း... ဒိုင်း...”
“ဖူး... ဖူး...”
ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရသော ထိုနှစ်ယောက်မှာ နောက်သို့ အဆက်မပြတ် လွင့်စင်သွားကြပြီး သွေးများ ပန်းထုတ်လိုက်ကြရသည်။ သူတို့၏ ဒဏ်ရာများ ပိုမို ဆိုးရွားလာပြီး မျက်နှာများမှာလည်း သွေးဆုတ်ဖြူရော်နေကြ၏။
ထိုဒဏ်ရာရနေသူ နှစ်ယောက်မှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများ ဖြစ်ကြပြီး ကျန်တစ်ယောက်ကတော့ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော် တစ်ဦးပင် ဖြစ်သည်။
ထိုစစ်သည်တော်သည်လည်း ကောင်းကင်ဘုံလူသား အဆင့် (၉) တွင် ရှိနေသော်ငြား လွှမ်းမိုးနိုင်စွမ်းရှိသော ခွန်အားကို ပိုင်ဆိုင်ထားရာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ပါရမီရှင် ကျောင်းသား နှစ်ယောက်ကို လုံးဝ အနိုင်ယူထားနိုင်သည်။
“ဒီကောင်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်။ သူက တကယ်တော့ ဘယ်သူများလဲ”
ကျောင်းသား တစ်ယောက်က မေးရိုးများ တင်းမာနေအောင် အံကြိတ်ကာ ရေရွတ်လိုက်၏။ သူတို့၏ စွမ်းအားနှင့်ဆိုလျှင် အဆင့်တူ ပြိုင်ဘက်ကို အသာစီး ရသင့်သော်လည်း ယခုအခါ နှစ်ယောက်ပေါင်း တိုက်တာတောင်မှ ထိုစစ်သည်တော်ကို မယှဉ်နိုင်ကြချေ။
“သူ့ရဲ့ ကိုယ်ဖော့ပညာက အရမ်း ထူးဆန်းလွန်းတယ်။ ငါတို့ လုံးဝ သတိမထားမိလိုက်ဘူး”
အခြား ကျောင်းသားက မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏။
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်သည် အထွတ်အထိပ် ရုပ်ခန္ဓာကို ကျင့်ကြံထားသူ ဖြစ်ရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အလွန်တရာ အစွမ်းထက်လှသည်။ ထို့အပြင် လျှပ်တစ်ပြက် ရွှေ့ပြောင်းနိုင်သော ဟင်းလင်းပြင် ပညာရပ်ကိုပါ ပေါင်းစပ်လိုက်သောအခါ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသား နှစ်ယောက်အနေဖြင့် မည်မျှပင် အစွမ်းထက်စေကာမူ သူ၏ ပြိုင်ဘက်များ လုံးဝ မဟုတ်ခဲ့ကြချေ။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ ဖြစ်ပြီးတော့... ကျောင်းတော်က မင်းတို့ကို တခြားသူတွေကို လေးစားဖို့ သင်ပေးထားတာလေ။ အင်အားကို အားကိုးပြီး အားနည်းတဲ့သူတွေကို အနိုင်ကျင့်ဖို့ သင်ပေးထားတာ မဟုတ်ဘူးကွ”
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်က လေးနက်သော မျက်နှာထားဖြင့် ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
သူက ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး ဆက်လက် ဆူပူလိုက်၏။
“မင်းတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ ဖြစ်နေလို့ ငါက သနားညှာတာ ပေးထားတာ။ ဒီနေ့ မင်းတို့ တောင်းပန်စကား မပြောဘူး ဆိုရင်တော့ ကြယ်တာရာမြို့တော် ကနေ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”
ထိုစကားကို ကြားသောအခါ ကျောင်းသား တစ်ယောက်က စိတ်တိုတိုနှင့် အော်ဟစ်လိုက်သည်။
“မင်းက ငါတို့ထက် ပိုအစွမ်းထက်နေရုံနဲ့ တစ်ခုခုများ အထင်ကြီးစရာ ဖြစ်နေပြီလို့ မထင်နဲ့။ မင်း ငါတို့ကို သတ်ရဲတဲ့ သတ္တိရှိမယ်လို့ ငါ မယုံဘူး”
“ဒါကတော့ ပြောရခက်တယ်။ မင်းတို့ကို သတ်ပစ်လိုက်တာက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်အတွက် အမှိုက်ရှင်းပေးလိုက်တာနဲ့ အတူတူပဲ။ ကျောင်းတော်မှာ မင်းတို့လို ကျောင်းသားတွေ ရှိနေတာ တကယ်ကို အရှက်ရစရာပဲ”
စစ်သည်တော်က အေးစက်စွာ တုံ့ပြန်လိုက်၏။
စကားပြောနေရင်းမှာပင် သူက ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားပြီး နောက်ထပ် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်လိုက်ပြန်သည်။
“ရပ်လိုက်စမ်း”
ထိုအခိုက်အတန့်မှာပင် ကြည်လင်ပြတ်သားသော အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာပြီးနောက် ပုံရိပ်တစ်ခုက လျှပ်တစ်ပြက် ရောက်ရှိလာကာ စစ်သည်တော်၏ တိုက်ခိုက်မှုကို ဝင်ရောက် တားဆီးလိုက်၏။
ရှန်ကွမ်းယွင်ယွင်က စစ်သည်တော်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်ကို ချက်ချင်း ခွဲခြားသိမြင်လိုက်၏။ ထိုလူသည် ကောင်းကင်ဘုံလူသား အဆင့် (၉) တွင် ရှိနေသည် မှန်သော်လည်း ကျောင်းသား နှစ်ယောက်ပေါင်းတာတောင် မယှဉ်နိုင်ဘူး ဆိုတော့ သူ၏ စွမ်းအားက မည်မျှတောင် ကြောက်စရာကောင်းနေမည်နည်း။
“ဆရာမ ရှန်ကွမ်း”
ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ ဒဏ်ရာရနေသည့် ကျောင်းသား နှစ်ယောက်မှာ ချက်ချင်းပင် ဝမ်းသာပီတိ ဖြစ်သွားကြတော့သည်။
“ဆရာမ ရှန်ကွမ်း ဟုတ်လား”
စစ်သည်တော်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး သူ၏ အကြည့်များက ရှေ့မှ ရင်သပ်ရှုမောဖွယ် လှပလွန်းသော အမျိုးသမီးကို အကဲခတ်နေသည်။
“ဝှစ်... ဝှစ်... ဝှစ်...”
လင်းမိုယန်၊ အကြီးအကဲ သုံးယောက်နှင့် ချီဟွမ်တို့ အားလုံး လျှပ်တစ်ပြက် ရောက်ရှိလာကြ၏။
“ရပ်လိုက်တော့”
ထိုလူမှာ နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော် တစ်ဦး ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ချီဟွမ်က အော်ဟစ် ဟန့်တားလိုက်၏။
“နဂါးနတ်ဘုရား နန်းတော်က စစ်သည်တော်လား”
လင်းမိုယန်နှင့် အကြီးအကဲ သုံးယောက်တို့ အံ့အားသင့်သွားကြသည်။
“သူတို့ အချင်းချင်း သိနေကြတာလား”
ရှန်ကွမ်းယွင်ယွင်က စစ်သည်တော်ကို အရင်ကြည့်လိုက်ပြီးနောက် ချီဟွမ်နှင့် အခြားသူများဆီသို့ အကြည့်ရွှေ့လိုက်၏။
“အစ်ကိုကြီး ချီဟွမ်”
စစ်သည်တော်က အံ့အားသင့်သွားပုံဖြင့် ကမန်းကတန်း မေးလိုက်သည်။
“အစ်ကိုကြီးတို့ အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ”
“နန်းတော်သခင် အတွက် ဆေးမြစ်တွေ လာယူတာလေ”
လွမ်ရှန်းက ပြန်ဖြေလိုက်၏။
“ခွမ်းကျန့်... ဘာတွေ ဖြစ်ကုန်တာလဲ။ မင်းက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေနဲ့ ဘာလို့ တိုက်ပွဲ ဖြစ်နေရတာလဲ”
လွမ်ရှန်းက နားမလည်နိုင်စွာဖြင့် ဆက်မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ခွမ်းကျန့်က ပြန်ရှင်းပြလိုက်၏။
“ဒီကောင်တွေ အားနည်းတဲ့ မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်နေကြတာ။ ကျွန်တော် လမ်းကြုံလို့ တွေ့သွားတာနဲ့ ဝင်ပါလိုက်တာပဲ။ ဒီကောင်လေးတွေက အရမ်း မောက်မာလွန်းတယ်။ သူတို့ကို တောင်းပန်ဖို့ ပြောတာကို ကျွန်တော့်ကိုတောင် ပြန်ပြီး ရန်မူသေးတယ်”
“ဘာ”
ထိုစကားကို ကြားလိုက်ရသောအခါ ရှန်ကွမ်းယွင်ယွင်၏ လှပသော မျက်နှာလေး ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး ကျန်းချူကို တည်ကြည်လေးနက်စွာ မေးလိုက်၏။
“ကျန်းချူ... သူပြောတာ တကယ်ပဲလား”
“ဆရာမ... ကျွန်တော်...”
ကျန်းချူနှင့် အခြားကျောင်းသားမှာ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး ဘာပြောရမှန်း မသိအောင် ဆွံ့အသွားကြတော့သည်။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေထဲမှာ ကောင်းတဲ့သူ သိပ်မရှိပါလားကွာ။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ မျက်နှာကို သူတို့ လုံးဝ အိုးမည်း သုတ်ပစ်လိုက်တာပဲ”
ဟွမ်ယန်က မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်၏။
“ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့”
ချီဟွမ်က အသံကို နှိမ့်ကာ လှမ်းဟန့်လိုက်၏။
ကျန်းချူတို့ ဘာမှ ပြန်မဖြေနိုင်သည်ကို မြင်လိုက်ရသောအခါ ခွမ်းကျန့် ပြောသည်မှာ အမှန်ပင် ဖြစ်ကြောင်း ရှန်ကွမ်းယွင်ယွင် သိလိုက်ပြီး ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။
“ယုတ်မာလိုက်တဲ့ ကောင်တွေ”
“ကျောင်းသားသစ်တွေအတွက် စံပြ ဖြစ်အောင်လို့ မင်းတို့ကို ငါ ခေါ်လာခဲ့တာလေ။ အခု မင်းတို့ ဘာတွေ လုပ်နေကြတာလဲ။ ကျောင်းတော်က မင်းတို့ကို အမြဲတမ်း ဘယ်လို သင်ပေးထားလဲ။ မင်းတို့က ကျောင်းတော်ရဲ့ မျက်နှာကို လုံးဝ အရှက်ခွဲပစ်လိုက်တာပဲ။ အခုချက်ချင်း တောင်းပန်စမ်း”
ရှန်ကွမ်းယွင်ယွင်က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ သူမ၏ လှပသော မျက်နှာလေးမှာ ရေခဲတမျှ အေးစက်နေ၏။
“တောင်းပန်ပါတယ်”
ကျန်းချူနှင့် အခြားကျောင်းသားက အလွန်တရာ ဝန်လေးနေသည့်ဟန်ဖြင့် တောင်းပန်လိုက်ကြသည်။ သူတို့၏ မျက်နှာထားများမှာ အလွန်တရာ အကျည်းတန် မှုန်ကုပ်နေလေ၏။
“အခုချက်ချင်း ပြန်ကြစမ်း။ အကြီးအကဲတွေ မင်းတို့ကို ဘယ်လို အပြစ်ပေးမလဲ ဆိုတာကိုသာ စောင့်နေလိုက်တော့”
ရှန်ကွမ်းယွင်ယွင်က ဒေါသတကြီး ဆူပူလိုက်၏။ သူမ တကယ်ကို ဒေါသထွက်နေပြီ ဖြစ်ရာ သူမ၏ စကားလုံးများတွင် ပြင်းလှသော အရှိန်အဝါများ ပြည့်နှက်နေသည်။
ချီဟွမ်နှင့် အခြားသူများ အပါအဝင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အားလုံးမှာ ရှန်ကွမ်းယွင်ယွင်၏ ပြင်းလှသော ကျင့်ကြံခြင်း စွမ်းအားကြောင့် တိတ်တဆိတ် လန့်ဖြန့်သွားကြသည်။
ကျန်းချူနှင့် အခြားတစ်ယောက်မှာ ဘာမှ ပြန်မပြောရဲတော့ဘဲ ခြေလှမ်းကျဲကျဲဖြင့် အမြန် ထွက်ခွာသွားကြတော့၏။
အားနည်းသူကို အနိုင်ကျင့်ခြင်း၊ အထူးသဖြင့် မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်ခြင်းသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် အတွက်တော့ အလွန် ကြီးလေးသော ပြစ်မှုတစ်ခု ဖြစ်သည်။
တိုက်ကြီး၏ နံပါတ်တစ် ကျောင်းတော်ကြီး တစ်ခုအနေဖြင့် ကျောင်းသားများ၏ ဤကဲ့သို့သော အမှားမျိုးကို မည်သို့လျှင် သည်းခံနိုင်မည်နည်း။ ဤသည်က ကျောင်းတော်အတွက် ကြီးမားသော အရှက်ရစရာ တစ်ခု ဖြစ်သွားမည် မဟုတ်ပါလော။
'ဒီ ခွမ်းကျန့် ဆိုတဲ့သူက သူတို့နဲ့ တစ်ဖွဲ့တည်းပဲ။ ပြီးတော့ သူက အရမ်းကို အစွမ်းထက်တယ်။ ကျန်းချူတို့ နှစ်ယောက်ပေါင်းတာတောင် သူ့ကို မနိုင်ဘူး'
ချုံယွင်က စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်နေမိသည်။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားတိုင်းသည် ဂုဏ်ယူဝင့်ကြွားဖွယ် ကောင်းကင်ဘုံ သားတော်များ ဖြစ်ကြပြီး ကျောင်းတော်၏ အစွမ်းထက် ကျင့်စဉ်များနှင့် သိုင်းကွက်များကို ကျင့်ကြံထားကြသူများ ဖြစ်သည်။ ထို့အပြင် အလွန်တရာ အစွမ်းထက်သော အကြီးအကဲများ၏ လမ်းညွှန်ပြသမှုများပါ ရရှိထားသဖြင့် သူတို့၏ စွမ်းအားမှာ သေချာပေါက် မနိမ့်ကျနိုင်ချေ။
သို့သော် ခွမ်းကျန့်က နှစ်ယောက် တစ်ယောက် တိုက်ခိုက်တာတောင်မှ ကျန်းချူတို့ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ခွမ်းကျန့် မည်မျှ အစွမ်းထက်ကြောင်းကို ရှင်းလင်းစွာ သိနိုင်သည်။
“ဆရာမ ရှန်ကွမ်း... ကြည့်ရတာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ မျက်နှာ မပျက်ရအောင် သူတို့ကို သေချာလေး ထပ်ပြီး လမ်းညွှန်ပေးဖို့ လိုဦးမယ် ထင်တယ်။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
ချီဟွမ်က ခပ်အေးအေးပင် ပြောလိုက်ပြီး လွမ်ရှန်းတို့နှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
ရှန်ကွမ်းယွင်ယွင်က စကားဆက်မပြောတော့ချေ။ ကျောင်းတော်၏ ဆရာမ တစ်ဦး အနေဖြင့် သူမ၏ ကျောင်းသားများက ဤကဲ့သို့ အရှက်ရဖွယ် လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ကြသဖြင့် သူမကိုယ်တိုင်လည်း မျက်နှာပြစရာ နေရာမရှိအောင် ရှက်ရွံ့နေမိသည်။
“ဥက္ကဋ္ဌလင်း... ဒီလို အရှက်ရစရာ ကိစ္စမျိုးကို မြင်တွေ့သွားရတဲ့အတွက် တောင်းပန်ပါတယ်”
ရှန်ကွမ်းယွင်ယွင်က သူမ၏ ရင်ထဲမှ ဒေါသများကို ကြိတ်မှိတ် မျိုသိပ်ကာ အားနာနာဖြင့် ပြောလိုက်၏။
လင်းမိုယန်က ခပ်ဟဟ ပြုံးရင်း ပြောလိုက်၏။
“သူတို့က ရန်ငြိုးမထားသွားလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီပြဿနာကို ဖြေရှင်းဖို့ ကျောင်းတော်က အကြီးအကဲ တစ်ယောက်ယောက်ကိုတောင် ခေါ်ရမလားပဲ”
ထိုစကားကို ကြားသောအခါ ချုံယွင်က မကျေမနပ်ဖြင့် ဝင်ပြောလိုက်၏။
“ဥက္ကဋ္ဌလင်း... သူတို့ကများ ငါတို့ကို သတ်ရဲတယ်လို့ ပြောချင်တာလား”
“ဆရာမ ရှန်ကွမ်းသာ ဒီမှာ မရှိဘူးဆိုရင်... ပြီးတော့ သူတို့သာ မတောင်းပန်ဘူးဆိုရင်... နဂါးနတ်ဘုရား နန်းတော်ရဲ့ လုပ်ရပ်တွေအရ သူတို့က သေချာပေါက် သတ်ပစ်မှာပဲ”
လင်းမိုယန်က ပြတ်သားစွာ ပြန်ဖြေလိုက်၏။
“ဥက္ကဋ္ဌလင်း... ဒီ နဂါးနတ်ဘုရား နန်းတော်က တကယ်တော့ ဘာအဖွဲ့အစည်းလဲ။ ဘာဖြစ်လို့ အရင်က တစ်ခါမှ မကြားဖူးရတာလဲ”
ရှန်ကွမ်းယွင်ယွင်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။
“နဂါးနတ်ဘုရား နန်းတော်က တည်ထောင်တာ တစ်နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမဲ့ ကြယ်တာရာနယ်မြေရဲ့ ထိပ်သီး အင်အားစုကြီး တစ်ခု ဖြစ်နေပြီ။ နဂါးနတ်ဘုရား နန်းတော်က လူတိုင်းက အရမ်းကို အစွမ်းထက်ကြတယ်။ ချီဟွမ်ကိုပဲ ကြည့်လေ... ကောင်းကင်ဘုံလူသား အဆင့် (၇) မှာ ရှိနေပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အဆင့် (၉) နဲ့ ညီမျှတယ်။ ဝူကျိနယ်မြေမှာ နဂါးနတ်ဘုရား နန်းတော်ကို သွားမစော်ကားမိစေနဲ့... မဟုတ်ရင် ကျုပ်လည်း ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး”
လင်းမိုယန်က တည်ငြိမ်စွာ ရှင်းပြလိုက်၏။
လင်းမိုယန်၏ စကားကို ကြားလိုက်ရသောအခါ သူသည် အလွန်တရာ သတိထားနေကြောင်းကို ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများ ရိပ်မိလိုက်ကြသည်။
“တစ်နှစ်တောင် မပြည့်သေးဘူး ဟုတ်လား”
ချုံယွင်နှင့် အခြားသူများမှာ မျက်လုံးများ ပြူးကျယ်သွားသည်အထိ နောက်တစ်ကြိမ် တအံ့တဩဖြစ်သွားကြပြန်၏။
ရှန်ကွမ်းယွင်ယွင်က မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်တော့သည်။
“တစ်နှစ်တောင် မပြည့်သေးဘူးတဲ့လား... ဒီ ဖုန်းဝူချန် ဆိုတာက တကယ်ပဲ အဲဒီလောက်အထိ နတ်ဘုရားဆန်ဆန် အစွမ်းထက်နေတာလား”
အခန်း (၇၃၄) - ကျောင်းသားသစ် ခေါ်မရခြင်း
~နဂါးနတ်ဘုရား နန်းတော်သည် တစ်နှစ်ပင် မပြည့်သေးသော အချိန်တိုလေး အတွင်း ကြယ်တာရာနယ်မြေ၏ ထိပ်သီး အင်အားစုကြီးတစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
ဤမျှ အံ့မခန်း မြန်ဆန်လှသော ကြီးထွားလာမှုက လူတိုင်းကို တုန်လှုပ်သွားစေပြီး ယုံကြည်နိုင်စရာပင် မရှိတော့ချေ။
ရှန်ကွမ်းယွင်ယွင်သည် အင်အားကြီး အဖွဲ့အစည်းများစွာကို တွေ့မြင်ဖူးခဲ့သော်လည်း ဤမျှ ကြောက်စရာကောင်းလောက်အောင် လျင်မြန်စွာ တိုးတက်လာသည့် အဖွဲ့အစည်းမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ရှန်ကွမ်းယွင်ယွင်နှင့် အခြားသူများ မသိကြသေးသည့် အချက်မှာ နဂါးနတ်ဘုရား နန်းတော်သည် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကြီးကိုပါ တည်ထောင်ထားပြီး ဝူကျိနယ်မြေမှ အင်အားကြီး အဖွဲ့အစည်းများ အားလုံးကို စုစည်းကာ အလွန်တရာ ကြီးမားလှသော မဟာမိတ် အင်အားစုကြီး တစ်ခုအဖြစ် ပုံဖော်ထားပြီး ဖြစ်ကြောင်းပင်တည်း။
သေချာသည်က လင်းမိုယန်သည် ထိုအကြောင်းများကို အသေးစိတ် ရှင်းပြမနေခဲ့ချေ။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများကို နဂါးနတ်ဘုရား နန်းတော်အား သွားရောက် မစော်ကားမိစေရန် စေတနာသက်သက်ဖြင့် သတိပေးလိုက်ခြင်းသာ ဖြစ်လေ၏။
ရှန်ကွမ်းယွင်ယွင်က ယဉ်ကျေးပျူငှာသော အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ဥက္ကဋ္ဌလင်းနဲ့ အကြီးအကဲ သုံးယောက်... ကျွန်မ သူတို့ကို ကျောင်းတော်ဆီ ခေါ်သွားပြီး အစီရင်ခံရဦးမှာမို့လို့ ဒီကနေပဲ နှုတ်ဆက်ခွင့်ပြုပါဦး”
ထိုအခါ၊ လင်းမိုယန်က ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။
“ဆရာမ ရှန်ကွမ်း... ဖြည်းဖြည်း သွားပါဗျာ”
ရှန်ကွမ်းယွင်ယွင်သည် ကျောင်းသားသစ်များကို ခေါ်ဆောင်ကာ ကျောင်းတော်သို့ ပြန်ရန် ပြင်လိုက်ချိန်တွင် ထိုကျောင်းသားများထဲမှ အချို့မှာ မျက်နှာမကောင်းဘဲ တစ်စုံတစ်ရာကို စိုးရိမ်ပူပန်နေကြကြောင်း သတိထားမိလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှန်ကွမ်းယွင်ယွင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
“ဆရာမ ရှန်ကွမ်း... ကျွန်တော် စိတ်ပြောင်းသွားလို့ ရမလားဟင်။ ကျွန်တော် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို မသွားချင်တော့ဘူး”
ပါရမီရှင် တစ်ယောက်က အနည်းငယ် ထိတ်လန့်နေသော ဟန်ပန်ဖြင့် ရုတ်တရက် ထွက်ပြောလိုက်၏။
“မသွားတော့ဘူး ဟုတ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ ရှန်ကွမ်းယွင်ယွင်မှာ အကြီးအကျယ် အံ့အားသင့်သွားရတော့သည်။
ဒါက အိပ်မက်များ မက်နေတာလား။ တိုက်ကြီးပေါ်ရှိ မရေမတွက်နိုင်သော ပါရမီရှင်များ အားလုံးသည် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ ဝင်ခွင့်ရရန် အိပ်မက် မက်နေကြရသည် မဟုတ်ပါလော။ ယခု ဤပါရမီရှင်က ဝင်ခွင့် နေရာတစ်ခုကို ချောချောမွေ့မွေ့ ရရှိထားပြီးမှ မသွားချင်တော့ဘူးဟု ပြောထွက်လာသည်တဲ့လား။
“ဟေ့ကောင်လေး... မင်း ရူးသွားပြီလား”
ကျောင်းသား တစ်ယောက်က မနေနိုင်တော့ဘဲ ဒေါသတကြီး ဝင်ရောက် ဆူပူလိုက်သည်။
“ကျွန်တော်လည်း မသွားချင်တော့ဘူး။ နဂါးနတ်ဘုရား နန်းတော်ကိုပဲ သွားတော့မယ်”
အခြား ပါရမီရှင် တစ်ယောက်ကလည်း ပြတ်သားစွာ ပြောလိုက်၏။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က တိုက်ကြီးရဲ့ နံပါတ်တစ် ကျောင်းတော် ဆိုပေမယ့်လည်း... ကျွန်တော်လည်း မသွားချင်တော့ဘူး”
နောက်ထပ် ပါရမီရှင် တစ်ယောက်ကလည်း ထပ်လောင်း အတည်ပြုလိုက်သည်။
သူတို့ သုံးယောက်လုံး၏ စကားကို ကြားလိုက်ရသောအခါ ရှန်ကွမ်းယွင်ယွင်မှာ အခိုက်အတန့်မျှ ဘာပြောရမှန်း မသိအောင် ဆွံ့အသွားရ၏။
အစောပိုင်းက ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် ကျောင်းတော်အပေါ် အမြင်မကြည် ဖြစ်သွားပြီး မသွားချင်တော့သည်လား ဆိုသည်ကို သူမ သေချာ မသိနိုင်ပေ။
“နဂါးနတ်ဘုရား နန်းတော်... နဂါးနတ်ဘုရား နန်းတော်တဲ့လား”
ချုံယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နဂါးနတ်ဘုရား နန်းတော်က ဘာတွေများ အဲဒီလောက် ကောင်းနေလို့လဲ။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်နဲ့ ယှဉ်လို့ ရမလားကွ။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာ မြေကမ္ဘာအဆင့် ကျင့်စဉ်တွေ၊ မြေကမ္ဘာအဆင့် သိုင်းကွက်တွေ ရှိတယ်။ နဂါးနတ်ဘုရား နန်းတော်မှာကော ရှိလို့လား။ ကျောင်းတော်က ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲတွေ အားလုံးက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေချည်းပဲ။ နဂါးနတ်ဘုရား နန်းတော်မှာကော ရှိလို့လား။ ကျောင်းတော်နဲ့ ယှဉ်ရင် နဂါးနတ်ဘုရား နန်းတော် ဆိုတာ ဘာမှ မဟုတ်ဘူးကွ”
ချုံယွင်မှာ ဒေါသထွက်လွန်းသဖြင့် ရင်ကွဲမတတ် ဖြစ်နေတော့၏။ နဂါးနတ်ဘုရား နန်းတော် ဆိုသည့် နာမည်ကို ကြားလိုက်ရသည်နှင့် သူ၏ ရင်ထဲတွင် မီးတောက်များ လောင်ကျွမ်းလာတော့၏။
ချုံယွင်၏ ဒေါသတကြီး ဟိန်းဟောက်မှုကြောင့် ပါရမီရှင်များ အားလုံး အလွန်တရာ ထိတ်လန့်သွားကြပြီး မျက်နှာများ သွေးဆုတ်ဖြူရော်သွားကြသည်။
“ပါးစပ်ပိတ်ထားစမ်း”
ရှန်ကွမ်းယွင်ယွင်က ချုံယွင်ကို စိမ်းစိမ်းကြည့်ကာ အေးစက်စွာ ဟစ်အော်လိုက်၏။
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က မင်းတို့ ထင်ထားသလိုမျိုး မဟုတ်ပါဘူး။ ကျောင်းသား တချို့က နည်းနည်း မောက်မာကြပေမယ့် ကျောင်းသား အများစုကတော့ တကယ်ကို အမူအကျင့် ကောင်းကြပါတယ်”
ရှန်ကွမ်းယွင်ယွင်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“ဆရာမ... ကျွန်တော် တကယ်ကို မသွားချင်တော့လို့ပါ”
ပါရမီရှင် တစ်ယောက်က ပြတ်သားစွာ ပြောလိုက်၏။ သူ၏ မျက်နှာအမူအရာက မည်သို့ပင် ဖြောင်းဖြစေကာမူ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ လုံးဝ လိုက်မည် မဟုတ်ကြောင်း ပြသနေ၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ရုတ်တရက် ဟင်းလင်းပြင်ကို အပြင်းအထန် ခွဲထုတ်လာသော အသံများ ထွက်ပေါ်လာပြီး ပုံရိပ် တစ်ဒါဇင်ကျော်ခန့် လျှပ်တစ်ပြက် ပျံသန်းလာကြသည်။ သူတို့၏ အမြန်နှုန်းက အလွန် အံ့မခန်း ဖြစ်ပြီး မျက်တောင်အနည်းငယ် ခတ်အတွင်းမှာပင် ရှန်ကွမ်းယွင်ယွင်တို့၏ ရှေ့သို့ ရောက်ရှိလာကြတော့သည်။
“ဆရာ ချင်ဝူရွှမ် ပါလား”
ရှန်ကွမ်းယွင်ယွင်နှင့် ချုံယွင်တို့မှာ စကားပင် မပြောနိုင်လောက်အောင် အံ့အားသင့်သွားကြသည်။
ရောက်လာသူမှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ဆရာတစ်ဦး ဖြစ်သော ချင်ဝူရွှမ် ဖြစ်ပြီး သူ၏ နောက်တွင်လည်း ကျောင်းသား တစ်ဒါဇင်ခန့် ပါလာလေ၏။
“ဆရာ ဝူရွှမ်... ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
ရှန်ကွမ်းယွင်ယွင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
“မလာဘဲ နေလို့ ရမလားဗျာ”
ချင်ဝူရွှမ်က စိတ်ပျက်အားငယ်မှုနှင့် အားကိုးရာမဲ့မှုများ အပြည့်ပါသော မျက်နှာထားဖြင့် ပြောလိုက်၏။
“ဒီနှစ်တော့ ကျောင်းသား တစ်ယောက်မှတောင် ခေါ်လို့ မရခဲ့ဘူး။ စာရင်းလာသွင်းတဲ့ ပါရမီရှင်တွေကလည်း အရည်အချင်း မပြည့်မီကြဘူး။ အရည်အချင်း ပြည့်မီတဲ့ သူတွေကလည်း စာရင်းလာမသွင်းကြဘူးလေ”
“တစ်ယောက်မှတောင် စာရင်းမသွင်းဘူး ဟုတ်လား”
ချုံယွင်နှင့် အခြားသူများမှာ လုံးဝ ကြောင်အမ်းသွားကြတော့သည်။
“ဟူး... တကယ်ကို ထူးဆန်းတယ်။ ငါ ကိုယ်တိုင် သူတို့ဆီကို တစ်ယောက်ချင်းစီ လိုက်သွားပြီး မေးကြည့်တာတောင်မှ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို လာဖို့ စိတ်ကူးမထားဘူးလို့ အကုန်လုံးက ပြောကြတယ်ကွာ”
ချင်ဝူရွှမ်က ပြောလေလေ ပို၍ အားကိုးရာမဲ့လေလေ ဖြစ်လာပြီး အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေပုံ ရသည်။
ဤကဲ့သို့ ထူးဆန်းသော အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးချေ။
ယခင်နှစ်များကဆိုလျှင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ ကျောင်းသားသစ် ခေါ်ယူရာတွင် ထောင်နှင့်ချီသော လူများက အလုအယက် စာရင်းသွင်းရန် ကြိုးစားကြပြီး ပြိုင်ဆိုင်မှုများက အလွန် ပြင်းထန်လေ့ ရှိသည် မဟုတ်ပါလော။
“တကယ်ပဲ ထူးဆန်းတယ်။ ဒီနှစ် ကြယ်တာရာနယ်မြေမှာတောင် စာရင်းလာသွင်းတဲ့သူ လူတစ်ရာကျော်လေးပဲ ရှိတယ်။ အရင်နှစ်တွေတုန်းကဆိုရင် ထောင်နဲ့ချီပြီး ရှိခဲ့တာကို”
ရှန်ကွမ်းယွင်ယွင်က မျက်မှောင်ကြုတ်ရင်း ထောက်ခံလိုက်၏။
“ဆရာမ ရှန်ကွမ်း... သူတို့ အားလုံးက နဂါးနတ်ဘုရား နန်းတော်ကိုပဲ ဝင်ချင်တယ်လို့ ပြောနေကြတာ။ ပြီးတော့ ပါရမီရှင် တော်တော်များများကလည်း နဂါးနတ်ဘုရား နန်းတော်ထဲကို ရောက်နှင့်နေကြပြီတဲ့”
ကျောင်းသား တစ်ယောက်က ဝင်ပြောလိုက်သည်။
"နဂါးနတ်ဘုရား နန်းတော်ကို ဝင်မယ် ဟုတ်လား"
ရှန်ကွမ်းယွင်ယွင်သည် အစောပိုင်းက နောင်တရနေသော ပါရမီရှင် သုံးယောက်ထံသို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။
“ဆရာ ဝူရွှမ်... ဒီသုံးယောက်ကလည်း စိတ်ပြောင်းသွားပြီတဲ့။ သူတို့လည်း နဂါးနတ်ဘုရား နန်းတော်ကိုပဲ ဝင်ချင်တယ်လို့ ပြောနေကြတယ်”
ချုံယွင်က လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်၏။
“နဂါးနတ်ဘုရား နန်းတော်က ကြယ်တာရာနယ်မြေထဲမှာ ရှိတာပဲလေ။ ဒီ နဂါးနတ်ဘုရား နန်းတော်ဆိုတာ တကယ်တော့ ဘယ်လို အင်အားစုမျိုး ဖြစ်နေလို့များ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက်တောင် ပါရမီရှင်တွေကို ပိုပြီး ဆွဲဆောင်နိုင်ရတာလဲ ဆိုတာ ငါ တကယ် သွားကြည့်ချင်နေပြီ။ ပြီးတော့ ဒီ နဂါးနတ်ဘုရား နန်းတော်ဆိုတဲ့ နာမည်ကို အရင်နှစ်တွေက တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး”
ချင်ဝူရွှမ်က အားမလိုအားမရ ပြုံးရင်း ပြောလိုက်၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ချင်ဝူရွှမ်၏ စကားအဆုံးမှာပင် မလှမ်းမကမ်းရှိ ကောင်းကင်ယံထံမှ ဟင်းလင်းပြင်ကို ခွဲထုတ်လာသော အသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။
“ဆရာ ယန်ယီယွင် ပါလား”
“ဆရာ ရွှီထျန်းဟုန် လည်း ပါတယ်”
ထိုသူများ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ချုံယွင်နှင့် အခြားသူများမှာ အံ့အားသင့်သွားကြပြီး သူတို့ အားလုံး တစ်စုံတစ်ရာကို ခန့်မှန်းမိသွားကြတော့၏။
“ခင်ဗျားတို့လည်း ကျောင်းသားတွေ ခေါ်လို့ မရခဲ့ဘူးလား”
ချင်ဝူရွှမ်က အံ့အားသင့်စွာ မေးလိုက်မိသည်။
သူတို့၏ နောက်တွင်လည်း သူစိမ်း မျက်နှာ တစ်ယောက်မှ ပါမလာခဲ့သည် မဟုတ်ပါလော။
“ဟုတ်တယ်ဗျာ”
“ဒီနှစ်က တကယ်ကို ထူးဆန်းလွန်းတယ်။ အနောက်ပိုင်းဒေသက ပါရမီရှင်တွေ အကုန်လုံးက နဂါးနတ်ဘုရား နန်းတော် ဆိုလား... အဲဒီကို အကုန် ဝင်သွားကြပြီတဲ့”
ထိုသို့၊ ဆရာ ယန်ယီယွင်က ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်၏။
“ဝူကျိနယ်မြေမှာလည်း အတူတူပဲ... တကယ်ကို ထူးဆန်းတယ်။ ဒီ နဂါးနတ်ဘုရား နန်းတော် ဆိုတာက တကယ်တော့ ဘာကြီးလဲဗျာ။ ပါရမီရှင်တွေ အားလုံးက အဲဒီကိုပဲ ဝင်သွားကြတယ်ဆိုတော့”
ဟု ရွှီထျန်းဟုန်ကလည်း အလွန်တရာ စိတ်အားထက်သန်စွာဖြင့် ဝင်ပြောလိုက်သည်။
“မပြောပါနဲ့တော့... ဒီက ဆရာ ဝူရွှမ်လည်း ဘယ်သူ့ကိုမှ ခေါ်လို့ မရခဲ့ဘူးလေ။ ကျောင်းအုပ်ကြီးက နေရာနှစ်နေရာတောင် ပိုပေးလိုက်သေးတယ်လို့ တွေးကြည့်ပါဦး။ အခုလည်း ဒီမှာ... ဒီသုံးယောက်က နောင်တရသွားပြီး နဂါးနတ်ဘုရား နန်းတော်ကိုပဲ ဝင်ချင်တယ်လို့ ပြောနေကြပြန်ပြီ”
ရှန်ကွမ်းယွင်ယွင်ကလည်း အားကိုးရာမဲ့စွာဖြင့် ပြောလိုက်၏။
ဝူကျိနယ်မြေ၏ အဓိက ဒေသကြီး လေးခုတွင် ရှန်ကွမ်းယွင်ယွင် မှလွဲ၍ ကျန်ဆရာ သုံးယောက်စလုံးမှာ ကျောင်းသား တစ်ယောက်ကိုမျှ ခေါ်ယူနိုင်ခြင်း မရှိခဲ့ကြချေ။ ဤသည်ကား သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် စတင် တည်ထောင်ကတည်းက သမိုင်းတစ်လျှောက် အထူးဆန်းဆုံးသော အဖြစ်အပျက်ကြီးပင် ဖြစ်တော့သည်။
“ဆရာ... ကျွန်တော်တို့ ကျောင်းတော်က ကျောင်းသားသစ် ခေါ်တော့မယ်ဆိုတာကို နဂါးနတ်ဘုရား နန်းတော်က ကြိုသိပြီး လူတွေကို ကြိုတင် ခေါ်ထားလိုက်တာများလား”
ကျောင်းသား တစ်ယောက်က ဒေါသတကြီး ခန့်မှန်းလိုက်သည်။
“အဲဒီလို ဖြစ်ဖို့ သေချာတယ်။ ဆရာ... ကျွန်တော်တို့ နဂါးနတ်ဘုရား နန်းတော်ကို သွားပြီး အခြေအနေ သွားကြည့်ရအောင်”
“ဟုတ်တယ်... နဂါးနတ်ဘုရား နန်းတော်က ကျွန်တော်တို့ ကျောင်းတော်နဲ့ လူလာလုနေတာပဲ”
“ဆရာ... အခုချက်ချင်း နဂါးနတ်ဘုရား နန်းတော်ကို သွားကြစို့”
ကျောင်းသားများ အားလုံး ဒေါသတကြီး ဖြစ်သွားကြပြီး ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေရန် နဂါးနတ်ဘုရား နန်းတော်သို့ သွားကြမည်ဟု ဆူညံစွာ အော်ဟစ်နေကြတော့၏။
“မင်းတို့က ကြယ်တာရာနယ်မြေ က လူတွေပဲ။ နဂါးနတ်ဘုရား နန်းတော် အကြောင်းကို တစ်ခုခု သိထားတာ ရှိလား”
ချင်ဝူရွှမ်က မိုချင်းယွင်နှင့် အခြားသူများကို လှမ်းမေးလိုက်သည်။
“သခင်လေးမိုကတော့ အတော်လေး သိလောက်ပါတယ်။ ကျွန်တော်တို့က အင်အားကြီး အဖွဲ့အစည်းတွေ၊ နာမည်ကြီး မိသားစုတွေက လာတာ မဟုတ်တော့ နဂါးနတ်ဘုရား နန်းတော် အကြောင်းကို သိပ်နားမလည်ပါဘူး”
ပါရမီရှင် တစ်ယောက်က ခေါင်းကို ခပ်ဖွဖွ ယမ်းရင်း ပြန်ဖြေလိုက်၏။
ထိုအခါ ရှန်ကွမ်းယွင်ယွင်၊ ချင်ဝူရွှမ်နှင့် အခြားသူများ၏ အကြည့်များက မိုချင်းယွင်ထံသို့ အလိုအလျောက် ရောက်ရှိသွားကြတော့သည်။
သူတို့ထဲတွင် မိုချင်းယွင် တစ်ယောက်တည်းကသာ ဖုန်းဝူချန်နှင့် နဂါးနတ်ဘုရား နန်းတော်၏ အကြောင်းကို ပို၍ ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
ထျန်းတောက်ဂိုဏ်းသည် မဟာမိတ် အဖွဲ့အစည်းထဲတွင် ပါဝင်သော်ငြား မိုချင်းယွင် ကိုယ်တိုင်က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ သွားရောက်လိုသဖြင့် ယခုလို လာရောက် စာရင်းသွင်းခဲ့ခြင်း ဖြစ်၏။
မိုချင်းယွင်က အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“ကျွန်တော်လည်း နဂါးနတ်ဘုရား နန်းတော်က လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်က ဖုန်းဝူချန်နဲ့ ရန်ငြိုး နည်းနည်း ရှိနေလို့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို လာဖို့ စဉ်းစားခဲ့တာပါ။ ခင်ဗျားတို့ အားလုံးကို အကြံပေးချင်တာကတော့ နဂါးနတ်ဘုရား နန်းတော်ကို သွားပြီး ပြဿနာ မရှာကြပါနဲ့”
“နဂါးနတ်ဘုရား နန်းတော်က အဲဒီလောက်တောင် အစွမ်းထက်လို့လား”
ကျောင်းသား တစ်ယောက်က မောက်မာစွာ ဝင်မေးလိုက်၏။
“ခင်ဗျားတို့ စိတ်ကူးနိုင်တာထက်ကို အများကြီး ပိုပြီး အစွမ်းထက်တယ်”
ဟု မိုချင်းယွင်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
“နဂါးနတ်ဘုရား နန်းတော်က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက် ပိုအစွမ်းထက်တယ် ဆိုတာကို ငါ..လုံးဝ မယုံဘူးကွာ”
အခြား ကျောင်းသား တစ်ယောက်ကလည်း မကျေမနပ်ဖြင့် အော်ဟစ်နေလေ၏။
အခန်း (၇၃၅) - သိချင်စိတ်
~"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ထက် ပိုအစွမ်းထက်သလား ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ခင်ဗျားတို့ သွားချင်ရင် သွားကြပါ။ ကျွန်တော်တော့ မလိုက်ဘူး။ ဒီကနေပဲ ခင်ဗျားတို့ ပြန်လာမယ့် အချိန်ကို စောင့်နေမယ်"
မိုချင်းယွင်က ခေါင်းယမ်းကာ ပြတ်သားစွာ ပြောလိုက်၏။ မာနထောင်လွှားနေသော ထိုကျောင်းသားများကို သူ အနည်းငယ်မျှပင် မျက်စိကျခြင်း မရှိချေ။
မိုချင်းယွင်၏ စကားကြောင့် ရှန်ကွမ်းယွင်ယွင်နှင့် အခြား ဆရာများမှာ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး တအံ့တဩဖြစ်သွားကြတော့သည်။
သို့သော် သူတို့ ကြားရလေလေ တစ်ခါမှ မကြားဖူးခဲ့သော ထို နဂါးနတ်ဘုရား နန်းတော် ဆိုသည်က မည်သို့သော အင်အားစုမျိုး ဖြစ်နေသနည်း ဆိုသည်ကို ပို၍ သိချင်စိတ် ပြင်းပြလာလေလေ ဖြစ်၏။
ဆရာလေးယောက်စလုံး အချင်းချင်း တိုင်ပင်ပြီးနောက် သူတို့၏ သိချင်စိတ်ကို မလွန်ဆန်နိုင်တော့ဘဲ နဂါးနတ်ဘုရား နန်းတော်သို့ ကိုယ်တိုင် သွားရောက် အကဲခတ်ရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်နှစ်ပင် မပြည့်သေးသော အချိန်တိုအတွင်း နဂါးနတ်ဘုရား နန်းတော်သည် အလွန်တရာ လျင်မြန်စွာ အင်အား ကြီးထွားလာခဲ့သည် မဟုတ်ပါလော။
ဝူကျိနယ်မြေ၏ အဓိက ဒေသကြီး လေးခုမှ ပါရမီရှင်များ အားလုံးကလည်း နဂါးနတ်ဘုရား နန်းတော်သို့ အလုအယက် ဝင်ရောက်ချင်နေကြသည်။
ထိုအချက်များက ဆရာလေးယောက်၏ သိချင်စိတ်ကို အပြင်းအထန် လှုံ့ဆော်ပေးနေတော့၏။
"ဆရာတို့ လေးယောက်... တကယ်လို့ နဂါးနတ်ဘုရား နန်းတော်ကို သွားမယ်ဆိုရင်တော့ ဖုန်းဝူချန်ကို မစော်ကားမိအောင် သတိထားကြပါ။ မဟုတ်ရင် ခင်ဗျားတို့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး"
မိုချင်းယွင်က ဆရာလေးယောက်၏ ဆုံးဖြတ်ချက်ကို သိလိုက်ရချိန်တွင် လေးနက်စွာ သတိပေးလိုက်၏။
နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင် တစ်ယောက်အနေဖြင့် နဂါးနတ်ဘုရား နန်းတော်၏ ပြင်းထန်သည့် စွမ်းအားကို မိုချင်းယွင် အသေအချာ သိရှိထားသူ ဖြစ်သည်။
ဆရာလေးယောက်နှင့် ကျောင်းသား ဒါဇင်ပေါင်းများစွာသည် နဂါးနတ်ဘုရား နန်းတော်ရှိရာသို့ ပျံသန်း ထွက်ခွာသွားကြတော့သည်။
သူတို့၏ အမြန်နှုန်းအရ ဆိုလျှင် ဆယ်မိနစ်ခန့်မျှ ပျံသန်းလိုက်ရုံဖြင့် နဂါးနတ်ဘုရား နန်းတော်သို့ ရောက်ရှိသွားပေမည်။
ဆေးဧကရာဇ် တောင်ထွတ်။ အလွန်တရာ ထူးခြားပြီး ခမ်းနားထည်ဝါသော တောင်ထွတ်ကြီး တစ်ခုသည် ပေထောင်ချီ ကျယ်ဝန်းသော နေရာတွင် အထီးကျန်စွာ ရပ်တည်နေလေ၏။
ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများ အားလုံး ပြင်းထန်သော တိုက်ပွဲကြီး တစ်ခုကြောင့် ပြိုကျ ပျက်စီးကာ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ကြောင်းကို မြင်တွေ့ရုံဖြင့် သိနိုင်သည်။ ထိုဖျက်ဆီးခြင်း စွမ်းအားက မည်မျှ ကြောက်စရာကောင်းမည် ဆိုသည်ကို တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းဖွယ်ရာ ကောင်းလှသည်။
နဂါးနတ်ဘုရား နန်းတော်သည် အင်အားချဲ့ထွင်နေပြီ ဖြစ်ရာ ဆေးဧကရာဇ် တောင်ထွတ် ပတ်လည်ရှိ မြေပြန့်လွင်ပြင်များပေါ်တွင် အခြားသော နန်းတော်ဆောင် အသီးသီးကို စတင် တည်ဆောက်နေကြပြီ ဖြစ်သည်။
"ဒါက နဂါးနတ်ဘုရား နန်းတော်လား"
ဆေးဧကရာဇ် တောင်ထွတ်၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာသောအခါ ဆရာလေးယောက်နှင့် ကျောင်းသား အားလုံး အလွန်အမင်း အံ့အားသင့်သွားကြသည်။
ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးက ဒီလောက် ကြီးမားတဲ့ ပျက်စီးမှုကြီးကို ဖြစ်ပေါ်စေခဲ့တာလဲ။
ဆေးဧကရာဇ် တောင်ထွတ် တစ်ခုတည်းသာ ကျန်ရစ်နေခဲ့မှုက နဂါးနတ်ဘုရား နန်းတော်ကို လောကကြီးအား အုပ်စိုးနေသော ဘုရင်တစ်ပါးအလား ခမ်းနား ထည်ဝါနေစေပြီး ကြည့်ရသူတိုင်းကို ရိုသေလေးစားမှုများ ဖြစ်ပေါ်လာစေတော့၏။
"ခမ်းနားလိုက်တဲ့ နန်းတော်ကြီးပဲ။ ရဲတိုက်ကြီး တစ်ခုကျနေတာပဲ"
ကျောင်းသား တစ်ယောက်က တအံ့တဩဖြစ်ကြောင်အမ်းစွာဖြင့် ရေရွတ်လိုက်၏။
"ကြယ်တာရာနယ်မြေမှာ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကြီး တည်ဆောက်ထားနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ရှန်ကွမ်းယွင်ယွင် ကိုယ်တိုင်လည်း မျက်နှာပေါ်တွင် အံ့အားသင့်မှုများ အပြည့် ထင်ဟပ်နေသည်။
နဂါးနတ်ဘုရား နန်းတော်၏ ခမ်းနားကြီးကျယ်မှုက သူတို့၏ စိတ်ကူးနိုင်စွမ်းထက်ပင် လွန်ကဲနေသည်။ ကြည့်လိုက်ရုံဖြင့် ဧရာမ အင်အားစုကြီး တစ်ခု၏ အရှိန်အဝါကို ချက်ချင်း အာရုံခံမိစေသည်။
"နဂါးနတ်ဘုရား နန်းတော်က တကယ်ကို သာမန် မဟုတ်ဘူး။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေ မရှိပေမယ့် ထျန်းကျီဘုံ ပညာရှင် တစ်ဒါဇင်ကျော် ရှိနေတယ်။ ပြီးတော့ သူတို့ တစ်ယောက်ချင်းစီတိုင်းကလည်း အရမ်းကို အစွမ်းထက်ကြတယ်။ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ ဒီလောက် အင်အားစုကြီး တစ်ခုဖြစ်လာအောင် တည်ဆောက်နိုင်တဲ့ ဖုန်းဝူချန် ဆိုတာ လုံးဝ အထင်သေးလို့ မရတဲ့သူပဲ"
ဆရာ ယန်ယီယွင်က တည်ကြည်လေးနက်စွာ မှတ်ချက်ချလိုက်၏။
"နဂါးနတ်ဘုရား နန်းတော်ရဲ့ တိုးတက်မှု အမြန်နှုန်းက အံ့မခန်း ဖြစ်ပြီး စိတ်ကူးလို့ မရနိုင်လောက်အောင် မြန်ဆန်တာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ကို ထိပ်သီး အင်အားစုကြီး တစ်ခုလို့ သတ်မှတ်ဖို့ဆိုတာ အများကြီး လိုပါသေးတယ်"
ဟု ချုံယွင်က မထီမဲ့မြင်ကဲ့ရဲ့ကာ ပြောလိုက်၏။
ထိုအခါ၊ ရှန်ကွမ်းယွင်ယွင်က ခေါင်းယမ်းလိုက်လိုက်သည်။
"ဒီလောက် မရိုးရှင်းဘူး။ လေလံရုံရဲ့ ဥက္ကဋ္ဌနဲ့ အကြီးအကဲ သုံးယောက်က နဂါးနတ်ဘုရား နန်းတော်ကို တော်တော်လေး ကြောက်ရွံ့နေကြတာ သိသာတယ်။ တကယ်လို့ နဂါးနတ်ဘုရား နန်းတော်မှာ ဒီလောက် အင်အားလေးပဲ ရှိမယ်ဆိုရင် ဥက္ကဋ္ဌလင်းက သူတို့ကို ဒီလောက်အထိ သတိထားနေမှာ မဟုတ်ဘူး"
"မှန်ပါတယ်။ လေလံရုံရဲ့ အင်အားက မသေးဘူး။ ကျန်းမိသားစု ပြီးရင် ဒုတိယ အင်အားအကြီးဆုံးပဲ။ နဂါးနတ်ဘုရား နန်းတော်က အပေါ်ယံ မြင်နေရသလို ရိုးရှင်းမနေဘူး ဆိုတာ သေချာတယ်"
ရွှီထျန်းဟုန်ကလည်း ရှန်ကွမ်းယွင်ယွင်၏ စကားကို ခေါင်းညိတ် ထောက်ခံလိုက်၏။
"နဂါးနတ်ဘုရား နန်းတော်ကို ဘာကိစ္စများ ရှိလို့ပါလဲ ခင်ဗျာ"
ထိုအချိန်မှာပင် ရှန်ကွမ်းယွင်ယွင်တို့ကို သတိထားမိသွားသော အစောင့်စစ်သည်တော်များက ရှေ့သို့ တက်လာပြီး ယဉ်ကျေးပျူငှာစွာ မေးမြန်းလိုက်ကြသည်။
ထိုအခါ ချင်ဝူရွှမ်က ကမန်းကတန်း ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာတွေပါ။ နန်းတော်သခင်နဲ့ တွေ့ခွင့်များ ရမလား ခင်ဗျာ"
"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ဟုတ်လား"
စစ်သည်တော်က အံ့အားသင့်သွားဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ယဉ်ကျေးစွာ ပြုံးကာ ဆက်ပြောလိုက်သည်။
"အော်... တိုက်ကြီးရဲ့ နံပါတ်တစ် ကျောင်းတော်က ဧည့်သည်တွေကိုး။ မသိလိုက်လို့ ခွင့်လွှတ်ပေးကြပါ။ ဆရာတို့... ကျေးဇူးပြုပြီး ကြွပါ။ နန်းတော်သခင်က အခုလေးတင်မှ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီး နန်းတော်ဆောင်ထဲမှာ ရှိနေပါတယ်။ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ကြပါ"
"ကျေးဇူးတင်ပါတယ်"
ရှန်ကွမ်းယွင်ယွင်က ယဉ်ကျေးစွာ တုံ့ပြန်လိုက်၏။
"ဟွန့်... ဒီလောက်လေးပဲလား။ ငါက တစ်ခုခုများ အထင်ကြီးစရာ ရှိမယ် ထင်နေတာ။ ငါတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆိုတာ သိတာတောင်မှ လာပြီး ယဉ်ယဉ်ကျေးကျေး မဖိတ်ခေါ်သင့်ဘူးလား"
ချုံယွင်က မသိမသာ ရေရွတ်လိုက်ပြီး သူ၏ လေသံတွင် မာနထောင်လွှားမှုနှင့် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် နဂါးနတ်ဘုရား နန်းတော်တွင် လူ ခုနစ်ရာ ရှစ်ရာခန့်သာ ရှိပုံရသည်။ အင်အားကြီး အဖွဲ့အစည်း တစ်ခု၏ ဟန်ပန် ရှိသော်ငြား အသေးအမွှား အဖွဲ့လေး တစ်ခုလိုသာ ခံစားနေရ၏။
"ဘယ်လောက်ပဲ ထူးခြားနေပါစေ... ငါတို့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်နဲ့တော့ လာယှဉ်လို့ မရပါဘူး"
အခြား ကျောင်းသား တစ်ယောက်ကလည်း နဂါးနတ်ဘုရား နန်းတော်ကို လုံးဝ အရေးမလုပ်သည့်ဟန်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်လိုက်၏။
နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များကို ပိုင်ဆိုင်ထားသော သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် တိုက်ကြီးပေါ်တွင် အလွန်တရာ ကြီးမားလှသော ဂုဏ်သတင်းနှင့် ဩဇာအာဏာကို ပိုင်ဆိုင်ထားသည်။ သူတို့ အနေဖြင့် နဂါးနတ်ဘုရား နန်းတော်ကို အဘယ်ကြောင့် အထင်ကြီးရမည်နည်း။
ဤအချက်ကြောင့်ပင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ပါရမီရှင် ကျောင်းသား အများအပြားမှာ အလွန်အမင်း မောက်မာ ထောင်လွှားလာကြခြင်း ဖြစ်သည်။
သို့သော် နဂါးနတ်ဘုရား နန်းတော် အတွင်းသို့ သူတို့ ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက် အလွန်တရာ သိပ်သည်း ပြင်းထန်လှသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက သူတို့ကို ဆီးကြိုနေတော့၏။
"ဝိညာဉ်စုစည်း အခင်းအကျင်းကြီး ပါလား"
ဆရာ လေးယောက်စလုံး၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြပြီး သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များကြောင့် လုံးဝ တအံ့တဩဖြစ်သွားကြသည်။
"ဒီနေရာက သဘာဝ ဝိညာဉ်စွမ်းအင်တွေက အပြင်ဘက်ထက် အဆဆယ်ဆလောက် ပိုများနေတာပဲ"
ကျောင်းသား ဒါဇင်ပေါင်းများစွာလည်း အလွန်အမင်း အံ့အားသင့်သွားကြတော့၏။
"ဆရာတို့... ဒီဘက်ကို ကြွပါ ခင်ဗျာ"
စစ်သည်တော်က ယဉ်ကျေးစွာ လမ်းပြရင်း ရှန်ကွမ်းယွင်ယွင်တို့ကို ဧည့်ခန်းမဆောင်ကြီးဆီသို့ ခေါ်ဆောင်သွားသည်။
"သူတို့တွေက ဘယ်သူတွေလဲ။ အရင်က တစ်ခါမှ မမြင်ဖူးပါဘူး"
"ငါလည်း မသိဘူး။ သူစိမ်းတွေပဲ။ ဟို အမျိုးသမီးကတော့ တော်တော် လှတာပဲ"
"ဆရာမ ရှန်ကွမ်းနဲ့ ဆရာ ချင်ဝူရွှမ် ပါလား။ သူတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာတွေနဲ့ ကျောင်းသားတွေပဲ"
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များက သူတို့ကို မမှတ်မိကြသော်ငြား နန်းတော်သို့ မကြာသေးမီကမှ ဝင်ရောက်လာကြသော အလွတ်သိုင်းသမားများကတော့ တစ်ချက် ကြည့်လိုက်ရုံဖြင့် ချက်ချင်း မှတ်မိသွားကြသည်။
"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာတွေ ဟုတ်လား"
နဂါးနတ်ဘုရား နန်းတော်မှ စစ်သည်တော်များ အားလုံး အံ့အားသင့်သွားကြ၏။
"ငါတို့ နဂါးနတ်ဘုရား နန်းတော်ဆီအထိ လာပြီး ကျောင်းသားသစ် လာခေါ်နေတာများလား"
ပေတိုထျန်းယဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
နဂါးနတ်ဘုရား နန်းတော်၏ ဧည့်ခန်းမကြီး အပေါက်ဝတွင် အပြင်သို့ ထွက်လာသော ချီဟွမ်နှင့် အခြားသူများသည် ရှန်ကွမ်းယွင်ယွင်တို့ကို တွေ့လိုက်ရသည်။
"ဆရာမ ရှန်ကွမ်းတို့ပါလား။ သူတို့က ငါတို့ နဂါးနတ်ဘုရား နန်းတော်ကိုတောင် လာကြတယ်။ လူတွေလည်း အများကြီး ပါလာတာပဲ"
လွမ်ရှန်းက အံ့အားသင့်စွာ ပြောလိုက်၏။
ချီဟွမ်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ရေရွတ်လိုက်သည်။
"သူတို့က နဂါးနတ်ဘုရား နန်းတော်ကို လာပြီး ဘာလုပ်ကြမလို့လဲ"
"အစ်ကိုကြီး ချီဟွမ်... သူတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာတွေနဲ့ ကျောင်းသားတွေတဲ့။ နန်းတော်သခင်နဲ့ တွေ့ချင်လို့ဆိုပြီး ရောက်လာကြတာ"
ဟု စစ်သည်တော်က ကမန်းကတန်း ရှင်းပြလိုက်၏။
"ဒီလိုကိုး"
ချီဟွမ်က ခေါင်းညိတ်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
"နန်းတော်သခင်က ခန်းမဆောင်ထဲမှာ ရှိပါတယ်။ ဆရာတို့... ကျေးဇူးပြုပြီး အထဲကို ဝင်ကြပါဗျာ"
"ကျေးဇူးတင်ပါတယ်"
ဆရာ လေးယောက်စလုံးက ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ခမ်းနားထည်ဝါသော ဧည့်ခန်းမကြီး အတွင်းသို့ ရောက်ရှိသွားသည်နှင့် ချီဟွမ်က ရိုသေစွာ အစီရင်ခံလိုက်၏။
"နန်းတော်သခင်... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာလေးယောက် ရောက်လာပြီး တွေ့ခွင့်တောင်းနေပါတယ်"
ထိုအခိုက်အတန့်၌ ဖုန်းဝူချန်သည် မြေပုံတစ်ခုကို အသေအချာ လေ့လာနေသည်။ ချီဟွမ်၏ အသံကို ကြားလိုက်ရမှသာ ခေါင်းမော့ကြည့်လိုက်တော့သည်။
"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာတွေကိုး... ရှားရှားပါးပါး ဧည့်သည်တွေပဲ"
ဖုန်းဝူချန်က ကမန်းကတန်း အောက်သို့ ဆင်းလာပြီး ယဉ်ကျေးပျူငှာသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။ နန်းတော်သခင် တစ်ယောက်၏ မာနထောင်လွှားမှုမျိုး အနည်းငယ်မျှ မတွေ့ရချေ။
"သူက ဖုန်းဝူချန် ဆိုတဲ့သူလား"
ချုံယွင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဖုန်းဝူချန်ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်၏။
'သူ့ရဲ့ ကျင့်ကြံခြင်းကို သေချာ ဖုံးကွယ်ထားတာပဲ။ သူ့ရဲ့ စွမ်းအား အတိမ်အနက်ကို လုံးဝ ခန့်မှန်းလို့ မရဘူး'
ချင်ဝူရွှမ်က စိတ်ထဲမှ ကြိတ်၍ တွက်ချက်နေမိသည်။
'ဒီလောက် ငယ်ရွယ်တာကို... အသက် နှစ်ဆယ်တောင် ပြည့်သေးပုံ မပေါ်ဘူး။ သူ့ဆီမှာ အစွမ်းထက်တဲ့ အရိပ်အယောင် ဘာမှ မတွေ့ရဘူး... သာမန်လူ တစ်ယောက်နဲ့ သိပ်မကွာပါလား'
ရှန်ကွမ်းယွင်ယွင်ကလည်း ဖုန်းဝူချန်ကို လှပသော မျက်ဝန်းလေးများဖြင့် အကဲခတ်ရင်း စိတ်ထဲမှ ကောက်ချက်ချလိုက်၏။
"ဆရာတို့... ထိုင်ကြပါဗျာ"
ဖုန်းဝူချန်က ဆရာလေးယောက်ကို နေရာထိုင်ခင်း ပေးလိုက်သော်လည်း ကျောင်းသားများကိုတော့ အနည်းငယ်မျှ အရေးမလုပ်ခဲ့ချေ။
ယမ်းတွေ စားထားသလို မျက်နှာထားတွေဖြင့် ရပ်နေကြသော သူတို့ကို ဖုန်းဝူချန်က အာရုံစိုက်နေရန် အချိန်မရှိပေ။
"ဆရာတို့... နဂါးနတ်ဘုရား နန်းတော်ကို ရောက်လာတဲ့ ကိစ္စလေးများ သိခွင့်ရမလား"
ဖုန်းဝူချန်က ခပ်ဟဟ ပြုံးရင်း မေးလိုက်သည်။
"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားသစ် လာခေါ်တာပါ။ ဒါပေမဲ့ ဒီနှစ် ပါရမီရှင်တွေ အကုန်လုံးက နန်းတော်သခင်ဆီကိုပဲ ရောက်လာကြတယ်လေ။ အဲဒါကြောင့် သိချင်စိတ်နဲ့ လာကြည့်တာပါ"
ချင်ဝူရွှမ်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
"ဖုန်းဝူချန်... မင်းက ငါတို့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က လူတွေကို ခိုးယူနေတာပဲ"
ကျောင်းသား တစ်ယောက်က ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်ခြင်းပင်။
"နဂါးနတ်ဘုရား နန်းတော်က အရမ်း အစွမ်းထက်တယ်လို့ ထင်နေတာလား။ အဲဒီ ပါရမီရှင်တွေက တကယ်ကို တုံးအတာပဲ။ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကမှ တောက်ပတဲ့ အနာဂတ် ရှိတာကွ။ နဂါးနတ်ဘုရား နန်းတော်ကို ဝင်တာက သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပဲ"
ထိုသို့၊ အခြား ကျောင်းသား တစ်ယောက်ကလည်း မထီမဲ့မြင်ပြုစွာ ဝင်ပြောလိုက်တော့၏။