အခန်း ၁၂၆၇-၁၂၆၉
Vol. 85 Ch. 1267-1269
အခန်း (၁၂၆၇) တာအိုမိသားစု၏ ဂူနတ်ဘုံ၊ ကျောက်စိမ်းဆေးမီးဖိုရိပ်မြုံသို့ ဦးတည်ခြင်း
ဤသို့ပြောလိုက်စဉ် ရွှယ်အန်း၏ မျက်လုံးများ တောက်ပစွာ ဝင်းလက်သွားသည်။ အားကောင်းလှသော စိတ်အာရုံတစ်ခုသည် ပိုင်လီရှောင်ကွမ်း၏ စိတ်အာရုံအတွင်းသို့ မည်သည့်ရှင်းပြချက်မျှမရှိဘဲ ကျူးကျော်ဝင်ရောက်ကာ ချိပ်ပိတ်မှုကို သဘာဝကျကျ ထိုးဖောက်ပြီးနောက် ခဏအတွင်း အပြီးတိုင် သန့်စင်လိုက်သည်။ ချိပ်ပိတ်မှုသည် ကနဦးမှ နိဂုံးအထိ မည်သည်ကိုမျှ သတိမပြုမိလိုက်ပေ။ သန့်စင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် ထိုသုံးဦးစလုံး ငေးငိုင်နေရာမှ သတိပြန်လည်လာကြသည်။ အပြည့်အဝ နိုးကြားလာသည်နှင့် ၎င်းတို့အားလုံး မသိစိတ်မှ တုန်လှုပ်သွားကာ ရွှယ်အန်းကို တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
"ကြီးမြတ်တဲ့အရှင့်ကို အလေးပြုပါတယ်"
ယခုတစ်ကြိမ် ၎င်းတို့၏ လေသံတွင် တုန်လှုပ်ခြောက်ခြားမှုနှင့် ကြောက်ရွံ့မှုတို့ မရှိတော့ဘဲ အကန့်အသတ်မဲ့ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"ပြန်သွားပြီးရင် ဘာလုပ်ရမလဲဆိုတာ မှတ်မိကြလား"
"ဟုတ်ကဲ့၊ ကျွန်တော်တို့ နားလည်ပါတယ်"
ရွှယ်အန်းက လက်ခါပြလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် သွားကြတော့"
ထိုအချိန်မှသာ ၎င်းတို့သုံးဦးသည် ရိုသေစွာ နောက်ဆုတ်သွားကြရာ ခြေလှမ်းတစ်ရာခန့် ဝေးကွာသွားသောအခါ ကောင်းကင်သို့ ပျံတက်ကာ မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားကြသည်။ အရာအားလုံး ပြီးစီးသွားသောအခါ ရွှယ်အန်းသည် မိစ္ဆာချိပ်ပိတ်မြို့တော်မှ မြို့သူမြို့သားများဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များ ရောက်ရှိရာနေရာတိုင်းတွင် လူတိုင်း ကြောက်ရွံ့ထိတ်လန့်စွာ ခေါင်းငုံ့နေသည်။ ရွှယ်အန်းသည် ဤတုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သောကြောင့် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သို့သော် ထိုစဉ် လူအုပ်ထဲရှိ ရှောင်ယွေ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ နောက်ဆုံးတွင် သတ္တိမွေး၍ အရှေ့သို့ ထွက်လာခဲ့သည်။ သူမသည် အနည်းငယ် တုန်ယင်နေသော အသံဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
"ကို... ကိုကြီး၊ ကျွန်မတို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"
ရွှယ်အန်းသည် မလုံခြုံမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း အလွန်သတ္တိရှိစွာ ပြုမူနေသော မိန်းကလေးငယ်ကို ကြည့်နေစဥ် သူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ပြီးနောက် သူမ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး"
ရွှယ်အန်း၏ အမူအရာကြောင့် အားတက်သွားဟန်ရှိသော ရှောင်ယွေ့၏ မိခင်သည်လည်း တုံ့ဆိုင်းစွာ အရှေ့သို့ တိုးလာသည်။ သူမသည် ရွှယ်အန်းကို အောက်ကျို့စွာ ပြုံးပြပြီးနောက် ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် ငေါက်လိုက်သည်။
"သူ့ကို ကိုကြီးလို့ မခေါ်ရတော့ဘူးလေ၊ အရှင်လို့ ခေါ်ရမယ်၊ ကြားလား"
ရှောင်ယွေ့သည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။
ရွှယ်အန်း မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။
"ရပါတယ်၊ သူ ကျုပ်ကို ကိုကြီးလို့ ဆက်ခေါ်နိုင်ပါတယ်၊ ကျုပ် ဒီအတိုင်းပဲ သဘောကျပါတယ်"
ရွှယ်အန်း၏ သဘောထားကို မြင်သောအခါမှ ရှောင်ယွေ့သည်လည်း နောက်ဆုံးတွင် ရွှင်လန်းသွားသည်။ သူမ၏ မိခင်လည်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါ... ဒါဆိုရင်လည်း ကောင်းပါပြီ"
လူများ သေဆုံးသွားကြသော်လည်း ရှင်သန်သူများသည် ဘဝကို ဆက်လက်ရှင်သန်ရမည်ဖြစ်သည်။ အထူးသဖြင့် ယခုအခါ ရွှယ်အန်းကဲ့သို့ အားကိုးထိုက်သူရှိနေသောကြောင့် မိစ္ဆာချိပ်ပိတ်မြို့တော် တစ်မြို့လုံး ပျော်ရွှင်သော လေထုထဲတွင် နစ်မြောနေကြသည်။ ရှင်းယွီရှုသာလျှင် စကားတစ်လုံးမျှ မပြောဘဲ လူအတစ်ယောက်ကဲ့သို့ တိတ်တဆိတ် ထိုင်ငိုနေသည်။ မိစ္ဆာချိပ်ပိတ်မြို့တော်သားများသည် သူ့ကို မချော့မြူရဲကြသဖြင့် ရွှယ်အန်းအပေါ်၌သာ မျှော်လင့်ချက်ထားနေကြသည်။
ရွှယ်အန်းသည် သက်ပြင်းချလိုက်ပြီးနောက် ရှင်းယွီဟယ်၏ ပစ္စည်းများကို စုဆောင်းခိုင်းကာ မြို့ရိုးအနီးတွင် သင့်တော်သော အထိမ်းအမှတ် ဂူဗိမာန်တစ်ခု တည်ဆောက်ပေးလိုက်သည်။ ရှင်းယွီရှုသည် ဂူဗိမာန်ပေါ်ရှိ အမည်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးထဲရှိ ငေးငိုင်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ နောက်ဆုံး၌ ကျယ်လောင်စွာ အော်ဟစ်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ လူတိုင်း ထိတ်လန့်သွားကြသော်လည်း ရွှယ်အန်းသည် ညင်သာစွာ သက်ပြင်းချလိုက်ရုံသည်။
"ကောင်းပြီ၊ အခု သူ ဒီသွေးကို အန်ထုတ်နိုင်ပြီဆိုတော့ အခက်အခဲကို ကျော်လွှားနိုင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"
မှန်သည်၊ ရှင်းယွီရှု ပြန်လည်နိုးကြားလာသောအခါ သူ၏ မျက်နှာပေါ်တွင် မည်သည့် ဝမ်းနည်းမှု အရိပ်အယောင်မျှ မရှိတော့ချေ။ ယင်းအစား မြင်ရသူတိုင်းကို ကြက်သီးထစေသော အေးစက်ခက်ထန်မှုနှင့် လျစ်လျူရှုမှုများသာ အစားထိုးဝင်ရောက်နေသည်။ ဤပြောင်းလဲမှုကြောင့် စိတ်အားထက်သန်သော လူငယ်တစ်ဦးဖြစ်သည့် ရှင်းယွီရှုသည် ညတွင်းချင်း သေဆုံးသွားခဲ့၍ ယခုအခါ ၎င်းတို့အရှေ့တွင် ရပ်နေသူသည် လုံးလုံးလျားလျား မတူညီသည့် တခြားလူတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။
ရှင်းယွီရှုသည် အဘိုးဖြစ်သူ၏ အထိမ်းအမှတ်ဂူဗိမာန်တွင် သုံးရက်တိုင်တိုင် စောင့်ကြပ်ပြီးနောက် ရွှယ်အန်းကို ပထမဆုံး ထိုသို့ ပြောလိုက်သည်။
"ကျွန်တော်တို့ ဘယ်တော့ ထွက်ကြမလဲ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"အလျင်လိုနေပြီလား"
ရှင်းယွီရှုက မဆိုင်းမတွ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် အလျင်လိုနေတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဘိုးရဲ့ နောက်ဆုံးဆန္ဒကို မြန်မြန် ဖြည့်ဆည်းချင်တယ်၊ အခွင့်အလမ်းတွေကို ဆက်ခံရမယ်၊ ရန်သူတွေကို အနိုင်ယူပြီး ရှင်းမိသားစုရဲ့ ဂုဏ်သတင်းကို ပြန်လည်မြှင့်တင်ရမှဖြစ်မယ်"
ရှင်းယွီရှုသည် စက်ရုပ်တစ်ရုပ်ကဲ့သို့သော လေသံဖြင့် စကားပြောနေ၍ သူ၏ မျက်လုံးများသည် လှုပ်ခတ်မှုမရှိသော ရေသေအိုင်တစ်ခုကဲ့သို့ တည်ငြိမ်နေသည်။
ရွှယ်အန်းသည် သူ့ကို တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် ခဏအကြာတွင် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါဆိုရင် ကျုပ်တို့ ဒီနေ့ပဲ ထွက်ကြစို့"
ရွှယ်အန်းနှင့် ရှင်းယွီရှုတို့ ထွက်ခွာမည့်သတင်းသည် တစ်မြို့လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နောက်တစ်နေ့တွင် ၎င်းတို့နှစ်ဦး အိမ်ထဲမှ ထွက်လာသည်နှင့် လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်လျက်ရှိသည်။ ရှောင်ယွေ့သည် မျက်ရည်များ ဝဲလျက် လူအုပ်ကြီး၏ အရှေ့ဆုံးတွင် ရပ်နေသည်။ ရွှယ်အန်းကို မြင်သောအခါ သူမသည် မျက်ရည်များဖြင့် ပြောလိုက်သည်။
"ကိုကြီး၊ ဘယ်တော့ ပြန်လာမှာလဲ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့၊ မကြာခင် ပြန်လာမှာပါ"
ရှောင်ယွေ့သည် ခွဲနိုင်မခွာရက်ဖြစ်နေသော်လည်း အခြားလူများ၏ မျက်နှာပေါ်တွင်မူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်းနှင့် ရှင်းယွီရှုတို့ ထွက်ခွာသွားသည်နှင့် ဤမြို့သည် လုံးလုံးလျား အကာအကွယ်မဲ့သွားပေလိမ့်မည်။ ရွှယ်အန်းသည် သစ်ပင်သစ်ပင်နတ်ဆိုးတစ္ဆေဘုရင်ကို နှိမ်နင်းခဲ့သော်လည်း ဒုတိယမြောက် သစ်ပင်နတ်ဆိုးတစ္ဆေဘုရင် ထပ်မံ ပေါ်မလာနိုင်ဘူးဟု မည်သူက အာမခံနိုင်မည်နည်း။ ထိုအချိန်ကျလျှင် ဤမြို့ငယ်လေး လွတ်မြောက်နိုင်ရန် ခက်ခဲသွားလိမ့်ပေမည်။ ရွှယ်အန်းသည် လူတိုင်း၏ စိုးရိမ်မှုကို သဘာဝကျကျ သတိပြုမိသော်လည်း ပြုံးရုံသာ ပြုံးပြပြီးနောက် မည်သည့်စကားမျှ မပြောခဲ့ပေ။
မြို့တံခါးမှ ထွက်လာပြီးနောက် ရွှယ်အန်းသည် အနောက်သို့ လှည့်ကြည့်ကာ ရပ်တန့်လိုက်သည်။ ပြီးနောက် မြို့တံခါးတွင် ချိတ်ဆွဲထားသော ဝိညာဉ်မီးအိမ် နှစ်လုံးကို တစ်ချက်ကြည့်၍ ဘာသိဘာသာ ပြောလိုက်သည်။
"ဒါတွေက ခင်ဗျားအဘိုး ချန်ထားခဲ့တဲ့ အသုံးအဆောင်တွေပဲ၊ သွားဖြုတ်ပြီး ယူလာခဲ့"
ရှင်းယွီရှုသည် အကြောင်းပြချက်ကို မမေးဘဲ အပေါ်သို့ ခုန်တက်ကာ မီးအိမ်နှစ်လုံးကို ဖြုတ်ယူလိုက်သည်။ သူ ပြန်ရောက်လာသောအခါ ရွှယ်အန်းသည် တိတ်ဆိတ်နေသော မြို့သူမြို့သားများကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ပြီးနောက် လက်ကိုမြှောက်တင်၍ လေထဲတွင် မန္တန်အင်းကွက်တစ်ခု ရေးဆွဲကာ အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
ဘုန်း
ဗလုံးဗထွေးအသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရွှယ်အန်း ရေးဆွဲလိုက်သော မန္တန်အင်းကွက်သည် မြို့ရိုးပေါ်တွင် ထင်ရှားစွာ ပေါ်ပေါက်လာသည်။ ပြီးနောက် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီအင်းကွက်ထဲမှာ ကျုပ် အငွေ့အသက်တွေ ပါဝင်တယ်၊ နတ်တွေနဲ့ တစ္ဆေမိစ္ဆာတွေကို မောင်းထုတ်နိုင်စွမ်းရှိတော့ ဒါက ခင်ဗျားတို့အားလုံးကို စိုးရိမ်စရာမလိုအောင် စောင့်ရှောက်ပေးလိမ့်မယ်"
ပြောပြီးနောက် ရွှယ်အန်းသည် ရှင်းယွီရှုဘက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။
"အဆင်သင့်ဖြစ်ပြီလား"
ရှင်းယွီရှုက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ သွားကြစို့" ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ကောင်းကင်သို့ ပျံသန်းသွားသည်၊ ထိုအခါ ရှင်းယွီရှုသည်လည်း အနောက်မှ လိုက်ပါသွားသည်။ ၎င်းတို့နှစ်ဦးသည် ခဏအတွင်း မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားကြသည်။
အံ့အားသင့်နေသော မျက်နှာများဖြင့် ကျန်ရစ်ခဲ့သည့် မြို့သူမြို့သားများသည် အချိန်အတော်အတန်ကြာသောအခါ သတိပြန်ဝင်လာကြ၍ ကောင်းကင်ယံသို့ ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ကြသည်။
"အရှင်ကို ကျေးဇူးတင်ပါတယ်"
"ကျွန်တော်တို့ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်"
အော်ဟစ်သံများသည် အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။ သို့သော် ရှောင်ယွေ့သည် လူအုပ်ကြားတွင် ရပ်လျက် ယခုအခါ ဗလာဖြစ်နေသော ကောင်းကင်ယံကို ငေးကြည့်နေသည်။ သူမသည် ရွှယ်အန်း ပေးခဲ့သော ကလောင်တံကို တင်းတင်းဆုပ်ကိုင်ကာ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
‘ကိုကြီး သေချာပေါက် ပြန်လာရမယ်နော်’
ရှင်းယွီဟယ် ချန်ထားခဲ့သော လမ်းပြမြေပုံအရ မိစ္ဆာချိပ်ပိတ်မြို့တော်မှ သူ၏ဆရာရှိရာ ကျောက်စိမ်းရိပ်မြုံသို့ သွားရန် အနည်းဆုံးလျှင် ကျယ်ပြောလှသော နယ်မြေအချို့ကို ဖြတ်ကျော်ရမည်ဖြစ်ရာ ဤသည်မှာ သာမန်လူများအတွက် စိတ်ကူးကြည့်ရန် ခက်ခဲသော အကွာအဝေးဖြစ်သည်။ သို့သော် ရွှယ်အန်းအတွက်မူ ၎င်းသည် သေးငယ်သော ကိစ္စရပ်တစ်ခုဖြစ်သည်။ ဤကမ္ဘာ၏ ရှုပ်ထွေးလှသော ဝိညာဉ်စွမ်းအင်များနှင့် ထူးခြားသော တည်ဆောက်ပုံသာ မရှိလျှင်၊ ရွှယ်အန်း၏ လက်ရှိစွမ်းအင်ဖြင့် ဤနယ်မြေများကို မျက်စိတစ်မှိတ်အတွင်း တိုက်ရိုက်ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
ခရီးကို အရှိန်မြှင့်တင်ရန် ပျံသန်းမှုကိုသာ အားကိုးလျှင်ပင် ရွှယ်အန်းသည် တစ်နေ့အတွင်း ရောက်ရှိနိုင်သည်။ သို့သော် အဓိက အချက်မှာ ရွှယ်အန်းသည် သူနှင့်အတူ ရှင်းယွီရှုကို ခေါ်ဆောင်နေရသည်။ ဤလူငယ်၏ တာအိုကျင့်ကြံမှုအဆင့်သည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ရွှယ်အန်းနှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းနေသေးသည်။ အပြိုင်စကြာဝဠာနယ်မြေ၏ စံနှုန်းများဖြင့် တိုင်းတာလျှင် ရှင်းယွီရှုသည် ရွှေအင်မော်တယ်အဆင့်တွင်သာ ရှိလိမ့်မည်ဟု ရွှယ်အန်း ခန့်မှန်းလိုက်သည်။ မှန်သည်၊ သူ၏ အသက်အရွယ်အရ ထိုကဲ့သို့သော ကျင့်ကြံမှုသည် အလွန်ထူးခြားလှရာ သူသည် ကမ္ဘာမြေပေါ်တွင် ကြီးကျယ်ခန်းနားသော အင်အားစုတစ်ခုဖြစ်လာပေလိမ့်မည်။
အခန်း (၁၂၆၈) ဒီလမ်းကို ပိတ်ထားတယ်၊ တခြားလမ်းက ပတ်သွား
သို့သော်လည်း ဤနယ်မြေသည် အလွန်ထူးဆန်းလှပေသည်။ ရှုပ်ထွေးနေသော အရောင်အဝါများရှိနေသော်လည်း အင်အားကြီးမားသော တည်ရှိမှုများစွာ ထွက်ပေါ်လာခဲ့သည်။ ရွှယ်အန်းသည် ဤနယ်ပယ်၌ စစ်မှန်အင်မော်တယ်အဆင့်ကျင့်ကြံသူ အလွန် ပေါများကြောင်း ပျံသန်းနေစဥ် နတ်အာရုံဖြင့် မြင်တွေ့လိုက်ရသည်။ သို့သော် အင်မော်တယ်သခင်အဆင့်သို့ တက်လှမ်းနိုင်မှသာ စစ်မှန်သော အင်အားကြီးပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
ထို့ပြင် အခြားအရေးကြီးသော အချက်တစ်ခုလည်း တည်ရှိနေသေးသည်။ ၎င်းသည် ဤနယ်မြေတွင် တရားသောလမ်းစဉ် ထွန်းကားခြင်းမရှိဘဲ မိစ္ဆာသရဲများ လွတ်လပ်စွာ သောင်းကျန်းနေကြခြင်းဖြစ်သည်။ ရွှယ်အန်း မြင်တွေ့ခဲ့ရသမျှ အင်အားကြီမားသူအားလုံးနီးပါးသည် မိစ္ဆာသရဲများသာဖြစ်ကြသည်။ လူသားမျိုးနွယ်စုတွင် အင်အားကြီးမားသူများရှိသော်လည်း အလွန်နည်းပါးလှသည်။ ထို့ကြောင့် ဤနယ်မြေရှိ ကျယ်ပြောလှသော ဒေသအများစုကို မိစ္ဆာသရဲများက ထိန်းချုပ်ထား၍ လူသားတို့သည် မြို့ကြီးများအတွင်း၌သာ ခိုအောင်းနေရသည်။ ရွှယ်အန်းသည် ဤအခြင်းအရာကြောင့် လှောင်ရယ်လိုက်မိသည်။ သုံးရက်ကြာ ခရီးနှင်ပြီးနောက်တွင် ရွှယ်အန်းနှင့် ရှင်းယွီရှုတို့သည် နယ်မြေအများအပြားကို ဖြတ်ကျော်လာကာ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ ပိုင်နက်အတွင်းသို့ ဆိုက်ရောက်လာကြသည်။
ထိုနယ်မြေထဲသို့ ခြေချလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အရာင်အဝါများ လုံးလုံးလျားလျား ပြောင်းလဲသွားကြောင်း ရွှယ်အန်း ခံစားလိုက်ရသည်။ နဂိုက ရှုပ်ထွေးနေသော ဝိညာဉ်စွမ်းအင်များ ငြိမ်သက်သွား၍ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည်လည်း အပြင်ဘက်ထက် များစွာ သာလွန်လာသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤနယ်မြေ၏ အကြီးမားဆုံး ပြဿနာသည် ဝိညာဉ်စွမ်းအင်များ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အလေအလွင့်များဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းနိုင်လိုက်သည်နှင့် ကမ္ဘာမြေပေါ်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် ထိတ်လန့်ဖွယ် မြင့်မားလာပေလိမ့်မည်။
ထို့ကြောင့်ပင် ဤနယ်မြေအတွင်း နေထိုင်သူများသည် အပြင်ဘက်ရှိ လူများထက် ပိုမိုသန်မာကြခြင်းဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ဤနေရာ၌ မိစ္ဆာသရဲတို့၏ အငွေ့အသက်များ မရှိကြပေ။ မြို့ကြီးများသည် မြေပြင်ပေါ်တွင် ကောင်းကင်ယံရှိ ကြယ်ပွင့်များကဲ့သို့ ပြန့်ကျဲနေ၍ ကျင့်ကြံသူများသည် ရံဖန်ရံခါတွင် ကောင်းကင်ယံသို့ အလင်းတန်းများသဖွယ် ပျံသန်းနေကြသည်။
"ကောင်းချီးနယ်မြေတစ်ခုလား" ရွှယ်အန်းက တီးတိုးရေရွတ်လိုက်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးရိပ်များ ပေါ်ပေါက်လာသည်။
၎င်းတို့သည် နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သော်လည်း ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တည်ရှိရာနေရာနှင့် အတော် ဝေးကွာနေသေးသည်။ သို့သော် သုံးရက်တိုင်တိုင် အပြင်းအထန် ခရီးနှင်ခဲ့ရသဖြင့် ရှင်းယွီရှုသည် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပင် ပင်ပန်းနွမ်းနယ်နေသောကြောင့် ရွှယ်အန်း၏ အရှိန်ကို မလိုက်နိုင်တော့ပေ။ ရွှယ်အန်းသည် အရှိန်လျှော့ချကာ လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ကြည့်ရှု၍ အရှေ့သို့ စိမ်ပြေနပြေ ခရီးဆက်လိုက်သည်။ ထိုသို့ ဖြည်းဖြည်းချင်း သွားနေစဉ် ကောင်းကင်မှ ပျံသန်းနေသော ကျင့်ကြံသူအချို့သည် ရွှယ်အန်းတို့ကို အံ့အားသင့်စွာ ကြည့်သွားကြသည်။ အချို့ကမူ လှောင်ပြောင်မှုများပင် ပြုလုပ်လာသည်။
"ဒီလိုကျင့်စဥ်မျိုးနဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ဖို့ ရောက်လာကြတာလား"
"တကယ့်ကို ရယ်စရာပဲ"
ထိုကဲ့သို့သော လှောင်ပြောင်သံများ ရွှယ်အန်းနှင့် ရှင်းယွီရှုတို့၏ နားထဲသို့ ရံဖန်ရံခါ ရောက်ရှိလာသော်လည်း ရွှယ်အန်းကမူ အနည်းငယ်မျှ ဂရုမစိုက်ပေ။ လောကကြီးသည် အလွန်ကျယ်ပြောလှသဖြင့် လူမျိုးစုံရှိနေခြင်းသည် ဓမ္မတာသာဖြစ်သည်။ ကျင့်ကြံသူများသည်လည်း ထိုနည်းလည်းကောင်တူဖြစ်ရာ ဤကဲ့သို့သော စကားအနည်းငယ်ကြောင့်နှင့် စိတ်အနှောင့်အယှက်ဖြစ်ရန် မလိုအပ်ပေ။ သို့သော် ရှင်းယွီရှုသည် ရွှယ်အန်းကဲ့သို့ တည်ငြိမ်မှု မရှိလှပေ။ ထိုလှောင်ပြောင်သံများကို ကြားရသောအခါ သူ၏ မျက်ဝန်းများတွင် ဒေါသရိပ်များ ရံဖန်ရံခါ ဖြတ်သန်းသွားသည်။ ရွှယ်အန်းတို့သည် ထိုအခြေအနေဖြင့် နောက်ထပ် တစ်ရက်နီးပါး ခရီးဆက်လာခဲ့ကြသည်။
ရှေ့နားတွင် မြို့ကြီးတစ်မြို့ကို ခပ်ရေးရေး မြင်တွေ့လိုက်ရသဖြင့် ရွှယ်အန်းက ထိုမြို့၌ အနားယူရန် ဆုံးဖြတ်လိုက်သည်။ တကယ်တမ်းတွင် သူသည် အနားယူရန် မလိုအပ်ပေ။ ရွှယ်အန်းသည် ဤအရှိန်ဖြင့် တစ်နှစ်ခွဲခန့် ဆက်တိုက်ပျံသန်းလျှင်ပင် မပင်ပန်းနိုင်ပေ။ အဓိကအကြောင်းအရင်းမှာ ရှင်းယွီရှုသည် သူ၏ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤလူငယ်သည် အနားယူခြင်းမရှိဘဲ ရက်ပေါင်းများစွာ ဆက်တိုက် ခရီးနှင်ခဲ့ရသဖြင့် ပြိုလဲလုနီးပါးဖြစ်နေသည်။ ရွှယ်အန်းသည်လည်း ဤအချက်ကို ကောင်းကောင်း သတိထားမိလိုက်သည်။
ရွှယ်အန်းသည် သူ့ကို တမင်သက်သက် နှိပ်စက်နေခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရွှယ်အန်းသည် ထိုလူငယ်၏ စိတ်ခံစားချက်ကို နားလည်နေခြင်းကြောင့်ဖြစ်သည်။ အဘိုးဖြစ်သူ သေဆုံးသွားခြင်းကြောင့် ဤလူငယ်၏ ရင်ထဲတွင် မကောင်းသော ခံစားချက်များစွာ ကိန်းအောင်းနေသည်။ အကယ်၍ ထိုခံစားချက်များကို ထွက်ပေါက်မပေးပါက သူ အစွန်းရောက်သွားနိုင်ချေရှိသည်။ ထို့ကြောင့်ပင် ရွှယ်အန်းသည် မိမိကိုယ်ကို နှိပ်စက်သကဲ့သို့ဖြစ်စေသေည့် ဤခရီးစဉ်အရှိန်ဖြင့် သူ၏ ရင်ထဲမှ ဝမ်းနည်းကြေကွဲမှုနှင့် ဒေါသများကို တဖြည်းဖြည်း လျှော့ချပေးခဲ့ခြင်းဖြစ်သည်။ ယခု အခြေအနေအရ ရလဒ်သည် ကောင်းမွန်ပုံရသည်။
သို့သော် ယခုအခါ သူသည် အကန့်အသတ်သို့ ရောက်နေသဖြင့် ဤအတိုင်း ဆက်သွားပါက အမှန်တကယ် လဲကျသွားပေလိမ့်မည်။ ရွှယ်အန်းသည် ထိုသို့တွေးတောနေစဥ် ရှင်းယွီရှုကို ခေါ်ဆောင်ကာ မြို့ထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်တွင် အရှေ့ရှိ ဟင်းလင်းပြင်တွင် ရုတ်တရက် လှိုင်းထသွားပြီးနောက် ဝင့်ကြွားသော မျက်နှာထားနှင့် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦး ရွှယ်အန်းတို့ အရှေ့တွင် ပေါ်ပေါက်လာသည်။ သူသည် လက်ကိုမြှောက်၍ အေးစက်စွာ ပြောလိုက်သည် "ရပ်လိုက်စမ်း"
ရွှယ်အန်းက မျက်ခုံးကို အသာအယာ ပင့်တင်လိုက်သော်လည်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ မိန်းမောတွေဝေစွာ ပျံသန်းလာသော ရှင်းယွီရှုသည်လည်း ရွှယ်အန်း၏ အပြုအမူကို မြင်သောအခါ လိုက်ရတန့်ကာ အမောတကော ပင့်သက်ရှိုက်နေသည်။ ထိုအဖိုးအိုသည် ရှင်းယွီရှုနှင့် ရွှယ်အန်းကို မထီမဲ့မြင်ပြုစွာ ကြည့်လိုက်ပြီးနောက် အလွန် မောက်မာစွာ ပြောလိုက်သည်။
"ဒီလမ်းကို ပိတ်ထားတယ်၊ ခင်ဗျားတို့နှစ်ယောက် တခြားလမ်းကနေ ပတ်သွားကြ"
ဤစကားကို ကြားသောအခါ ရှင်းယွီရှု၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွား၍ ပြန်လည် ချေပရန် ဟန်ပြင်လိုက်သည်။ ရွှယ်အန်းသည် သူ့ကို လက်ဝှေ့ယမ်းကာ တားဆီးလိုက်ပြီးနောက် မပြုံးရုံတမယ် အမူအရာဖြင့် မေးလိုက်သည်။
"ဒါက ဘာသဘောလဲ"
အဖိုးအိုက အေးစက်စွာ နှာမှုတ်လိုက်သည်။
"ဘာသဘောလဲ ဟုတ်လား၊ ကြားတဲ့အတိုင်းပဲပေါ့။ ခဏနေရင် ကျုပ်တို့ သခင်မလေး ဒီကနေ ဖြတ်သွားတော့မှာ။ အဆင့်အတန်းနိမ့်ကျတဲ့ လူတွေ အကုန် ဖယ်ထုတ်ခံရမယ်"
ထိုအချိန်တွင် ရွှယ်အန်းတို့သာမကဘဲ အခြားလူများစွာသည်လည်း အနားသို့ ရောက်ရှိလာကြသည်၊ သို့သော် ၎င်းတို့အားလုံးသည် ဟင်းလင်းပြင် အတားအဆီးများဖြင့် တားဆီးခံထားရသည်။ ထို့ကြောင့် ရွှယ်အန်း မည်သည်မျှ မပြောရသေးမီ စိတ်မရှည်သော တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ။ ကျုပ်မှာ အရေးကြီးကိစ္စ ရှိတယ်။ လမ်းဖယ်ပေး။ မဟုတ်ရင် ခင်ဗျားတို့ ဒီကနေ ကောင်းကောင်းထွက်သွားရမယ် မထင်နဲ့" ထိုလူ၏ စကားသည်လည်း အတော်ရိုင်းစိုင်းလှသည်။
သို့သော် အဖိုးအိုသည် တုန်လှုပ်ခြင်း မရှိဘဲ အေးစက်စွာ ပြုံးလိုက်သည်။
"စိတ်မရှိပါနဲ့၊ ဒီနေ့ ကောင်းကင်ဘုရင်ကြီး ကိုယ်တိုင် ကြွလာရင်တောင် တခြားလမ်းကနေ ပတ်သွားရလိမ့်မယ်"
ထိုစကားကြောင့် တားဆီးခံထားရသော လူသည် အလွန်ဒေါသထွက်သွား၍ အဖိုးအို၏ နှာခေါင်းကို လက်ညှိုးထိုးကာ အော်ငေါက်လိုက်သည်။
"အစေခံစုတ်၊ ကျုပ်က ဘယ်သူလဲဆိုတာ သိလား။ ကျုပ်က ရှေ့မြို့ရဲ့ နံပါတ်တစ် မြင့်မြတ်တဲ့ မိသားစုရဲ့ သားပဲ။ ဖယ်စမ်း၊ ကျုပ် မြို့ထဲပြန်ချင်မယ်"
ထိုလူသည် ပြောပြောဆိုဆိုဖြင့် အတင်းတိုးဝင်ရန် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သို့သော် ခြေလှမ်းမလှမ်းနိုင်မီ အဖိုးအိုက အေးစက်စွာ သရော်တိုက်လျက် လက်ကို ဝှေ့ယမ်းကာ တောက်ပသော မန္တန်တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုလူသည် မရှောင်တိမ်းနိုင်သောကြောင့် ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွား၍ အနောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရသည်။ သူ၏ မျက်နှာသည် ဖုန်များဖြင့် ပေကျံကာ အလွန်ဖရိုဖရဲဖြစ်သွားရသည်။
ပြီးနောက်တွင် အဖိုးအိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒါက ခင်ဗျားအတွက် သင်ခန်းစာပဲ။ နောက်တစ်ခါ ရှေ့တိုးလာမယ်ဆိုရင် ကျုပ်ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့"
"ခင်ဗျား..." ထိုလူသည် ဒေါသဖြင့် တုန်ယင်နေရှာသည်။
သို့သော် ဘေးမှ ကြည့်နေသော လူအုပ်ကြီးသည် ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြသည်။ ဤအဖိုးအို အစေခံတစ်ဦးကဲ့သို့ ထင်မှတ်ရသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းရှိ အင်အားကြီးမားသော ကျင့်စဥ်များကို သိသာထင်ရှားစွာ မြင်တွေ့နေသည်။ ထို့ကြောင့် သူ၏ သခင်သည် သာမန်လူမဟုတ်ကြောင်း သက်သေပြနေသည်။
အဖိုးအိုက ပတ်ဝန်းကျင်ကို မောက်မာစွာ ကြည့်ပြီးနောက် ဆက်ပြောလိုက်သည်။
"ကျုပ် ပြောလိုက်မယ်၊ ဒီနေရာတင် မဟုတ်ဘူး၊ ရှေ့က မြို့ကိုလည်း ကျုပ်တို့ သခင်မလေး သိမ်းပိုက်လိုက်ပြီ။ ဘယ်သူမှ ဝင်ခွင့်မရှိဘူး"
"ခင်ဗျားတို့က ဘယ်သူတွေမို့လို့ ဒီလောက်တောင် ဗိုလ်ကျနေရတာလဲ" အမျိုးသားတစ်ဦးက မခံမရပ်နိုင်ဖြစ်ကာ အော်ဟစ်လိုက်ပြန်သည်။
အဖိုးအိုက အေးစက်စွာ ပြုံးလိုက်သည်။
"ထျန်ဖန်းက ရှန်းမိသားစုပဲ။ ဒီလောက်ဆို အရည်အချင်း ပြည့်မီပြီလား"
ဤစကားတစ်ခွန်းသည် မှော်ဆန်လွန်းလှရာ ထိုနေရာရှိ လူတိုင်း တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ကနဦး အဖိုးအိုနှင့် ပြဿနာတက်ခဲ့သည့် လူငယ်၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူလျော့သွားကာ နောက်လှည့်ကြည့်ရန်ပင် မဝံ့ဘဲ ထွက်ပြေးသွားလေသည်။ သူ ထွက်သွားသည်နှင့် ကြည့်နေသော လူအုပ်ကြီးသည်လည်း ငှက်များ၊ သားရဲများ လန့်ပြေးသွားသကဲ့သို့ ချက်ချင်း လူစုကွဲသွားကြသည်။ အစေခံအဖိုးအိုသည် အောင်နိုင်သူတစ်ဦးကဲ့သို့ ရယ်မောလိုက်သော်လည်း သူ၏ မျက်ခုံးများ ရုတ်တရက် ကွေးကောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် မထွက်သွားသေးသော လူနှစ်ဦးကို သူ သတိထားမိလိုက်ခြင်းကြောင့်ဖြစ်သည်။
ထိုလူနှစ်ဦးသည် မထွက်သွားသည့်အပြင် အရှေ့တွင် ရပ်နေသော ဝတ်စုံဖြူနှင့် လူငယ်သည် သူ့ကိုကြည့်ကာ ပြုံးပင် ပြုံးပြနေသေးသည်။ အဘိုးအိုသည် ဤဖြစ်စဥ်ကြောင့် စိတ်တိုသွားသဖြင့် အေးစက်စွာ ပြောလိုက်သည်။
"ကျုပ်တို့ ရှန့်မိသားစုက အမှုကိစ္စတွေ ဆောင်ရွက်နေတယ်။ အမြန်ဖယ်စမ်း၊ မဟုတ်ရင် ကျုပ်ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"
မထွက်သွားသောသူများသည် ရွှယ်အန်းနှင့် ရှင်းယွီရှုတို့ဖြစ်ကြသည်။ ရွှယ်အန်းသည် ခပ်ပါးပါး ပြုံးလိုက်ပြီးနောက် နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှား၍ စကားတစ်ခွန်းသာ ပြောလိုက်သည်။
"သွားစမ်းပါ"
အခန်း (၁၂၆၉ ) ရှန့်မိသားစု၏ သမီးပျိုနှင့် ဇွဲနပဲကြီးသော လိုက်လံနှောင့်ယှက်မှု
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုအဘိုးအိုသည် ရှေ့တည့်တည့်မှ လက်သီးဖြင့် ထိုးနှက်ခံရသကဲ့သို့ ခံစားလိုက်ရပြီးနောက် မတုံ့ပြန်နိုင်သဖြင့် လွင့်ထွက်သွားသည်။ သူသည် ခန္ဓာကိုယ်ကို အတော်လေး အားယူ၍ ထိန်းချုပ်လိုက်ပြီးနောက် ရွှယ်အန်းကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း မည်သို့ တိုက်ခိုက်လိုက်သည်ကိုပင် သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသောကြောင့်ဖြစ်သည်။
ရွှယ်အန်းကမူ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။
“သွားကြစို့”
ထိုသို့ ပြောပြီးနောက် သူသည် ရှင်းယွီရှုကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ အဘိုးအိုသည် စိတ်ထဲတွင် ကြောက်ရွံ့နေသော်လည်း အံကြိတ်၍ အော်ဟစ်လိုက်သည်။
“သူ့ကို တားကြစမ်း”
ပုံရိပ်များ လှုပ်ရှားလာပြီးနောက် လက်ရွးစင် ကျင့်ကြံသူတစ်စုသည် ရွှယ်အန်း၏ လမ်းကို ပိတ်ဆို့ကာ ၎င်းတို့ နှစ်ဦးကို ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသောကြောင်း အခြေအနေ ရုတ်ခြည်း တင်းမာသွားသည်။ ရွှယ်အန်းသည် ဂရုမစိုက်သည့် အပြုအမူဖြင့် ခပ်ဖျော့ဖျော့ ပြုံးကာ အရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားသည်။ ထိုနေရာ၌ တိုက်ပွဲတစ်ခု စတင်တော့မည့်အချိန် ကောင်းကင်ယံမှ ခန့်ညားထည်ဝါသော အလင်းတန်းတစ်ခု ဆင်းသက်လာသည်။
ကြီးမားသော လေသင်္ဘောတစ်စင်းသည် လူတိုင်း ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။ ထိုလေသင်္ဘောကို မြင်လိုက်ရသည်နှင့် အစေခံအဘိုးအိုနှင့် လက်အောက်ငယ်သားများ အရိုအသေပေးကာ နောက်သို့ ဆုတ်ပေးလိုက်ကြသည်။
“ဘာတွေ ဖြစ်နေတာလဲ”
အနည်းငယ် ကလေးဆန်သော်လည်း ကြည်လင်သာယာသော မိန်းကလေးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ပြီးနောက် လေသင်္ဘောရှေ့တွင် အလင်းတန်းများ လှုပ်ခတ်လာ၍ သွယ်လျသော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။
အလင်းရောင်များ ပျောက်ကွယ်သွားချိန်တွင် နုပျိုသော်လည်း ပန်းတစ်ပွင့်ကဲ့သို့ ချောမောလှပသော မိန်းကလေးတစ်ဦး ပေါ်ပေါက်လာ၏။ အဘိုးအိုသည် ထိုမိန်းကလေးကို မြင်သောအခါ ခန္ဓာကိုယ်ကို ပို၍ ကိုင်းညွတ်လျက် ကြောက်ရွံ့စွာ ပြောလိုက်သည်။
“ဒုတိယသခင်မလေး... ဒီလူက အတင်းဝင်ဖို့ ကြိုးစားနေတာပါ။ သခင်မလေး အနှောင့်အယှက်ဖြစ်စိုးလို့ ကျွန်တော် သူ့ကို ဖမ်းဆီးဖို့ ပြင်နေတာပါ”
ထိုသို့ ပြောပြီးနောက် အဘိုးအိုသည် မလှမ်းမကမ်းရှိ ရွှယ်အန်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
“အို...” မိန်းကလေးသည် အဘိုးအို ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အံ့အားသင့်စွာ ခေတ္တ မှင်သက်သွားသည်။
ရှန်းမိသားစု၏ ဒုတိယသခင်မလေး ရှန်းမြောင်သုံသည် ထူးခြားသော ရုပ်ရည်ရှိသည့် အမျိုးသားများစွာကို မြင်ဖူးသဖြင့် သူမ၏ စံနှုန်းသည်လည်း အလွန်မြင့်မားလှ၏။ သို့သော် ယနေ့ ရွှယ်အန်းကို မြင်လိုက်ရချိန်တွင် လောက၌ အနှိုင်းမဲ့သော ကျောက်စိမ်းကဲ့သို့ မြတ်နိုးဖွယ်ကောင်းသည့် အမျိုးသားဆိုသည့် အဓိပ္ပာယ်ကို သူမ ရုတ်တရက် နားလည်သွားသည်။ အမျိုးသားတစ်ဦးသည် ရုပ်ရည်ချောမောလွန်းလျှင် မိန်းကလေးဆန်ကာ ယောကျ်ားပီသသော အရှိန်အဝါ လျော့နည်းသွားတတ်သည်။ သူမ မြင်ဖူးသမျှ ချောမောလှပသူများသည်လည်း ထိုသို့သာ ဖြစ်ကြသည်။ သို့သော် ရွှယ်အန်းသည် ကွဲပြားခြားနားသည်။ သူ့တွင် ဖြူဝင်းသော အသားအရေနှင့် လှပသော မျက်နှာသွင်ပြင် ရှိသော်လည်း မိန်းကလေးဆန်သော နူးညံ့မှု အစအနမျှ မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် ရပ်နေရုံမျှဖြင့်ပင် မြင့်မြတ်သော အရှိန်အဝါကို သဘာဝအလျောက် ထုတ်ဖော်နေသည်။ ထိုအရှိန်အဝါကြောင့် မာနကြီးသော ရှန်းမြောင်သုံပင် မိမိကိုယ်ကို အားငယ်စိတ် ဝင်သွားကာ ထိုနေရာတွင် ငေးကြည့်နေမိသည်။
ထိုစဉ် အစေခံအဘိုးအိုသည် အနားသို့ ကပ်လာကာ ရွှယ်အန်းကို မကျေမနပ် စိုက်ကြည့်ပြီးနောက် ရှန်းမြောင်သုံကို မျက်နှာချိုသွေးစွာ ပြောလိုက်သည်။
“စိတ်မဆိုးပါနဲ့ ဒုတိယသခင်မလေး၊ ဒီအသိဉာဏ်မဲ့တဲ့ ကောင်ကို ကျွန်တော့်လက်ထဲသာ အပ်လိုက်ပါ၊ ဒီနေ့ သူ့ကို နောင်တရသွားအောင်...”
သူ့စကားများ မပြီးဆုံးလိုက်ဘဲ တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်း ခက်ထန်မောက်မာသော ဒုတိယသခင်မလေးသည် ဝတ်ရုံဖြူနှင့် လူငယ်ထံသို့ နူးညံ့စွာ ပြုံး၍ လျှောက်လှမ်းသွားပြီးနောက် ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သောကြောင့်ဖြစ်သည်။
“ဒီကသခင်လေးကို နှုတ်ဆက်ပါတယ်”
အစေခံအဘိုးအိုသည် ဤကဲ့သို့သော အပြုအမူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သို့သော် သူသည် လူနုံလူအလည်း မဟုတ်သဖြင့် အခြေအနေကို ချက်ချင်းရိပ်မိကာ ခေါင်းငုံ့လျက် နောက်ထပ် စကားတစ်လုံးမျှ မဟရဲတော့ပေ။ တစ်ဖက်တွင်လည်း ရှန်းမြောင်သုံသည် ရွှယ်အန်း အနားသို့ ချဉ်းကပ်လေ စိတ်ထဲမှ ပို၍ချီးကျူးမိလေဖြစ်၏။
'တကယ်ကို ထူးခြားတဲ့ လူငယ်ပဲ'
ထို့ကြောင့် သူမသည် ထုံးစံအတိုင်း မာနထောင်လွှားမှုများကို ထိန်းချုပ်၍ အမျိုးသမီးကောင်းပီသစွာ ရွှယ်အန်းကို ဂါရဝပြုလိုက်သည်။
ရွှယ်အန်းကမူ မည်သို့မျှ မတုံ့ပြန်ဘဲ သူမကို တစ်ချက်သာ ကြည့်ပြီးနောက် အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်။ အကယ်၍ အခြားသူသာ ဤသို့ မောက်မာစွာ ပြုမူခဲ့လျှင် ရှန်းမြောင်သုံတစ်ယောက် ဒေါသဖြင့် ပေါက်ကွဲသွားမည်မှာ သေချာသော်လည်း ရွှယ်အန်း၏ အပြုအမူကို မြင်ရသောအခါ သူမသည် ဒေါသထွက်မည့်အစား ဆွဲဆောင်မှုရှိစွာ ပြုံးလျက် ပြောလိုက်သည်။
“စိတ်မရှိပါနဲ့ သခင်လေး၊ ကျွန်မရဲ့ အစေခံတွေက ပုံမှန်ဆိုရင် အရမ်းရိုင်းစိုင်းနေကြတာပါ၊ ပြန်ရောက်ရင် ကျွန်မ သူတို့ကို သေချာဆုံးမလိုက်ပါ့မယ်”
သူမသည် စကားပြောနေစဉ် အဘိုးအိုဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။
“အခုချက်ချင်း လာပြီး တောင်းပန်စမ်း”
“ဟုတ်ကဲ့ပါ” အဘိုးအိုသည် စိတ်ပျက်သွားသော်လည်း မငြင်းဆန်ရဲဘဲ အရှေ့သို့ထွက်၍ စိတ်မပါစွာ အခါခါ တောင်းပန်လိုက်သည်။
ရွှယ်အန်းက ခေါင်းခါ၍ အေးစက်စွာ ပြောလိုက်သည်။
“မလိုပါဘူး"
ပြီးနောက် သူသည် ရှင်းယွီရှုနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်ချိန် ရှန်းမြောင်သုံက အလျင်အမြန် အရှေ့တိုး၍ လမ်းပိတ်လိုက်ပြန်သည်။
“ဟမ်” စိတ်အနှောင့်အယှက်ဖြစ်လာသော ရွှယ်အန်းသည် မျက်မှောင်ကြုတ်လိုက်သည်။
ရှန်းမြောင်သုံသည် ခေတ္တ လှည့်ပတ်စဉ်းစားပြီးနောက် ပြုံး၍ မေးလိုက်သည်။
“သခင်လေးတို့ ပုံစံကြည့်ရတာ တောင်ဖွင့်ပွဲ အခမ်းအနားကို သွားမလို့လား”
'လာပြန်ပြီ တောင်ဖွင့်ပွဲ အခမ်းအနား'
ရွှယ်အန်းသည် စိတ်ထဲ လှုပ်ရှားလာ၍ ခေါင်းညိတ်ပြကာ မေးလိုက်သည်။
“ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လို့လဲ"
ရှန်းမြောင်သုံ၏မျက်လုံးများ တောက်ပလာ၍ ရွှယ်အန်း၏ အေးစက်သော အမူအရာကို စိတ်မရှိဘဲ ပြန်ပြောလိုက်သည်။
“တိုက်ဆိုင်လိုက်တာ၊ ကျွန်မလည်း အဲဒီပွဲကို သွားမှာ။ အခုလို ဆုံတွေ့ရတာ ရေစက်ရှိလို့ပဲလေ၊ အတူတူ သွားကြရင် မကောင်းဘူးလား။ လမ်းမှာ အဖော်ရတာပေါ့၊ သခင်လေး ဘယ်လိုသဘောရလဲ”
ရွှယ်အန်းသည် စိတ်လှုပ်ရှားခြင်း မရှိဘဲ ဘာသိဘာသာ ပြောလိုက်သည်။
“ကျေးဇူးပါ၊ ဒါပေမယ့် မလိုပါဘူး"
သူသည် ရှန်းမြောင်သုံကို စကားပြောခွင့် မပေးတော့ဘဲ ရှင်းယွီရှုကို ခေါ်ကာ အဝေးက မြို့ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ရှန်းမြောင်သုံသည် ဒေါသထွက်စွာ ခြေထောက်များဆောင့်လျက် ထွက်ခွာသွားသော ရွှယ်အန်း၏ ကျောပြင်ကို မကျေမနပ်ဖြစ်စွာ စိုက်ကြည့်နေသည်။ ထိုအချိန် အဘိုးအိုက အနားသို့ ရောက်လာပြန်သည်။
“ဒုတိယသခင်မလေး၊ ဒီလူက တကယ်ကို အသိတရား မရှိတဲ့လူပဲ။ မြို့ထဲရောက်ရင် သူ့ကို ပညာပေးလိုက်ရမလား...”
“သွားစမ်း” ရှန်းမြောင်သုံသည် အဘိုးအိုကို မဆိုင်းမတွ ပါးရိုက်လိုက်သည်။ အဘိုးအိုသည် ထိုပါးရိုက်ချက်ကြောင့် မျက်လုံးထဲတွင် ကြယ်များ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ဖက်တွင် ရှန်းမြောင်သုံသည် အဝေးက မြို့ကို စိုက်ကြည့်လျက် တီးတိုးရေရွတ်လိုက်သည်။
“ငယ်ငယ်ကတည်းက ငါ လိုချင်ရင် မရနိုင်တာဆိုပြီး ဘာမှမရှိခဲ့ဘူး၊ ရှင့်လည်း အတူတူပဲ ဖြစ်စေရမယ်”
ထိုသို့ပြောပြီးနောက် သူမ မျက်နှာတွင် အောင်နိုင်သူကဲ့သို့အပြုံးတစ်ခု ပေါ်ပေါက်လာ၍ အရှေ့သို့ လက်ဟန်ပြလိုက်သည်။
“သွားကြစို့”
သူမသည် မြို့ဆီသို့ အရှေ့ဆုံးမှ ပျံသန်းသွားရာ လူအုပ်ကြီးသည်လည်း အနောက်မှ လိုက်ပါသွားကြသည်။ အစေခံအဘိုးအိုသာ ပါးကို ကိုင်လျက် ငေးငိုင်စွာ မျက်ရည် ကျလုနီးပါး ကျန်ရစ်ခဲ့သည်။
'ငါ ဒီနေ့ ဘယ်လို နတ်ဘုရားမျိုးကို သွားစော်ကားမိလို့များလဲ၊ ခဏလေးအတွင်း အကြိမ်ကြိမ် အရိုက်ခံနေရတယ်'
သို့သော်လည်း သူ၏ သောကကို မည်သူမျှ ဂရုမစိုက်ကြပေ။ ယခုအချိန်တွင် ရွှယ်အန်းသည် မြို့ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤမြို့သည် အလွန်ကြီးမား၍ အထူးတလည် စည်ကားလှသည်။ မြေပြင်သို့ ဆင်းသက်ပြီးနောက် ပထမဆုံးအနေဖြင့် တည်းခိုခန်းတစ်ခု ရှာဖွေလိုက်သည်။
သူ အခြေချပြီးနောက် ရှန်းမြောင်သုံနှင့် သူမ၏အဖွဲ့သည်လည်း ရောက်ရှိလာသည်။ သူမ ရောက်ရှိလာကြောင်း သိရှိသွားသည်နှင့် မြို့ပိုင်ရှင်နှင့် အင်အားကြီး ပုဂ္ဂိုလ်များ အပြေးအလွှား လာရောက် ကြိုဆိုနေကြသည်။ အဘယ်ကြောင့်ဆိုသော် ရှန်းမြောင်သုံ ရောက်လာမည်ဖြစ်သောကြောင့် ကြိုဆိုပွဲ ပြင်ဆင်ထားရန် ရှန်းမိသားစုက အကြောင်းကြားထားသောကြောင့်ဖြစ်သည်။ မြို့ပိုင်ရှင်သည် ဤနယ်မြေအတွင်း အလွန်ဩဇာညောင်းသော မိသားစုကို မဆန့်ကျင်ဝံ့ပေ။ သို့သော် ရှန်းမြောင်သုံကို ဤမျှ မြန်မြန်ရောက်လာမည်ဟု မထင်ထားသဖြင့် ကြိုဆိုပွဲ ပြင်ဆင်မှုများ အနည်းငယ် နောက်ကျနေသည်။ ထို့ကြောင့် သူသည် အတော်လေး စိုးရိမ်ထိတ်လန့်နေမိသည်။
“သခင်မလေးရှန်း၊ ကျွန်တော် မြို့ကို ချက်ချင်း ပိတ်ပြီး သခင်မလေး တစ်ယောက်တည်းအတွက်ပဲ ဝန်ဆောင်မှု ပေးစေရပါမယ်” မြို့ပိုင်ရှင်သည် တုန်ရီစွာ ပြောလိုက်သည်။
ထင်မှတ်မထားသည်မှာ ရှန်းမြောင်သုံက သူ့ကို စိုက်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
“မလိုဘူး"
ပြီးနောက် သူမသည် ၎င်းတို့ကို ဂရုမစိုက်တော့ဘဲ လမ်းမကြီးပေါ်သို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်။ မြို့ပိုင်ရှင်နှင့် အဖွဲ့သည် အခြေအနေကို နားမလည်သောကြောင့် ကြောင်အမ်းအမ်းဖြင့်သာ ကျန်ရစ်ခဲ့ကြသည်။ ထိုစဉ် ရှန်းမြောင်သုံက ရုတ်တရက် လှည့်ကြည့်ကာ ပြောလိုက်သည်။
“ပြီးတော့ ကျွန်မအတွက် တည်းခိုဖို့နေရာ စီစဉ်ပေးစရာလည်း မလိုဘူး၊ မခေါ်မချင်း ဘယ်သူမှ လာပြီး မနှောင့်ယှက်စေနဲ့”